ပုံရိပ်တထောင်ကျွန်းသို့ ရောက်ရှိလာခြင်း
Vol. 94 Ch. 932
အကန့်အသတ်မဲ့ ပင်လယ်။
ကြီးမားသော ရေတပ်ကြီးသည် ပင်လယ်လှိုင်းများကို ထိုးခွဲကာ ရှေ့သို့ချီတက်လျက်ရှိသည်။
ရေတပ်မှာ အင်အားများပြားလှပြီး စတုရန်းကီလိုမီတာ တရာကျော်သည်အထိပင် လွှမ်းခြုံနိုင်လောက်၏။ ထို့ကြောင့် ပင်လယ်သားရဲများပင်လျှင် သူတို့၏ အင်အားကို ခံစားမိနေဟန်ဖြင့် ဝေးဝေးမှ ဖယ်ကျဥ်သွားလျက်ရှိကြသည်။
“ရှေ့ကီလိုမီတာ၁၂၀၀မှာ ရေခဲမီးချောက်ကမ်းပါးရှိတယ်”
ရေတပ်ကြီး၏ အလယ်ရှိ ရေပေါ်နန်းတော်ထဲတွင် ရှိနေသည့် မင်းသားဖရော့စ်ပွိုင့်က ပြောလိုက်သည်။
“ဒီချောက်ကမ်းပါးကို ကျော်ရင် ကျုပ်တို့ ပုံရိပ်တထောင်ကျွန်းကို ရောက်ပြီ အဲဒီနောက်မှာတော့ ပင်လယ်ချောက်နက်ကြီးပဲ"
“ပုံရိပ်တထောင်ကျွန်း......”
စုချန်း တီးတိုး ရေရွတ်လိုက်သည်။
“ဒီတော့ အရှင်မင်းသားတို့နဲ့ အနက်ရောင်မီးလျံတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုအခြေအနေများ ရှိနေသလဲ"
ဖရော့စ်ပွိုင့် မခံချိမခံသာဟန်ဖြင့် ရယ်မောလိုက်သည်။
"ဒါက ကျုပ်တို့ရဲ့ဆက်ဆံရေးနဲ့မဆိုင်ဘူး ကျုပ်တို့ အချင်းချင်း လိုအပ်နေတာနဲ့ပဲ ဆိုင်တယ် ပြီးခဲ့တဲ့နှစ်တချို့အတွင်း ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှု ပိုပြီးပြင်းထန်လာတယ် ဒါကြောင့် ကျုပ်တို့ ရှင်သန်ရပ်တည်ဖို့ကလဲ ပိုပြီးခက်ခဲလာတယ် ပြောရမယ်ဆိုရင် ကုန်းမြေပေါ်မှာ နေကြတဲ့ တခြားညဏ်ရည်မြင့်မျိုးစိတ်တွေနဲ့ ကျုပ်တို့ရဲ့ အခြေအနေက ပြောင်းပြန်ပဲလို့တောင် ဆိုနိုင်တယ်"
မူလစွမ်းအင်ပါးလျားလာခြင်းကဲ့သို့ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် ရေထဲတွင်လည်း အကျိုးသက်ရောက်မှုများ ရှိခဲ့၏။ သို့သော် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုက ထိုပြောင်းလဲမှုများကို အဟောသိကံ ဖြစ်စေခဲ့လေသည်။
တကယ်တမ်းဆိုလျင် ပင်လယ်သားရဲမဟာဧကရာဇ်များသည် ကုန်းမြေပေါ်ရှိ သားရဲဧကရာဇ်များကဲ့သို့ အလွန်ရှားပါးသော ဖြစ်တည်မှုများသာ ဖြစ်သင့်သည်။ သို့သော် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကြောင့် ပင်လယ်ချောက်နက်ကြီးတွင် သားရဲဧကရာဇ်ငါးရာခန့်ပင် ရှိနေခဲ့၏။ ဤအရေအတွက်မှာ အမှန်တကယ် အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။
သတ်ဖြတ်သူနယ်မြေကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည့် အနီရောင်နှလုံးသား၏ စွမ်းရည်ကိုပြန်တွေးကြည့်လျင် ပင်လယ်သားရဲမဟာဧကရာဇ်တကောင်၏စွမ်းအားကို အလွယ်တကူ မျှော်မှန်းကြည့်နိုင်ပေသည်။
ဤသားရဲမဟာဧကရာဇ်များအားလုံးသာ ချောက်နက်ကြီးမှ တစ်ပြိုင်နက် ထွက်ပေါ်လာပါက မူလကမ္ဘာကြီးတခုလုံးကိုပင် လွှမ်းမိုးသွားနိုင်လောက်၏။
ပင်လယ်လူသားမျိုးစိတ်များ ဤကဲ့သို့သောပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့ခြင်းကိုကြည့်လျင် ၎င်းတို့၏ ခံနိုင်ရည်ကို အတိုင်းသား မြင်သာနေသည်။
အနက်ရောင်မီးလျံမှာကား အာကင်နာအကြွင်းအကျန်အဖွဲ့အစည်းတဖွဲ့သာ ဖြစ်သည်။ သို့သော် သူတို့သည်လည်း အသက်ရှင်ရပ်တည်ရေးအတွက် နောက်ပိုင်းနှစ်များတွင် ပင်လယ်လူသားများနှင့် မဖြစ်မနေ မဟာမိတ်ဖွဲ့ခဲ့ရ၏။ ဤအချက်ကြောင့် အနက်ရောင်မီးလျံသည် ပင်လယ်လူသားနယ်မြေထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေစရာမလိုပဲ ပြောင်ပြောင်တင်းတင်းပင် ရပ်တည်နိုင်ခဲ့၏။
သေချာသည်မှာ ဤအချက်ကြောင့် အနက်ရောင်မီးလျံအနေနှင့် အာကင်နာနိုင်ငံတော်ကြီး ပြန်လည်တည်ထောင်မည့်အိပ်မက်ကို စွန့်လွှတ်ခဲ့သည်တော့ မဟုတ်ချေ။ သူတို့အနေနှင့် လက်ရှိအချိန်ထိ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်နေဆဲပင် ဖြစ်သည်။ ပို၍ထူးခြားသည်မှာ သူတို့အနေနှင့် ရည်မှန်းချက်အောင်မြင်စေရန် အခြားသော အာကင်နာအဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခဲ့ခြင်းပင်။
ထို့ကြောင့် အနက်ရောင်မီးလျံသည် ရှင်သန်ခြင်းကျောင်းတော်၊ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်၊ ကံကြမ္မာလက်ချောင်းများ၊ နှင့်ဝိညာဥ်မျိုးစိတ်များ၏ တောက်ပခြင်းအဖွဲ့အစည်းတို့နှင့် နီးကပ်သော ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့၏။
ဤသို့ ပွင့်ပွင့်လင်းလင်းနေထိုင်နိုင်သော အဖွဲ့အစည်းဖြစ်၍ အနက်ရောင်မီးလျံသည် ဆိုးရွားသော လုပ်ရပ်များ ကျူးလွန်သူများကို ကူညီဆောင်ရွက်ပေးရင်းနှင့် ပို၍အင်အားကြီးမားလာခဲ့သည်ကတော့ အမှန်ပင်။ မည်သူမဆို မိမိမွေးရပ်တွင် ဆက်လက်နေထိုင်နိုင်ခြင်း မရှိတော့လျင် ပုံရိပ်တထောင်ကျွန်းသို့ ပြေးဝင်ခိုလုံလေ့ရှိကြသည်မှာ အစဥ်အလာတခုသဖွယ်ပင် ဖြစ်နေခဲ့လေပြီ။
ထို့ပြင် ပုံရိပ်တထောင်ကျွန်း၏ တည်နေရာကလည်း အလွန်ဝေးကွာလှသဖြင့် အင်အားကြီးမားသူများပင် တော်ရုံတန်ရုံ လက်လှမ်းမီရန်မှာ ခဲယဥ်းလှ၏။
အကယ်၍ လက်လှမ်းမီနိုင်ခဲ့လျှင်ပင် အနက်ရောင်မီးလျံမှာ ထိုရန်သူများကို ပင်လယ်ထောင်ချောက်နယ်မြေများသို့ ဆွဲဆောင်သိမ်းသွင်းပြီး ပင်လယ်သားရဲများနှင့် ရင်ဆိုင်စေ၏။ ဤနည်းဖြင့် အနက်ရောင်မီးလျံသည် ရန်သူဖိအားများကို လျော့ချနိုင်ပြီး ကောင်းကောင်းကြီး ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ရလဒ်အနေဖြင့် အနက်ရောင်မီးလျံသည် အာကနစ်အဖွဲ့အစည်းများအနက် ဆိုးရွားဆုံးသောရာဇဝတ်သားများ ပုန်းအောင်းခိုလှုံရာနေရာ ဖြစ်လာခဲ့၏။
အခြားမျိုးနွယ်များသည် ဤအချက်အတွက် ပင်လယ်လူသားများကို ရှုတ်ချလေ့ရှိကြပြီး ထိုအာကင်နာများကို လွှဲပြောင်းပေးရန် မကြာခနပင် တောင်းဆိုလေ့ရှိကြသည်။ သို့သော် ပင်လယ်လူသားများကား ၎င်းတို့၏ တောင်းဆိုချက်များကို လားလားမျှ ဂရုမစိုက်ခဲ့ချေ။ အကြောင်းမှာ ပုံရိပ်တထောင်ကျွန်းသည် ပင်လယ်သမုဒ္ဒရာ၏အလယ်တွင် တည်ရှိပြီး၊ ပင်လယ်သားရဲများကို ခံစစ်ဆင်ရန် အရေးပါသောအနေအထားတွင် ရှိနေသောကြောင့်ပင်။ ထိုမျှသာမကသေး အနက်ရောင်မီးလျံရှိ ရာဇဝတ်သားများသည် ပင်လယ်သားရဲများကို ခုခံတိုက်ခိုက်ရာတွင်လည်း တဖက်တလမ်းမှ အကူအညီပေးနိုင်ကြသေး၏။
ဖရော့စ်ပွိုင့်၏ စကားကို နားထောင်ရင်း စုချန်းက ပြောလိုက်သည်။
“တကယ်လို့ ကျုပ်ကသာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လွှဲပြောင်းပေးဖို့ တောင်းဆိုလာခဲ့ရင် အနက်ရောင်မီးလျံအနေနဲ့ သဘောတူမယ်များ ထင်သလား”
ဖရော့စ့်ပွိုင့် အံ့အားသင့်သွား၏။
“ဘယ်သူများလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
“လင်ကျွေ့လျူ”
“ပရမ်းပတာဘုရင်ပေါ့ ဟုတ်လား”
ဖရော့စ့်ပွိုင့် နောက်တကြိမ် အံ့အားသင့်သွားရပြန်၏။
လင်ကျွေ့လျူသည် လောင်စန်းနိုင်ငံ၏ ဧကရာဇ်မျိုးနွယ်ဝင် ဖြစ်ပြီး လက်ရှိဧကရာဇ် လင်မင်ကျိနှင့်ဆိုလျင် ဦးလေးတော်သူ ဖြစ်သည်။
ဤပုဂ္ဂိုလ်သည်လည်း ဒဏ္ဍရီလာပုဂ္ဂိုလ်တဦးဟု ဆိုနိုင်၏။ ထို့ပြင် သူသည်လည်း ကျီးကန်းဘုရင်ဖန်အန်းယာကဲ့သို့ အာဏာကို မက်မောသူ ဖြစ်နေပြန်သည်။
ဖန်အန်းယာနှင့် မတူသည်မှာကား သူသည် အာဏာက်ိုရယူရန်ကြိုးစားရာတွင် အမှန်တကယ် အောင်မြင်ခဲ့ခြင်းပင်။
မှန်သည်။ သူ တကယ် အောင်မြင်ခဲ့၏။
သူမှာ သူ့အကြီးဆုံးအစ်ကိုအား ပလ္လင်ပေါ်မှ ကန်ချပြီး ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့၏။ သို့သော် ဤကာလမှာ သုံးရက်သာ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် လင်ကျွေ့လျူတယောက် လောင်စန်းနိုင်ငံမှမောင်းထုတ်ခံခဲ့ရတော့သည်။
သို့သော် လင်ကျွေ့လျူကား မောင်းထုတ်ခံရသော်ငြား ထွက်မပြေးခဲ့ချေ။ ထိုအစား သူက သူ့ယခင်လက်အောက်ငယ်သားများကို စုစည်းပြီး ဧကရာဇ်ဘုရင်ကို ထောင်ထားခြားနားတော့၏။ ကနဦးအခြေအနေများတွင် စစ်ရေးအရ သူ အားသာနေခဲ့သည်မှာကား အမှန်ပင်။
သူသည် အမှန်တကယ်ပင် ထူးချွန်သောပုဂ္ဂိုလ် ဖြစ်သည်။ စစ်ရေး အရ သူ့အစ်ကိုကြီးထက် ကျွမ်းကျင်သည့်အပြင် ဉာဏ်ရည်မှာလည်း သူ့အစ်ကိုထက် များစွာသာလွန်၏။ မကောင်းသည်မှာ သူသည် မောက်မာလွန်းနေခြင်းပင်။ ထိုအချက်ကြောင့်ပင်သူ့အစ်ကိုကို တခြားနိုင်ငံ ခြောက်နိုင်ငံကပါ ပုံအောထောက်ခံခဲ့တော့၏။ ဤသို့နှင့် လင်ကျွေ့လျူတယောက် ပုံရိပ်တထောင်ကျွန်းသို့ ထွက်ပြေးလာရပြီး အနက်ရောင်မီးလျံ၏ အဖွဲ့ဝင်တဦး ဖြစ်လာလေသည်။
မည်သို့ဆိုစေ လူသားဧကရာဇ်မျိုးနွယ်ဝင်တဦးက အာာကင်နာအဖွဲ့ဝင်တဦးဖြစ်လာသည်ကတော့ ဟာသဆန်လွန်းနေသည်မှာ အမှန်ပင်။သို့သော် ဤအချက်မှာ အမှန်တရားပင် ဖြစ်သည်။
ဤနည်းအားဖြင့် လင်ကျွေ့လျူသည် နောင်တွင် ပရမ်းပတာဘုရင်ဟု နာမည်ကျော်လာတော့သည်။
စုချန်းပါးစပ်မှ ပရမ်းပတာဘုရင်ဟု ရုန်တရက်ဆိုလာသောကြောင့် ဖရော့စ်ပွိုင့် တကယ်ပင် အံ့သြသွားခဲ့၏။ ထိုအခါ သူက မေးလိုက်ပြန်သည်။
"သခင်လေးစုက သူ့ကို ဘာကြောင့်များ လိုချင်ရတာလဲ”
စုချန်း ပြန်ဖြေလိုက်၏။
“ကျုပ်ရဲ့ စမ်းသပ်မှုတချို့အတွက် သူ့အကူအညီ လိုအပ်နေတယ်”
ထိုစကားကြောင့် ဖရော့စ့်ပွိုင့် နှုတ်ဆိတ်သွားလေသည်။
အတန်ကြာသော် သူက ပြောလိုက်ပြန်သည်။
“ပရမ်းပတာဘုရင်ရဲ့ အခြေအနေက အတော်လေးထူးခြားတယ် ကျုပ်ကိုယ်တိုင် သူ့အခြေအနေကို အတိအကျ မသိဘူး ဒါပေမဲ့ သူ အနက်ရောင်မီးလျံရဲ့ အရင်ခေါင်းဆောင်ငါးဦးထဲက တဦး ဖြစ်ခဲ့တာကိုတော့ ကျုပ် သိထားတယ်"
“အရင်”
“ဟုတ်တယ်”
ဖရော့စ့်ပွိုင့်က ခေါင်းညိတ်လိုက်သည်။
“သူ တခြားခေါင်းဆောင်လေးဦးကို သတ်ပစ်ပြီး အဖွဲ့ကို တဦးတည်း ထိန်းချုပ်ရန် ကြိုးစားခဲ့တယ်လေ"
……
ပရမ်းပတာဘုရင်ကား အမှန်တကယ် ပရမ်းပတာဘုရင်ပေတည်း။ မည်သည့်နေရာသို့ ရောက်နေစေကာမူ သူ အမြဲတစေ ပုန်ကန်ရန် ကြိုးစားနေပုံရ၏။
စုချန်းက ထပ်မေးလိုက်လေသည်။
“အဲဒီနောက်တော့ ဘာတွေဆက်ဖြစ်သလဲ”
“သူ နှင်ထုတ်ခံလိုက်ရတယ်”
“သူ့ကို သတ်မပစ်ကြဘူးလား”
“ကျုပ်တို့ကိုယ်တိုင်တောင် သူ့ကို လိုအပ်နေမှတော့ အနက်ရောင်မီးလျံကလဲ သူ့ကို အကြောင်းရှိလို့ လွှတ်ပေးလိုက်တာနေမှာပေါ့ ဒါနဲ့ သူဟာ သခင်လေးစုအတွက် သိပ်များအရေးပါနေသလား"
စုချန်း ပြန်ဖြေလိုက်၏။
“ဒီလိုတော့လဲ အတိအကျပြောလို့မရဘူး သုတေသနလုပ်တယ်ဆိုတာ အိမ်ဆောက်သလိုပဲဗျ လိုအပ်နေတဲ့ပစ္စည်းတမျိုးမျိုး မပါတာနဲ့ပဲ ဒီအိမ်ဟာ ပြိုလဲသွားနိုင်တယ်မလား သုတေသနလုပ်တာဟာလဲ ဒီသဘောပဲ"
ဖရော့စ့်ပွိုင့် နားလည်သွားလေပြီ။
“သခင်လေးစုကိုယ်တိုင်ကရော သူ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်မယ်ထင်သလား"
စုချန်း ခေါင်းခါပြလိုက်သည်။
“ကျုပ်ကိုယ်တိုင်လဲ ခုချိန်ထိ မသိသေးဘူး အိမ်ဆောက်တာနဲ့ သုတေသနလုပ်တဲ့နေရာမှာ အရေးကြီးဆုံးကွဲပြားမှုကအိမ်ဆိုတာ ဆောက်လို့မပြီးသေးခင် အခြေအနေကို သိနိုင်တယ် ဒါပေမဲ့ သုတေသနကတော့ အဲဒီလိုမဟုတ်ဘူး"
ထိုအချိန်တွင် ကုချိန်းလွှာက ဝင်ပြောလိုက်သည်။
“ဒါကြောင့် စုချန်းရဲ့တောင်းဆိုချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးတာက အကောင်းဆုံးပဲ ပရမ်းပတာဘုရင်အသုံးဝင်ချင်လဲဝင်မယ် မဝင်ချင်လဲမဝင်နိုင်ဘူး ဒါပေမဲ့ ဘာမှမသိရသေးခင်တော့ သူ့ကို အသုံးဝင်တယ်လို့ပဲ ယူဆထားဖို့သင့်တယ်"
ဖရော့စ့်ပွိင့် နားလည်သွား၏။
"ဒီအတိုင်းဆိုရင် ကျုပ်တို့ သူ့ကို တောင်းဆိုပါ့မယ် အနက်ရောင်မီးလျံက ကျုပ်တို့တောင်းဆိုချက်ကို သဘောတူမှာပါ"
ထိုအချိန်တွင် ဝက်မင်စတာ၏ အမိန့်သံထွက်ပေါ်လာ၏။
“အားလုံး အရှိန်မြှင့်မယ်"
နောက်ထပ်တရက်ကြာတွင် သူတို့၏ ရေတပ်သည် ပုံရိပ်တထောင်ကျွန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့တော့သည်။
“ကျွန်း”ဟုဆိုသော်လည်း တကယ်တော့ ပုံရိပ်တထောင်ကျွန်းသည် ကျွန်းငယ်များ အုပ်စုဖွဲ့တည်ရှိနေသည့် ကျွန်းစုကြီးဟု ဆိုနိင်သည်။
ဤနေရာတွင် ကျွန်းပေါင်းတထောင်ကျော်ထိ ရှိနေပြီး အများစုမှာ အနက်ရောင်မီးလျံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။
ကောင်းကင်ပေါ်မှသာကြည့်လျင် ဤကျွန်းများသည် ပုလဲလုံးများအား ကြိုးနှင့်သီထားသကဲ့သို့ မြင်ရပေလိမ့်မည်။ ၎င်းမှာ ကြီးမားသော မူလပုံစံကွက်ကြီးနှင့် အလာတူနေ၏။ ပို၍အနီးကပ်စစ်ဆေးကြည့်လျင် ဤပုံစံကွက်ကြီးသဖွယ် ကျွန်းများသည် ရွေ့လျားနေကြောင်း ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။
၎င်းမှာ အမြင်မှားခြင်းမဟုတ်။ တကယ် ရွေ့လျားနေခြင်း ဖြစ်သည်။
ပုံရိပ်တထောင်ကျွန်းကို ကြီးမားသော မူလပုံစံကွက်ကြီးအပေါ်တွင် တည်ဆောက်၏။ အနက်ရောင်မီးလျံသည် ဤကျွန်းကို နှစ်ပေါင်းထောင်ချီ အချိန်ယူ၍ တည်ဆောက်ခဲ့ပြီး မျိုးဆက်များစွာ လက်ဆင့်ကမ်း ချဲ့ထွင်လာခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပုံရိပ်တထောင်ကျွန်းသည် မူလကမ္ဘာကြီးတခုလုံးတွင် လူပျံတော်များ၏ ကောင်းကင်မြို့တော်၊ ပင်လယ်လူသားများ၏ နက်ပ်ကျွန်းခံတပ်တို့ကဲ့သို့ အနိုင်ယူရန်အခက်ခဲ့ဆုံးနေရာအဖြစ် တတိယနေရာမှ ပန်းဝင်လျက်ရှိ၏။
စုချန်းတို့၏ ရေတပ်ကြီး ဆိုက်ရောက်လာချိန်တွင် ကျွန်းများပေါ်၌ ကြိုဆိုရေးအလံများ တလူလူလွင့်နေ၏။
ကြည့်ရသလောက် အနက်ရောင်မီးလျံကား စုချန်း ရောက်လာသည့် အကြောင်းရင်းကို သိရှိထားပြီး သူ့တောင်းဆိုချက်ကို လိုက်လျောပေးရန် ပျော်ရွှင်နေပုံရှိနေသည်။
ခရုသင်းမှုတ်သံများ ပဲ့တင်ထပ်နေပြီးရွေ့လျားနေသော ကျွန်းများ ရပ်တန့်သွားခဲ့၏။ ထို့နောက် “ပုလဲ ကြိုးတန်း” မှာလည်း နှစ်ပိုင်းကွဲထွက်သွားကာ အလယ်တွင် ကြီးမားလှသော သဘာဝဆိပ်ကမ်းကြီးတခု ဘွားခနဲ ပေါ်ထွက်လာလေသည်။
ရေတပ်ရှိလှေများသည် ဆိပ်ကမ်းအတွင်း တစ်စင်းပြီးတစ်စင်း ဝင်ရောက်ကုန်ပြီး အလယ်ဗဟိုရှိ ကျွန်းတကျွန်းတွင် ရပ်တန့်လိုက်ကြ၏။
သိပ်မကြာမီ အနက်ရောင်မီးလျံမှ အဖွဲ့ဝင်တချို့ ထွက်ပေါ်လာလေသည်။
ကြိုဆိုမည့်အဖွဲ့တွင် အာကင်နာနှစ်ဦး၊ လူသားနှစ်ဦး နှင့် သတ်ဖြတ်သူတဦး ပါဝင်နေ၏။
အနက်ရောင်မီးလျံကဲ့သို့သော အဖွဲ့မျိုးတွင်သာ ဤသို့ မတူညီသော မျိုးစိတ်သုံးစိတ် အတူတကွ ရှိနေနိုင်ကြမည်ထင်သည်။
အထက်ပါ ပုဂ္ဂိုလ်ငါးဦးကား အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်ငါးဦးပေတည်း။
ခေါင်းဆောင်မှာ အာကင်နာမဟုတ်ချေ။ အသက်ကြီးကြီး လူသားတဦးသာ ဖြစ်သည်။ သူက စုချန်းကို ကြည့်ရင်း အောက်ပါအတိုင်း နှုတ်ဆက်လိုက်၏။
“သခင်လေးစုကို တွေ့ခွင့်ရတ ဂုဏ်ယူပါတယ်ဗျာ သခင်လေးစုရောက်လာတာဟာ ကျုပ်တို့ကျွန်းကို အင်မတန်ဂုဏ်တက်စေပါတယ် ကျုပ် ကျုံးကျန်းကျွန် သခင်လေးစုကို နှုတ်ခွမ်းဆက်သပါတယ်”
စုချန်းက နွေးထွေးပျူငှာစွာပြုံးရင်း ပြန်ဖြေလိုက်သည်။
“ကျုပ် စစ်တပ်ကြီးကိုတုန်လှုပ်စေတဲ့အော်သံအကြောင်းကို ကြားဖူးခဲ့တာကြာပြီ ဒီနေ့ ခင်ဗျားနဲ့တွေ့ခွင့်ရတာကို ဂုဏ်ယူပါတယ်ဗျာ"
စစ်တပ်ကြီးကိုတုန်လှုပ်စေသောအော်သံ၊ သုံးချက်ပြုံးနတ်ဆိုးစစ်သည် တို့မှာ ကျုံးကျန်းကျွန် ရရှိခဲ့သောဘွဲ့များပင် ဖြစ်သည်။
သူ့ပုံစံမှာ ပေါ့ပျက်ပျက်နိုင်ပြီး သဘောကောင်းပုံပေါက်နေသော်လည်းသူ့နှလုံးသားမှာကား ရက်စက်လှ၏။ သူသည် လူတကာကို ပြုံးပြုံးရွှင်ရွှင်ဆက်ဆံတတ်ပြီး နောက်ကျောကို ဓားနှင့်ထိုးတတ်သော လူစားမျိုး ဖြစ်သည်။
အထူးသဖြင့် သူ ပြုံးရွှင်နေလျင် များစွာ သတိထားရန် လိုအပ်၏။
အနက်ရောင်မီးလျံ၏ ထိပ်သီးပုဂ္ဂိုလ်များထဲတွင် ဤသို့သော ရက်စက်ကြမ်းကြုတ်သူ များစွာ ရှိနေ၏။
ယခု သူနှင့် အတူ ရှိနေသော အခြားခေါင်းဆောင်လေးဦးမှာလည်း သူမသာကိုယ်အသုဘပင် ဖြစ်သည်။