← Chapters

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း ၁၉ - သူရဲကောင်းတို့၏ အထိမ်းအမှတ်ကျောက်တိုင်

ခယ်မများအပေါ် အခွင့်အရေးယူပြီးနောက် ရှောင်ယု၏စိတ်အခြေအနေသည် အနည်းငယ်ကောင်းမွန်နေခဲ့သည်။သူသည် မြို့ရိုးနံရံပေါ်၌ မတ်တပ်ရပ်လိုက်ပြီး လှမ်းအော်လိုက်သည်။

"ငါရဲ့ခေါင်းဆောင်မှုအောက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ပေါင်းစည်းဖို့အတွက် ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားခဲ့တဲ့ အောစ့်စစ်သည်တွေနဲ့ နတ်သူငယ်တွေကို စုစည်းခဲ့တယ်...မင်းတို့ရဲ့သခင်ကို နတ်ဘရားတွေက ကောင်းချီးပေးပြီးတော့ ဒီကမ္ဘာကြီးကိုပျော်ရွှင်မှုတွေ ငြိမ်းချမ်းမှုတွေကို ယူဆောင်လာစေခဲ့တယ်..နတ်ဘုရားတွေက ငါ့ကို ရွေးချယ်ပြီးကတည်းက ငါ့ရဲ့မြို့သားတွေဖြစ်တဲ့ မင်းတို့အကုန်လုံးက နတ်ဘုရားတွေရဲ့ ကြည့်ရှုစောင်မမှုကိုရရှိကြလိမ့်မယ်..."

ရှောင်ယု၏စကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလိုပင် အံ့သြသွားခဲ့ကြသည်။အစောပိုင်းတွင် သူတို့သည် အောစ့်စစ်သည်များကို တွေ့မြင်ပြီး သူတို့၏ဘဝအတွက် စတင်စိတ်ပူလာခဲ့ကြသည်။သူတို့သည် အော့စ်စစ်သည်များကို လက်ညိုးထိုး၍ တိုးတိုးလေးရေရွတ်နေကြသည်။

ယခုအခါ ရှောင်ယုက အောစ့်စစ်သည်များနှင့် နတ်သူငယ်များသည် သူ့အားသခင်အဖြစ် အသိအမှတ်ပြုထားသည်ဟု ကြေငြာလိုက်သည်။အကယ်၍ သူလိမ်လည်ခဲ့ပါက အောစ့်စစ်သည်အမြောက်အများ ဤနေရာ၌ ရှိနေစရာအကြောင်းမရှိပေ။

တစ်ချိန်တည်းမှာပင် နတ်သူငယ်လေးသမားများက သူတို့ဝတ်ဆင်ထားသည့် ဝတ်ရုံများကိုချွတ်ပစ်လိုက်ကြပြီး သူတို့၏ချွန်ထက်သောနားရွက်များနှင့် ချောမောလှပသည့် မျက်နှာများကိုဖော်ထုတ်လိုက်ကြသည်။သူတို့၏ချွန်ထက်သော နားရွက်များနှင့် ခရမ်းရောင်မျက်လုံးများက သူတို့သည် နတ်သူငယ်များဖြစ်ကြောင်း သက်သေပြနေသည့်အကောင်းဆုံးလက္ခဏာများဖြစ်သည်။

"သူတို့က တကယ်ကြီးနတ်သူငယ်တွေလား...နတ်သူငယ်တွေက ဒဏ္ဍာရီတွေထဲကအတိုင်းဆိုရင် အန်ကာဂန်တောင်တန်းရဲ့ အနက်ရှိင်းဆုံးအပိုင်းမှာပဲ နေထိုင်ကြတဲ့ အမြင့်မြတ်ဆုံးမျိူးစိတ်တွေပဲ...သူတို့တွေဟာ အနာရောဂါကင်းမဲ့ပြီး အသက်ရှည်ရှည်နေထိုင်နိုင်တဲ့ ဖန်ဆင်းရှင်ရဲ့ အချစ်တော်တွေပဲ"

လူတိုင်းသည် နတ်သူငယ်များကို ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။ဤလောကတွင် နတ်သူငယ်များကို မြင့်မြတ်သောမျိုးနွယ်ဝင်များအဖြစ်သတ်မှတ်ကြကာ သူတို့အားကိုးကွယ်ယုံကြည်သူများပင် ရှိကြလေသည်။ရှောင်ယု၏ နတ်သူငယ်အုပ်စုတွင် တိုင်ရန်ဒီသည် အထူးပေါ်လွင်ထင်ရှားနေပေသည်။

ရှောင်မိသားစု၏ အမျိုးသမီးငါးယောက်လုံးသည် လှပတင့်တယ်ကြသော်လည်း တိုင်ရန်ဒီအားမြင်တွေ့လိုက်သူတိုင်းသည် လေးလေးနက်နက်ပင် သဘောကျနှစ်ခြိုက်သွားကြသည်။တချို့သောသူများသည် တိုင်ရန်ဒီအား ကိုးကွယ်ရန် မြေပေါ်သို့ချက်ချင်းဒူးထောက်လိုက်ကြသည်။

တိုင်ရန်ဒီသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် တိုက်ခတ်နေသော လေပြင်းက သူမ၏ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြနေခဲ့ပြီး ရံဖန်ရံခါတွင် သူမ၏ဖြူဖွေးသောပေါင်တံများကို တွေ့မြင်ရမည်ဖြစ်သည်။သူမ၏အေးစက်သော မျက်လုံးတစ်စုံနှင့် မာနကြီးသောမျက်နှာအမူအရာတို့က သူမအားနတ်ဘုရားမတစ်ယောက်လို သိသာထင်ရှားစေခဲ့သည်။သူမဘေးနားတွင်ရှိသည့် ကျားဖြူကလည်း သူမအားပိုမိုလျှိ့ဝှက်ဆန်းကြယ်အောင် ပြုလုပ်ပေးနေခဲ့သည်။

လူတိုင်းသည် ချက်ချင်းပင် တိုင်ရန်ဒီအား စွဲလမ်းမိသွားကြသည်။လူအချို့သည် သူတို့အား နတ်ဘုရားမကကယ်တင်ရန် ရောက်ရှိလာသည်ဟု ရှိုက်ကြီးတငင်ငိုကြွေးကာ ရူးသွပ်သွားကြသည်။

ရှောင်မိသားစုမှ အမျိုးသမီးငါးယောက်လုံးသည် သူတို့၏အလှတရားများနှင့်ပတ်သက်၍ အမြဲလိုလ်ိုပင် ယုံကြည်မှုအပြည့်ရှိကြသည်။သို့သော် တိုင်ရန်ဒီ၏အလှကို တွေ့မြင်ပြီးနောက် သူတို့သည်နှိမ့်ချစွာနေထိုင်ခဲ့ကာ သူတို့၏အလှကို ဂုဏ်ယူဝံ့ကြွားခြင်းမရှိခဲ့ပေ။

တိုင်ရန်ဒီ၏အလှသည် ဤလောကကိုကျော်လွန်သွားသည့် အရာတစ်ခုဖြစ်သည်။အမှန်တကယ်တွင် တိုင်ရန်ဒီသည် လူသားတစ်ယောက် မဟုတ်ခဲ့ချေ။

ရှောင်ယုသည် အစောပိုင်းက ဤစစ်အောင်ပွဲအား အခွင့်အရေးတစ်ခုအဖြစ်အရယူကာ အောစ့်စစ်သည်များနှင့် နတ်သူငယ်များကို လူအများက လက်ခံလာစေရန်အတွက် မိတ်ဆက်ပေးရန် စီစဉ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် အော့စ်များနှင့် နတ်သူငယ်တို့၏ သခင်ဖြစ်သည်ဟု ရှင်းပြကာ သူ့လူများ၏စိုးရိမ်မှုအား ဖြေဖျောက်ပေးရန်စီစဉ်ခဲ့သည်။ဤနည်းဖြင့် သူသည် အစောပိုင်းကာလတွင် လူသားများနှင့်မျိုးနွယ်ခြားများအကြား ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ပြီး ကြီးမားသောခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းရန် အဆင့်သင့်ဖြစ်နေမှာဖြစ်သည်။

ထို့နောက် အောစ့်များနှင့်နတ်သူငယ်များအား ဤကမ္ဘာကြီး၌ ကောင်းမွန်စွာ အခြေချနေထိုင်ရန်အတွက် သေချာသောနည်းလမ်းတစ်ခုခုအား ရှာဖွေရမည်ဖြစ်သည်။ရှောင်ယုသည် ဤနေရာ၌ ထူးထူးခြားခြားစွမ်းဆောင်ရည်မရှိသော်လည်း သူ၏ယခင်ဘဝ၌ ရုပ်ရှင်များစွာတွင် ထိုကဲ့သို့မြင်ကွင်းမျိုးကို တွေ့မြင်ဖူးခဲ့လေသည်။

သို့သော်လည်း တိုင်ရန်ဒီသည် သူစဉ်းစားထားသော အစီအစဉ်အားလုံးကို ဖျက်ဆီးလိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူသည် လက်ရှိအချိန်တွင် အောစ့်စစ်သည်များနှင့် နတ်သူငယ်များ၏ စစ်မှန်သောအရှင်သခင်ဖြစ်သော်လည်း ခြင်္သေ့မြို့ရှိလူအများသည် တိုင်ရန်ဒီကိုသာ ကိုးကွယ်ရန် စိတ်ဆန္ဒပြင်းပြနေခဲ့ကြသည်။

ငါများ အရမ်းရုပ်ဆိုးနေလို့လား...

အလှတရားက ငါ့လိုကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက်ထက် လူတွေကိုပိုပြီးဆွဲဆောင်နိုင်စေတာလား...

ဤနေရာတွင် စစ်သားများနှင့် မြို့နေလူထုသာမက အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည်ပင် တိုင်ရန်ဒီအား စွဲလမ်းမိသွားကြမည်ဟု ရှောင်ယုလုံးဝမထင်မှတ်ထားခဲ့ပေ။

"ဒါက ငါတို့ရဲ့ပထမဆုံးအောင်ပွဲပဲ...ဒါပေမဲ့ ဒီဟာကအဆုံးသတ်မဟုတ်သေးဘူး...ငါကအနာဂတ်မှာ မင်းတို့အတွက် အောင်ပွဲတွေတစ်ခုပြီးတစ်ခုယူဆောင်ပေးပြီး ဒီနယ်မြေကို အရင်ပေါင်းစည်းပေးမယ်...အဲ့ဒီအချိန်ကျရင် မင်းတိုဟာ မင်းတို့ရဲ့ဘဝကိုကောင်းကောင်းမွန်မွန်နဲ့ ဆိုရှယ်လစ်ဆန်ဆန်ဖြတ်သန်းနိုင်လိမ့်မယ်...."

ရှောင်ယုသည် သူ၏လူများအား စိတ်လှုပ်ရှားစွာဖြင့် မိန့်ခွန်းပြောဆိုနေရင်း ဆိုရှယ်လစ်ဝါဒဟူသော စကားကိုမတော်တဆထုတ်ပြောမိလိုက်သည်။သို့သော် ကံကောင်းထောက်မစွာဖြင့် သူ့လူများသည် ထိုစကားလုံးနှင့်ရင်းနှီးခြင်းမရှိကြပေ။

"ငါတို့အတွက် အကြီးမြတ်ဆုံးသော သူရဲကောင်းတွေက ဘယ်သူတွေလဲဆိုတာ မင်းတို့သိကြလား...သူတို့ကစစ်သားတွေ သူတို့ရဲ့အသက်ကို ကြိုးတန်းပေါ်တင်ပြီး ငါတို့ရဲ့လုံခြုံမှုကိုအကာအကွယ်ပေးနေကြတဲ့ သူတွေပဲ...သူတို့တွေက ငါအလေးစားရဆုံးလူတွေဖြစ်သလို ငါတို့နဲ့အနီးကပ်ဆုံး သူရဲကောင်းတွေပဲ...ဒါကြောင့်ခုချိန်ကစပြီး ငါအမိန့်တစ်ခုချမှတ်လိုက်မယ်...အကုန်လုံးသေချာနားထောင်ကြ..."

"ဒီတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေအားလုံးကို အစဉ်အမြဲသတိရနေစေဖို့အတွက် ခြင်္သေ့မြို့ရဲ့ မြို့ရင်ပြင်မှာ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုတည်ဆောက်ဖို့ စီစဉ်ထားတယ်...သူတို့ဟာ မြင့်မြတ်တဲ့မိသားစုက လာသည်ဖြစ်စေ သာမန်နိုင်ငံသားဖြစ်စေ ကျွန်များဖြစ်စေ ငါဂရုမစိုက်ဘူး..ခြင်္သေ့မြို့ကိုကာကွယ်ရင်း သူတို့ရဲ့အသက်ကိုပေးဆပ်သွားခဲ့တဲ့ စစ်သည်တွေရဲ့အမည်ကို ခုချိန်ကစပြီး အဲ့ဒီအထိမ်းအမှတ်ကျောက်တိုင်မှာ ရေးထိုးထားမှာဖြစ်တယ်...ငါတို့ရဲ့လုံခြုံမှုအတွက် သူတို့ရဲ့အသက်ကိုပေးဆပ်သွားတဲ့ သူရဲကောင်းတွေကို ငါတို့တစ်သက်လုံး သတိရနေမှာဖြစ်တယ်"

ရှောင်ယုသည် အားမာန်အပြည့်ပါသော လေသံဖြင့် ကျယ်လောင်စွာအော်ဟစ် အမိန့်ချလိုက်သည်။

ရှောင်ယုသည် ယခင်ဘဝ၌ ဂိမ်းတစ်ခုကစားဖူးခဲ့သည်။ထိုဂိမ်းတွင် NPCများ၏ စိတ်ဓာတ်ကိုမြင့်တင်ပေးရန်အတွက် သူရဲကောင်းအထိမ်းအမှတ်ကျောက်တိုင်ပါရှိကြောင်း သတိရလာ၍ ရှောင်ယုသည် ထိုအရာအားတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့ပြင် သူ၏အဓိကစစ်သည်များဖြစ်ကြသည့် အောစ့်များနှင့်နတ်သူငယ်များသည် စစ်ပွဲတွင်တိုက်ခိုက်ရန် မွေးဖွားလာကြသူများဖြစ်သည့်အတွက် သူတို့အား စစ်ပွဲတွင်ကျဆုံးသွားသည့် သာမန်စစ်သည်များကဲ့သို့ ဆက်ဆံပေး၍မရပေ။သို့သော် ရှောင်ယုသည် သူတို့အားသဂြိုလ်ရန်အတွက် အမြင့်မြတ်ဆုံးသောအခမ်းအနားကို အသုံးပြုပေးနိုင်သည်။

မြို့သူမြို့သားများသည် ရှောင်ယု၏အမိန့်ကိုကြားရချိန်တွင် ဝမ်းသာအားရဖြစ်သွားကြသည်။လူအများသည် သူတို့ချစ်ခင်ကြသော စစ်သည်တော်များအပေါ် ရှောင်ယု၏ ချီးမြင့်မှုအား အလွန်ပင်သဘောကျနှစ်ခြိုက်ကြသည်။

စစ်သည်တော်များသည် ခြင်္သေ့မြို့၏ မူရင်းနေထိုင်သူ မြို့သားများဖြစ်သောကြောင့် တိုက်ပွဲအတွင်း၌ သူတို့၏ယောက်ျားများ ၊ သားများ နှင့် ရင်းနှီးခင်မင်သော မိတ်ဆွေများကိုဆုံးရှုံးခဲ့ရသူတို့အဖို့ ရှောင်ယု၏လုပ်ရပ်ကို အကြီးအကျယ်အားပေးချီးမြောက်ခဲ့ကြသည်။

ထို့နောက် ရှောင်ယုက နောက်ဆက်တွဲအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

"ခြင်္သေ့မြို့အတွက် ကျဆုံးသွားခဲ့ရတဲ့ စစ်သည်တော်တွေရဲ့ မိသားစုတွေဟာ နောင်ဆယ်နှစ်တာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ရရှိကြမှာဖြစ်တယ်...ပြီးတော့ သူတို့ဟာ ခြင်္သေ့မြို့ကထောက်ပံ့ပေးတဲ့ ငွေကြေးတွေကိုရရှိမှာဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြလိမ့်မယ်...ဒါ့အပြင် အဲ့ဒီမိသားစုတွေဟာ ကျဆုံးသွားတဲ့စစ်သည်တော်တွေကိုယ်စား သူရဲကောင်းတံဆိပ်ကို ရရှိကြလိမ့်မယ်..."

ရှောင်ယုသည် စိတ်ကောင်းဝင်နေသော လူထု၏အခြေအနေကိုကြည့်ပြီး နောက်ထပ်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ဤသို့ဖြင့် သူသည် လူထုအတွင်း၌ ၎င်း၏သြဇာသက်ရောက်မှုကိုချဲ့ထွင်နိုင်ကာ အနာဂတ်၌ စစ်သားစုဆောင်းမှုနှုန်းကို အရှိန်အဟုန်ဖြင့် တိုးမြင့်နိုင်မည်ဖြစ်သည်။ယခုအချိန်တွင် ဂိမ်းစနစ်မှထုတ်လုပ်ပေးနိုင်သော စစ်သည်အရေအတွက်သည် အကန့်အသတ်ရှိသည့်အတွက်ကြောင့် သူ၏စစ်တပ်တွင် သာမန်စစ်သားများကိုလိုအပ်လျက်ရှိသည်။သူယခုချမှတ်လိုက်သောအမိန့်ကြောင့် လူငယ်များသည် သူ၏တပ်ထဲသို့ဝင်ရောက်ရန် ပိုမိုစိတ်အားထက်သန်လာကြမည်ဖြစ်သည်။

လူထုသည် ရှောင်ယု၏အမိန့်ကြောင့် စိတ်လှုပ်ရှားသွားခဲ့ကြကာ ရှောင်ယုအား ကျယ်လောင်စွာချီးမွမ်းကြတော့သည်။ယခုအချိန်တွင် သူတို့၏အာရုံသည် တိုင်ရန်ဒီထံမှ ရှောင်ယုဆီသို့ပြန်လည်ရောက်ရှိသွားတော့သည်။

ရှောင်ယု၏စကားများကို အိမ်တော်ထိန်းဟောင်က ရှင်းရှင်းလင်းလင်းကြားမြင်နေရသည်။အစောပိုင်းတွင် ရှောင်ယုချမှတ်လိုက်သည့် အမိန့်အပေါ်၌ သဘောမတူသော်လည်း ရှောင်ယုသည် ယခင်ကနှင့်မတူဘဲ ၁၈၀ဒီဂရီပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။ရှောင်ယုသည် ယခုအချိန်တွင် ယခင်လိုသောက်စားမူးယစ်ပြီး ဖြုန်းတီးနေသူတစ်ဦးမဟုတ်တော့ပေ။

ရှောင်ယု၏စကားကိုကြားချိန်တွင် ကပ္ပတိန်ဟွေ့သည် အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ရသည်။စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ် လက်ရှိခြင်္သေ့မြို့ရှိ စစ်သားအားလုံး၏ ခေါင်းဆောင်လည်းဖြစ်သော ကပ္ပတိန်ဟွေ့သည် ရှောင်ယုမှ သူ၏စစ်သားများအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသည်ကို တွေ့ရ၍ စိတ်သက်သာရာရရှိခဲ့သည်။

ရှောင်ယုသည် ကပ္ပတိန်ဟွေ့နှင့် အိမ်တော်ထိန်းဟောင်တို့အား စိတ်လှုပ်ရှားနေသော လူထုကိုထိန်းသိမ်းစေခဲ့ပြီး အောစ့်စစ်သည်များနှင့်နတ်သူငယ်လေးသမားများကို မြို့ပြင်သို့ခေါ်ထုတ်လာခဲ့သည်။

ယခုအချိန်တွင် ရှောင်ယုထံ၌ အရေးတကြီးလုပ်စရာတစ်ခုရှိနေခဲ့သည်။ထိုအရာမှာ သူ၏တတိယမြောက်အခြေစိုက်စခန်းအား တည်ဆောက်ရန်ဖြစ်သည်။

အခန်း ၂၀ - တတိယမြောက်အခြေစိုက်စခန်း

ရှောင်ယုသည် စခန်းသို့ပြန်ရောက်သည်နှင့် အောစ့်နှင့်နတ်သူငယ်အခြေစိုက်စခန်းထံ၌ ကြီးကျယ်ခမ်းနားသော အသုဘအခမ်းအနားတစ်ခုကို ကျင်းပပေးခဲ့သည်။ထို့နောက် သူသည် ချပ်ဝတ်တန်ဆာများနှင့်လက်နက်များကို ထုလုပ်ရန်အတွက် ကာရီ၏စစ်တပ်မှရရှိလာခဲ့သော လက်နက်များနှင့်ချပ်ဝတ်များကို ပန်းပဲဆရာထံသို့အပ်နှံခဲ့သည်။

သူသည် အောစ့်စစ်သည်များ၏ ရုပ်အလောင်းကို မီးသဂြိုလ်ကာ အကြီးအကဲများ၏ ကောင်းချီးကိုရရှိနိုင်ရန်အတွက် သူတို့အားမုန်တိုင်းယဇ်ပလ္လင်၌ထားရှိခဲ့သည်။

နတ်သူငယ်လေးသမား၏ ရုပ်အလောင်းကိုမူ အသက်သစ်ပင်အောက်၌ မြုပ်နှံထားခဲ့သည်။ဤသို့ဖြင့် နတ်သူငယ်များ၏ စိတ်ဝိညာဉ်သည် သဘာဝတရားနှင့်ရောယှက်ပေါင်းစပ်သွားမှာဖြစ်သည်။ နတ်သူငယ်များသည် သဘာဝကိုချစ်မြတ်နိုးကြပြီး သဘာဝတရားကိုဟန်ချက်ညီအောင် ထိန်းသိမ်းရန် အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့ကြသည်။ထို့ကြောင့် သူတို့သေဆုံးပြီးချိန်တွင် သဘာဝတရား၏အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်ရောက်ရှိလာရန် မျှော်လင့်ခဲ့ကြသည်။

ရှောင်ယုသည် နတ်သူငယ်လေးသမား၏အလောင်းကို အသက်သစ်ပင်အောက်၌ မြုပ်နှံနေစဉ် အနည်းငယ်ဝမ်းနည်းစိတ်ဝင်လာခဲ့သည်။မာနကြီးပြီး သူ့အပေါ်မလေးစားသော နတ်သူငယ်လေးသမားများကို သူဒေါသထွက်ခဲ့ရသော်လည်း ယခုလိုသူ့အပေါ်တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့သည်ကို မြင်တွေ့ရချိန်တွင် စိတ်မကောင်းဖြစ်မိလေသည်။

ရှောင်ယုက သူ၏ပင်ကိုယ်အကျင့်စရိုက်သည် အနည်းငယ်ချို့ယွင်းပြီး ချို့ယွင်းချက်များစွာရှိနေကြောင်း သိရှိထားသော်လည်း သူသည်သက်ရှိများနှင့် သက်ရှိသတ္တဝါများအပေါ် အလွန်လေးစားမှုရှိလေသည်။အအေးလက်နက်များကိုသာ အသုံးပြုကြသော ဤလောက၌ သေဆုံးခြင်းသည် သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သော်လည်း ယခုလိုသေဆုံးနေသည့် သက်ရှိများကိုတွေ့မြင်လိုက်တိုင်း သူဝမ်းနည်းကြေကွဲရဆဲဖြစ်သည်။

သူသည် နတ်သူငယ်များ၏စိတ်နှလုံးကို အနိုင်ရရှိစေရန်အတွက် ဝမ်းနည်းနေသော ရုပ်သွင်ကိုတမင်တကာ မဖော်ပြခဲ့ပေ။ထိုသို့ဟန်ဆောင်ပါက ဤအသုဘအခမ်းအနားသို့ တက်ရောက်ခြင်းသည် သေဆုံးသွားသူအပေါ် မလေးစားရာကျရောက်မည်ဖြစ်သည်။

အသုဘအခမ်းအနား ပြီးဆုံးပြီးနောက် ရှောင်ယုသည် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုကို စစ်ဆေးကြည့်လိုက်ချိန်တွင် အနုတ် ၅သို့ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။တိုင်ရန်ဒီ၏ သစ္စာစောင့်သိမှုသည် အနာဂတ်တွင် ၁၀၀သို့ရောက်လာမည့်အကြောင်း မတွေးမိရန် ရှောင်ယုမတတ်နိုင်ခဲ့ပေ။

ရှောင်ယုသည် တိုင်ရန်ဒီ၏သွယ်လျသော ခြေထောက်များကို တစ်ချက်ချောင်းကြည့်လိုက်ပြီး တံတွေးကိုမြိုချလိုက်သည်။သို့သော် ထိုအချိန်၌ တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အနုတ်၅မှ အနုတ်၆သို့ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။

"ဘာလဲကွာ...တစ်ခေါက်လောက်ချောင်းကြည့်မိတာလေးကို သစ္စာစောင့်သိမှုက လျော့ကျသွားသေးတာလား..."

ရှောင်ယုသည် ချက်ချင်းပင်ထိုနေရာမှ အပြေးထွက်ခွာလာခဲ့သည်။သူသည် တိုင်ရန်ဒီအနားတွင်ရှိနေပါက သူမအားချောင်းမကြည့်မိစေရန် စိတ်မထိန်းနိုင်ခဲ့ပေ။ထိုအတိုင်းသာ ဆက်ဖြစ်နေပါက တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အနှေးနှင့်အမြန်ဆိုသလို အနုတ်၅၀သို့ရောက်ရှိသွားနိုင်ကြောင်း ရှောင်ယုခံစားမိပေသည်။

ရှောင်ယုသည် နတ်သူငယ်အခြေစိုက်စခန်းမှ ထွက်ခွာလာပြီးနောက် သူ၏တတိယမြောက် အခြေစိုက်စခန်းအားတည်ဆောက်ရန်အတွက် ကောင်းမွန်သောနေရာတစ်ခုအား ရှာဖွေခဲ့သည်။

ဝုန်း...

သူ၏မျက်စိရှေ့တွင် ဧရာမရဲတိုက်ကြီးတစ်ခုက ဝုန်းခနဲ့ဖြစ်ပေါ်လာခဲ့သည်။ထိုရဲတိုက်သည် ခြင်္သေ့မြို့တွင်ရှိသော သူ၏ရဲတိုက်လောက် မကြီးမားသော်လည်း ဤရဲတိုက်၏ ဗိသုကာပုံစံသည် သူ့ရဲတိုက်ထက် ပိုမိုခမ်းနားထည်ဝါပေသည်။

"ဒီလောက်အံ့သြဖို့ကောင်းတဲ့ ရဲတိုက်တစ်ခုကို ငါမြင်တွေ့ဖူးပြီ...အရှင်သခင်တစ်ယောက်ရဲ့ ရဲတိုက်ဆိုတာ ဒီလိုဖြစ်နေရမှာကွ...ငါ့ရဲ့နယ်မြေသာ ချမ်းသာကြွယ်ဝလာတဲ့အခါကျရင် ဒီလိုရဲတိုက်တစ်ခုက်ို တည်ဆောက်ရမယ်..."

ထို့နောက် ရှောင်ယုသည် ဘုရင့်ယဇ်ပလ္လင်ကိုတည်ဆောက်ရန် စနစ်အားအမိန့်ပေးခဲ့သည်။သူသည် ယခုအချိန်တွင် သူရဲကောင်းအသစ်တစ်ယောက်အား ခေါ်ယူရန်စီစဉ်နေခဲ့သည်။

ရှောင်ယုသည် ခေါ်ယူရမယ့်သူရဲကောင်းအမျိုးအစားကို အကြာကြီးစဉ်းစားမနေခဲ့ဘဲ မှော်ကဝေတစ်ယောက်အား သူ၏ပထမဆုံးလူသားသူရဲကောင်းအဖြစ် ရွေးချယ်ခေါ်ယူခဲ့သည်။

ယခင်စစ်ပွဲအတွင်း၌ မှော်ဆရာတစ်ယောက်၏ အရေးပါပုံက်ို တွေ့မြင်ခဲ့ရသောကြောင့် ရှောင်ယုသည် ကိုယ်ပိုင်မှော်ဆရာတစ်ယောက်အား ဆင့်ခေါ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှောင်ယုသည် လက်ထောက်တပ်ကြပ်အဆင့်သို့ ရောက်လာချိန်တွင် နောက်ထပ်တပ်သား ၁၀၀၀ကို ထပ်မံဆင့်ခေါ်လာနိုင်ခဲ့သည်။သို့သော် ယခုအချိန်၌ သူ့ထံတွင်ငွေကြေးခမ်းခြောက်နေသောကြောင့် မည်သည့်စစ်သားကိုမှ မခေါ်ယူနိုင်သေးပေ။

သူ့အတိတ်ဘဝတွင် ထင်ပေါ်ကျော်ကြားသူတစ်ယောက်က ဘဝတွင်ဝမ်းနည်းစရာအကောင်းဆုံးသောအရာမှာ အသက်ရှင်သန်နေချိန်၌ သုံးစရာပိုက်ဆံမရှိခြင်းဟု ပြောခဲ့သည်မှာအံ့သြစရာမဟုတ်တော့ပေ။

ရှောင်ယုသည် သူရဲကောင်းအားဆင့်ခေါ်နေချိန်တွင် အမျိုးသမီးမှော်ကဝေဖြစ်သော ဂျီနာပရောဂ်မိုးအား ဆင့်ခေါ်နိုင်ရန်မျှော်လင့်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ပထမမျိူးဆက်မှော်ကဝေတစ်ဦးဖြစ်သော အန်တိုနီဒက်စ်ကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။

"အန်တိုနီဒက်စ်က သခင့်ကိုနှုတ်ဆက်ပါတယ်..."

မှော်ကဝေသည် သူ၏မြင်းကိုစီးနင်းလျက် ဘုရင့်ယဇ်ပလ္လင်ပေါ်မှ ခုန်ဆင်းလာခဲ့သည်။

ရှောင်ယုသည် သူဆင့်ခေါ်ထားသော မှော်ကဝေ၏အသွင်အပြင်ကို စစ်ဆေးလိုက်သည်။အန်တိုနီဒက်စ်သည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မှော်တုတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့သည်။ထိုလူ၏ဆံပင်သည် အဖြူရောင်ဖြစ်ပြီး အဖြူရောင်မုတ်ဆိတ်ရှည်ကြီးလည်းရှိနေသေးသည်။

သို့ဖြစ်ရာ သာမန်လူတစ်ဦးက အန်တိုနီဒက်စ်အား အမှတ်တမဲ့ဆုံတွေ့ခဲ့လျှင် ကဗျာနှင့်စာပေကိုကျွမ်းကျင်သော ပညာရှိတစ်ယောက်ဟုသာ ယူဆမိကြမည်ဖြစ်သည်။

ရှောင်ယုသည် မှော်ကဝေအန်တိုနီဒက်စ်အား နှစ်ကြိမ်ခန့်လှည့်ပတ်စစ်ဆေးလိုက်ပြီး ဂျီနာပရောဂ်မိုးအား မခေါ်ယူနိုင်ခဲ့၍ နောင်တရနေသောလေသံဖြင့် မေးမြန်းလိုက်မိသည်။

"မင်းက မှော်ကဝေတစ်ယောက်ဖြစ်ပေမဲ့ ပျံသန်းပြီးခရီးမသွားတတ်ဘူးလား...ဒီမြင်းက မှော်ကဝေတစ်ယောက်ဖြစ်တဲ့ မင်းနဲ့မကိုက်ညီဘူး..."

ရှောင်ယု၏မေးခွန်းကိုကြားသောအခါ အန်တိုနီဒက်စ်သည် ကြင်နာတတ်သော အဘိုးအိုတစ်ယောက်ကဲ့သို့ ညင်သာစွာပြုံးလိုက်မိသည်။

"ကျနော်က အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးအိုတစ်ယောက်ဖြစ်နေတဲ့အတွက် ခြေလက်တွေမကောင်းတော့ဘူး...ဒီတော့ ဒီမြင်းလေးကိုပဲစီးနင်းကောင်အဖြစ် အသုံးပြုနေရတယ်...ဒါပေမဲ့ ဒီမြင်းလေးက ငါနဲ့အတူရှိနေတာ နှစ်ပေါင်းရာချီရှိနေခဲ့တာလေ...ငါ့အတွက်တော့ မြင်းကောင်းတစ်ကောင်ထက်ပိုတယ်"

ရှောင်ယုသည် အန်တိုနီဒက်စ်၏အဖြေကြောင့် အနည်းငယ် ကတုန်ကယင်ဖြစ်သွားခဲ့ပြီး ခဏအကြာတွင် မှော်ကဝေတစ်ယောက် သင်ယူနိင်သော ကျွမ်းကျင်မှုများကို စတင်၍စစ်ဆေးလိုက်သည်။

မှော်ကဝေတစ်ယောက်သည် အဆင့်၁၀သို့ မရောက်မှီအထိ ကျွမ်းကျင်မှု ၄ခုကိုသာသင်ယူနိုင်သည်။၎င်းတို့မှာ နှင်းဘောလုံး (အဆင့်၃ထိမြင့်တင်နိုင်) ၊ ရေခဲအတားအဆီး (အဆင့်၃ထိမြင့်တင်နိင်)၊ ရေခဲစူးချွန်(အဆင့် ၃ထိမြင့်တင်နိုင်) နှင့် ရေဒြပ်စင်ကိုဆင့်ခေါ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်)တို့ဖြစ်သည်။

မှော်ကဝေသည် နှင်းမုန်တိုင်းကဲ့သို့သော အကျယ်အဝန်းကြီးမားသည့် ဖျက်ဆီးနိုင်စွမ်းရှိသော မှော်မန္တန်မျိုးကို မသင်ယူနိုင်သောကြောင့် ရှောင်ယုအနည်းငယ်စိတ်ပျက်သွားရသည်။ထိုကဲ့သို့ ကျွမ်းကျင်မှုမျိုးသည် စစ်မြေပြင်၌ အလွန်အသုံးဝင်သော အဖျက်စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုဖြစ်သည်။

သို့သော် အန်တိုနီဒက်စ်ကသာ ပိုမိုမြင့်မားသောအဆင့်များထိ တက်လှမ်းနိုင်ခဲ့ပါက ထိုကဲ့သို့သောကျွမ်းကျင်မှုမျိုးကို ရရှိလိမ့်မည်ဟု ယူဆခဲ့သည်။ဥပမာအားဖြင့် ဂရင်းသည် ဓားသွားမုန်တိုင်း ၊ တိုင်ရန်ဒီ၏ကြယ်ကြွေခြင်းဟူသည့် ကျွမ်းကျင်မှုများ မထွက်ပေါ်လာသေးပေ။

အန်တိုနီဒက်စ်သည် နှင်းမုန်တိုင်းအား သင်ယူရန်မတတ်နိုင်သေးသော်လည်း နှင်းဘောလုံးကိုအသုံးပြုနိုင်ပေသည်။ထိုကျွမ်းကျင်မှုသည် တာဝေးတိုက်ခိုက်ရာတွင် ကောင်းမွန်သောကျွမ်းကျင်မှုတစ်ခုဖြစ်ကာ ဖျက်စီးနိုင်စွမ်းသည်လည်း သေးငယ်သည်တော့မဟုတ်ပေ။သို့သော် နှင်းမုန်တိုင်းနှင့် နှိုင်းယှည်၍မရခဲ့ပေ။

ရှောင်ယုသည် အဆင့်၁၀အတွင်း အန်တိုနီဒက်စ်သင်ယူနိုင်သည့် ကျွမ်းကျင်မှုများကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် နှင်းဘောလုံးကို သင်ယူရန်ရွေးချယ်ခဲ့သည်။

ရှောင်ယုသည် နှင်းဘောလုံး၏ တိုက်ခိုက်နိုင်စွမ်းအားကို စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် အန်တိုနီဒက်စ်သည် နှင်းဘောလုံးကိုအသုံးပြုကာ ထူထပ်သောသစ်ပင်များကို အပိုင်းပိုင်းပြတ်တောက်စေသော နှင်းမြှားများကို ပစ်ခတ်ပြခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရှောင်ယုသည် အလွန်တုန်လှုပ်သွားပြီး ထခုန်လုမတတ်ဖြစ်သွားခဲ့သည်။ဤနေ့၏အဆုံးတွင် မှော်ကဝေများသည် အလွန်သန်မာကြောင်း ရှောင်ယုလက်ခံလိုက်ရသည်။ဤနှင်းဘောလုံးသည် ဂရင်း၏ပြင်းထန်သောခုတ်ပိုင်းချက်ထက် နှစ်ဆခန့်ပိုမိုအားကောင်းပေသည်။

သို့သော်လည်း မှော်ကဝေတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားသည် မြင့်မားသလောက် ခုခံနိုင်စွမ်း အလွန်နိမ့်ပါးပေသည်။

ထုံးစံအတိုင်း ရှောင်ယုသည် အန်တိုနီဒက်စ်၏အဆင့်ကို မြင့်တင်ပေးရန် စတင်၍အစီအစဉ်ဆွဲခဲ့သည်။ရှောင်ယုသည် သူရဲကောင်းများ၏အဆင့်ကိုမြင့်တင်ရင်း ငွေကြေးရှာဖွေရန်အတွက် ဓားပြအုပ်စုများကို ဆက်လက်လုယက်ရမည်ဖြစ်သည်။

ကာရီသည် ယခုလောက်နှင့်အရှံးမပေးကြောင်း ရှောင်ယုနားလည်ထားပေသည်။ယခုတစ်ကြိမ်တွင် ရှောင်ယုသည် တပ်သား၅၀၀၀နှင့်အတူ ခြင်္သေ့မြို့အားဝိုင်းရံလာခဲ့သော်လည်း နောက်ထပ်တစ်ကြိမ်ဆိုလျှင် အနည်းဆုံးတပ်ဖွဲ့ဝင်သောင်းချီကိုယူဆောင်လာမည်ဖြစ်သည်။ထို့ပြင် ကာရီသည် ကျရှံးခဲ့သောအမှားကိုသင်ခန်းစာယူ၍ ပိုမိုအားကောင်းသော စစ်လက်နက်များကိုယူဆောင်လာမည်ဖြစ်ရာ သူ့ထံ၌ရှိနေသော စစ်သည်၄၀၀ / ၅၀၀ခန့်ဖြင့် ကာရီ၏တပ်ကို မတွန်းလှန်နိုင်လောက်ပေ။ထို့ကြောင့် ကာရီပြန်မလာမှီ သင့်တော်သောတပ်အင်အားကို စုဆောင်းထားရန်လိုအပ်လာခဲ့သည်။

ဤသို့ဖြင့် ရှောင်ယုသည် မြေခွေးကိုရှာရန်ထွက်လာခဲ့သည်။

မြေခွေးသည် ရှောင်ယုကိုမြင်သည်နှင့် အပြေးလေးလာရောက် နှုတ်ဆက်လိုက်သည်။အောစ့်များ၏ မြေကျင်းအတွင်း၌ နေထိုင်ရခြင်းသည် သူ၏ဘဝကိုနေ့စဉ်နှိပ်စက်နေခြင်းဖြစ်သည်။ရှောင်ယုသည် မြေခွေးလာရောက်နှုတ်ဆက်သည်နှင့် သူ၏မျက်လုံးကို မှိတ်ထားလိုက်သည်။

"မြေခွေး...မင်းရဲ့ဘဝကအဆင်ပြေနေတယ်မလား..."

မြေခွေးက ခါးသီးနေသောလေသံဖြင့် ပြန်ပြောလိုက်သည်။

"သခင်ရေ...အမှန်အတိုင်းပြောရမယ်ဆိုရင် အောစ့်တွေနဲ့အတူနေရတာ သိပ်တော့အဆင်မပြေလှဘူး...ငါအဆုံးထိမင်းအပေါ် သစ္စာရှိနေမယ်လို့ အာမခံနိုင်တယ်...ဒါပေမဲ့ကျေးဇူးပြုပြီးတော့ ငါ့ကိုနေစရာအသစ်တစ်ခုပေးပါ"

မြေခွေးသည် ရှောင်ယုအား ရိုသေလေးစားစွာဖြင့် သခင်ဟုခေါ်ကာ နေရာအသစ်တစ်ခုကို တောင်းဆိုလိုက်သည်။

ရှောင်ယုသည် မြေခွေးကိုစိုက်ကြည့်ပြီး သတိပေးလိုက်သည်။

"မင်းငါ့အတွက် ကောင်းကောင်းအလုပ်လုပ်ပေးနေသရွေ့ ငါမင်းကိုနေစရာအသစ်ပေးမယ်...ဒါပေမဲ့ မင်းရဲ့သစ္စာစောင့်သိမှုက တစ်ခုခုမှားယွင်းနေပြီလို့ ငါခံစားရတဲ့အချိန်ရောက်ရင် မင်းရဲ့လက်ကျန်ဘဝတစ်ခုလုံးကို အောစ့်တွေနဲ့ကုန်ဆုံးစေရမယ်"

"ပြသနာမရှိဘူး...လုံးဝပြသနာမရှိပါဘူး...သခင့်ကို တစ်သက်လုံးသစ္စာရှိသွားမှာပါ"

မြေခွေးသည် အလောတကြီးဖြင့်ခေါင်းညိတ်ပြလိုက်သည်။

မြေခွေး၏အပြုအမူကြောင့် ရှောင်ယုကကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။အမှန်တော့ သူသည်မြေခွေးကို နေစရာအသစ်ပေးရန် ယခင်ကတည်းက စီစဉ်ထားခြင်းဖြစ်သည်။မြေခွေးသာ အောစ့်နှင့်အချိန်အတော်ကြာအောင် အတူနေထိုင်ပါက ရူးသွပ်သွားမှာ အသေအချာပင်ဖြစ်သည်။

အခန်း ၂၁ - လိမ်လည်ခြင်း

ရှောင်ယုသည် ခြင်္သေ့မြို့သို့ပြန်ရောက်ရောက်ချင်း ခဏလောက်အနားယူရန်အတွက် အခန်းသို့ပြန်ချင်ခဲ့သည်။သို့သော် ကပ္ပတိန်ဟွေ့နှင့် အိမ်တော်ထိန်းဟောင်တို့သည် အခန်းတံခါးဝ၌ သူ့အားစောင့်ဆိုင်းနေခဲ့ကြသည်။

အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့၏မျက်လုံးများတွင် ပုံမှန်မြင်တွေ့နေကျ စိတ်ပျက်အားငယ်မှုများ မတွေ့ရပေ။သူတို့၏မျက်လုံးများတွင် သူတို့ငယ်ရွယ်စဉ်ကလို အားအင်များ တက်ကြွမှုများ ပြည့်နှက်နေခဲ့သည်။

ကာရီအား အနိုင်ရရှိခဲ့သည့်တိုက်ပွဲသည် သူတို့အပါအဝင် ခြင်္သေ့မြို့ရှိလူတိူင်းအား ကြီးကြီးမားမားလှုံဆော်မှုကိုဖြစ်ပေါ်စေခဲ့သည်။

သူတို့သည် ရှောင်ယုက အော့စ်စစ်သည်များနှင့် နတ်သူငယ်များကို မည်သို့မည်ပုံရရှိခဲ့ကြောင်း မသိရှိခဲ့သော်လည်း မျှော်လင့်ချက်ရောင်ခြည်တချို့ကို တွေ့မြင်ခဲ့ရသည်။

သူတို့ရရှိခဲ့သော မျှော်လင့်ချက်ရောင်ခြည်သည် ကာရီအား အနိုင်ရရှိခဲ့သောတိုက်ပွဲနှင့် မသက်ဆိုင်ပေ။ဤအရာသည် ရှောင်ယုတစ်ယောက် ပြန်လည်မွေးဖွားလာသူနှင့် တူညီနေ၍ဖြစ်သည်။စစ်ပွဲပြီးနောက် ရှောင်ယုတစ်ယောက် အမိန့်ပေးပုံနှင့် အစီအစဉ်ချပုံတို့က ရှောင်ယုအား အမျှော်အမြင်ရှိသော နယ်မြေသခင်တစ်ဦးနှင့်တူညီစေခဲ့သည်။ရှောင်ယုသည် လူထု၏ယုံကြည်မှုကို တိုးမြင့်လာစေရန်အတွက် သူလုပ်ဆောင်နိုင်သည့် အရာမှန်သမျှကိုလုပ်ဆောင်ပေးခဲ့သည်။အထူးသဖြင့် သေဆုံးသွားသည့် စစ်သည်တော်များ၏ မိသားစုများအား အကျိုးခံစားခွင့်များ ချီးမြင့်ပေးခဲ့သည်။

အမှန်တော့ရှောင်ယုသည် ထိုကဲ့သို့သော စိတ်ကူးများကို ကိုယ်တိုင်တွေးမြင်ရလောက်သည်ထိ မထက်မြပေ။သူ့ယခင်ဘဝ၌ ရုပ်ရှင်များ ၊ဝတ္ထုများ၌ တွေ့မြင်ခဲ့ဖူးသည့် အိုင်ဒီယာအချို့ကို ယခုအချိန်၌ အသုံးပြုလိုက်ခြင်းဖြစ်သည်။

ရှောင်ယုသည် ဤလောကထက် နှစ်ပေါင်းနှစ်ထောင်ကျော်ခန့် ယဉ်ကျေးမှုခေတ်ရှေ့ပြေးနေသော ကမ္ဘာမြေပေါ်မှဖြစ်သည်။ထို့ကြောင့် ရှောင်ယုဆီမှ ထွက်ပေါ်လာသည့် ပေါ့ပေါ့ပါးပါးအတွေးတစ်ခုက ဤကမ္ဘာအတွက် အံ့သြစရာကောင်းသော တိုးတက်မှုတစ်ခုဖြစ်သည်။

"ဦးလေးဟောင်...ဦးလေးဟွေ့ တစ်ခုခုလိုအပ်တာရှိလို့လား..."

ရှောင်ယုက ပြုံးပြုံးလေးမေးမြန်းလိုက်သည်။

"သခင်လေး...ငါတို့ ပြောစရာရှိလို့ ဒီကိုရောက်လာခဲ့တာပဲ..."

အိမ်တော်ထိန်းဟောင်၏ မျက်နှာပေါ်၌ ရှားရှားပါးပါးအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"သခင်လေး...အောစ့်စစ်သည်တွေနဲ့ နတ်သူငယ်လေးသမားတွေကို ဘယ်ကရောက်လာတာလဲ...ငါတို့ကိုအဲ့ဒီအကြောင်းပြောပြပေးလို့ရမလား..."

ရှောင်ယုက သူတို့ရောက်လာမည်ကို ကြိုသိနေသဖြင့် အပြုံးမပျက်ပြောလိုက်သည်။

"အခန်းထဲကို အမြန်ဝင်ကြ...ငါအသေးစိတ်ရှင်းပြမယ်"

ရှောင်ယုသည် လက်ရှိအခြေအနေအတွက် အချိန်အတော်ကြာအောင် ကြိုတင်ပြင်ဆင်ထားခဲ့ပေသည်။အနည်းဆုံးတော့ သူတို့အား ယုံကြည်စေမယ့် အကြောင်းပြချက်တစ်ခုပေးနိုင်ပေသည်။လက်ရှိတွင် အောစ့်များနှင့် နတ်သူငယ်များသည် သူ့အား အမှန်တကယ်သစ္စာရှိနေပေရာ လူများယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အရေးမကြီးလှပေ။

"ကာရီရဲ့လူတွေက ငါ့ကိုရိုက်နှက်နေတဲ့အချိန်မှာ ငါဟာ ငါ့ရဲ့မိသားစုနဲ့ ငါ့ရဲ့နယ်မြေကို ဘေးဒုက္ခရောက်အောင် လုပ်ဆောင်မိလိုက်ပြီဆိုတာ ငါနားလည်လိုက်တယ်...အဲ့ဒါကြောင့်ပဲ ကြောက်စိတ်တွေစဖြစ်လာပြီးတော့ ငါ့ရဲ့အသက်အတွက် ငါကိုယ်တိုင်လွတ်မြောက်အောင် ထွက်ပြေးခဲ့တယ်..."

ရှောင်ယုသည် သူ၏လုပ်ကြံဇာတ်လမ်းကို စတင်ပြောဆိုလိုက်ပြီး သူ၏စကားကိုပိုမိုပေါ်လွင်စေရန်အတွက် လက်ဟန်ခြေဟန်များကိုသာ ထည့်သွင်းအသုံးပြုခဲ့သည်။

နဂိုရှောင်ယုသည် သောက်စားမူးယစ်ခြင်း ၊ လောင်းကစားခြင်းနှင့် အကျင့်ပျက်နေသည့် လူယုတ်မာတစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။ထို့ပြင် ရှောင်ယုအား အရှက်ကင်းမဲ့သူအဖြစ်သိရှိထားကြသည်။သို့ဖြစ်ရာ ရှောင်ယုထွက်ပြေးသည်မှာ ပုံမှန်သာဖြစ်သည်။

ကပ္ပတိန်ဟွေ့နှင့် အိမ်တော်ထိန်းဟောင်တို့သည် ရှောင်ယုရှင်းပြနေသည်ကိုနားထောင်ရင်း မျက်နှာအမူအရာပြောင်းလဲမသွားခဲ့ပေ။သူတို့၏အမြင်၌ ရှောင်ယုသည်ထိုကဲ့သ်ို့သောလူမျိုးဖြစ်သည်။

ရှောင်ယုက သူ၏လုပ်ကြံဇာတ်လမ်းကို ဆက်လက်ရှင်းပြခဲ့သည်။

"အဲ့ဒီအချိန်တုံးက ငါဟာကြောက်လန့်တကြားထွက်ပြေးနေရင်း အန်ကာဂန်တောင်တန်းရဲ့ အနက်ပိုင်းသို့ထွက်ပြေးခဲ့တယ်...ခုချိန်ပြန်စဉ်းစားကြည့်တော့ အဲ့ဒါကအသိညဏ်မရှိတဲ့လုပ်ရပ်ပဲ...အန်ကာဂန်တောင်တန်းဟာ သားရဲတွေ ၊ မျိုးနွယ်ခြားတွေနဲ့ ပြည့်နှက်နေတဲ့ အန္တာရယ်နေရာတစ်ခုပဲ...အဲလိုပြေးလာရင်းနဲ့ တောင်တန်းတွေရဲ့အနက်ပိုင်းကိုရောက်လာတဲ့အချိန်မှာ အညိုရောင်ဝက်ဝံကြီးတစ်ကောင်နဲ့ ငါတွေ့ခဲ့ရတယ်...အဲ့ဒီဝက်ဝံကြီးက ဒေါသတကြီးဟိန်းဟောက်ပြီး ငါ့ကိုလှမ်းကြည့်လိုက်တော့ ငါအရမ်းကြောက်သွားပြီး သေပြီလို့တောင်ယူဆမိလိုက်တယ်...ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ တောက်ပတဲ့အလင်းရောင်တွေထွက်ပေါ်လာပြီး ငါ့ရှေ့မှာအရိပ်နှစ်ခုပေါ်လာခဲ့တယ်...သူတို့ထဲကတစ်ယောက်က သန်မာတဲ့အောစ့်တစ်ကောင်ဖြစ်ပြီး နောက်တစ်ယောက်က သေးသွယ်လှပတဲ့ နတ်သူငယ်တစ်ယောက်ပဲ..."

"သူတို့က ဝက်ဝံကိုတစ်ချက်ကြည့်လိုက်တော့ ဝက်ဝံကတုန်တုန်ယင်ယင်နဲ့ ထွက်ပြေးသွားတော့တာပဲ...ငါလည်းအစောပိုင်းကတော့ အံ့သြနေပြီး နည်းနည်းကြောက်နေသေးတာကြောင့် သူတို့ရဲ့အထောက်အထားကို မမေးရဲသေးဘူး...ဒါပေမဲ့ ခဏကြာတော့ သူတို့ဟာ အောစ့်နဲ့နတ်သူငယ်နတ်ဘုရားတွေက စေလွှတ်လိုက်တဲ့ တမန်တော်တွေဖြစ်တယ်လို့ မိတ်ဆက်လာခဲ့တယ်....ဒီကမ္ဘာမှာ အောစ့်တွေနဲ့နတ်သူငယ်တွေက မျိုးသုဉ်းလုနီးနီးဖြစ်နေတာကြောင့် သူတို့ရဲ့ရှင်သန်မှုကို အာမခံပေးနိုင်မယ့် ကြီးမြတ်တဲ့လူသားသခင်တစ်ယောက်ကို လိုက်ရှာနေတယ်လို့ ပြောလာခဲ့တယ်"

ရှောင်ယုသည် သူ၏လုပ်ကြံဇာတ်လမ်းအား တည်တည်ငြိမ်ငြိမ်ရှင်းပြပြီးသည်နှင့် သူ၏မေးစေ့ကိုပင့်မြောက်လိုက်ကာ ဧကရာဇ်တစ်ပါးကဲ့သို့ပြုမူလိုက်သည်။ကပ္ပတိန်ဟွေ့နှင့် အိမ်တော်ထိန်းဟောင်တို့သည် ရှောင်ယုရှင်းပြသည်ကို နားထောင်ပြီးနောက် သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်ဟန်များထင်ဟပ်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြသည်။

ငါးမိနစ်ခန့်ကြာမြင့်ပြီးနောက် အိမ်တော်ထိန်းဟောင်သည် ရှောင်ယုအား လက်ညိုးထိုးကာ တုန်ယင်နေသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"သူတို့...သူတို့က မင်းကိုရွေးခဲ့တာလား..."

ရှောင်ယုသည် ဧကရာဇ်မင်းမြတ်ကဲ့သို့ မာနကြီးသောအမူအရာကို သူမျက်နှာပေါ်၌ တပ်ဆင်ထားပြီး တည်ငြိမ်သောလေသံဖြင့် အဖြေပြန်ပေးလိုက်သည်။

"ဟုတ်တယ်...နတ်သူငယ်နတ်ဘုရားနဲ့ အောစ့်နတ်ဘုရားတွေက ငါ့ကိုရွေးချယ်ခဲ့တယ်...ငါဟာ ဒီကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးသောအရှင်သခင်တစ်ပါးဖြစ်လာပြီး ဒီကမ္ဘာကြီးတစ်ခုလုံးကို စုစည်းနိုင်မယ်လို့ သူတို့ယုံကြည်ခဲ့တယ်...ငါဟာ သူတို့ရဲ့ရွေးချယ်ခံဖြစ်လာပြီးတဲ့နောက်မှာ အောစ့်တွေနဲ့ နတ်သူငယ်တို့ရဲ့ ဆက်လက်ရှင်သန်မှုကို ထောက်ပံ့ပေးဖို့ ငါ့ရဲ့ကိုယ်ပိုင်ခွန်အားကို အသုံးပြုရလိမ့်မယ်"

ရှောင်ယုသည် မျက်တောင်တစ်ချက်လေးတောင် မခတ်ဘဲ ဆက်လက်လိမ်ညာလိုက်သည်။အမှန်တော့ လိမ်ညာခြင်းဟူသည် ရှောင်ယုအတွက် မွေးကတည်းကမသင်ဘဲ တတ်မြောက်လာသည့်အရာပင်ဖြစ်သည်။

အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည် စကားတစ်ခွန်းမှမပြောကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီးစိုက်ကြည့်နေခဲ့ကြသည်။သူတို့သည် ရှောင်ယုပြောသောစကားများကို ယခုထိတိုင်မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

အကယ်၍ နတ်ဘုရားများက ရှောင်ကျန်းထျန်အား ရွေးချယ်ခဲ့သည်ဆိုပါက သူတို့ယုံကြည်လက်ခံနိုင်သေးသည်။ရှောင်ကျန်းထျန်သည် ကြီးမြတ်သောစရိုက်လက္ခဏာအား ပိုင်ဆိုင်ထားသူဖြစ်သော်လည်း ရှောင်ယုကမူ....

အောစ့်နတ်ဘုရားနှင့် နတ်သူငယ်နတ်ဘုရားတို့ မျက်လုံးကန်းနေမှသာ ဤဖြုန်းတီးတတ်သောသားကို ရွေးချယ်ဖြစ်မှာဖြစ်သည်။

ရှောင်ယုက သူ၏ရှင်းပြမှုသည် အနည်းငယ်ထူးထူးဆန်းဆန်းဖြစ်နေကြောင်း သိသာနေသော်လည်း ပိုမိုကောင်းမွန်သောဆင်ခြေတစ်ခုကို မပေးစွမ်းနိုင်သည့်အတွက်ကြောင့် ငြိမ်သက်နေလိုက်သည်။အဆုံးသတ်တွင် စနစ်မှထုတ်လုပ်ထားခြင်းမဟုတ်သည့် အောစ့်စစ်သည်များနှင့်နတ်သူငယ်များသည် ယခုအချိန်၌ ရှားပါးမျိုးနွယ်ဝင်များဖြစ်ကာ ရှောင်ယု၏နောက်သို့လိုက်ပါရန်လည်း ဆန္ဒရှိကြမှာမဟုတ်ပေ။ထို့ပြင် မျိုးနွယ်စုနှစ်ခုအကြား ပြသနာများနှင့်ပဋိပက္ခများအချိန်ပြည့်ရှိနေခဲ့ကာ လွယ်လွယ်ကူကူပေါင်းစည်း၍မရနိုင်ပေ။

သို့သော်လည်း လက်ရှိအချိန်တွင် ရှောင်ယုသည် သူ၏ကိုယ်ပိုင် အောစ့်စစ်သည်များနှင့် နတ်သူငယ်များအား အမိန့်ပေးနိုင်လေရာ အခြားသူများက သူ့အားမယုံကြည်ခဲ့လျှင်တောင် သူ့အတွက်ပြသနာမရှိပေ။

ထို့ပြင် သူ့နောက်သို့လိုက်ပါလာသော နတ်သူငယ်များနှင့် အောစ့်များ၏ မူလဇာတ်မြစ်ကိုရှင်းပြရန်အတွက် လူတိုင်းကိုစိတ်ရှုပ်ထွေးစေရန် ကံကြမ္မာဟူသောစကားလုံးကို ပေါင်းထည့်ခဲ့သည်။ဥပမာအားဖြင့် သူ၏ဘ်ိုးဘေးများသည် မြွေဖြူများကိုနှိမ်နှင်းခဲ့သော မှော်ဆရာများဖြစ်သည်ဟူ၍ဖြစ်သည်။

ရှောင်ယုသာ လူထု၏ယုံကြည်မှုကို ပိုမိုရယူလိုပါက ကောင်းမွန်သောအစီအစဉ်တစ်ခုလိုအပ်ပေသည်။သူသည် နတ်သူငယ်များနှင့် အောစ့်စစ်သည်များ၏ အကူအညီကိုရယူကာ သူ၏နယ်မြေကိုပိုမိုချဲ့ထွင်လာနိုင်သည်နှင့်အမျှ သူ၏စကားများကို လူများကပိုမိုယုံကြည်လာကြမည်ဖြစ်သည်။ယခုအချိန်တွင် သူသည် စစ်ပွဲကိုအောင်နိုင်မှုကြောင့် ဂုဏ်သိက္ခာမြင့်မားနေကာ သူ၏စကားကိုလူတိုင်းလက်ခံယုံကြည်လျက်ရှိကြသည်။

အသိညဏ်အနည်းငယ်ရှိသော လူနည်းစုကသာ သူ၏လုပ်ကြံဇာတ်လမ်းကို လက်ခံမည်မဟုတ်သော်လည်း လူအများစုကမူ ထိုကဲ့သို့သော ဒဏ္ဍာရီပုံပြင်များကို လက်ခံယုံကြည်ကြပေသည်။

ယခင်ဘဝ၌ နိုင်ငံရေးသမားတစ်ယောက်သည် လူများကိုအရူးလုပ်ရန် ထိုကဲ့သို့သော စကားများကိုပြောဖူးခဲ့ကြောင်း ရှောင်ယုသတိရလာခဲ့သည်။

"ဒါဆိုကိစ္စမရှိဘူး...သခင်လေးရဲ့ ကံကြမ္မာက ဒီကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် မွေးဖွားလာခဲ့တာဆိုရင် သခင်လေးကမ္ဘာကြီးကို အုပ်စိုးနိုင်ဖို့အတွက် ငါတို့ကူညီပေးပါမယ်...ဒါပေမဲ့ ငါနဲ့ကပ္ပတိန်ဟွေ့တို့က နတ်သူငယ်နတ်ဘုရားနဲ့ အောစ့်နတ်ဘုရားတို့က သခင်လေးကိုအခြားသောအကြံအစည်တစ်ခုခုနဲ့ အသုံးချနေမှာကို နည်းနည်းတော့စိုးရိမ်နေမိတယ်..ဘယ်လိုပဲဆိုဆို သူတို့က ဒီလောက်များတဲ့ လက်ရွေးစင်စစ်သည်တွေကို သခင်လေးကိုအကြောင်းမဲ့ချေးငှါးပေးစရာမရှိဘူးလေ...ဒီနောက်ကွယ်မှာ လှည့်ကွက်အချို့ရှိနေနိုင်တယ်"

အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏စကားများအား မယုံကြည်နိုင်သည်မှာ ထင်ရှားပေသည်။ရှောင်ယု၏စကားများက အမှန်ဆိုလျှင်ပင် အောစ့်နတ်ဘုရားနှင့်နတ်သူငယ်နတ်ဘုရားတို့က ရှောင်ယုအားရွေးချယ်ခြင်းသည် မျက်စိကန်းနေ၍သာဖြစ်ပေလိမ့်။သို့သော် ထိုစကားများကိုပြောလိုက်ပါက ရှောင်ယု၏မိမိကိုယ်ကို အထင်ကြီးလေးစားမှုအား ထိခိုက်သွားစေနိုင်သည်။ထို့ကြောင့် အိမ်တော်ထိန်းဟောင်သည် သူ၏စိုးရိမ်မှုအား ထုတ်ဖော်ရန် စကားလုံးအမျိုးမျိုးကို ထုတ်ပြောလာခဲ့ရသည်။

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ဆက်လက်လိမ်လည်လိုက်သည်။

"ဦးလေးဟောင် ၊ ဦးလေးဟွေ့ ဘာလို့အဲ့လောက်ထိစိတ်ပူနေကြတာလဲ...အဲလောက်ထိစိတ်ပူစရာမလိုပါဘူး...ငါကအရင်လိုကလေးမဟုတ်တော့သလို လွယ်လွယ်နဲ့အလိမ်ခံရမယ့် လူတစ်ယောက်မဟုတ်တော့ဘူး...ပြီးတော့ ဒီစစ်သည်တွေက ငါ့အတွက်တော်တော်အားကိုးရတယ်...ပြီးတော့ သူတို့ရဲ့နတ်ဘုရားတွေက ငါ့ကိုမျက်စိစုံမှိတ်ပြီးတော့ ယုံကြည်လိုက်ကြတာမဟုတ်ဘူး...ငါက သူတို့ရဲ့စစ်သည်တွေကို ချေးငှါးပြီးတော့ ဒီကမ္ဘာကြီးကိုအောင်မြင်စွာအမိန့်ပေးစုစည်းနိုင်ရမယ်...ငါသာမအောင်မြင်ရင် ကျိန်စာက ငါ့ကိုသတ်ဖြတ်လိမ့်မယ်"

ရှောင်ယုသည် သူဖတ်ဖူးခဲ့သော သိုင်းဝတ္ထုတစ်ခုမှ သွေးကျိန်စာဟူသော စကားလုံးကိုအမှတ်ရလိုက်ပြီး ထိုစကားလုံးက်ိုထည့်သွင်းကာ ဆက်လက်လိမ်လည်လိုက်သည်။

"ဘာ...ကျိန်စာရှိသေးတာလား..."

အိမ်တော်ထိန်းဟောင်သည် ရှောင်ယု၏စကားကြောင့် အံ့သြသွားခဲ့ရသည်။သူသည် ရှောင်ယု၏စကားကိုမယုံကြည်သော်လည်း ရှောင်မိသားစုအပေါ်၌ အဆုံးစွန်ထိသစ္စာစောင့်သိသောကြောင့် ရှောင်ယု၏အသက်အန္တာရယ်ကို စိုးရိမ်ခဲ့သည်။

"ဒါပေမဲ့ ဒီအကြောင်းကိုလျှို့ဝှက်ထားမှရမယ်...အဲလိုမှမဟုတ်တော့ရင် ရန်သူတွေက ဒီသွေးကျိန်စာရှိတာကို အခွင့်ကောင်းယူလာနိုင်တယ်...ဒါကိုဦးလေးတို့နှစ်ယောက်ပဲ သိထားကြပါ..."

ရှောင်ယုသည် အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ထိုစကားကိုပြောနေစဉ်အတွင်း သူ၏မျက်နှာပေါ်၌ ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်များဖြစ်ပေါ်နေကော တစ်ကမ္ဘာလုံး၏ဝန်ထုပ်ဝန်ပိုးအား သူတစ်ယောက်တည်း ထမ်းပိုးထားရဟန် ပြုလုပ်နေခဲ့သည်။

"ကောင်းပြီ...ဒီကိစ္စကိုငါတို့လျှို့ဝှက်ထားမယ်...ဒါပေမဲ့ ကျိန်စာကိုဖယ်ရှားဖို့ တခြားနည်းလမ်းရှိသေးလား..."

ကပ္ပတိန်ဟွေ့က စိုးရိမ်နေသောလေသံဖြင့် မေးလိုက်သည်။

ရှောင်ယုက တည်ငြိမ်စွာခေါင်းခါ၍ ငြင်းဆန်လိုက်သည်။

"နတ်ဘုရားတွေရဲ့ ကျိန်စာကို ဘယ်သူကများရုပ်သိမ်းနိုင်မှာလဲ...ဒါပေမဲ့ ငါတို့က နတ်သူငယ်တွေနဲ့ အောစ့်တွေရဲ့ အခြေချနေထိုင်မှုကို အာမခံပေးနိုင်တာနဲ့ ဒီကျိန်စာကိုသူတို့ဖြေရှင်းနိုင်လိမ့်မယ်...စိတ်မပူပါနဲ့...ငါတို့ရဲ့ပထမဆုံး ခြေလှမ်းက ငါတို့ရဲ့ခွန်အားကိုတတ်နိုင်သမျှ မြန်မြန်မြင့်တင်ဖို့ဖြစ်တယ်...ငါရဲ့ကျိန်စာတွေကိုဖယ်ရှားဖို့...နတ်သူငယ်တွေနဲ့ အောစ့်မျိုးနွယ်တွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ငါတ်ို့ရဲ့နယ်မြေကိုချဲ့ထွင်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားရမယ်"

All Chapters