တစ်ကိုယ်တော်ကျင့်ကြံသူများကို စုဆောင်းခြင်း၊ ဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံး။
Vol. 7 Ch. 92
"ယောက်ျား ပြောတာမှန်ပါတယ်.. သတိထားတာက အမြဲတမ်း ပိုကောင်းပါတယ်..."
ဤစကားကို ကြားသောအခါ၊ ကျိပင်းယွီက လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်သည်။ "ထူးခြားတဲ့ပါရမီနဲ့ကောင်းချီးပေးခံထားရတဲ့ ဂိုဏ်းတပည့်တွေဖြစ်နေရင်တောင်.. လမ်းတစ်ဝက်မှာ ကျရှုံးခဲ့မယ်ဆိုရင် ပိုမြင့်တဲ့နယ်ပယ်တွေကို ရောက်ဖို့နေနေသာ... အခြေတည်အဆင့်ကိုတောင် မရောက်နိုင်ဘူး..”
သူမသည်လည်း သတိထားခြင်း၏အရေးကြီးပုံကို နားလည်သဘောပေါက်ခဲ့သည်။
အထူးသဖြင့် လူတိုင်းနီးပါးက ပြိုင်ဘက်ဖြစ်နေသော ဤအန္တရာယ်များလှသည့် ကျင့်ကြံခြင်းလောကတွင် ဖြစ်၏။
ပေါ့ဆမှုတစ်ခုတည်းဖြင့် အခြားသူများ၏လက်ထဲတွင် ကျဆုံးခြင်းသို့ ဦးတည်သွားနိုင်ပြီး၊ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သမျှမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားနိုင်သည်။
မှန်ပေသည်၊ သူမ၏ယောက်ျားကဲ့သို့ သတိကြီးတတ်သူကိုမူ သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။
ထိုသတိကြိးမှုကြောင့်သာ သူသည် အန္တရာယ်များလှသော ကျင့်ကြံခြင်းလောကတွင် ရှင်သန်နိုင်ခဲ့သည်ဟု သူမယုံကြည်သည်။
မဆင်မခြင်ပြုမူတတ်သူများသည် ကြာရှည်ခံမည်မဟုတ်ပေ။
"ဟုတ်တယ်.. ဒီ၂နှစ်အတွင်း အင်မော်တယ်ရှားဂိုဏ်းတပည့်တွေ ဘယ်လောက်များများ မိစ္ဆာကျင့်ကြံသူတွေရဲ့လက်ချက်နဲ့ သေခဲ့ရပြီးပြီလဲဆိုတာ ရေတွက်လို့တောင်မရဘူး.. ဂိုဏ်းတပည့်တစ်ယောက်ဖြစ်ရုံနဲ့ ချောမွေ့တဲ့ခရီးလို့ ဘယ်သူမှအာမမခံနိုင်ဘူး..."
မုဇီယန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
မီယွင်မြို့သည် အခြေခံအားဖြင့် တစ္ဆေမိစ္ဆာဂိုဏ်း၏ဝန်းရံခြင်းကို ခံနေရသည်မှာ ၂နှစ်ကျော်ခဲ့ပြီဖြစ်သည်။
ဤ၂နှစ်ကျော်အတွင်း မီယွင်မြို့ရှိ အစားအစာပြဿနာကို မဖြေရှင်းနိုင်ရုံသာမက ပဋိပက္ခများမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ မြို့ထဲတွင် လူဦးရေအလွန်များပြားပြီး လိုအပ်သော အစားအစာပမာဏမှာ စိတ်ကူးပင်မယဉ်နိုင်လောက်အောင် ဖြစ်သည်။
စားနပ်ရိက္ခာအတွက် ပေါ်ပေါ်တင်တင်ပဋိပက္ခများ လျော့ကျသွားသော်လည်း၊ လျှို့ဝှက်သတ်ဖြတ်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။
အငတ်ဘေးကြောင့် သေဆုံးသွားရသော ကျင့်ကြံသူများအကြောင်း သတင်းများပင် ရှိခဲ့သေးသည်။
"ယောက်ျား.. မီယွင်မြို့က ဘယ်လောက်ကြာကြာတောင့်ခံနိုင်မယ်လို့ ထင်လဲ.. ၂နှစ်တောင်ရှိနေပြီ.. အင်မော်တယ်ရှားဂိုဏ်းက ဘာအကူအညီမှ မပို့သေးဘူး.. သူတို့ မီယွင်မြို့ကို စွန့်ပစ်လိုက်ပြီလား..." ရှားကျင်းယန်က မေးလိုက်သည်။
သူမသည် မူလက အင်မော်တယ်ရှားဂိုဏ်း ကယ်ဆယ်ရေးတပ်ဖွဲ့ ရောက်လာသည့်အခါ၊ သူတို့သည် ထိုတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော်ငြား မည်သူက ထင်ထားမည်နည်း။ ၂နှစ်ကျော်ကြာမြင့်သွားသည့်တိုင် အင်မော်တယ်ရှားဂိုဏ်းထံမှ အကူအညီအရိပ်အယောင်မျှပင် မပေါ်ပေါက်ခဲ့ပေ။
၎င်းမှာ အင်မော်တယ်ရှားဂိုဏ်းက သူတို့၏တပည့်များကို ဤနေရာတွင် စွန့်ပစ်ထားခဲ့သကဲ့သို့ပင် ဖြစ်သည်။
မီယွင်မြို့တွင် နေထိုင်နေသော အင်မော်တယ်ရှားဂိုဏ်း တပည့်များစွာသည် စိတ်ပျက်အားငယ်စပြုနေကြပြီဖြစ်သည်။
"ငါလည်း မပြောတတ်ဘူး.. ဒါပေမဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ လာလာ..မလာလာ.. ငါတို့အတွက် အရေးမကြီးဘူး... ငါတို့တကယ် အန္တရာယ်နဲ့ ကြုံရင် မြေအောက်စခန်းထဲမှာ ချက်ချင်းပုန်းကြမယ်.." ကျိုးစွေ့က ပြောလိုက်၏။
သူ့တွင် အရန်အစီအစဉ်တစ်ခု ရှိသောကြောင့် သူသည် တည်ငြိမ်အေးဆေးနေသည်။
အင်မော်တယ်ရှားဂိုဏ်း နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူ၌ထွက်ပေါက်တစ်ခုရှိပြီး သူ့ကို အေးရာအေးကြောင်း ဖြစ်စေသည်။
"ဟင်...”
ထိုအချိန်တွင် ကျိုးစွေ့၏နှလုံးသားထဲတွင် တုန်လှုပ်သွားသည်။ သူ၏ကိုယ်ပွားတစ်ယောက်က သတင်းတစ်ခု ပေးပို့လိုက်သည်ကို ခံစားမိလိုက်သည်။
ချီသန့်စင်ခြင်းအဆင့်(၇)သို့ တက်လှမ်းပြီးနောက် သူသည် ကိုယ်ပွား၇ယောက်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
သူသည် သူ၏ကိုယ်ပွား၂ယောက်ကို တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် တာဝန်ချထားပြီး၊ ကိုယ်ပွား၅ယောက်ကို မီယွင်မြို့အနှံ့ နေရာချထားကာ မြို့၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ကင်မရာများကဲ့သို့ စောင့်ကြည့်ရန် တာဝန်ပေးထားသည်။
သူတို့သည် 'ကူပိုးကောင်'များအဖြစ်သို့ ပြောင်းလဲကာ မီယွင်မြို့၏ သစ်ပင်များတွင် ပေါင်းစပ်နေထိုင်ကြပြီး အခြားသူများ မထောက်လှမ်းနိုင်အောင် ပြုလုပ်ထားသည်။
သူ၏အိမ်အနီးရှိ ကိုယ်ပွားတစ်ယောက်က ချက်ချင်းပင် လှုပ်ရှားမှုအရိပ်အယောင်တစ်ခုကို ထောက်လှမ်းမိလိုက်သည်။
...
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏အိမ်မှ မိုင်အနည်းငယ်အကွာလမ်းတစ်ခုပေါ်တွင် လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူအဖွဲ့ကြီးတစ်ဖွဲ့ ပေါ်လာသည်။ သူတို့သည် လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး၊ အိမ်တစ်အိမ်ချင်းစီသို့ ဝင်ရောက်ကာ ကျင့်ကြံသူများကို ဆွဲထုတ်နေကြသည်။
ခုခံသူများကို အပြင်းအထန် ရိုက်နှက်ကြသည်။
အချို့မှာ အပြင်းအထန် ဒဏ်ရာရပြီး၊ သူတို့၏သိုလှောင်အိတ်များပင် အသိမ်းခံလိုက်ရသည်။
"မင်းတို့ ဘာလုပ်ကြတာလဲကွ.. ငါတို့ အိမ်ငှားခကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးထားပြီးသား.. ဘာလို့ ငါတို့ကို တိုက်ခိုက်နေတာလဲ..."
ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှာ တုန်လှုပ်ခြောက်ခြားပြီး ဒေါသထွက်နေသည်။ လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများက သူ့ကိုအဘယ်ကြောင့် စကားတစ်ခွန်းပင်မဆိုဘဲ တိုက်ခိုက်သည်ကို သူနားမလည်နိုင်ပေ။
သူသာ သတိမထားခဲ့ပါက ရိုက်နှက်သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ပေသည်။
"မြို့တော်သခင်က မီယွင်မြို့ရဲ့ နေထိုင်သူတိုင်းမှာ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ တာဝန်ရှိတယ်လို့ အမိန့်ချမှတ်ထားတယ်... လူတိုင်း ကင်းလှည့်တပ်ထဲကို ဝင်ရမယ်.. ပြီးတော့ ဝိညာဉ်ကျောက်တုံးအားလုံးကို အပ်နှံရမယ်.. မီယွင်မြို့ရဲ့ လုံခြုံရေးအတွက် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရလိမ့်မယ်..."
"ခုခံဝံ့တဲ့ ဘယ်သူမဆို အသတ်ခံရလိမ့်မယ်..."
လုမိသားစုကျင့်ကြံသူတစ်ဦးက ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး၊ သတ်ဖြတ်လိုသော အငွေ့အသက်များအား ထုတ်လွှတ်လိုက်သည်။
“ဘာ....”
တစ်ကိုယ်တော်ကျင့်ကြံသူအုပ်စုမှာ အံ့အားသင့်သွားပြီး မျက်နှာများမှာ သိသိသာသာ ပျက်သွားကြသည်။ မီယွင်မြို့ရှိအခြေအနေမှာ မကောင်းမွန်ကြောင်း သူတို့သိသော်လည်း၊ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေအထိ ဆိုးရွားသွားလိမ့်မည်ဟု မထင်ခဲ့ချေ။
၎င်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူများကို ဖမ်းဆီးပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ယခင်က လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းသည် တစ်ကိုယ်တော်ကျင့်ကြံသူများအား အိမ်ငှားခပေးဆောင်ရန်သာ တောင်းဆိုခဲ့သည်။
သို့သော် ယခုအခါတွင်မူ၊ သူတို့သည် အိမ်ငှားခဝိညာဉ်ကျောက်တုံးများဖြင့် မကျေနပ်ကြတော့ဘဲ၊ တစ်ကိုယ်တော်ကျင့်ကြံသူများ ပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံးအားလုံးကို လိုချင်နေကြသည်။
ထို့အပြင်၊ သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများကို ကင်းလှည့်တပ်သို့ ဝင်ရောက်ပြီး၊ မိစ္ဆာကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ရှေ့တန်းမှရပ်တည်စေလိုကြသည်။
လွန်ခဲ့သော၂နှစ်အတွင်း မကြာခဏဖြစ်ပွားသော တိုက်ပွဲများက အင်မော်တယ်ရှားဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်မှာ ထင်ရှားပေသည်။ သူတို့၏စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန် အချိန်တန်ပြီဖြစ်သည်။
သူတို့သည် ယခင်က တစ်ကိုယ်တော်ကျင့်ကြံသူများကို ချိုသာသောစကားများဖြင့် ဖျောင်းဖျခဲ့ကြသည်။
ယခုမူ သူတို့သည် သူတို့၏စရိုက်မှန်ကို ဖော်ထုတ်လိုက်ပြီဖြစ်သည်။ သူတို့သည် မည်သည့်ဟန်ဆောင်မှုမျှမရှိဘဲ ပေါ်ပေါ်တင်တင်လုယက်ကြတော့သည်။
မနာခံသော မည်သည့်ကျင့်ကြံသူမဆို သေဆုံးသွားပေလိမ့်မည်။ မြို့ထဲရှိ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပေသည်။
"မင်း... မင်းတို့..."
တစ်ကိုယ်တော်ကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားပြီး ဒေါသထွက်နေကြသည်။ သူတို့သည် အသက်စွန့်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
သို့သော် ပတ်ပတ်လည်မှ ချီသန့်စင်ခြင်းအဆင့်(၈)၊ (၉)ရှိ ကျင့်ကြံသူများကို မြင်သောအခါ ချက်ချင်းပင် သတ္တိများပျောက်ကွယ်သွားကြသည်။
သေချာသည်မှာ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းတို့မှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။
ဤကင်းလှည့်တပ်ကျင့်ကြံသူများသည် လက်ရွေးစင်များဖြစ်ကြပြီး၊ သူတို့တွင် ထိပ်တန်းအဆင့် မှော်လက်နက်များ ရှိကြကာ သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ ဤတစ်ကိုယ်တော်ကျင့်ကြံသူများ ခုခံဝံ့ပါက သူတို့သည် ချက်ချင်းပင် ချေမှုန်းခံရပေလိမ့်မည်။
ယခင်က ခုခံရန်ကြိုးစားခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူများ ရှိခဲ့သော်လည်း၊ သူတို့သည် တစ်ခဏအတွင်း ပျားလပို့များသဖွယ်ဖြစ်အောင်ထိ ရိုက်နှက်ခြင်းခံခဲ့ရသည်။
ယခုထိတိုင်၊ အလောင်းအနည်းငယ်မှာ မြေပြင်ပေါ်တွင် သွေးများဖြင့် စိုရွှဲလျက် ရှိနေသေးသည်။ ထိုမြင်ကွင်းမှာ လုံးဝ ရက်စက်ကြမ်းကြုတ်လှသည်။
တစ်ကိုယ်တော်ကျင့်ကြံသူများဆိုသည်မှာ နဂိုကပင် သတ္တိကောင်းကြသူများ မဟုတ်ချေရာ၊ ဤသို့ ခြိမ်းခြောက်ခံရသောအခါ သူတို့သည် မဆင်မခြင်ပြုမူရန် မဝံ့ရဲကြပေ။
"ဘာလဲ.. မင်းတို့ ခုခံချင်တာလား..."
ဤတစ်ကိုယ်တော်ကျင့်ကြံသူများ၏ တုံ့ပြန်မှုများကို မြင်သောအခါ၊ လုမိသားစုမှ အကြီးအကဲတစ်ဦးက လှောင်ပြောင်လိုက်သည်။
"ငါမင်းတို့ကို ရိုးရိုးသားသားပြောပြမယ်.. အခုချိန်မှာ မြို့ထဲက ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူအများစု ကင်းလှည့်တပ်ထဲကို ဝင်ပြီးသွားပြီ..."
"မင်းတို့သာ ကင်းလှည့်တပ်ကို မင်းတို့အစွမ်းလေးနဲ့ ခုခံချင်ရင်တော့ လမ်းတစ်လမ်းပဲရှိတယ်... အဲ့တာက သေလမ်းပဲ... ကင်းလှည့်တပ်ကို ဝင်မလား.. ဒါမှမဟုတ် အလောင်းဖြစ်ချင်သလား.. ကိုယ့်ဘာသာကိုယ် ရွေးချယ်ကြ..."
အမှန်တကယ်တွင် လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းတို့ ဤသို့လုပ်ဆောင်ခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။
လွန်ခဲ့သောခြောက်လအတွင်း၊ သူတို့သည် မြို့ထဲရှိ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို တိတ်တဆိတ် စုဆောင်းနေခဲ့ပြီး သူတို့ထဲမှတစ်ဝက်ကျော်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။
ဤသို့ဖြင့် မြို့ထဲရှိ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားအများစုကို ကင်းလှည့်တပ်ထဲသို့ ဆွဲသွင်းနိုင်ခဲ့သည်။
ထို့ကြောင့် သူတို့သာ ဘာကိုမျှချုပ်တည်းမနေဘဲ လူများကို စတင်ဖမ်းဆီးလျှင်ပင်၊ သူတို့ကို ခုခံနိုင်မည့် တစ်ကိုယ်တော်ကျင့်ကြံသူများ မရှိတော့ပေ။
အစကတည်းကပင် တစ်ကိုယ်တော်ကျင့်ကြံသူများသည် သူတို့ကိုယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးမရှိကြောင်း ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်၏။
"ငါတို့ အညံ့ခံပါတယ်.. အညံ့ခံပါတယ်.. ကင်းလှည့်တပ်ကို ဝင်ဖို့ ဆန္ဒရှိပါတယ်" ဟု တစ်ကိုယ်တော်ကျင့်ကြံသူများက ဖြူဖျော့နေသောမျက်နှာများဖြင့် သေမင်းနှင့်ရင်ဆိုင်နေရသည့်နှယ် အလုအယက်ပြောလိုက်ကြသည်။
‘အသက်ကို ဖက်တွယ်ခြင်းက သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းထက် ပိုကောင်း၏’ဟု ဆိုရိုးရှိပေသည်။ ကင်းလှည့်တပ်သို့ ဝင်ရောက်ခြင်း၏သေဆုံးနှုန်းမှာ မြင့်မားသော်လည်း ယခုမဝင်ပါက သူတို့ ဤနေရာတွင်ပင် သေဆုံးသွားရပေမည်။
"ကောင်းတယ်.. ဒီလိုဆိုရင်တော့ ဒီဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံးကို သောက်လိုက်..."
လုမိသားစုမှ အကြီးအကဲက ညင်သာစွာ ပြုံးလိုက်သည်။
ထိုအပြုံးမှာ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်နှင့်မခြားသဖြင့်၊ သူတို့ကို အေးစက်တုန်လှုပ်သွားစေပြီး တစ်ကိုယ်လုံး တုန်ယင်သွားစေတော့သည်။