ယွမ်ချင်းရှု၏ ရည်ရွယ်ချက်များ
Vol. 65 Ch. 975
ဤမေးခွန်းကို ယွမ်ချင်းရှုနှင့် သူ့လူများက မေးလိမ့်မည်ဟု ယင်ကျန်းယဲ့ ကြိုတင်မျှော်လင့်ထားခဲ့၏။ သန့်ရှင်းသော နဂါးနက် နယ်မြေက ထျန်းချန်ကမ္ဘာကို စိတ်ဝင်စား နေသည်ဆိုပါက အဖိုးတန်ရတနာတစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း သူတို့ခန့်မှန်းကြလိမ့်မည်ဖြစ်သည်။။
သန့်ရှင်းသော နဂါးနက် နယ်မြေက ထျန်းချန်ကမ္ဘာကို ပို၍တန်ဖိုးထားလေ လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာ၏ တည်နေရာ ထုတ်ဖော်ရန် ဖြစ်နိုင်ခြေ နည်းပါးလေဖြစ်သည်။
ထို့နောက် ယင်ကျန်းယဲ့က ရယ်မောလျက် “ကျွန်တော် ရယ်စရာဖြစ်မှာ မကြောက်ပါဘူး။ ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့နှစ်တွေတုန်းက နတ်သမီးတစ်ပါးနဲ့ ခဏတာ ဆက်ဆံရေးရှိခဲ့ဖူးပါတယ်။ သူ ကျွန်တော့်ကို ထားသွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့မှာ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အထူးနည်းလမ်းတချို့သုံးပြီး ကျွန်တော့်ကလေးက ထျန်းချန်ကမ္ဘာမှာ ရှိနေတယ်ဆိုတာ ကျွန်တော် ဆုံးဖြတ်နိုင်ခဲ့တယ်။ အခု ကျွန်တော် ကိုယ်တိုင်သွားပြီး သူ့ကို ပြန်ခေါ်လာချင်ပါတယ်။”
ယင်ကျန်းယဲ့၏ စကားကို ကြားသောအခါ လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ချက်ချင်းကြည့်လိုက်ကြ၏။ ယင်ကျန်းယဲ့အား ကျင့်ကြံခြင်းကို အရူးအမူးစွဲလန်းသူဟု သာ သူတို့ အမြဲထင်မှတ်ခဲ့ကြသည်။
သူ၏အတွေးအားလုံးကို ကျင့်ကြံခြင်းအပေါ်တွင် ထားရှိပြီး အချစ်အားလုံးကို စွန့်လွှတ်ထားသူဟု ယူဆခဲ့သည်။ ယင်ကျန်းယဲ့တွင် အချစ်ရေးရာဇဝင်တစ်ခု ရှိခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော် ယင်ကျန်းယဲ့ ပြောသည်က အမှန်ဟုတ်မဟုတ် မသေချာပေ။ ထျန်းချန်ကမ္ဘာတွင် ရတနာတစ်ခုခု ရှိနိုင်ပြီး လျှို့ဝှက်လဝန်းနန်းတော်မှ လူများ သံသယမဝင်စေရန် သူ တမင်သက်သက် လှီးလွှဲပြောဆိုခြင်း ဖြစ်နိုင်သည်။
ယွမ်ချင်းရှု ခဏခန့် တိတ်ဆိတ်သွားပြီးနောက်
“ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို သန့်ရှင်းသော နဂါးနက် နယ်မြေကို ကျွန်မပေးနိုင်တယ်။”
ထိုစကားကို ကြားသောအခါ ရှိနေသူအားလုံး မှင်တက်သွားကြ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများလည်း ယွမ်ချင်းရှုက အဘယ်ကြောင့် ဤမျှလွယ်ကူစွာ သဘောတူလိုက်သည်ကို နားမလည်ကြပေ။
ယခင်က လုယန်ဟွာအား တည်နေရာ ပေးရန်ပင် သူမ ငြင်းဆန်ခဲ့သည်။ သို့သော် သန့်ရှင်းသော နဂါးနက် နယ်မြေမှ တစ်စုံတစ်ဦး ရောက်လာသည်နှင့် သူမက တည်နေရာကို လွှဲပြောင်းပေးမည်ဟု ပြောနေသည်။
ယင်ကျန်းယဲ့နှင့် သူ၏အဖွဲ့သည်လည်း ယွမ်ချင်းရှုက ဤမျှလွယ်ကူစွာ သဘောတူလိုက်သည်ကို ကြားသောအခါ အလွန် အံ့အားသင့်သွားကြ၏။ ယွမ်ချင်းရှုက သူတို့နှင့် ဈေးဆစ်လိမ့်မည်ဟု အစပိုင်းတုန်းက ထင်မှတ်ခဲ့သော်လည်း သူတို့ စကားပြောပြီး မကြာမီမှာပင် သူမက သဘောတူလိုက်သည်။
သူမသည် ဤမျှလျင်မြန်စွာ သဘောတူလိုက်သောကြောင့် သူ ပြင်ဆင်ထားသော စကားလုံးအားလုံး အလဟဿဖြစ်သွားသလို ယင်ကျန်းယဲ့ ခံစားလိုက်ရသည်။
သတိပြန်ဝင်လာပြီးနောက် ယင်ကျန်းယဲ့က ရယ်မောလျက်
“ဒါဆိုရင်တော့ ကျွန်တော် နန်းတော်သခင်ယွမ်ကို ကျေးဇူးတင်ရမှာပဲ”
“နန်းတော်သခင်ယွမ်က ဘယ်လိုအခြေအနေတွေ တောင်းဆိုမလဲဆိုတာ သိချင်ပါတယ်”
ယွမ်ချင်းရှုက အေးစက်စွာဖြင့်
“သန့်ရှင်းသော နဂါးနက် နယ်မြေနဲ့ လျှို့ဝှက်လဝန်းနန်းတော်က အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့ပါတယ်။ ဒီလိုသေးငယ်တဲ့ကိစ္စက ထည့်ပြောစရာတောင် မဟုတ်ပါဘူး။”
သန့်ရှင်းသော နဂါးနက် နယ်မြေက ထျန်းချန်ကမ္ဘာသို့ အဘယ်ကြောင့် သွားလိုသည်ကိုသာ ယွမ်ချင်းရှု သိချင်ခဲ့၏။ ယင်ကျန်းယဲ့တွင် ထျန်းချန်ကမ္ဘာ၌ သားတစ်ယောက်ရှိသည်ဟူသော ဇာတ်လမ်းကို သူမ လုံးဝ မယုံကြည်ပေ။
သန့်ရှင်းသော နဂါးနက် နယ်မြေက အမှန်တရားကို ပြောပြရန် ဆန္ဒမရှိသောကြောင့် သူမ ယင်ကျန်းယဲ့ကို ဆက်လက်မေးမြန်းနေလျှင်လည်း တကယ့်အကြောင်းရင်းကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ ထို့ကြောင့် ဆက်မေးခြင်းက အဓိပ္ပာယ်မရှိချေ။
နောက်ဆုံးတော့ သူမလည်း ထျန်းချန်ကမ္ဘာသို့ သွားမည်ဖြစ်သည်။ ယင်ကျန်းယဲ့သည်လည်း သွားမည်ဖြစ်သည်။ သူတို့ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသည်နှင့် သန့်ရှင်းသော နဂါးနက် နယ်မြေ၏ တကယ့်ရည်ရွယ်ချက်ကို သူမ သိရမည်ဖြစ်သည်။
အကယ်၍ ထျန်းချန်ကမ္ဘာတွင် သူမ၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်သော အရာတစ်ခုခု အမှန်တကယ်ရှိပါက ၎င်းကို လုယူရန် သူမ လှုပ်ရှားနိုင်သည်။
ငါးမျှားကြိုးရှည်ရှည် ချမှသာ ငါးကြီးကြီး ဖမ်းနိုင်မည်။
ယွမ်ချင်းရှု၏ စကားကို ကြားပြီးနောက် ယင်ကျန်းယဲ့က ရယ်မောလျက်
“ဒါက ဘယ်လိုလုပ် လက်ခံနိုင်စရာ ဖြစ်မလဲ။ လျှို့ဝှက်လဝန်းနန်းတော်က ကျွန်တော့်အတွက် ဒီလောက်ကြီးမားတဲ့ ကျေးဇူးတစ်ခု ပြုပေးခဲ့တာပဲ။ ကျွန်တော်က လျှို့ဝှက်လဝန်းနန်းတော်ကို ကျေးဇူးတင်ရမှာပါ။”
“နန်းတော်သခင်ယွမ် ဘယ်လိုအခြေအနေတွေ တောင်းဆိုချင်ပါသလဲ။ ကျေးဇူးပြုပြီး ပြောပြပါ။”
ယွမ်ချင်းရှုက ချက်ချင်းပင် စာလိပ်တစ်လိပ်ကို ထုတ်ယူပြီး ယင်ကျန်းယဲ့ထံ ပစ်ပေးလိုက်၏။ စာလိပ် ယင်ကျန်းယဲ့ဆိီသို့ ပျံသန်းသွားစဥ် သူမက
“လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာကို ရှာတွေ့နိုင်ခဲ့တာ သန့်ရှင်းသော နဂါးနက် နယ်မြေရဲ့ အကူအညီကြောင့်လည်း ပါပါတယ်။ ရှင်တို့က လျှို့ဝှက်လဝန်းနန်းတော်အတွက် နတ်လှေတွေ တည်ဆောက်ဖို့ ကူညီပေးခဲ့တယ်။ နတ်လှေတွေသာ မရှိရင် လျှို့ဝှက်လဝန်းနန်းတော်လည်း ဒီလောက် အချိန်တိုအတွင်း ထျန်းချန်ကမ္ဘာကို ရှာတွေ့မှာ မဟုတ်ပါဘူး။”
“ကျွန်မတို့ အကြွေးကျေသွားပြီလို့ သတ်မှတ်လို့ရပါတယ်။”
ယင်ကျန်းယဲ့ စာလိပ်ကို ဖမ်းယူလိုက်ပြီး ဖွင့်လိုက်သောအခါ အခန်းထဲတွင် ကြယ်များစုံလင်သော ကောင်းကင်ပုံစံတစ်ခု ပေါ်လာသည်။ ခန်းမဆောင်ထဲမှ လူတိုင်း စကြဝဠာထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရ၏။
ထျန်းချန်ကမ္ဘာ၏ တည်နေရာကို ခဏမျှ ကြည့်ရှုပြီးနောက် ယင်ကျန်းယဲ့ စာလိပ်ကို သိမ်းဆည်းလိုက်သည်။ သူက ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် နန်းတော်သခင်ယွမ်။ အနာဂတ်မှာ သန့်ရှင်းသော နဂါးနက် နယ်မြေက ကူညီနိုင်တာရှိရင် အချိန်မရွေး အကြောင်းကြားဖို့ လူလွှတ်နိုင်ပါတယ်။”
ထိုသို့ပြောပြီးနောက် ယင်ကျန်းယဲ့ မတ်တပ်ထရပ်လိုက်ပြီး
“ကျွန်တော် နန်းတော်သခင်ယွမ်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။”
ယင်ကျန်းယဲ့၏ အလျင်စလိုဖြစ်နေပုံကို မြင်သောအခါ ယွမ်ချင်းရှုက ခပ်အေးအေးဟန်ဖြင့်
“ ကျွန်မပေးလိုက်တဲ့ ကြယ်တာရာမြေပုံမှာ တည်နေရာ အမှတ်အသား အတုတွေပါနေမှာ သူတော်စင်သခင်ယင် မစိုးရိမ်ဘူးလား။”
ယင်ကျန်းယဲ့သည် ပြုံးလျက်
“အောက်ကမ္ဘာတစ်ခုရဲ့ တည်နေရာအမှတ်အသားတွေက သိပ်အရေးမကြီးပါဘူး။ နန်းတော်သခင်ယွမ်က ဒါကို သိပ်အလေးမထားလောက်ပါဘူး။”
“ဒါဆိုရင်တော့ ကျွန်တော် အရင်သွားလိုက်ပါဦးမယ်။ ကျွန်တော့်သားကို ပြန်ခေါ်ပြီးရင် သူ့ကို ခေါ်လာပြီး ကျေးဇူးတင်စကား ပြောဖို့ လာလည်ပါဦးမယ်။”
ထိုစကားများနှင့်အတူ ယင်ကျန်းယဲ့ လှည့်ထွက်သွား၏။ သူနှင့်အတူ သန့်ရှင်းသော နဂါးနက် နယ်မြေမှ အကြီးအကဲများလည်း တစ်ပါတည်း လိုက်ပါသွားသည်။
သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူများ ထွက်ခွာသွားသည်နှင့် ခန်းမဆောင်ကြီးထဲမှ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် စကားစပြောကြသည်။
“နန်းတော်သခင်။ ဘာလို့ ထျန်းချန်ကမ္ဘာရဲ့ မြေပုံကို သန့်ရှင်းသော နဂါးနက် နယ်မြေကို တိုက်ရိုက်ပေးလိုက်တာလဲ။”
“နန်းတော်သခင်။ သန့်ရှင်းသော နဂါးနက် နယ်မြေက ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို ရဖို့ ဒီလောက် စိတ်အားထက်သန် နေတာကို ကြည့်ရင် အဲ့ဒီကမ္ဘာမှာ ရတနာတစ်ခုခု ရှိနေတာ သေချာတယ်။ သူတို့ကို တည်နေရာ တိုက်ရိုက်ပြလိုက်တာက ရတနာကို လွှဲပေးလိုက်သည်နှင့် မတူဘူးလား။”
“ဟုတ်တယ် နန်းတော်သခင်။ ထျန်းချန်ကမ္ဘာမှာ အရေးကြီးတဲ့အရာတစ်ခုခု မရှိရင် သန့်ရှင်းသော နဂါးနက် နယ်မြေက စိတ်ဝင်စားမှာ မဟုတ်ဘူး။”
အကြီးအကဲများ ပြောဆိုသည်ကို နားထောင်ရင်း ယွမ်ချင်းရှုထံမှ အေးစက်မှုတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာသည်။ တစ်ခဏအတွင်း ခန်းမဆောင်တစ်ခုလုံး ရေခဲများဖြင့် ဖုံးလွှမ်းသွား၏။
နောက်တစ်ခဏတွင် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများလည်း ဆက်လက်စကားမပြောရဲကြတော့ပေ။ သူတို့အားလုံး ယွမ်ချင်းရှုကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ထိုအခါမှ ယွမ်ချင်းရှုက
“ထျန်းချန်ကမ္ဘာမှာ တကယ်ပဲ ရတနာတစ်ခုခုရှိနေရင် ယင်ကျန်းယဲ့က အဲ့လိုသတင်းအချက်အလက်မျိုးကို လျှို့ဝှက်လဝန်းနန်းတော်နဲ့ မျှဝေလိမ့်မယ်လို့ ရှင်တို့ထင်နေကြတာလား။”
“ထျန်းချန်ကမ္ဘာမှာ ရတနာတစ်ခုခု တကယ်ရှိနေရင်တောင် အဲ့ဒါကို အရမ်းနက်နက်ရှိုင်းရှိုင်း ဝှက်ထားမှာပဲ။ လျှို့ဝှက်လဝန်းနန်းတော်က လူတွေလွှတ်ပြီး ရှာဖွေရင်တောင် သူတို့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
“ဒါကြောင့် သန့်ရှင်းသော နဂါးနက် နယ်မြေက လူတွေကို လမ်းပြခိုင်းတာက ပိုမကောင်းဘူးလား။ သူတို့က အဲ့ဒီ ဖြစ်နိုင်ခြေရှိတဲ့ ရတနာကို ရှာဖွေဖို့ ကူညီပေးလိမ့်မယ်။”
ယွမ်ချင်းရှု၏ ရှင်းပြချက်ကို ကြားပြီးနောက် ခန်းမဆောင်ထဲမှ အကြီးအကဲများလည်း သူတို့နန်းတော်သခင်၏ အကြံအစည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။ သူမသည် ငါးကြီးတစ်ကောင်ကို ငါးမျှားကြိုးရှည်ရှည်ဖြင့် ဖမ်းရန် ကြံစည်နေခြင်း ဖြစ်သည်။ ထိုအခိုက်တွင် အကြီးအကဲများ အလွန်အရှက်ရသွားကြသည်။
သူတို့ ဤအချက်ကို အမှန်တကယ် မတွေးမိခဲ့ကြပေ။ ယွမ်ချင်းရှုက တည်နေရာအမှတ်အသားများကို အလကားပေးလိုက်သည်ဟုသာ သူတို့ ယုံကြည်နေခဲ့ကြသည်။
ထို့နောက် ယွမ်ချင်းရှုက
“ဒီနေ့အတွက် ဒီလောက်ပါပဲ။ ထျန်းချန်ကမ္ဘာက ထျန်းယွမ်ကမ္ဘာနဲ့ တော်တော်လေးဝေးတယ်။ ဒါကြောင့် ရှင်တို့အားလုံး သွားပြီး ပြင်ဆင်ထားကြပါ။”
ထျန်းချန်ကမ္ဘာကို ရှာတွေ့ခဲ့သော တပည့်များက ထျန်းယွမ်ကမ္ဘာသို့ သတင်းများ ချက်ချင်း ပြန်လည်ပေးပို့ခဲ့ကြသည်။ သို့သော် သူတို့ ပေးပို့ခဲ့သော ကြယ်တာရာမြေပုံများအရ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိရန် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ညွှန်ပြနေ၏။
ထို့ကြောင့် ထျန်းချန်သို့ သွားရောက်မည့်သူများသည် လာမည့် ဆယ်စုနှစ်အနည်းငယ်ကို နတ်လှေပေါ်၌သာ ကုန်ဆုံးရမည် ဖြစ်သည်။ သူတို့ အမှန်တကယ် စေ့စေ့စပ်စပ် ပြင်ဆင်ရန် လိုအပ်သည်။
ဧကရာဇ်အဆင့် မဖြစ်သေးပါက အကွာအဝေး၏ ကန့်သတ်မှုကို ခံရဦးမည်ဖြစ်သည်။ သို့သော် နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီသော နှစ်များအထိ နေထိုင်ခဲ့သူများအတွက် ဆယ်စုနှစ်အနည်းငယ်က ဘာမှမဟုတ်သလောက်ပင်။
အချို့ဆို တစ်ကိုယ်တည်း ကျင့်ကြံရင်း နှစ်တစ်ရာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတတ်၏။ နတ်လှေပေါ်သို့ တက်သည်နှင့် သူတို့၏အခန်းများအတွင်း တရားထိုင်နေရန်သာ လိုအပ်သည်။ သူတို့ မျက်လုံးများ ပြန်ဖွင့်သည့်အချိန်တွင် ထျန်းချန်ကမ္ဘာသို့ ရောက်ရှိနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။
ယွမ်ချင်းရှု၏ စကားကို ကြားသောအခါ အကြီးအကဲများလည်း သိပ်မစဉ်းစားတော့ပေ။ မတ်တပ်ရပ်ကာ သူမကို ဦးညွှတ်ပြီးနောက် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားကြသည်။
အကြီးအကဲများ၏ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ယွမ်ချင်းရှု၏ မျက်နှာအမူအရာသည် ပို၍အေးစက်လာပြီး သူမ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်။
ထိုအခိုက်တွင် အမျိုးသမီးတစ်ဦး ယွမ်ချင်းရှု၏ဘေးတွင် ပေါ်လာပြီး စာလိပ်တစ်လိပ်ကို သူမထံ ပေးအပ်လျက်
“နန်းတော်သခင်။ ဒါက ရှန်ဝူမင်းဆက်နဲ့ အဆက်အသွယ်ရှိတဲ့ အကြီးအကဲတွေရဲ့ စာရင်းပါ။”
စာလိပ်ကို ယူ၍ တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာဖြင့်
“ငါ ထျန်းယွမ်ကမ္ဘာကို ပြန်ရောက်တဲ့နေ့က မင်းတို့ရဲ့ ယဇ်ပူဇော်ခံရတဲ့နေ့ပဲ။”
သစ္စာဖောက်များ သို့မဟုတ် လုယန်ဟွာ ထည့်သွင်းထားသော သူလျှိုများကို ရှာဖွေပြီး ရှင်းလင်းပစ်ရန် အစက စဉ်စားထားခဲ့သည်။ အခြားသူများအား နမူနာပြရန်အတွက် သူတို့အားလုံးကို တိုက်ရိုက် သုတ်သင်ရန် ရည်ရွယ်ခဲ့၏။
သို့သော် ထို့နောက် သူမ ပိုကောင်းသော အကြံတစ်ခု စဉ်းစားမိလိုက်၏။ ထျန်းချန်ကမ္ဘာသို့ သူမ ကိုယ်တိုင်သွားမည်ဖြစ်ပြီး ဤခရီးစဉ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။ နှစ်တစ်ရာကျော်မှ ပြန်ရောက်လာနိုင်တာလည်း ဖြစ်နိုင်သည်။
သူမသာ လျှို့ဝှက်လဝန်းနန်းတော်ရှိ လုယန်ဟွာ၏ သူလျှိုအားလုံးကို ကြိုတင်ရှင်းလင်းပစ်လိုက်ပါက လုယန်ဟွာကို ဒေါသထွက်စေပြီး သံသယဝင်စေနိုင်၏။ ထိုအခါ ယွမ်ရှန်ရှန်ကို လွှဲပြောင်းပေးရန် သူမ၌ မည်သည့်အခါကမှ ရည်ရွယ်ချက်မရှိခဲ့ဟု ထင်မှတ်သွားပေမည်။
သူမ ထွက်ခွာသွားသည်နှင့် လုယန်ဟွာက လျှို့ဝှက်လဝန်းနန်းတော်၏ အခြားအဖွဲ့ဝင်များကို တိုက်ရိုက်တိုက်ခိုက်ပြီး ၎င်းကို ဖျက်ဆီးပစ်နိုင်သည်။
လုယန်ဟွာကို တည်ငြိမ်အောင် ထိန်းထားရန် အကောင်းဆုံးမှာ သတိမထားမိဟန်ဆောင်ပြီး ထိုလူများကို ဆက်လက်အသက်ရှင်ခွင့်ပေးခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နှစ်တစ်ရာခန့်သာ ကြာမည်ဖြစ်သည်။
ဒီလောက်တော့ သူမ စောင့်ဆိုင်းနိုင်၏။
ထိုသို့တွေးလျက် သူမ၏လက်ထဲမှ စာလိပ်ကို သိမ်းဆည်းလိုက်သည်။
…..
တစ်လခန့်အကြာ။
ချန်ယွမ် ကမ္ဘာ။
ကျင်းဘုရင်၏ နယ်မြေ။
လုယန်ဟွာ ကျင့်စဉ် ကျင့်ကြံနေစဉ် ရုတ်တရက် ပုံရိပ်တစ်ခုသည် သူ၏ အခန်းထဲတွင် ပေါ်လာသည်။
လုယန်ဟွာက မျက်လုံးများကို မှိတ်ထားလျက်
“ဘာကိစ္စလဲ”
ဟု အေးစက်စွာ မေးလိုက်သည်။
သူ၏လက်အောက်ငယ်သားက
“ဘုရင်ကြီး။ လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာရဲ့ တည်နေရာအမှတ်အသားတွေကို ကျွန်တော်တို့ကို မလွှဲပြောင်းပေးပဲ သန့်ရှင်းသော နဂါးနက် နယ်မြေကို ပေးလိုက်ပါတယ်။”
ထိုစကားကို ကြားသောအခါ လုယန်ဟွာသည် ခဏခန့် မှင်သက်သွားသည်။ ထို့နောက် သူ၏မျက်လုံးများက သူ၏ရှေ့တွင် ဒူးထောက်နေသော လက်အောက်ငယ်သားကို ကြည့်ရန် ဖြည်းညင်းစွာ ပွင့်လာသည်။
လုယန်ဟွာက နားမလည်နိုင်စွာ မေးလိုက်သည်။
“လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာရဲ့ တည်နေရာအမှတ်အသားတွေကို သန့်ရှင်းသော နဂါးနက် နယ်မြေကို ဘာလို့ပေးရတာလဲ။”
လက်အောက်ငယ်သားက
“ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သန့်ရှင်းသော နဂါးနက် နယ်မြေရဲ့သူတော်စင်သခင်က
ယွမ်ချင်းရှုဆီ ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ ထျန်းချန်ကမ္ဘာမှာ သူ့သားတစ်ယောက်ရှိပြီး ပြန်ခေါ်ဖို့ သွားလိုကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။”
လက်အောက်ငယ်သား၏ အဖြေကို ကြားသောအခါ လုယန်ဟွာ အတွေးနက်သွားသည်။
သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သူတော်စင်သခင်တွင် ကလေးတစ်ယောက် ရှိနေတယ်။
ပြီးတော့ အဲ့ဒီကလေးက ထျန်းချန်ကမ္ဘာမှာ ရောက်နေတယ်။။
ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။
ဒါပေမဲ့ ဒါတွေအားလုံးက တိုက်ဆိုင်လွန်းမနေဘူးလား။
သို့သော် သန့်ရှင်းသော နဂါးနက် နယ်မြေသည် အလွန်အသံတိတ်သော အင်အားစုတစ်ခု ဖြစ်ပြီး အထူးတလည် အင်အားကြီးမားပုံမရပေ။
သူ ထျန်းယွမ်ကမ္ဘာတွင် ကျင့်ကြံနေစဉ် သူနှင့် အဆက်အဆံမရှိသော တစ်ခုတည်းသော အဖွဲ့အစည်းမှာ သန့်ရှင်းသော နဂါးနက် နယ်မြေဖြစ်ပြီး သူတို့သည် သူနှင့် ဘယ်တုန်းကမှ ပွတ်တိုက်မှု မရှိခဲ့ကြပေ။
ဤကဲ့သို့ ခြိမ်းခြောက်မှုမရှိသော အင်အားစုမျိုးကို လုယန်ဟွာ အများအားဖြင့် သိပ်အာရုံမစိုက်လေ့ရှိပေ။
လုယန်ဟွာက
“ဖြစ်နိုင်တာက ထျန်းချန်ကမ္ဘာမှာ ရတနာတစ်ခုခုရှိနေလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တကယ်ပဲ အဲ့ဒီမှာ သူ့ကလေးတစ်ယောက်ရှိနေလို့ ဖြစ်နိုင်တယ်။”
လုယန်ဟွာက ဆက်မေးလိုက်သည်။
“ယွမ်ချင်းရှုက ထျန်းချန်ကမ္ဘာရဲ့ တည်နေရာအမှတ်အသားတွေကို မလွှဲပြောင်းပေးလိုဘူးဆိုတာ သေချာလား။”
လုယန်ဟွာ၏ စိတ်ထဲတွေးလိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်က ပူးပေါင်းဆောင်ရွက်မှုမရှိသောကြောင့် သူ ထျန်းယွမ်ကမ္ဘာသို့ ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။
သူ ထျန်းယွမ်ကမ္ဘာသို့ ပြန်ရောက်သည်နှင့် ထျန်းချန်ကမ္ဘာ၏ တည်နေရာအမှတ်အသားများကို သူ့အား ယွမ်ချင်းရှု တက်ကြွစွာ ပေးပို့လိမ့်မည်ဟု သူ ယုံကြည်သည်။
ထိုအခိုက်တွင် လုယန်ဟွာ၏ လက်အောက်ငယ်သားက
“ကျွန်တော်တို့ရဲ့ သူလျှိုတွေ ရှာဖွေတွေ့ရှိထားတဲ့ သတင်းအရတော့ ယွမ်ချင်းရှုက
ထျန်းချန်ကမ္ဘာကို သူကိုယ်တိုင်သွားဖို့ စီစဉ်နေပါတယ်။ ယွမ်ရှန်ရှန်ကို ကိုယ်တိုင် ဖမ်းဆီးပြီးတော့ အရှင့်ဆီကို လွှဲပြောင်းပေးဖို့ ရည်ရွယ်နေပါတယ်။”