ပင်လယ်ဝိညာဉ်များ (၁)
Vol. 94 Ch. 929
အနှီ ပင်လယ်မျိုးစိတ်ဝင်ငါးဦးသည် ရေပြင်ကိုဖြတ်သန်းကာ စုချန်းထံသို့ ဦးတည်ချဉ်းကပ်လာ၏။
အတိအကျပြောရလျင် အဆိုပါပင်လယ်လူသားများကို စုချန်းရှိရာသို့ လှိုင်းများက သယ်ဆောင်လာခြင်းဟု ဆိုနိုင်ပေသည်။
ရှေ့ဆုံးမှ ပင်လယ်လူသားမျိုးစိတ်ဝင်မှာ ရွှေရောင်ဆံနွယ်ပိုင်ရှင် လူငယ်တဦး ဖြစ်သည်။ ၎င်းရောက်ရှိလာသည်နှင့်တပြိုင်နက် လှိုင်းတံပိုးများသည် တောင်ကြီးသဖွယ် လှိမ့်၍လှိမ့်၍ မြင့်တက်လာပြီး ၎င်းတို့ ငါးဦးကို စုချန်းတို့၏ ယာဥ်ပေါ်သို့ တွန်းတင်ပေးလိုက်တော့သည်။ ထို့နောက် အဆိုပါ ရွှေရောင်ဆံပင်နှင့် လူငယ်က စုချန်းကို ဦးညွတ်အရိုအသေပေးရင်း ပြောလိုက်၏။
"ပင်လယ်သားတို့ရဲ့ သားတော်ဆယ့်နှစ်က သခင်လေးစုကို ဂါရဝပြုပါတယ်ခင်ဗျာ"
“မင်းက မင်းသားဖရော့စ်ပွိုင့်ဖြစ်လိမ့်မယ်ထင်တယ်”
စုချန်းက မသိမသာ ပြုံးပြရင်း ပြောလိုက်၏။
“တွေ့ရတာဝမ်းသာပါတယ်အရှင်မင်းသား"
ပင်လယ်လူသားမျိုးစိတ်၏ လက်ရှိဘုရင်မှာ ကြီးမြတ်သောတိမ်တိုက်ဟု အမည်ရှိပြီး မင်းသားဖရော့စ်ပွိုင့်သည် ၎င်း၏ ဆယ့်နှစ်ယောက်မြောက်သားတော်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။ ထို့ကြောင့် မင်းသားဖရော့စ်ပွိုင့်ကို “ပင်လယ်၏ ဆယ့်နှစ်ယောက်မြောက်သားတော်”ဟု ဘွဲ့ပေးထားကြ၏။
မှန်ပါသည်။ သူသည် ကြီးမြတ်သောတိမ်တိုက်ဘုရင်ကြီး၏ သားအရင်း မဟုတ်။ သူသာမက မင်းသမီး ဝက်မင်စတာသည်လည်းလည်း ဘုရင်၏ သမီးရင်း မဟုတ်ချေ။
ပင်လယ်လူသားမျိုးစိတ်များ၏ ထုံးတမ်းစဥ်လာတွင် မျိုးဆက်သစ် ကလေးငယ်အားလုံးကို အတူတကွပင် ပြုစုပျိုးထောင်လေ့ရှိကြ၏။ သတ်မှတ်ထားသည့် အသက်အရွယ်သို့ ရောက်ရှိလာမှသာ ပင်လယ်လူသားတဦးချင်းစီအား ထ်ိုကလေးများအနက်မှ တချို့ကို ပြုစုပျိုးထောင်ရန် ရွေးချယ်ခွင့်ပြုတတ်ကြသည်။ ထို့ကြောင့် ပင်လယ်လူသားများတွင် မ်ိဘနှင့်သားသမီးများသည် များသောအားဖြင့် သွေးသား ဆက်နွှယ်မှု မရှိတတ်ပေ။
ထို့ကြောင့်လည်း ပင်လယ်လူသားများသည် မိဘမျိုးရိုးနာမည်ကို သုံးလေ့မရှိကြ။
ပင်လယ်လူသားများအနေနှင့် မျိုးစိတ်တစိတ်လုံး၏ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုကို မြှင့်တင်ရန် ထိုသို့သော ထူးခြားသည့် ကလေးပြုစုစောင့်ရှောက်ရေးစနစ်ကို တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့အနေနှင့် အင်အားကြီးမားသော ပင်လယ်သားရဲများကြောင့် အမြဲတစေ မျိုးသုဉ်းသွားနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေကြရလေရာ သီးခြားမျိုးနွယ်စုများဟူသော အယူအဆကို စွန့်လွှတ်၍ မျိုးစိတ်တစိတ်လုံး၏ ဘေးကင်းလုံခြုံမှုကိုသာ အဓိကထား ရွေးချယ်ခဲ့ကြဟန်ပေါ်သည်။
ဤအချက်ကြောင့်ပင် ပင်လယ်လူသားမျိုးစိတ်များသည် ဉာဏ်ရည်မြင့်မျိုးစိတ်များအနက် အစည်းလုံးဆုံး မျိုးစိတ်အဖြစ် တည်ရှိနေခဲ့ကြခြင်းပင်။
သမိုင်းတလျှောက်ပြန်ကြည့်လျင် မည်သည့် ဉာဏ်ရည်မြင့်မျိုးစိတ်တိုင်းတွင်မဆို ပြည်တွင်းပဋိပက္ခများနှင့် ကြုံတွေ့ရလေ့ရှိတတ်ကြ၏။ သို့သော် ပင်လယ်လူသားမျိုးစိတ်များအဖို့ကတော့ ထိုသို့ မဟုတ်ချေ။
သူတို့အနေနှင့် အချင်းချင်း တိုက်ခိုက်နေကြရန် အချိန်မရှိသလို ထိုအတွက်လည်း အင်အားပြုန်းတီးမခံနိုင်ချေ။ သူတို့အဖို့ ဘဝ၏ အချိန်တိုင်းကို ပင်လယ်သားရဲများကို တိုက်ခိုက်ရန်အတွက်သာ အသုံးပြုနေကြရသည် မဟုတ်ပါလား။
တကယ်လည်း ပင်လယ်လူသားများအဖို့ တဦးနှင့်တဦး ရန်ငြိုးဖွဲ့နေရန်လည်း အကြောင်းမရှိ။ အကြောင်းမှာ သူတို့ မည်မျှကြာကြာ အသက်ရှင်ရမည်ကို မည်သူမျှ မသိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်လူသားများအတွက် အတိတ်က ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် အကျိုးအမြတ်အတွက် အချင်းချင်း ရန်လိုအငြင်းပွားမှုများဟူသည် စီးဆင်းသွားနေသော ရေကဲ့သို့ လျင်မြန်စွာပင် ပျောက်ကွယ်သွားတတ်ကြ၏။
ဖရော့စ်ပွိုင့်သည်လည်း ကြီးမြတ်သောတိမ်တိုက် ရွေးချယ်ထားသည့် ဆယ့်နှစ်ယောက်မြောက် ကလေး ဖြစ်သည်။ ၎င်းမတိုင်မီက ညီအစ်ကို မောင်နှမ ဆယ့်တစ်ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးလိုလိုမှာ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြလေပြီ။ မင်းသမီးဝက်မင်စတာသည်ကား ဆယ့်သုံးဦးမြောက်သမီးတော်ပင် ဖြစ်သည်။
စုချန်း၏ နှုတ်ဆက်စကားကိုကြားသည်နှင့် ဖရော့စ်ပွိုင့်က ပြောလိုက်လေသည်။
"သခင်လေးစုဟာ အင်မတန်ကိုယဉ်ကျေးလွန်းလှပါပေတယ်”
ထို့နောက် သူက စကားဆက်လိုက်၏။
“ပင်လယ်လူသားတွေဟာ ဒီအခိုက်အတန့်နဲ့ကြုံရဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရပြီးပြီ ခုတော့ ကျုပ်တို့စောင့်နေတဲ့အချိန်ရောက်လာပြီ အနည်းဆုံးတော့ ကျုပ်တို့လွတ်မြောက်ဖို့ အခွင့်အရေးရခဲ့ပြီ ဒီအတွက် ကျုပ် အကြီးအကျယ်ကို ဝမ်းသာနေတယ်"
ထို့နောက် သူတို့နှစ်ဦးသည် အထက်ပါအတိုင်း ယဥ်ယဥ်ကျေးကျေးပင် စကားပြောဆိိုနေကြလေ၏။
ရေအလျင်နိုင်ငံတွင် အကြပ်ရိုက်နေသည့် စုချန်းကို ကယ်ဆယ်ရန် ပင်လယ်လူသားများသည် ကြီးမြတ်သောတိမ်တိုက်၏ သားနှင့်သမီးအပြင် ထိပ်တန်းဗိုလ်ချုပ်လေးဦးကိုပါ ထည့်ပေးလိုက်၏။
အဆိုပါ ဗိုလ်ချုပ်လေးဦးသည် ဝိညာဉ်လောင်ကျွမ်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့် အကြမ်းဖျင်း တူညီပြီး ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့မူကား အတွေးပုံဖော်ခြင်းနယ်ပယ်ကျင့်ကြံသူများနှင့် အဆင့် တူညီကြလေသည်။ ၎င်းတို့သည် စုချန်းထက် အသက်သိပ်မကြီးလေရာ ဤအဆင့်ထိ ကျင့်ကြံနိုင်သည်က်ို ကြည့်လျင် မည်မျှ ထူးချွန်ကြောင်းကို မြင်သာနေ၏။
သိပ်မကြာမီ စစ်တပ်ကြီးနှစ်တပ်သည် မရပ်မနား ချီတက်သွားကြလေရာ နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းတဖက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
--------------------------
နတ်ဆိုးရပ်ဝန်း...
နတ်ဆိုးရပ်ဝန်းဟူသည် အကန့်အသတ်မဲ့ ပင်လယ်ထဲတွင် တည်ရှိပြီး ရက်စက်ကြမ်းကြုတ်လှသော နတ်ဆိုးငါးများ ကျက်စားရာ ဒေသတခုပင် ဖြစ်သည်။
ထိုမျှသာမကသေး ဤအရပ်တွင် သွေးဆာနေသော ငါးများအပြင် ပင်လယ်ဝိညာဉ်များလည်း နေထိုင်ကျက်စားကြသေး၏။
ပင်လယ်ဝိညာဉ်များဟူသည် ပင်လယ်ထဲတွင် နေထိုင်သော ဉာဏ်ရည်မြင့်မျိုးစိတ်တမျိုး ဖြစ်သော်လည်း ပင်မညဏ်ရည်မြင့်မျိုးစိတ်ကြီးငါးစိတ်တွင်တော့ ထည့်သွင်းသတ်မှတ်ခြင်း မခံရချေ။
ထို့ကြောင့်ပင်လားတော့မသ်ိ။ ပင်လယ်ဝိညာဉ်များသည် မကောင်းမှုများ ကျူးလွန်ခြင်းဖြင့်သာ ဘဝကို ရှင်သန်ရပ်တည်ကြရ၏။ တဖက်တွင်လည်း ၎င်းတို့သည် ပင်လယ်သားရဲများအပေါ် နည်းအမျိုးမျိုးဖြင့် အမှုထမ်းကြသေး၏။
၎င်းတို့သည် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်ကြကာ မည်သည့်ဂုဏ်သိက္ခာကိုမှ အလေးထားလေ့ မရှိကြချေ။ ထို့ကြောင့် ၎င်းတို့ကိုလည်း လူသားများနှင့်ပင်လယ်လူသားများ၏ ဘုံရန်သူများဟု သတ်မှတ်နိုင်ပေသည်။
သမုဒ္ဒရာရေပြင်ပေါ်တွင် ခရီးသွားနေသော လူသားလှေတစ်စင်းအတွက်
နတ်ဆိုးရပ်ဝန်းသည် အန္တရာယ်ကြီးလှ၏။ သို့သော် တဖက်တွင်လည်း လူသားများ၏ လောဘကိုဆွဲဆောင်နေသည့် ရတနာများနှင့် သယံဇာတများ ပင်လယ်ကြီးထဲတွင် ပြည့်နှက်နေပေသည်။ အထူးသဖြင့် ဤဧရိယာတွင် တွေ့ရှိနိုင်သည့် မည်သည့်အရင်းအမြစ်မဆို အချိန်အတန်ကြာ သက်သောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်သည့်အထိ တန်ဖိုးရှိ၏။
မှန်ပါသည်။ ထိုအယူအဆမှာ ၎င်းတို့ အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု ယူဆလျင် မှန်နိုင်ပါသည်။
ငါးဖမ်းလှေသည် ရေပြင်ပေါ်တွင် နိမ့်လိုက်မြင့်လိုက်နှင့် တအိအိရှေ့သို့ ချီနေ၏။ လှေ၏ဦးပိုင်းတွင်ကား လူတဦး အသင့်ထိုင်လျက်ရှိပြီး ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ကို အနီးကပ် စောင့်ကြည့်နေသည်။
“ဟေး ဆစ်ခ် အောက်မှာ တစ်ခုခု တွေ့မိသေးလား”
လှေ၏မာလိန်မှုး အဖိုးကြီး စပီးယားက လေသံမာမာနှင့် မေးလိုက်သည်။
“အရာအားလုံး ပုံမှန်ပါပဲဗျ ဘာပြဿနာမှ မရှိဘူး”
ဆစ်ခ်က ပြန်ဖြေလိုက်သည်။
“အားလုံးပဲ အားထုတ်ကြဟေ့ ကျုပ်တို့ရောက်တော့မယ် မြန်မြန် ဝင်ပြီး မြန်မြန် ပြန်ထွက်မှရမယ် ဒီတခါအောင်မြင်ရင် ကျုပ်တို့ အချီကြီးပွပြီ"
မာလိန်မှုးက စိတ်အားထက်သန်စွာ အမိန့်ပေးလိုက်၏။
ထိုအခါ လှေထိုးသားများလည်း သူတို့၏မျက်စိရှေ့တွင် ရတနာသိုက်ကြီး ရှိနေသကဲ့သို့ အားသစ်အင်သစ်ဖြင့် လှေကို လှော်ခတ်ကြတော့၏။
တကယ်လည်း မာလိန်မှုးစပီးယား ချဲ့ကားပြောဆိုခြင်း မဟုတ်။ နတ်ဆိုးရပ်ဝန်းတွင် မူလချီစွမ်းအားပညာရှင်များအတွက် အသုံးဝင်သည့် သက်တံ့ပင်လယ်ခရုခွံအများအပြား ရှိနေသည် မဟုတ်ပါလား။
အဆိုပါ အဖိုးတန် ခရုခွံများကို နတ်ဆိုးရပ်ဝန်း အောက်ခြေတွင် တွေ့ရှိရတတ်၏။ ဤခရုများကိုသာ ရှာတွေ့လျင် သူတို့အဖို့ လက်ဖျားတွင် ငွေသီးပေတော့မည်တည်း။
လက်တဆုပ်စာငွေမဟုတ်။ လက်ဆုပ်ပေါင်းများစွာနှင့် ညီမျှသော ငွေများဖြစ်သည်။ ယခင်ကလည်း ဤခရုခွံများကို သယ်လာပြီး ပြန်လည်ရောင်းချကာ ချမ်းသကြွယ်ဝသွားသူအများအပြားကို စပီးယား မြင်တွေ့ခဲ့ဖူး၏။ သို့သော် ဤအလုပ်မျိုးကို လိုက်လုပ်ရန် သူ ဘယ်တော့မှ တွေးမထားဖူးချေ။ အကြောင်းမှာ နတ်ဆိုးရပ်ဝန်းမှပြန်မလာနိုင်သူအများအပြားကိုလည်း သူ မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။
ယခုတော့ လောင်းကစားလုပ်ကာ အကြွေးများတင်လာသော သားမိုက်ကြောင့် ဤအန္တရာယ်များသော ခရီးကို သူ လာခဲ့ရပေပြီ။ သို့သော် သူ့တွင် တခြား ရွေးချယ်စရာ မရှိ။ သူ့တွင် သားဟူ၍ ဤတဦးတည်းသာ ရှိ၏။ ထို့ကြောင့် သူ မဖြစ်မနေ စွန့်စားရပေလိမ့်မည်။
ထို့ကြောင့် သူသည် မူလလှေထိုးသားများကို မောင်းထုတ်ပစ်ပြီး အဖွဲ့သစ်တဖွဲ့ကို ဖွဲ့စည်းလိုက်တော့၏။ လက်ရှိအဖွဲ့သစ်တွင် ပါလာသူတိုင်းမှာကား ဤအန္တရာယ်ခရီးကို စွန့်စားသွားလာရန် အကြောင်းပြချက် ကိုယ်စီရှိကြလေသည်။
ဥပမာ ဆစ်ခ်ဆိုလျင် ချစ်သူကို လက်ထပ်ယူနိုင်ရေးအတွက် ယောက္ခမကြီး၏ဆန္ဒကို ဖြည့်ဆည်းရန် လိုအပ်နေ၏။ သူ၏ ဒုမာလိန်မှုးသည်လည်း နာမကျန်းဖြစ်နေသော ဇနီးကို ပြုစုစောင့်ရှောက်ရန် ငွေလိုနေခဲ့လေသည်။
ကျန်လှေထ်ိုးသားများတွင်လည်း အထက်ပါအတိုင်း ကိုယ်စီကိုယ်ငှ အကြောင်းပြချက်များ ရှိနေကြ၏။
မာလိန်မှုးစပီးယားသည် ရေပြင်ပေါ်တွင် ဂယက်ထနေသော လှိုင်းကြက်ခွပ်များကိုကြည့်ရင်း နဖူးမှ ချွေးများကို သုတ်လိုက်ကာ တီးတိုးဆုတောင်းလိုက်၏။
“ကောင်းကင်ဘုံကနတ်မင်းကြီးများ တပည့်တော်တို့ကို စောင်ရှောက်ပေးကြပါ”
သိပ်မကြာမီ ခရုခွံကောက်ရမည့်နေရာနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ရေအောက်ဆီမှ တိုးထွက်လာသော သက်တန့်ရောင်အလင်းတန်းများကို အဝေးမှပင် လှမ်းမြင်နေရ၏။ ထိုအလင်းတန်းများမှာ တခြားမဟုတ်။ ပင်လယ်ကြမ်းပြင်အောက်ခြေမှ သက်တံခရုခွံများ၏ အလင်းတန်းများပေတည်း။
“ရောက်ပြီဟေ့ ရောက်ပြီ”
လူတိုင်း ဝမ်းသာအားရနှင့် အော်ဟစ်လိုက်ကြသည်။
သူတို့၏ လှေသည် သက်တံခရုခွံများ တည်ရှိနေသော ဧရိယာ၏ အလယ်ဗဟိုတွင် လျင်မြန်စွာပင် ရပ်တန့်သွား၏။ ထို့နောက် စပီးယားက အချိန်မဆိုင်းပဲ လှေကို ကျောက်ချလိုက်လေသည်။
ထိုအချိန်မှာပင် ရေငုပ်သမားများ ပင်လယ်ထဲသို့ ဝုန်းဝုန်းဒိုင်းဒိုင်း ခုန်ဆင်းသွားကြကုန်၏။ သူတို့အနေနှင့်အနားယူနေရန် အချိန်မရှိ။ သို့မဟုတ် ပျော်ပွဲကျင်းပရန် အချိန်မရှိပေ။ စက္ကန့်မျှမဆိုင်းပဲ မြန်မြန်သွက်သွက် အလုပ်လုပ်ကြရပေလိမ့်မည်။
“ရပြီဆိုရင် ချက်ချင်း ပြန်ထွက်မယ် လူတစ်ယောက်ကို ခရုခွံသုံးခုပဲယူရမယ် လောဘ မကြီးကြနဲ့"
စပီးယားကတော့ သူ့လူများ လောဘမကြီးရန် အထပ်ထပ်အခါခါပင် သတိပေးနေ၏။ နတ်ဆိုးရပ်ဝန်းမှ ပြန်လာနိုင်သည့် လှေသမားများထံမှ ဤအချက်ကို သူ စုံစမ်းမေးမြန်းထားခြင်း ဖြစ်သည်။ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်မှသာ ပင်လယ်ဝိညာဥ်များ သူတို့ကို ရှာဖွေတွေ့ရှိနိုင်ချေ လျော့နည်းသွားမည်မဟုတ်ပါလား။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ စပီးယားမှာကား လှေပေါ်တွင် ဖင်တကြွကြွ ဖြစ်နေလေသည်။
ခရုခွံများကို ရှာဖွေတွေ့ရှိရန်မှာ ထင်သလောက်တော့ မလွယ်ကူချေ။ ထို့ကြောင့် ရေငုပ်သမားများသည် ရေပေါ်ရေအောက် တက်လိုက်ဆင်းလိုက်နှင့် အချိန်ပေး၍ ရှာဖွေနေကြရ၏။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေ၏။
နောက်ဆုံးတွင် ကြီးမားသော ခရုခွံတခုကို ကိုင်ကာ ရေပေါ်ပြန်တက်လာသော ရေငုပ်သမားတဦးကို စပီးယား မြင်လိုက်ရသည်။
သိပ်မကြာမီ ဒုတိယနှင့် တတိယ ခရုခွံများပါ ရေမျက်နှာပြင်ပေါ် ရောက်လာ၏။ ကောင်းကင်ဘုံကား ဤနေ့တွင် စိတ်ကောင်းဝင်နေပုံရသည်။ ခရုခွံအရေအတွက်သည် ဆက်၍ တိုးပွားလာနေ၏။ တနာရီခန့်အကြာတွင်တော့ ကောက်ယူရန် သတ်မှတ်ထားသည့် အနည်းဆုံးအရေအတွက်ကို သူတို့ စုဆောင်းနိုင်ခဲ့လေပြီ။
“ထွက်မယ်ဟေ့ တက်ခဲ့ကြတော့"
စပီးယား အမိန့်ပေးလိုက်သည်။
“ကျုပ်တို့ နောက်ထပ် နည်းနည်း ထပ်ကောက်ရင်ကောင်းမယ်ထင်တယ်”
သို့သော် လှေသမားများကား လောဘတက်နေကြလေပြီ။
“ဟုတ်တယ် ဒီထိ လာရဖို့ မလွယ်ဘူး နည်းနည်းတော့ထပ်ကောက်သင့်တယ်"
“စောပါသေးတယ်ဗျာ ပင်လယ်ဝိညာဉ်တွေ ကျုပ်တို့ကို ဒီလောက် လွယ်လွယ်နဲ့ ရှာမတွေ့လောက်ပါဘူး"
အထက်ပါအတိုင်း တယောက်တပေါက် တောင်းပန်နေကြသော လှေသမားများကိုကြည့်ရင်း စပီးယား အံတချက်ကြိတ်လိုက်၏။
“ကောင်းပြီ လူတစ်ယောက် နောက်ထပ် တခုစီ ယူလို့ရတယ် ပြီးရင်တော့ ချက်ချင်း ထွက်မယ်"
စပီးယား၏ အမိန့်သံထွက်ပေါ်လာသည်နှင့် လူတိုင်း ဝမ်းသာအားရနှင့် ရေအောက်သို့ ပြန်ဆင်းသွားကြလေသည်။
သို့သော် သူတို့အားလုံး ကံဆိုးကြရှာလေပြီ။
လှေဦးဆီမှ ဆစ်ခ်၏ စူးရှသောအော်သံ ထွက်ပေါ်လာ၏။
“ပင်လယ်ဝိညာဉ်တွေ ပင်လယ်ဝိညာဉ်တွေ လာနေပြီ”
စပီးယား အကြီးအကျယ် ထိတ်လန့်သွား၏။
တကယ်လည်း သူတို့ရှိရာသို့ ဦးတည်ပျံသန်းလာသည့် အဖြူရောင် အစင်းကြောင်းတချို့ကို သူ မြင်တွေ့လိုက်ရသည်။ ပင်လယ်ဝိညာဉ်များကို မမြင်ဖူးသည့်တိုင် ထိုအဖြူရောင်အစင်းကြောင်းများကို ပင်လယ်ဝိညာဉ်များမှန်း သူတို့နှစ်ယောက်လုံး ကောင်းကောင်းသိထားကြ၏။
“ဒီခွေးမသားတွေ"
စပီးယားက ကျိန်ဆဲလိုက်ပြီး ရေပြင်ဆီသို့လှည့်ကာ အော်ဟစ်လိုက်လေသည်။
“မြန်မြန် ပြန်တက်လာကြတော့ ပင်လယ်ဝိညာဉ်တွေ ရောက်လာပြီ”
ကံမကောင်းအကြောင်းမလှစွာပင် ရေငုပ်သမားများကား သူ့အသံကို မကြားနိုင်ကြတော့ချေ။
“ကျုပ်တို့ ခုချက်ချင်း ထွက်မှရမယ်အခုမှ မထွက်ရင် အချိန်မမှီတော့ဘူး”
ဆစ်ခ်က လှမ်းအော်လိုက်၏။
“ဘယ်ဖြစ်မလဲကွ သူတို့ အောက်မှာ ရှိနေတုန်းပဲ”
စပီးယားက ကန့်ကွက်လိုက်သည်။
“သူတို့ကို ထားခဲ့လိုက်စမ်းပါဗျ”
ဆစ်ခ်က ပြန်အော်လိုက်လေသည်။
စပီးယား တစုံတရာ ပြန်ပြောရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူတို့၏လှေက စတင်ရွေ့လျားစပြုလာ၏။ ကျန်လှေသမားများကား စပီးယား၏ အမိန့်ကိုမနာခံတော့ပဲ လှေထွက်ရန် ပြင်ဆင်နေကြလေပြီ။
“မလုပ်ရဘူး ရပ် ခုရပ်စမ်း”
စပီးယား အကြောက်အကန် အော်ဟစ်လိုက်၏။သို့သော် သူ့စကားကို မည်သူမျှ နားမထောင်ကြတော့ချေ။ လှေထိုးသားများသည် လှေကို အားကုန်ထုတ်ကာ စတင်လှော်ခတ်လိုက်ကြ၏။
သို့သော် သူတို့အားလုံး နောက်ကျသွားလေပြီ။ ပင်လယ်ဝိညာဥ်များသည် အဖြူရောင်မြူခိုးသဖွယ် လှေကို လှည့်ပတ်နေကြပြီး လူပုံသဏ္ဍာန်အဖြစ် စုစည်းသွားကြကုန်၏။ ၎င်းတို့၏ မျက်နှာများမှာလည်း လူသားများနှင့် ခပ်ဆင်ဆင်တူနေလေသည်။ သို့သော် ၎င်းတို့တကိုယ်လုံးမှာကား ရေများနှင့်သာ အတိပြီးနေ၏။
ပင်လယ်ဝိညာဉ်မှာ စုစုပေါင်း ခြောက်ကောင် ဖြစ်သည်။ ၎င်းတို့သည် လှေကို လှည့်ပတ်ရင်း တရှုးရှုးနှင့် ခြောက်လှန့်နေကြ၏။ တကြိမ်တွင်တော့ ဦးဆောင်သူ ပင်လယ်ဝိညာဉ်က ဝမ်းသာအားရနှင့် အော်ဟစ်လိုက်လေသည်။
“အမဲလိုက်ဖို့ အချိန်တန်ပြီ"
“ဟုတ်တယ်၊ အမဲလိုက်ဖို့ အချိန်တန်ပြီ”
ထိုအခိုက်အတန့်မှာပင် ဘယ်ကထွက်ပေါ်လာမှန်းမသိသော အသံတသံကို စပီးယားတို့လူစု ကြားလိုက်ရလေသည်။