မဟာစစ်တပ်ကြီး
Vol. 94 Ch. 928
ကျန့်ကျူးရှန်သည် အကြီးအကျယ် ဒေါသထွက်နေ၏။
သို့သော် သူ့အပေါ်သို့ ဖိစီးနေသော ဖိအားမှာ သူ့ခံနိုင်ရည်ကို ကျော်သွားခဲ့လေပြီ။ လက်ရှိအခြေအနေအရ သူ့အဖို့ ခေါင်းငုံ့ပေးရန်မှတစ်ပါး အခြားမရှိတော့။
ထို့အပြင် နောင်တစ်ချိန် စုချန်းက သူ့ကို ဒုက္ခမပေးစေရန် သူ့ဘက်မှ ကျေကျေနပ်နပ်ကြီး အရှုံးပေးလိုက်ခြင်းဖြစ်ကြောင်း သက်သေပြရန် လိုအပ်၏။ ထို့ကြောင့် သူက စုချန်းကို နန်းတော်အပြင်ဘက်အထိ တရိုတသေပင် လိုက်ပါပို့ဆောင်ပေးလိုက်လေသည်။
စုချန်း လွန်းပျံယာဥ်ပေါ်သို့ ခြေချမိချိန်အထိ ကျန့်ကျူးရှန်တယောက် ဟန်လုပ်ကာ ပြုံးထားရ၏။
“အဖေ”
စုချန်း ထွက်သွားသည်နှင့်ကျန့်ရှောက်ဟုန်က အသံပြုလိုက်သည်။
ဖြန်း!!!
ကျန့်ကျူးရှန်း ချာခနဲလှည့်ပြီး ကျန့်ရှောက်ဟုန်၏ပါးကို အားရပါးရ ရိုက်ချလိုက်လေသည်။ ဤရိုက်ချက်ကား သူ၏ မကျေနပ်မှုကို ဖော်ပြလိုက်သည့်သဘောပင်။
ထိုအချိန်တွင် ကျန့်စီချွေ့မှာ ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကို ခေါ်ကာ စုချန်းနောက်သို့ လိုက်ပါသွားခဲ့ပြီဖြစ်၍ သူ့သားကြီးမှလွဲ၍ ကျန့်ကျူးရှန်းတွင် ဒေါသဖောက်ခွဲစရာ တခြားလူမရှိ။
သူ့ဖခင်၏ စိတ်နေသဘောထားကို ကောင်းစွာနားလည်ထားသော ကျန့်ရှောက်ဟုန် ပါးကိုကိုင်ကာ ပါးစပ်ပိတ်ထားလိုက်၏။
ကျန့်ကျူးရှန်သည် စကားတစ်ခွန်းမှမပြောပဲ အတွင်းသို့ လျှောက်သွားကာရာဇပလ္လင်ပေါ်တွင် ထိုင်ပြီး အချိန်အတော်ကြာအောင် အဝေးဆီသို့ စိုက်ကြည့်နေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်လေသည်။
“စုချန်းဟာ နက်ပ်ကျွန်းမျက်လုံးကိုရယူပြီး ထာဝရညလက်ထဲ ထည့်ပေးဖို့ စီစဉ်နေတယ်လို့ တခြားနိုင်ငံတွေကို အကြောင်းကြားလိုက်”
ဤသည်မှာ ကျန့်ကျူးရှန်၏ လက်စားချေပုံ ချေနည်းပင် ဖြစ်သည်။
သို့သော် တခနအကြာတွင် သူက စိတ်ပြောင်းပြီး ထပ်ပြောလိုက်ပြန်သည်။
“ထားလိုက်တော့ မလုပ်တော့နဲ့"
ပင်လယ်လူသားများ၏ သဘောထားကို သူ ကောင်းကောင်းကြီး သိနေ၏။ ဤအချက်ကြောင့် သူတို့၏ဆုံးဖြတ်ချက်အပေါ် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်။ ၎င်းသည် နောင်တွင် သူ့ကိုသာ ပြန်ဒုက္ခပေးလာမည့်သဘောတွင် ရှိနေ၏။
အကြောင်းမှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုက ပင်လယ်သားများအား မည်မျှ ဒုက္ခပေးခဲ့ကြောင်းကို သူအတိအကျ သိရှိထားသောကြောင့်ပင်။ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ဖျက်ဆီးရန် မည်သည့်တန်ဖိုးကိုမဆို ပင်လယ်လူသားမျိုးစိတ်များအနေနှင့် ပေးဆပ်ကြလိမ့်မည်သာ။ သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့သူတိုင်းကိုလည်း ပင်လယ်သားများအနေနှင့် ပြတ်ပြတ်သားသား ချေမှုန်းကြမည်မှာ သေချာနေ၏။
စုချန်းသည် ယနေ့ကပင် ထွက်ခွာသွားပြီဖြစ်၍ နောက်နေ့ ပျံ့နှံ့လာသော သတင်းများအတွက် သူ့တွင် တာဝန်ရှိကြောင်း ပင်လယ်လူသားများအနေနှင့် သေချာပေါက် သိရှိသွားကြပေလိမ့်မည်။ ထိုအခြေအနေတွင် အစီအစဥ်သာ မအောင်မြင်ခဲ့ပါက ပင်လယ်သားများ၏ ဒေါသက ရေအလျင်နိုင်ငံအပေါ် ကျရောက်လာဖွယ်ရှိနေ၏။
အတန်ကြာသော် သူက ကျန့်ရှောက်ဟုန်ကို ပြောလိုက်ပြန်သည်။
“စုချန်းရဲ့ လှုပ်ရှားမှုအားလုံးကို ငါ့ဆီ အစီရင်ခံဖို့ စီချွေ့ကို ပြောလိုက်ပါ”
“သူ နားထောင်ပါ့မလား”
“သူ နားထောင်သင့်တယ်”
ကျန့်ကျူးရှန်း ဒေါသတကြီးနှင့် ပြန်ပြောလိုက်၏။
----------------------------------
“ညီလေးစု ဒါ ကျုပ်အမှားပါကွာ”
ကျန့်စီချွေ့က စုချန်းကို မျက်နှာပူပူနှင့် တောင်းပန်လိုက်လေသည်။
“ဒါ ခင်ဗျားအမှား မဟုတ်ပါဘူးဗျာ”
စုချန်းက ပြုံးပြုံးရယ်ရယ်နှင့်ပင် ကျန့်စီချွေ့ကို ပြန်လည်နှစ်သိမ့်လိုက်၏။
“တကယ်လို့ ခင်ဗျားတောင်းပန်ချင်တယ်ဆိုရင် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကိုသာ ကောင်းကောင်း ဦးဆောင်ပေးပါ အဲဒါက ခင်ဗျား ကျုပ်ကို ပေးနိုင်တဲ့ အကြီးမားဆုံး အကူအညီ ဖြစ်လိမ့်မယ်"
“ကျုပ်တို့ တကယ်ပဲ ပင်လယ်ချောက်နက်ကို သွားမှာလား”
ကျန့်စီချွေ့က စိုးရိမ်မကင်းဟန်ဖြင့် မေးလိုက်သည်။
ဘေးတွင် ရပ်နေသော ဝက်မင်စတာ မင်းသမီးက နှစ်သိမ့်လိုက်၏။
“အရှင်မင်းသား စိတ်အေးအေးသာထားပါ ကျွန်မတို့ပင်လယ်သားတွေဟာ သားရဲမဟာဧကရာဇ်တွေနဲ့ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပြီ ကျွန်မတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ် သေချာပေါက် အောင်ပွဲရပါလိမ့်မယ်”
“ဒါပေမဲ့ ရှင်တို့ သူတို့ကို တစ်ခါမှ မနိုင်ခဲ့ဘူးလေ"
ဂျီဟန်းယင်က ဝင်ထောက်လိုက်၏။
ဝက်မင်စတာမင်းသမီးက ပြန်ဖြေလိုက်သည်။
“အဲဒါ သူတို့ အရေအတွက် အရမ်းများလို့ပါ ကျွန်မတို့အနေနဲ့ သူတို့အားလုံးကို သတ်ပစ်လို့မှ မရတာပဲ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာ ကျွန်မတို့အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီ သခင်လေးစုသာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့အကျိုးသက်ရောက်မှုတွေကို ပျက်ပြယ်စေမယ့် နည်းလမ်းကို ရှာတွေ့သွားပြီဆိုရင် ကျွန်မတို့အတွက် ဖိအားတွေအများကြီး လျော့သွားလိမ့်မယ်"
ပင်လယ်လူသားမျိုးစိတ်များအနေနှင့် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို စုချန်း ခိုးယူနိုင်လိမ့်မည်ဟု မျှော်လင့်နေကြခြင်းမဟုတ်။ ထိုအစား ပင်လယ်သားရဲများကြီးထွားမှုကို အရှိန်မြှင့်တင်ပေးသည့် သက်ရောက်အားတစုံတရာကို ပျက်ပြယ်သွားစေမည့် နည်းလမ်းကို သူ ရှာတွေ့သွားရန် မျှော်လင့်နေကြခြင်းသာ ဖြစ်သည်။
ဤအတိုင်းသာတကယ်ဖြစ်ခဲ့လျင်ပင်လယ်သားရဲများဘက််မှ သူတို့ကို ဆက်လက်တိုက်ခိုက်နေသည့်တိုင် ပါဝင်တိုက်ခိုက်မည့်သားရဲမဟာဧကရာဇ် အရေအတွက်မှာ များစွာ လျော့နည်းသွားမည်ဖြစ်သည်။
စုချန်းကား ဝက်မင်စတာ၏ အတွေးကို ကောင်းကောင်းပင် နားလည်ထား၏။
ထို့နောက် သူက ခေါင်းတချက်ညိတ်ရင်း ပြောလိုက်လေသည်။
"ကဲ ကျုပ်တို့ သွားကြစို့ အချိန်တန်ပြီ”
ထိုအခါ ကျန့်စီချွေ့သည် သူ့ဘေးမှ အစောင့်များကို ခေါင်းညိတ်ပြလိုက်ရာ ထိုအစောင့်များသည် ခရုသင်းများကို ထုတ်ယူကာ ပြိုင်တူမှုတ်လိုက်ကြတော့သည်။
ခရုသင်း၏ သိမ်မွေ့ပြီး ဝမ်းနည်းဖွယ်အသံသည် ကောင်းကင်တခွင် ပဲ့တင်ထပ်သွားပြီး ပင်လယ်ရေတပ်ထိန်းချုပ်ရေးဌာနခွဲသည် စတင်လှုပ်ရှားလာတော့၏။
တခနအကြာတွင် အလွန်လှပသော စစ်သင်္ဘောများသည် ဆိပ်ကမ်းမှ ထွက်ခွာပြီး ရေပြင်ပေါ်တွင် စုဝေးလာကြ၏။
ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ၏ သင်္ဘောများသည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ တိမ်တိုက်ထိုးခွဲလှေများလောက် မကြီးမားလှ။ သူတို့၏ အကြီးဆုံးလှေသည်ပင် တိမ်တိုက်ထိုးခွဲယာဥ်၏ သုံးပုံတပုံသာရှိပြီး အသေးဆုံးလှေဆိုလျင် ဆယ်ပုံတပုံမျှသာ ရှိ၏။ သို့သော်လည်း အရေအတွက်မှာကား မနည်းလှ။ အနည်းဆုံး လှေတထောင်မျှဖြင့် ဖွဲ့စည်းထားလေသည်။
“ပင်လယ်ထိန်းချုပ်ရေးဌာနခွဲမှာ စုစုပေါင်း သင်္ဘော ၁၀၃၂ စီးရှိတယ် အဲဒီအထဲမှာမှ တပ်စုအဆင့် စစ်သင်္ဘော ၆၀၀၊ တပ်ခွဲအဆင့် သင်္ဘော ၄၀၀၊ တပ်ရင်းအဆင့်စစ်သင်္ဘော ၃၀ နဲ့ တပ်မအဆင့်စစ်သင်္ဘောကြီး ၂ စီး ပါဝင်တယ်”
ကျန့်စီချွေ့က မသိမသာ ဂုဏ်ယူသောလေသံနှင့် ပြောလိုက်၏။
အတိုချုပ်ပြောရလျင် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲလက်အောက်ရှိ စစ်သင်္ဘောများအနက် တပ်စုအဆင့်သင်္ဘောများသည် လူတရာ၊ တပ်ခွဲအဆင့်သင်္ဘောများသည် လူသုံးရာ၊ တပ်ရင်းအဆင့် သင်္ဘောများသည် လူတထောင်နှင့် တပ်မအဆင့် သင်္ဘောများသည် လူသုံးထောင်ကို သယ်ဆောင်နိုင်ကြ၏။ ထို့ကြောင့် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ၏ စုစုပေါင်းစစ်သည်အင်အားမှာ ၂၁၆,၀၀၀ထိ ရှိနေပေသည်။
ဤမျှကြီးမားသော စစ်အင်အားပမာဏကိုကြည့်လျင် ပင်လယ်ထိန်းချုပ်ရေးတပ်ခွဲသည် ရေအလျင်နိုင်ငံ၏ အစွမ်းအထက်ဆုံး စစ်တပ်ဖြစ်ရခြင်း၏ အနှစ်သာရ မည်သို့မည်ပုံရှိကြောင်း ပြသနေသလို ထင်ရ၏။
လူနှစ်သိန်းကျော်ရှိသောတပ်ဖွဲ့ကြီး ဆိပ်ကမ်းမှ ထွက်ခွာသွားသော မြင်ကွင်းသည် အရပ်သားများ၏ အာရုံကို ဆွဲဆောင်နေသည့်ပုံပေါ်နေသည်။
"သူတို့ နောက်တခေါက် စစ်ထွက်ပြန်ပြီလား”
“ဒီတစ်ခါ ဘယ်နှယောက် ပြန်လာမလဲမဆိုနိုင်ဘူး”
“အမြန်ဆုံးပြန်လာနိုင်ပါစေဗျာ"
အနီးအနားရှိ အရပ်သားများအားလုံးသည် စစ်ထွက်တပ်ဖွဲ့အား ကံကောင်းပါစေကြောင်း ဆုတောင်းနေကြ၏။
သို့သော် ပင်လယ်ထိန်းချုပ်ရေးတပ်ဖွဲ့၏ အင်အားသည် ပင်လယ်လူသားများ၏ အင်အားနှင့် နှိုင်းယှဉ်လျှင် ရယ်စရာဖြစ်သွားတော့သည်။
ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ ထွက်ခွာသွားပြီးနောက်ပိုင်းတွင် ပင်လယ်သားများသည် ရေပေါ်သို့ မြန်မြန်ဆန်ဆန်ပင် တက်လာကြ၏။အချိန်အနည်းငယ်မျှအတွင်း ပင်လယ်တဝှမ်းလုံး ပင်လယ်သားများဖြင့်သာ မဲမဲလှုပ်နေသည်ဟု ထင်ရလေသည်။
သို့သော် ပင်လယ်လူသားများတွင် မည်သည့် စစ်သင်္ဘောမှ ရှိမနေချေ။
တကယ်လည်း သူတို့တွင် သင်္ဘောများ မလို။ လိုခဲ့လျင်လည်း ကုန်ပစ္စည်းပို့ဆောင်ရန်အတွက်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ စစ်ရေးအတွက်တော့ မည်သည့်သင်္ဘောကိုမှ သူတို့ မလို။
ပင်လယ်ကြီး၏ သားသမီးများဖြစ်သည့်အားလျော်စွာ သူတို့သည် ရေထဲတွင် လွတ်လပ်စွာ အသက်ရှူနိုင်ကြ၏။ ပင်လယ်လူသားကလေးငယ်များပင်လျင် ရေထဲတွင် စိတ်တိုင်းကျ ကူးခတ်သွားလာနိုင်ကြသော အစွမ်းရှိကြလေသည်။
သို့သော် သူတို့တွင် မြင်းစီးတပ်ဖွဲ့များတော့ ရှိနေ၏။
ရုတ်ချည်းဆိုသလိုပင် ရေပြင်တွင် လှိုင်းလုံးများဖွေးခနဲထလာပြီး ကြောက်မက်ဖွယ်ငါးမန်းများ ရေမျက်နှာပြင်ပေါ်သို့ တိုးထွက်လာကြ၏။
အစက်အပြောက်ဦးခေါင်းငါးမန်းများပေတည်း။ အဆိုပါငါးမန်းများသည် အလွန်ရက်စက်ကြမ်းကြုတ်သော သတ္တဝါများ ဖြစ်ကြပြီး ရေစီးဆင်းမှုကို ထိန်းချုပ်နိုင်သည့် မွေးရာပါ စွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။ ယခုတော့ ထိုငါးမန်းများကို ပင်လယ်သားများက ယဥ်ပါးအောင်လေ့ကျင့်ပြီး မြင်းစီးတပ်ဖွဲ့များအဖြစ် ပြောင်းလဲထားနိုင်ခဲ့ပေပြီ။ တချို့ကလည်း အစက်အပြောက်ဦးခေါင်းငါးမန်းများစီးနင်းသူများကို အမဲလိုက်ငါးမန်းစီးနင်းသူများဟု ခေါ်ဆိုကြ၏။
ပုံမှန်အားဖြင့်ဆိုလျင် အမဲလိုက်ငါးမန်းစီးနင်းသူများ၏ ခွန်အားသည် လူသား ချီစွမ်းအားနယ်ပယ်ပညာရှင်အဆင့် ကျင့်ကြံသူတဦးနှင့် အကြမ်းဖျင်း တူညီသော်လည်း အစက်အပြောက် ဦးခေါင်းငါးမန်းများနှင့် ပေါင်းစပ်လိုက်သည့်နောက်တွင်တော့ ၎င်းတို့၏ အင်အားမှာ သွေးဆူပွက်ခြင်းနယ်ပယ်ကျင့်ကြံသူတဦး၏ အဆင့်ထိ ရောက်ရှိသွားတော့သည်။
ပင်လယ်လူသားများ၏ စစ်တပ်တွင် အထက်ပါ မြင်းစီးတပ်ဖွဲ့ လေးသိန်းခန့်ပင် ရှိနေ၏။
သိပ်မကြာမီ အစက်အပြောက်ဦးခေါင်းငါးမန်းများ၏ ဘေးတွင် မြှားငါးအုပ်စုကြီးတစု ထပ်မံပေါ်ပေါက်လာပြန်သသည်။ အဆိုပါ မြှားငါးများသည် မကြာခနဆိုသလို ပင်လယ်ထဲမှ ခုန်ထွက်လာကြလေ့ရှိ၏။ ၎င်းတို့၏ ကျောပေါ်တွင်တော့ ပင်လယ်လူသားများကို သယ်ဆောင်ထားကြလေသည်။
ဤငါးများသည် လေဟုန်စီးရုံသာမဟုတ်ပဲ အခိုက်အတန့်အားဖြင့် ယာယီပျံသန်းနိုင်စွမ်းပါ ရှိကြ၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အစက်အပြောက်ဦးခေါင်းငါးမန်းများလောက် မထက်မြက်သည့်တိုင် ပို၍မြန်ဆန်ကြသည်မှာ အမှန်ပင်။ ပင်လယ်လူသားများသည် မြှားငါးစီးတပ်ဖွဲ့ကို အဓိကအားဖြင့် ကင်းထောက်တာဝန်အပြင် ကြားဖြတ်တိုက်ခိုက်ရာတွင် အသုံးချလေ့ရှိကြ၏။
မြှားငါးများ၏ နောက်တွင် ဧရာမ နဂါးလိပ်ကြီးများ တပ်ဖွဲ့တဖွဲ့ ထပ်မံပေါ်ပေါက်လာပြန်သည်။ အဆိုပါ နဂါးလိပ်ကြီးများသည် တောင်ငယ်တလုံးစာမျှအရွယ်ပင် ရှိကြပြီး အတိအကျပြောရလျင် ပေသုံးရာခန့်ထိ ကြီးမားကြသည်။ မာကျောလှသော အခွံနှင့် ဓားကဲ့သို့ ထက်မြက်လှသည့် ဦးခေါင်းထိပ်ချွန်ကတော့ကို ပိုင်ဆိုင်ထားခြင်းကြောင့် နဂါးလိပ်များသည် ပင်လယ်လူသားမျိုးစိတ်များကို ထိပ်တန်းအနီးကပ်တိုက်ခိုက်ရေးကျွမ်းကျင်သူများ ဖြစ်လာစေ၏။ နဂါးလိပ်ကြီး တကောင်စီသည် စစ်သည်တစ်ရာအထိ သယ်ဆောင်နိုင်စွမ်းရှိပေသည်။
ပင်လယ်လူသားများက နဂါးလိပ်များကို မြင်းစီးတပ်ဖွဲ့အဖြစ်မသတ်မှတ်ပဲ ရေအောက်သံချပ်ကာတပ်ဖွဲ့အဖြစ် သတ်မှတ်ထား၏။ ၎င်းတို့၏ လှုပ်ရှားမှုမှာ အတော်ပင်နှေးကွေးသော်လည်း နည်းဗျူဟာမသ်ိသည့် ပင်လယ်သားရဲများကို တန်ပြန်ရာတွင်တော့ သိသိသာသာ ထိရောက်မှုရှိ၏။ ကံမကောင်းသည်မှာ နဂါးလိပ်များသည် ကြီးထွားရန် အချိန်များစွာယူရ၍ ဆုံးရှုံးသွားတိုင်း အစားထိုးရန် မလွယ်လှချေ။
ထို့ကြောင့်လည်း ပင်လယ်လူသားများသည် မည်သည့်အခါမှ နဂါးလိပ်တပ်ဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိချေ။ သူတို့တွင် နဂါးလိပ်အကောင်ရေ သုံးရာခန့်ကိုသာ ပိုင်ဆိုင်ထားကြ၏။
နဂါးလိပ်များ၏ နောက်မှ လိုက်လာသောသတ္တဝါများမှာကား သံမဏိအရိုးပင်လယ်နွားများပင် ဖြစ်သည်။
အဆိုပါ ပင်လယ်နွားများသည် နွားစင်စစ်နဲ့ သိပ်မတူလှပဲ ကြီးမားသန်မာပြီး နူးညံ့သော သဘာဝကို ပိုင်ဆိုင်ထားကြ၏။
အဆိုပါ သံမဏိအရိုးပင်လယ်နွားများမှာ ပင်လယ်လူသားစစ်တပ်တွင် နောက်ထပ် အရေးပါသော မြင်းစီးတပ်ဖွဲ့တဖွဲ့ ဖြစ်သည်။ ၎င်းတို့တွင် ကြီးမားသောအရွယ်အစားနှင့် အားကောင်းသောကာကွယ်ရေးစွမ်းရည်များရှိသည့်တိုင် စိတ်ထားမှာ နူးညံ့သိမ်မွေ့လွန်း၍ ဘယ်အရာကိုမှ တိုက်ခိုက်လိုစိတ်မရှိချေ။ သို့သော် ၎င်းတို့သည် မြင်းစီးတပ်ဖွဲ့ကြီး သုံးဖွဲ့ထဲတွင် အသုံးဝင်ဆုံးပင် ဖြစ်ကောင်းဖြစ်နေနိုင်၏။ အကြောင်းမှာ ၎င်းတို့သည် စီးနင်းသူကို ခွန်အားများ ဖြည့်တင်းပေးနိုင်သောကြောင့်ပင် ဖြစ်သည်။
အရွယ်ရောက်ပြီး ပင်လယ်နွား တကောင်သည် စီးနင်းသူ၏ ခွန်အားကို ကျင့်ကြံခြင်းနယ်ပယ် အဆင့်တဆင့်ထိအောင် တိုးမြှင့်ပေးနိုင်စွမ်း ရှိနေ၏။ရှိသည်။
ထို့ပြင် ပင်လယ်နွားများသည်သက်တမ်းရှည်ပြီး နဂါး လိပ်များကဲ့သို့ မွေးမြူရ ခက်ခဲခြင်းမရှိချေ။ ထို့ကြောင့် ပင်လယ်လူသားများအနေနှင့် ပင်လယ်နွားအရေအတွက် ထောင်ပေါင်းများစွာကို ပိုင်ဆိုင်ထားကြ၏။
သံမဏိအရိုးပင်လယ်နွားများ၏ နောက်တွင်တော့ တည်ငြိမ်နေသောပင်လယ်သည် သိသိသာသာပင် လှုပ်ရှားလာနေလေသည်။ ထို့နောက်ကြီးမားလှသော လက်တံကြီးများ ရေမျက်နှာပြင်အောက်မှ ကောင်းကင်ဆီသို့ တိုးထွက်လာ၏။ ဤလက်တံများသည် တိုင်လုံးကြီးများကဲ့သို့ ရှည်လျားလှပြီး လက်တံတချောင်းလျင် အနည်းဆုံး ပေတထောင်ခန့်ပင် ရှည်လျားကြောင်း တွေ့မြင်နေရသည်။
ဤလက်တံများသည် ပင်လယ်လူသားများ၏ အစွမ်းအထက်ဆုံး မြင်းစီးတပ်ဖွဲ့ဖြစ်သည့် နက်ရှိုင်းပင်လယ်ရေဘဝဲကြီးများ၏ လက်တံများဖြစ်ကြောင်း စုချန်း ချက်ချင်းသဘောပေါက်လိုက်၏။ နက်ရှိုင်းပင်လယ်ရေဘဝဲများဟူသည်ကား ပင်လယ်လူသားများ ထိန်းချုပ်ထားနိုင်သည့် ပင််လယ်သားရဲများအနက် အကြီးဆုံးသော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့၏ ခြေလက်များကို အပြည့်အဝ ဆန့်တန်းလိုက်ချိန်တွင် အရွယ်အစားမှာ တောင်တလုံးစာမျှပင် ရှိ၏။
အနိမ့်ဆုံးအဆင့် နက်ရှိုင်းပင်လယ်ရေဘဝဲတကောင်၏ အင်အားသည် အလင်းတုန်ခါခြင်းနယ်ပယ်ကျင့်ကြံသူတဦး၏ အင်အားနှင့် ညီမျှပြီး ပို၍အဆင့်မြင့်သော ရေဘဝဲများမှာ ဝိဉာဉ်လောင်ကျွမ်းနယ်ပယ် ကျင့်ကြံသူတဦးကိုပင် အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။ ပင်လယ်လူသားစစ်တပ်တွင် နက်ရှိုင်းပင်လယ်ရေဘဝဲအကောင်ရေ ရှစ်ရာခန့်အထိ ပိုင်ဆိုင်ထားကြ၏။
တကယ်တော့ ပင်လယ်လူသားများသည် သူတို့၏ စစ်တပ်ကြီးတစ်တပ်လုံးကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း မဟုတ်ချေ။ သို့သော် အရေအတွက်၏ ဆယ်ပုံတပုံသည်ပင် မြင်ရသူတိုင်းကို အံ့ဩတုန်လှုပ်သွားစေနိုင်၏။
ပင်လယ်လူသားများအနေနှင့် စုချန်းကိုကာကွယ်ရန် မည်သည့်အရာကိုမဆို ပေးဆပ်ရန် ဆုံးဖြတ်ထားကြောင်း ဤမြင်ကွင်းကိုကြည့်လျင် မြင်သာနေသည်။
နက်ရှိုင်းပင်လယ်ရေဘဝဲကြီးများ၏ နောက်တွင် အခြားသော ပင်လယ်လူသားတချို့ မတ်တပ်ရပ်နေကြ၏။
သူတို့သည် မည်သည့်အရာကိုမျှ စီးနင်းထားခြင်းမရှိသလို သူတို့ဘေးနားတွင်လည်း မည်သည့် အစောင့်အရှောက်မျှ ရှိမနေချေ။ သူတို့ကိုကြည့်ရသည်မှာ နက်ရှိုင်းပင်လယ်ရေဘဝဲကြီးများနှင့် နှိုင်းယှဉ်လျှင် သေးငယ်ပုံရသော်လည်း နားလည်သူတိုင်းက ၎င်းတို့၏ပိန်လှီသော ခန္ဓာကိုယ်များနောက်ကွယ်တွင် ပုန်းအောင်းနေသည့် ထိတ်လန့်ဖွယ်ရာစွမ်းအားကို အာရုံခံနိုင်ကြမည်မှာ သေချာနေပေသည်။