← Chapters

သေဆုံးတော့မည့် လုမိသားစုဘိုးဘေး၊ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူခြင်း။

Vol. 7 Ch. 98

သေဆုံးတော့မည့် လုမိသားစုဘိုးဘေး၊ ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူခြင်း။

Vol. 7 Ch. 98

ထိုအခိုက်အတန့်တွင် လုမိသားစု၏ အိမ်တော်ကြီးအတွင်း၌၊ လုမိသားစု၏အကြီးအကဲများစွာ စုရုံးရောက်ရှိနေကြပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"အခြေအနေ... ဘိုးဘေး ဘယ်လိုနေလဲ...”

အကြီးအကဲတစ်ဦးက မေးလိုက်သည်။

"ဘိုးဘေးက နောက်ထပ် သုံးလပဲ တောင့်ခံထားနိုင်တော့တယ်... တကယ်တော့ ငါတို့သာမရှိရင် အစောကြီးကတည်းက ဆုံးပါးသွားလောက်ပြီ... ဒီလောက်ကြာအောင် တောင့်ခံထားနိုင်မှာတောင် မဟုတ်ဘူး...."

"ဒါပေမဲ့ ဒီလိုဆိုရင်တောင်... အခု သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိသွားပြီ..."

"သက်တမ်းက ကုန်ဆုံးသွားပြီ... ဒါက ကောင်းကင်ရဲ့အလိုပဲ... ငါတို့လူသားတွေ လွန်ဆန်နိုင်တဲ့အရာ မဟုတ်ဘူး..."

အခြား စီနီယာအကြီးအကဲတစ်ဦးဖြစ်သူ လုဟယ်က ကူကယ်ရာမဲ့ပြောလိုက်သည်။

သူသည် မိသားစုဘိုးဘေးအား ဆက်လက်အသက်ရှင်စေလိုသော်လည်း၊ ကံမကောင်းသည်မှာ ၎င်းသည် ကောင်းကင်ဘုံ၏သတ်မှတ်ချက်ပင် ဖြစ်၏။

"ဂိုဏ်းသခင်ငယ်ကရော ဘာပြောလဲ... အင်မော်တယ်ရှားဂိုဏ်းက တပ်ကူတွေ ဘယ်တော့ရောက်မှာတဲ့လဲ..."

ဆံပင်ဖြူအကြီးအကဲတစ်ဦးက မေးလိုက်သည်။

"ဂိုဏ်းသခင်ငယ်က ပင်မဂိုဏ်းရဲ့ အကူအညီက လမ်းမှာရောက်နေပြီ... ငါတို့ကို ခဏလောက် ထပ်ပြီးတောင့်ခံထားဖို့ ပြောတယ်..." အကြီးအကဲ လုမင်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

"ပေါက်ကရတွေ..."

ဆံပင်ဖြူအကြီးအကဲက ဒေါသတကြီးကျိန်ဆဲလိုက်သည်။

"နှစ်နှစ်ကျော်နေပြီ.. ပင်မဂိုဏ်းရဲ့အကူအညီ ရောက်တော့မယ်လို့သာ ပြောတယ်... ဒါပေမဲ့ အခုချိန်ထိ ဘာအရိပ်အယောင်မှ မမြင်ရသေးဘူး... ချီးတဲ့မှ.. နှစ်နှစ်ကနေ လေးနှစ်ဖြစ်တော့မယ်... ဟမ့်.. တစ်လောကလုံး ပျက်စီးသွားတဲ့အထိ ဘယ်သူမှ ရောက်မလာမှာကိုတောင် ငါ မြင်ယောင်မိနေသေးတယ်...”

"အင်မော်တယ်ရှားဂိုဏ်းက ဒီမိန်းမကိုရော ငါတို့မီယွင်မြို့ကိုပါ စွန့်ပစ်လိုက်ပြီလို့ ငါသံသယရှိတယ်... မဟုတ်ရင် အခုချိန်လောက်ဆို အင်မော်တယ်ရှားဂိုဏ်းကကျင့်ကြံသူတွေ ဒီကို ရောက်နေလောက်ရောပေါ့...”

သူသည် ဒေါသတကြီးဖြစ်နေသည်။

လွန်ခဲ့သော၂နှစ်ကျော်က လုမိသားစုသည် အင်မော်တယ်ရှားဂိုဏ်းမှ ရွှေအမြုတေဆရာသခင်တစ်ဦး လှုပ်ရှားကာ၊ မကောင်းဆိုးဝါးများကို သုတ်သင်ရှင်းလင်းလိမ့်မည်ဟူသော ဂိုဏ်းသခင်ငယ်လန်ယွဲ့ရှီ၏ လိမ်လည်စကားများကို ယုံကြည်ခဲ့သည်။

သို့သော် အင်မော်တယ်ရှားဂိုဏ်း ရွှေအမြုတေဆရာသခင်၏မည်သည့်အရိပ်အယောင်မျှပင် ထွက်ပေါ်လာခြင်းရှိမည်မဟုတ်ဟု မည်သူထင်ထားမည်နည်း။

ယခုအချိန်အထိ မီယွင်မြို့သည် တစ္ဆေမိစ္ဆာဂိုဏ်း၏ ကြီးမားသောတပ်ကို အသည်းအသန် ခုခံကာ တစ်ကိုယ်တောင် တိုက်ပွဲဝင်နေဆဲဖြစ်သည်။

"စီနီယာအကြီးအကဲ.. ကျွန်တော်တစ်ခါ အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူတစ်ယောက်ဆီက ကြားဖူးတာကတော့... လန်ယွဲ့ရှီက တစ္ဆေမိစ္ဆာဂိုဏ်းမိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ အဆိပ်မိပြီးတော့.. သူ့ရဲ့အခြေခံအုတ်မြစ်ပျက်စီးသွားလို့ ရွှေအမြုတေအဆင့်ကိုတက်လှမ်းဖို့ လုံးဝမဖြစ်နိုင်သလောက်ပဲတဲ့..."

"ဒီသတင်းကြောင့်ပဲ အင်မော်တယ်ရှားဂိုဏ်းက မီယွင်မြို့ကို စွန့်ပစ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်..."

"ဘယ်လိုပဲဖြစ်ဖြစ်.. မျှော်လင့်ချက်မရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ဖို့အတွက်နဲ့ တစ္ဆေမိစ္ဆာဂိုဏ်းနဲ့ရင်ဆိုင်ဖို့ တပ်တစ်တပ် စေလွှတ်ပေးဖို့ဆိုတာက..."

"အဲ့ဒီလူက ဂိုဏ်းချုပ်ရဲ့ သမီးအရင်းဖြစ်နေရင်တောင်.. ဒါက အကျိုးထက် အပြစ်က ပိုများတဲ့ကိစ္စပဲလေ..”

"သူတို့သာ ကျရှုံးခဲ့ရင် အင်မော်တယ်ရှားဂိုဏ်းရဲ့ မျိုးရိုးက ပျက်သုဉ်းသွားရလိမ့်မယ်..."

အကြီးအကဲလုမင်က လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖော်ထုတ်နေသကဲ့သို့ သူစုဆောင်းခဲ့သည့် သတင်းအချက်အလက်များကို ပြန်လည်ပြောကြားလိုက်သည်။

"ချီးတဲ့မှ... ဒီလောက်အရေးကြီးတဲ့သတင်းကို ဘာလို့ အစောကြီးကတည်းကမပြောဘဲ... အခုမှ ပြောရသလားကွ...”

ထိုစကားကိုကြားသောအခါ၊ လုမိသားစုအကြီးအကဲများစွာ၏ မျက်နှာများမှာ သိသိသာသာ ပျက်သွားကြသည်။ သူတို့သည် လန်ယွဲ့ရှီနှင့် ပတ်သက်၍ ဤသို့သော အပြောင်းအလဲများအား မျှော်လင့်မထားကြချေ။

သူမသည် ပြီးပြည့်စုံသောအခြေခံအုတ်မြစ်ရှိသည့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း၊ သူမ၏ခြိမ်းခြောက်မှုမှာ သူတို့ထင်သလောက် ကြီးမားပုံမရပေ။

ထိုအမျိုးသမီးသည် မီယွင်မြို့၏အရေးအား အနည်းငယ်မျှဂရုမစိုက်ဘဲ၊ သီးသန့်ကျင့်ကြံနေခဲ့သည်မှာ ၂နှစ်ပင် ကျော်နေပြီဖြစ်သည်။

သူတို့သည် ယခင်က သူမသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေသည်ဟု ထင်ခဲ့သော်လည်း၊ ယခုတွင်မူ သူမသည်အဆိပ်ဖြေရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

"စီနီယာအကြီးအကဲ... ဒီသတင်းအချက်အလက်က ပါးစပ်စကားပဲဆိုတော့... ကျွန်တော်လည်း သေချာပေါက်တော့ အာမ မခံရဲဘူးလေ..."

"ထိတ်လန့်မှုတွေ ဖြစ်ပေါ်မှာစိုးလို့ အခုမှသာ ကျွန်တော် ထုတ်ဖော်ရဲတာပါ...”

"ပြီးတော့.. တစ္ဆေမိစ္ဆာဂိုဏ်းကလည်း အကျင့်ကကောင်းတာမဟုတ်ဘူး... မိစ္ဆာကျင့်ကြံသူတွေက ကတိကို လွယ်လွယ် ဖောက်ဖျက်တတ်ကြတယ်ဆိုတာ လူတိုင်းအသိပဲလေ..."

"မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ ကတိစကားကို ယုံကြည်တဲ့ဘယ်သူမဆို သေလမ်းကို ရှာတာပဲ..."

အကြီးအကဲလုမင်မှာ အမှားလုပ်မိသည်ဟု ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် ဤသတင်းအချက်အလက်မှာ အမှန်မဟုတ်နိုင်ဟု ယူဆခဲ့ပြီး၊ ၎င်းကို ထူးဆန်းသောကောလဟလတစ်ခုဟုသာ သတ်မှတ်ခဲ့သည်။

၎င်းမှာ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

“ထားလိုက်တော့.. လုမင်က တမင်တကာ လုပ်ခဲ့တာမဟုတ်ဘူး... အခု ငါတို့လုမိသားစုအတွက် သေရေးရှင်ရေး အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ... ငါတို့ ရန်ဖြစ်နေလို့မဖြစ်ဘူး... အရေးကြီးဆုံးက အခု လုမိသားစုရဲ့ အမွေအနှစ်ကို ဘယ်လိုထိန်းသိမ်းကြမလဲပဲ...”

စီနီယာအကြီးအကဲ လုဟယ်က လေးနက်စွာ ပြောလိုက်သည်။

"ကံကောင်းစွာနဲ့ပဲ ငါတို့လုမိသားစုရဲ့ ပင်မမျိုးဆက်တွေနဲ့ ထိပ်တန်းအဆင့် အခြေတည်ဆေးလုံးတစ်လုံးကို ပို့ဆောင်ပြီးသွားပြီ... ငါတို့သေရင်တောင် လုမိသားစုက အနာဂတ်မှာ ပြန်လည်ထူထောင်နိုင်မယ့် အခွင့်အရေးရှိနေဦးမှာပဲ..."

လုမိသားစု အကြီးအကဲတစ်ဦးက စိတ်သက်သာရာရစွာဖြင့် ဆိုသည်။

လုမိသားစု၏အပြီးတိုင်ပျက်စီးခြင်းကို ရှောင်ရှားရန် ထိပ်တန်းအဆင့်အခြေတည်ဆေးလုံးတစ်လုံးကို လေလံတင်ရယူပြီးသည့်နောက်။ သူတို့သည် လုမိသားစု၏အခြေတည်အဆင့်သွေးမျိုးဆက်များထံ တိတ်တဆိတ် ပို့ဆောင်ခဲ့သည်။

ဤနည်းအားဖြင့် မီယွင်မြို့ရှိ လုမိသားစု ပျက်စီးသွားလျှင်ပင်၊ အခြားနေရာများရှိ လုမိသားစုမှာမူ ပြန်လည်ထူထောင်နိုင်သေးသည်။

"အကြီးအကဲတို့... ဒီလိုဆိုရင်တောင် ကျွန်တော် မသေချင်သေးဘူး...”

အကြီးအကဲ လုမင်က ညှိုးငယ်စွာပြောလိုက်သည်။

ယခင်အစီအစဉ်အရဆိုလျှင် အပြင်ဘက်တွင် လုမိသားစု၏ တပည့်များ ရှိနေသေးသောကြောင့် လုမိသားစုမှာ လုံးဝ ပျက်စီးသွားမည်မဟုတ်ပေ။ ပြဿနာမှာ သူတို့သည် သေဆုံးရန် ကံကြမ္မာပါနေခြင်းပင်ဖြစ်သည်။

အသက်ရှင်ရန်အခွင့်အရေးရှိသေးပါက မည်သူက သေခြင်းတရားကို ရွေးချယ်မည်နည်း။

အခြားအကြီးအကဲများအားလုံး တိတ်ဆိတ်သွားကြပြီး တူညီသော အတွေးများ ရှိနေကြသည်။

"တကယ်တော့ ဘိုးဘေးနဲ့ ငါစကားပြောပြီးပြီ... အင်မော်တယ်ရှားဂိုဏ်းကို အားကိုးမရနိုင်မှတော့ ငါတို့ကိုယ်ငါတို့ပဲ အားကိုးရတော့မယ်..."

စီနီယာအကြီးအကဲ လုဟယ်က လေးနက်စွာပြောသည်။ "ဘိုးဘေးက အသက်ရှင်ဖို့ သုံးလပဲကျန်တော့ပေမဲ့.. သူ့မှာ နောက်ဆုံးထွက်သက် ရှိနေသေးပြီး နောက်ဆုံးတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်သေးတယ်..."

"ဒီတိုက်ခိုက်မှုမှာ သူက တစ္ဆေမိစ္ဆာဂိုဏ်းအခြေတည်အဆင့်ကျင့်ကြံသူအများအပြားကို သူနဲ့အတူ မျှားခေါ်သွားလိမ့်မယ်... အဲ့ဒီအခါကျရင် ငါတို့လုမိသားစုရဲ့ တပည့်တွေက မီယွင်မြို့ကနေ ထွက်ပြေးဖို့ အခွင့်အရေးကိုအရယူပြီး တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ဝန်းရံမှုကို ချိုးဖျက်နိုင်လိမ့်မယ်..."

ဘာရယ်...။

ထိုစကားကို ကြားသောအခါ အကြီးအကဲများအားလုံး အလွန်ပင် စိတ်အားတက်သွားကြသည်။ ဘိုးဘေးကိုယ်တိုင် အရေးယူဆောင်ရွက်မည်ဆိုလျှင် သူ၏ဦးဆောင်မှုအောက်တွင် အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခု ရနိုင်သေးသည်။

သို့သော် ထိုတိုက်ပွဲအပြီးတွင် ဘိုးဘေးသည် သံသယဖြစ်ဖွယ်မရှိဘဲ သေဆုံးသွားပေလိမ့်မည်။

သို့သော် သေချာစဉ်းစားကြည့်ပါက၊ ဤသို့သောဖြစ်ရပ်မရှိလျှင်ပင် ဘိုးဘေးသည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၏။

သူ၏ဘဝနောက်ဆုံးချိန်တွင် တောက်ပသောအလင်းရောင်ဖြင့် ပေါက်ကွဲထွက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။ ဤသည်မှာလည်း လုမိသားစုဘိုးဘေး လုဟုန်ရန်၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

"ကောင်းပြီ.. လောလောဆယ်တော့ အစီအစဉ်က ဒါပဲ..."

စီနီယာအကြီးအကဲ လုဟယ်က ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ အကြီးအကဲအဖွဲ့ဝင်တွေပဲ ဒီအကြောင်းကို သိထားရမယ်... ရန်သူကို သတိပေးမိနိုင်တဲ့ ဘယ်ဖြစ်နိုင်ခြေကိုမဆို ရှောင်ရှားဖို့ တခြားဘယ်သူ့ကိုမှ မသိစေနဲ့... မီယွင်မြို့မှာ မိစ္ဆာကျင့်ကြံသူ သူလျှိုတွေ အများကြီး ရှိတယ်... ဒီအစီအစဉ်သာ ဒီမိစ္ဆာကျင့်ကြံသူတွေဆီ ရောက်သွားခဲ့ရင်... ငါတို့ လုမိသားစုအတွက် တစ်ခုတည်းသော ရှင်သန်ရေးလမ်းစ ပျောက်ကွယ်သွားလိမ့်မယ်... လူတိုင်း သတိထားကြ..."

"ကောင်းပါပြီ... စီနီယာအကြီးအကဲ..."

လုမိသားစု အကြီးအကဲများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျိုးစွေ့သည်လည်း ဤအစည်းအဝေး၏ အကြောင်းအရာကို သိလိုက်ရသည်။

ဤအကြီးအကဲများသည် အလွန်သတိကြီးကြသော်လည်း အမှောင်ထဲမှ တစ်စုံတစ်ယောက်က သူတို့၏စကားဝိုင်းကို ကြားသိသွားသည်ကိုမူ သူတို့ မသိခဲ့ကြပေ။

"လုမိသားစုဘိုးဘေးက သေတော့မှာလား..."

"ပြီးတော့ သူတို့က ထွက်ပြေးဖို့ ကြံနေကြတာလား..."

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်ကာ အလွန်အံ့အားသင့်သွားသည်။ လက်ရှိအခြေအနေအရဆိုလျှင် နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် တောင့်ခံထားခြင်းမှာ ပြဿနာမဖြစ်သင့်ပေ။

သူသည် မူလက အချိန်အတော်ကြာအောင် လျှို့ဝှက်စွာ နေထိုင်ရမည်ဟု ထင်ခဲ့သည်။

သို့သော် ယခုမူ သူသည် လုမိသားစု၏ အင်အားကို အလွန်အကျွံ အထင်ကြီးခဲ့ပုံရသည်။

လုမိသားစုဘိုးဘေးသာ အသက်ရှင်နေသေးပါက သူတို့ တောင့်ခံထားနိုင်ပေလိမ့်မည်။

သို့သော် လုမိသားစု၏ အခြေတည်အဆင့်ဘိုးဘေး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ခုခံမှုကို ဆက်လက်လုပ်ဆောင်ရန်မှာ သေချာပေါက် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ဝန်းရံမှုမှ လွတ်မြောက်ရန် ဘိုးဘေး၏နောက်ဆုံးလက်ကျန်အင်အားကို အသုံးချခြင်းက ပို၍ကောင်းပေလိမ့်မည်။

ဤနည်းအားဖြင့် လုမိသားစု၏ တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်ပြီး အပြီးတိုင်ပျက်သုဉ်းခြင်းမှ ကာကွယ်နိုင်သည်။

"ဒီလိုဆိုရင်တော့ ငါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်..."

ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။

ထင်ရှားသည်မှာ လုမိသားစုဘိုးဘေးသာ သေဆုံးသွားပါက လုမိသားစုတွင် သူ့ကို ခုခံနိုင်မည့်သူ မည်သူမျှ ကျန်ရှိတော့မည်မဟုတ်သည်မှာ ထင်ရှားပေသည်။

ထိုအခါတွင်လုမိသားစု၏ရတနာအားလုံးသည် သူ့ပိုင်ဆိုင်မှု ဖြစ်သွားမည်မဟုတ်ပါလော။

သို့သော် ဤကိစ္စမှာမူ သေသေချာချာ စဉ်းစားရန် လိုအပ်သေးသည်။ သူသည် လုံးဝ အမှားအယွင်းခံမည်မဟုတ်ပေ။

လုမိသားစုနှင့် ရန်ငြိုးကို ဖြေရှင်းရန် အချိန်တန်ပြီ ဖြစ်၏။

All Chapters