လွတ်မြောက်ခြင်း၊ မြေအောက်စခန်းထဲသို့ ဝင်ရောက်ခြင်း။
Vol. 7 Ch. 93
"ဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံး...”
တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်သွားကြသည်။
သူတို့သည် ဤအဆိပ်ဆေးလုံးကို သိရှိကြ၏။ ၎င်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။
၎င်းမှာ အလွန်ပင်အာနိသင်ပြနှေးသော အဆိပ်တစ်မျိုးဖြစ်ပြီး၊ အာနိသင်မပြမီ ခန္ဓာကိုယ်အတွင်း၌ တစ်နှစ်ခွဲကြာအောင် အမြစ်တွယ်နေမည်ဖြစ်သည်။ အဆိပ်စတင်အသက်ဝင်သည်နှင့် ၎င်းသည် အရိုးများထဲသို့ စိမ့်ဝင်သွားပြီး ဘယ်တော့မှ ရှင်းထုတ်၍မရနိုင်တော့ပေ။ ဆောင်းရာသီတိုင်းတွင် အဆိပ်ထလာပြီး အဆိပ်သင့်သူကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ပေလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤဆေးလုံးဖြင့်အဆိပ်သင့်ခဲ့ပါက အဆိပ်ပိုင်ရှင်မှ ဖြေဆေးကို မပေးသရွေ့၊ သားကောင်သည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် တစ်သက်လုံးနေထိုင်ရပေလိမ့်မည်။
ဤလုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် မည်သည့်ရှင်သန်ရန်အခွင့်အလမ်းမျှ ချန်ထားရန် အစီအစဉ်မရှိသည်မှာ ထင်ရှားပေသည်။
"ဘာဖြစ်လို့လဲ.. ဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံးကို မသောက်ချင်ဘူးလား..."
"ရှင်းရှင်းပဲပြောမယ်.. ကင်းလှည့်တပ်ကို ဝင်တဲ့ကျင့်ကြံသူတိုင်း ဒီဆေးလုံးကို သောက်ရမှာပဲ...”
"မဟုတ်ရင် တစ္ဆေမိစ္ဆာဂိုဏ်းက သူလျှိုတွေခိုးဝင်လာရင် ငါတို့တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူးလေ...”
"မင်းတို့သာ ဆေးလုံးသောက်ဖို့ ငြင်းဆန်ရင် တစ္ဆေမိစ္ဆာဂိုဏ်းသူလျှိုတွေလို့ သတ်မှတ်ပြီး ကွပ်မျက်ပစ်ရမှာပဲ...”
"အေး.. မင်းတို့ ဘာမှစိတ်ပူစရာမလိုဘူး.. ငါတို့က မင်းတို့ကို တစ်သက်လုံး ထိန်းချုပ်ထားမှာ မဟုတ်ဘူး..”
"တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ပြီးတာနဲ့ ငါတို့က ချက်ချင်း အဆိပ်ဖြေဆေးပေးမှာပါ...”
"အဲ့ဒီအခါကျရင် မင်းတို့ လွတ်လပ်ခွင့် ပြန်ရမှာပါ..”
လုမိသားစုမှ အကြီးအကဲက ညင်သာစွာ ပြုံးလိုက်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူများကို ဖျောင်းဖျရန် ချော့လိုက်၊ခြောက်လိုက် လုပ်နေသည်။
ဤသည်မှာ ယာယီထိန်းချုပ်မှုတစ်ခုသာဖြစ်ကြောင်း သူက အခိုင်အမာပြောလိုက်သည်။ သူတို့သာ တစ္ဆေမိစ္ဆာဂိုဏ်းကို တွန်းလှန်နိုင်ခဲ့ပါက အဆိပ်ဖြေဆေးကို ချက်ချင်းပေးမည်ဖြစ်ပြီး၊ သူတို့ကို ဆက်လက်ထိန်းချုပ်ထားမည်မဟုတ်ကြောင်း အသေအချာအာမခံလိုက်သည်။
၎င်းအား ကြားသည့်တိုင်၊ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာမူ ညှိုးငယ်နေဆဲဖြစ်၏။
သူတို့သည် အတွေ့အကြုံမရှိသော ကလေးများမဟုတ်ကြရာ ထိုကတိစကားများအား မည်သို့ အလွယ်တကူ ယုံကြည်နိုင်မည်နည်း။
တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ ဆုတ်ခွာသွားလျှင်ပင် သူတို့ကို အဆိပ်ဖြေဆေးပေးမည်၊ မပေးမည်မှာ ၎င်းတို့၏ဆုံးဖြတ်ချက်သာဖြစ်၏။
သူတို့သာ မပေးရန်ရွေးချယ်ခဲ့ပါက အမှန်တကယ်တွင် သူတို့ ဘာများတတ်နိုင်မည်နည်း။
တစ်စုံတစ်ယောက်၏အမိုးအောက်တွင် ရောက်နေသည့်အခါတွင် ခေါင်းငုံ့ထားရပေတော့မည်။
မီယွင်မြို့တွင် လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများကို ဆန့်ကျင်ရန်ကြိုးစားခြင်းသည် မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်၊ အကောင်းအဆိုးများကို ချိန်ဆပြီးနောက်၊ သူတို့သည် ဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံးကို သောက်ရန်သာ ရွေးချယ်လိုက်ကြတော့သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိရှင်သန်ရေးမှာပထမဦးစားပေးဖြစ်သည်။ အနာဂတ်တွင် လွတ်မြောက်နိုင်မည့်လမ်းကို ရှာရန်မှာ နောက်ကျမည်မဟုတ်ပေ။
ဤသည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူများစွာ၏ တညီတညွတ်တည်းသော ခံယူချက်ဖြစ်၏။ သူတို့သည် ယခုအချိန်တွင် လုမိသားစုကျင့်ကြံသူများ၏ လက်ထဲတွင် အသက်ပေးလိုက်ရရန် ဆန္ဒမရှိကြပေ။
"သိပ်ကောင်းတယ်...”
တစ်ကိုယ်တော်ကျင့်ကြံသူများ ဝိညာဉ်လောင်ကျွမ်းခြင်းဆေးလုံးကို သောက်နေကြသည်ကို မြင်သောအခါ လုမိသားစုမှအကြီးအကဲမှာ အလွန်ကျေနပ်သွားသည်။
ဤသို့ဖြင့် ထိုကျင့်ကြံသူများသည် သူတို့၏ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားပြီး၊ သူတို့၏အသက်မှာ လက်ခုပ်ထဲကရေဖြစ်တော့သည်။
"ဂုဏ်ယူပါတယ် အကြီးအကဲ.. ကျုပ်တို့ ဒီချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေကို ထိန်းချုပ်နိုင်ပြီဆိုရင်.. ကျန်တဲ့သူတွေက ဘာပြဿနာမှရှိတော့မှာ မဟုတ်ဘူး..."
လုမိသားစုမှ ကျင့်ကြံသူတစ်ဦးက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"ဟားဟား.. ဒါက မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါပဲ..."
လုမိသားစုမှအကြီးအကဲက သူ၏မီးခိုးရောင်မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါတို့ နောက်ထပ်ဘယ်သွားကြမှာလဲ... ငါတို့ကင်းလှည့်တပ်ထဲကို မဝင်သေးတဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဘယ်လောက်ကျန်သေးလဲ...”
သူသည် ဤတစ်နေ့တည်းဖြင့်၊ ကျန်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးကို သူတို့၏တပ်ထဲသို့ ဖမ်းဆီးရန် ရည်ရွယ်ထားသည်။ မီယွင်မြို့တွင် မည်သည့်ကိုမျှ ကျန်ရစ်မနေစေချင်ပေ။
"အကြီးအကဲ.. ဒီနားမှာ မိသားစုတစ်စု ကျန်သေးတယ်... ချီသန့်စင်ခြင်းအဆင့်(၉) အမျိုးသမီးကျင့်ကြံသူသုံးဦးနဲ့ ချီသန့်စင်ခြင်းအဆင့်(၄) အမျိုးသားကျင့်ကြံသူတစ်ဦးပဲ... သူတို့က အချိန်ပြည့်နီးနီး အိမ်မှာပဲနေပြီးတော့ အပြင်ထွက်ခဲတယ်...”
"လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ သူတို့ကို ကင်းလှည့်တပ်ထဲကို ဝင်ဖို့ လူလွှတ်ဖိတ်ခေါ်ခဲ့တာ အကြိမ်ပေါင်းများစွာ ရှိပြီ... ဒါပေမဲ့ ငါတို့ အမြဲတမ်း အငြင်းခံခဲ့ရတယ်...”
လုမိသားစုမှ ကျင့်ကြံသူတစ်ဦးက စကားဆိုလိုက်သည်။
"ဘာကွ.. ဟမ့်.... ဘယ်ဟာကကောင်းလဲ ဆိုးလဲ မသိတဲ့သူတွေပဲ.... သူတို့က ကမ်းလှမ်းတဲ့မင်္ဂလာအရက်ကို ငြင်းဆန်နေမှတော့.. အဆိပ်အရက်ကို အတင်းတိုက်ရတော့မှာပေါ့...”
"ငါတို့ လုမိသားစုနဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်တာက ဘယ်လောက်မောက်မာတယ်ဆိုတာ ပြနေတာပဲ....”
"ထားလိုက်တော့.. သူတို့က မျက်နှာမလိုချင်မှတော့ ငါတို့က ကူညီပေးလိုက်တာပေါ့..."
လုမိသားစုမှအကြီးအကဲ၏ မျက်လုံးများက အေးစက်စက် လက်သွားသည်။
မီယွင်မြို့ရှိ မည်သည့်ကျင့်ကြံသူတစ်ဦးမျှ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခွင့်မပြုနိုင်ပေ။
အထူးသဖြင့် ချီသန့်စင်ခြင်းအဆင့်(၉)ရှိ ထိုကျင့်ကြံသူများအတွက်မူ သူတို့၏ ခြိမ်းခြောက်မှုမှာ ပေါ့သေးသေးမဟုတ်ချေ။
သူတို့သာ လက်မခံပါက သေခြင်းတရားသည်သာ သူတို့၏တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ရပေမည်။
ဝှစ်.. ဝှစ်.. ဝှစ်...
ချက်ချင်းပင် လုမိသားစုမှကျင့်ကြံသူများသည် ကျိုးစွေ့၏အိမ်သို့ ဦးတည်လိုက်ကြသည်။
ထိုအချိန်တွင် အိမ်၌ရှိနေသောကျိုးစွေ့သည် ဤသတင်းအချက်အလက်ကို ချက်ချင်းပင် လက်ခံရရှိလိုက်သည်။ သူ၏မျက်လုံးများတောက်ပသွားကာ အမူအရာမှာ လေးနက်သွားသည်။
"ဘာဖြစ်လို့လဲ ယောက်ျား... တစ်ခုခုဖြစ်လို့လား..."
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် ကျိုးစွေ့၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ကြသည်။
"ဒုက္ခတော့ရောက်ပြီ... လုမိသားစုနဲ့ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူတွေက မြို့အနှံ့ကလူတွေကို အတင်းအကျပ် စုဆောင်းနေကြတယ်..."
"တစ်ကိုယ်တော်ကျင့်ကြံသူအားလုံး ကင်းလှည့်တပ်ဖွဲ့ထဲကို ဝင်ရမယ်... မဟုတ်ရင် သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်..."
"အခုဆိုရင် ဝိညာဉ်ကျောက်တုံးတွေပေးတာတောင် အသုံးမဝင်တော့ဘူး... သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူတိုင်းရဲ့ အင်အားကို ထိန်းချုပ်ချင်နေတာ..."
ကျိုးစွေ့သည် အမျိုးသမီးသုံးဦးကို ဖြစ်ပျက်ခဲ့သည်များအား ချက်ချင်း အသိပေးလိုက်သည်။
ဤကိစ္စမှာ အရေးကြီးပြီး သူတို့၏အနာဂတ်နှင့်သက်ဆိုင်နေသည်။
"လုမိသားစုနဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ ဒီလိုဖိနှိပ်တဲ့နည်းက အရမ်းစက်ဆုပ်ဖို့ကောင်းတယ်... သူတို့က ငါတို့ကို သေစေချင်နေတာပဲ..."
"မတန်တဆငှားရမ်းခဆိုရင်တောင် သည်းခံနိုင်သေးတယ်... ဒါပေမဲ့ အခုက ငါတို့အသက်တွေကို လိုချင်နေတာပဲ...”
"တစ္ဆေမိစ္ဆာဂိုဏ်းက အခုချက်ချင်းဝင်တိုက်ပြီး ဒီလူယုတ်မာတွေကို သုတ်သင်ပစ်လိုက်ရင် ကောင်းမယ်...”
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ ဒေါသဖြင့် အံကြိတ်လိုက်ကြသည်။
ကိုယ့်ဘာသာ အိမ်တွေ အေးဆေးဆေးဆေး နေနေပါသော်လည်း ဒုက္ခက မိုးပေါ်မှတဆင့် ခေါင်းပေါ်သို့ ပြုတ်ကျလာချေသည်။
သူတို့သည် ရန်သူများမဖြစ်အောင် အကောင်းဆုံးကြိုးစားပြီး သိုသိုသိပ်သိပ်နေခဲ့သည့်တိုင် ပစ်မှတ်ထားခံခဲ့ရသည်။
တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ ယခုချက်ချင်းဝင်တိုက်ခိုက်ကာ၊ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများကို ချေမှုန်းပစ်လိုက်ရန်သာ ဆုတောင်းမိကြတော့သည်။
နှစ်ဘက်စလုံး အထိနာက ခွေးသေ၊ဝက်သေ သေကုန်ကြလျှင် ပို၍တောင် ကောင်းပေလိမ့်မည်။
"သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ မလိုဘူး.. ဒါက လုမိသားစုနဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ နယ်မြေပဲ..."
"သူတို့မှာ အရေအတွက်အားသာချက်ရှိတယ်.. ပြီးတော့ ဒုတိယအဆင့်အစီအရင်ကို ထိန်းချုပ်ထားပြီးတော့ အခြေတည်အဆင့်ရောက်ပြီးသား ကျင့်ကြံသူတွေတောင် ရှိတယ်..."
"ငါတို့သာ သူတို့နဲ့ထိပ်တိုက်တွေ့ရင် အနိုင်ရဖို့ မျှော်လင့်ချက်သိပ်မရှိဘူး... နိုင်ခဲ့ရင်တောင် သေးသေးမွှားမွှားအကျိုးကျေးဇူးပဲ ရမှာ...”
"အဲ့ဒီအစား.. ငါတို့က တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေကို ကူညီပေးလိုက်သလိုဖြစ်သွားလိမ့်မယ်...”
"ဒီအိမ်ကို စွန့်ပြီး မြေအောက်ကို ဝင်ကြစို့..."
ကျိုးစွေ့ အသက်ပြင်းပြင်းရှူပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် အိမ်တွင် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်လိုသော်လည်း၊ လက်ရှိအခြေအနေက သူ့ကို ရွေးချယ်စရာမပေးပေ။
သူသာ အိမ်တွင် ဆက်လက်ကျင့်ကြံနေပါက၊ လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို သေချာပေါက်ခံရပြီး၊ အဆိပ်ဆေးလုံးကို သောက်ရန် အတင်းအကျပ်စေခိုင်းခံရပေမည်။
ထိုအခါတွင် သူသည် သူ၏သေခြင်း၊ရှင်ခြင်းအား သူ့ကိုယ်တိုင်စီမံခွင့်ရှိတော့မည်မဟုတ်ချေ။
ဆိုရိုးစကားအတိုင်း ပညာရှိများသည် အန္တရာယ်ရှိသောနံရံများအောက်တွင် မရပ်တည်ကြပေ။ သူသည် သူတို့နှင့် အဆုံးထိ အသေခံတိုက်ခိုက်နေစရာမလိုပေ။ အထူးသဖြင့် ပြိုင်ဘက်များမှာ များပြားပြီး အားကောင်းသည့်အခါတွင် ဖြစ်၏။
"ကောင်းပါပြီ ယောက်ျား.. ငါတို့ အခုချက်ချင်းတောင် ထွက်လို့ရတယ်.. ဘာမှ ယူစရာသိပ်မရှိဘူး...”
"ဟုတ်တယ်.. ငါတို့ ကြိုတင်ပြင်ဆင်မှုတွေ အချိန်အတော်ကြာကတည်းက လုပ်ထားပြီးသား... ရတနာတွေအားလုံးက မြေအောက်စခန်းထဲမှာ ဝှက်ထားပြီးသားပဲ..."
"ငါတို့ အစားအစာနဲ့ တခြားလိုအပ်တာလေးတွေပဲ ယူဖို့လိုတယ်... ဒါဆို အခွံချည်းပဲ ကျန်ခဲ့မှာ...”
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့က ချက်ချင်းပင် ပြောလိုက်သည်။
ရွှစ်…ရွှစ်…ရွှစ်…။
တစ်ခဏမျှ တွန့်ဆုတ်မနေဘဲ ကျိုးစွေ့သည် အထုပ်အပိုးများ ပြင်ဆင်လိုက်ပြီး၊ အမျိုးသမီးသုံးဦးကို နောက်ဖေးခြံဝင်းထဲရှိ ဥမင်လိုဏ်ခေါင်းသို့ ခေါ်ဆောင်သွားသည်။ ဥမင်လိုဏ်ခေါင်းအတိုင်း လိုက်သွားရာ သူတို့သည် မြေအောက် မီတာရာပေါင်းများစွာနက်သော မြေအောက်စခန်းသို့ ရောက်ရှိသွားကြသည်။
ဥမင်လိုဏ်ခေါင်းအတွက်မူ သူတို့သည် 'ရွှေစားကူ' ကို ကိုင်တွယ်စေပြီး၊ ရွှံ့အမြောက်အမြားကို ယူဆောင်စေကာ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုလုံးနှင့်ဝင်ပေါက်ကိုအပြည့်အဝ ဖြည့်လိုက်ပြီး ခိုင်မာသောမြေလွှာတစ်ခုကို ဖွဲ့စည်းလိုက်စေသည်။
ဤနည်းအားဖြင့် ဤနေရာတွင် မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု ရှိသည်ကို မည်သူမျှ သိရှိတော့မည်မဟုတ်ပေ။
လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းမှ ထိုကျင့်ကြံသူများ မည်မျှဉာဏ်ကောင်းသည်ဖြစ်စ၊ မြေအောက် မီတာရာပေါင်းများစွာတွင် ပုန်းအောင်းနေကြမည်ကိုတော့ ဘယ်သောအခါမျှ မှန်းဆမိမည်မဟုတ်ပေ။
ထိုအရာအားလုံး လုပ်ဆောင်ပြီး မကြာမီမှာပင်၊ လုမိသားစုနှင့်အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများ နောက်ဆုံးတွင် ရောက်ရှိလာကြတော့သည်။