ကပ်ရောဂါ
Vol. 73 Ch. 1154
စူပါစနစ်မှ ထွက်လာသော ချန်လွေ့က ရုတ်တရက် ထရပ်လိုက်ရာ ညစာစားပွဲကို ပျော်ရွှင်စွာ ခံစားနေသော လူတိုင်းကို အံ့ဩသွားစေသည်။
“ပါ့ဂ်လီအို ကျုပ် နောက်ကို ချက်ချင်း လိုက်ခဲ့။”
“ဘာဖြစ်တာလဲ။” အသီနာက စိုးရိမ်တကြီး မေးလိုက်သည်။
“ဇိုလာနဲ့ ဖိုက်သွန်က အင်အားကြီးတဲ့ ရန်သူ တစ်ယောက်နဲ့ တွေ့နေတယ်။ ပြီးတော့ ဖိုက်သွန်က ပါ့ဂ်လီအိုကို ကိုယ်နဲ့ အတူ လိုက်လာစေချင်တယ်။”
ငါ့ကိုလား။ ပါ့ဂ်လီအိုက သူ့နှာခေါင်းကို အံ့အားသင့်စွာ လက်ညှိုးထိုးလိုက်သည်။ ဖိုက်သွန်တောင် ‘အင်အားကြီးရန်သူ’ကို မကိုင်တွယ်နိုင်ရင် ငါ ဘာလုပ်လို့ရမှာလဲ။ အဲဒီမဒမ်က ငါ့ကို နောက်တစ်ခါ အရူးလုပ်ဖို့ ကြံနေတာလား...
ဆရာသခင် အဆိပ်နဂါး ခေါင်းကိုက် သွားသော်လည်း ချန်လွေ့၏ အမူအရာကို ကြည့်ရသည်မှာ ၎င်းက လေးနက်ပြီး နောက်ပြောင်ခြင်း မဟုတ်ကြောင်းကို မြင်တွေ့နိုင်ရာ ပါ့ဂ်လီအို တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်းပင် ထရပ်လိုက်သည်။ “သွားကြမယ်။”
“ဂရုစိုက်ဦး။” အသံများ တစ်ချိန်တည်း ထွက်ပေါ်လာခဲ့ကြသည်။ အသီနာနှင့် အခြားသူများသာမက ခရိုဘဲလက်စ်လည်း ပါဝင်သည်။
“အင်းပါ။” ချန်လွေ့ ခေါင်းညိတ်ပြီး အသီနာကို ပြောလိုက်၏။ “ကိုယ့်အတွက် အဲလစ်ကို ပြောပေးဦးနော်။”
အလင်းတန်းတစ်ခု လက်သွားခဲ့ပြီး ပါ့ဂ်လီအိုက ကျက်သရေမျှော်စင်၏ နေရာလွတ်ထဲသို့ ဝင်ရောက်သွားကာ [ကြယ်ဂိတ်]သည် တစ်ချိန်တည်းတွင် ချန်လွေ့၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့ နှစ်ဦးစလုံးက နေရာတွင်ပင် ပျောက်ကွယ်သွားခဲ့ကြသည်။
ထိုမြင်ကွင်းက အဝေးရှိ မီးဖိုချောင် တံခါးဝမှ အဲလစ်ကို မှင်တက် သွားစေသည်။ အိုးထဲတွင် ပေါင်းနေဆဲ ဖြစ်သော ငါးကို ကြည့်ရင်း သူက နှုတ်ခမ်း စူလိုက်မိသည်။ သို့သော် နောက်ဆုံး စကားကို ကြားလိုက်ရာ မင်းသမီးလေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်တစ်ခါ ပြုံးလိုက်ပြန်သည်။ အစ်ကို့ရဲ့ စိတ်ထဲမှာ ငါ ရှိနေသေးတာပဲ။
သွေးရောင်အင်ပါယာ နန်းတော်တွင် ဖျော့တော့တော့ ကြယ်အလင်းနှင့်အတူ နေရာလွတ် တံခါးတစ်ခု ပွင့်လာပြီး ချန်လွေ့က ပျံထွက်လာခဲ့သည်။
ဖိုက်သွန်၏ ယခင်လုပ်ရပ် အရဆိုလျှင် တိုက်ပွဲအခြေအနေ အလွန်ပင် အရေးကြီး နေသင့်ရာ ချန်လွေ့က တစ်ဖနီကို သွားမတွေ့ဘဲ မူလ ယန္တရား အစည်းအရုံး အဆောက်အအုံအထက်သို့ တိုက်ရိုက် ရွှေ့ပြောင်းသွားခဲ့သည်။
လွန်ခဲ့သော ၃နှစ်က ဆာရီရယ်နှင့် တိုက်ပွဲအတွင်း အနီးအနားမှ သာမန် လူများကို အနှောင့်အယှက် မဖြစ်စေရန် ယန္တရားအစည်းအရုံးကို နေရာသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ ဆာရီရယ်၏ တိုင်းပြည်ငယ်ရှိရာ စာအုပ်ပေါင်းချုပ် ခန်းမအပါအဝင် မူလ အဆောက်အအုံ အားလုံးက တစ်ဖနီ၏ အထူးအမိန့် အောက်တွင် သီးခြား ခွဲထုတ်ခြင်း ခံခဲ့ရသည်။
နောက်ပိုင်း ဖိုက်သွန်က ဆာရီရယ်၏ [လတိုင်းပြည်]ကို ဝါးမျိုခဲ့ပြီး ၎င်းကို နှစ်များတလျှောက် တိုးတက်အောင် ပြန်လည် တည်ဆောက်ကာ မူလ စာအုပ်ပေါင်းချုပ် ခန်းမ၏ စတုတ္ထထပ်ကို ပြီးပြည့်စုံစွာ အစားထိုးခဲ့ရာ ယန္တရား အစည်းအရုံး၏ နေရာဟောင်းကို ယခု အချိန်အထိ သီးခြားခွဲထုတ်ထားဆဲပင်။ စာအုပ်ပေါင်းချုပ်ခန်းမအသစ်၏ စတုတ္ထထပ်ကို လုံးဝ မဖွင့်လှစ်ခဲ့ပေ။
ချန်လွေ့ သိရသလောက်ဆိုလျှင် သူက မိသားစုနှင့် မိတ်ဆွေများကို အထူး လေ့ကျင့်ရန်အတွက် ကြောက်မက်ဖွယ် မိုးပျံနယ်မြေသို့ ခေါ်ဆောင်သွားသည့် ကာလအတွင်း ဖိုက်သွန် တည်ဆောက်ခဲ့သော စာအုပ်ပေါင်းချုပ် ခန်းမ၏ စတုတ္ထထပ်မှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူက တိုင်းပြည်ငယ် တစ်ခုလုံးကို နေရာသစ်သို့ လွှဲပြောင်းရန် စီစဉ်နေခဲ့သည်။ မမျှော်လင့်ဘဲ ထိုသို့ အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည်။
ထိုနေရာမှ အောက်သို့ ငုံ့ကြည့်လျှင် အနီးအနားတွင် ထူးဆန်းသော စွမ်းအား အငွေ့အသက်တစ်ခု ပြန့်ကျဲနေ၏။ ချန်လွေ့ကိုယ်တိုင် ယခင်က စီစဉ်ခဲ့သော ရှေးမှော်စာ အကာအကွယ် မှော်စက်ဝိုင်း များပင်လျှင် ကျိုးပဲ့နေပုံရသည်။ ထိုသို့ အထူးစွမ်းအားအငွေ့အသက်က မှော်စာ အခင်းအကျင်း၏ အကာအကွယ် စွမ်းအားကို အားနည်းသွားစေပုံရသည်။
ထိုအရာမှာ ဖိုက်သွန်၏ [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်] မှ လျှံထွက်နေသော လက်ကျန် စွမ်းအား အငွေ့အသက်သာ ဖြစ်သည်။ ထိုကျန်ရစ်သော စွမ်းအား အငွေ့အသက်ကို ကြည့်ရုံဖြင့် ရန်သူ၏ ခွန်အားက ဖိုက်သွန်ထက် မည်သို့မျှ မနိမ့်ကျနိုင်ပေ!
ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီးနောက် ပါ့ဂ်လီအိုကို မလွှတ်ဘဲ စာအုပ်ပေါင်းချုပ် ခန်းမသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
စာအုပ်ပေါင်းချုပ်ခန်းမ အဆောက်အအုံသည် ဆိုးရွားစွာ ပျက်စီးနေလေပြီ။ သူ ပိုနီးကပ်လေလေ စွမ်းအား အငွေ့အသက် ပိုမို၍ ပြင်းထန်လေလေ ဖြစ်သည်။ ချန်လွေ့ ချဉ်းကပ်လာရာ စူပါစနစ်က သေစေနိုင်သော အဆိပ်အကြောင်းကို သတိပေးပြီး ဖြစ်သည်။ ချန်လွေ့က မျက်မှောင်ကြုတ်ပြီး စာအုပ်ပေါင်းချုပ် ခန်းမထဲသို့ အရှိန်မြှင့် ဝင်သွားခဲ့သည်။
သူ ဖိုက်သွန်၏ [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်]သို့ သွားသည်မှာ ယခုက ပထမဆုံးအကြိမ် မဟုတ်ပေ။ ခရီးစဉ်က အလွန် လျင်မြန်သော်လည်း တိုင်းပြည်၏ အပြင်ဘက် နေရာလွတ် အပါအဝင် ရေတွက်၍ မရနိုင်သော ပျက်စီးခြင်း ခြေရာလက်ရာများကို ဘေးအမြင်ဖြင့် မြင်နိုင်သေး၏။ မျက်စိတစ်မှိတ် အတွင်း ချန်လွေ့က [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်]ထဲ ဝင်ရောက်သွားခဲ့လေပြီ။
[ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်] ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ချန်လွေ့က ထိုတိုင်းပြည်ငယ်၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းတွေ့လိုက်သည်။
ဖိုက်သွန်၏ [ကြမ္မာဆိုးကပ်ဘေး တိုင်းပြည်]၏ တစ်စိတ်တစ်ပိုင်းမှာ ရွှံ့နွံ ဖြစ်သည်။ မြေကြီးက အနက်ရောင် ဖြစ်သော်လည်း အတွင်း၌ တက်ကြွသော အသက်စွမ်းအား ရှိသည်။ သို့သော်လည်း ချန်လွေ့က ယခုအခါ သက်မဲ့ဖြစ်နေသလို ခံစားလိုက်ရသည်။ ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ ၎င်းက အပြာနက်ရောင် ဖုံးလွှမ်းနေပြီး လူများကို ထူးထူးခြားခြား စိတ်ဓာတ်ကျစေသည်။
စူပါစနစ်မှ အဆက်မပြတ် သတိပေးမှုများနှင့်အတူ ချန်လွေ့၏ နှလုံးသား နစ်မွန်းသွားသည်။ ဖိုက်သွန်၏ စွမ်းအားဖြင့် [ကြမ္မာဆိုးကပ်ဘေး တိုင်းပြည်]သည် အမှန်တကယ် အထူး စွမ်းအား တစ်ခုဖြင့် ညစ်ညမ်းခြင်း ခံနေရသည်။ ထိုအရာမှာ ရောက်ရှိလာသူ မည်မျှ ခြိမ်းခြောက်မှု ရှိကြောင်းကို ပြသနေသည်။ အရိပ်လေပြေ ဖိနပ်က သူ၏ ခြေထောက်အောက် ပေါ်လာပြီး အရှိန် နောက်တစ်ကြိမ် မြှင့်သွားခဲ့သည်။
ခဏတာ ပျံသန်းပြီးနောက် သူက နောက်ဆုံးတွင် တစ်စုံတစ်ခုကို အာရုံ ခံမိလိုက်သည်။ စူပါစနစ်၏ အမြင့်ဆုံး ထိန်းချုပ်သူ အနေဖြင့် အကွာအဝေး တစ်ခုအတွင်း၌ ချန်လွေ့က ကွင်းဆက် ချိတ်ဆက်ထားသူ၏ တည်ရှိမှုနှင့် လှုပ်ရှားမှုကို အာရုံခံနိုင်သည်။ သူက အာရုံခံစားမှု၏ လားရာသို့ ချက်ချင်းပင် ပျံသန်းသွားလိုက်သည်။
ရှေ့မှ ဖိနှိပ်မှု စွမ်းအားက ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ဇစ်မြစ်မှာ အဝေးရှိ ကောင်းကင်၌ ဆိုင်းငံ့နေသော အပြာနက် အရာတစ်ခုဖြစ်ပြီး ၎င်းမှာ အမှန်တွင် သလင်းကျောက်ပုံစံ လှောင်အိမ် ဖြစ်၏။ လှောင်အိမ်ထဲမှ သတိလစ်နေသူမှာ နတ်မိမယ်နဂါး ဇိုလာပင်!
ချန်လွေ့က ချက်ချင်းပင် ရှေ့သို့ ပျံသန်းသွားခဲ့သည်။ သူက အနားသို့ မကပ်နိုင်ခင်မှာပင် ထူးဆန်းသော အပြာနက်ရောင်ဖြင့် ညစ်ညမ်းခြင်း ခံလိုက်ရပြီးနောက်တွင် ဧရာမအင်အား တစ်ခုကြောင့် တွန်းလှန်ခြင်းခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် တိုက်စားသော စွမ်းအားလှိုင်းများက ခန္ဓာနှင့်ဝိညာဉ်ကို အလျင်အမြန် ကျူးကျော်လာခဲ့သည်။ အရှိန်အဝါပဲ!
အတွေး တစ်ချက်ဖြင့် ချန်လွေ့က [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း]ကို ချက်ချင်း အသက်သွင်းလိုက်ရာ ခုခံမှု ချက်ချင်းပင် အားနည်းသွားခဲ့သည်။ သို့သော် အပြာနက် သလင်းကျောက် လှောင်အိမ်က သက်ရှိအရာ တစ်ခုခုနှင့် တူပုံရသည်။ ချန်လွေ့က ဖိအားကို ခုခံရင်း ပို၍ ချဉ်းကပ်လေလေ ၎င်းသည် စွမ်းအားများကို ပို၍ စုစည်းလာလေလေ ဖြစ်နေသည်။ အတွင်းမှ ဇိုလာက နာကျင်သည့် အမူအရာကို ခပ်ရေးရေး ပြသနေခဲ့သည်။
ထိုအခြေအနေက ချန်လွေ့ကို အံ့ဩသွားစေသည်။ သူက လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ ထိုအရှိန်အဝါရှိ အထူးစွမ်းအားအငွေ့အသက်ကို ခံစားရင်း သူက ဖိုက်သွန်၏ ယခင်စကားများကို တွေးမိလိုက်သည်။ သူက ပါ့ဂ်လီအိုကို ကျက်သရေမျှော်စင်မှ ချက်ချင်း ထုတ်လိုက်သည်။
ပါ့ဂ်လီအို ကျက်သရေမျှော်စင်မှ ထွက်လာသည်နှင့် ထူးဆန်းသော အပြာနက် အငွေ့အသက်ကို ချက်ချင်း ခံစားမိပြီး လွှတ်ခနဲ ပြောလိုက်သည်။ “ကပ်ရောဂါစွမ်းအား!”
ချန်လွေ့က ဖိုက်သွန် ပါ့ဂ်လီအိုကို အထူး ခေါ်ဆောင်ရန် ပြောခဲ့သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
ပါ့ဂ်လီအိုက လှောင်အိမ်ပတ်လည်မှ အခြေအနေကို ကြည့်လိုက်သည်။ “အတော်လေးကို သန့်စင်တဲ့ ကပ်ရောဂါ စွမ်းအားပဲ။ ဒါက နတ်ဘုရား-ယောင်ရဲ့ အမြင့်ဆုံးအဆင့် ရောက်နေလောက်ပြီ။ ပြီးတော့ ဒီလှောင်အိမ် ဖွဲ့စည်းပုံကလည်း တော်တော်လေး ဒုက္ခပေးတယ်။ ငါတို့ အပြင်က အတင်းအကျပ် ညှစ်ထုတ်ရင် ဒါမှမဟုတ် တိုက်ခိုက်ရင် ကပ်ရောဂါ စွမ်းအားက နှစ်ဆ ပေါက်ကွဲသွားမှာ။”
ပါ့ဂ်လီအို၏ စကားများက ချန်လွေ့ကို ချွေးစေး ပြန်သွားစေ၏။ ကံကောင်းစွာပင် ခုနက သူ လှောင်အိမ်ကို အတင်းအကျပ် ချိုးဖျက်ရန် မကြိုးစားခဲ့ပေ။ “ဇိုလာကို ကယ်ဖို့ နည်းလမ်းရှိလား။”
“အကယ်၍ ဒါက တခြား နတ်ဘုရား-ယောင်ရဲ့ စွမ်းအားဆိုရင်တော့ ငါ လုံးဝ မကူညီနိုင်ဘူး။ ဒီကပ်ရောဂါ စွမ်းအား အတွက်တော့... ငါက ‘ကပ်ရောဂါ နတ်ဘုရား’လေ။” အဆိပ်နဂါးက သူ၏ ပခုံးများကို တွန့်လိုက်သည်။ “ဖိုက်သွန်ကို သွားရှာလိုက်။ သူ့ကို ငါ့ဆီထားခဲ့။”
ပါ့ဂ်လီအို ထိုသို့ ပြောလိုက်ပြီးနောက် ကြယ်ချပ်ကာကို ဝတ်ဆင်ပြီးဖြစ်သည်။ လှပသော ချပ်ကာက ငွေရောင်နှင့် မြစိမ်းရောင်အလင်း ရောယှက်နေ၏။ ကြယ်အလင်းရောင်များက သူ၏ကိုယ် ပတ်လည်တွင် ပေါ်လာလေသည်။ အဆိပ်နဂါးက သူ၏ လက်များဖြင့် လျှို့ဝှက် ဆန်းကြယ်သော လမ်းကြောင်း တစ်ခုကို ရေးဆွဲလိုက်သည်။ တောက်ပ နေသောကြယ်များက ထူးခြားသော နက္ခတ်တာရာတစ်ခုကို ဖျော့တော့စွာ ဖွဲ့စည်းထားသည်။ ထို‘နက္ခတ်တာရာ’၏ အလင်းအောက်တွင် ဇိုလာ၏ အပြာနက် လှောင်အိမ်က အနည်းငယ် ပါးလာသည်။ နေရာလွတ်ထဲမှ အပြာနက်သည်လည်း လျင်မြန်စွာ မှေးမှိန်စ ပြုလာသည်။
ချန်လွေ့က သက်ပြင်းချလိုက်သည်။ သူ လက်ခနဲ ဖြစ်သွားကာ လျှပ်စီးကြောင်း တစ်ခုအဖြစ်သို့ ပျောက်ကွယ်သွား၏။
[ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]သည် ကြီးမားလှသော်လည်း [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း] စွမ်းအားနှင့် အရိပ်လေပြေဖိနပ်၏ အမြန်နှုန်းကြောင့် များများစားစား အချိန် မယူခဲ့ရပေ။ သို့သော် သူက အကြိမ်ကြိမ် ရှေ့နောက် သွားလာခဲ့သော်လည်း သူ ဖိုက်သွန်ကို အာရုံမခံမိခဲ့ပေ။ သူက မြေပြင်ပေါ်မှ လွန်ကဲသော ပျက်စီးခြင်း ခြေရာလက်ရာ များကိုသာ မြင်ခဲ့ရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခုကို ညွှန်ပြနေလေသည်။ တိုင်းပြည် တစ်ခုလုံး၏ အသက်က ပျောက်ကွယ်သွားပုံရသည်။
ချန်လွေ့က တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်၏။ ဖိုက်သွန်ထံမှ သတင်းကို လက်ခံရရှိပြီးနောက် သူက အရှိန်အမြန်ဆုံး ရောက်လာခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျနေသေးသည်။
ဖိုက်သွန်၏ စွမ်းအားက ယခုအခါ မိုက်ကယ်နှင့် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ ထိုနေရာမှာ သူ၏ ‘အိမ်ကွင်း’ ဖြစ်ပြီး ဇိုလာ၏အကူအညီ ရှိသေးသော်လည်း ၎င်းမှာ ထိုကဲ့သို့ အတိုင်းအတာအထိ ပျက်စီးသွားခဲ့သည်။ သူ ချန်လွေ့ထံသို့ပင် အကူအညီတောင်းခဲ့ရသည်။ ထိုအရာမှာ ရန်သူ သို့မဟုတ် ရန်သူများ၏ စွမ်းအားကို ပြသနေလေသည်။
ကောင်းကင်တမန် သုံးပါးလား။
မဖြစ်နိုင်ဘူး။ ကောင်းကင်တမန်သုံးပါး နတ်ဆိုးဘုံကို ရောက်လာရင်တောင်မှ သူတို့က ဖိုက်သွန်ရဲ့ တိုင်းပြည် ဒီမှာ ရှိတယ်ဆိုတာကို သိမှာမဟုတ်ဘူး။
ဒါ နဂိုက ဆာရီရယ်ရဲ့ တိုင်းပြည်ပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ကိုယ်ပိုင်လူတွေကလွဲရင် ဆာရီရယ် ချေမှုန်းခံလိုက်ရပြီ ဆိုတာကို ကောင်းကင်တမန် သုံးပါးပဲ သိတယ်။ ဒီရန်သူက ဆာရီရယ်အတွက် လာတာ ဖြစ်နိုင်ခြေ များတယ်။ ဒါပေမဲ့ သူက ဖိုက်သွန်ရဲ့ရန်သူလည်း ဖြစ်နေတာလား။
ချန်လွေ့က စိတ်ထဲတွင် ဖြစ်နိုင်ခြေ အမျိုးမျိုးကို လျင်မြန်စွာ ခန့်မှန်းလိုက်ပြီး ယခင် အပြာနက်ရောင် လှောင်အိမ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန် ပါ့ဂ်လီအို၏ နက္ခတ်တာရာ စွမ်းအားက ဝဲဂယက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အနီးနားမှ ကပ်ရောဂါ စွမ်းအားကို စုပ်ယူနေသည်။ တိုင်းပြည် တစ်ခုလုံး တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် တိုင်းပြည်ကို ‘ကူးစက်’ရန် လုံလောက်နေခဲ့သော ကပ်ရောဂါက ပါ့ဂ်လီအို အတွက် ကြီးမားသော စွမ်းအင်ရင်းမြစ် တစ်ခု ဖြစ်နိုင်ပေသည်။
မှန်ပေသည်။ ထိုအရာမှာ သန့်စင်သော စွမ်းအင်ကို ပစ်မှတ်ထား စုပ်ယူခြင်းသာ ဖြစ်သည်။ အကယ်၍ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်က ပါ့ဂ်လီအို၏ ရှေ့တွင် အမှန်တကယ် ရပ်နေပြီး သူ၏ လက်ချောင်းလေးများကို လှုပ်လိုက်ပါက အဆိပ်နဂါးကို သေအောင် ကြိတ်ချေရန် လုံလောက်ပေလိမ့်မည်။
ခဏအကြာ ဇိုလာကို ချုပ်ထားသော လှောင်အိမ်က ခဏတာ ပေါ်လွင်လာပြီး ပျောက်ကွယ်သွားခဲ့လေသည်။ ဇိုလာ ပြုတ်ကျ သွားသော်လည်း ချန်လွေ့က ချက်ချင်း ပေါ်လာပြီး ဖမ်းလိုက်သည်။
ပါ့ဂ်လီအို၏ စွမ်းအားက အမှန်ပင် အတော်လေး ထိရောက်လှပေသည်။ နတ်မိမယ်နဂါး၏ မျက်နှာပေါ်မှ အပြာနက်ရောင်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ သူ နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်သည်။
“ချန်လွေ့!” ဇိုလာ အော်လိုက်သည်။ “ဖိုက်သွန် ဘယ်မှာလဲ။”
ချန်လွေ့ ခေါင်းခါလိုက်သည်။ “ကိုယ် ‘လောက’ထဲက ဖိုက်သွန်ရဲ့ ဝိညာဉ် အစအနကနေ အရေးပေါ် ခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်။ [ကြမ္မာဆိုးကပ်ဘေး တိုင်းပြည်]ကို အခုမှ ရောက်လာခဲ့တာ။ မင်းဒီမှာ ပိတ်မိနေတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဖိုက်သွန်ကိုတော့ မတွေ့ခဲ့ဘူး။ ရန်သူ ဘယ်သူလဲ။ မင်းနဲ့ ဖိုက်သွန်တောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးလား။”
“မသိဘူး။ ကျွန်မက ဖိုက်သွန်ရဲ့ တိုင်းပြည်ထဲမှာ တံခါးပိတ် လေ့ကျင့် နေခဲ့တာ။ ရုတ်တရက် တုန်ခါမှုလှိုင်း တစ်ခုကြောင့် နိုးလာခဲ့တယ်။ ပြီးတော့ ဖိုက်သွန် ဆီကနေ ဝိညာဉ်စွမ်းအားနဲ့ အရေးပေါ် ခေါ်ဆိုမှုကို ကြားခဲ့ရတယ်။ အင်အားကြီးတဲ့ ရန်သူတစ်ယောက် လာနေလို့ ကျွန်မကို အရင် ထွက်ပြေးခိုင်းပြီး ကယ်ဆယ်ဖို့ ရှင့်ကို အကြောင်းကြားခိုင်းခဲ့တယ်။” ဇိုလာသည် ထိုအချိန်က မြင်ကွင်းကို ပြန်လည် သတိရလိုက်သည်။ “ကျွန်မ ဖိုက်သွန်ရဲ့ လွှဲပြောင်း စွမ်းအားကို ရခဲ့တယ်။ ပြီးတော့ ဒီတိုင်းပြည်က ထွက်ပြေးတော့မယ့်အချိန် ရန်သူက တွေ့သွားခဲ့တယ်။ ရန်သူက အမျိုးသား နှစ်ယောက်ပဲ။ နှစ်ယောက်လုံး အတော်လေး အစွမ်းထက်ကြတယ်။ ကျွန်မ သူတို့ထဲက တစ်ယောက်ရဲ့ ချုပ်နှောင်တာ ခံလိုက်ရတယ်။ ပြီးတော့ သတိလစ်သွားတာပဲ...”
ရန်သူက တစ်ယောက် မကဘူးပဲ! ချန်လွေ့ နောက်တစ်ခါ မေးလိုက်သည်။ “မင်း ချုပ်နှောင်ခံရတုန်းက ဖိုက်သွန်ကို ဖမ်းမိသွားခဲ့လား။”
“မမိဘူး။ သူက တခြားတစ်ဖက်ကို ပြေးသွားတယ်။ သူတို့ နှစ်ယောက်ကို မျှားခေါ်ဖို့ ကြိုးစားခဲ့တာလေ။ အဲဒါမှ ကျွန်မ ထွက်ပြေးလို့ ရနိုင်မှာ။ ဒါပေမဲ့ ဆံပင်နက်နဲ့ မျက်လုံးပြာပြာ ရန်သူက သူရဲ့ ရည်ရွယ်ချက်ကို သိသွားပြီးတော့ ကျွန်မကို တိုက်ခိုက်ခဲ့တယ်။ ကျွန်မ သတိမလစ်ခင် ကျွန်မကို ချုပ်နှောင်ပြီး ဒီလူက ဖိုက်သွန်နောက် လိုက်သွားတာ တွေ့လိုက်ရသလိုပဲ။”
ချန်လွေ့က အဖြစ်အပျက်ကို နားလည် သွားပြီ ဖြစ်သည်။ ဖိုက်သွန်၏ ဗျူဟာမှာ မှန်ကန်ပေသည်။ သူက ရန်သူများကို အောင်မြင်စွာ မျှားခေါ်သွားခဲ့လေသည်။ ရန်သူက အလျင်စလို ဖြစ်နေရာ သူသည် ဇိုလာကို ယာယီသာ ချုပ်နှောင်နိုင်ခဲ့၏။ ယခု ချန်လွေ့က ချက်ချင်း ရောက်လာပြီး ကပ်ရောဂါ စွမ်းအားကို ဖျောက်နိုင်သော ပါ့ဂ်လီအိုကို ခေါ်ဆောင်လာကာ ဇိုလာကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။
သို့သော် ဖိုက်သွန် ထွက်ပြေးရန် ရွေးချယ်ခဲ့ရာ ရန်သူများက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်တွင်လည်း ရှိနေမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားမျိုး ရှိရပေမည်။ သူက သူတို့ကို ၂ယောက် ၁ယောက် မယှဉ်နိုင်ခဲ့ပေ။ ဝိညာဉ်ကို ခွဲထုတ်၍ စူပါစနစ်ထဲ စာပို့ခြင်းက လွယ်ကူသည် မဟုတ်ပေ။ ထိုကဲ့သို့ အန္တရာယ်ရှိသော တိုက်ပွဲတွင် အာရုံပျံ့လွင့်ခြင်းက သေစေ နိုင်ပေသည်။ ထို့ကြောင့်ပင် သူက စကား သုံးခွန်းကိုသာ ပြောနိုင်ခဲ့၏။ ထို့ကြောင့် လက်ရှိ အရေးအကြီးဆုံး အရာမှာ သူ့ကို ကယ်တင်ရန်ပင်။