အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အခန်း ၂၂ - မြွေကိုတွင်းထဲမှ မျှားခေါ်ခြင်း
ရှောင်ယုသည် ကုတင်ပေါ်၌ ငြိမ်သက်စွာလဲလျောင်းနေပြီး ကပ္ပတိန်ဟွေ့နှင့် အိမ်တော်ထိန်းဟောင်တို့အား လှည့်စားပြီးနောက် အိပ်စက်အနားယူရန် ပြင်ဆင်နေခဲ့သည်။သူသည် ယနေ့တိုက်ပွဲတွင် အမိန့်ပေးသောနေရာမှသာ ပါဝင်ခဲ့သော်လည်း အလွန်ပင်ပင်ပန်းနွမ်းနယ်နေခဲ့သည်။
နောက်တစ်နေ့တွင် ပိုမိုအားကောင်းသော ဓားပြများအား လုယက်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် သူကောင်းကောင်းအနားယူရမည်ဖြစ်သည်။သူသည် ယနေ့တိုက်ပွဲတွင်အနိုင်ရခဲ့သော်လည်း တကယ့်အကျပ်အတည်းသည် ယခုအချိန်မှစတင်ပြီဖြစ်သည်။
ယနေ့တွင်သူသည် ခြင်္သေ့မြို့၏သူရဲကောင်းဖြစ်ခဲ့ပြီး ကာရီ၏စစ်သား၅၀၀၀ကို အနိုင်ယူခဲ့သော်လည်း အိပ်ရာပေါ်၌သူ့အား နှစ်သိမ့်ပေးရန် မည်သူမှမရှိခဲ့ပေ။ဤညတာသည် သူ့အတွက်ရှည်လျားကာ အထီးကျန်ဆန်နေမည်ဖြစ်သည်။ရှောင်ယုသည် အိပ်ရာပေါ်၌လူးလိမ့်နေရင်း သူ၏ပဥ္စမမြောက်ခယ်မအကြောင်းကို တွေးမြင်ကာ တဖြည်းဖြည်းအိပ်မောကျသွားခဲ့သည်။
...။
...။
"ဒါက တကယ်ကြီး ဓားပြစခန်းလား..."
ရှောင်ယုသည် သူ့ရှေ့ရှိသက်ဝင်လှုပ်ရှားနေသော ရွာကိုလှမ်းကြည့်ပြီး မယုံနိုင်အောင်ဖြစ်သွားရသည်။ရှောင်ယုသည် မည်သို့ပင်ခန့်မှန်းထားပါစေ ရွာငယ်လေးအား တွေ့မြင်ပြီးနောက် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။
ရှောင်ယုသည် ဓားပြအမြောက်အများကို သတ်ဖြတ်ရန် ၊ ရွှေပြားများကိုလုယူကာ ချပ်ဝတ်အသစ်များကို စတင်ထုတ်လုပ်နိုင်ရန်အတွက် ကြီးမားသော ဓားပြစခန်းများကိုရှာဖွေရန် မြေခွေးအားအမိန့်ပေးခဲ့ပေသည်။
သို့သော်လည်း မိုင်ရာချီခရီးနှင်ပြီးနောက်တွင် မြေခွေးက သူ့အား အေးချမ်းသောရွာငယ်လေးတစ်ခုစီ ပို့ဆောင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သက်ကြီးရွယ်အိုများသည် နေပူဆာလှုံနေကြပြီး ကလေးများသည် ပျော်ရွှင်စွာဆော့ကစားနေကြသည်။ရွာတစ်ဝိုက်အား သစ်သားခြံစည်းရိုးတစ်ခုဖြင့် ကာရံထားပေသည်။
"ဟုတ်တယ်...ဓားပြတွေက ဒီဒေသမှာ အမြစ်စွဲနေတာ တော်တော်ကိုကြာနေပြီ...အဲ့ဒါကြောင့် တချို့ဓားပြတွေက အိမ်ထောင်ကျပြီးနောက် သူတို့ရဲ့မိသားစုကို စခန်းကိုခေါ်လာခဲ့တယ်...အဲ့ဒီလိုနဲ့ စခန်းကရွာငယ်လေးတစ်ခုလိုဖြစ်လာပြီး ယောက်ျား မိန်းမဦးရေ သောင်းချီရှိတာကြောင့် သာမန်မြို့ငယ်လေးတစ်ခုထက် အားမနည်းဘူး"
မြေခွေးသည် ရှောင်ယုအား အသေးစိတ်ရှင်းပြလိုက်သည်။
ဒါဆိုရင် ဒီဓားပြတွေက ငါ့ကို ဒီနယ်မြေရဲ့အရှင်သခင်အဖြစ် မသတ်မှတ်ဘူးလို့ ဆိုလိုတာလား...ငါ့ရဲ့နယ်မြေထဲမှာ ငါ့ခွင့်ပြုချက်မရှိဘဲ ရွာတည်ထားတာကိုက သူတို့ရဲ့မရိုးသားတဲ့ဆန္ဒက်ို ဖော်ပြနေတာပဲ....
ထိုဓားပြများသည် အလွန်ပင်သောင်းကျန်းလွန်းပြီး ဤနယ်မြေ၏ အရှင်သခင်များကဲ့သို့ ပြုမူနေသည့်အတွက်ကြောင့် ရှောင်ယုကအလွန်ပင်ဒေါသထွက်သွားခဲ့သည်။
အမှန်တွင် အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည်လည်း ထိုအကြောင်းကို သိရှိထားခဲ့ကြသည်။သို့သော် ဤဓားပြများ၏စခန်းကို ဖျက်ဆီးရန်အတွက် သူတို့ထံ၌ အင်အားလုံလုံလောက်လောက်မရှိခဲ့ပေ။
ခြင်္သေ့မြို့သည် ရှည်လျားသောတိုက်ပွဲများနှင့် အဆုံးမရှိသောတိုက်ပွဲများကို ကြုံတွေ့ခဲ့ရသောကြောင့် တဖြည်းဖြည်းလူနေနည်းပါးလာခဲ့သည်။အများစုသည် ခြင်္သေ့မြို့မှစွန့်ခွာ၍ ဓားပြစခန်းများသို့ ထွက်ပြေးလာခဲ့ကြသည်။
အမြော်အမြင်ကြီးမားပြီး စဉ်းစားညဏ်ရှိသော ဓားပြခေါင်းဆောင်အချို့သည် ထိုလူများကိုဆွဲဆောင်ရန်အတွက် အခွန်ပမာဏအနည်းငယ်ကိုသာ ပေးဆောင်ရန်ပြင်ဆင်ခဲ့သည်။ဤသို့ဖြင့် အချို့သောဓားပြစခန်းများသည် ခြင်္သေ့မြို့ထက်အားမနည်းခဲ့ပေ။
ရှောင်မိသားစုအား ကောင်းကင်ခြင်္သေ့မင်းဆက်က ဘွဲ့တစ်ခုပေးအပ်ခဲ့သော်လည်း ထိုအရာသည် အသုံးမဝင်ခဲ့ပေ။
"ဒီစခန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ..."
ရှောင်ယုသည် စခန်းအတွင်းရှိ ဓားပြများအား မည်ကဲ့သို့သုတ်သင်ရမည်ကို စဉ်းစားနေခိုက် ဓားပြစခန်းအားစောင့်ကြည့်နေခဲ့သည်။
"စခန်းထဲမှာ စုစုပေါင်းလူဦးရေ ၅၀၀၀ကနေ ၆၀၀၀လောက်ထိရှိလိမ့်မယ်...တကယ်တမ်းတိုက်ခိုက်နိုင်တဲ့ ဓားပြအရေအတွက်က ၁၅၀၀နဲ့ ၁၀၀၀ကြားမှာရှိတယ်...ကျန်တာတွေကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ..."
မြေခွေးသည် ထိုစခန်း၏အခြေအနေအား ရှင်းလင်းစွာနားလည်ထားခဲ့သည်။
"လောလောဆယ် ငါ့ဆီမှာ ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားတဲ့ အောစ့်စစ်သည် ၂၀၀ ၊ အဆင့်၂ကိုရောက်ရှိနေတဲ့ နတ်သူငယ်လေးသမား ၂၀၀ နဲ့ လိုအပ်ရင်အပေါ့စား မြင်းတပ်သားအဖြစ် အသုံးပြုနိုင်တဲ့ ကင်းထောက်မုဆိုး ၁၀၀ရှိတယ်...ငါ့ရဲ့လက်ရှိအင်အားနဲ့ စခန်းက်ုဖြိုခွဲဖို့ပြဿနာမရှိပေမယ့် ဆုံးရှံးမှုပမာဏအနည်းဆုံးနဲ့ ငါ့ရဲ့ပန်းတိုင်ကိုရောက်ရှိဖို့ နည်းလမ်းကိုငါစဉ်းစားရမယ်...."
ရှောင်ယုသည် သူ့ဘက်မှ ထိခိုက်ကျဆုံးမှုများကို အတတ်နိုင်ဆုံးလျော့ချနိုင်မယ့် နည်းလမ်းကိုစဉ်းစားနေခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည် အမျိုးသမီးများနှင့် ကလေးများကို သတ်ဖြတ်ရန်စိတ်ဝင်စားမှုမရှိခဲ့ပေ။သူသည် အပြစ်မဲ့သူများကို မထိခိုက်စေလိုသည့်အတွက် ထိုအချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ရှောင်ယုသည် သူ၏မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီး မြေခွေးအားလှည့်ကြည့်လိုက်သည်။
"မြေခွေး...ဒီစခန်းရဲ့ခေါင်းဆောင်ကို မင်းသိလား..."
မြေခွေး၏နှလုံးသည် အဆက်မပြတ်ခုန်ပေါက်သွားခဲ့သည်။
"ဟုတ်ကဲ့...ကျနော်က သူတို့ရဲ့ခေါင်းဆောင်ဆီကို တစ်ခေါက်လောက်တော့သွားဖူးတယ်...သူတို့သာကျနော့်ကိုတွေ့ရင် မှတ်မိအုံးမယ်ထင်တယ်..."
"အဲလိုဆိုရင် ပိုပြီးလွယ်ကူလိမ့်မယ်..."
ရှောင်ယုသည် မြေခွေးအားစိုက်ကြည့်ရင် ရက်စက်သောသားရဲတစ်ကောင်လို ရယ်မောလိုက်သည်။
...
...
သိပ်မကြာခင်မှာဘဲ မြင်းနှစ်ကောင်သည် ဓားပြစခန်းထံသို့ တဟုန်ထိုးပြေးဝင်လာခဲ့သည်။တံခါးဝသို့ရောက်ခါနီးတွင် မြင်းစီးသူရဲတစ်ယောက်က အော်ဟစ်လိုက်သည်။
"ညီအစ်ကိုတို့ ငါကနဂါးသွားဓားပြအဖွဲ့ကဖြစ်တယ်...အစ်ကိုမော့ဆီကို သတင်းစကားပို့ဖို့ရောက်လာတာပဲ..."
အစောင့်တစ်ယောက်သည် မြေခွေး၏စကားကိုနားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီမှာခဏနေလိုက်...ငါခေါင်းဆောင်ကိုသွားအကြောင်းကြားလိုက်မယ်..."
"သခင်လေး...ဒီကောင်တွေသာ ငါတို့ရဲ့အကြံအစည်ကိုသိသွားရင် ငါတို့ကိုသတ်မှာမဟုတ်ဘူးလား..."
မြေခွေးက ခါးသီးသောပုံစံဖြင့် တိုးတ်ိုးလေးပြောလိုက်သည်။
ရှောင်ယုသည် မထုံတတ်သောအမူအရာဖြင့် မြေခွေးအားလှည့်ကြည့်လိုက်သည်။
"မင်းကဘယ်လိုလူလဲကွ...ငါမင်းကိုအမိန့်ပေးရင် ကျားတွင်းထဲကိုတောင် သွားမှာဆို...မင်းသာသတ္တိမရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ငါ့ရဲ့အမိန့်ကိုနာခံနိုင်မှာလဲ...မင်းကတိပေးထားတာကို မင်းမမေ့နဲ့...မင်းရဲ့အပြစ်အနာအဆာတွေကို ဒီထက်ပိုပြီးမြင်တွေ့လာတဲ့တစ်နေ့ကျရင် မင်းကို အောစ့်တွေနဲ့တစ်သက်လုံး နေခိုင်းလိုက်မယ်..."
မြေခွေးသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ...သခင်လေး..."
ရှောင်ယုသည် မြေခွေးအားဆူပူကြိမ်းမောင်းနေသော်လည်း အခြေအနေတစ်ခုခုမှားယွင်းသွားပါက ဤနေရာမှလွတ်မြောက်ရန်အတွက် လေလမ်းလျှောက်ခြင်းကို အသုံးပြုရန်စီစဉ်နေခဲ့သည်။သူသည် လေလမ်းလျှောက်ခြင်းကို အမြင့်ဆုံးအဆင့်ထိ ကျွမ်းကျင်ခဲ့ပြီးဖြစ်သည့်အပြင် သူ၏ခန္ဓာကိုယ်သည်လည်း အတော်လေးသန်မာနေပြီဖြစ်သည်။သို့ဖြစ်ရာ တစ်စုံတစ်ခုမှားယွင်းပါက သစ္စာရှိပုံရသောမြေခွေးကို ထားခဲ့ရမည်ဖြစ်ရာ အနည်းငယ်စိတ်မလုံမလဲဖြစ်သွားရသည်။
အကယ်၍ ရှောင်ယု၏နှလုံးသားထဲ၌ ဖြစ်ပေါ်နေသည့် စိတ်ကူးကိုသာ မြေခွေးသိရှိသွားခဲ့ပါက သခင်ဖြစ်သူ၏ တာဝန်ယူစိတ်ကင်းမဲ့မှုအပေါ် ငိုယိုတိုင်ကြားနေမှာဖြစ်သည်။
ခဏအကြာတွင် စခန်းတံခါးဝပွင့်လာပြီး လူတစ်ယောက်သည် သူတို့အားလက်ဝှေ့ယမ်းပြလိုက်သည်။
"ဝင်ကြ..."
ရှောင်ယုနှင့်မြေခွေးတို့သည် မြင်းကိုယ်စီစီးနင်း၍ ထိုလူ၏ဦးဆောင်မှုအောက်တွင် ရွာထဲသို့ဝင်လာကြပြီး အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။
အခန်းထဲတွင် ထွားကြိုင်းသန်မာသော အမျိုးသားတစ်ဦးသည် သွယ်လျချောမောသော အကမယ်များ၏ ခန္ဓာက်ိုယ်များကို မလွတ်တမ်းဖမ်းဆုပ်ကြည့်ရှုနေခဲ့သည်။
ရှောင်ယုသည် ဓားပြခေါင်းဆောင်ကို ကြည့်လိုက်ချိန်တွင် အနည်းငယ်အံ့သြသွားခဲ့ရသည်။ထိုလူ၏စွမ်းအားသည် အနည်းငယ်မြင့်မားပြီး ပထမအဆင့်သူရဲကောင်းတစ်ယောက်၏ အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ်အဆင့်တစ်ဆင့်တက်လာပါက ဒုတိယအဆင့်သို့ရောက်ရှိသွားလိမ့်မည်ဟု ရှောင်ယုခန့်မှန်းနိုင်ခဲ့သည်။
ရှောင်ယုသည် ပြသနာတစ်စုံတစ်ခုဖြစ်လာပါက တတ်နိုင်သမျှ အမြန်ဆုံးပြေးလွှားရန်အတွက် လေလမ်းလျှောက်ခြင်းအား အသင့်ပြင်ဆင်ထားခဲ့သည်။
ထိုခန်းမအတွင်း၌ နောက်ထပ်သူရဲကောင်း လေးငါးယောက်ခန့်ရှိနေကြောင်း ရှောင်ယုသတိထားမိလိုက်၍ သတိကိုအမြင့်ဆုံးတင်ထားလိုက်သည်။အောစ့်စစ်သည်များသည် အလွန်ပင်အစွမ်းထက်သော်လည်း သူတို့သည်လူသားသူရဲကောင်းများကို တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိသေးပေ။အောစ့်စစ်သည်များသာ လူသားသူရဲကောင်းများကို ရင်ဆိုင်တိုက်ခိုက်လိုပါက ၎င်းတို့သည်အဆင့်၁၀သို့ရောက်ရှိရမည်ဖြစ်ပြီး အရည်အသွးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုအား ဖြတ်ကျော်ရမည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် လက်ရှိအချိန်တွင် သူ့ထံ၌ ချပ်ဝတ်အပြည့်ဝတ်ဆင်ထားသည့် အောစ့်စစ်သည် ၂၀၀သာရှိနေသေးသည်။
ရှောင်ယုသည် နောက်ထပ်တစ်ကြိမ် ခန်းမအတွင်း မျက်စိကစားလိုက်ရာ မှော်ဆရာတစ်ယောက်သည်လည်း အကသမားများအား ကြည့်ရှုနေသည်ကို သတိထားမိလိုက်သည်။
"သူတို့မှာ မှော်ဆရာတစ်ယောက်တောင်ရှိနေတာလား...ဒါပေမဲ့ ဒီကောင်ကိုကြည့်ရတာ ငါတို့နောက်ဆုံးအကြိမ်တွေ့ခဲ့တဲ့ မှော်ဆရာဖက် အားနည်းပုံရတယ်..."
ရှောင်ယုသည် ထိုသို့အတွေးဝင်လာသော်လည်း မှော်ဆရာများ၏အစွမ်းကို တွေ့မြင်ဖူးရာ ၎င်းတို့အားမနှိမ့်ချဝံ့ပေ။အလွန်အားနည်းသော မှော်ဆရာများသည်ပင် မီးလုံးများကိုပစ်ခတ်နိုင်စွမ်းရှိပြီး သူ၏အောစ့်စစ်သည်များကို တိုက်ခိုက်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နိုင်စွမ်းရှိသည်။
"နှုတ်ဆက်ပါတယ်...ခေါင်းဆောင်ကြီး..."
မြေခွေးသည် ရှေ့သို့အနည်းငယ်ခြေလှမ်းလှမ်းလိုက်ကာ ဓားပြခေါင်းဆောင်အား ရိုသေစွာနှုတ်ဆက်လိုက်သည်။
ရှောင်ယုသည်လည်း မြေခွေးနှင့်အတူ အနည်းငယ်ဦးညွတ်လိုက်သည်။
"အိုး...မင်းကမြေခွေးမဟုတ်ဘူးလား...ငါမင်းကိုမှတ်မိပြီ"
မြေခွေးသည် ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလိုက်သည်။
"ခေါင်းဆောင်မော့ရဲ့မှတ်ညဏ်က အတော်ကောင်းတာပဲ...ငါကမြေခွေးပါ...ခေါင်းဆောင်မော့ကို သဘောတူညီချက်တစ်ခုအတွက်လာတွေ့တာပဲ...ငါတို့ခွင်အကြီးကြီးတစ်ခုမိထားလို့ နောက်ထပ်တစ်ကြိမ်ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့ ငါတို့သူဌေးက ဒီကိုစေလွှတ်လိုက်တာပါ..."
"အိုး...ဘာကိစ္စလဲ..."
ခေါင်းဆောင်မော့သည် မြေခွေး၏စကားကို အနည်းငယ်စိတ်ဝင်စားသွားပြီး မျက်ခုံးပင့်လိုက်မိသည်။
မြေခွေးသည် ရှောင်ယုသင်ပြထားသည့်အတိုင်း ခေါင်းဆောင်မော့ကိုရှင်းပြလိုက်သည်။
"ခေါင်းဆောင်မော့...ကျနော်တို့အဖွဲ့ဟာ ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ပိုင်ဆိုင်တဲ့ ကုန်သည်အဖွဲ့တစ်ခုဟာ အနောက်တိမ်တိုက်အင်ပါယာဆီကို အဖိုးတန်သားမွှေးအမြောက်အများကို ဝယ်ယူဖို့ခရီးဆက်နေတယ်ဆိုပြီး သတင်းအတိအကျရထားတယ်...ငါတို့ကသူတို့ရဲ့ ခရီးစဉ်လမ်းကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပေမဲ့...သူတို့ဆီမှာ အစောင့်တွေအများကြီးရှိနေတာကြောင့် ငါတို့ကိုယ်တိုင်မလုပ်ဆောင်ရဲဘူး...ဒါကြောင့်ငါတို့သူဌေးက ပူးပေါင်းဆောင်ရွက်ဖို့အတွက် ခေါင်းဆောင်မော့ဆီကို စေလွှတ်လိုက်တာပဲ...ခေါင်းဆောင်မော့သာ ပူးပေါင်းဖို့ သဘောတူသရွေ့ လုယက်မှုကရတဲ့အစိတ်အပိုင်းကြီးကြီးတစ်ခုကို ခေါင်းဆောင်မော့တို့ရမှာပါ"
"အိုး...မင်းတို့ရဲ့သတင်းက တိကျတယ်ဆိုတာ သေချာလို့လား"
မြေခွေးသည် ရှောင်ယုကိုတစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ထပ်မံဆွဲဆောင်လိုက်သည်။
"ငါတို့က ခုချိန်မှာသူတို့နောက်ကို လိုက်လံစောင့်ကြည့်နေတယ်ဆိုပေမဲ့ အချိန်အကြာကြီးအာမမခံနိုင်ဘူး...အဲ့ဒါကြောင့်မင်းကိုဖိတ်ခေါ်ဖို့ ဒီကိုလာခဲ့တာပဲ...ခေါင်းဆောင်မော့ကသာ နှောင့်နှေးနေရင် ငါးအကြီးကြီးကို လက်လွတ်ရလိမ့်မယ်"
ခေါင်းဆောင်မော့သည် မြေခွေး၏စကားများကို နားထောင်ရင်း ထိုအစီအစဉ်၌ သူပူးပေါင်းပါဝင်သင့်ခြင်း ရှိမရှိထည့်သွင်းစဉ်းစားနေခဲ့သည်။
ခန်းမအတွင်း၌ရှိနေသော သူရဲကောင်းများသည်လည်း လောဘစိတ်များ စတင်ဖုံးလွှမ်းလာကြပြီး သူတို့၏အာရုံများသည် အကမယ်များထံမှ ဖယ်ခွာလာကြသည်။သူတို့၏အမြင်တွင် ချမ်းသာကြွယ်ဝမှုသည် မည်သည့် ချောမောလှပသည့် အမျိုးသမီးထက်မဆို ပို၍အရေးကြီးလေသည်။
ပိုက်ဆံရှိနေသရွေ့ မည်သည့်အလှတရားကမဆို သူတို့နှင့်ပျော်မွေ့ရန် သဘောမတူဘဲ နေမှာမဟုတ်ပေ။
ရှောင်ယုသည် တံတောင်ဆစ်ကိုအသုံးပြုကာ ချီတုံချတုံဖြစ်နေသော မြေခွေး၏နောက်ကျောအား မသိမသာပုတ်ခတ်လိုက်သည်။
ထိုအခါမှ မြေခွေးသည် သဘောပေါက်သွားပြီး ရှောင်ယုကိုမိတ်ဆက်ပေးလိုက်သည်။
"ခေါင်းဆောင်မော့...ငါတို့ရဲ့သူဌေးဟာ သူ့ရဲ့ရိုးသားမှုကိုဖော်ပြဖို့အတွက် သူ့ရဲ့ဝမ်းကွဲဖြစ်တဲ့ရှောင်ယုကိုတောင်မှ ဒီနေရာကိုစေလွှတ်လိုက်တယ်...ကျေးဇူးပြုပြီး ငါတို့ကိုကူညီပါ"
"အိုး...မင်းကသူ့ရဲ့ဝမ်းကွဲပေါ့..."
ခေါင်းဆောင်မော့သည် စိတ်ဝင်တစားဖြင့် ရှောင်ယုအားစိုက်ကြည့်လိုက်သည်။
ရှောင်ယုသည် လိမ္မာပါးနပ်စွာဖြင့် ခေါင်းဆောင်မော့အား စည်းရုံးလိုက်သည်။
"ခေါင်းဆောင်မော့ကို ဒီလိုအခွင့်အရေးကောင်းကြီးနဲ့ မလွဲချော်စေချင်ဘူး...ခေါင်းဆောင်မော့ကသာ ငါတို့ကိုလက်တစ်ဖက်ကမ်းပြီး ကူညီပေးသရွေ့ များစွာသောအကျိုးအမြတ်တွေကို ပိုင်ဆိုင်ရလိမ့်မယ်..."
ခေါင်းဆောင်မော့သည် ရှောင်ယု၏စကားကိုနားထောင်ပြီး ဆက်လက်မေးမြန်းလိုက်သည်။
"လူတိုင်းအတွက် အကျိုးအမြတ်ရမယ်ဆို ငါ့ဘက်ကငြင်းစရာအကြောင်းမရှိဘူး...ငါတို့ဘက်ကလူဘယ်နှစ်ယောက်ကို ပို့ပေးရမှာလဲ..."
ရှောင်ယုသည် ခေါင်းဆောင်မော့၏အာရုံကို ဆွဲဆောင်လိုက်နိုင်ကြောင်း ရိပ်ဖမ်းမိလိုက်သဖြင့် သူ၏အကြံအစည်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။
"ခေါင်းဆောင်မော့ တစ်ဖက်အဖွဲ့ရဲ့ခွန်အားကို ငါတို့လုံးဝလျော့တွက်လို့မရဘူး...ခုချိန်မှာ ခေါင်းဆောင်မော့ရဲ့ လက်ရွေးစင်တပ်ဖွဲ့အားလုံးကို ယူဆောင်လာခဲ့ဖို့ ငါအကြံပြုချင်တယ်...ငါတို့မှာလုံးဝရှုံးနိမ့်ခွင့်မရှိဘူး...တကယ်လို့ဒီလုယက်မှုသာ အောင်မြင်သွားခဲ့မယ်ဆိုရင် ခေါင်းဆောင်မော့တို့အနေနဲ့ ဒီနှစ်ကုန်တဲ့အထိ သောက်ဖို့စားဖို့ စိတ်ပူနေစရာမလိုတော့ဘူး"
ခေါင်းဆောင်မော့သည် စိတ်ဆုံးဖြတ်လိုက်ကာ ရှောင်ယု၏ပုခုံးကို လှမ်းပုတ်လိုက်သည်။
"မင်းရဲ့ခေါင်းဆောင်က အဲလောက်ထိရိုးသားပြနေမှတော့ ငါတို့ဘက်က ငြင်းပယ်စရာအကြောင်းမရှိတော့ဘူး...ငါတို့ဓားပြတွေအတွက် စည်းစိမ်ဥစ္စာက အရေးအကြီးဆုံးပဲ...ငါတို့ဘယ်ချိန်လောက်စထွက်မှာလဲ..."
ရှောင်ယုသည် အတွင်းစိတ်ထဲတွင် ကြိတ်ပြုံးလိုက်ပြီး အလျင်လိုနေဟန်ဖြင့် နိုးဆော်လိုက်သည်။
"ကျေးဇူးပြုပြီး မင်းရဲ့တပ်တွေကိုမြန်မြန်လေးစေလွှတ်ပေးပါ...ဖြစ်နိုင်ရင် တစ်မိနစ်လေးကိုတောင် နောက်မကျစေချင်ဘူး..."
အခန်း ၂၃ - ခြုံခိုတိုက်ခိုက်ခြင်း
ရှောင်ယုနှင့်မြေခွေးတို့သည် ဓားပြများ၏မြင်းစစ်ကြောင်းရှေ့၌ ဦးဆောင်၍ထွက်ခွာလာကြသည်။အဝေးမှကြည့်လျှင် ဤမြင်ကွင်းသည် မြွေတစ်ကောင် ရွေ့လျားနေသကဲ့သို့ဖြစ်သည်။
ရှောင်ယု၏ မျက်နှာပေါ်၌ ချိုမြိန်သောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ရှောင်ယုသည် သူ၏အကြံအစည်အောင်မြင်မှုကြောင့် ပျော်ရွှင်နေသော်လည်း မြေခွေးကမူ ထိတ်လန့်ကြောက်ရွှံမှုကြောင့် မြင်းပေါ်သို့တက်တက်ချင်းတွင် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ထို့နောက် ရှောင်ယုနှင့်မြေခွေးတို့သည် မော့ထုံ၏ လက်ရွေးစင်ဓားပြအုပ်စုကို ရှေ့မှလမ်းပြကာ သူတို့အားစောင့်ကြိုနေသော ကံကြမ္မာနောက်သို့ ဆွဲဆောင်ခေါ်ယူခဲ့သည်။
ချမ်းသာကြွယ်ဝမှုနှင့် စားနပ်ရိက္ခာများကြောင့် မော့ထုံသည် သူ၏လက်ရွေးစင်တပ်များကို ယူဆောင်ကာ ရှောင်ယု၏သွေးဆောင်မှုအောက် ကျရောက်ခဲ့ရသည်။ဓားပြစခန်းငယ်တစ်ခုသည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှံးမှုများကြုံတွေ့ရသည်ဖြစ်စေ သူတို့၏စခန်းသိမ်းပိုက်ခံရသည်ဖြစ်စေ ပိုကြီးသောအဖွဲ့တစ်ခုနှင့်ပူးပေါင်းခြင်းသည် သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သည်။ဤသို့ဖြင့် ရှောင်ယုကဲ့သို့ဓားပြစခန်းငယ်တစ်ခုမှ လူတစ်ယောက်က သူတို့ကိုအကျိုးအမြတ်များစွာပေးဆောင်၍ ပူးပေါင်းရန်လာရောက်ကမ်းလှမ်းချိန်တွင် မော့ထုံက သံသယကင်းရှင်းစွာဖြင့် လိုက်ပါလာခဲ့ဖြင်းဖြစ်သည်။
...
...
ရှောင်ယုယခင်က ရှင်းလင်းသုတ်သင်ခဲ့သော နဂါးသွားဓားပြအဖွဲ့ကဲ့သို့သော ဓားပြအဖွဲ့များသည် သေးငယ်သောအဖွဲ့ငယ်များသာဖြစ်ကြသည်။၎င်းတို့၏ ပျောက်ဆုံးမှုသည် အခြားသောအုပ်စုကြီးများ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြပေ။ဓားပြအုပ်စုငယ်များအတွက် နေ့စဉ်နေ့တိုင်းပျောက်ကွယ်ခြင်း သို့မဟုတ် ပျက်စီးဆုံးရှံးခြင်းသည် ပုံမှန်သာဖြစ်သည်။
ထို့ပြင် တစ်စုံတစ်ဦးသည် သူ၏လက်ရွေးစင်တပ်များကို ခြုံခိုတိုက်ခိုက်ရန်အတွက် ဤကဲ့သို့သောလှည့်ကွက်မျိုးကို အသုံးပြုလာလိမ့်မည်ဟု မော့ထုံမထင်မှတ်ထားခဲ့ပေ။သူတို့သည် အင်အားကြီးမားသည့် အခြားအဖွဲ့များကို မည်သည့်အခါမှ ရန်မစခဲ့သလို ဤအနီးအနားတဝိုက်တွင် သူတို့အားချေမှုန်းရလောက်သည်အထိ ရန်ငြိုးရန်စကြီးမားသော အဖွဲ့များရှိမနေခဲ့ပေ။
အလားတူပင် ဤနယ်မြေ၏အရှင်သခင်သည် သူ၏စစ်တပ်အား အဆင့်မြင့်တင်နိုင်ရန်အတွက် သူ့အားသတ်ဖြတ်ပြီး လုယက်ရန် ဤကဲ့သို့သောနည်းလမ်းကို အသုံးပြုလာလိမ့်မည်ဟု မော့ထုံတစ်ယောက် မည်သည့်အခါကမှ တွေးတောမိမှာမဟုတ်ပေ။
ရှောင်ယုသည် ဓားပြအဖွဲ့အားဦးဆောင်လာပြီး စခန်းမှ လေးငါးမိုင်ခန့်အကွာတွင် မော့ထုံဘက်သို့လှည့်ကြည့်ကာ ခွင့်တောင်းလိုက်သည်။
"ခေါင်းဆောင်မော့ ငါတို့ကဒီနားကတောအုပ်ထဲမှာ ပစ္စည်းတချို့ချထားခဲ့တယ်...အဲဒါလေးတစ်ချက်သွားယူမလို့ ငါတို့ကိုခဏစောင့်ပါ"
ဓားပြ ခေါင်းဆောင်မော့ထုံသည် အခြေအနေမှားယွင်းနေကြောင်း ယခုထိတိုင် သတိမပြုမိသေးပေ။
"ကောင်းပြီ...မြန်မြန်လုပ်"
ရှောင်ယုနှင့်မြေခွေးတို့သည် အချိန်မဆိုင်းဘဲ မြင်းကိုဒုန်းစိုင်းစီးနင်းကာ တောအုပ်ထဲသို့ ဦးတည်လိုက်ကြသည်။အမှန်တွင် ရှောင်ယုသည် ခြုံခိုတိုက်ခိုက်ရန်အတွက် သူ၏တပ်ဖွဲ့ဝင်၅၀၀ကို ထိုတောအုပ်ထဲ၌ နေရာချထားခဲ့သည်။
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ပုန်းအောင်းနေသော စစ်သည်များထွက်ပေါ်လာခဲ့သည်။ရှောင်ယုသည် သူ၏လက်ရွေးစင်စစ်သားများကိုကြည့်ရင်း မိန့်ခွန်းပြောလိုက်သည်။
"ဒီနေ့ခြုံခိုတိုက်ခိုက်မှုမှာ ငါတို့ဟာ ငါတို့ထက်အရွယ်အစား၃ဆလောက်ရှိတဲ့ ရန်သူတွေကို ပထမဆုံးအကြိမ်ရင်ဆိုင်ရလိမ့်မယ်...ဒါပေမဲ့ ငါတို့မှာ အကောင်းဆုံးသူရဲကောင်း စစ်သည်တော်တွေရှိပြီး ဘယ်သူကမှငါတို့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူးဆိုတာကို ငါယုံကြည်တယ်..."
ဂါး...
ရှောင်ယု၏စကားကို လက်ခံဟန်ဖြင့် ကျယ်လောင်သောဟိန်းဟောက်သံများထွက်ပေါ်လာခဲ့သည်။ယခုအချိန်တွင် အောစ့်စစ်သည်များစွာသည် အဆင့်၃သို့ရောက်ရှိသွားခဲ့ရာ စိတ်ရိုင်းဝင်ခြင်းကျွမ်းကျင်မှုကို ကျွမ်းကျင်ပိုင်နိုင်နေကြပြီဖြစ်သည်။
"ဂရင်းက သူ့ရဲ့အောစ့်စစ်သည်တွေကိုဦးဆောင်ပြီး ရှေ့ဆုံးကတိုက်ခိုက်နေတဲ့အချိန်မှာ တိုင်ရန်ဒီက လေးသမား ၂၀၀ကိုဦးဆောင်ပြီး နောက်တန်းကနေ ပစ်ကူပေးရလိမ့်မယ်...တကယ်လို့လေးသမားတွေကသာ အနီးကပ်တိုက်ပွဲနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဖွဲ့စည်းပုံကိုချက်ချင်းပယ်ဖျက်ပြီး ပျောက်ကျားတိုက်ခိုက်မှုကို အသုံးပြုရလိမ့်မယ်...ကင်းထောက်မုဆိုးတွေကတော့ အယောက်၅၀စီပါတဲ့အဖွဲ့၂ဖွဲ့စီခွဲပြီး ဘေးနှစ်ဖက်ကနေ ရန်သူတွေကိုတိုက်ခိုက်ရမယ်"
ရှောင်ယုသည် သူ၏တပ်ဖွဲ့အား အမိန့်အသီးသီးပေးကာ စတင်တပ်ဖြန့်လိုက်သည်။
ရှောင်ယုသည် လက်တွေ့ဘဝ၌ စစ်တပ်အားကွပ်ကဲရသည့် အတွေ့အကြုံမရှိပေ။သို့သော်လည်း သူသည် စစ်ကမ္ဘာဂိမ်းအား ပရိုကစားသမားပီသစွာ ဆော့ကစားခဲ့ဖူးရာ တပ်များကိုဖြန့်ခွဲနေရာချခြင်းနှင့် ဖွဲ့စည်းပုံများအပေါ် ကြီးမားသောနားလည်မှုရှိသည်။
ဂရင်းသည် ရှောင်ယု၏အမိန့်အတိုင်း ရှေ့ဆုံးမှပြေးထွက်သွားခဲ့ပြီး နတ်သူငယ်လေးသမားများနှင့် မုဆိုးများသည် နောက်မှကပ်၍လိုက်ပါသွားခဲ့ကြသည်။
ရှောင်ယုသည် သူ၏တပ်များကို စောင့်ကြပ်ရင်း တပ်ဖွဲ့၏နောက်မှလိုက်ပါလာပြီး လိုအပ်ပါကဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန်အတွက် တိုက်ပွဲအခြေအနေအား စောင့်ကြည့်နေခဲ့သည်။
မော့ထုံသည် သူရရှိမယ့်အကျိုးအမြတ်အကြောင်းတွေးတော၍ အိပ်မက်မက်နေစဉ် ကျယ်လောင်သောဟိန်းဟောက်သံများကို ကြားလိုက်ရ၍ ရုတ်တရက်လန့်ဖျတ်သွားခဲ့သည်။
"အဲဒါက ဘာကောင်တွေလဲ...ဘာလို့သားရဲတွေရာနဲ့ချီပြီ ဟိန်းဟောက်နေတယ်လို့ ငါခံစားနေရတာလဲ..."
ခေါင်းဆောင်မော့ထုံသည် အလွန်အံ့သြသွားခဲ့ပြီး ဓားပြများအား ခံစစ်စုဖွဲ့ကာ အသင့်ဖြစ်နေရန် အမိန့်ပေးခဲ့သည်။
ထို့နောက် အောစ့်စစ်သည်များသည် တောအုပ်ထဲမှပြေးထွက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ ဓားပြများသည်လွန်စွာထိတ်လန့်သွားခဲ့သည်။ထိုကဲ့သို့ ရဲရင့်ပြီး အကြောက်အလန့်ကင်းမဲ့သော စစ်သည်တော်များအကြောင်းကို သူတို့သည်ဒဏ္ဍာရီများထဲ၌သာ ကြားဖူးခဲ့သည်။အောစ့်စစ်သည်များ၏ ဒဏ္ဍာရီများသည် ဤကမ္ဘာတစ်ခုလုံးအနှံ့ပျံ့နှံ့နေခဲ့ရပြီး ထိုအလွန်အစွမ်းထက်သော စစ်သည်တော်များသည် အကြောင်းအရင်းတစ်ခုခုကြောင့် သမိုင်းစာမျက်နှာများ၌ ကြာရှည်စွာပျောက်ကွယ်သွားခဲ့ဖူးသည်။ယခုမူသူတို့ မျက်စိရှေ့မှောက်၌ အောစ့်စစ်သည်များ ရုတ်တရက်ထွက်ပေါ်လာခဲ့ရာ အလွန်ပင်ထိတ်လန့်သွားခဲ့ရသည်။
ထိုဓားပြများသည် တိုက်ပွဲများနှင့်အစိမ်းသက်သက်မဟုတ်သော်လည်း သူတို့သည်ရွာများနှင့် စီးပွားရေးသမားများကိုသာ လုယက်ဖူးသူများဖြစ်သည်။သူတိုသည် ပုံမှန်စစ်တပ်တစ်ခုမဟုတ်သလို တင်းကျပ်သောစည်းကမ်းများဖြင့် လေ့ကျင့်ပေးခံရခြင်းမရှိခဲ့ပေ။
ယခုလည်း အောစ့်စစ်သည်များ ပြေးဝင်လာသည်ကိုမြင်သောအခါ သူတို့ဘက်တွင် ဓားပြ၁၅၀၀ခန့်ရှိနေသော်လည်း မငြိမ်မသက်ဖြစ်နေဆဲဖြစ်သည်။
အောစ့်စစ်သည်များသည်ကား သွေးများပွက်ပွက်ဆူနေကြပြီး ချပ်ဝတ်တန်ဆာအပြည့်ကိုဝတ်ဆင်ထားကာ ရန်သူများ၏အသက်ကို နှုတ်ယူရန်အတွက် တဟုန်ထိုးပြေးဝင်လာခဲ့ကြသည်။
"သေစမ်း...ခံစစ်စည်းကိုသေချာဖွဲ့စည်းကြ....ဒီအောစ့်တွေကဘယ်က ရောက်လာတာလဲ...သူတို့ကိုသတ်ကြ..."
မော့ထုံသည် ကျယ်လောင်စွာအော်ဟစ် အမိန့်ပေးနေသော်လည်း သူ၏နှလုံးသားက တုန်ယင်နေဆဲဖြစ်သည်။သူသည် မရေမတွက်နိုင်သော လူ့အသက်များကို နှုတ်ယူခဲ့ဖူးသော်လည်း ဒဏ္ဍာရီထဲမှ အောစ့်စစ်သည်များကိုမူ မည်သည့်အခါကမှ ရင်မဆိုင်ဖူးခဲ့ပေ။
ဂါး...
ထိုအခိုက်အတန့်တွင် ၂မီတာခန့်အမြင့်ရှိသော အောစ့်တစ်ကောင်သည် ရုတ်တရက်ခုန်ထွက်လာပြီး သူ့လက်ထဲတွင်ရှိသော ဓားကိုဝှေ့ယမ်းကာ မော့ထုံအားတိုက်ခိုက်လိုက်သည်။တစ်ချိန်တည်းမှာပင် တိုက်ပွဲစွမ်းအင်များ ပါဝင်သည့်ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ဂရင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် မော့ထုံသည် အံ့သြသွားခဲ့သော်လည်း သူ့နောက်ကျော၌လွယ်ထားသောဓားကိုချက်ချင်း ဖြုတ်ယူကာ ဂရင်း၏တိုက်ခိုက်မှုအား ပိတ်ဆို့လိုက်သည်။
ဝုန်း...
ဓားသခင်သည် ပြင်းထန်သောခုတ်ပိုင်းချက်နှင့် ထပ်ဆင့်ခုတ်ပိုင်းချက်တို့ကို တပြိုင်နက်အသုံးပြုထားခဲ့ရာ ထိုမျည်းစောင်းခုတ်ပိုင်းချက်ကြောင့် လေထုသည်ပြင်းထန်စွာရိုက်ခတ်ခံရပြီး လှိုင်းတစ်ခုအဖြစ် တန်ပြန်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ထိုလှိုင်း၏ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိဓားပြများသည် ရုတ်တရက်လွှင့်စင်ထွက်သွားခဲ့ပြီး ချက်ချင်းသေဆုံးသွားရသည်။
ဂရင်းသည် လက်ရှိအချိန်တွင် အဆင့်၈သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ထို့ပြင် ပြင်းထန်သောခုတ်ပိုင်းချက်သည် အဆင့် ၃သို့ရောက်ရှိနေခဲ့ပြီး ထပ်ဆင့်ခုတ်ပိုင်းချက်သည် အဆင့်၂သို့ရောက်ရှိနေခဲ့ကာ လေလမ်းလျှောက်ခြင်းသည် အဆင့် ၂သို့ရောက်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့် ဂရင်းသည် သာမန်အဆင့်၁ လူသားသူရဲကောင်းတစ်ယောက်ထက် ပိုမိုအစွမ်းထက်ပေသည်။
လူသားသူရဲကောင်းသာ အဆင့်၂သို့ မရောက်ရှိသေးပါက ဂရင်းအား တိုက်ခိုက်ရန် ခက်ခဲပေသည်။
ယခုအချိန်တွင် ဂရင်းတစ်ယောက်တည်းသာမက အခြားသောအောစ့်စစ်သည်များသည်လည်း အတူတူတိုက်ခိုက်နေခြင်းဖြစ်သည်။သို့ဖြစ်ရာ မော့တုံထံတွင် ဓားပြအမြောက်အများရှိသော်လည်း အောစ့်စစ်သည် ၂၀၀ကို မတားဆီးနိုင်ဘဲ ဆက်တိုက်ဆုံးရှံးခဲ့ရသည်။
အောစ့်စစ်သည်များသည် နောက်ဆုတ်ရန်လုံးဝ အရိပ်အယောင်မရှိဘဲ သူတို့၏ပုဆိန်ကြီးများကို ဝှေ့ယမ်းကာရှေ့ဆက်တိုးနေကြသည်။အဆင့် ၃သို့ရောက်ရှိသွားသော အောစ့်စစ်သည်များသည် စိတ်ရိုင်းဝင်ပြီးနောက် ပိုမိုကြမ်းတမ်းလာခဲ့ကြပြီး သိုးအုပ်အတွင်းသို့ ဝင်ရောက်သောင်းကျန်းနေသော ဝံပုလွေများကဲ့သ်ို့ ပြုမူနေကြသည်။
ထိုသို့ရက်စက်ကြမ်းကြုတ်သော အောစ့်စစ်သည်များနှင့် ရင်ဆိုင်လာရသောအခါတွင် ဓားပြများ၏ခံစစ်ဖွဲ့စည်းပုံ၌ အားနည်းချက်များဖြစ်ပေါ်လာခဲ့သည်။ထို့နောက် အောစ့်စစ်သည်များနောက်သို့ လိုက်ပါလာခဲ့သော နတ်သူငယ်လေးသမား ၂၀၀သည် တိုက်ပွဲအတွင်းသို့ဝင်ရောက်လာခဲ့သည်။သူတို့၏ မြှားများသည် အဆက်မပြတ်ရွာချနေသော မိုးစက်များကဲ့သ်ို့ ကျရောက်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားပြ၂၀၀ခန့်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ထိုထဲမှ အထင်ရှားဆုံးမှာ တိုင်ရန်ဒီပင်ဖြစ်သည်။သူမသည် တစ်ကြိမ်လျှင် မြှားတံ၇စင်းကို ပစ်လွှတ်နိုင်ကာ ရန်သူများ၏အသက်ကို နှုတ်ယူနေခဲ့သည်။ယခုလို အရေအတွက်များပြားသော ရန်သူများကိုရင်ဆိုင်ရရာတွင် သူမ၏တိကျမှုကို ထည့်တွက်နေစရာပင်မလိုတော့ပေ။သို့သော်လည်း မာနကြီးသော နတ်သူငယ်တစ်ယောက်အနေဖြင့် သူမပစ်လွှတ်လိုက်သော မြှားတံ၇စင်းသည် ဓားပြ၇ယောက်၏အသက်ကို အချိန်တိုင်းနှုတ်ယူနေခဲ့သည်။
ဓားပြများထံမှ မှော်ဆရာသည်လည်း အောစ့်စစ်သည်များအား မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် အလွန်ပင်အံ့သြသွား၍ တိုက်ပွဲဝင်ရန် မေ့လျောနေခဲ့သည်။ထို့ကြောင့် တိုင်ရန်ဒီသည် အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ လောင်မြိုက်မြှားတံကို အသုံးပြု၍ မှော်ဆရာ၏အသက်ကိုနှုတ်ယူခဲ့သည်။ထို့နောက် တိုင်ရန်ဒီသည် လောင်မြိုက်မြှားတံကို အသုံးပြုနိုင်သည့်အချိန်တိုင်းတွင် တုံ့ဆိုင်းခြင်းမရှိ ဆက်တိုက်အသုံးပြုနေရာ နဂိုကတည်းကဖွဲ့စည်းပုံပျက်နေသော ဓားပြများသည် ပို၍ပင်ဖရိုဖရဲဖြစ်လာခဲ့သည်။
ရှောင်ယု၏ မှော်ဆရာဖြစ်သော အန်တိုနီဒက်စ်သည်ကား နှင်းမြှားဟူသည့် ကျွမ်းကျင်မှု၁ခုသာ တတ်မြောက်ပေသည်။အန်တိုနီဒက်စ်သည် အဆင့်၁သာရှိနေသေးရာ ထိုကျွမ်းကျင်မှုတစ်ခုကိုသာ အသုံးပြုနိုင်ပြီး အနည်းငယ်အားနည်းသော ကျွမ်းကျင်မှုတစ်ခုဟု ယူဆရသည်။သို့သော် သာမန်လူများသည် နှင်းမြှားကိုမခုခံနိုင်ပေ။တိုက်ပွဲစွမ်းအင်ကို အသုံးပြုနိုင်သော သူရဲကောင်းများသည် ရေခဲမြှားတစ်စင်း သို့မဟုတ် နှစ်စင်းကိုသာ ခုခံနိုင်မည်ဖြစ်သော်လည်း သာမန်စစ်သားများအဖို့ နှင်းမြှားတစ်စင်းသည် သူတို့၏အသက်ကိုနှုတ်ယူသွားမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အန်တိုနီဒက်စ်သည် အဆင့်၂သို့ရောက်ရှိသွားခဲ့သည်။ဤနေရာ၌ အန်တိုနီဒက်စ်၏အဆင့်တက်နှုန်းသည် ဓားသခင်ဂရင်းနှင့်နှိုင်းယှဉ်ပါက စစ်မြေပြင်၌ ပိုမိုမြန်ဆန်စွာအဆင့်တက်နိုင်ခဲ့သည်။
ရှောင်ယုသည် ရေခဲဆူးချွန်အားသင်ယူရန်အတွက် အန်တိုနီဒက်စ်ကို အမိန့်ပေးလိုက်သည်။ယခုလို ရှုပ်ယှက်ခတ်နေသောစစ်မြေပြင်တွင် ရေခဲဆူးချွန်သည် တိုက်ခိုက်မှုဧရိယာကျယ်ဝန်းသော မှော်မန္တန်တစ်ခုဖြစ်သည်။ထိုကျွမ်းကျင်မှုအား သင်ယူပြီးသည်နှင့် အန်တိုနီဒက်စ်သည် သူ၏မှော်ကြိမ်လုံးကိုမြောက်လိုက်ကာ မှော်မန္တန်ကိုစတင်ရွတ်ဖတ်ခဲ့သည်။
ခဏအကြာတွင် လေထုသည်တဖြည်းဖြည်းအေးခဲလာပြီး အချင်းဝက်၁၀မီတာခန့်ရှိသော ရေခဲဆူးချွန်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ရေခဲဆူးချွန်သည် ရာနှင့်ချီသော ရေခဲစများအဖြစ်အက်ကွဲသွားခဲ့ကာ မြေပြင်ပေါ်ရှိဓားပြများအား ထိမှန်လာခဲ့သည်။
"ရေခဲဆူးချွန်က တော်တော်စွမ်းအားကြီးတာပဲ"
ရှောင်ယုက စိတ်လှုပ်ရှားနေသောလေသံဖြင့် ရေရွတ်လိုက်သည်။
အချိန်ခဏကြာပြီးနောက် နတ်သူငယ်လေးသမားတို့၏ မရပ်မနားပစ်ခတ်မှုများနှင့် အန်တိုနီဒက်စ်၏ အံ့သြဖွယ်ကောင်းသောမှော်မန္တန်စွမ်းအားများကြောင့် ဓားပြအချို့သည် စတင်၍ခိုးကြောင်ခိုးဝှက် ထွက်ပြေးလာကြတော့သည်။ထိုအချိန်တွင် ကျားသစ်များကိုစီးနင်းထားသည့် ကင်းထောက်မုဆိုးများက စတင်လှုပ်ရှားလာကြသည်။သူတို့သည် ထွက်ပြေးလာသည့်ဓားပြများနှင့်ယှဉ်ပါက အလွန်လျင်မြန်၍ နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် ထွက်ပြေးသွားသူအားလုံး အပြတ်ရှင်းခံလိုက်ရသည်။
အန်တိုနီဒက်စ်၏ အအေးဓာတ်မှော်မန္တန်များသည် တိုင်ရန်ဒီ၏ ခွဲထွက်မြှားတံထက် ရန်သူများအားရှင်းလင်းရာတွင် ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိပေသည်။ဤသို့ဖြင့် အန်တိုနီဒက်စ်သည် အဆင့်၃သို့ရောက်ရှိရန် အချိန်အတော်ကြာမယူလိုက်ရပေ။
ရှောင်ယုသည် အသစ်ရရှိလာသောကျွမ်းကျင်မှတ်အား ရေခဲဆူးချွန်ကျွမ်းကျင်မှုအား အဆင့်မြင့်တင်ရန် အသုံးပြုစေခဲ့သည်။
ဤသို့ဖြင့် ရေခဲဆူးချွန်၏ တိုက်ခိုက်မှုဧရိယာသည် တဖန်ပြန်လည်ကျယ်ပြန့်လာပြီး စတုရန်းမီတာ ၃၀သို့မဟုတ် ၄၀နီးပါးအထိရောက်ရှိလာခဲ့သည်။ရုတ်ချည်းဆိုသလိုပဲ ရေခဲစ ၄၀၀ မှ ၅၀၀ခန့်သည် ဓားပြများအပေါ်သ်ို့ မိုးရွာသလိုရွာချလာခဲ့သည်။
ရှောင်ယုသည် ရန်သူဓားပြများ အတုံးအရုံးကျရှံးနေသည်ကိုမြင်ပြီး သူ့တပ်များ၏စွမ်းဆောင်ရည်အား ကျေနပ်နှစ်သိမ့်နေခဲ့သည်။ဤအရာသည် သူ၏ပထမဆုံးမြေပြင်တိုက်ပွဲဖြစ်သည်။ထို့ပြင် ယခုလိုရင်ဆိုင်တိုက်ပွဲများ၌ သူ့တပ်များ၏စွမ်းဆောင်ရည်ကို သိမြင်စေရန်အတွက် စမ်းသပ်မှုတစ်ခုလုပ်ဆောင်ခြင်းဖြစ်သည်။အမှန်တော့ ရှောင်ယုသည် အနာဂတ်တွင် ခံစစ်တိုက်ပွဲများကို အစဉ်အမြဲလုပ်ဆောင်နေမှာမဟုတ်ပေ။
ထိုအချိန်တွင် မော့ထုံသည် ရှောင်ယုကိုတွေ့မြင်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းက လူလိမ်ပဲ...မင်းကငါတို့ကိုလှည့်စားခဲ့တာပဲ..."
ရှောင်ယုသည် အနည်းငယ်အံ့သြဟန်ဆောင်ကာ ပြန်၍လှောင်ပြောင်လိုက်သည်။
"မင်းကိုငါဘယ်တုံးကမှ မလိမ်ခဲ့ဘူးလေ...မင်းကငါ့စကားကိုနားထောင်ရလောက်တဲ့ထိ ညဏ်ရည်နိမ့်တဲ့မင်းကိုယ်မင်း အပြစ်တင်သင့်တယ်"
မော့ထုံသည် ဂရင်း၏အဆက်မပြတ်ဖိအားပေးတိုက်ခိုက်မှုများကြောင့် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ထို့နောက် ရှောင်ယုသည် တိုင်ရန်ဒီအား မျက်စောင်းတစ်ချက်ထိုး၍ အချက်ပြလိုက်သည်။တိုင်ရန်ဒီသည်လည်း လောင်မြိုက်မြှားတံအား ချက်ချင်းအသုံးပြုလိုက်ကာ မော့ထုံ၏ခန္ဓာကိုယ်အား ထုတ်ချင်းပေါက်သွားအောင် ပစ်ခတ်လိုက်သည်။
မော့ထုံသည် ဂရင်း၏ဖိအားပေးခံရမှုကြောင့် ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
"မင်းလိုဓားပြမျိုးက ခုချိန်ထိအကြာကြီးရှင်သန်နေနိုင်တာ ဂုဏ်ယူရမယ့်အရာတစ်ခုပဲ...ခုတော့မင်းရဲ့အပေါင်းအဖော်တွေကို တမလွန်မှာသွားတွေ့လိုက်တော့..."
ရှောင်ယုက တိုးတိုးလေးရေရွတ်လိုက်သည်။
အခန်း ၂၄ - ဓားပြစခန်းကိုသိမ်းပိုက်ခြင်း
မော့ထုံအသတ်ခံရပြီးနောက် ကျန်ရှိနေသောဓားပြများသည် ထွက်ပြေးရန်စတင်ကြိုးပမ်းလာကြသည်။သို့သော်လည်း ထိုအခြေအနေသည် ကင်းထောက်မုဆိုးများအတွက် သူတို့၏အားသာချက်ကိုပြသရန် အခွင့်အရေးတစ်ခုဖြစ်သည်။
ကျားသစ်များကို စီးနင်းကြသည့် မုဆိုးများသည် ဓားပြများနှင့်ယှဉ်လျှင် အလွန်မြန်ဆန်ကြသည်။ထို့အပြင် နတ်သူငယ်မုဆိုးများနှင့်ကျားသစ်များသည် ပြီးပြည့်စုံသောပေါင်းစပ်မှုတစ်ခုဖြစ်သည်။သူတို့သည် သူတို့၏ခြေနှစ်ချောင်းနှင့်သွားလာနေသကဲ့သို့ ကျားသစ်များအား လိုအပ်သလိုစီးနင်းနိုင်သည်။
မုဆိုးများသည် လိုက်လျောညီထွေစွာဖြင့် တိုက်ခိုက်မှုများအား ရှောင်တိမ်းနေကြလေရာ ဓားပြများသည် ပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးလုံးဝနီးပါး မရရှိခဲ့ကြပေ။မုဆိုးများသည် လက်ကျန်ဓားပြများကိုသတ်ဖြတ်ရန် အချိန်အကြာကြီးမယူလိုက်ရပေ။ရှောင်ယုသည် ဓားပြအလောင်းများထံမှ လက်နက်နှင့်ချပ်ဝတ်များကို ကောက်ယူသိမ်းဆည်းရန် အမိန့်ပေးလိုက်သည်။ထိုနေရာတွင် အောစ့်စစ်သည်များသည် အရည်အချင်းအရှိဆုံးသူများဖြစ်ကြသည်။သူတို့သည် ဓားပြများဝတ်ဆင်ထားသည့် အတွင်းဝတ်ကိုပင်မကျန် ချွတ်ယူခဲ့ကြသည်။ရှောင်ယုသည်ပင် အရာအားလုံးကိုဖြုတ်ထုတ်လုယူနေသော အောစ့်များကိုကြည့်ရင်း ချွေးများစိမ့်ထွက်လာရသည်။
ဤတိုက်ပွဲအပြီးတွင် မှော်ကဝေသည် အဆင့်၄သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် မှော်ကဝေရရှိလာသော ကျွမ်းကျင်မှုအမှတ်အား ရေခဲဆူးချွန်အား အဆင့်မြင့်ရာတွင်အသုံးပြုခဲ့ကာ အဆင့်၃သို့ရောက်ရှိစေခဲ့သည်။ဤသို့ဖြင့် မှော်ကဝေသည် နောက်လာမယ့်တိုက်ပွဲ၌ ပိုမိုအားကောင်းလာမည်ဖြစ်သည်။
သို့သော် ရေခဲအတားအဆီးကို မသင်ယူရသေးသော မှော်ကဝေတစ်ယောက်၏ ခံစစ်သည်အလွန်ပင်ဆိုးရွားပေသည်။ရိုးရှင်းသောသာမန်မြှားတစ်စင်းကပင် သူတို့၏အသက်ကိုအလွယ်တကူနှုတ်ယူနိုင်သည်။
မှော်ကဝေတစ်ယောက်၏ တိုက်ခိုက်မှုများသည် အလွန်ပင်အားကောင်းလှပြီး သူ၏တိုက်ခိုက်မှုများသည် ဓားသခင်နှင့်တိုင်ရန်ဒီတို့ပေါင်းစည်းထားသည်ထက် ပိုမိုပြင်းထန်ပေသည်။သို့သော် မှော်ကဝေ၏ ခုခံမှုသည် အလွန်နိမ့်ကျနေသောကြောင့် ရှောင်ယုသည် နောက်ထပ်ရရှိလာမယ့်ကျွမ်းကျင်မှုအမှတ်ဖြင့် ရေခဲအတားအဆီးကိုသင်ယူစေရန် ဆုံးဖြတ်ချက်ချလိုက်သည်။ထိုသို့မဟုတ်ပါက တိုက်ပွဲတစ်ခုအတွင်း၌ သူ၏မှော်ကဝေသာ မတော်တဆသေဆုံးသွားခဲ့ပါက သူသည်သေဆုံးလုမတတ် နောင်တရကာ ငိုကြွေးရမည်ဖြစ်သည်။
ရှောင်ယုသည် သူ၏နတ်သူငယ်နှင့်အောစ့်တပ်ဖွဲ့များကို ဓားပြစခန်းဆီသို့ ချီတက်သိမ်းပိုက်ရန်အမိန့်ပေးလိုက်သည်။လက်ရှိအချိန်တွင် စခန်းအတွင်း၌ ဓားပြအယောက်၂၀၀ခန့်သာကျန်ရှိတော့ရာ ရှောင်ယုသည် ဂရင်းအားအောစ့်စစ်သည်များကိုဦးဆောင်၍ စခန်းအားဝိုင်းထားရန် အမိန့်ပေးလိုက်သည်။
ကင်းမျှော်စင်ပေါ်မှ ဓားပြများသည် အောစ့်ဘီလူးတစ်ဖွဲ့က သူတို့၏စခန်းအား တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် ထိတ်လန့်သွားခဲ့ကြသည်။သက်ကြီးရွယ်အိုများသည် ထိုသတင်းကိုကြားလိုက်ရချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး ကလေးငယ်များက ကျယ်လောင်စွာငိုကြွေးကြသည်။
ရှောင်ယုသည် စခန်းအဝင်တံခါးအား ထိန်းချုပ်ရန်အမိန့်ပေးကာ အမြင့်တစ်နေရာ၌ မတ်တပ်ရပ်၍အော်ဟစ်လိုက်သည်။
"ငါ့စကားကိုနားထောင်ကြ...ငါကအသက်ကြီးတဲ့သူတွေကော မိန်းမတွေရော ကလေးတွေကိုရောမသတ်ချင်ဘူး...မင်းတို့လက်နက်ချဖို့ရွေးချယ်ထားသရွေ့ မင်းတို့အကုန်လုံးဘာမှမဖြစ်စေရဘူးလို့ ငါကတိပေးနိုင်တယ်...ဒီနယ်မြေရဲ့အရှင်သခင်ဖြစ်တဲ့ငါ့ကို မင်းတို့အကုန်လုံးသစ္စာရှိနေသရွေ့ မင်းတို့အကုန်လုံးအတွက် တောက်ပတဲ့အနာဂတ်ကိုယူဆောင်လာပေးမယ်လို့ ငါအာမခံတယ်"
ယခုအချိန်တွင် ရှောင်ယုသည် သူ့ကိုယ်သူရွာတစ်ယောက်အား ကျူးကျော်လာသည့် လူဆိုးတစ်ယောက်လိုထင်မြင်နေမိသည်။သူ၏ယခင်ဘဝ၌ ရုပ်ရှင်အများစုတွင် ဤကဲ့သို့ဇာတ်ဝင်ခန်းများကို သူတွေ့မြင်ဖူးခဲ့သည်။ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် ရွာတစ်ခုလုံးငြိမ်သက်သွားခဲ့ကြသည်။လက်ကျန်ဓားပြများသည်လည်း ခုခံရန်ဆန္ဒမရှိတော့ဘဲ လက်နက်ချကာအညံ့ခံခဲ့သည်။
အဟမ်း..အဟမ်း
ရှောင်ယုသည် အခြေအနေတည်ငြိမ်လာသည်ကိုမြင်ပြီး နှစ်ကြိမ်လောက်ချောင်းဟန့်လိုက်ကာ မေးစေ့ကိုပင့်မြောက်လိုက်၍ မိတ်ဆက်စကားဆိုလိုက်သည်။
"အားလုံးပဲ...ငါ့ကိုယ်ငါအရင်မိတ်ဆက်ပေးပါရစေ...ငါ့နာမည်ကရှောင်ယုဖြစ်တယ်...ငါကခုမင်းတို့နေထိုင်နေတဲ့ နယ်မြေရဲ့သခင်ပဲ...ဒီအောစ့်တွေက ငါ့အမိန့်ကိုနာခံတဲ့စစ်သည်တွေဖြစ်ပြီး ငါ့အမိန့်မပါရင် မင်းတို့ကိုနာကျင်အောင်မလုပ်ဘူး...အဲ့ဒါကြောင့်အရမ်းကြီးကြောက်မနေကြနဲ့..."
ရှောင်ယု၏စကားကိုကြားချိန်တွင် ကလေးများက ငိုကြွေးလာခဲ့ကြသည်။
ရှောင်ယုသည် သူ၏စကားများက လူထုအပေါ်သက်ရောက်မှုရှိကြောင်း တွေ့မြင်လိုက်ရ၍ အနည်းငယ်ဂုဏ်ယူမိသွားသည်။
"ဒီမြေဟာ ငါ့နယ်မြေရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်တယ်...ဒါပေမဲ့ မော့ထုံက ငါ့ရဲနယ်မြေမှာ ဓားပြအုပ်စုတည်ထောင်ပြီး ငါ့လူတွေကိုသူ့ရဲ့လက်အောက်ခံအဖြစ် အသုံးပြုဖို့ဖမ်းဆီးထားခဲ့တယ်...အဲ့ဒါကြောင့်ငါက ဒေါသထွက်ပြီး မော့ထုံဆိုတဲ့မကောင်းဆိုးဝါးကို သတ်ဖြတ်လိုက်ပြီ...လောလောဆယ်တော့ ဒီရွာကိုငါသိမ်းပိုက်ထားလိုက်ပြီဖြစ်ပြီး ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်..."
ရှောင်ယုသည် ဂရင်းအားလှည့်ကြည့်လိုက်ရာ ဂရင်းသည် မော့ထုံ၏ခေါင်းပြတ်ကိုထုတ်ယူလိုက်ပြီး လူတိုင်း၏ပုန်ကန်လိုစိတ်ကို ချက်ချင်းချိုးနှိမ်လိုက်သည်။
ရှောင်ယုသည် ကျန်ဓားပြများ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများကို တွေ့မြင်လိုက်ရ၍ ကျေနပ်သွားခဲ့သည်။ယခုအခါ ထိုဓားပြများသည် ထွက်လမ်းမရှိတော့ကြောင်း နားလည်သွားခဲ့ကြပြီဖြစ်သည်။
"မင်းတို့ထဲကအများစုဟာ ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ဓားပြတွေအဖြစ်ပြောင်းလဲခဲ့ရတယ်ဆိုတာ ငါနားလည်တယ်...မင်းတို့ဟာမော့ထုံရဲ့အမိန့်ကြောင့် အတင်းအကြပ်လုယက်ခဲ့ရတယ်ဆိုတာ ငါသိတယ်...ခုတော့ ဒီရွာဟာငါ့ရဲ့အုပ်ချုပ်မှုအောက်ကိုရောက်လာခဲ့ပြီ...ဒီနယ်မြေရဲ့အရှင်သခင်အနေနဲ့ မင်းတို့အားလုံးကို နောင်လာမယ့်သုံးနှစ်အတွင်း အခွန်ပေးဆောင်စရာမလိုဘူးလို့ ငါအမိန့်ချတယ်...မင်းတို့တွေအကုန်လုံး ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ ပိုမိုကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်စေရမယ်လို့ ငါအာမခံတယ်"
ရှောင်ယု၏အမိန့်ကိုကြားသောအခါ လူတိုင်းလိုလိုပင် ရှောင်ယုအားသံသယစိတ်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။ရှောင်ယုသည် ယနေ့သူချမှတ်ခဲ့သောအမိန့်အတိုင်း အမှန်တကယ်သဘောတူညီမှုရှိမရှိ မည်သူကမှအတည်မပြုနိုင်သေးပေ။
ရှောင်ယုသည် လူတိုင်း၏မျက်နှာပေါ်ရှိ သံသယဖြစ်နေသော အမူအရာကိုတွေ့မြင်ပြီးနောက် တိုင်ရန်ဒီနှင့်အခြားသော နတ်သူငယ်များအား လက်ညိုးထိုးပြလိုက်သည်။
"သူတို့ကဘယ်သူတွေလဲသိကြလား...သူတို့ဟာ နတ်ဘုရားမရဲ့အချစ်တော်တွေ...သဘာဝရဲ့ရင်သွေးတွေဖြစ်တဲ့ နတ်သူငယ်တွေပဲ...သူတို့လို မြင့်မြတ်တဲ့မျိုးနွယ်ဝင်တွေကတောင် ငါလိုအရှင်သခင်တစ်ယောက်ဆီမှာ အမှုထမ်းဖို့ဆန္ဒရှိကြတယ်...ဒါကြောင့်ငါ့နောက်ကိုလိုက်ပါသူတွေဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ဖို့မဖြစ်နိုင်ဘူးလို့ ထင်နေကြတုံးလား..."
ရှောင်ယု၏စကားကြောင့် လူတိုင်း၏အာရုံသည် နတ်သူငယ်များထံကျရောက်သွားခဲ့သည်။သူတို့သည် အစောပိုင်းတွင် ရက်စက်ကြမ်းကြုတ်သော အောစ့်များ၏ပုံစံကြောင့် ကြောက်လန့်နေကြ၍ သူတို့၏အသွင်အပြင်အား ဖုံးကွယ်ထားသည့်နတ်သူငယ်များကိုသတိမပြုမိကြပေ။ယခုအချိန်တွင် လူတိုင်းသည် တိုင်ရန်ဒီကိုတွေ့မြင်လိုက်သည်နှင့် ချက်ချင်းပင်ဒူးထောက်ကိုးကွယ်လိုက်ကြသည်။
ရှောင်ယုအသုံးပြုခဲ့သော လှည့်ကွက်သည် အလွန်ထိရောက်ပေသည်။မြင့်မြတ်သောနတ်သူငယ်များသည် ရှောင်ယု၏နံဘေး၌ နာခံစွာရပ်နေသည်ကိုမြင်သောအခါ လူအများက သူ့ကိုချက်ချင်းယုံကြည်လာကြသည်။
ရှောင်ယုသည် အခြေအနေတစ်ခုလုံး သူ့ဘက်သို့ရောက်ရှိလာသည်ကို သတိပြုမိသောကြောင့် ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။
"ကျေးရွာတာဝန်ခံကဘယ်သူလဲ...သူ့ကိုချက်ချင်းထွက်လာခိုင်းလိုက်...ငါကိုယ်တိုင်ဆိုးရွားယုတ်မာတဲ့ကောင်တွေကို ချက်ချင်းဒဏ်ခတ်ပြီး အပြစ်မရှိတဲ့သူတွေကိုလက်ခံပေးမယ်...ဒီနေရာမှာအဆိုးရွားဆုံးသူက ဘယ်သူလဲဆိုတာ ငါ့ကိုချက်ချင်းလာပြော...ဒီပြဿနာကို ဒီနေရာမှာပဲချက်ချင်းဖြေရှင်းပေးမယ်"
ကျေးရွာတာဝန်ခံသည် လူအုပ်ကြားမှထွက်လာချိန်၌ လူတိုင်းလိုလိုပင် ကျေးရွာတာဝန်ခံအား ဒေါသတကြီးကြည့်လိုက်ကြသည်။ရှောင်ယုသည် ကျေးရွာတာဝန်ခံအား လက်ညိုးထိုး၍ ညွန်ပြလိုက်သည်။
"သူက ဒီမှာအဆိုးဆုံးကသူလား..."
လူအများစုသည် ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။သာမန်အားဖြင့်ဆိုလျှင် သူတို့သည်ကျေးရွာတာဝန်ခံအား မဖီဆန်ဝံ့၍ အသံမထွက်ဘဲ ခေါင်းသာညိတ်ပြကြသည်။
ထို့ကြောင့် ရှောင်ယုသည် ဂရင်းကိုအမိန့်ပေး၍ ကျေးရွာတာဝန်ခံ၏ခေါင်းကို ဖြတ်ချလိုက်သည်။
ရှောင်ယုသည် ကျေးရွာအားသိမ်းပိုက်သည့်ဖြစ်စဉ်တစ်ခုလုံးကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့သည်။လူတိုင်းသည် တိုင်ရန်ဒီအား နတ်ဘုရားမတစ်ပါးကဲ့သို့ ကိုးကွယ်နေကြသည်။အခြေအနေများငြိမ်သက်သွားပြီးနောက် ရှောင်ယုသည် စခန်းတွင်းရှိအဖိုးတန်ပစ္စည်းများအား စတင်စစ်ဆေးခဲ့သည်။စခန်းအတွင်းရှိ ပိုင်ဆိုင်မှုများကို အလုံးစုံစစ်ဆေးပြီးနောက်တွင် ရွှေပြား၂၀၀၀၀၀ကျော်ရှိကြောင်း တွေ့ရှိလိုက်ရပြီး အခြားသောအဖိုးတန်ပစ္စည်းများကို ပေါင်းထည့်လိုက်ပါက စုစုပေါင်း ရွှေပြား၃၀၀၀၀၀ကျော်တန်ဖိုးရှိကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ထိုအရာသည် ခြင်္သေ့မြို့၏လက်ရှိကြွယ်ဝမှုထက် သာလွန်ခဲ့ပေသည်။
ရှောင်ယုသည် အဖိုးတန်ပစ္စည်းအားလုံးကို သိမ်းဆည်းခဲ့သော်လည်း သာမန်ရွာသားများ၏ ပိုင်ဆိုင်မှုကို မထိခဲ့ပေ။
ထို့နောက် ရှောင်ယုသည် မော့ထုံဖမ်းဆီးခြင်းကိုခံခဲ့ရသော အကမယ်များကို သွားရောက်တွေ့ဆုံခဲ့သည်။ထိုအကမယ်များ၏ ယခင်ပိုင်ရှင်သည် ဓားပြများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ရာ ယခုအခါထိုအကမယ်များသည် သွားစရာနေရာမရှိတော့ပေ။သို့သော်လည်း မော့ထုံအားသတ်ဖြတ်ပြီးနောက် ရှောင်ယုအား ထိုအကမယ်များ၏ သခင်အဖြစ်သတ်မှတ်နိုင်ပေသည်။ရှောင်ယုသည် ထိုအကြောင်းကိုနားလည်ပြီးနောက် ဂုဏ်သိက္ခာရှိသော လူတစ်ယောက်လိုဟန်ဆောင်ပြုမူခဲ့သည်။သူသည် ထိုအကမယ်များအားလုံးကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး သူတို့သာအိမ်ပြန်လိုပါက ပြန်လိုကြောင်းနှင့် သူတို့၏နေရပ်တွင်လုပ်ကိုင်စားသောက်ရန် အရင်းအနှီးထုတ်ပေးမယ်ဖြစ်ကြောင်း အသိပေးခဲ့သည်။
သို့သော် ရှောင်ယုမျှော်မှန်းထားသည့်အတိုင်း အကမယ်များသည် အိမ်မပြန်လိုကြပေ။သူတို့သာအိမ်ပြန်သွားပါက သူတို့သည်အခြားသူများထံသို့ ဖမ်းဆီးကာရောင်းစားခံရမည်ဖြစ်သည်။
ထို့ကြောင့် ရှောင်ယုသည် သူတို့အားကျွန်များအဖြစ်မှလွတ်မြောက်ခွင့်ပေးကာ ကောင်းမွန်သောလစာတစ်ခုပေး၍ သူ့ထံ၌အလုပ်လုပ်စေခဲ့သည်။အကမယ်များသည် သူမတို့၏လွတ်လပ်မှုအား ယခုလိုလွယ်လွယ်ကူကူရရှိခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ရှောင်ယုသည် အကမယ်များအား ကျွန်အဖြစ်မှလွတ်မြောက်ခွင့်ပေးကာ သူမတို့၏ဘဝများကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ပေးလိုက်ပြီးနောက် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အနည်းငယ်တိုးမြင့်လာခဲ့သည်။ယခုအခါ တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အနုတ်လက္ခဏာမဆောင်တော့သည့်အတွက် သူ့အပေါ်အဆိုးမမြင်တော့ကြောင်း ရှောင်ယုနားလည်လိုက်၍ သူ့နှလုံးသားသည် ခုန်ပေါက်သွားခဲ့သည်။
ရှောင်ယုသည် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုကိုရရှိရန်အတွက် ဤသို့တမင်တကာလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ။သို့သော်လည်း ဤကမ္ဘာကြီး၏ စံနှုန်းတစ်ခုဖြစ်သော ကျွန်များအပေါ်၌ သူသည်သနားကြင်နာစိတ်ရှိပေသည်။ထို့ပြင် ထိုအကမယ်များသည် ခြင်္သေ့မြို့၌အခြေချနေထိုင်ပြီးနောက် သူမတို့၏လှပသောကကွက်များကို မြင်တွေ့ရစေရန် ရှောင်ယုမျှော်လင့်ထားခဲ့သည်။ရှောင်ယုသည် ရံဖန်ရံခါတွင် သူ၏ခယ်မများအား အခွင့်အရေးယူတတ်သော်လည်း သူသည် အမျိုးသမီးများအပေါ်၌ မည်သည့်အနိုင်ကျင့်မှုမျိုးမှ မပြုလုပ်ခဲ့ပေ။ထိုအရာသည် သူလက်ခံကျင့်သုံးသော ကိုယ်ကျင့်တရားများနှင့်ဆန့်ကျင်နေခဲ့သည်။အခြားသော နယ်မြေသခင်များသည် ကျွန်များအပေါ်အခွင့်အရေးချိုးဖောက်မှုများစွာ ပြုလုပ်နေသော်လည်း သူကတော့ထိုသို့မဟုတ်ပေ။
ရှောင်ယုသည် သူအလိုရှိသောအရာများကို ရရှိခဲ့ပြီးနောက်တွင် ဆိုးရွားသောဓားပြအနည်းငယ်ကို ကွပ်မျက်လိုက်သည်။ထို့နောက် အသက်အရွယ်ကြီးမားသူများ ၊ အမျိုးသမီးများနှင့်ကလေးများကို လှည်းရထားများပေါ်တင်ဆောင်စေကာ ခြင်္သေ့မြို့ထံပို့ဆောင်စေခဲ့သည်။ရှောင်ယုသည် အခြေစိုက်စခန်းသို့ပြန်သွား၍ အရေးတကြီးကိစ္စများအား လုပ်ဆောင်ရန်ပြင်ဆင်ခဲ့သည်။ယခုအချိန်တွင် သူ့ထံ၌ငွေကြေးပြတ်လတ်နေခြင်းမရှိတော့ရာ နောက်ထပ်စစ်သည်၅၀၀ကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။