← Chapters

ဆုံးရှုံးမှုများသွားသော တစ္ဆေမိစ္ဆာဂိုဏ်း၊ မြို့အနှံမြေလှန်ကာ ရှာဖွေခံရခြင်း။

Vol. 7 Ch. 105

ဆုံးရှုံးမှုများသွားသော တစ္ဆေမိစ္ဆာဂိုဏ်း၊ မြို့အနှံမြေလှန်ကာ ရှာဖွေခံရခြင်း။

Vol. 7 Ch. 105

"သေစေနိုင်တဲ့အပြာရောင်မိစ္ဆာအဆိပ် ဟုတ်လား..."

ဤစကားကို ကြားသောအခါ ကျိုးစွေ့၏ မျက်ဆံများ ကျုံ့သွားသည်။ ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးအနေဖြင့် သူသည် စိတ်ဝိညာဉ်ဆေးပင်များနှင့် အဆိပ်ပြင်းသော ဆေးပင်အမျိုးမျိုးကို ကောင်းစွာသိကျွမ်းပြီး၊ ဤအဆိပ်တွင် မည်သည့်အရာများ ပါဝင်သည်ကို ရှင်းလင်းစွာ သိရှိသည်။

သေစေနိုင်သောအပြာရောင်မိစ္ဆာအဆိပ်ဟုခေါ်သော အဆိပ်ကို ခြေခုနစ်လှမ်းမြွေ၏ လတ်ဆတ်သောသွေးဖြင့်၊ အဆိပ်ငွေ့များပြည့်နေသော ချိုင့်ဝှမ်းများတွင် အမည်မသိအဆိပ်ပြင်းပင်တစ်မျိုးကို ပျိုးထောင်၍ ဖော်စပ်ထားသည်။

ထိုအပင်မှအပြာရောင်ပန်းများ ပွင့်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ထိုခြေခုနစ်လှမ်းမြွေအား ကျွေးမွေးသည်။ ဤသို့ဖြင့် အဆိပ်နှစ်ခု ဓာတ်ပြုကာ မြွေ၏အဆိပ်ကို ပိုမိုပြင်းထန်စေပြီး၊ ၎င်း၏အကြေးခွံများကို အပြာရောင်သန်းစေသည်။

မြွေ၏အမြီးကို ဖြတ်တောက်ပြီး ပထမသွေးနှစ်စက်ကို စွန့်ပစ်ကာ နောက်ဆက်တွဲ သွေးသုံးစက်ကို ငွေအပ်များတွင် ထည့်သွင်းအသုံးပြုသည်။ ထိုအပ်များသည် ခြေလှမ်းခုနစ်လှမ်းမြွေ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ကာ၊ မှိန်ဖျော့သောအပြာရောင်ဖြင့် တောက်ပနေသဖြင့် အပြာရောင်မိစ္ဆာဟု အမည်တွင်လေသည်။

အပြာရောင်မိစ္ဆာအဆိပ်သည် နူးညံ့လှပသောအသွင်သဏ္ဍန်နှင့် ခြားနားစွာ အလွန်ပြင်းထန်ပေသည်။ အဆိပ်သင့်သည်နှင့်တစ်ပြိုင်နက် သားကောင်သည် မှိန်ဖျော့သောအပြာရောင်အလင်းဖြင့် ဖုံးလွှမ်းသွားပေလိမ့်မည်။ အပြာရောင်သည် ဦးခေါင်းအထိ တက်ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ အဆိပ်သည် ဦးနှောက်ကိုထိခိုက်စေပြီး ရုတ်တရက်သွေးယိုစီးမှုနှင့် ချက်ချင်းသေဆုံးခြင်းကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် လန်ယွဲ့ရှီ အသက်ရှင်နေသေးသည်မှာ သူမ၏ခန္ဓာကိုယ်ကို ဆေးဘက်ဝင်အပင်အမြောက်အမြားဖြင့် အားဖြည့်ထားပြီး၊ သူမ၏အခြေတည်အဆင့်ကျင့်ကြံမှုဖြင့် အဆိပ်ကို အတင်းအကျပ် ဖိနှိပ်ထားသောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်လျှင် သူမသည် အချိန်အတော်ကြာကတည်းက အဆိပ််သားကောင်ဖြစ်သွားခဲ့ပေလိမ့်မည်။

သူမသည် ယနေ့တိုင်အောင် အသက်ရှင်နိုင်သေးမည် မဟုတ်ပေ။

သို့သော် အထောက်အပံ့အားလုံး ရှိနေလျှင်ပင်၊ သူမသည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်တော့မည်မဟုတ်ချေ။

"ခင်ဗျား ဘယ်လို အဆိပ်သင့်ခဲ့တာလဲ..."

ကျိုးစွေ့က မေးလိုက်သည်။

"ဒါက တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ယုတ်မာတဲ့နည်းဗျူဟာတွေကြောင့်ပဲ..."

လန်ယွဲ့ရှီ လက်သီးကိုဆုပ်လိုက်သည်။

မီယွင်မြို့ရှိ ရွှမ်ပေါင်မျှော်စင် လေလံပွဲတွင် ရွှေအမြုတေဖွဲ့စည်းခြင်းဆိုင်ရာ ပစ္စည်းတစ်ခုကို လေလံအောင်ခဲ့ပုံကို သူမ ပြန်ပြောပြလိုက်သည်။ သူမသည် အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ပြီး ရွှေအမြုတေဖွဲ့စည်းဖို့အတွက် ပြင်ဆင်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်သည်ဟု မည်သူက ထင်ထားမည်နည်း။

ရွှေအမြုတေဖွဲ့စည်းခြင်းဆိုင်ရာ ဝိညာဉ်ပစ္စည်းဟုခေါ်သောအရာကို တစ္ဆေမိစ္ဆာဂိုဏ်းက သူမအား တောင်ပေါ်မှဆင်းလာစေရန် ရွှမ်ပေါင်မျှော်စင်တွင် တမင်တကာ လေလံတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူတို့သည် သူမကို မီယွင်မြို့တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြသည်။

အစကနဦးတွင် သူမ၏ရွှေအမြုတေဖွဲ့စည်းရန် စိတ်မရှည်မှုက သူမအား အကြံအစည်ကို အမှုမဲ့စွာဖြင့်၊ မရည်ရွယ်ဘဲ တစ္ဆေမိစ္ဆာဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားစေခဲ့သည်။

သူမသည် အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူငါးဦး၊ ခြောက်ဦး၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

သူတို့၏တိုက်ပွဲသည် မြို့အပြင်ဘက်ရှိ ငြိမ်းချမ်းမှုကို ပျက်စီးစေပြီး ပျက်ဆီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကံကောင်းသည်မှာ သူမတွင် အသက်ဘေးမှလွတ်မြောက်ရန် ကူညီပေးသော ရတနာများနှင့် အဆောင်အချို့ ရှိခဲ့သည်။

သို့သော်ငြား၊ သူမသည် တစ္ဆေမိစ္ဆာဂိုဏ်း၏ သေစေနိုင်သည့်အပြာရောင်မိစ္ဆာအဆိပ်သင့်ခဲ့ရသည်။

အဆိပ်ကို ဖြေရန် သူမသည် မီယွင်မြို့တွင်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ရတော့သည်။

နှမြောစရာကောင်းသည်မှာ၊ ၂နှစ်ကျော်ကြာပြီးနောက်တွင်ပင် သူမသည် သူမ၏ခန္ဓာကိုယ်မှ အဆိပ်ကို မဖယ်ရှားနိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် အချိန်ကြာလာသည်နှင့်အမျှ အဆိပ်မှာ ပို၍ပြင်းထန်လာတော့သည်။

သူမသာ ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုကို အမြန်မရှာဖွေနိုင်ပါက၊ အဆိပ်ကြောင့် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

သူမသာ အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ရောက်နိုင်ခဲ့လျှင်ပင်၊ သူမ၏အတွင်းအင်္ဂါများထဲသို့ နက်ရှိုင်းစွာဝင်ရောက်နေသည့် အဆိပ်ကြောင့် သူတို့သည် အဆိပ်ဖြေဆေးကို ရှာဖွေနိုင်မည်မဟုတ်ပေ။

၎င်းတို အဆိပ်ဖြေဆေးကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင်၊ သူမအဆိပ်သင့်ခဲ့သော အချိန်ကာလအရ ထိုအဆိပ်သည် သူမ၏အခြေခံအုတ်မြစ်ကို ပျက်စီးစေပြီး ရွှေအမြုတေဖွဲ့စည်းနိုင်မည့်ရည်မှန်းချက်အားလုံးအား ဖျက်ဆီးပစ်နိုင်ပေသည်။

ဤအကြောင်းကြောင့်ပင် အင်မော်တယ်ရှားဂိုဏ်း၏ ရွှေအမြုတေအဆင့်အကြီးအကဲနှစ်ဦးသည် သူမကို ကယ်တင်ရန် စွန့်စားဖို့ ဆန္ဒမရှိခဲ့ကြခြင်း ဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ၊ အလားအလာမရှိတော့သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်ရှားဂိုဏ်း၏ စွန့်စားမှုနှင့် မထိုက်တန်ပေ။

လန်ယွဲ့ရှီသည် တစ်ချိန်က ဂိုဏ်း၏ သူတော်စင်ဖြစ်ခဲ့လျှင်ပင်၊ ကျဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမသည် မျက်နှာသာပေးခြင်း ခံရတော့မည်မဟုတ်ပေ။

"အခြေအနေကတော့ ဒီလိုပဲ.. မင်းငါ့ကို ကယ်တင်နိုင်ခဲ့ရင်တောင် ငါ့ရဲ့လက်ရှိကျင့်ကြံမှုနဲ့ မင်းအတွက် အခြေတည်ဆေးလုံးကို ငါပြန်ယူပေးနိုင်မှာမဟုတ်ဘူး..."

လန်ယွဲ့ရှီက ကျိုးစွေ့ကို အလွန်ပင် လေးနက်တည်ကြည်စွာ ကြည့်လိုက်သည်။

သူမသည် မူလက သူမ၏အခြေအနေကို ဖုံးကွယ်ရန် ရည်ရွယ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ၎င်းသာ ပေါ်ပေါက်သွားပါက တန်ဖိုးမရှိတော့သောသူမသည် စွန့်ပစ်ခြင်းကို ခံရနိုင်ပေသည်။

သို့သော် တစ်စုံတစ်ရာကြောင့် သူမသည် ဤယောက်ျားကို မလိမ်ညာချင်ပေ။

"သဘောပေါက်ပြီ... ကောင်းတာပါပဲ.. ဒါဆိုရင် ပိုလွယ်သွားတာပေါ့... ဒီအတိုင်းဆို ငါတို့လုပ်ဖို့လိုတာက ခင်ဗျားကိုယ်ထဲက အပြာရောင်မိစ္ဆာအဆိပ်ကို ဖြေရှင်းဖို့ပဲပေါ့..”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်ရင်း အခြေအနေကို သဘောပေါက်ပြီဖြစ်ကြောင်း အမူအရာပြလိုက်သည်။

ထိုသို့ဆိုလျှင်မူ၊ သူသည် အဆိပ်ဖြေနိုင်သော 'ကူပိုးကောင်'များကို သန့်စင်လိုက်ရုံသာဖြစ်ပြီး၊ ၎င်းမှာ လန်ယွဲ့ရှီ၏ ပြဿနာကို ဖြေရှင်းနိုင်ပေမည်။ ထိုအခါ သူသည် သူ၏ကိုယ်ပိုင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို ရရှိနိုင်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ ၎င်းမှာ အမြတ်များသော အရောင်းအဝယ်တစ်ခုဖြစ်ပုံရသည်။

"နင်..နင်. ငါပြောတာရော ကြားရဲ့လား.. ငါအဆိပ်သင့်နေတာက သေစေနိုင်တဲ့အပြာရောင်မိစ္ဆာအဆိပ်ပဲ.. အင်မော်တယ်ရှားဂိုဏ်းက ဆေးဖော်စပ်ပညာရှင်တွေတောင် ဒီပြင်းထန်တဲ့အဆိပ်ကို မဖြေရှင်းနိုင်ဘူး.. ငါအင်မော်တယ်ရှားဂိုဏ်းကို ပြန်ရောက်ရင်တောင်မှ ငါ့ကို ကယ်တင်လို့မရတော့ဘူးဟဲ့..."

“နင် ကြိုးစားကြည့်လည်း အလကားပဲ ဖြစ်လိမ့်မယ်..”

လန်ယွဲ့ရှီ မပြောဘဲ မနေနိုင်တော့ချေ။

“ဘာမှစိတ်မပူပါနဲ့… ငါကျိုးစွေ့ ကယ်တင်ချင်တဲ့သူဆိုရင် သေမင်းတောင် လာရှုပ်လို့မရဘူး..”

“မင်းကိုယ်ထဲက အဆိပ်ကို ငါ့တာဝန်ထားလိုက်ပါ…”

ကျိုးစွေ့က လန်ယွဲ့ရှီကို လေးနက်စွာ ကြည့်လိုက်သည်။

“ဟမ့်.. မင်းကြိုက်သလိုသာ လုပ်တော့…”

ထိုစကားကို ကြားသောအခါ လန်ယွဲ့ရှီ၏ရင်ထဲ၌ နွေးထွေးမှုတစ်ခု ချက်ချင်း စီးဝင်သွားသည်။ သူသည် တာအိုလက်တွဲဖော်သုံးဦးတောင်ရှိသည့် ငပွေးတစ်ယောက်ဖြစ်သောလည်း၊ သူမ၏အခြေအနေကို သိရှိပြီး သူမကို စွန့်ပစ်ရန် မပြုလုပ်ခဲ့ချေ။ သူသည် လူကောင်းတစ်ဦး ဖြစ်ရပေမည်။

သို့သော်ငြား၊ သူမသည် သူမ၏အပေါ်ယံထီမထင်မှုကိုကား ဆက်လက်ထိန်းသိမ်းထားသည်။

...

ထိုအခိုက်တွင် မီယွင်မြို့အတွင်း၌ အခြေတည်အဆင့်တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားတော့သည်။

လုမိသားစုဘိုးဘေးဖြစ်သူ လုဟုန်ရန်၏ အသည်းအသန် ရုန်းကန်မှုက တစ္ဆေမိစ္ဆာဂိုဏ်းအား ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

တိုက်ပွဲ၏ ကြွင်းကျန်ရစ်သော တုန်ခါမှုလှိုင်းများချည်းပင် ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူပေါင်းများစွာအား ပျက်စီးစေခဲ့သည်။

သူ၏နောက်ဆုံးထွက်သက်မတိုင်မီတွင်၊ သူသည် အခြေတည်အဆင့်အစောပိုင်းရှိ မိစ္ဆာကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ ကျန်လေးဦးကို အပြင်းအထန် ဒဏ်ရာရစေနိုင်ခဲ့သည်။

ရလဒ်အနေဖြင့် ဖြစ်ပေါ်လာသောဖျက်ဆီးမှုက တစ္ဆေမိစ္ဆာဂိုဏ်းအတွင်း၌ ကြီးမားသော ပေးဆပ်မှုအား ဖြစ်ပွားစေကာ၊ ကျန်ရှိသည့် အခြေတည်အဆင့်မိစ္ဆာကျင့်ကြံသူများအား ဒေါသူပုန်ထစေတော့သည်။

"ချီးတဲ့မှ.. တစ္ဆေအိုကြီးလု.. မင်းသေသွားတာနဲ့ ဒီကိစ္စပြီးပြီလို့ထင်နေလားကွ..."

"သောက်ရူးလာကျနေတယ်.. ငါ့အမိန့်ကို နာခံကြစမ်း... လုမိသားစုဝင်တိုင်းကို ဖမ်းဆီးကြ.. ငါလုမိသားစုရဲ့ ဆွေခုနစ်ဆက်ကို သေစေချင်တယ်....”

တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့်အကြီးအကဲတစ်ဦးက အလုံးစုံဒေါသထွက်နေကာ ဟိန်းဟောက်လိုက်သည်။

မူလက သူတို့သည် မီယွင်မြို့ကို မည်သည့်ဆုံးရှုံးမှုမျှမရှိဘဲ သိမ်းပိုက်နိုင်ပြီး၊ ချွေးမထွက်သည့်အောင်ပွဲအား ပိုင်ဆိုင်ခဲ့ရပေမည်။

သို့သော်ငြား လုဟုန်ရန်သည် မိမိအသက်ကိုမမှုဘဲ သူတို့ကိုပါ သူနှင့်အတူ ဆွဲချရန်ကြိုးစားမည်ဟု မည်သူက ထင်ထားမည်နည်း။

ရလဒ်အနေဖြင့်၊ အခြေတည်အဆင့်ကျင့်ကြံသူခြောက်ဦးထဲမှ နှစ်ဦးသေဆုံးပြီး လေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ရသည်။

ကြီးမားသော အောင်ပွဲတစ်ခုသည် ချက်ချင်းပင် ဝမ်းနည်းစရာအောင်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

လုဟုန်ရန်သေဆုံးသွားပြီဖြစ်သော်လည်း လုမိသားစုဝင်များမှာမူ အသက်ရှင်လျက် ရှိနေသေးသည်။ ထို့ကြောင့် သူတို့သည် လက်စားချေရန် အကောင်းဆုံးပစ်မှတ်များဖြစ်သည်။

တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများစွာသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ကျန်ရှိနေသော လုမိသားစုဝင်များကို စတင်ရှာဖွေကြတော့သည်။

သူတို့တစ်ဦးချင်းစီသည် လုမိသားစုဝင်တိုင်းအား အရေခွံစုတ်၍ အမေ၊အဖေတအောင်ပင် လုပ်ချင်နေကြတော့သည်။

"ဟုတ်သား.. အဲ့ဒီမိန်းမ.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီကရော... သူ့ကို ရှာတွေ့ပြီလား...”

ထိုအခိုက်အတန့်တွင် အခြေတည်အဆင့်အကြီးအကဲတစ်ဦးက ချက်ချင်း မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် မီယွင်မြို့ကို ချိုးဖျက်ရန် အဖိုးအခကြီးမားစွာပေးဆပ်ခဲ့ခြင်းသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီအတွက်ပင် ဖြစ်၏။

လန်ယွဲ့ရှီသာ လွတ်မြောက်သွားခဲ့ပါက သူတို့၏အစီအစဉ်တစ်ခုလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"အကြီးအကဲကို အစီရင်ခံပါတယ်.. မီယွင်မြို့မှာ လူအရမ်းများပါတယ်.... လန်ယွဲ့ရှီက တမင်တကာ ပုန်းနေပြီးတော့ ကိုယ်ယောင်ဖျောက်ထားတာဆိုတော့ ကျွန်တော်တို့ ရှာမရဘူးဖြစ်နေပါတယ်...”

တစ္ဆေမိစ္ဆာဂိုဏ်းမှ တပည့်တစ်ဦးသည် အကြီးအကဲက သူတို့အား အသုံးမကျဟု ထင်မြင်ကာ သတ်ဖြတ်ပစ်မည်အား စိုးရိမ်ကြောက်လန့်ပြီး ဇောချွေးပြန်စွာဖြင့် တင်ပြလိုက်သည်။

"ပုန်းနေတာ..ဟားဟား.. မီယွင်မြို့က ဒီလောက်လေးပဲ ကျယ်တာလေကွာ.. သူဘယ်နေရာမှာ ပုန်းနေနိုင်မှာလဲကွ... သူ မီယွင်မြို့ တစ်နေရာရာမှာ ရှိနေမှာပဲပေါ့ကွ...”

"အဲ့ဒီမိန်းမအတွက် မင်း ဘာမှ စိတ်ပူမနေနဲ့.. သူက အခြေတည်အဆင့်မှာဆိုပေမဲ့ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ သေစေနိုင်တဲ့အပြာရောင်မိစ္ဆာ အဆိပ်သင့်နေတာ.. သူက ကိစ္စပြတ်သွားပြီ.. သူ့အစွမ်းက အရင်ကထက် ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်မှာ.. ချီသန့်စင်ခြင်းအဆင့်နဲ့တွေ့ရင်တောင် အသည်းအသန်ဖြစ်နေရမှာ.."

“အခုချက်ချင်း.. အသေးစိတ်ရှာဖွေမှုလုပ်ကြစမ်း.. ငါ အဲ့ဒီမိန်းမကို တွေ့ချင်တယ်..”

အခြေတည်အဆင့်အကြီးအကဲက သူ့အမိန့်အား ထုတ်ပြန်လိုက်သည်။

"ကောင်းပါပြီ.. အကြီးအကဲ...”

ထိုအမိန့်ထုတ်ပြန်လိုက်သည်နှင့်၊ တစ္ဆေမိစ္ဆာဂိုဏ်းမှ တပည့်အားလုံး လှုပ်ရှားလာကြပြီး၊ မီယွင်မြို့ကို အပြည့်အဝ ပိတ်ဆို့လိုက်ကာ လန်ယွဲ့ရှီတည်နေရာကို ရှာဖွေရန် အသေးစိတ်ရှာဖွေမှုများပြုလုပ်ကြတော့သည်။

ကံမကောင်းစွာဖြင့် သူတို့သည် လန်ယွဲ့ရှီသည် မြေအောက် မီတာရာပေါင်းများစွာတွင် ပုန်းအောင်းနေမည်ဟု ထင်မထားခဲ့ချေ။

သူတို့မည်မျှရှာဖွေသည်ဖြစ်စေ၊ သူမအား မည်သို့မျှ သဲလွန်စ မရနိင်ကြပေ။

[ T.N – Etran မှာ သေစေနိုင်သည့်အပြာရောင်မိစ္ဆာအဆိပ်လို့ သုံးထားပေမဲ့၊ မူရင်း chinese မှာတော့ ဒီအတိုင်း အပြာရောင်အဆိပ်လို့သာ သုံးထားပါတယ်။ ကျွန်တော်ကတော့ နည်းနည်း လှမယ်ထင်တာ‌ကို ယူသုံးလိုက်ပါတယ်ဗျ။ ]

All Chapters