လုမိသားစု၏ ကျမ်းစာဆောင်၊ လုမိသားစုထံသို့ ဦးတည်သောဥမင်လိုဏ်ခေါင်း။
Vol. 7 Ch. 97
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့သည်။
ဤတစ်လတာကာလအတွင်း ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် မြေအောက်စခန်းတွင် နေထိုင်ခဲ့ကြသည်။
ဘဝမှာ အလွန်ပင် ငြီးငွေ့ဖွယ်ကောင်းလှသည်။
သူတို့သည် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း၊ တူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့် ကိုယ်ပိုင်ကျင့်ကြံခြင်း၊ မျဉ်းဖြောင့်တစ်ခုအလား သံသရာလည်နေတော့သည်။
နေရောင်ခြည်မရှိခြင်းမှလွဲ၍ သူတို့၏မြေအောက်ဘဝသည် မြေပြင်ပေါ်မှ ဘဝနှင့် ဘာမျှမကွာခြားချေ။
ကျိုးစွေ့နှင့်အခြားသူများကဲ့သို့သော အိမ်တွင်းပုန်းများအတွက်မူ သူတို့သည် ၎င်းနှင့် အတော်ပင် အသားကျနေပြီဖြစ်သည်။
ထိုအစား အခြားသူများ၏ အနှောင့်အယှက်မရှိဘဲ သူတို့သည် အမှန်တကယ်တွင် ပိုမိုသက်တောင့်သက်သာရှိသည်ဟု ခံစားရပြီး ထိုနေရာတွင် ထာဝရ နေထိုင်လိုကြသည်။
"ယောက်ျား.. မီယွင်မြို့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ…"
ကျိပင်းယွီက စူးစမ်းလိုက်သည်။
သူမသည် မီယွင်မြို့ရှိ အခြေအနေကို အခါအားလျော်စွာ စုံစမ်းမေးမြန်းလေ့ရှိသည်။ အကြောင်းမှာ ကျိုးစွေ့တွင် မီယွင်မြို့အနှံ့ နေရာချထားသော ကိုယ်ပွားငါးခုရှိပြီး၊ ထိုနေရာရှိ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသောကြောင့် ဖြစ်၏။
သူတို့သည် မြေအောက်စခန်းတွင် နေထိုင်နေကြသော်လည်း မြို့ထဲတွင် ဖြစ်ပျက်နေသောအရာများကို ကောင်းစွာ သိရှိကြသည်။
"တော်တော်ဆိုးတယ်…"
ကျိုးစွေ့က ကိုယ်ပွားများ ပေးပို့ခဲ့သည့် သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားလိုက်ပြီး ဖြေလိုက်သည်။ "အင်မော်တယ်ရှားဂိုဏ်းနဲ့ လုမိသားစုက ယုတ်မာတဲ့နည်းလမ်းတွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအားလုံးကို အတင်းအကျပ် စစ်မှုထမ်းခိုင်း.. ကင်းလှည့်အဖွဲ့ထဲကို ဝင်ခိုင်းပြီး သူတို့ကို ထိန်းချုပ်ဖို့ အဆိပ်တောင် သုံးခဲ့ပေမဲ့…."
"မီယွင်မြို့ရဲ့ အခြေအနေက ဘာမှ မပြောင်းလဲသေးဘူး… ဘာလို့လဲဆိုတော့ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ တိုက်ခိုက်မှုက တစ်နေ့တစ်ခြား ပိုပိုပြီးတော့ ပြင်းထန်လာနေလို့ပဲ… နေ့တိုင်း အစီအရင်ရဲ့ လည်ပတ်မှုကို ထိန်းသိမ်းထားဖို့ ဝိညာဉ်ကျောက်တုံးအများကြီးကို သုံးစွဲနေရတယ်…"
"မြို့ထဲက ဝိညာဉ်ကျောက်တုံးတွေအားလုံး ကုန်သွားတာနဲ့ မှော်အစီအရင်က သူ့အလိုလို ကျိုးပျက်သွားလိမ့်မယ်… အဲ့ဒီအခါကျရင် လုမိသားစုနဲ့ အင်မော်တယ်ရှားဂိုဏ်းက အခြေအနေကို ထိန်းချုပ်ဖို့ကြိုးစားလဲ အလကားပဲ…”
ဒုတိယအဆင့် အစီအရင်သည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်စေ၊ ၎င်းကို အားဖြည့်ရန် ဝိညာဉ်ကျောက်တုံးများမရှိဘဲ လည်ပတ်နိုင်မည်မဟုတ်ပေ။
မြေအောက်တွင် အရန်စွမ်းအင်ရင်းမြစ်များအဖြစ် ဝိညာဉ်ကြောများရှိနေလျှင်ပင် ဝိညာဉ်ကြောများရှိ ဝိညာဉ်စွမ်းအင်မှာ အကန့်အသတ်မဲ့မဟုတ်ချေ။
ကုန်ဆုံးမှုက ပြန်လည်ဖြည့်တင်းမှုကို ကျော်လွန်သွားသည့်အခါ၌ အစီအရင်ပြိုလဲသွားရပေမည်။
တစ္ဆေမိစ္ဆာဂိုဏ်းသည်လည်း ဤအချက်ကို ကောင်းစွာသိရှိပြီး၊ သူတို့သည် နေ့ရောညပါ မနားမနေ တိုက်ခိုက်နေကြသည်။
မြို့၏ ကင်းလှည့်အဖွဲ့သည် ယခုအခါ အဆိုင်းသုံးဆိုင်းခွဲကာ အလုပ်လုပ်နေသည်။ ကျင့်ကြံသူများစွာသည် အစီအရင်၏ဗဟိုချက်များတွင် တပ်စွဲထားပြီး၊ ဖြစ်ပေါ်လာနိုင်သည့် မတော်တဆများကို စိုးရိမ်သောကြောင့် ၎င်း၏လည်ပတ်မှုကို ထိန်းသိမ်းနေကြသည်။
"ဒီလိုဆိုရင်တော့ မီယွင်မြို့က သေချာပေါက် ပျက်သုဉ်းရမှာပဲ… အစီအရင် ကျိုးပေါက်သွားတာနဲ့ ပြေးစရာမြေမရှိတော့ဘူး…”
"လုမိသားစုက နှစ် ၂၀၀တိုင်အောင် အခြေတည်အုတ်မြစ်ကို တည်ထောင်ခဲ့ပြီး.. မီယွင်မြို့ကို ထိန်းချုပ်ထားတဲ့မိသားစုဆိုတော့ အရမ်းချမ်းသာတယ်လို့ ငါကြားဖူးတယ်…”
"မီယွင်မြို့သာ ကျဆုံးသွားရင်.. ငါတို့က အခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့… လုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်နိုင်လောက်တယ်…"
ရှားကျင်းယန်၏ မျက်လုံးများတွင် လိမ္မာပါးနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူမသည် လုမိသားစု၏ မောက်မာမှုနှင့်ရက်စက်ကြမ်းကြုတ်မှုကို ကောင်းစွာ မှတ်မိနေသည်။ သူတို့သာ လျင်မြန်စွာ မလွတ်မြောက်ခဲ့ဘဲ မြေအောက်စခန်းကို ကြိုတင်မတည်ဆောက်ခဲ့ပါက၊ သူတို့၏အသက်မှာ လုမိသားစုနှင့် အင်မော်တယ်ရှားဂိုဏ်း၏ လက်ထဲတွင် ရှိနေနိုင်ပေသည်။
သဘာဝအတိုင်း ထိုသို့သောရန်သူ၏ကံဆိုးမှုကို အခွင့်ကောင်းယူချင်ပေသည်။
"မီယွင်မြို့ ကျဆုံးတဲ့အထိ ဘာလို့စောင့်နေမှာလဲ… ငါတို့ လုမိသားစုရဲ့ ဘဏ္ဍာတိုက်ကို အခုကတည်းက ခိုးယူလို့ရတယ်လေ…”
မုဇီယန်က မျက်တောင်ခတ်လိုက်ပြီး "သခင်လေးမှာ ဥမင်တူးနိုင်တဲ့စွမ်းရည် မရှိဘူးလား… ရှင် လုအိမ်တော်အနီးနားအထိ အလွယ်တကူတူးလို့ရတာပဲ… ပြီးရင် ငါတို့က သူတို့ရဲ့မြေအောက်ဘဏ္ဍာတိုက်ကို ဖောက်ထွင်းပြီးတော့ သူတို့ရဲ့ရတနာတွေကို တိတ်တဆိတ် ခိုးယူလို့ရတယ်လေ…"
သူမ၏အကြံကို ပြောပြလိုက်သည်။
"မဆိုးဘူး.. သိပ်ကောင်းတဲ့အကြံပဲ…”
ကျိုးစွေ့၏မျက်လုံးများ တောက်ပသွားသည်။ ၎င်းအကြံမှာ အလွန်ပင်ကောင်းမွန်သည်အား ဝန်ခံရပေမည်။
သူတို့သာ မီယွင်မြို့ ကျဆုံးသည်အထိ စောင့်ဆိုင်းခဲ့ပါက၊ လုမိသားစုသည် သူတို့၏ဘဏ္ဍာတိုက်ကို ရွှေ့ပြောင်းပြီးဖြစ်ပေလိမ့်မည်။
ထိုအခါတွင် သူတို့ ဘဏ္ဍာတိုက်သို့ ရောက်ရှိနိုင်ခဲ့လျှင်ပင် အလွန်နောက်ကျသွားပြီဖြစ်၏။
ထို့အပြင် သူသည် လုမိသားစု၏ ဘဏ္ဍာတိုက်ကို အချိန်အတော်ကြာကတည်းက လိုချင်တပ်မက်နေခဲ့သည်။
အထူးသဖြင့် သူရရှိရန် စိတ်ပိုင်းဖြတ်ထားသော ဒုတိယအဆင့်ဆေးဖော်စပ်ပညာရှင်၏ အမွေအနှစ်ပင် ဖြစ်သည်။
ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ အမွေအနှစ်မရှိဘဲ၊ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာရန် အချိန်မည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။
မုဇီယန်၊ ရှားကျင်းယန်နှင့် ကျိပင်းယွီတို့သည် နှစ်ပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ခဲ့ကြပြီးနောက်၊ ချီသန့်စင်ခြင်းအဆင့်(၉)အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီဖြစ်ရာ အခြေတည်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။
သူတို့ အခြေတည်အုတ်မြစ်ကို မတည်ထောင်ရသေးသည့် အကြောင်းရင်းမှာ အောင်မြင်နိုင်ခြေမှာ ၅၀% သာရှိသောကြောင့် ဖြစ်သည်။
သူတို့အားလုံး အခြေတည်ဆေးလုံးကို စောင့်ဆိုင်းနေကြသည်။
ဤသည်မှာလည်း ချီကျင့်ကြံခြင်း အထွတ်အထိပ်ရှိ ကျင့်ကြံသူများအကြားတွင် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်၏။ သူတို့သည် အများအားဖြင့် အခြေတည်ဆေးလုံးကို စောင့်ဆိုင်းရင်း အချိန်များစွာ ကုန်ဆုံးလေ့ရှိကြသည်။
သို့မဟုတ်လျှင် သူတို့၏ အခြေတည်အုတ်မြစ်တည်ထောင်မှု ကျရှုံးခဲ့ပါက အလုံးစုံပျက်သုဉ်းခြင်းပင်ဖြစ်သည်။
အလျင်စလိုလုပ်ရန် မလိုအပ်ပေ။
"ဟုတ်တယ်… ငါလုမိသားစုကျင့်ကြံသူတွေရဲ့ မှတ်ဉာဏ်ကို ရဖူးတာပဲ…"
ထိုအခိုက်တွင် ကျိုးစွေ့သည် သူ၏ယခင်အတွေ့အကြုံများကို ပြန်လည်အမှတ်ရလိုက်သည်။ သူသည် ယခင်က လုမိသားစုကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ပြီး၊ 'အိပ်မက်ဝိညာဉ်ကူ'ကို အသုံးပြု၍ သူတို့၏မှတ်ဉာဏ်များကို စုံစမ်းကာ သတင်းအချက်အလက်များစွာကို ရရှိခဲ့သည်။
၎င်းတို့ထဲတွင် လုမိသားစု၏ ဘဏ္ဍာတိုက်နှင့်ပတ်သက်သော သတင်းအချက်အလက်များ ပါဝင်သည်။
ထိုလုမိသားစု ကျင့်ကြံသူများ၏ မှတ်ဉာဏ်အရ လုအိမ်တော်တွင် လွန်ခဲ့သောနှစ်နှစ်ရာအတွင်း လုမိသားစုက စုဆောင်းခဲ့သော ကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးနှင့် လျှို့ဝှက်ပညာရပ်များကို ထိန်းသိမ်းထားသော ကျမ်းစာဆောင်တစ်ခု ရှိသည်။
ထိုအမွေအနှစ်များသည် ဂိုဏ်းငယ်တစ်ခုထက် မနိမ့်ကျပေ။
"ဆေးလုံးတွေ.. စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ လက်နက်တွေ အများကြီး သိမ်းထားတဲ့နေရာဆိုရင်တော့.. သေချာပေါက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားမှာပဲ…"
"တိတ်တဆိတ်ခိုးဝင်ဖို့ ခက်လိမ့်မယ်…”
"ဒါပေမဲ့ ကျမ်းစာဆောင်ဆိုရင်တော့.. ခိုးဝင်ဖို့ ပိုလွယ်လောက်မယ်…”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဝန်ခံရလျှင်၊ သူသည် လုမိသားစုစုဆောင်းထားသော လျှို့ဝှက်ကျမ်းများကို စိတ်ဝင်စားသည်။
ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်၏အမွေအနှစ်သာမက၊ သူမသိသေးသော လျှို့ဝှက်ကျမ်းများကိုလည်း 'စာအုပ်ကူ'အား စားသုံးရန်ပေးနိုင်သည်။ ၎င်းမှာ 'စာအုပ်ကူ'၏ စွမ်းအားကို မြှင့်တင်ပေးပေလိမ့်မည်။
၎င်းသည် သူနားလည်သဘောပေါက်ရန် အချိန်ကိုပင်အရှိန်မြှင့်ပေးနိုင်သည်။ ဤသည်မှာ ခဲတစ်လုံးဖြင့် ငှက်များစွာကို သတ်ခြင်းပင် ဖြစ်သည်။
…
ရက်အနည်းငယ်ကြာပြီးနောက်။
'ရွှေစားကူ'၏ စွမ်းအားဖြင့် ကျိုးစွေ့သည် မြေအောက်စခန်းမှ လုအိမ်တော်သို့ ဥမင်လိုဏ်ခေါင်းတစ်ခုကို တူးဖော်ခဲ့သည်။
ထို့နောက်တွင်၊ ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက် လုအိမ်တော်ရှိ ကျမ်းစာဆောင်၏ တိကျသောနေရာကို သူဖော်ထုတ်နိုင်ခဲ့သည်။
မြေအောက်ဥမင်လိုဏ်ခေါင်းသည် ကျမ်းစာဆောင်၏ အောက်တည့်တည့်သို့ပင် ဦးတည်နေသည်။
လုမိသားစုကျင့်ကြံသူများ သူတို့၏ဦးနှောက်ကို ညှစ်ထုတ်လျှင်ပင်၊ သူတို့၏မျက်စိအောက်တည့်တည့်တွင် ဥမင်လိုဏ်ခေါင်းတစ်ခုပေါ်လာလိမ့်မည်ဟု ဘယ်တော့မှ တွေးမိမည်မဟုတ်ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ… ဒါက လုမိသားစုရဲ့ ကျမ်းစာဆောင်လေးပဲဆိုပေမဲ့… ချီသန့်စင်ခြင်းအဆင့်(၉)ကျင့်ကြံသူအများကြီး အစောင့်ချထားတာပဲ…”
"ပြီးတော့ ကျမ်းစာဆောင်ကို တားမြစ်အစီအရင်တစ်ခုနဲ့လည်း ကာကွယ်ထားတယ်… အကယ်လို့ အဲ့ဒါသာအသက်ဝင်သွားရင် လုမိသားစုတစ်ခုလုံးကို သေချာပေါက် အသိပေးလိမ့်မယ်…"
"အရေးကြီးဆုံးက လုမိသားစုရဲ့ အခြေတည်အဆင့်ဘိုးဘေးက မသေသေးဘူး… ငါတို့ သေချာပေါက် မဆင်မခြင်လုပ်လို့ မဖြစ်ဘူး…”
ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။
သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် လုမိသားစုကျင့်ကြံသူများစွာ၏ အခြေအနေများကို သူအာရုံခံနိုင်သည်။
လုအိမ်တော်၏ အတွင်းပိုင်းခြံဝင်းတစ်ခုတွင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး နေထိုင်သည့်အရိပ်အယောင်ကိုလည်း သူအာရုံခံမိသည်။
၎င်း၏အရှိန်အဝါသည် အားနည်းပြီးသေခါနီးဖြစ်နေပုံရသော်လည်း ထိုကျင့်ကြံသူမှာမူ ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိသည့် အခြေတည်အဆင့်ကျင့်ကြံသူဖြစ်နေသေး၏။
၎င်းသည် ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
ကျားတစ်ကောင် သေခါနီးလေလေ၊ သူ၏တိုက်ခိုက်မှုမှာ ပို၍ကြမ်းတမ်းလေလေဖြစ်သည်။
အနည်းငယ်ပေါ့ဆမှုတစ်ခုတည်းက ကျား၏လက်သည်းအောက်တွင် သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်။
"ငါတို့ အလျင်စလိုလုပ်လို့မဖြစ်သေးဘူး… တစ္ဆေမိစ္ဆာဂိုဏ်း ဝင်လာတဲ့အထိ စောင့်ကြစို့…"
"အစီအရင် ကျိုးပေါက်သွားတာနဲ့.. ငါတို့ လုအိမ်တော်ကိုဝင်ပြီး သူတို့ရဲ့ရတနာတွေကို လုယက်လို့ရပြီ…"
"ဒီနေရာမှာ စိတ်ရှည်သည်းခံဖို့ လိုအပ်တယ်။"
"စိတ်ရှည်သည်းခံခြင်းက ကျင့်ကြံခြင်းမှာ အကောင်းဆုံး အရည်အချင်းပဲ…"
ဤသို့စဉ်းစားလိုက်သည်နှင့် ကျိုးစွေ့ ချက်ချင်းပင် တည်ငြိမ်သွားသည်။
သူ့အတွက်မူ ဤကိစ္စ၏ အောင်မြင်မှု၊ ကျရှုံးမှုမှာ ထိုမျှ အရေးမကြီးပေ။
လုံးဝမဖြစ်နိုင်သည့်အခြေအနေဖြစ်ပါက၊ သူသည် ၎င်းကို အတင်းအကျပ်ပြုလုပ်မည်မဟုတ်ပေ။
အခြေအနေအရ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရသည်ကိုသာ သူပိုနှစ်ခြိုက်လေသည်။
"ဟမ်… ဒီလုမိသားစုအကြီးအကဲတွေ ဘာလုပ်နေကြတာလဲ…”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ ဝိညာဉ်အာရုံသည် မြေပြင်ပေါ်ရှ်လုအိမ်တော်တွင် အစည်းအဝေးတစ်ခု ကျင်းပနေသော လုမိသားစုအကြီးအကဲများစွာကို ထောက်လှမ်းမိလိုက်သည်။ သူ၏ ဝိညာဉ်အာရုံဖြင့် တိတ်တဆိတ်ချဉ်းကပ်သွားပြီး အတွင်းမှအသံများကို အာရုံခံလိုက်တော့၏။