← Chapters

ပင်လယ်ဝိညာဥ်များ(၂)

Vol. 94 Ch. 930

ပင်လယ်ဝိညာဥ်များ(၂)

Vol. 94 Ch. 930

ထိုအသံသည် ကျယ်လှသည်တော့ မဟုတ်။ သို့သော် နားရွက်ဘေးနားမှ ကပ်၍ပြောလိုက်သကဲ့သို့ ပီသကြည်လင်နေ၏။

ပင်လယ်ဝိညာဥ်ခေါင်းဆောင် အံ့အားသင့်သွားလေသည်။

“ဘယ်ကောင်လဲကွ ဝင်ပြောနေတာ"

“ကျုပ် ဒီမှာရပ်နေတယ်လေ မင်း မမြင်ဘူးလား”

နောက်ဘက်ဆီမှ အေးစက်စက်အသံတသံ ပျံ့လွင့်လာသည်။ ပင်လယ်ဝိညာဥ်ခေါင်းဆောင် နောက်သို့ လှည့်ကြည့်လိုက်၏။ အသံရှင်မှာ ဓားတချောင်းကို ကိုင်ဆောင်ထားသည့် လူငယ်တဦး ဖြစ်သည်။ သူ့ဘေးတွင် နောက်ထပ်လူငယ်တဦးနှင့် ချောမောလှပသော အမျိုးသမီးငယ်တဦး ရှိနေ၏။

အမှန်တော့ ထိုအမျိုးသမီးမှာ အသက်ငယ်လှသည် မဟုတ်။ နုနယ်ပျိုမြစ်သောအသွင်အပြင်ကို ထိန်းသိမ်းထားနိုင်သည့် အဆင့်အထိ ကျင့်ကြံထားသူဖြစ်၍သာ ငယ်သည်ဟု ထင်မှတ်ရခြင်း ဖြစ်သည်။

ထိုအချိန်မှာပင် အမျိုးသမီးငယ်က တစုံတခု ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် ပထမစကားပြောလိုက်သည့်လူငယ်က စကားဖြတ်ပြောလိုက်၏။

"ဘာမှထွေထွေထူးထူး ပြောမနေတော့နဲ့ အချိန်ကုန်တယ် သူတို့ကို ဖမ်းပြီး လမ်းမေးလိုက်ရင် ကျုပ်တို့ ခရီးဆက်လို့ရပြီ"

ဟင်...လမ်းမေးမယ်ဆိုပါကလား...

ဒါဆို ဒီသုံးယောက် လမ်းပျောက်နေတာပေါ့...

လက်စသတ်တော့ ဤလူငယ်သုံးယောက်မှာ ပင်လယ်ထဲတွင် လမ်းပျောက်ပြီး နတ်ဆိုးရပ်ဝန်းသို့ မတော်တဆ ရောက်လာကြခြင်းပေတကား။ ထိုစကားကိို ကြားလိုက်သည်နှင့် စပီးယား၏ မျက်လုံးတွင် စိတ်ပျက်အားငယ်ဟန်အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

သွားပြီ...ကြည့်ရသလောက် ဤလူများမှာ မည်သည့်နည်းနှင့်မျှ အားကိုးရပုံမပေါ်ချေတကား။

ထိုလူငယ်များသည်လည်း မသိမသာ ရှက်ရွံ့ဟန်ပေါ်နေကြပြီး တဦးကိုတဦး ကြည့်ကာ သူတို့ဘေးနားရှိ အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်ကြ၏။ ကြည့်ရသည်မှာ လက်ရှိ သူတို့ကြုံနေရသည့်အခြေအနေအတွက် သူမကို အပြစ်တင်နေကြသည့်ပုံပင်။

ထိုအချိန်မှာပင် ပင်လယ်ဝိညာဥ်ခေါင်းဆောင်က တဟားဟားရယ်မောကာ ပြောလိုက်သည်။

“လမ်းမေးမလို့ ဟုတ်လား ပြောစမ်းပါအုံး မင်းတို့ ဘယ်ကိုသွားမလဲဆိုတာ ကျုပ် ပြောပြလိုက်မယ်”

“ကောင်းလိုက်တာ”

ထိုအမျိုးသမီးငယ်က ခေါင်းလောင်းသံကဲ့သို့သောအသံနှင့် သာယာညင်းပြောင်းစွာ ရယ်မောလျက် ဖြေလိုက်၏။

“ကျွန်မတို့ အရင်ဆုံး ပုလဲပင်လယ်ကိုသွားမယ် ပြီးရင် ပုံရိပ်တထောင်ကျွန်း အဲဒီကနေမှ ကြမ်းတမ်းပင်လယ်ရပ်ဝန်းကို သွားမှာ…”

သူမ၏နှုတ်မှ အထက်ပါအတိုင်း စကားလုံးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေရာ နောက်ဆုံးတွင် ယဲ့ဖန်းဟန်က မခံစားနိုင်တော့ပဲ ဖြတ်ပြောလိုက်ရတော့သည်။

"ခင်ဗျား ဒါတွေ အကုန်လုံး ပြောပြဖို့လိုသလားဗျာ”

"အော် ဟုတ်သားပဲ”

ညတစ္ဆေသည် လျှာထုတ်ကာ မျက်နှာပူသွားဟန်ဖြင့် ပြောလို​က်၏။

“ကျွန်မ စကားတွေ အရမ်းများသွားပြန်ပြီ”

ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့နှစ်ယောက် ပြိုင်တူပင် ပြန်ဖြေလိုက်ကြလေသည်။

“ကျုပ်တို့ အကျင့်ဖြစ်နေပါပြီဗျာ”

ထိုအချိန်တွင် အံ့အားသင့်သွားဟန်တူသော ပင်လယ်ဝိညာဥ်ခေါင်းဆောင်က မေးလိုက်ပြန်၏။

“ပုလဲပင်လယ်လား နောက်ပြီး ပုံရိပ်တထောင်ကျွန်း ဟုတ်လား မင်းတို့ အနက်ရောင်မီးလျံကို ရှာနေကြတာများလား”

ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့က ပြိုင်တူပြောလိုက်ကြပြန်သည်။

“ဒါ မင်းတို့ကိစ္စမဟုတ်ဘူး”

ပင်လယ်ဝိညာဥ်ခေါင်းဆောင် ညစ်ကျယ်ကျယ် ပြုံးလိုက်၏။

"မဖြေဘူးဆိုရင် မင်းတို့ကို ဖမ်းပြီးမေးရလိမ့်မယ်”

ယဲ့ဖန်းဟန် အေးစက်စက်လေသံနှင့် ရယ်မောလိုက်၏။

“တိုက်ဆိုင်လိုက်တာ အဲဒါ ကျုပ်တွေးနေတာနဲ့ အတူတူပဲ”

စကားဆုံးသည်နှင့် သူက အချိန်မဖြုန်းတော့ပဲ စတုတ္ထအဆင့် နှင်းခဲဓားကို စတင်ဖော်ထုတ်လိုက်၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ရေခဲလှိုင်းလုံးကြီးတလှိုင်း ပင်လယ်ဝိညာဥ်များအပေါ် စတင်ရိုက်ခတ်လာတော့၏။

ပင်လယ်ဝိညာဥ်ခေါင်းဆောင်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားလေသည်။

“အလင်းတုန်ခါခြင်းနယ်ပယ်ပဲဟေ့ အားလုံး သတိထားကြ"

သို့သော် သူက သတိပေးရုံသာပေးပြီး ဆုတ်ခွာခြင်းမရှိပဲ အသံတိုးတိုးဖြင့် တစုံတရာကို အော်ဟစ်မြည်တမ်းလိုက်၏။ ပင်လယ်ဝိညာဥ်များသည် အလင်းတုန်ခါခြင်းနယ်ပယ်အဆင့်မဟုတ်သည့်တိုင် နတ်ဆိုးရပ်ဝန်းတွင် ရှိနေသ၍ ဘယ်အရာကိုမှ မကြောက်တတ်ချေ။

နတ်ဆိုးရပ်ဝန်းဟူသည် ပင်လယ်ဝိညာဥ်များ၏ ပိုင်နက်နယ်မြေပင် မဟုတ်ပါလား။

သူတို့ အော်ဟစ်သံကိုကြားသည်နှင့် တခြားပင်လယ်ဝိညာဥ်အများအပြား စစ်ကူလိုက်လာကြပေလိမ့်မည်။ ထိုအချိန်အထိ တောင့်ခံထားနိုင်လိမ့်မည်ဟု ၎င်းတို့ အပြည့်အဝ ယုံကြည်ထားကြ၏။

သို့သော် ရုတ်တရက်ဆိုသလိုပင် ချန်းဟယ်သည် ကျောက်စိမ်းပြားတပြားကို ဆွဲထုတ်လိုက်ရာ အဆိုပါကျောက်စိမ်းပြားသည် လေထဲတွင် တွဲလွဲခိုနေပြီး အလင်းရောင်များ စတင်တောက်ပလာတော့၏။ ထို့နောက် ပုံသဏ္ဌာန်မဲ့ လှိုင်းလုံးများ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားပြန်သည်။ ထိုအခါ ပင်လယ်ဝိညာဥ်များ၏ အော်ဟစ်သံများသည် နံရံတစ်ခုနှင့် တိုက်မိသည့်နှယ် ပဲ့တင်သံများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် နားကွဲလုမတတ် ဆူဆူညံညံ အသံများအဖြစ် ပေါင်းစပ်သွားတော့သည်။ အနီးနားရှိ လူတိုင်းသည် မည်သို့မှ မခံနိုင်တော့ပဲ နားများကို လက်ဖြင့် ပိတ်ထားလိုက်ကြရ၏။

ကံကောင်းသည်မှာ ရေအောက်ရှိ ရေငုပ်သမားများပင် အသံက်ို နားမခံနိုင်ကြတော့ပဲ ရေပေါ်ပြန်တက်လာကြခြင်းပင် ဖြစ်လေသည်။

ချန်းဟယ်က ပြုံးစေ့စေ့နှင့် ကိုယ်ရည်သွေးလိုက်၏။

“ခရီးသွားတဲ့အခါ အများဆုံး သတိထားသင့်တာက သူတို့ကို မနိုင်ရင် စစ်ကူတောင်းတတ်တဲ့ ဓားပြတွေပဲ ဒီလိုကောင်တွေကို ဘယ်လို ကိုင်တွယ်ရမှန်း မသိရင် ကျုပ်တို့ ခရီးထွက်နေလို့ ဘာအကျိုးရှိတော့မှာလဲ”

ယဲ့ဖန်းဟန် မဲ့လိုက်၏။

“အဲဒါဆို နောက်ဆုံးတခါတုန်းက လူအုပ်ကြီး လိုက်လာလို့ ထွက်ပြေးရတာ ဘယ်သူလဲမသိဘူး”

ချန်းဟယ် ကျွဲမြီးတိုသွား၏။

“ကျုပ်က တခါပဲ ပေါ့ဆမိတာပါကွ ဒါကိုပဲ မင်းက ပြောလို့မပြီးနိုင်ဘူး"

“ဒါတောင် မင်းကို ကယ်တင်ခဲ့တဲ့အကြောင်း ကျုပ် မပြောရသေးဘူး"

“ဒီလောက်လဲ မကြာခန ပြောနေစရာမလိုပါဘူးကွာ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က တစ်ဂိုဏ်းတည်းကပဲလေ…”

အထက်ပါအတိုင်းပြောရင်း သူတို့နှစ်ဦး အမှန်တကယ်ပင် အငြင်းအခုန်ဖြစ်စပြုလာ၏။

ထိုအချိန်တွင် ပင်လယ်ဝိညာဥ်များသည် ၎င်းတို့၏ရန်သူများ အချင်းချင်း ငြင်းခုံနေကြသည်ကို မြင်ကြလေရာ ရေအောက်သို့ ဖြည်းညှင်းစွာ ရေငုပ်ထွက်ပြေးရန် ကြိုးစားလိုက်ကြလေသည်။

ထိုအချိန်မှာပင် ယဲ့ဖန်းဟန်သည် ရေမျက်နှာပြင်ကို ဘန်းခနဲ ရိုက်ချရင်း ပြောလိုက်၏။

“မင်းတို့ ထွက်ပြေးဖို့ ကြိုးစားနေတာလား ဒီလိုလုပ်လို့ဘယ်ရမလဲ မင်းတို့ကောင်တွေ ဒီမှာပဲ နေသင့်တယ်"

ထို့နောက်တွင်တော့ နဂိုက အေးနေပြီးသား ပင်လယ်ရေပြင်သည် ပို၍အေးခဲသွား၏။ တဖန် ကြမ်းတမ်းသော လှိုင်းလုံးကြီးများသည် ခဲသည်ထက်ခဲလာပြီး အက်ကွဲသံများထွက်ပေါ်လာလေသည်။

ပင်လယ်နတ်ဝိညာဥ်များသည် အေးခဲသောလှိုင်းများကြားတွင် ကိုးလိုးကန့်လန့်နှင့် ကြပ်ညှပ်ကုန်​ကြ၏။

ပင်လယ်ဝိညာဥ်ခေါင်းဆောင်မှာ ဒေါသထွက်လာခဲ့ပြီ ဖြစ်သည်။

“သေချင်နေတာလားကွ"

ထို့နောက် သူက တစုံတရာကို အော်ဟစ်မြည်တမ်းလိုက်ပြန်၏။ ဤတကြိမ် သူ့အော်ဟစ်မြည်တမ်းသံမှာမူကား ရန်ပြုဟန်ပေါ​က်နေလေသည်။

အော်သံနှင့်အတူ ရေခဲလွှာအောက်ရှိ ရေသည် ပြင်းထန်စွာ ဆူပွက်လာပြီး မျက်နှာပြင်ဆီသို့ ရိုက်ခတ်လာ၏။

တချိန်တည်းမှာပင် ကျန်ပင်လယ်ဝိညာဥ်ငါး​ကောင်သည်လည်း ပြိုင်တူပင် စတင်တိုက်ခိုက်လိုက်ကြ၏။

လျပ်တပြက်ဆိိုသလိုပင် ရေခဲများကွဲအက်ကုန်ပြီး ရေမျက်နှာပြင်အောက်ရှိ ရေများသည် လှိုင်းထန်နေရာမှ ဧရာမပါးစပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ချန်းဟယ်နှင့် တခြားသူများကို ကိုက်ချရန် ဟန်ပြင်လာ၏။

ပင်လယ်ဝိညာဥ်များကား ရေကို ထိန်းချုပ်ရာတွင် အပြစ်ဆိုဖွယ်မရှိအောင် ကျွမ်းကျင်ကြသည်မှာ မြင်သာနေ၏။

မြင်ကွင်းကိုကြည့်ရင်း ယဲ့ဖန်းဟန် ဟင့်ခနဲတချက်အသံပြုပြီး နှင်းခဲစွမ်းအင်နည်းစနစ်ကို စတင်ဖော်ထုတ်လိုက်၏။ ထိုအချိန်မှာပင် သဲသဲကွဲကွဲ မမြင်ရသည့် အမျိုးသမီးပုံသဏ္ဌာန်တခု ပေါ်လာ၏။ သူမက လေထဲသို့ မှုတ်ထုတ်လိုက်ရာ အနီးနားသို့ရိုက်ခတ်လာသည့် လှိုင်းလုံးများသည် အက်ကွဲသံကိုယ်စီထွက်ပေါ်လာပြီး အေးခဲကုန်ကြတော့သည်။ မျက်စိတမှိတ်အတွင်းတွင် လှိုင်းလုံးများသည် အေးခဲနေသည့် ရေခဲပန်းပုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

၎င်းကိုကြ​ည့်ရင်း ပင်လယ်ဝိညာဥ်ခေါင်းဆောင်က အေးစက်သောအသံနှင့် ရယ်မောလိုက်၏။

“ဒီလောက်နဲ့တင် လုံလောက်ပြီလို့ ထင်နေတာလား သခင်ဂရုစ် ထွက်လာခဲ့တော့”

သူ့အော်သံနှင့်အတူ ပင်လယ်မျက်နှာပြင်သည် နောက်တကြိမ် ဆူပွက်လာပြန်၏။

ဤတကြိမ်တွင်တော့ ယဲ့ဖန်းဟန်၏ နှင်းခဲစွမ်းအင်သည် ဧရာမလှိုင်းကြီးများကို ဆက်လက် ဖိနှိပ်နိုင်စွမ်းရှိတော့ဟန်မတူချေ။ ပင်လယ်မျက်နှာပြင်ကား လှိုင်းတို့ထန်နေခဲ့လေပြီ။

ထိုအချိန်မှာပင် လှိုင်းလုံးကြီးတလုံးသည် ရုတ်တရက် မြင့်တက်လာကာ ၎င်းတို့သုံးဦးထံ ဦးတည်တိုးဝင်လာ၏။

ယဲ့ဖန်းဟန်၏ အမူအရာ ချက်ချင်းပြောင်းလဲသွားလေသည်။

"ရှောင်ကြစမ်း"

သူ့အော်သံထွက်ပေါ်လာသည်နှင့် သုံးယောက်လုံး ကောင်းကင်ပေါ်သို့ ပျံတက်ရှောင်တိမ်းလိုက်ရ၏။ ထိုအချိန်မှာပင် ရေထဲမှ လူတချို့ လွင့်စင်ထွက်လာသည်က်ို သူတို့တွေ့လိုက်ရသည်။ ထိုလူများမှာ တခြားမဟုတ်။ ရေငုပ်သမားများပင် ဖြစ်သည်။

“သူတို့ကို ကယ်ကြပါအုံး”

စပီးယား၏ ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာ၏။ ထိုအခါ ညတစ္ဆေသည် ရိပ်ခနဲလှုပ်ရှားသွားပြီး ရေငုပ်သမားတစ်ဦးကို ဆွဲယူလိုက်၏။ ချန်းဟယ်လည်း ရေငုပ်သမားတချို့ကို ဆွဲယူကာ ဘေးကင်းရာသို့ ပစ်ချလိုက်လေသည်။

ထို့နောက် ချန်းဟယ်က လှေသမားများကို အော်ဟစ်သတိပေးလိုက်၏။

"ခင်ဗျားတို့ ဒီကနေ အမြန်ဆုံးထွက်သွားကြစမ်း ဒါ ပြဇာတ်ကနေတာမဟုတ်ဘူး"

စပီးယားက ပြန်အော်လိုက်၏။

"မဟုတ်သေးဘူး နောက်တယောက် ကျန်သေးတယ် ရေပေါ် မတက်နိုင်သေးတဲ့သူ တယောက် ကျန်နေသေးတယ်"

ချန်းဟယ် တစုံတခု ပြန်ပြောရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် မိုးခြိမ်းသံကဲ့သို့သော အသံတသံကို သူ ကြားလိုက်ရသည်။ ထို့နောက် ပင်လယ်အောက်ခြေဆီမှ ဧရာမ သတ္တဝါကြီးတကောင် စတင်ထွက်ပေါ်လာလေသည်။

သွေးငါးမန်းကြီးတကောင်ပေတည်း။

သွေးငါးမန်းများဟူသည် နတ်ဆိုးရပ်ဝန်းတွင် နေထိုင်လေ့ရှိသော ကြောက်မက်ဖွယ်သတ္တဝါများအနက်မှ တကောင် ဖြစ်သည်။ ချန်းဟယ်တို့ တွေ့မြင်နေရသော သွေးငါးမန်းမှာ ခန့်မှန်းခြေအားဖြင့် ပေတထောင်မျှ ရှည်လျားပြီး ၎င်းသည် အဆင့်မြင့် နတ်ဆိုးသားရဲတကောင်နှင့် အင်အားချင်းတူညီ၏။

သွေးငါးမန်းကြီး ထွက်ပေါ်လာချိန်မှာပင် စပီးယားက ထိုငါးမန်း၏ ကျောပြင်ကို လက်ညှိုးထိုးရင်း ထိတ်လန့်တကြား ထအော်လိုက်၏။

"ဟိုမှာ သူပဲ ငါးမန်းကြီးကျောပေါ်မှာ တွဲလောင်းချိတ်နေတာ ကျုပ်တို့လူပဲ”

တကယ်လည်း သွေးငါးမန်း၏ ကျောဘက်တွင် လူတဦး တွဲလောင်းချိတ်လျက်ရှိနေ၏။ သူ မည်သို့မည်ပုံ အသက်ရှင်နေသေးသည် မသိနိုင်သည့်တိုင် ကြောက်လန့်တကြား ငိုယိုနေသည်ကတော့ အမှန်ပင်။

“ကျုပ် သွားကယ်မယ်”

ချန်းဟယ်၏ ပုံဏ္ဌာန်သည် ချက်ချင်းပင် လေပြင်းသဖွယ် ပြောင်းလဲသွားပြီး သွေးငါးမန်းဆီသို့ ဦးတည် ပျံသန်းသွား၏။

“သတိထား"

ယဲ့ဖန်းဟန်၏ အော်သံ ထွက်ပေါ်လာသည်။

ယဲ့ဖန်းဟန်၏ သတိပေးစကားပင် မဆုံးသေး။ သွေးငါးမန်းဆီသို့ မရောက်မီမှာပင် သူ့ခန္ဓာကိုယ်ထဲမှ သွေးများသည် ထိန်းချုပ်မှုကင်းမဲ့သွားပြီး အပြင်သို့ စီးထွက်လာသကဲ့သို့ ချန်းဟယ် ခံစားလိုက်ရ၏။

ဤသတ္တဝါဆိုး သွေးငါးမန်းဟူသော အမည်ကိုရထားခြင်းမှာ ၎င်း၏ သွေးဆာမှုသက်သက်ကြောင့်သာ မဟုတ်ချေ။ တခြားသက်ရှိများ၏ သွေးကို ထိန်းချုပ်နိုင်သည့် မွေးရာပါ စွမ်းရည်ကြောင့်လည်း ပါဝင်နေသည်။ ၎င်းသည် တစ်စုံတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို ဆူပွက်လာစေပြီး အပြင်သို့ စီးထွက်လာစေရန် စွမ်းဆောင်နိုင်၏။

တကယ်တော့ ဤစွမ်းရည်ကို ခုခံရန် နည်းလမ်းမှာ အလွန်ပင်ရိုးရှင်းလှ၏။ ၎င်းမှာ တခြားမဟုတ်။ မိမိ၏ အင်အား ပင် ဖြစ်သည်။

ပြသနာမှာကား ချန်းဟယ်သည် ကျင့်ကြံအားထုတ်ရာတွင် အတော်လေးပျင်းရိသူ ဖြစ်နေခြင်းပင်။ သူသည် ထူးထူးဆန်းဆန်း လှည့်ကွက်များကို သုံးတတ်၏။ ဒေါသလက်ဝါးနှင့် စူမာရုလေဟာနယ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်၏။ ယုတ်စွအဆုံး ယဲ့ဖန်းဟန်ထက် ပိုမိုကောင်းမွန်သော မူလကိရိယာကိုပင် ပိုင်ဆိုင်ထားသေး၏။ သို့သော် တကယ်တမ်း နဖူးတွေ့ဒူးတွေတိုက်ခိုက်လျင်တော့ ယဲ့ဖန်းဟန်ကို ချန်းဟယ် မည်သို့မှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

ဤအနေအထားတွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့် အဆင့်ချင်းတူနေသည့် သွေးငါးမန်း၏မွေးရာပါ မူလစွမ်းရည်ကို တုံ့ပြန်နိုင်ရန် ချန်းဟယ် အတော်လေး ကြိုးစားရမည်မှာ အမှန်ပင်။ ယခုလည်း ချန်းဟယ်သည် ငါးမန်း၏ မူလစွမ်းရည်ကို လုံးဝဖျက်ဆီးပစ်နိုင်ခြင်းမရှိပဲ အကျိုးသက်ရောက်မှုပမဏကို လျှော့ချရန်သာ စွမ်းဆောင်နိုင်၏။ ထိုအခါ သူ့ကိုယ်အတွင်းရှိ သွေးများသည် အရေပြားမှတစ်ဆင့် စိမ့်ထွက်လာကာ ချန်းဟယ်၏ ပုံစံမှာ ကြောက်ဖွယ်ရာကောင်းနေတော့သည်။

ယဲ့ဖန်းဟန် အကြီးအကျယ် ထိတ်လန့်သွားပြီး သွေးငါးမန်းကိုဦးတည်ကာ ဓားကွက်ကို ဖော်ထုတ်လိုက်၏။ သို့သော် ထိုအချိန်မှာပင် ရေလှိုင်းခြောက်လှိုင်းသည် ဝုန်းခနဲ ထွက်ပေါ်လာပြန်၏။ ၎င်းတို့အနက် လှိုင်းနှစ်လှိုင်းမှာ သူ့ကို ဦးတည်နေပြီး ကျန်လှိုင်းများမှာ စပီးယားနှင့်တခြားလှေသမားများကို ဦးတည်နေလေသည်။

ယဲ့ဖန်းဟန် ဘာမှမတတ်နိုင်တော့။ ရေလှိုင်းများ၏ တိုက်ခိုက်မှုကို ကာကွယ်ရင်း ညတစ္ဆေကို လှမ်းအော်လိုက်ရတော့သည်။

"ခင်ဗျား အမြန်သွားပြီး သူတို့ကို ကယ်လိုက်”

“ရမယ်"

ညတစ္ဆေ ခေါင်းတချက်ညိတ်ရင်း ချက်ချင်းလှုပ်ရှားလိုက်၏။ ဤတကြိမ်တွင်တော့ ညတစ္ဆေ၏ တိုက်ကွက်ကြောင့် ငါးမန်း၏ကျောဘက်တွင် ရှည်လျားသော ဓားဒဏ်ရာကြီးတခု ဖြစ်ပေါ်လာ၏။ သွေးငါးမန်း နာကျင်စွာ အော်ဟစ်လိုက်လေသည်။ တဖက်မှ ချန်းဟယ်အပေါ် ကျရောက်နေသော ဖိအားမှာလည်း သိသိသာသာပင် လျော့​ကျသွား၏။

“ဘယ်လိုလဲ ကျွန်မရဲ့ဓားချက်က မဆိုးဘူးမလား”

ညတစ္ဆေ ဝမ်းသာအားရ ပြောလိုက်၏။

"အဲဒါကို အသာထားစမ်းပါ ဟိုလူကို သွားကယ်စမ်းပါအုံး”

ချန်းဟယ်က စိတ်ဆိုးမာန်ဆိုးနှင့်ပြောလိုက်လေသည်။

“နားလည်ပြီ”

ညတစ္ဆေ အထက်ပါအတိုင်းပြောပြီး အောက်သို့ ခုန်ဆင်းလိုက်၏။ သူမ၏ လှုပ်ရှားမှုမှာ ချန်းဟယ်ထက်ပင် ပို၍မြန်ဆန်နေလေသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူမ ငါးမန်းကျောပေါ်တွင် တွဲလောင်းချိတ်နေသောလူအနီးသို့ ရောက်ရှိသွားလေသည်။

“မင်း လာခဲ့စမ်း”

ညတစ္ဆေ ထိုလူကို လှမ်းဆွဲလိုက်၏။

ထိုအချိန်မှာပင် လှေလုပ်သား၏ လက်တဖက်ကလည်း ညတစ္ဆေကို လှမ်းဆွဲလိုက်လေသည်။

ညတစ္ဆေ အံ့အားသင့်သွား၏။ သို့သော် ထိုအချိန်တွင် လှေလုပ်သား၏လက်က သူမ၏ လည်ပင်းကို ဖမ်းဆွဲလုနီးပါး နီးကပ်နေခဲ့လေပြီ။

All Chapters