← Chapters

သွေးဗီဇလွှဲပြောင်းခြင်း

Vol. 94 Ch. 934

သွေးဗီဇလွှဲပြောင်းခြင်း

Vol. 94 Ch. 934

မြင်တွေ့လိုက်ရသော မြင်ကွင်းမှာကား...

ညတစ္ဆေသည် ယုန်တကောင်ကို ကိုင်ပြီး သူတို့အား အငိုက်ဖမ်းလှည့်စားသွားခဲ့သည့် အဖိုးကြီးကို အော်ဟစ်တောင်းပန်နေသော မြင်ကွင်းပင် ဖြစ်သည်။

"သခင်မလေးညတစ္ဆေ ခင်ဗျား...."

ချန်းဟယ်နှင့် ယဲ့ဖန်းဟန်တို့နှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

"ဟော...ရှင်တို့ ရောက်လာပြီ"

ညတစ္ဆေ ဝမ်းသာအားရ ဖြစ်သွားဟန်တူသည်။

"အတော်ပဲ သူ့ကို ဝိုင်းတားပေးကြပါဦးဒီအဖိုးကြီးက အတော်ဆိုးတယ် ကြည့်ပါအုံး သူ ဒီယုန်လေးကို ခွဲစိတ်ဖို့လုပ်နေတာတဲ့ ဒီလောက် ချစ်စရာကောင်းတဲ့ ယုန်လေးကို ဘယ်လိုများ ရက်စက်နိုင်တာလဲမသိဘူး"

ယုန်လေး.....

သူတို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြ၏။ မြင်ရသလောက် ညတစ္ဆေ၏ ကိုယ်ပေါ်တွင်လည်း မည်သည့်အချုပ်အနှောင်မှ ရှိမနေချေ။ ထိုအခါကျမှ ဘာတွေဖြစ်ပျက်နေမှန်း သူတို့ သဘောပေါက်သွားကြ၏။

ထို့နောက် ယဲ့ဖန်းဟန်က မေးလိုက်သည်။

"ဒါဆို ခင်ဗျား ဒီလောက် အော်နေတာ ဒီယုန်ကြောင့်ပေါ့ ဟုတ်လား"

ညတစ္ဆေက ယဲ့ဖန်းဟန်ကို နားမလည်နိုင်ဟန်ဖြင့် ပြန်ကြည့်နေ၏။

"ဒါက တခုခု မှားနေလို့လား"

သို့သော် ယဲ့ဖန်းဟန်က ညတစ္ဆေကို မည်သို့မှ မတုံ့ပြန်တော့ပဲ အဖိုးကြီးကို ပြန်ကြည့်လိုက်၏။

"ခင်ဗျားက ဘယ်သူလဲ ကျုပ်တို့ကို ဘာဖြစ်လို့ ဖမ်းလာတာလဲ"

အဖိုးကြီးကား ယဲ့ဖန်းဟန်ကို လှည့်၍ပင်မကြည့်ပဲ ယုန်လေးကို လှမ်းဆွဲလိုက်၏။ ညတစ္ဆေက ယုန်လေး အဖိုးကြီးလက်ထဲ ပါမသွားရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သေးသည်။ သို့သော် အဖိုးကြီး၏ ရိုးရှင်းလှသည့် လှုပ်ရှားမှုကိုပင် ညတစ္ဆေ မည်သို့်မှ ရှောင်တိမ်းနိုင်စွမ်းမရှိချေ။ ယုန်လေး သူ့ပိုင်ရှင်လက်ထဲ ပြန်ရောက်သွားသည်ကို ကြည့်ရင်း သူမ အကြီးအကျယ် စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်များပင် ဝဲလာ၏။

အဖိုးကြီးက ယုန်လေးကိုကိုင်ရင်း ယဲ့ဖန်းဟန်ကို ရည်ရွယ်ကာ အောက်ပါအတိုင်း ပြောလိုက်လေသည်။

"​ကောင်လေး... မင်းအနေနဲ့ ငါ့ကို နာကျင်အောင်လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ဓားကိုဓားအိမ်ထဲပြန်သွင်းထားတာ ကောင်းလိမ့်မယ် ငါလိုအဖိုးကြီးတယောက်ကို ကြောက်လန့်အောင် လုပ်တာ မင်းအတွက် မကောင်းဘူး"

သို့သော် ယဲ့ဖန်းဟန်က သူ့နှင်းခဲဓားနှင့် အဖိုးကြီးကို ရွယ်ရင်း ပြောလိုက်သည်။

"ကျုပ် နောက်ဆုံအကြိမ် မေးမယ် ဘာဖြစ်လို့ ကျုပ်တို့ကို အငိုက်ဖမ်းတိုက်ခိုက်တာလဲ ခင်ဗျားဖြေရင်ဖြေ မဖြေရင် ကျုပ် ခင်ဗျားကို တိုက်ခိုက်တော့မယ်"

"အငိုက်ဖမ်းတိုက်ခိုက်တာ ဟုတ်လား"

အဖိုးကြီး ရယ်မောလိုက်၏။

"ဘာလဲ မင်းက မကျေနပ်ဘူးလား မင်းက မင်းတို့ကို အငိုက်ဖမ်းတိုက်ခိုက်လို့သာ ဖမ်းမိသွားတာ ငါ့အင်အားကို မင်းတို့ လျှော့တွက်မိခဲ့လို့ မဟုတ်ဘူးလို့ ထင်နေတာလား"

ယဲ့ဖန်းဟန် မျက်နှာ ပျက်သွား၏။

"ခင်ဗျားမှာ ဒီလိုပြောနိုင်လောက်အောင် အစွမ်းရှိတယ်ဆိုရင် တပွဲတလမ်းလောက် အကဲစမ်းကြည့်ရအောင်လေ"

သို့သော် အဖိုးကြီးက ခေါင်းကိုသွင်သွင်ခါယမ်းပြီး ငြင်းပယ်လိုက်၏။

"ငါ တခြားလူတွေနဲ့ မတိုက်ခိုက်တာ ကြာလှပြီ မတိုက်ဘူး မတိုက်နိုင်ဘူး"

ယဲ့ဖန်းဟန် ဒေါသထွက်သွား၏။

"ခင်ဗျား မျက်နှာပြောင်လှချည်လား တခြားသူတွေနဲ့ မတိုက်ခိုက်တာ ကြာပြီလဲပြောတယ် ဒါဆို ကျုပ်တို့ကို အငိုက်ဖမ်းတိုက်ခိုက်တာကျတော့ကော ဘာသဘောလဲ"

အဖိုးကြီး ပြုံး​စေ့စေ့ ဖြစ်သွား၏။

"မင်းလိုကောင်လေးကို ငါကိုယ်တိုင် တိုက်ဖို့တောင်မလိုဘူး ငါ့ရဲ့ လက်အောက်ငယ်သားတယောက်ကို လွှတ်လိုက်တာနဲ့တင် ပြီးတယ်"

ဟင်...လက်အောက်ငယ်သား...

ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့နှစ်ယောက် ပတ်ပတ်လည်ကို ကြည့်လိုက်ကြ၏။

အခန်းထဲတွင် သူတို့လေးယောက်မှအပြင် တခြားမည်သူမှ မရှိချေ။ ကြက်၊ ဘဲနှင့် အိမ်မွေးတိရစ္ဆာန်လေးများသာ လှောင်အိမ်ထဲတွင် ရှိနေ၏။

ညတစ္ဆေ မနေနိုင်တော့ပဲ တိုက်ရိုက် မေးလိုက်သည်။

"အဖိုးကြီး ရှင့် လက်အောက်ငယ်သားတွေက ဘယ်မှာလဲ"

အဖိုးကြီးက သူ့လက်ထဲက ယုန်လေးကို မြှောက်ပြလိုက်၏။

"ဒီမှာလေကွာ မတွေ့ဘူးလား"

ယဲ့ဖန်းဟန် ဒေါသထွက်လွန်း၍ ရယ်မောမိလေသည်။

"ကောင်းတယ် သိပ်ကောင်းတယ် ကျုပ် ယဲ့ဖန်းဟန်ဟာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာတောင် ယုန်လေးတကောင်ကိုတောင် မနိုင်ဘူးတဲ့လား ဒါဆို လဲ သူ ဘာလုပ်နိုင်လဲဆိုတာ ပြစမ်းပါအုံး"

"မင်းက တောင်းဆိုတာနော်"

အဖိုးကြီး ချက်ချင်းပင် သဘောတူလိုက်၏။ ထ်ို့နောက် သူက ဆေးရည်တပုလင်းကို ထုတ်ပြီး ယုန်လေးကို တိုက်ကျွေးလိုက်ပြန်၏။ တဖန် သူက ယဲ့ဖန်းဟန်ကို လှမ်းဆွဲလိုက်၏။

ယဲ့ဖန်းဟန် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်ငြား အဖိုးကြီး၏ သာမာန်ဖမ်းဆွဲမှုကိုပင် ရှောင်တိမ်းရန်မဖြစ်နိုင်မှန်း သူ တွေ့လိုက်ရလေသည်။

သူ ရှောင်တိမ်းနည်းစနစ် လေးငါးမျိုးကို ဆက်တိုက်ဆိုသလို အသုံးပြုပြီး ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။ ထိုထဲက နည်းစနစ်တမျိုးဆိုလျင် ချန်းဟယ်ပင် တခါမှ မမြင်ဖူးချေ။

စက္ကန့်ပိုင်းမျှအကြာမှာပင် အဖိုးကြီး၏ လက်က ယဲ့ဖန်းဟန်၏ ပုခုံးကို ဆုပ်ကိုင်မိသွားလေသည်။ ထို့နောက် အဖိုးကြီးက ပြောလိုက်၏။

"မင်း အရင်ဝင်လိုက်စမ်း"

ရုတ်တရက်ဆိုသလိုပင် သူ အခြားအခန်းတခန်းထဲ ရောက်သွားသည်ကို ယဲ့ဖန်းဟန် မြင်လိုက်ရ၏။

လေဟာနယ်ရွှေ့ပြောင်းခြင်းပါလား...

ယဲ့ဖန်းဟန် အကြီးအကျယ် တုန်လှုပ်သွား၏။ သူ အဖိုးကြီး၏ စွမ်းအား မည်မျှအစွမ်းထက်မှန်း နောက်ဆုံးတော့ သူ သိလိုက်ရလေပြီ။

သိပ်မကြာမီ အဖိုးကြီး၏ ယုန်လေးကလည်း အခန်းထဲသို့ ရောက်လာပြန်၏။

အဖိုးကြီးကား ယုန်လေးကိုပါ ယဲ့ဖန်းဟန်ရှိနေသည့် အခန်းထဲသို့ ပစ်ထည့်လိုက်ခြင်းပင်။

ထိုမျှသာမကသေးပဲ အဖိုးကြီးက ဆက်ပြောလိုက်သေး၏။

"မင်းတို့ထဲက တယောက်ပဲ အဲဒီအခန်းထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မယ်"

ဒီအဖိုးကြီး လာနောက်နေတာလား...

ထိုအချိန်မှာပင် တခုခု မှားနေသကဲ့သို့ ယဲ့ဖန်းဟန် ခံစားလိုက်ရသည်။ သူ ဖြတ်ခနဲ နောက်သို့ လှည့်ကြည့်လိုက်၏။ ယုန်လေးသည် သူ့ကို အေးစက်စက်ပုံစံနှင့် စိုက်ကြည့်လျက်ရှိသည်။ ယုန်လေးထံမှလည်း ရက်စက်ကြမ်းကြုတ်သော စွမ်းအင်တခု ထွက်ပေါ်နေ၏။ ယုန်လေး၏ အကြည့်တွင် သွေးဆာဟန်များ ပြည့်လျှမ်းနေလေသည်။

ကနဦးလေးကမှ ညတစ္ဆေပင် မျက်ရည်ကျရလောက်အောင် နူးညံ့ပြီး အပြစ်ကင်းသည့် ယုန်လေး။

ယခုတော့ အနှီယုန်လေးက နီရဲသောမျက်လုံးအစုံနှင့် ယဲ့ဖန်းဟန်ကို စူးစိုက်ကြည့်နေခဲ့လေပြီ။ သူ့ခြေထောက်များဆီမှ ချွန်ထက်သော ခြေသည်းများ ထွက်ပေါ်နေ၏။ မြင်လိုက်ရသည်နှင့် ယုန်လေးသည် ကြောက်မက်ဖွယ်ပြိုင်ဘက်တဦးအဖြစ်သို့ ပြောင်းလဲသွားပြီမှန်း မြင်သာနေသည်။

သို့သော် ပို၍ထိတ်လန့်စရာကောင်းနေသည်မှာကား ယုန်လေး၏ နောက်ကျောတွင် စုစည်းလာသည့် သွေးရောင်တိမ်တိုက်များပေတည်း။ ၎င်းမှာ တစုံတခုသော စွမ်းအားကို စုစည်းနေသည်နှင့်ပင် တူနေသေး၏။

"ဒါ......"

ယဲ့ဖန်းဟန် ထိတ်လန့်သွား၏။

ထိုအချိန်မှာပင် ယုန်လေးသည် ရှေ့သို့တိုးဝင်လာပြီး ယဲ့ဖန်းဟန်ကို ခြေသည်းများဖြင့် ဆွဲကုပ်လိုက်၏။ ယဲ့ဖန်းဟန် ဓားကို ကပျာကသီ မြှောက်ပြီး ယုန်လေး၏ ခြေသည်းကုပ်ချက်ကို ကာကွယ်လိုက်ရသည်။

ချွင်!!!

သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာပြီး ယုန်လေး၏ခြေသည်းက နှင်းခဲဓားကို ဝင်တိုးသွား၏။ သို့တိုင်အောင် အဆင့်လေးမူလကိရိယာဖြစ်သော နှင်းခဲဓားသည်ပင် ယုန်လေးကို ထိခိုက်စေရန် ဘာမှမတတ်နိုင်ခဲ့ချေ။

ယုန်လေးသည် ယဲ့ဖန်းဟန်ကို ဖြတ်ကျော်ပျံသန်းသွားပြီးနောက် လေထဲမှာပင် တပတ်ပြန်လှည့်လာပြီး သူ့ကို နောက်မှ ကိုက်ချလာ၏။

ယဲ့ဖန်းဟန်ကလည်း ဤတကြိမ်တွင် တုံ့ဆိုင်းမနေတော့ပဲ ဓားကို လေထဲသို့ ခုတ်ချလိုက်၏။ ဓားချက်ကြောင့် အခန်းတခန်းလုံးကို အေးစက်သော အငွေ့အသက်များနှင့် ပြည့်နှက်သွားလေသည်။ အအေးလှိုင်းကြောင့် ယုန်လေး၏ တကိုယ်လုံး လေထဲမှာပင် အေးခဲသွား၏။

သူ ခေါင်းကို နောက်ပြန်လှန်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထူးဆန်းသည်မှာကား ထိုအော်သံက ယုန်တကောင်၏ အော်သံထက် ငှက်အော်သံနှင့် ပိုတူနေခြင်းပင်။

ချက်ချင်းဆိုသလိုပင် ယုန်လေးက ယဲ့ဖန်းဟန်ကို ခြေသည်းနှင့် လှမ်းကုတ်လိုက်ပြန်သည်။ ခြေသည်းကုတ်ချက်သည် သူ့ကမ္ဘာတခုလုံးကို ဖုံးအုပ်ထားသကဲ့သို့ ခံစားလိုက်ရပြီး အတားအဆီးမှန်သမျှကို ဆုတ်ဖြဲပစ်တော့မည့်ဟန်ပေါ်နေ၏။ အခြေအနေမဟန်တော့မှန်းသိလိုက်၍ ယဲ့ဖန်းဟန်က ဓားချက် သုံးချက်ကို ဆက်တိုက်ဆိုသလိုဖော်ထုတ်ပြီး ရေခဲနံရံသုံးခုကို ဖန်တီးလိုက်၏။

ယုန်ခြေသည်းက ရေခဲနံရံများကို ထိုးခွဲသွား၏။ ယဲ့ဖန်းဟန် ထိုအခွင့်အရေးယူပြီး နောက်ပြန်ခုန်ဆုတ်ရင်း သူ့ဓားကို ရှေ့သို့ ထိုးသွင်းလိုက်လေသည်။ လျင်မြန်လှသော ဓားချီစွမ်းအားက ယုန်လေးဆီသို့ တိုးဝင်သွား၏။

မမျှော်လင့်ပဲ ယုန်လေးဆီမှ တောင်ပံများထွက်ပေါ်လာပြီး လေထဲတွင် ပြင်းထန်စွာ ခတ်လိုက်၏။ ယုန်လေးကား အတောင်များခတ်၍ ပျံ​သန်းနေခဲ့ချေပြီတကား။

ထိုအချိန်တွင် ယုန်လေးနောက်ကွယ်တွင် စုစည်းနေသည့် နီရဲရဲတိမ်တိုက်များကလည်း ပုံသဏ္ဌာန် အပြည့်အဝ ပေါ်နေခဲ့လေပြီ။ ၎င်းမှာ အနီရောင်လင်းယုန်ငှက်တကောင်ရဲ့ ပုံရိပ်ပင် ဖြစ်နေ၏။ လင်းယုန်ငှက်က သူ့တောင်ပံများကို ဖြန့်လိုက်သည်နှင့် ခမ်းနားထည်ဝါလှသော စွမ်းအင်တခုက အခန်းတခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

"ဟာ"

အခန်းထဲရှိ ယဲ့ဖန်းဟန်အပြင် ချန်းဟယ်နှင့်ညတစ္ဆေတို့ပါ အံ့အားသင့်ကုန်ကြ၏။

"တိမ်တိုက်လင်းယုန်"

"တိမ်တိုက်လင်းယုန်ပါလား"

သူတို့သုံးယောက်လုံး ပြိုင်တူပင် အော်ဟစ်မိကြ၏။

တုမျိုးနွယ်စု၏ သွေးဗီဇဖြစ်သည့် ကမ္ဘာဦးမတိုင်မီသားရဲ တိမ်တိုက်လင်းယုန်သည် မည်သို့မည်ပုံ ယုန်လေးတကောင်ထံမှ ထွက်ပေါ်နေရသနည်း။

"ဟားဟားဟား...မင်းတို့ အံ့သြကုန်ကြပြီမလား ငါဟာ သွေးဗီဇလွှဲပြောင်းတဲ့နည်းစနစ်ကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ပြီကွ ဒီနည်းစနစ်နဲ့ဆိုရင် ငါဟာ တမိုးအောက် သွေးဗီဇတိုင်းကို ထိန်းချုပ်နိုင်လာလိမ့်မယ် ငါ ပေးချင်တဲ့သူတိုင်းကို အစွမ်းထက်တဲ့ သွေးဗီဇတမျိုး ပေးနိုင်မယ် ပြီးတော့ ငါပြောနေတာ သွေးနှောမဟုတ်ဘူးနော် ဒီသွေးဗီဇက လုံးဝ စင်ကြယ်တယ် ဒါတင်မကသေးဘူး ငါဟာ သွေးဗီဇအများအပြားကို ရောနှောပြီး ပိုအစွမ်းထက်တဲ့ သွေးဗီဇအသစ်တွေ ဖန်တီးလာနိုင်မယ် အဲဒီနေ့ ရောက်တဲ့အခါ ငါဟာ မူလသားရဲနဲ့ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇ ခုနစ်မျိုးကို တမျိုးတည်း ပေါင်းစပ်ပြီး ပိုမြင့်မားတဲ့ အဆင့်ကို ရောက်သွားလိမ့်မယ် အဲဒီအချိန်ကျရင် ငါ့ကို ဘယ်ကောင်က ယှဥ်နိုင်အုံးမှာလဲ"

အဖိုးကြီးသည် အထက်ပါအတိုင်း ပြေရင်းနှင့် ခေါင်းမော့ကာ အရူးတယောက်ပမာ ရယ်မောလိုက်၏။

ယခုကျတော့မှ ညတစ္ဆေနှင့် ချန်းဟယ်တို့နှစ်ယောက် အဖိုးကြီး မည်သူမည်ဝါမှန်း ချက်ချင်း သဘောပေါက်လိုက်ကြ၏။

"ခင်ဗျားဟာ ပရမ်းပတာဘုရင် လင်ကျွေ့လျူပဲကိုး"

" မင်းတို့ နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့"

အဖိုးကြီး နောက်တကြိမ် ရယ်မောလိုက်ပြန်သည်။

မှန်ပါသည်။ အဖိုးကြီးကား တခြားသူမဟုတ်။ ပရမ်းပတာဘုရင် လင်ကျွေ့လျူပေတည်း။

​ရှေးနှစ်ပေါင်းများစွာက လင်ကျွေ့လျူသည် သူ့အစ်ကိုကို ရာထူးမှဖယ်ရှားပြီး ဧကရာဇ် ဖြစ်လာခဲ့၏။ သို့သော် ဧကရာဇ်ဖြစ်လာပြီး ဘာမှပင်မကြာလိုက် လင်ကျွေ့လျူတယောက် ပလ္လင်ပေါ်မှ ပြန်ဖယ်ပေးလိုက်ရပြန်သည်။ နောက်ပိုင်း သူ့ပုန်ကန်မှုမှာလည်း မအောင်မြင်ခဲ့ချေ။ အကြောင်းမှာ နိုင်ငံ ခြောက်နိုင်ငံက လင်ကျွေ့လျူကို ဖယ်ရှားရန် အချင်းချင်း ပူးပေါင်းခဲ့ကြသောကြောင့်ပင်။

နိုင်ငံ​​ခြောက်နိုင်ငံ အဘယ်ကြောင့် ပူးပေါင်းခဲ့ရသနည်း။ အဖြေမှာ လင်ကျွေ့လျူသည် သွေးဗီဇများကို ပေါင်းစပ်ပြီး ပိုမိုသာလွန်သည့် သွေးဗီဇအသစ်တမျိုး ဖန်တီးချင်ခဲ့သောကြောင့်ပင်။

သူ့အကြံမှာ ထိတ်လန့်စရာကောင်းလှ၏။ သွေးဗီဇများကို မလိုအပ်တော့အောင် ပြုလုပ်ခြင်း၊ သွေး​ဗီဇများကို ပေါင်းစပ်ပစ်ခြင်းသည် နိုင်ငံတိုင်းရှိ တော်ဝင်မျိုးနွယ်စုများ၊ အာဏာပိုင်များကို စော်ကားလိုက်သည်နှင့် တူနေသည်။

ထို့ကြောင့် လင်ကျွေ့လျူ မုချ သေရမည်။

ကံမကောင်းသည်မှာ လင်ကျွေ့လျူသည် အစွမ်းထက်လွန်းနေ၏။ ထိုအချိန်ကတည်းက သူသည် အတွေးပုံဖော်ခြင်းနယ်ပယ်သို့တိုင် ရောက်နေခဲ့လေပြီ။

ဤနည်းအားဖြင့် အဖိုးကြီးလင်ကျွေ့လျူသည် ပုံရိပ်တထောင်ကျွန်းသို့ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့၏။ ထို့နောက်တွင်တော့ သူသည် လူသားများ ရရှိနိုင်သည့် အမြင့်ဆုံးနယ်ပယ်ဖြစ်သည့် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တော့သည်။

အမည်မသ်ိအဖိုးကြီးသည် လင်ကျွေ့လျူမှန်း သိလိုက်ရပြီးနောက် ချန်းဟယ် အကြီးအကျယ် စိတ်ဓာတ်ကျသွား၏။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးကို သူတို့ မည်သို့မှ အနိုင်ယူနိုင်စရာအကြောင်းမရှိ။

ထွက်ပြေးဖို့...ဟုတ်လား...မေ့လိုက်လို့ရပြီ...

ထိုအချိန်မှာပင် အနီးရှိ အခန်းထဲမှ စူးရှသော အော်သံတသံ ထွက်ပေါ်လာ၏။

ယုန်လေး၏ အော်သံပင် ဖြစ်သည်။

ချန်းဟယ် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ ယဲ့ဖန်းဟန်၏ ဓားက ယုန်လေး၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ယုန်လေး၏ ခြေသည်းများကလည်း ယဲ့ဖန်ဟန်၏ ရင်ဘတ်ထဲကို နက်နက်ရှိုင်းရှိုင်းပင် ဝင်ရောက်နေလေသည်။

ရေခဲများသည် ယုန်လေးတကိုယ်လုံးကို ဖြည်းဖြည်းချင်း ဖုံးအုပ်လာနေ၏။ ယုန်ခြေသည်းများကလည်း ယဲ့ဖန်းဟန်၏ ရင်ဘတ်ထဲ တအိအိနှင့် တိုးဝင်နေသည်။

သိပ်မကြာမီ ရေခဲများက ယုန်တကိုယ်လုံးကို ဖုံးအုပ်သွားခဲ့၏။ ထို့နောက်တွင်တော့ ယုန်လေးသည် မြေပြင်ပေါ် ပြုတ်ကျသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်သွားလေသည်။

"မင်း ဘယ်လို သွေးဗီဇမျိုးပဲ ပိုင်ဆိုင်ထားပါစေ ငါ ဂရုမစိုက်ဘူး ငါ့ကိုသတ်ဖို့ ကြိုးစားတဲ့အတွက် မင်း သေကိုသေရမယ်"

အထက်ပါအတိုင်း ရေရွတ်ပြီး ယဲ့ဖန်းဟန်တယောက် အခန်းကြမ်းပြင်ပေါ် ဒူးထောက်ကျသွားလေသည်။

All Chapters