ချီသန့်စင်ခြင်းအဆင့်(၈)သို့ တက်လှမ်းခြင်း၊ ခွန်အား ကြီးမားစွာတိုးတက်လာခြင်း။
Vol. 7 Ch. 95
ရက်အနည်းငယ်ကြာပြီးနောက်။
မီယွင်မြို့တွင် အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူယန်ယီနှင့် လုမိသားစုမှ အကြီးအကဲလုမင်တို့သည် ကင်းလှည့်အစောင့်အုပ်စုတစ်စုကို ဦးဆောင်ကာ၊ ကျိပင်းယွီနှင့်အခြားသူများ၏ ပုန်းခိုရာနေရာကို ရှာဖွေရန် နေရာတိုင်းတွင် သဲလွန်စများ လိုက်လံရှာဖွေခဲ့ကြသည်။
သူတို့၏ပုန်းခိုရာကို ရှာဖွေရန် သူတို့သည် တစ်အိမ်တက်တစ်အိမ်ဆင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရှာဖွေခဲ့ကြသည်။
သို့သော်ငြား၊ မည်မျှပင် စိတ်အားထက်သန်စွာ ရှာဖွေစေကာမူ ကျိပင်းယွီနှင့် အဖော်များ၏ အရိပ်အယောင်မျှပင် မတွေ့ရှိခဲ့ရပေ။
သူတို့ကို သိကျွမ်းသူများပင်လျှင် ရှားပါးလှ၏။
မည်သို့ပင်ဖြစ်စေ၊ ကျိပင်းယွီနှင့်အခြားသူများသည် အများအားဖြင့် အိမ်တွင်သာ နေထိုင်ကြသည်။ အခြားကျင့်ကြံသူများနှင့် ကြုံတွေ့သည့်အခါတွင်ပင် သူတို့၏ဆက်ဆံရေးမှာ အပေါ်ယံမျှသာဖြစ်ပြီး၊ ရံဖန်ရံခါ ခေါင်းညိတ်နှုတ်ဆက်ရုံမျှသာ သိကျွမ်းကြသည်။
ရင်းနှီးသည်ဟူ၍ပင် ဆိုမရချေ။
အသိမိတ်ဆွေများကို အသုံးပြု၍ ခြိမ်းခြောက်ဖော်ထုတ်လိုလျှင်ပင် ထိုသို့သောအသိအကျွမ်းမျိုးမရှိ၊ ဘဲဥအစရှာမရသည့်နှယ် ဖြစ်နေသည်။
"ချီးတဲ့မှ.. ဒီမိန်းမတွေေ ဘယ်မှာများ သွားပုန်းနေကြတာလဲ... လေထဲမှာပျောက်သွားနိုင်တဲ့အစွမ်းများ ရှိနေရော့သလား....”
"ပြီးတော့ မီယွင်မြို့မှာ ဒီလောက်ကြာအောင် နေခဲ့တာတောင် သူငယ်ချင်းတစ်ယောက်မှ မရှိဘူး.. သူတို့ ဘယ်လိုများ အသက်မွေးဝမ်းကျောင်းလုပ်လဲမသိ... မွေးကတည်းကများ ချမ်းသာလာကြတာလား...”
ယန်ယီသည် လုံးဝပင် စိတ်ပျက်လက်ပျက်ဖြစ်ကာ၊ အသက်ရှူမဝပင် ဖြစ်နေချေသည်။
ယခင်က ကျိပင်းယွီနှင့်အဖော်များသည် မီယွင်မြို့တွင် ပိတ်မိနေမည်ဖြစ်ရာ၊ အဆုံးသတ်တွင် မုချအဖမ်းခံရမည်သာဖြစ်သည်ဟု သူ အခိုင်အမာယုံကြည်ထားခဲ့၏။
သို့သော် ယခုတွင်မူ သူသည် မည်သည့်သဲလွန်စအရိပ်အယောင်ကိုမျှပင် မတွေ့ရချေ။
သူတို့သည် ဒီအတိုင်း မည်သည့်ခြေရာလက်ရာမှမကျန် ပျောက်ကွယ်သွားကြသည်။
သူသာ ကျိပင်းယွီနှင့်အခြားသူများ၏အကြောင်းအား ကြိုတင်သိထားခြင်းမရှိခဲ့ပါက၊ သူမတို့သည် လေထဲမှ ရုတ်တရက်ထွက်ပေါ်လာကြသူများ ဟူ၍ပင် ထင်မှတ်မိပေမည်။
"ရောင်းရင်းယန်ယီ.. ငါတို့ ဒီလိုဆက်ရှာနေလို့တော့ မဖြစ်တော့ဘူး... တစ္ဆေမိစ္ဆာဂိုဏ်းက သူတို့ရဲ့ထိုးစစ်ကို ပိုပြီးအားစိုက်လာပုံရတယ်... မိစ္ဆာကျင့်ကြံသူတွေရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ ငါတို့ မြို့ရိုးဆီကို ပြန်သွားဖို့လိုတယ်..."
လုမိသားစုမှ အကြီးအကဲလုမင်က သတိပေးလိုက်သည်။
ယခုအချိန်သည် မြို့အပြင်ဘက်တွင် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ ချောင်းမြောင်းစောင့်ဆိုင်းနေသောကြောင့် လူရှာဖွေရန် အင်အားဖြုန်းတီးရမည့်အချိန် မဟုတ်ပေ။
အစီအရင် ကျိုးပေါက်သွားသည်နှင့် သူတို့ ပျက်ဆီးခြင်းဆိုက်ရပေလိမ့်မည်။
ထိုအမျိုးသမီးကျင့်ကြံသူအနည်းငယ်အတွက်မူ မပြောပလောက်သော အနှောက်အယှက်တစ်ခုသာဖြစ်၏။ ဤမျှအာရုံစိုက်ရန် မထိုက်တန်ပေ။
"ကောင်းပြီ... ဒီယင်ကောင်လေးတွေက ဒီလောက်ကောင်းကောင်း ပုန်းနေနိုင်မှတော့ လတ်တလော လွတ်ထားပေးလိုက်အုံးမယ်...”
ယန်ယီက မလိုလားစွာဖြင့် အလျှော့ပေးလိုက်သည်။
ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ခဲ့လျှင်ပင် သဲလွန်စတစ်စုံတစ်ရာ ရရှိနိုင်ခြေက နည်းပါးလှချေသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ သူသာ မဆင်မခြင်လုပ်မိပါက မီယွင်မြို့အား ရှုံးနိမ့်သွားစေနိုင်သည်။
ထိုသို့ဖြစ်ခဲ့ပါက၊ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ အပြစ်သားဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် မည်သည့်ရလဒ်မျှမထွက်သော အလုံးအရင်းရှာဖွေမှုအား ယာယီစွန့်လွှတ်လိုက်ရတော့သည်။
မီယွင်မြို့တစ်မြို့လုံးသည် တဖြည်းဖြည်းနှင့် ယခင်တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
မလွတ်မြောက်နိုင်ခဲ့သော တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးကို ကင်းလှည့်အဖွဲ့သို့ စစ်မှုထမ်းခိုင်းခဲ့သည်။ အနာဂတ်တွင် သူတို့ သေမည်၊ရှင်မည်သည်ကား ကံကြမ္မာအပေါ်တွင်သာ မူတည်တော့၏။
...
ထိုအချိန်တွင် မြေအောက်စခန်းရှိ တိတ်ဆိတ်သောအခန်းတစ်ခု၌။
မြေအောက်စခန်းတစ်ခုလုံးကို မရေမတွက်နိုင်သော အခန်းများအဖြစ် ပိုင်းခြားထားသည်။ ဆေးဖော်စပ်ခန်းများ၊ အဆောင်ရေးဆွဲခန်းများ၊ အစီအရင်စီစဉ်ခန်းများ စသည်ဖြင့် ဖြစ်၏။ ကျင့်ကြံသူတိုင်းတွင် သူတို့၏ကိုယ်ပိုင် သီးသန့်အခန်း ရှိသည်။ လက်တွေ့တွင် ကျင့်ကြံသူတစ်ဦးအနေဖြင့် အခြားသူများကိုမနှောင့်ယှက်စေရန် ကျင့်ကြံအားထုတ်ရာ တိတ်ဆိတ်သောနေရာတစ်ခု သေချာပေါက်လိုအပ်ပေသည်။
ဤတိတ်ဆိတ်သောအခန်းသည် ကျိုးစွေ့ ကျင့်ကြံရန်အတွက် ကိုယ်ပိုင်သီးသန့်နေရာဖြစ်၏။
ဘွန်း…
ထိုအခိုက်အတန့်တွင်၊ ကျိုးစွေ့သည် သူ၏စိတ်နှင့်ဝိညာဉ်ကို ရက်အနည်းငယ်ကြာအောင် တည်ငြိမ်စေပြီးနောက် သူ၏အားအင်မှာ အထွတ်အထိပ်သို့ စုစည်းထားခဲ့သည်။ ထို့နောက် သူသည် ဝိညာဉ်အရက်တစ်အိုးကို သောက်သုံးလိုက်သည်။
ချက်ချင်းပင် များပြားလှသော ဝိညာဉ်အရက်များသည် သန့်စင်သော စွမ်းအင်စွမ်းကြောင်းတစ်ခုသို့ ပြောင်းလဲသွားပြီး တစ်ခဏအတွင်း သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူသည် ချက်ချင်းပင် 'ကူနတ်ဘုရားကျင့်စဉ်'ကို လည်ပတ်လိုက်ပြီး၊ ရုတ်တရက် တိုးတက်လာသော စွမ်းအင်ကို ထိန်းချုပ်လိုက်သည်။
အခြေတည်အဆင့်ဝိညာဉ်အာရုံဖြင့် ထိုစွမ်းအင်ကို သူ၏ခန္ဓာကိုယ်၏သွေးကြောများမှတဆင့် လမ်းညွှန်လိုက်ပြီး တစ်ပတ်ပြီးတစ်ပတ် လည်ပတ်စေသည်။
သူ့အတွင်းရှိ အစစ်အမှန်ချီ၏စွမ်းအားသည်လည်း မြင်သာသောနှုန်းဖြင့် ကြီးထွားလာသည်။
သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ များပြားလှသောသဘာဝစိတ်ဝိညာဉ်စွမ်းအင်များက ဒေါသူပုန်ထနေသည့်နှယ် လှိုင်းများထကာ စိတ်ဝိညာဉ်စွမ်းအင်ဝဲဂယက်တစ်ခုကို ဖွဲ့စည်းသွားသည်။
ထိုစိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏စိတ်ဝိညာဉ်အမြစ်ထဲသို့ ဝင်ရောက်သွားပြီး၊ သွေကြောများထဲသို့ နက်ရှိုင်းစွ စိမ့်ဝင်ကာ ပြီးပြည့်စုံသော လည်ပတ်မှုကို ဖြစ်ပေါ်စေသည်။
ဝင်သက်ထွက်သက်တစ်ကြိမ်တိုင်းတွင် ထူးခြားသောစည်းချက်တစ်ခု ထွက်ပေါ်လာတော့၏။
အချိန်က တစ်စတစ်စ ကုန်လွန်သွားသည်။
၆နာရီကြာပြီးနောက်...။
ကျိုးစွေ့၏အတွင်းစွမ်းအင်များသည် ရုတ်တရက် မြင့်တက်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဘန်း….
တစ်ခဏအတွင်းမှာပင်၊ ဝိညာဉ်အရက်ဖြင့် ဖွဲ့စည်းထားသောစွမ်းအင်သည် ရပ်တန့်၍မရနိုင်သော ရေလွှမ်းမိုးမှုတစ်ခုက ရေကာတာအား ဖျက်ဆီးလိုက်သည့်နှယ် အတားအဆီးကို အပြည့်အဝချိုးဖြတ်လိုက်တော့သည်။
ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် ဒီရေများကဲ့သို့ လှိုင်းထလာပြီး သွေးကြောများအတွင်း နက်ရှိုင်းစွာ စီးဆင်းသွားသည်။
ကျောက်ဆောင်များကို လှိုင်းလုံးများက ဒေါသတကြီးရိုက်ခတ်နေသည့်နှယ်၊ ကြောက်မက်ဖွယ်ကောင်းစွာ တစ်ဟုန်ထိုးတိုးတက်လာသည်ံ အစစ်အမှန်ချီ၏လှိုင်းထန်နေမှုအား အသံဖြင့်ပင် ကြားနိုင်ချေသည်။
ချီသန့်စင်ခြင်းအဆင့်(၈)....။
နောက်ဆုံး၌ သူသည်တားအဆီးကို ချိုးဖျက်ပြီး ချီသန့်စင်ခြင်းအဆင့်(၈)နယ်ပယ်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီ၏စွမ်းအားသည် အနည်းဆုံး သုံးပုံတစ်ပုံ တိုးလာခဲ့သည်။
သူ၏အရှိန်အဝါမှာလည်း ပို၍မြင့်တက်လာသည်။ အစစ်အမှန်ချီ၏တွန်းအားကြောင့် ထပ်မံ၍ ကိုယ်အတွင်းရှိ သွေးကြောတစ်ခုဖွင့်လှစ်ခံလိုက်ရသည်။
"ဟားဟား.. သိပ်ကောင်းတယ်... ငါနောက်ဆုံးတော့ ချီသန့်စင်ခြင်းအဆင့်(၈)ကို တက်လှမ်းနိုင်ခဲ့ပြီ...”
ကျိုးစွေ့သည် ဟတ်ဟတ်ပက်ပက်ရယ်မောလိုက်ပြီး အလွန်ပင် ပျော်ရွှင်နေသည်။
၂နှစ်နီးပါး ကြိုးစားကျင့်ကြံပြီးနောက် ဆေးလုံးများ၊ ဝိညာဉ်အရက်များစွာကို အသုံးပြုကာ သူ၏လက်တွဲဖော်များနှင့် နေ့ရောညပါတူနှစ်ဦးကျင့်ကြံခြင်းဖြင့်၊ သူသည် နောက်ဆုံးတွင် ချီသန့်စင်ခြင်းအဆင့်(၇)မှ (၈)သို့ တက်လှမ်းနိုင်ခဲ့သည်။
နောက်ပိုင်းအဆင့်များတွင် ကျင့်ကြံခြင်းသည် အလွန်ပင် နှေးကွေးပြီး ခက်ခဲသည်ဟု ဆိုရပေမည်။
အထူးသဖြင့် သူ၌ သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်သာ ရှိသောကြောင့် သူ၏ကျင့်ကြံမှုအရှိန်မှာ အလွန်ပင် နှေးကွေးသည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် မရေမတွက်နိုင်သောအရင်းအမြစ်များကို သုံးစွဲခဲ့ရသော်လည်း၊ ချီသန့်စင်ခြင်း အဆင့်(၇)မှ အဆင့်(၈)သို့ တက်လှမ်းနိုင်ရန် ၂နှစ်ခန့် အချိန်ယူခဲ့ရသေး၏။
သာမန်ချီသန့်စင်ခြင်းအဆင့်(၇)ကျင့်ကြံသူတစ်ဦးသာ ချိုးဖျက်တက်လှမ်းလိုပါက၊ အနည်းဆုံး ဆယ်နှစ်မှ နှစ်နှစ်ဆယ်ခန့် လိုအပ်ပေလိမ့်မည်။
တစ်ကိုယ်တော်ကျင့်ကြံသူများအကြားတွင် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများ ရှားပါးလှသည်မှာ အံ့ဩစရာမရှိချေ။
ထိုသို့သော ကျင့်ကြံသူများရှိခဲ့လျှင်ပင် သူတို့သည် အများအားဖြင့် အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်တွင် ရှိကြသည်။
သို့သော် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် အသက်ခြောက်ဆယ်ကျော်နေကြပြီဖြစ်ပြီး၊ ၎င်းတို့၏ချီနှင့်သွေးများ လျော့ကျသွားကာ အခြေတည်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်မရှိတော့ပေ။
သူသာ ယခင်ကဲ့သို့ နဝမအဆင့်စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီသာ ရှိနေသေးပါက၊ ချိုးဖျက်တက်လှမ်းရန်မှာ များစွာပို၍ အချိန်ယူရမည်မှာ သံသယဖြစ်စရာမရှိချေ။
"ဂိုဏ်းတွေက အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတွေကို တပည့်အဖြစ် လက်မခံချင်ကြတာ အံ့ဩစရာတော့ မရှိဘူး...”
"အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတွေအတွက် အခြေတည်အဆင့်ကို တက်လှမ်းဖို့က အရမ်းခက်ခဲလွန်းတယ်...”
"အသက်ခြောက်ဆယ်မှာတောင် ချီသန့်စင်ခြင်းအဆင့်(၈)ကို မတက်လှမ်းနိုင်ကြဘူး.. အဆင့်(၉)ဆို ဝေးရောပေါ့..."
"အရင်းအမြစ်ပမာဏအများကြီးနဲ့ဆိုရင်တော့ အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းစေနိုင်တာမှန်ပေမဲ့..."
"ဟူး... ခက်တာက... အလယ်အလတ်အဆင့်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူနှစ်ယောက်.. သုံးယောက်ကို ပျိုးထောင်နိုင်တဲ့ ဒီလောက်များတဲ့ အရင်းအမြစ်တွေကို.. အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ပျိုးထောင်ဖို့ ဘယ်သူကလုပ်မှာလဲ... အရင်းနဲ့အမြတ်က အချိုးမကျဘူးလေ...”
"ဒါပေမဲ့ ကံကောင်းတာက.. 'ချစ်ခြင်းမေတ္တာကူ'ရဲ့ အစွမ်းနဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်ပင်ကိုယ်ပါရမီက တိုးတက်နေတုန်းပဲ..."
"မကြာခင်မှာ ငါ ဆဋ္ဌမအဆင့်စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ.. အလယ်အလတ်စိတ်ဝိညာဉ်အမြစ်ကို ရောက်နိုင်လောက်တယ်..."
ကျိုးစွေ့သည် ထိုဂိုဏ်းများ လည်ပတ်ပုံကို စတင်နားလည်လာသည်။
သူသာ ဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့ပါက၊ သူသည်လည်း အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများကို ငြင်းပယ်ပေလိမ့်မည်။
မှန်ပေသည်၊ မိစ္ဆာဂိုဏ်းများမှာမူ ကွဲပြားသည်။
မိစ္ဆာဂိုဏ်းများသည် သူတို့၏တပည့်များကို မည်သည့်ပျိုးထောင်ခြင်းမျှမပြုဘဲ ကျင့်ကြံခြင်းနည်းစနစ်များကိုသာ ပေးအပ်သည်။
အရင်းအမြစ်များအတွက်မူ သူတို့သည် ၎င်းတို့ဘာသာ တိုက်ခိုက်ခြင်း၊ လုယက်ခြင်းနှင့် သိမ်းပိုက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။
ဤသည်မှာ အဆိပ်ပိုးကောင်များ မွေးမြူနေသကဲ့သို့ပင် ဖြစ်၏။
အဆုံးတွင် အနိုင်ရသူ မည်သူမဆို မိစ္ဆာဂိုဏ်းများ၏ ပင်မတပည့်တစ်ဦး ဖြစ်လာပြီး အထွတ်အထိပ်အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် မည်သည့်ခွဲခြားမှုမျှမရှိဘဲ တပည့်အများပြားကို စုဆောင်းကြသည်။
သို့သော် လမ်းမှန်ဂိုဏ်းများအတွက်မူ တပည့်များအား လေ့ကျင့်ပေးခြင်းမှာ ပို၍နက်နဲပေသည်။
ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ အခြားအရင်းအမြစ်များ ပေးအပ်သည့်အပြင်၊ ထင်ရှားသော ဆရာများ၏ လမ်းညွှန်မှုနှင့်အတူ စေ့စပ်သေချာသောကျင့်ကြံမှုများကို ပြုလုပ်စေ၏။
ဤသို့သော များပြားသောရင်းနှီးမြုပ်နှံမှုများကြောင့် ၎င်းတို့သည် သဘာဝအတိုင်း တပည့်များစွာ စုဆောင်းရန် မတတ်နိုင်ကြတော့ချေ။