သေခြင်းတရား၏ စစ်မှန်သော အဓိပ္ပာယ်
Vol. 73 Ch. 1151
သိဒ္ဓိအလင်းတောင်၏ ‘စမ်းသပ်မှု’ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက်တွင် ချန်လွေ့၏ ဘဝက ငြိမ်းချမ်းမှုသို့ ပြန်လည်ရောက်ရှိသွား၏။
အိမ်ထဲ၌ ရယ်သံများ မကြာခဏ ထွက်နေတတ်သည်။ ချန်လွေ့က ပုံမှန် အချစ်ဆုံး ဇနီးများနှင့် သမီးလေးကို အဖော်ပြုပေး၏။ သူ၏ မိတ်ဆွေများနှင့် နောက်ပြောင်သည်။ တစ်ခါတစ်ရံ ဧကရီ အရှင်မများ၏ အထူး စိတ်ပိုင်းဆိုင်ရာ (ရုပ်ပိုင်းဆိုင်ရာ) အကြံပေး လုပ်ရန် သွေးရောင် အင်ပါယာနှင့် အရိပ်နက် အင်ပါယာသို့ ‘ခရီးဝေး’ထွက်သည်။
စေတန်၏ ၁၀နှစ် စာချုပ် ရှိနေသေး သော်လည်း သူ၏ လက်ရှိစွမ်းအားဖြင့် အထူးသဖြင့် သိဒ္ဓိအလင်းတောင် တိုက်ပွဲ စမ်းသပ်မှု အပြီးတွင် ယခင်ကကဲ့သို့ ထိတ်လန့်နေရန် မလိုအပ်တော့ပေ။ သူ ပေါ့ဆခြင်း မရှိသော တစ်ခုတည်းသော အရာမှာ လေ့ကျင့်ခြင်းပင်။
ချန်လွေ့ တစ်ဦးတည်း သာမက ကျန်လူများလည်း ထိုသို့ပင်။ ယခင်က တင်းမာသော လေထုနှင့် ဖွံ့ဖြိုးလာသော လေ့ကျင့်ရေး အလေ့အထများ အကြား အချို့သော ဆက်စပ်မှုတစ်ခု အမှန်ပင် ရှိသော်လည်း ၎င်းမှာ ပို၍ တက်ကြွပြီး အသိစိတ်ရှိသော အပြုအမူတစ်ခု ဖြစ်၏။
ယခုတစ်ကြိမ်တွင် ကြောက်မက်ဖွယ် မိုးပျံနယ်မြေ၏ အထူးလေ့ကျင့်မှုက နောက်တစ်ကြိမ် ထပ်မံ စတင်ခဲ့သည်။ နတ်ဘုရား-ယောင် ဖိုက်သွန်နှင့် ဇိုလာ၊ အချိန်မအားသော ဧကရီအရှင်မသုံးပါး၊ ကိုယ်ဝန်ဆောင် အသီနာနှင့် တိုက်ခိုက်ရေးသမားမဟုတ်သူများမှလွဲ၍ မိသားစုနှင့် မိတ်ဆွေအဖွဲ့မှ အဖွဲ့ဝင် အားလုံးနီးပါး ပါဝင်ခဲ့ကြသည်။
ချန်လွေ့ အတွက်မူ စူပါစနစ်၏ ‘စကြဝဠာ’တွင် နတ်ဘုရားများလေလေ၊ ယုံကြည်မှု ပိုမိုသန့်စင်ပြီး ကြီးမားလေ ဖြစ်ကာ ကိုယ်ပိုင် စွမ်းအား ပိုမို၍ အားကောင်းလေ ဖြစ်သည်။ ၎င်းမှာ သိဒ္ဓိအလင်းတောင် တိုက်ပွဲ၌ အပြည့်အဝ အတည်ပြုပြီး ဖြစ်၏။ မသေနိုင်လုနီးပါး [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] ရှိသော ရာဖယ်ရယ်ပင် နတ်ဘုရား ၁၈ပါး၏စွမ်းအားပါဝင်သော [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို မခံနိုင်လောက်ပေ။
အထူး ကွင်းဆက် အရေအတွက်မှာ အဆုံးမဲ့ မဟုတ်ဘဲ အထူး ကွင်းဆက်၏ ပစ်မှတ်များကို အဆုံးမဲ့ ချဲ့ထွင်၍ မရရာ ချန်လွေ့က ဂရုတစိုက် ရွေးချယ်ရမည် ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ယုံကြည်စိတ်ချရမှုပင်။ ထယ်တင်းနစ်နှင့် အဲဒက်စ်ကဲ့သို့ ယုံကြည် စိတ်ချရသော မိတ်ဆွေအများအပြားက ကြယ်တစ်ပွင့် တိုးမြှင့်မှုကို ရရှိသော လူအသစ်တစ်သုတ် ဖြစ်လာခဲ့ပြီး လက်အောက်ငယ်သားနှစ်ဦး ဖြစ်သော ဆယ်လင်းနှင့် စီကာလီမှာ မူလက ကြယ်တစ်ပွင့် တိုးမြှင့်မှုကို ပေးအပ်ခြင်းခံခဲ့ရသည်။ ‘အလဟဿ မဖြစ်စေရေး’ စိတ်ဓာတ်ဖြင့် ချန်လွေ့က သူတို့ နှစ်ဦးစလုံးကို ကြယ်နှစ်ပွင့် တိုးမြှင့်မှုကိုလည်း ပေးအပ်ခဲ့လေသည်။ ထိုသူများ ကြယ်နှစ်ပွင့် တိုးမြှင့်မှု၏ နက်နဲမှုကို နားလည်သဘောပေါက် နိုင်မနိုင် ဆိုသည်မှာ ကံတရားအပေါ်တွင် မူတည်လေသည်။
ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို လက်ခံ ထားသော ဂူရာဒန်၊ အဲလစ်၊ မယ်ဒီလူ၊ ဂျိုအန်နာနှင့် အီနာတို့သာ အောင်မြင်ခြင်း မရှိသေးပေ။ အခြားသော လေးဦးနှင့် နှိုင်းယှဉ်လျှင် ဂူရာဒန်မှာ အထူးသဖြင့် ထင်ရှားနေသည်။
အလောင်းအောက်လမ်းပညာရှင်က အလွန် အရည်အချင်း ရှိပြီး သူသည် လေလွင့်ဝိညာဉ် အဖြစ်သို့ ပြောင်းလဲကာ ‘အမျိုးတူ’ကို ဝါးမျိုပြီး ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် အံ့ဩဖွယ်ကောင်းသော အကောင်းဆုံးနှုန်းဖြင့် အင်အားကြီးပွား ခဲ့လေသည်။ ထိုမျှသာမက ဂူရာဒန်သည် အမှောင်ဒြပ်စင် မှော်ပညာတွင်လည်း ကျွမ်းကျင်၏။ သူက အမှောင်ဒြပ်စင်မှ ဆင်းသက်လာသော မသေမျိုးမှော်ပညာ နယ်ပယ်တွင် မကြုံစဖူး ထူးချွန်သည့် အောင်မြင်မှုများ ရရှိခဲ့သည်။ စွမ်းအားနှင့် ဉာဏ်ရည်အရ သူက အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။ သို့တိုင် သူက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို အမှန်ပင် မပြီးမြောက်သေးပေ!
ဖိုက်သွန်၏ စကားအရ စွမ်းအားသည် ကြယ်နှစ်ပွင့် တိုးမြှင့်မှု အောင်မြင်ရန် အကြောင်းရင်းများထဲမှ တစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာ တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပေ။ သော့ချက်မှာ ယုံကြည်မှုနှင့် အသက်ကို နားလည် သဘောပေါက်ခြင်း ဖြစ်သည်။ ဥပမာ တိုက်ခိုက်ရေး အမျိုးအစား မဟုတ်သော အယ်ဒီလိုင်းသည် ရိုမန်နှင့် အခြား သူများထက် စောစီးစွာ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်သွားခဲ့ပြီး ဂီတ နတ်ဘုရားမ ဖြစ်လာခဲ့သည်။ မည်သည့် နည်းလမ်းပင်ဖြစ်စေကာမူ အတွင်းစိတ်၏ မဆုတ်မနစ် ကြိုးပမ်းမှုသည် မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ခုပင်။
အတွင်းစိတ် မဆုတ်မနစ် ကြိုးပမ်းမှုက သစ္စာစောင့်သိမှု၊ ယုံကြည်မှုတို့နှင့် များစွာ အချိုးကျသည်။ ဥပမာ ဆမ်မြူရယ်၏ စွမ်းအားက ဂူရာဒန်ထက် များစွာ နိမ့်ကျသော်လည်း ချန်လွေ့အပေါ် သူ၏ သစ္စာစောင့်သိမှုကို ခိုင်မာသော ယုံကြည်သူတစ်ဦး အဖြစ် ဖော်ပြနိုင်ပြီး သခင်အတွက် အသက်ကို တွန့်ဆုတ်ခြင်း မရှိဘဲ စတေးပေးနိုင်သည်။ ထိုသို့သော အရာက ဆမ်မြူရယ်ကို ‘သစ္စာစောင့်သိမှု’ ၏ စစ်မှန်သော အဓိပ္ပာယ်ကို ဆုပ်ကိုင်နိုင် စေခဲ့ပြီး ‘သစ္စာစောင့်သိမှု’ နှင့် ‘သစ္စာရှိခြင်း’ တာဝန်ခံသော နတ်ဘုရား ဖြစ်လာစေခဲ့သည်။
နှိုင်းယှဉ်ကြည့်လျှင် ဂူရာဒန်သည် ထိုစဉ် သခင်-လက်အောက်ခံ စာချုပ်သာ ချုပ်ဆိုရန် ဆန္ဒရှိခဲ့သည်။ ရှီယာနှင့် အိုဆိုင်ဒန်အကြား တိုက်ပွဲ၌ ကြီးမားသော အကျိုးပြုများကို ပြုလုပ်ခဲ့သော်လည်း လက်အောက်ခံခြင်း ဖြစ်ပြီး သစ္စာရှိခြင်း မဟုတ်ပေ။
ယခု တစ်ကြိမ်တွင် အလောင်း အောက်လမ်းပညာရှင်သည် လူတိုင်းနှင့် အတူ ဖရိုဖရဲသို့ ဝင်ရောက်ခဲ့သည်။ လေလွင့် ဝိညာဉ်များကို ဝါးမျိုခြင်း ဟူသော ‘ရွှေလက်ချောင်းများ’ အားကိုး၍ အဆင့်တူ ရန်သူများကို အဆက်မပြတ် ဝါးမျိုရင်း သူ၏စွမ်းအား တစ်ချက်တည်း တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။
ထိုအချိန်မှာပင် ဂူရာဒန် ချန်လွေ့ကို ရှာဖွေခဲ့သည်။
ချန်လွေ့က ဆက်ဆံရေး သိပ်မရှိသော လက်အောက်ငယ်သားက ရုတ်တရက် သီးသန့် အကြံဉာဏ် လာတောင်းသည့် အတွက် အံ့ဩသွားသည်။ ပို၍ပင် ထူးဆန်းသည်မှာ ဂူရာဒန် ပြောသော အကြောင်းအရာပင်။
“‘သေခြင်းတရားစွမ်းအားရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်လား။” ချန်လွေ့ အနည်းငယ် အံ့ဩသွား၏။
“ဟုတ်ပါတယ်။” ဂူရာဒန် ခေါင်းညိတ် လိုက်သည်။ “သခင့်ရဲ့ လက်ရှိ စွမ်းအားက လောကရဲ့ အထွတ်အထိပ် အဆင့်မှာ ရပ်တည်နေပါပြီ။ ကျုပ်ကို လမ်းညွှန်မှု တချို့ ပေးပါ။”
ချန်လွေ့ ခေါင်းခါသည်။ “ကျုပ်က တမင်တကာ ချန်ထားတာ မဟုတ်ဘူး။ ကျုပ်ရဲ့ စွမ်းအား လမ်းကြောင်းက သာမန် လူတွေနဲ့ မတူဘူး။ ‘သေခြင်းတရား’ အပေါ် ကျုပ်ရဲ့ နားလည်မှုကလည်း ခင်ဗျားလောက် မကောင်းဘူး။ ဒါကြောင့် ခင်ဗျားရဲ့ သံသယတွေကို ဘယ်လိုလုပ် ဖြေနိုင်မှာလဲ။”
“ကျုပ် မဒမ်-ဖိုက်သွန်ကို အရင်က မေးခဲ့တယ်။ မဒမ်-ဖိုက်သွန်က သခင်ပဲ ကျုပ်ကို ကူညီနိုင်မယ်လို့ ပြောခဲ့တယ်။”
“ဖိုက်သွန်...” ချန်လွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဖိုက်သွန်က ဂူရာဒန်ရဲ့ သစ္စာစောင့်သိမှုနဲ့ ကြယ်နှစ်ပွင့် တိုးမြှင့်မှုရဲ့ တိုးတက်မှုအပေါ် အမြဲတမ်း မကျေမနပ် ဖြစ်နေခဲ့တာ။ သူ့မှာ အခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေတာလား။
“တကယ်တော့...” ဂူရာဒန် ဦးညွှတ် လိုက်သည်။ “ကျုပ် တိုင်းပြည်အဆင့် အထွတ်အထိပ်အဆင့်ကို ရောက်တုန်းက နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းဖို့ စိတ်အားထက်သန်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနားလည် သဘောပေါက်မှုက ကျုပ်အတွက် နီးကပ်နေပြီ။ အရင် လေလွင့်ဝိညာဉ် အဖြစ်ကို ပြောင်းလဲပြီး လှည့်ကွက်တွေနဲ့ ရေတွက်လို့ မရနိုင်တဲ့ လေလွင့်ဝိညာဉ်တွေ စွမ်းအားကို ကျုပ် ဝါးမျိုခဲ့တယ်။ ပြီးတော့ ကျုပ်ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် ကနဦးပိုင်း အဆင့်ကနေ တိုင်းပြည်အဆင့် အထွတ်အထိပ်ကို တစ်ချက်တည်းနဲ့ ခုန်တက်သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ် ဝါးမျိုခဲ့တာက အပေါ်ယံ စွမ်းအားပဲ ဆိုတာကို မထင်ခဲ့ဘူး။ သေဆုံးသူတွေရဲ့ မသိစိတ် ဝိညာဉ်စွမ်းအား အကုန်လုံးက ကျုပ် ဝိညာဉ်ထဲမှာ တန့်နေကြတယ်။ စုပ်ယူလို့ မရရုံတင် မကဘူး။ ကျုပ်ရဲ့ ဝိညာဉ်ကိုလည်း အဆက်မပြတ် တိုက်စားပြီးတော့ ပိုင်းခြားနေတယ်။ ဒီအတိုင်းဆက်သွားရင် ကျုပ်ရဲ့ ဝိညာဉ် လုံးဝပျက်စီးပြီးတော့ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားတဲ့ စစ်မှန်တဲ့ လေလွင့် ဝိညာဉ် ဖြစ်သွားမှာ။ တစ်ခုတည်းသော နည်းက ‘သေခြင်းတရား’ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီး ဝါးမျိုခဲ့တဲ့ ဝိညာဉ်စွမ်းအားကို အသုံးချပြီး အကျပ်အတည်းကို လုံးဝဖြေရှင်းဖို့ပဲ။”
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။” ချန်လွေ့၏ မျက်ခုံးများ ပို၍ပင် တွန့်သွား၏။ ပုံမှန်အားဖြင့် အလောင်း အောက်လမ်းပညာရှင်က မသေနိုင်ပေ။ အသက်သေတ္တာထဲမှ ဝိညာဉ် အမြုတေ မပျက်စီးသရွေ့ ခန္ဓာ ပျက်စီးသွားလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ သို့သော် ယခု ဂူရာဒန်ကိုယ်တိုင်က သူ၏ ဝိညာဉ်တွင် တစ်ခုခု မှားနေကြောင်း ပြောနေသည်။ အသက်သေတ္တာကို လျှို့ဝှက်နေရာတွင် ဝှက်ထားလျှင်ပင် အသုံးမဝင်ပေ။
ဂူရာဒန်၏ ဝိညာဉ် ပျောက်သွားလျှင် အသက်သေတ္တာလည်း အလိုအလျောက် ပျက်စီးသွားမည် ဖြစ်ပြီး တိုင်းပြည်အဆင့် အထွတ်အထိပ် မသိစိတ်ခန္ဓာ တစ်ခုသာ ကျန်ရစ်မည် ဖြစ်သည်။ ထိုအရာမှာ ကြောက်မက်ဖွယ် မိုးပျံနယ်မြေမှ အခြား လေလွင့်ဝိညာဉ်များနှင့် မခြားပေ။
သို့ဖြင့် ဂူရာဒန်က ဖိုက်သွန်ထံမှ လမ်းညွှန်ချက်တစ်ခု ရရှိပြီးနောက်တွင် ချန်လွေ့ထံသို့ အကြံဉာဏ် တောင်းရန် ချက်ချင်း ချဉ်းကပ်ခဲ့သည်။
“အမှန်ပြောရရင် သေခြင်းတရား လမ်းစဉ်က ကျုပ်အတွက် မရင်းနှီးတဲ့ နယ်ပယ်တစ်ခု ဖြစ်ပြီး ကျုပ်မှာရှိတာက ပျက်စီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားပဲ။” ဖျော့တော့သော အလင်းတန်းတစ်ခုက ချန်လွေ့၏ လက်ထဲတွင် ပေါ်လာပြီး ဂူရာဒန်သည် အေးစက်ပြီး သန့်စင်သော ပျက်စီးခြင်း စွမ်းအားကို ရှင်းလင်းစွာ အာရုံခံနိုင်လေသည်။ “ဒါပေမဲ့ ဂူရာဒန် ခင်ဗျား ကောင်းကောင်း သိသင့်တယ်။ မသေမျိုး စွမ်းအားကို ပိုင်ဆိုင်တဲ့ အလောင်းကောင် အောက်လမ်းပညာရှင် တစ်ဦးရဲ့ အသိအမြင် ရှုထောင့်ကနေ ကြည့်ရင် ‘ပျက်စီးခြင်း’ နဲ့ ‘သေခြင်း’ က လုံးဝကွဲပြားတဲ့ သဘောတရား နှစ်ခုပဲ။”
“သခင်ရဲ့ လမ်းညွှန်မှုက ကျုပ်ကို အဲဒီတုန်းက ဉာဏ်အလင်း ပွင့်မှုတွေ အများကြီး ပေးခဲ့ပါတယ်။” ဂူရာဒန် ခေါင်းခါလိုက်သည်။ “မဒမ်-ဖိုက်သွန်က သူတောင် ဘာမှမလုပ်နိုင်ဘူး ပြောတယ်။ သခင်ကပဲ ကျုပ်ကို ‘သေခြင်းတရား’ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်အောင် လုပ်ပေးနိုင်မှာပါ။”
ချန်လွေ့က စဉ်းစားနေလေသည်။ ဖိုက်သွန်ရဲ့ ရည်ရွယ်ချက် ဘာပဲဖြစ်ဖြစ် ဒါက ငါ့ကို ပြဿနာကြီးတစ်ခု တကယ် ပေးတာပဲ။
ဂူရာဒန်၏ စစ်မှန်သော တန်ဖိုးမှာ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ သူ၏ အထူး အရည်အချင်း ဖြစ်သည်။ အထူးချွန်ဆုံး မသေမျိုး မှော်ပညာရှင်၊ မသေမျိုး အလောင်း အောက်လမ်းပညာရှင် အနေဖြင့် ဂူရာဒန်က ကြီးမားသော မသေမျိုး ဗိုလ်ခြေကို ထိန်းချုပ်နိုင်ပြီး အနာဂတ်အစီအစဉ်များတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ သူသည် သစ္စာစောင့်သိမှု စဉ်းစားစရာ မလိုဘဲ အလွယ်တကူ စွန့်လွှတ်၍ မရသော လက်အောက်ငယ်သား တစ်ဦးပင်။
ဂူရာဒန်၏ လက်ရှိ အခြေအနေမှာ မိုးထိအောင် မြင့်နေသော စွမ်းအားကို မမီနိုင်သော ကိုယ်ပိုင် အခြေအနေနှင့် ဝိညာဉ်စွမ်းအားနှင့် အနည်းငယ် တူ၏။ အရေးအကြီးဆုံးမှာ သူ ဝါးမျိုခဲ့သော လေလွင့် ဝိညာဉ်များ၏ စွမ်းအားက ဂူရာဒန်၏ ဝိညာဉ်ကို အချိန်မရွေး ‘ပေါက်ကွဲ’စေနိုင်ခြင်းပင်။ ၎င်းမှာ သိုင်းဝတ္ထုများမှ အတွင်းအား မရှိသော သာမန်လူတစ်ဦးကဲ့သို့ဖြစ်ပြီး ရုတ်တရက် ဆယ်စုနှစ်များစွာကြာ အတွင်းအားကို ထည့်သွင်းခြင်း ခံလိုက်ရကာ ၎င်းကို စီးဆင်းစေရန်နှင့် အသက်သွင်းရန် သက်ဆိုင်ရာ နည်းလမ်းမရှိဘဲ တစ်နေ့ ပေါက်ကွဲ၍ သေဆုံးသွားရမည်မှာ အံ့ဩစရာမရှိပေ။
ထို့ကြောင့် ဂူရာဒန် အလိုအပ်ဆုံး အရာမှာ လက်ရှိနှင့် ကိုက်ညီသော ‘နည်းလမ်း’ပင် ဖြစ်သည်။ အကယ်၍ သူသည် ‘သေခြင်းတရား၏စစ်မှန်သော အဓိပ္ပာယ်’ ဟူသော အရာကို နားလည် သဘောပေါက်နိုင်ပါက သူ ထိုမသိစိတ် ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ရုံသာမက စွမ်းအားသည်လည်း ပိုမိုမြင့်မားသော အဆင့်သို့ တိုးတက်နိုင်ပေသည်။
ပြဿနာမှာ ချန်လွေ့ ကိုယ်တိုင်က မသေမျိုး စွမ်းအားအကြောင်း ဘာကိုမှ မသိခြင်းပင်။ ထိုစဉ်က ဂူရာဒန်ကို လှည့်စားခဲ့သော ‘ရှေးအမွေအနှစ်’မှာ အမှန်တကယ်တွင် အခြားဂိမ်း အချို့မှ ခိုးယူထားခြင်း ဖြစ်သည်။
ချန်လွေ့ စဉ်းစားနေသော အမူအရာကို မြင်ရာ ဂူရာဒန်သည် ကြားဖြတ်ရန် အသံမပြုဘဲ လေးစားစွာဖြင့် အချိန် အကြာကြီး ရပ်နေပြီးမှ ချန်လွေ့က စကားစလိုက်သည်။ “ခင်ဗျားကို သေခြင်းတရား စွမ်းအားကို နားလည် သဘောပေါက်စေဖို့ နည်းလမ်း တစ်ခုပဲ စဉ်းစားမိတယ်။”
ဂူရာဒန် အလွန် ဝမ်းမြောက်သွားပြီး အလျင်အမြန် မေးလိုက်လေသည်။ “ဘယ်လိုနည်းလမ်းများလဲ။”
“ကျုပ်မှာ ပျက်စီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားတင် မကဘူး။ ဖန်တီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားလည်း ရှိတယ်။” ချန်လွေ့၏ လက်များတွင် ပျက်စီးခြင်း ဇစ်မြစ်နှင့် လုံးဝကွဲပြားသော စွမ်းအား အငွေ့အသက် တစ်ခုကို ပြသခဲ့သည်၊ “ဖန်တီးခြင်း ဇစ်မြစ်ကို နားလည် သဘောပေါက်ဖို့က ကျုပ်အတွက် ပျက်စီးခြင်း ဇစ်မြစ်ထက် အများကြီး ပိုခက်ခဲ့တယ်။ အထူးသဖြင့် အစပိုင်း အဆင့်မှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ မတူညီတဲ့ နည်းလမ်းကို သုံးပြီး အရေးကြီးတဲ့ ခြေလှမ်း တစ်လှမ်းကို လှမ်းခဲ့တယ်။ အဲဒါကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပျက်စီးခြင်း ဇစ်မြစ်နဲ့ ဖန်တီးခြင်းကို နားလည် သဘောပေါက်ဖို့ပဲ! နတ်ဘုရားနဲ့ အနီးစပ်ဆုံးလို့ သတ်မှတ်ခံရတဲ့ စေတန်လည်း ဒီလိုပြောင်းပြန် နားလည် သဘောပေါက်မှုကို ကြိုးစားခဲ့ဖူးပြီးတော့ ဖန်ဆင်းခြင်း ဇစ်မြစ်ကနေ တစ်ဆင့် ပျက်စီးခြင်း ဇစ်မြစ်ကို နားလည် သဘောပေါက်ခဲ့တယ်။”
ဂူရာဒန်သည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သောကြောင့် သူက ၎င်းကို နားလည်ပေသည်။ “သခင် ဆိုလိုတာက ‘သေခြင်းစွမ်းအား’ကို ‘အသက်စွမ်းအား’ ကနေ နားလည်သဘောပေါက်ဖို့လား။”
“‘သေခြင်းတရား’လမ်းကို တည့်တည့် သွားဖို့တော့ ခင်ဗျားကို ပိုပြီးမပေးနိုင်ဘူး။ ဒါပေမဲ့ ‘အသက်’အတွက်တော့ ကျုပ်မှာ နည်းလမ်းတချို့ ရှိတယ်။” ချန်လွေ့၏ လက်ထဲမှ ဖန်တီးခြင်း ဇစ်မြစ်နှင့် ပျက်စီးခြင်း ဇစ်မြစ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အသက်စွမ်းအား ပြည့်နေသော အနက်ရောင်မီးတောက် တစ်ခုဖြင့် အစားထိုးသွားသည်။ ထိုသို့ အသက်စွမ်းအားသည် ဂူရာဒန်အား ပြင်းထန်သော အကျပ်အတည်းအာရုံကို ပေးနေသည်။ နိဗ္ဗာန်စွမ်းအား။ ၎င်းမှာ မသေမျိုးတို့၏ ဝိပါက်ပင်။
တစ်ချိန်တည်းမှာပင် ကြည်လင်သော အဖြူရောင် သရဖူတစ်ခု ချန်လွေ့၏ ခေါင်းပေါ်တွင် ပေါ်လာခဲ့လေသည်။ ထုတ်လွှတ်နေသော ကောင်းကင် အငွေ့အသက်က ဂူရာဒန်၏ ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။
[ကောင်းကင်ကုသ]။ ပြင်းထန်သော ဒဏ်ရာအမျိုးမျိုးကို ကုသနိုင်သည့် အစွမ်း အထက်ဆုံး ကုသခြင်း ဖြစ်ပြီး ၎င်းသည် သေလုနီးပါးဖြစ်နေသူကို ပြန်လည်၍ ရှင်သန်စေနိုင်သော်လည်း မသေမျိုးတို့ အတွက်မူ ၎င်းကို ဂူရာဒန်အပေါ်တွင် အသက်သွင်းပါက သေစေနိုင်သော ဓားတစ်စင်းထက် မနိမ့်ကျလှပေ။
“ဂူရာဒန်။ ဒီစွမ်းအား နှစ်ခုစလုံးက အသက်အန္တရာယ်ကို ဖြစ်စေနိုင်တယ်။ သေလုနီးပါး အခြေအနေလို့ ပြောလို့ ရနိုင်တယ်။ ခင်ဗျား သေသေချာချာ စဉ်းစားပြီးပြီလား။”
အလောင်း အောက်လမ်းပညာရှင်က ခဏတာ တိတ်ဆိတ်နေပြီးမှ စကားကို စလိုက်သည်။ “ကျုပ်ဝိညာဉ်ကို ဆုံးရှုံးပြီး မသိစိတ်နဲ့ လေလွင့်ဝိညာဉ် ဖြစ်လာမယ့် အစား အသိစိတ်ရှိတုန်းမှာ သေဆုံးမယ့် နည်းလမ်း တစ်ခုကို ရွေးချယ်လိုက်တာ ပိုကောင်းတယ်။ ပြီးတော့ ဒီလမ်းက သေရေးရှင်ရေးပေမယ့် အသက်ရှင်မယ့် လမ်းတစ်ခု ရှိနေသေးတယ်။ အဲဒီ မတိုင်ခင်မှာ ကျေးဇူးပြုပြီး ကျုပ်အတွက် ပစ္စည်းတစ်ခုကို ထိန်းသိမ်းပေးပါ။”
ချန်လွေ့က အလောင်း အောက်လမ်း ပညာရှင်မှ လွှဲပေးသော သေတ္တာ တစ်လုံးကို ကြည့်လိုက်သည်။ သူသည် ထိုထဲမှ ဝိညာဉ်တုန်ခါမှုများကို ခံစားမိရာ အံ့အားသင့်သွား၏။ “ဒါက...”
“ကျုပ်ရဲ့ အသက်သေတ္တာပါ။”
အလောင်း အောက်လမ်းပညာရှင်တွင် သွေးသားမရှိဘဲ ယာယီခန္ဓာကိုယ် တစ်ခု ရှိသည်။ သူတို့က ယေဘုယျအားဖြင့် ဝိညာဉ် အမြုတေကို ထည့်စရာ တစ်မျိုးမျိုးတွင် သိမ်းဆည်းထားကြ၏။ ဝိညာဉ် အမြုတေ မသေဆုံးသရွေ့ သူတို့ ခန္ဓာကိုယ်များကို အသုံးပြု၍ အဆုံးမဲ့ ပြန်လည်၍ ရှင်သန်နိုင်သည်။ ထိုသို့ ဝိညာဉ်ထည့်စရာကို အသက်သေတ္တာ ဟူ၍လည်း ခေါ်ကြသည်။
အသက် သေတ္တာကို မဖယ်ရှားဘဲ အလောင်း အောက်လမ်းပညာရှင်သည် လက်ရှိ ဝိညာဉ် အကျပ်အတည်းနှင့် ကြုံတွေ့ရလျှင် မည်သို့မှ ပျက်စီးမည် မဟုတ်ပေ။
ဂူရာဒန်က ချန်လွေ့အား အသက် သေတ္တာကို ထိန်းသိမ်းခိုင်းခြင်းမှာ သူ၏ အသက်ကို ပေးအပ်လိုက်ခြင်းပင်။
“တကယ်တော့ ဒါက သစ္စာစောင့်သိမှု ဒါမှမဟုတ် ဘာနဲ့မှမဆိုင်ပါဘူး။” ဂူရာဒန် သက်ပြင်းချလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီသေတ္တာက အချိန်မရွေး အသုံးမဝင်တဲ့ အရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။”
ဂူရာဒန်က သေခြင်းတရား စွမ်းအား၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်လျှင် သူ၏ ဝိညာဉ်က လေလွင့်ဝိညာဉ်များ၏ မျိုချခြင်းကို ခံရမည်ဖြစ်ပြီး မိမိကိုယ်ကို လုံးဝ ဆုံးရှုံးသွားကာ အသက်သေတ္တာကို အဓိပ္ပာယ်မဲ့သွားစေလိမ့်မည်။
“နားလည်ပြီ။ ခင်ဗျား အသိအမှတ် ပြုတဲ့ ‘သစ္စာစောင့်သိမှု’က တကယ်တော့ စွမ်းအား သက်သက်ပဲ။ အင်အားကြီးကို လက်နက်ချတာ။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်ပြီး အသက်သေတ္တာက သူ၏ လက်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ အသက် သေတ္တာတွင် အချို့သော ဝိညာဉ် စွမ်းအားရှိသော်လည်း ၎င်းမှာ စစ်မှန်သော သက်ရှိမျိုး မဟုတ်နေရာ သိုလှောင်ဂိုဒေါင်တွင် ၎င်းကို သိမ်းဆည်း နိုင်သည်။ “ဒါပေမဲ့ ခင်ဗျားရဲ့ဝန်ခံမှုကို တန်ဖိုးထားတယ်။ အသက်သေတ္တာကို ကျုပ် လက်ခံတယ်။ ခင်ဗျား အဆင်သင့် ဖြစ်တဲ့အခါ ခင်ဗျားကို သေခြင်းတရား စွမ်းအား နားလည်သဘောပေါက်အောင် ကူညီပေးမယ်။ တကယ်လို့ ခင်ဗျား တကယ် မခံနိုင်တော့ဘဲ ပျက်စီးသွားခဲ့ရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးပြီး လေလွင့်ဝိညာဉ် ဖြစ်သွားခဲ့ရင် ကျုပ် ခင်ဗျားကို ဒါမှမဟုတ် ခင်ဗျားရဲ့ အသက် သေတ္တာကို ကိုယ်တိုင် မြှုပ်ပေးမယ်။”
“ကျေးဇူးပါ။ သခင်။” အလောင်း အောက်လမ်းပညာရှင်က လေးစားသော အမူအရာကို ပြသခဲ့ပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်၏။ ၎င်းမှာ ကြယ်အပ်နှင်း စင်မြင့် ‘ဧကရာဇ်အဟန့်အတား’ ကြောင့် ဖြစ်ပေါ်လာသော အပြုအမူ မဟုတ်ဘဲ စိတ်ရင်းမှန်ဖြင့် လေးစားမှုကြောင့်သာ ဖြစ်လေသည်။