← Chapters

နှစ်ဆုံးစာမေးပွဲများ စတင်ခြင်း

Vol. 8 Ch. 99

နှစ်ဆုံးစာမေးပွဲများ စတင်ခြင်း

Vol. 8 Ch. 99

ယခုနှစ်တွင် ပထမနှစ် ကျောင်းသားများ၏ နှစ်ဆုံး စာမေးပွဲသည် ယခင်နှစ်များနှင့် စာလျှင် လွယ်ကူသည်ဟု ဆိုရမည် ဖြစ်သည်။

ရှေးယခင်ကတည်းကပင် ကျောင်းတွင် လှည့်ပတ်နေသည့် မန္တန်တစ်ခု ရှိလေသည်။

ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများသည် သားရဲရိုင်းများနှင့် ရင်ဆိုင်ရမည်။

တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသားများသည် ခြင်များနှင့် ရင်ဆိုင်ရမည်။

ပဉ္စမနှစ် ကျောင်းသားများသည် လှပသည့် အမျိုးသမီးများနှင့် ရင်ဆိုင်ရမည်။

သားရဲရိုင်းများသည် ကိုးပြည်ထောင် နိုင်ငံတော်တွင် ရှိသည့် အသင်္ချေတောင်တန်း နယ်မြေကို ရည်ညွှန်းခြင်းဖြစ်သည်။

ရက်စက်ကြမ်းတမ်းသည့် သားရဲများစွာသည် အသင်္ချေတောင်တန်း နယ်မြေတွင် နေထိုင်ကြပြီး သားရဲရိုင်း များစွာသည် အချိန်နှင့်အမျှ ကျောက်နဂါး ပြည်နယ်အား တိုက်ခိုက်ကြလေသည်။ ကျောက်နဂါးပြည်နယ်သည် ကိုးပြည်ထောင် နိုင်ငံတော်၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။

လူသား ကျင့်ကြံသူများသည် မကြာခဏ ဆိုသလို ကြီးမားသည့် အမဲလိုက်အဖွဲ့များအား ဖွဲ့စည်းကာဖြင့် တောင်တန်းများရှိ သားရဲများအား အမဲလိုက်လေ့ ရှိသည်။

တချို့ သန္ဓေပြောင်း သားရဲများသည် ရွေ့လျားနေသည့် ရတနာသိုက်များနှင့် တူပေသည်။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဆေးလုံးများနှင့် လက်နက်ပစ္စည်းများ သန့်စင်ရာတွင် အလွန်ကောင်းမွန်သည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြသည်။

ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်အား ပစ်လိုက်ခြင်းပင်။ အနီးအနားတွင် နေထိုင်သူများ  ကိုယ်စား ဘေးအန္တရာယ်များအား ရှင်းလင်း ပေးရုံသာမက အကျိုးအမြတ်များလည်း ရရှိပေသည်။

ခြင်များ ဆိုသည်မှာ သာမန်ခြင်များ မဟုတ်ကြပေ။ ကျောင်းသားများမှ သွေးမျိုးနွယ်စုအား နာမည်ပြောင် ပေးထားခြင်းသာလျှင် ဖြစ်သည်။

သွေးမျိုးနွယ်စုသည် ထိုက်ချူကုန်းမြေကြီး၏ အနောက်တောင်ဒေသတွင် ရှိသည့် ကျယ်ပြန့်သည့် အနက်ရောင် စိမ့်တောတွင် နေထိုင်ကြသည်။

သူတို့သည် ကျင့်ကြံသူများ၏ သွေးသားများကို စားသုံးရခြင်းအား နှစ်သက်ကြသည်။ ကျင့်ကြံသူများ အနေဖြင့် ထိုအပြုအမူမျာအား သည်းခံနိုင်ပါမည်လား။

လုံးဝပါပဲ။ သူတို့အားလုံးတို့သည် သွေးမျိုးနွယ်စုအား တွေ့သည့်နေရာတွင် သတ်ဖြတ်ဖို့ရန်သာ ရွေးချယ်ခဲ့ကြသည်။

သွေးမျိုးနွယ်စုသည် နေရာအနှံ့တွင် ရန်သူဖွဲ့ထားသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။ အကြောင်းမှာ သူတို့သည် မည်သည့် သွေးအမျိုးအစားကို မဆို စားသုံးကြခြင်းကြောင့် ဖြစ်သည်။

သူတို့၏ စားဖွယ်စာရင်းတွင် လူသားကျင့်ကြံသူများ သာလျှင် ရှိကြခြင်းမဟုတ်။ အနောက်ဘက် သုခဘုံမှ ဘုန်းကြီးများ၊ မြင့်မြတ်သုခဘုံရှိ အလင်းတောင်ပံ မျိုးနွယ်စု၏ မျိုးနွယ်စုဝင်များသည် သူတို့၏အစာအတွက် ပစ်မှတ်များ ဖြစ်ကြသည်။

အနက်ရောင်စိမ့်တော တည်ရှိရာ နေရာသည် အလွန်ဆိုးဝါး ညစ်ညမ်းသည့်အတွက် ဝင်ရောက်ရန် အတော်လေး ခက်ခဲပေသည်။ ထိုအချက်ကြောင့်သာ မဟုတ်ခဲ့လျှင် သွေးမျိုးနွယ်စုသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မျိုးသုဉ်း သွားပေလိမ့်မည်။

ပဉ္စမနှစ် ကျောင်းသားများ ရင်ဆိုင်ရမည့် လှပသည့် အမျိုးသမီးများသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသေးသည်။

အဆိုပါ အမျိုးသမီးများသည် လူသားများအား စားသောက်ခြင်း မပြုကြသော်လည်း ကျင့်ကြံသူများအား ချစ်စဖွယ် ရေခဲတုံးလေးများ သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲကာ စုဆောင်း သိမ်းဆည်းသည့် အလေ့ရှိကြသည်။

ယင်းတို့အား နှင်းပျိုမဒီများဟု သိရှိကြပြီး ထိုက်ချူကုန်းမြေကြီး၏ မြောက်ဖျားပိုင်းတွင် တည်ရှိသည့် သန့်ရှင်းသော ရေခဲကုန်းမြေမှ ဆင်းသက်လာသည့် မျိုးစိတ်များ ဖြစ်ကြသည်။

သန့်ရှင်းသော ရေခဲကုန်းမြေ၏ လူဦးရေမှာ အတော်လေး များပြားပြီး အမျိုးသမီးများ သာလျှင် ရှိကြခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့၏ မျိုးပွားပုံကို မည်သူ တစ်ဦးတစ်ယောက်မျှ မသိရှိကြချေ။

လူသား ကျင့်ကြံသူများနှင့် သူတို့အကြားရှိ စစ်ပွဲသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ပိုင်နက်သည် ၎င်း၏ စစ်ကူ အမြောက်အမြားကို မြောက်ဘက်ပိုင်းရှိ လေဟာပြင် ပြည်နယ်သို့ တိုက်ရိုက် ပို့ဆောင်စေသည်။

အန်လင်းသည် ပထမနှစ် ကျောင်းသားတစ်ဦး သာလျှင် ဖြစ်သည့်အတွက်ကြောင့် ဝေးလံသည့် အနာဂတ်တွေ ကြုံတွေ့ရမည့် အရာများအား စဉ်းစားရန် မလိုအပ်သေးပေ။ သူ့အနေဖြင့် သားရဲရိုင်းများနှင့် ရင်ဆိုင်ဖို့ရန်သာ အာရုံစိုက်ထားရန် လိုအပ်ပေသည်။

တန်းခွဲ ၁ ၏ နှစ်ဆုံးစာမေးပွဲအား သူတို့၏ အတန်းပိုင်ဆရာ ဖြစ်သူ ဓားအင်မော်တယ် လင်းရှောင်မှ ဦးဆောင်လေသည်။ သူတို့၏ တည်နေရာမှာ ကျောက်နဂါးပြည်နယ်၊ ချူမြစ်စီရင်စု အပိုင်းတွင် တည်ရှိသည့် သင်အန်းမြို့ ဖြစ်သည်။

ချူမြစ်စီရင်စု အပိုင်းသည် ကျောက်နဂါး ပြည်နယ်ရှိ အန္တရာယ် အများဆုံးသော စုရင်စုများထဲမှ တစ်ခုဖြစ်သလို စွမ်းအားမြင့် သားရဲရိုင်းများ အမြဲလိုလို ပေါ်ထွက်လာတတ်သည့် ဒေသလည်း ဖြစ်သည်။

သူတို့သည် အကောင်းဆုံးသော တန်းခွဲ ဖြစ်ရခြင်းကြောင်းပင်။ သူတို့သည် တိုက်ခိုက်နိုင်စွမ်း မြင့်မားသည်။ ထို့ကြောင့် အကြီးမားဆုံးသော ဝန်ထုပ်အား သယ်ဆောင်ရပေမည်။

ယခုနှစ်ဆုံး စာမေးပွဲအတွင်း တန်းခွဲ ၁ အနေဖြင့် လဝက်အတွင်း သားရဲအကောင် ၃၀၀၀ အား သတ်ဖြတ်နိုင်မှသာလျှင် စာမေးပွဲ အောင်မြင်မည် ဖြစ်သည်။

အပေါ်ယံသာ ကြည့်မည်ဆိုလျှင် များပြားလှသည့် ပမာဏ ဖြစ်သော်လည်း တကယ်တမ်းမှာမူ ကျောင်းသားတစ်ဦးလျှင် သားရဲအကောင် ၃၀ သာ သတ်ဖြတ်ရန် လိုအပ်ပေသည်။

ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများ အနေဖြင့် စုစုပေါင်း သားရဲအကောင် ငါးသိန်း သတ်ဖြတ်ရန် လိုအပ်သည်။

နှစ်ဆုံး စာမေးပွဲများသည် အသင်္ချေတောင်တန်း နယ်မြေရှိ သားရဲများ အားလုံးအတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများသည် တစ်နည်းဆိုရလျှင် သူတို့၏ ခန္ဓာကိုယ် သန်မာလာစေရန် ကောင်းကင်နှင့် မြေပြင်၏ ချီစွမ်းအင်များကို အသုံးပြုနိုင်သည့် သားရဲများ ဖြစ်ကြသည်။ ထိုသားရဲများသည် လူသားများအား ပြင်းထန်စွာ တိုက်ခိုက်တတ်ကြသည်။ သားရဲများ ကျောက်နဂါး ပြည်နယ်အား တိုက်ခိုက်ချိန်တွင် ၎င်းတို့သည် အဓိက ထိုးစစ်ဆင်သူများ ဖြစ်ကြသည်။

ဓားအင်မော်တယ် လင်းရှောင်သည် ကျောင်းသားများအား ကူညီလိမ့်မည် မဟုတ်ဘဲ ကျောင်းသား တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်အား စစ်ဆေးရန်သာလျှင် တာဝန်ရှိပေသည်။

ကောင်းမွန်သည့် စွမ်းဆောင်ရည်ရှိသော ကျောင်းသားများသည် ကျောင်းတော်မှ ချီးမြှင့်သည့် ဆုလာဘ်များ ရရှိမည်ဖြစ်သည်။

သို့သော်လည်း ထိုဆုလာဘ်များနှင့် ပတ်သက်၍ မည်သို့ ပြုလုပ်ရမည်နည်း။

အန်လင်းသည် လွန်စွာ ကြွယ်ဝနေပြီ ဖြစ်သည့်အတွက် ထိုဆုလာဘ်များနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားခြင်း မရှိပေ။

***

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ဝင်္ကပါသည် အသုံးပြုသူများအား ကိုးပြည်ထောင် နိုင်ငံတော်အတွင်းရှိ မည်သည့် ပြည်နယ်ကိုမဆို ပို့ဆောင်ပေးနိုင်သည်။

တန်းခွဲ ၁ မှ ကျောင်းသားအားလုံးသည် ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီး ဖြစ်သည့်အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ဝင်္ကပါ အတွင်းသို့ ဝင်ရောက် စုစည်းလိုက်ကြသည်။ ထို့နောက်တွင် ဓားအင်မော်တယ် လင်းရှောင်သည် မန္တန်ဝင်္ကပါအား အသက်သွင်းလိုက်တော့သည်။

တောက်ပသည့် အဖြူရောင် အလင်းတန်းတစ်ခုသည် တန်းခွဲ ၁ ၏ ကျောင်းသားအားလုံးကို လွှမ်းခြုံသွားသည်။

မရှေးမနှောင်းမှာပင် သူတို့၏ ပတ်လည်တွင် ရှိသည့် ကောင်းကင်နှင့် မြေပြင်သည် စတည်လည်ပတ်နေဟန် ထင်ရသည်။

ကျောင်းသားတစ်ရာသည် ရုတ်တရက်ဆိုသလို တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း နယ်မြေနှင့် ချိတ်ဆက်မိသွားပုံ ရသည်။

ကျောက်နဂါးပြည်နယ်၏ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း နယ်မြေသို့ ရောက်ရှိပြီးသည့် နောက်တွင် အန်လင်းသည် သူ၏ ပတ်ဝန်းကျင်အား စူးစမ်းလိုသည့် မျက်လုံးများဖြင့် ကြည့်ရှုနေလေသည်။

ကျောက်နဂါးပြည်နယ်တွင် အဆောက်အဦ များစွာ ရှိပြီး လမ်းများကို ကျောက်ပြာများ ခင်းထားသည်။ ထိုလမ်းများပေါ်တွင် ရထားလုံး အမျိုးအစား များစွာသည် သွားချည်လာချည်ဖြင့် ရှိနေလေသည်။

ဖြတ်သွားဖြတ်လာ လူအများသည် လွန်စွာရိုးရှင်းသည့် ဝတ်ရုံများ သို့မဟုတ် နူးညံ့သည့် ပိုးဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ အားလုံးတို့သည် ဈေးဧရိယာအတွင်း ရောနှောလျက် ရှိကြသည်။

“ဝေါင်း ... ရှေးဟောင်းခေတ် ဆိုတာ ဒီလိုပုံမျိုးပဲ နေမယ် ...” အန်လင်းသည် အံ့ဩလျက် ရှိနေသည်။

စုရှောင်လန်သည် “ရှေးဟောင်းခေတ် ဆိုတာ ဘာစကားတုန်း ... အခုက မော်ဒန်ခေတ်ဟဲ့ ...”

“ကိုးပြည်ထောင် နိုင်ငံတော်မှာ နေထိုင်တဲ့သူတွေက နည်းပညာ ဖွံ့ဖြိုးမှုကို အာရုံစိုက်ခြင်း မရှိကြတာ ... သိရဲ့လား ...”

“အဲဒါကလွဲရင် လူတိုင်းက ဒီမှာ အတော်လေး ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတယ် ...”

ကျင့်ကြံခြင်း တိုးတက် လာသည်နှင့်အမျှ လူအများစုသည် နည်းပညာနှင့် သိပ္ပံပညာရပ်တို့တွင် အာရုံစူးစိုက်လိုခြင်း မရှိကြတော့ချေ။

ယင်းအပြင် ခရမ်းကြယ်စင် ပြည်နယ်တွင် ဖြစ်ခဲ့သည်များကို ဥပမာထား၍ ပြည်နယ် အုပ်ချုပ်သူများသည် သိပ္ပံနှင့် နည်းပညာကို ဖိနှိပ်ထားရန် စည်းမျဉ်းများ ချမှတ်ခဲ့သည်။

သူတို့ ယခုရောက်ရှိနေသည့် နေရာမှာ ကျောက်နဂါးပြည်နယ်၏ မြို့တော်စီရင်စု ဖြစ်ပြီး ရစ်ခွေနဂါး အင်ပါယာမိသားစု တည်ရှိသည့် နေရာလည်း ဖြစ်သည်။

ကိုးပြည်ထောင် နိုင်ငံတော်ရှိ အဓိက အင်အားစုများကို ကောင်းကင်ဘုံပိုင်နက်၊ ဂိုဏ်းကြီး ၄ ဂိုဏ်းနှင့်  အင်ပါယာမိသားစု ၉ ခု ဟူ၍ အကျဉ်းချုပ် နိုင်သည်။

ပြည်နယ်အားလုံးရှိ အင်ပါယာမိသားစုများသည် ကျင့်ကြံခြင်း လောကတွင် အလွန်အားကောင်းသော အင်အားစုများ ဖြစ်ကြပြီး သက်ဆိုင်ရာ ပြည်နယ်ရှိ အရင်းအမြစ်များ အားလုံးကို ချုပ်ကိုင်ထားကြသည်။

စုချန်းရန်သည် ခရမ်းကြယ်စင် ပြည်နယ် သစ်တောစိမ်း အင်ပါယာမိသားစု၏ မင်းသမီးတစ်ပါး ဖြစ်ကြောင်း အန်လင်း အမှတ်ရမိသည်။ မြင့်မားသည့် အဆင့်အတန်း တစ်ခုတွင် ရှိနေသူ ဖြစ်သည်။

အန်လင်းသည် တိမ်မြူခိုးတို့နှင့် ရောယှက်လျက် ရှိနေသည့် တောင်ထိပ်ဆီသို့ အကြည့်ကို ပို့လွှတ်လိုက်သည်။

ယင်းတိမ်မြူခိုးတို့ကို ဖြတ်ကျော်၍ ကြည့်မည်ဆိုလျှင် နန်းတော်သဏ္ဌာန် အဆောက်အဦ တစ်ခုအား ခပ်ရေးရေး မြင်တွေ့နိုင်ပေသည်။ ရစ်ခွေနဂါး အင်ပါယာမိသားစု၏ နန်းတော်သာလျှင် ဖြစ်ပေလိမ့်မည်။

တတ်နိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းလောကရှိ နန်းတော်ဟူသည်ကို အန်လင်းသည် အမှန်တကယ် မြင်တွေ့ဖူးလိုသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် အခွင့်အရေး မရှိချေ။ သူတို့သည် ချူမြစ်စီရင်စု အပိုင်းတွင်ရှိသည့် သင်အန်းမြို့သို့ ရောက်ရှိနိုင်ရန် ကီလိုမီတာ ထောင်ပေါင်းများစွာ ခရီးဆက် ရပေဦးမည် ဖြစ်သည်။ ထိုမြင်ကွင်းအား ချီးကျူးဂုဏ်တင်ရန် အချိန်မရှိချေ။

သူတို့အားလုံးတို့သည် တစ်နေ့လျှင် ကီလိုမီတာ ၅၀၀ ကျော် ခရီးသွားရန် ကြိုးစားကြသည်။

ဟုတ်ပါသည်။ တစ်နေ့ကို ကီလိုမီတာ ၅၀၀ ခရီးသွားနိုင်ရန် အမှန်တကယ် မျှော်လင့်ထားခြင်း ဖြစ်သည်။

အတန်းပိုင်ဆရာ၏ ပြောစကားအရဆိုလျှင် ဤသည်က သူတို့ကျင့်ကြံခြင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ကြောင့် ပြီးမြောက်အောင် ပြုလုပ်ရပေမည်။

ကျောင်းသားများသည် ကီလိုမီတာ ၅၀၀ ခရီးကို ၁၂ နာရီအတွင်း ရောက်ရှိကြသည်။ ဆိုလိုသည်မှာ ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၄၀ ကျော် သွားနှုန်းဖြစ်သည်။

ကျောင်းသား အဖွဲ့လိုက်သည် တောင်ကြားများ တောင်တန်းများကို ဖြတ်သန်းကာ လျင်မြန်သည့် သွားနှုန်းဖြင့် ခရီးသွားလာနေသည့် မြင်ကွင်းအား မြင်ယောင်ကြည့်ပါ။ ယင်းသည် ကျင့်ကြံခြင်းလောက၏ မာရသွန်ပြိုင်ပွဲ တစ်ခု ဖြစ်ပေသည်။

တန်းခွဲ ၁ ရှိ ကျောင်းသားများ ထဲတွင် အနိမ့်ဆုံးသော ကျင့်ကြံခြင်း အခြေခံမှာ တာအိုခန္ဓာ အဆင့် ၉ ဖြစ်သည်။

သို့သော်ငြား ရူးသွပ်လောက်စရာ မာရသွန်ပြိုင်ပွဲ အတွင်းတွင် ကျောင်းသား အနည်းစုသည် မောပန်းလွန်းသဖြင့် သတိလစ်သွားခြင်းမျိုး ရှိနေဆဲပင် ဖြစ်သည်။

အန်လင်းထံတွင် သူ့ခန္ဓာကိုယ်အား သန်မာလာစေရန် အထောက်အကူ ပေးသည့် အထွတ်အထိပ် မြေကြာပန်းအတတ် ရှိနေသော်လည်း တစ်နေ့တာ ခရီး၏ အဆုံးသတ်တွင် သူ့ခြေထောက်များသည် တုန်ယင်ကာ ခန္ဓာကိုယ် တစ်ခုလုံး ချွေးဒီးဒီး ကျနေဆဲပင် ဖြစ်သည်။

ကောင်းကင်သို့ မော့ကြည့်လိုက်ရသည့် အခါတွင် လေထဲတွင် လွတ်လပ်စွာ ပျံသန်းနေကြသူများအား မြင်တွေ့ရသဖြင့် သူ၏ စိတ်ပျက်မှုတို့သည် ပိုမိုကာ ကြီးထွားလာတော့သည်။

တာအိုခန္ဓာအဆင့် ကျင့်ကြံသူနှင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတို့ အကြား ကွာခြားချက်သည် ဤအချိန်တွင် လွန်စွာ သိသာလွန်းလှသည်။

သူတို့သည် လေထဲတွင် ကြောင့်ကျမဲ့စွာဖြင့် ခရီးသွားနိုင်ကြသော်လည်း မြေပြင်ပေါ်ရှိ သူများမှာမူ ပြေးလွှားနေကြရသည်။

တန်းခွဲ ၁ ၏ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် ၄ ဦး အထိ တိုးလာခဲ့ပြီ ဖြစ်သည်။

ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့ အပြင် လတ်တလောမှ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက် သွားသည့် စုရှောင်လန်နှင့် လုကျန့်တို့ ဖြစ်ကြသည်။

ကျောင်းသားအချို့သည် လေထဲတွင် ရှိနေသည့် ကျောင်းသားလေးဦးအား မနာလိုမှု အပြည့်နှင့် ကြည့်လိုက်ကြသည်။

ဓားပျံ စီးနင်းခြင်းသည် မည်မျှလောက် သဘောကျ နှစ်ခြိုက်စရာ ကောင်းကြောင်းအား စတင် လက်ခံလာကြပြီ ဖြစ်သည်။

သို့သော်လည်း အန်လင်းသည် ထိုလူများနှင့် မတူပေ။ ဓားပျံစီးနင်းခြင်းသည် ထိုမျှလောက် ကောင်းမွန်ပါ၏လော။

မဟုတ်ချေ။ ဓားများသည် လွန်စွာ သေးငယ်လွန်းပြီး လေထုအား လျင်မြန်စွာ ဖြတ်သန်းသည့် အတွက်ကြောင့် လုံခြုံမှု မရှိပေ။ ကာကွယ်မှုလည်း မပြုနိုင်။

ဆန့်ကျင်ဘက် ဆိုရလျှင် ခွေးများသည် နူးညံ့သည်၊ နွေးထွေးကာ တုတ်ခိုင်သည်။ ခွေးပျံအား ပို၍ သဘောကျ နှစ်ခြိုက်သည်။

ဟူး ... တပိုင်လေးသာ ဒီမှာ ရှိရင်တော့ကွာ ...

အန်လင်းသည် ခိုကိုးရာမဲ့သည့် အမူအရာဖြင့်သာ ရှိနေတော့သည်။

All Chapters