← Chapters

ဒါကိုအဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်လို့ခေါ်တာလား

Vol. 94 Ch. 1325

ဒါကိုအဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်လို့ခေါ်တာလား

Vol. 94 Ch. 1325

ဤကာလအတောအတွင်း လုချန်ရှန်း ပျင်းရိလေးဖင့်စွာမနေခဲ့ပေ။

အရင်ကအဖြစ်အပျက်များစွာက လုချန်ရှန်း၏နှလုံးသားကို တင်းကျပ်သည့်ခံစားချက်နှင့် ပြည့်သွားစေပြီး ဆေးလုံးအသစ်များကို အဆကိမပြတ်ဖန်တီးရင်း ငရဲကိုးဘုံအစီအရင်ကို အားဖြည့်ရန်နှင့် ရှေ့ဦးမူလနည်းစနစ်ကို ပြီးပြည့်စုံအောင်လုပ်ရန် တွေးနေခဲ့သည်။

ဤအရာအားလုံးက နောက်ပိုင်းတွင် ဖြစ်လာနိုင်သည့် အလားအလာရှိသော အကျပ်အတည်းများအား ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန်ဖြစ်သည်။

သူ့အတွက် အားလပ်ရက်ယူရန်၊ လက်ဖက်ရည်သောက်ရန်၊ စကားစမြည်ပြောရန်၊ နေပူဆာခံရန် သို့မဟုတ် အိပ်ရန်ပင် မလွယ်ကူခဲ့ပေ။ ယင်းနောက်တွင် ဤနလပိန်းတုံးတပည့်နှစ်ယောက်က သူ့အားလပ်ရက်ကို နှောင့်ယှက်ရန်လာခဲ့ကြသည်။

၉၉၆အလုပ်မျိုးဆိုရင်တောင် ဒီလိုမျိုးမဖြစ်သင့်ဘူးမလား!

သို့စေကာမူ ဟုန်ရင်ဒီအတွက် သေချာပေါက် အပြစ်တင်ခြင်းကို ခံယူမည်မဟုတ်သဖြင့် ဘေးသို့တစ်ချက်ကြည့်လိုက်၏။

အစ်ကိုကြီးရှိမနေသည်ကို ထောက်ဆကြည့်ရင်း ဟုန်ရင် သူမဘေး၌ရှိနေပြီး ရယ်ချင်စိတ်ကို ချုပ်တည်းရန်ကြိုးစားနေသော လျိုကျိယုအား စိုက်ကြည့်လာသည်။

ဟုန်ရင်၏အကြည့်နှင့် မျက်လုံးများထဲက ပီတိကိုတွေ့ရသောအခါ တခြားတစ်ယောက်သာဆိုပါက သူမကချစ်စရာကောင်းသည့် အကြည့်များ ပို့လွှတ်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။

သို့သော် သူမအကြည့်ကနေ အခြေခံကျသည့် အဓိပ္ပာယ်ကို လျိုကျိယုခံစားလိုက်ရပြီး အတွေးတစ်ခုက သူ့စိတ်ထဲသို့ ဖြတ်သွားစဉ် ရုတ်တရက်ကြောက်ရွှံ့လာသည်။

မဖြစ်နိုင်တာ!

ငါတွေးနေတာတော့မဟုတ်လောက်ဘူးမလား!

လျိုကျိယု အလျင်အမြန်လက်နှစ်ဖက်ဆုပ်ရင်း အသနားခံနေသည့်အသွင် ခေါင်းခါယမ်းကာ ဟုန်ရင်ရှေ့ ဒူးထောက်ရန်ပင် အသင့်ဖြစ်လုမတတ်ဖြစ်နေလေပြီ။

လျိုကျိယု ယခြလိုဖြစ်နေတာကိုမြင်ရခြင်းက သူမအား အမှန်တကယ်ပင် စိတ်မကောင်းဖြစ်မိစေသည်။

သို့သော် ယခုအချိန်တွင် ဦးလေးလျို ဒါကို ကျင့်သားရနေလောက်သည်။

ရှိနေသူများအနက် ဦးလေးလျိုတစ်ယောက်တည်းကသာ တိုင်တောင်တန်းကဲ့သို့ လေးလံသည့် ယခုလိုတာ၀န်မျိုးကို ထမ်းရွက်နိုင်သည်။

ထို့ကြောင့် ဟုန်ရင် မျက်လုံးများကိုကျဉ်းလိုက်ပြီး ပြုံးရင်း လုချန်ရှန်းအား ခိုင်မာစွာ ကြည့်လိုက်လေတော့သည်။

"ဒါကဦးလေးလျိုရဲ့ အကြံပြုချက်ပါ၊ ဦးလေးလျိုက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ၊ သူအဇူရာကောင်းကင်ကျောင်းတော်ရဲ့ အပြင်ပန်းအားဖြင့် အားကောင်းတယ်ထင်ရပေမယ့် အတွင်းပိုင်းကို အားနည်းနေတယ်ဆိုတဲ့ အားနည်းချက်ကို တစ်ချက်တည်းနဲ့ ထောက်ပြနိုင်ခဲ့တယ်၊ ကျွန်မတို့ ဦးလေးလျိုကို တကယ်ကျေးဇူးတင်ရမယ်"

လျိုကျိယုကြက်သေသေသွားသည်။

လုချန်ရှန်း၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး လျိုကျိယုအား ကြည့်လိုက်စဉ် အန္တရာယ်ရှိသည့်အလင်းတစ်ချက် ဖြတ်သန်းသွား၏။

"အဲလိုလား"

လျိုကျိယုခေါင်းခါယမ်းချင်သော်လည်း ပြန်တွေးလိုက်မိပြီးနောက် သူလက်လျှော့လိုက်တော့သည်။

အပြုံးနှင့် လက်နှစ်ဖပ်သပ်ရင်း လုချန်ရှန်းပြောသည်။

"အရမ်းကောင်းတယ်"

ထို့နောက် သူလျိုကျိယုထံအပြုံးနှင့်အတူ လျှောက်သွားပြီး မေးလိုက်၏။

"မင်းပြောချင်တာတစ်ခုခုရှိသေးလား"

လျိုကျိယုစိတ်ထဲတွင် လုချန်ရှန်း၏မေးခွန်းက အနည်းငယ်ပြောင်းလဲနေခဲ့သည်။

နောက်ဆုံးပြောစရာစကားများရှိလား!

လျိုကျိယု ကြေကွဲနေသည့်အပြုံးကို ထုတ်ဖော်ရင်း ကောင်းကင်ကို မော့ကြည့်စဉ် သူ့မျက်လုံးများကဗလာကျင်းနေပြီး ရေရွတ်သည်။

"ဟားဟား၊ ဟားဟားဟား၊ လုပ်စမ်းပါ၊ လျိုကျိယုဆိုတဲ့ ကျွန်တော့်ကို စီနီယာလု မကြာသေးခင်က မွမ်းမံထားတဲ့ ဆေးလုံးအသစ်တွေကို တွေ့ကြုံခံစားခွင့်ပေးပါ"

အရမ်းကိုတက်ကြွ၊ အရမ်းကိုစိတ်လှုပ်ရှားနေသည့်အသွင်။

နောက်ထပ်သည်းခံနိုင်‌စွမ်းမရှိတော့သဖြင့် လုချန်ရှန်းလက်ခုပ်သာတီးလိုက်တော့သည်။

"ကောင်းပြီ၊ ဒါဆို ဆေးပြင်းဖိုတစ်ခုလုံးကို စားလိုက်တော့"

ထိုသို့ပြောရင်း လုချန်ရှန်း ဘေးက လူတစ်ရပ်ထက်ပိုမြင့်ပြီး ဆေးလုံးရနံ့များနှင့် ပြည့်နှက်နေသည့် ဆေးပြင်းဖိုအား လက်ညိုးထိုးပြသည်။ အထဲကနေ ထူထဲသည့် အနက်နှင့် ခရမ်းရောင်မီးခိုးများပင် ထွက်နေလေသည်။

ဆေးပြင်းဖိုတစ်ခုလုံးလား!

ဟုန်ရင်ရော နင်းချန်ရှင်းပါ လျိုကျိယုကို သနားဂရုဏာသက်စွာ ကြည့်လိုက်မိကြသည်။

အနားက ဖယောင်းနဂါး၊ ရှန်းလျိုနှင့် အရိုးတောင်ပံမြွေကျားတို့မှာမူ ခေါင်းခါယမ်းမိကြသည်။

သနားစရာလေးပဲ.... အရမ်းသနားစရာကောင်းလွန်းတယ်!

လျိုကျိယုတစ်ယောက်တည်းသာလျှင် မျက်လုံးဗလာကျင်းကာ ရှိနေပြီး ဆေးပြင်းဖိုထံလျှောက်သွားကာ စက်ရုပ်သံအလား ရယ်မောရင်း ရုတ်တရက် လက်တစ်ဆုပ်စာဆေးလုံးများကို ဆုပ်ကိုင်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ယင်းနောက်တွင် လျိုကျိယု၏ကိုယ်က ဗုံးတစ်လုံးပမာပေါက်ကွဲကာ အခိုးများပင်ထွက်နေသည်။

သူ့၏ဒွာရခုနှစ်ပေါက်မှ ထူထဲသည့် အနက်နှင့်ခရမ်းရောင်မီးခိုးများထွက်လာကြ၏။

ထို့နောက် သူသေရည်သောက်ထားသည့်အလား နောက်ပြန်လဲကျသွားလေတော့သည်။

သို့စေကာမူ လျိုကျိယု၏ကိုယ်ထဲတွင် ကမ္ဘာတုန်လှုပ်ဖွယ်ရာပြောင်းလဲမှုများဖြစ်ပေါ်လာပြီး သူ့နယ်ပယ် စတင်ပြေလျော့သွားတာကို ဟုန်ရင်နှင့် ကျန်သောသူများမြင်နိုင်သည်။

ဒါကအနည်းငယ်နာကျင်ရသော်လည်း ယေဘုယျအရဆိုပါက လျိုကျိယုအတွက် အတော်လေးအကျိုးရှိသည်။

လုချန်ရှန်း လျိုကျိယု၏ခန္ဓာကို စစ်ဆေးရင်း မှတ်ချက်ပြုသည်။

"ကြည့်ရတာ တိုးတက်မှုတစ်ချို့ လုပ်ဖို့ လိုသေးပုံပဲ"

ထို့နောက် သူ ဟုန်ရင်နှင့်ကျန်သောသူများဖက်သို့လှည့်ပြီး အားကိုးရာမဲ့စွာပြောသည်။

"သူ့ကိုထားခဲ့လိုက်တော့၊ သူ့ခန္ဓာထဲက ဆေးစွမ်းအားကို ချေဖျက်ဖို့အတွက် ရက်ဒါဇင်နဲ့ချီ ဒါမှမဟုတ် ရာချီကြာမြင့်လောက်တယ်၊ မင်းတို့ကျောင်းသားတွေအတွက် ကျင့်ကြံခြင်းနည်းစနစ်တစ်ချို့ ဖန်တီးဖို့ စီစဉ်နေကြတာမလား"

ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ ခေါင်းညိတ်ကြသည်။

"ဒါပေမယ့် တကယ်လို့ ကျောင်းသားတွေက....."

နင်းချန်ရှင်းအပြုံးဖြင့်ပြောသည်။

"ကျွန်တော်တို့ အကျင့်စာရိတ္တကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့သူတွေကိုပဲ ‌ရွေးချယ်မှာပါ၊ ဆရာစိတ်ချထားလို့ရပါတယ်၊ ကျွန်တော်ကိုယ်တိုင် သူတို့ကို သုံးသပ်ပါမယ်"

ဒါကိုကြားသော် လုချန်ရှန်းခေါင်းညိတ်သည်။

နင်းချန်ရှင်းအတွက် လုချန်ရှန်း သက်တောင့်သက်သာရှိဆဲပင်။ အထူးသဖြင့် တစ်ယောက်ယောက်ကို အကဲဖြတ်သောအခါတွင်ဖြစ်သည်။

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်းတို့်ငါ့ကို နည်းနည်းလမ်းညွှန်ပေးသင့်တယ်မလား၊ မဟုတ်ဘူးဆိုရင် ကျင့်ကြံခြင်းနည်းစနစ်အနည်းငယ်ပေါ်မှာ မျက်ကန်းဆန်ဆန်လုပ်တာက လက်တွေ့မကျဘူးလေ"

ကျင့်ကြံခြင်းနည်းစနစ်များနှင့် ကျင့်ကြံသူများက လိုက်ဖက်မှုရှိရန်လိုအပ်သည်။

အကယ်၍ လိုက်ဖက်ကိုက်ညီခြင်းမရှိပါက အမြဲလိုလိုကွဲကွာနေသည့် ဆက်ဆံရေး သို့မဟုတ် ကသိကအောက်ဖြစ်ရသည့် ဆက်ဆံရေးတစ်ခုနှင့်တူသည်။

ဟုန်ရင်ခေါင်းခါယမ်းသည်။

"ရွေးချယ်ထားသူတွေမရှိသေးတာမို့ ဆရာ့ကို ရှုထောင့်တိုင်းက နည်းစနစ်တစ်ချို့ကို ဖန်တီးစေချင်ပါတယ်"

လုချန်ရှန်း၏မျက်ခုံးများက မရပ်မနားတုန်ယင်သွားကြ၏။

သူတို့ငါ့ကို လူသားတစ်ယောက်လိုရော မြင်သေးကြရဲ့လား၊ အရာအားလုံးကို ငါ့အပေါ်မှာပဲ ပစ်ပေးလာတာ!

အားကိုးရာမဲ့သလိုခံစားရသဖြင့် လုချန်ရှန်း စနစ်ကိုသာ တိုက်ရိုက်မေးလိုက်သည်။

"စနစ်၊ ကျင့်ကြံခြင်းနည်းစနစ်ခပ်များများတီထွင်ပေးစမ်းကွာ"

စနစ် [......]

[ထိပ်တန်းနည်းစနစ်များကို တာ၀န်တွေကနေပဲ ရယူနိုင်ပါတယ်]

လုချန်ရှန်း "ငါထိပ်တန်းနည်းစနစ်တွေမလိုဘူး၊ အဆင့်မြင့်နည်းစနစ်တစ်ချို့ဆိုရင် ရတယ်"

[အဆင့်မြင့်နည်းစနစ်များ....ဒါတွေက ဖန်တီးခြင်းနယ်ပယ်အထိ ကျင့်ကြံသူများအတွက်ပဲ သင့်တော်တဲ့ နတ်အဆင့်နည်းစနစ်တွေဖြစ်မှာပါ]

ဖန်တီးခြင်းနယ်ပယ်ဆိုတာ ဘာနယ်ပယ်တုန်း!

လုချန်ရှန်း၏အတွေးများကို ဖတ်မိသည့်အလား စနစ်ကရှင်းပြလာသည်။

[ဒါက ဘိုးဘေးနယ်ပယ်ထက် အဓိကကျင့်ကြံခြင်းနယ်ပယ် ခုနှစ်ဆင့်၊ မဟုတ်ရင် ရှစ်ဆင့်အထက်မှာရှိပါတယ်]

ဘိုးဘေးနယ်ပယ်အထက်က နယ်ပယ်ကြီးခုနှစ်ဆင့်၊ ဒါမှမဟုတ် ရှစ်ဆင့်အထက်မှာ ရှိတာတောင် စနစ်ရဲ့အမြင်အရ ဒါတွေကို အဆင့်မြင့်နည်းစနစ်တွေလို့ပဲ ယူဆတာလား!

လုချန်ရှန်းမျက်လုံးလိမ့်ရင်း ကြွားဝါနေသည်ဟုပင် ခံစားနေရသော်လည်း သူ့တွင်ဘာမှမရှိပါ။

"ကောင်းပြီ၊ ဒါဆို ဒါဇင်နည်းနည်းလောက် ထုတ်လုပ်ပေးတော့"

ထို့ကြောင့် လုချန်ရှန်းစိတ်ထဲသို့ သတင်းအချက်အလက်စီးကြောင်းတစ်ခု စီး၀င်လာသည်။

လုချန်ရှန်း၏ အတွေးထဲတွင် နက်ရှိုင်းစွာ နစ်မြောနေပုံရသော တည်ငြိမ်သည့် မျက်နှာကို ကြည့်ရင်း သူတို့ဆရာက ကျင့်ကြံခြင်းနည်းစနစ်များကို စဉ်းစားနေမှန်းသိသည့်အပေါ် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ မနှောင့်ယှက်ကြပေ။

သူမအနည်းငယ်ကျင့်ကြံရန်အတွက် ဘေးကိုသွားရန်ပြင်နေခိုက် လုချန်ရှန်း၏အသံကို ကြားလိုက်ရသည်။

"မင်းဘယ်ကိုသွားနေတာလဲ"

ပြန်လှည့်လာပြီး ဟုန်ရင်အံ့ဩသင့်စွာပြောသည်။

"ဆရာ နည်းစနစ်တွေကိုစဉ်းစားနေတာမဟုတ်ဘူးလား၊ အဲဒါက အချိန်နည်းနည်းလောက်ကြာမယ်လို့ ခံစားမိတော့ ခဏလောက် ကျင့်ကြံဖို့အတွက် တွေးထားတာပါ"

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

"ဘာလို့အခုမှ ကျင့်ကြံဖို့ကို အားထုတ်နေရတာလဲ"

ထို့နောက် သူလက်ဝှေ့ယမ်းရင်း ကျင့်ကြံခြင်းနည်းစနစ်စာလိပ်များက တစ်လိပ်ပြီးတစ်လိပ် ဟုန်ရင်နှင့် နင်းချန်ရှင်းရှေ့တွင် ကျလာသည်။

အဆက်မပြတ်ပေါ်လာသည့်စာလိပ်များကို ကြည့်ရင်း နှစ်ယောက်စလုံး ကြက်သေသေသွားကြ၏။

ထို့နောက်စာလိပ်တစ်လိပ်စီကို ကျပန်းကောက်ကိုင်ကာ အထဲက ဖန်တီးခြင်းအဆင့်နည်းစနစ်များကို ကြည့်လိုက်စဉ် နှစ်ယောက်စလုံး အံ့ဩသွားကြပြန်သည်။

ဖန်တီးခြင်းအဆင့်ဆိုတာ ဘယ်အဆင့်လဲ!

သူတို့သရုပ်ဖော်ချက်များကို ဖတ်မိသောအခါ ပိုပို၍ပင်ထိတ်လန့်လာကြ၏။

သူတို့ဆရာသူ့တို့ကို ပေးခဲ့သည့် နည်းစနစ်များကလွဲ၍ သူတို့ယခုလိုနည်းစနစ်များကို တစ်ခါမှ မတွေ့ခဲ့ဖူးကြပါ။

ဒါတွေကနည်းနည်းအဆင့်မြင့်လွန်းမနေဘူးလား!

"ဒါက...ဆရာဒါတွေကို အခုလေးတင် ဖန်တီးခဲ့တာလား" ဟုန်ရင်မေးရင်း ကြက်သေသေနေသည်။

တစ်ခဏမျှတွေးပြီးနောက် စနစ်အကြောင်း ဖော်ထုတ်၍မရလေရာ လုချန်ရှန်းခေါင်းညိတ်သည်။

"အင်း"

ဆရာ၏အတည်ပြုချက်ကို ရသွားသောအခါ နှစ်ယောက်သားအကြည့်ချင်းဖလှယ်လိုက်ကြစဉ် တစ်ဦး၏မျက်လုံးမှ ခါးသီးသည့်အပြုံးကို တစ်ဦးမြင်နိုင်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာ ယခုလိုအဆင့်မြင့်နည်းစနစ်များစွာကို တီထွင်နိုင်ခဲ့ကာ ဒါက ဆရာတစ်ဦးတည်းသာ လုပ်နိုင်သော အရာတစ်ခုမဟုတ်ပေလော။

"ကောင်းပြီ၊ သွားကြတော့၊ ဒီမှာဆက်နေပြီး ငါအနားယူတာကို မနှောင့်ယှက်ကြနဲ့" လုချန်ရှန်း ပြောပြီးနောက် ဘေးတွင် လဲနေသည့် လျိုကျိယုကို လက်ညိုးထိုးပြသည်။

"အာ၊ စကားမစပ်၊ သူ့ကိုလည်း ဆေးလုံးတွေနဲ့ သဟဇာတဖြစ်အောင် ကူညီဖို့ ဝိဉာဉ်စုစည်းအစီအရင်ရဲ့ ဗဟိုချက်ကို ခေါ်သွားကြ"

ပြောပြီးနောက် သူမိုးမခပင်ဆီသို့လျှောက်သွားပြီး အေးအေးဆေးဆေးပင် ဆက်လက်စကားပြောနေသည်။

ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က ညွှန်ကြားချက်များကိုလိုက်နာကာ အဇူရာကောင်းကင်ကျောင်းတော်ကို ပြန်လာခဲ့ကြ၏။

မစ္စတာမှာ နည်းစနစ်များကိုကြည့်ရင်း မယုံနိုင်စွာမေးလိုက်မိသည်။

"ဒါတွေအားလုံးက တာအိုမိတ်ဆွေလေးလုရဲ့ နည်းစနစ်တွေလား"

ဟုန်ရင်ရော နင်းချန်ရှင်းပါ ခေါင်းညိတ်သည်။

"ဒါက အဇူရာကောင်းကင်ကျောင်းတော်ကို ကမ္ဘာခြောက်ခုအတွင်း နံပါတ်တစ်ကျောင်းတော်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းမှုတစ်ခုများလား၊ ကြည့်ရတာ ကျောင်းသားတွေက ဒီနည်းစနစ်တွေကို လေ့ကျင့်မယ်ဆိုရင် နှစ်ရာအနည်းငယ်အတွင်းမှာ နတ်ဘုရားနယ်မြေက လူငယ်ဗုဒ္ဓကျင့်ကြံသူလေးတွေနဲ့ တန်းတူဖြစ်သွားနိုင်လောက်တယ်"

All Chapters