အခန်း (၄-၆)
Vol. 1 Ch. 4-6
အခန်း ၄ - အကြွေစေ့တစ်စေ့ကတောင် တန်ဖိုးရှိတယ်
"နောက်ဆုံးတော့ အဆင့်၂ကိုရောက်သွားခဲ့ပြီ"
ထိုအခိုက်အတန့်တွင် ရှောင်ယု၏စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေပြီး ဓားသခင်ဂရင်း၏ ဒုတိယမြောက်ကျွမ်းကျင်မှုအား သင်ယူရန် ရွေးချယ်ခဲ့သည်။
"ပြင်းထန်သောခုတ်ပိုင်းချက် ကိုလေ့လာပါ..."
ရှောင်ယုက အမိန့်ပေးလိုက်သည်နှင့် ဂရင်း၏ကျွမ်းကျင်မှုစာရင်းတွင် ပြင်းထန်သောခုတ်ပိုင်းချက်ဟူသည့် စကားစုကထွက်ပေါ်လာခဲ့သည်။
ပြင်းထန်သောခုတ်ပိုင်းချက် (အဆင့် ၁)
- ရန်သူအား တိုက်ခိုက်ရာတွင် ထိခိုက်ပျက်စီးမှုကို အမှတ်၈၀တိုးမြင့်ပေးသည့် အားကောင်းသည့်ခုတ်ပိုင်းချက်တစ်ခုဖြစ်သည်။
ပြန်လည်အသုံးပြုရန်ကြာချိန် - ၁၀ စက္ကန့်
အဆင့် ၂သို့ရောက်ရှိပြီးနောက် ဓားသခင်ဂရင်း၏ အရည်အချင်းများသည် စတင်ပြောင်းလဲလာခဲ့သည်။
သူရဲကောင်းအမျိုးအစား - ဓားသခင်
အမည် - ဂရင်း(ငရဲအော်သံ)
မျိုးနွယ်ဝင် - အောစ့်ဘီလူး
အဆင့် - ၂
ခွန်အား - ၂၂
အမြန်နှုန်း - ၃၄
ခုခံမှု့ - ၂၇
ကျွမ်းကျင်မှုများ - လေလမ်းလျှောက်ခြင်း(အဆင့်၁) ၊ ပြင်းထန်သောခုတ်ပိုင်းချက်(အဆင့်၁)
လက်ကျန်ကျွမ်းကျင်မှုအမှတ် - ၀ မှတ်
ရှောင်ယုသည် ဂရင်း၏ပြောင်းလဲသွားသော အရည်အချင်းများကို စစ်ဆေးကြည့်ပြီးနောက်တွင် ဂရင်း၏ ခွန်အား ၊ အမြန်နှုန်း ၊ ခုခံမှုတို့သည် ၂မှတ် ၊ ၄မှတ်နှင့် ၂မှတ် အသီးသီးတိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။
"အခြေခံအချက်အလက်တွေက ပိုအားကောင်းလာပြီးတော့ ဂရင်းက ပြင်းထန်သောခုတ်ပိုင်းချက်ကို သင်ယူလိုက်ပြီ...ခုတော့ ဂရင်းရဲ့ တိုက်စစ်အင်အားနည်းပါးနေတဲ့ ပြဿနာကိုတော့ ယာယီဖြေရှင်းနိုင်လိုက်ပြီ..."
ပြင်းထန်သောခုတ်ပိုင်းချက်သည် အဆင့်၁၌သာ ရှိနေသေးသော်လည်း မျက်စိစုံမှတ်ကာဝှေ့ယမ်းနေခြင်းနှင့် နှိုင်းယှဉ်ပါက စစ်မှန်သော တိုက်ခိုက်ရေးကျွမ်းကျင်မှုဖြစ်သည်။
သို့သော် ဂရင်း၏ဓားသည် အလွန်ပင်ညံ့ဖျင်းလှပေရာ သူ၏အကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားကို မထုတ်ဖော်နိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။
ထိုအတွက်ကြောင့် ရှောင်ယုသည် ပန်းပဲဆိုင်အား အမြန်ဆုံးတည်ဆောက်ကာ ဂရင်း၏ဓားကို အဆင့်မြင့်ပေးရန် လိုလားနေခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျားသစ်တစ်ကောင်သည် အဝေးမှပြေးဝင်လာသည့်အတွက် ရှောင်ယုသည် လေလမ်းလျှောက်ခြင်းအား အသုံးပြုကာ သူ၏အော်ရာကိုဖုံးကွယ်လိုက်ပြီး ဂရင်းအား ထိုကျားသစ်နှင့်ရင်ဆိုင်စေလိုက်သည်။
ရှောင်ယုသည် လက်ရှိသူ၏ခွန်အားအရ သားရဲတစ်ကောင်ကို တိုက်ခိုက်ရန် အလွန်အားနည်းနေသေးကြောင်း နားလည်ထားပေသည်။ထို့ကြောင့် လေလမ်းလျှောက်ခြင်းသည် သူ့အတွက်အသုံးဝင်သည့် အသက်ကယ်ကျွမ်းကျင်မှုဖြစ်သည်။
ဂရင်းသည် သူအသစ်သင်ယူထားသော ပြင်းထန်သောခုတ်ပိုင်းချက်အား လက်တွေ့စမ်းသပ်ရန် စိတ်အားထက်သန်နေပုံရသည်။ဂရင်းသည် လေလမ်းလျှောက်ခြင်းအား မဆိုင်းမတွထုတ်ဖော်ကာ ကျားသစ်ထံခုန်ဝင်သွားပြီး ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။
ရှီးးး...
ထက်ရှသောလေတိုးသံနှင့်အတူ ဂရင်း၏ဓားသည် ကျားသစ်၏လည်ပင်းအား အလွယ်တကူပင် ဖြတ်ကျော်သွားခဲ့သည်။ကျားသစ်သည် နာကျင်စွာအော်ဟစ်ကာ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း သူ၏လည်ပင်းသည် ဂရင်း၏ဓားချက်ကြောင့် တစ်ဝက်နီးပါးပြတ်တောက်သွားလေရာ ခြေတစ်လှမ်းနှစ်လှမ်းခန့် ရွေ့လျားပြီးသည်နှင့် ဘေးဘက်သို့ယိမ်းယိုင်လဲကျကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
"ပြင်းထန်သောခုတ်ပိုင်းချက်က တကယ်အားကောင်းတာပဲ...ဟားဟား..."
ရှောင်ယုသည် သေဆုံးသွားသောကျားသစ်၏ အလောင်းဆီသို့ ပြေးဝင်စစ်ဆေးလိုက်ရာ ကျားသစ်၏လည်ပင်းတွင် လက်ဝါးတစ်ခုစာခန့် နက်ရှိင်းသောဒဏ်ရာကို တွေ့လိုက်ရ၍ ကျေနပ်သွားခဲ့သည်။သူတို့သည် ယခင်က ဝက်ဝံများအားသတ်ဖြတ်ခဲ့သော်လည်း ဂရင်းသည် သူတို့အားသတ်ဖြတ်ရန် အချိန်အတော်ကြာတိုက်ခိုက်ခဲ့ရကာ ယခုလိုတစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ခဲ့ပေ။
သို့သော် ရှောင်ယုသည် ပြင်းထန်သောခုတ်ပိုင်းချက်၏ အစွမ်းကို တိတိကျကျသိရှိလိုသောကြောင့် အနီးအနားရှိသစ်ပင်တစ်ပင်အား တိုက်ခိုက်ရန် ဂရင်းအားအမိန့်ပေးခဲ့သည်။အချိန်ခဏကြာပြီးနောက် ထက်ဝက်ပိုင်းသွားသည့် သစ်ပင်ပင်စည်ကိုကြည့်ပြီး ရှောင်ယုသည် အလွန်ကျေနပ်သွားခဲ့သည်။
ဂရင်းသည် အဆင့်တက်သည်နှင့် ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူနိုင်ပေရာ ရှောင်ယုသည်လည်း သင်ယူနိုင်ပေသည်။ထို့ကြောင့် ရှောင်ယုသည် ပြင်းထန်သောခုတ်ပိုင်းချက်အား သင်ယူရန်တွန့်ဆုတ်မနေခဲ့ပေ။
လက်ရှိအချိန်တွင် ရှောင်ယု၏ရုပ်ပိုင်းဆိုင်ရာအားနည်းမှုနှင့် နိမ့်ပါးသောအရည်အချင်းများကြောင့် သူသည် ပြင်းထန်သောခုတ်ပိုင်းချက်၏ အစွမ်းအမှန်ကို မထုတ်ဖော်နိုင်သေးပေ။
ရှောင်ယုသည် ပြင်းထန်သောခုတ်ပိုင်းချက်ကိုအသုံးပြုကာ ကလေးလက်မောင်းအရွယ် သစ်ကိုင်းအားခုတ်ပိုင်းနေချိန်တွင် ဂရင်းကမူ ထူထဲသောသစ်ပင်ပင်စည်အား တိုက်ရိုက်ခုတ်ပိုင်းနိုင်သည်။ကျွမ်းကျင်သူတစ်ဦးသည် လုံလောက်သောခွန်အားကိုပိုင်ဆိုင်ချိန်တွင် ပြင်းထန်သောခုတ်ပိုင်းချက်၏ အစွမ်းအမှန်ကို ထုတ်ဖော်နိုင်ခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်၌အလင်းရောင် စတင်ပျောက်ကွယ်လာသည့်အတွက် ရှောင်ယုသည် ထပ်မံ၍လောဘမကြီးတော့ဘဲ စခန်းသို့ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။
ဂရင်းသည် အဆင့်၂မှ အဆင့်၃သို့တိုးမြင့်လာရန်အတွက် ရမှတ် ၂၀၀၀နီးပါးလိုအပ်ပေသည်။သူရဲကောင်းများနှင့် လက်နက်များသည် အဆင့်တစ်ခုတိုးမြင့်လာသည်နှင့်အမျှ မြင့်မားသောအဆင့်သ်ို့ရောက်ရှိရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ရှောင်ယုကသတိပြုမိလိုက်သည်။
သို့သော် ဂရင်းကသာ အဆင့်၃သို့ရောက်ရှိလာပါက ထပ်ဆင့်ခုတ်ပိုင်းချက်အား သင်ယူနိုင်မည်ဖြစ်ကာ ၎င်းသည်ဂရင်း၏တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုအားကောင်းစေမှာဖြစ်သည်။
ရှောင်ယုသည် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အောစ့်စစ်သည် များအားထုတ်လုပ်ပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရ၍ အနည်းငယ်ပျော်ရွှင်သွားခဲ့သည်။၎င်းတို့အားလုံးသည် အရပ်၂မီတာခန့်ရှိပြီး စိမ်းစိုသောအသားအရောင်နှင့် ချွန်ထက်သောသွားစွယ်များရှိကြပြီး စစ်တန်းလျား၏အဝင်ဝ၌ မတ်တပ်ရပ်နေကြသည်။သူတို့အားလုံးသည် ရှောင်ယုအားတွေ့မြင်လိုက်သည်နှင့် ဦးညွတ်ကာနှုတ်ဆက်လိုက်ကြသည်။
"သခင်..."
ရှောင်ယုသည် အောစ့်စစ်သည်များ၏စွမ်းဆောင်မှုအပေါ် ကျေနပ်မှုရှိခဲ့သည်။သူတို့အားလုံးသည် ရှောင်ယုအပေါ်၌ အလွန်ပင်သစ္စာစောင့်သိကြသည်။အောစ့်စစ်သည်များသည် ဂရင်းထက်အားနည်းသော်လည်း လူသားစစ်သည်များထက် များစွာသန်မာပေသည်။သူတို့၏ခန္ဓာကိုယ်သည် ရှောင်ယုနှစ်ယောက်စာခန့်ရှိကာ သူတို့၏လက်မောင်းများသည် ရှောင်ယု၏ပေါင်ခန့်ရှိပေသည်။
ထို့ပြင် သူတို့တစ်ဦးချင်းစီသည် အပြင်ပိုင်းတွင်မြင်တွေ့ရသည်ထက် ပိုမ်ိုပေါက်ကွဲနိုင်သော စွမ်းအားရှိပြီး အောစ့်စစ်သည်တစ်ဦး၏ သာမန်လက်ဝါးတစ်ချက်က ရှောင်ယုအား အဝေးသို့လွှင့်ထွက်သွားစေနိုင်သည်။
ရှောင်ယုသည် စစ်မြေပြင်၍ အောစ့်စစ်သည်များ၏ အခန်းကဏ္ဍကို စိတ်ကူးယဉ်မိလိုက်သည်။ရှင်းရှင်းလင်းလင်းပြောရလျှင် အောစ့်စစ်သည်တစ်ယောက်သည် ပုံမှန်လူသားစစ်သည်၃ဦးအား အလွယ်တကူတိုက်ခိုက်နိုင်သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် အောစ့်စစ်သည်များအသုံးပြုနေသည့် သံချပ်ကာနှင့်ပုဆိန်များအား ကျေနပ်မှုမရှိပေ။ထို့ပြင် သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများအရ ဝေးလံခေါင်သီသော ကျေးလက်ဒေသများမှ ရောက်ရှိလာပုံရသည်။
ရှောင်ယုသည် အောစ့်စစ်သည်များကိုကြည့်ပြီး သူ၏စစ်တပ်အား ထောက်ပံ့ရန်အတွက် စစ်တပ်ပန်းပဲဆိုင်အား အမြန်ဆုံးတည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်ယုက သူ့ထံတွင် သူရဲကောင်းတစ်ယောက်နှင့် အောစ့်စစ်သည်များ ရှိနေသောကြောင့် လုံခြုံမှုအားခံစားရသော်လည်း အောစ့်စစ်သည် ၁၀ယောက်သည် စစ်မြေပြင်၌ အထောက်အကူပြုနိုင်စွမ်း မမြင့်မားကြောင်း နားလည်ထားသည်။
ရှောင်ယု၏ယခင်မှတ်ညဏ်များအရ ကာရီ၏ဖခင်နယ်မြေသည် သေးငယ်သည်မဟုတ်ပေ။ထိုနယ်မြေ၌ ပုံမှန်စစ်တပ်အင်အား ၂၀၀၀၀ ခန့်ရှိပြီး အနည်းဆုံးရှောင်ယုတို့အား လာရောက်တိုက်ခိုက်ရန် စစ်တပ်အင်အား ထောင်ချီကိုယူဆောင်လာနိုင်သည်။ယခု ရှောင်ယု၏မြို့တွင် စစ်သည်အင်အား ၅၀၀သာရှိပြီး အောစ့်စစ်သည်၁၀ယောက်သည် များစွာအဆုံးအဖြတ်မပေးနိုင်ပေ။
အောစ့်စစ်သည်များသည် အင်အားကြီးမားသော်လည်း ပုံမှန်စစ်သည် သုံးယောက်မှ လေးငါးယောက်ထိသာ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။သို့သော် သာမန်အောစ့်စစ်သည်တစ်ယောက်သည် လူသားစစ်သည်ဒါဇင်ချီအား မတိုက်ခိုက်နိုင်ပေ။
အသေးစိတ်တွက်ချက်မှုများ ပြုလုပ်ပြီးနောက် လာမယ့်တိုက်ပွဲအတွက် အနည်းဆုံး အောစ့်စစ်သည် ၄၀၀မှ ၅၀၀ထိ လိုအပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။အောစ့်စစ်သည်များနှင့် မြို့တွင်းရှိစစ်သားများ၏အကူအညီဖြင့်သာဆိုပါက ကာရီ၏တပ်များအား အနိုင်ယူနိုင်သင့်သည်။
သို့သော် လိုအပ်သောအောစ့်စစ်သည်ပမာဏက်ို ထုတ်လုပ်ရန်အတွက် ရွှေ ၄၀၀၀၀ မှ ၅၀၀၀၀အထိလိုအပ်ပေသည်။
ဒီရွှေတွေကို ငါဘယ်နားကသွားရှာရမှာလဲ...
လက်ရှိအချိန်တွင် သူသည်အောစ့်စစ်သည်များ၏ အစားအစာပြသနာအား ဖြေရှင်းရန်အတွက် မြေကျင်းများကိုလည်း တည်ဆောက်ရဦးမယ်ဖြစ်ရာ အကုန်အကျအလွန်များပြားမှာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အောစ့်စစ်သည်များနှင့် အလုပ်သမားများသည် ထိုမြေကျင်းများအတွင်း၌ နေထိုင်နိုင်ကြောင်း သိရှိခဲ့ရသည့်အတွက် လက်ရှိအချိန်တွင် သူတို့အား အစားအစာထောက်ပံ့ပေးရန် မလိုအပ်သေးပေ။
ထိုသို့မဟုတ်ပါက အောစ့်စစ်သည်များအား နေ့စဉ်ကျွေးမွေးရမယ့် ဒုက္ခသည် သေးငယ်ခြင်းမရှိပေ။
"လောလောဆယ်...မြို့ထဲမှာ ရွှေပြားဘယ်လောက်ကျန်သေးလဲ တစ်ချက်ပြန်သွားကြည့်ရမယ်...ငါ့ရဲ့နယ်မြေက အကျယ်ကြီးဆိုတော့ စုဆောင်းထားတာတွေ အနည်းအကျဉ်းတော့ရှိမှာပဲ...အနည်းဆုံး ၄၀၀၀၀ / ၅၀၀၀၀လောက်တော့ ရှိရမယ်...အဲ့ဒါမှ ကာရီကိုတွန်းလှန်ဖို့ အောစ့်စစ်သည်တွေကိုမွေးထုတ်နိုင်မှာ"
ရှောင်ယုသည် သူ၏အစီအစဉ်အတိုင်း လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။သူသည် မြင်းစီး၍မြို့သို့ပြန်သွားစဉ် ဂရင်းနှင့်အောစ့်စစ်သည်၁၀ဦးအား သူ၏အခြေစိုက်စခန်းကို ကာကွယ်ရန်အမိန့်ပေးလိုက်သည်။
ရှောင်ယုသည် မြို့ထဲသို့အမြန်ပြန်လာသော်လည်း ညအချိန်ရောက်နေ၍ မြို့တံခါးအား ပိတ်ထားလိုက်ပြီဖြစ်သည်။
"တံခါးဖွင့်...တံခါးဖွင့်...မင်းတို့ရဲ့သခင်တစ်ယောက်လုံးအပြင်ရောက်နေတာကို ဘာလို့တံခါးပိတ်ထားတာလဲ..."
ရှောင်ယုသည် တံခါးပိတ်ထားသည်ကိုတွေ့၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
မြို့ရိုးပေါ်၌ရပ်နေသော စစ်သားများက ရှောင်ယုအားတွေ့မြင်ကာ တံခါးကိုအမြန်ဖွင့်လိုက်သည်။ကာရီသည် တပ်များကိုဦးဆောင်ကာ အချိန်မရွေးရောက်လာနိုင်သောကြောင့် အိမ်တော်ထိန်းဟောင်သည် စစ်သားများအား မြို့တံခါးကိုစောစောပိတ်ရန် အမိန့်ပေးထားခဲ့သည်။
ရှောင်ယုသည် အိမ်သို့ပြန်ရောက်သည်နှင့် အိမ်အကူမလေးအား အမိန့်ပေးလိုက်သည်။
"ဦးလေးဟောင်ကို တစ်ချက်ခေါ်ပေး..."
အိမ်အကူမလေးသည် ရှောင်ယု၏အခန်းကိုသန့်ရှင်းရေး လုပ်နေခြင်းဖြစ်သည်။ရှောင်ယုသည် ယနေ့ပြန်မလာဟု သူမအား အကြောင်းကြားထားလေရာ ရှောင်ယုရောက်လာမည်ဟု မမျှော်လင့်ထားပေ။
ထို့ကြောင့်သူမသည် လုပ်လက်စအလုပ်များအား ပစ်ချလိုက်ကာ အိမ်တော်ထိန်းဟောင်ကို သွားရောက်ခေါ်ယူခဲ့သည်။
ရှောင်ယုသည် သူ၏အောစ့်အခြေစိုက်စခန်းအကြောင်းတွေးတောရင်း အခန်းထဲတွင် လျှောက်သွားနေခဲ့သည်။
သူ့ထံတွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိသော်လည်း ထိုအခြေခံအုတ်မြစ်အား ဖွံ့ဖြို့တိုးတက်စေရန်အတွက် လုပ်ဆောင်စရာများစွာကျန်ရှိနေသေးသည်။
လက်ရှိအချိန်တွင် ရွှေသည်အရေးအကြီးဆုံးသော အရာပင်ဖြစ်သည်။သူ၏အခြေခံအုတ်မြစ်အား မြန်မြန်ဆန်ဆန်တိုးတက်စေရန်အတွက် အိမ်တော်ထိန်းဟောင်ထံမှ အရင်းအနှီးတောင်းခံရန်လိုအပ်နေသည်။
ခဏအကြာတွင် အိမ်တော်ထိန်းဟောင်က အခန်းထဲဝင်လာခဲ့သည်။
"သခင်လေး...ဘာကိစ္စရှိလို့လဲ..."
အိမ်တော်ထိန်းဟောင်၏အမြင်တွင် ရှောင်ယုသည် ကောင်းမွန်စွာထွက်သွားခဲ့ရာ ယခုလိုပြန်လာရန် မမျှော်လင့်ထားခဲ့ပေ။
ရှောင်ယုသည် အိမ်တော်ထိန်းဟောင်၏ ဆံပင်ဖြူများကိုကြည့်လိုက်ပြီး မှုန်မှိုင်းနေသော မျက်လုံးများအားသတိထားမိလိုက်သည်။ယခုရက်ပိုင်းအတွင်း အိမ်တော်ထိန်းဟောင်သည် နယ်မြေအားလည်ပတ်စေရန်အတွက် စိတ်နှလုံးအကြွင်းမဲ့စိုက်ထုတ်ထားကြောင်း သိလိုက်ရသည်။
အဟွတ်...အဟွတ်...
ရှောင်ယုသည် အိမ်တော်ထိန်းဟောင်၏ အကြည့်များတွင် ဒေါသအရိပ်အယောင်များမရှိကြောင်း တွေ့လိုက်ရသည်။သူ၏ကိုယ်ပိုင်မှတ်ညဏ်များမှတဆင့် ဤဖြုန်းတီးတတ်သောရှောင်ယုသည် အိမ်တော်ထိန်းဟောင်ထံမှ ငွေကြေးများကို အကြောင်းပြချက်များစွာဖြင့် တောင်းယူ၍ အကုန်လုံးကိုသုံးစွဲပစ်ခဲ့သည်။
"ဦးလေးဟောင်...လောလောဆယ်မှာ နယ်မြေကအကျပ်အတည်းကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ငါသိတယ်...ငါကိုယ်တိုင်က ဒီပြဿနာကို ငါကိုယ်တ်ိုင်ဖန်တီးခဲ့တာမလို့ အဲဒါက်ိုဖြေရှင်းဖို့ ငါက်ိုယ်တိုင်နည်းလမ်းတွေကို စဉ်းစားနေတယ်...ငါ့ရဲ့အစီအစဉ်ကတော့ ငါတို့နယ်မြေကိုတိုက်ခိုက်လာမယ့် ကာရီရဲ့တပ်တွေကိုတားဆီးဖို့အတွက် ကြေးစားတပ်သားတွေကို ငှါးရမ်းဖို့ဘဲ...အဲ့ဒါကြောင့်"
ရှောင်ယုသည် စကားပြောနေရင်း ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ယခုအချိန်တွင် သူသည်အခြေစိုက်စခန်းကို ဖွံ့ဖြိုးတိုးတက်စေလိုသော်လည်း အရင်းအနှီးချို့တဲ့နေခဲ့သည်။
သို့ဖြစ်ရာ အိမ်တော်ထိန်းဟောင်အား အရင်းအနှီးထုတ်ခိုင်းရန်သာ ရှိတော့သည်။သို့သော် ရှောင်ယုသည် အိမ်တော်ထိန်းဟောင်ဝတ်ဆင်ထားသည့် ဟောင်းနွမ်းနေသောဝတ်စုံကိုကြည့်ရင်း အပြစ်ရှိသလိုခံစားလိုက်ရသည်။ယခုအချိန်၌ သူ၏နယ်မြေတွင် ငွေကြေးအလုံအလောက်မရှိကြောင်း သူနားလည်ပေသည်။ထိုသို့မဟုတ်ပါက အိမ်တော်ထိန်းတစ်ယောက်သည် ကောင်းမွန်သောဝတ်စုံတစ်ခုက်ို ဝတ်ဆင်ရန်အတွက် ငွေကြေးအနည်းငယ်အား သုံးစွဲရန်တွန့်ဆုတ်နေမှာမဟုတ်ပေ။
သို့သော် အံ့သြစရာကောင်းသည်မှာ အိမ်တော်ထိန်းဟောင်သည် မည်သည့်စကားမှဆိုရန် မကြိုးစာပေ။အိမ်တော်ထိန်းဟောင်သည် ရှောင်ယုကို စိတ်ပျက်သောအကြည့်ဖြင့်ကြည့်ကာ သက်ပြင်းချ၍ လှည့်ထွက်သွားခဲ့သည်။
မကြာခင်မှာပဲ အိမ်တော်ထိန်းဟောင်သည် သူ့လက်ထဲတွင်အိတ်အချို့ကို ယူဆောင်၍ပြန်လာခဲ့သည်။
"ဒါတွေရဲ့ နယ်မြေရဲ့နောက်ဆုံးလက်ကျန်တွေပဲ...အမျိုးသမီးငါးယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်း၅ပိုင်းခွဲထားပြီးနောက် ခုယူလာတာက ငါတို့သုံးနိုင်တဲ့ဟာပဲ...ငါနဲ့ လူအိုဟွေ့က သခင်နောက်ကိုလိုက်လာတာ အတော်ကြာနေပြီ...ဒါကြောင့်ငါတို့က သခင့်ရဲ့နောက်ဆုံးဆန္ဒအတိုင်း ဒီနေရာမှာပဲ ခေါင်းချဖို့ဆုံးဖြတ်လိုက်ပြီ"
အိမ်တော်ထိန်းဟောင်သည် ရှောင်ယုကိုစိုက်ကြည့်ကာပြောလိုက်သည်။သူ၏စကားတွင် သခင်ဟူသောစကားလုံးပါသော်လည်း ထိုသခင်ဟူသည် ရှောင်ယု၏အဖေဖြစ်သူ ရှောင်ကျန်းထျန်အား ရည်ညွန်းကြောင်း တွေ့မြင်နိုင်သည်။
အိမ်တော်ထိန်းဟောင်၏စကားအရ နယ်မြေတွင် မျှော်လင့်ချက်မရှိတော့ခြင်းဖြစ်ပြီး နယ်မြေဆက်လက်တည်တံ့ရန်အတွက် အလုပ်သမားများနှင့်အိမ်အကူများကိုပင် အလုပ်ဖြုတ်ခဲ့ရသည်။ယခုရှောင်ယု အိမ်ပြန်လာသည်မှာလည်း ပိုက်ဆံလာရောက်တောင်းခံခြင်းဖြစ်ပြီး ပိုက်ဆံရသည်နှင့် ချက်ချင်းပြန်လည်ထွက်ခွာသွားလိမ့်မည်ဟု အိမ်တော်ထိန်းဟောင်က ယူဆထားသည်။
"ဒါ...ဒါက..ဦးလေးဟောင် ဒီတစ်ခါတော့ ကျေးဇူးပြုပြီး ငါ့ကိုယုံကြည်ပေးပါ...နယ်မြေကိုကယ်တင်ဖို့ ငါနည်းလမ်းရှာမယ်...ဒီအတောအတွင်း ငါ့ရဲ့ခယ်မတွေကိုအပြင်မထွက်စေနဲ့ ကာရီကိုငါအနိုင်ယူပြမယ်..."
ရှောင်ယုသည် အိမ်တော်ထိန်းဟောင်၏ ဝမ်းနည်းနေသောအကြည့်များကို ကြည့်လိုက်ပြီး တုန်ယင်နေသောလေသံဖြင့် ကတိပေးလိုက်သည်။ယခုအချိန်တွင် သူ့ထံ၌ခိုင်မာသောအခြေခံတစ်ခုရှိကာ အချိန်အတိုင်းအတာတစ်ခုကြာပါက ဖွံ့ဖြို့တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အိမ်တော်ထိန်းဟောင်သည် ခေါင်းညိတ်ပြရုံသာပြလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
"သခင်လေး...ဒီကျွန်ကလုပ်စရာလေးတွေရှိသေးလို့ ခုသွားတော့မယ်"
ရှောင်ယုသည် အိမ်တော်ထိန်းဟောင် ထွက်ခွာသွားပြီးနောက် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။ယခုအချိန်တွင် သူ၏နယ်မြေသည် လုံးဝမျှော်လင့်ချက်ကုန်ဆုံးနေပြီဖြစ်သည်။
"သေစမ်း...ဒီအကျင့်မကောင်းတဲ့ကောင်က ငါ့အတွက် အရှုပ်အထွေးတွေ အများကြီးထားခဲ့တာပဲ..."
ရှောင်ယုသည် ယခင်ရှောင်ယုအား ဒေါသတကြီးကျိန်ဆဲကာ သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူသည်အိတ်များကိုဖွင့်လှစ်ကာ ရွှေပြားများကိုစတင်ရေတွက်ခဲ့သည်။ထိုရွှေပြားများသည် သူ၏အခြေစိုက်စခန်းအား ဖွံ့ဖြိုးတိုးတက်လာစေမယ့် အခြေခံအရင်းအမြစ်ဖြစ်သည်။
အချိန်ခဏကြာပြီးနောက် အိတ်များထဲတွင် ရွှေပြား၄၀၀၀ကျော်ရှိနေပြီး ၅၀၀၀ပင်မပြည့်ကြောင်း တွေ့ရှိလိုက်သည်။
သူသည် ရွှေပြား၄၀၀၀ကိုအသုံးပြုကာ အောစ့်စစ်သည် ၄၀ကိုသာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။သို့သော်လည်း ထိုမျှနည်းပါးသောပမာဏက စစ်မြေပြင်၌ အကန့်အသတ်ဖြင့်သာ ပါဝင်လှုပ်ရှားနိုင်မှာဖြစ်သည်။
"သေစမ်း...ပိုက်ဆံ...ပိုက်ဆံ...ဘာလို့အရာရာတိုင်းအတွက် ပိုက်ဆံလိုနေရတာလဲ..."
ရှောင်ယုကသူသည် ယခုလ်ိုကူကယ်ရာမဲ့နေသော အခြေအနေမျိုးအား တစ်ခါမှမရင်ဆိုင်ဖူးကြောင်း သတိထားမိလိုက်သည်။
ယခင်ဘဝက သူ၏ပိုက်ဆံအများစုကို ဂိမ်းထဲတွင် အသုံးပြုခဲ့သော်လည်း သူသည်စိုးရိမ်ပူပန်မှုမရှိဘဲ ပြဿနာကင်းရှင်းစွာဖြင့် စိတ်အေးလက်အေး ဆော့ကစားခဲ့သည်။သို့သော်လည်း ယခုအချိန်တွင် ပိုက်ဆံအမြောက်အများလိုအပ်နေသော်လည်း ပိုက်ဆံရရှိရန်လမ်းစရှာမရသေးပေ။
"ငွေ...ငွေ...ငါဘယ်နေရာကငွေရနိုင်မလဲ.."
ရှောင်ယုသည် တစ်ညလုံးအိပ်မပျော်နိုင်ဘဲ မနက်မိုးလင်းသည်အထိ အခန်းထဲတွင် အပြန်ပြန်အလှန်လှန်လမ်းလျှောက်နေပြီး မိုးစင်စင်လင်းခါနီးမှ ကုတင်ပေါ်၌ ခဏလှဲနေလိုက်သည်။
ရှောင်ယုသည် ခဏမျှအိပ်စက်အနားယူကာ ရွှေအိတ်များကိုယူဆောင်၍ မြို့ပြင်သို့ထွက်လာခဲ့သည်။
...
...
အိမ်တော်ထိန်းဟောင်သည် ထွက်ခွာသွားသည့် ရှောင်ယုကို အဝေးတစ်နေရာမှ တိတ်တဆိတ်စောင့်ကြည့်ပြီးနောက် ခန်းမထဲသွားရောက်ကာ အမျိုးသမီးများကို တွေ့ဆုံလိုက်သည်။
"အမျိုးသမီးတို့ မင်းတို့လည်းထွက်သွားသင့်ပြီ...ခုနေမသွားရင် သိပ်နောက်ကျသွားလိမ့်မယ်..."
ကပ္ပတိန်ဟွေ့သည် ရှောင်ယု၏ခယ်မငါးယောက်အား ထွက်ခွာရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေခဲ့သည်။
"ငါကိုထပ်ပြီး မဖျောင်းဖြနဲ့တော့...ငါကခုဆိုရင် ရှောင်မိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ...ငါ့မှာသွားစရာနေရာမရှိတော့ဘူး...ဒီမှာသေရတာကလည်း ကိစ္စတော့မရှိပါဘူး...ဒါပေမဲ့ စတုတ္ထနဲ့ပဥ္စမမြောက်ညီမလေးတွေက အသက်ငယ်ရွယ်သေးတော့ သူတို့ဒီနေရာမှာသေဆုံးသွားမယ်ဆိုရင် နှမြောစရာပဲ"
အကြီးဆုံးခယ်မဖြစ်သော ချီယင်ကပြောလိုက်သည်။
"ငါ့ကို ဖြုန်းတီးတတ်တဲ့သားလ်ို ဖြစ်စေချင်နေတာလား...ငါတော့လုံးဝမသွားဘူး...အဆုံးထိဒီမှာပဲဆက်နေမှာပဲ...ပဥ္စမမြောက်ညီမကိုပဲထွက်သွားခိုင်းလိုက်...ကာရီက ပဥ္စမမြောက်ညီမကိုပဲ စိတ်ဝင်စားနေတာဆိုတော့ အဲ့ကောင်လက်ထဲ ညီမလေးကိုလုံးဝထည့်ပေးလို့မရဘူး.."
ရှောင်ယု၏ စတုတ္ထမြောက်ခယ်မဖြစ်သူကလည်း ဝင်ပြောလိုက်သည်။
"ငါ့အတွက် စိတ်မပူကြပါနဲ့...ကာရီသာ ငါ့ကိုဖမ်းမိသွားမယ်ဆိုရင်တောင်မှ ငါ့ကိုယ်ငါသတ်သေမှာပဲ...ရှောင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုငါ့လက်ထဲမှာ မဆုံးရှံးစေရဘူး..."
ရှောင်ယု၏ ပဥ္စမမြောက်ခယ်မလေးက ကန့်ကွက်ပြောဆိုလိုက်သည်။
"မင်းတို့အဲလောက်ထိ မရူးမိုက်ကြနဲ့...မင်းတို့အားလုံးတစ်ခုခုဖြစ်သွားရင် ဆုံးပါးသွားတဲ့သခင်ကို ငါဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ..."
ကပ္ပတိန်ဟွေ့က အမျိုးသမီးများကို ဖျောင်းဖြရင်းအကျပ်ရိုက်နေခဲ့သည်။
*****
အခန်း ၅ - မှင်စာများအား ခြုံခိုတိုက်ခိုက်ခြင်း
ရှောင်ယုသည် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဂရင်းနှင့် အောစ့်စစ်သည် ၁၀ယောက်တို့သည် တန်းစီရပ်နေကြပြီး ရှောင်ယုရောက်ရှိလာသည်ကို မြင်သောအခါ ရိုသေစွာဦးညွတ်နှုတ်ဆက်လိုက်ကြသည်။
"သခင်..."
ရှောင်ယုသည် သူတို့၏သစ္စာစောင့်သိမှုအား အလွန်ပင်ကျေနပ်မှုရှိပေသည်။အလုပ်သမားများသည် အဆက်မပြတ်အလုပ်လုပ်နေကြဆဲဖြစ်ကာ အခြေစိုက်စခန်း၏တစ်နေရာတွင် ရှည်လျားသောသစ်ပင်များ ဒါဇင်နှင့်ချီ၍ စုပုံထားခဲ့သည်။သူတို့၏ သစ်ခုတ်သောအရှိန်နှုန်းသည် အလွန်နှေးကွေးသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ ကိရိယာများစုံစုံလင်လင်မရှိကြ၍ဖြစ်သည်။
ရှောင်ယုသည် ထိုအကြောင်းကို စနစ်အားမေးမြန်းကြည့်ရာ ပန်းပဲဆိုင်အားတည်ဆောက်ပြီးသည်နှင့် ကောင်းမွန်သောလက်နက်နှင့် ကိရိယာများအား ဝယ်ယူနိုင်ကြောင်း သိရှိလိုက်ရသည်။
မည်သို့ပင်ဆိုစေ အောစ့်အလုပ်သမားများ၏ ကာယကြံခိုင်မှုသည် သာမန်လူသားအလုပ်သမားများထက် များစွာပိုမိုအားကောင်းပေသည်။
ခဏအကြာတွင် ရှောင်ယုသည် မြေကျင်းများအားတည်ဆောက်ရန် သစ်သားအလုံအလောက်ရရှိပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ဂရင်းနှင့် အောစ့်စစ်သည် ၁၀ယောက်သည် အနားယူရန်နေရာမရှိသောကြောင့် ညဘက်တွင်အိပ်စက်နိုင်ခြင်းမရှိကြပေ။သူတို့သည် လမ်းလျှောက်ခြင်း ကင်းလှည့်ခြင်းဖြင့် တစ်ညတာကိုကုန်ဆုံးခဲ့ကြသည်။
သို့သော် ရှောင်ယုသည် ရွှေပြား ၄၀၀၀ကျော်ကို ယူဆောင်လာခဲ့သဖြင့် သူသည်နောက်ထပ် အောစ့်စစ်သည်အယောက် ၃၀ကို ထပ်မံရယူကာ ကျန်ရွှေပြား၁၀၀၀ကျော်အား မြေကျင်းတစ်ခုတည်ဆောက်၍ အလုပ်သမားများကို ထပ်မံခေါ်ယူရန်ဆုံးဖြတ်ခဲ့သည်။
သူသည် အခြေစိုက်စခန်းအား အချိုးညီစွာတိုးတက်စေလိုရာ အောစ့်စစ်သည်များကိုသာ ထုတ်လုပ်ရန်မဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် ရွှေအိတ်များအား မဟာခန်းမထဲပစ်ချလိုက်ရာ သူ၏အရင်းအမြစ်စာရင်းတွင် ရွှေပြား ၄၆၅၇ပြားတိတိ တိုးမြင့်လာခဲ့သည်။
"အောစ့်စစ်သည် အယောက်၃၀ကိုထုတ်လုပ်...ပြီးတော့ မြေကျင်းတစ်ကျင်းနဲ့ အလုပ်သမားအယောက် ၃၀ကို တည်ဆောက်"
ရှောင်ယုသည် မဆိုင်းမတွ အမိန့်ထုတ်ပြန်လိုက်သည်။
မြေကျင်းတစ်ကျင်းအား တည်ဆောက်ရန် ရွှေပြား၁၀၀၀နှင့် သစ်၅၀လိုအပ်ပေသည်။ထို့ပြင် ကြွင်းကျန်နေသောရွှေပြားများအတွက် တစ်ကောင်လျှင် ရွှေပြား၂၀သာကျသင့်သည့် အလုပ်သမားအယောက် ၃၀ကို ခေါ်ယူခဲ့သည်။
သူ့ထံတွင် အလုပ်သမားအရေအတွက် များလေလေ အဆောက်အဦးများတည်ဆောက်ရန်နှင့် သယံဇာတများအား ပိုမိုမြန်ဆန်စွာတူးဖော်လာနိုင်လေလေဖြစ်သည်။ထို့ပြင် အလွန်အရေးကြီးသောအချိန်များ၌ ၎င်းတို့အား တိုက်ပွဲတွင်အသုံးပြုနိုင်ပေသည်။ယခုအခါ သူတို့အားအလုပ်သမားများအဖြစ် အသုံးပြုနေသော်လည်း သူတို့၏ခွန်အားသည် သာမန်လူများထက်ပိုမိုမြင့်မားလေသည်။
စစ်တန်းလျားများသည် တစ်နေ့လျှင် အောစ့်စစ်သည် ၄၈ဦးသာ ထုတ်လုပ်နိုင်သောကြောင့် ရှောင်ယုသည် ၎င်းတို့အားစိတ်ရှည်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။သို့သော်သူသည် ဂရင်းနှင့်အောစ့်စစ်သည် ၁၀ဦးအား သူ့နောက်လိုက်ရန် အချက်ပြခဲ့သည်။
သူ့ထံတွင် ပိုက်ဆံမရှိတော့လေရာ သူ၏သူရဲကောင်းအား အဆင့်မြင့်ရမည်ဖြစ်သည်။သူသည် မည်သည့်အရာမှမလုပ်ဆောင်ဘဲ ထိုင်မနေချင်ခဲ့ပေ။
ဤသို့ဖြင့် ရှောင်ယုသည် ဂရင်းနှင့်အောစ့်စစ်သည် ၁၀ဦးအားဦးဆောင်ကာ အန်ကာဂန်တောင်တန်း၏ အနက်ပိုင်းဆီ ဝင်ရောက်လာခဲ့သည်။ယခုအခါ သူ့ထံတွင်တိုက်ခိုက်နိုင်သူ ၁၁ဦးထိရှိရာ ရှောင်ယုသည် ဒုတိယအဆင့်သားရဲတစ်ကောင်ကိုပင် ဆန့်ကျင်နိုင်ပေသည်။
...
...
တစ်ခါတရံ သင်သည် အလွန်ဂရုစိုက်၍ ခရီးသွားလာနေပါက သားရဲများနှင့်ရင်ဆိုင်တိုးရတတ်သည်။တစ်ခါတစ်ရံတွင် သားရဲများအားရှာဖွေနေပါက တစ်ကောင်မှတွေ့မှာမဟုတ်ပေ။
ရှောင်ယုသည် ယခုအခါ ထိုကဲ့သို့သောအခြေအနေနှင့် ကြုံတွေ့ခဲ့ရပေသည်။သူတို့အဖွဲ့သည် အချိန်အတော်ကြာအောင် လျှောက်သွားနေခဲ့သော်လည်း သားရဲတစ်ကောင်မှ မတွေ့ခဲ့ပေ။
သူသည် ဂရင်းနှင့်အောစ့်စစ်သည် ၁၀ဦးအားဦးဆောင်ကာ နေမွန်းတည့်ချိန်ထိ သားရဲများအားရှာဖွေခဲ့သည်။ထိုအချိန်တွင် ရှောင်ယုသည် အသားကင်အနံ့ကိုရလိုက်၍ ဗိုက်ထဲတွင်ဆူညံသံများ ဖြစ်ပေါ်လာခဲ့သည်။
"အင်း..အသားကင်အနံ့လေးက မွှေးနေတာပဲ...ဟမ်နေအုံး...တစ်ယောက်ယောက် အသားကင်နေတာလား..."
ရှောင်ယု၏မျက်ခုံးများသည် ချက်ချင်းမြင့်တက်သွားခဲ့သည်။အန်ကာဂန်တောင်တန်း၏ တောအုပ်အနက်ပိုင်းတွင် မည်သူကအားအားယားယား အသားလာကင်မည်နည်း။
အောစ့်ဘီလူးများသည် လူသားများထက် အနံ့ခံအာရုံပိုမိုထက်မြကြလေရာ ဂရင်းသည်လည်း ထိုအနံ့ကိုရရှိပေသည်။
"သွားကြည့်စမ်း..."
ရှောင်ယုသည် ဂရင်းအားအမိန့်ပေးလိုက်သည်။ဂရင်းသည် လေလမ်းလျှောက်ခြင်း၏အစွမ်းကြောင့် အလွန်ပင်ကောင်းမွန်သော ကင်းထောက်တစ်ဦးဖြစ်နေခဲ့သည်။
ဂရင်းသည် အနံ့ထွက်ပေါ်လာရာ နေရာဆီသို့ ချက်ချင်းပြေးဝင်သွားခဲ့သည်။ရှောင်ယုကမူ လှုပ်ရှားရန်ပျင်းရိနေသောကြောင့် လိုက်မသွားခဲ့ပေ။ထို့ပြင် သူ၏ခန္ဓာကိုယ်ကြံခိုင်မှုသည် နိမ့်ပါးလွန်းရာ နေ့တစ်ဝက်ခန့်လမ်းလျှောက်ပြီးနောက် ပင်ပန်းနေပြီဖြစ်သည်။
မကြာခင်မှာဘဲ ဂရင်းကပြန်လည်ရောက်ရှိလာကာ သူတွေ့မြင်ခဲ့သည်တို့ကို ပြန်လည်တင်ပြလိုက်သည်။
"သခင် ရှေ့နားမှာမှင်စာမျိုးနွယ်စုလေးတစ်ခုရှိတယ်...အရေအတွက်ကတော့ ၂၀လောက်ပဲ..."
"မှင်စာတွေ..."
ရှောင်ယုက တအံ့တသြရေရွတ်မိလိုက်သည်။သူ၏လေးယောက်မြောက်အစ်ကိုအား မှင်စာများမှသတ်ဖြတ်ခဲ့ခြင်းကြောင့် ဤနေရာ၌မှင်စာများရှိနေခြင်းမှာ လျှိ့ဝှက်ချက်တစ်ခုပင်မဟုတ်တော့ပေ။
ငါဒီနေ့ မှင်စာတွေနဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး...
သူ၏အခြေစိုက်စခန်းသည်လည်း မှင်စာများအား ထုတ်လုပ်နိုင်ပေသည်။၎င်းတို့သည် အောစ့်မျိုးနွယ်၏တစ်စိတ်တစ်ပိုင်းဖြစ်ရာ ရှောင်ယုသည်အနာဂတ်တွင် မှင်စာများဖြင့်ဖွဲ့စည်းထားသော သီးသန့်တပ်ဖွဲ့တစ်ခုတည်ထောင်ရန် ကြံစည်ထားခဲ့သည်။
ရှောင်ယုသည် ယခုတွေ့ရှိရသော မှင်စာများအား သူ၏တပ်ဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးလိုသော်လည်း ထိုမှင်စာများက သူ့နောက်သို့လိုက်ပါလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"မင်းတို့ ၁၁ယောက်က အဲ့မှင်စာတွေကိုအနိုင်ယူနိုင်လား.."
ရှောင်ယုသည် ထိုမှင်စာများအား သူ့တပ်ဖွဲ့အတွင်းသို့ သိမ်းသွင်းမယ့်သူ၏အကြံအစည်အား ပယ်ချကာ ဂရင်းအားမေးခွန်းထုတ်လိုက်သည်။
မှင်စာ၂၀ကျော်သည် ရမှတ်များစွာကို ဆိုလိုခြင်းဖြစ်ပေသည်။ဤတိုက်ပွဲသည် အန္တာရယ်ရှိကောင်းရှိနိုင်သော်လည်း ရှောင်ယုသည် သူ၏သူရဲကောင်းအား အဆင့်မြင့်တင်နိုင်မည်ဖြစ်သည်။
"ခုတွေ့ခဲ့တဲ့ မျိုးနွယ်ဝင်တွေထဲက တစ်ဝက်လောက်က မှင်စာအသေးလေးတွေပဲ...အရွယ်ရောက်ပြီးတဲ့ မှင်စာက ၁၀ကောင်လောက်ပဲရှိတာဆိုတော့ ပြသနာတစ်စုံတစ်ခုမရှိရင် သူတို့ကိုအနိုင်ယူနိုင်တယ်"
ဂရင်းသည် ရှောင်ယုစိတ်ကျေနပ်စေမယ့် အဖြေကိုပေးလာခဲ့သည်။
ရှောင်ယုသည် ဂရင်း၏သုံးသပ်ချက်ကို နားထောင်ပြီး အစီအစဉ်ဆွဲခဲ့သည်။ဂရင်းသည် အဆင့်၂ဖြစ်ကာ လေလမ်းလျှောက်ခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်အား ကျွမ်းကျင်ပေသည်။သို့ဖြစ်ရာ ဂရင်းသည် သူတစ်ယောက်တည်းဖြင့် မှင်စာငါးကောင်အား တိုက်ခိုက်နိုင်သည်။
"ကောင်းပြီ လှုပ်ရှားဖို့အသင့်ပြင်ထားတော့..."
ရှောင်ယုက အမိန့်ပေးကာ အစီအစဉ်အတိုင်းလုပ်ဆောင်ခဲ့သည်။အောစ့်စစ်သည်တော်များသည် ခိုးဝင်တိုက်ခိုက်ခြင်းအား သဘောမတွေ့ခဲ့ပေ။သူတို့သည် အောစ့်ဖြစ်သည်ဟူသောအချက်ကြောင့် မာနနှင့်ဂုဏ်သိက္ခာအားတန်ဖိုးထားကာ မျက်နှာချင်းဆိုင်တိုက်ခိုက်ရသည်ကို သဘောတွေ့ကြသည်။
သို့သော် ရှောင်ယုက တစ်ခါတစ်ရံတွင် ခိုးဝင်တိုက်ခိုက်ခြင်းသည် ပြသနာများအား ဖြေရှင်းရန်မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း သူတို့အားနားချလိုက်ကာ သူ၏အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့သည်။သူ၏အစီအစဉ်သည် စက်ဆုပ်ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း ယခင်ဘဝ၌ တစ်ကိုယ်တည်းသမား ဂိမ်းရူးတစ်ယောက်အနေဖြင့် ဤအစီအစဉ်သည် ထူးဆန်းမှုမရှိတော့ပေ။
မှင်စာများ၏ စခန်းငယ်သည် သူတို့နှင့်မီတာ၂၀၀ခန့် ဝေးကွာပြီး ရိုးရှင်းသောတဲအိမ်လေးများဖြင့် ပြင်ဆင်ထားသည်။စခန်း၏အလယ်တွင် မီးပုံပွဲတစ်ခုရှိကာ အမည်မသိအသားများကို ကင်ထားလေသည်။
သေသေချာချာစစ်ဆေးကြည့်ပြီးနောက်တွင် မီးပုံပေါ်၌ချိတ်ဆွဲထားသောအသားသည် လူသားတစ်ဦး၏ပေါင်ဖြစ်ကြောင်း သိရှိလိုက်ရ၍ ရှောင်ယုသည် ချက်ချင်းထိုးအန်ခဲ့သည်။
"သူတို့ကိုသတ်..."
ရှောင်ယုသည် ကျယ်လောင်စွာအမိန့်ပေးလိုက်ကာ ဆက်အန်နေခဲ့သည်။
ဂရင်းသည် လေလမ်းလျှောက်ခြင်းအား အသက်သွင်းကာ ပထမဆုံးစတင်တိုက်ခိုက်ခဲ့သည်။သူသည် ကိုယ်ပျောက်ပုံစံဖြင့် မှင်စာစခန်းအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး မှင်စာတစ်ဦး၏အနောက်၌ ထွက်ပေါ်လာခဲ့သည်။ထို့နောက် ပြင်းထန်သောခုတ်ပိုင်းချက်အား ထုတ်ဖော်လိုက်ကာ ဓားကိုမျည်းစောင်းပုံစံဝှေ့ယမ်းလိုက်ပြီး မှင်စာတစ်ကောင်အား သတ်ဖြတ်လိုက်သည်။
အောစ့်စစ်သည်တော်များသည်လည်း စခန်းထံသို့ပြေးဝင်ကာ ကျယ်လောင်စွာဟိန်းဟောက်ပြီး သူတို့၏ပုဆိန်များကို ပြင်းထန်စွာဝှေ့ယမ်းလိုက်ကြသည်။ရှောင်ယုသည် တင်းမာနေသောတိုက်ပွဲကိုငေးကြည့်နေပြီး တစ်ချိန်တည်းမှာပင် ရင်ခုန်နေခဲ့သည်။
မှင်စာများ၏ ခွန်အားသည် အောစ့်စစ်သည်များထက် အနည်းငယ်ပိုမိုအားနည်းသော်လည်း သူတို့၏သွက်လက်မှုက ပိုမိုမြန်ဆန်လေရာ မျက်စိတစ်မှိတ်အတွင်း နှစ်ဖက်လုံးထိခိုက်နစ်နာခဲ့ရသည်။
ဂရင်းသည် သူ၏ထက်မြသောဓားကျွမ်းကျင်မှုဖြင့် မှင်စာများကိုသတ်ဖြတ်ခဲ့ရာ မှင်စာများကသူ့အား စတင်ဝိုင်းရံလာခဲ့ကြသည်။
"နံပါတ် ၃ မင်းအခုပြန်လာခဲ့စမ်း....မင်းဒီလောက်ဒဏ်ရာအပြင်းအထန်ရထားတာ ဘာလို့ရှေ့ဆက်တိုးနေတာလဲ...မင်းရူးသွားပြီလား..."
ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူသည် အန်ကာဂန်တောင်တန်းများသို့ မရောက်ရှိမှီ အောစ့်စစ်သည်များကို နံပါတ်စဉ်အလိုက်ပေးအပ်ခဲ့သည်။ထို့ကြောင့် စစ်တန်းလျားမှထွက်လာသည့် ၃ယောက်မြောက်စစ်သည်အား နံပါတ်၃ဟုခေါ်ခြင်းဖြစ်သည်။
နံပါတ် ၃သည် မကြောက်မရွံ့တိုက်ပွဲဝင်နေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဒဏ်ရာများဖုံးလွှမ်းနေကာ လက်တစ်ဖက်ပင် ပြတ်တောက်နေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် အောစ့်စစ်သည်များသည် ရဲစွမ်းသတ္တိပြည့်ဝကာ သူတို့သေဆုံးသည်ထိတိုင်အောင် အစွမ်းကုန်တိုက်ခိုက်လေ့ရှိကြသည်။သို့သော် ရှောင်ယု၏အမိန့်ကြောင့် နံပါတ်၃ အောစ့်စစ်သည်သည် နောက်သို့ တဖြည်းဖြည်းဆုတ်ခွာလာခဲ့သည်။
အောစ့်စစ်သည်သည် မသေဆုံးသရွေ့ နောက်ထပ်တိုက်ပွဲများအား ဆင်နွဲနိုင်သည်။အသေခံ အောစ့်စစ်သည်များသည် ရှောင်ယုအတွက် အကျိုးမရှိပေ။သူသည် အောစ့်စစ်သည်တစ်ယောက်စီတိုင်းအတွက် ရွှေပြား၁၀၀စီပေးချေခဲ့ရရာ ထိုသို့အောစ့်စစ်သည်တစ်ယောက် သေဆုံးသွားသည်ကို မကြည့်ရက်ပေ။
ကျန်ရှိနေသေးသော အောစ့်စစ်သည်များနှင့် ဂရင်းတို့သည် ဟိန်းဟောက်ကာ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။ဂရင်းသည် လက်ရှိအချိန်တွင် လေလမ်းလျှောက်ခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်တို့အား အသုံးပြုကာ မှင်စာ ၇ ကောင်မှ ၈ကောင်ခန့်အား သတ်ဖြတ်ခဲ့သည်။ကျန်အောစ့်စစ်သည်များသည်လည်း မှင်စာများကိုသတ်ဖြတ်ခဲ့ရာ ၃မိနစ်အတွင်း တိုက်ပွဲအဆုံးသတ်သွားခဲ့သည်။
မှင်စာများသည် ကြမ်းတမ်းသော်လည်း အောစ့်စစ်သည်များသည် သဘာဝမှလေ့ကျင့်ပေးထားသော တိုက်ခိုက်ရေးသမားများဖြစ်ကြသည်။အောစ့်စစ်သည်သည် စနစ်တကျတိုက်ခိုက်နေချိန်တွင် မှင်စာများသည် သူတို့၏ဗီဇအတိုင်း လိုက်နာ၍ အခွင့်ကြုံသလို တိုက်ခိုက်တတ်ကြသည်။
ရှောင်ယုသည် ထိုမှင်စာများအား သနားခြင်းမရှိဘဲ မှင်စာငယ်လေးများကိုပင် သတ်ဖြတ်ရန်အမိန့်ပေးခဲ့သည်။
ကလေးမှင်စာဟုဆိုသော်လည်း ထိုကောင်များသည် ရှောင်ယုထက်ပင် အရပ်ပိုမြင့်လေသည်။ထို့ပြင် ကလေးမှင်စာများသည် လူသားတို့၏ဘာသာစကားနှင့် ကိုယ်ကျင့်တရားတို့အား နားမလည်လေရာ ရှောင်ယုကသူတို့အား သိမ်းသွင်းရန်စိတ်ကူးမရှိပေ။
အောစ့်စစ်သည် ၁၀ယောက်တွင် ၂ယောက်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန် ၁ယောက်မှာ မစိုးရိမ်ရသော အပေါ့စားဒဏ်ရာများရရှိခဲ့သည်။
ဂရင်းကိုယ်တိုင်သည်ပင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း သူ၏သန်မာသော ခန္ဓာကိုယ်ကြောင့် ထိုဒဏ်ရာများသည် အချိန်တိုအတွင်း ပြန်လည်သက်သာလာမှာဖြစ်သည်။
ဤတိုက်ပွဲကြောင့် ဂရင်းသည် ရမှတ်၁၂၀၀ခန့်ရရှိခဲ့ကာ အဆင့်၃သို့ရောက်ရှိရန်အတွက် ရမှတ် ၈၀၀သာလိုအပ်တော့သည်။
စနစ်သည် ရမှတ်ရရှိနှုန်းအား သတ်ဖြတ်ခဲ့သည့်အရေအတွက်ဖြင့်သာမက တိုက်ပွဲပုံစံဖြင့်လည်း တွက်ချက်ပေသည်။
မှင်စာမျိုးနွယ်စုအား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် သူတို့သည်ထပ်ဆောင်းရမှတ်အချို့ရရှိခဲ့သည်။
ခေါင်းဆောင်ဖြစ်သော ရှောင်ယုသည်ပင် ရမှတ်အမှတ်များရရှိခဲ့ပြီး ယခုအခါ သူသည်ရမှတ်၁၀၀ကျော်စုဆောင်းနိုင်ခဲ့ပြီဖြစ်သော်လည်း အဆင့်တက်ရန် အနည်းငယ်ဝေးကွာနေသေးသည်။
ထို့ပြင် အောစ့်စစ်သည်များသည်လည်း ရမှတ်များရရှိခဲ့ကြောင်း တွေ့ရှိလိုက်ရသည့်အတွက် ရှောင်ယုသည်အနည်းငယ်အံ့သြသွားခဲ့သည်။ဆိုလိုသည်မှာ သူသည်အောစ့်စစ်သည်များကိုလည်း အဆင့်မြင့်တင်နိုင်မှာဖြစ်သည်။
"ဟားဟား...ငါသူတို့ကိုလည်း အဆင့်မြင့်နိုင်တာပဲ"
ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားသွားကာ အဆင့်မြင့်အောစ့်စစ်သည်များအား မြင်တွေ့ရမယ့်အချိန်ကို စောင့်မျှော်နေမိသည်။
ယခုအခါ သူတို့ထဲတွင် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အောစ့်စစ်သည် ၂ဦးရှိရာ သူတို့အားအခြေစိုက်စခန်းတွင် ပြန်လည်ကုသပေးရန်အတွက် စခန်းသို့ပြန်ရန်ဆုံးဖြတ်ခဲ့သည်။
...
...
သူစခန်းသို့ပြန်ရောက်ချိန်တွင် မြေကျင်းအားတည်ဆောက်ပြီးစီးခဲ့ကာ နောက်ထပ်အောစ့်စစ်သည် ၁၁ ဦးကိုရရှိထားပြီးဖြစ်သည်။
ရှောင်ယုသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အောစ့်စစ်သည် ၂ယောက်အား မြေကျင်းထဲတွင် အနားပေး၍ အင်အားထပ်မံဖြည့်တင်းပြီးနောက် ဂရင်းနှင့်အောစ့်စစ်သည် ၁၉ယောက်အားခေါ်ဆောင်ကာ အန်ကာဂန်တောင်တန်းအတွင်း တဖန်ဝင်ရောက်သွားခဲ့သည်။
လမ်းတလျှောက်တွင် သူတို့သည်သားရဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မည်သည့်သားရဲကမှ သူတို့အဖွဲ့အားဆန့်ကျင်ခြင်းမပြုလုပ်နိုင်ခဲ့ပေ။ထို့ပြင် သူတို့သည်ရမှတ်လုံလုံလောက်လောက်မရရှိခဲ့ကြပေ။ထို့ကြောင့် ရှောင်ယုသည် ကျန်အဖွဲ့သားများကို အုပ်စုဖွဲ့သွားလာခြင်းမှရပ်တန့်ရန်နှင့် အဆင့်မြင့်တင်ရန်အတွက် လိုအပ်သောရမှတ်များကိုရရှိရန်အတွက် ဂရင်းအားတစ်ကိုယ်တော်လှုပ်ရှားခွင့်ပေးလိုက်သည်။
ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဓားသခင်ဂရင်းဝအဆင့်အား တိုးမြင့်ပေးရန်ဖြစ်သည်။
ထို့နောက် ရှောင်ယုသည် အောစ့်စစ်သည်များကို အုပ်စု၂စုခွဲထုတ်လိုက်ပြီးနောက် တစ်ဖွဲ့ကသားရဲများကိုလှည်ပတ်ရှာဖွေရန်နှင့် ကျန်တဖွဲ့က အနီးပတ်ဝန်းကျင်အား ကင်းလှည့်ရန်စီစဉ်လိုက်သည်။ထို့ပြင် ဂရင်းအားသားရဲများကို သတ်ဖြတ်စေခဲ့ပြီး သူတို့၏အစီအစဉ်ကို ပိုမိုမြန်ဆန်စေခဲ့သည်။
ကောင်းကင်ကြီစတင်မှောင်စပြုလာချိန်၌ ဓားသခင်သည် သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး အဆင့်တက်ရန်လုံလောက်သော ရမှတ်ကိုရရှိခဲ့သည်။အဆုံးသတ်တွင် ရွှေရောင်အလင်းတန်းများသည် ဂရင်းကိုရစ်ပတ်လာခဲ့ပြီးနောက် ဂရင်းသည်အဆင့်၃သို့ တရားဝင်ရောက်ရှိသွားခဲ့သည်။
ဂရင်းအဆင့်တက်သွားသည်ကို တွေ့မြင်လိုက်သည်နှင့် ရှောင်ယုသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထပ်ဆင့်ခုတ်ပိုင်းခြင်းကို သင်ယူရန် ဂရင်းအားအမိန့်ပေးခဲ့သည်။
ထပ်ဆင့်ခုတ်ပိုင်းချက် (အဆင့် ၁)
- ရန်သူအား ထိခိုက်မှုနှစ်ဆဖြစ်ပေါ်စေရန် အခွင့်အရေး ၁၅ရာခိုင်နှုန်းရှိသည်။
ဓားသခင်များသည် သူတို့၏သွက်လက်သော ဓားချက်များကြောင့် နာမည်ကြီးပြီး သူတို့၏တိုက်ခိုက်မှုများသည် အလွန်ပင်လျင်မြန်ကြသည်။သို့ဖြစ်ရာ ထိခိုက်ပျက်စီးမှု ၂ဆတိုးရန်အခွင့်အရေးသည် ဓားသခင်၏လက်ထဲတွင် မြင့်မားသောအချိုးကျမှုရှိပေသည်။
ဤသို့ဖြင့် ရှောင်ယုသည် ညနေပိုင်းတွင်မြို့သို့ပြန်ရောက်လာခဲ့သော်လည်း လမ်းတလျှောက်လုံးမျက်မှောင်ကြုတ်နေခဲ့သည်။
ယနေ့အကျပ်အတည်းများကြားထဲမှ ဓားသခင်အား အဆင့်မြင့်တင်နိုင်ခဲ့သော်လည်း သူ့ထံတွင် အောစ့်စစ်သည်များအားထုတ်လုပ်ရန် ပိုက်ဆံမရှိတော့ပေ။
အောစ့်စစ်သည်များအား မထုတ်လုပ်နိုင်ပါက သူသည်ကာရီ၏တပ်များအား မည်ကဲ့သို့အနိုင်ယူရမည်နည်း....
*****
အခန်း ၆ - ဓားပြစခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်း
ရှောင်ယုသည် ညနေပိုင်းတွင် သူ၏မြို့သို့ပြန်လည်ရောက်ရှိလာခဲ့သည်။အိမ်တော်ထိန်းဟောင် ၊ ကပ္ပတိန်ဟွေ့နှင့် ခယ်မငါးယောက်တို့သည် ရှောင်ယုအားမြင်တွေ့လိုက်ရ၍ အံ့သြသွားခဲ့ကြသည်။မနေ့က ရှောင်ယုသည် အိမ်တော်ထိန်းဟောင်ထံမှ ပိုက်ဆံတောင်းယူသွားခဲ့ရာ ထွက်ပြေးခြင်းမရှိ၍ အဘယ်ကြောင့်ပြန်ရောက်လာသည်ကို သူတို့ဇဝေဇဝါဖြစ်နေခဲ့သည်။
...
...
ရှောင်ယုသည် ရွှေပြားမလုံလောက်မှုပြသနာအား ရင်ဆိုင်နေရသောကြောင့် သူတို့အားရှင်းပြရန် စိတ်မဝင်စားပေ။အချိန်ရောက်လာသောအခါ သူတို့အားလုံးသည် သူ့အားယုံကြည်လက်ခံလာကြမှာဖြစ်သည်။ယခုမူ ရှောင်ယုသည် သူ့အခန်းတံခါးကိုပိတ်၍ နည်းလမ်းများကို ရှာဖွေနေခဲ့သည်။
ရှောင်ယုသည် နောက်ထပ်အိပ်မပျော်သော ညတစ်ညကိုဖြတ်သန်းခဲ့ရသည်။မနက်မိုးလင်းချိန် အခန်းတွင်းမှထွက်ခွာလာသောအခါ ရှောင်ယု၏မျက်လုံးများသည် နီရဲသွားခဲ့သည်။
ရှောင်ယုသည် မြင်းစီး၍ မြို့အားဖြတ်သွားနေစဉ်အတွင်း ရွှေများမည်သည့်နေရာမှ ရှာဖွေရမည်ကို အဆက်မပြတ်တွေးတောနေခဲ့သည်။ထိုအချိန်တွင် ဂိတ်တံခါးနောက်ကွယ်မှ စစ်သားတစ်ယောက်ထွက်လာခဲ့ပြီး မြင်းနှင့်ဝင်တိုက်မိသွားသည်။
ထို့ကြောင့် ရှောင်ယုစီးနင်းလာသောမြင်းသည် ထိတ်လန့်သွားခဲ့ကာ သူ၏ခြေထောက်များကို မြင့်ချလိုက်သည်။ရှောင်ယုသည် မြင်းစီးရာတွင် အတွေ့အကြုံမရှိလေရာ ချက်ချင်းပင် မြင်းပေါ်မှပြုတ်ကျလာခဲ့သည်။
"တောင်းပန်ပါတယ်...သခင်.."
စစ်သားသည် ရှောင်ယုမြင်းပေါ်မှ ပြုတ်ကျသည်ကိုမြင်သောကြောင့် အလန့်တကြား လာထူပေးခဲ့သည်။
ရှောင်ယုသည် ပြုတ်ကျလာသောအရှိန်ကြောင့် အနည်းငယ်မူးဝေနေသော်လည်း သူ့အားလာထူပေးသည့် စစ်သားကိုအော်ငေါက်လိုက်သည်။
"မင်းမှာမျက်စိမပါဘူးလား...ဘာတွေအပြေးအလွှားဖြစ်နေတာလဲ..."
စစ်သားသည် အပြစ်ပေးခံရမည်ကိုစိုးရိမ်၍ အလျင်အမြန်ရှင်းပြလိုက်သည်။
"သခင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...နဂါးသွားဓားပြတွေက အနီးအနားမှာရှိတဲ့ ရွာတွေကိုဝင်ရောက်လုယက်နေတဲ့အတွက် ကပ္ပတိန်ဟွေ့က ငါတို့ကိုအမြန်လူစုခိုင်းနေလို့ပါ..."
"ငါ့နယ်မြေမှာ ဓားပြတွေရှိနေတာလား...သူတို့ကဘာကောင်တွေလဲ...ငါ့ရဲ့နယ်မြေကိုလုယက်ဖို့ သတ္တိကောင်းနေတယ်ပေါ့..."
ရှောင်ယုက ဒေါသထွက်နေသောလေသံဖြင့် ပြောလိုက်သည်။
"သူတို့ကို နဂါးသွားဓားပြတွေလို့ခေါ်တယ်...သူတို့ကဒီလိုလုပ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူး..."
စစ်သားသည် အကြောင်းအရာများကို ချက်ချင်းပြောင်းလဲလိုက်ကာ ရှောင်ယု၏အာရုံကို ဓားပြများဆီရောက်ရှိစေရန် ကြိုးစားလိုက်သည်။
"သူတို့က အဲလိုဘယ်နှစ်ခါလုပ်ပြီးပြီလဲ...ဓားပြအုပ်စုက ဘယ်လောက်တောင်ရှိလို့လဲ..."
ရှောင်ယု၏စိတ်ထဲတွင် အကြံတစ်ခုရရှိလာ၍ ပိုမိုသေချာသော အချက်အလက်များကို တောင်းခံခဲ့သည်။
"နဂါးသွားဓားပြတွေက အရေအတွက် ၂၀၀ကနေ ၃၀၀လောက်ရှိတယ်..အဓိကအလုပ်ကတော့ ရွာတွေကနေလုယက်တာပဲ"
စစ်သားက ရှောင်ယု၏မေးခွန်းကို ချက်ချင်းပြန်ဖြေလိုက်သည်။
ရှောင်ယုက သူ၏နယ်မြေတွင် ဓားပြအဖွဲ့များရှိနေကြောင်း သတိပြုမိလာခဲ့သည်။ဤနယ်မြေသည် ယခင်ကပင် နယ်စပ်ဒေသတစ်ခုဖြစ်ရာ ဓားပြအဖွဲ့များစွာ အခြေချနေထိုင်ကြသည်။
သို့သော်လည်း သူ၏မြို့ကိုကာရံထားသော မြင့်မားလှသည့်မြို့တံတိုင်းများကြောင့် ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများနှင့် ဓားပြများက လာရောက်တိုက်ခိုက်ခြင်းမရှိခဲ့ကြပေ။ထို့ပြင်ရှောင်ယု၏မြို့သည် အလွန်ပင်နိမ့်ပါးနေလေရာ ဓားပြများသည် ရှောင်ယု၏မြို့အား လုယက်ရန်အလွန်ပျင်းရိနေခဲ့ကြသည်။
"ဓားပြတွေ...ဟားဟား....ငါပိုက်ဆံမရှိတဲ့အချိန်ကျမှ တံခါးလာခေါက်ကြတာပေါ့..."
ရှောင်ယုက အရူးတစ်ယောက်လို ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
စစ်သားသည် ရှောင်ယု၏ထူးဆန်းသောလုပ်ရပ်ကိုမြင်ပြီး ရှောင်ယုရူးသွားပြီဟု ယူဆလိုက်သည်။ဓားပြများသည် ရွာများထံမှ ရွှေများနှင့်သယံဇာတများကို လုယက်နေချိန်တွင် သူ၏သခင်ကအရူးတစ်ယောက်လို ရယ်မောနေခဲ့သည်။
အမှန်တော့ ရှောင်ယုသည် ဓားပြများထံမှ ပြန်လည်လုယက်ရန် ကြံစည်နေခြင်းဖြစ်သည်။
ဓားပြများသည် သူတို့၏စခန်းထဲ၌ စုဆောင်းထားသည်များရှိမှာ သေချာပေသည်။သို့ဖြစ်ရာ သူတို့ထံမှပြန်လည်လုယက်ခြင်းသည် တရားသောကိစ္စဖြစ်သလို တွက်ခြေကိုက်သောလုပ်ငန်းလည်းဖြစ်သည်။
"အဲ့ဒါဆိုလည်း ငါကဓားပြတွေဆီက ပြန်ပြီးလုယက်ရတာပေါ့"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
...
...
အချိန်တစ်ခုကြာမြင့်ပြီးနောက် ရှောင်ယုနှင့်ဂရင်းတို့သည် တောအုပ်အတွင်း အကာအကွယ်ယူ၍ ဓားပြစခန်းအားစောင့်ကြည့်နေကြသည်။
ရှောင်ယုထံတွင် အောစ့်စစ်သည်အသစ် ၃၀နှင့် မနေ့လက်ကျန်အောစ့်စစ်သည် ၈ယောက်ကျန်ရှိကာ ဓားပြများအားတိုက်ခိုက်ရန်အတွက် သူတို့အားလုံးကိုယူဆောင်လာခဲ့သည်။
အပြင်းအထန်ဒဏ်ရာရရှိထားသော အောစ့်စစ်သည် ၂ကောင်အား စခန်းတွင် အနားပေးကာ အစောင့်အဖြစ်ထားရှိခဲ့သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် စခန်းတွင်းသို့ ဝင်ရောက်စူးစမ်းရန်ပြင်ဆင်နေစဉ် အောစ့်စစ်သည်၃၈ဦးအား တောထဲ၌အသင့်စောင့်နေစေကာ တိုက်ပွဲအတွက် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။
စူးစမ်းချက်များအရ ရှောင်ယုသည် စခန်းအတွင်း၌ ဓားပြအယောက်၂၀၀ခန့်ရှိကြောင်း တွေ့ရှိခဲ့ရသည်။သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်များသည် အလွန်ညံ့ဖျင်းပြီး လက်နက်များသည် သံချေးတက်ကာ ကျိုးပဲ့နေပြီဖြစ်သည်။ထိုဓားပြများသည် လေ့ကျင့်ထားသောစစ်သည်များထက် လူအုပ်နှင့်ပင်ပိုတူပေသည်။
ရှောင်ယုသည် တိုက်ပွဲတစ်ခုလုံးအား ကြိုတင်မှန်းဆလိုက်သည်။သူ့ထံတွင် အောစ့်စစ်သည်၃၈ယောက်သာရှိသောကြောင့် ထိပ်တိုက်ရင်ဆိုင်ပါက သူ့ဘက်၌အသေအပျောက် မလွဲမသေရှိလာမှာဖြစ်သည်။
ရှောင်ယုသည် အလွန်ဆင်းရဲသောကြောင့် အောစ့်စစ်သည်တစ်ယောက်ကိုတောင် အဆုံးရှံးမခံနိုင်ပေ။
"ငါတို့က ဓားပြတွေရဲ့စခန်းကို ဝင်ရောက်စီးနင်းမှာဆိုပေမဲ့ အခြားနည်းလမ်းကိုအသုံးပြုရမယ်..."
ရှောင်ယုသည် သူ့စိတ်ထဲတွင်ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဂရင်းအား အချက်ပြလိုက်ကာ တဲတစ်လုံးစီလျှောက်သွားလိုက်ကြသည်။
ဓားပြများသည် အောင်မြင်စွာလုယက်လာပြီးနောက် ရရှိလာသည့်ပစ္စည်းများကို ဤတဲအတွင်း၌ သိုလှောင်ထားကြောင်း ရှောင်ယုသိရှိထားပြီးဖြစ်သည်။
ရှောင်ယုနှင့် ဂရင်းတို့သည် အဖိုးတန်ပစ္စည်းအချို့ကို ကောက်မကာ ချက်ချင်းထွက်ပြေးလာကြသည်။ဂရင်းသည် စခန်းအတွင်းမှ မထွက်ခွာမှီ ကင်းလှည့်နေသောဓားပြအား သတ်ဖြတ်ရန် ဓားတစ်ချက်သာ အသုံးပြုခဲ့သည်။
ထို့နောက် ရှောင်ယုနှင့်ဂရင်းတို့သည့် ကိုယ်ပျောက်ပုံစံကို အသက်သွင်းကာ လေကဲ့သို့အဟုန်ဖြင့် လျင်မြန်စွာထွက်ပြေးသွားကြသည်။
...
...
"သူဌေး...သူဌေး...တစ်ယောက်ယောက်က ငါတို့ပစ္စည်းတွေကိုလုယက်သွားတယ်...မြန်မြန်လေး ငါတို့လုယက်ခံနေရပြီ"
ကျယ်လောင်သော အသိပေးသံထွက်ပေါ်လာပြီးနောက် စခန်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆူညံပွက်လောရိုက်သွားခဲ့သည်။
"ဘယ်ကောင်လဲ...ဘယ်ကောင်က သတ္တိကောင်းပြီး ငါတို့ဆီကလုယက်ရဲတာလဲ..."
ထွားကြိုင်းသန်မာပြီး သံကြိုးများဖြင့် ဆင်ယင်ထားသည့် ချပ်ဝတ်တန်ဆာအားဝတ်ဆင်ထားကာ မျက်လုံးတစ်ဖက်ကိုဖုံးအုပ်ထားသည့် ဓားပြတစ်ယောက်က ဒေါသတကြီးရောက်ချလာခဲ့သည်။
"ငါတို့လည်းမသိဘူး...သူဌေး...ဒီကောင်တွေက ပစ္စည်းနည်းနည်းယူပြီးတော့ ငါတို့ရဲ့ညီအစ်ကိုတွေကို သတ်သွားခဲ့ကြတယ်"
လက်အောက်ငယ်သားတစ်ယောက်က ခေါင်းဆောင်ဖြစ်ဟန်ရသော ထိုဓားပြကို တင်ပြလိုက်သည်။
"သေစမ်း...ငါတို့ပိုင်ဆိုင်တာတွေကို လုယက်ပြီး ထွက်ပြေးချင်တာလား...ညီအစ်ကိုတွေကို လူစုလိုက်...အဲကောင်တွေရဲ့ခေါင်းကိုဖြတ်ပြီးတော့ အရက်ခွက်အဖြစ် ငါသုံးမယ်"
ထိုဓားပြသည် အသံကျယ်လောင်စွာဖြင့် အော်ဟစ်လူစုလိုက်သည်။
ခဏအကြာတွင် ဓားပြများစွာသည် ဂရင်းအားရှာဖွေရန်အတွက် စခန်းတွင်းမှ ထွက်ပြေးလာခဲ့ကြသည်။
ဂရင်းသည် ဓားပြများမျက်ခြေမပြတ်စေရန်အတွက် အခါအားလျော်စွာပင် သူ့ကိုယ်သူဖော်ပြခဲ့သည်။ထို့နောက်သူသည် ဓားပြများအား ခြုံခိုတိုက်ခိုက်ရန်အတွက် ရှောင်ယုစီစဉ်ထားသော နေရာဆီသို့ခေါ်ဆောင်သွားခဲ့သည်။
ရှောင်ယုသည် ဂရင်း၏ခန္ဓာကိုယ်အား ဓားပြများမမြင်တွေ့စေရန်အတွက် အဝတ်ဖြင့်ဖုံးအုပ်ခိုင်းထားခဲ့သည်။ထို့ကြောင့် ဂရင်းသည် အောစ့်ဘီလူးတစ်ကောင်ဖြစ်ကြောင်း ဓားပြများမသိခဲ့ပေ။
ဓားပြစခန်းအပြင်ဘက်မြေပြင်သည် အလွန်ရှုပ်ထွေးလေရာ ဓားပြများသည် ဂရင်းအား ရှာဖွေရလွယ်ကူစေရန်အတွက် အုပ်စုလေးများအဖြစ် ခွဲထွက်လိုက်ကြသည်။သူတို့သည် ဂရင်းအား လူသားတစ်ယောက်အဖြစ် ယူဆထားကြလေရာ နောက်ဆက်တွဲအကျိုးဆက်များအား မစိုးရိမ်ကြပေ။
ရှောင်ယုသည် ထိုသို့ဖြစ်လာမည်ကို ကြိုတင်မှန်းဆမိ၍ ထောင်ချောက်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ရှောင်ယု၏အစီအစဉ်မှာ အုပ်စုများကွဲထွက်နေသော ဓားပြများကို တစ်ခုပြီးတစ်ခု သတ်ဖြတ်ပစ်ရန်ဖြစ်သည်။အောစ့်စစ်သည် ၃၈ယောက်သည် ဓားပြနှစ်ရာကျော်အား မျက်နှာချင်းဆိုင်တိုက်ခိုက်ရပါက အသေအပျောက်များစွာ ရှိနိုင်ပေသည်။
"အသံမထွက်ကြနဲ့..အဲ့ဓားပြတွေ ငါတို့အနားကိုရောက်လာပြီဆိုရင် သူတို့အကုန်လုံးကို သတ်ပစ်လိုက်...ဒီနေရာကနေ ဘယ်ကောင်မှအသက်ရှင်လျက် ထွက်မသွားစေနဲ့..."
ရှောင်ယုသည် အောစ့်စစ်သည်များအား သတိပေးလိုက်ပြီး ဓားပြများအား ရုတ်တရက်ကြောက်လန့်သွားအောင် လုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်၊
အောစ့်စစ်သည်များသည် သူတို့၏အသွင်အပြင်ကို ဖုံးကွယ်ရန်မည်သည့်အရာကိုမှ မဝတ်ဆင်ထားသောကြောင့် သူတို့၏အသွင်အပြင်သည် သာမန်လူများအား ကြောက်ရွံ့စေမှာဖြစ်သည်။
"ထွက်တိုက်ကြ..."
ဒါဇင်ပေါင်းများစွာသော ဓားပြများသည် သူတို့၏အနီးသို့ချည်းကပ်လာသည်နှင့် ရှောင်ယုသည် ဂရင်းနှင့်အောစ့်စစ်သည် ၃၈ယောက်လုံးအား အလျင်အမြန်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။
"အား...အား.."
အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဓားပြများသည် အခြားသောသူများကိုပင် သတိပေးနိုင်ခြင်းမရှိလိုက်ကြပေ။
“မဟုတ်ဘူး...သားရဲတွေ...သားရဲတွေလား..."
ဓားပြအများစုသည် သူတို့ရင်ဆိုင်နေရသော ရန်သူအမျိုးအစားကိုပင် မသိရှိသေးမှီ သေဆုံးသွားခဲ့ရသည်။
အောစ့်စစ်သည် ၃၈ယောက်သည် ဆယ်စက္ကန့်အတွင်း ဓားပြဒါဇင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ရန် လုံလောက်မှုရှိပေသည်။
"နောက်ဆုတ်ကြ..."
ရှောင်ယုသည် ဓားပြများအား တစ်ယောက်မကျန်သတ်ဖြတ်ပြီးနောက် ဆုတ်ခွာရန်အမိန့်ထုတ်ခဲ့သည်။
...
...
"ဘာဖြစ်တာလဲ...ဘယ်လိုသေသွားကြတာလဲ"
သူတို့အပေါင်းအဖော်များ၏ အော်ဟစ်သံအား ကြားလိုက်ရသောဓားပြများသည် အသံကြားရာဆီ အလျင်အမြန်ပြေးလာကြသော်လည်း အလောင်းများကိုသာ တွေ့လိုက်ရသည်။
"ရန်သူတွေက အချိန်တိုလေးအတွင်းမှာကို လူတွေအများကြီးကို သတ်ဖြတ်လိုက်တာလား...ရန်သူကဘယ်လိုလူမျိုးလဲ...အော့...နံပါတ်၁၅ရဲ့အလောင်းက ထက်ခြမ်းခွဲသွားတာပဲ...ရန်သူကဘယ်လိုခွန်အားကို ပိုင်ဆိုင်ထားလို့လဲ"
ဓားပြများသည် ယခင်က သွေးထွက်သံယိုမြင်ကွင်းများစွာကို တွေ့မြင်ခဲ့ဖူးသော်လည်း သူတို့၏ရှေ့မှမြင်ကွင်းက သူတို့အားထိတ်လန့်စေခဲ့သည်။
"ရန်သူကိုကြည့်ရတာ တစ်ယောက်တည်းမဟုတ်လောက်ဘူး...ခုချိန်ကစပြီးတော့ အနည်းဆုံးလူအယောက်၃၀စီဖွဲ့ပြီး ရန်သူကိုရှာကြ..."
ဓားပြခေါင်းဆောင်သည် ထိတ်လန့်မှုကိုချိုးနှိမ်ကာ အော်ဟစ်အမိန့်ပေးလိုက်သည်။
...
...
"နောက်ထပ်တစ်ဖွဲ့ ငါတို့ဆီရောက်လာပြီ..."
ရှောင်ယုသည် သူတို့ထံရောက်လာနေသော ဓားပြအုပ်စုကို သတိထားမိလိုက်သည်။
"ဒီတစ်ခါတော့ တစ်ဖက်ကကြိုတင်ပြင်ဆင်ထားနိုင်လို့ အကုန်လုံးသတိထားကြ..."
အဖွဲ့ခေါင်းဆောင်သည် သူ၏ဓားမြောင်ကိုအသုံးပြုကာ မြက်ပင်များကိုခုတ်ထစ်နေရင်း အော်ဟစ်သတိပေးလိုက်သည်။
"အား..."
ဓားပြတစ်ယောက်သည် မြက်ခင်းပြင်မြင့်တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် နာကျင်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သတိထားကြ..သူတို့ကဒီရောက်နေပြီ"
ဓားပြတစ်ယောက်သည် သူ့လူများကိုအော်ဟစ်ကာ သတိပေးလိုက်သော်လည်း သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်လာခဲ့သည်။
“ဂါး..."
အောစ့်စစ်သည်များသည် သူတို့၏ပုဆိန်များပိုပင့်မြောက်ကာ ဓားပြများထံ ပြေးထွက်သွားခဲ့ကြသည်။ဓားပြများသည် အောစ့်စစ်သည်များကို မြင်မြင်ချင်း ထိတ်လန့်သွားခဲ့ကြပြီး တုံ့ပြန်ရန်သတိမရခဲ့ကြပေ။ထိုသို့သော နှောင့်နှေးမှုများကြောင့် ပုဆိန်သွားများသည် သူတို့၏အသက်ကိုနှုတ်ယူသွားခဲ့ကြပြီး မြေပြင်ပေါ်၌အလောင်းများတိုးပွားလာစေခဲ့သည်။
...
...
နာရီဝက်ခန့်ကြာမြင့်ပြီးနောက် တောအုပ်ထဲတွင် ပြန့်ကျဲနေသော အလောင်းများကိုကြည့်ပြီး ရှောင်ယုအလွန်ပင်ကျေနပ်သွားရသည်။သူတို့သည် အောင်မြင်စွာခြုံခိုတိုက်ခိုက်နိုင်ခဲ့ပြီး သူတို့နောက်လိုက်လာသော ဓားပြများကို သတ်ဖြတ်နိုင်ခဲ့သည်။
အောစ့်စစ်သည်များ၏အရှိန်သည် ဂရင်း၏လေလမ်းလျှောက်ခြင်းထက်သာ အနည်းငယ်နှေးကွေးသောကြောင့် ဓားပြများသည် ထွက်ပြေးရန်အခွင့်မသာခဲ့ပေ။
သို့သော် ဓားပြအများစု သတ်ဖြတ်ခံရသော်လည်း ပုန်းအောင်းနေသူ အချို့သည် အသံလုံးဝမထွက်ဘဲ တိတ်ဆိတ်နေကြရာ စခန်းသို့လွတ်မြောက်သွားကြသည်။လွတ်မြောက်သွားသူများသည် စခန်းသို့ပြန်ရောက်လာပြီးနောက် သူတို့၏သူဌေးအားတိုင်ကြားလိုက်ကြသည်။
"သူဌေး...ငါတို့ကိုတိုက်ခိုက်တဲ့သူတွေက အောစ့်ဘီလူးတွေပဲ...သူတို့ကနှစ်မီတာလောက်ကြီးမားပြီး ပုဆိန်တွေကိုသုံးကြတယ်"
"ဘာတွေထိတ်လန့်နေကြာတာလဲ...ဘယ်ကအောစ့်တွေကိုပြောနေတာလဲ...အောစ့်ဘီလူးတွေကမျိုးတုံးသွားတာ အတော်ကြာနေပြီ"
ဓားပြခေါင်းဆောင်သည် သူတို့၏စကားများကိုမယုံကြည်ခဲ့ပေ။
"သူဌေး...ငါတို့ကျိန်ပြောရဲတယ်...သူတို့ကတကယ့်အောစ့်ဘီလူးတွေ...သူတို့ကအစိမ်းရောင်အသားအရောင်ရှိပြီး ချွန်ထက်နေတဲ့ သွားစွယ်တွေရှိတယ်...သူတို့ကအနည်းဆုံး ငါတို့ထက်ခေါင်းတစ်လုံးပိုမြင့်ပြီး အရမ်းအစွမ်းထက်လွန်းတယ်...ငါတို့ကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး...ငါတို့ ထွက်မပြေးရင် အကုန်သေကုန်လိမ့်မယ်"
ဓားပြဖြစ်သူက အထိတ်တလန့်ဖြင့် အသည်းအသန်ရှင်းပြခဲ့သည်။
ဓားပြခေါင်းဆောင်သည် ဓားပြများအား မယုံသင်္ကာစိုက်ကြည့်လိုက်သည်။သူသည် ဤတောင်တန်းဒေသတွင် ကျင်လည်ကျက်စားခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း အောစ့်တစ်ကောင်ကိုပင် မတွေ့ခဲ့ပေ။ရံဖန်ရံခါ မှင်စာအချို့ကိုတွေ့မြင်ဖူးသော်လည်း အန္တာရယ်မရှိခဲ့ပေ။
"သူတို့ကိုတွေ့ဖို့ခေါ်သွား..."
ဓားပြခေါင်းဆောင်သည် သူ၏လက်အောက်ငယ်သားများ စိတ်ဓာတ်မကျစေရန်အတွက် သူကိုယ်တိုင်ပါဝင်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။
ဓားပြခေါင်းဆောင်သည် စခန်းအပြင်သို့ရောက်သည်နှင့် အံ့သြသွားခဲ့သည်။ကျောက်ယွမ်သည် သူ၏မျက်စိရှေ့မှောက်တွင် အရပ်နှစ်မီတာမြင့်သော အောစ့်ဘီလူးပေါင်းများစွာကို တွေ့လိုက်ရသည်။
ထို့ပြင် အရပ်အနည်းငယ်ရှည်ပြီး ပိန်လှီသောဆယ်ကျော်သက်တစ်ဦးသည် အောစ့်ဘီလူးများရှေ့၌ ရပ်နေခဲ့သည်။
ရှောင်ယု၏ဘေးနားတွင်ရပ်နေသော ဂရင်းထံမှ ဖိနှိပ်ချုပ်ချယ်ထားသော အော်ရာများထွက်ပေါ်နေခဲ့သည်။ဂရင်း၏မျက်နှာတွင် သွေးများစွန်းထင်းနေပြီး ကျန်အောစ့်ဘီလူးများထက် ပိုမိုအစွမ်းထက်ကြောင်း ထင်ရှားပေသည်။
"မင်း...မင်းကဘယ်သူလဲ...ဘာလိုချင်လို့လဲ"
ကျောက်ယွမ်သည် အောစ့်စစ်သည်များအား တွေ့မြင်လိုက်ရချိန်တွင် သူ၏သဘောထားသည် ၁၈၀ဒီဂရီခန့်ပြောင်းလဲသွားခဲ့ရသည်။သူသည် ယနေ့တွင်ဒဏ္ဍာရီထံမှ အောစ့်ဘီလူးများကိုတွေ့မြင်ရလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူသည် စစ်သူရဲကောင်းများဖြစ်သော အောစ့်ဘီလူးများ၏ ဒဏ္ဍာရီဆန်ဆန်တိုက်ပွဲများအကြောင်း သိရှိထားခဲ့သည်။တစ်ချိန်တည်းမှာပင် ထွားကြိုင်းသန်မာသော အောစ့်ဘီလူးများကိုတွေ့မြင်လိုက်ပြီးနောက် သူ၏ဓားပြများသည် ထိုအောစ့်ဘီလူးများ၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း ကျောက်ယွမ်သတိပြုမိပေသည်။ကံကောင်းထောက်မစွာဖြင့် ရန်သူဘက်တွင် လူသားတစ်ယောက်ရှိနေခဲ့သည်။
ရှောင်ယုသည် ရှေ့တစ်လှမ်းတိုးလိုက်ကာ သူ့၏ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
"ဓားပြတွေ...ငါ့ရဲ့စကားကိုသေချာနားထောင်ကြ...ငါကဒီနယ်မြေရဲ့ အရှင်သခင်ဖြစ်တဲ့ ရှောင်ယုပဲ...မင်းကငါ့ရဲ့နယ်မြေထဲမှာရှိနေတဲ့ ရွာတွေကို လုယက်ဖျက်ဆီးနေတာအတော်ကြာနေပြီ...ဒီနေ့တော့ငါမင်းကိုဖယ်ရှားဖို့ ရောက်လာခဲ့တာပဲ"
"ဘာ...ရှောင်မိသားစုရဲ့အကြီးအကဲလား..."
ဓားပြများသည် ရှောင်ယု၏စကားကိုကြားချိန်တွင် မယုံကြည်နိုင်ဖြစ်သွားရသည်။ကျောက်ယွမ်ကိုယ်တိုင်သည်လည်း သူ့ရှေ့၌ရပ်နေသော ဆယ်ကျော်သက်သည် ရှောင်မိသားစု၏ ခေါင်းဆောင်ဖြစ်ကြောင်း မယုံကြည်နိုင်ခဲ့ပေ။သူကြားသိထားသော သတင်းများအရ ရှောင်မိသားစုခေါင်းဆောင်သည် သောက်စားမူးယစ်ပြီး အချိန်ပြည့်လောင်းကစားလုပ်နေသော လူပေလူတေတစ်ယောက်ဖြစ်ကြောင်း နားလည်ထားခဲ့သည်။
ရှောင်ယုသည် သူ၏မေးစေ့ကိုမြောက်လိုက်ပြီး ဓားပြခေါင်းဆောင်အား ကြည့်လိုက်သည်။
"ဟုတ်တယ် ငါကကောင်းကင်ခြင်္သေ့မင်းဆက်က ကိုယ်တိုင်တာဝန်ပေးထားတဲ့ နယ်မြေရဲ့အရှင်သခင်ပဲ...ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်...မင်းခုချိန်ထိလုယက်ထားတာတွေအကုန်လုံးက်ို လွဲပြောင်းပေးမယ်ဆိုရင် ဒီသခင်လေးက မင်းရဲ့အသက်ကိုချမ်းသာပေးဖို့ စဉ်းစားပေးမယ်...မဟုတ်ရင် ဒီစခန်းကိုချက်ချင်းဖျက်ဆီးပစ်မယ်"
*****