← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း ၂၅ - လူပုတပ်ဖွဲ့များနှင့်လှံပစ်စက်များ

ရှောင်ယုသည် စစ်တန်းလျားများကိုကြည့်ပြီး

မည်သည့်တပ်သားအမျိုးအစားကို

ထုတ်လုပ်ရမည်ကိုတွေးတော၍

ခေါင်းခြောက်နေခဲ့သည်။ထိုအရာသည်

အမှန်ပင်ခေါင်းကိုက်ရသည့်

ပြဿနာတစ်ခုဖြစ်သည်။စစ်တန်းလျားများသည်

ယခုအချိန်၌ ခြေလျင်တပ်သား ၊

လူပုရိုင်ဖယ်သမားများနှင့် မြင်းတပ်သားတို့အား

ထုတ်လုပ်နိုင်ပေသည်။ရှောင်ယုသည်

မကြာမှီအချိန်အတွင်း

ခြင်္သေ့မြို့အားနောက်ထပ်တစ်ကြိမ် တိုက်ခိုက်လာမယ့်

ကာရီ၏တပ်များကိုတွန်းလှန်ရမည်ဖြစ်ကြောင်း

သိရှိထားရာ မြင်းတပ်သားများကို

ထုတ်လုပ်၍မရသေးပေ။သို့သော်လည်း

မြင်းတပ်သားများသည် လူသားမျိုးနွယ်တွင်

အကောင်းဆုံးတပ်သားများဖြစ်ကြောင်း

လူတိုင်းနားလည်ပေသည်။

ရှောင်ယုသည် မဝေးလှသောအနာဂတ်တွင် အင်အားကြီးမားသော ဓားပြအုပ်စုများအား တိုက်ခိုက်ရာ၌ မြင်းတပ်သားများအား လိုအပ်ကြောင်းနားလည်ထားသည်။ထိုမှသာ သူတို့၏တပ်ဖွဲ့များသည် ရန်သူများအပေါ်၌ အသာစီးယူနိင်မှာဖြစ်သည်။သို့သော်လည်း သူ၏ရာထူးအဆင့်အတန်းနှင့် စစ်တပ်၏ကန့်သတ်ချက်များက သူ့အတွက်ပြသနာတစ်ခုဖြစ်သည်။လက်ထောက်တပ်ကြပ်တစ်ဦးအနေဖြင့် ယခုအချိန်တွင် သူသည်စစ်သည်ပေါင်း ၁၀၀၀ကိုကွပ်ကဲနိုင်သောကြောင့် နောက်လာမယ့်စစ်ပွဲတွင် အမှန်တကယ်အသုံးဝင်နိုင်မယ့် တပ်သားများကို ထုတ်လုပ်ရန် ကြိုးစားရမည်ဖြစ်သည်။

"ခုလောလောဆယ်...မြင်းတပ်သားတွေကို ခဏစွန့်လွှတ်ထားလိုက်မယ်...ဒါဆိုရင် ခြေလျင်တပ်သားနဲ့လူပုရိုင်ဖယ်သမားထဲက တစ်ခုခုကိုငါရွေးရမယ်...ငါ့ရဲ့ရာထူးအဆင့်အတန်းကသာ မြင့်လာခဲ့ရင် မြင်းတပ်သားတွေကိုထုတ်လုပ်ရမယ်...အနာဂတ်မှာဆိုရင် ငါ့ရဲ့ရာထူးအဆင့်အတန်းက အမြင့်ဆုံးထိရောက်လာပြီး သူရဲကောင်း၁၀၀၀လောက်ကို ဆင့်ခေါ်နိုင်လိမ့်မယ်...အဲ့ဒီအခါကျရင် သူရဲကောင်းတွေရဲ့အကူအညီနဲ့တင် ရန်သူတွေရဲ့ဖွဲ့စည်းမှုမှန်သမျှကို ဖျက်ဆီးချေမှုန်းနိုင်လိမ့်မယ်"

ဤလောကတွင် မြင်းတပ်များသည် ကြီးမားသောစစ်ပွဲများ၌ အလွန်ကြီးမားသော အခန်းကဏ္ဍမှပါဝင်ကြောင်း ရှောင်ယုနားလည်ထားခဲ့သည်။မြင်းတပ်များသည် ရန်သူများ၏ခံစစ်ဖွဲ့စည်းမှုကို ချက်ချင်းဖျက်ဆီးနိုင်ပြီး သူတို့စတင်ချီတက်လိုက်သည်နှင့် အောင်ပွဲကိုမလွတ်တမ်းဆုပ်ကိုင်ထားနိုင်ပေသည်။

အချိန်အတော်ကြာစဉ်းစားပြီးနောက်တွင် ရှောင်ယုသည် အောစ့်စစ်သည်တော် ၃၀၀အားထပ်မံထုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။လက်ရှိအချိန်၌ သူ၏အဓိကတပ်ဖွဲ့မှာ အောစ့်စစ်သည်များဖြစ်နေ၍ ၎င်းကိုထပ်မံအားဖြည့်ရန်ဆုံးဖြတ်ခဲ့သည်။သူ့ထံတွင် လေးသမား ၂၀၀ရှိနေပြီဖြစ်ရာ သူတို့အားယခုအချိန်၌ ထပ်မံထုတ်လုပ်ခြင်းမပြုရန် ဆုံးဖြတ်ထားခဲ့သည်။အဘယ်ကြောင့်ဆိုသော် လေးသမားများသည် အနီးကပ်တိုက်ခိုက်မှု၌ အားနည်းပြီး တာဝေးပစ်ခတ်မှုတွင်လည်း ထိရောက်မှုအကွာအဝေးကန့်သတ်ချက်ရှိပေသည်။

ထို့ကြောင့်ရှောင်ယုထံတွင် နောက်ထပ်နေရာလွတ် ၂၀၀ကျန်ရှိနေပေသေးသည်။ထို့ကြောင့် ထိုနေရာလွတ်များကိုဖြည့်တင်းရန်အတွက် ခြေလျင်တပ်သား၁၀၀နှင့် လူပုရိုင်ဖယ်သမား ၁၀၀ကို ထုတ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။ခြေလျင်တပ်သားများသည် အောစ့်စစ်သည်များနှင့်ယှည်ပါက ပိုမိုအားနည်းသော်လည်း သူတို့ထံ၌ ဒိုင်းများကိုင်ဆောင်ထား၍ ခုခံကာကွယ်မှုအရာ၌ပိုမိုအားကောင်းပေသည်။ဤသို့ဖြင့် ခြေလျင်တပ်သားများသည် စစ်ပွဲအတွင်း၌ ရန်သူများ၏တိုက်ခိုက်မှုအား ခုခံနိုင်သလို တာဝေးပစ်တပ်သားများ၏ရှေ့မှောက်တွင် အကာအကွယ်ပေးနိင်၍ စစ်ပွဲတွင်အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်။

ရိုင်ဖယ်တပ်သားများအား ထုတ်လုပ်ရန်အတွက်မူ ရှောင်ယုသည်အချိန်ခဏလောက်ကြာအောင် စဉ်းစားခဲ့ရသည်။သူတို့သည် နတ်သူငယ်လေးသမားများနှင့် လုံးဝကွဲပြားသည့် တပ်သားအမျိုးအစားဖြစ်သည်။ပထမဆုံးအနေဖြင့် လူပုများ၏အသွင်အပြင်သည် နတ်သူငယ်များလောက် သိမ်မွေ့ခြင်းမရှိပေ။ထို့ကြောင့် သူတို့၏အနီးကပ်တိုက်ခိုက်ရေးအင်အားသည် ပိုမိုအားကောင်းသင့်ပေသည်။ထို့ပြင် ရိုင်ဖယ်များ၏အဖျက်စွမ်းအားသည် လေးနှင့်မြှားတို့၏ပေါင်းစပ်စွမ်းအားထက် များစွာပိုမိုပြင်းထန်ပေသည်။ရိုင်ဖယ်များသည် ရန်သူများ၏အမာခံချပ်ဝတ်တပ်ဖွဲ့များကို ပြင်းထန်သောထိခိုက်မှုများ ပေးစွမ်းနိုင်ပေသည်။

သိပ်မကြာခင်မှာပဲ ခြေလျင်တပ်သားတစ်ယောက်သည် စစ်တန်းလျားမှထွက်ခွာလာခဲ့သည်။ရှောင်ယုသည် အောစ့်စစ်သည်များ၏အရေအတွက်တိုးမြင့်လာကြောင်း သတိပြုမိ၍ အောစ့်အခြေစိုက်စခန်းသို့ မသွားရောက်ခဲ့ပေ။ထို့အစားသူသည် ခြေလျင်တပ်သားများနှင့်ရိုင်ဖယ်တပ်သားများကို စစ်ဆေးရန် လူသားအခြေစိုက်စခန်း၌သာရှိနေခဲ့သည်။

ပထမဆုံးထုတ်လုပ်လိုက်သော ခြေလျင်တပ်သား၏ အသွင်အပြင်ကိုတွေ့မြင်ပြီးနောက် ရှောင်ယုစိတ်လှုပ်ရှားသွားခဲ့သည်။ထိုတပ်သားတွင် ထွားကြိုင်းသောခန္ဓာကိုယ်တည်ဆောက်ပုံရှိပြီး ကြီးမားသောဒိုင်းတစ်ခုနှင့်ဓားတစ်လက်အား ပိုင်ဆိုင်ထားခဲ့သည်။ထိုခြေလျင်တပ်သားသည် ရှောင်ယုရှေ့သို့ရောက်လာကာ နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် သခင်..."

ထိုခြေလျင်တပ်သားသည် အောစ့်စစ်သည်များလောက် မသန်မာသော်လည်း အရပ်ရှည်ပေသည်။ထိုတပ်သားသည် အရပ်၁.၈မီတာရှိပြီး ထွားကြိုင်းသန်မာသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရာ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးသည် ပထမတန်းစားဖြစ်ကြောင်း သေချာပေသည်။ရှောင်ယုက သူ့ရှေ့တွင်ရှိနေသော ခြေလျင်တပ်သား၏အဆင့်အတန်းသည် ယခုအချိန်ထိသူတွေ့ဖူးခဲ့သော သာမန်စစ်သားများထက်သာလွန်ကြောင်း တပ်အပ်ပြောနိုင်ပေသည်။

ခြင်္သေ့မြို့တွင်ရှိသော မြို့စောင့်တပ်သားများသည် သူ့ရှေ့တွင်ရပ်နေသော ခြေလျင်တပ်သားထက် အဆင့်တစ်ခုနိမ့်ကျပေသည်။သို့သော်လည်း နောက်အခိုက်အတန့်တွင် ခြေလျင်တပ်သားကိုင်ဆောင်ထားသည့် ဒိုင်းနှင့်ဓားတို့ကို သေချာဂရုတစိုက်စစ်ဆေးပြီးနောက် ရှောင်ယု၏ပါးစပ်သည် မဲ့ရွဲ့သွားခဲ့သည်။

"သေစမ်း...ဓားပြတွေအသုံးပြုတဲ့ ချပ်ဝတ်တန်ဆာနဲ့ ဒိုင်းတွေကတောင်မှ ဒါထက်အရည်အသွေးကောင်းရင်ကောင်းနေဦးမယ်...ဒိုင်းကိုကြည့်ပါအုံး...သစ်သားပြားကြီးတစ်ခုကို သံကွပ်ထားတဲ့အတိုင်းပဲ...ဓားကျတော့လည်း သတ္တုအပိုင်းအစတစ်ခုထက်မပိုဘူး...ကာရီရဲ့တပ်ကနေ သိမ်းဆည်းထားတဲ့ ဓားနဲ့ချပ်ဝတ်တန်ဆာတွေတောင် ဒီထက်အရည်အသွေးကောင်းအုံးမယ်"

ရှောင်ယုသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချမိလိုက်သည်။ထိုလက်နက်ချပ်ဝတ်များအတွက် ပေးဆောင်ရမယ့်များပြားသောကုန်ကျစရိတ်က သူ၏နှလုံးသားကိုရိုက်ခတ်နေခဲ့သည်။

ထို့နောက် ရှောင်ယုသည် ခြေလျင်တပ်သားများအတွက် ချပ်ဝတ်တန်ဆာများ ၊ ဒိုင်းများနှင့်ဓားများကို ထုတ်လုပ်ရန်အတွက် ပန်းပဲဆိုင်အားအမိန့်ပေးခဲ့သည်။သို့သော် ခြေလျင်တပ်သားတစ်ယောက်ကို လက်နက်ကရိယာအပြည့်အဝတပ်ဆင်ရန် ကုန်ကျစရိတ်သည် အောစ့်စစ်သည်တစ်ယောက်ထက် နှစ်ဆခန့်များပြားနေ၍ ရှောင်ယုအံ့သြသွားရသည်။

အကြောင်းရင်းမှာ အောစ့်များ၏ချပ်ဝတ်တန်ဆာများသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းများကိုသာ ကာကွယ်ပေးသော်လည်း ခြေလျင်တပ်သားတစ်ယောက်၏ချပ်ဝတ်တန်ဆာသည် ခန္ဓာကိုယ်တစ်ခုလုံးအား ကာကွယ်ပေးထားကာ ပိုမိုလက်ရာမြောက်ပေသည်။ထို့ကြောင့် ရှောင်ယုသည် ခြေလျင်တပ်သားများကိုထုတ်လုပ်မယ့် သူ၏အကြံအစည်ကို နောင်တရရှိခဲ့သည်။ဤအကြောင်းကို ကြိုတင်သိရှိပါက သူသည်အောစ့်စစ်သည်များကိုသာ ထုတ်လုပ်ရန်ရွေးချယ်မှာဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည်ခြေလျင်တပ်သား ၁၀၀ကိုသာထုတ်လုပ်ရန် အမိန့်ပေးခဲ့လေသည်။ထိုသို့မဟုတ်ပါက ခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာတန်ဖိုးသည် ရွှေပြား၂၀၀၀၀၀ကို အလွယ်တကူကျော်လွန်သွားနိုင်သည်။

တစ်ချိန်တည်းမှာပင် ရိုင်ဖယ်သမားတစ်ဦးကလည်း စစ်တန်းလျားမှထွက်လာခဲ့သည်။ရှောင်ယုသည် လူပုလေးကိုကြည့်ပြီး အနည်းငယ်ရယ်ချင်သလိုခံစားလိုက်ရသည်။ထိုလူပုလေး၏ မုတ်ဆိတ်မွှေးသည် မြေပြင်ကိုပင် ထိလုနီးပါးဖြစ်နေပြီဖြစ်သည်။ထိုလူပုလေးသည် သူ၏ရိုင်ဖယ်သေနတ်ကို ကောက်မလိုက်ပြီး ရှောင်ယုရှေ့မတ်တပ်ရပ်လိုက်ကာ အော့စစ်သည်များထက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တွေ့ရတာဝမ်းသာတယ်ဆရာ...မင်းဆီမှာဝိုင်ကောင်းကောင်းရှိလား..."

လူပုလေးအား ပထမဆုံးမြင်တွေ့လိုက်ရချိန်တွင် ရှောင်ယု၏အမြင်သည် အလွန်ကောင်းမွန်ပေသည်။သို့သော် ထိုလူပု၏မေးခွန်းကြောင့် ရှောင်ယုကသူ့ဖင်အား ပိတ်ကန်လိုက်သည်။

"မင်းရဲ့ရိုင်ဖယ်နဲ့ အဲ့ဒီသစ်ပင်ကိုမှန်အောင်ပစ်စမ်းပါ...ငါမင်းအစွမ်းကိုကြည့်ချင်တယ်..."

ရှောင်ယုသည် နတ်သူငယ်လေးသမားများနှင့် နှိုင်းယှည်ပါက ရိုင်ဖယ်သမား၏တိကျမှုနှင့် ဖျက်ဆီးနိုင်စွမ်းအတိအကျကိုသိရှိလို၍ စမ်းသပ်ပစ်ခတ်ခိုင်းခဲ့သည်။

လူပုသည် သူ၏တင်ပါးကို အကန်ခံလိုက်ရသော်လည်း စိတ်ဆိုးပုံမရဘဲ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ဆရာ..."

လူပုသည် သူလွယ်ထားသောလွယ်အိတ်ငယ်လေးထဲက ဘောလုံးအသေးလေးတစ်ခုက်ို ဆွဲထုတ်လိုက်သည်။ထို့နောက် လူပုလေးသည် ဘောလုံးကို ရိုင်ဖယ်အတွင်းသို့ထိုးထည့်လိုက်ပြီး ယမ်းမှုန့်များကိုထပ်ထည့်လိုက်ကာ ရှောင်ယုညွန်ပြသော သစ်ပင်ကိုချိန်လိုက်သည်။

ဘန်း...

ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်လာခဲ့ပြီး သစ်ပင်၏နံဘေးရှိ ကျောက်တုံးပေါ်၌ အပေါက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဆရာ...လောလောဆယ် ငါ့အဆင့်ကတော်တော်လေးနိမ့်နေသေးတယ်..အဲ့ဒါကြောင့် ငါ့ရဲ့ပစ်ချက်တွေက သိပ်ပြီးမတိကျဘူး..."

လူပုလေးသည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ရာ ရှောင်ယုအနည်းငယ်အံ့သြသွားရသည်။ထိုကောင်သည် ရိုင်ဖယ်သေနတ်ကို သစ်ပင်ထံချိန်ရွယ်ခဲ့သော်လည်း နံဘေးရှိကျောက်တုံးကိုသာ ထိမှန်ခဲ့သည်။သို့သော် ထိုလူပုသည် အလွန်ရိုးသားစွာဖြင့် သူ၏ပြသနာကိုဝန်ခံခဲ့သည်။

"ရတယ် ကိစ္စမရှိဘူး.."

အစောပိုင်းတွင် ရှောင်ယုသည် လူပုလေး၏ပစ်ခတ်မှုကိုတွေ့မြင်ပြီးနောက် ၎င်း၏မှားယွင်းသော ချိန်ရွယ်မှုကိုလက်မခံနိုင်ခဲ့ပေ။သို့သော် မကြာမှီ ၎င်းသည်စနစ်မှပေးသော အားသာချက်များနှင့် အားနည်းချက်များ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း နားလည်လာခဲ့သည်။ရိုင်ဖယ်၏အစွမ်းသည် အားကောင်းသော်လည်း တိကျမှုအပိုင်းနိမ့်ပါးပေသည်။သို့သော် အဆင့်မြင့်လာသည်နှင့်အမျှ ရိုင်ဖယ်သမားများသည် ရန်သူများ၏ဗိုလ်ချုပ်ကို ချောင်းမြောင်းပစ်ခတ်နိုင်ပေသည်။

သို့သော် ရိုင်ဖယ်သမားများ၏ အကြီးမားဆုံးသော အားနည်းချက်မှာ ၎င်း၏ပြင်ဆင်ချိန်သည် အလွန်ပင်နှေးကွေးခြင်းဖြစ်သည်။လေးပစ်သမားတစ်ဦးသည် အရှိန်နှုန်းဖြင့်ပစ်ခတ်ရာတွင် လူပုရိုင်ဖယ်သမားထက် အနည်းဆုံးလေး ငါးဆခန့်ပိုမြန်ပေသည်။ထို့ပြင် ဤလူပုများအသုံးပြုသောရိုင်ဖယ်သည် လူသားများ၏သမိုင်းတွင်ရှေးအကျဆုံးသော ရိုင်ဖယ်အမျိုးအစားဖြစ်သည်။ရှောင်ယုသည် ၎င်းတို့ကိုင်ဆောင်သော ရိုင်ဖယ်များကို အဆင့်မြင့်တင်နိုင်ကြောင်း သတိထားမိသော်လည်း သူတို့အားအဆင့်မြင့်တင်နိုင်သည့် သတ်မှတ်ချက်များကိုမသိခဲ့ပေ။အကယ်၍ သူသာ AK-47ကဲ့သို့ အဆင့်မြင့်ရိုင်ဖယ်သေနတ်များကို တီထွင်နိုင်ခဲ့ပါက သူသည်ရိုင်ဖယ်တပ်သားများ၏အကူအညီဖြင့် ကမ္ဘာကြီးအား လွယ်ကူစွာအုပ်စိုးနိုင်မှာဖြစ်သည်။

"ရိုင်ဖယ်သေနတ်တွေကို နည်းနည်းတော့အဆင့်မြင့်ပေးရမယ်"

ရှောင်ယု၏နှလုံးသားသည် နာကျင်သွားသော်လည်း သူ့ထံတွင် ပိုက်ဆံအများကြီးရှိနေ၍ သိပ်ပြီးဂရုမစိုက်ပေ။

ခြေလျင်တပ်သားများနှင့်ရိုင်ဖယ်သမားများ၏ ကနဦးပုံစံသည် ချို့ယွင်းချက်မျိူးစုံဖြင့် ပြည့်နှက်နေသော်လည်း အချို့သောကိစ္စများ၌ သူတို့သည် အလွန်ပင်အသုံးဝင်ပေသည်။

ထို့နောက်ရှောင်ယုသည် နတ်သူငယ်များအတွက်လည်း ချပ်ဝတ်တန်ဆာများကို ဝယ်ယူခဲ့ရသေးသည်။လူသားများသို့မဟုတ် အောစ့်စစ်သည်များထက် နတ်သူငယ်များအား ပိုမိုကောင်းမွန်သော ချပ်ဝတ်တန်ဆာများ ဆင်ယင်ပေးရန်မှာ အရေးကြီးပေသည်။အဘယ်ကြောင့် ဆိုသော်နတ်သူငယ်များ၏ခန္ဓာကိုယ်သည် အလွန်အားနည်း၍ ဓားတစ်ချက်ထိုးရုံဖြင့် သတ်ဖြတ်နိုင်၍ဖြစ်သည်။

အစောပိုင်းတွင် ရှောင်ယုသည် တိုင်ရန်ဒီနှင့်အတူ ထိုပြသနာအား ဆွေးနွေးရန်ကြိုးစားခဲ့ပြီး နတ်သူငယ်များ၏ သားရေချပ်ဝတ်တန်ဆာများကို ပိုမိုအရည်အသွေးကောင်းမွန်သော ချပ်ဝတ်တန်ဆာများနှင့်လဲလှယ်ရန် ကြိုးပမ်းခဲ့သည်။သို့သော် တိုင်ရန်ဒီသည် သူ၏ဆွေးနွေးမှုအား အလေးမထားခဲ့ပေ။ထိုချပ်ဝတ်တန်ဆာများကို ညစ်ပတ်သောအောစ့်များနှင့် လူသားများသာဝတ်ဆင်နိုင်ပြီး သူတို့ကဲ့သို့မြင့်မြတ်သော နတ်သူငယ်များက ဝတ်ဆင်မှာမဟုတ်ပေ။

တိုင်ရန်ဒီ၏စကားကိုကြားပြီးနောက် ဂရင်းသည်အလွန်ဒေါသထွက်သွားခဲ့ပြီး တိုင်ရန်ဒီအားတိုက်ခိုက်ရန် သူ၏ဓားကိုဆွဲထုတ်ခဲ့သည်။ထို့ကြောင့် ရှောင်ယုသည် အလောတကြီးဖြင့် ဂရင်းအားတားဆီးခဲ့ရသည်။

မှော်ကဝေ အန်တိုနီဒက်စ်သည်ပင် တိုင်ရန်ဒီအား မကျေမနပ်ဖြစ်ခဲ့သော်လည်း ဂရင်းလောက်ဒေါသမထွက်ခဲ့ပေ။သို့သော် အန်တိုနီဒက်စ်သည် အဆင့်နိမ့်နေသေးသည့်အတွက်ကြောင့် ယခုလိုခေါင်းငုံ့ခံနေခြင်းဖြစ်ပြီး လုံလောက်သောခွန်အားကိုရရှိလာပါက သူ၏အစွယ်ကိုထုတ်ပြလာမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။

ထိုသည်တောင်မှ လက်ရှိအချိန်၌ တိုင်ရန်ဒီအားဖျောင်းဖျရန် မဖြစ်နိုင်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။နတ်သူငယ်များသည် သူတို့၏နေထိုင်ပုံအပေါ် အလွန်ပင်မြင့်မြတ်စွာတွေးတောဆင်ခြင်တတ်ကြသည်။

ဤသို့ဖြင့် ရှောင်ယုသည် နတ်သူငယ်များ၏ သံချပ်ကာများနှင့် လက်နက်များကို အဆင့်မြင့်တင်ရန်အတွက် ငွေကြေးများစွာကိုသုံးစွဲခဲ့ရသည်။ဤသို့ဖြင့် နတ်သူငယ်များ၏ချပ်ဝတ်တန်ဆာများကို သားရေများဖြင့်သာပြုလုပ်ထားဆဲဖြစ်သော်လည်း ၎င်း၏ခုခံအားသည် များစွာတိုးတက်လာခဲ့သည်။

တိုင်ရန်ဒီ၏လေးနှင့်မြှားကို အဆင့်မြင့်တင်ပြီးနောက်တွင် သူတို့၏တိုက်ခိုက်မှုအကွာအဝေးသည် များစွာတိုးတက်လာခဲ့သည်။ထိုသို့အဆင့်မြင့်တင်မှုများကို ပြုလုပ်ပြီးနောက်တွင် သူ၏ရွှေပြား၂၀၀၀၀၀သည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း ရှောင်ယုသိလိုက်ရသည်။

ထိုမတိုင်မှီ ရှောင်ယုသည် လူသားပန်းပဲဆိုင် ၊ နတ်သူငယ်မုဆိုးခန်းမနှင့် စျေးအရောင်းဆိုင်တို့ကို တည်ဆောက်ခဲ့သည်။ရှောင်ယုသည် ပြင်းထန်စွာ ဒဏ်ရာရနေသော စစ်သားများကိုကုသရန်အတွက် အရောင်းဆိုင်မှ ဆေးများဝယ်ယူရန်စီစဉ်ခဲ့သည်။အဆုံးသတ်တွင် ကာရီနှင့်နောက်ဆုံးစစ်ပွဲ၌ ခြင်္သေ့မြို့အားကာကွယ်ရင်း ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့သော အောစ့်စစ်သည်များသည် မြေကျင်းများ၌အနားယူနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေ စျေးအရောင်းဆိုင်၌ ရောင်းချသောပစ္စည်းများကို အဆင့်တစ်ခုဖြင့် ကန့်သတ်ထားကြောင်း တွေ့ရှိလိုက်ရ၍ ရှောင်ယုအံ့သြသွားရသည်။လက်ရှိအချိန်တွင် သူသည်ဆေးနှစ်မျိုးကိုသာ ဝယ်ယူနိုင်သည်။ထိုဆေးနှစ်မျိုးမှာ အနာကျက်ဆေးနှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးဖြစ်သည်။

သို့သော် ဝယ်ယူမှုတစ်ခုပြီးနောက် နောက်ထပ်တစ်ခါထပ်ဝယ်ရန် အချိန်တစ်ခု စောင့်ဆိုင်းရပေသည်။သူသည် လက်ရှိအချိန်၌ တစ်နေ့လျှင် အနာကျက်ဆေး၁၀ပုလင်းနှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ၁၀ပုလင်းကိုသာဝယ်ယူနိုင်သည်။ထို့ကြောင့် ရှောင်ယုသည် အနာကျက်ဆေး ၁၀ပုလင်းကိုဂရင်းထံသို့ လွဲပြောင်းပေးရင်း စနစ်အားအပြစ်တင်နေခဲ့သည်။

သို့သော် အနာကျက်ဆေးအား ဒဏ်ရာပြင်းထန်စွာရရှိနေသော အောစ့်စစ်သည်၏ ခန္ဓာကိုယ်အနှံ့ဖြန်းပက်ပေးလိုက်ပြီးနောက် ဒဏ်ရာများသည် မျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် ပြန်လည်သက်သာကောင်းမွန်လာကြောင်း တွေ့မြင်လိုက်ရ၍ ရှောင်ယု၏မကျေနပ်ချက်များ ပျောက်ကွယ်သွားခဲ့သည်။ဒဏ်ရာများ သက်သာပျောက်ကင်းပြီးနောက် အောစ့်စစ်သည်သည် အနည်းငယ်အားနည်းနေသေးသော်လည်း ပြဿနာများစွာမရှိပေ။

"ဟားဟား...ဒါက သေချာပေါက်ကိုနတ်ဆေးတစ်လက်ပဲ...သူတို့ကိုသာ ရောင်းချလိုက်ရင် ပိုက်ဆံအများကြီးရလိမ့်မယ်..."

ရှောင်ယုကစိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။

အဆုံးသတ်တွင် ရှောင်ယုသည် လျှို့ဝှက်အဆောက်အဦးကိုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။သို့သော် ထိုအဆောက်အဦးမှ သူဝယ်ယူနိုင်သော ပစ္စည်းများသည် မျိုးနွယ်စုအသီးသီးဖြင့် သက်ဆိုင်၍ ကမ္မကုသိုလ်မှတ်အား အသုံးပြုတည်ဆောက်ရကြောင်း စနစ်မှသူ့အားရှင်းပြလာခဲ့၍ ရှောင်ယုဒေါသပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။

ထိုအဆောက်အဦးကိုတည်ဆောက်ပြီးနောက် ရှောင်ယုထံ၌ ကမ္မကုသိုလ်မှတ် ၂၀၀၀ကျော်ကျန်ရှိခဲ့သည်။ကာရီသည် ခြင်္သေ့မြို့အား နောက်တစ်ကြိမ်လာရောက်တိုက်ခိုက်ပါက လက်နက်ကြီးများကို ယူဆောင်လာမည်ဖြစ်၍ ရှောင်ယုသည် အောစ့်များ၏ဖြိုဖျက်သူများနှင့် နတ်သူငယ်များ၏ လှံပစ်စက်များကို ဝယ်ယူရန်ပြင်ဆင်ခဲ့သည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ရှောင်ယုသည် နတ်သူငယ်များ၏ လှံပစ်စက်ကိုသာဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။လှံပစ်စက်ဟုသာဆိုသော်လည်း ၎င်းသည် လခြမ်းပုံသဏ္ဍာန် လှည်ပတ်နေသော ဓားစက်ဝိုင်းကို ထည့်သွင်းပစ်ခတ်ရခြင်းဖြစ်သည်။လှံပစ်စက်သည် တစ်ချက်ပစ်ခတ်ရုံဖြင့် ရန်သူစစ်သားအုပ်စုကို ခွဲထုတ်ပစ်နိုင်ကာ ရန်သူများ၏တိုက်ခိုက်လိုစိတ်အား ရိုက်ချိုးပစ်နိုင်သည်။

အကယ်၍ ရှောင်ယုကသာ ထိုကဲ့သို့လှံပစ်စက် ၁၀၀ခန့်အားဝယ်ယူ၍ ခြင်္သေ့မြို့ရိုးပေါ်တင်ထားလိုက်ပါက ကာရီ၏စစ်တပ်ကို အလွန်လွယ်ကူစွာဖြိုခွဲနိုင်မှာဖြစ်သည်။

သို့သော် သူ့ထံ၌ ငွေကြေးမလုံလောက်တော့၍ လှံပစ်စက်နှစ်ခုကိုသာ ဝယ်ယူနိုင်ခဲ့သည်။ထို့ပြင် လက်ရှိအချိန်၌ စနစ်မှချမှတ်ထားသော ကန့်သတ်ချက်များအရ ဖြိုဖျက်သူနှင့်လှံပစ်စက်တို့ကဲ့သို့ လက်နက်ကြီးများကို ဆယ်ခုထက်ပို၍မရရှိနိုင်သည့်အတွက်ကြောင့် ရှောင်ယုသည် စနစ်နှင့်အချိန်အတော်ကြာ ဆွေးနွေးခဲ့ရသည်။

အဆုံးသတ်တွင် လှံပစ်စက်၏ ပစ်ခတ်မှုအား တွေ့မြင်ပြီးနောက် ရှောင်ယုသည် အံ့သြမှင်တက်သွားခဲ့သည်။အောစ့်စစ်သည်များသည် ပေါင်၆၀ခန့် အလေးချိန်ရှိသော ဓားစက်ဝိုင်းကို လှံပစ်စက်၏အစွန်း၌ တင်ထားလိုက်ပြီး ပစ်ခတ်ရန်အတွက်လိုအပ်သောချိန်ညှိချက်များကို ပြုလုပ်ခဲ့သည်။

ဝှီးးး....

ဓားစက်ဝိုင်းသည် လှံပစ်စက်မှထွက်ခွာလာပြီးနောက် မီတာ၅၀အတွင်းရှိ သစ်ပင်တန်း၃တန်းလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်...ဒါကပထမအဆင့်ပဲ ရှိသေးတယ်...ခုထက်အဆင့်မြင့်လာရင် ပိုပြီးအထင်ကြီးစရာကောင်းအောင် လုပ်ဆောင်နိင်လိမ့်မယ်..."

ရှောင်ယုသည် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များစီးကျလာခဲ့သည်။သူ့ထံတွင် ယခုလိုလှံပစ်စက် ၁၀ခုခန့်ရှိရုံဖြင့် ကာရီ၏စစ်တပ်ကို နောက်ထပ်တစ်ကြိမ် တွန်းလှန်နိုင်မှာဖြစ်သည်။

အခန်း ၂၆ - ရန်သူဘက်မှစစ်အင်အားများ

ရှောင်ယုသည် လှံပစ်စက်၏အစွမ်းကို စမ်းသပ်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။အနာဂတ်တွင် လှံပစ်စက်များ အရေအတွက်တိုးမြင့်လာသည်နှင့်အမျှ သူ့တပ်ဖွဲ့များ၏အင်အားသည်လည်း တိုးမြင့်လာမှာဖြစ်သည်။ခေတ်သစ်ကမ္ဘာမှ လူတစ်ဦးအနေဖြင့် လက်နက်ကြီးများ၏ အရေးပါပုံကို ရှင်းရှင်းလင်းလင်းသိရှိထားခဲ့သည်။

"ဒါပေမဲ့ လောလောဆယ်အခြေအနေအရ ငါ့ဆီမှာ လှံပစ်စက်နှစ်ခုကိုထုတ်လုပ်ဖို့ပဲ ပိုက်ဆံရှိတယ်...ကျန်တာတွေကို ငါဘယ်နားကရှာရမှာလဲ"

ရှောင်ယုသည် ယခုအချိန်၌ ငွေရှာရန်တွေးတောနေဆဲဖြစ်သည်။နတ်သူငယ်များ၏ လှံပစ်စက်တစ်ခုစီသည် ရွှေပြား၁၀၀၀၀ စီကုန်ကျပေသည်။ဓားပြစခန်းမှ ရှောင်ယု လုယက်လာခဲ့သော စည်းစိမ်ဥစ္စာများ၏ တစ်စိတ်တစ်ပိုင်းအား အိမ်တော်ထိန်းဟောင်ထံအပ်နှံကာ ခြင်္သေ့မြို့အား ပြင်ဆင်စေခဲ့သည်။

ခြင်္သေ့မြို့သည် ယခုလိုများပြားလှသော ငွေကြေးပမာဏကို မရရှိသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အိမ်တော်ထိန်းဟောင်သည် သဘာဝကျစွာပင်ပျော်ရွှင်နေမိသည်။ရှောင်ယုသည် အိမ်တော်ထိန်းဟောင်အား ရွှေပြားများကိုမပေးအပ်ခဲ့သော်လည်း သူယူဆောင်လာသည့် အဖိုးတန်ပစ္စည်းများသည် ရွှေပြား ၁၀၀၀၀၀ခန့်တန်ကြေးရှိပေသည်။

ထို့ပြင် ဓားပြစခန်းမှပြောင်းရွေ့လာသူများကြောင့် ခြင်္သေ့မြို့၏နေထိုင်သူ အရေအတွက်တိုးမြင့်လာခဲ့သည်။ယခင်ဖြစ်ပျက်ခဲ့သည့် စစ်ပွဲများနှင့် စစ်မှုထမ်းများအဆက်မပြတ်ခေါ်ယူနေရမှုကြောင့် လူအများအပြားသည် ခြင်္သေ့မြို့မှထွက်ပြေးခဲ့ကြသည်။

"သခင်လေး...မင်းပြန်လာပြီလား..."

အိမ်တော်ထိန်းဟောင်သည် ရှောင်ယုအားရွှင်မြူးစွာ နှုတ်ဆက်လိုက်သည်။သူ၏လေသံသည် ယခင်ကလိုအေးစက်ခြင်းမရှိတော့ပေ။

ရှောင်ယုလည်း ပေါ့ပေါ့ပါးပါးပြုံးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ်....ဦးလေးဟောင် ဒါနဲ့ဦးလေးဟွေ့ကဘယ်မှာလဲဆိုတာ သိလား..."

အိမ်တော်ထိန်းဟောင်သည် လေ့ကျင့်ရေးကွင်းကို ချက်ချင်းညွန်ပြလိုက်သည်။

"ကပ္ပတိန်ဟွေ့က စစ်သားအသစ်တွေကို လေ့ကျင့်ပေးနေတယ်...နောက်ဆုံးတိုက်ပွဲကို အောင်နိုင်ပြီးကတည်းက ကပ္ပတိန်ဟွေ့ဟာ စစ်သည်အသစ်တွေ အမြောက်အများစုဆောင်းနိုင်ခဲ့တဲအတွက် သူတို့ကိုသေချာလေ့ကျင့်ပေးနေတယ်"

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး အိမ်တော်ထိန်းဟောင်ကို တောင်းဆိုလိုက်သည်။

"အိမ်တော်ထိန်းဟောင်...ခုတလော ငါအလုပ်တော်တော်ရှုပ်နေလို့ မြို့မှာမနေနိုင်ဘူး...တစ်ခုခုအကူအညီလိုရင် ငါ့အစ်မတွေကိုမေးပါ"

"စိတ်ချပါ သခင်လေး..."

အိမ်တော်ထိန်းဟောင်သည် အထွန့်မတက်ဘဲ လက်ခံလိုက်သည်။

ရှောင်ယုသည် အိမ်တော်ထိန်းဟောင်အား တွေ့ဆုံပြီးနောက် လေ့ကျင့်ရေးကွင်းဆီ လျှောက်လှမ်းလာခဲ့သည်။ထိုနေရာတွင် ကပ္ပတိန်ဟွေ့သည် အသစ်စုဆောင်းထားသော စစ်သား၅၀၀ကျော်ကို ကွဲပြားခြားနားသော တိုက်ခိုက်မှုနှင့်ကာကွယ်မှုပုံစံများအား လေ့ကျင့်ပေးနေခဲ့သည်။

နောက်ဆုံးစစ်ပွဲကြောင့် ခြင်္သေ့မြို့ခံလူများသည် ရှောင်ယုအား ပိုမိုယုံကြည်လာကြပြီး စစ်တပ်ထဲသို့ ဝင်ရောက်လိုသောလူငယ်များ တဖြည်းဖြည်းပိုများလာခဲ့သည်။

ခြင်္သေ့မြို့တွင်နေထိုင်သူများသည် နှစ်ပေါင်းများစွာကြာအောင် အဆက်မပြတ် ဖြစ်ပျက်နေခဲ့သည့် စစ်ပွဲများကြောင့် အခြေအနေမကောင်းကြပေ။ထို့ကြောင့် ရှောင်ယုသည် ခြင်္သေ့မြို့ရှိလူတိုင်းအား အခွန်ရှောင်ရန် သုံးနှစ်တိတိပေးအပ်ခဲ့သည်။ထိုအချိန်က ရှောင်ယု၏ဆုံးဖြတ်ချက်ကြောင့် အိမ်တော်ထိန်းဟောင်နှင့် ကပ္ပတိန်ဟွေ့တို့သည် ဒေါသထွက်သွားခဲ့ရသည်။မြို့နေလူထုဆီမှ အခွန်ဝင်ငွေမရရှိပါက သူတို့သည် စစ်တပ်နှင့်စီမံခန့်ခွဲရေးတို့အား ပံ့ပိုးပေးနိုင်မှာမဟုတ်ပေ။

သို့သော် ရှောင်ယုသည် ဓားပြစခန်းများကို လုယက်ပြီးနောက် ရရှိလာသောအဖိုးတန်ပစ္စည်းများကို ခြင်္သေ့မြို့ထံအပ်နှံခဲ့၍ ခြင်္သေ့မြို့ရင်ဆိုင်နေရသော ဘဏ္ဍာရေးဖိအားကို ယာယီဖြေလျော့ပေးရန် လုံလောက်ခဲ့သည်။

ထို့ကြောင့် ရှောင်ယုသည် နယ်မြေဘဏ္ဍာရေးပြသနာအားဖြေရှင်းရန်အတွက် ရိုးရှင်းသောနည်းဗျူဟာကိုအသုံးပြုကာ ဓားပြများကိုဖျက်ဆီးရန် ဆုံးဖြတ်ထားခဲ့သည်။ရှောင်ယု၏အမြင်တွင် ဓားပြများသည် သူ၏ပိုင်နက်နယ်မြေအတွင်း၌ သူ၏စည်းစိမ်ဥစ္စာများအား လုယက်နေ၍ သူပိုင်ဆိုင်သောအရာများအား ပြန်လည်လုယက်ခြင်းသည် မှားယွင်းခြင်းမရှိပေ။

ထို့ပြင် သူ၏အော့စ်စစ်သည်များ ၊ လူသားများနှင့် လူပုများ ၊ နတ်သူငယ်များ၏ စစ်ကိရိယာများကို အဆင့်မြင့်တင်ရန် ငွေကြေးအမြောက်အများလိုအပ်သောကြောင့် နယ်မြေအတွင်းရှိဆိုးရွားသော ဓားပြများကိုဖယ်ထုတ်ရန်မှလွဲ၍ အခြားသောရွေးချယ်စရာမရှိခဲ့ပေ။

ရှောင်ယု၏ခန့်မှန်းချက်အရ သူ၏နယ်မြေအတွင်းရှိ ဓားပြအုပ်စုများအားလုံးထံမှ ရွှေပြားနှင့်အဖိုးတန်ပစ္စည်းများကို ရရှိခဲ့လျှင် သူ၏နယ်မြေဘဏ္ဍာရေးသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင့်တင်းခိုင်မာနေမှာဖြစ်သည်။

...

...

"သခင်လေး..."

ကပ္ပတိန်ဟွေ့သည် ရှောင်ယုအားတွေ့မြင်သည်နှင့် လေးလေးစားစားနှုတ်ဆက်လိုက်သည်။

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဟန့်တားလိုက်သည်။

"ဦးလေးဟွေ့...ငါတို့ကမိသားစုဝင်အချင်းချင်းပဲ...မင်းဒီလိုလုပ်စရာမလိုပါဘူး...မင်းနဲ့ဦးလေးဟောင်တို့ဟာ ငါတို့ရှောင်မိသားစုကို ကျေးဇူးအများကြီးရှိတာမို့ ဒါမျိုးနောက်တစ်ကြိမ်ထပ်မလုပ်နဲ့တော့...."

ကပ္ပတိန်ဟွေ့သည် ရှောင်ယု၏ဟန့်တားမှုကိုကြားသောအခါ သူ၏မျက်နှာပေါ်၌ လေးနက်သောအမူအရာများဖြစ်ပေါ်လာပြီး ခေါင်းယမ်းမိလိုက်သည်။

"သခင်လေး...မင်းကဒီနယ်မြေရဲ့အရှင်သခင်ပဲဖြစ်လို့ ငါဘယ်လိုနည်းနဲ့မှကို မလေးမစားမဆက်ဆံနိုင်ဘူး...ငယ်ရွယ်စဉ်ကတည်းကနေ ငါတို့မျက်စိရှေ့မှာကြီးပြင်းလာတဲ့ သခင်လေးဟာ ခုဆိုရင် ဒီနယ်မြေရဲ့အရှင်သခင်ဖြစ်နေပြီ...ငါဟာအရင်သခင်ဟောင်းကို အမြဲတမ်းလေးစားတဲ့အတွက် သူ့ရဲ့ဆက်ခံသူဖြစ်တဲ့ သခင်လေးကို ဒီလိုဆက်ဆံတာပုံမှန်ပါဘဲ"

ရှောင်ယုသည် ကပ္ပတိန်ဟွေ့၏ မျက်နှာပေါ်ရှိလေးနက်သော အမူအရာတို့ကို သတိထားမိလိုက်ချိန်တွင် ထိုလူကြီးသည်ရှေးရိုးစွဲလူတစ်ယောက်ဖြစ်ကြောင်း နားလည်လိုက်၍ ထိုအကြောင်းကိုထပ်မံအစဆွဲမထုတ်တော့ပေ။

ကာရီနဲ့ပတ်သက်တဲ့ သတင်းကော ဘာတွေရထားလဲ ဦးလေးဟွေ့"

ရှောင်ယုက မေးမြန်းလိုက်သည်။

ရှောင်ယု၏မေးခွန်းကိုကြားသည်တွင် ကပ္ပတိန်ဟွေ့၏မျက်ခုံးများ ပင့်တက်လာခဲ့သည်။

"အခြေအနေကတော့ သိပ်ပြီးမကောင်းလှဘူး...ဒီအတောအတွင်း သတင်းစုံစမ်းဖို့အတွက် ကာရီရဲ့နယ်မြေကို ငါလူအချို့စေလွှတ်ခဲ့တယ်....ကာရီဟာ သူတိုက်ပွဲရှံးနိမ့်ခဲ့တဲ့အကြောင်းကို သူ့အဖေဆီတင်ပြတော့ သူ့အဖေက အရမ်းဒေါသထွက်သွားပြီး ကာရီကိုအပြစ်ပေးဖို့လုပ်တယ်...ဒါပေမဲ့ ကာရီဆိုတဲ့ကောင်က ငါတို့ဆီမှာထောင်နဲ့ချီတဲ့ အောစ့်စစ်သည်တွေ ရှိနေတယ်ဆိုပြီး လိမ်လည်တင်ပြတာကြောင့် ကာရီရဲ့အဖေဟာ အပြစ်မပေးတော့ဘဲ ခြင်္သေ့မြို့ကိုနောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကာရီကိုတပ်ဖွဲ့တွေထပ်ပြီးစေလွှတ်ပေးထားတယ်"

ရှောင်ယုသည် အံ့သြပုံမရဘဲ နောက်ထပ်မေးမြန်းလိုက်သည်။

"ဒါဆိုရင် သူ့မှာတပ်သားဘယ်လောက်စုဆောင်းထားတာလဲ...ခြင်္သေ့မြို့ကို ဘယ်အချိန်လောက်သူရောက်နိုင်မလဲ..."

ကပ္ပတိန်ဟွေ့သည် စိတ်မသက်မသာဖြစ်နေပုံရကာ ရှောင်ယုအား အချက်အလက်အပြည့်အစုံကို တင်ပြလိုက်သည်။

"ဒီတစ်ခေါက်တော့ သူ့အဖေက ကာရီကိုတပ်သား၂၀၀၀၀နဲ့ သူရဲကောင်း၁၂ယောက်ကို ပေးအပ်ထားတယ်လို့သတင်းရတယ်....ဒါ့အပြင် သူရဲကောင်းတွေထဲမှာ ဒုတိယအဆင့်စစ်သည်တော်တစ်ေယောက်နဲ့ မှော်ဆရာလေးယောက်တောင်ပါတယ်လို့သိရတယ်...လောလောဆယ်မှာတော့ ကာရီဟာ မြို့သိမ်းစစ်ဆင်ရေးအတွက် တပ်တွေကိုစတင်လေ့ကျင့်ပေးနေတယ်...သူဒီကိုတစ်လလောက်ကြာရင် ရောက်လာလိမ့်မယ်"

ရှောင်ယုသည် ကပ္ပတိန်ဟွေ့၏စကားကိုနားထောင်ပြီး ပြုံးလိုက်မိသည်။

"တစ်လအတွင်း ဒီကိုရောက်လာခဲ့ရင် သူတို့ကိုကြောက်နေစရာမလိုဘူး..."

"သခင်လေး...အောစ့်စစ်သည်တွေနဲ့ နတ်သူငယ်တွေက ကျနော်တို့ကိုကူညီပေးနေတယ်ဆိုရင်တောင်မှ တပ်သား၂၀၀၀၀ကို ငါတို့အနိုင်ယူနိုင်မှာမဟုတ်ဘူး..."

ကပ္ပတိန်ဟွေ့သည် သူစိုးရိမ်နေသောကိစ္စကို ထုတ်ပြောလိုက်သည်။

ရှောင်ယုသည် ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး ကပ္ပတိန်ဟွေ့အား နှစ်သိမ့်လိုက်သည်။

""စိတ်မပူပါနဲ့....မကြာသေးခင်ကပဲ လူပုနတ်ဘုရားက ငါ့ကိုဆက်သွယ်လာခဲ့ပြီး ကမ္ဘာကြီးကိုအုပ်စိုးရာမှာ အကူအညီပေးဖို့ လူပုတပ်ဖွဲ့ကိုစေလွှတ်ပေးမယ်လို့ ပြောခဲ့တယ်"

ကပ္ပတိန်ဟွေ့သည် ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် သူ့နားသူပင် မယုံကြည်နိုင်ဖြစ်သွားရသည်။

...

...

ထိုအချိန်တွင် ကာရီ၏စစ်တပ်သည် ခြင်္သေ့မြို့မှ မိုင်ရာချီဝေးကွာသောအရပ်တစ်ခု၌ လေ့ကျင့်ပြင်ဆင်နေကြသည်။

ကာရီသည် အမြင့်တစ်နေရာမှနေ၍ လေ့ကျင့်ပြင်ဆင်နေသော သူ၏စစ်တပ်ကို စစ်ဆေးရင် ကျေနပ်အားရနေခဲ့သည်။

"ဟမ့်...အောစ့်တွေနဲ့နတ်သူငယ်တွေရဲ့ အကူအည်ီကိုရထားတာနဲ့ပဲ...မင်းကိုငါအနိုင်မယူနိင်ဘူးလို့ထင်နေတာလား... ဒီတစ်ကြိမ်တော့ ငါ့ရဲ့အစွမ်းကိုထုတ်ပြပြီး မင်းရဲ့စုတ်ပြတ်နေတဲ့မြို့ကိုတက်နင်းပြမယ်"

ကာရီသည် ယခုတစ်ကြိမ်လာမည့်စစ်ပွဲတွင် သူအောင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိပေသည်။

ယခုတစ်ကြိမ်တွင် သူ၏အဖေသည် သူ့အားတပ်သား၂၀၀၀၀ပေးအပ်ခဲ့ကာ ဒါဇင်နှင့်ချီသောအစွမ်းထက်ကျွမ်းကျင်သူများနှင့် မှော်ဆရာလေးယောက်ကိုပေးအပ်ခဲ့သည်။ထို့ပြင် အမာခံခြေလျင်တပ်ဖွဲ့များကိုလည်း သူ၏စစ်တပ်တွင် ရယူထားခဲ့သည့်အတွက် ရက်စက်သောအောစ့်စစ်သည်များသည်ပင် အလွယ်တကူအနိုင်ယူနိုင်မည်မဟုတ်ပေ။ယခင်တစ်ကြိမ်တိုက်ပွဲကို သင်ခန်းစာယူပြီးနောက် ကာရီသည်ပိုမိုအားကောင်းသော မြို့သိမ်းလက်နက်များကိုပြင်ဆင်ထားပြီး အနိုင်ရရှိရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

"ဒီတစ်ကြိမ်တော့ ငါလုံးဝရှံးနိမ့်လို့မရတော့ဘူး...မြို့ကိုဝိုင်းရံဖို့အတွက် ပိုပြီးကောင်းမွန်တဲ့ နည်းဗျူဟာတွေကို ချမှတ်ထားရမယ်...တိုက်ပွဲပြီးရင် အဲ့အောစ့်တွေကို ငါ့ရဲ့ကျွန်အဖြစ်ခိုင်းစေပြီးတော့ နတ်သူငယ်တွေကိုတော့ ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် စေခိုင်းလိုက်မယ်"

ကာရီသည် ယုံကြည်မှုအပြည့်ဖြင့် ကျယ်လောင်စွာမြည်ကြွေးလိုက်သည်။

ထိုအချိန်တွင် သူ၏စစ်ရေးအကြံပေးက ကာရီ၏စစ်တပ်ကို ချီးကျူးလာခဲ့သည်။

"သခင်လေး...ဒီတပ်သား၂၀၀၀၀က အရမ်းကိုအားကောင်းတယ်...ခြင်္သေ့မြို့ကိုအသာထား သူတို့က ဝေမြို့တော်ကိုတောင် တိုက်ခိုက်နိုင်တယ်"

"ဟမ့်...ဝေမြို့တော်ဆိုတာ အနှေးနဲ့အမြန်ဆိုသလို ငါရဲ့ပိုင်ဆိုင်မှုဖြစ်လာမှာပါ...ပြီးရင်တော့ ဟွေမြို့တော်ကိုပါ သိမ်းပိုက်ပြီး ကိုယ်ပိုင်အင်ပါယာကို တည်ထောင်မယ်"

ကာရီသည် သူ၏အနာဂတ်အင်ပါယာအကြောင်းကို စိတ်ကူးယဉ်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။

အခန်း ၂၇ - ညတိုက်ပွဲ

ကာရီသည် အောစ့်စစ်သည်များကို ခံစစ်ဖွဲ့စည်းပုံကို ချိုးဖျက်ရန်အတွက် သူ၏စစ်သားများအား လေ့ကျင့်ပြင်ဆင်ပေးနေသော်လည်း သူသည်နောက်လာမယ့်တိုက်ပွဲအတွက် ပြင်ဆင်ထားရန် ရှောင်ယုအားအချိန်ပိုပေးနေကြောင်း မသိခဲ့ပေ။

ရှောင်ယုသည် ယခုအချိန်ထိ လူသားအခြေစိုက်စခန်းမှ ခြေလျင်တပ်သားများနှင့် ရိုင်ဖယ်တပ်သားတစ်သုတ်ကို ယခုချိန်ထိ အပြီးသတ်မထုတ်လုပ်နိုင်သေးပေ။ထို့ပြင် နတ်သူငယ်လှံပစ်စက်နှစ်ခုကိုသာ ထုတ်လုပ်နိုင်သေးသောကြောင့် ကာရီသာချက်ချင်းတိုက်ခိုက်ပါက အောင်နိုင်ရန်အခွင့်အလမ်းများပြားပေသည်။

ကာရီ၏နယ်မြေအတွင်းရှိ သူလျှိုများ၏သတင်းပေးပို့ချက်များအရ ကာရီ၏စစ်တပ်သည် တစ်လအတွင်းခြင်္သေ့မြို့အား တိုက်ခိုက်လာမည်ဖြစ်ကြောင်း ရှောင်ယုသေချာသွားခဲ့သည်။ဆိုလိုသည်မှာ ရှောင်ယုသည် နောက်ထပ်တစ်ကြိမ်ဝိုင်းရံမှုမစတင်မှီ ပြင်ဆင်ချိန်တစ်လရှိနေသေးသည်။

ကာရီသည် ရှောင်ယု၏တပ်များအကြောင်းကို စုံစမ်းထောက်လှမ်းရန်အတွက် သူလျှိုများကိုစေလွှတ်ခဲ့သည်။သို့သော် နတ်သူငယ်ကင်းထောက်မုဆိုးများသည် ထိုသူလျှိုများကိုတားဆီးရာ၌ အလွန်ပင်ထိရောက်မှုရှိခဲ့သည်။မုဆိုးများသည် ကျားသစ်များကိုစီးနင်း၍ အလွန်လိုက်လျောညီထွေစွာ ရွေ့လျားသွားလာနိုင်ကြသည်။ထို့ပြင် သူတို့သည် သူတို့ကိုယ်တိုင်နှင့်ကျားသစ်များကို အရိပ်ထဲ၌ လျှို့ဝှက်ပုန်းအောင်းစေနိုင်သည်။

ထို့အပြင် လူသားများနှင့်နှိုင်းယှည်ပါက ညအမှောင်၌ သူတို့၏အမြင်အာရုံသည် ဆယ်ဆမကပိုမိုကောင်းမွန်ပေသည်။ထို့ကြောင့် ခြင်္သေ့မြို့နှင့်ဆယ်မိုင်အကွာသို့ ချည်းကပ်လာခဲ့သည့် ရန်သူဘက်မှသူလျှိုမှန်သမျှကို မုဆိုးများက ကရုဏာကင်းမဲ့စွာရှင်းလင်းခဲ့သည်။

ဤသို့ဖြင့် ရှောင်ယုသည် ကင်းထောက်မုဆိုးဆယ်ယောက်ကို ခြင်္သေ့မြို့ပတ်ဝန်းကျင်၌ အချိန်ပြည့်ကင်းလှည့်နေစေကာ သူလျှိုများ၏လှုပ်ရှားမှုအား စောင့်ကြည့်နေစေခဲ့သည်။

"ခုချိန်မှာ လှံပစ်စက်တွေကို ထုတ်လုပ်ပြီးပြီဆိုတော့ ဓားပြစခန်းတွေကို ထပ်ပြီးတိုက်ခိုက်ဖို့ အချိန်တန်ပြီပဲ...ဒီကောင်တွေက တိုက်ပွဲမှာဘယ်လောက်ထိ အသုံးဝင်မလဲတစ်ချက်ကြည့်ရအောင်..."

ရှောင်ယုသည် သူတို့၏ပုခုံးပေါ်၌ လှံပစ်စက်အား သယ်ဆောင်လာသည့် အောစ့်နှစ်ကောင်ကိုကြည့်လိုက်မိသည်။အကယ်၍ အခြားစစ်သားများသာဆိုလျှင် ၎င်းကိုသယ်ဆောင်ရန်အတွက် မြင်းများကိုအသုံးပြုရမည်ဖြစ်သော်လည်း အောစ့်စစ်သည်နှစ်ယောက်သည် ပြသနာတစ်စုံတစ်ရာမရှိဘဲ လှံပစ်စက်ကို အလွယ်တကူသယ်ဆောင်နိုင်ပေသည်။

ရှောင်ယုသည် သူ၏နောက်ထပ်ပစ်မှတ်တစ်ခုအတွက် အလယ်အလတ်စား ဓားပြစခန်းတစ်ခုကိုရွေးချယ်ခဲ့သည်။မြေခွေး၏အဆိုအရ ထိုစခန်းတွင် လူအရေအတွက် ၃၀၀၀ မှ ၄၀၀၀ခန့်အထိရှိသည်။သို့သော် ထိုဓားပြအုပ်စုသည် ရှောင်ယုနောက်ဆုံးအကြိမ်ဖျက်ဆီးခဲ့သော ဓားပြအုပ်စုကဲ့သို့ သက်ကြီးရွယ်အိုများနှင့် ကလေးများမရှိကြပေ။စခန်းအတွင်းရှိလူအားလုံးသည် ဓားပြများသာဖြစ်ကြသည်။

ထိုဓားပြအုပ်စုသည် အလွန်ပင်သွေးအေးရက်စက်ကြပြီး သူတို့သည် ရွာတစ်ရွာအား လုယက်ပြီးနောက် မီးရှိ့ခြင်း ၊ လုယက်ခြင်း ၊ မုဒိန်းကျင့်ခြင်းတို့ကိုလုပ်ဆောင်ကာ မည်သူ့ကိုမှအသက်ရှင်လျက်မထားခဲ့ပေ။ထို့ပြင် သူတို့သည် သန်မာသောသူများကိုသာ အဖွဲ့ဝင်အဖြစ်ရွေးချယ်ကြပြီး သူတို့၏အင်အားကိုတိုးမြင့်လာစေခဲ့သည်။

မြေခွေး၏အဆိုအရ ထိုဓားပြအဖွဲ့၏ခေါင်းဆောင်သည် အလွန်ကျော်ကြားပြီး ရှောင်ယုထက်တောင်မှ သာလွန်ပေသည်။

ထို့ပြင် ထိုဓားပြစခန်း၌ အနည်းဆုံးရွှေပြားသိန်းချီနှင့် အခြားသောအဖိုးတန်ပစ္စည်းများရှိနေနိုင်သည်ဟု မြေခွေးကပြောခဲ့ပေသည်။

သို့ဖြစ်ရာ ရှောင်ယုသည် ထိုဓားပြစခန်းအား ဖျက်ဆီးရန်ပြင်ဆင်နေခဲ့သည်။လက်ရှိအချိန်တွင် သူသည်ခြင်္သေ့မြို့အား အခွန်ကင်းလွတ်ခွင့် ၃နှစ်ပေးအပ်ထားရာ နယ်မြေဝင်ငွေရရှိရန်အတွက် ဓားပြစခန်းများကို ဖျက်ဆီးသည့် နည်းလမ်းကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေရသည်။ထို့ကြောင့် ရှောင်ယုသည် ပိုမိုအားကောင်းသော ဓားပြစခန်းများကို ဖျက်ဆီးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ဤသို့ပြုလုပ်ခြင်းသည် သူ၏တပ်ဖွဲ့များကို စိန်ခေါ်မှုအသစ်များဖြင့် ကြုံတွေ့စေပြီး တစ်ချိန်တည်းမှာပင် သူ၏တပ်သားအသစ်များ၏ခွန်အားနှင့် နေရာယူပုံကိုတိုးတက်စေရန် လေ့ကျင့်ပြင်ဆင်ပေးခြင်းဖြစ်သည်။

စစ်မှန်သောတိုက်ပွဲကသာ မတူညီသောတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ထိထိရောက်ရောက် အထောက်အကူပြုနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။သူ၏တပ်များသည် လက်ရွေးစင်စစ်သည်များဖြင့်သာ ဖွဲ့စည်းထားသော်လည်း ထိုအရာသည်ပင်ရှောင်ယုအတွက် ပြသနာတစ်ခုဖြစ်ကာ သူသာကောင်းကောင်းမွန်မွန်မစီမံနိုင်ပါက ကျရှံးမှုကိုကြုံတွေ့ရမည်ဖြစ်သည်။

...

...

ရှောင်ယုသည် ဓားပြစခန်းကို စီးနင်းရန်အတွက် အော့စ်စစ်သည် ၃၀၀ ၊ ခြေလျင်တပ်သား ၅၀ ၊ နတ်သူငယ်လေးသမား ၂၀၀ ၊ ရိုင်ဖယ်သမား ၅၀ ၊ မုဆိုး၅၀နှင့် လှံပစ်စက်နှစ်ခုအား ယူဆောင်လာခဲ့သည်။ကျန်ရှိနေသောတပ်များကို စခန်းကိုအစောင့်ထားခဲ့ကာ ထုတ်လုပ်၍မပြီးပြတ်သေးသော တပ်သားများကိုစောင့်ဆိုင်းစေခဲ့သည်။

ဓားပြစခန်းသို့ရောက်သည်နှင့် ထုံးစံအတိုင်း ရှောင်ယုနှင့်ဂရင်းတို့သည် စခန်းအားဦးစွာစစ်ဆေးရန် သွားရောက်ခဲ့သည်။သူတို့သည် တိုက်ပွဲအတွင်း၌ အသာစီးရရှိစေရန်အတွက် မည်သည့်လှည့်ကွက်ကိုမဆို အသုံးပြုနိုင်ရန် ဂရုတစိုက်စစ်ဆေးရန်စီစဉ်ခဲ့သည်။သို့သော် ယခင်ကအသုံးပြုခဲ့သော ရိုးရှင်းသောလှည့်ကွက်များသည် ဤဓားပြအုပ်စုအပေါ်၌ ထိရောက်မှုရှိမည်မဟုတ်ကြောင်း ရှောင်ယုနားလည်ထားသည်။

မြေခွေးသည် ဤဓားပြအုပ်စုခေါင်းဆောင်နှင့် မရင်းနှီးသည့်အတွက်ကြောင့် ရှောင်ယုနောက်ဆုံးအသုံးပြုခဲ့သော လှည့်ကွက်သည် ထိရောက်မည်မဟုတ်ပေ။ထို့ပြင် မော့ထုံတို့အဖွဲ့၏ သုတ်သင်ရှင်းလင်းခံလိုက်ရမှုကြောင့် အခြားသောဓားပြအုပ်စုများသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေများအား စတင်၍အာရုံစိုက်လာခဲ့ကြသည်။

အောစ့်များသည် မော့ထုံ၏ဓားပြစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကောလဟာလများပင် စတင်ပျံ့နှံ့လာခဲ့ပြီဖြစ်သည်။

ဤဓားပြစခန်းကို တောင်တန်းများအတွင်း၌ တည်ဆောက်ထားခဲ့သည်။စခန်းတစ်ခုလုံးအား လေးမီတာခန့်မြင့်မားသည့် ကျောက်နံရံတစ်ခုက အကာအကွယ်ပေးထားပေသည်။ဤဓားပြစခန်းသည် သစ်သားခြံစည်းရိုးများနှင့် ကာကွယ်ပေးထားသည့် အခြားသောဓားပြစခန်းများနှင့် လုံးဝမတူညီပေ။လိုရင်းတိုရှင်းပြောရမည်ဆိုပါက ဤဓားပြစခန်းသည် မြို့ငယ်လေးတစ်ခုနှင့်တူညီပေသည်။

ရှောင်ယုသည် ယခုအချိန်ထိ မြို့များသို့မဟုတ် ရွာများကိုဝိုင်းရံတိုက်ခိုက်ခြင်းအား အတွေ့အကြုံမရှိသေးပေ။သူ့မျက်စိရှေ့တွင် တွေ့မြင်နေရသော ကျောက်နံရံသည် ခြင်္သေ့မြို့ရိုးလောက် မခိုင်ခံ့ကြောင်း သူသိရှိထားသော်လည်း ဖြတ်ကျော်ရန်လွယ်ကူမှာမဟုတ်ပေ။ယခုအချိန်တွင် ရှောင်ယုသည် သင့်တော်သောနည်းဗျူဟာကိုချမှတ်ရန် ခေါင်းကိုက်နေရသည်။

သူသည်ကာရီကဲ့သို့ ရန်သူ၏အခြေအနေကို ရှင်းရှင်းလင်းလင်းနားမည်ဘဲ မျက်စိစုံမှိတ်ကာ မတိုက်ခိုက်လိုပေ။ထိုသို့တိုက်ခိုက်ခြင်းက သူ့အားသူရဲကောင်းများကို ဆုံးရှံးစေနိုင်သည်။ထို့ပြင် သူသည်တပ်သား၁၀၀၀ထက်နည်းသောအင်အားဖြင့် မျက်ကန်းတောတိုးတိုက်ခိုက်ပါက သူ၏စစ်သည်များသည် အလွန်မြန်ဆန်စွာသေဆုံးသွားနိုင်ကြောင်း တွေးမိ၍ ကြောက်ရွံ့သွားခဲ့သည်။

နတ်သူငယ်လှံပစ်စက်များသည် မြို့သိမ်းလက်နက်များအဖြစ်အသုံးပြုနိုင်ပြီး လှံပစ်စက်မှ ပစ်ခတ်လိုက်သော လခြမ်းဓားစက်ဝိုင်းသည် မီတာ၅၀အကွာအဝေးတွင်ရှိသည့် ကျောက်နံရံအား အစိတ်စိတ်အမွှာမွှာ ခွဲထုတ်နိုင်သည်။သို့သော် သူသာထိုသို့ပြုမူလိုက်ပါက ဓားပြများကို မျက်နှာချင်းဆိုင်တိုက်ခိုက်ရတော့မည်ဖြစ်ပြီး အနိုင်ရရှိခဲ့လျှင်တောင်မှ ဆုံးရှံးမှုကြီးကြီးမားမားခံစားရမည်ဖြစ်သည်။

ထို့ပြင် တံတိုင်းပေါ်၌ ကင်းလှည့်နေသောဓားပြများသည်လည်း ပတ်ဝန်းကျင်အခြေအနေကို အလွန်ဂရုတစိုက်လုပ်ဆောင်နေသည်။

......

ခဏလောက်စဉ်းစားပြီးနောက်တွင် ရှောင်ယုက သူ၏သူရဲကောင်းများသည် ရန်သူဓားပြများနှင့် နှိုင်းယှဉ်ပါက ညအချိန်တွင် အားသာချက်များစွာရရှိထားသောကြောင့် ညအချိန်မှတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

နတ်သူငယ်များသည် ဤညတိုက်ပွဲတွင် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သည်။ပထမအချက်မှာ သူတို့သည် အမှောင်ရိပ်ထဲ၌ပုန်းအောင်းနိုင်သည်။ဒုတိယအချက်မှာ သူတို့၏အမြင်အာရုံသည် ညအချိန်၌ပင် ရှည်လျားသောအကွာအဝေးတစ်ခုထိ ရှင်းရှင်းလင်းလင်းမြင်စေနိုင်သည်။ဆိုလိုသည်မှာ သူတို့၏ပစ်ခတ်နိုင်စွမ်းသည် ညအချိန်၌ပင် တိကျမှုကောင်းမွန်နေဆဲဖြစ်သည်။

လူပုများသည် ညဘက်၌အမြင်အာရုံ ကောင်းမွန်ခြင်းမရှိပေ။သူတို့သည် ပုံမှန်အားဖြင့် မြေအောက်လှိုဏ်ဂူများအား တူးဖော်ခြင်းဖြင့် ထိုအထဲတွင်နေထိုင်ကြသည်။မူလက ရှောင်ယုသည် ဤစခန်းသိမ်းတိုက်ပွဲတွင် လူပုရိုင်ဖယ်တပ်သား ၅၀၏အစွမ်းကိုတွေ့မြင်ရန် အားခဲထားခဲ့သော်လည်း သူထင်သလောက်အခွင့်အရေးမရရှိလောက်ပေ။ညဘက်အချိန်တွင် နတ်သူငယ်များ၏ အမြင်အာရုံစူးရှမှုသည် လူပုများထက် များစွာသာလွန်အားကောင်းနေခဲ့သည်။ခြေလျင်တပ်သားများသည်ကား အလွန်လေ့ကျင့်ရည်ပြည့်ဝနေသည့် လူသားစစ်သည်တော်များဖြစ်ရာ စိတ်ပူပန်စရာမလိုဘဲ ညတိုက်ပွဲအားရင်ဆိုင်နိုင်စွမ်းရှိသည်။

ထို့ကြောင့် ရှောင်ယုသည် မှောင်ရိပ်သန်းလာသည်ထိ တောအုပ်ထဲ၌ အခြေချပုန်းအောင်းနေခဲ့သည်။

လသည် ယနေ့ညတွင် လခြမ်းပုံသဏ္ဍာန်အသေးလေးအဖြစ် ကောင်းကင်ယံ၌ထင်ဟပ်နေကာ လင်းလက်တောက်ပသည့် ကြယ်စင်များက လကိုဝန်းရံလျက် တိုက်ပွဲစတင်ရန် အချိန်သို့ရောက်ရှိလာခဲ့သည်။

သာမန်လူသားတစ်ယောက်အနေဖြင့် ယခုလိုအချိန်မျိုးတွင် မီတာ၅၀အကွာအဝေးကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရသော်လည်း နတ်သူငယ်များသည်ကား သူတို့၏ရှေ့မီတာ၁၀၀ အကွာအဝေးအား ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပေသည်။

ရှောင်ယုသည် ဂရင်း၊တိုင်ရန်ဒီနှင့် နတ်သူငယ်လေးသမား ၂၀၀ကိုဦးဆောင်ကာ ကျောက်နံရံအနားသို့ ဖြည်းညင်းစွာချည်းကပ်လိုက်သည်။ယခုအချိန်တွင် နတ်သူငယ်လေးသမား ၁၀ယောက်ခန့်သည် အဆင့်၃သို့ရောက်ရှိသွားခဲ့ပြီး တိကျသောပစ်ခတ်ခြင်း ကျွမ်းကျင်မှုကို အသုံးပြုနိုင်ပြီဖြစ်သည်။ယခုအခါ နတ်သူငယ်များသည် အရိပ်လွတ်မြောက်ခြင်းကို အသုံးပြုနိုင်ပြီဖြစ်သည်။သို့ဖြစ်ရာ ရှောင်ယုနှင့်အခြားသောသူများသည် ကျောက်နံရံ၏ခြေရင်းသို့ ရောက်ရှိလာသော်လည်း နံရံအထက်တွင်ကင်းလှည့်နေသော ဓားပြများက ထူးထူးခြားခြားသတိမပြုမိကြပေ။

ရှောင်ယုနှင့်ဂရင်းတို့သည် ကျောက်နံရံပေါ်သို့ ဦးစွာတွယ်တက်ခဲ့ကြသည်။လေးမီတာအမြင့်ရှိသော ကျောက်နံရံသည် ဂရင်းအတွက်ပြသနာတစ်ခုမဟုတ်ခဲ့ပေ။သူ၏အရပ်သည် ၂.၅မီတာခန့်မြင့်သောကြောင့် တစ်ချက်ခုန်လိုက်ရုံဖြင့် ကျောက်နံရံ၏ထိပ်သို့ခုန်တက်နိုင်ပေသည်။သို့သော် ရှောင်ယုသည်ကား အခက်အခဲဖြင့် ရင်ဆိုင်ခဲ့ရသည်။လေးမီတာအမြင့်ဟူသည် နှစ်ထပ်အဆောက်အဦးတစ်ခုနှင့် တူညီပေရာ ထိုကျောက်နံရံအား တွယ်တက်ရန်ရှောင်ယုအဖို့ ခက်ခဲပေသည်။ဤသို့ဖြင့် အကြံကုန်ခမ်းသွားသည့်ရှောင်ယုသည် ထိုကျောက်နံရံကို တွယ်တက်ရန်အတွက် ဂရင်း၏ကြီးမားသောခြေထောက်ကို ဖက်တွယ်ထားခဲ့ရသည်၊

ရှောင်ယုသည် ဂရင်း၏ခြေထောက်မှထွက်သော အနံ့ဆိုးကြောင့် သေလုမတတ်ဆို့နင့်လာခဲ့သည်။ဂရင်းသည် သူ၏ခြေထောက်အား နောက်ဆုံးအကြိမ်ဆေးကြောခဲ့သည်မှာ နှစ်မည်မျှကြာမြင့်ခဲ့မှန်း ရှောင်ယုမသိပေ။ရှောင်ယုသိရှိသည်မှာ အခွင့်အခါသင့်သည်နှင့် စခန်းအတွင်းရှိအောစ့်များအားလုံးကို ခြေထောက်ဆေးကြောရန်အတွက် အမိန့်ပေးရန်ဖြစ်သည်။

လှည့်ကင်းများသည် သူတို့ရောက်ရှိလာသည်ကို သတိမထားမိစေရန်အတွက် ရှောင်ယုနှင့်ဂရင်းတို့သည် ကိုယ်ပျောက်ပုံစံကို ချက်ချင်းအသုံးပြုခဲ့သည်။

ဂရင်းနှင့်ရှောင်ယုတို့သည် လှည့်ကင်းများအား တိုက်ခိုက်ရန်အတွက် ဓားများကိုအသုံးမပြုခဲ့ကြပေ။အဘယ်ကြောင့်ဆိုသော် လရောင်ကြောင့်သူတို့၏ဓားများသည် ရောင်ပြန်ဟပ်ကာ ကင်းလှည့်များကို သတိပြုမိစေနိုင်၍ဖြစ်သည်။ထို့ကြောင့် ဂရင်းသည် လှည့်ကင်းများ၏နောက်သို့ တိတ်တဆိတ်ချည်းကပ်လာခဲ့ကာ သူတို့၏ပါးစပ်ကိုအသံမထွက်စေရန် ပိတ်ဆို့ပြီး လည်လိမ်ချိုးသတ်ခဲ့သည်။ဤသို့ဖြင့်လှည့်ကင်းများသည် သူတို့မသေဆုံးမှီအချိန်ထိ စကားတစ်ခွန်းတောင် မဟနိုင်ခဲ့ကြပေ။

တိုင်ရန်ဒီနှင့် အဆင့်၃သို့ရောက်ရှိသွားခဲ့သော နတ်သူငယ်လေးသမား ၁၀ယောက်သည် ကင်းလှည့်သမားများ၏ လည်မြိုအားဦးတည်ကာ မြှားများဖြင့် တိုက်ရိုက်ပစ်သတ်ခဲ့ကြသည်။ဤသို့ဖြင့် အချိန်တိုလေးအတွင်း ကင်းလှည့်သမား ၁ဒါဇင်ကျော်သေဆုံးခဲ့ရသည်။ပုံမှန်ဆိုလျှင် ကင်းလှည့်သမားတိုင်းသည် ကင်းလှည့်နေစဉ်အတွင်း အလင်းရောင်ရရှိစေရန်အတွက် မီးရှူးတိုင်များကိုကိုင်ဆောင်ထားရာ သူတို့သေဆုံးချိန်တွင် မီးရှူးတိုင်များသည် အောက်ပြုတ်ကျ၍မီးငြိမ်းသွားခဲ့ရသည်။

သို့သော်လည်း လေးသမားများ၏ ပစ်ခတ်နှုန်းသည် အလွန်ပင်မြန်ဆန်လှသောကြောင့် အခြားသောကင်းလှည့်သမားများသည် ဖြစ်ပျက်ခဲ့သမျှကိုအော်ဟစ်သတိပေးရန် အချိန်မမှီခဲ့ကြပေ။သူတို့သတိပေးရန် ပြင်ဆင်နေစဉ်တွင် မြှားတံများက သူတို့၏လည်မြိုအားဖောက်ထွင်းသွားခဲ့သည်။အဆုံးသတ်တွင် လှည့်ကင်းနှစ်ဦးသာကျန်ရှိနေခဲ့သော်လည်း ဂရင်းသည်သူတို့၏လည်မြိုကို ဆွဲဖမ်းကာ ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည်။

All Chapters