← Chapters

အနက်ရောင်မီးလျံ

Vol. 94 Ch. 933

အနက်ရောင်မီးလျံ

Vol. 94 Ch. 933

ကျုံးကျန်းကျွန်အား နှုတ်ဆက်ပြီး စုချန်းက သူ့ဘေးရှိ အာကင်နာမျိုးစိတ်ဝငိကို လှမ်းကြည့်လိုက်ပြန်သည်။

အနှီ အသက်ကြီးကြီးအာကင်နာမျိုးစိတ်ဝင်က စုချန်းက ပြုံးပြရင်း နှုတ်ဆက်လိုက်၏။

"ကာဗီးလ်က သခင်လေးစုကို နှုတ်ဆက်ပါတယ်"

သူ့အသံမှာ မည်သည့်ခံစားချက်မျိုးမှ ရှိမနေသည့်အသံမျိုး ဖြစ်သည်။ အကယ်၍ သူ့ပုံစံကိုသာ မသိပါက စုချန်းကို မနှစ်မြို့၍သာ ဤသို့ပြော​သည်ဟု ထင်စရာရှိသည်။ တကယ့်အမှန်တရားမှာကား ထိုသို့မဟုတ်ချေ။ ကာဗီးလ်၏ ပင်က်ိုယ်စရိုက်ကိုယ်က ဤအတိုင်းသာ ဖြစ်သည်။ သူ ဘာတွေးနေမှန်း မည်သူမျှ မသိနိုင်ချေ။

အတိုချုပ်ပြောရလျင် ကာဗီးလ်သည် အနက်ရောင်မီးလျံခေါင်းဆောင်ငါးဦးအနက် လူသိအနည်းဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။ သူ့တွင် မည်သည့်ကြီးမားသော စစ်ရေးအောင်မြင်မှုမှ မရှိခဲ့သလို မည်သည့်စစ်ဆင်ရေးတွင်မှလည်း ပါဝင်ခဲ့ဖူးခြင်းမရှိချေ။

ထို့ကြောင့် အနက်ရောင်မီးလျံအဖွဲ့တွင် သူ့ကို "ဟုတ်ကဲ့လူ"ဟု နာမည်ပြောင်ပေးထားကြ၏။ သူသည် အမြဲတမ်းလိုလို ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ စကားပြောလေ့ရှိပြီး မည်သူနှင့်မှ ခိုက်ရန်​ဖြစ်ပွားဖူးခြင်းမရှိချေ။ သူ၏ နောက်နာမည်တမျိုးမှာကား ထာဝရ ဒုတိယပင် ​ဖြစ်သည်။ သူသည် အဖွဲ့ခေါင်းဆောင် ဘယ်သောအခါမှ ဖြစ်ခဲ့ဖူးခြင်းမရှိ။ သို့သော် ဒုတိယခေါင်းဆောင်အဖြစ် အဖွဲ့ထဲတွင် အကြာဆုံးတာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်နေသည်။

သူသည် နှစ်ပေါင်းသုံးထောင်နီးပါးတိုင်အောင် အနက်ရောင်မီးလျံအဖွဲ့၏ ရေတွက်မရနိုင်သော ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရ၏။ သို့သော် ဥတုသုံးပါး မည်မျှပင် ခက်ထန်ကြမ်းတမ်းစေကာမူ ထာဝရဒုတိယကတော့ အဖွဲ့ထဲတွင် မားမားမတ်မတ်ပင် ရှိနေခဲ့လေသည်။

မည်သို့ဆိုစေ စုချန်းကတော့ သူ့ကို တလေးတစားပင် နှုတ်ဆက်လိုက်၏။

ကာဗီးလ်ဘေးနားတွင် နောက်ထပ် အာကင်နာတဦး ရှိနေပြန်၏။ သို့သော် ဤတစ်ဦးကတော့ အမျိုးသမီး ဖြစ်သည်။

သူမ၏မျက်နှာသည် မယုံနိုင်စရာကောင်းလောက်အောင် လှပပြီး အသံမှာလ​ည်း ဆွဲဆောင်မှုရှိကာ ယစ်မူးဖွယ်ရာ ကောင်းလှ၏။ သူမက စုချန်းအား ချိုမြိန်စွာ ပြုံးပြရင်း နှုတ်ဆက်လို​က်သည်။

"ကမ်မီလာက သခင်လေးစုကို နှုတ်ဆက်ပါတယ်ရှင်"

စုချန်း ပြုံးလိုက်သည်။

"အင်မတန်ချောမောလှပပေတာပဲ ဒါပေမယ့် တခုဆိုးတာက......"

စုချန်း၏ စကားကြောင့် ကမ်မီလာ မျက်နှာပျက်သွား၏။ ထို့နောက် သူမက တင်းမာသောလေသံနှင့် မေးလိုက်လေသည်။

"သခင်လေးစု ဘာကို ဆိုးတယ်လို့ ဆိုလိုချင်တာလဲ"

ကမ်မီလာသည် မြှောက်ပင့်ပြောဆိုခြင်းကိုကြိုက်ပြီး ဒေါသထွက်လွယ်သူမှန်း လူတိုင်းသိ၏။ အထူးသဖြင့် သူမ၏အလှကို တစုံတခု ထိခိုက်အောင်ပြောလိုက်လျင် ကမ်မီလာမှာ အကြီးအကျယ် ဒေါသထွက်တတ်ပေသည်။

မှန်ပါသည်။ ကမ်မီလာ၏မျက်နှာမှာ ပင်ကိုယ်မျက်နှာမဟုတ်ချေ။ ပြုပြင်ဖန်တီးထားသည့် မျက်နှာသာ ဖြစ်သည်။ တနည်းအားဖြင့် သူမ၏ မျက်နှာမှာ လူ့အရေပြားအစစ်များနှင့် ပြုပြင်ဖန်တီးထားခြင်းပင်။

ထို့ကြောင့် ကမ်မီလာကို "အရေခွံခွာအဖွားကြီး" ဟု လူသိများ၏။ သူမ၏ မူလရုပ်သွင်မှာ ရုပ်ဆိုးလှပြီး ပါး​ရေနားရေများတွန့်လျက်ရှိသော အဖွားကြီးတစ်ဦးသာ ဖြစ်သည်။ သို့သော် သူမသည် လှပသော အမျိုးသမီးငယ်ပေါင်းများစွာကို သတ်ဖြတ်ကာ ၎င်းတို့၏ အရေပြားများကို ခွာယူခဲ့၏။

ဤနည်းအားဖြင့် ကမ်မီလာသည် မူလကမ္ဘာကြီးပေါ်ရှိ ချောမောလှပသော မိန်းမပျိုတိုင်း၏ အိပ်မက်ဆိုးသဖွယ် ဖြစ်လာခဲ့တော့သည်။ သူမ မိန်းကလေးငယ်ဘယ်နှစ်ယောက်ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ယနေ့တိုင် မည်သူမျှ အတိအကျ မသ်ိချေ။

သူမကိုကြည့်လျင် အနက်ရောင်မီးလျံ၏ စစ်မှန်သော သဘောသဘာဝကို မြင်သာနေ၏။ အနက်ရောင်မီးလျံ၏ ဌာနချုပ်သည် ကမ်မီလာကဲ့သို့ ယုတ်မာဆိုးသွမ်းသူများ စုစည်းနေသော ဝပ်ကျင်းဟူသည်မှာ ငြင်းစရာမရှိချေ။

မည်သို့ဆိုစေ စုချန်း စလိုက်သည့်စကားကိုကြည့်ရင်း ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့ စိတ်ပူနေကြသည်မှာ အမှန်ပင်။ ထို့ကြောင့် သူတို့က စုချန်းကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

သို့သော် စုချန်းကား အနည်းငယ်မျှ ဂရုမစိုက်။ သူက အောက်ပါအတိုင်း ဆက်ပြောလို​က်၏။

"ဆိုးတာက ခင်ဗျား သုံးခဲ့တဲ့နည်းလမ်းက မှားနေတာပဲ"

ကမ်မီလာ၏ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွား၏။ သူမ၏ မျက်နှာမှာ ပြုပြင်ထားသောမျက်နှာဟု စုချန်းက တဲ့တိုးပြောချလိုက်သည် မဟုတ်ပါလား။

သို့သော် တစ်စက္ကန့်အကြာမှာပင် သူမ၏ဒေါသ ပြန်လည် ပျောက်ကွယ်သွား၏။

အကြောင်းမှာ စုချန်းက အောက်ပါအတိုင်း ဆက်ပြောလိုက်သောကြောင့်ပင်။

"ခင်ဗျား ခုသုံးထားတဲ့ နည်းလမ်းထက် ပိုထိရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေ ကျုပ်မှာရှိတယ်"

ထိုအခါ ကမ်မီလာက အောက်ပါအတိုင်း ပြန်မေးလိုက်၏။

"တကယ်ပဲလား သခင်လေးစု"

ဤမေးခွန်းကိုတော့ ကုချိန်းလွှာက ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ကျွန်မရဲ့ခင်ပွန်းသည်ဟာ အမျိုးသမီးတစ်ဦးရဲ့ နုပျိုတဲ့အသားအရေကို ထိန်းသိမ်းနိုင်ပြီး အိုမင်းရင့်ရော်မှုတွေကို လျှော့ချနိုင်တဲ့ ဆေးတမျိုးကို ဖော်စပ်နိုင်ခဲ့ဖူးတယ်ရှင့်"

ကမ်မီလာ ဝမ်းသာအားရ ဖြစ်သွားလေသည်။

သို့သော် စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"ဒါပေမယ့် အဲဒီနည်းလမ်းက ခင်ဗျားအတွက်တော့ အသုံးမဝင်လောက်ဘူးနဲ့တူတယ် အဲဒီဆေးက အချိန်ကိုတော့ နောက်ပြန်ဆုတ်မပေးနိုင်ဘူးလေ"

ကမ်မီလာ ချက်ချင်းပင် စိတ်ပျက်အားငယ်သွားပြန်သည်။

သို့သော် ကုချိန်းလွှာက ပြောလိုက်ပြန်၏။

"ဒါပေမယ့် ဒါနဲ့ပဲ နောက်ထပ်ဆေးတမျိုး မဖော်စပ်နိုတော့ဘူးလို့ မဆိုလိုဘူးလေ ဒီနှစ်အတောအတွင်းမှာ ကျွန်မခင်ပွန်းသည်ရဲ့ ဆေးဘက်ဆိုင်ရာသုတေသနလုပ်ငန်းတွေက သိသိသာသာကို တိုးတက်လာခဲ့တယ်ရှင့်"

ကမ်မီလာ အားတက်သွားပြန်၏။

သို့သော် စုချန်းက ဖြတ်ပြောလိုက်ပြန်၏။

"ဒါပေမယ့် အခုအချိန်မှာ ကျုပ် အရမ်းအလုပ်များနေတယ် ခင်ဗျားအတွက် ဆေးဖော်စပ်နိုင်မယ်မထင်ဘူး"

ကမ်မီလာက ကုချိန်းလွှာကို လှမ်းကြည့်လိုက်သည်။

ထိုအခါ ကုချိန်းလွှာက ရယ်မောရင်း စုချန်းကို မေးလိုက်၏။

"ဒါပေမယ့် နောက်ဆုံးတော့ ရှင်အချိန်ရလာအုံးမှာပါ ဟုတ်တယ်မလား"

စုချန်း ခေါင်းညိတ်လိုက်လေသည်။

"ဒါကတော့ ဟုတ်တယ်လေ"

ကမ်မီလာသည် လူမိုက်မဟုတ်ချေ။ စုချန်းနှင့်ကုချိန်းလွှာတို့နှစ်ယောက် မည်သည့်အတွက် ဤသို့ အချီအချပြောနေမှန်း သူမ ကောင်းကောင်းသိနေ၏။ ထို့​ကြောင့် သူမက တချက်ပြုံးရင်း ပြောလိုက်လေသည်။

"အနက်ရောင်မီးလျံဟာ သခင်လေးစုနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ ကျွန်မကိုယ်တိုင်လည်း အတူတူပါပဲ"

စုချန်း နှုတ်ဆိတ်သွား၏။

အမှန်အတိုင်းပြောရလျင် သူ ဤမကောင်းဆိုးဝါးအဖွားကြီးကို မနှစ်မြို့ချေ။ သို့သော် သူ ဘာမှမတတ်နိုင်။ အခြေအနေနှင့် အချိန်အခါအရ သူ့ခံစားချက်ကို ဘေးချိတ်ထားရမည်သာ။

ကမ်မီလာဘေးတွင် နောက်ထပ်လူသားတဦး ရှိနေ၏။ အဆိုပါလူသားသည် သူ့မျက်နှာကို လုံခြုံစွာ ဖုံးအုပ်ထား၏။ သူ မည်သူမည်ဝါမှန်း မသ်ိစေလိုသော သဘောပင်။

အနှီ လျှို့ဝှက်ဆန်းကြယ်သူက စုချန်းကိုလှမ်းကြည့်ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။ ပါးစပ်ကတော့ စကားတခွန်းမှ မပြောချေ။

ထိုအခါ ထိုလူကိုယ်စား ကျုံးကျန်းကျွန်ကပင် ဝင်မိတ်ဆက်ပေးလိုက်၏။

"ဒါက ခေါင်းဆောင်တင်းဖန်ဖြစ်ပါတယ်သခင်လေးစု သူက လူတွေကို မျက်နှာပြရတာမျိုးမကြိုက်တဲ့အတွက် ခွင့်လွှတ်ပေးပါ"

စုချန်း မသိမသာ ပြုံးရင်း ပြောလိုက်သည်။

"ရပါတယ်ဗျာ ကိစ္စမရှိပါဘူး"

သူ့အနေနှင့် 'တင်းဖန်' ဟူသော နာမည်ကို တစ်ခါမှ ကြားဖူးခြင်းမရှိ။ ထို့ပြင် ထိုလူကလည်း သူ့မျက်နှာကို ဖုံးကွယ်ထားသည်ဖြစ်ရာ နာမည်မှာလည်း အတုဖြစ်ဖို့သေချာနေ၏။

ထူးဆန်းသည်မှာကား တင်းဖန်ကို နှုတ်ဆက်နေချိန်တွင် ၎င်းထံမှ သတ်ဖြတ်လိုသည့်ဆန္ဒများ ပြင်းပြင်းထန်ထန် တိုးထွက်နေသည်ကို စုချန်း ခံစားလိုက်ရခြင်းပင်။ စုချန်းမဆိုထားနှင့် လီကုံးရှန်၊ ချူယင်ဝမ်နှင့် တခြားသူများပင်လျှင် ထိုအငွေ့အသက်ကို ခံစားမိနေကြ၏။ ခံစားချက်က ထူးဆန်းလွန်း၍ ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ ဗိုလ်ချုပ်ဟောင်းများ တယောက်မျက်နှာကိုတယောက် ကြည့်ကာ မျက်မှောင်ကုတ်မိကြ၏။

တင်းဖန်နောက် တဦးတည်းကျန်သောခေါင်းဆောင်မှာ ဟတ်ချ်အမည်ရှိ သတ်ဖြတ်သူတဦးပင် ဖြစ်သည်။

သူ့အကြောင်းကိုတော့ စုချန်း ရှေးယခင်ကတည်းက ကောင်းကောင်းကြီး ကြားဖူးထား၏။ စုချန်းတယောက် သတ်ဖြတ်သူနယ်မြေကို ဝင်မမွှေမီကဆိုလျင် ဟတ်ချ်ကို ကြောက်စရာအကောင်းဆုံးဟု သတ်ဖြတ်သူများ သတ်မှတ်ထားကြလေသည်။

ဟတ်ချ်သည် မူလက မိုးခေါင်တူမျိုးနွယ်ဝင်ဖြစ်သည်။ တနေ့တွင်​တော့ သူ့မျိုးနွယ်ကို အနီရောင်သိမ်းငှက်မျိုးနွယ်မှ တိုက်ခိုက်အနိုင်ယူသွားတော့၏။ ထိုအချိန်မှစ၍ မိုးခေါင်တူမျိုးနွယ်၏ အင်အားနှင့် အရှိန်အဝါမှာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့လေသည်။ ဤအခြေအနေတွင် ဟတ်ချ်ကို မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် ဟတ်ချ်သည် နိမ့်ကျဆုတ်ယုတ်နေသော မိသားစုတွင် မွေးဖွားကြီးပြင်းလာခဲ့ရ၏။ သူသည် ငယ်စဥ်ကတည်းက အလွန်သန်မာပြီး တခြားကလေးများနှင့် မကြာခနဆိုသလို ခိုက်ရန်ဖြစ်ပွားလေ့ရှိလေသည်။

သို့သော် တစ်နေ့တွင်တော့ ဟတ်ချ်တယောက် မည်သည့်အကြောင်းပြချက်မှမရှိပဲ ရုတ်တရက် လေဖြတ်သွား၏။ သတ်ဖြတ်သူတိုင်းက ဟတ်ချ်တယောက် သူ့လက်သီးကို ဘယ်တော့မှ အသုံးမချနိုင်တော့ဟု ယူဆခဲ့ကြလေသည်။

ခြောက်လအကြာတွင်တော့ သူ့လက်များသည် ရုတ်တရက် ပြန်ကောင်းလာပြီး ယခင်ကထက်ပင် အဆပေါင်းများစွာ သန်မာလာ၏။

ဤဇာတ်လမ်းကို စာဖတ်သူများ ရင်းနှီးပြီးသား ဖြစ်ပေလိမ့်မည်။ မှန်ပါသည်။ ဟတ်ချ်၏ ဇာတ်လမ်းသည် စုချန်းနှင့် လီတောက်ဟုန်တို့၏ ဇာတ်လမ်းနှင့် အတူတူပင် ဖြစ်သည်။

တစ်ခုတည်းသော ကွဲပြားခြားနားမှုမှာ ဟတ်ချ်၏လက်များ ပြန်လည်ကောင်းမွန်လာရန် ​ခြောက်လသာ အချိန်ယူခဲ့ရခြင်းပင်။

သူ့လက်များ ပြန်ကောင်းလာသည်နှင့် ဟတ်ချ်သည် သူ့လက်စားချေရေးအစီအစဥ်ကို စတင်အကောင်အထည်ဖော်တော့၏။ သူသည် အတိတ်က သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သော ကလေးတိုင်းကို သတ်ပစ်လိုက်လေသည်။ ထိုမျှသာမကသေးပဲ သူသည် မျိုးနွယ်စုခေါင်းဆောင်၏ ခေါင်းကိုပါ တစစီဖြစ်သွားအောင် ရိုက်ခွဲပစ်ခဲ့ပြီး မျိုးနွယ်စုပိုင် မြေခွဲတူကို ခိုးယူကာ ထွက်ပြေးလာခဲ့၏။

ထိုအချိန်မှစ၍ ဟာဗေးလွင်ပြင်တလျှောက်တွင် "ခေါင်းရိုက်ခွဲသူ" ဟူသော ဒဏ္ဍာရီတခု စတင်ပျံ့နှံ့လာခဲ့တော့၏။

ဟတ်ချ်သည် လွင်ပြင်တလျှောက်တွင် ဆယ့်သုံးနှစ်ခန့် လှည့်ပတ်သွားလာနေခဲ့၏။ ထိုဆယ့်သုံးနှစ်တွင် မရေမတွက်နိုင်သော သတ်ဖြတ်သူများ အသက်ပျောက်ခဲ့ရ၏။ နောက်ပိုင်းတွင် မူလစွမ်းအင်ဘုရားကျောင်း၌ နှစ်ခြင်းမခံဖူးသည့်တိုင် ဟတ်ချ်တယောက် မူလစွမ်းအင်ကို အလွယ်တကူ ထိန်းချုပ်နိုင်ကြောင်း လူတိုင်း သိရှိသွားကုန်တော့သည်။ တနည်းအားဖြင့် သူ့လက်များကြောင့် သူ မူလစွမ်းအင်ကို ထိန်းချုပ်လာနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဟတ်ချ်ကို ခေါင်းရိုက်ခွဲသူဟူသော နာမည်အပြင် "မွေးရာပါမူလလက်များ " ဟုလည်း ခေါ်ဝေါ်ကြသေး၏။

နောက်ဆုံးတော့ မျိုးနွယ်စုအသီးသီးက ဟတ်ချ်၏ လက်များအား ဖြတ်နိုင်သူကို မြင့်မားသောဆုကြေးပေးမည်ဟု ကြော်ငြာလိုက်တော့သည်။ သတ်ဖြတ်သူတိုင်း၏ လောဘနှင့် ရင်ဆိုင်ရသောအခါ ဟတ်ချ်တယောက် မခံနိုင်တော့ပဲ ပုံရိပ်တထောင်ကျွန်းသို့ ထွက်ပြေးရသည့်အခြေအနေသို့ ဆိုက်ရောက်သွား၏။ ဤသည်မှာ ဟတ်ချ် ပုံရိပ်တထောင်ကျွန်းသို့ ရောက်ရှိလာပုံပေတည်း။

ထို့နောက် စုချန်းလည်း ပါးစပ်ကတော့ ဘာမှမပြောပဲ ဟတ်ချ်ကို အရိုအသေပေးလိုက်၏။ သူ့စိတ်ထဲတွင်တော့ ဟတ်ချ်၏ လက်များကို ဖြတ်ယူသွားပြီး သုတေသနလုပ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။ သို့သော် အချိန်မတန်သေး။ ပင်လယ်သားရဲများနှင့် ရင်ဆိုင်ရာတွင် ဟတ်ချ်၏ လက်အစုံကို စုချန်း လိုအပ်နေသေး၏။

အထက်ပါအတိုင်း အပြန်အလှန် မိတ်ဆက်ပြီးသည်နှင့် စုချန်း​က စကားစလိုက်၏။

"ဒီနေ့ ကျုပ် ဒီကို လာရတဲ့ အကြောင်းရင်းကို ခင်ဗျားတို့ အားလုံးသိမယ်ထင်တယ်"

ကျုံးကျန်းကျွန် ခေါင်းညိတ်လိုက်သည်။

"သခင်လေးစု ကျုပ်တို့ဆီက တပ်သားတချို့ကို ငှားချင်တယ်လို့ ကျုပ်တို့သိထားတယ်"

"မှန်ပါတယ်"

ကျုံးကျန်းကျွန် ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"သခင်လေးစုရဲ့ အဓိကရည်ရွယ်ချက်ကို ကျုပ်တို့ သိပြီးပါပြီ ဒါပေမယ့် ပင်လယ်လူသားစစ်တပ်ကြီးရယ် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲရယ်အပြင်ကိုမှ အချုပ်အနှောင်မဲ့ဂိုဏ်းဝင်တွေလဲ ရှိနေသေးတယ် ဒီအင်အားနဲ့ဆိုရင် ပင်လယ်သားရဲတကောင်လောက်ကိုတော့ ထိန်းချုပ်နိုင်သင့်ပြီမဟုတ်ဘူးလား"

စုချန်းက ပြန်ဖြေလိုက်သည်။

"ကျုပ်အနေနဲ့ ပင်လယ်ချောက်နက်ကို သုတေသနလုပ်ချင်ရင် အဲဒီအနားကို ချည်းကပ်ဖို့လိုတယ် ပြီးတော့ ကျုပ်ရဲ့အဓိကရည်ရွယ်ချက်ကလဲ သားရဲတွေကို သတ်ဖို့မဟုတ်ဘူး သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံပြီး ကျုပ်အတွက် အချိန်ဆွဲပေးဖို့ပဲ"

ကျုံးကျန်းကျွန်က ချက်ချင်းပြန်မေးလိုက်၏။

"ဘယ်လောက်အကွာအဝေးထ်ိလဲ ပြီးတော့ အချိန်ကရော ဘယ်လောက်ကြာကြာလဲ"

"ပင်လယ်ချောက်နက်နဲ့ ဆယ်ကီလိုမီတာအကွာအဝေးအတွင်းကို ဝင်ချင်တယ်"

ကျုံးကျန်းကျွန် မျက်နှာပျက်သွားလေသည်။

"ဒါ ဦးနှောက်မဲ့တဲ့လုပ်ရပ်ပဲဗျ အရမ်းနီးလွန်းနေတယ်"

ဆယ်ကီလိုမီတာသည် အတော်လေးလှမ်းသည်ဟု ထင်ရသော်လည်း ပင်လယ်သားရဲမဟာဧကရာဇ်တကောင်အတွက်တော့ ဘာမှမဟုတ်ချေ။

စုချန်းကား သားရဲကြီးများ၏ မျက်စိအောက်တွင် စမ်းသပ်မှုပြုလုပ်ရန် ရည်ရွယ်နေခြင်းပေတကား။

"ကျုပ်တို့ နောက်ကို ထပ်ဆုတ်လို့ရတယ် ဒါပေမယ့် ဗဟိုနဲ့ ဝေးလေလေ အချိန်က ပိုကြာလေလေပဲ ပြီးတော့ ကီလိုမီတာတရာထက်တော့ ထပ်ဆုတ်လို့မရတော့ဘူး"

ကျုံးကျန်းကျွန် ပြန်ဖြေလိုက်သည်။

"ဒါတောင် အတော်ကြီးကို ခက်ခဲနေသေးတယ်"

စုချန်း ခေါင်းညိတ်ပြလိုက်၏။

"ဒါကြောင့် ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်တာနေတာပေါ့ဗျ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု ပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းလို့တော့ ဘယ်ရပါ့မလဲ အလုပ်တော့ပြီးချင်တယ် ကိုယ်တိုင်ကျ ဘာမှအားမစိုက်ချင်ဘူးဆိုရင်တော့ ဒီအလုပ်ပြီးဖို့ အိပ်မက်သာမက်နေလိုက်တော့လို့ ကျုပ်က ပြောရလိမ့်မယ်"

All Chapters