စစ်ရေးလေ့ကျင့်မှု
Vol. 94 Ch. 1327
ရှောင်ဟိုင်နှင့်ကျန်သောသူများ မင်းသားကိုးဆီက တာ၀န်ကို ယူလိုက်ပြီဟု အမြန်ပင် ပြောဆိုခဲ့ကြသည်။
သို့သော် ဒီတစ်ကြိမ်တွင် ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့မသွားခဲ့ကြပေ။
မုဖူရှန်း၏အဆိုအရ ဒီတစ်ကြိမ် နဂါးကိုးကောင်နတ်မင်းဆက်သို့ သူတို့ခရီးစဉ်က သူ့ကိုပစ်မှတ်ထားနိုင်ချေပိုများသည်။ ဝိဉာဉ်အနှစ်သာရတွင် ယဲ့ချိုးပိုင်တို့ရှိနေခြင်းက ပထမဆုံးနှင့် အကြီးမားဆုံးဘေးကင်းရေးအစီအမံတစ်ခုအဖြစ် ဆောင်ရွက်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဘက်လူက သူတို့က ဆရာတူညီအစ်ကိုများဆိုတာကို သိထားသဖြင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ တစ်ယောက်ယောက်ကျန်နေခဲ့ခြင်းက မုဖူရှန်းနှင့်သူ့အဖော် ပြဿာနာတစ်ခုခုကြုံလာပါက ကျောင်းတော်က ထောက်ပံ့မှုကို ချက်ချင်းရနိုင်သည်ဟု ဆိုလိုနေခြင်းပင်။ ဒါက အကာအကွယ်တစ်ခုလည်းဖြစ်သည်။
ဒုတိယအချက်က ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့၏ လေ့ကျင့်မှု၌ အရေးပါသည့်ကာလတစ်ခုကို ရောက်နေသည်။
ယဲ့ချိုးပိုင်၏ဓားတာအိုနယ်ပယ်က ပြေလျော့လာသည့် လက္ခဏာရပ်များကို ပြသခဲ့သလို ရှီရှန်းကလည်း ကြယ်ကျောက်တောင်၌ ကြယ်ဗဟိုချက်တစ်ခု၏ တည်ရှိမှုကို ခံစားမိသည်။
အဆင့်ချိုးဖျက်မှုဖြစ်စေ သို့မဟုတ် ကြယ်ဗဟိုချက်ရှာဖွေခြင်းဖြစ်စေ၊ နှစ်ခုစလုံးက သူတို့ခွန်အားကို သိသိသာသာပင် တိုးမြှင့်စေလိမ့်မည်။
ထို့ကြောင့် ယခုတစ်ကြိမ် နဂါးကိုးကောင်နတ်မင်းဆက်သို့ သွားသောသူများက ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ဖြစ်သည်။
သူတို့ကျိုးလုံမြို့ကို ရောက်လာသောအခါ မင်းသားကိုး၏လူများက မြို့တံခါး၀၌ သူတို့ကို နှုတ်ဆက်ရန်အတွက် စောင့်ဆိုင်းနေခဲ့ကြ၏။
သူက လူရှုပ်ထွေးသည့်လမ်းမတစ်ခု၌ ထားလျှင်ပင် အာရုံစူးစိုက်မှုမရရှိနိုင်သော သာမန်ပုံပေါ်သည့် အဖိုးအိုတစ်ဦးပင်။
သို့သော် ထို့အတွက်ကြောင့်ပင် အန္တရာယ်ကို ပြင်းပြင်းထန်ထန်သတိထားမိသည့် မုဖူရှန်းနှင့် ရှောင်ဟိုင်တို့မှာ ထိုအဖိုးအိုထံမှ အလွန်အန္တရာယ်ရှိသည့် အော်ရာတစ်ခု ထုတ်လွှတ်နေတာကို ခံစားနေရသည်။
"အိမ်ရှေ့မင်းသားက အဇူရာနဂါးခြံ၀င်းမှာ စောင့်နေတာကြာပါပြီ၊ ကျေးဇူးပြုပြီး ဒီအစေခံအိုနဲ့အတူ လိုက်ခဲ့ကြပါ"
မုဖူရှန်းနှင့်ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ကြည့်ရသည်မှာ မင်းသားကိုတဖြစ်လဲ အိမ်ရှေ့မင်းသားဘေးတွင် လူချို့တဲ့နေခြင်းမရှိချေ။ ထိုဘိုးဘေးနယ်ပယ်စွမ်းအားရှင်၏ သစ္စာဖောက်မှုနေရာ၌ လျင်မြန်စွာပင် အစားထိုးပြီးလေပြီ။
သို့မဟုတ် ဒီလူကအမြဲလိုလိုအရိပ်ထဲတွင် ရှိနေခဲ့ပြီး ယခုမှသာ အလင်းထဲတွန်းပို့ခံရတာဖြစ်လောက်သည်။
ဒါ့အပြင် ဒီလူ၏ခွန်အားက အရင်တစ်ယောက်ထက် အားမကောင်းလျှင်ပင် အတော်လေးအားကောင်းနေလောက်သည်။
သူတို့သုံးယောက် အဖိုးအိုနှင့်အတူ အဇူရာနဂါးခြံ၀င်းသို့လိုက်သွားကြ၏။
ခြံ၀င်းအတွင်း အိမ်ရှေ့မင်းသား လက်ဖက်ရည်ပြင်ဆင်ထားပြီဖြစ်ကာ သူတို့ရောက်လာသောအခါ ပြုံးရင်းထရပ်သည်။
"ကြယ်နဲ့လတွေကိုကြည့်ပြီး ဆုတောင်းနေရင်း နောက်ဆုံးတော့ မင်းတို့ရောက်လာကြပြီပေါ့"
မုဖူရှန်းနှင့်ကျန်သောသူများမှာ ရှေ့တိုးလာပြီး ပြုံးလိုက်ကြသည်။
"အရှင်မင်းသားက အိမ်ရှေ့မင်းသားဖြစ်လာပြီပဲကို၊ ဒီမှာနေနေတုန်းပဲလား"
လုပ်ရိုးထုံးစဉ်အတိုင်းဆိုပါက အိမ်ရှေ့မင်းသားရာထူးချီးမြှင့်ခံရပြီးနောက် အိမ်ရှေ့မင်းသားအတွက် အထူးသီးသန့်ပြင်ဆင်ပေးထားသည့် နေရာတစ်ခုကို ပြောင်းရွေ့ကြရသည်။
သို့သော် အိမ်ရှေ့မင်းသားမှာ ပြုံးကာပြန်ဖြေသည်။
"ငါဒီမှာနေရတာကျင့်သားရနေပါပြီ၊ ငါက အတိတ်ကို တန်ဖိုးထားတတ်သူတစ်ယောက်ပါ"
အတိတ်ဟူသည် အိမ်နှင့်တခြားပစ္စည်းများတင်မက လူများကိုလည်း ညွှန်းဆိုထားခြင်းပင်။
မုဖူရှန်း တော်၀င်မိသားစု၏ ရှုပ်ထွေးသည့်လုပ်ဆောင်ချက်များကို ကောင်းကောင်းသိသဖြင့် ခြေရာခံ၍မရနိုင်သည့် အပြုံးနှင့် တုံ့ပြန်သည်။
"ဒါပေမယ့် ရှေ့ဆက်ဖို့အချိန်ရောက်လာတဲ့အခါကျရင်တော့ အတိတ်ဆိုတဲ့ အရာသက်သက်နဲ့ မင်းသားဒီမှာ နေလို့မရတော့ဘူးလေ"
ရှေ့ဆက်ရန်ဟူသည် နတ်မင်းဆက်၏ အုပ်ချုပ်သူဖြစ်လာခြင်းကို ဆိုလိုခြင်းပင်။
အိမ်ရှေ့မင်းသား ကျယ်လောင်စွာရယ်မောသည်။
"မင်းရဲ့မင်္ဂလာရှိတဲ့ စကားတွေကို ငါလက်ခံလိုက်ပါမယ်"
"ဒါပေမယ့် ညီနောင်ယဲ့နဲ့ ညီနောင်ရှီတို့ရော၊ ဒီတစ်ခါ သူတို့ဘာလို့မလာကြတာလဲ" အိမ်ရှေ့မင်းသား ယခုမှသဘောပေါက်သွားဟန်ဆောင်ကာ သူတို့သုံးယောက်နောက်သို့ တမင်တကာပင်ကြည့်လိုက်သည်။
မုဖူရှန်းဖြေကြားသည်။
"သူတို့က ကျင့်ကြံခြင်းမှာ အရေးပါတဲ့ အချိန်ကာတစ်ခုကို ရောက်နေတာမို့ ကျောင်းတော်မှာ ဆက်နေခဲ့ကြပါတယ်"
"ကြည့်ရတာ မင်းတို့ငါ့ကို လုံး၀မယုံသေးပုံပဲ" အိမ်ရှေ့မင်းသားရယ်မောကာ ပြောဆိုရင်း လက်ဖက်ရည်သုံးခွက်ငှဲပေးကာ လက်ယပ်ကာပြောသည်။
"ဒါပေမယ့် စိတ်ချပါ၊ ငါမျှော်လင့်တာက မင်းတို့ ငါ့ဘက်မှာရပ်တည်ဖို့ပါပဲ"
မုဖူရှန်းခေါင်းညိတ်သည်။
"ဒီတာ၀န်မှာ ကျွန်တော်တို့ကို အိမ်ရှေ့မင်းသား ဘယ်လိုအခန်းကဏ္ဍကနေ ပါ၀င်စေချင်လဲ"
ဒါကိုကြားသော် အိမ်ရှေ့မင်းသား ဖိတ်စာတစ်စောင်ထုတ်ယူပြီး မုဖူရှန်းအားပေးလိုက်လေရာ ရှောင်ဟိုင်၊ ဖန်ချန်းတို့နှင့်အတူ မုဖူရှန်းစတင်စစ်ဆေးကြည့်သည်။
အထဲတွင် 'စစ်ရေးလေ့ကျင့်မှုပြပွဲ' ဟူသောစကားလုံးများအား ရေးထွင်းထားသည်။
အိမ်ရှေ့မင်းသားစတင်ရှင်းပြသည်။
"အခုငါအိမ်ရှေ့မင်းသားရာထူးကို ရထားပြီဆိုတော့ ငါ့မှာ နတ်မင်းဆက်ရဲ့ စီးပွားရေးရော စစ်ရေးနှစ်ခုစလုံးမှာ ပြောဆိုပိုင်ခွင့်နည်းနည်းတော့ ရှိဖို့လိုတယ်လေ"
"စစ်ရေးကိစ္စတွေက အမြဲလိုလိုပထမမင်းသားရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့ပြီး ငါ့မှာ ငါ့အမိန့်တွေကို တုံ့ပြန်တဲ့ စစ်တပ်အစိတ်အပိုင်းတစ်ခုရှိတယ်ဆိုပေမယ့် အရမ်းကြီးမသိသာဘူး၊ ဒါ့အပြင် မဟာစစ်တပ်ထဲမှာ ငါ့မှာလွှမ်းမိုးမှုသိပ်မရှိဘူး"
"လာမယ့်စစ်ရေးလေ့ကျင့်မှုပြပွဲက နတ်မင်းဆက်က အဓိကအင်အားစုအားလုံးအတွက် သူတို့ခွန်အားကို ပြသရမယ့်အချိန်ဖြစ်တယ်၊ မင်းတို့ငါ့ရဲ့စစ်တပ်အစိတ်အပိုင်းမှာ၀င်ပြီး ပြိုင်ပွဲမှာ ငါတို့ကို ကိုယ်စားပြုမယ်လို့ မျှော်လင့်ပါတယ်"
"တကယ်လို့ပြပွဲမှာ ငါတို့အဆင့်ကောင်းတစ်ခုရနိုင်ရင် စစ်တပ်အတွင်း ငါ့မှာ အသာစီးတစ်ချို့ရလာမှာပဲ"
စစ်ရေးစနစ်က ခွန်အားကို အလေးထားဆုံးနေရာတစ်ခုပင်။ အကယ်၍ အခြေခံခွန်အားသာမရှိပါက အိမ်ရှေ့မင်းသားလျှင်ပင် အပြည့်အ၀နာခံမည်မဟုတ်။
မုဖူရှန်းနှင့် ကျန်သောသူများစကားပြောတာကိုပင် စောင့်မနေတော့ဘဲ အိမ်ရှေ့မင်းသားပြုံးလိုက်၏။
"သေချာတာပေါ့၊ ဒီတစ်ကြိမ်အတွက် လျော်ကြေးက နောက်ဆုံးအကြိမ်ထက် ဘယ်လိုမှ မနည်းစေရပါဘူး"
မုဖူရှန်း ဖိတ်စာကို သိမ်းဆည်းပြီးနောက် မေးသည်။
"ဒါဆိုဘာလို့ အိမ်ရှေ့မင်းသား ကျွန်တော်တို့ကို ရှာရတာလဲ၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ကျွန်တော်တို့ထက် ပိုအားကောင်းတဲ့လူတွေ အများကြီးရှိတာပဲလေ"
ဒါကိုကြားသော် အိမ်ရှေ့မင်းသားခါးသီးစွာပြုံးသည်။
"နောက်ဆုံးဖြစ်ရပ်အပြီးမှာ ငါမရင်းနှီးတဲ့လူတွေကို အလွယ်တကူမယုံရဲတော့ဘူး၊ ဒါ့အပြင် နတ်မင်းဆက်အတွင်းမှာ ငါ့က ဘက်ပေါင်းစုံက ၀န်းရံခံထားရတယ်၊ ငါ့ရာထူးကို တပ်မက်နေကြတဲ့လူတွေ အများကြီးရှိတယ်"
ဒီပြောဆိုချက်၌ ဘာပြဿာနာမှ မရှိဟုထင်ရသည်။
သို့သော် ဒီအရာတစ်ခုလုံးက အမှန်တရားဟု မုဖူရှန်းမယုံနိုင်ပါ။
အိမ်ရှေ့မင်းသားတစ်ဦးအဖြစ် သူယုံနိုင်သော လူအနည်းငယ်သာရှိလျှင်ပင် အားကောင်းသည့်ပုဂ္ဂိုလ်များအား ရှာဖွေရန်ဟူသည် အတော်လေးလွယ်ကူနေဆဲပင်။
အထူးသဖြင့် ဤအကျိုးအမြတ်ကိုသာ ဦးတည်တတ်သည့် ခေးအောစ့်နယ်မြေတွင်ဖြစ်သည်။
အကယ်၍လူမရှာနိုင်တာက ဒါက သင့်ငွေက လူရှာနိုင်သည့်အဆင့်တွင် ရှိမနေဘူးဟု ဆိုလိုနေခြင်းသာ။
မုဖူရှန်း လျော်ကြေးကိုတစ်ချက်ကြည့်လိုက်၏။
ခြောက်ပြစ်ကင်းရှေးဦးမူလကျောက်တုံးတစ်သိန်းအပြင် ဘိုးဘေးနယ်ပယ်ဆေးလုံးတစ်လုံးနှင့် ကောင်းကင်လောင်ကျွမ်းဆေးလုံးလည်းပါ၀င်သည်။
ယခုလိုကြောက်စရာကောင်းသည့် ဆုလာဘ်မျိုးနှင့်ဆိုပါက ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ယောက်ကို ဖိတ်ခေါ်ရန်ဆိုတာကပင် အတော်လေးလွယ်ကူသည်။
အိမ်ရှေ့မင်းသားဆက်ပြောသည်။
"ဒါ့အပြင် မင်းတို့ပါ၀င်ဖို့လိုတဲ့ စစ်ရေးလေ့ကျင့်မှုက နတ်ဧကရာဇ်အဆင့်ပဲဆိုပေမယ့် တခြားလူတွေကတော့ ဘိုးဘေးနယ်ပယ်နဲ့ နတ်သခင်နယ်ပယ်တွေအတွက် တက်ရောက်ကြမှာပါ"
"ဒီတော့ ငါနောက်တစ်ကြိမ်မေးပါရစေ၊ မင်းတို့ဒီတာ၀န်ကိုလက်ခံလား"
မုဖူရှန်းနှင့် ကျန်သောသူများအကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့ဒီအထိပင် ရောက်လာခဲ့ကြလေပြီ။
ကောင်းကင်လောင်ကျွမ်းဆေးလုံးကို ရှောင်ဟိုင်၏ခန္ဓာအား ပြုပြင်မွမ်းမံရာတွင်လည်း အသုံးပြုနိုင်သည်။
ထို့ကြောင့် သူတို့ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။
"စစ်ရေးလေ့ကျင့်မှုမတိုင်ခင် အချိန်ခုနှစ်ရက်ရှိသေးတယ်၊ ဒီရက်ပိုင်းအတွင်း မင်းတို့ ကျိုးလုံမြို့မှာ လျှောက်လည်ပတ်နေလို့ရပါတယ်၊ မင်းတို့အတွက် နေရာထိုင်ခင်းတွေလည်း စီစဉ်ထားပါတယ်" အိမ်ရှေ့မင်းသား အပြုံးဖြင့်ပြောပြီးနောက် တုံကင်တစ်ခု ထုတ်ယူလိုက်၏။
"ဒီတုံကင်ကို မင်းတို့နဲ့အတူယူသွားပါ၊ အခြေခံအားဖြင့် ကျိုးလုံမြို့က ဘယ်သူမှ မင်းတို့ကို ပြဿာနာရှာရဲမှာမဟုတ်ဘူး၊ ငါနန်းတော်မှာ တက်ရမယ့် ကိစ္စတစ်ချို့ရှိသေးတော့ မင်းတို့ဆန္ဒရှိသလို လွတ်လွတ်လပ်လပ်နေကြပါ"
ဒါက သွား၍ရပြီဟု ပြောဆိုနေတာရှင်းနေသည်။
တုံကင်ကို လက်ခံရရှိပြီးနောက် မုဖူရှန်းနှင့် ကျန်သောသူများထွက်သွားကြသည်။
သူတို့သုံးယောက်ထွက်သွားသည်နှင့်တစ်ပြိုင်နက် အစေခံအိုကြီးက အိမ်ရှေ့မင်းသားနောက်တွင် ရုတ်တရက် ပေါ်လာပြီး ထူးမခြားနားစွာပြောသည်။
"ကျုပ်သူတို့နောက်က လိုက်ရမလား၊ အရှင်မင်းသား"
သို့စေကာမူ အိမ်ရှေ့မင်းသား အပြုံးဖြင့် ခေါင်းခါယမ်းသည်။
"မလိုပါဘူး၊ ချူလောင်၊ သူတို့မှာ ကျုပ်ကို ဆန့်ကျင်မယ့် အကြောင်းပြချက်မရှိတာကို မပြောသေးဘူး၊ အဲဒီလူက ပုန်းနေချင်သေးတယ်ဆိုရင် သူတို့တခြားဘက်မှာလည်း ရပ်တည်မှာမဟုတ်ဘူး"
"ကျုပ်နဲ့အတူရပ်တည်မှ သူတို့မှာ ရယူစရာအများကြီးရှိလာမှာ"
ချူလောင်ခေါင်းညိတ်ပြီးနောက် ဤနေရာသို့ တစ်ခါမှမရောက်ခဲ့ဖူးသည့်အလား အမှောင်ထဲတွင် ပျောက်ကွယ်သွား၏။
နေထိုင်ရာနေရာကိုရောက်လာသောအခါ ဖန်ချန်းမေးသည်။
"ဒီရက်တွေမှာ ဘာလုပ်ကြမလဲ"
ရှောင်ဟိုင်ပခုံးသာတွန့်ပြသည်။
"သေချာပေါက်ကျင့်ကြံမှာပေါ့"
သို့သော် မုဖူရှန်းပြောသည်။
"အစ်ကိုနဲ့ညီလေးတို့ကျင့်ကြံကြ၊ ကျွန်တော် ထောက်လှမ်းရေးသတင်းတစ်ချို့ သွားစုစည်းလိုက်မယ်"
သူတို့နေရာအသစ်တစ်ခုကို ရောက်တိုင်း သို့မဟုတ် စိတ်ထဲတွင် ပန်းတိုင်အသစ်တစ်ခုရှိလာတိုင်း မုဖူရှန်းတွင် ထိုနေရာ၏ အခြေအနေကို အရင်ဆုံးစုံစမ်းစစ်ဆေးပြီး နားလည်အောင် လုပ်တတ်သည့် အလေ့အကျင့်တစ်ခုရှိသည်။
ထိုသို့ပြောပြီးနောက် သူ့တည်ရှိမှုကို ဖုံးကွယ်ပေးသည့် ၀တ်ရုံကို၀တ်ဆင်ရင်း အော်ရာကို ဖုံးကွယ်ပေးသော အဆောင်များကို တပ်ဆင်ကာ မည်သူမည်ဝါဖြစ်ကြောင်း ကွယ်ဝှက်ပေးသည့် ကျောက်စိမ်းဆွဲသီးကို ချိတ်ပြီးနောက် ခြံ၀င်းထဲကနေ တိတ်တိတ်လေး ထွက်သွားလေတော့သည်။