ပင်လယ်ဝိညာဥ်များ (၃)
Vol. 94 Ch. 931
"သတိထား"
ထိုမြင်ကွင်းကြောင့် ယဲ့ဖန်းဟန်နှင့်ချန်းဟယ်တို့နှစ်ယောက် ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ကြသည်။
လှေထိုးသား၏ တိုက်ခိုက်မှုမှာ ရက်စက်ကြမ်းကြုတ်လှ၏။ ၎င်း၏ လက်ချောင်းထိပ်များမှ တောက်ပလျက်ရှိသော ထူးထူးဆန်းဆန်းအလင်းရောင်သည်လည်း လမ်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ဟုပင် မှတ်ထင်ရသည်။
ညတစ္ဆေ၏ နှေးကွေးသောတုံ့ပြန်ပုံအရ မည်သို့မှ ရှောင်တိမ်းနိုင်မည့်ပုံမပေါ်။
သို့သော် ထိုလက် ညတစ္ဆေ၏ လည်ပင်းကို ထိုးဖောက်ခါနီးအချိန်မှာပင် သူမလည်ပင်း၌ ဝတ်ဆင်ထားသော ဆွဲသီးလေးမှ အလင်းရောင်များ စတင်ထွက်ပေါ်လာ၏။ ထို့နောက် အချိန်သည် ရုတ်တရက်ဆိုသလိုပင် နှေးကွေးသွားပြီး လှေထိုးသား၏လက်သည်လည်း လမ်းတဝက်မှာပင် ရပ်တန့်သွားတော့သည်။
ထိုအချိန်မှာပင် ညတစ္ဆေသည် ထိုလက်ကို ဖမ်းချုပ်ပြီး လှေထိုးသားကို လှေပေါ်သို့ ပစ်တင်ပေးလိုက်၏။ သွေးငါးမန်းထိန်းချုပ်ခံထားရမှန်း သိလိုက်၍ ထိုလူကို သူမ မသတ်ပဲ လွှတ်ပေးလိုက်ခြင်းပင်။
ထို့နောက် သူမက ပြောလိုက်၏။
"ရှင်တို့ လူတွေထဲက နောက်ဆုံးတစ်ယောက် ရောက်လာပြီ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြပေတော့"
သို့သော် လေထဲမှ ပြုတ်ကျလာသူကို မည်သူမှ ဖမ်းဆီးရန် မရဲဝံ့ကြချေ။
၎င်းကိုကြည့်ရင်း ညတစ္ဆေ ရယ်မောလိုက်ပြန်သည်။
"စိတ်မပူနဲ့ သူ အဆင်ပြေသွားပါလိမ့်မယ် သူ သွေးငါးမန်းရဲ့ထိန်းချုပ်ခံလိုက်ရလို့ ဒီလိုဖြစ်နေတာ အကွာအဝေးတခုရောက်တာနဲ့ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်"
ထိုအခါကျမှ စပီးယား စိတ်သက်သာရာရသွား၏။ ထ်ို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်လေသည်။
"ကဲ သွားကြစို့"
ငါးဖမ်းလှေကြီးသည် အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွား၏။
ထိုအချိန်ထိ သွေးငါးမန်းသည် ချန်းဟယ်နှင့် တိုက်ခိုက်နေဆဲပင် ဖြစ်လေသည်။ ပင်လယ်ဝိညာဥ်များလည်း ယဲ့ဖန်းဟန်ကို ဝိုင်းထားဆဲပင် ဖြစ်သည်။
ထိုစဥ် ချန်းဟယ်က အော်ဟစ်အကူအညီတောင်းလိုက်၏။
"ဟေး ခင်ဗျား ဒီကိုလာမကူရင် ကျုပ်တို့ ဒီနေရာမှာတင် အသက်ပျောက်ရတော့မယ်"
"အော် ဟုတ်သားပဲ"
ထိုအခါကျမှ ညတစ္ဆေလည်း စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး သွေးငါးမန်းဆီသို့ တဟုန်ထိုး ပျံသန်းသွားကာ သူမ၏ လက်ကောက်ဝတ်ရှိ ပုတီးစေ့လက်ကောက်ကိုချွတ်ကာ ပစ်ပေါက်လိုက်၏။ ပုတီးစေ့များသည် ရွှေရောင်မြားတံများကဲ့သို့ သွေးငါးမန်းဆီသို့ တိုးဝင်ကုန်ကြ၏။ ပုတီးစေ့များ၏ လက်ချက်ကြောင့် သွေးငါးမန်းကိုယ်ပေါ်တွင် ထောင်ပေါင်းများစွာသော ဒဏ်ရာများ ကျန်ရစ်ခဲ့လေသည်။
သွေးငါးမန်း နာကျင်စွာ အော်ဟစ်ငြီးငြူလိုက်၏။
"ကျောက်စိမ်းဆွဲသီးအကာအကွယ်နဲ့ ရွှေစက်လုံးပါလား ခင်ဗျားကတော့ တကယ်ပဲ မနှမြောတတ်တာပဲကိုး"
ချန်းဟယ် မအံ့သြပဲ မနေနိုင်တော့။ တကယ်တော့ ကျောက်စိမ်းဆွဲသီးအကာအကွယ်နှင့် ရွှေစက်လုံးဟူသည် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် ဂုဏ်ပြုမှတ်များဖြင့် ဝယ်ယူနိုင်သော ပစ္စည်းများဖြစ်သည်။ ၎င်းတို့သည် အလွန်အားကောင်းပြီး စျေးကြီးသည့်တိုင် တကြိမ်သာ အသုံးပြုနိုင်၍ လူကြိုက်နည်းသော ပစ္စည်းများဟု ဆိုနိုင်သည်။ မည်သူက ကြိုးစားပမ်းစား ရှာဖွေထားသော အမှတ်များကို တကြိမ်သာသုံးနိုင်သည့် ပစ္စည်းမျိုးအတွက် ဖြုန်းတီးချင်မည်နည်း။
သို့သော် ညတစ္ဆေအတွက်မူ ဤကန့်သတ်ချက်မျိုးမှာ ထည့်သွင်းစဉ်းစားရန် လိုအပ်သောအရာမဟုတ်ချေ။
အကြောင်းမှာ ဤပစ္စည်းများကို စုချန်းက သူမအား လက်ဆောင်ပေးထားခြင်းကြောင့်ပင်။
သို့သော် ဤပစ္စည်းများသည် တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ကိုယ်စီအားသာချက်တော့ ရှိနေသေး၏။ ဥပမာအားဖြင့်၊ ၎င်းတို့သည် အလိုအလျောက် အသက်သွင်းနိုင်ပြီး အသုံးပြုသူမှ နှိုးဆွပေးနေရန် မလိုအပ်ချေ။
အကယ်၍ ညတစ္ဆေသာ လည်ဆွဲကို ကိုယ်တိုင် အသက်သွင်းရန် လိုအပ်နေခဲ့လျင် ကနဦးကတည်းက သူမ ဒဏ်ရာရခဲ့ကောင်း ရနေပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း စုချန်းက ညတစ္ဆေအတွက် ဤပစ္စည်းများကို လိုရမယ်ရ ပေးထားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအချိန်ထိ သွေးငါးမန်း မသေသေးသည်ကို မြင်သောအခါ ညတစ္ဆေက နောက်ထပ် ရွှေစက်လုံးတတွဲကို ထုတ်ယူကာ ပစ်ပေါက်လိုက်ပြန်၏။
ကောင်းကင်တခွင်လုံး ရွှေရောင်အလင်းများဖြင့် ထပ်မံပြည့်နှက်သွားသည်။မြင်ကွင်းမှာ နေ့ခင်းကြောင်ကြောင်တွင် ကြယ်များ ရုတ်တရက် ပေါ်ပေါက်လာသည်နှင့်ပင် တူနေသေး၏။
ချန်းဟယ်ကား ဘာပြောရမှန်းပင် မသ်ိတော့။ ညတစ္ဆေကိုကြည့်ရသည်မှာ ငွေကြေးကို လုံးဝထည့်မတွက်သည့်ပုံ ပေါက်နေသည်မဟုတ်ပါလား။
နှစ်ကြိမ်တိုင်တိုင် ရွှေစက်လုံးနှင့် တိုက်ခိုက်ခံရခြင်းကြောင့် သွေးငါးမန်း သေအံ့မူးမူးအခြေအနေသို့ ဆိုက်ရောက်သွားတော့၏။ ထို့နောက်တွင်တော့ ချန်းဟယ်၏ လက်ဝါးချက်များက အဆက်မပြတ်ဆိုသလို ကျရောက်လာပြီး သွေးငါးမန်းကို သေရွာသို့ ပို့ဆောင်ပေးလိုက်တော့သည်။
ထိုအချိန်တွင် ယဲ့ဖန်းဟန်သည်လည်း ပင်လယ်ဝိညာဥ်များကို သုတ်သင်ရှင်းလင်းနိုင်ခဲ့လေပြီ။
"ကောင်းတယ် ကောင်းတယ် ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ"
ညတစ္ဆေ ရယ်မောရင်း လက်မထောင်ပြလိုက်၏။ သို့သော် ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့ကား အောင်ပွဲခံရန် စိတ်ကူးမရှိကြ။
"ကျုပ်တို့ ပင်လယ်ဝိညာဥ်တွေရဲ့ နယ်မြေထဲမှာပဲ ရှိနေသေးတယ် ချက်ချင်းထွက်သွားမှရမယ် တော်ကြာ ပင်လယ်ဝိညာဥ်တွေ ထပ်ရောက်လာရင် ကျုပ်တို့ ဒုက္ခများသွားနိုင်တယ်"
ယဲ့ဖန်းဟန်၏ စကားကို သဘောမတူဟန်ဖြင့် ညတစ္ဆေ နှုတ်ခမ်းစူလိုက်၏။
"ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ ဒီခရုခွံတွေက အတော်ကို လှတယ် နည်းနည်းပါးပါးတော့ ယူသွားသင့်တာပေါ့"
သူမ ပြောဆိုရင်းပင် လက်တဖက်ဝှေ့ယမ်းလိုက်ရာ လေလှိုင်းနွယ်ရှင်တချို့ ပေါ်ပေါက်လာပြီး ရေအောက်သို့ တိုးဝင်သွား၏။ ဤစွမ်းရည်ကြောင့် သူမအနေနှင့် ရေအောက်သို့ဆင်းရန် မလိုအပ်တော့ချေ။ သို့သော် တဖက်တွင်လည်း အောက်တွင်ရှိနေသည့်အရာများကို မမြင်ရ၍ မျက်စေ့စုံမှိတ်ကာ ကောက်ယူနေရသကဲ့သို့ ဖြစ်နေသည်ကတော့ အမှန်ပင်။
ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တိုကား ညတစ္ဆေကို အကြီးအကျယ်ပင် လောဆော်နေကြ၏။
"အမြန်သွားရအောင် ပင်လယ်ဝိညာဥ်တွေ အချိန်မရွေး ပေါ်လာနိုင်တယ်"
သို့သော် ညတစ္ဆေကား မည်သို့မှလက်မခံ။
"ဘာလို့ ဒီလောက်တောင် လောနေရတာလဲ ခရုခွံတခုရပြီးရင် သွားမယ်လို့ ကျွန်မ ပြောပြီးပြီလေ နောက်ပြီး ပင်လယ်ဝိညာဥ်တွေ လာနေတယ်ဆိုရင်လဲ ကျွန်မတို့ အမြန်နှုန်းနဲ့ သူတို့လက်က မလွတ်နိုင်စရာမှ မရှိတာပဲ"
ထိုစကားက အဓိပ္ပာယ်ရှိနေ၍ ချန်းဟယ်နှင့် ယဲ့ဖန်းဟန်တို့ သဘောတူရန်မှအပ တခြားမရှိတော့ချေ။
တခနအကြာတွင် ညတစ္ဆေက တခုခုကို တွေ့သွားဟန်ဖြင့် ထအော်လိုက်သည်။
"ရပြီ"
ထို့နောက် သူမက လေလှိုင်းနွယ်လက်တံကို ရေထဲမှ ဆွဲထုတ်လိုက်၏။ တကယ်လည်း နွယ်လက်တံ၏ လက်ထဲတွင် တစုံတခု ရှိနေသည်။ သို့သော် ထိုအရာမှာ သက်တံ့ခရုခွံမဟုတ်ပဲ လူတယောက်သာ ဖြစ်နေ၏။
အတိအကျပြောရလျင် အဖိုးအိုတဦး ဖြစ်သည်။
ထိုအဖိုးအို၏ ဆံပင်များသည် ပွယောင်းနေပြီး အိပ်ပျော်နေရာမှ လန့်နိုးပုံပေါ်နေ၏။ မထင်မှတ်ပဲ "ငါးအမှတ်နှင့် အမျှားခံရ" သော်လည်း သူ့အဝတ်အစားများသည်ကား လုံးဝခြောက်သွေ့နေ၏။ သူ မျက်လုံးများကို မဖွင့်ချင်ဖွင့်ချင်နှင့်ကြည့်ပြီး ချန်းဟယ်တို့သုံးယောက်ကို ကြည့်ကာ မေးလိုက်သည်။
"ငါ့ကို ငါးမျှားတာ ဘယ်သူလဲ"
ထိုမေးခွန်းကို ကြားသောအခါ သူတို့သုံးဦး အကြီးအကျယ် ထိတ်လန့်သွားကြပြီး တယောက်မျက်နှာကို တယောက် ကြည့်လိုက်ကြသည်။
ထိုအချိန်မှာပင် ညတစ္ဆေက ရုတ်တရက်ဆိုသလို ချန်းဟယ်ကို လက်ညှိုးထိုးပြလိုက်၏။
"သူ"
"ဘာဗျ"
ချန်းဟယ်က ညတစ္ဆေကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သို့သော် ညတစ္ဆေကတော့ မူမပျက်ပဲ ခပ်တည်တည်နှင့် ရှိလေသည်။
သို့သော် အဖိုးအိုသည် ဒေါသထွက်ပုံ မပေါ်ချေ။ ထိုအစား သူက ချန်းဟယ်ကို ပြုံးစေ့စေ့နှင့် စိုက်ကြည့်ပြီး ပြောလိုက်၏။
"မင်းတို့ သုံးယောက်က စိတ်ဝင်စားဖို့တော့ကောင်းသားပဲ ဒါပေမဲ့ ဒီနေရာကို လာတာ နည်းနည်းတော့ မိုက်မဲရာ ရောက်တယ် ဟော ကြည့်စမ်း ပင်လယ်ဝိညာဥ်တွေ မင်းတို့ကို ရှာတွေ့သွားပြီး ဒီကိုလာကုန်ကြပြီ"
ဘာ!!!
သူတို့သုံးဦးစလုံး နောက်သို့ ကပျာကယာ လှည့်ကြည့်လိုက်ကြ၏။
သို့သော် သူတို့နောက်တွင် ပင်လယ်ဝိညာဥ်ကိုတွေ့ဖို့ဝေးစွာ အရာအားလုံးမှာ ရှင်းလင်းနေသည်။ ထိုအချိန်မှာပင် ကျယ်လောင်သော အသံသုံးချက် ထွက်ပေါ်လာပြီး ၎င်းတို့ သုံးဦးလုံး မျက်ဖြူလန်ကာ သတိမေ့ကုန်ကြလေသည်။
အဖိုးအို တခစ်ခစ်နှင့် ရယ်မောလိုက်၏။
"အတွေ့အကြုံအတော်နုတဲ့ဟာလေးတွေပဲ"
ထို့နောက် သူ ပင်လယ်ထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားလေသည်။
-------------------
သူ သတိပြန်လည်လာချိန်တွင် မှောင်မိုက်သောဂူကြီးတဂူအတွင်းရှိ အိပ်ရာပေါ်တွင် လဲလျောင်းနေကြောင်း ယဲ့ဖန်းဟန် တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် အလင်းရောင်ဟူ၍ တစုံတရာမျှပင် မတွေ့ရချေ။
သူ့တကိုယ်လုံးမှာလည်း မည်သည့်ကြိုးနှင့်မျှ ချည်နှောင်ထားခြင်းမရှိပဲ လွတ်လွတ်လပ်လပ်ပင် ရှိနေ၏။ တဖန် သူက ငုတ်တုတ်ထိုင်ပြီး မူလစွမ်းအင်ကို လှည့်ပတ်ရန် ကြိုးစားကြည့်ပြန်သည်။ ထ်ိုအခါ သူ့မူလစွမ်းအင်မှာလည်း ကန့်သတ်ထားခြင်း မရှိကြောင်း သူ တွေ့လိုက်ရပြန်သည်။
အတန်ကြာ စဉ်းစားပြီး သူက အလင်းဆိုင်ရာ လျှို့ဝှက်နည်းစနစ်တရပ်ကို အသက်သွင်းလိုက်၏။
အချုပ်အနှောင်မဲ့ဂိုဏ်းတွင် ကျင့်ကြံခြင်းနည်းစနစ်များစွာ ရှိနေ၏။ ဂိုဏ်း၏တပည့်များအနေနှင့် ၎င်းတို့နှစ်သက်ပါက မူလစွမ်းရည်များ သို့မဟုတ် လျှို့ဝှက်နည်းစနစ်များကို ကြိုက်နှစ်သက်သလို သင်ယူနိင်ခွင့် ရှိပေသည်။
ယဲ့ဖန်းဟန်၏ အလင်းလျှို့ဝှက်စွမ်းရည်မှာလည်း ဤနည်းအားဖြင့် သင်ယူထားသော ပညာရပ်မျိုးဖြစ်သည်။
သိပ်မကြာမီ အလင်းရောင်တချို့ရရှိလာပြီး ယဲ့ဖန်းဟန်တယောက် သူ့ ပတ်ဝန်းကျင်ကို စူးစမ်းနိုင်ခဲ့လေသည်။
သူ ရောက်ရှ်ိနေသည်မှာကား ဧရာမ ဂူကြီးတဂူပင် ဖြစ်နေ၏။ သူ့နှင့် မလှမ်းမကမ်းတွင် ရှည်လျားကောက်ကွေ့နေသော ဥမင်လှိုဏ်ခေါင်းကြီးတခေါင်း ရှိနေလေသည်။
အလင်းရောင်မှာ အကန့်အသတ်ရှိနေ၍ ယဲ့ဖန်းဟန်အနေနှင့် ဥမင်လှိုဏ်ခေါင်းအတိုင်း လိုက်ပါသွားရုံမှအပ တခြားမရှိချေ။ သူ့အနီးတွင် ရေစက်ပေါက်ပေါက်ကျသံကို ကြားနေရ၏။ လေထုမှာလည်း အနည်းငယ် စိုစွတ်နေသည်။ ထို့ကြောင့် သူသည် ပင်လယ်ရေအောက်တနေရာတွင် ရှိနေကြောင်း ယဲ့ဖန်းဟန် နားလည်လိုက်သည်။
သို့သော် ပင်လယ်ရေအောက်တွင် တည်ရှိနေသော ဤထူးထူးဆန်းဆန်းနေရာသည် မည်သည့်နေရာမျိုးများ ဖြစ်နေလေသနည်း။
ထိုအဖိုးအိုသည်ကား မည်သူပင်ဖြစ်နေမည်နည်း။
သူ အဘယ်ကြောင့် သူတို့ကို ဖမ်းဆီးလာရလေသနည်း။
စဥ်းစားရင်းနှင့် ယဲ့ဖန်းဟန် ခေါင်းရှုပ်လာ၏။ ထ်ိုအချိန်မှာပင် သူ့ရှေ့၌ လူတဦး ရှိနေသည်ကို ယဲ့ဖန်းဟန် ခံစားလိုက်ရသည်။ ထိုအခါ သူသည် အလင်းကိုငြိမ်းသတ်လိုက်ပြီး ရှေ့သို့ သတိကြီးစွာ ချည်းကပ်လိုက်၏။ ပစ်မှတ်အနီးသို့ ရောက်သည်နှင့် ယဲ့ဖန်းဟန်သည် လက်ညိုးကို ဓားအဖြစ်သုံးကာ ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
ပြိုင်ဘက်ကလည်း မခေလှချေ။ နောက်သို့လျင်မြန်စွာ ဆုတ်သွားပြီး တန်ပြန်လက်ဝါးရိုက်ချက်နှင့် တုံ့ပြန်လာ၏။ ဤလက်ဝါးချက်သည် အလွန်ရိုးရှင်းပုံရသော်လည်း လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်ပုံပေါ်နေသည်။
ထိုလက်ဝါးရိုက်ချက်ကို ယဲ့ဖန်းဟန် ရှောင်တိမ်းခြင်းမပြုပဲ ခပ်တည်တည်ပင် ပြောလိုက်သည်။
"ကျုပ်ပါကွ"
လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသော လေဖိအား ယဲ့ဖန်းဟန်၏ နဖူးရှေ့တွင် ရပ်တန့်သွားသည်။
"မင်းလုပ်တာနဲ့ ကြောက်လို့သေတော့မယ်"
တဖက်မှ ချန်းဟယ်၏ အသံ ထွက်ပေါ်လာလေသည်။
သိပ်မကြာမီ ယဲ့ဖန်းဟန်ဆီမှ အလင်းရောင်တချို့ ပြန်လည်ထွက်ပေါ်လာ၏။ ချန်းဟယ်ကား ဥမင်လှိုဏ်ခေါင်း၏ အခြားတစ်ဖက်မှ လာကြောင်း ထိုအခါကျမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
"မင်း အဆင်ပြေရဲ့လား"
ယဲ့ဖန်းဟန်က မေးလိုက်သည်။
"အဆင်ပြေပါတယ်ကွ"
ယဲ့ဖန်းဟန် နှစ်သိမ့်လိုက်၏။
"အဆင်ပြေရင်ပြီးတာပဲ ဒါနဲ့ သခင်မလေးညတစ္ဆေကိုရော တွေ့မိသေးလား"
ချန်းဟယ်က ပခုံးတွန့်လိုက်သည်။
"မတွေ့သေးဘူး ကြည့်ရတာ ကျုပ်တို့ကို သီးခြားစီ အကျဥ်းချထားတဲ့ပုံပဲ"
ယဲ့ဖန်းဟန်က ထပ်ပြောလိုက်ပြန်သည်။
"ပထမဆုံး ကျုပ်တို့ သခင်မလေးညတစ္ဆေကို အရင် ရှာကြတာပေါ့"
ထို့နောက် သူတို့ နှစ်ဦးလုံးသည် ဥမင်လှိုဏ်ခေါင်းအတိုင်း ဆက်လက်လျှောက်လာခဲ့ကြလေသည်။
သိပ်မကြာမီ ဥမင်လှိုဏ်ခေါင်း၏ အခြားတစ်ဖက်မှ မှိန်ဖျော့သော အလင်းရောင်တချို့ကို သူတို့ တွေ့မြင်လိုက်ရ၏။ ထိုနေရာသို့ သူတို့ ခြေသံလုံလုံနှင့် ချည်းကပ်လာခဲ့ကြသည်။
အတန်ကြာသော် မိန်းကလေးငယ်တဦး၏ တောင်းပန်သံကို သဲ့သဲ့မျှ သူတို့ ကြားလာရ၏။
"မလုပ်ပါနဲ့ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ရှင်"
"ကျေးဇူးပြုပြီး ဒါမျိုး မလုပ်ပါနဲ့"
"ကျွန်မ မှားသွားမှန်း သိပါပြီ......"
အသံရှင်မှာ ညတစ္ဆေမှန်း သိသာလှသည်။
ထိုအခါ ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့သည် တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြပြီး အလင်းရောင်ထွက်ပေါ်နေသည့် အခန်းထဲသို့ ပြိုင်တူပင် ပြေးဝင်လိုက်ကြသည်။
သို့သော် အခန်းထဲတွင် မြင်တွေ့နေရသော မြင်ကွင်းကြောင့် သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။