ဒီဇာတ်လမ်းက တော်တော်အတင်းကြီးဖြစ်နေပြီ
Vol. 12 Ch. 176
ယဲ့ဖန်ကို နောက်ထပ်နှစ်ကြိမ်ချီးကျူးပြီးနောက် ယဲ့လင်ထျန်သည် စားပွဲပေါ်တွင် သိုလှောင်လက်စွပ်တစ်ကွင်းကိုတင်ကာ အလေးအနက်ပြောလိုက်သည်။
"မင်းအမေဘက်ကအဘိုးအိမ်ကို ပို့ပေးရမယ့် ပစ္စည်းတချို့ရှိတယ် ဒါပေမဲ့ ဒီမှာလူမလောက်လို့ မင်းခရီးတစ်ခုထွက်ပေးဖို့ ဒုက္ခပေးရတော့မယ်"
အဘိုးက သူ့ကို မိခင်ဘက်သို့သွားပြီး သတင်းကောင်းပါးခိုင်းခြင်းဖြစ်ကြောင်း ယဲ့ဖန် ချက်ချင်းသိလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ဖန်က အရိုအသေပေးကာ အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ "အမှိုက်" တစ်စဖြစ်သွားသည့်အချိန်မှစ၍ သူ၏မိခင်မိသားစုသည် သူ့ကို ယဲ့မျိုးနွယ်ထက် သိပ်မသာအောင် ဆက်ဆံခဲ့ကြသည်။
သူ၏ကိုယ်ပိုင်မိခင်ပင်လျှင် သူ့ကိုယ်စား သူမ၏မိသားစုနှင့် ငြင်းခုံခဲ့ရသည်။
သို့သော် ယခုအခါ ယဲ့ဖန်သည် ထိုအရာများထဲမှ တစ်ခုကိုမျှ စိတ်ထဲမထားတော့ချေ။
သူသည် အဘိုး၏လက်ထဲမှ လက်စွပ်ကိုယူကာ ခွင့်တောင်းပြီး ထွက်ခွာသွားသည်။
သူ၏မိခင်ဘက်အဘိုး၏အိမ်သည် အရင်းအမြစ်စုစည်းမြို့တွင် မရှိသောကြောင့် ယဲ့ဖန်သည် ယဲ့အိမ်တော်မှထွက်ကာ အရှေ့မြို့တံခါးသို့ ဦးတည်သွားသည်။
ဒီအရာက ယဲ့ဖန်ကို ထိုအချိန်တစ်လျှောက်လုံး တိတ်တဆိတ်စောင့်ကြည့်နေခဲ့သော ကျန်းပေရန်ကို အနည်းငယ်အကျပ်ရိုက်သွားစေသည်။
‘ငါသူ့နောက်လိုက်သင့်လား မလိုက်သင့်ဘူးလား’
စနစ်ရွေးချယ်စရာက သူ့ကို ယဲ့ဖန်ကိုစောင့်ကြည့်ရန် အရင်းအမြစ်စုစည်းမြို့တွင်နေရန် ပြောခဲ့သော်လည်း ဒါက ကျန်းပေရန်၏ ကိုယ်ပိုင်ခန့်မှန်းချက်ပေါ်တွင်သာ အခြေခံသည်။
‘ကဲ ငါသူ့နောက်လိုက်ပြီး ကြည့်လိုက်ရုံပဲ’
ထို့ကြောင့် ယဲ့ဖန် အရင်းအမြစ်စုစည်းမြို့မှ ထွက်ခွာသွားပြီးနောက် ကျန်းပေရန်သည်လည်း သူ၏နောက်သို့ လိုက်ပါသွားသည်။
စနစ်က မည်သည့်ရွေးချယ်စရာအသစ်မျှ မဖြစ်ပေါ်စေသောအခါ ကျန်းပေရန်သည် ယဲ့ဖန်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်မည်မှာ သေချာကြောင်း ပို၍ပင်သေချာသွားသည်။
‘ကောင်းကင်ဘုံအဆင့်အဖြစ်အပျက်ကို ဖြစ်ပေါ်စေတဲ့ ဘယ်အရာမဆို... မင်းအလွယ်ဆုံး ရွေးချယ်စရာကို ရွေးရင်တောင် ဒါက ဘယ်တော့မှမရိုးရှင်းဘူး’
ယဲ့ဖန်၏အဘိုးအိမ်သို့ သွားရာလမ်းသည် တောင်ကြားလမ်းတစ်ခုကို ဖြတ်သွားရသည်။
ယဲ့ဖန်သည် ၎င်းနှင့် ရင်းနှီးပုံရပြီး ဆိတ်သွားလမ်းများတစ်လျှောက် အရှိန်ပြင်းစွာဖြင့် ပြေးလွှားသွားသည်။
မကြာမီမှာပင် သူသည် တောင်ထိပ်များစွာကို ကျော်ဖြတ်သွားသည်။
‘စိတ်ထဲမှာတော့ ကလေးလေးပဲရှိသေးတာပဲ’
တောင်ထိပ်တစ်ခုပေါ်မှ ကျန်းပေရန်သည် ယဲ့ဖန်က လမ်းမကြီးကို တက်ကြွစွာရှောင်ရှားပြီး ထူးဆန်းသောလမ်းလွှဲများအားလုံးကို ရွေးချယ်နေသည်ကို သတိပြုမိလိုက်သည်။
ခုန်ပျံကျော်လွှားရင်း... သူသည် သူ၏အသစ်ရရှိထားသော ကျင့်ကြံမှု၏ ကန့်သတ်ချက်များကို စမ်းသပ်နေသည်မှာ ရှင်းလင်းနေသည်။
သူအရင်က ဘယ်တော့မှမလုပ်နိုင်ခဲ့သော လှုပ်ရှားမှုများကို ယခုအခါ သူအားလုံးကို စမ်းသပ်ကြည့်ချင်နေသည်။
"ဒုန်း"
ရုတ်တရက် တောင်ကြီးတုန်ခါသွားသည်။
ယဲ့ဖန်ရှေ့သို့ပြေးနေစဉ် သူ၏ခြေထောက်အောက်တွင် အက်ကြောင်းကြီးတစ်ခု ပွင့်ထွက်သွားပြီး မည်သို့မျှမတုံ့ပြန်နိုင်မီမှာပင် သူသည် အတွင်းသို့ ပြုတ်ကျသွားသည်။
‘တကယ်ပဲ... ဘာတွေဖြစ်ကုန်တာလဲ’
ယဲ့ဖန်ကို မျိုချသွားသော အပေါက်ကိုကြည့်ရင်း ကျန်းပေရန်သည် စိတ်ထဲမှ မညည်းညူဘဲမနေနိုင်တော့ချေ။
ဒီလောက်ကြီးတဲ့တောင်၊ ဒီလောက်ရှည်တဲ့လမ်းမှာ အပေါက်က ယဲ့ဖန်ရဲ့ခြေထောက်အောက်မှာပဲ တည့်တည့်ဖြစ်ပေါ်လာတယ် ဟုတ်လား။ ဒါသာ ဇာတ်လိုက်အရှိန်အဝါရဲ့အစွမ်း မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ ကျန်းပေရန် မသိတော့ချေ။
သူ၏နောက်မှ အသစ်ဖြစ်ပေါ်လာသော ချောက်ထဲသို့ ခုန်ဆင်းရင်း ကျန်းပေရန်သည် တောင်ကြီးအတွင်း၌ အခြားကမ္ဘာတစ်ခုရှိနေသည်ကို ရှာဖွေတွေ့ရှိလိုက်သည်။ လျှို့ဝှက်အခန်းတစ်ခုလိုမျိုး ဖြစ်သည်။
ကျောက်နံရံများသည် ရှားပါးသောကျောက်ရိုင်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။ သူ၏အကြည့်သည် အောက်ခြေမှ ကောင်းကင်ပြာရောင်ကျောက်ရိုင်းတစ်ခုပေါ်သို့ ချက်ချင်းကျရောက်သွားသည်။
‘ဒါက... ဝိညာဉ်နိုးထကျောက်ရိုင်းလား’
ကျန်းပေရန် မှင်တက်သွားသည်။ ဒီကျောက်ရိုင်းကို ပြိုင်ဘက်ကင်းအဆင့်လက်နက်များ ထုလုပ်ရာတွင် အသုံးပြုနိုင်သည်။
မှန်ကန်သောအပိုပစ္စည်းများဖြင့် ၎င်းသည် ဝိညာဉ်ရတနာတစ်ခု၏ အဓိကအစိတ်အပိုင်းပင် ဖြစ်လာနိုင်သည်။
ထို့နောက် သူသည် ထိုကျောက်ရိုင်းတုံးကြီးဘေးတွင် လဲလျောင်းနေသော ယဲ့ဖန်ကို သတိပြုမိလိုက်သည်။
‘ဒါဆို ဒါက ဇာတ်လိုက်ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ပေါ့... ဟမ် ဒါဆို ငါက သူ့ဇာတ်လမ်းအရှိန်အဝါကို လာကပ်ဖားနေတာလား’
ရှေးစကားပုံတစ်ခုရှိသည်... တွေ့ဆုံလျှင် မျှဝေခံစားကြ။
သူသည် ဝိညာဉ်နိုးထကျောက်ရိုင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့် ကျန်းပေရန်သည် လက်ဗလာဖြင့် ထွက်ခွာသွားမည်မဟုတ်သည်မှာ သေချာသည်။
အောက်တွင် ယဲ့ဖန်သည် သူ၏ခါးကို နာကျင်သောအမူအရာဖြင့် ပွတ်သပ်ရင်း ထိုင်နေသည်။
သူပြုတ်ကျသောအခါ သူ၏ဘေးစောင်းသည် အပြာရောင်ကျောက်ရိုင်းတုံးကြီးကို တိုက်ရိုက်ဆောင့်မိခဲ့သည်။
အကယ်၍ သူသာ အနက်ရောင်ကျင့်ကြံသူတစ်ဦးအဖြစ်သို့ အဆင့်မတက်ရသေးပါက သူတကယ်သေသွားနိုင်လောက်သည်။
သူ၏သိုလှောင်လက်စွပ်ထဲမှ ချီနှင့်သွေးဆေးလုံးတစ်လုံးကို ထုတ်ယူကာ ယဲ့ဖန်သည် ၎င်းကိုမျိုချပြီး သူ့ကိုယ်သူကုသရန် စွမ်းအင်လည်ပတ်စပြုလိုက်သည်။
ထိုအချိန်တွင် ကျန်းပေရန်သည် ဝိညာဉ်နိုးထကျောက်ရိုင်းတစ်ခုတည်းသာ ဤနေရာမှရတနာ မဟုတ်နိုင်ဟုတွေးကာ အနီးအနားမှ ဥမင်လိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် တောင်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ကြည့်ရှုလိုက်သည်။
"ဘုန်း"
ရုတ်တရက် အထက်မှ ကျယ်လောင်သောမြည်ဟည်းသံများ တစ်ဖန်ပြန်ထွက်ပေါ်လာသည်။
ကျန်းပေရန်သည် ဒီဆူညံသံသည် ယခင်ပြိုကျမှုကို ဖြစ်ပေါ်စေခဲ့သောအသံနှင့် ဆင်တူကြောင်း နားလည်လိုက်သည်။
‘ဟင် အသံက... ဒီတစ်ခါ ပိုနီးနေသလိုပဲ’
ကျန်းပေရန် စဉ်းစားနေစဉ်မှာပင် သူ၏ဘေးတွင် ဘုတ်ခနဲအသံနှစ်ချက်မြည်သွားသည်... အရိပ်ကြီးတစ်ခုနှင့် အရိပ်ငယ်တစ်ခု မြေပေါ်သို့ ပြုတ်ကျလာသည်။
"…………."
ကျန်းပေရန် မှင်တက်သွားသည်။ သူ၏သိုင်းလောကတွင် နှစ်ပေါင်းများစွာအတွင်း သူသည် ဤကဲ့သို့သောအရာကို ဘယ်တော့မှမမြင်ဖူးခဲ့ချေ။
"သာမန်ကူလင်းတတစ်ကောင်က ဒီလောက်စွမ်းအားပြရဲတယ် ဒါပေမဲ့ ဒါက မင်းအဆုံးသတ်မယ့်နေရာပဲ"
သူ၏ဘယ်ဘက်မှ အပေါက်ထဲမှ အမျိုးသမီးတစ်ဦးသည် ရုန်းကန်ထရပ်ကာ အော်ဟစ်လိုက်သည်။
ရှင်းလင်းစွာပင် စုတ်ပြတ်နေသော်လည်း သူမ၏ပြိုင်ဘက်ကင်းသောအလှသည် အနည်းငယ်မျှပင် မလျော့ကျခဲ့ချေ။
သူမ၏မျက်လုံးများသည် ရေကဲ့သို့ဖြစ်ပြီး အေးစက်မှုအရိပ်အယောင်တစ်ခု သန်းနေသည်။
သူမ၏နူးညံ့သောလက်ချောင်းများ၊ ပန်းရောင်သန်းနေသော ချောမွေ့သည့်အသားအရေ... ထိလိုက်လျှင် ရေများညှစ်ထွက်လာမတတ် ဖြစ်၏။
သူမ၏ရှည်လျားနက်မှောင်သောဆံပင်သည် လုံးဝပြေကျသွားပြီး လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
သူမ၏ခါးသည် သေးသွယ်ပြီး ခြေလက်အင်္ဂါများသည် ကျက်သရေရှိသည်။ သူမတွင် နတ်သမီးတစ်ပါးကဲ့သို့သော လောကုတ္တရာအလှရှိသည်။
သူမသည် စုတ်ပြဲနေသော အဖြူရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှို့ဝှက်လိပ်ပြာပုံစံများဖြင့် အလှဆင်ထားသည်။
ညအခါတောက်ပသော ပုလဲတစ်လုံးမှ ထွင်းထုထားသော တောက်ပသည့်လိပ်ပြာ ပုံသဏ္ဌာန် အဆင်တန်ဆာတစ်ခုဖြင့် သူမ၏နဖူးကို အလှဆင်ထားသည်။
ရိုးရှင်းပြီး ကျက်သရေရှိသောမျက်ခုံးများ၊ မိတ်ကပ်မပါသောမျက်နှာနှင့် နှင်းကဲ့သို့ဖြူသော လည်တိုင်တစ်ဝိုက်မှ ကျောက်စိမ်းလည်ဆွဲ... သူမသည် ကောင်းကင်မှဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့်တူသည်။
သူမ၏မျက်လုံးများသည် ရှေ့သို့ဝေ့ကြည့်လိုက်သော်လည်း ကူလင်းတအစား သူမတွေ့လိုက်သည်မှာ ခန့်ညားသောလူငယ်တစ်ဦးဖြစ်သည်။
"မင်းလူ့ပုံစံအဖြစ်တောင် ပြောင်းလဲနိုင်တယ်ဆိုတော့... မင်းတော်တော်ကျွမ်းကျင်တာပဲ"
‘မင်းငါ့ကို နောက်နေတာဖြစ်ရမယ်’
ကျန်းပေရန်သည် သူ၏ခေါင်းကို နံရံနှင့်ဆောင့်ချင်စိတ်ကို တွန်းလှန်လိုက်သည်။ သူက လက်ကာပြကာ ပြောလိုက်သည်။
"ငါက လမ်းကြုံဖြတ်သွားတာပဲ မင်းရှာနေတဲ့ငှက်က မင်းနောက်မှာရှိနေတုန်းပဲ"
သူမ၏နောက်သို့ညွှန်ပြရာ ကူလင်းတသည် အချိန်ကိုက်ထရပ်ကာ အော်သံများစွာကို ပြုလုပ်လိုက်သည်။
သို့သော် ကျန်းပေရန်၏နားထဲတွင် ထိုအော်သံများသည် အောက်ပါအတိုင်းဘာသာပြန်ဆိုနေသည်။
"နင်ဒီနံတဲ့မိန်းမ နောက်တစ်ခါလာခဲ့ရဲရင်လာခဲ့ နောက်တစ်ခါဆို နင့်မျက်လုံးတွေကို ငါနှိုက်ထုတ်ပစ်မယ်"
ကျန်းပေရန်က အပြည့်အစုံမြင်ရရန် လှည့်ကြည့်လိုက်သည်။
ကူလင်းတသည် သုံးမီတာကျော်မြင့်ပြီး သိမ်းငှက်နှင့်ကျားသစ်ကြားတွင်ရှိကာ ခေါင်းပေါ်တွင် ရှည်လျားချွန်ထက်သောဦးချိုတစ်ခုရှိသည်... အမှန်တကယ်ကြောက်စရာကောင်းသည်။
ကူလင်းတသည် ကျန်းပေရန်ကိုမြင်သောအခါ ခဏရပ်တန့်သွားသည်။ ထို့နောက် ၎င်းက တစ်ဖန်ပြန်အော်ဟစ်လိုက်သည်။
"အိုး ဒါဆို နင်အကူအညီခေါ်လာတာပေါ့ ဟုတ်လား ငါနင်တို့နှစ်ယောက်လုံးကို နှိုက်သတ်ပစ်မယ်"
ကျန်းပေရန်သည် ပြန်ပြောရန်ပင် စိတ်မဝင်စားချေ။
သူသည် သူ၏ဝိညာဉ်အာရုံကို အမျိုးသမီးအပေါ်သို့ ဝေ့ကြည့်လိုက်သည်။
အနက်ရောင်ဧကရာဇ် အဆင့်ရှစ်
လန်ပြည်နယ်တွင် ထိုသို့သောကျင့်ကြံမှုရှိသူတစ်ဦးသည် ထိပ်တန်းအဆင့် အားကောင်းသူတစ်ဦးဖြစ်သည်မှာ သေချာသည်။
သူမကဲ့သို့သောသူတစ်ဦး ရုတ်တရက် သူ၏ရင်ခွင်ထဲသို့ ပြုတ်ကျလာမည်ဟု... ကျန်းပေရန်သည် လုံးဝမမျှော်လင့်ခဲ့ချေ။
ကူလင်းတအတွက်မူ အနက်ရောင်ဧကရာဇ် အဆင့်ရှစ်ကို ဒဏ်ရာရစေနိုင်ရန် ၎င်းသည် အလွန်အားကောင်းသော အဆင့်ခြောက်ရှားပါးသားရဲတစ်ကောင် ဖြစ်ရမည်။
"အဟွတ်"
ထိုအခိုက်တွင် အမျိုးသမီးဧကရာဇ်သည် သွေးတစ်လုတ်အန်ထုတ်ကာ ဖြည်းညင်းစွာပြိုလဲကျသွားပြီး မျက်လုံးများသည် ကျန်းပေရန်အပေါ်တွင် စူးစိုက်နေသည်။
‘အိုး မဟုတ်သေးဘူး မင်းငါ့အပေါ်မှာ သားကောင်ဖြစ်ဟန်မဆောင်နဲ့ ငါဘာမှမလုပ်ဘူး’
တစ်ချိန်တည်းတွင် ခရမ်းရောင်မီးလုံးတစ်လုံးသည် ကူလင်းတ၏ရင်ဘတ်မှ ပေါက်ကွဲထွက်လာသည်။ အော်ဟစ်ရင်း ၎င်းသည်လည်း မြေပေါ်သို့ လဲကျသွားပြီး ၎င်း၏အကြည့်သည်လည်း ကျန်းပေရန်အပေါ်တွင် တည့်တည့်စူးစိုက်နေသည်။
‘ တကယ်ပဲ မင်းတို့နှစ်ယောက်လုံး... ငါ့ကိုအဲ့လိုမကြည့်ကြနဲ့ ငါဘာမှမလုပ်ဘူး’
"အဟွတ်... အဟွတ်... အဲ့ဒီသားရဲက တိုက်ပွဲအတွင်းမှာ ငါ့ကိုအဆိပ်ခတ်သွားတာဖြစ်မယ်"
အမျိုးသမီးဧကရာဇ်သည် သူ့ကိုယ်သူ ခြေယှက်ထိုင်ရန် အတင်းအကျပ်ကြိုးစားပြီးနောက် ကျန်းပေရန်ကို စိုက်ကြည့်လိုက်သည်။
"ကျင့်ကြံသူ မိတ်ဆွေ ကျွန်မအကူအညီတစ်ခုတောင်းပါတယ် ကူလင်းတက ကျွန်မရဲ့မီးလျှံမြွေ ခရမ်းရောင်မီးကြောင့် မလှုပ်နိုင်တော့ဘူး ကျေးဇူးပြုပြီး ကျွန်မရဲ့ဓားကိုဆွဲထုတ်ပြီး သူ့ရဲ့ဦးချိုကို ဖြတ်ပေးပါ ကျွန်မ ရှင့်ကို ကောင်းကောင်းဆုချပါ့မယ်"
ဒဏ်ရာရနေသော ကူလင်းတသည် သူ၏တောင်ပံများကို ပြင်းထန်စွာခတ်ကာ နောက်ထပ်အော်သံ တစ်ချက်ပြုလုပ်လိုက်သည်-
"မင်းတို့ယုတ်မာတဲ့လူသားတွေ ငါ့အိမ်ကိုကျူးကျော်တယ် သားရဲတွေကိုသတ်တယ် ရတနာတွေကိုခိုးတယ် ဖြောင့်မတ်ဟန်ဆောင်တယ်... အရှက်မရှိဘူး အရှက်မရှိဘူး ငါသေပြီးဝိညာဉ်ဖြစ်သွားရင်တောင် မင်းတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး"
ကျန်းပေရန်သည် ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်မီမှာပင် စနစ်ရွေးချယ်စရာလေးခုသည် သူ၏ရှေ့တွင် ပေါ်လာသည်။
[ရွေးချယ်စရာ တစ်- အမျိုးသမီးဧကရာဇ်ကို သတ်ပါ။ ဆု- သစ်တော်ပန်း မြင့်မြတ်ကျမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]
[ရွေးချယ်စရာ နှစ်- ကူလင်းတကို သတ်ပါ။ ဆု- တောက်လောင်နေ လျှို့ဝှက်သိုင်း (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်စရာ သုံး- ချက်ချင်းထွက်ခွာပါ။ ဆု- နေလိုက်ဝတ်ရုံ (အနက်ရောင်အဆင့်၊ အလယ်အလတ်)]
[ရွေးချယ်စရာ လေး- အမျိုးသမီးဧကရာဇ်ကို ဆူပူကြိမ်းမောင်းပြီး အရှုံးပေးစေပါ။ ဆု- +၁ ကျပန်းအခြေခံကျွမ်းကျင်မှုအမှတ်]
‘ဘာတွေဖြစ်ကုန်တာလဲ ဒီဇာတ်လမ်းက တော်တော်အတင်းကြီးဖြစ်နေလို့ ငါရူးတော့မယ်’
သို့သော် ကျန်းပေရန်သည် အလျင်အမြန်သတိပြန်ဝင်လာသည်။
ဒါက ရှင်းလင်းစွာပင် ယဲ့ဖန်၏ဇာတ်လိုက်လမ်းကြောင်းအတွက် ရည်ရွယ်သော လက်ဆောင်ကြီးတစ်ခုဖြစ်သည်။
အကယ်၍ အရာရာ "ပုံမှန်" အတိုင်းသွားခဲ့ပါက ယဲ့ဖန်သည် ဒဏ်ရာရနေသောလူနှင့်သားရဲကို တွေ့ရှိပေလိမ့်မည်။
သားရဲဘာသာစကားကို နားမလည်နိုင်သောကြောင့် သူသည် သဘာဝအတိုင်းပင် လှပသောအစ်မကြီးကို မိစ္ဆာကိုသတ်ရာတွင် ကူညီပေလိမ့်မည်။
ထိုမှတစ်ဆင့် အဆင့်မြင့်သူတစ်ဦးနှင့်လက်ထပ်ပြီး အောင်မြင်မှုသို့ ပျံတက်သွားပေလိမ့်မည်။
သို့သော် ယခု...
‘ကြည့်ရတာ ငါသူ့အခွင့်အရေးကို မတော်တဆခိုးယူလိုက်မိပြီထင်တယ်’
စိတ်ထဲမှသက်ပြင်းချရင်း ကျန်းပေရန်သည် ရွေးချယ်စရာများကို စိုက်ကြည့်နေသည်။
ပထမနှစ်ခုသည် ရှင်းလင်းသည်။ သို့သော် ရွေးချယ်စရာလေးက ဘာလဲ... သူမကို ဆူပူကြိမ်းမောင်းပြီး အရှုံးပေးစေ ဟုတ်လား။
သူတုံ့ဆိုင်းနေစဉ် အမျိုးသမီးနှင့်ငှက်သည် ဆက်လက်ငြင်းခုံနေကြသည်။
"မိတ်ဆွေ ကျင့်ကြံသူ ဘာလို့ ရှင်က တုံ့ဆိုင်းနေရတာလဲ ဒီလိုမိစ္ဆာသားရဲမျိုးကို သတ်ရမယ် အဲ့လိုလုပ်ရင် ရှင်လိုချင်သမျှ ရစေရမယ်"
"ညစ်ပတ်တဲ့လူသား ပုပ်သိုးတဲ့လူသား စက်ဆုပ်စရာလူသား တစ်ယောက်တည်းမနိုင်နိုင်တော့ အကူအညီခေါ်တယ် စက်ဆုပ်စရာပဲ"
" ရှင်ဓားကိုဆွဲထုတ်ပါ နောက်မကျပါနဲ့ အဲ့ဒီသားရဲသာ ပြန်ကောင်းလာရင် ငါတို့နှစ်ယောက်လုံး သေလိမ့်မယ်"
"မိုက်မဲတဲ့လူသား ပုပ်သိုးတဲ့လူသား လူသားတွေအားလုံးက အမှိုက်တွေပဲ"
"ကျင့်ကြံသူ မိတ်ဆွေ"
"ပုပ်သိုးတဲ့လူသား"
"ကျင့်ကြံသူ မိတ်ဆွေ"
"ပုပ်သိုး..."
"မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း ငါစဉ်းစားနေတယ်"
ကျန်းပေရန်သည် အဆုံးမရှိသောငြင်းခုံမှုကြောင့် နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားသည်။
ဂူအတွင်း တိတ်ဆိတ်မှုကျရောက်သွားသည်။
"ဟူး..."
သူသည် သက်ပြင်းရှည်ကြီးကိုချကာ ရွေးချယ်စရာလေးကိုရွေးချယ်ပြီး ကူလင်းတဘက်သို့ လှည့်လိုက်သည်။
"မင်းပြော မင်းဘက်ကအကြောင်းကို ပြောပြ"
ကူလင်းတက ခဏရပ်တန့်သွားသည်။
"မင်းသားရဲဘာသာစကားကို နားလည်တယ်"
"ဟုတ်တယ် ဒါကြောင့် မြန်မြန်လုပ် အဲ့ဒီမိန်းမက ငါ့ကိုမင်းဦးချိုကို ဖြတ်ခိုင်းနေတယ်"
"အဲ့ဒီယုတ်မာတဲ့မိန်းမ"
ကူလင်းတက ဟိန်းဟောက်လိုက်သည်။ ၎င်းက ကျန်းပေရန်ကို သတိဖြင့်ကြည့်လိုက်သည်။
"ဒါပေမဲ့ ငါမင်းကိုပြောပြရင်တောင် မင်းက သူ့ဘက်ကပဲ လိုက်မှာပဲ"
"ဒါဆို ထားလိုက်တော့ ငါဓားသွားယူမယ်"
"စောင့်ပါ စောင့်ပါ ငါပြောပါ့မယ် အကုန်ပြောပြပါ့မယ်"
‘မင်းပြောမှာပဲလေ’
ကျန်းပေရန်က နောက်ပြန်လှည့်လိုက်သည်။
ထိုအချိန်တွင် မုန်စီပေ့သည် လုံးဝမှင်တက်ကျန်ရစ်ခဲ့သည်။ ထိုခန့်ညားသောလူငယ်သည် ကူလင်းတနှင့် သားရဲဘာသာစကားဖြင့် စကားစမြည်ပြောနေပြီး သူမကို လုံးဝလျစ်လျူရှုထားသည်။
‘မဟုတ်ဘူး... မဖြစ်နိုင်ဘူး... သူက လူ့ပုံစံပြောင်းနိုင်တဲ့ အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင်လား’
ထိုသို့တွေးရင်း မုန်စီပေ့၏မျက်နှာသည် ဖြူဖျော့သွားသည်။
ကူလင်းတ၏အဆိပ်သည် အလွန်ပြင်းထန်သည်။သူမသည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်ပေ သူမ၏ကိုယ်ပိုင်အတွင်းအားကို အသက်မသွင်းနိုင်ပဲ သူမ၏ကာယခွန်အားကိုပင် မသုံးနိုင်ချေ။
သူမသည် လုံးဝအကာအကွယ်မဲ့နေသည်။ အကယ်၍ သူသာ တကယ်လူပုံစံသားရဲတစ်ကောင်ဖြစ်ပါက သူမသေရမည်မှာ သေချာသည်။
ထိတ်လန့်တကြားဖြင့် သူမသည် သူမ၏ကျင့်ကြံနည်းစနစ်ကို တစ်ဖန်ပြန်လည်လည်ပတ်ရန် ကြိုးစားလိုက်သည်။
ဘာမှမဖြစ်လာပေ။ ရွေးချယ်စရာမရှိတော့သဖြင့် သူမက ပြောလိုက်သည်။
"မိတ်ဆွေကျင့်ကြံသူ. ရှင်သာ တကယ်လူ့ပုံစံပြောင်းထားတဲ့ မိစ္ဆာသားရဲတစ်ကောင်ဆိုရင်... ဒါဆိုရင်... မြန်မြန်ပဲလုပ်လိုက်ပါ"
ကျန်းပေရန်က လှည့်ကာ လက်ကာပြလိုက်သည်။
"မင်းအလှည့် နောက်မှရောက်မယ် အခုတော့ နားနေလိုက်ဦး"
"ကျွန်မ..."
မုန်စီပေ့သည် ဤမျှလောက် လုံးဝလျစ်လျူရှုခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းက သူမကို ရောထွေးသောခံစားချက်များစွာဖြင့် ကျန်ရစ်စေသည်။
အခြားယောက်ျားများ သူမအပေါ်တုံ့ပြန်ပုံကို ပြန်လည်သတိရရင်း သူမသည် စိတ်ပျက်စွာဖြင့် နားလည်သွားသည်။
‘သူတကယ်ပဲ လူပုံစံသားရဲတစ်ကောင်ပဲ’
ထိုအချိန်တွင် ကူလင်းတသည် စတင်ပြောဆိုနေပြီဖြစ်သည်။
"ငါ ဒီဂူထဲမှာ နှစ်နှစ်ရာနေခဲ့တာ ငါကျင့်ကြံရုံကလွဲပြီး ဘာမှမလုပ်ခဲ့ဘူး... အဲ့ဒီညစ်ပတ်တဲ့မိန်းမကို ဘယ်တော့မှမစော်ကားခဲ့ဘူး ပြီးတော့ ရုတ်တရက် သူဝင်လာပြီး ဝိညာဉ်နိုးထကျောက်ရိုင်းကို ပေးဖို့အော်ဟစ်တယ် ဒါက ငါကိုယ်တိုင်ပျိုးထောင်ထားတဲ့အရာ ငါငြင်းတာပေါ့"
"သူဝိညာဉ်နိုးထကျောက်ရိုင်းကို တောင်းတာ မင်းသေချာလား မင်းလိမ်နေရင် ငါမင်းကိုမကူညီနိုင်ဘူး"
"အင်း... အဲ့ဒီစကားလုံးအတိုင်းတော့ မဟုတ်ဘူး ဒါပေမဲ့ သူ ငါ့ရတနာအတွက် လာတာဆိုတာ ကျွန်တော်သိတယ်"
"ကောင်းပြီ ဒါဆို ငါမေးတာကို မင်းဖြေ"
ကူလင်းတက ခေါင်းညိတ်လိုက်သည်။
"လူသားတွေကို စားဖူးလား"
"မစားဖူးဘူး ကျွန်တော်ဒီဂူထဲကတောင် တစ်ခါမှမထွက်ဖူးဘူး"
"နှစ်နှစ်ရာလုံးလား"
"ဟုတ်ကဲ့ ငါ့အမေက အပြင်လောကက အန္တရာယ်များတယ်လို့ပြောတယ် သူက ငါ့ကို ဒီထဲမှာပဲ လုံခြုံအောင်နေခိုင်းတယ်"
‘ဝိုး တကယ်ပဲ တာဝန်ကျေတဲ့သားရဲပဲ’
"မင်းအမေ အခုဘယ်မှာလဲ"
"ငါ ကြီးလာတော့ သူထွက်သွားတယ်"
ကူလင်းတ၏အသံအရ ကျန်းပေရန်သည် ၎င်းက လုံးဝပုံမှန်ဖြစ်သည်... ရှားပါးသားရဲများကို ပျိုးထောင်ပုံသာဖြစ်သည်ဟု ယူဆကြောင်း ပြောနိုင်သည်။
သေသေချာချာမေးမြန်းပြီးနောက် ကျန်းပေရန်သည် အန္တရာယ်မရှိသောသားရဲတစ်ကောင်ဖြစ်ကြောင်း အခြေခံအားဖြင့် သေချာသွားသည်။
‘ဒါဆိုရင် ဒါက စနစ်က ငါ့ကိုအဲ့ဒီမိန်းမကို ဆူပူခိုင်းတာနဲ့ ဘာဆိုင်လို့လဲ’
စဉ်းစားရင်း ကျန်းပေရန်သည် အဖြေကိုရှာတွေ့လိုက်သည်။
အမျိုးသမီး... လန်ပြည်နယ်မှ အကြီးအကဲ အနက်ရောင်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်းသည် ဒုက္ခများစွာကို ဆောင်ကြဉ်းလာလိမ့်မည်။
သားရဲကိုသတ်ရာတွင် သူမကိုကူညီခြင်းသည် ၎င်း၏ဆွေမျိုးများ သို့မဟုတ် မျိုးနွယ်စုမှ လက်စားချေခြင်းကို ဆောင်ကြဉ်းလာနိုင်သည်။
ထို့ကြောင့် သူမကိုဆူပူကြိမ်းမောင်းပြီး အရှုံးပေးစေခြင်း... ရှင်းလင်းစွာပင် ငြိမ်းချမ်းစွာ ဖြေရှင်းရန်ဖြစ်သည်။
မည်သူမျှမသေချေ၊ အားလုံးထွက်ခွာသွားလို့ ရသည်။
‘ဒါပေမဲ့ "ဆူပူကြိမ်းမောင်းပြီး အရှုံးပေးစေ"... တကယ်ပဲ ကဗျာဆန်လိုက်တာ’
သူ၏အတွေးများကို ရှင်းလင်းပြီးနောက် ကျန်းပေရန်သည် သားရဲကို တစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီ ဒီမှာခဏစောင့်"
"ခင်ဗျားသူ့ကို ငါ့ကိုသတ်ခိုင်းမှာ မဟုတ်ဘူးမလား"
ကူလင်းတက ကြောင်တစ်ကောင်လို သံသယများဖြင့် ပြည့်နေသောမျက်လုံးများဖြင့် မေးလိုက်သည်။
အဖြေမရှိချေ။ ကျန်းပေရန်သည် အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။
"ဟွန့် ရှင်လုပ်ချင်သလိုလုပ် ကျွန်မက ရှင်တို့လို အမျိုးအစားကို ဘယ်တော့မှဦးညွှတ်မှာမဟုတ်ဘူး"
မုန်စီပေ့က အော်ဟစ်ကာ သူမ၏မျက်နှာကို လွှဲလိုက်သည်။
"အိုး အရင်မှားတဲ့လူအတွက် သဘောထားကြီးလိုက်တာ အရှက်တရားရောရှိရဲ့လား"
မုန်စီပေ့ မှင်တက်သွားသည်။
"ကျွန်မဘာမှားလို့လဲ ရှင်တို့မိစ္ဆာသားရဲတွေ... အားလုံးသေသင့်တယ်"
"အိုး သူက မင်းကိုဘာလုပ်လို့ မင်းက သူ့ကိုသတ်ချင်ရတာလဲ"
"ဒါက သားရဲပဲ အဲ့ဒါအကြောင်းပြချက်ပဲ"
"ဟုတ်ပါပြီ မင်းက ရတနာကိုလိုချင်တာပဲ ဝန်ခံလိုက်စမ်း မင်းဒီကို ဝိညာဉ်နိုးထကျောက်ရိုင်းအတွက် လာတာမဟုတ်လား"
သူမ၏မျက်နှာ အနည်းငယ်တောင့်တင်းသွားသော်လည်း သူမက မေးစေ့ကိုမော့ထားဆဲဖြစ်သည်။
"ဟုတ်တယ်ဆိုရင်တောင် ဘာဖြစ်လဲ သားရဲတစ်ကောင်ကိုသတ်ရင် သူ့ပစ္စည်းက ငါ့အပိုင်ပဲ"
"ဓားပြဆန်တဲ့အငြင်းအခုံပဲ ငါမင်းကိုသင်ပေးမယ်... ဒီမှာ တကယ့်သားရဲက ဘယ်သူလဲဆိုတာ"