← Chapters

နတ်သမီးလန်ယွဲ့ရှီနှင့် ရိုးသားသောကျိုးစွေ့။

Vol. 7 Ch. 103

နတ်သမီးလန်ယွဲ့ရှီနှင့် ရိုးသားသောကျိုးစွေ့။

Vol. 7 Ch. 103

ရိုးရိုးသားသားပြောရလျှင် ဤသည်မှာ အမှန်တကယ် မကြုံစဖူးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း ကျိုးစွေ့ဝန်ခံရပေမည်။

မည်သို့ပင်ဖြစ်စေ၊ ပုံမှန်အားဖြင့် ကျိုးစွေ့သည် အခြေတည်အဆင့်ကျင့်ကြံသူများကို တွေ့ဆုံရန် အရည်အချင်းမရှိပေ။ လန်ယွဲ့ရှီကဲ့သို့သော အဆင့်အတန်းမြင့်မားသည့် အမျိုးသမီးများကိုဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ မတူညီသော အဆင့်အတန်းများ၊ မတူညီသော အင်အားများသည် သဘာဝအတိုင်း သူတို့၏လမ်းကြောင်းများသည် ဘယ်သောအခါမှ ဆုံတွေ့ခြင်းမရှိကြချေ။

သူသာ ဤအခွင့်အရေးကို လွဲချော်ခဲ့ပါက နောက်တစ်ကြိမ် ဘယ်တော့မှပြန်ရမည်ကို သူသိနိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ အောင်မြင်မှုရရှိရန် အမျိုးသမီးများအား မှီခိုအားထားခြင်းသည်လည်း ထူးထူးခြားခြားပြဿနာမဟုတ်ပေ။ အချို့မှာ မိဘများကို အားကိုးကြ၍၊ အချို့မှာ ပါရမီကို အားကိုးကြကာ၊ အချို့မှာ ကံကြမ္မာကို အားကိုးကြသည်။ သူတို့အားလုံးသည် ပြင်ပစွမ်းအားများကို အားကိုးကြသည်သာ မဟုတ်ပါလော။

သို့ဆိုလျှင်၊ သူသည် လက်တွဲဖော်တစ်ဦးအား အဘယ်ကြောင့် အားကိုးအားထား မပြုရမည်နည်း။

ဝှစ်….။

ထိုသို့စဉ်းစားလိုက်သည်နှင့် ကျိုးစွေ့သည် တွန့်ဆုတ်မနေဘဲ၊ သူ၏ကိုယ်ပွားကို ချက်ချင်း အမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ကိုယ်ပွားသည် လမ်းကြားထဲရှိ လန်ယွဲ့ရှီရှေ့မှောက်တွင် ထွက်ပေါ်လာသည်။

ချက်ချင်းပင် သူ၏ရင်ခုန်သံများ မြန်သွားသည်။ အမှောင်ထဲတွင်ပင် သူ၏ရှေ့မှောက်ရှိ အမျိုးသမီး၏ အံ့မခန်းလှပမှုကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သူမ၏အသားအရေမှာ မွေးကင်းစကလေးတစ်ဦးအလား နူးညံ့လွန်းလှသည်။ သူမ၏ လှပသောဘဲဥပုံမျက်နှာမှာ လင်းလက်ဆွဲဆောင်မှုရှိကာ၊ သူမကို မြင်သူတိုင်းထံမှ ချစ်ခင်နှစ်သက်မှုအား ဖြစ်ပေါ်စေသည်။

လောကီလူဘုံတွင်ပင် သူမ၏အသွင်သဏ္ဍန်က ထင်ရှားနေပေသည်။

သူမ၏ခန္ဓာကိုယ်အချိုးအစားမှာလည်း လွန်စွာဆွဲဆောင်မှုရှိပြီး၊ မည်သည့်အပြစ်အနာအဆာမျှမရှိဘဲ ပြီးပြည့်စုံစွာ ထုဆစ်ထားသည့်နှယ် ဖြစ်၏။

သူမသည် ဂိုဏ်း၏နတ်သမီးအဖြစ် ချီးကျူးခံရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းမှာ အမှန်တကယ် ထိုက်တန်သော ဂုဏ်သတင်းဖြစ်သည်။

"စိတ်ဝင်စားစရာပဲ.. ငါ လန်ယွဲ့ရှီက တကယ်ပဲ ကျဆုံးသွားပြီထင်တယ်... သာမန် ချီသန့်စင်ခြင်းအဆင့်တစ်ယောက်ကတောင် အခုငါ့ကို လုပ်ကြံသတ်ဖြတ်ရဲနေပြီလား...."

လန်ယွဲ့ရှီက ကျိုးစွေ့ကို သူမ၏တောက်ပသောမျက်လုံးများဖြင့် အေးစက်စွာ ကြည့်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူမထံမှ ပျံ့နှံ့ထွက်လာသည်။

သူမသည် သူမ၏ရှေ့မှောက်ရှိ အမည်မသိယောက်ျားကို ချက်ချင်း တိုက်ခိုက်သတ်ဖြတ်ပစ်မည့်ပုံ ပေါ်နေသည်။

သူမသည် အမှန်တကယ်အဆိပ်သင့်နေပြီး ၂နှစ်ကျော်ကြာသည့်တိုင် အဆိပ်ကို မဖယ်ရှားနိုင်ခဲ့သော်လည်း၊ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် မည်မျှပင် အားနည်းသွားစေကာမူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ သူတို့သည် ချီသန့်စင်ခြင်းအဆင့်တစ်ဦးနှင့် နှိုင်းယှဉ်၍မရပေ။

မည်မျှအားနည်းနေသည့်ကျားဖြစ်စေ၊ ယုန်တစ်ကောင်က သွားရောက်ရန်စခြင်း မပြုလုပ်သင့်ပေ။

"မစိုးရိမ်ပါနဲ့ စီနီယာလန်.. ကျွန်တော်က ရန်သူမဟုတ်ပါဘူး.. ခင်ဗျားကို ကူညီဖို့လာတာပါ.." ကျိုးစွေ့သည် ကြောက်ရွံ့ခြင်းမပြဘဲ သူမကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူသည် သူ့အားခြိမ်းခြောက်နိုင်သော ပတ်ဝန်းကျင်တွင်ပျံ့နှံနေသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်အား စိုးစဉ်မျှ မခံစားရသည့်အလား အိန္ဒြေအပြည့်ဖြင့် ဖြစ်နေသည်။

"ငါ့ကိုကူညီမယ် ဟုတ်လား... အဟတ်... သာမန် ချီသန့်စင်ခြင်းအဆင့်တစ်ယောက်က ငါ့ကို ဘယ်လိုကူညီနိုင်မှာလဲ.."

ဤစကားကို ကြားသောအခါ လန်ယွဲ့ရှီ ရယ်ချင်သွားသည်။ သူမပင်လျှင် လက်ရှိတွင် ကိုယ့်ကိုယ်ကို မနည်းကာကွယ်နေရသည့်အခြေအနေတွင် ရှိနေပြီး၊ လက်ရှိအကျပ်အတည်းမှ ရှင်သန်လွတ်မြောက်နိုင်မည်လားဟု တပ်အပ်မပြောနိုင်ချေ။ သို့သော် ဤအရေးမပါသော ချီသန့်စင်ခြင်းအဆင့်က ထိုသို့သော ရယ်စရာကောင်းသည့်စကားများအား ပြောဝံ့နေချေသည်။

သာမန်အတိုင်းသာဆိုလျှင်၊ ထိုသို့သော ပမွှားလေးအား တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ပြီဖြစ်၏။

သို့သော် ထူးဆန်းစွာဖြင့် ကျိုးစွေ့၏ တည်ငြိမ်သောမျက်နှာကို ကြည့်ရင်း သူမသည် လုံခြုံမှုအရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။ ဤယောက်ျားကို ယုံကြည်နိုင်သည်ဟု သူမ၏ ပင်ကိုယ်အသိစိတ်က ပြောပြနေသည့်အလား ခံစားလိုက်ရသည်။

အရေးကြီးဆုံးမှာ ဤအမျိုးသားကျင့်ကြံသူသည် အတော်ပင် ဆွဲဆောင်မှုရှိပုံရပြီး၊ အနည်းဆုံး အခြားနံစော်သောယောက်ျားများကဲ့သို့ မဟုတ်ပေ။

၎င်းမှာ 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကျိုးစွေ့၏ ခွန်အားကို မတိုးတက်စေနိုင်လျှင်ပင် သူ၏ဆွဲဆောင်မှုကို မြှင့်တင်ပေးနိုင်သည်။ အထူးသဖြင့် အမျိုးသမီးများအပေါ် ဖြစ်သည်။

ဤဆွဲဆောင်မှုသည် ကျင့်ကြံခြင်းအဆင့်များကို လက်တွေ့ကျကျ သက်ရောက်မှုရှိ၏။

မှန်ပေသည်၊ အမျိုးသမီးကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့် နိမ့်ကျလေလေ သြဇာလွှမ်းမိုးမှု ကြီးမားလေလေဖြစ်သည်။

လန်ယွဲ့ရှီသည် မသိစိတ်ဖြင့် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးခြင်းခံခဲ့ရသည်။

သူမသည် သူ့ကို ချစ်ကြိုက်သွားခြင်း မဟုတ်သော်လည်း၊ အနည်းဆုံး နှစ်သက်တွယ်တာမှုတစ်ခု ရှိနေပြီး ကျိုးစွေ့ကို နားထောင်ရန် ဆန္ဒရှိသည်။

အခြားအမျိုးသားကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့ပါက၊ သူမသည် ၎င်းအား အချိန်အတော်ကြာကတည်းက သတ်ဖြတ်ပစ်ပြီးဖြစ်ကာ သူ၏အဓိပ္ပာယ်မရှိသော စကားများကို စိတ်ဝင်စားနေမည်မဟုတ်ချေ။

"ကျွန်တော်သာ မမှားဘူးဆိုရင် စီနီယာလန်.. ခင်ဗျားအဆိပ်မိနေလို့ ခင်ဗျားရဲ့အစွမ်းက ဆယ်ပုံတစ်ပုံစာပဲ ကျန်တော့တယ်...”

"အပြင်ဘက်မှာ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေ ဝိုင်းရံထားသလို.. အခြေတည်အဆင့်ကျင့်ကြံသူတွေကလည်း ချောင်းမြောင်းနေကြတယ်..."

"မီယွင်မြို့ကနေ အခုထွက်ပြေးရင် ခင်ဗျား... သေချာပေါက် သေရလိမ့်မယ် စီနီယာလန်..."

"ဒါပေမဲ့... ကျွန်တော့်မှာ ခင်ဗျားကိုကယ်တင်နိုင်မယ့် ပုန်းခိုနိုင်မဲ့နေရာတစ်ခု ရှိတယ်..."

"ဟုတ်ပါတယ်... ကျွန်တော်ခင်ဗျားကို အကွက်ချနေမှာကိုလည်း စိတ်ပူစရာမလိုပါဘူး... ကျွန်တော်တကယ်ပဲ ခင်ဗျားကို ဒုက္ခပေးချင်ခဲ့ရင်... ခင်ဗျားရဲ့သတင်းအချက်အလက်တွေကို တစ္ဆေမိစ္ဆာဂိုဏ်းကို ပေးလိုက်ရုံပဲလေ... ဘာလို့ ကျွန်တော်က အပိုဒုက္ခခံရမှာလဲ..."

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။

"စိတ်ဝင်စားစရာပဲ... မင်းဘာလိုချင်လဲ... မင်းငါ့ဆီက ဘာရချင်တာလဲ..."

လန်ယွဲ့ရှီက သူ့ကို လေးနက်စွာကြည့်လိုက်သည်။

သူမသည် ကျိုးစွေ့စကားလုံးများ၏ သုံးပုံတစ်ပုံကို ယုံကြည်သည်။

အကြောင်းမှာ ၎င်းမှာ အမှန်တကယ်ပင် ထိုသို့ဖြစ်သောကြောင့် ဖြစ်သည်။ သူသာ မကောင်းသောရည်ရွယ်ချက် ထားရှိခဲ့ပါက၊ သူ၏အသက်ကို စွန့်စားပြီး သူမကို ကြားဖြတ်တားဆီးမည့်အစား သူမ၏တည်နေရာကို အချိန်အတော်ကြာကတည်းက ဖွင့်ချပြီးဖြစ်ပေလိမ့်မည်။

‘ငါလိုချင်တာက မင်းလေ... အတိအကျ မင်းလေးပဲပေါ့...’

‘မင်းလေးမှ မဟုတ်ရင်… ငါက ဘာလိုချင်ရမှာလဲ…’

ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။ ဟုတ်ပေသည်၊ သူသည် ထိုစကားလုံးများအား အသံကျယ်ကျယ်ဖြင့်ပြောဆိုလောက်အောင် မမိုက်မဲပေ။ သူရိုးသားစွာ ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ.. ချီသန့်စင်ခြင်းအဆင့်(၉)ကို နီးကပ်နေပါပြီ... အနာဂတ်မှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားတော့.. အခြေတည်ဆေးလုံးတစ်လုံး လိုအပ်ပါတယ်... ခက်တာက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေနဲ့ အခြေတည်ဆေးလုံးတစ်လုံး ရဖို့က သိပ်ကိုခက်ခဲပါတယ်.."

"ဒါပေမဲ့... ကျွန်တော်သာ ခင်ဗျားကိုကယ်တင်ခဲ့ရင်.. အခြေတည်အဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်မယ့် အခြေတည်ဆေးလုံးတစ်လုံး ရနိုင်လောက်တယ်လေ.. ဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပါပဲ...."

"ဒါပေမဲ့ မင်းသာ ငါ့ကိုလွှဲပြောင်းပေးလိုက်ရင်.. တစ္ဆေမိစ္ဆာဂိုဏ်းကနေ အခြေတည်ဆေးလုံးတစ်လုံး ရမှာမဟုတ်ဘူးလား..."

လန်ယွဲ့ရှီမှာ မည်သည့်အရာကိုမျှ ကတိမပြုသေးချေ။

သို့သော် အတွင်းစိတ်တွင်မူ သူမသည် သူ့ပြောဆိုချက်၏ တစ်ဝက်ခန့်ကို ယုံကြည်သည်။

သူမသည် သူ၏တောင်းဆိုချက်များကို မကြောက်ပေ၊ မည်သည့်တောင်းဆိုချက်မျှမရှိသည်ကိုသာ ကြောက်ပေသည်။

အခြေတည်ဆေးလုံးသာဆိုပါက၊ သူမ၏အဆင့်အတန်းနှင့် ရာထူးအရဆိုလျှင် ၎င်းမှာ ခက်ခဲသောကိစ္စတစ်ခု မဟုတ်ပေ။

"မိစ္ဆာကျင့်ကြံသူတွေရဲ့ စကားတွေကို ကျွန်တော်ဘယ်လိုယုံကြည်နိုင်မှာလဲဗျာ... နှိုင်းယှဉ်ရရင် ဂုဏ်သိက္ခာရှိပြီးတော့ ဖြောင့်မတ်တဲ့ဂိုဏ်းကလာတဲ့ စီနီယာလန်ကိုပဲ ကျုပ်ပိုယုံကြည်တယ်လေ..”

"တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတစ်ယောက်သာ ဆိုရင်... အခြေတည်ဆေးလုံးကို မရခင်မှာတင်.. ကျွန်တော့်ကို သတ်ပစ်မှာ စိုးရိမ်မိတယ်..."

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

"သိပ်မှန်တယ်.. မင်းက တော်တော်လေး အကင်းပါးတာပဲ... အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေအားလုံးက ယုတ်မာပြီး ဂုဏ်သိက္ခာမဲ့တယ်... ကောက်ကျစ်စဉ်းလဲသလို ရက်စက်ကြမ်းကြုတ်တယ်... ယုံကြည်စရာဘာမှမရှိဘူး.. မင်းသာ သူတို့ရဲ့ကတိတွေကို ယုံလို့ကတော့ သေခြင်းတရားနဲ့ သိပ်မဝေးတော့ဘူးပေါ့..."

လန်ယွဲ့ရှီသည် ကျိုးစွေ့၏ အဖြေကို လုံးဝ ကျေနပ်သွားသည်။

လမ်းမှန်ဂိုဏ်း၏ ဂုဏ်သတင်းမှာမူ အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးမှုရှိနေဆဲဖြစ်ပြီး၊ အနည်းဆုံး သူတို့သည်အရေးကြီးသည့်အချိန်များတွင် တစ်ကိုယ်တော်ကျင့်ကြံသူများထံမှ အကူအညီရယူနိုင်သေးပုံရ၏။

"ဒါဆိုရင် စီနီယာလန်.. ကျွန်တော့်ရဲ့တောင်းဆိုမှုကို လက်ခံလိုက်ပြီလား..."

ကျိုးစွေ့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မြူးတူးသော အမူအရာတစ်ခု ပေါ်လာသည်။

"ကောင်းပြီ.. ငါသဘောတူတယ်... မင်းငါ့ကို ကယ်တင်ရင် ကတိအတိုင်း.. ငါမင်းကို အခြေတည်ဆေးလုံးပေးမယ်..."

"ဒါပေမဲ့ အခု မီယွင်မြို့ကို မိစ္ဆာကျင့်ကြံသူတွေ ဝိုင်းရံထားတယ်... မင်းငါ့ကို ဘယ်လိုကယ်တင်ဖို့ စီစဉ်ထားလဲ..."

"ငါသာ ဒီနေရာမှာ သေဆုံးသွားခဲ့ရင်.. မင်းကို ပေးထားတဲ့ကတိကို ငါမတည်နိုင်တော့ဘူး..."

သူမ၏ရှေ့မှောက်ရှိယောက်ျားက သူမကို မည်သို့ကယ်တင်ရန် စီစဉ်ထားသည်ကို လန်ယွဲ့ရှီ အလွန်သိချင်နေသည်။ လက်ရှိအခြေအနေမှာ တစ္ဆေမိစ္ဆာဂိုဏ်း၏ အဘက်ဘက်မှဝန်းရံခြင်းကို ခံထားရပြီးဖြစ်ရာ ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်ချေ။

"စီနီယာလန်.. ကျွန်တော့်နောက်ကိုသာ လိုက်ခဲ့ပါ..."

ကျိုးစွေ့သည် မည်သည့်အရာကိုမျှ ရှင်းပြမနေတော့ပေ။ သူသည် လန်ယွဲ့ရှီကို အနီးအနားရှိ စွန့်ပစ်ထားသော ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုနေရာတွင် မြေအောက်စခန်းသို့ ဦးတည်သော ကြီးမားသော တွင်းကြီးတစ်ခု ရှိသည်။

"တွင်းလား.. မင်းက မြေအောက်မှာ ဥမင်တူးထားတယ်လို့ ဆိုလိုတာလား..."

လန်ယွဲ့ရှီသည် ကျိုးစွေ့၏ လွတ်မြောက်ရာနည်းလမ်းကို ချက်ချင်း နားလည်သွားသည်။

"အမှန်ပဲ.. ငါမီယွင်မြို့အောက်မှာ ကြီးမားတဲ့ဝင်္ကပါတစ်ခုကို တူးဖော်ဖို့ အချိန်တော်တော်ကြာခဲ့တယ်.."

ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။ "ငါတို့သာ မြေအောက်ဥမင်လိုဏ်ခေါင်းကနေ ထွက်ပြေးရင်.. တစ္ဆေမိစ္ဆာဂိုဏ်းက အခြေတည်အဆင့်ကျင့်ကြံသူတွေတောင် ငါတို့ဘယ်နေရာမှာ ပုန်းနေလဲဆိုတာကို သိမှာမဟုတ်ဘူး... ငါတို့သာ မြေအောက်မှာ ခဏလောက်ပုန်းနေရင် မိစ္ဆာကျင့်ကြံသူတွေက မင်းကို ရှာတွေ့နိုင်မှာမဟုတ်ဘူး... နောက်ဆုံးကျရင် တစ္ဆေမိစ္ဆာဂိုဏ်းက သူ့အလိုလို ဆုတ်ခွာသွားလိမ့်မယ်.. အဲ့ဒီအခါကျ ငါတို့ ထွက်သွားလို့ရပြီ..."

“ကောင်းလိုက်တဲ့အကြံ…”

ထိုစကားကို ကြားသောအခါ လန်ယွဲ့ရှီ၏မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး အလွန်ပင်စိတ်လှုပ်ရှားသွားသည်။

အမှန်တကယ် မြေအောက်တွင် ကြီးမားသော လမ်းကြောင်းတစ်ခုသာ ရှိခဲ့ပါက၊ သူတို့သည် တစ္ဆေမိစ္ဆာဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းပြီး ရှင်သန်လွတ်မြောက်နိုင်သည်။

သူမ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုလှိုင်းလုံးကြီးတစ်ခု တိုးဝင်လာသည်။ နောက်ဆုံးတွင်မူ သူမ သေဆုံးရန်မလိုတော့ပုံရသည်။

All Chapters