← Chapters

တစ်ချက်တည်းဖြင့် အရာအားလုံးကို ပြန်လည်သိမ်းပိုက်ခြင်း၊ လုမိသားစုကို လုယက်ခြင်း။

Vol. 7 Ch. 101

တစ်ချက်တည်းဖြင့် အရာအားလုံးကို ပြန်လည်သိမ်းပိုက်ခြင်း၊ လုမိသားစုကို လုယက်ခြင်း။

Vol. 7 Ch. 101

"ငါဟာ ပိုမြင့်တဲ့နယ်ပယ်တွေကို တက်လှမ်းရမယ်.. အင်မော်တယ်ဖြစ်တည်မှုကို ရရှိနိုင်ရမယ်.. လုမိသားစုလိုမျိုး မဖြစ်စေရဘူး...”

ကျိုးစွေ့သည် ယခုပင်သေဆုံးသွားကြသော လုမိသားစုကျင့်ကြံသူများကို ကြည့်ရင်း လက်သီးဆုပ်လိုက်ကာ စိတ်ထဲမှ သစ္စာပြုလိုက်တော့သည်။

တာအိုကို လိုက်စားရန် သူ၏ဆန္ဒမှာ ပို၍ပင်ခိုင်မာလာသည်။

ဝှစ်…

ချက်ချင်းဆိုသလို၊ ကြမ်းပြင်ပေါ်ရှိ မရေမတွက်နိုင်သော သိုလှောင်လက်စွပ်များသည် သူ၏လက်ထဲသို့ ကျရောက်လာသည်။ ထို့အပြင် သူသည် လုမိသားစု၏ ကျမ်းစာဆောင်မှ လျှို့ဝှက်ကျမ်းများအားလုံးကို ယူဆောင်ခဲ့ပြီး၊ မည်သည့်ကျမ်း၊ မည်သည့်အမွေအနှစ်မှတ်တမ်းတင်ကျောက်စိမ်းပြားကိုမျှ ချန်မထားခဲ့ပေ။

သူသည် ယခုအခါ လုမိသားစု၏ နှစ်ပေါင်းနှစ်ရာကျော်စုဆောင်းမှုအား ပိုင်ဆိုင်သွားပြီဟု ဆိုနိုင်သည်။

သူ၏နှလုံးသားထဲတွင် အလွန်ကျေနပ်နေသည်။

ဤလုမိသားစု၏ လျှို့ဝှက်ကျမ်းများ၊ အမွေအနှစ်များနှင့်အတူ သူသည် သေချာပေါက် ရှေ့ဆက်တိုးတက်နိုင်ပြီး ယခင်ကမသိရှိခဲ့သော နယ်ပယ်များအား စူးစမ်းရှာဖွေနိုင်ပေလိမ့်မည်။

ဝူးရှ်…။

ထိုအချိန်တွင် 'အိပ်မက်ဝိညာဉ်ကူ'သည် ၎င်း၏ပါးစပ်ကို ဖွင့်လိုက်ပြီး သေဆုံးခါစဖြစ်သော လုမိသားစုကျင့်ကြံသူများ၏ ဝိညာဉ်အားလုံးကို ဝါးမျိုလိုက်သည်။ သန့်စင်သော ဝိညာဉ်စွမ်းအင်သည် ချက်ချင်းပင် ၎င်း၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ အရှိန်အဝါမှာ ပို၍အားကောင်းလာသည်။

၎င်းသည် အဆင့်နှစ်သို့ တက်လှမ်းနိုင်ရန် အချိန်များစွာ ကြာမြင့်တော့မည်မဟုတ်ပေ။

ထိုအခါတွင် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာနိုင်ပေသည်။ လက်ရှိတွင် ၎င်းသည် အဆင့်တစ်၌သာ ရှိနေသေးသည်။

ကံမကောင်းစွာဖြင့် ၎င်းသည် ပိုင်ရှင်သတ်ဖြတ်ခဲ့သော ရန်သူများ၏ဝိညာဉ်များကိုသာ ဝါးမျိုနိုင်ပြီး အခြားလေလွင့်ဝိညာဉ်များကို မဝါးမျိုနိုင်ပေ။

သို့မဟုတ်လျှင် 'အိပ်မက်ဝိညာဉ်ကူ'ကို စစ်မြေပြင်သို့ ခေါ်ဆောင်သွားပြီး၊ သေဆုံးသွားသော သာမန်လူအမြောက်အမြား၏ ဝိညာဉ်စွမ်းအင်ကိုဝါးမျိုခိုင်းကာ၊ ၎င်း၏စွမ်းအားကို ပိုမိုလျင်မြန်စွာ တိုးတက်စေနိုင်ပေလိမ့်မည်။

သို့သော် နောင်တရစရာမရှိပေ၊ လက်ရှိ 'အိပ်မက်ဝိညာဉ်ကူ'၏ တိုးတက်မှုအရှိန်မှာ အတော်ပင် ကောင်းမွန်နေပြီဖြစ်သည်။

အလွန်အကျွံ တက်လှမ်းမှုအရှိန်မြန်ဆန်ခြင်းသည် ၎င်း၏အခြေခံအုတ်မြစ်တွင် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

"အာ.. ဟုတ်သား... လုမိသားစုရဲ့ ဘဏ္ဍာတိုက်ရှိသေးတယ်..."

"အဲ့ဒီနေရာက လုမိသားစုရဲ့ တကယ့်ရတနာတွေ ရှိတဲ့နေရာပဲ..."

"အဲ့ဒီထဲမှာ ဘယ်လိုရှားပါးရတနာတွေနဲ့ဆေးလုံးတွေ သိမ်းဆည်းထားမလဲဆိုတာ ငါသိချင်နေပြီ...”

"ငါ့ဆီက မတန်တဆငှားရမ်းခတွေ ယူထားခဲ့တာ... အခုတစ်ခါတည်းနဲ့ အားလုံးပြန်ယူရမယ့်အချိန်ပဲ..."

ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားသည်။

လုမိသားစုသာ အပြည့်အဝကြိုတင်ပြင်ဆင်ချိန်ရခဲ့ပါက၊ ထိုရတနာများကို အချိန်အတော်ကြာကတည်းက ရှင်းလင်းပြီးဖြစ်ကာ သိုလှောင်လက်စွပ်များထဲသို့ ခွဲဝေပြီး၊ လုမိသားစုအကြီးအကဲများစွာသည် လူခွဲထွက်ပြေးပြီး ဖြစ်ပေမည်။

ထိုအချိန်တွင် သူသည် လုမိသားစု၏ရတနာအားလုံးကို ရရှိနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအခါ တစ္ဆေမိစ္ဆာဂိုဏ်းက မြို့ထဲသို့ ရုတ်တရက် ဝင်ရောက်လာသောကြောင့် လုမိသားစု၏ ယခင်အစီအစဉ်များအားလုံး ပျက်ပြားသွားသည်။

ထိုသို့ဖြင့် သူတို့ကို ရတနာများစုဆောင်းပြီး ထွက်ပြေးရန်အချိန်မရှိအောင် ပြုလုပ်လိုက်သည်။

ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ သူသည် လုမိသားစု၏ ဘဏ္ဍာတိုက်တစ်ခုစလုံးကို ယူဆောင်သွားနိုင်သည်။

ဝှစ်…။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကျိုးစွေ့သည် ထိုလုမိသားစုကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ လုမိသားစုဘဏ္ဍာတိုက်တည်နေရာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ ထိုအချိန်တွင် လုမိသားစုမှ အကြီးအကဲများစွာလည်း ဤနေရာတွင် စုရုံးနေကြသည်။

သူတို့၏ကျင့်ကြံမှုမှာလည်း အားနည်းသည်မဟုတ်ချေ။ အားအနည်းဆုံးမှာ ချီသန့်စင်ခြင်းအဆင့်(၇)တွင်ရှိပြီး အများစုမှာ အဆင့်(၈)၊ အဆင့်(၉)တွင် ရှိကြသည်။

ဆိုရလျှင်၊ လုမိသားစု၏ထိပ်တန်းပုဂ္ဂိုလ်များထဲမှ အများစုမှာ ဤနေရာတွင် ရောက်ရှိနေကြသည်။

ဤအကြီးအကဲများအတွက်မူ ဘဏ္ဍာတိုက်သည် ကျမ်းစာဆောင်ထက် ပို၍အရေးကြီးသည်မှာ ထင်ရှားပေသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သာ လျှို့ဝှက်ကျမ်းများကို ရရှိခဲ့လျှင်ပင် အထူးတလည် ကျင့်ကြံနိုင်ကြမည်မဟုတ်ပေ။ သို့သော် ဘဏ္ဍာတိုက်ထဲရှိ ရှားပါးသောရတနာအမျိုးမျိုးက သူတို့အား ရှေ့ဆက်တိုးတက်ရန် ကူညီပေးနိုင်ပြီး၊ သူတို့၏ကျင့်ကြံမှုကို များစွာတိုးမြှင့်ပေးနိုင်သည်။

သူတို့ကိုယ်တိုင် မသုံးလျှင်ပင် သူတို့၏မျိုးဆက်များထံသို့ ပေးအပ်နိုင်သေးသည်။

"အားလုံး ဒီမှာရှိနေမှတော့ အကုန်လုံးကို သတ်ပစ်လိုက်တာပေါ့...”

ကျိုးစွေ့၏ ဝိညာဉ်အာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ၊ ဘဏ္ဍာတိုက်ထဲတွင် လုမိသားစုကျင့်ကြံသူ အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီး ဘဏ္ဍာတိုက်ထဲရှိ တားမြစ်အစီအရင်မှာ အပြည့်အဝ ပိတ်ထားသည်ကို သူတွေ့လိုက်ရသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ရတနာများကို လုယက်ထွက်ပြေးရန် စီစဉ်နေသောကြောင့် တားမြစ်အစီအရင်ကို အသက်သွင်းထားကြမည်မဟုတ်ပေ။

ဝူးရှ်….။

ရုတ်တရက် 'ရွှေစားကူ'အကောင် လေးဆယ်၊ ငါးဆယ်ခန့် ထွက်ပေါ်လာသည်။

သူတို့သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဘဏ္ဍာတိုက်ထဲသို့ ပျံဝင်သွားတော့သည်။

ဘန်း…ဘန်း…ဘန်း….။

ရွှေရောင်အလင်းတန်းများတောက်ပနေပြီး အော်ဟစ်သံများထွက်ပေါ်လာကာ မကြာမီပင် ငြိမ်သက်သွားတော့သည်။

ကျိုးစွေ့ ဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်သောအခါ ကြမ်းပြင်ပေါ်တွင် အလောင်းများထပ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့အားလုံးမှာ လုမိသားစုကျင့်ကြံသူများဖြစ်ပြီး၊ တစ်ချိန်က ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် အားကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော် ယခုမူ သူတို့အားလုံးမှာ အလောင်းများဖြစ်နေပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်ကြတော့ချေ။

ဤလုမိသားစုကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားသော အမူအရာများထွက်ပေါ်နေပြီး၊ သူတို့ မည်သို့သေဆုံးသွားသည်ကို မသိရှိပုံရသည်။

"သိပ်ကောင်းတယ်.. 'ရွှေစားကူ'ရဲ့ စွမ်းအားက ပိုအားကောင်းလာပြီ..."

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ရင်း လေထဲတွင် ပျံဝဲနေသော 'ရွှေစားကူ'များကို ကြည့်လိုက်သည်။ ၂နှစ်ကျော်ကြာ ကြီးထွားပြီးနောက် သူတို့သည် ယခင်ကထက် သိသိသာသာ ပို၍အားကောင်းလာသည်။

လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများမှာ ယခုအခါ သူတို့၏ထူထဲသောသတ္တုအခွံများပေါ်တွင် ထွင်းထုထားပြီး၊ ၎င်းမှာ သူတို့ကို ကျင့်ကြံသူများ၏တိုက်ခိုက်မှုများအား ပို၍ခုခံနိုင်စွမ်းရှိစေသည်။

သာမန်ပညာရပ်များသည် သူတို့အတွက် လေပြေလေညှင်းအလားသာ ဖြစ်သည်။

ထို့ကြောင့် ဘဏ္ဍာတိုက်အတွင်းရှိ လုမိသားစုကျင့်ကြံသူများ တိုက်ခိုက်သည့်အခါ၊ သူတို့၏တိုက်ခိုက်မှုများက ဤပိုးကောင်များကို လုံးဝ မထိခိုက်စေကြောင်းကို တုန်လှုပ်ခြောက်ခြားစွာ သိရှိခဲ့ရသည်။ သူတို့၏ကြိုးပမ်းမှုများသည် အချည်းနှီးသာ ဖြစ်၏။

သို့သော် 'ရွှေစားကူ'များက ကျင့်ကြံသူများကို တိုက်ခိုက်သည့်အခါတွင်မူ ၎င်းမှာ တဆင့်မြင့်သည့် သာလွန်တိုက်ခိုက်မှုတစ်ခုကဲ့သို့ဖြစ်ပြီး၊ သူတို့၏ မှော်လက်နက်အကာအကွယ်များကို အလွယ်တကူဆုတ်ဖြဲကာ သူတို့၏ခန္ဓာကိုယ်များကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

လက်ရှိ 'ရွှေစားကူ'အုပ်စုသည် လောကကို ဝါးမျိုနိုင်သည့် အစွမ်းအစအနည်းငယ်ကို ပြသစပြုနေပြီး၊ ဘေးအန္တရာယ်ဖြစ်စေသော ပိုးကောင်ကပ်ဘေးတစ်ခုအား ဖွဲ့စည်းစပြုနေချေသည်။

"ငါတော့ ပွပြီ... ဒီတစ်ခါတော့ ငါအချီကြီးကို ပွတာပဲ...”

ဘဏ္ဍာတိုက်ထဲရှိ ရတနာများကို မြင်သောအခါ ကျိုးစွေ့သည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။

ဘဏ္ဍာတိုက်သည် နှစ်ပေါင်းများစွာ လုမိသားစုက စုဆောင်းခဲ့သော ဆေးလုံးအမျိုးမျိုး၊ စိတ်ဝိညာဉ်ဆေးပင်များ၊ ရှားပါးသောပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

မှော်လက်နက်အမျိုးမျိုးနှင့် အစီအရင်ပြားများပင် ရှိနေသေးသည်။

အတိုချုပ်ဆိုရလျှင် ဤဘဏ္ဍာတိုက်သည် တန်ဖိုးမဖြတ်နိုင်ဘဲ၊ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် တန်ဖိုးရှိသည်။

ကံမကောင်းစွာဖြင့် လွန်ခဲ့သော၂နှစ်အတွင်း ဝန်းရံတိုက်ခိုက်မှုကြောင့် ဝိညာဉ်ကျောက်တုံးအမြောက်အမြား အသုံးပြုခဲ့ရသည်။

ဘဏ္ဍာတိုက်ထဲတွင် ဝိညာဉ်ကျောက်တုံးများစွာ မကျန်ရှိတော့ပေ။

သို့တိုင်၊ ဤရတနာများသည် သူ့အား ချမ်းသာကြွယ်ဝစေရန် လုံလောက်သည်။

“သိမ်း…အကုန်လုံးကို သိမ်းစမ်း…”

နောက်ထပ်စကားတစ်ခွန်းမျှမဆိုတော့ဘဲ ကျိုးစွေ့သည် ချက်ချင်းပင် ထိုရတနာအားလုံးကို သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ကျင့်ကြံသူများစွာကို သတ်ဖြတ်ပြီးနောက် သူ၌ သိုလှောင်အိတ်များ မရှားပါးတော့ပေ။

ခဏတာအတွင်းမှာပင် ဘဏ္ဍာတိုက်တစ်ခုလုံး လုယက်ခံရပြီး မျက်နှာသစ်လိုက်သည်ထက်ပင် ပို၍ ပြောင်ရှင်းသွားတော့သည်။

ဝူး…။

လုမိသားစု၏ဘဏ္ဍာတိုက်နှင့်ကျမ်းစာဆောင်ကို လုယက်ပြီးနောက်၊ ကျိုးစွေ့သည် ထိုနေရာများကို မီးရှို့လိုက်သည်။ မီးသည် သူ၏ခြေရာလက်ရာများကို ဖျက်ဆီးပေးကာ၊ သဲလွန်စအားလုံးကို လောင်ကျွမ်းသွားစေလိမ့်မည် ဖြစ်၏။

လုမိသားစုရှိ အခြားနေရာများအတွက်မူ သူသည် သွားရန် အစီအစဉ်မရှိပေ။

လောဘကြီးခြင်းက ဒုက္ခဖြစ်စေနိုင်၏။

‌ဤနေရာနှစ်ခုမှ ရတနာများချည်းပင် သူသည် ချမ်းသာကြွယ်ဝသောဘဝကို နေထိုင်ရန် လုံလောက်ပေသည်။

သူသာ အခြားနေရာများကို ဆက်လက်လုယက်နေပါက၊ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာသော ကျင့်ကြံသူများနှင့် သေချာပေါက် ပက်ပင်းတိုးမိပေလိမ့်မည်။

တစ္ဆေမိစ္ဆာဂိုဏ်းသားများနှင့်ပင် ဆုံတွေ့နိုင်သေးသည်။ ထို့အခါ ထိပ်တိုက်ရင်ဆိုင်မှုအား ရှောင်လွှဲနိုင်မည်မဟုတ်ချေ။

မျှော်လင့်ထားသည့်အတိုင်း၊ ကျိုးစွေ့၏ကိုယ်ပွား လုမိသားစုမှထွက်ခွာကာ မြေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် မြေအောက်စခန်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက်။

တစ်ကိုယ်တော်ကျင့်ကြံသူများ၊ အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများနှင့် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများပင်လျှင် အလျင်အမြန် ရောက်ရှိလာကြသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့အားလုံးသည် လုမိသားစုပျက်စီးတော့မည်ကို သိရှိထားကြပြီး၊ သူတို့သည်လည်း အခြေအနေကို အခွင့်ကောင်းယူလိုကြသည်။

ကံမကောင်းစွာဖြင့် သူတို့ရောက်ရှိလာသောအခါ လုမိသားစု၏အိမ်တော်ကြီးတစ်ခုလုံးမှာ မီးပင်လယ်ဖြစ်နေပြီး၊ အဆောက်အဦးများစွာသည် မီးတောက်များထဲတွင် နစ်မြုပ်နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။

လုမိသားစု၏ ကျင့်ကြံသူများစွာမှာ လက်ရှိရှိရာအရပ်တွင် ဆက်လက်မနေဝံ့တော့ဘဲ၊ ရုန်းရင်းဆန်ခတ် ခြေဦးတည့်ရာသို့ ထွက်ပြေးကုန်ကြတော့သည်။

All Chapters