← Chapters

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု (၂)

Vol. 94 Ch. 927

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု (၂)

Vol. 94 Ch. 927

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုဟူသည် စက်ပစ္စည်းကိရိယာတခုသာ ဖြစ်သည်။

၎င်းကို အသုံးပြုပုံမှာလည်း အလွန်ရိုးရှင်းလှပြီး လုပ်ဆောင်ပုံမှာလည်း ဒယ်နီယယ်အင်ဘရီဖန်တီးခဲ့သည့် ကိရိယာနှင့် အခြေခံအားဖြင့် တူညီ၏။ တနည်းအားဖြင့် ဤကိရိယာ၏ ရည်ရွယ်ချက်မှာလည်း ပင်လယ်သားရဲများကို ဆွဲဆောင်ရန်သာ ဖြစ်သည်။

သို့သော် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် အင်ဘရီ၏ လှိုင်းနှုန်း ထုတ်ကိရိယာထက် သာလွန်သည့်အချ​က်ပေါင်းများစွာကို ပိုင်ဆိုင်ထား၏။

ပုံမှန်အားဖြင့်ဆိုလျင် လှိုင်းနှုန်းထုတ်ကိရိယာသည် အစွမ်းထက်သည့် ပင်လယ်သားရဲများ၏ အာရုံကို ဖမ်းစားနိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည့် လှိုင်းခုန်နှုန်းများကို ဖန်တီးပေးနိုင်သော အစွမ်းရှိပေသည်။ လှိုင်းခုန်နှုန်းများ ထွက်ပေါ်လာသည်နှင့်ပင်လယ်သားရဲများသည် ထိုနေရာသို့ စုပြုံရောက်ရှိလာကြပေလိမ့်မည်။ တစ်ခါတစ်ရံတွင်လည်း ၎င်းတို့သည် ပင်လယ်လူသားများ၏ နယ်မြေထဲသို့ ဝင်ရောက်ကုန်ကြပြီး တိုက်ပွဲကြီးများ ပေါ်ပေါက်လာတတ်သည်။

သို့သော် လှိုင်းနှုန်းထုတ်ကိရိယာမှာ စက်ပစ္စည်းသာ ဖြစ်နေ၍ ရှာဖွေတွေ့ရှိသွားသည်နှင့် ​တပြိုင်နက် ဖျက်ဆီးခြင်း ခံသွားရနိုင်သည်။ ထို့ပြင် ၎င်းသည် ပင်လယ်သားရဲများ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်ခြင်းစွမ်းမရှိပဲ သတ်မှတ်ထားသော နေရာတခုသို့သာ ဆွဲခေါ်သွားနိုင်၏။ တိုက်ပွဲကြီးများ ပေါ်ပေါက်လာခြင်းရှိမရှိဟူသည်မှာပင် အနှီ ပင်လယ်သားရဲကြီးများ၏ ဆန္ဒအပေါ် တွင်သာ မူတည်နေသည်။

သို့ရာတွင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည်ကား ကွဲပြားခြားနားသောအရာဖြစ်သည်။

ဤစက်ကိရိယာသည် အတော်ပင်ထူးခြားလှ၏။ ၎င်းသည် လွတ်လပ်ခြင်းလေကဲ့သို့ပင် ရတနာတပါးဟု ဆိုနိုင်သလို ထူးခြားနက်နဲသည့် အာကင်နာပညာရပ်တမျိုးလည်း ဖြစ်သည်။

အတိုချုပ်ပြောရလျင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် ပင်လယ်သားရဲများကို သတ်မှတ်ထားသောနေရာသို့ ဦးတည်စေနိုင်သည့်အပြင် ၎င်းတို့၏ လှုပ်ရှားမှုကိုလည်း ထိန်းချုပ်ထားနိုင်၏။ ထိုမျှသာမကသေး ဤကိရိယာသည် သားရဲကြီးများ၏ ကြီးထွားမှု လုပ်ငန်းစဉ်ကိုပင် အထောက်အကူပြုနိုင်ပေသည်။

မှန်ပါသည်။ ဤစက်ပစ္စည်းသည် ပင်လယ်သားရဲများ၏ စွမ်းအားကိုပင် မြှင့်တင်ပေးနိုင်၏။

ကောနီဂါတယောက် ဤမျှ ပြောင်မြောက်လှသည့်အရာကို မည်သို့ဖန်တီးခဲ့မှန်း မည်သူမှမသိနိုင်ချေ။ သို့သော် ပင်လယ်သားရဲများသည် နက်ရှိုင်းသော ပင်လယ်ဝမ်းနည်းမှု အနီး၌ ကြီးပြင်းလာသရွေ့ ပိုမိုကြီးထွားလာနိုင်သည်ကား အမှန်ပင်။

ပင်လယ်လူသားမျိုးစိတ်များအနေနှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုတွင် ပင်လယ်သားရဲကြီးများ၏ ကြီးထွားမှု လုပ်ငန်းစဉ်ကို မြှင့်တင်ပေးနိုင်သည့် နတ်ဘုရားအဆင့် ဆေးဝါးမျိုးပင် ပါဝင်နိုင်ချေရှိသည်ဟု ယုံကြည်ထားကြသည်။ ဤနည်းဖြင့် ၎င်းသည် ပင်လယ်သားရဲကြီးများကို ဆွဲဆောင်အမိန့်ပေးပြီး ပင်လယ်သားများကို တိုက်ခိုက်ရန် အမိန့်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု သည် ပင်လယ်သားရဲများ၏ ခွန်အားကိုသာ သက်ရောက်မှု ရှိသည် မဟုတ်ပဲ တိုက်ခိုက်ရမည့် ပစ်မှတ်ကိုပါ ညွှန်ပြနိုင်၏။

ရလဒ်မှာ ပင်လယ်လူသားမျိုးစိတ်များအဖို့ ကြောက်မက်ဖွယ်အခြေအနေတရပ်ထဲသို့ ကျရောက်သွားစေခြင်းပင်။

ဤသို့နှင့် ပင်လယ်လူသားမျိုးစိတ်များသည် မည်သည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်သည်ဖြစ်စေ ပင်လယ်သားရဲမဟာဧကရာဇ်များ၏ တိုက်ခိုက်ခြင်းမှုကို ခံနေကြရတော့၏။ အကြောင်းမှာ ပင်လယ်သားရဲများက ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ လာရောက်ရှာ​ဖွေတိုက်ခိုက်ကြခြင်းကြောင့်ပင်။

ထို့ပြင် ဤပင်လယ်သားရဲများတွင် သွေးအဆီအနှစ်ဟူ၍ မရှိသလောက် ပါးလျားနေလေရာ ၎င်းတို့ကို သတ်ဖြတ်နိုင်ခြင်းကြောင့် ပင်လယ်သားများအဖို့ မည်သည့်အကျိုးကျေးဇူးမှ မရရှိပဲ ဖြစ်နေကြ၏။ တစ်နည်းအားဖြင့် သူတို့သည် အကျိုးမရှိသော တိုက်ပွဲကို ဆင်နွှဲနေရသလို ဖြစ်နေခဲ့လေသည်။

ဤသည်မှာလည်း နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ သက်ရောက်မှုကြောင့်ပင် ဖြစ်ရမည်ဟု ပင်လယ်လူသားမျိုးစိတ်များက ယူဆထားကြ၏။ ကြည့်ရသလောက် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် ပင်လယ်သားရဲများ၏ သွေးဗီဇအဆီအနှစ်ကို စတေးပြီး ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနေခြင်းပင် ဖြစ်ရပေလိမ့်မည်။

မည်သို့ဆိုစေ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကြောင့် ပင်လယ်လူသားမျိုးစိတ်များသည် ဤပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို အဆက်မပြတ်ပင် ခံနေကြရ၏။ ထို့ကြောင့် ညဏ်ရည်မြင့်မျိုးစိတ်ကြီးများအနက် ၎င်းတို့၏ ဘဝများကသာ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးဟု ဆိုနိုင်ပေသည်။

နောက်ဆုံးတော့ ပင်လယ်သားရဲများ၏ ကြမ်းတမ်းရက်စက်မှုတို့ကြောင့် ဤနယ်မြေမှ အာကင်နာအကြွင်းအကျန်အဖွဲ့ဖြစ်သည့် အနက်ရောင်မီးလျံအဖွဲ့ပင်လျှင် ပင်လယ်လူသားတို့နှင့်အတူ ရပ်တည်ရတော့မည့် အခြေဆိုက်လာတော့သည်။

မည်သို့ဆိုစေ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုတွင်လည်း အားနည်းချက်တခုတော့ ရှိနေ၏။ ထိုတခုတည်းသော အားနည်းချက်မှာ ၎င်းသည် လူလုပ် စက်ပစ္စည်းကိရိယာ ဖြစ်နေခြင်းပင်။ လှိုင်းနှုန်းထုတ်ကိရိယာကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု၏ ထိရောက်မှုကလည်း အဆုံးသတ်သွားပေလိမ့်မည်။

ထို့ကြောင့်လည်း ကောနီဂါသည် ထိုအားနည်းချက်ကို ဖာထေးရန် အစစအရာရာ ကြိုတင်ပြင်ဆင်ထား၏။

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ဖန်တီးအောင်မြင်ပြီးသည်နှင့် သူသည် ၎င်းကို သုံးကာ ပင်လယ်သားရဲများကို ဆွဲဆောင်ခဲ့ပြီး နှစ်ပေါင်း လေးရာ (400)တိုင်တိုင် ထိုသားရဲများကို မွေးမြူထားခဲ့၏။ ဤနည်းအားဖြင့် နောက်ဆုံးတော့ သူသည် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ဗဟိုပြုထားသည့် ပင်လယ်သားရဲအသိုက်ကြီးကို တည်ဆောက်နိုင်ခဲ့လေသည်။

ထိုအသိုက်မှာကား နာမည်ဆိုးဖြင့် ကျော်ကြားနေ​သည့် ပင်လယ်ချောက်နက်ကြီးတွင် တည်ရှိနေလေသတည်း။

ကြားရသလောက် ပင်လယ်ချောက်နက်တွင် ပင်လယ်သားရဲအရှင်သခင်ပေါင်း ရာနှင့်ချီ၍ နေထိုင်ကြသည်ဟု ဆို​၏။ ၎င်းတို့သည် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနေကြလေသည်။

လွတ်လပ်ခြင်းလေကို ပိုင်ဆိုင်ထားခြင်းကြောင့် ပင်လယ်လူသားမျိုးစိတ်များကို ပင်လယ်ထဲတွင် ဘယ်တော့မှ အပြီးတိုင် သုတ်သင်နိုင်လိမ့်မည် မဟုတ်ကြောင်း ကောနီဂါ ကောင်းကောင်းကြီး နားလည်သိရှိထား၏။ ထို့ကြောင့် သူသည် နောက်ပိုင်းတွင် ပင်လယ်လူသားမျိုးစိတ်များကို လုံးဝဖျက်ဆီးပစ်မည့် အစီအစဉ်ကို စွန့်လွှတ်ခဲ့၏။ ထိုအစား သူက နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုတွင် သီးသန့်အမိန့်တခုကိုပါ ထပ်မံ ထည့်သွင်းခဲ့လေသည်။

ထိုအမိန့်မှာကား...

သေလုနီးပါးဖြစ်နေသည့် သားရဲမဟာဧကရာဇ်များသာလျှင် ပင်လယ်လူသားမျိုးစိတ်များကို သွားရောက်တိုက်ခိုက်ခွင့်ရမည်ဟူ၍ပင် ဖြစ်သည်။ အမိန့်အရ ငယ်ရွယ်နုပျိုသည့် သားရဲဧကရာဇ်များမူ မည်သူ့ကိုမျှ ချောက်နက်ထဲမှ ထွက်ခွာခွင့်မရှိချေ။

ဤပုံဤနည်းနှင့် ပင်လယ်ချောက်နက်၏ အင်အားမှာ တရိပ်ရိပ် တိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ပင်လယ်သမုဒ္ဒရာတစ်ခွင် အကျယ်ပြောဆုံးသော တစပြင်ကြီး ဖြစ်လာခဲ့တော့သည်။

မည်သူမျှ ဝင်ရောက်နိုင်ခြင်း မရှိ။ ထိုနည်းတူ မည်သူမျှ ဝင်ရောက်ရန်လည်း မဝံ့ရဲကြချေ။

ပင်လယ်လူသားမျိုးစိတ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းအတွင်း ပင်လယ်ချောက်နက်နှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုတို့ကို ဖျက်ဆီးရန် ဖြစ်နိုင်ခြေနည်းလမ်းပေါင်းများစွာကို ကြိုးပမ်းခဲ့ကြပြီး ဖြစ်သည်။ သို့သော် အကြိမ်တိုင်းလိုလိုတွင် သူတို့သာ ရှုံးနိမ့်ခဲ့ရ၏။

ထို့ကြောင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည်လည်း ဆက်လက်တည်ရှိနေခဲ့ပြီး ပင်လယ်သားများအတွက် အမြဲတမ်း ခြောက်အိပ်မက်ဆိုးသဖွယ် ဖြစ်နေခဲ့လေသည်။

ယခုတော့ စုချန်း​က ဤပြဿနာကို ပင်လယ်လူသားမျိုးစိတ်များအတွက် အပြီးတိုင် ဖြေရှင်းပေးမည်ဟု ကတိပြုနေ၏။

ပင်လယ်လူသားမျိုးစိတ်များအနေနှင့် မည်သည့်အကြောင်းပြချက်ကြောင့် လက်မခံပဲ နေရမည်နည်း။

မင်းသမီး ဝက်မင်စတာ၏စကားကိုကြားသောအခါ ကျန့်ကျူးရှန်း ရယ်မောလိုက်မိ၏။

"မင်းသမီး စိတ်များလွတ်သွားပြီလား နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုဆိုတာဘာလဲ ဘယ်မှာရှိသလဲ ပင်လယ်နက်ချော​က်ထဲမှာ ပင်လယ်နက်ချော​က်ဆိုတာကလဲ တည်ရှိနေသမျှ နယ်မြေတွေထဲမှာ အန္တရာယ်အရှိဆုံးထဲက တစ်ခု ဘာလို့ သူ ဒါကို လုပ်နိုင်မယ်လို့ ဒီလောက်ထိ ယုံကြည်နေရတာလဲ သူ လေကြီးမိုးကြီး ပြောနေတာ”

စုချန် က ပြန်ဖြေလို​က်သည်။

“ကျုပ် လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာ ကြိုးစားကြည့်မှ သိမှာပေါ့ ကျုပ် မအောင်မြင်ခဲ့ရင်လဲ သူတို့အဖို့ ဘာနစ်နာစရာမှ မရှိဘူးလေ ပြီးတော့ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု ကို သူတို့ဆီ အပ်နိုင်မှသာ သူတို့က နက်ပ်ကျွန်းမျက်လုံးကို ကျုပ်လက်ထဲထည့်ပေးမှာ"

မင်းသမီး ဝက်မင်စတာက ထပ်ပြောလိုက်သည်။

"ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် လူတစ်ယောက် ဒီကမ္ဘာပေါ်မှာ ရှိတယ်ဆိုရင် စုချန်းဟာ အဲဒီလိုလူစားမျိုးပဲ"

“ဘာလို့လဲ”

ကျန့်ရှောက်ဟုန်က မေးလိုက်၏။

ဤတစ်ကြိမ်တွင် ပြန်ဖြေသူမှာ ကုချိန်းလွှာပင် ဖြစ်သည်။

“ဘာလို့လဲဆိုတော့ သူဟာ မဟာပညာရှိ ဖြစ်နေလို့ပဲ"

ကျန့်ရှောက်ဟုန်က ရယ်မောလိုက်သည်။

“လူတွေက သူ့ကို ပညာရှိလို့ ခေါ်ရုံနဲ့လား"

“မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ သူဟာ သွေးဗီဇရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွင်းကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို တီထွင်နိုင်ခဲ့လို့ပဲ”

မင်းသမီး ဝက်မင်စတာက ပြန်ဖြေလို​က်၏။

ကျန့်ကျူးရှန်း အံ့အားသင့်သွားလေသည်။

“မင်း ဆိုလိုတာက......”

မင်းသမီးဝက်မင်စတာ ခေါင်းညိတ်ပြလိုက်သည်။

“စုချန်းဟာ ပင်လယ်ချော​က်နက်ထဲကို အတင်းထိုးဖောက်ဝင်ရောက်ပြီး နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို လုယူမယ်လို့ပြောခဲ့ရင် ကျွန်မ ယုံမှာ မဟုတ်ဘူး ဒါပေမဲ့ သူက သားရဲ အရှင်သခင်တကောင်ကို ဖမ်းဆီးပြီး သုတေသန လုပ်ချင်တယ်လို့ ပြောခဲ့တာရှင့် သူပြောတာက နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုက ပင်လယ်သားရဲတွေကို ဘယ်လို လှုံ့ဆော်နေလဲဆိုတာကို ရှာဖွေမယ်တဲ့ တကယ်လို့ သူသာ အဲဒီ လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်ရင် သက်ရောက်မှုတွေကို တန်ပြန်နိုင်မယ့် နည်းလမ်းကို တီထွင်နိုင်လိမ့်မယ် ဒါကျတော့......”

စုချန်က ဝင်ပြောလိုက်၏။

“ဒါကျတော့ ကျုပ် ကျွမ်းကျင်တဲ့အရာဖြစ်နေတယ်"

မှန်ပါသည်။ သုတေသနဟူသည် စုချန်း အလွန်ကျွမ်းကျင်သော ဘာသာရပ်ဖြစ်သည်။

သူ့အစီအစဉ်မှာ သားရဲ အရှင်သခင် ရာပေါင်းများစွာကို တိုက်ရိုက်တိုက်ခိုက်ရန်မဟုတ်။ ထိုအစား တစ်ကောင်၊ နှစ်ကောင်ကို လက်ရဖမ်းယူပြီး ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရနိသာ ဖြစ်သည်။

မှန်ပါသည်။ ထိုအတွက် အချိန်ယူရကောင်းယူရပေလိမ့်မည်။ စုချန်း၏ သုတေသန မည်သည့်အချိန်မှ အောင်မြင်မည်ကို မည်သူမျှ မသိနိုင်ချေ။

သို့သော် စုချန်းတွင် မူလအရိုးတောင်ဝှေးကို ပိုင်ဆိုင်ထား၏။

ဖြေရှင်းနည်းတခုသာ တကယ်ရှိနေခဲ့လျင် နောက်ဆုံးတွင် စုချန်းအနေနှင့် အဖြေကို သေချာပေါက် ရှာတွေ့လိမ့်မည်သာ။

မအောင်မြင်နိုင်သော ဖြစ်နိုင်ခြေတချို့ရှိနေသော်ငြား ဒါသည်ပင်လျင် လက်ရှိအချိန်တွင် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းဟု စုချန်း ယုံကြည်ထား၏။

ပင်လယ်လူသားမျိုးစိတ်များနှင့် ထာဝရညတို့ကလည်း ဤအတိုင်းပင် ယုံကြည်ထားကြလေသည်။

ကျန့်ကျူးရှန်းကား ငါးပါးမှောက်လေပြီ။

"ဒါဆို သူ မင်းတို့ရဲ့ပြဿနာကို ဖြေရှင်းပေးရင် မင်းတို့က နက်ပ်ကျွန်းမျက်လုံး ကို သူ့ကို ပေးလိုက်မယ်ပေါ့ ဒါက ဘာကို ဆိုလိုသလဲဆိုတာ မင်းတို့ သိတယ်မလား”

မင်းသမီးဝက်မင်စတာက ပြန်ဖြေလိုက်၏။

“ကျွန်မသိသလောက်ကတော့ ကောင်းကင်မြို့တော် ရွေ့လျားနိုင်ဖို့ဆိုရင် နက်ပ်ကျွန်းမျက်လုံးတင်မကဘူး ထာဝရရှင်သန်ခြင်းဝိညာဥ်ကိုပါ လိုအပ်တယ် နက်ပ်ကျွန်းမျက်လုံးကို ပြန်ပေးလိုက်ရုံနဲ့ အခြေအနေက သိပ်ပြီး ပြောင်းလဲသွားမှာမဟုတ်ဘူး"

အကယ်၍ စုချန်းအနေနှင့် လိုအပ်သောပစ္စည်းနှစ်မျိုးလုံးကို ရရှိခဲ့ပြီး ကောင်းကင်မြို့တော် ပြန်လည် ရွေ့လျားနိုင်ခဲ့လျင်ပင် ဘာဖြစ်လေသနည်း။

လူပျံတော်များသည် ပင်လယ်ထဲမှ သတ္တဝါများကို စိတ်ဝင်စားကြသူများ မဟုတ်ချေ။

ထို့ကြောင့် လူပျံတော်များ ရွေ့လျားနိုင်စွမ်းပြန်ရသွားခြင်းသည် ပင်လယ်လူသားမျိုးစိတ်များအပေါ် မည်သည့်သက်ရောက်မှုမှ ရှိလိမ့်မည်မဟုတ်။ အကယ်၍ ၎င်းတို့ ပင်လယ်ထဲသို့ နယ်ချဲ့ချင်လာသည်ဆိုလျင်ပင် ပင်လယ်လူသားမျိုးစိတ်များအဖို့ ဂရုစိုက်ဖွယ်ရာ မရှိချေ။ ပင်လယ်သားရဲကြီးများ၏ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းရွက်ရန် အဖော်ရလာခြင်းက သူတို့အတွက် ပို၍ပင် ပျော်စရာကောင်းနေသေး၏။

ပင်လယ်လူသားမျိုးစိတ်များအနေနှင့် အစောပိုင်းအခြေအနေတွင် နက်ပ်ကျွန်းမျက်လုံးကို ပြန်မပေးချင်ရသည်မှာ ၎င်းသည် သူတို့၏ခုခံကာကွယ်ရေးစနစ်တွင် အရေးကြီးသောအစိတ်အပိုင်းဖြစ်နေသောကြောင့်ပင်။ ထို့ပြင် ကောင်းကင်မြို့တော်ဘက်မှ ပင်လယ်လူသားမျိုးစိတ်များအတွက် လိုချင်သည့်အရာကို ဖြည့်ဆည်းမပေးနိုင်သောကြောင့် အပေးအယူမဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။

အခြားတဖက်တွင်တော့ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုသည် များစွာ ကွဲပြားခြားနားနေ၏။ သူတို့အပေါ် နှိပ်စက်ကလူပြုနေသောအရာကို ဖျက်ဆီးနိုင်မည်ဆိုလျင် နက်ပ်ကျွန်းမျက်လုံး အများအပြားနှင့် လှဲလှယ်ရမည်ဆိုလျင်ပင် ပင်လယ်လူသားမျိုးစိတ်များအနေနှင့် မည်သည့်ပြသနာမှ မရှိချေ။

ထိုအတွက်ကြောင့်လည်း မင်းသမီး ဝက်မင်စတာကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ စုချန်းအဖို့ နောက်ထပ် ငါးနှစ် စောင့်ရခြင်းမှာ ပြသနာမရှိ။ သို့သော် ပင်လယ်လူသားမျိုးစိတ်များအဖို့ကတော့ အကြီးအကျယ် ပြသနာရှိနေ၏။

အခြေအနေ သိပ်မဟန်တော့မှန်း ကျန့်ကျူးရှန်း သိလိုက်လေသည်။

“ကျုပ်အနေနဲ့ သူ့ကို ကျုပ်ရဲ့လူတွေကို မပေးနိင်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ"

ကျန့်ကျူးရှန်းက သွေးတိုးစမ်းလိုက်၏။

မင်းသမီးဝက်မင်စတာ သက်ပြင်းချလိုက်သည်။

“ကျွန်မတို့အတွက် ‘ဘယ်လိုလုပ်မလဲ’ ဆိုတဲ့ အခန်းကဏ္ဍ မရှိတော့ဘူးအရှင်မင်းကြီး ပင်လယ်သားတွေဟာ နှစ်ပေါင်းနှစ်သောင်းကြာအောင် စောင့်ဆိုင်းခဲ့ရပြီးပြီ အခု အခွင့်အရေးတခု ကျွန်မတို့ လက်ထဲမှာ ရပြီဆိုမှတော့ ဘယ်လိုတန်ကြေးမျိုးပဲ ပေးရပေးရ ကျွန်မတို့ ပေးဖို့ဆန္ဒရှိတယ်"

အထက်ပါ ရိုးရှင်းသည့် ဝါကျလေးသည် ပင်လယ်လူသားမျိုးစိတ်များ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ဖော်ပြနေ၏။

စုချန်းကို ကာကွယ်ရန် ပင်လယ်လူသားမျိုးစိတ်များအနေနှင့် စစ်ပွဲကြီး ဆင်နွှဲရမည်ဆိုလျင်ပင် နောက်တွန့်လိမ့်မည်မဟုတ်ချေ။

ထိုမျှသာမကသေးပဲ မင်းသမီးဝက်မင်စတာက ထပ်ပြောလိုက်ပြန်သည်။

“ဒါ့အပြင် အရှင်မင်းကြီးအနေနဲ့ စုချန်းအပေါ် ပေးခဲ့တဲ့ ကတိကို တည်ပေးဖို့ ကျွန်မ တောင်းဆိုလိုပါတယ်"

“မင်း ဘာစကားပြောလိုက်တာလဲ”

ကျန့်ကျူးရှန်း ဒေါသထွက်သွား၏။

မင်းသမီး ဝက်မင်စတာ က အေးဆေးသောအမူအရာနှင့် ဆက်ပြောလိုက်လေသည်။

“​ဒါဟာ သခင်လေးစုအစီအစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်သလို ပေးထားပြီးသားကတိလဲ ဖြစ်နေတယ် အစီအစဉ် မအောင်မြင်တာမျိုး ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အစီအစဉ် ကျရှုံးသွားရခြင်းအတွက် တာဝန်ရှိသူကတော့ အကျိုးဆက်တွေကို သေချာပေါက် ခံစားရလိမ့်မယ်”

ကျန့်ကျူးရှန်း၏ အခြေအနေမှာ ပို၍အကျပ်ရိုက်လာ၏။

ထိုအချိန်မှာပင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦး အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာပြီး ကျန့်ကျူးရှန်းကို တိုးတိုးလေး ကပ်ပြောလိုက်၏။

“အရှင်မင်းကြီး ပင်လယ်လူသားတပ်ဖွဲ့ကြီးတွေ အပြင်မှာ အသင့်စောင့်နေကြတယ်"

ကျန့်ကျူးရှန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူ စုချန်းကို တားနိုင်မတားနိုင် မသေချာသော်ငြား ပင်လယ်သားများကိုဘယ်နည်းနှင့်မှ မတားနိုင်သည်ကတော့ သေချာနေ၏။ ပင်လယ်သားများသာ တကယ်တမ်းတိုက်ခိုက်လာလျင် ရေအလျင်နိုင်ငံ ပျက်သုဥ်းရပေလိမ့်မည်။

ကျန့်ကျူးရှန်း၏ မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အားရပါးရ ရယ်မောလိုက်၏။

“အထင်မှားတာပါ အထင်တွေမှားကုန်ကြတာပါ ကျုပ်က သခင်လေးစုကို စောစောက စနောက်နေတာကွ ဒါကို သိပ်တော့လဲ အတည်မယူကြနဲ့လေ ကဲ ကဲ စစ်သည်တွေ ချက်ချင်းနောက်ဆုတ်ကြစမ်း သခင်လေးစု မင်းသမီးဝက်မင်စတာ ကျေးဇူးပြုပြီး လာပါ ကျုပ်အနားကို တိုးလာကြပါ"

စစ်သည်တော်များအားလုံး ချက်ချင်း ဆုတ်ခွာသွားကြ၏။

နိုင်ငံရေးတွင် အာဏာရှင်များဟူသည် မျက်နှာပြောင်တတ်ရန် လိုအပ်လှချေသည်တကား။

သို့သော် စုချန်းကား ကျန့်ကျူးရှန်း၏ တီးလုံးအတိုင်း လိုက်ကရန် ဆန္ဒမရှိ။

သူက ခပ်တည်တည်နှင့် မေးလိုက်၏။

“ကျုပ် အခု သွားလို့ရပြီလား”

“ဟမ် သိပ်သွားလို့ရတာပေါ့ မင်း သွားတာကို ကျုပ် ဘယ်လိုလုပ် တားထားနိုင်မလဲ"

“ဒါဆိုရင် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကိစ္စကျတော့ကော”

စုချန်းက ထပ်မေးလိုက်ပြန်သည်။

“အရင်သဘောတူထားတဲ့အတိုင်းပဲပေါ့ ကျုပ်တို့ မင်းကို ငှားပေးမယ် ငှားရမ်းကြေးနဲ့စည်းကမ်းတွေကလဲ အရင်သဘောတူထားတဲ့အတိုင်းပဲ"

စုချန်း ခေါင်းခါလိုက်၏။

“ကျုပ်ကတော့ စိတ်ပြောင်းသွားပြီ အရင်သဘောတူထားတဲ့စည်းကမ်းတွေနဲ့ပတ်သက်ပြီး ကျုပ်အနေနဲ့ ဘာတခုမှ မလိုက်နာနိုင်တော့ဘူး ခုကစပြီး ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ ဘယ်လိုကံကြမ္မာမျိုးနဲ့ ကြုံရမလဲဆိုတာ ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့”

“ဘာ”

ကျန့်ကျူးရှန်း အံ့အားသင့်သွား၏။

“ဒါက​တော့ လက်ရှိ ကျုပ်ဘက်ကအ​ခြေအနေပဲ ခင်ဗျား လက်ခံမလား လက်မခံဘူးလားဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်”

ကျန့်ကျူးရှန်း ဒေါသတကြီး ပြောလိုက်သည်။

“စုချန်း မင်း မမိုက်ရိုင်းနဲ့ ငါကြောက်နေတယ်များ မင်းထင်နေသလား..”

စုချန်းက သူ့ကို ဖြတ်ပြောလိုက်၏။

“အမှားတခုလုပ်မိရင် တန်ရာတန်ကြေးတော့ ပေးရမှာပဲ နို့မ်ို့ရင် လူတိုင်း အမှားလုပ်ကုန်ကြမှာပေါ့ဗျ ဒါကြောင့် ခု ကျုပ် တောင်းဆိုတာ အရမ်းကြီးလွန်ကဲမယ်မထင်ဘူး ပြီးတော့ အခုချိန်မှာ ကျုပ် အတော်ကြီးကို စိတ်အခန့်မသင့်ဖြစ်နေတယ် ဒါကြောင့် ဒီကိစ္စကို ဒီနေရာမှာ တခါတည်း ဖြေရှင်းမထားဘူးဆိုရင် နောက်နောင် ကျုပ် ဒီကိစ္စကို ဘယ်တော့မှ ဆွေးနွေးတော့မှာမဟုတ်ဘူး ဒီတော့ မင်းသမီး ဝက်မင်စတာ ကျုပ်ပြောတာကို ခင်ဗျား ဘယ်လိုသဘောရသလဲ"

မင်းသမီးဝက်မင်စတာအနေနှင့် အခြေအနေ ဤမျှထိ ဆိုးရွားသွားမည်ကို မလိုချင်မှန်း သိသာနေ၏။ သူမ မျက်မှောင်ကုတ်ပြီး ပြောလိုက်လေသည်။

"ဒီအခြေအနေကို ဒီထက်ပိုပြီး ပြေရာပြေကြောင်းဖြစ်အောင် ဖြေရှင်းလို့ မရဘူးလား”

“ပင်လယ်လူသားမျိုးစိတ်တွေ ကျုပ်ပြောတဲ့အတိုင်း လက်ခံလာအောင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု အကြောင်းတရားတခုအနေနဲ့ ကျုပ် ထုတ်မသုံးချင်ဘူး ဒါကြောင့် တကယ်လို့ ခု ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားတို့ လုပ်ပေးခဲ့ရင် ကျုပ် ခင်ဗျားတို့အပေါ် ကျေးဇူးကြွေးတခု တင်သွားပြီလို့ သတ်မှတ်လိုက်ပါ ဒါပေမဲ့ ကျုပ်ကတော့ ဒီရလဒ်ကိုပဲ လက်ခံနိုင်မယ်”

စုချန်းက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏။

စုချန်း၏ ခံစားချက်နှင့် ဒေါသကို ဝက်မင်စတာ ချက်ချင်း နားလည်လိုက်လေသည်။

ထိုအခါ သူမက ကျန့်ကျူးရှန်း ကို မျက်နှာမူရင်း အောက်ပါအတိုင်း ပြောလိုက်လေသည်။

"အရှင်မင်းကြီး ဒီအခြေအနေကို ဖြေရှင်းဖို့ ဒါကသာ အကောင်းဆုံး နည်းလမ်းလို့ ကျွန်မလဲ သဘောတူတယ်"

All Chapters