← Chapters

တိုက်ပွဲစပြီ

Vol. 94 Ch. 1317

တိုက်ပွဲစပြီ

Vol. 94 Ch. 1317

ရှောင်ဟိုင် ထရပ်ပြီး ပုဆိန်နှစ်လက်ကိုင် လန်ယောင်ထံလျှောက်သွားသည့် မြင်ကွင်းကို ကြည့်ရင်း ရှိနေသောသူတိုင်း၏ မျက်နှာများက သံသယနှင့်ပြည့်နှက်နေကြ၏။

အိမ်ရှေ့စံမင်းသားပင်လျှင် အနည်းငယ်ပဟေဠိဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ထဲကမည်သူမှ ရှောင်ဟိုင်လှုပ်ရှားတာကို မမြင်ဖူးကြပါ။

ရှောင်ဟိုင်တွင် နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားရှိတယ်ဆိုတာကိုသာ သူတို့သိကြသည်။ ထိုခွန်အားနှင့် ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က လန်ယောင်အား သူဘယ်လိုရင်ဆိုင်မလဲဆိုတာ မည်သူမှမသေချာပေ။

နယ်ပယ်များကြားက ကွာခြားချက်က အသေးအဖွဲ့အရာတစ်ခုမဟုတ်။

မင်းသားငါးပင်လျှင် ရယ်မောလိုက်မိသည်။

"ဒါက ယှဉ်ပြိုင်တဲ့တိုက်ပွဲတစ်ခုပဲ ဆိုပေမယ့် ဒဏ်ရာတွေရနိုင်ပါသေးတယ်၊ တကယ်လို့ ဝိဉာဉ်အနှစ်သာရကျောင်းတော်က ငနဲလေးက ကိုယ့်ကိုကိုယ် အမောမခံသရွေ့ ပိုကောင်းတာပေါ့"

သူ့စကားလုံးများက အတော်လေးပညာသားပါသည်။

တကယ်တမ်းတွင် ရှောင်ဟိုင်တွင် ယှဉ်ပြိုင်ရန်အတွက် ခွန်အားမရှိဟု သူယုံကြည်ထားခြင်းပင်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ကိုယ်ပိုင်တပည့်တစ်ဦးအဖြစ် အတော်လေးကျော်ကြားသည့် ဖုန်းယီအကြောင်းကို သိရပြီးနောက် တခြားရုံးအရာရှိများနှင့် ပါရမီရှင်များက ရှောင်ဟိုင်အား စိတ်၀င်စားမှုကင်းမဲ့သည့် မျက်နှာဖြင့် ကြည့်နေကြသည်။

သူတို့တစ်ခါမှမကြားဖူးသလို လန်ယောင်နှင့်ယှဉ်ပါက နယ်ပယ်များစွာနိမ့်ကျသည့် ဤလူငယ်လေးက ဒီပြိုင်ပွဲတွင် ရှုံးနိမ့်ရန်အတွက် အလားအလာပိုများသည်။

သို့သော် တတိယမင်းသားကမူ ရှောင်ဟိုင်အား တစ်ချိန်လုံးစိုက်ကြည့်ရင်း တိတ်ဆိတ်နေသည်။

ယခုလိုနယ်ပယ်နှင့် ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ပြိုင်ဘက်တစ်ဦးကို စိန်ခေါ်ခြင်းက သူ့အင်္ကျီလက်ထဲတွင် သိုလှောင်ထားသည့် နောက်ဆုံးခိုကိုးရာနည်းနည်းရှိသည်ဟု ဆိုလိုနေသည်။

စားသောက်ပွဲတော်အလယ်ဗဟို၌ လန်ယောင် ရှောင်ဟိုင်ရှေ့တွင်ရပ်ရင်း နှာခေါင်းရှုံ့သည်။

"မင်းခန္ဓာက ကောင်းကောင်းပြုပြင်မွမ်းမံထားတယ်ဆိုပေမယ့် ငါ့ကိုစိန်ခေါ်ဖို့ဆိုတာက စောလွန်းပါသေးတယ်၊ ဒါ့အပြင် ငါစိန်ခေါ်ချင်တာက နတ်သမီးလေးလိုဖုန်းယီကိုပဲ၊ မင်းကိုမဟုတ်ဘူး"

ရှောင်ဟိုင်လက်သီးဆုပ်ရင်း အရိုးများကို တစ်ချက်ချိုးပြီး အပြုံးဖြင့်ပြောသည်။

"မင်းငါ့ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် သူ့ကိုစိန်ခေါ်ဖို့ ဘယ်လိုလုပ် အရည်အချင်းပြည့်မီမှာလဲ၊ မင်းရောအဲလိုမထင်ဘူးလား"

ထိုစကားလုံးများနှင့်အတူ ရှောင်ဟိုင် ဖုန်းယီအား လှည့်ကြည့်လိုက်သည်။

ဖုန်းယီရယ်မောရင်း လက်ယမ်းပြသည်။

"မြန်မြန်ပြီးအောင်လုပ်တော့၊ မဟုတ်ဘူးဆိုရင် တိုက်ပွဲထဲ၀င်ပါလာမယ့်အရေးကနေ ငါ့ကိုယ်ငါ မထိန်းချုပ်ထားနိုင်လောက်ဘူး"

ဒါကိုကြားသော် လန်ယောင်၏ လှောင်ပြောင်မှုနှင့်ပြည့်နေသည့်မျက်နှာက သိသာစွာပင် မှောင်မိုက်သွားသည်။

"ဒါဆိုမင်းသတိထားတာပိုကောင်းမယ်၊ ငါ့ပုဆိန်မှာ မျက်လုံးမပါဘူး၊ မင်းခန္ဓာက အစိတ်အပိုင်းတစ်ခုကို မတော်တဆဖြတ်မိသွားရင် မင်းကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နိုင်တော့မယ်"

နှစ်ဦးသားကြားက စကားဝိုင်းက ထိုအဆင့်ထိရောက်သွားလေရာ အိမ်ရှေ့မင်းသားမှာ နောက်ထပ်တုံ့ဆိုင်းနေရန် မသင့်တော်တော့ဟု ခံစားမိသဖြင့် တိုက်ရိုက်ကြေညာလိုက်လေသည်။

"စတော့"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လန်ယောင် မြေ‌ပြင်ပေါ်ဒူးထောက်တော့မည့်အလား ဒူးအစုံကိုကွေးပြီးနောက် အဆုံးစွန်ထိ ဖိသိပ်ထားသည့် ကြိုးတစ်ချောင်းပမာ ရှောင်ဟိုင်ထံပစ်၀င်သွား၏။

ကျယ်လောင်သည့်အော်သံနှင့်အတူ လန်‌ယောင်၏အမွှာပုဆိန်က ရှောင်ဟိုင့်လက်မောင်းကို ဦးတည်ထားပြီး ပိုင်းဖြတ်ပစ်ရန်အတွက် ရည်ရွယ်ထားသည်။

သူသနားညှာတာမှုလုံး၀မပြသခဲ့ပေ။

ဒီလှုပ်ရှားမှုက ရှောင်ဟိုင့်လက်မောင်းကို ဖြတ်ပစ်ရန်အတွက် ရှင်းနေသည့် ကြိုးပမ်းမှုတစ်ခု‌ပေတည်း။

ဒါ့အပြင် ဒါက မင်းသားငါး၏ ရည်ရွယ်ချက်ဖြစ်သည်။ လက်သို့မဟုတ် ခြေကို ဖြတ်ပစ်ပြီး အသက်ကိုတော့ ချန်ထားပေးရန်ပင်။

ဒီနည်းနှင့် သူတို့အိမ်ရှေ့စံမင်းသားအား သတိပေးနိုင်ပြီး အိမ်ရှေ့စံမင်းသားထံမှ တာ၀န်များကိုရယူခြင်းက သူတို့နှင့် ဆန့်ကျင်ဘက်ဟု ဆိုလိုနေပြီး အဆုံးသတ်မကောင်းဟု လူတိုင်းအား ရှင်းလင်းစွာ သိစေလိုခြင်းဖြစ်သည်။

ရှောင်ဟိုင်၏လက်မောင်းများအား နောက်ထပ်ကယ်တင်၍မရနိုင်တော့ဟု လူတိုင်းတွေးထင်နေကြစဉ် ရှောင်ဟိုင်လက်အစုံကို မြှောက်လိုက်လေရာ သွေးကြောများက စတင်ဆူပွက်လာပြီး မျဉ်းခုနှစ်ကြောင်းက သူ့လက်မောင်းအစုံ၌ ပေါ်လာတာကို တွေ့လိုက်ကြရသည်။

လူတိုင်းအား အံ့သြသင့်သွားစေတာက နှစ်မွှာပုဆိန်အား ထိုးနှက်ရန်အတွက် သူ့လက်သီးများအား တိုက်ရိုက်အသုံးပြုလိုက်ခြင်းပင်။

ဘန်း......!

လေထုကွဲအက်သံကပျံ့သွားပြီး ဤခြံ၀င်းအား ကောင်းစွာကာကွယ်ထားကြသည့် လျှို့ဝှက်ကျွမ်းကျင်သူများက ကာကွယ်ပေးထားသည့်အတွက်ကြောင့်သာ နောက်ဆက်တွဲလှိုင်းက တခြားမည်သူတစ်ဦးကိုမှ မထိခိုက်ခဲ့ပေ။

သို့သော် မည်သူကမှ ထိုအကြောင်းကို ဂရုမစိုက်နိုင်ကြဘဲ သူတို့မျက်လုံးများက ပြူးကျယ်နေပြီး ရှေ့ကမြင်ကွင်းအား ဆွံအစွာ ကြည့်နေကြသည်။

ရှောင်ဟိုင်ခန္ဓာက ပြင်းထန်စွာ တုန်ယင်သွားပြီး လက်သီးချက်ပေါ်၌ အရိုးထိနက်ရှိုင်းသည့် ဖြတ်ရာတစ်ခုရှိနေတာကို သူတို့မြင်ရသော်လည်း နှစ်မွှာပုဆိန်ကမူ ရှောင်ဟိုင့် လက်က အရိုးများကြား ညှပ်နေပြီး အနည်းငယ်မျှပင် ရှေ့မတိုးနိုင်တော့ပါ။

လန်ယောင်၏မျက်နှာက အံ့ဩသင့်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။

ရှောင်ဟိုင့်ခန္ဓာက ဤမျှထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သာမန်နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကသာ သူ့ပုဆိန်ကို လက်ခံရရှိပါက ပြတ်တောက်သွားသည်မှာ လက်မောင်းမဟုတ်ဘဲ သူတို့အသက်ဖြစ်သွားလောက်သည်။

ဒါပေမယ့် ဒါက နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်‌ဆိုင်သင့်တဲ့ ရုပ်ခန္ဓာလား!

စားပွဲထိပ်တွင် မင်းသားငါးနှင့် မင်းသားသုံးသာမက အိမ်ရှေ့စံမင်းသား၏ မျက်လုံးများပင်လျှင် တဖျပ်ဖျပ်လင်း၀င်းနေသည်။

ကြည့်ရသည်မှာ ဒီလူကလည်း သာမတ်မဟုတ်ပုံပင်။

ထိုအချိန်မှာပင် လန်ယောင်၏မျက်လုံးများက မည်းမှောင်သွား၏။ သူ့လက်မောင်းပေါ်ရှိ ကြွက်သားများက ဖောင်းလာပြီး အင်မော်တယ်အော်ရာကို ပုဆိန်နှစ်လက်ထဲတွင် အဆက်မပြတ်ထည့်သွင်းရင်း ရှောင်ဟိုင့်၏ လက်မောင်းရိုးကို အတင်းနှစ်ပိုင်းခွဲပစ်ချင်နေသည်။

သို့သော် ရှောင်ဟိုင် သူ့ကိုအခွင့်အရေးမပေးဘဲ လန်ယောက်၏ခန္ဓာအောက်ပိုင်းအား တစ်ချက်ကန်ကျောက်ပစ်သည်။

ပြင်းထန်သည့်နက္ခတ်လေပြင်းက လန်ယောင်၏ကိုယ်ကို မထိမှန်သေးခင်မှာပင် စူးရှလှသည့်နာကျင်မှုတစ်ခုထိုးတက်လာသည်။

လန်ယောင် ဘိုးဘေးနယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေသည့်တိုင် သာမန်ကျင့်ကြံသူများက သူတို့၏ခန္ဓာခွန်အားကို ဦးစားမပေးကြပေ။ အကယ်၍ သာမန်ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူတစ်ယောက်သာ ဆိုပါက လန်ယောင်တွင် ယခုကဲ့သို့ စိုးရိမ်စရာများရှိလာမည်မဟုတ်။

သို့သော် သူရှောင်ဟိုင်ကိုရင်ဆိုင်နေရခြင်းပင်။ လန်ယောင်ကိုယ်ခွန်အားနှင့်ဆိုပါက ယခုလိုအခြေအနေရပ်များအောက်တွင် ဒဏ်ရာအား ရှောင်ရှားရန်ဟူသည် လုံး၀မလုံလောက်ပါ။

ရှောင်ဟိုင်ကြောင့် ဒဏ်ရာရပြီး မျက်နှာပျက်မည့်အရေးကနေ ရှောင်ရှားရန်အတွက် လန်ယောင်၏အမူအရာက မည်းမှောင်သွားပြီး ချက်ချင်းဆိုသလိုနောက်ပြန်ဆုတ်သွား၏။

လန်ယောင် နောက်ဘက်သို့ရွေ့သောအခါ ရှောင်ဟိုင်၏လက်သီးမှဒဏ်ရာက မီးခိုးဖြူကို ထုတ်လွှတ်နေရင်း သိသာသည့်အမြန်နှုန်းတစ်ခုနှင့် လျင်မြန်စွာ ပျောက်ကင်းသွားတာကို မြင်ရသောအခါ သူ့မျက်နှာက ရှုံ့တွသွားရသည်။

ပြိုင်ဘက်ကို တစ်ချက်တည်းနှင့် မသတ်ဖြတ်နိုင်ခြင်းက သူ့အတွက် လက်မခံနိုင်စရာပင်။

အထူးသဖြင့် ယခုလိုနယ်ပယ်များ၌ သိသာသည့်ခြားနားချက်တစ်ခု ရှိနေသောအခါတွင်ဖြစ်သည်။

လန်ယောင် မင်းသားငါးရှိရာဘက်သို့ ကြည့်လိုက်သောအခါ မင်းသားငါး၏ မျက်နှာအမူအရာက အင်မတန်မှောင်မိုက်နေတာကိုသာ မြင်လိုက်ရသည်။

ဒါကိုမြင်သော် လန်ယောင်၏နှလုံးသားက တုန်ယင်သွားရပြီး သူ့နောက်ထပ်တိုက်ချက်က ရှောင်ဟိုင်အား လုံး၀အနိုင်ယူပစ်ရမည်ဟု တွေးနေသည်။

သို့စေကာမူ လန်ယောင်၏အကြည့်က ရှောင်ဟိုင်ထံ ပြန်ရောက်သွားစဉ် ရှောင်ဟိုင်၏ပုံရိပ်က မူလနေရာကနေ ပျောက်ကွယ်သွားတာကိုသာ တွေ့လိုက်ရသည်။

အံ့ဩသင့်သွားပြီး‌ သူအမွှာပုဆိန်အား ဘေးဘက်သို့ ရုတ်ချည်းဆိုသလို လွှဲယမ်းလိုက်၏။

ယခုအချိန်တွင် မူလအခြေအနေကို ပြန်ရောက်သွားပြီဖြစ်သည့် ရှောင်ဟိုင့်လက်သီးက လက်ဖဝါးချက်အဖြစ် ပြောင်းသွားသည်။ ပုဆိန်က သူ့လက်ဖဝါးအား ထိမှန်သွားသော်လည်း သွေးများကို စိမ့်ထွက်လာခွင့်ပေးထားပြီး ရှောင်ဟိုင် ချက်ချင်းလက်ကိုဆုပ်ကာ အမွှာပုဆိန်အား လက်ဖဝါးအလယ်တွင် ညှစ်ထားသည်။

၎င်းကို အသက်ရှူကြိမ်ရေ တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်ခန့်သာ ထိန်းချုပ်ထားနိုင်သည့်တိုင် ရှောင်ဟိုင်အတွက် လုံလောက်နေလေပြီ။ သူ့တခြားလက်သီးတစ်ဖက်နှင့် ခြေထောက်နှစ်ဖက်က လန်‌ယောင်အား ဒေါသတကြီး ထိုးနှက်ကန်ကျောက်ပစ်သည်။

ဒါက ကိုယ့်ကိုကိုယ်သတ်သေရန်အတွက် မဆင်မခြင်တိုက်ခိုက်သည့် ပုံစံတစ်ခုပေတည်း။

ကိုယ့်ကိုကိုယ်ပိုကြီးမားစွာ ထိခိုက်စေပြီး ရန်သူအား ထိခိုက်အောင်လုပ်ခြင်း!

သို့သော် ဒီတိုက်ခိုက်နည်းကို ရှောင်ဟိုင်သာလျှင် လုပ်ဆောင်နိုင်သည်။

ထိုရူးသွပ်သည့်တိုက်ခိုက်မှုအောက်တွင် လန်ယောင်တစ်ယောက် တစ်ခဏမျှ လုံး၀ဖိနှိပ်ခံလိုက်ရသည်။

ဘေး၌ ဖုန်းယီ တခြားသူများကြည့်နေသကဲ့သို့ အလားတူထိတ်လန့်မှုကို မပြသဘဲ ကြည့်နေပြီး သူမ၏မျက်လုံးများကမူ သွေးနှင့် ဆူပွက်နေလေသည်။

"ဒီလိုသွေးကြောစွမ်းအားမျိုးက ရှောင်ဟိုင်လို တိုက်ပွဲရူးတစ်ယောက်အတွက် သဘာ၀က ပြင်ဆင်ပေးထားတာပဲ၊ ငါတို့ပြန်သွားတဲ့အခါကျရင် သူနဲ့ထပ်ပြီးတိုက်ခိုက်ရမယ်"

ရှောင်ဟိုင်၏ တိုက်ခိုက်နည်းကို သူမမတုပနိုင်သော်လည်း အရမ်းကြီးသဘောကျလာခြင်းကနေ သူမကိုယ့်ကိုကိုယ်မတားဆီးနိုင်ပေ။

တခြားတစ်ဘက်တွင် မုဖူရှန်းနှင့် ကျန်သောသူများကမူ ဒါကိုကျင့်သားရနေပုံရသည်။

ရှောင်ဟိုင်တစ်ယောက်ယောက်ကို တိုက်ခိုက်တိုင်း အမြဲဒီနည်းလမ်းပဲမလား!

ရှောင်ဟိုင်၏လက်ရှိအမူအရာကို ကြည့်ပါက နာကျင်မှုဟူ၍မရှိဘဲ အဆုံးစွန်သော စိတ်လှုပ်ရှားမှုကိုပါ မြင်နိုင်သည်။

လန်ယောင်တစ်ယောက် ‌ရွေးချယ်စရာမရှိဘဲ ထပ်နောက်ဆုတ်နေစဉ် ရှောင်ဟိုင်၏ ခန္ဓာကလည်း နီးလာသည်။ သူ့လက်ဖဝါးက ဒဏ်ရာရနေသည့်တိုင် မရပ်ဘဲ လန်ယောင်အား ထပ်မံတိုက်ခိုက်သည်။

သူတို့ပိုကြာကြာတိုက်ခိုက်လာလေလေ၊ လန်ယောင်တစ်ယောက်ပို၍ ထိတ်လန့်လာလေလေပင်။

ပြိုင်ဘက်သွေးကြော၏အမျက်ဒေါသ၊ ဒဏ်ရာတိုင်းအား ကုသနိုင်စွမ်းရှိခြင်းနှင့် ထိုလွှမ်းမိုးနေသည့်နတ်ဆိုးချီများနှင့်အတူ တိုက်ခိုက်မှုတိုင်းက အရင်ကထက် အနည်းငယ်စီ ပိုအားကောင်းလာသည့်အသွင်။

ဒါ့အပြင် သူက အားအင်ကုန်ခမ်းခြင်းမရှိပေ။

အံကြိတ်ထားရင်း လန်ယောင်၏ အမွှာပုဆိန်က ဆန်းကြယ်သည့်အလင်းတစ်ခုနှင့်အတူ စတင်လင်း၀င်းလာသည်။

မိုးနှင့်မြေကိုပင် ခွဲနိုင်သည့်အရှိန်အ၀ါတစ်ခုက လန်ယောင်၏ ပုဆိန်များပေါ်၌ မြင့်တက်လာသည်။

ဒီအော်ရာကို ခံစားမိသောအခါ ဖုန်းယီပင်လျှင် အနည်းငယ်မျက်မှောင်ကြုတ်ထားသည်။

ဒီပုဆိန်က သူမခွန်အားအပြည့်အ၀ မသုံးပါက သူမအား ထိခိုက်ဒဏ်ရာရစေလောက်သည်။

ရှောင်ဟိုင်၏မျက်ခုံးများက အနည်းငယ်ကွေးညွတ်သွားပြီး လက်သီးကို ဆန့်လိုက်စဉ် အနက်ရောင်ကြိတ်စက်အရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်လာသည်။

ထိုအချိန်မှာပင် မင်းသားငါး၏ အေးစက်သည့်အသံထွက်လာခဲ့သည်။

"ကောင်းပြီ၊ လန်ယောင်၊ ထွက်လာခဲ့တော့"

All Chapters