တည်နေရာ
Vol. 73 Ch. 1155
ဇိုလာကို အောင်မြင်စွာ ကယ်တင်ခဲ့ပြီ ဖြစ်သော်လည်း ဖိုက်သွန်၏ နေရာကိုမူ မသိရှိရသေးဘဲ [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်] တစ်ခုလုံး၏ အသက်က ရန်သူ၏ ကပ်ရောဂါကြောင့် ရှင်းလင်း ဖယ်ရှားခြင်း ခံနေခဲ့ရသည်။ အကယ်၍ အခြားအထူးအဆင့် လေ့ကျင့်သူတစ်ဦး၏ တိုင်းပြည်ငယ်က ထိုသို့သော နည်းဖြင့် ပျက်စီးသွားခဲ့လျှင် ထိုသူ၏ စွမ်းအားသည် အစောကြီး ကတည်းက အလွန်အမင်း လျော့ကျသွားမည် ဖြစ်သည်။ သူက နတ်ဘုရား-ယောင်ဘဝ စွမ်းအားကိုသာ သုံးနိုင်ပေတော့မည်။ ကံကောင်းစွာပင် ဖိုက်သွန် အမှန်တကယ် အားကိုးသော တိုင်းပြည်မှာ စူပါစနစ်၏ ကြမ္မာဆိုး ကပ်ဘေး နက္ခတ်တာရာ ဖြစ်နေရာ သူက များစွာ သက်ရောက်မှု မရှိခဲ့ပေ။ သို့သော် တူညီသော စွမ်းအားရှိသည့် အင်အားကြီး ရန်သူနှစ်ဦးကို ရင်ဆိုင်ရာ အထူးသဖြင့် ကြမ္မာဆိုး ကပ်ဘေးအပေါ် အချို့သော ထိန်းချုပ်မှု အကျိုးသက်ရောက်မှု ရှိသည့် ရောဂါမျိုးကို ရင်ဆိုင်ရာတွင် တိုက်ပွဲက အလွန်ပင် အန္တရာယ် များရမည် ဖြစ်ကာ သူ အမြန်ဆုံး ကူညီပေးရပေမည်။
ပြဿနာက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်ရဲ့ အရှိန်နဲ့ ရွှေ့ပြောင်းမှုက မြန်လွန်းတာပဲ။ အခု ဖိုက်သွန် ဘယ်ဖက်ကို ထွက်ပြေးသွားလဲ ငါ မသိဘူး။ ပြီးတော့ စူပါစနစ်မှလည်း သတင်းအသစ် မရှိတော့ လူခွဲပြီး ရှာလို့ မရဘူး။
ငါ ဖိုက်သွန်ကို ဘယ်မှာပဲရှာရှာ၊ ဇိုလာကတော့ ဒီမှာ သေချာပေါက် နေလို့ မဖြစ်ဘူး။ သူက ကပ်ရောဂါ စွမ်းအား သက်ရောက်မှုကနေ လုံးဝ ပြန်ကောင်းဖို့ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ တခြား တစ်ဖက်က ပြန်လာပြီးတော့ သူကို နောက်တစ်ကြိမ် အန္တရာယ်ဖြစ်စေမှာကို ကာကွယ်ဖို့လည်းဟုတ်တယ်။ ထို့ကြောင့် ချန်လွေ့က ပါ့ဂ်လီအိုနှင့် ဇိုလာကို [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]မှ အရင် ထွက်ခွာရန် ခေါ်ဆောင်သွားခဲ့သည်။
ယန္တရားအစည်းအရုံး နေရာဟောင်းမှ ထွက်ခွာပြီးနောက်တွင် ချန်လွေ့က ကွင်းဆက်ပစ်မှတ် အသစ်ကို အာရုံခံ မိလိုက်ပြီး ၎င်းမှာ တစ်ဖနီ ဖြစ်နေခဲ့သည်။
ကပ်ရောဂါအရှိန်အဝါက အကာအကွယ် မှော်စက်ဝိုင်းကို အားနည်းသွားစေရာ ကပ်ရောဂါစွမ်းအား ယိုစိမ့် ထွက်သွားခဲ့သည်။ အလွန်အမင်း အားနည်းသော စွမ်းအား ဖြစ်စေကာမူ ၎င်းမှာ သာမန်လူများ ခုခံနိုင်သည့်အရာ မဟုတ်ပေ။
ကပ်ရောဂါစွမ်းအား ပျံ့နှံ့သွားသော ဧရိယာတွင် နေထိုင်သူများ ရုတ်တရက် ဖျားနာသွားကြသည်။ အချို့ သတိလစ် သွားသည်။ အချို့မှာ အားနည်းသွား၏။ အချို့မှာ ခန္ဓာကိုယ် တစ်လျှောက်တွင် ဝက်ခြံများ ထွက်လာပြီး မခံမရပ်နိုင် ယားယံလာသည်...
ကံကောင်းစွာပင် ထိုဧရိယာသည် ထိုစဉ်က သတ်မှတ်ထားသော သီးခြား နယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ လူဦးရေ ထူထပ်သော ရပ်ကွက်တစ်ခု ဖြစ်ခဲ့ပါက တစ်ကြိမ် ဖြစ်ပွားသည်နှင့် အကျိုးဆက်များ ဆိုးရွားပေလိမ့်မည်။
တစ်ဖနီက ဧကရီ ဖြစ်လာပြီးနောက် သူ၏ ဂုဏ်သတင်းမှာ ပို၍ပို၍ပင် မြင့်မားလာခဲ့သည်။ မြို့တော်တွင် ထိုသို့သော ထူးဆန်းသည့် ကပ်ရောဂါ တစ်ခု ဖြစ်ပွားရာ သူက ရှေ့တန်းသို့ ကိုယ်တိုင် သွားရောက် စစ်ဆေးရန် ဦးဆောင်ခဲ့သည်။ သို့သော် ကပ်ရောဂါ စွမ်းအားမှာ စိတ်ကူး၍ မမီနိုင်အောင် ဖြစ်နေသည်။ တစ်ဖနီ၏ ပတ်လည်မှ အစောင့် အနည်းငယ်ပင် ကူးစက်ခြင်း ခံလိုက်ရသည်။ ၎င်းက အခြေအနေကို ပိုဆိုးသွားစေသည်မှာ အသေအချာပင်။
အကယ်၍ တစ်ဖနီသာ စူပါစနစ်၏ ယုံကြည်မှု စွမ်းအား အကာအကွယ် မရှိခဲ့ဘဲ အထူး အစွမ်းထက် ပုဂ္ဂိုလ်အဖြစ် တက်လှမ်းထားခြင်း မရှိခဲ့ပါက ခုခံရန် ခက်ခဲပေလိမ့်မည်။
တစ်ဖနီ အလျင်စလို ဖြစ်နေစဉ်မှာပင် ရင်းနှီးသော အသံတစ်ခု သူ၏စိတ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ “တစ်ဖနီ...”
“ချန်လွေ့!” တစ်ဖနီက ‘သီးသန့် စကားပြောချန်နယ်’ကို ယခုမှ ပထမဆုံး အသုံးပြုဖူးခြင်း မဟုတ်ပေ။ သူ၏ တင်းမာနေသော နှလုံးသား ရုတ်တရက် များစွာ ပြေလျော့သွားခဲ့သည်။ သူသည် ထိုယောက်ျား ရှိနေသ၍ မည်မျှပင် ခက်ခဲသော အရာများ ဖြစ်စေကာမူ အားကိုးရာ ရှိသည်ဟု ခံစားခဲ့ရသည်။ ထိုသို့သော ခံစားချက်မျိုးမှာ သူ တစ်ယောက်တည်း ထိုအေးစက်သော ပလ္လင်ပေါ်တွင် မရရှိနိုင်ခဲ့သော အရာ ဖြစ်သည်။ ၎င်းမှာ သူ၏ နှလုံးသားကို သေလုနီးပါး ဖြစ်စေခဲ့သော ကပ်ဘေး ပြီးနောက် စိတ်ထဲတွင် တန်ဖိုးအထားဆုံး အရာလည်း ဖြစ်ပေသည်။
“မင်းရဲ့ အစောင့်တွေ အပါအဝင် တခြားသူတွေကို ဒီဧရိယာထဲကို ထပ်ပြီး မဝင်စေနဲ့။” ချန်လွေ့က သူ့ကို အဖြစ်အပျက် တစ်ခုလုံးအား အကျဉ်းချုံး ပြောပြလိုက်သည်။ “ပါ့ဂ်လီအို မကြာခင် ဇစ်မြစ်ကို ဖြေရှင်းလိမ့်မယ်။ ရောဂါကို ထိန်းချုပ်နိုင်သွားလိမ့်မယ်။”
“အင်း...” တစ်ဖနီက ချက်ချင်းပင် ရွှေ့ပြောင်းရန် အမိန့် ပေးလိုက်သည်။ လိုရမည်ရ မှော်ဆရာ ဗိုလ်ခြေသည် ကပ်ရောဂါ ဧရိယာကို ချပ်ပိတ်ရန် ယာယီ မှော်စက်ဝိုင်းတစ်ခုကို ပူးပေါင်း၍ ခင်းကျင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ပါ့ဂ်လီအိုက ‘ကပ်ရောဂါနတ်ဘုရား’ စွမ်းရည်ကို အသက်သွင်းလိုက်ပြီး ကျန်ရှိနေသော ကပ်ရောဂါ စွမ်းအား အကုန်လုံးကို ဝါးမျိုလိုက်လေသည်။ အသေအချာပင် ကပ်ရောဂါ ပျံ့နှံ့ခြင်း ရပ်တန့်သွား၏။ ထိုလူနာများ၏ လက္ခဏာများကလည်း အလျင်အမြန် ပြန်ကောင်းမွန်လာခဲ့သည်။ အလွန်ဆုံး သူတို့က ရောဂါပြီးနောက် အားနည်းနေကြခြင်းသာ ဖြစ်သည်။
“ဇိုလာ အဆင်ပြေရဲ့လား။”
ဇိုလာက တစ်ဖနီကို ခေါင်းညိတ်ပြပြီး မျက်လုံးများကို မှိတ်ကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပြန်လည်ရရှိရန် စွမ်းအားကို စီးဆင်းစေလိုက်သည်။ အဆိပ်နဂါးက ကပ်ရောဂါ စွမ်းအား အများအပြားကို ဝါးမျိုခဲ့ရာ သူကလည်း ယာယီဌာနချုပ်၏ အခန်းထဲတွင် စွမ်းအားကို တိတ်တဆိတ် ‘ချေဖျက်’ နေခဲ့လေသည်။
“ရှင်နဲ့ ပါ့ဂ်လီအို ကျေးဇူးကြောင့်ပဲ။ မဟုတ်လို့ ကပ်ရောဂါက မြို့တော်မှာ ပျံ့နှံ့သွားခဲ့ရင်...” တစ်ဖနီက သူ၏ လက်အောက်ငယ်သားများ ဆုတ်ခွာ သွားပြီးနောက် ပုံမှန် အေးစက်သော ဧကရီအရှင်မ မျက်နှာဖုံးကို နောက်ဆုံး ချွတ်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး ချစ်စဖွယ် စရိုက်ကို ပြသခဲ့သည်။
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ဖိုက်သွန်ရဲ့ အခြေအနေက အခု အတော်လေး ဆိုးနေတယ်။ ပြီးတော့ သူကို အရေးပေါ်ကယ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူ ဘယ်ကို ပြေးသွားလဲဆိုတာ မသိဘူး။”
“ကျွန်မ ပတ်ပတ်လည်ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်နိုင်တယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ ဒါက အချိန် အများကြီးကို နှောင့်နှေးစေလိမ့်မယ်။”
“ဒီအဖြစ်အပျက် အကြောင်းဆိုရင်...” ရင်းနှီးသော အသံတစ်ခု ထွက်လာသည်။ “...ငါ မင်းကို အဖြေတစ်ခု ပေးနိုင်တယ်။”
“တကယ်လား။” ချန်လွေ့၏ မျက်လုံး လက်သွား၏။ သူက တံခါးဝတွင် ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။
ရိုင်ဇန်...
သုံးလေးနှစ် ပျောက်သွားပြီးနောက် ရိုင်ဇန်၏ စွမ်းအားက တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရိုင်ဇန်က စူပါစနစ်နှင့် ချိတ်ဆက်ထားသူ တစ်ဦး မဟုတ်ပေ။ သူက ကိုယ်ပိုင်လေ့ကျင့်မှုဖြင့် အချိန်တို အတွင်းမှာပင် ထိုသို့သော အခြေအနေသို့ ရောက်ရှိနိုင်ခဲ့ရာ ထိပ်တန်း အင်အားကြီး တစ်ဦးအဖြစ် ထိုက်တန်လှပေသည်။ မှန်ပေသည်။ ထို‘ထိပ်တန်း’မှာ ယေဘုယျ အမျိုးအစားကို ရည်ညွှန်းခြင်း ဖြစ်၏။
သို့သော် တိုင်းပြည်အဆင့် အထွတ်အထိပ်မှ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိလိုလျှင် စစ်မှန်သော တိုင်းပြည်၏ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။ ချန်လွေ့၏ ဆွေမျိုးများက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို နားလည်ခြင်းဖြင့် စစ်မှန်သော ယုံကြည်မှု တိုင်းပြည်ကို ရရှိနိုင်သည့် စူပါစနစ်၏ ရွှေလက်ချောင်းကို အသုံးပြုခဲ့သည်။ ယခုအချိန်အထိ ကတ်သရင်း၊ ပါ့ဂ်လီအိုနှင့် အစ်ဇဘယ်လာဟူသော လူသုံးဦးသာ တိုင်းပြည်ကို ထိုနည်းဖြင့် ရရှိခဲ့သည်။ ဇိုလာနှင့် လာလာရီယာ ကဲ့သို့သော ကျန်သောသူများ အားလုံး ‘နတ်ဘုရားမဖြစ်မီ’ နားလည်ခဲ့ကြသည်။
ရိုင်ဇန် ပေါ်လာပြီးနောက် တစ်ဖနီ၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။ သူ၏ မျက်လုံးများတွင် ဖျော့တော့သော အေးစက်စက် လေထုကို ထုတ်လွှတ် နေလေသည်။ ခုနက နူးညံ့ပြီး စိတ်အေး လက်အေး ဖြစ်နေသော အမူအရာ ပျောက်ကွယ်သွား၏။ “မှတ်မိသလောက် အင်ပါယာ အစောင့်တွေကို ဘယ်သူမှ မချဉ်းကပ်လာဖို့ ကျွန်မ ပြောခဲ့သလိုပဲ။”
“မင်းရဲ့ အမိန့်တွေ အကောင်အထည် ဖော်နှုန်းက ထင်ထားသလို မကောင်းဘူး ထင်တယ်... အုပ်ချုပ်သူဟောင်း တစ်ယောက်အနေနဲ့ ငါ့ရဲ့ ကျန်ရစ်နေတဲ့ ဂုဏ်သတင်းက မင်း ထင်ထားတာထက် မာကြောနေတာလား။” ရိုင်ဇန်၏ သဘောထားမှာလည်း အလွန်ပင် အေးစက်နေခဲ့သည်။ “ငါသာ မင်းဆိုရင် ပထမဆုံး လုပ်မယ့်အရာက အင်ပါယာ အစောင့်အကုန်လုံးကို ကွပ်မျက်ပစ်ဖို့ပဲ။”
“ရှင်က ရှင်၊ ကျွန်မက ကျွန်မပဲ။ ကျွန်မလုပ်တာကို ရှင်ရဲ့ လွှမ်းမိုးမှု ခံမှာမဟုတ်ဘူး။” တစ်ဖနီက အေးစက်စွာ ပြောလိုက်သည်။ “ပြီးတော့ ရှင်က ‘အရင်’ အုပ်ချုပ်သူ တစ်ယောက် ဆိုတာကိုလည်း သိတယ်။ အာဏာကို မစွန့်လွှတ်နိုင်ရင် ရှင့်ကို ပြန်လာနိုင်ဖို့ အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ ဒါပေမဲ့ ရှုံးနိမ့်မှုနဲ့ အကျိုးဆက်တွေ အားလုံးကို ရင်ဆိုင် ရလိမ့်မယ်။”
ချန်လွေ့ တိတ်တဆိတ် ခေါင်းခါ လိုက်သည်။ သားအဖ ဆက်ဆံရေးက အရင်လိုပဲ။ ရန်သူထက် ပိုမသာဘူး။ သို့သော် ယခု သူသည်က ရိုင်ဇန်၏ ယခင် စကားကို ပို၍ စိတ်ဝင်စားနေခဲ့ပြီး မေးလိုက်သည်။ “အရှင်မင်းကြီး ရိုင်ဇန်။ ခုနက ခင်ဗျားပြောခဲ့တဲ့ ‘အဖြေ’ကို ကျုပ် သိချင်ပါတယ်။”
“တကယ် မင်း အဖြေကို သိရင်တောင် အသုံးမဝင်ဘူး။” ရိုင်ဇန် ခေါင်းခါလိုက်၏။ “မင်းက လက်ရှိ နတ်ဆိုးဘုံ အင်ပါယာ သုံးခု မဟာမိတ် အဖွဲ့ရဲ့ စီစဉ်သူပဲ။ မင်းရဲ့ သေခြင်းရှင်ခြင်းက ဒီအခြေအနေမှာ သက်ရောက်မှုမရှိဘူး ထင်ရင်တော့ မင်း သေလမ်းရှာတာကို မတားပါဘူး။”
“ကျုပ်ရဲ့ အရေးပါမှုက ထင်တာထက် ပိုနေတဲ့ပုံပဲ။ အရှင်မင်းကြီး ရိုင်ဇန်တောင် ဒီသမက်ကို မသေစေချင်ဘူး။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက ဘာလို့ ကျုပ်မယ်သွားရင် ‘သေလမ်းရှာ’တယ်လို့ ထင်ရတာလဲ။”
ရိုင်ဇန်က ‘သမက်’ ဟူသော စကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်သည်။ သူက တစ်ဖနီကို ကြည့်လိုက်ပြီး စကား တစ်ခွန်းကို ပြောလိုက်သည်။ “စေတန်။”
ချန်လွေ့ တုန်လှုပ်သွားခဲ့လေသည်။ ဖိုက်သွန်ကို လိုက်လံသတ်ဖြတ်နေသော ရန်သူများထဲမှ တစ်ဦးမှာ အမှန်တွင် စေတန် ဖြစ်နေသည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့သည်!
သူ၏စိတ်က အလျင်အမြန် စတင်၍ တွေးတောနေသည်။ ငါ ပင်လယ်သေမှာ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရိုကို ရင်ဆိုင်ဖို့ စေတန်နဲ့ ပူးပေါင်းတုန်းက စေတန်နဲ့ စာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့တယ်။ ဒီလော့စ်ရိုကို ငါ အရင်သတ်နိုင်ရင် စေတန်က ၁၀နှစ် အတွင်း ငါ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး။
စေတန်က စာချုပ်ကို တကယ်ပဲ လိုက်နာတယ်။ သူက လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ငါ့အရှေ့ကို ပေါ်မလာခဲ့ဘူး။ ငါ့ကို ပစ်မှတ်ထားဖို့ အင်ပါယာသုံးခုကို အသုံးမချခဲ့ဘူး။ ဒါပေမဲ့ ဒါ အကုန်ပဲ။ စာချုပ်မှာ စေတန်က ‘အမှောင် နတ်ဘုရားကျောင်း’ အစီအစဉ်ကို စွန့်လွှတ်မယ်လို့ မသတ်မှတ်ထားဘူး။ တကယ်တော့ စေတန်က ဒီလိုမျိုး အချက်တွေကို သဘောမတူလောက်ဘူး။
ဒါဆိုရင် စေတန်က အမှောင်ထဲမှာ အမှောင်နတ်ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ တစ်ခုခုကို သေသေချာချာ ပြင်ဆင်နေရမယ်။ ဒီတစ်ခေါက်က သူ ဖိုက်သွန်ကို ‘ကိုင်တွယ်’ဖို့ လာခဲ့တာက တိုက်ဆိုင်မှု တစ်ခုပဲ ဖြစ်လောက်တယ်။ ဘာလို့လဲဆို ဆာရီရယ်ကို ဖိုက်သွန်က အစားထိုးလိုက်တာ ဘယ်သူမှ မသိဘူး။ စေတန်ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်က ဆာရီရယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေ များတယ်။ ရည်ရွယ်ချက်က သိသာနေတယ်။ စေတန်၊ ဆာရီရယ်၊ ပြီးတော့ ဇိုလာကို ချုပ်ခဲ့တဲ့ နောက်ထပ် နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် ကူညီသူတစ်ယောက် ရှိတယ်။ နတ်ဘုရား-ယောင် သုံးပါးက လူသား လောက ကောင်းကင်တမန် သုံးပါးရဲ့ နမူနာကို လိုက်နာပြီးတော့ အမှောင် နတ်ဘုရားကျောင်းကို ကိရိယာတစ်ခု အနေနဲ့ သုံးပြီး နတ်ဆိုးဘုံတစ်ခုလုံးရဲ့ ယုံကြည်မှုကို လက်ထဲမှာ ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ဖို့ပေါ့။
ဆာရီရယ်နဲ့ စေတန်တို့က ရန်သူတွေ ဖြစ်ကြပေမယ့် ဒီလောက် ကြီးမားတဲ့ အကျိုးစီးပွားတွေရှေ့မှာ ရန်သူတွေလည်း မိတ်ဆွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ ဆာရီရယ်က ဆန္ဒမရှိဘူးဆိုရင် သူက ဒီခြိမ်းခြောက်မှု ဖြစ်လာနိုင်တဲ့သူကို နှစ်ယောက် တစ်ယောက် တိုက်ခိုက်ပြီး ဖယ်ရှားလို့ရတယ်။
စေတန်မှာ နောက်ထပ် ရည်ရွယ်ချက် တစ်ခုရှိနိုင်တယ်။ အဲဒါက ဆာရီရယ်နဲ့ နောက်ထပ်တစ်ယောက်ရဲ့ အကူအညီနဲ့ အင်ပါယာ သုံးခုကို ဝင်စွက်ဖက်ပြီး ငါ့ကိုသတ်၊ ပြီးတော့ အမှောင် နတ်ဘုရားဘုရားကျောင်းရဲ့ အစီအစဉ်ကို ဆက်လက် မြှင့်တင်ဖို့ပဲ။ ဘာလို့လဲဆို စေတန်က ငါနဲ့ပဲ စာချုပ် ချုပ်ထားတာ။ တခြား နှစ်ယောက်က ကန့်သတ်တာ မခံထားရဘူး။
စေတန်ရဲ့ ရည်ရွယ်ချက်က သူနဲ့အတူ ပါလာတဲ့သူတွေနဲ့လာပြီး အတင်းအကျပ် ဖိအားပေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က ဆာရီရယ်ကို မတွေ့ဘဲ မတော်တဆ ဖိုက်သွန်ကို တွေ့ခဲ့တယ်။ ဖိုက်သွန်က စေတန်၊ ဆာရီရယ်နဲ့ တခြားသူတွေကို အနိုင်ယူပြီး ငွေသေတ္တာ တစ်လုံးနဲ့ ထွက်ပြေးခဲ့တုန်းက သူ့ရဲ့ ခန္ဓာကို စတေးဖို့ တွန့်ဆုတ်မနေခဲ့ဘူး။ ပြီးတော့ လုံးဝ ပျောက်သွားတယ်။ သူက အစကတည်းက ရန်သူ တစ်ယောက်ပဲ။ ပျက်စီးခြင်းစာအုပ်က စေတန်ရဲ့ အစီအစဉ်အတွက် အတော်လေးကို အရေးကြီးတယ်။ လက်ရှိမှာ စေတန်က ပျက်စီးခြင်း စာအုပ်ရဲ့ ၂မျက်နှာကို စုဆောင်းထားပြီးပြီ။ ဖိုက်သွန်လက်ထဲက နောက်ဆုံး စာမျက်နှာပဲ လိုတော့တယ်။ သူက မပြည့်စုံတဲ့ ပျက်စီးခြင်း ဇစ်မြစ်ကို ပြီးမြောက်အောင်လုပ်ဖို့ ငါ့ရဲ့ဖန်တီးခြင်း ဇစ်မြစ်ကို ရဖို့တောင် အလောင်းအစား လုပ်ချင်ခဲ့သေးတယ်။ အခု သူ ဖိုက်သွန်နဲ့ တွေ့တော့ ဒေါသထွက်ရုံတင် မကဘူး။ မတော်တဆတွေ့ရလို့ ကံကောင်းတယ် လို့လည်း ခံစားရနိုင်တယ်။ စေတန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဖိုက်သွန်ကိုသတ်၊ ငွေသေတ္တာကို လုယူ၊ ပျက်စီးခြင်းစာအုပ် စုဆောင်းပြီး အမှောင်နတ်ဘုရားကျောင်း အကြီးမားဆုံး ပြဿနာကို ဖြေရှင်းဖို့ပဲ ဖြစ်ရမယ်။
ချန်လွေ့၏ အတွေးများ လည်သွားပြီး စိတ်ထဲတွင် ကိစ္စ၏ အကြောင်းစုံကို အကြမ်းဖျင်း ပုံဖော်နေပြီး ဖြစ်သည်။ သူက အလျင်အမြန် မေးလိုက်သည်။ “အရှင်မင်းကြီး ရိုင်ဇန်။ စေတန် ဘယ်ကို ထွက်ခွာသွားလဲဆိုတာကို ပြောပြပေးပါ။”
ရိုင်ဇန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားသော်လည်း စကားမပြောခဲ့ပေ။
“ချန်လွေ့မှာ ရှင်နဲ့ နှောင့်နှေးနေဖို့ အချိန်မရှိဘူး။” တစ်ဖနီ၏ အသံက ပို၍ပင် အေးစက်လာခဲ့သည်။ “ရှင်က ဒီနှစ်တွေထဲ အနောက်ဘက်ဆင်ခြေဖုံးက အမှောင်မီးဖိုထဲမှာ လေ့ကျင့်နေခဲ့တာ။ ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ရှင် အဲဒီကနေ လာတာ ဖြစ်မယ်။”
“အမှောင်မီးဖိုလား။” ချန်လွေ့က ထိုနေရာအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ အမှောင်မီးဖိုက သွေးရောင် အင်ပါယာ တော်ဝင်မိသားစုမှ အန္တရာယ်အရှိဆုံး လျှို့ဝှက်နေရာ ဖြစ်၏။ ၎င်းမှာ အလွန်ပင် အန္တရာယ်များသည်။ မန်မွန် တော်ဝင်မိသားစုဝင် များစွာက နှစ်များတလျှောက် ၎င်းထဲတွင် အသက် ဆုံးရှုံးခဲ့ကြသည်။ ရိုင်ဇန်က အမှောင် မီးဖိုတွင် လေ့ကျင့်နေစဉ် တဲရစ်မှ လှုံ့ဆော်သော အမှောင်ဒြပ်စင်ဘုရင်၏ အကွက်ချ စီစဉ်ခြင်းကို ခံခဲ့ရသည်။ သူ တိုင်းပြည် အဆင့်သို့ ဖောက်ထွက် ခဲ့သော်လည်း နင်ဘတ်စ်မြို့ တိုက်ပွဲတွင် သန်းခေါင်နေ၏ ချေမှုန်းခြင်းကို ခံရလု နီးပါး ဖြစ်ခဲ့လေသည်။
ရိုင်ဇန်၏ အမူအရာအ ရဆိုလျှင် တစ်ဖနီ ခန့်မှန်းသည်မှာ မှန်ကန်ကြောင်း မြင်တွေ့နိုင်၏။ ချန်လွေ့က ရိုင်ဇန်သည် အမှောင်မီးဖိုတွင် တံခါးပိတ် လေ့ကျင့် နေကြောင်းကို သိသွားခဲ့သည်။ သူက ကြောက်မက်ဖွယ် ရန်သူ လာနေသည်ကို ခံစားမိခဲ့ပြီး လားရာမှာ သွေးရောင် အင်ပါယာ ဖြစ်နေရာ ရိုင်ဇန်က ချက်ချင်း မြို့တော်သို့ ပြန်လာခဲ့သည်။ ကပ်ရောဂါ အကြောင်း ကြားပြီးနောက် ထိုနေရာသို့ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
ရိုင်ဇန်၏ တစ်ဖနီနှင့် ဆက်ဆံရေးမှာ ထိုနှစ်များအတွင်း မည်မျှ ဆိုးရွားနေပါစေ ဖခင်တစ်ဦးအနေဖြင့် သူက ထိုမိခင်ထက် များစွာ သာလွန်ပေသည်။ အထူးသဖြင့် တစ်ဖနီက ကပ်ဘေးအပြီး ပြန်ရောက် လာပြီးနောက် လုပ်ခဲ့သော အရာအချို့မှာ အများပြည်သူအတွက်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ တစ်ဖနီကို ကူညီရန်ပင်။
သို့သော် သားအဖ၏ အလွန်ပင် ခေါင်းမာသော စရိုက်များကြောင့် ယခု အချိန်အထိ ဆက်ဆံရေးတွင် ရေခဲ အရည်ပျော်မည့် လက္ခဏာ မရှိသေးပေ။
တစ်ဖနီ၏ ဖော်ထုတ်သည်ကို ခံရပြီးနောက် ရိုင်ဇန်က ကိုယ်ပိုင် စွမ်းအားဖြင့် ချန်လွေ့ကို တားဆီး၍ မရနိုင်ကြောင်း သိနေရာ သူ ရိုးရှင်းစွာ ပြောလိုက်သည်။ “ငါ အမှောင်မီးဖိုမှာ လေ့ကျင့်နေတုန်းက အန္တရာယ်တစ်ခုကို အာရုံခံမိခဲ့တယ်။ အဲဒါကြောင့် အမြန် ထွက်လာလိုက်တာ။ အမှောင်မီးဖိုက စေတန်ကြောင့် ထူးဆန်းတဲ့ နေရာလွတ် တစ်ခု အဖြစ်ကို ပြောင်းလဲသွားတာ တွေ့လိုက်ရတယ်။ အဲဒီလို နေရာလွတ်က ငါ့ကို ပြင်းထန်တဲ့ ကြောက်ရွံ့မှုကို ဖြစ်စေခဲ့တယ်။ အဲဒါကြောင့် ငါ အမြန် ထွက်ပြေးခဲ့ရတယ်။ မင်း သေသေချာချာ စဉ်းစားပြီးရင် သွားမလား၊ နေမလား ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။”
ချန်လွေ့ ခေါင်းညိတ်ပြီး ဇိုလာနှင့် ပါ့ဂ်လီအိုကို ကြည့်ကာ တစ်ဖနီအား ‘စိတ်မပူပါနဲ့’ ဟူသော အကြည့်တစ်ခုကို ပေးလိုက်ပြီး နေရာတွင်ပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။