← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း ၂၈ - လျင်မြန်စွာအဆင့်တက်ခြင်း

ရှောင်ယုနှင့်ဂရင်းတို့သည် ကျောက်နံရံတစ်ဖက်အား ရှင်းလင်းပြီးနောက် နောက်ထပ်ကျောက်နံရံတစ်ဖက်ထံ ခုန်ကျော်သွားခဲ့သည်။(ဂိတ်တံခါးကို ကျောက်နံရံနှစ်ခုကြားမှာ ညပ်ပြီးတည်ဆောက်ထားတာမျိုးပါ)။သူတို့သည် ထိုကျောက်နံရံပေါ်ရှိ လှည့်ကင်းများအား ဖြေရှင်းရန်အတွက် အချိန်အကြာကြီးမယူလိုက်ရပေ။လှည့်ကင်းများအား ဖြေရှင်းပြီးနောက် ရှောင်ယုသည် သူ၏တပ်သားများဝင်ရောက်လာရန်အတွက် ဂိတ်တံခါးအားဖွင့်ပေးရန် အမြန်ပြေးဆင်းသွားခဲ့သည်။

ဂိတ်တံခါးဝအား ပိတ်ဆို့ရန် သစ်သားတန်းကြီးနှစ်ခုကို ကန့်လတ်ဖြတ်အသုံးပြုခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် အဆင့်၅တွင်ရှိနေပြီး သူ၏အခြေခံအရည်အချင်းမှတ်များကို များစွာမြင့်တက်စေခဲ့သည်။

ထို့နောက်ရှောင်ယုသည် သစ်သားတန်းများကို ဖြေးညင်းစွာဖြုတ်လိုက်ကာ ဂိတ်တံခါးဝကိုဖွင့်ပေးလိုက်သည်။

"ဘာဖြစ်တာလဲ...ဘာလို့တံတိုင်းပေါ်က မီးတွေငြိမ်းသွားရတာလဲ..."

ဓားပြတစ်ယောက်၏ အသံသည် တိတ်ဆိတ်နေသောစခန်းကို အနှောင့်အယှက်ပေးမိလိုက်သည်။

တိုင်ရန်ဒီသည် တံခါးဝ၌ရှိနေဆဲဖြစ်ပြီး ဓားပြ၏လည်မြိုကို ပစ်ခွင်းရန်အတွက် မြှားတစ်စင်းကိုသာအသုံးပြုခဲ့သည်။

ဓားပြစခန်း၏ အခြားတစ်ဖက်ခြမ်းတွင် ကင်းလှည့်နေသော လှည့်ကင်းများသည် ထိုအသံကိုကြားလိုက်သော်လည်း ရန်သူများကသူတို့၏စခန်းကို ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း သတိမပြုမိကြသေးပေ။သို့သော် လှည့်ကင်းများထဲမှတစ်ယောက်သည် အသံကြားရာဘက်ရောက်ရှိလာကာ အခြေအနေကိုစုံစမ်းလိုသော်လည်း မြှားတစ်စင်းက သူ၏အသက်ကိုအလျင်အမြန်နှုတ်ယူသွားခဲ့သည်။

ဤသို့ဖြင့် စခန်းအတွင်းကင်းလှည့်နေသော လှည့်ကင်းများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသော်လည်း ချက်ချင်းသေဆုံးကုန်ကြသည်။အချိန်ခဏကြာပြီးနောက်တွင်မှ ကျန်ရှိနေသောလှည့်ကင်းများသည် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိလိုက်ကာ သတိပေးခေါင်းလောင်းများကို စတင်တီးခတ်ခဲ့သည်။

ရှောင်ယုသည် တိုက်ပွဲစတင်တော့မည်ကို ရိပ်မိသောကြောင့် သူ၏တပ်များကို စတင်နေရာယူခိုင်းခဲ့သည်။

ရှောင်ယုသည် နတ်သူငယ်လေးသမားများနှင့် ရိုင်ဖယ်သေနတ်သမားများကို နံရံများပေါ်၌ နေရာယူခိုင်းလိုက်သည်။ထို့နောက် ခြေလျင်တပ်သားများအား ၂၅ယောက်စီအုပ်စုခွဲ၍ နံရံဆီသို့သွားသည့် ကျောက်လှေကားများတွင် အကာအကွယ်ယူကာ နံရံပေါ်သို့ရန်သူများတက်မလာစေရန် ခုခံခိုင်းလိုက်သည်။

မုဆိုးများကိုမူ စခန်းအတွင်းသို့ စိမ့်ဝင်စေပြီး ပုန်းအောင်းရန်အတွက် နေရာများကို ရှာဖွေခိုင်းခဲ့သည်။မုဆိုးများသည် အနီးကပ်တိုက်ခိုက်ရာတွင် ကျွမ်းကျင်မှုမရှိကြောင်း ရှောင်ယုနားလည်ထားသောကြောင့် ၎င်းတို့အား စခန်း၏နေရာအနှံ့တွင် ပရမ်းပတာဖြစ်လာအောင် လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။မုဆိုးများသည် လျင်မြန်ပြီး လျှို့ဝှက်လှုပ်ရှားတတ်သောကြောင့် ရှောင်ယုအမိန့်ပေးသည့်အလုပ်သည် သူတို့အတွက် အသင့်တော်ဆုံးဖြစ်သည်။ထို့ပြင် ရှောင်ယုက မုဆိုးများကို ဓားပြများအား တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုရန် အမိန့်ပေးခဲ့သည်။သူတို့ထဲကတစ်ယောက်ကို တွေ့သည်နှင့် မုဆိုးများအား ချက်ချင်းထွက်ပြေးစေခဲ့သည်။

သူ၏မုဆိုးများသည် အဆင့်၂သို့ရောက်ရှိနေခဲ့ပြီဖြစ်ရာ ဤဓားပြစခန်း၌ သူတို့သေဆုံးသွားသည်ကို ရှောင်ယုမမြင်တွေ့ချင်ခဲ့ပေ။

"ရန်သူတိုက်ခိုက်နေပြီ...ရန်သူတွေစခန်းကိုလာတိုက်နေပြီ...တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြ..."

ဓားပြများ၏ ကျယ်လောင်သောဆူညံသံများနှင့် အချက်ပေးခေါင်းလောင်းသံများသည် စခန်းတစ်ခုလုံးအား ချက်ချင်းလှုပ်နိုးလိုက်သည်။

ရှောင်ယုသည် ကျောက်နံရံပေါ်၌ မတ်တပ်ရပ်နေရင်း ဖရိုဖရဲဖြစ်နေသော စခန်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။

ရှောင်ယုသည် သူတို့၏တပ်ဖွဲ့များ အဆင်သင့်မဖြစ်မှီ ဓားပြများစတင်လှုပ်ရှားမယ်ကို အနည်းငယ်စိုးရိမ်ခဲ့သည်။သို့သော် ယခုအခါသူသည် ယခုဖြစ်လာမယ့်တိုက်ပွဲအတွက် အကောင်းဆုံးမြေပြင်အနေအထားကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပြဿနာမဖြစ်တော့ပေ။

လက်ရှိအချိန်တွင် ဓားပြများ၏စိတ်ထဲတွင် ဂနာမငြိမ်မှုများ စတင်ဖြစ်ပွားလာခဲ့သည်။တံတိုင်းအား ပြန်လည်သိမ်းပိုက်ရန် ရှေ့တိုးလာသည့် မည်သည့်ဓားပြကိုမဆို လေးသမားများနှင့် အောစ့်စစ်သည်များက အလွတ်မပေးဘဲ သတ်ဖြတ်ခဲ့ကြသည်။

ရှောင်ယုသည် ဓားပြများအား မျက်နှာချင်းဆိုင်တိုက်ခိုက်ရန် ဆန္ဒမရှိပေ။သူ၏ စစ်သည်တော်များသည် အားကောင်းသော်လည်း တပ်ဖွဲ့ဝင်အရေအတွက် အလွန်နည်းပါးနေခဲ့သည်။

အကယ်၍ ရှောင်ယုထံတွင် တပ်ဖွဲ့ဝင် ၂၀၀၀ခန့်ရှိနေပါက တိုက်ရိုက်တိုက်ခိုက်ရန် တွန့်ဆုတ်နေမှာမဟုတ်တော့ပေ။သို့သော် ယခုအချိန်၌ သူ့ထံတွင်စစ်သား၆၅၀သာ ရှိပြီး ကျန်တစ်ဖက်တွင် ဓားပြ၃၀၀၀ ကျော် ၄၀၀၀နီးပါးကို ရင်ဆိုင်ရမည်ဖြစ်သည်။အကယ်၍ မျက်နှာချင်းဆိုင်တိုက်ခိုက်ပါက အနိုင်ရရှိခဲ့လျှင်တောင် ရန်သူအမြောက်အများ၏ ဝန်းရံတိုက်ခိုက်မှုကြောင့် သေကျေဆုံးရှုံးမှုများပြားမှာဖြစ်သည်။အဓိကအားဖြင့် အနီးကပ်တိုက်ပွဲတွင်အားနည်းသော နတ်သူငယ်များသည် ပိုမိုပြင်းထန်စွာသေကြေကုန်ကြမှာဖြစ်သည်။

သို့သော်လည်း ဤတိုက်ပွဲအစောပိုင်းတွင်ပင် သူတို့သည် တံတိုင်းကိုသိမ်းပိုက်နိုင်ခဲ့၍ လေးသမားများသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပတ်သက်မှာဖြစ်သည်။သို့ဖြစ်ရာ ရှောင်ယုတို့သည် ဓားပြစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း တကယ့်လက်တွေ့တွင် ရှောင်ယုသည် ရန်သူများကိုဖြေးညင်းစွာသတ်ဖြတ်ရန်အတွက် ခုခံရေးစစ်ကြောင်းတစ်ခုကို ဖြန့်ကျက်လိုက်ခြင်းဖြစ်သည်။

"အောစ့်....သူတို့ကအောစ့်ဘီလူးတွေ..."

ယခုမှ အခြေအနေအရပ်ရပ်ကိုနားလည်သွားကြသည့် ဓားပြများသည် သူတို့ရင်ဆိုင်နေရသောရန်သူများကို တွေ့မြင်ပြီးနောက် သူတို့ယခုကြားသိနေရသော ကောလဟာလများသည် အမှန်ဖြစ်ကြောင်းနားလည်သွားခဲ့ကြသည်။

သို့သော် သူတို့ကိုတိုက်ခိုက်နေသည့် အောစ့်များ၏အရေအတွက်သည် သိပ်မများလှကြောင်း သတိပြုမိသွား၍ ဓားပြများသည် စိုးရိမ်စိတ်များလျော့နည်းသွားကြသည်။ထို့ပြင် အောစ့်များသည် စခန်းတွင်းသို့ဝင်ရောက်တိုက်ခိုက်မယ့်အစား ဂိတ်ပေါက်ဝ၌သာ အခိုင်အမာတပ်စွဲထားကြသောကြောင့် ဓားပြများသည် ဂိတ်တံခါးဝကိုပြန်လည်သိမ်းပိုက်ရန်အတွက် တဟုန်ထိုးပြေးထွက်လာခဲ့ကြသည်။

ထိုဓားပြများသည် ရှောင်ယု၏ထောင်ချောက်အတွင်းသို့ တန်းတန်းမတ်မတ်ပြေးဝင်လာကြခြင်းဖြစ်သည်။

ဓားပြများသည် ဂိတ်ပေါက်ဝအနီးသို့ရောက်လာချိန်တွင် အောစ့်စစ်သည်များကို ပထမဆုံးရင်မဆိုင်လိုက်ရဘဲ နတ်သူငယ်လေးသမားများနှင့် လူပုရိုင်ဖယ်သမားများ၏ ပစ်ခတ်မှုကိုသာ ရင်ဆိုင်လိုက်ရသည်။

အထူးသဖြင့် လေးသမားများ၏တိကျမှုသည် အလွန်တိကျသလို မြေပြင်အနေအထား အသာစီးရရှိထား၍ ဓားပြ၂၀၀ကျော်သည် ခဏလေးအတွင်း သေဆုံးသွားခဲ့ရသည်။

ရိုင်ဖယ်သမားများသည် ကောင်းစွာမမြင်နိုင်သည့်အပြင် သူတို့၏တိကျမှုအပိုင်းသည်လည်း အားနည်းသောကြောင့် ရှောင်ယုက သူတို့အားအမှတ်တမဲ့ပစ်ခတ်ရန်သာ အမိန့်ပေးခဲ့သည်။

"ရန်သူက တံတိုင်းတွေကို သိမ်းပိုက်လိုက်ပြီ...ပြီးတော့သူတို့မှာလေးသမားတွေလည်းရှိတယ်.."

အခြေအနေကိုစောင့်ကြည့်ကာ တိုက်ခိုက်ရန်ပြင်ဆင်နေသော ဓားပြများသည် အံ့သြသွားခဲ့ကြသည်။

ညအချိန်ဖြစ်၍ တံတိုင်းပေါ်တွင် မီးများမထွန်းထားသည့်အတွက်ကြောင့် ဓားပြများသည် ရန်သူများကိုမတွေ့မြင်ခဲ့ကြပေ။နတ်သူငယ်များသည် အရိပ်လွတ်မြောက်ခြင်းကို အသုံးပြုထားကြရာ အခြေခံအားဖြင့် သူတို့ကိုယ်ပျောက်နေသည်ဟု ဆိုနိုင်ပေသည်။လူပုများသည်ကား အရပ်ပုလွန်းသဖြင့် တံတိုင်းပေါ်ရှိ အကာအကွယ်များက သူ့တို့ကိုဖုံးကွယ်ပေးထားရန် လုံလောက်ပေသည်။အဆုံးသတ်တွင် ဓားပြများသည် တံတိုင်းပေါ်၌သူတို့၏အသက်ကို နှုတ်ယူမယ့်ရန်သူများ ရှိနေကြောင်း သတိမပြုမိခဲ့ကြပေ။

လေးသမားများ မသတ်ဖြတ်နိုင်ခဲ့သော သို့မဟုတ် မြှားတစ်ချက်တည်းဖြင့် မသေဆုံးခဲ့သောဓားပြများသည် အောစ့်စစ်သည်များ၏ ပုဆိန်လက်ချက်မိကာ အော်ဟစ်ငြီးတွား၍ သေဆုံးသွားခဲ့ကြသည်။

ရှောင်ယုသည် အောစ့်စစ်သည်များအား ဂိတ်တံခါးဝကိုခုခံထားရန် အမိန့်ပေးလိုက်သည်။ဤသည်မှာ စပါတန်နည်းဗျူဟာကို ထပ်မံအသုံးပြုခြင်းဖြစ်သည်။ယခုတစ်ကြိမ်တွင်မူ သူတို့သည်ဓားပြများအား သူတို့၏စခန်းအတွင်း၌ ပိတ်လှောင်ထားရန်ဖြစ်သည်။

ထိုနည်းဗျူဟာသည် အလွန်ရိုးရှင်းပုံရသော်လည်း တစ်ချိန်တည်းမှာပင် အလွန်ထိရောက်မှုရှိသော နည်းဗျူဟာဖြစ်သည်။

ဓားပြအများစုသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် လန့်နိုးလာခဲ့ကြသည်။တစ်ချိန်တည်းမှာပင် စခန်း၏အချို့သောနေရာများ၌ မီးများရုတ်တရက်ထလောင်လာပြီး ရှုပ်ထွေးမှုများဖြစ်ပေါ်လာခဲ့သည်။ဤသို့ဖြင့် ဓားပြများသည် ကျူးကျော်သူအရေအတွက်ကို အတိအကျမသိခဲ့ပေ။

အချို့သောဓားပြများသည် အောစ့်စစ်သည်များကိုသာ တွေ့မြင်သောကြောင့် သူတို့၏ဗီဇအတိုင်း ဂိတ်တံခါးထံပြေးဝင်သွားကြသည်။သူတို့သည် ရန်သူများက သူတို့အားမတိုက်ခိုက်မှီ ခံစစ်ပုံစံများအား ချေဖျက်ပစ်လိုသော်လည်း ရှောင်ယုသည် ယနေ့တိုက်ပွဲတွင် ကာကွယ်ရေးကိုသာအဓိကထား၍ တိုက်ခိုက်ရန်အစီအစဉ်မရှိကြောင်း မသိခဲ့ပေ။

တံခါးဝသို့ ပြေးဝင်တိုက်ခိုက်လာကြသော ဓားပြများပိုမိုများပြားလာလေလေ ရှောင်ယုနှင့်သူ၏သူရဲကောင်းများသည် ရမှတ်များပိုမိုများပြားစွာ စုဆောင်းနိုင်လေလေဖြစ်သည်။ခဏအကြာတွင် ဂရင်းသည်အဆင့်၉သို့ရောက်ရှိသွားပြီး အချိန်အတော်ကြာပြီးနောက်တွင် တိုင်ရန်ဒီသည်လည်း အဆင့်၉သို့ရောက်ရှိသွားကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။

များမကြာမှီတွင် မှော်ကဝေအန်တိုနီဒက်စ်သည်လည်း အဆင့်၅သို့ရောက်ရှိလာခဲ့သည်။သူတို့သည် နောက်ဆုံးတိုက်ပွဲတွင် ရမှတ်အမြောက်အများစုဆောင်းနိုင်ခဲ့ပြီး ယခုလည်းရမှတ်အမြောက်အများထပ်မံရရှိခဲ့ရာ သူတို့၏အဆင့်များကို လွယ်ကူစွာမြင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှောင်ယုသည် ဂရင်းရရှိလာခဲ့သော ကျွမ်းကျင်မှတ်အား ပြင်းထန်သောခုတ်ပိုင်းချက်ကို အဆင့်မြင့်တင်စေခဲ့ပြီး အဆင့်၄သို့ရောက်ရှိစေခဲ့သည်။တိုင်ရန်ဒီကိုမူ အသစ်ရရှိလာသောကျွမ်းကျင်မှတ်ဖြင့် သားရဲဝိညာဉ်အား သင်ယူစေခဲ့သည်။မှော်ကဝေအတွက်မူ ရေခဲအတားအဆီးကို သင်ယူစေခဲ့ကာ မှော်ကဝေတစ်ယောက်အတွက် သူ့ကိုယ်သူကာကွယ်ရန် အရေးကြီးသောကျွမ်းကျင်မှုအား ရရှိစေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ရှောင်ယုသည်လည်း ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံခံလိုက်ရပြီး အဆင့်၆သို့ရောက်ရှိသွားခဲ့တော့သည်။ရှောင်ယုသည် အခြေခံအရည်အချင်းမှတ်များအား လျင်မြန်စွာဖြန့်ဝေလိုက်ပြီးနောက် နောက်ထပ်ကျွမ်းကျင်မှုတစ်ခုအဖြစ် ရေခဲအတားအဆီးကိုသင်ယူရန် ဆုံးဖြတ်လိုက်သည်။

"ဟမ့်....ငါသာရေခဲအတားအဆီးကို ထုတ်သုံးပြီး ကာကွယ်ထားလိုက်ရင် ဘယ်သူကများငါနဲ့ရန်သူဖြစ်ဝံ့မှာလဲ..."

ရှောင်ယုသည် ဂုဏ်ယူနေသောလေသံဖြင့် ကြွေးကြော်လိုက်သည်။

စနစ်သည် ရှောင်ယုအား မတူညီသော သူရဲကောင်းများထံမှ ကျွမ်းကျင်မှုအား တပြိုင်နက်တည်း သင်ယူကျွမ်းကျင်စေခဲ့သည်။ထို့ကြောင့် အနာဂတ်တွင် ရှောင်ယုသည် မည်သည့်သူရဲကောင်းထက်မဆို အစွမ်းထက်လာမည်ဖြစ်သည်။ယခုအခါ သူသည်ဂရင်း၏ကျွမ်းကျင်မှုအားလုံးကို သင်ယူထားပြီးဖြစ်သည့်အတွက်ကြောင့် မတူညီသောသူရဲကောင်းများထံမှ အစွမ်းထက်သောကျွမ်းကျင်မှုများအား သင်ယူရန်စီစဉ်ထားခဲ့သည်။

"ခုချိန်မှာ ငါတို့တွေအကုန်လုံး အဆင့်တွေတက်ကုန်ကြပြီဆိုတော့ ပြသနာမရှိဘဲ ဒီဓားပြစခန်းကိုဖျက်ဆီးဖို့ အဆင်သင့်ဖြစ်ပြီလို့ထင်တယ်"

ထိုအခိုက်အတန့်တွင် ဒေါသထွက်နေဟန်ရသည့် အသံတစ်ခုသည် ဓားပြစခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်၊

"ဘယ်ကောင်က သတ္တိရှိလို့ ငါ့ရဲ့စခန်းကိုလာတိုက်ရဲတာလဲ..."

ရှောင်ယုသည် အဆုံးမရှိသော ဒေါသများစုပုံနေသည့် မျက်နှာပေးဖြင့် မြေမှုန်များဖြင့်ဖုံးလွှမ်းနေပုံရသည့် အမျိုးသားတစ်ဦးသည် စခန်းတွင်းမှ ပြေးထွက်လာကြောင်း သတိထားမိလိုက်သည်။ထို့ကြောင့် ရှောင်ယုသည် မြေခွေးအားအနားသို့ခေါ်ကာ မေးမြန်းလိုက်သည်။

"ဒီကောင်က ဓားပြခေါင်းဆောင်လား..."

မြေခွေးသည် ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်ဆရာ...ကျနော်က သူ့ကိုလူချင်းမတွေ့ဖူးခဲ့ပေမဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်အရဆိုရင်တော့ ဒီလူဟာ ဒီဓားပြစခန်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ မားကပ်စ်ပဲဖြစ်ရမယ်"

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး မြေခွေးအားနောက်ဆုတ်၍ ပုန်းအောင်းရန်အမိန့်ပေးလိုက်သည်။ထို့နောက် ဂရင်းဦးဆောင်သော အောစ့်စစ်သည်များကို ရှေ့တက်တိုက်ခိုက်ကြရန် အမိန့်ပေးလိုက်သည်။

ရှောင်ယု၏အမိန့်ကို လက်ခံရရှိသည်နှင့် ဂရင်းဦးဆောင်သည့် ရာနှင့်ချီသော အောစ့်စစ်သည်များသည် ရှေ့သို့ပြေးတက်ကာ မားကပ်စ်ကိုတိုက်ခိုက်လိုက်ကြသည်။

အောစ့်စစ်သည်များ၏အရှိန်ကြောင့် မြေပြင်သည်တုန်ခါသွားရပြီး မြေပြင်ပေါ်ရှိ သဲမှုန်များသည်ပင် လေထဲပျံ့လွှင့်လာခဲ့သည်။ထို့နောက် မားကပ်စ်သည် ထိုအရှိန်ဖြင့်လိုက်ပါလာသည့် သဲမှုန်များဖြင့် ထိမှန်ခံလိုက်ရသည်။

မားကပ်စ်သည် တိုက်ပွဲအတွင်းသို့ ဒေါသတကြီးပြေးဝင်လာခဲ့သော်လည်း ရောက်ရောက်ချင်း သဲတစ်လုပ်ကိုသာမြိုချလိုက်ရသည်။

"မျက်နှာချင်းဆိုင်တိုက်ပွဲတစ်ခုမှာ အောစ့်စစ်သည်တွေကိုယှည်နိုင်တဲ့သူ မရှိဘူးဆိုတာ ဒီကောင်မသိဘူးလား..."

ရှောင်ယုသည် သူ့နှာခေါင်းကိုပွတ်သပ်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

အခန်း ၂၉ - အဖျက်စွမ်းအားပြင်းထန်သောရိုင်ဖယ်များ

မားကပ်စ်သည် နံရံပေါ်၌ရပ်နေသော ရှောင်ယု၏ရှေ့တွင်ရှိနေသည့် အောစ့်စစ်သည်များကို မော့ကြည့်လိုက်သည်။

"မင်းက ငါ့စခန်းကိုတိုက်ခိုက်ဖို့အတွက် အောစ့်စစ်သည်တွေကို ဦးဆောင်လာတဲ့ သူလား..."

မားကပ်စ်သည် ခဏလောက်ငြိမ်သက်သွားခဲ့ပြီး အေးစက်သောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

ရှောင်ယုသည် ချောင်းတစ်ချက်ဟမ့်လိုက်ပြီး သူ၏မေးစေ့က်ိုပင့်မြောက်၍ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်...ငါကဒီနယ်မြေရဲ့ အရှင်သခင်ဖြစ်တဲ့ ရှောင်ယုပဲ...မင်းက ငါ့နယ်မြေထဲမှာ သီးခြားအဖွဲ့တစ်ခုတည်ထောင်ခဲ့တာကြောင့် မင်းကိုသတ်ဖြတ်ဖို့ ငါ့အတွက်အကြောင်းပြချက်ခိုင်လုံနေပြီ...ခုချက်ချင်း ဒူးထောက်ပြီးတော့ လက်နက်ချလိုက်...အဲလိုမှမဟုတ်ရင် မင်းတို့ကောင်တွေအကုန်လုံးက ငါ့စစ်သားတွေရဲ့ အစာဖြစ်လာလိမ့်မယ်"

"ခြင်္သေ့မြို့ရဲ့သခင်လား...ဟမ့်...ငါတို့ကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ ဧကရာဇ်ကိုတောင်ဂရုစိုက်တာမဟုတ်ဘူး...မင်းက အော့ဘီလူးအုပ်စုလေးနဲ့ ငါ့ကိုအနိုင်ယူချင်တာလား...ဟာသပဲ...ငါကဒီအောစ့်တွေရဲ့ ဦးခေါင်းကိုဖြတ်ပြီး အဆင်တန်ဆာအဖြစ် အသုံးပြုပစ်မယ်"

မားကပ်စ်သည် ကျယ်လောင်စွာဟစ်အော်လိုက်သည်။အစောပိုင်းတွင် မားကပ်စ်သည် ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် ထိတ်လန့်သွားခဲ့ရသော်လည်း ယခုအချိန်တွင် ရှောင်ယု၏အောစ့်စစ်သည်တော်များအား မကြောက်မရွံ့တည်စွာ ရင်ဆိုင်လိုက်သည်။

အောစ့်တစ်ကောင်၏ ဦးခေါင်းကိုဖြတ်ခြင်းသည် ရှေးရိုးအစဉ်အလာတစ်ခုဖြစ်ပေသည်။ရှေးယခင်က မြင့်မြတ်သောမိသားစုမှ မျိုးဆက်သစ်လူငယ်များသည် သူတို့၏အိမ်ဧည့်ခန်းတွင် အဆင်တန်ဆာတစ်ခုအဖြစ် အလှဆင်ရန်အတွက် အောစ့်တစ်ကောင်အားရှာဖွေခေါင်းဖြတ်ရန် အန်ကာဂန်တောင်တန်းသို့ မကြာခဏဝင်ရောက်ခဲ့သည်။ယင်းသို့ပြုလုပ်ခြင်းက ပြင်ပလူများအား သူတို့၏ရဲစွမ်းသတ္တိကိုပြသသလိုဖြစ်ခဲ့ပြီး သူတို့၏လေးစားမှုကိုရရှိစေခဲ့သည်။

ယနေ့ခတ်တွင်ပင် လူအများအပြားသည် မြင့်မားသောဂုဏ်သိက္ခာနှင့် အဆင့်အတန်းအား ရရှိလိုသည့်အတွက် မျိုးသုဉ်းလုနီးပါးဖြစ်နေသော အောစ့်များကိုသတ်ဖြတ်ရန် ရှာ‌ဖွေနေကြဆဲဖြစ်သည်။သို့သော် အောစ့်များသည်မျိုးသုဉ်းလုနီးပါးဖြစ်နေရာ လူအနည်းငယ်ကသာ တစ်ကောင်တစ်လေကိုရှာတွေ့ခဲ့ကြသည်။

အခြားဓားပြများသည်လည်း သူတို့၏ခေါင်းဆောင်ထွက်လာပြီးနောက် စတင်ငြိမ်သက်သွားခဲ့ကြသည်။ထို့နောက် ဓားပြ၂၀၀၀ကျော်သည် ဂိတ်ပေါက်ဝနှင့် မီတာ၁၀၀ခန့်အကွာတွင် အခြေခံကျသည့်ဖွဲ့စည်းပုံတစ်ခုကို ဖော်ဆောင်ခဲ့ကြသည်။

ဓားပြများသည် သူတို့၏စခန်းအနောက်ဘက်တွင် လောင်ကျွမ်းနေသော မီးတောက်များကို လျင်မြန်စွာကိုင်တွယ်ငြိမ်းသတ်နိုင်ခဲ့ကြသည်။ထိုသို့လျင်မြန်သောတုံ့ပြန်မှုမှတဆင့် ဤဓားပြအုပ်စုသည် သာမန်စစ်တပ်တစ်ခုထက် မနိမ့်ကျကြောင်းတွေ့မြင်နိုင်သည်။မည်သို့ပင်ဆိုစေ ၎င်းတို့သည် စစ်ပွဲတွင်တိုက်ခိုက်ရန်မွေးဖွားလာသည့် အောစ့်စစ်သည်များ ၊ နတ်သူငယ်များနှင့် လူပုများနှင့်တူညီသောအဆင့်အတန်းတွင်မရှိပေ။အောစ့်စစ်သည်များ ရုတ်တရက်ထွက်ပေါ်လာသည့်အခြေအနေတွင် ဓားပြစခန်းသည် ပရမ်းပတာဖြစ်ကာ ဓားပြ၆၀၀ခန့်သေဆုံးခဲ့ရခြင်းကို ထည့်မတွက်ရသေးပေ။

ရှောင်ယုသည် အလေးမထားသည့်လေသံဖြင့် မားကပ်စ်အား လှောင်ပြောင်လိုက်သည်။

"မင်းက ငါ့ရဲ့အောစ့်စစ်သည်တွေကို အနိုင်ယူနိုင်မယ်လို့ထင်နေတာလား...အိပ်မက်မက်နေလိုက်...ငါမင်းကိုသတ် နိုင်မယ်ဆိုတာ သေချာလို့ဒီနေရာကို ရောက်လာခဲ့တာပဲ...ဒါပေမဲ့ စကားမစပ်ငါတစ်ခုမေးဦးမယ်...မင်းကိုမင်းအမေကိုယ်တိုင်မွေးတာကော ဟုတ်ပါတယ်နော်..ဘာလို့ဆိုရင် မင်းကငါ့ရဲ့အောစ့်စစ်သည်တွေထက် တော်တော်ကြည့်ရဆိုးနေလို့ပဲ...မင်းကလူသားနဲ့သားရဲတို့ပေါင်းစည်းထားတဲ့ စံနမူနာပုံစံတစ်ခုလား..."

"အား...ခွေးကောင်...မင်းသေပြီသာမှတ်"

ရှောင်ယု၏ လှောင်ပြောင်သံကို ကြားလိုက်ရချိန်တွင် မားကပ်စပ်သည် အလွန်ဒေါသထွက်သွားခဲ့သည်။ထို့နောက် သူသည်လက်ကိုဝှေ့ယမ်းလိုက်ကာ ဓားပြများကိုအမိန့်ပေးလိုက်သည်။

"ဒိုင်းကိုင်ထားတဲ့ကောင်တွေ ရှေ့ဆုံးမှာနေကြ...အောစ့်တွေကိုသတ်ပြီးရင် သူတို့ရဲ့ခေါင်းဆောင်ဆိုတဲ့ကောင်ကို ငါ့အတွက်ချန်ထားလိုက်"

မားကပ်စ်သည် အရပ် ၂မီတာခန့်မြင့်ပြီး ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိကာ အောစ့်စစ်သည်များထက် မည်သည့်နေရာတွင်မှ မနှိမ့်ကျပေ။သို့သော် မားကပ်စ်သည် ထိပ်ပြောင်ပြီး ကြမ်းတမ်းသောရုပ်ရည်သွင်ပြင်ရှိသည့်အတွက်ကြောင့် ရှောင်ယုသည် စိတ်ပိုင်းဆိုင်ရာနည်းဗျူဟာတစ်ခုဖြစ်သော ရန်သူအားလှောင်ပြောင်ခြင်းကို အသုံးပြုခဲ့သည်။ယခုအချိန်တွင်သူသည် စခန်းအတွင်းရှိ အကောင်းဆုံးမြေနေရာအား သိမ်းပိုက်ထားပြီးဖြစ်ရာ ရန်သူအားတစ်နည်းမဟုတ်တစ်နည်းဖြင့် သူတို့၏ခုခံစစ်ကြောင်းကို တိုက်ခိုက်လာအောင် လှုံဆော်ပေးရမှာဖြစ်သည်။

ထို့ကြောင့် ရှောင်ယုသည် မားကပ်စ်ဒေါသထွက်လာစေရန် သေးငယ်သောလှည့်ကွက်ကို အသုံးပြုခဲ့သည်။အကယ်၍ ရန်သူဘက်ကသာ တဖြည်းဖြည်းတည်ငြိမ်လာပြီး ရှောင်ယုဖွဲ့စည်းထားသော ခံစစ်ဖွဲ့စည်းပုံတွင် အားနည်းချက်တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပါက ရှောင်ယု၏အကြံအစည်ကျရှံးမှာဖြစ်သည်။

ထို့ပြင်ရန်သူကသာ သူတို့အားတိုက်ခိုက်ခြင်းမပြုဘဲ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေပါက မနက်အလင်းရောင်ထွက်ပေါ်လာချိန်တွင် ရှောင်ယုအရေးနိမ့်နိုင်ခြေများလာမှာဖြစ်သည်။

ယခုအခါ သူ၏လှည့်စားမှုသည် အလုပ်ဖြစ်ကြောင်း တွေ့မြင်လိုက်ရပြီးနောက် ရှောင်ယုသည် နှလုံးသားထဲတွင် ကျေနပ်စွာရယ်မောလိုက်သည်။

အကုန်သတ်ပစ်လိုက်...

ဂါး...ယား...

နှစ်ဖက်လုံးသည် သူတို့၏တိုက်ခိုက်လိုစိတ်အား မြင့်တင်ရန်အတွက် ကျယ်လောင်စွာအော်ဟစ်ကြွေးကြော်လိုက်ကြသည်။အောစ့်စစ်သည်များ၏ အရေအတွက်သည် ရန်သူများထက်များစွာနည်းပါးသော်လည်း သူတို့၏ဟိန်းဟောက်သံများက ရန်သူထက်ပိုမိုအားကောင်းပေသည်။

မားကပ်စ်သည် သူ၏ဓားကိုဆွဲထုတ်လိုက်ရာ အဝါရောင်စွမ်းအင်တစ်ခုက သူ၏ဓားကိုရစ်ပတ်လာခဲ့သည်။ထို့နောက် မားကပ်စ်သည် ရှေ့သို့ပြေးထွက်လာပြီး နံရံပေါ်ခုန်တက်ရန်ကြိုးစားလိုက်သည်။ယခုအချိန်တွင် မားကပ်စ်၏အဓိကရည်ရွယ်ချက်မှာ ရှောင်ယုအားသတ်ဖြတ်ရန်ဖြစ်သည်။

သူခိုးများအားဖမ်းဆီးရန် သူခိုးများ၏ခေါင်းဆောင်ကိုအရင်ဖမ်းဆီးရမည်ဟူသည့် ရိုးရှင်းသောဒဿနကို မားကပ်စ်နားလည်ထားခဲ့သည်။

သို့သော် နောက်အခိုက်အတန့်၌ ပြင်းထန်သောတိုက်ပွဲစွမ်းအင်များက သူ့ထံကျရောက်လာကြောင်း သတိထားမိလိုက်သည်။

မားကပ်စ်သည် အနည်းငယ်အံ့သြသွားပြီး ထိုတိုက်ခိုက်မှုအား ဟန့်တားရန်အတွက် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရသည်။

ဘန်း...

တိုက်ပွဲစွမ်းအင်များ အပြန်အလှန်ရိုက်ခတ်မှုကြောင့် ကျယ်လောင်သောပေါက်ကွဲသံက ဟိန်းထွက်လာခဲ့ပြီး နှစ်ယောက်လုံးနောက်ပြန်ဆုတ်လိုက်ရသည်။မားကပ်စ်သည် သူ၏ပြိုင်ဘက်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ရာ အရပ်၂.၅မီတာခန့်မြင့်မားကာ ဧရာမဓားရှည်ကြီးက်ိုကိုင်ဆောင်ထားသည့် အောစ့်တစ်ကောင်ကိုတွေ့လိုက်ရသည်။

"ဒါကအောစ့်ဘီလူးတစ်ကောင်လား...မဖြစ်နိုင်တာ အောစ့်တွေကဘယ်တုံးက တိုက်ပွဲစွမ်းအင်ကို အသုံးပြုနိုင်သွားတာလဲ..."

မားကပ်စ်သည် အနည်းငယ်အံ့သြသွားခဲ့သည်။လူသားများသည် တိုက်ပွဲစွမ်းအင်ကို လေ့ကျင့်နိုင်ပြီး မှော်မန္တန်များကိုအသုံးပြုနိုင်သောကြောင့် အခြားသောသားရဲတိရစ္ဆာန်များနှင့် ယှည်ပြိုင်တိုက်ခိုက်နိုင်ဖြင်းဖြစ်သည်။

မားကပ်စ်အား တားခဲ့သည်မှာ ဂရင်းမှလွဲ၍ အခြားသူမဟုတ်ပေ။ယခုအချိန်တွင် ဂရင်းသည် ပြင်းထန်သောခုတ်ပိုင်းချက်ကို အဆင့်၄ထိ ကျွမ်းကျင်ထားပြီဖြစ်သည်။

မားကပ်စ်သည် ဒုတိယအဆင့်ကျွမ်းကျင်သူဖြစ်သော်လည်း ဂရင်းသည် မားကပ်စ်ထက် အနည်းငယ်သာအားနည်းပေသည်။ထို့ပြင် ဂရင်းသည် သူတတ်မြောက်ထားသည့်ကျွမ်းကျင်မှုများ၏ အကူအညီဖြင့် မားကပ်စ်၏တိုက်ခိုက်မှုများအား ရှောင်တိမ်းနိုင်ပေသည်။

"ငါကိုယ်တိုင် ဒီအောစ့်ကိုခေါင်းဖြတ်ပြီး ဝိုင်သောက်ဖို့ခွက်အဖြစ်အသုံးပြုမယ်...ဒါကငါ့ရဲ့ဂုဏ်ကျက်သရေကို အခြားသူတွေမြင်အောင် မီးမောင်းထိုးပေးလိမ့်မယ်"

မားကပ်စ်သည် သူ၏ဓားပြများကို စတင်တိုက်ခိုက်ရန် လက်ဟန်ပြလိုက်သည်။ဒုတိယအဆင့်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဂရင်းသည်အလွန်သန်မာကြောင်း သူခံစားမိနေသော်လည်း ဂရင်းအားသတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှုရှိနေဆဲဖြစ်သည်။

မားကပ်စ်အပြင် ဓားပြစခန်းအတွင်း၌ ပထမအဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေသည့် ကျွမ်းကျင်သောလက်ထောက်ခေါင်းဆောင်အနည်းငယ် ရှိပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်ယု၏နံဘေးတွင်ရပ်နေသော မှော်ကဝေအန်တိုနီဒက်စ်သည် တိုက်ပွဲ၌စတင်ပါဝင်ခဲ့သည်။

အန်တိုနီဒက်စ်သည် မှော်စာလုံးများကို တိုးတိုးလေးရွတ်ဆိုလိုက်ပြီး ရေခဲဆူးချွန်တစ်ခုကို ဖန်တီးလိုက်ကာ ဓားပြများအား စတင်သတ်ဖြတ်ခဲ့သည်။

ရှောင်ယုထံတွင် မှော်ဆရာတစ်ယောက် ရှိနေသည်ကိုတွေ့မြင်လိုက်ရ၍ ဓားပြများအံ့သြနေကြသော်လည်း တုန်လှုပ်ခြင်းမရှိကြပေ။ဤနယ်မြေ၏ အရှင်သခင်သည် မှော်ဆရာတစ်ယောက်အား ပိုင်ဆိုင်ထားသည်မှာ မထူးဆန်းလှပေ။သူတို့၏စခန်း၌ပင် မှော်ဆရာတစ်ယောက်ရှိပေသည်။

ထို့ပြင် တာဝေးတိုက်ခိုက်မှု၌ အားကောင်းသောမှော်ဆရာများသည် အနီးကပ်တိုက်ပွဲများ၌ သတ်ဖြတ်ရန်လွယ်ကူသော ပစ်မှတ်များဖြစ်သည်။

လက်ထောက်ခေါင်းဆောင်များသည် နံရံပေါ်သို့တိုက်ရိုက်မခုန်တက်နိုင်၍ ကျောက်လှေကားထစ်များထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

မကြာမှီ ကျောက်နံရံပေါ်၌ မမြင်တွေ့နိုင်သော လေးသမားအမြောက်အများရှိနေကြောင်း ထိုဓားပြများသိရှိလိုက်သည်။လေးသမားများသည် လုပ်ကြံသတ်ဖြတ်သူများကဲ့သ်ို့ ကိုယ်ပျောက်နိုင်စွမ်းအား ပိုင်ဆိုင်ထားပုံရပြီး သူတို့၏တည်နေရာအတိအကျကို ရှာဖွေရန်ခက်ခဲသည့်အတွက်ကြောင့် ကျောက်နံရံပေါ်ရှိ လေးသမားများ၏ အရေအတွက်အတိအကျက်ို မသိရှိခဲ့ကြပေ။

ကျွမ်းကျင်သူများသည် ထိုမြှားတံများကိုတားဆီးရန်အတွက် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုနေချိန် သာမန်ဓားပြများသည် ဒိုင်းများကိုအသုံးပြုကာ အစွမ်းကုန်အားထုတ်၍ ရှေ့တိုးလာခဲ့ကြသည်။

မကြာခင်မှာဘဲ ရှောင်ယုထံတွင် နောက်ထပ်အဖျက်စွမ်းအားပြင်းထန်သော လက်နက်တစ်မျိုးရှိနေသေးကြောင်း သူတို့သိလိုက်ရသည်။

ဘန်း...ဘန်း..

ဓားပြများသည် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော အလွန်မြန်ဆန်သည့် သတ္တုစေ့များဖြင့် စတင်ပစ်ခတ်ခံလိုက်ရသည်။

ကျွမ်းကျင်သူများအနက်မှ တစ်ယောက်သည် သူ၏ခြေသလုံးအား ကျည်ဆန်ထိမှန်ခံလိုက်ရပြီး ချက်ချင်းထုတ်ချင်းပေါက်သွားခဲ့သည်။ဤဒဏ်ရာသည် မြှားဒဏ်ရာထက် အနည်းဆုံးဆယ်ဆခန့်ပိုမိုပြင်းထန်ပြီး ခံစားနေရသောနာကျင်မှုသည် အလွန်ပြင်းထန်လှကာ သူ့ခြေထောက်ကျိုးသွားသလိုခံစားလိုက်ရသည်။

ဤနေရာတွင် ရိုင်ဖယ်သမားများ၏ အားသာချက်က ထင်ရှားလာခဲ့သည်။အစွမ်းထက်သော ကျွမ်းကျင်သူများသည် မြှားများကိုခုခံနိုင်သော်လည်း ကျည်ဆန်များကိုမူ မကျော်လွန်နိုင်ခဲ့ပေ။

ရိုင်ဖယ်တပ်သားများသည် နှေးကွေးပြီး တိကျမှုအားနည်းသော်လည်း ကျည်ဆန်၏အမြန်နှုန်းနှင့် အဖျက်စွမ်းအားတို့က လေးသမားများအပေါ် အသာစီးရရှိထားသည်။

ရှောင်ယုသည် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုကာ တိုက်ခိုက်နိုင်သော ကျွမ်းကျင်သူများကိုသာ ရိုင်ဖယ်သမားများကို အမိန့်ပေးခဲ့သည်။ရိုင်ဖယ်တပ်သားများသည် တိကျမှုနိမ့်ပါးသော်လည်း သူတို့အားလုံးအား သူရဲကောင်းတစ်ယောက်ကိုဦးတည်ပစ်ခတ်ပါက ကျည်ဆန်တစ်တောင့်တော့ အနည်းဆုံးထိမှန်မှာဖြစ်သည်။

ဘန်း..

ခဏအကြာတွင် ဓားပြတို့ဘက်မှ ကျွမ်းကျင်သူတစ်ဦးသည် ကျည်ဆန်ထိမှန်ခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် အသက်ဆုံးရှံးခဲ့ရသည်။အကယ်၍ သူ့အားပစ်ခတ်လာသည့်အရာသည် မြှားများဖြစ်ခဲ့လျှင် ၎င်းကိုခုခံကာကွယ်ရန်အတွက် ချပ်ဝတ်တန်ဆာများနှင့် တိုက်ပွဲစွမ်းအင်ကိုအားကိုး၍ သေစေနိုင်လောက်သော ဒဏ်ရာများအရအောင် ခုခံနိုင်သော်လည်း ကျည်ဆန်ကိုမူ မကာကွယ်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် လေးသမားများနှင့် မှော်ဆရာတို့၏ခြိမ်းခြောက်မှုက အလွန်ပြင်းထန်လှပေသည်။

သာမန်ဓားပြများစွာသည် အောစ့်စစ်သည်များ၏ ပုဆိန်ကြီးများနှင့် မရေမတွက်နိုင်သော မြှားမိုးရွာချခြင်းအောက်တွင် အဆက်မပြတ်သေဆုံးနေခဲ့ရသည်။

"သူတို့က အတော်လေးသန်မာတယ်....ငါတို့ရဲ့မှော်ဆရာကို ကာကွယ်ပြီးသူတို့ရဲ့ ခံစစ်ဖွဲ့စည်းပုံကိုချိုးဖျက်လိုက်"

ဓားပြတစ်ယောက်က အော်ဟစ်အမိန့်ပေးလိုက်သည်။

ဤလောကတွင် မှော်ဆရာများသည် ရွေ့လျားနိုင်သည့် အမြောက်များနှင့်တူပေသည်။မှော်ဆရာတစ်ယောက်သည် တပ်ဖွဲ့တစ်ခုက မကျော်ဖြတ်နိုင်သော ခံစစ်ဖွဲ့စည်းပုံတစ်ခုအား ချိုးဖျက်နိုင်သည်။

ဤသို့ဖြင့် ဓားပြများသည် သူတို့၏မှော်ဆရာကိုကာကွယ်ရန် စုရုံးလာခဲ့ကြသည်။သို့သော် မှော်ဆရာ၏ တိုက်ခိုက်မှုအကွာအဝေးသည် အနည်းငယ်နိမ့်ကျနေပေရာ သူ၏မှော်မန္တန်အား ထုတ်သုံးရန်အတွက် အခွင့်ကောင်းအား စောင့်ဆိုင်းနေခဲ့သည်။

ဒါဇင်ပေါင်းများစွာသော ဓားပြများသည် မှော်ဆရာကိုကာကွယ်ရန်အတွက် ဒိုင်းများကိုအသုံးပြုကာ မှိုပွင့်တစ်ခုသဖွယ်ပုံဖော်၍ ရှေ့တိုးလာကြသည်။ထိုသို့မလုပ်ပါက ရှောင်ယုဘက်က အင်အားကြီးသောလေးသမားများက သူတို့၏မှော်ဆရာကို သတ်ဖြတ်ပစ်မည်အား စိုးရိမ်နေကြသည်။

နတ်သူငယ်လေးသမားများနှင့် ရန်သူမှော်ဆရာတို့အကြား အကွာအဝေးသည် အတော်လေးဝေးကွာသေးသည့်အပြင် ဒိုင်းများကလည်း အကာအရံပေးထားသည့်အတွက် မှော်ဆရာသည်သူ၏အသက်ကို စိတ်မပူခဲ့ပေ။သို့သော် ရှောင်ယုထံ၌ တိုင်ရန်ဒီကဲ့သို့ သူရဲကောင်းတစ်ယောက်နှင့် ရိုင်ဖယ်တပ်သားများရှိနေကြောင်း သတိမထားမိခဲ့ပေ။

ဘန်း...

ချက်ချင်းဆိုသလိုပင် မြှားတံများနှင့်ကျည်ဆန်များက မိုးရွာသလိုကျဆင်းလာခဲ့သည်။ထိုမြှားတံများနှင့် ကျည်ဆန်များသည် မှော်ဆရာအားကာကွယ်ပေးနေသည့် ဓားပြများ၏ဒိုင်းကိုဖြတ်ကျော်သွားခဲ့ကာ အကာအရံအတွင်းရှိ မှော်ဆရာ၏အသက်ကိုပင် တစ်ခါတည်းနှုတ်ယူသွားခဲ့သည်။

"ဟမ့်...မှော်ဆရာပေါက်စတစ်ယောက်က သေချင်လို့ ဒီလ်ိုမျိုးရှေ့တိုးလာခဲ့တာလား..."

ရှောင်ယုသည် တိုင်ရန်ဒီနှင့် ရိုင်ဖယ်သမားတို့၏ စွမ်းဆောင်မှုအား ကျေနပ်အားရနေခဲ့သည်။

ရိုင်ဖယ်သမားများ၏ တိကျမှုသည် အလွန်ပင်အားနည်းသော်လည်း သူတို့အားလုံးသည် တစ်နေရာထဲသို့ချိန်ရွယ်လိုက်ချိန်တွင် ကျည်ဆန်တစ်တောင့် သို့မဟုတ် နှစ်တောင့်ကတော့ ပစ်မှတ်အားထိမှန်မှာဖြစ်သည်။

ရှောင်ယုသည် ရိုင်ဖယ်သေနတ်များ၏ အစွမ်းကိုတွေ့မြင်ပြီးနောက် စက်သေနတ်များနှင့် မောင်းပြန်ရိုင်ဖယ်များကို အမြန်ဆုံးရယူရန်ဆုံးဖြတ်လိုက်သည်။

အခန်း ၃၀ - အမာခံမြင်းတပ်ထွက်ပေါ်လာခြင်း

တိုက်ပွဲဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ အောစ့်စစ်သည်များ၏ခံစစ်အား ချိုးဖျက်၍မရသည့်အပြင် ရှောင်ယုထံ၌ နတ်သူငယ်လေးသမားများနှင့် ရိုင်ဖယ်တပ်သားများရှိနေကြောင်း မားကပ်စ်သိရှိလိုက်သည်။

ယခုတိုက်ပွဲတွင် အောစ့်စစ်သည်၃၀၀တို့သည် ရှေ့တန်းတွင်အခိုင်အမာ ခံစစ်ရယူတည်ဆောက်ထားပြီး နောက်တန်း၌ရှိသော မြားသမားများနှင့် လူပုရိုင်ဖယ်သမားများကို အကာအကွယ်ပေးထားလေရာ သူ၏ဓားပြများသည် အကျအရှုံးများပြားစွာကြုံတွေ့ခဲ့ရလျှင်တောင်မှ ခံစစ်မျည်းအားထိုးဖောက်နိင်မည်မဟုတ်ပေ။ယခုအချိန်တွင် မားကပ်စ်၏ဘက်၌ အကျအဆုံးအလွန်များပြားနေပြီဖြစ်သည်။

အောစ့်စစ်သည်များသည် အလွန်အားကောင်းသော်လည်း သူတို့ထံ၌ တိုက်ခိုက်နိုင်သောစွမ်းရည် အကန့်အသတ်ရှိပေသည်။မားကပ်စ်သည် အောစ့်များ၏ခံစစ်အား ချိုးဖျက်နိုင်ရန်အတွက် သူ၏မှော်ဆရာအား ဓားပြများကိုကာကွယ်စေကာ မှော်မန္တန်အသုံးပြုစေရန် ရှေ့တက်စေခဲ့သည်။သို့သော် တိုင်ရန်ဒီနှင့် ရိုင်ဖယ်သမားများ၏လက်ချက်ကြောင့် မှော်ဆရာသည် မှော်မန္တန်လေးကိုပင် အသုံးပြုခွင့်မရခဲ့ဘဲ သတ်ဖြတ်ခံလိုက်ရသည်။

ထို့ပြင် နတ်သူငယ်လေးသမားများသည် သူတို့အားမမြင်တွေ့စေရန်အတွက် အရိပ်လွတ်မြောက်ခြင်းအား အသုံးပြုထားခဲ့သည်၊ထို့ကြောင့် ရှောင်ယုထံတွင် လေးသမားမည်မျှရှိနေကြောင်း မားကပ်စ်မသိရှိခဲ့ပေ။ထို့ပြင် ရိုင်ဖယ်တပ်သားများအသုံးပြုနေသည့် ထူးခြားဆန်းကြယ်သော မှော်လက်နက်များ၏တည်ရှိမှုက သူ့တို့၏တပ်ဖွဲ့များကို အားနည်းသောအခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဤတိုက်ပွဲတွင် ရှောင်ယုသည် မြေမျက်နှာသွင်ပြင်ကို အသာစီးရယူကာ ပြီးပြည့်စုံသော ခံစစ်ကြောင်းအားပြည့်စုံစေခဲ့သည်။ထို့ပြင် နတ်သူငယ်လေးသမားတိုင်းသည် လက်ရွေးစင်များဖြစ်ကြလေရာ မားကပ်စ်၏တပ်များကို ကြီးမားစွာခြိမ်းခြောက်နေခဲ့သည်။ဤနည်းအတိုင်းသာဆက်ဖြစ်နေပါက သူသည်ရှံးနိမ့်မှုအားရင်ဆိုင်ရမည်ဖြစ်ကြောင်း မားကပ်စပ်တဖြည်းဖြည်းနားလည်လာခဲ့သည်။

ဤကမ္ဘာကြီးသည် အအေးလက်နက်များကို တွင်ကျယ်စွာအသုံးပြုနေဆဲခေတ်တွင် ရှိနေသောကြောင့် မားကပ်စ်သည် တာဝေးပစ်လက်နက်များ၏ စစ်ပွဲအတွင်းထိရောက်မှုကို ရင်းနှီးခြင်းမရှိပေ၊တစ်ဖက်တွင် ခေတ်မှီသောကမ္ဘာကြီးမှရောက်ရှိလာသည့် ရှောင်ယုသည် တာဝေးပစ်တိုက်ခိုက်မှုများအား မည်သည့်နေရာ၌အသုံးပြုရမည်ဖြစ်ကြောင်း နားလည်ခဲ့သည်။

နပိုလီယံသည် သူ၏ရန်သူများအား နှိမ်နင်းရန်အတွက် တာဝေးပစ်လက်နက်များကို စစ်တပ်၏နောက်တန်း၌ထား၍ ပြင်းထန်သောပစ်ခတ်အားကို အသုံးပြုခြင်းအား ထောက်ခံအားပေးသူဖြစ်သည်။ပိုမိုပြင်းထန်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်သူသည် တခြားတစ်ဖက်အား ဦးနှိမ်ထားနိုင်သရွေ့ အောင်ပွဲသည်ခြေတစ်လှမ်းသာ ကွာဝေးပေသည်။

ထို့ကြောင့် ယနေ့ညတိုက်ပွဲတွင် အသစ်ထုတ်လုပ်ထားသည့် ခြေလျင်တပ်သားများနှင့်အောစ့်စစ်သည်များက ခုခံရေးအပိုင်းကိုတာဝန်ယူကာ လေးသမားများနှင့်ရိုင်ဖယ်သမားများက တိုက်ခိုက်ရေးအပိုင်းအား တာဝန်ယူခဲ့သည်။

ဤနေရာတွင် လူပုရိုင်ဖယ်တပ်သားတစ်ဦးသည် ရိုင်ဖယ်အားကျည်ဆန်ဖြည့်တင်း၍ ပစ်ခတ်ရန်အဆင့်သင့်ဖြစ်ချိန်တွင် နတ်သူငယ်လေးသမားတစ်ဦးသည် မြှားငါးစင်းခန့်ကို ပစ်ခတ်နိုင်ပြီဖြစ်သည်။သို့သော်လည်း ကျည်ဆန်များ၏ အဖျက်စွမ်းအားသည် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုနိုင်သော ကျွမ်းကျင်သူများအား နှိမ်နှင်းနိုင်၍ ထိုတပ်ဖွဲ့နှစ်ခုလုံးသည် ယနေ့ညတိုက်ပွဲတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ရှောင်ယုက သူ့ထံတွင် မှော်ဆရာ ၊ ခြေလျင်တပ်သား ၊ မြင်းစီးသူရဲများနှင့် စစ်သည်တော်များရှိနေသရွေ့ ၎င်းတို့ကိုလိုက်ဖက်ညီစွာပေါင်းစပ်ကာ ထောင်နှင့်ချီသောစစ်သည်များမှ သန်းနှင့်ချီသောစစ်သည်များအား ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိပေသည်။

ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ သူ့ထံတွင်တပ်သားအရေအတွက် အကန့်အသတ်ရှိနေသောကြောင့် ယခုအချိန်၌ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့တပ်သားများ၏ လုပ်ဆောင်နိုင်စွမ်းကို အချိန်မှန်နေရာမှန်အသုံးပြုခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက ရှောင်ယုသည် ရှံးနိမ့်ခြင်းအား ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

"နောက်ဆုတ်...နောက်ဆုတ်ကြ.."

မားကပ်စ်သည် တုံးအသူတစ်ဦးမဟုတ်ပေရာ ဤနည်းအတိုင်းသာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါက သူ၏တပ်များသည် ကုန်ဆုံးလုနီးပါးဖြစ်သွားမှာဖြစ်ကာ အခန့်မသင့်ပါက သူသည်ပင်သေဆုံးသွားနိုင်သောကြောင့် ဓားပြများအား နောက်ဆုတ်ရန်အမိန့်ပေးလိုက်သည်။ယခုအခါ မားကပ်စ်သည် ရှောင်ယု၏လေးသမားများအား ထိတ်လန့်ကြောက်ရွှံနေပြီဖြစ်သည်။

ယခုအချိန်တွင် မားကပ်စ်သည် ဒေါသဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့အား တပြိုင်တည်းခံစားနေရသည်။ထိုသို့ဖြစ်ရခြင်းမှာ ရန်သူသည် သူ၏တပ်စခန်းသို့ကျူးကျော်ဝင်ရောက်လာ၍ သူတို့၏ဂိတ်တံတိုင်းအား အသုံးပြုကာ သူတို့အားပြန်လည်တိုက်ခိုက်နေ၍ဖြစ်သည်။တိုက်ပွဲအစောပိုင်းတွင် သူတို့သာဂိတ်တံတိုင်းအား ပြန်လည်ထိန်းချုပ်မှုရရှိခဲ့ပါက သန်မာသောလေးသမားများသည်ပင် သူ့အားမည်သို့မှ အန္တာရယ်ပေးနိုင်မှာမဟုတ်ပေ။သို့သော်လည်း ရှောင်ယုသည် မားကပ်စ်အား တိုက်ခိုက်ရန်အတွက် ဗျူဟာကျသောနေရာကို လက်လွတ်ရလောက်အောင်ထိ မတုံးအသေးပေ။

ရှောင်ယုသည် တိုက်ပွဲတစ်ခုမစတင်မှီတွင် စစ်မြေပြင်အခြေအနေအား စစ်ဆေးစောင့်ကြည့်တတ်သည့် အကျင့်ကောင်းတစ်ခုရှိသည်။

ယခုအချိန်တွင် တစ်ဖက်ဓားပြများထံ၌ အောစ့်စစ်သည်၃၀၀၏ ခံစစ်ဖွဲ့စည်းပုံအား အလွယ်တကူဖြတ်ကျော်ကာ သူ၏လေးသမားများကို သတ်ဖြတ်ပစ်နိုင်သော အမာခံမြင်းတပ်များရှိကြောင်း ရှောင်ယုသတိပြုမိပေသည်။ထို့ကြောင့် ရှောင်ယုသည်တိုက်ပွဲအစောပိုင်းတွင် တံတိုင်းအား ဦးစွာထိန်းချုပ်ပြီးမှ တိုက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေသည်။

အကယ်၍ရှောင်ယုကသာ ဓားပြများကိုတိုက်ရိုက်တိုက်ခိုက်ရန် ရွေးချယ်ပြီး ဓားပြစခန်းအား ဝိုင်းရံတိုက်ခိုက်ပါက တူညီသောကံကြမ္မာကို ရင်ဆိုင်ရမှာဖြစ်သည်။လေးသမားများနှင့် လူပုများသည် တံတိုင်းပေါ်၌ကင်းလှည့်နေသော လှည့်ကင်းများအား ထိမှန်အောင်ပစ်ခတ်နိုင်မှာမဟုတ်ပေ။ထို့ပြင် မြင့်မားလှသောကျောက်နံရံအား တိုက်ခိုက်မှုများအကြား၌ အောင်မြင်စွာတွယ်တက်နိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးလှပေသည်။

ရှောင်ယုသည် သူ့တပ်များ၏ အားနည်းချက်ကို သိရှိနားလည်ခဲ့သည်။မည်သို့ပင်ဆိုစေ ယခင်ဘဝတွင် ရှောင်ယုသည် လက်ရွေးစင်ကစားသမားများစွာ ပါဝင်ယှည်ပြိုင်နေသည့်ကြားထဲမှ စစ်ပွဲကမ္ဘာဂိမ်းအား အနိုင်ရဗိုလ်စွဲခဲ့သူဖြစ်သည်။သူသည် ဂိမ်းအားအနိုင်ရရှိရန်အတွက် ယခုသူအသုံးပြုနေသော နည်းဗျူဟာအပါအဝင် အခြားခေတ်မီဆန်းသစ်သည့် နည်းဗျူဟာများကို အသုံးပြုခဲ့ရသည်။လက်တွေ့ကမ္ဘာနှင့် ဂိမ်းအကြားတွင် ကွာခြားချက်များရှိသော်လည်း ဤကမ္ဘာသည် ခေတ်နောက်ပြန်ဆွဲကာ အအေးလက်နက်များကို အသုံးပြုနေဆဲဖြစ်၍ ရှောင်ယု၏အခြေအနေအပေါ် နားလည်မှုသည် အလုပ်ဖြစ်နေဆဲဖြစ်သည်။

ယခုလည်း မားကပ်စ်သည် ဓားပြများအား ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလိုက်ချိန်တွင် ရှောင်ယုကလိုက်လံ တိုက်ခိုက်ခြင်းမပြုခဲ့ပေ။အကယ်၍ သူတို့သာ ဤတံတိုင်းနံရံကိုဆုံးရှံးလိုက်ရသည်နှင့် ရန်သူဓားပြများကို ယခုလိုလွယ်လွယ်ကူကူ တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း သူနားလည်ထား၍ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှောင်ယု၏တပ်များသည် အစောပိုင်း ပရမ်းပတာဖြစ်နေစဉ်ကာလအတွင်း ဓားပြ၆၀၀ကျော်ကို သတ်ဖြတ်နိုင့်ခဲ့သည်။ထို့နောက်တွင် မားကပ်စ်ကိုယ်တိုင်ဦးဆောင်၍ တိုက်ခိုက်ပြီးနောက် ဓားပြ၁၀၀၀ကျော်ကိုထပ်မံဆုံးရှံးခဲ့ရသည်။ယခုအချိန်ထိတိုင်အောင် မားကပ်စ်သည် သူ၏မှော်ဆရာအပါအဝင် ၊ သူရဲကောင်း၅ယောက်နှင့် ဓားပြ၂၀၀၀ကျော်ကို ဆုံးရှံးခဲ့ရပြီဖြစ်သည်။

တိုင်ရန်ဒီ နှင့် ရိုင်ဖယ်သမားများသည် တိုက်ပွဲစွမ်းအင်ကိုအသုံးပြုနိုင်သော အဆိုပါကျွမ်းကျင်သူ၅ယောက်အား သတ်ဖြတ်ခဲ့ကြသည်။

ကျွမ်းကျင်သူများသည် သာမန်မြှားတံများအား ခုခံရန်အတွက် သူတို့၏တိုက်ပွဲစွမ်းအင်ကို အသုံးပြုခဲ့ကြသော်လည်း သူတို့၏ခန္ဓာကိုယ်သည် တိုင်ရန်ဒီ၏လောင်မြိုက်မြှားတံ သို့မဟုတ် ရိုင်ဖယ်သေနတ်၏ကျည်ဆန်များကို တောင့်မခံနိုင်ခဲ့ပေ။

"ရှောင်ယု...ငါမင်းနာမည်ကို တစ်သက်လုံးမေ့မှာ မဟုတ်တော့ဘူး...မင်းကိုသတ်ပြီးသွားရင် မင်းရဲ့ခြင်္သေ့မြို့ကို ငါဖျက်ဆီးပစ်မယ်"

မားကပ်စပ်သည် အလွန်ဒေါသထွက်သွားခဲ့သည်။သူဓားပြအဖြစ် စတင်လုပ်ကိုင်စဉ်မှစ၍ ယနေ့အချိန်ထိ ဤမျှလောက်ကြီးမားသော ဆုံးရှံးမှုမျိုးအား တစ်ခါမှမကြုံတွေ့ရသေးပေ။တိုက်ပွဲစတင်၍ နာရီဝက်မပြည့်မှီ သူ၏ဓားပြ ၂၀၀၀ခန့်သေဆုံးသွားခဲ့ရသည်။စခန်းအတွင်းတွင် စုစုပေါင်းအရေအတွက်၅၀၀၀ခန့်သာရှိရာ မားကပ်စ်သည် သူ့လူတစ်ဝက်လောက်အား ဆုံးရှံးလိုက်ရပြီဖြစ်သည်။

ရှောင်ယုသည် လေးသမားများ၏ ပစ်ခတ်မှုအကွာအဝေးမှ ဓားပြများထွက်ခွာသွားသည်ကိုမြင်သောအခါ အနားမပေးဘဲ လှောင်ပြောင်လိုက်သည်။

"ဟားဟား...လူနှင့်သားရဲတို့ပေါင်းစပ်ထားတဲ့ နမူနာကောင်...မင်းကငါ့ကိုသတ်ပြီး ခြင်္သေ့မြို့ကိုဖျက်ဆီးချင်တယ်ဆို...မင်းကဟာသတွေတအားပြောတာပဲ...ငါ့က်ိုနတ်သူငယ်နတ်ဘုရား ၊ အောစ့်နတ်ဘုရားနဲ့ လူပုနတ်ဘုရားတို့က ဒီလောကကိုအုပ်စိုးမယ့်သူအဖြစ်ရွေးချယ်ခဲ့တာပဲ...ငါကဒီကမ္ဘာကြီးကိုအုပ်စိုးဖို့ကြံရွယ်ထားတာကြောင့် မင်းငါ့ကိုဆက်တိုက်ဝံ့သေးတာလား..."

ရှောင်ယုသည် လက်ရွေးစင်ဂိမ်းကစားသူတစ်ဦးဖြစ်ရာ ငြင်းခုန်ရာနှင့်ကျိန်ဆဲခြင်းတို့တွင် ဆရာတစ်ပါးဖြစ်သည်။သူသည် အခြားသူများကို အမှိုက်တစ်စအဖြစ် ပြောင်းလဲပစ်ရန်နှင့် ဒေါသထွက်လာစေရန် စိတ်ဝင်စားဖွယ်နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော ကစားသမားများစွာကို တွေ့မြင်ဖူးခဲ့သည်။ထိုလူများသည် အွန်လိုင်းသရဲများဖြစ်ကြပြီး ရှောင်ယုသည် ထိုလူများထံမှပညာများစွာရရှိခဲ့ရာ မားကပ်စ်သည် ဤနယ်ပယ်တွင် သူ့အားယှဉ်ပြိုင်ရန်လုံးဝမလွယ်ကူခဲ့ပေ။

"ကမ္ဘာကြီးကိုအုပ်စိုးမယ့်ဘုရင်...ဟမ့်လေကြီးလိုက်တာ...ငါဒီနေ့မင်းကိုအရေခွံစုတ်ပစ်မယ်...အမာခံမြင်းတပ်ကိုအသင့်ပြင်"

မားကပ်စ်၏မျက်နှာသည် ချက်ချင်းနှီရဲသွားပြီး သူ၏ဓားကိုဝှေ့ယမ်း၍ ဓားပြများကိုအမိန့်ပေးလိုက်သည်။

အမာခံမြင်းတပ်သားများနှင့် ၎င်းတို့စီးနင်းသည့်မြင်းများကို အဆင်သင့်ဖြစ်စေအောင် ပြင်ဆင်ရန်အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပေသည်။ညအချိန်တိုက်ခိုက်မှုသည် ခြုံခိုတိုက်ခိုက်မှုတစ်ခုဖြစ်ရာ အမာခံမြင်းတပ်အား ချက်ချင်းမပြင်ဆင်နိုင်ခဲ့ပေ။သို့သော် ယခုအခါသူတို့သည် အဆင်သင်သင့်ဖြစ်နေပြီဖြစ်ကာ မားကပ်စ်၏အမိန့်ကိုစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

အအေးလက်နက်ခေတ်တွင် မြင်းတပ်သည် စစ်တပ်၏အရေးအကြီးဆုံးသောအစိတ်အပိုင်းဖြစ်သည်။အမာခံမြင်းတပ်သည် ရန်သူ၏ခံစစ်ဖွဲ့စည်းပုံအား ချက်ချင်းချိုးဖျက်နိုင်သည့် တပ်ဖွဲ့ဖြစ်သည်။ခြေလျင်တပ်သားများသည် အမာခံမြင်းတပ်နောက်တွင်လိုက်ပါလာပြီး ဖွဲ့စည်းပုံပျက်ယွင်းနေသော ရန်သူတပ်သားများကို သုတ်သင်ရှင်းလင်းကာ ပြီးပြည့်စုံသောအောင်ပွဲတစ်ခုအား ရယူနိုင်ပေသည်။

ကြီးမားလှသောစစ်ပွဲများတွင် နှစ်ဖက်လုံးသည် အမာခံမြင်းတပ်များကိုအသုံးပြုကြရာ၌ အခြားတစ်ဖက်ကို ဦးစွာလွှမ်းမိုးနိုင်သော တစ်ဖက်ကအနိုင်ရရှိကြပေသည်။

သာမန်ဓားပြတပ်ဖွဲ့များတွင် အမာခံမြင်းတပ်ကို ထောက်ပံ့ပေးရန် ငွေကြေးအလုံအလောက်မရှိပေ။အမာခံမြင်းတပ်သည် အင်အားကြီးမားသော်လည်း သူတို့အားလေ့ကျင့်ပေးခြင်းသည် ငွေကုန်ကြေးကျ အလွန်များပေသည်။အမာခံမြင်းတပ်တွင် ပါဝင်သောတပ်သားများသည် အထူးရွေးချယ်ထားသောမြင်းများ ၊ လက်နက်ကောင်းများကို ကိုင်ဆောင်ကြရသည်။

အတိုချုပ်ပြောရလျှင် စစ်သားနှင့်မြင်းကောင်းတစ်လက်ပါဝင်သော သာမန်အမာခံမြင်းတပ်တစ်ခုသည် ရွှေပြားထောင်ပေါင်းများစွာကို ကုန်ကျစေမှာဖြစ်သည်။မားကပ်စ်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာသည်ထိ သူ၏ချမ်းသာကြွယ်ဝမှုကို စုဆောင်းထားခဲ့သော်လည်း ယခုအချိန်ထိ အမာခံမြင်းတပ်သား၃၀၀ကိုသာ ပြုစုပျိုးထောင်နိုင်ခဲ့သည်။သို့သော် ဤအမာခံမြင်းတပ်သား၃၀၀၏ အကူအညီဖြင့်သူသည် ပြိုင်ဘက်များစွာကို အနိုင်ယူနိုင်ခဲ့သည်။

ထိုအချိန်တွင် မြင်းခွာသံများက စခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ယခုလို အမာခံမြင်းတပ်အား လေ့ကျင့်ပေးနိုင်ခြင်းသည် ဤဓားပြစခန်း၏ အင်အားပြယုဂ်တစ်ခုပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စခန်း၏အနက်ပိုင်း၌ နောက်ထပ်မီးလောင်မှုများဖြစ်ပွားခဲ့သည်။မားကပ်စ်သည် ဤကိစ္စအား ကိုင်တွယ်ရန်အတွက် လူများကိုစေလွှတ်ခဲ့သော်လည်း မီးငြိမ်းရန်လွယ်လွယ်ကူကူ မဆောင်ရွက်နိုင်ပေ။မားကပ်စ်သည် ရှောင်ယုကိုသတ်ဖြတ်ကာ တိုက်ပွဲကိုအမြန်ဆုံးအဆုံးသတ်၍ မီးကိုအချိန်မှီငြိမ်းသတ်ရန် အားခဲထားခဲ့သည်။ထိုသို့မဟုတ်ပါက နှစ်ပေါင်းတစ်ဒါဇင်ကြာ သူတည်ဆောက်ခဲ့ရသည့် စခန်းသည် မီးလောင်ပြာကျသွားမှာဖြစ်သည်။

ကလောက်....ကလောက်...ကလောက်

အမာခံမြင်းတပ်သား ၃၀၀သည် မားကပ်စ်၏အမိန့်ဖြင့် ဤနေရာသို့စုရုံးလာချိန်၌ မြေပြင်သည်စတင်တုန်ခါလာခဲ့သည်။

သာမန်မြင်းများသည် အမာခံမြင်းတပ်အတွက် အသုံးပြုရန်မရည်ရွယ်ပေ။အမာခံမြင်းတပ်တွင် အသုံးပြုမယ့်မြင်းများသည် လေးလံသောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ တစ်နေ့လျှင်မိုင်ထောင်ချီခရီးသွားနိုင်လောက်သည်အထိ သန်မာရမည်ဖြစ်သည်။

ထို့ကြောင့် အမာခံမြင်းတပ်အတွက် လိုအပ်သောမြင်းများကို ဝယ်ယူစုဆောင်းရသည့်ကိစ္စသည် မားကပ်စ်အားအလွန်ခေါင်းကိုက်စေခဲ့သည်။

အမာခံမြင်းတပ်၏ တပ်မှူးသည် သူ၏တပ်သားများကိုနံရံတံတိုင်းနှင့် ခြေလှမ်း၃၀၀ အကွာတွင်ရပ်တန့်ခိုင်းလိုက်ပြီး ဖွဲ့စည်းမှုတစ်ခုအား လုပ်ဆောင်ခဲ့သည်။

"အဲ့ဒီအောစ့်တွေအကုန်လုံးက်ို သတ်ပစ်"

မားကပ်စ်သည် အချိန်မဆိုင်းတော့ဘဲ ချက်ချင်းအမိန့်ပေးလိုက်တော့သည်။ယခုအချိန်တွင် ရှောင်ယုအားသူသတ်ဖြတ်နိုင်ခဲ့လျှင်ပင် သူ၏ဆုံးရှံးမှုသည် အလွန်ကြီးမားမှာဖြစ်သည်။မားကပ်စ်၏အမြင်၌ သူ၏စခန်းအားမီးရှိ့ရန်ကြံစည်ထားသော ရှောင်ယု၏အကြံအစည်သည် အလွန်ပင်စက်ဆုပ်ဖွယ်ကောင်းလှပေသည်။

...

...

ရှောင်ယုသည် အမာခံမြင်းတပ်များ သူ၏အောစ့်စစ်သည်များထံ ပြေးဝင်လာသည်ကိုကြည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။သူမျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် စူးရှသောအလင်းတန်းတစ်ခုက သူ၏မျက်လုံးများ၌ ဖြတ်ပြေးသွားခဲ့သည်။

"ငါ့ဆီမှာ နတ်သူငယ်လှံပစ်စက်နှစ်ခုနဲ့ ရိုင်ဖယ်သမားတွေပါလာတာ တော်တော်အဆင်ပြေတယ်.....မဟုတ်ရင်နတ်သူငယ်လေးသမားတွေက ဒီအမာခံမြင်းတပ်ကို နှိမ်နင်းဖို့မဖြစ်နိုင်ဘူး"

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အော့စ်သည်လေးယောက်သည် နတ်သူငယ်လှံပစ်စက်နှစ်ခုကို တိတ်တဆိတ်ထုတ်ယူလာခဲ့သည်။

"ချီတက်...."

ထိုအချိန်တွင် မားကပ်စ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

Thank For Reading

All Chapters