အနာပေါ် ဆားဖြူးခြင်း၊ လုမိသားစုကျင့်ကြံသူများကို သတ်ဖြတ်ခြင်း။
Vol. 7 Ch. 100
"နေဦး.. အခွင့်အရေး.. ဒါက ရွှေအခွင့်အရေးပဲ..."
ချက်ချင်းပင် ကျိုးစွေ့၏မျက်လုံးများ တောက်ပသွားသည်။
လုမိသားစုဘိုးဘေးသေဆုံးသွားသည်နှင့် လုမိသားစုတစ်ခုလုံးသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အကာအကွယ်မရှိတော့ဘဲ ယခုအခါ ခေါင်းဆောင်ကင်းမဲ့သွားပြီ ဖြစ်သည်။
ဆိုလိုသည်မှာ၊ လုမိသားစုသည် ယခုအခါ သွားမရှိသောကျားတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူ၏ငဲ့ညှာမှုကိုသာ တောင်းခံရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ချီသန့်စင်ခြင်းအဆင့်(၈)ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်၏။
'ကူပိုးကောင်' များ၏အကူအညီနှင့် ပေါင်းစပ်လိုက်ပါက သူသည် ချီသန့်စင်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းသလောက်ပင် ဖြစ်သည်။
လုမိသားစုသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးမရှိဘဲ သူ့ကို ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးမရှိပေ။
"လှုပ်ရှားလိုက်တော့..."
ထိုအတွေးနှင့်အတူ ကျိုးစွေ့ လက်သီးဆုပ်လိုက်သည်။ ဤအခွင့်အရေးကိုသာ သူလွဲချော်ခဲ့ပါက နောက်တစ်ကြိမ် ရှိလာမည်မဟုတ်ဟု သူယုံကြည်သည်။
သူသာ ထပ်မံတွန့်ဆုတ်နေပါက လုမိသားစုဝင်များ ထွက်ပြေးသွားနိုင်ပေသည်။
သူတို့ မထွက်ပြေးလျှင်ပင် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ၏ လက်ထဲသို့ ကျရောက်သွားနိုင်ပြီး သူ့အတွက် အခွင့်အရေးပင် ရရှိမည်မဟုတ်ပေ။
ရွှစ်…။
ချက်ချင်းပင် အတွေးတစ်ချက်ဖြင့်၊ လုမိသားစုခြံဝင်းအတွင်းရှိ သစ်ပင်ကြီးတစ်ပင်တွင် ပုန်းအောင်းနေသော သူ၏ကိုယ်ပွားတစ်ယောက်အား လုမိသားစုကျင့်ကြံသူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ဤသို့သော အရေးကြီးသည့်အချိန်တွင်ပင် သူသည် ကိုယ်တိုင်လှုပ်ရှားရန် ဆန္ဒမရှိဘဲ ကိုယ်ပွားကိုသာ စေခိုင်းလိုသည်။
မည်သို့ပင်ဖြစ်စေ သူသည် သူ၏ပင်မခန္ဓာကိုယ်ကို အန္တရာယ်အဖြစ်ခံနိုင်မည်မဟုတ်ပေ။
အရိပ်ထဲတွင် မည်သို့သော အန္တရာယ်များ ပုန်းအောင်းနေသည်အား မည်သူမျှ မပြောနိုင်ပေ။
ကိုယ်ပွားသာ ကျရှုံးခဲ့ပါက ကိုယ်ပွားတစ်ဦးကိုသာ ဆုံးရှုံးရမည်ဖြစ်ပြီး၊ ၎င်းမှာ သေးငယ်သော ဆုံးရှုံးမှုတစ်ခုသာ ဖြစ်သည်။
...
ထိုအချိန်တွင် လုမိသားစုအိမ်တော်ကြီးရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
အထူးသဖြင့် လုမိသားစုအကြီးအကဲများ၏မျက်နှာများမှာ သူတို့၏မိဘများ ဆုံးပါးသွားသည့်အလား အလွန်ပင် ညိုးငယ်နေကြ၏။
"တစ္ဆေမိစ္ဆာဂိုဏ်းက ငါတို့မီယွင်မြို့ရဲ့ဒုတိယအဆင့် ကာကွယ်ရေးအစီအရင်ကို ဒီလောက်မြန်မြန် ဘယ်လိုချိုးဖျက်နိုင်ခဲ့တာလဲ..."
"ဘာမှမတတ်နိုင်ဘူး... အဆိပ်ဆေးလုံးတွေနဲ့အဆိပ်ခတ်ခံထားတဲ့ မိစ္ဆာကျင့်ကြံသူတွေက သေမှာမကြောက်ဘဲ ငါတို့နဲ့အတူပျက်စီးဖို့ ဆန္ဒရှိမယ်လို့ ဘယ်သူထင်ထားမှာလဲ...”
"ငါတို့ တစ်ချက်ကလေးပဲ မှားသွားခဲ့တာ.... မိစ္ဆာကျင့်ကြံသူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ငါတို့ လျော့တွက်မိခဲ့ကြတယ်...”
"ငါတို့သာ ပြင်ဆင်ဖို့ အချိန်လဝက်လောက် ရခဲ့ရင်.. ငါတို့ သေချာပေါက် ဖောက်ထွက်နိုင်ခဲ့မှာ... သူတို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ချိုးဖျက်နိုင်ခဲ့တာလဲ... ငါတို့ရဲ့ အရင်အစီအစဉ်တော့ ပျက်ဆီးသွားပြီ...”
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေကြနဲ့တော့... လောကမှာ ဘယ်အရာကမှ ချောချောမွေ့မွေ့ ဖြစ်မနေဘူး... အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဘယ်ဖြစ်နိုင်မှာလဲ... အခု ငါတို့ဘိုးဘေးက ငါတို့ထွက်ပြေးနိုင်ဖို့ အချိန်ဆွဲပေးနေတယ်... မြန်မြန်လုပ်ကြ... အထုပ်အပိုးတွေပြင်ပြီး ပြေးကြတော့...."
"မှန်တယ်... အခုချက်ချင်း ကျမ်းစာဆောင်ကိုသွား.. ငါတို့လုမိသားစုရဲ့ အမွေအနှစ်တွေကို ယူခဲကြ... ဘဏ္ဍာတိုက်ထဲက ငါတို့လုမိသားစုရဲ့ ခေတ်အဆက်ဆက်စုဆောင်းမှုတွေကို သွားယူကြ... ငါတို့မှာ ဒါတွေရှိနေသရွေ့ ငါတို့လုမိသားစု အနှေးနဲ့အမြန် ပြန်ထူထောင်နိုင်လိမ့်မယ်...”
လုမိသားစုအကြီးအကဲများစွာ ဆွေးနွေးနေကြသည်။
သူတို့သည် မူလက ရုတ်တရက်ဖြစ်ပေါ်လာမှုကြောင့် ထိတ်လန့်တကြားဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသော်လည်း၊ အလျင်အမြန် ပြန်လည်သတိဝင်လာပြီး ချက်ချင်းပင် လုမိသားစု၏ ကျမ်းစာဆောင်နှင့်ဘဏ္ဍာတိုက်သို့ ဦးတည်သွားကြကာ အတွင်းရှိ ရတနာအားလုံးကို ယူဆောင်ပြီးထွက်ပြေးရန် ကြံရွယ်လိုက်ကြသည်။
လက်ရှိအခြေအနေအရ လူတိုင်း ရှင်သန်လွတ်မြောက်ရန် မျှော်လင့်ချက်မရှိပေ။
လုမိသားစု၏ မျိုးဆက်အချို့ ရှင်သန်ကျန်ရစ်နိုင်ခဲ့ပါက ၎င်းမှာ ဆုံးရှုံးမှုကိုလျှော့ချခြင်းပင် ဖြစ်သည်။
"မြန်မြန်လုပ်... ကျောက်စိမ်းပြားတွေနဲ့ လျှို့ဝှက်ကျမ်းအားလုံးကို သိုလှောင်အိတ်ထဲကို ထည့်... ဒါတွေက ငါတို့လုမိသားစုရဲ့ နှစ်နှစ်ရာကျော်က စုဆောင်းမှုတွေ... အရမ်းအရေးကြီးတယ်.. ငါတို့ ဆုံးရှုံးလို့မဖြစ်ဘူး..."
လုမိသားစုအကြီးအကဲ လုမင်သည် ကျမ်းစာဆောင်တွင် ပေါ်လာပြီး၊ လုမိသားစုမျိုးဆက်များစွာကို လျှို့ဝှက်ကျမ်းအားလုံးအား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် သိုလှောင်အိတ်များထဲသို့ ထုပ်ပိုးရန် ညွှန်ကြားနေသည်။
ကျင့်ကြံသူမိသားစုတစ်ခုအတွက် အသိပညာအမွေအနှစ်မှာ အလွန်ပင်အရေးကြီးသည်။
သူတို့သာ ဤအသိပညာများကို ဆုံးရှုံးသွားခဲ့ပါက၊ ၎င်းတို့အားလုံးကို ပြန်လည်စုဆောင်းရန် အချိန်မည်မျှကြာမည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့ကြောင့် လုမိသားစုသည် ဤအမွေအနှစ်များကို အလွန်တန်ဖိုးထားပြီး၊ အဆုံးရှုံးခံနိုင်ရန် မတတ်နိုင်ကြချေ။
ဘန်း….။
ထိုအခိုက်အတန့်တွင် မမြင်နိုင်သောဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ လုမိသားစု၏ ကျမ်းစာဆောင်တစ်ခုလုံးအား ချက်ချင်းပင်လွှမ်းခြုံသွားသည်။
၎င်းမှာ ‘အိပ်မက်ဝိညာဉ်ကူ’၏ အိပ်မက်ကျူးကျော်ခြင်း စွမ်းရည်ပင် ဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့်(၈)သို့ တိုးတက်ပြီးနောက် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ ၎င်း၏ ပုံရိပ်ယောင်စွမ်းအားသည် ယခင်ကထက် နှစ်ဆကျော် ပိုများလာသည်။
ဤစွမ်းရည်မှာ ပို၍ပင်လျှို့ဝှက်လာကာ အားကောင်းလာသည်။ လုံးဝပင်တိတ်တဆိတ်ဖြစ်ပြီး မည်သို့မျှခြေရာကောက်၍မရနိုင်ပေ။
၎င်းမှာ ရန်သူများ၏ဝိညာဉ်များကို အိပ်မက်ကမ္ဘာထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်၏။
ကျမ်းစာဆောင်အတွင်းရှိ လုမိသားစုကျင့်ကြံသူများစွာမှာ ဘာကိုမျှသတိမထားမိလိုက်ဘဲ၊ ချက်ချင်းပင် ထိုနည်းစနစ်၏ သားကောင်များဖြစ်သွားကြသည်။
လူတိုင်း တောင့်တင်းသွားကာ သူတို့၏လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။
"ချီးတဲ့မှ.. ဘယ်သူလဲ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် လုမိသားစုအကြီးအကဲလုမင် ဆံပင်များ ထောင်သွားသည်။ သူ၏ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်းအဆင့်(၉)သို့ရောက်ရှိနေပြီး၊ သူသည် လုမိသားစု၏ အစွမ်းထက်သော ဝိညာဉ်လျှို့ဝှက်နည်းစနစ်တစ်ခုကို ကျင့်ကြံထားသည်။
ထို့ကြောင့် သူသည် အိပ်မက်ကျူးကျော်ခြင်းစွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိပြီး အိပ်မက်ကမ္ဘာထဲသို့ မကျရောက်ခဲ့ပေ။
သို့သော်ငြား သူသည် အနည်းငယ်မူးဝေနေပြီး မေ့ပင်လဲတော့မတတ် ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ၊ စိတ်ဝိညာဉ်တိုက်ပွဲဆိုသည်မှာ လွန်စွာရိုးရှင်းလှပေသည်။ မည်သူက ဝိညာဉ်စွမ်းအား ပိုမိုသာလွန်သည်အား ပြိုင်ဆိုင်ကြခြင်းပင် ဖြစ်၏။
ရန်သူနှင့်ယှဉ်လျှင် သူ၏ဝိညာဉ်စွမ်းအားမှာ မနှိုင်းယှဉ်နိုင်လောက်အောင် အားနည်းသည်မှာ ထင်ရှားပေသည်။
ထိုအချိန်တွင် လုမိသားစုသည် အစွမ်းထက်ရန်သူတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း သူနားလည်လိုက်သည်။
သို့သော် ၎င်းမှာ အလွန်ပင်မြန်လွန်းလှသည်မဟုတ်လော။ တစ္ဆေမိစ္ဆာဂိုဏ်းက မြို့ကို ချိုးဖောက်ခါစသာ ရှိသေးပြီး ရန်သူမှာ သူတို့ဆီသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
ဤရန်သူသည် လုမိသားစုအပေါ်ရန်ငြိုးထားပြီး သူတို့ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်မည်လော။
ထို့ကြောင့်သာ သူတို့ကို ဤမျှလျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်ပေမည်။
"မဟုတ်ဘူး... ငါသေရရင်တောင် လုမိသားစုရဲ့အမွေအနှစ်တွေကို ဘယ်သူမှသိမ်းသွားခွင့်မပြုနိုင်ဘူး... သေလိုက်စမ်း...”
အကြီးအကဲလုမင်က အံတင်းတင်းကြိတ်လိုက်သည်။ ဒေါသတကြီးဖြင့် သူသည် ကိုယ်ပေါ်ရှိအဆောင်ကို ဖောက်ခွဲလိုက်ရန်ပြင်လိုက်ပြီး ရန်သူကို အပါခေါ်သွားရန် ကြိုးပမ်းလိုက်သည်။
နှမြောစရာကောင်းသည်မှာ သူ အလွန်နောက်ကျသွားပြီဖြစ်သည်။ သူမလှုပ်ရှားမီပင် ကျိုးစွေ့က လှုပ်ရှားနှင့်ပြီး ဖြစ်သည်။
ရွှပ်….။
ချက်ချင်းပင် ရွှေရောင်ဓားချီတစ်တန်းသည် လျှပ်စီးလက်လိုက်သည့်နှယ် လျင်မြန်စွာဖြင့်၊ အကြီးအကဲလုမင်၏ ဦးခေါင်းခွံကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏အသက်ကို နှုတ်ယူသွားသည်။
သူ၏မျက်လုံးများက ပြူးကျယ်နေကာ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ထင်ဟပ်နေသည်။
ဝန်ခံရလျှင်၊ သူသည် ဤမျှလျင်မြန်စွာ သေဆုံးသွားလိမ့်မည်ဟု ဘယ်တုန်းကမျှမထင်ထားခဲ့သော်လည်း ချက်ချင်း အသတ်ခံခဲ့ရ၏။
သူသေဆုံးသွားရသည့်တိုင် ရန်သူသည်မည်သည့်နေရာတွင်ရှိ၍ မည်သူဖြစ်သည်ကိုပင် မသိရှိခဲ့ရချေ။
ဘန်း..ဘန်း..ဘန်း…။
အကြီးအကဲလုမင်သာမက ကျမ်းစာဆောင်ရှိ လုမိသားစုကျင့်ကြံသူ တစ်ဒါဇင်ကျော်ခန့်သည်လည်း၊ ရွှေရောင်ဓားချီတန်းများဖြင့် တစ်ချိန်တည်းနီးပါး ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
မြေပြင်ပေါ်သို့ လဲကျသွားကြပြီး တစ်ဦးချင်းစီ၏ဦးခေါင်းများတွင် အပေါက်တစ်ခုစီ ရှိနေသည်။
တစ်ခဏအတွင်းမှာပင် ကျမ်းစာဆောင်ရှိ လုမိသားစုကျင့်ကြံသူအားလုံးမှာ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှမရှိပေ။
"သေကုန်ပြီလား..."
ထိုအချိန်တွင် အမှောင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်၊ ၎င်းမှာ ကျိုးစွေ့ပင် ဖြစ်၏။ သူသည် သေဆုံးသွားသော လုမိသားစုကျင့်ကြံသူများကို တည်ငြိမ်သောအမူအရာဖြင့် ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။
"ဒါက လက်စားချေခြင်းရဲ့ ခံစားချက်လား... ဘယ်လောက်တောင် ဗလာဖြစ်လိုက်သလဲ..."
ကျိုးစွေ့ သက်ပြင်းချလိုက်သည်။
လုမိသားစုသည် အလွန်အင်အားကြီးမားပြီး မီယွင်မြို့၏အရှင်သခင်ဟု သတ်မှတ်ခံရသည်။
သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများစွာကို သူတို့အလိုရှိသလို ဆက်ဆံကြသည်။
သူသည် တစ်ချိန်က လုမိသားစုအား မတန်တဆအိမ်ငှားခကို ပေးဆောင်ခဲ့ပြီး အိမ်တစ်လုံးပင် ဝယ်ယူခဲ့သည်။
သူသည် လုမိသားစု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း မည်သည်ကိုမျှ ထုတ်ဖော်ရဲခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ရသည်။
ဤသည်မှာ အားနည်းခြင်း၏အဓိပ္ပာယ်ပင်ဖြစ်၏။
အထူးသဖြင့် ၎င်းအကြီးအကဲလုမင်သည် အမိန့်တစ်ခုနှင့်ပင် ကျိုးစွေ့၏အသက်ကို နှုတ်ယူနိုင်ပြီး၊ ကျိုးစွေ့ကို ကြောက်လန့်တကြား ပုန်းအောင်းစေနိုင်ခဲ့သည်။
သို့သော် ယခုတွင်မူ သူ၏ဓားတစ်ချက်ဖြင့်ပင် အသတ်ခံလိုက်ရပြီး မည်သည်ကိုမျှပင် မတုံ့ပြန်နိုင်ချေ။
ယခုချိန်တွင် နှစ်ရာကျော်လွှမ်းမိုးနိုင်ခဲ့သည့် ဤအခြေတည်အဆင့်မိသားစုမှာ ပျက်သုဉ်းလုနီးပါး ဖြစ်နေချေသည်။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကြောင့် ထွန်းတောက်လာနိုင်ခဲ့သလို၊ ထိုအခြတည်အဆင့်ကျင့်ကြံသူကြောင့်ပင် ကျဆုံးရချေသည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ သံသရာပင်ဖြစ်၏။
ဤလောကတွင် ထာဝရတည်မြဲပြီး ကြီးပွားတိုးတက်သည့် မိသားစုဟူ၍ မရှိပေ။