← Chapters

တပ်သားများငှားရမ်းခြင်း

Vol. 94 Ch. 935

တပ်သားများငှားရမ်းခြင်း

Vol. 94 Ch. 935

ပုံရိပ်တထောင်ကျွန်းတွင် ဖြစ်သည်။

စည်ကားလှသော ဂုဏ်ပြုပွဲကြီးတပွဲ ကျင်းပနေ၏။ ဝေးလံသည့်နေရာမှ လာရောက်လည်ပတ်သည့် ဧည့်သည်များကို အနက်ရောင်မီးလျံအဖွဲ့က ကြိုဆိုဂုဏ်ပြုနေခြင်းပေတည်း။

"ဒီတော့ ပရမ်းပတာဘုရင် လင်ကျွေ့လျုကို သခင်လေးစုက စိတ်ဝင်စားနေတာပေါ့ ဟုတ်လား"

ကျုံးကျန်းကျွန်က ခပ်တည်တည်နှင့် မေးလိုက်၏။ သူပုံစံမှာ လင်ကျွေ့လျူကို အနိုင်ယူပြီး ပြည်နှင်ဒဏ်ပေးခဲ့သူမှာ သူမဟုတ်သည့်အတိုင်းပင်။

"လင်ကျွေ့လျူလုပ်နေတဲ့ သွေးဗီဇဆိုင်ရာသုတေသနက ကျုပ်အတွက် အရေးကြီးတယ် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့စွမ်းအားဟာ သွေးဗီဇ ပုံဖော်ခြင်းကနေ ဆင်းသက်လာနိုင်တယ်ဗျ"

"ဝမ်းနည်းစရာပဲ"

ကာဗီးလ်က ဝင်ပြောလိုက်၏။

"သူ့ကို ပြည်နှင်ဒဏ်ပေးလိုက်ပြီးတဲ့နောက် သူ ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ဘူး"

"လက်စသတ်တော့ ဒီလိုကိုး"

စုချန်း တီးတိုးရေရွတ်ပြီး သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ ဘယ်တတ်နိုင်မလဲ ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့တွေ့မတွေ့ဆိုတာက ကံတရားအပေါ်ပဲ မူတည်သွားပြီ ဒါနဲ့ အနက်ရောင်မီးလျံအနေနဲ့ ကျုပ်ကို ကူညီဖို့ လူဘယ်လောက်များများ ပေးဖို့တွေးထားသလဲ"

ခေါင်းဆောင်ငါးဦးလုံး တယော​က်နှင့်တယောက် အပြန်အလှန် ကြည့်နေကြသည်။ နောက်ဆုံးတွင်မှ ကျုံးကျန်းကျွန်က စပြောလိုက်လေသည်။

"ဒီနှစ်တွေထဲမှာ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာတယ် ပိုဆိုးတာက ပုံရိပ်တထောင်ကျွန်းဟာ ပင်လယ်ချောက်နက်ရဲ့ သြဇာလွှမ်းမိုးမှု နိုင်တဲ့ အကွာအဝေးမှာ ရှိနေတာပဲ ဒါကြောင့် ကျုပ်တို့ဟာ အမြဲတစေ ကြီးမားတဲ့ ဖိအားတွေကို ရင်ဆိုင်နေရတယ်လို့ဆိိုနိုင်တယ် ဒါကြောင့် သခင်လေးစုကို ကူညီချင်ပေမယ့် ကျုပ်တို့ရဲ့အင်အားက ကန့်သတ်ချက်ရှိနေတယ် ဒါကြောင့် ကျုပ်တို့အဖွဲ့က တပ်ရင်းတရင်းစာလောက်ပဲ ပေးနိုင်လောက်မယ်"

တပ်ရင်းတရင်းသည် ခန့်မှန်းခြေအားဖြင့် စစ်သားတထောင်နှင့် ညီမျှ၏။ သူပေးနိုင်မည့် စစ်သားဦးရေ နည်းပါးကြောင်း ကြိုတင်သဘောပေါက်ထား၍လည်း သူတို့ဘက်မှ အခြေအနေများကို ကျုံးကျန်းကျွန်ကရှင်းပြလိုက်ခြင်းပင် ဖြစ်သည်။

သို့ဆိုလျင် အနက်ရောင်မီးလျံအဖွဲ့အနေနှင့် စုချန်း၏ တာဝန် မည်မျှအရေးကြီးကြောင်း မသိလေသလားဟု မေးရန်ရှိသည်။

အဖြေမှာ လုံးဝမဟုတ်ပါ။

စုချန်း၏ အောင်မြင်မှုသည် အနက်ရောင်မီးလျံအဖွဲ့အတွက် မည်မျှအရေးကြီးကြောင်း သူတို့ ကောင်းကောင်းကြီး သိထားကြ၏။

သို့သော် တဖက်တွင်လည်း သူတို့သည် ရေရှည်အကျိုးဆက်များကိုပါ ထည့်တွေးထားရန် လိုအပ်ပေသည်။

နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို ဖြေရှင်းပြီးနောက် အနက်ရောင်မီးလျံအဖွဲ့ထံ မည်သည့်သက်ရောက်မှုများ ရှိလာနိုင်သနည်း။

သားရဲများ၏ အဆက်မပြတ် ခြိမ်းခြောက်မှုသာ မရှိတော့ပါက အနက်ရောင်မီးလျံအဖွဲ့အပေါ် ပင်လယ်လူသားများ၏သဘောထား ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်၏။ ထိုအချိန်ကျလျင် သူတို့အဖွဲ့ ဘာလုပ်ရမည်နည်း။

နောင်အနာဂတ်တွင် ပင်လယ်ကို မည်သူက အုပ်စိုးမည်နည်း။

အထက်ပါအကြောင်းတရားများကြောင့် စုချန်း၏ တောင်းဆိုချက်ကို အနက်ရောင်မီးလျံအဖွဲ့အနေနှင့် ဆင်ခြင်သုံးသပ်ရန် လိုအပ်လျက်ရှိသည်။

ဖြစ်နိုင်လျင် သူတို့အနေနှင့် ပင်လယ်လူသားမျိုးစိတ်များနှင့် သားရဲများ၏ တိုက်ပွဲကို ပွဲကြည့်ပရိသတ်သာ လုပ်လိုကြသည်။

မည်သို့ဆိုစေ ဤအတွေးကလည်း သဘာဝကျသော အတွေးဟု ဆိုနိုင်၏။

ယခုလည်း သူတို့ဘက်မှ တပ်ရင်းတရင်းသာ ပေးနိုင်မည်ဟု ဆိုလိုက်ခြင်းသည် ဤကိစ္စအပေါ် သူတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းပင် ဖြစ်သည်။

ကျုံးကျန်းကျွန်၏ စကားကြောင့် ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့ နှစ်ဦးလုံး မသိမသာ မျက်နှာပျက်ကုန်ကြ၏။ သို့သော် စုချန်းကတော့ အနည်းငယ်မျှ အံ့ဩခြင်းမရှိချေ။

ဝိုင်တငုံကို စိတ်အေးလက်အေးသော​က်ရင်း စုချန်းက ပြောလိုက်ပြန်သည်။

"သုတေသနဆိုတာ အချိန်နဲ့ စွမ်းအင် အများကြီးလိုအပ်မှန်း အတော်များများ သိထားကြတယ် ဒါပေမယ့် အောင်မြင်တဲ့ သုတေသနရလဒ်ကြောင့် ဘယ်လောက်တောင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်တည်လာနိုင်သလဲဆိုတဲ့အချက်ကို နားလည်နိုင်သူကျတော့ အရမ်းနည်းတယ်...... ခင်ဗျားတို့အားလုံးသာ ကျုပ်ကို တိမ်တိုက်လင်းနို့မှန်း သိထားခဲ့ကြမယ်ဆိုရင် ကျုပ်အနေနဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ ဆေးဝါးတွေ၊ မူလစွမ်းရည်တွေကို ရောင်းချရာကနေ ပိုက်ဆံဘယ်လောက် ရှာနိုင်ခဲ့သလဲဆိုတာကိုလဲ သဘောပေါက်သင့်တယ်"

ကျုံးကျန်းကျွန်နှင့် တခြားလူများ စုချန်း၏စကားကြောင့် ထိပ်လန့်တုန်လှုပ်ကုန်ကြသည်။

တိမ်တိုက်လင်းနို့၏ ထင်ရှားကျော်ကြားသောအောင်မြင်မှုများနှင့် သူတို့အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသားပင် မဟုတ်ပါလား။

တကယ်လည်း စုချန်းသည် အိပ်မက်ကမ္ဘာတွင် စျေးရောင်းရာမှ မူလကျောက်တုံး ဘီလျံပေါင်းများစွာကို ရှာဖွေနိုင်ခဲ့၏။ မူလကျောက်တုံး သန်းရာပေါင်းများစွာအတွက် လူအများစုက သေချာပေါက် လူသတ်ပေလိမ့်မည်။ မူလကျောက်တုံး ဘီလီယံအနည်းငယ်ခန့်သည် နိုင်ငံငယ်တနိုင်ငံကို ဝယ်ယူရန် လုံလောက်သည်ထက် ပိုနေသေး၏။ ဤအနေအထားတွင် စုချန်း၏ စည်းစိမ်ဥစ္စာက လူတိုင်းကို အာစေးထည့်လိုက်သလို ဖြစ်သွားသည်မှာ အမှန်ပင်။

စုချန်းပါးစပ်မှ ဤစကားထွက်လာသည်နှင့် သူဘာဆက်ပြောတော့မည်မှန်း ကျုံးကျန်းကျွန် ချက်ချင်းသဘောပေါက်လိုက်သည်။

ထင်သည့်အတိုင်း စုချန်းက အောက်ပါအတိုင်း ဆက်ပြောလိုက်၏။

"နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုဟာ အံ့ဖွယ်ပစ္စည်းတခုလို့တောင် ဆိုနိင်တယ်......အခြေခံအားဖြင့် ဒီပစ္စည်းဟာ ကျင့်ကြံမှုကို တိုးတက်စေတဲ့ပစ္စည်းလို့တောင် ဆိုလို့ရတယ် နောင်အနာဂတ်မှာ ဒါဟာ ဘယ်ကျင့်ကြံသူအတွက်မဆို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါး ဖြစ်လာလိမ့်မယ်"

လူတိုင်း ထိုစကားကြောင့် ထိတ်လန့်တုန်လှုပ်ကု​န်ကြ၏။ တချိန်ကဆိုလျင် သူတို့အားလုံး နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို ကပ်ဘေး၏ အရင်းအမြစ်အဖြစ် သဘောထားခဲ့ကြ၏။ မည်သူမျှ ၎င်းကို ရတနာတပါးအဖြစ် မမြင်ဖူးကြချေ။

သို့သော် စုချန်း၏ စကားကို မချေပနိုင်မှန်း သိထားသည့်တိုင်အောင် ဝက်မင်စတာက ဝင်ထောက်လိုက်၏။

"နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိဟာ ပစ်မှတ်ရဲ့ အသက်စွမ်းအားနဲ့ ပင်ကိုယ်စွမ်းရည်ကို စားသုံးတဲ့အပေါ် မူတည်နေတယ်ရှင့် ဒီအချက်ကိုတော့ ကျွန်မတို့ ထည့်တွေးသင့်တယ်ထင်တာပဲ"

စုချန်းက စိတ်အေးလက်အေးအမူအရာနှင့်ပင် ပြန်ဖြေလိုက်သည်။

"ပင်ကိုယ်စွမ်းရည်တဲ့လား အဲဒီအရွယ်ရောက်ပြီးသား ပင်လယ်သားရဲမဟာဧကရာဇ်တွေဟာ ဘာပင်ကိုယ်စွမ်းရည်မှ မရှိတဲ့ပုံတော့ ပေါက်မနေပါဘူးနော် ဟုတ်တယ်မဟုတ်လား"

ဝက်မင်စတာ တကိုယ်လုံး တောင့်တင်းသွား၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ဒါပေမဲ့ အသက်စွမ်းအားက ပြဿနာဖြစ်နေတာတော့ အမှန်ပဲ ဒါပေမယ့် ကြီးမားတဲ့စွမ်းအားကိုရဖို့အတွက် သူတို့ရဲ့ သက်တမ်းနဲ့ လဲလှယ်ချင်တဲ့သူ တော်တော်များများ ရှိနေနိုင်တာပဲလေ ကျုပ်ပြောတာ ဟုတ်တယ်မလား ပြီးတော့ သုတေသနရဲ့သဘောသဘာဝကိုက ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ပဲ မဟုတ်ဘူးလား တစ်နေ့ကျရင် ကျုပ်အနေနဲ့ အသက်စွမ်းအားပြသနာရဲ့အဖြေကို ရှာတွေ့ကောင်းရှာတွေ့သွားပါလိမ့်မယ်"

ဤတကြိမ်တွင်တော့ ဖရော့စ်ပွိုင့် မနေနိုင်တော့ပဲ ဝင်ပြောလိုက်၏။

"သခင်လေးစုရဲ့တာဝန်ဟာ ပင်လယ်သားရဲတွေ မြန်မြန်ဆန်ဆန် ကြီးထွားလာတာကို ဘယ်လိုတားဆီးရမလဲဆိုတာ ရှာဖွေဖို့ပါ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုရဲ့ သက်ရောက်မှုတွေကို တိုးတက်စေဖို့မဟုတ်ဘူးလို့ ​ကျုပ်ကတော့ ထင်တာပဲ"

စုချန်း ပြုံးလိုက်၏

"ဒါက ခင်ဗျား သုတေသနရဲ့ သဘောသဘာဝကို နားမလည်လို့သာ ဒီလိုပြောတာပါ ခင်ဗျားအနေနဲ့ ပြဿနာတခုကို အင်တိုက်အားတိုက် ဖြေရှင်းသွားပြီးတဲ့အခါ ခင်ဗျားဟာ ပြဿနာတခုတည်းကို မဟုတ်ပဲ ပြဿနာအတော်များများကိုပါ တစ်ချိန်တည်းမှာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်ဆိုတာကို နောက်ဆုံးကျ သိလာလိမ့်မယ်"

သုတေသနသမားမဟုတ်လျင် သုတေသနပြုလုပ်ရခြင်း၏ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကို နားလည်နိုင်လိမ့်မည်မဟုတ်။

သုတေသန၏အကြီးမားဆုံး ပျော်ရွှင်မှုမှာ မည်သည့်ရလဒ်မျိုး ရှာဖွေတွေ့ရှိမည်ကို မည်သူမျှ ကြိုတင်မသိနိုင်ခြင်းပင် ဖြစ်သည်။

တစ်ခါတစ်ရံတွင် သင်သည် သလဲသီးကို လိုချင်သော်လည်း မက်မွန်သီးကို ရသွားကောင်းရသွားနိုင်၏။

မြေပေါ်ကြွေကြနေသော သစ်သီးများ ကောက်ယူနေသည့်အချိန်မှာပင် သင်သည် လယ်ကွင်းတကွင်းလုံးကို ရှင်းလင်းပြီးသားလည်း ဖြစ်သွားနိုင်သည်။

ဤသည်မှာပင် သုတေသနပြုလုပ်ခြင်း၏ အနှစ်သာရပေတည်း။

တဖန် စုချန်းက နောက်ထပ်ခေါင်းစဥ်တခုကို စကားလမ်းကြောင်း ပြောင်းလိုက်ပြန်သည်။

"နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုအပြင် ဒီတာဝန်ကို ပြီးမြောက်အောင်မြင်သွားတဲ့အခါ ကျုပ်တို့ တခြားရလာနိုင်တာတွေလဲ ရှိနေသေးတယ် ကျုပ်အမြင်အရ ဘယ်သူမှ မကိုင်တွယ်မထိတွေ့နိုင်သေးတဲ့ ချောက်နက်တကြောက ရေအောက်အရင်းအမြစ်တွေဟာ မူလကျောက်တုံးပေါင်းများစွာ တန်ကြေးရှိလိမ့်မယ်"

ထို့နောက် စုချန်းက ဝိုင်ခွက်ကို မြောက်ပြပြီး တကြိတ်တည်း ကုန်အောင်သော​က်ချလိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်လေသည်။

"ဒီအလုပ်ကနေ ရလာမဲ့အကျိုးအမြတ်မှန်သမျှကို ပါဝင်သူတိုင်း စွမ်းဆောင်ရည်နဲ့ပံ့ပိုးကူညီမှုအလိုက် ကျုပ် အချိုးကျ ပြန်ခွဲပေးမယ်"

မျှော်လင့်ထားသည့်အတိုင်း စုချန်းသည် မက်လုံးပေးကာ ၎င်းတို့အား စည်းရုံးရန် ကြိုးစားနေခြင်း ဖြစ်သည်။

အနက်ရောင်မီးလျံခေါင်းဆောင်ငါးဦးလုံး၏ စိတ်ထဲတွင် လှောင်ပြောင်လိုစိတ်များ ပြိုင်တူပေါ်ပေါက်လာ၏။သို့သော် နောက်​ဆုံးတွင် လောဘက သူတို့အား အနိုင်ရသွားလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ကျုံးကျန်းကျွန်က ပြောလိုက်သည်။

"အနက်ရောင်မီးလျံအနေနဲ့ ဗျူဟာတဗျူဟာစာ ပေးမယ်"

၎င်းမှာ စစ်သား သုံးထောင်ကို ဆိုလိုခြင်း ဖြစ်သည်။

စုချန်း ရယ်မောလိုက်၏။

"ကျုပ်တို့ ပင်လယ်ချောက်နက်ကို ရောက်တာနဲ့ သားရဲဧကရာဇ်ကို ချောက်နက်ရဲ့အပြင်ကို မျှားခေါ်မယ် သူတို့ အပြင်ကိုရောက်တာနဲ့ အခြေအနေတခုလုံးကို ရှုပ်ထွေးသွားအောင် လုပ်ပြီး ဒီကောင်တွေ ချောက်နက်ဆီ မပြန်နိုင်အောင် တားဆီးဖို့ ကြိုးစားမယ် ဒါက အတော်လေးတော့ ပရမ်းပတာနိုင်မှာ သေချာတယ်"

စုချန်း ဘာကိုဆိုလိုမှန်း ချက်ချင်းသဘောပေါက်ကုန်ကြသော ခေါင်းဆောင်ငါးဦး မျက်မှောင်ကုတ်ကုန်ကြ၏။

စုချန်းက စကားဆက်လိုက်လေသည်။

"ချောက်နက်အပြင်ကိုရောက်ကုန်တဲ့ သားရဲဧကရာဇ်တွေကို လူသားနယ်မြေ၊ ပင်လယ်လူသားတွေရဲ့နယ်မြေ ဒါမှမဟုတ် ပုံရိပ်တထောင်ကျွန်းကို ဦးတည်မသွားအောင်တော့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားမှာပဲ ဒါပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေမျိုးသာ ဖြစ်လာခဲ့ရင် ကျုပ်ကို နက်ပ်ကျွန်းခံတပ်နဲ့ ပုံရိပ်တထောင်ကျွန်းက ခွင့်လွှတ်ပေးဖို့ပဲ တောင်းပန်ရတော့မယ်"

ထိုစကားကြောင့် ခေါင်းဆောင်များ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွား၏။

ကမ်မီလာက ချက်ချင်းပြန်မေးလိုက်သည်။

"ဒီတော့ သခင်လေးစုက ခြိမ်းခြောက်နေတာလား"

"ခြိမ်းခြောက်နေတယ် ဟုတ်လား"

စုချန်းက ကမ်မီလာကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"ကျုပ်က ဘာဖြစ်လာနိုင်တယ်ဆိုတာကို ပြောပြနေရုံသက်သက်ပါ ဒါကိုခြိမ်းခြောက်နေတယ်လို့ ဘယ်လိုလုပ်ပြောလို့ရမလဲ"

ကမ်မီလာကား ဒေါသကြောင့် ရှုးရှုးရှဲရှဲ ဖြစ်လာ၏။

စုချန်းက စိတ်အေးလက်အေး ဆက်ပြောလိုက်ပြန်သည်။

"ပင်လယ်သားရဲဧကရာဇ်တွေဟာ သားရဲလှိုင်းနဲ့ မတူဘူး တိုတောင်းတဲ့ ကာလတခုသာ ခုခံထားနိုင်ရန် ခင်ဗျားတို့အနေနဲ့ သိပ်ပြီး ပေးဆပ်ရလိမ့်မယ်မဟုတ်ဘူးလို့ ကျုပ် ယူဆတယ်"

"ဒါပေမယ့် သူတို့ မကြာခန တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ တကောင်ထက်ပိုလာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

ကမ်မီလာက ပြန်မေးလိုက်၏။

"အဲဒါကျတော့ ကျုပ်နဲ့ မဆိုင်တော့ဘူး"

စုချန်းက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်လေသည်။

တဖက်မှ ရည်မှန်းချက်အောင်မြင်ရန် အသည်းအသန် ကြိုးစားနေချိန်တွင် ဝင်မကူပဲ ဘေးမှစောင့်ကြည့်လိုပါကထ်ိုအတွက် အကျိုးဆက်သည် သင်နှင့် ထိုက်တန်၏။

စုချန်း၏ အဖြေကြောင့် ကျုံးကျန်းကျွန် တကိုယ်လုံး တုန်ယင်သွား၏။

"စစ်တပ်ကြီး တတပ်စာ"

စုချန်း ခေါင်းခါလိုက်သည်။

"ကျုပ် အနက်ရောင်ရေတပ်​ဖွဲ့ကို လိုချင်တယ်"

ကျုံးကျန်းကျွန် နောက်တကြိမ် မျက်နှာပျက်သွားပြန်သည်။

အနက်ရောင်မီးလျံအဖွဲ့တွင် အဓိက တပ်ဖွဲ့နှစ်ဖွဲ့ ရှိ၏။ ၎င်းတို့မှာ အ​နက်ရောင်ရေတပ်ဖွဲ့နှင့် ခရမ်းရောင်မီးလျံတပ်ဖွဲ့ပင် ဖြစ်သည်။

ထိုနှစ်ဖွဲ့အနက် အနက်ရောင်ရေတပ်ဖွဲ့သည် ပြင်ပထိုးစစ်အတွက် တာဝန်ယူရပြီး ခရမ်းရောင်မီးလျံတပ်ဖွဲ့ကတော့ ကျွန်းအတွင်းပိုင်း ကာကွယ်ရေးကို အဓိက တာဝန်ယူရ၏။

ယခုတော့ စုချန်းက အနက်ရောင်ရေတပ်ဖွဲ့ကြီး တဖွဲ့လုံးကို တောင်းဆိုလိုက်လေပြီ။ ၎င်းမှာ ခန့်မှန်းခြေအားဖြင့် စစ်သား ရှစ်သောင်းနီးပါး ရှိသော စစ်တပ်ကြီး ဖြစ်သည်။

"လုံးဝ မဖြစ်နိုင်ဘူး"

ကျုံးကျန်းကျွန် ခေါင်းခါရင်း ငြင်းပယ်လိုက်၏။

စုချန်းက ထပ်ပြောလိုက်လေသည်။

"ကျုပ်က ခင်ဗျားတို့အတွက် တပ်ရင်းတရင်း ချန်ထားခဲ့ပေးမယ်"

"အဓိပ္ပာယ်မရှိဘူး"

"ဒါဆို ဗျူဟာ တဗျူဟာ ဆိုရင်ရော"

"သဘောမတူနိုင်ဘူး"

"ကောင်းပြီ လူတစ်သောင်းပါဝင်တဲ့ တပ်ကြီးတတပ် ချန်ထားခဲ့မယ် ကျန်တဲ့တပ်ဖွဲ့တွေအားလုံး ကျုပ်နဲ့ လိုက်ခဲ့ရမယ် ပြီးတော့......"

စုချန်းက စကားကို ခေတ္တရပ်ပြီး နှုတ်ဆိတ်နေသည့် စတုတ္ထခေါင်းဆောင်အား လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ကျုပ် သူ့ကို လိုချင်တယ်"

All Chapters