← Chapters

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု (၁)

Vol. 94 Ch. 926

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု (၁)

Vol. 94 Ch. 926

ကျန့်ကျူးရှန်း မျက်မှောင်ကုတ်လိုက်သည်။

“မင်းသမီးဝက်မင်စတာ မင်းသမီးကို ကျုပ်ကိုယ်တိုင် ထွက်ကြိုသင့်ပေမဲ့ ကံမကောင်းစွာနဲ့ ဒီနေ့မှာ အရေးကြီး ဧည့်သည်တဦးရှိနေတဲ့အတွက် ဒီကိစ္စကို လစ်လျူရှုမိပါတယ် ခွင့်လွှတ်ပေးပါ”

မင်းသမီးဝက်မင်စတာ ချောင်းတချ​က်ဟန့်လိုက်ရာ လည်ပင်းတစ်လျှောက် စီတန်းနေသည့် ပြောင်လက်လက်အကြေးခွံများကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ပင်လယ်လူသားမျိုးစိတ်များတွင် အကြေးခွံများသည် မွေးရာပါမဟုတ်ပဲ ကာကွယ်ရေးအတွက် ကိုယ်တိုင်ကျင့်ကြံကြရ၏။

“ကျွန်မ ဒါကိုဆိုလိုတာမဟုတ်ဘူးဆိုတာ အရှင်မင်းကြီးသိပါတယ်လေ စုချန်း ဒီတစ်ခေါက် လာတာဟာ အရှင်မင်းကြီးတို့ကြောင့်မဟုတ်ပဲ ကျွန်မတို့ ပင်လယ်လူသားမျိုးစိတ်အတွက်ဆိုတာ အားလုံးသိထားပြီးသားပဲ ကျွန်မတို့ရဲ့ အရေးကြီးတဲ့ ဧည့်သည်ကို ဒီလိုဆက်ဆံနေတာဟာ မတော်ပါဘူးရှင်”

ဝက်မင်စတာ အထက်ပါအတိုင်း ပြောလိုက်လေရာ ကျန့်ကျူးရှန်းက ပြုံးပြုံးရွှင်ရွှင်နှင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။

“သူ ဒီရောက်နေတာက ပင်လယ်လူသားမျိုးစိတ်တွေကြောင့်ဆိုတာ မင်းသမီး သိထားတယ် ဒါပေမဲ့ နောက်ကွယ်က အကြောင်းရင်းကိုရော မင်းသမီး သိပြီးပြီလား သူ မင်းသမီးတို့မျိုးစိတ်​ကို စိတ်ဝင်စားနေတယ်ဆိုတာ နက်ပ်ကျွန်းမျက်လုံးကြောင့်ပဲ သူ ထုတ်မပြောဖူးပေမဲ့ လူပျံတော်နယ်မြေမှာ သူ လုပ်ခဲ့တဲ့ အရာတွေဟာ ဟိုးလေးတကြော်ကြော်ပဲလေ ထာဝရည ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာတဲ့လဲ လွှတ်ပေးပြီးတာနဲ့ သူ ဘာလို့ ကျုပ်နဲ့မင်းသမီးကို ချက်ချင်း ဆက်သွယ်လာတာတဲ့လဲ အဖြေက ရှင်းနေပါတယ်မင်းသမီး သူ နက်ပ်ကျွန်းမျက်လုံးကို မျက်စပစ်နေတာပဲ ဒါကြောင့် ကျုပ်ရဲ့အခုလုပ်ရပ်ဟာ ကျုပ်တို့နှစ်ဦးလုံးရဲ့အကျိုးကြောင့်လို့တောင် ပြောလို့ရတယ်”

ထိုနေရာတွင် ရှိနေသူများအားလုံး အံ့အားသင့်သွားကြ၏။ ကျန့်စီချွေ့သည်ပင် စုချန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။

“မင်း တကယ်ကြီး နက်ပ်ကျွန်းမျက်လုံးကို လိုချင်နေတာလား”

စုချန်း ခေါင်းညိတ်ပြလိုက်၏။

“ဘယ်ခွင့်ပြုနိုင်မလဲ”

“နက်ပ်ကျွန်းမျက်လုံးဆိုတာ သာမာန်မှမဟုတ်တာ"

“လူပျံတော်တွေသာ ဒါကိုရသွားမယ်ဆိုရင် ကောင်းကင်မြို့တော် ရွေ့လျားနိုင်လာလိမ့်မယ် ဒါဆိုရင် အခြေအနေက အကြီးအကျယ်ကို ပြောင်းလဲသွားလိမ့်မယ်”

“မဖြစ်ဘူး ကျန်တဲ့မျိုးစိတ်တိုင်းရဲ့အကျိုးအတွက် သူ့ကို ဟန့်တားထားမှရမယ်"

ရေအလျင်နိုင်ငံ၏ မှုးမတ်များအားလုံး အထက်ပါအတိုင်း ဆူဆူညံညံ ပြောဆိုကြကုန်၏။

စုချန်းကို အတင်းအကျပ် ဖမ်းဆီးရန် ကြံစည်နေစဉ်က တခွန်းတလေမှပင် ဝင်မပြောခဲ့ကြသောမှုးမတ်များအဖို့ သူတို့၏ မတရားမှုအတွက် ယခုကျမှ ထွက်ပေါက်ရှာတွေ့သွားဟန်ပေါ်သည်။

သို့သော် ဝက်မင်စတာက ၎င်းတို့အား မျက်နှာသာပေးမည့်ပုံမပေါ်ချေ။

သူမက ခပ်တည်တည်နှင့် ပြောလိုက်ပြန်၏။

“ကျွန်မ သိပါတယ် ဒါပေမဲ့ ဒီကိစ္စက ကျွန်မတို့ မျိုးစိတ်နဲ့သာ အဓိက သက်ဆိုင်နေတယ် ကျွန်မတို့အတွက် ရှင်တို့ ဆုံးဖြတ်ပေးစရာ မလိုဘူးထင်တယ်"

ဟင်...

သူမ၏ အဖြေကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။

ကျန့်ကျူးရှန်းကိုယ်တိုင်လည်း အံ့သြသွား၏။

“ဒါဆို သူ့ အစီအစဉ်ကို မင်းသမီး သိနေတာပေါ့ ဒါမှမဟုတ် ကြိုပြီးခန့်မှန်းထားတာလား”

“စုချန်းက ကျွန်မတို့ကို ဘယ်တုန်းကမှ ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး”

ဝက်မင်စတာ ပြန်ဖြေလိုက်၏။

“ဒီနေ့ ကျွန်မ ဒီကို ရောက်နေရတဲ့ အကြောင်းရင်းကလည်း ဒီအတွက်ပဲ"

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

လူတိုင်း မည်သို့မှ နားလည်နိုင်စွမ်းမရှိတော့ပဲ စုချန်းကို လှည့်ကြည့်လိုက်ကြ၏။

စုချန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

“စစ်သည်တော်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန် အရေးကြီးတဲ့အရင်းအမြစ်တွေလို့ဆိုနိုင်တယ် ပုံမှန် အခြေအနေမှာသာဆိုရင် ကိုယ့်ရဲ့စစ်အင်အားကို သူတပါးအတွက် ငှားယမ်းဖို့ ဘယ်သူမှ သဘောတူလိမ့်မယ်မဟုတ်ဘူး ဒါပေမဲ့ နောက်ဆုံးတော့ အရှင်မင်းကြီး သဘောတူခဲ့တာပဲမလား ခုကျမှသာ အရှင်မင်းကြီးက ဒီအပေးအယူကို ပြန်ဖျက်ချင်နေတာ"

ကျန့်ကျူးရှန်း နားလည်သွားခဲ့လေပြီ။

“ဒီတော့ မင်းက ဝယ်လိုက်တာပေါ့”

“အပေးအယူလို့ပြောရင် ပိုမှန်လိမ့်မယ်အရှင်မင်းကြီး”

မှန်သည်။ လဲလှယ်လိုက်ခြင်းပင် ဖြစ်သည်။

စုချန်းတွင် မူလကတည်းက ပင်လယ်လူသားမျိုးစိတ်များကို လှည့်စားရန် သို့မဟုတ် ၎င်းတို့ထံမှ နက်ပ်ကျွန်းမျက်လုံးကို ခိုးယူရန် စီစဉ်ထားခဲ့ခြင်း မရှိချေ။

ထိုအတွက် အကြောင်းပြချက်တချို့လည်း ရှိနေ၏။ ပထမအကြောင်းပြချက်မှာ ပင်လယ်လူသားမျိုးစိတ်များသည် လူသားတို့အတွက် ရန်သူများ မဟုတ်၍ပင်။ ထို့ကြောင့် စုချန်းအနေနှင့် ၎င်းတို့​အပေါ် သတ်ဖြတ်သူများ သို့မဟုတ် လူပျံတော်များအပေါ်တွင် အသုံးပြုခဲ့သည့် နည်းဗျူဟာများကို အသုံးပြုလိုစိတ်မရှိချေ။ ဒုတိယတချက်မှာကား နက်ပ်ကျွန်းမျက်လုံးကို ခိုးယူရန်ဟူသည်မှာ အကြီးအကျယ် ခက်ခဲနေသောကြောင့်ပင်။ လူပျံတော်များ ၎င်းကို ခိုးယူရန် ထောင်စုနှစ်များစွာ ကြံစည်ခဲ့သည့်တိုင် တခါမျှ မအောင်မြင်ခဲ့သည်ကိုကြည့်လျင် ထိုအချက်ကို မြင်သာနေ၏။

စုချန်းသည် သမိုင်းလျှောက် အကြီးမြတ်ဆုံး သူခိုးများထဲမှ တဦး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် နက်ပ်ကျွန်းမျက်လုံးကို ခိုးယူရေးကတော့ မည်သို့မှ မလွယ်ကူသည်မှာ သေချာနေ၏။

သို့သော်...

ခိုးမရဆိုတိုင်း ဝယ်၍မရနိုင်ဟုတော့ မဆိုလိုချေ။ ဤကမ္ဘာလောကကြီးထဲတွင် လုံးဝဝယ်ယူ၍ မရနိုင်သောအရာဟူသည်မှာ ရှားပါးလှ၏။ ရှင်းရှင်းပြောရလျင် လုံလောက်အောင် ပေးလိုက်ပါက နက်ပ်ကျွန်းမျက်လုံးကို မဆိုထားနှင့် လွတ်လပ်ခြင်းလေပြေကိုပင် ပင်လယ်လူသားမျိုးစိတ်များက ရောင်းကောင်းရောင်းချပေလိမ့်မည်။

ကျန့်ကျူးရှန်းသည် ဝက်မင်စတာကို အံ့သြတကြီးနှင့် စိုက်ကြည့်နေ၏။

“သူ မင်းသမီးကို ဘယ်လောက်တောင် ပေးလိုက်တာလဲ”

ဝက်မင်စတာ ခေါင်းခါလိုက်၏။

"သူ ပေးတာ ငွေကြေးမဟုတ်ဘူး ငွေကြေးနဲ့ ဝယ်ယူလို့မရတဲ့အရာတခုကို ပေးခဲ့တာ"

ကျန့်ကျူးရှန်း တစုံတရာ နားလည်သွားပုံရသည်။

“မှန်တယ် နက်ပ်ကျွန်းမျက်လုံးဆိုတာ ပိုက်ဆံသက်သက်နဲ့ ဝယ်လို့ရတဲ့အရာမှမဟုတ်တာပဲ သူ မင်းသမီးကို ဘာကတိပေးခဲ့တာလဲ”

ဝက်မင်စတာ ခေါင်းတချ​က်ညိတ်ရင်း ပြောလိုက်လေသည်။

"အပေးအယူကတော့ တခြားမဟုတ်ဘူး နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပါပဲ အရှင်မင်းကြီး”

ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း အံ့အားသင့်သွားကြ၏။

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုနှင့် ပတ်သက်လျင် ပင်လယ်လူသားမျိုးစိတ်တို့၏ သမိုင်းကို ဖော်ပြရန်လိုအပ်၍ အနည်းအကျဥ်း ဖော်ပြပါအုံးမည်။

ပင်လယ်လူသားမျိုးစိတ်တို့၏ သမိုင်းသည် ရှေးဦးခေတ် နှစ်ပေါင်း၆၀,၀၀၀ တွင် စတင်ခဲ့၏။ အတိအကျပြောရလျင် ပင်လယ်မူလသားရဲကြီးနှစ်ကောင် အကြိတ်အနယ် တိုက်ခိုက်ခြင်းမှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

တိုက်ပွဲသည် သုံးရက်နှင့်သုံးညတိုင်တိုင် ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင် မူလသားရဲကြီးတကောင် သေဆုံးသွားပြီး ပင်လယ်သမုဒ္ဒရာကြမ်းပြင်၏ အောက်ခြေထိ နစ်မြုပ်သွားတော့၏။ ထိုမူလသားရဲကြီး၏ အသားသည် အစားအသောက်ရှာဖွေ​နေကြသော သားရဲအများအပြားကို ဆွဲဆောင်နေခဲ့သလို ဖြစ်နေခဲ့လေသည်။

ထိုအချိန်မှာပင် သားရဲငယ်တကောင်သည် အဆိုပါပင်လယ်မူလသားရဲကြီး၏ အဆီအနှစ်အနည်းငယ်ကို မတော်တဆ စားသုံးမိခဲ့၏။ နောင်နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီးနောက် ထိုအဆီအနှစ်တွင် ပါဝင်နေသည့် မူလစွမ်းအင်၏လွှမ်းမိုးမှုအောက်တွင် ထိုသားရဲငါးလေးသည် တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာခဲ့တော့သည်။

နှစ်ပေါင်း နှစ်သောင်းကြာအောင် ဆင့်ကဲပြောင်းလဲတိုးတက်ပြီး နောက်ဆုံးတွင် မူလကမ္ဘာကြီးတွင် ညဏ်ရည်မြင့်မျိုးစိတ်သစ်တစိတ် ထပ်မံပေါ်ပေါက်လာလေသည်။

ထိုမျိုးစိတ်မှာကား ပင်လယ်မျိုးစိတ်များပေတည်း။

တကယ်တော့ ပင်လယ်လူသားမျိုးစိတ်များ၏ အင်အားမှာ ​မသေးလှချေ။ ရှင်းရှင်းပြောရလျင် မျိုးစိတ်ကြီးငါးစိတ်အနက် ပင်လယ်လူသားမျိုးစိတ်များကို အင်အားအကောင်းဆုံးဟုပင် သတ်မှတ်နိုင်သည်။

၎င်းတို့သည် ရေနှင့် မွေးရာပါဆက်စပ်မှုရှိနေပြီး သတ်ဖြတ်သူများ၏ သန်မာမှုနှင့် လူပျံတော်များ၏ အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ ထိုမျှသာမကသေး လူသားတစ်ဦးတွင်သာ ရှိနိုင်သော အရည်အသွေးတချို့ကိုလည်းပိုင်ဆိုင်ထားသေး၏။ သို့သော် ထိုအရည်အသွေးများအားလုံးသည် ၎င်းတို့ နေထိုင်ရသော ကြောက်မက်ဖွယ်ပတ်ဝန်းကျင်ကြောင့် ဖိနှိပ်ခံထားရလေသည်။

ပင်လယ်သားရဲများသည် ကုန်းပေါ်ရှိ သားရဲများထက် ပို၍အင်အားကြီးမားကြလေရာ ထ်ိုအချက်ကပင် ပင်လယ်မျိုးစိတ်တို့၏ အစွမ်းကို တဖက်တလမ်းမှ ထိန်းချုပ်ထားသလို ဖြစ်နေခဲ့၏။

ထိုအချက်များကြောင့် ၎င်းတို့မျိုးစိတ်ရှင်သန်ရေးကို ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းတစုံတရာ ရနိုးနိုးနှင့် ပင်လယ်လူသားမျိုးစိတ်များသည် အာကင်နာနိုင်ငံတော်ကြီးထွန်းကားစဥ် ကာလတွင် အာကင်နာဘုရင့်နိုင်ငံတော်ထံ အကူအညီ တောင်းခံခဲ့ကြတော့သည်။ တဖက်မှ အာကင်နာများအဖို့မှာလည်း ပင်လယ်ထဲတွင် ပေါကြွယ်ဝလှသည့် သယံဇာတများကို ပင်တိုင်စုဆောင်းပေးမည့် မဟာမိတ်တဦးကို လိုအပ်နေလေရာ ၎င်းတို့အချင်းချင်း အပေးအယူတည့်ခဲ့ကြသည်ဟု ဆိုနိုင်သည်။ ဤသည်မှာပင် လွတ်လပ်ခြင်းလေပြေ၏ မူလဘူတအစပင် ဖြစ်လေသည်။

လွတ်လပ်ခြင်းလေပြေကြောင့် သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာတိုင်း ပင်လယ်မျိုးစိတ်များအနေနှင့် ပင်လယ်ထဲမှ ကုန်းပေါ်သို့ ယာယီဆုတ်ခွာနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုန်းပေါ်ရှိ နတ်ဆိုးသားရဲများကြောင့် အာကင်နာနိုင်ငံတော်အပေါ် ကျရောက်နေသော ဖိအားတချို့ကို ပင်လယ်လူသားမျိုးစိတ်များဘက်မှ ကူညီလျှော့ချပေးနိုင်လာပေလိမ့်မည်။

သို့သော် အာကင်နာများ ကတိဖျက်ခဲ့ကြ၏။ ကလိန်ကကျစ် ကျခဲ့ကြ၏။ သူတို့သည် လွတ်လပ်ခြင်းလေပြေကို ဖန်တီးပြီးနောက် မပြီးသေးဟန်ဆောင်ကာ ပင်လယ်လူသားမျိုးစိတ်တို့၏ သယံဇာတများကိုသာ အမြတ်ထုတ်နေခဲ့ကြလေသည်။

သို့သော် လောကကြီးတွင် မည်သည့်လျှို့ဝှက်ချက်မှ ထာဝရ မတည်တံ့ချေ။ နောက်ဆုံးတွင်တော့ ပင်လယ်လူသားမျိုးစိတ်များသည် အမှန်တရားကို ရှာဖွေတွေ့ရှိသွားကြ၏။

ကစဥ့်ကလျားခေတ်တွင်တော့ အာကင်နာဘုရင့်နိုင်ငံတော်သည် စတင်ဆုတ်ယုတ်စပြုလာ၏။ အာကင်နာများ၏ ထာဝရမြို့တော်သည်လည်း သတ်ဖြတ်သူများ၊ အမှောင်ဝိညာဥ်မျိုးစိတိများ၊ လူပျံတော်များနှင့် လူသားများ၏ ပြိုင်တူတိုက်ခိုက်ခြင်းကို ခံနေရ၏။ ထိုအချိန်မှာပင် အာကင်နာမှုးမတ်တဦးဖြစ်သူ အင်ဘရီနှင့် သူ၏ မိသားစုသည် လွတ်လပ်ခြင်းလေပြေကို ယူသွားပြီး ပင်လယ်လူသားမျိုးစိတ်များထံ ထွက်ခွာလာခဲ့တော့သည်။

သို့သော် ပင်လယ်လူသားမျိုးစိတ်များအဖို့မှာကား အာကင်နာများကို အကြီးအကျယ် မုန်းတီးကုန်ကြလေပြီ။ သူတို့သည် လွတ်လပ်ခြင်းလေပြေကို သိမ်းယူပြီး အင်ဘရီတို့တသိုက်ကို လက်စတုံးလုပ်ပစ်ကြလေသည်။

သို့သော် အာကင်နာပညာရှင် လူငယ်တဦးသည် ထိုသတ်ဖြတ်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့၏။ ထိုအာကင်နာပညာရှင်လူငယ် လာမည့်ရက်များတွင် ၎င်းတို့အား မည်မျှ ပျက်စီးစေမည်ကို ပင်လယ်လူသားမျိုးစိတ်များ ထိုအချိန်တုန်းက မသိခဲ့ကြချေ။

ကြယ်စုနှစ်သစ်၁၁၆ နှစ်တွင် ပင်လယ်လူသားမျိုးစိတ်များသည် မိုးပြာရောင်ဘုရင့်နိုင်ငံတော်ကို တည်ထောင်လိုက်​ကြ၏။ ၎င်းသည် ဉာဏ်ရည်မြင့်မျိုးစိတ်များ၏ ပထမဆုံးသော ဘုရင့်နိုင်ငံတော်ဟု ဆိုနိုင်သည်။ ပင်လယ်လူသားမျိုးစိတ်များအနေနှင့် ပင်လယ်ထဲတွင်သာနေထိုင်ကြသည်ဖြစ်လေရာ သူတို့အနေနှင့် တခြားညဏ်ရည်မြင့်မျိုးစိတ်များ၏ တုံ့ပြန်မှုများကို စိုးရိမ်နေစရာမလိုချေ။ ပင်လယ်သားရဲများအဖို့မှာကား ပင်လယ်လူသားမျိုးစိတ်များ ဘုရင့်နိုင်ငံတော် တည်ထောင်သည်ဖြစ်စေ မတည်ထောင်သည်ဖြစ်စေ ဂရုစိုက်နေလိမ့်မည်မဟုတ်။ သူတို့အဖို့ စားနေရ၊ အိပ်နေရလျင် ကျေနပ်နေကြမည်သာ။

ကြယ်စုနှစ်သစ် ၂၆၂ နှစ်တွင် ပင်လယ်သားရဲကြီးမလာဗစ်သည် နက်ရှိုင်းပင်လယ်မြို့တော်ကို ဝင်ရောက်တိုက်ခိုက်တော့သည်။ မြို့တော်ကို ကာကွယ်ရင်း ပင်လယ်မျိုးစိတ်သူရဲကောင်းအများအပြား သေဆုံးကုန်ကြ၏။ နောက်ဆုံးတွင် မလာဗစ်မှာလည်း အသက်ပျောက်သွားလေသည်။

ကြယ်စုနှစ်သစ် ၃၁၃ နှစ်တွင် ပင်လယ်သားရဲကြီးဂရော့က နက်ရှိုင်းပင်လယ်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြန်သည်။ ဤတိုက်ပွဲတွင် ဂရော့ကို အာရုံပြောင်းလဲစေရန် ပင်လယ်မျိုးစိတ်သူရဲကောင်းတဦး မိမိကိုယ်ကို စတေးခဲ့ရ၏။

ကြယ်စုနှစ်သစ်၃၅၅ နှစ်တွင် မြို့တော်ကို သားရဲလှိုင်းကြီး ဝင်ရောက်ရိုက်ခတ်တော့သည်။ ဤတချီတွင်တော့ ပင်လယ်လူသားမျိုးစိတ်များ အကြီးအကျယ် အထိနာသွား၏။

ဤသို့နှင့် ၂၄၅နှစ်မှ ၄၂၀နှစ်၊ နှစ်ပေါင်းနှစ်ရာပင် မပြည့်သော ကာလအတွင်း ပင်လယ်လူသားမျိုးစိတ်များသည် ပင်လယ်သားရဲမဟာဧကရာဇ်များ၏ တိုက်ခိုက်ခြင်းကို လေးကြိမ်အထိ ခံခဲ့ရပြီး သားရဲလှိုင်း ဆယ့်နှစ်ကြိမ်ကို ရင်ဆိုင်ခဲ့ကြရလေသည်။ ဤတိုက်ခိုက်မှုများသည် ပုံမှန်ထက် ငါးဆနီးပါးခန့်ပင် ပိုနေလေရာ ပင်လယ်လူသားမျိုးစိတ်များ စတင်သံသယဝင်လာတော့သည်။

နောက်ဆုံးတော့ ရှန်းယွဲ့အမည်ရှိ ပင်လယ်လူသားမျိုးစိတ် ကလေးငယ်တဦးသည် တစုံတခုကို မတော်တဆ တွေ့ရှိသွားခဲ့၏။ ဤနည်းအားဖြင့် အနီးအနားတွင် ရှိနေသော ထူးခြားသည့် ကိရိယာတခုကို ပင်လယ်လူသားမျိုးစိတ်များ ရှာဖွေတွေ့ရှိသွားကြလေသည်။

ဤကိရိယာသည် ပင်လယ်သားရဲကြီးများကို ဆွဲဆောင်သည့် ထူးထူးခြားခြားသွေးခုန်နှုန်းများကို ထုတ်လွှတ်ပေးနိုင်သည့်အစွမ်းမျိုး ရှိနေ၏။

တစုံတဦးက ဤကိရိယာကို ရည်ရွယ်ချက်ရှိရှိ စိုက်ထူထားခဲ့သည်မှာ ရှင်းနေခဲ့လေပြီ။

လှိုင်းနှုန်းများ၏ မူလရင်းမြစ်များကို ရှာဖွေတွေ့ရှိပြီးနောက် ပင်လယ်လူသားမျိုးစိတ်များ ခံစားခဲ့ရသည့် နှစ်ပေါင်း နှစ်ရာကြာ တိုက်ခိုက်မှု ကာလ အဆုံးသတ်သွား၏။ ထိုမျှသာမကသေး ဤကိရိယာ၏ လက်သည်မှာ အာကင်နာများနှင့် ဆက်စပ်နေကြောင်းကိုပါ သူတို့ ရှာဖွေတွေ့ရှိသွား၏။

ကြယ်စုနှစ်သစ်၅၆၅ခုနှစ်တွင် ပင်လယ်လူသားမျိုးစိတ်များထံသို့ ထိတ်လန့်ဖွယ်ရာ ကပ်ရောဂါတခု ကျရော​က်လာပြန်၏။ ကပ်ရောဂါကြောင့် ပင်လယ်လူသားမျိုးစိတ်အများအပြာူ ပြုတ်ပြုတ်ပြုန်းသွားခဲ့ရလေသည်။ယခင်က ရခဲ့သော သင်ခန်းစာကိုအခြေခံ၍ ဤကပ်ရောဂါမှာလည်း အာကင်နာများနှင့် သက်ဆိုင်နေကြောင်း သူတို့ တွေ့ရှိခဲ့ရပြန်သည်။

ပင်လယ်သားများသည် ကမ်းခြေများသို့ သံတမန်အဖွဲ့ကြီးများ စေလွှတ်ကာ ကုသနည်းများ​ကို ရှာဖွေခဲ့ကြ၏။ နောက်ဆုံးတော့ ထိုအချိန်တွင် အရွယ်ရောက်လာခဲ့ပြီဖြစ်သော လူငယ်ရှန်းယွဲ့ကပင် ကပ်ရောဂါ၏ စစ်မှန်သော သဘောသဘာဝကို ဖော်ထုတ်နိုင်ခဲ့တော့သည်။ ဤ ဘေးအန္တရာယ်၏ အဓိကလက်သည်မှာကား တခြားမဟုတ်။ တချိန်က အင်ဘရီသတ်ဖြတ်ပွဲမှ အသက်ရှင်လွတ်မြောက်ခဲ့သော အင်ဘရီမိသားစု၏ ကျန်ရစ်သူ ဒယ်နီယယ်အင်ဘရီပေတည်း။

အနှီအာကင်နာကလေးငယ်သည် ပါရမီရှင်တဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ချေ။ သို့သော် သူသည် ထူးခြားသော အာကင်နာနည်းစနစ်များ ကို သုံးကာ ရာစုနှစ်များစွာ ကြာမြင့်စေသည့် လက်စားချေရေးအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ခဲ့၏။ သူ့လုပ်ရပ်များကြောင့် ပင်လယ်လူသားမျိုးစိတ်များ ပေးဆပ်မှုကြီးမားခဲ့ရလေသည်။

သိ​ပ်မကြာမီ ပင်လယ်လူသားများနှင့် အင်ဘရီအကြား ပြင်းထန်သောတိုက်ပွဲကြီး စတင်ဖြစ်ပွားတော့သည်။ ပင်လယ်လူသားများသည် အင်ဘရီကို ဘယ်သောအခါမှ ဖမ်း၍မမိသည့်တိုင် အင်ဘရီ၏အဖွဲ့အစည်းကိုတော့ လေးကြိမ်တိုင်တိုင် ဖျက်ဆီးပစ်နိုင်ခဲ့၏။ တကြိမ်တွင် အင်ဘရီကိုယ်တိုင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

ထိုအချိန်တွင် အလွန်စပ်စုတတ်သော ရှန်းယွဲ့လေးသည် ပင်လယ်မျိုးစိတ်များ၏ ခေါင်းဆောင် ဖြစ်နေခဲ့လေပြီ။ သူနှင့် အင်ဘရီသည် အကြိမ်ပေါင်း မရေနိုင်လောက်အောင် အချင်းချင်း အပြန်အလှန် တိုက်ခိုက်ခဲ့ကြ၏။ အင်ဘရီ၏ အိမ် ဖျက်ဆီးခံရသည့် လေးကြိမ်တွင် သုံးကြိမ်သည် ရှန်းယွဲ့၏လက်ချက်ဟု ဆိုနိုင်သည်။

အင်ဘရီကြောင့် ရှန်းယွဲ့သည်လည်း ခြောက်ကြိမ်တိုင်တိုင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခံခဲ့ရ၏။

ကြယ်စုနှစ်သစ်၂၁၀၀ ပြည့်နှစ်တွင် ဒယ်နီယယ်အင်ဘရီသည် ရှန်းယွဲ့ကို ဆဋ္ဌမအကြိမ်မြောက် လုပ်ကြံရန် ကြိုးပမ်းခဲ့၏။ ဤတချီတွင်တော့ ရှန်းယွဲ့တယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတော့သည်။ သို့သော် ရှန်းယွဲ့၏ လက်ချက်ကြောင့် ဒယ်နီယယ် အင်ဘရီ အထိနာသွားသည်က ပို၍ပြင်းထန်လှသည်။ သို့နှင့် နောက်ဆုံးတွင် အင်ဘရီတယောက် ဒဏ်ရာများနှင့် အသက်ပျောက်သွားတော့သည်။ သိပ်မကြာမီ ရှန်းယွဲ့သည်လည်း ရန်သူတော်ကြီးနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလေသည်။

ဤနည်းအားဖြင့် ဂန္တဝင်သူရဲကောင်းနှစ်ဦးကြားမှ သမိုင်းဝင်ပဋိပက္ခ ထာဝရ အဆုံးသတ်သွား​သည်။

သို့သော် နောက်ဆက်တွဲဇာတ်လမ်းတပုဒ် ရှိနေအုံးမည်ဟု မည်သူကမျှ မမျှော်လင့်ထားကြချေ။

ကံဆိုးလှစွာပင် အင်ဘရီ ကွယ်လွန်သွားသည့်တိုင် သူ့တပည့်ကောနီဂါမှာ အသက်ရှင်ကျန်ရစ်ခဲ့၏။ ကောနီဂါသည်လည်း အင်ဘရီ၏ အရည်အချင်း၊ ကြွယ်ဝမှုနှင့် မုန်းတီးမှုကို အပြည့်အဝ အမွေဆက်ခံခဲ့သူ ဖြစ်သည်။ ဤသို့နှင့် သူသည် ပင်လယ်လူသားမျိုးစိတ်များ၏ နောက်ထပ် အိပ်မက်ဆိုး ဖြစ်လာခဲ့လေသည်။

ဒယ်နီယယ်အင်ဘရီနှင့် မတူသည်မှာ ကောနီဂါသည် ပိုမိုတည်ငြိမ်ပြီး စိတ်ဓာတ်ကြံ့ခိုင်လှခြင်းပင် ဖြစ်သည်။ သူသည် ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပူပန်တတ်သူမျိုး မဟုတ်။ သတ်မှတ်ထားသည့် ပန်းတိုင်ကို ရောက်ရှိရန် အရာအားလုံးကို စတေးရဲသူမျိုး ဖြစ်နေသည်။

ထိုအတိုင်းလည်း သူ အတိအကျပင် လုပ်ဆောင်နိုင်ခဲ့၏။

မရေမတွက်နိုင်သည့် တီထွင်ဖန်တီးမှုများစွာကို လုပ်ဆောင်နိုင်ခဲ့သည့် ဒယ်နီယယ်အင်ဘရီနှင့် မတူပဲ ကောနီဂါသည် သူ့ဘဝတွင် တစ်ခုတည်းသောအရာကိုသာ ဖန်တီးနိုင်ခဲ့၏။ သို့သော် ထိုအရာသည်ပင် ပင်လယ်လူသားမျိုးစိတ်များကို နှစ်ပေါင်း နှစ်သောင်းကျော်ကြာအောင် နာကျင်ခံစားနေစေခဲ့လေသည်။

ထိုအရာမှာ တခြားမဟုတ်။ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပင် ဖြစ်လေသတည်း။

မှန်ပါသည်။ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုဟူသည် ရတနာတပါး မဟုတ်သလို အံ့ချီးဖွယ်နည်းစနစ်တမျိုးလည်း မဟုတ်ချေ။

၎င်းသည် ရာစုနှစ်များတစ်လျှောက် ပင်လယ်လူသားမျိုးစိတ်ဝင်ပေါင်း သန်းရာနှင့်ချီသော အသက်များကို လုယူခဲ့သည့်၊ အမုန်းတရားများနှင့်သာ ပြည့်နှက်နေသည့် အာကင်နာပညာရှင် အကြွင်းအကျန်တဦး ဖန်တီးခဲ့သော လက်စားချေ ကိရိယာတမျိုးသာ ဖြစ်သည်။ ၎င်း ချန်ထားခဲ့သော ဒဏ်ရာများသည် ပင်လယ်လူသားမျိုးစိတ်များ၏ နှလုံးသားများထဲတွင် အမာရွတ်များ အထပ်ထပ် ထင်နေ၏။

ထို့ကြောင့် နက်ရှိုင်းသော ပင်လယ်ဝမ်းနည်းပူဆွေးမှုသည် ပင်လယ်လူသားမျိုးစိတ်တို့၏ အစစ်အမှန်ဝမ်းနည်းပူဆွေးမှုဟု ဆိုနိုင်လေသည်။

All Chapters