← Chapters

သူတို့ ဘယ်တုန်းကထွက်ပြေးသွားတာလဲ၊ ဘယ်သူသတင်းပေးခဲ့တာလဲ။

Vol. 7 Ch. 94

သူတို့ ဘယ်တုန်းကထွက်ပြေးသွားတာလဲ၊ ဘယ်သူသတင်းပေးခဲ့တာလဲ။

Vol. 7 Ch. 94

ဘုန်း..ဘုန်း.. ဘုန်း...။

တစ်ခဏအတွင်းမှာပင်၊ ကျိုးစွေ့၏အိမ်ရှိ ပထမအဆင့်ကာကွယ်ရေးအစီအရင်သည် မီယွင်မြို့ကင်းလှည့်တပ်ဖွဲ့မှ ကျင့်ကြံသူအများအပြား၏ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ပြိုကျသွားသည်။

မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး အိမ်တစ်ခုစလုံး ပြိုကျတော့မည့်နှယ် ဖြစ်နေ၏။

နားကွဲမတတ်ဆူညံသံများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး မီးခိုးလုံးများ ထွက်ပေါ်နေသည်။

"အကြီးအကဲ.. အထဲကကျင့်ကြံသူတွေ မရှိတော့ဘူး.. သတင်းကြားပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်..."

သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းပင် ကင်းလှည့်ကျင့်ကြံသူတစ်စုသည် အသေးစိတ်ရှာဖွေမှုပြုလုပ်ရန် အပြေးအလွှား ဝင်ရောက်လာကြသည်။

သူတို့၏ မျက်နှာအမူအရာများမှာ သတိအပြည့်ဖြင့်နိုးကြားနေပြီး ဖြစ်နိုင်ခြေရှိသော ချောင်းမြောင်းတိုက်ခိုက်မှုအတွက် အသင့်ဖြစ်နေကြသည်။

သို့သော် သူတို့ မည်သို့ပင် ရှာဖွေစေကာမူ အိမ်မှာ ဗလာနတ္ထိဖြစ်နေပြီး၊ လူတစ်ယောက်၏မျက်နှာထက်ပင် ပို၍ပြောင်နေသေးသည်။

စိတ်ဝိညာဉ်ဆန်တစ်စေ့မျှပင် ရှာဖွေတွေ့ရန်မှာ သိန်းထီဆုတိုက်ရသည့်နှယ် ဆုတောင်းရုံသပ်သပ်သာ ဖြစ်၏။

သူတို့၏ နေ့ချင်းညချင်း သူဌေးဖြစ်မည့် မျှော်လင့်ချက်က ရေစုန်မျောရတော့သည်။

"ချီးတဲ့မှ.. ဒီမိန်းမသုံးယောက်က အမြန်ပြေးသွားရတာတောင် ဘာမှ မကျန်ခဲ့ဘူး.. သူတို့ ဘယ်တုန်းကတည်းက သတင်းရခဲ့တာလဲ.. တစ်ယောက်ယောက်က သတင်းပေးလိုက်တာလား..." အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ညည်းညူလိုက်သည်။

သူသည် မူလက ဤချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးဦးကို ဖမ်းဆီးခြင်းက တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို ရရှိစေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ တန်ခိုးကြီးသောကျင့်ကြံသူများသည် မရေမတွက်နိုင်သော ရတနာများနှင့်ဝိညာဉ်ကျောက်တုံးများကို သံသယဖြစ်ဖွယ်မရှိဘဲ ပိုင်ဆိုင်ပေလိမ့်မည်။

အများစုကို လက်လွှဲပေးခဲ့ရလျှင်ပင် သူတို့အတွက်ကျန်ရှိမည့်ဝေစုမှ သိသာထင်ရှားသော ဓနဥစ္စာကို ရရှိနေဦးမည်ဖြစ်သည်။

သို့သော် ယခုမူ ရေပေါ်အရုပ်ဆွဲသကဲ့သို့သာ ဖြစ်ရချေသည်။

ဤနေရာတွင် နေထိုင်ခဲ့ဖူးသော အမျိုးသမီးကျင့်ကြံသူများမှာ မည်သည့်သဲလွန်စမျှမကျန် ပျောက်ကွယ်သွားတော့သည်။

"သူတို့ သတင်းကြိုရဖို့ဆိုတာ မဖြစ်နိုင်ဘူး... လက်ရှိ အနီးနားက ရှိသမျှကျင့်ကြံသူတိုင်းလိုလို ငါတို့ထိန်းချုပ်မှုအောက်မှာ ရှိနေတာ... ဘယ်သူက သူတို့ကို သတင်းပေးနိုင်မှာလဲ..."

လုမိသားစုမှ အကြီးအကဲ၏လေသံမှာ အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

အိမ်သို့ရောက်ရှိသောအခါ သူသည် အတွင်းရှိကျင့်ကြံသူများအား ထွက်လာရန် ကြိမ်ဖန်များစွာ အော်ဟစ်ခဲ့သည်။

သို့သော် အတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိကြောင်း သတိထားမိလိုက်ပြီး၊ တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်း သူ အာရုံခံမိလိုက်သည်။

ကင်းလှည့်ကျင့်ကြံသူများသည် ပထမအဆင့်အကာအကွယ် အစီအရင်ကို လျင်မြန်စွာ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

သူတို့ ဝင်ရောက်သောအခါ အတွင်း၌ အမှန်တကယ် မည်သူမျှမရှိကြောင်း တွေ့ရှိခဲ့ရသည်။ နေထိုင်သူများမှာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

၎င်းက အကြီးအကဲကို ပို၍ပင် စိတ်ပျက်စေသည်။ သူတို့၏ချမ်းသာကြွယ်ဝရန် အခွင့်အရေးမှာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

"ဒီအမျိုးသမီးကျင့်ကြံသူတစ်စုက အတော်လေး ပါးနပ်ပုံပဲ.. ပြီးခဲ့တဲ့နှစ်ဝက်က ငါတို့ရဲ့လှုပ်ရှားမှုတွေကို သတိထားမိပြီး ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်... မဟုတ်ရင် သူတို့ ဒီလိုမျိုးအချိန်မီ ထွက်ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး...”

"ဒီနေရာက အရမ်းကိုသပ်ရပ်လွန်းတယ်.. ရတနာမပြောနဲ့... ဆန်တစ်စေ့တောင် ကျန်မနေခဲ့ဘူး...”

"ဒီမိန်းမတွေ အစောကြီးကတည်းက ကြိုပြင်ဆင်ထားတယ်ဆိုတာ ရှင်းနေတာပဲ... ဒါက တပ်သုတ်ရိုက်ပြေးတာမျိုးမဟုတ်ဘူး...”

အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူက သူ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

သူ၏အမည်မှာ ယန်ယီဖြစ်ပြီး၊ အင်မော်တယ်ရှားဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးဖြစ်ကာ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် ဤအဖွဲ့၏ခေါင်းဆောင်လည်း ဖြစ်၏။

"ယန်ယီ.. အခု ငါတို့ ဘာလုပ်သင့်လဲ..."

လုမိသားစုမှ အကြီးအကဲမှာ အနည်းငယ် စိုးရိမ်နေသည်။

သူတို့ကိုင်တွယ်နေသည့် ထိုအမျိုးသမီးသုံးဦးမှာ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သာ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းအပေါ် မကျေနပ်ပါက၊ သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပြီး သေချာပေါက် သတိထားရပေမည်။

အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများသည် သူတို့၏ကြောက်မက်ဖွယ်အင်အားကြောင့် လုံခြုံနိုင်သော်လည်း၊ လုမိသားစုမှ ကျင့်ကြံသူများမှာမူ ထိုသို့သောအင်အား မရှိပေ။

"စိတ်မပူပါနဲ့.. သူတို့က ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် မိန်းမသုံးယောက်တည်းလေ.. ဘာမှမလုပ်နိုင်ပါဘူး..”

“မီယွင်မြို့က သေးသေးလေး...သူတို့ ဘယ်မှာ ပုန်းနိုင်မှာလဲ...”

"မီယွင်မြို့ကို အသေးစိတ်ရှာကြစို... သူတို့ လွတ်မြောက်နိုင်မယ်လို့ ငါမယုံဘူး..."

"ငါ ဒီမိန်းမသုံးယောက်ကို ရှာတွေ့တဲ့အခါကျရင် အင်မော်တယ်ရှားဂိုဏ်းရဲ့အကြောင်း ဒင်းတို့ကောင်းကောင်း သိသွားစေရမယ်...”

ယန်ယီ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလာကာ၊ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးကျင့်ကြံသူများ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ သူတို့ ယခုလွတ်မြောက်နိုင်ခဲ့လျှင်ပင် ၎င်းမှာ ယာယီမျှသာ ဖြစ်သည်။

မီယွင်မြို့တစ်မြို့လုံးကို အစီအရင်ဖြင့် ဖုံးအုပ်ထားပြီး မမြင်ကွယ်ရာနေရာဟူ၍ မရှိရာ၊ မည်သူမျှ မလွတ်မြောက်နိုင်ပေ။

သူ အမိန့်ပေးရုံမျှဖြင့် မီယွင်မြို့ရှိမည်သည့်နေရာတွင်မျှ ပုန်းအောင်းနိုင်မည့်သူ မရှိနိုင်ပေ။

ဤချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူများသည် အချည်းနှီးသော ရုန်းကန်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်ဟု သူယုံကြည်သည်။ သူတို့သည် ခြိမ်းခြောက်မှုမဟုတ်ပေ။

"ယန်ယီ... အဲ့ဒီအမျိုးသမီးကျင့်ကြံသူသုံးယောက်နဲ့အတူ ချီသန့်စင်ခြင်းအဆင့်(၄) အမျိုးသားကျင့်ကြံသူတစ်ယောက်လည်း ရှိတယ်.. သူက သူတို့ရဲ့ အချစ်တော်ကစားစရာလေးတဲ့... သူ့ကိုပါ ခေါ်သွားကြပုံပဲ..."

လုမိသားစု အကြီးအကဲက သတင်းအချို့ ပေးလိုက်သည်။

"စိတ်ဝင်စားစရာပဲ.. သေခါနီးအချိန်မှာတောင် သူတို့ရဲ့ကစားစရာကောင်လေးကို စွန့်မပစ်ရက်ကြဘူးပေါ့... အဲ့ဒီကောင်က ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေလို့လဲ..."

"ငါတို့သူ့ကို ဖမ်းမိတဲ့အခါကျရင် ပြည့်တန်ဆာအိမ်ထဲကို ပစ်ထည့်ပြီးတော့... အဲ့ဒီမြေခွေးမတွေကို သူနဲ့ ကစားခိုင်းပြီး အဲဒီကောင်မတွေကို အရှက်ခွဲပစ်မယ်...”

"ဟီးဟီး... အဲဒီမိန်းမသုံးယောက် ဖြစ်သွားမဲ့ မျက်နှာအမူအရာတွေကို ငါကြည့်ချင်နေပြီ..."

စိတ်ဝင်စားစရာပျော်ရွှင်စရာကောင်းသော တစ်စုံတစ်ခုကို တွေးမိလိုက်သည့်နှယ်၊ သူ့မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ဒါ..."

ဤစကားကို ကြားသောအခါ လုမိသားစုမှ အကြီးအကဲ၏နှုတ်ခမ်းထောင့်မှား တွန့်သွားသည်။ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများသည်သာ လွန်စွာရက်စက်ကြမ်းကြုတ်၍ စိတ်ဖောက်ပြန်နေသူများ ဖြစ်သည်ဟု ယခင်က သူထင်ထားခဲ့သည်။

သို့သော် ယခုမူ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူမှာလည်း သိပ်မထူးခြားတော့ပေ။

သို့သော် သူသည်ကံဆိုးမှုကို အသားလွတ်လက်ယပ်ခေါ်မည့်သူမဟုတ်ရာ၊ အခြားသူများ၏ကိစ္စတွင် အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ရမည်နည်း။

...

ထိုအခိုက်အတန့်တွင် မြေအောက်စခန်းအတွင်း၌။

၂နှစ်တာ တည်ဆောက်ခဲ့ပြီးနောက်၊ မြေအောက် မီတာရာပေါင်းများစွာနက်သော ဂူသည် မြေအောက်နန်းတော်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ညလင်းပုလဲများကို နံရံများတွင် မြှုပ်နှံထားပြီး နေရာတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေသည်။

အပူချိန်ကို ချိန်ညှိနိုင်သော အစီအရင်များကို အသုံးပြုထားရာ၊ အမြဲတမ်း နွေဦးရာသီကဲ့သို့သော ရာသီဥတုနှင့် သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။

မြေအောက်နန်းတော်၏ အမြင့်မှာလည်း အနည်းဆုံး ငါးမီတာ၊ ခြောက်မီတာအထိ မြင့်မားပြီး အထင်ကြီးစရာကောင်းလှရာ၊ လူများအား အလုံပိတ်နေသည်ဟူသော ခံစားချက်ရမည်မဟုတ်ပေ။

စီးဆင်းနေသော ဝိညာဉ်ကြောများကလည်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိကြောင်းကို အာမခံသည်။

ထို့ကြောင့် အားလုံးခြုံငုံကြည့်လျှင်၊ ၎င်းမှာ နေထိုင်ရန်အလွန်သင့်တော်သော နေရာတစ်ခုဖြစ်သည်။

နေရောင်ခြည်မရှိသည့်အတွက် အလွန်အမင်း ကြာမြင့်စွာနေထိုင်မှသာလျှင် မသက်မသာခံစားမှု ရနိုင်ပေမည်။

သို့သော် ဤသည်မှာ ခိုလှုံရာတစ်ခုသာဖြစ်၍၊ အလွန်ကောင်းမွန်သော နေထိုင်မှုအခြေအနေများကို ထည့်သွင်းစဉ်းစားပါက ၎င်းမှာ အတော်ပင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

"အင်မော်တယ်ရှားဂိုဏ်း.. လုမိသားစု... ဒီရန်ငြိုးကို ငါမှတ်ထားမယ်..."

"မင်းတို့ တစ်နေ့ကျ ပြန်ပေးဆပ်စေရမယ်...”

ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းများ ဖြာထွက်နေသည်။

သူ၏ပင်မခန္ဓာကိုယ်က မြေအောက်စခန်းထဲသို့ ဝင်ရောက်ပြီးဖြစ်သော်လည်း၊ သူသည် မီယွင်မြို့တွင် အခြေအနေကို အဆက်မပြတ်စောင့်ကြည့်ရန် ကိုယ်ပွားများစွာကို ချန်ထားခဲ့သည်။

သူ၏ကိုယ်ပွားတစ်ယောက်မှာ အိမ်အတွင်းရှိ သစ်ပင်ကြီးတစ်ပင်တွင် 'ကူပိုးကောင်'တစ်ကောင်အဖြစ် အသွင်ပြောင်းကာ နေထိုင်နေသည်။ ၎င်း၏ဝိညာဉ်အာရုံကို အသုံးပြု၍ ကင်းလှည့်ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည်။

သူသည် သူတို့၏လုပ်ဆောင်ချက်များကို မြင်ခဲ့၊ကြားခဲ့ရပြီး လုမိသားစုမှ ဦးဆောင်သူအကြီးအကဲကို မှတ်မိလိုက်သည်။ ၎င်းမှာ လုမိသားစု၏ရတနာစံအိမ် တာဝန်ခံလုမင်မှလွဲ၍ အခြားသူမဟုတ်ပေ။

ပထမအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်ကို ဝယ်ယူခဲ့စဉ်က၊ သူ့ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူမှာ လုမင်ပင် ဖြစ်သည်။

ထို့အပြင် ယခု၊ သူ့ကိုဖမ်းဆီးရန် အဖွဲ့အား ဦးဆောင်လာသူမှာလည်း ထိုသူပင် ဖြစ်နေရာ အံ့ဩဖွယ်ရာ တိုက်ဆိုင်မှုဟု ဆိုရချေမည်။

လုမင်သည် သူ၏တကယ့်အထောက်အထားကို မသိရှိသော်လည်း၊ ရန်ငြိုးအသစ်နှင့်အဟောင်းအား ပေါင်းကာ သူ့အား ထိုအဘိုးကြီးကို ရှင်းလင်းစွာ အမှတ်ရစေသည်။

သို့သော် သူသည် လက်စားချေရန် အလျင်မလိုပေ။ မည်သို့ပင်ဖြစ်စေ၊ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်းနှစ်ခုစလုံးသည် လက်ရှိတွင် မီယွင်မြို့အတွင်း၌ သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုများ ရှိနေသည်။

သူသာ ယခုချက်ချင်း မဆင်မခြင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါက၊ သူ၏အထောက်အထားကို ဖော်ထုတ်မိသွားနိုင်သည်။ ထို့အပြင် ၎င်းမှာ တစ္ဆေမိစ္ဆာဂိုဏ်းအား ကြီးမားသော အကူအညီအား ပေးလိုက်သည့်နှယ် ဖြစ်သွားပေမည်။

သူသည် မီယွင်မြို့ ကျိုးပေါက်သည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်သည်။ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူများနှင့် လုမိသားစုသည် သံသယဖြစ်ဖွယ်မရှိဘဲ သူတို့၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထိုအခါတွင် သူသည် ရေနစ်သူကို ဝါးကူထိုး၍ လက်စားချေနိုင်ပေမည်။

ယခုတွင်မူ သူသည် သူ၏အချိန်ကို စောင့်ဆိုင်းရပေအုံးမည်။

"ငါ ချီသန့်စင်ခြင်းအဆင့်(၈)ကို ချိုးဖျက်ဝင်ရောက်ခါနီးပြီ.. ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ ဦးစားပေးသင့်တယ်..."

ကျိုးစွေ့ အသက်ပြင်းပြင်းရှူလိုက်သည်။

ရက်အနည်းငယ်အတွင်း ချီသန့်စင်ခြင်းအဆင့်(၈)သို့ တက်လှမ်းနိုင်မည်ဟု သူခံစားလိုက်ရသည်။

သူသည် လက်ရှိတွင် မြေအောက်စခန်းတွင် နေထိုင်နေသည်ဖြစ်ရာ၊ ၎င်းမှာ သူ၏အဆင့်တက်ရန်အတွက် အလွန်ပင်သင့်တော်သော အနှောင့်အယှက်ကင်းသည့်နေရာတစ်ခုဖြစ်သည်။

သူသာ ချီသန့်စင်ခြင်းအဆင့်(၈)ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ခွန်အားမှာ သိသိသာသာ တိုးတက်လာပေလိမ့်မည်။ ထိုအခါ သူသည် အနာဂတ်အန္တရာယ်များကို ကိုင်တွယ်ရန် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားနိုင်မည် ဖြစ်၏။

All Chapters