အရှိန်နှင့်တည်ဆောက်ခြင်း
Vol. 94 Ch. 1320
သံဆူးကျာပွတ်ပေါ်ရှိ သံဆူးများက အင်မတန်ချွန်ထက်သည်။
၎င်းကိုဖုံးထားသည့် ဆန်းကြယ်သောအော်ရာက အင်မော်တယ်ချီအတားအဆီးကို အတိုင်းအတာတစ်ခုအထိ လျစ်လျူရှုထားနိုင်ပုံရသည်။
အနည်းဆုံးတော့ ဖုန်းယီနှင့် မုဖူရှန်းတို့ကဲ့သို့ လူများ၏နယ်ပယ်တွင်ပင် အင်မော်တယ်အော်ရာနှင့် ဤသိပ်သည်းထူထဲသည့် သံဆူးများအား ခုခံရန်ဟူသည် မဖြစ်နိုင်ပေ။
ထိုသံဆူးကျာပွတ်များအား တစ်ချက်စိုက်ကြည့်ရင်း ယဲ့ချိုးပိုင်ရှေ့တိုးလာပြီး ထူးမခြားနားစွာပြောသည်။
"ကြည့်ရတာ ဒါကစုံစမ်းစစ်ဆေးမှုတစ်ခု လုံး၀မဟုတ်ဘဲ ခင်ဗျားတို့က ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကနေ ၀န်ခံချက်တစ်ခုကို ညှစ်ထုတ်ဖို့စီစဉ်နေတာပဲ၊ ဖြစ်နိုင်တာက အစကတည်းက ကျုပ်တို့ကို အပြစ်ပေးဖို့အတွင် ရည်ရွယ်ထားခဲ့တာများလား"
ဖုန်းယီကလည်း မျက်မှောင်ကြုတ်သည်။
"ဒီလိုလုပ်ခြင်းအားဖြင့် အထက်အကြီးအကဲတွေရဲ့ ကျောင်းအုပ် ရှင်တို့ကို အပြစ်တင်မှာမကြောက်ဘူးလား"
"ဥပဒေ တည်တံ့စေရမယ် ဥပဒေခိုင်မြဲစေရမယ်၊ ကြည့်ရတာဒီစကားလုံးတွေက ဟာသသာသာပါလား" ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
ခန်းမခေါင်းဆောင် အရင်ဆုံးဖုန်းယီကို စိုက်ကြည့်ရင်း အရင်က မည်းမှောင်နေသည့်အမူအရာ၌ အပြုံးတစ်ခုအစားထိုးသွား၏။
"ဖုန်းယီကတော့ သေချာပေါက်သံသယကနေ လွတ်မြောက်နိုင်တာပေါ့၊ မင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ကျောင်းသားဟောင်းဖြစ်သလို စတုတ္ထအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်လည်း ဖြစ်တာမို့ ဥပဒေကို သိသိသာသာချိုးဖောက်တာမျိုး လုပ်မှာမဟုတ်ပါဘူး"
ထို့နောက် မုဖူရှန်းနှင့်ကျန်သောသူများထံ အကြည့်ပို့လွှတ်ရင်း အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ဒါပေမယ့် ဒီထူးထူးခြားခြားလက်ခံထားတဲ့ ကျောင်းသားတွေကတော့ မတူဘူး၊ သူတို့မကြာသေးခင်ကမှ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ၀င်ခဲ့သလို ဒုတိယအကြီးအကဲရဲ့ တပည့်တွေနဲ့လည်း တိုက်ရိုက်၀ိရောဓိရှိတယ်၊ သေချာတာပေါ့၊ သူတို့ကတော့ သံသယကနေ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး"
ဒါကအရမ်းရှင်းနေလေပြီ။
သူတို့အားပစ်မှတ်ထားတိုက်ခိုက်နေခြင်းပင်။
ဖုန်းယီ၏မျက်နှာက ပြာနှမ်းသွားသည်။
"ဒီကိစ္စကို အမှန်အတိုင်း ဆရာ့ကို တင်ပြလိုက်မယ်"
ခန်းမသခင် ဂရုမစိုက်သည့်အသွင်ပြုံးသည်။
"မင်းဆန္ဒရှိသလိုလုပ်ပါ"
ဖုန်းယီ ရှောင်ဟိုင်အား စိုက်ကြည့်ပြီးနောက် လေးနက်စွာပြောသည်။
"စိတ်မပူပါနဲ့၊ ငါဆရာကို ချက်ချင်းသွားရှာမယ်၊ ခဏတောင့်ခံထားပါဦး"
ထိုသို့ဆိုပြီးနောက် ဖုန်းယီ ဥပဒေစိုးမိုးရေးခန်းမကနေ အလျင်အမြန် ထွက်သွားလေတော့သည်။
"ကောင်းပြီ...." ခန်းမသခင်ထရပ်ကာ လက်ခုပ်တီးလိုက်စဉ် ရှောင်ဟိုင်နှင့် ကျန်သောသူများအား ၀န်းရံထားသည့် အရာရှိများက လက်ထဲတွင် သံဆူးကျာပွတ်များကို ကိုင်ရင်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြ၏။
"မင်းတို့ ချန်တဟိုင်နဲ့ ယုချန်းတို့ရဲ့ သေဆုံးမှုက မင်းတို့နဲ့ဘာမှမဆိုင်ဘူးလို့ ငြင်းနေဦးမယ်ဆိုတာ ငါသိပါတယ်၊ ဒီလိုဆိုမှတော့ မင်းတို့ပါးစပ်ကပဲ ပိုမာကျောမလား ဒါမှမဟုတ် သံဆူးကျာပွတ်ကပဲ ပိုမာကျောမလားဆိုတာ ကြည့်ကြတာပေါ့"
"အိုး၊ မင်းတို့ကိုပြောဖို့မေ့သွားတာ၊ ဒီသံဆူးကျာပွတ်က မင်းတို့ရဲ့အင်မော်တယ်ချီအတားအဆီးကို လျစ်လျုရှုထားနိုင်ရုံတင်မက စိတ်ဝိဉာဉ်ကိုလည်း တိုက်ရိုက် လှုံ့ဆော်နိုင်သေးတယ်" ခန်းမသခင်၏ပါးစပ်က ချဲ့ကားနေသည့်အပြုံးနှင့် အတူကွေးညွတ်သွားပြီး အေးစက်စွာပြောသည်။
"စိတ်ဝိဉာဉ်ကိုတောင် ထိုးဖောက်သွားတဲ့ နာကျင်က လူအများစုတောင့်မခံနိုင်တဲ့ အရာတစ်ခုပဲ....."
ထိုသို့ပြောပြီးနောက် ခန်းမသခင် အရာရှိများအား တစ်ချက်ကြည့်လိုက်၏။
အရာရှိများကလည်း အချက်ပြမှုကို နားလည်သည့်အလား သံဆူးကျာပွတ်များအား လွှဲယမ်းလိုက်စဉ် လူတိုင်းကိုယ်ပေါ်သို့ ပြင်းထန်စွာရိုက်ခတ်သည်။
ခရက်ခ်.....!
ထူထဲသည့်သံဆူးများက ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ကိုယ်ထဲသို့ နက်ရှိုင်းစွာ စိုက်၀င်သွားပြီး ကျာပွတ်များအား ဆွဲယူလိုက်သောအခါ ၎င်းတို့က သူတို့ကိုယ်တစ်ခုလုံး၌ အဆက်မပြတ်ပွင့်သွားသည့် ဒဏ်ရာများအား ချန်ထားခဲ့သည်။
သွေးများပန်းထွက်လာကြသလို ထိုဆူးချွန်များက အသားစိုင်များကိုပင် ထုတ်ပစ်သည်။
အကယ်၍ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုလေးသာဆိုပါက ရှောင်ဟိုင်နှင့်ကျန်သောသူများအတွက် အရမ်းကြီးမဟုတ်ပါ။
သို့သော် သံဆူးများ သူတို့အသားကို ထိုးဖောက်သွားသည့်အခိုက်အတန့်၌ သူတို့ဝိဉာဉ်က ကြီးမားသည့်ဒဏ်ရာများနှင့်အတူ ပွင့်ထွက်သွားပုံရသည်။
ဝိဉာဉ်ထဲထိပင် နက်ရှိုင်းစွာစိမ့်၀င်နေသည့် ဤကဲ့သို့နာကျင်မှုမျိုးကြောင့် ရှောင်ဟိုင်ပင်လျှင် တုန်ယက်နေပြီး သူ့မျက်လုံးများက ချက်ချင်းဆိုသလို သွေးနှင့် ပြည့်နှက်သွား၏။
"ဘယ်လိုခံစားရလဲ၊ မင်းတို့မခံနိုင်တော့ဘူးဆိုရင် အချိန်မရွေး အမှန်တရားကို ၀န်ခံလို့ရတယ်" ခန်းမသခင်ပြုံးကာပြောရင်း ထိုမြင်ကွင်းအားစောင့်ကြည့်နေသည်။
"အဲလိုဆိုရင် ဒီလောက်နာကျင်နေစရာ မလိုတော့ဘူးပေါ့"
ရှောင်ဟိုင် ခန်းမသခင်အား အေးစက်စွာ စိုက်ကြည့်သည်။
"အမှန်တရား၊ ခင်ဗျားက ခင်ဗျားကြားချင်တဲ့အဖြေကိုပဲ ကျုပ်တို့ကိုပြောစေချင်တာမလား"
"ခက်ခက်ခဲခဲကစားနေတုန်းပါလား" ခန်းမသခင်လက်ဝှေ့ယမ်းကာရယ်မောသည်။
"ဒါဆိုဆက်လုပ်ကြတာပေါ့"
ထိုအခိုက်အတန့်၌ ရှောင်ဟိုင်၏ အမူအရာက အနည်းငယ်ပြောင်းသွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ခင်ဗျားမှာ ကျုပ်တို့ကို သေတဲ့အထိ ရိုက်ဖို့အတွက် သတ္တိရှိမလားဆိုတာ ကျုပ်တကယ်မြင်ချင်မိတယ်"
ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများမှာ ရှောင်ဟိုင်အားငဲ့ကြည့်ရင်း အကြည့်ချင်းဖလှယ်လိုက်ကြစဉ် ရှောင်ဟိုင်ဘာကို တွေးနေသလဲဆိုတာ သူတို့ချက်ချင်း နားလည်သွားကြ၏။
မူလက ဆရာပေးထားသည့် ဓားအစီအရင်ကျောက်စိမ်းဆွဲသီးကို သူတို့အသုံးပြုခဲ့ချင်သော်လည်း ယခုတွင်မူ သိမ်းဆည်းထားလိုက်တော့သည်။
ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ခန်းမသခင်၏မျက်နှာကလည်း ပြာနှမ်းသွားသည်။
ဥပဒေစိုးမိုးရေးခန်းမတွင် မည်သူမှ သူ့ကို ယခုလိုရန်မစရဲသလို ဤကဲ့သို့အခြေအနေမျိုးအောက်တွင် သူ့ကိုမျက်နှာပျက်အောင်လည်း မလုပ်ရဲပေ။
ဒေါသတကြီးလက်ဝှေ့ယမ်းရင်း သူအော်ဟစ်သည်။
"ငါရပ်လို့မပြောသေးမချင်း မရပ်နဲ့"
ထိုစကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် သံဆူးကျာပွတ်များက ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ကိုယ်ပေါ်သို့ မုန်တိုင်းထန်နေသည့်ပမာ ကျဆင်းလာလေတော့သည်။
.....
အချိန်များက တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွား၏။
ဝိဉာဉ်အနှစ်သာရကျောင်းတော်တစ်ခုလုံးအတွင်း မရေမတွက်နိုင်လောက်သည့် အကြည့်များက ဥပဒေစိုးမိုးရေးခန်းမဆီသို့ တိုက်ရိုက်ကျရောက်နေကြ၏။
အထူးစုဆောင်းထားသည့် ကျောင်းသားများက ချန်တဟိုင်နှင့် ယုချန်းတို့၏ သေဆုံးမှု၌ ပါ၀င်ပတ်သက်သည်ဟူသော သတင်းက ကျောင်းတော်အတွင်း တဖြည်းဖြည်းစိမ့်၀င်လာခဲ့သည်။
အတွင်း၀င်းတပည့်အများအပြားနှင့် ကျောင်းတော်ထဲက ကိုယ်ပိုင်တပည့်တစ်ချို့ပင်လျှင် ဥပဒေစိုးမိုးရေးခန်းမအပြင်ဘက်တွင် စုစည်းနေကြ၏။ ထိုထဲတွင် ဒုတိယအကြီးအကဲ၏ကိုယ်ပိုင်တပည့် ဟဲရှန်း၀မ်နှင့် ခြံ၀င်းနံပါတ်ငါးက လျန်ချင်းလည်းပါ၀င်သည်။
ဟဲရှန်း၀မ်နောက်က လိုက်လာရင်း လျန်ချင်းအပြုံးဖြင့်ခေါင်းငုံ့ကာပြောသည်။
"ဒီတစ်ကြိမ်တော့ ဒီအုပ်စုသေသင့်ပြီမလား"
ဟဲရှန်း၀မ် အေးစက်စွာသာရယ်မောသည်။
"သူတို့မသေပါဘူး၊ ဒါပေမယ့် သူတို့ဝိဉာဉ်ကတော့ ပြင်းထန်တဲ့ဒဏ်ရာတစ်ခု သေချာပေါက်ရသွားမှာပဲ၊ သာမန်လူတစ်ယောက်က ဥပဒေစိုးမိုးရေးခန်းမက သံဆူးကျာပွတ်ရဲ့ အပြစ်ဒဏ်ကို ခံနိုင်ရည်မရှိဘူး"
ဝိဉာဉ်အပြင်းအထန်ဒဏ်ရာရခြင်းကနေ နလန်ထူရန်အတွက် မည်မျှပင် ခက်ခဲမည်နည်း။
ပြန်ကောင်းလာနိုင်လျှင်ပင် ပုန်းလျှိုနေသည့် ရောဂါဝေဒနာများ ပေါ်လာရန်ဟူသည် အရမ်းလွယ်ကူသည်။
ထိုအခိုက်အတန့်မှာပင် လူတိုင်း၏ အကြည့်က ကောင်းကင်ထက်သို့ရောက်သွားကြ၏။
ဖုန်းယီက ထိုနေရာ၌ အကြီးအကဲတစ်ဦးနှင့်အတူပေါ်လာတာကို သူတို့မြင်ရသည်။
"စတုတ္ထအကြီးအကဲကို နှုတ်ဆက်ပါတယ်"
ထိုမြင်ကွင်းကိုမြင်သောအခါ အောက်က ကျောင်းသားများ ချက်ချင်း လေးစားစွာ ဦးညွတ်လိုက်ကြ၏။
စတုတ္ထအကြီးအကဲ လက်အစုံကို ပေါ့ပါးစွာသာဖိရင်း ဥပဒေစိုးမိုးရေးခန်းမ၏ တံခါးမကြီးရှေ့တွင် မ၀င်သေးဘဲ ရပ်နေသည်။
ဤမြင်ကွင်းအပေါ် တံခါး၀က ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲနှစ်ဦးကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။
တစ်ယောက်ကမူ အစီရင်ခံတင်ပြရန်အတွက် ချက်ချင်းဆိုသလို ဥပဒေစိုးမိုးရေးခန်းမထဲသို့၀င်သွားသည်။
ကျန်တစ်ယောက်က အလျင်အမြန်ရှေ့ကို တက်လာပြီးမေးသည်။
"ဘာလို့ စတုတ္ထအကြီးအကဲဒီကို လာရသလဲဆိုတာ သိလို့ရမလား"
စတုတ္ထအကြီးအကဲ အပြုံးဖြင့် လက်ဝှေ့ယမ်းသည်။
"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး၊ ငါတစ်ချက်ကြည့်ချင်လို့လာတာပါ၊ ထူးထူးခြားခြားပါရမီရှိတဲ့ ကျောင်းသားသစ်တစ်ချို့ကို ဥပဒေစိုးမိုးရေးခန်းမထဲကို တွန်းပို့ခဲ့တယ်လို့ ငါကြားခဲ့ရလို့ပါ၊ ကြည့်ရတာ ဒီကိစ္စက အတော်လေးပြင်းထန်ပုံပဲ၊ ဒီတော့ အသရေဖျက်တာလား၊ အမှန်တရားလားဆိုတာ ငါကိုယ်တိုင်ကြားချင်လို့ပါ"
"မင်းတို့ဆက်လုပ်ကြ၊ ဥပဒေစိုးမိုးရေးခန်းမရဲ့ စည်းမျဉ်းတွေကို ငါကောင်းကောင်းနားလည်တယ်၊ အတွင်း၀င်းထဲက အကြီးအကဲတွေတောင်မှ ဥပဒေစိုးမိုးရေးခန်းမမှာ ၀င်ရောက်စွက်ဖက်ဖို့ အခွင့်အရေးမရှိဘူး၊ ငါဒီမှာပဲ ထိုင်နေမှာပါ"
ထိုသို့ပြောပြီးနောက် စတုတ္ထအကြီးအကဲ လက်ဝှေ့ယမ်းသောအခါ သစ်သားခုံတစ်ခုံပေါ်လာသဖြင့် ထိုထိုင်ခုံပေါ်၌ထိုင်လိုက်၏။
စတုတ္ထအကြီးအကဲပြောစကား၏ နောက်ဆုံးအပိုင်းကို ကြားသောအခါ ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲမှာ ချက်ချင်းဆိုသလို ချွေးပြန်သွားပြီး ၀တ်ရုံထဲထိပင် စိမ့်၀င်သွားသည်။
ထိုစကားလုံးများက ခန်းမသခင်၏ နားထဲကိုလည်းရောက်သွားခဲ့သည်။
ကိုယ်ခန္ဓာက သွေးရာများနှင့်ဖုံးနေပြီး အသားများက ဖရိုဖရဲဖြစ်နေသည့် ရှောင်ဟိုင်နှင့် ကျန်သောသူများကို စိုက်ကြည့်ရင်း ခန်းမသခင် အေးစက်စွာနှာခေါင်းရှုံ့သည်။
"စတုတ္ထအကြီးအကဲတောင်မှ ဥပဒေစိုးမိုးရေးခန်းမရဲ့ကိစ္စရပ်တွေမှာ ၀င်စွက်ဖက်ဖို့ အခွင့်အရေးမရှိဘူး"
ဤသည်ကိုကြားသော် ရှောင်ဟိုင်၏အသံက နာကျင်မှုထဲကနေ တုန်ယင်နေသော်လည်း သွေးစွန်းနေသည့်မျက်နှာထက်ဝယ် အေးစက်သည့်အပြုံးတစ်ပွင့် ရှိနေဆဲပင်။
"နောက်မကျသွားသေးခင် စောစောရပ်ဖို့ ကျုပ်အကြံပေးချင်တယ်...."
ခန်းမသခင် တုံ့ပြန်သည့်အနေဖြင့် ဒေါသတကြီးသာ ရယ်မောလိုက်တော့သည်။
"ဂျူနီယာလေးတစ်ယောက်က ဒီခန်းမသခင်ကို ဘာလုပ်ရမယ်ဆိုတာ ဘယ်တုန်းက ပြောပိုင်ခွင့်ရှိသွားတာလဲ၊ အပြစ်ပေးမှုကို ဆက်လုပ်ကြ"
ဥပဒေစိုးမိုးရေးခန်းမအပြင်ဘက်တွင် ဖုန်းယီ စတုတ္ထအကြီးအကဲဘေး၌ စိုးရိမ်ပူပန်စွာထရပ်ကာမေးသည်။
"ဆရာ၊ ဘာလို့ဒီမှာထိုင်နေသေးတာလဲ၊ မြန်မြန်သူတို့ကို ကယ်တင်ပေးပါဦး"
သို့သော် စတုတ္ထအကြီးအကဲက ပြုံးရုံလေးသာပြုံးရင်း လက်ဝှေ့ယမ်းပြသည်။
"ငါတို့မလာခင်ကတည်းက ငါမင်းကို ပြောခဲ့တယ်မလား၊ အလျင်စလိုမလုပ်နဲ့၊ ဒါက သူတို့အတွက် မကောင်းတာလည်းမဟုတ်ပါဘူး၊ ဒါ့အပြင် ငါရှိနေရုံနဲ့ ဒီလိုရပ်တည်ချက်မျိုးက မလုံလောက်ဘူး"
ရပ်တည်ချက်လား!
ဖုန်းယီ အနည်းငယ်ထိတ်လန့်သွား၏။
ရုတ်တရက် လူအုပ်ကြီးက လေးစားစွာ လမ်းဖွင့်ပေးစဉ် အကြီးအကဲတစ်ဦး အေးဆေးလှသည့်အရှိန်နှင့် လျှောက်လာခဲ့သည်။
"လူအိုကြီး၊ မင်းဒီကို ကျိန်းသေပေါက် အမြန်ရောက်လာတာပဲ"