← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း ၄၀ - လောက်လွဲစင်များကို ဖျက်ဆီးခြင်း

ရှောင်ယုသည် သေးငယ်သောလှည့်ကွက်အချို့ကို အသုံးပြုကာ ရန်သူစစ်သား ၂၀၀၀ နီးပါးကိုသတ်ဖြတ်နိုင်ခဲ့သည်။ကာရီသည် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်ကိုကြည့်ရင်း သူ၏မျက်နှာတစ်ခုလုံး မှောင်မိုက်နေခဲ့သည်။သူ့တွင် တပ်သား ၂၀၀၀၀ ထိရှိသည့်အတွက်ကြောင့် ခြင်္သေ့မြို့အား ရရှိရန်အလွန်လွယ်ကူမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတိုက်ပွဲစစချင်းမှာပင် ကြီးမားသောဆုံးရှံးမှုကိုရင်ဆိုင်ခဲ့ရသည်။ကာရီ၏အမြင်တွင် ရှောင်ယုသည် အလွန်ယုတ်မာပြီး အရှက်ကင်းမဲ့လှပေသည်။

"သူတို့ရဲ့လေးသမားတွေကို ဖျက်ဆီးဖို့ လောက်လွဲစင်တွေကိုသုံးလိုက်..."

ကာရီသည် သူ၏မူလအစီအစဉ်အရ တိုက်ပွဲကိုစတင်ပြီး အချိန်အတော်ကြာမှ ထိုလောက်လွဲစင်များကို အသုံးပြုရန်စီစဉ်ထားခဲ့ပေသည်။သို့သော် တိုက်ပွဲအစမှာပင် ဆုံးရှံးမှုများခံစားလိုက်ရပြီး ရှောင်ယု၏စော်ကားမှုကိုလည်း ခံလိုက်ရသောကြောင့် လောက်လွဲစင်များကို အချိန်မှီအသုံးပြုရန် အမိန့်ပေးခဲ့သည်။

လောက်လွဲစင်များကို ပစ်ခတ်ရန်တာဝန်ယူထားသော စစ်သားများသည် လောက်လွဲစင်များကို မြို့ရိုးနံရံဆီ စတင်တွန်းပို့ခဲ့ကြသည်။လောက်လွဲစင်များသည် မြို့ရိုးနံရံအား ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ရောက်ရှိသည်နှင့် စတင်တိုက်ခိုက်မှာဖြစ်သည်။ပုံမှန်အခြေအနေအောက်တွင် လောက်လွဲစင်များအား မြို့ရိုးနံရံများနှင့် အခြားသောမြင့်မားသည့်နေရာများ၌ ထားရှိပစ်ခတ်ကြလေ့ရှိကြသည်။သ်ို့သော် ကာရီ၏လက်ရှိပြသနာဖြစ်သော လေးသမားများကို နှိမ်နင်းသတ်ဖြတ်လိုသောကြောင့် သူ၏စစ်တပ်သည် လောက်လွဲစင်များကို လူအင်အားအသုံးပြုကာ ခြင်္သေ့မြို့ရိုးနံရံအား တိုက်ခိုက်နိုင်သောအကွာအဝေးထိ တွန်းပို့နေရခြင်းဖြစ်သည်။

ကာရီသည် လောက်လွဲစင်များ၌ အသုံးပြုရန် သာမန်ကျောက်တုံးများကိုသာ ပြင်ဆင်နိုင်ခဲ့သည်။အကယ်၍ သူ့ထံတွင်မှော်အစီအရင်များဖြင့် စီမံရေးဆွဲထားသည့် အထူးလောက်စာလုံးများရှိပါက မှော်စွမ်းအင်နှင့်တွဲဖက်ကာ ပိုမိုစွမ်းအားပြင်းသည့် တိုက်ခိုက်မှုကိုပြုလုပ်နိင်မှာဖြစ်သည်။

...

...

ရှောင်ယုသည် ကာရီ၏တပ်သားများက လောက်လွဲစင်များအား ရှေ့သ်ို့တွန်းထုတ်လာသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့် ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် ဖြိုဖျက်သူ၁၀ခု၏ ပစ်ခတ်မှုလမ်းကြောင်းကို ရန်သူ၏လောက်လွဲစင်များဆီ ချိန်ရွယ်လိုက်တော့သည်။

"အသင့်ပြင်...ပစ်"

ရှောင်ယုသည် ဖြိုဖျက်သူများကို သူကိုယ်တိုင်ဦးဆောင် ညွန်ကြားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသောကျောက်တုံးများသည် မြို့ရိုးနံရံပေါ်မှ ပျံသန်းလာခဲ့ပြီး ဥက္ကာပျံများကဲ့သို့ ရန်သူ့တပ်ဖွဲ့များထံ ဦးတည်လာခဲ့သည်။

ပျံသန်းနေသော ကျောက်တုံးများသည် လေထုထဲတွင်ဝဲပျံနေခြင်းက ရန်သူစစ်သားများ၏အမြင်တွင် မရေမတွက်နိုင်သည့် ကျိုင်းကောင်များ သူတို့ထံသို့ဦးတည်ပျံသန်းလာသလို ဖြစ်စေခဲ့သည်။

"အဲဒါက ဘာကြီးလဲ..."

လောက်လွဲစင်များကို ပစ်ခတ်ရန်တာဝန်ယူထားသည့် စစ်သည်များသည် ကြောင်အနေသောအမူအရာဖြင့် ထိုမြင်ကွင်းကို အတိုင်းသားမော်ကြည့်နေမိကြသည်။သူတို့သတိပြန်ဝင်လာချိန်၌ တုံ့ပြန်ရန်အချိန်မရှိတော့ပေ။ထိုကျောက်တုံးများသည် သူတို့၏ခေါင်းပေါ်သ်ို့ရောက်ရှိနေပြီဖြစ်ကာ ကျောက်တုံးများသည် ကျယ်ပြန့်သောနေရာတစ်ခုလုံးအား အုပ်မိုးကျရောက်နေသောကြောင့် ရှောင်တိမ်းရန်နေရာမရှိခဲ့ပေ။

ကာရီယူဆောင်လာသည့် လောက်လွဲစင်များနှင့် သူ၏ဖြိုဖျက်သူများသည် မတူညီသောအဆင့်တွင်ရှိနေကြောင်း ရှောင်ယုသတိပြုမိပေသည်။ကာရီသည် မြို့ရိုးပေါ်ရှိ လေးသမားများကို နှိမ်နင်းရန်အတွက် မတူညီသောတပ်ဖွဲ့အသီးသီးတွင် လောက်လွဲစင်များစွာကို ဖြန့်ဝေပေးခဲ့သည်။သို့သော်လည်း ရှောင်ယု၏အဓိကရည်ရွယ်ချက်မှာ အမာခံခြေလျင်တပ်သားများကို သတ်ဖြတ်ရန်မဟုတ်ဘဲ ရန်သူ၏ခြေလျင်တပ်သားများကို ချေမှုန်းရာ၌ ပိုမိုအာရုံစိုက်ရန်ဖြစ်သည်။ထို့ပြင် ကာရီယူဆောင်လာသော လက်နက်ကြီးများကိုဖျက်ဆီးရန်အတွက် သူ၏ကိုယ်ပိုင်လက်နက်ကြီးများကို ထုတ်ဖော်အသုံးပြုရလိမ့်မည်ဟု ရှောင်ယုနားလည်ခဲ့သည်။ဤသည်မှာ ခေတ်သစ်ကမ္ဘာမှရောက်လာသူတစ်ဦးနှင့် ခေတ်နောက်ကျသူနှစ်ဦးအကြား ကွဲပြားသည့်တွဲခေါ်ယူဆချက်ဖြစ်သည်။

ရှောင်ယုက ကာရီသည် ဤတိုက်ပွဲတွင်အသုံးပြုရန်အတွက် လောက်လွဲစင်အခု၂၀ထိ ယူဆောင်လာကြောင်း တွေ့မြင်လိုက်ရသည်။အကယ်၍ လောက်လွဲစင်များသာ မြို့ရိုးနံရံများနှင့် နီးကပ်လာခဲ့ပါက မြို့ရိုးနံရံပေါ်ရှိ လေးသမားများကို ကြီးမားသောထိခိုက်မှုဖြစ်ပေါ်စေလိမ့်မည်ဟု ရှောင်ယုနားလည်လိုက်သည်။

ရှောင်ယုသည် နတ်သူငယ်လေးသမားများကို သူ၏ရင်သွေးငယ်လေးများအဖြစ် သတ်မှတ်ထားရာ အဆင့်၃သို့ရောက်ရှိနေသည့် လေးသမားများသာ သူ့မျက်စိရှေ့၌သေဆုံးသွားပါက သူကိုယ်တ်ိုင်နှလုံးနာကျကာ သေပွဲဝင်ရမည်ဖြစ်သည်။

ထို့ကြောင့် ရှောင်ယုသည် သူ့ကိုခေါင်းကိုက်စေသော ထိုလောက်လွဲစင်များကို ဦးစွာဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။ရန်သူထံတွင် ထိုကဲ့သို့လောက်လွဲစင် အမြောက်အများရှိသော်လည်း စစ်မြေပြင်အနှံ့ ခွဲဝေပေးထားလေရာ ရုတ်တရက်ကြည့်လိုက်လျင် စစ်မြေပြင်တစ်ခုလုံးအား လွှမ်းမိုးခြယ်လှယ်နိုင်သည့် ပုံစံဖြစ်နေခဲ့သည်။

ရှောင်ယုသည် ထိုခွဲထွက်နေသော လောက်လွဲစင်များကို ဖျက်ဆီးကာ သူ၏တပ်များကိုမခြိမ်းခြောက်နိုင်ရန် စီစဉ်လိုက်သည်။

ရှောင်ယုသည် ဖြိုဖျက်သူများ၏ ပစ်ခတ်မှုစွမ်းအားနှင့် အကွာအဝေးအား စမ်းသပ်ပြီးနောက်တွင် အလွန်ကျေနပ်အားရခဲ့သည်။မြို့ရိုးနံရံပေါ်ရှိ ဖြိုဖျက်သူများသည် ကာရီယူဆောင်လာသော လောက်လွဲစင်များကို လုံးဝဖျက်ဆီးပစ်နိုင်မည်ဟု ရှောင်ယုအကြွင်းမဲ့ယုံကြည်မှုရှိသည်။

ယနေ့ခေတ်တွင် အောစ့်များ၏ဖြိုဖျက်သူများထက် ပိုမိုကောင်းမွန်သည့် စစ်လက်နက်အမြောက်အများမရှိတော့ပေ။ထို့ပြင် ရှောင်ယုသည် စစ်ပွဲတစ်ခု၏ အားသာချက်ဖြစ်သော မြင့်မားသောမြေနေရာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ရှောင်ယုကြုံတွေ့ရသည့် တစ်ခုတည်းသောပြသနာမှာ တိကျမှုအပိုင်းဖြစ်သည်။ဖြိုဖျက်သူများ၏ တိကျမှုကို ကိန်းဂဏန်းဖြင့်ဖော်ပြရလျှင် အနှုတ်ဆယ်မီတာခန့်ထိရှိသည်။ထို့ကြောင့် ရှောင်ယုသည် နည်းစနစ်နှစ်ခုအား အသုံးပြုကာ ထိုတိကျမှုပြသနာမားဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ပထမဦးစွာ သူသည် လောက်လွဲစင်တစ်ခုအားတိုက်ခိုက်ရန်အတွက် ဖြိုဖျက်သူအနည်းငယ်အား အသုံးပြုရန်စီစဉ်ခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ဖြိုဖျက်သူတစ်ခုက မထိမှန်ခဲ့လျှင် အခြားဖြိုဖျက်သူတစ်ခု၏တိုက်ခိုက်မှုက လောက်လွဲစင်အားထိမှန်နိုင်ပေသည်။

ဒုတိယမြောက်နည်းစနစ်မှာ ဧရာမကျောက်တုံးတစ်ခုကို ထည့်သွင်းပစ်ခတ်မယ့်အစား သေးငယ်သောကျောက်တုံးများစွာကို အသုံးပြုခြင်းဖြစ်သည်။သူ့ထံတွင် ၂၀၀-၃၀၀ ကီလိုဂရမ်ရှိကျောက်တုံးတစ်တုံးအား အသုံးပြုမယ့်အစား ၃၀-၄၀ကီလိုဂရမ်ရှိ ကျောက်တုံး ၇-၈တုံးအား အသုံးပြုခဲ့ပေသည်။

အဆုံးသတ်တွင် ဖြိုဖျက်သူများ၏ တိကျမှုသည် အားနည်းသော်လည်း ကျောက်တုံး ၁တုံး သို့မဟုတ် ၂တုံးသည် ပစ်မှတ်အားအမြဲလိုလိုပင် အပြင်းအထန်ထိမှန်ခဲ့သည်။

ကီလိုဂရမ် ၃၀- ၄၀ခန့်အလေးချိန်ရှိသော ကျောက်တုံးများသည် လောက်လွဲစင်များအား ထိမှန်မှုမရှိလျင်တောင်မှ အနီးအနားတွင်ရှိသော စစ်သားများကို ထိမှန်ကာ အသားစများအဖြစ်ပြောင်းလဲပစ်ရန် ပြသနာမရှိပေ။ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူ့လောက်လွဲစင်တစ်ခုသည် အပျက်အစီးများအဖြစ်ပြောင်းလဲသွားခဲ့သည်။

"ဟားဟား...ကောင်းတယ်...အရမ်းကောင်းတယ်...ဖြိုဖျက်သူတွေက စျေးကြီးပေမဲ့ ဝယ်ရတာတွက်ခြေကိုက်တယ်ကွ..."

ရှောင်ယုသည် ဖြိုဖျက်သူများ၏ ပထမဆုံးပစ်ခတ်မှုစွမ်းအားကို အလွန်ကျေနပ်သွားသည့်အတွက်ကြောင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ထို့နောက် ဆယ်စက္ကန့်အောက်သာရှိသည့် အချိန်တိုလေးအတွင်းမှာပင် သံနက်မျိုးနွယ်စုနှင့် အလုပ်သမားများသည် ဖြိုဖျက်သူများတွင် ကျောက်တုံးများကိုဖြည့်ထားခဲ့ပြီး ဒုတိယမြောက်တိုက်ခိုက်မှုအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။

ရှောင်ယုသည် မူလက ဤတိုက်ပွဲတွင်ပါဝင်ရန်အတွက် အလုပ်သမားများကို ယူဆောင်လာခဲ့ကာ ဤတိုက်ပွဲတွင် အစားထိုးစစ်သည်များအဖြစ် အသုံးပြုရန်စီစဉ်ခဲ့သည်။အလုပ်သမားများသည် အောစ့်စစ်သည်များလောက် အစွမ်းထက်ခြင်းမရှိသော်လည်း သူတို့သည် လူသားများထက် ပိုမိုအားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိသည်။သို့သော်လည်း ရှောင်ယုသည် အလုပ်သမားများ၏တိုက်ခိုက်မှုစွမ်းရည်ကို တွေ့မြင်ပြီးနောက် ထိုစိတ်ကူးအားစွန့်လွှတ်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် လေးသမားများသည်တောင်မှ အလုပ်သမားများထက် တိုက်ခိုက်ရေးစွမ်းရည်ပိုမိုအားကောင်း၍ဖြစ်သည်။အတိုချုပ်ပြောရလျှင် အလုပ်သမားများသည် အလုပ်လုပ်ရန်အတွက်သာရည်ရွယ်ထားပြီး တိုက်ပွဲတွက်ပါဝင်ခြင်းက သူတို့၏အသက်ကိုဆုံးရှုံးစေမှာဖြစ်သည်။

အလုပ်သမားများသည် အရပ်ရှည်ပြီး သန်မာသည့်ပုံစံပေါ်သော်လည်း လက်ရွေးစင်လူသားစစ်သည်များသည် သူတို့အားအလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။ထို့ကြောင့်ရှောင်ယုသည် ထိုအလုပ်သမားများအား ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားနေရာများ၌သာ အသုံးပြုရန်တွေးဆထားခဲ့သည်။

အလုပ်သမားများသည် တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း ကျောက်တုံးများကို သယ်ဆောင်နိုင်ကာ ဖြိုဖျက်သူများကိုနေရာရွေ့ပေးနိုင်သည်။သူတို့သည် ခွန်အားကြီးမားသောကြောင့် ရှောင်ယုသည် ဖြိုဖျက်သူများအား ရွေ့လျားစေရန် တိုက်ပွဲတွင်အသုံးဝင်သည့် အောစ့်စစ်သည်များအား အသုံးပြုမယ့်အစား အလုပ်သမားအနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။

"ပစ်မှတ်တွေကိုပြောင်း...အသင့်ပြင်...ပစ်"

ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ် အမိန့်ပေးလိုက်သည်။

ဘုန်းးး...

ကျောက်တုံးများသည် ဥက္ကာပျံများသဖွယ် လေထုကိုထိုးခွင်း၍ အခြားသောလောက်လွဲစင် ၅ခုထံသို့ တဟုန်ထိုးပျံသန်းသွားခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူများ၏ လောက်လွဲစင်၅ခုသည် မီးအတွက်သာ အသုံးပြုနိုင်သည့် ထင်းစများအဖြစ်ပြောင်းလဲ ပျက်စီးသွားခဲ့ရသည်။

ဖြိုဖျက်သူများ၏ ပထမဆုံးထွက်ပေါ်လာမှုသည် ကာရီ၏စစ်တပ်အား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။သူတို့၏အမြင်၌ ရှောင်ယုထံတွင် ဥက္ကာပျံများကို စေလွှတ်ပစ်ခတ်နိုင်သည့် မှော်ဆရာတစ်ပါးရှိနေကြောင်း ထင်မှတ်သွားခဲ့သည်။ထိုသို့ပစ်ခတ်နိုင်ရန်အတွက် ရှောင်ယုအား ကူညီပေးနေသော မှော်ဆရာသည် အနည်းဆုံးအဆင့်၅ သို့မဟုတ် အဆင့်၆တွင် ရှိရမှာဖြစ်သည်။

အခြားသော လောက်လွဲစင်များကိုထိန်းချုပ်နေသည့် စစ်သားများသည်လည်း ထိုမြင်ကွင်းကြောင့် ရှေ့သ်ို့မတိုးဝံ့ကြတော့ပေ။သို့သော် ရှောင်ယုသည် ထိုလောက်လွဲစင်များကိုလည်း အလွတ်ပေးရန် အကြံအစည်မရှိပေ။သူတို့သည် တူညီသောနည်းဗျူဟာအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကာ ကာရီ၏လောက်လွဲစင် ၆ခုအား ချေမှုန်းပစ်ခဲ့သည်။

ကာရီသည် တိုက်ပွဲတွင်အသုံးပြုရန် လောက်လွဲစင်၂၀ကျော်ကို ယူဆောင်လာခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် တစ်ဝက်ကျော်ကိုဆုံးရှံးသွားခဲ့ရသည်။

"ဘာဖြစ်သွားတာလဲ...သူတို့မှာအဆင့်၆မှော်ဆရာတစ်ယောက်ရှိနေတာလား"

သူ၏လောက်လွဲစင်များနှင့်စစ်သားများသည် အသားစများအဖြစ် ပြောင်းလဲသွားသည်ကိုကြည့်ပြီး ကာရီ၏မျက်လုံးများသည် သူ၏မျက်လုံးအိမ်အတွင်းမှ ပြူးထွက်လုနီးပါးဖြစ်သွားခဲ့သည်

...

...

တစ်ချိန်တည်းမှာပင် ခြေလျင်တပ်များသည် မြို့ရိုးနံရံဆီသို့အရောက် ချည်းကပ်နိုင်ခဲ့ပြီဖြစ်သည်။သူတို့သည် မြို့ရိုးအားတွယ်တက်ရန်အတွက် မြို့သိမ်းလှေကားများကို စတင်အသုံးပြုခဲ့ကြသည်။

ကာရီသည် မြို့ရိုးပေါ်သို့ ပထမဆုံးရောက်ရှိသူကိုလည်း ကြီးမားသောဆုလာဘ်များ ပေးအပ်မည်ဟု ကတိပြုထားသည့်အတွက်ကြောင့် ခြေလျင်တပ်များသည် အခြားအရာများကို မစဉ်းစားတော့ဘဲ ရှေ့သ်ို့သာဦးတည်၍ ချီတက်နေကြသည်။

သူတို့၏ဦးခေါင်းပေါ်၌ ရက်စက်ကြမ်းကြုတ်သော အောစ့်စစ်သည်များ အသင့်စောင့်ဆိုင်းနေကြောင်း သတိထားမိသော်လည်း စစ်မြေပြင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသောကြောင့် အခြားမည်သည့်အရာကိုမှ စဉ်းစားရန်အချိန်မရခဲ့ပေ။ခြေလျင်တပ်သားများသည် မြှားများကိုခုခံရင်း ရှေ့သို့သာရှေ့တက်ရမှာဖြစ်သည်။

ခြေလျင်တပ်သား ၁၀၀သည် သူတို့၏ဒိုင်းများကို ပင့်မြောက်၍ ရှေ့တန်းခံစစ်စည်းအား အကာအကွယ်ပေးနေချိန်တွင် လေးသမားများနှင့် အောစ့်စစ်သည်များသည် နောက်တန်း၌နေ၍ အဆင်သင့်စောင့်ဆိုင်းနေကြသည်။

အလားတူပင် ကာရီ၏အမာခံခြေလျင်တပ်သည် မြို့တံခါးဆီသို့ တဖြည်းဖြည်းနီးကပ်လာခဲ့ပေသည်။နတ်သူငယ်လေးသမားများ၏ မြှားများသည် သူတို့ထံသို့လုံးဝကျရောက်လာခြင်းမရှိပေ။ရှောင်ယုသည် မြှားတံများအား အမာခံခြေလျင်တပ်များအပေါ် အသုံးပြုခြင်းသည် ဖြုန်းတီးခြင်းသက်သက်ဖြစ်ကြောင်း သိရှိထားရာ လေးသမားများအားလုံးကို ခြေလျင်တပ်သားများအပေါ်၌သာ အာရုံစိုက်ရန်အမိန့်ပေးခဲ့သည်။

"ရန်သူကိုခုခံဖို့ အသင့်ပြင်ထားတော့..."

ကပ္ပတိန်ဟွေ့သည် ကာရီ၏စစ်သားများက မြို့ရိုးနံရံပေါ် ရောက်ရှိလာသည်ကိုမြင်သောအခါ ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။

အခန်း ၄၁ - အမာခံခြေလျင်တပ်များအား တန်ပြန်တိုက်ခိုက်ခြင်း

"သတ်ကြ..."

မြို့ရိုးနံရံပေါ်သ်ို့ ပထမဆုံးရောက်ရှိသွားခဲ့သူမှာ ကာရီဘက်မှ အဆင့်၁ကျွမ်းကျင်စစ်သည်တစ်ယောက်ဖြစ်သည်။ထို့ပြင် ထိုလူသည် သာမန်အဆင့် ၁ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘဲ အဆင့်၁ နှောင်းပိုင်းသို့ ရောက်ရှိနေခဲ့သူတစ်ဦးဖြစ်သည်။

ကာရီသည် ခြေလျင်တပ်ဖွဲ့တစ်ခုစီတ်ိုင်းတွင် အနည်းဆုံးကျွမ်းကျင်သူ ၂ဦးအား တပ်ဖြန့်ချထားခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ကာရီသည် သူ၏တပ်များက မြို့ရိုးနံရံ၏ခုခံမှုအား ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ရှောင်ယုသည် ကာရီ၏အကြံအစည်ကို လှောင်ပြောင်သရော်လိုက်မိသည်။အကယ်၍ ကာရီကသာ သူ၏ကျွမ်းကျင်သူအားလုံးက်ို တပ်ဖွဲ့တစ်ခုတည်းတွင် စုစည်းထားလ်ိုက်ပါက ရှောင်ယုကိုခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်ပေသည်။သို့သော် ကာရီသည် ထိုကျွမ်းကျင်သူများကို တစ်နေရာစီခွဲထုတ်လိုက်ရာ အောစ့်စစ်သည်များကိုဖျက်ဆီးရန် မလုံလောက်တော့ပေ။အောစ့်စစ်သည်များသည် ရှောင်ယုနှင့်အတူတိုက်ပွဲများစွာ ဖြတ်သန်းပြီးနောက် ပိုမိုသန်မာလာခဲ့ကာ လူသားကျွမ်းကျင်သူများသာ အဆင့်၂သို့မရောက်သေးသရွေ့ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။အောစ့်စစ်သည် ၃ယောက်ကသာ ပူးပေါင်းတိုက်ခိုက်လိုက်ပါက အဆင့်၁ အလယ်အဆင့်စစ်သည်များကို အလွယ်တကူသတ်ဖြတ်နိုင်စွမ်းရှိသည်။

ရှောင်ယုသည် သူ၏ပထမဆုံး စစ်သည်များအဖြစ် အောစ့်စစ်သည်များကို ရွေးချယ်ရခြင်းမှာ သူတို့၏သန်မာသောခွန်အားကြောင့်ဖြစ်သည်။ယခုလို အအေးလက်နက်များကြီးစိုးသည့်ခေတ်တွင် အောစ့်များထက်သာလွန်အားကောင်းသူ မည်သူမှမရှိခဲ့ပေ။အစောပိုင်းဖွံ့ဖြိုးမှုကာလတွင် နတ်သူငယ်များဖြစ်စေ လူသားများပင်ဖြစ်စေ မည်သူကမှ အောစ့်များက်ိုယှည်ပြိုင်နိုင်ခြင်းမရှိပေ။

ထပ်ပေါင်းပြောရလျှင် ယခုအချိန်၌သူ့ထံတွင် ခြေလျင်တပ်သားများရှိပြီး ထိုခြေလျင်တပ်သားများသည် သူတို့၏ဒိုင်းများအကူအညီဖြင့် အဆင့်၁ကျွမ်းကျင်သူများကို ဖိနိုပ်နိုင်ပေသည်။ဤသို့ဖြင့် မြို့နံရံတံတိုင်းပေါ်ရှိ တိုက်ပွဲအခြေအနေသည် ယခင်အကြိမ်ကနှင့်ခြားနားခြင်းမရှိခဲ့ပေ။ကာရီသည် ယခုအကြိမ်တွင် ပိုမိုများပြားသည့် တပ်ဖွဲ့များကိုယူဆောင်လာခဲ့သော်လည်း ရှောင်ယုသည် သူ၏တပ်ဖွဲ့အား အားဖြည့်ထားခဲ့သလို နဂိုတပ်သားများ၏ အရည်အသွေးသည်လည်း နှစ်ဆခန့်တိုးမြင့်လာခဲ့သည်။

နောက်ဆုံးအချိန်က ရှောင်ယုထံတွင် မြို့ရိုးနံရံအားကာကွယ်ရန်အတွက် အောစ့်စစ်သည် ၂၀၀ခန့်သာရှိပြီး ခြေလျင်တပ်သားများပင်မရှိခဲ့ပေ။ယခုတစ်ကြိမ်တွင်မူ အောစ့်စစ်သည် ၅၀၀အပြင် ခြေလျင်တပ်သား၁၀၀ပါဝင်လာပြီး မုဆိုးအယောက်၁၀၀သည်လည်း မြို့ထဲဝင်ရောက်လာကာ တံတိုင်းအားခုခံရာတွင် အကူအညီပေးရန်အသင့်ရှိနေကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သေလုမြောပါးဖြစ်နေသည့် ရန်သူစစ်သားများ၏ အသွေးအသားတို့သည် မြို့နံရံကြီးအား ဖျန်းခနဲ့စတင်ပက်ဖျန်းလာခဲ့သည်။အောစ့်စစ်သည်များသည် စိတ်ရိုင်းဝင်ခြင်းကို အသုံးပြုလိုက်သည်နှင့် နံရံပေါ်သို့အတင်းတွယ်တက်လာသော ရန်သူစစ်သားမှန်သမျှကို အလွယ်တကူဖြိုခွင်းနိုင်ခဲ့သည်။

လေးသမားများနှင့် မှော်ကဝေတို့သည် တိုက်ခိုက်လာသည့်ရန်သူစစ်သားများ၏ အသက်ကိုနှုတ်ယူရန်အတွက် ခြေလျင်တပ်သားများ၏ အကာအကွယ်နောက်တွင် ပုန်းအောင်း၍ အဆက်မပြတ်ပစ်ခတ်နေခဲ့သည်။

မှော်ကဝေသည် ရေခဲဆူးချွန်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသောကြောင့် ယခုလိုခံစစ်တိုက်ပွဲမျိုးတွင် အလွန်ထိရောက်မှုရှိသည့် လက်နက်ကြီးတစ်ခုဖြစ်သည်။ဤသို့ဖြင့် ကာရီ၏စစ်တပ်များသည် အချိန်တိုအတွင်း ပြင်းထန်စွာသေကြေပျက်စီးခဲ့ရသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကာရီ၏စစ်တပ်သည် ထိုမှော်ကဝေအားသတ်ဖြတ်ရန် အာရုံစိုက်သင့်သော်လည်း ဖရိုဖရဲအခြေအနေများကြောင့် ကာရီသည် ထိုမှော်ကဝေအားနှိမ်နင်းရန် စစ်သားအနည်းငယ်နှင့် ကျွမ်းကျင်သူ၂ယောက်ကိုသာ ပို့ဆောင်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည် အန်တိုနီဒက်စ်၏ လုံခြုံရေးအတွက် ကိုယ်ရံတော်များအဖြစ် ဆောင်ရွက်ပေးရန် ခြေလျင်တပ်သား၁၀ယောက်နှင့် အောစ့်စစ်သည်၁၀ယောက်အား အခိုင်အမာခံစစ်ဖွဲ့စည်းစေခဲ့သည်။ဤတိုက်ပွဲတွင် ရှောင်ယုသည် အန်တိုနီဒက်စ်အား လုံးဝအဆုံးရှံးမခံနိုင်သည့်အတွက် သူကိုယ်တိုင်သည်ပင် အန်တိုနီဒက်စ်နှင့် မနီးမဝေးတွင်ရှိနေခဲ့သည်။ရှောင်ယုသည် ဓားသခင်ဂရင်း၏ ကျွမ်းကျင်မှုအနည်းငယ်ကို သင်ယူထားခဲ့ပြီးဖြစ်ရာ မည်သည့်ပြသနာမှမဖြစ်ဘဲ ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်စွမ်းရှိသည်။

ထို့ပြင် ရှောင်ယုသည် သူသင်ယူထားသည့် ဓားသခင်၏ကျွမ်းကျင်မှုများကို ထိထိရောက်ရောက်ထုတ်ပြနိုင်ရန်အတွက် ဓားတစ်ချောင်းကိုသေချာသွန်းလုပ်ထားခဲ့သည်။ဤရှည်လျားသောဓားအား သွန်းလုပ်ရန်အတွက် ယခင်ဘဝမှထန်ဓားများ၏ပုံစံက်ို နမူနာယူထားခဲ့သည်။

အချိန်အနည်းငယ်ခန့်ကြာမြင့်ပြီးနောက် အန်တိုနီဒက်စ်သည် အဆင့်၇သို့ရောက်ရှိသွားခဲ့သည်။ရှောင်ယုသည် အသစ်ရရှိလာသော ကျွမ်းကျင်မှတ်အား ရေခဲအတားအဆီးကို အဆင့်၂သို့မြင့်တင်စေကာ အန်တိုနီဒက်စ်၏ ရှင်သန်နိုင်ခြေအား ချက်ချင်းပင်တိုးမြင့်ပေးခဲ့သည်။

မြို့ရိုးနံရံပေါ်ရှိ တိုက်ပွဲသည် သွေးထွက်သံယ်ိုဖြစ်ရပ်များနှင့် ကြေကွဲစရာများနှင့်ပြည့်နှက်နေခဲ့သည်။ကာရီ၏စစ်တပ်သည် အလွန်ကြီးမားသောဆုံးရှံးမှုနှင့် ကြုံတွေ့နရချိန်တွင် ရှောင်ယုဘက်တွင်လည်း ဆုံးရှံးမှုအချို့ခံစားခဲ့ရသည်။သို့သော် ဆိုးဆိုးရွားရွားတော့မဟုတ်ပေ။ကာရီ၏တပ်သားများသည် လှေကားများက်ိုတွယ်တက်ရာတွင် ဒူးလေးများကိုအသုံးပြုခဲ့သော်လည်း နံရံထိပ်တွင်ရှိနေသော ခြေလျင်တပ်သားများက ဒိုင်းများဖြင့်အကာအကွယ်ပေးထားခဲ့သည်။အောစ့်စစ်သည်များသည် ခြေလျင်တပ်သားများ၏ နောက်ခြေလှမ်းတစ်လှမ်းအကွာ၌ အသင့်ရှိနေလေရာ ကာရီ၏တပ်သားများသည် ဒူးလေးများအား အသုံးပြုခဲ့လျှင်တောင်မှ အောင်မြင်မှုမရခဲ့ပေ။

လေးသမားများသည် အော့စ်စစ်သည်များ၏ နောက်ဘက်တွင်နေရာယူထားကြသည်။ရှောင်ယုသည် လေးသမားများကို မြေပြင်ပေါ်ရှိစစ်သားများကိုသာ ဦးတည်ပစ်ခတ်စေပြီး မြို့ရိုးနံရံအောက်ခြေရှိ တပ်သားများနှင့် နံရံက်ိုတွယ်တက်နေသောတပ်သားများကို လျစ်လျူရှုစေခဲ့သည်။သူတို့အားရင်ဆိုင်ရန်မှာ အောစ့်စစ်သည်များ၏တာဝန်ဖြစ်သည်။

ကာရီသည် အရေးနိမ့်နေသော သူ၏တပ်ဖွဲ့များကိုကြည့်ပြီး ဒေါသတကြီးအော်ဟစ်အမိန့်ပေးလိုက်သည်။

"ဆက်ပြီးတိုက်ကြ...ငါအဲ့ဒီမြို့တံတိုင်းကို သိမ်းပိုက်နိုင်တာကိုပဲမြင်ချင်တယ်...ငါသာခြင်္သေ့မြို့ကိုသိမ်းပိုက်နိုင်ရင် ခြင်္သေ့မြို့ကလူတွေအကုန်လုံး ကျွန်အဖြစ်ရောင်းစားပစ်မယ်"

ကာရီသည် ထိုကဲ့သို့ပြင်းထန်သော အမိန့်အားထုတ်ပြန်ပြီးနောက် သူ၏အကြည့်သည် အမာခံခြေလျင်တပ်ဖွဲ့အပေါ် ကျရောက်သွားခဲ့သည်။ယခုအချိန်တွင် အမာခံခြေလျင်တပ်ဖွဲ့သည် ဂိတ်တံခါးဝနှင့် ဆယ်မီတာခန့်သာကွာဝေးတော့သည်။

ရှောင်ယုသည် မြို့ဂိတ်တံခါးအား ဖွင့်လှစ်ချိန်တွင် လက်နက်ချလိုသည်ဟု ကာရီကတွေးတောမိခဲ့သည်။သို့သော် ယခုအချိန်၌ ရှောင်ယုသည်လက်နက်ချရန် မစီစဉ်ထားကြောင်း လုံးဝသေချာနေပြီဖြစ်သော်လည်း မြို့တံခါးအား ယခုအချိန်ထိ ဖွင့်လှစ်ထားသေးသောကြောင့် ရှောင်ယု၏အကြံအစည်ကို သူနားမလည်တော့ပေ။

အမာခံခြေလျင်တပ်ဖွဲ့သည် သူတို့၏စတုရန်းပုံ ဖွဲ့စည်းမှုအောက်တွင် မြို့ရိုးဖောက်မောင်းတုံးတစ်ခုကိုပင် ကွယ်ဝှက်ယူဆောင်လာခဲ့သည်။မူလက ကာရီသည် မြို့တံခါးချိုးဖျက်ပြီးနောက် ကာရီ၏အောစ့်စစ်သည်များ ဖော်ဆောင်ထားခဲ့သော ခံစစ်မျည်းကြောင်းအား ချိုးဖျက်ရန်အတွက် ထိုမြို့ရိုးဖောက်မောင်းတုံးကို အသုံးပြုရန်စီစဉ်ထားခဲ့သည်။

နောက်ဆုံးအကြိမ်က ရှောင်ယုအသုံးပြုခဲ့သော စပါတန်နည်းဗျူဟာသည် ကာရီအပေါ်၌ ရိုးသားစွာအထင်ကြီးစိတ်ဖြစ်ပေါ်စေခဲ့သည်။သ်ို့ဖြစ်ရာ ယခုတစ်ကြိမ်၌ ကာရီသည် အဆိုပါအောစ့်များကိုချေမှုန်းရန် အာရုံစ်ိုက်ထားခဲ့သည်။

"အရူး...နောက်ဆုံးအကြိမ်တုံးက အမာခံခြေလျင်တပ်တွေ မပါလာခဲ့လို့ ဂိတ်တံခါးဝကိုမဖြတ်ကျော်နိုင်ခဲ့ဘူး...ဒီတစ်ခေါက်တော့ မင်းရဲ့အောစ့်တွေကို ငါကြောက်နေမယ်လို့ထင်လား...ဒီအတောအတွင်း ငါစာအုပ်တွေအများကြီးဖတ်ပြီးတော့ အောစ့်တွေကိုချေမှုန်းဖို့ အမာခံခြေလျင်တပ်တွေကို ဖွဲ့စည်းခဲ့တယ်...ငါတို့ဟာ အောစ့်တွေကိုချေမှုန်းဖို့ မရေမတွက်နိုင်တဲ့ လေ့ကျင့်ခန်းတွေအများကြီးကို လုပ်ဆောင်ထားခဲ့တယ်...အဲ့ဒါကိုတောင်မှ မင်းကတူညီတဲ့နည်းကိုပဲ ထပ်သုံးနေသေးတာလား..."

ခြေလျင်တပ်မှုးသည် ပွင့်ဟနေသော မြို့တံခါးများကိုကြည့်ပြီး သူ့စိတ်ထဲတွင် သံသယစိတ်များဖြင့်ပြည့်နှက်နေခဲ့သည်။အမာခံခြေလျင်တပ်ဖွဲ့သည် မြို့အဝင်တံခါးဆီ တဖြည်းဖြည်းချည်းကပ်လာသော်လည်း သူတို့သည် ပွင့်ဟနေသောမြို့တံခါးများနှင့် မြို့အတွင်းရှိအောစ့်များကို သတိပြုမိလိုက်သည်။

သူတို့ရဲ့အောစ့်တွေက ငါတို့ရဲ့အမာခံခြေလျင်တပ်သားတွေကို ခုခံနိုင်မယ်လို့ တကယ်ကြီးယုံကြည်နေကြတာလား...

အမာခံခြေလျင်တပ်သား ၁၀၀ပါဝင်သည့် တပ်ဖွဲ့တစ်ခုသည် အလွန်အစွမ်းထက်ကာ မည်သည့်တိုက်ပွဲနည်းစနစ်ကိုမှနားမလည်သော အော့စ်စစ်သည် ၁၀၀ကို အလွယ်တကူချေမှုန်းနိုင်ကြောင်း သမိုင်းကသက်သေပြခဲ့ပေသည်။

ဝုန်း...ဝုန်း....

အမာခံခြေလျင်တပ်ဖွဲ့သည် ခြေတစ်လှမ်းပြီးတစ်လှမ်း ချီတက်ရွေ့လျားလာခဲ့သည်။

"အသင့်ပြင်"

အမာခံခြေလျင်တပ်၏ တပ်မှူးက ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။သူတို့သည် ပြီးခဲ့သောလအတွင်း မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သည်။အဆုံးသတ်တွင် သူတို့၏လေ့ကျင့်မှုများအား စစ်မှန်သောတိုက်ပွဲတစ်ခုက စမ်းသပ်သွားမှာဖြစ်သည်။

အမာခံခြေလျင်တပ်သားများသည် သူတို့၏ဧရာမဒိုင်းလွှားများကို မြှောက်ကာ အော်ဟစ်မြည်ကြွေးလိုက်ကြသည်။ထိုဧရာမဒိုင်းများသည် သူတို့၏ဒူးများမှ လည်ပင်းအထိတိုင်အောင် ကာကွယ်ပေးခဲ့သည်။ထို့ပြင် အမာခံခြေလျင်တပ်သားများသည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှည်လျက်ရပ်နေကြသောကြောင့် တပ်သားတစ်ယောက်၏ဒိုင်းသည် အခြားတစ်ယောက်၏ခန္ဓာကိုယ်အား အပြည့်အဝအကာအကွယ်ပေးထားခဲ့သည်။

သူတို့၏ အောစ့်များ၏ခံစစ်ဖွဲ့စည်းပုံကို ဖြတ်ကျော်ရန်အတွက် ဤဖွဲ့စည်းပုံကို အသုံးပြုရန်စီစဉ်ခဲ့ကြသည်။

အမာခံခြေလျင်တပ်သားများ၏ ပထမဆုံးအတန်းတွင် အော့စ်များကိုခုခံရန် ဓားများပါရှိပေသည်။နောက်တန်းတွင်မူ လှံရှည်များနှင့် ဒူးလေးများကို တပ်ဆင်ထားခဲ့သည်။ပထမတန်းသည် ဖွဲ့စည်းပုံအား အကာအကွယ်ပေးထားချိန်တွင် နောက်တန်းမှတပ်သားများက မြှားများနှင့်လှံတံများကို ပစ်ခတ်မှာဖြစ်သည်။ဤသို့ဖြင့် ရှေ့ဆုံးတန်းမှ ခြေလျင်တပ်သားများသည် ဖွဲ့စည်းပုံအားအကာအကွယ်ပေးနိုင်သရွေ့ နောက်တန်းမှခြေလျင်တပ်သားများသည် အောစ့်များကိုသတ်ဖြတ်နိုင်မည်ဖြစ်သည်။အမာခံခြေလျင်တပ်ဖွဲ့သည် အစီအစဉ်တကျ ဂိတ်တံခါးဝဆီ ချီတက်နေဆဲဖြစ်ကာ သူတို့၏ဖွဲ့စည်းပုံအတွင်း၌ မှော်ဆရာတစ်ဦးအား ကွယ်ဝှက်ထားခဲ့သည်။ထိုမှော်ဆရာသည် အောစ့်များကိုတိုက်ခိုက်ရန် မှော်မန္တန်များကိုအသုံးပြုမှာဖြစ်သည်။

ယခင်ကဆိုလျှင် သူတို့၏အစီအစဉ်သည် အလွန်ထိရောက်မှာဖြစ်သော်လည်း ယနေ့သူတို့ရင်ဆိုင်ရမယ့်ရန်သူသည် ရှောင်ယုဖြစ်နေသောကြောင့် မတူညီသောဖြစ်ရပ်ကိုသာဖြစ်ပေါ်စေမှာဖြစ်သည်။

...

...

သားရဲ ၁သည် အမာခံခြေလျင်တပ်ဖွဲ့က မြို့အဝင်ဂိတ်တံခါးအနီး ရောက်ရှိလာချိန်တွင် သူ၏မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ပုံမှန်အားဖြင့် အောစ့်များသည် ရိုးသားပြီး ခေါင်းမာသောမျိုးနွယ်ဝင်များဖြစ်သော်လည်း ရှောင်ယုနောက်သို့ အချိန်အတော်ကြာလိုက်ပါခဲ့ပီးနောက် ရှောင်ယု၏အမူအကျင့်များ ကူးစက်လာခဲ့သည်။သူတို့၏သခင်ဖြစ်သူသည် စက်ဆုပ်ရွှံရှာဖွယ်ကောင်းသော ၊ သစ္စာမဲ့ခြင်း နှင့် ဆိုးယုတ်သောအပြုအမူတို့ကို တလျှောက်လုံးလုပ်ကိုင်ခဲ့ရာ အောစ့်များသည်ပင် အလားတူပြုလုပ်လာခဲ့ကြသည်၊အထူးသဖြင့် သားရဲ၁သည် အောစ့်စစ်သည်အားလုံး၏ ပထမဆုံးစစ်သည်တော်ဖြစ်ပြီး ညဏ်လည်းထက်မြက်သောကြောင့် ရှောင်ယု၏အပြုအမူအားလုံးကို သင်ယူနိုင်ခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် စနစ်မှထုတ်လုပ်ထားသည့် အောစ့်စစ်သည်များသည် ခံစားချက်မရှိဘဲ စက်ရုပ်များကဲ့သို့ပြုမူကြသည်။သူတို့၏စိတ်သည်လည်း မွေးကင်းစကလေးငယ်ကဲ့သို့ လွတ်လွတ်လပ်လပ်ပြုမူတတ်ကြပြီး တိုက်ခိုက်ရန်မှလွဲ၍ အခြားဘာမှမသိပေ။မွေးကင်းစကလေးငယ်များသည် သူတို့၏အချိန်အများစုကို မိဘများနှင့်အတူနေထိုင်၍ ကုန်ဆုံးစေပြီး မိဘများထံမှ အရာအားလုံးကိုသိရှိလာကြသည်။

ရှောင်ယုသည် ဤအောစ့်စစ်သည်များ၏ တစ်ဦးတည်းသောမိဘဖြစ်ရာ သူ၏အပြောအဆိုနှင့် အမူအကျင့်တို့အား အောစ့်များကသင်ယူခဲ့ကြသည်။

"အဆင်သင့်ပြင်ထားကြ"

သားရဲ ၁ ကကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုသို့အော်ဟစ်အပြီးတွင် အောစ့်များသည် ဘေးတစ်ဖက်စီသို့ကွဲထွက်သွားခဲ့ကာ အတောင်ပံများတပ်ဆင်ထားသည့် စက်ယန္တရားများကိုထုတ်ယူလာခဲ့သည်။

အမာခံခြေလျင်တပ်မှူးသည် ထိုထူးဆန်းသောစက်များကို တွေ့မြင်လိုက်ရချိန်တွင် ဆိုးရွားသောခံစားချက်ကိုရရှိလာခဲ့သည်။

ထို့နောက် နောက်ဆက်တွဲဖြစ်ရပ်များက သူ၏ခံစားချက်မှားယွင်းမှုမရှိကြောင်း သက်သေပြလာခဲ့သည်။ရုတ်ချည်းဆိုသလိုပင် စက်ယန္တရား ၂ခု၏ အတောင်ပံနှစ်ခုသည် တုန်ခါလာပြီး လခြမ်းသဏ္ဍာန်ဓားတစ်စင်းထွက်ပေါ်လာခဲ့သည်။

ရွှီးးး... ရွှီးးး ...

ကြီးမားသော ငွေရောင်ဓားသွားများသည် လေတိုးသံနှင့်အတူထွက်ပေါ်လာကာ ထူးဆန်းစွာပဲ့တင်ထပ်လာခဲ့သည်။

ထိုဓားစက်ဝိုင်းများသည် အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် ပျံထွက်လာရာ သာမန်မျက်စိဖြင့်မမြင်တွေ့နိုင်ပေ။အမာခံခြေလျင်တပ်သားများသည် ထိုကဲ့သို့ထူးဆန်းသောလက်နက်မျိုးကို တစ်ခါမှမတွေ့မြင်ဖူးပေ။

အခန်း ၄၂ - အမာခံခြေလျင်တပ်များကို အမြစ်ဖြုတ်ချေမှုန်းခြင်း

ရွှီးးး...ရွှီးးး....

သတ္တုအားလှီးဖြတ်နေသကဲ့သို့ ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။အမာခံခြေလျင်တပ်သားများသည် ထိုအသံအားကြားကြားချင်း အလွန်ပင်စိတ်မသက်မသာခံစားလိုက်ရသည်။သို့သော် ဖြစ်ပျက်သွားသည်များက အလွန်ပင်မြန်ဆန်လှသည့်အတွက်ကြောင့် သူတို့သည် အရာအားလုံးကို နားမလည်နိုင်ခဲ့ပေ။

သို့သော် ထိုအသံရပ်တန့်သွားသည်နှင့်တပြိုင်နက် ရှေ့ဆုံးတန်းမှအမာခံခြေလျင်တပ်သားများသည် တုံ့ခနဲ့ရပ်တန့်သွားကြသည်။ထိုခြေလျင်တပ်သားများ၏ မျက်လုံးများတွင် အလွန်အမင်းထိတ်လန့်နေသည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပေသည်။သူတို့သည် နေ့ခင်းဘက်တွင် သရဲတစ်ကောင်အား တွေ့မြင်လိုက်ရသကဲ့သို့ သူတို့၏မျက်လုံးများက မျက်လုံးအိမ်အတွင်းမှ ကျွတ်ထွက်မတတ်ပြူးထွက်လာခဲ့သည်။

သူတို့၏ပင်ကိုယ်အသိစိတ်က ယခုအချိန်တွင် သူတို့၏ခန္ဓာကိုယ်သည် လုံးဝကွဲထွက်သွားသည်ဟု အသိပေးနေခဲ့သည်။သူတို့သည် တစ်ခုခုဆုံးရှံးသွားသလို ခံစားလိုက်ရသော်လည်း မည်သည့်အရာကိုဆုံးရှံးခဲ့ကြောင်း သူတို့ကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။

ထို့နောက်တွင် သူတို့၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းရှေ့သို့ငိုက်ကျလာပြီး ရှေ့သို့ပြုတ်ကျလာကြောင်း တွေ့လိုက်ရသည်။သို့သော် သူတို့၏ခြေထောက်များက ခိုင်ခိုင်မာမာရပ်တည်နေသေးကြောင်း သတိထားမိလိုက်သည်။ထိုသို့ဆိုလျှင် သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကသာ ပြုတ်ကျသွားသည်လား...

အား....အား...

ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသည့် အမာခံခြေလျင်တပ်သားများသည် နတ်ဆိုးအားတွေ့မြင်လိုက်ရသကဲ့သို့ ထိတ်လန့်စွာအော်ဟစ်လိုက်ကြပြီး မြို့တံခါးဝ၌ ပဲ့တင်ထပ်သွားစေခဲ့သည်။အမာခံခြေလျင်တပ်ဖွဲ့၏ ရှေ့တန်းကို တပ်သား၁၀ယောက်နေရာယူထားရာတွင် အစွန်ဆုံးရှိတပ်သား ၂ယောက်သာလွတ်မြောက်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဓားစက်ဝိုင်း၏တိုက်ခိုက်မှုသည် တပ်သား၁၀ယောက်လုံးအား လွမ်းခြုံရန်မစွမ်းသာ၍ဖြစ်သည်။

သို့သော် ထိုသို့ဆုံးရှံးမှုကြောင့် အမာခံခြေလျင်တပ်ဖွဲ့၏ ဖွဲ့စည်းပုံသည် ပြိုပျက်သွားခဲ့ရသည်။မြေပြင်ပေါ်ရှိ တပ်သားများသည် ကြေကွဲဖွယ်ကောင်းသော လေသံဖြင့်အော်ဟစ်နေခဲ့ကြသည်။အမာခံခြေလျင်တပ်သားများသည် သူတို့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် တိုက်ခိုက်လိုစိတ်ပျောက်ဆုံးသွားခဲ့ကြသည်၊

စစ်မြေပြင်သို့သွားရောက်သော စစ်သားအများစုသည် ရန်သူ၏အသက်ကို နှုတ်ယူ၍ သူတို့၏ဂုဏ်သိက္ခာကိုမြင့်တင်ရန် စဉ်းစားတတ်ကြသည်။သူတို့သည် စစ်မြေပြင်၌ အသက်ဆုံးရှံးသွားနိုင်သည်ဟူသော အတွေးကို မည်သူကမှမတွေးတောလိုကြပေ။သို့သော် သူတို့ရှေ့မှောက်၌ဖြစ်ပျက်သွားသည့် ကြေကွဲဖွယ်သေဆုံးမှုက စစ်သားများ၏စိတ်အာရုံကို အလဲလဲအပြိုပြိုဖြစ်စေခဲ့သည်။

လူတစ်ယောက်အား ခါးမှနေ၍ နှစ်ခြမ်းခွဲထုတ်လိုက်ခြင်းသည် ရှေးခေတ်ကပင် ရက်စက်သောပြစ်ဒဏ်တစ်ခုဖြစ်သည်။လူသားတစ်ယောက် အသက်ရှင်နေထိုင်ရန်အတွက် အရေးကြီးသောအင်္ဂါအစိတ်အပိုင်းအများစုသည် ခန္ဓာကိုယ်အပေါ်ပိုင်း၌ တည်ရှိပေသည်။ထို့ကြောင့် လူတစ်ယောက်သည် ခန္ဓာကိုယ်အပေါ်ပိုင်းအား ခွဲထုတ်ခံလိုက်ရချိန်တွင် အချိန်ခဏကြာသည်ထိ သေဆုံးခြင်းမရှိဘဲ ကောင်းစွာအသက်ရှင်သန်ရန် သတိရှိနေကြသေးသည်။

နောက်တန်းတွင်ရှိသော အမာခံခြေလျင်တပ်သားများသည် သူတို့၏အပေါင်းအဖော်များ ဖြစ်ပျက်ခဲ့သည်ကို မြင်တွေ့လိုက်ကြသလို ရှေ့ဆုံးတန်းရှိ အသက်ရှင်ကျန်ရစ်သူနှစ်ဦးကလည်း အခြေအနေအလုံးစုံအား သတိပြုမိချိန်တွင် စိတ်ပိုင်းဆိုင်ရာအရ လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။

ဤစစ်သားများသည် စစ်မြေပြင်၌ သွေးထွက်သံယိုဖြစ်ရပ်များစွာကို အစဉ်အမြဲ မြင်တွေနေကြသူများဖြစ်သည်။သို့သော် သူတို့အားလုံးသည် ရန်သူ၏သေကွင်းသေကွက်ကို တစ်ချက်တည်းထိုးသတ်ခြင်း သို့မဟုတ် ရန်သူ၏ခေါင်းကိုပိုင်းဖြတ်ခြင်းတို့ကိုသာ မြင်တွေ့ဖူးသူများဖြစ်သည်။

အမာခံခြေလျင်တပ်သားများအဖို့ သူတို့၏လေးလံသောသံချပ်ကာများနှင့် ဧရာမဒိုင်းလွှားများ၏ ခုခံမှုကိုတစ်စုံတစ်ခုက ချိုးဖျက်ကာ သူတို့၏ခါးကိုပိုင်းဖြတ်လာလိမ့်မည်ဟု မည်သည့်အခါကမှမထင်ထားခဲ့ပေ။တိုက်ပွဲစွမ်းအင်ကို ပြုစုပျိုးထောင်ထားသည့် အစွမ်းထက်စစ်သည်တော်တစ်ဦးသည်ပင်လျှင် အမာခံခြေလျင်တပ်သားများ၏ သံချပ်ကာများအား ယခုလိုဖြတ်တောက်ပစ်ရန် များစွာသောအခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် လမင်းပစ်ခတ်သူများက ထိုတာဝန်အား အလွန်လွယ်ကူစွာဖြင့် ပြီးမြောက်အောင်မြင်နိုင်ပေသည်။

အမာခံခြေလျင်တပ်သားများ၏ သံချပ်ကာများနှင့် ဒိုင်းများသည် အလွန်ပင်ထူထဲသော်လည်း သာမန်ခြေလျင်တပ်သားများ၏ သံချပ်ကာများနှင့် ဖွဲ့စည်းတည်ဆောက်ပုံချင်းတူညီပေသည်။အကယ်၍ ထိုသံချပ်ကာများနှင့်ဒိုင်းများအားလုံးကို သံမဏိများဖြင့်ပြုလုပ်ထားပါက ၎င်းတို့၏အလေးချိန်ကြောင့် အမာခံခြေလျင်တပ်သားများသည် စစ်မြေပြင်၌ လိပ်တစ်ကောင်ကဲ့သို့သာ လှုပ်ရှားနိုင်မှာဖြစ်သည်။

ဒိုင်းကာများသည် အလွန်ခိုင်ခံ့သည့်ပုံပေါ်ရသော်လည်း သံမဏိဖြင့်ပြုလုပ်ထားခြင်းမဟုတ်ပေ။ဒိုင်းတစ်ခုလုံးကိုသာ သံမဏိဖြင့်ပြုလုပ်ထားပါက ဒိုင်း၏အလေးချိန်သည် ၃၀၀-၄၀၀ ကီလိုဂရမ်ခန့်သာရှိကာ အမာခံခြေလျင်တပ်သားများသည် ထိုဒိုင်းများကိုကိုင်ဆောင်ကာ တိုက်ပွဲဝင်လိုပါက ဟာကျူလီကဲ့သို့ ခွန်အားရှိရန်လိုအပ်ပေသည်။

သို့ဖြစ်ရာ အမာခံခြေလျင်တပ်သားများ၏ ဒိုင်းကို သစ်သားများဖြင့်ဘောင်ကွပ်ထားခဲ့ပြီး ဒိုင်းမျက်နှာပြင်အား သာမန်လက်နက်များမထိုးဖောက်နိုင်စေရန်အတွက် ကြေးနီနှင့်အခြားသောသတ္တများကိုရောနှော၍ ထုလုပ်ထားခြင်းဖြစ်သည်။သို့သော် လမင်းပစ်ခတ်သူများသည် သာမန်လက်နက်များမဟုတ်ကြပေ။

လမင်းပစ်ခတ်သူများ၏ ဓားစက်ဝိုင်းသည် ပထမဆုံးအတန်းကို လုံးဝဖြတ်တောက်ပြီးနောက် အရှိန်လျော့ကျသွားကာ ဒုတိယမြောက်အတန်းရှိ အမာခံခြေလျင်တပ်သားများ၏ အကာအကွယ်ကိုသာချိုးဖျက်၍ သူတို့၏ခါးများကို လုံးဝမပိုင်းဖြတ်နိုင်ခဲ့ပေ။သို့သော် ထိုတပ်သားများ၏ နာကျင်မှုသည် ခါးကိုပိုင်းဖြတ်ခံလိုက်ရသူများထက် ပိုမိုဆိုးရွားပေသည်။

ထိုအချိန်တွင် လမင်းပစ်ခတ်သူများ၏ ဒုတိယအသုတ်သည် ဓားစက်ဝိုင်းများကို လျင်မြန်စွာပစ်ခတ်လိုက်ကြသည်။

ရွှီးးး....ရွှီးးး

ထိုဓားစက်ဝိုင်းများသည် ကျောချမ်းဖွယ်ကောင်းသည့် အသံများကိုထုတ်လွှတ်ကာ အမာခံခြေလျင်တပ်သားနှစ်တန်းကို ထပ်မံပိုင်းဖြတ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လမင်းပစ်ခတ်သူများ၏ တတိယအသုတ်က ထပ်မံ၍ပစ်ခတ်လိုက်သည်။

ရှောင်ယုသည် မြို့အဝင်ဂိတ်တံခါးတွင် လမင်းပစ်ခတ်သူ ၆ခုအားနေရာချထားခဲ့သည်။ထို့နောက် လမင်းပစ်ခတ်သူ ၆ခုကို ၂ခု တစ်သုတ်စီခွဲထားလိုက်ကာ အမာခံခြေလျင်တပ်များကို ချေမှုန်းရန်အစီအစဉ်ရေးဆွဲခဲ့သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် ပထမအသုတ် လမင်းပစ်ခတ်သူ ၂ခုသည် သူတို့၏ဓားစက်ဝိုင်းများကို ပစ်ခတ်ပြီးနောက် ပြန်လည်ပစ်ခတ်ရန်ပြင်ဆင်နေချိန်တွင် ဒုတိယအသုတ် လမင်းပစ်ခတ်သူများက ပစ်ခတ်နေမှာဖြစ်ပြီး တတိယအသုတ်ပစ်ခတ်ပြီးချိန်တွင် ပထမအသုတ်သည် ထပ်မံပစ်ခတ်ရန်အသင့်ဖြစ်ပြီဖြစ်သည်။ဤသို့ဖြင့် လမင်းပစ်ခတ်သူများသည် အဆက်မပြတ်သော ပစ်ခတ်မှုကိုဖန်တီးနိုင်မည်ဖြစ်ကာ ရန်သူများအပေါ် လွှမ်းမိုးဖျက်ဆီးနိုင်မည်ဖြစ်သည်။

ဓားစက်ဝိုင်းများသည် လေပေါ်ပျံတက်သွားပြီး အမာခံခြေလျင်တပ်သားများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြတ်တောက်နေခဲ့သည်။အမာခံခြေလျင်တပ်သားများ၏ ကိုယ်တွင်းအင်္ဂါများသည် နေရာအနှံ့အပြားသို့ ပျံ့လွှင့်နေကာ ခြောက်ခြားဖွယ်မြင်ကွင်းတစ်ခုအား ဖန်တီးနေခဲ့သည်။

အမာခံခြေလျင်တပ်သားများသည် ရှေ့သို့သာဆက်တိုးပါက သေခြင်းတရားကို ရင်ဆိုင်ရမည်ကိုနားလည်လိုက်၍ အလွန်ပင်ထိတ်လန့်နေကြသည်။

မြို့အဝင်တံခါးနေရာသည် ကျည်းမြောင်း၍ ပုန်းအောင်းရန်နေရာမရှိပေ။သူတို့အားကိုးနေသော အမာခံချပ်ဝတ်များနှင့်ဒိုင်းလွှားများသည် ဓားစက်ဝိုင်းများအား မခုခံနိုင်သည်ကို နားလည်၍ ထိတ်လန့်တကြားအော်ဟစ်ကာ နောက်ဆုတ်ရန် ကြိုးစားခဲ့ကြသည်။

အမာခံခြေလျင်တပ်ဖွဲ့၏ ကာကွယ်မှုအောက်တွင်ရှိနေသော မှော်ဆရာသည် လမင်းပစ်ခတ်သူများကို တန်ပြန်တိုက်ခိုက်နိုင်သော်လည်း ထိုသို့တိုက်ခိုက်ရာတွင် မှော်မန္တန်အားရွတ်ဆိုရာ၌ အကာအကွယ်ပေးရန်လိုအပ်ပေသည်။

သို့သော် မှော်ဆရာများသည် သူ၏မျက်စိရှေ့၌ အမာခံခြေလျင်တပ်သားများ အတုံးအရုံးကျဆုံးနေကြောင်း တွေ့မြင်လိုက်၍ ထိတ်လန့်ကြောက်ရွှံသွားကာ မှော်မန္တန်အား မရွတ်ဆိုနိုင်တော့ပေ။

ယခုအချိန်တွင် အမာခံခြေလျင်တပ်သားများ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည့် တစ်ခုတည်းသောအရာမှာ "ဆုတ်ခွာ"ဟူသည့် စကားလုံးဖြစ်သည်။သူတို့သည် ဤကမ္ဘာနှင့်မသက်ဆိုင်သည့် ကြောက်မက်ဖွယ်လက်နက်ကြီးများမှ ထွက်ပြေးလွတ်မြောက်ရန် အစွမ်းကုန်ကြိုးပမ်းနေကြသည်။

"ထွက်ပြေးချင်တာလား...အဲ့လောက်ထိလွယ်မှာမဟုတ်ဘူး..."

ရှောင်ယုသည် သူ၏မျက်နှာပေါ်၌ ကျေနပ်သောအပြုံးတစ်ခုကို ဖော်ဆောင်လိုက်ပြီး ထွက်ပြေးနေသည့် အမာခံခြေလျင်တပ်သားများကို လှမ်းကြည့်လိုက်သည်။လမင်းပစ်ခတ်သူများသည် စစ်မြေပြင်၌ အလွန်ကောင်းမွန်သော လက်နက်များဖြစ်သည်မှာ သေချာပေသည်။

"ဖြိုဖျက်သူတွေကို အသင့်ပြင်ထားလိုက်တော့"

ရှောင်ယုသည် လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သံနက်မျိုးနွယ်စုမှ ကျွန်များကို ဖြိုဖျက်သူများအား ချိန်ညှိမှုများ ပြုလုပ်ရန်အမိန့်ပေးလိုက်သည်။

အမာခံခြေလျင်တပ်သားများသည် ဓားဖြင့်တိုက်ခိုက်ခြင်း ၊ မြှားဖြင့်ပစ်ခတ်ခြင်းတို့အား ကာကွယ်နိုင်သော်လည်း သူတို့၏ခေါင်းပေါ်မှနေ၍ ကျောက်တုံးများပစ်ချခြင်းကို မကာကွယ်နိုင်ပေ။ထိုကျောက်တုံးများသည် သူတို့၏ခေါင်းကိုထိမှန်ချိန်တွင် သံချပ်ကာခေါင်းစွပ်များကို ပိပြားစေနိုင်စွမ်းရှိသည်။

ဘန်း...ဘန်း...ဘန်း...

မရေမတွက်နိုက်သည့် ကျောက်တုံးများသည် ကောင်းကင်ပေါ်နေ၍ မိုးရွာသလိုကျဆင်းလာကာ ပုံသေပစ်မှတ်သဖွယ်ဖြစ်နေသော အမာခံခြေလျင်တပ်သားများအပေါ် ထိမှန်လာခဲ့သည်။အမာခံခြေလျင်တပ်သားများသည် သူတို့ပြုလုပ်ထားသည့်ဖွဲ့စည်းပုံကြောင့် ထိုကျောက်တုံးများအား မရှောင်တိမ်းနိုင်ခဲ့ပေ။ဤသို့ဖြင့် အမာခံခြေလျင်တပ်သားများစွာသည် မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီး ပြန်ထလာနိုင်စွမ်းမရှိတော့ပေ။

မူလက အမာခံခြေလျင်တပ်သားများသည် အောစ့်များကို ဦးတည်ကာရင်ဆိုင်ရလိမ့်မည်ဟု တွေးထားခဲ့သည်။အကယ်၍ သူတို့သာ အောစ့်များကို အမှန်တကယ်ရင်ဆိုင်ရပါက သူတို့သည်အောစ့်များ၏ ခံစစ်မျည်းကြောင်းကို ဓားကထောပတ်ကိုခုတ်ဖြတ်သလို ဖျက်ဆီးနိုင်မှာဖြစ်သည်။သို့သော် ရှောင်ယုသည် လူမိုက်တစ်ယောက်မဟုတ်ပေရာ အောစ့်စစ်သည်များကို အမာခံခြေလျင်တပ်သားများနှင့် ထိပ်တိုက်မရင်ဆိုင်စေဘဲ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့သည်။ယခုအခါ သူ၏အောစ့်စစ်သည်အများစုသည် အဆင့်၃သို့ရောက်ရှိနေပြီး အချို့မှာ အဆင့်၄သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

သို့သော်လည်း သူတို့၏ဧရာမပုဆိန်များသည် အမာခံခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာများနှင့် ဒိုင်းများကိုကျော်ဖြတ်ရန် အလွန်ခက်ခဲမှာဖြစ်သည်။ထို့ပြင် အမာခံခြေလျင်တပ်သားများ၁၀ယောက်သည် ဒိုင်းလွှား၁၀ခုဖြင့် ခံစစ်မျည်းဖွဲ့ကာ ကျရောက်လာသည့်တိုက်ခိုက်အားကို မျှဝေပေးခြင်းဖြင့် သူတို့၏ခုခံကာကွယ်မှုကို အနည်းဆုံး ၂ဆခန့်ပိုမိုသန်မာစေမှာဖြစ်သည်။ထို့ကြောင့် သူသာ အောစ့်စစ်သည်များကို စပါတန်နည်းဗျူဟာကိုအသုံးပြုခိုင်းကာ အမာခံခြေလျင်တပ်သားများကို ရင်ဆိုင်စေပါက ကြီးကြီးမားမားဆုံးရှံးရလိမ့်မည်ဟု ရှောင်ယုခံစားမိပေသည်။

သို့ဖြစ်ရာ တိုက်ပွဲစတင်စဉ်ကတည်းက ရှောင်ယုသည် အမာခံခြေလျင်တပ်သားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အောစ့်စစ်သည်များကိုအသုံးပြုရန် မစီစဉ်ခဲ့ပေ။ရှောင်ယုသည် ရှံးနိမ့်ရန်သေချာနေသည့် ဂိမ်းတစ်ခုအားကစားရလောက်သည်ထိ မရူးမိုက်သေးပေ။

စစ်မြေပြင်တွင် အောစ့်စစ်သည်တစ်ယောက်သည် အမာခံခြေလျင်တပ်သားအား တစ်ယောက်ချင်းတိုက်ခိုက်ပါက အသာစီးရမယ့်အပြင် သူတို့အားသတ်ဖြတ်ရန်အတွက် မွေးရာပါပင်ကိုယ်ခွန်အားကို အသုံးပြုနိုင်ပေသည်။သို့သော်လည်း အမာခံခြေလျင်တပ်သားများက အုပ်စုဖွဲ့ကာတိုက်ခိုက်လာပါက ပိုမိုခက်ခဲသောအဆင့်တစ်ခုသို့ရောက်ရှိသွားသည်ဖြစ်ရာ ရှောင်ယုသည် အခြားအစီအစဉ်များကိုရေးဆွဲခဲ့သည်။စစ်ကမ္ဘာဂိမ်း၏ ချန်ပီယံတစ်ယောက်အနေဖြင့် ရှောင်ယုသည် ရန်သူများအပေါ် မည်သို့အသာစီးရယူရမည်ကို ရှင်းရှင်းလင်းလင်းနားလည်ပေသည်။

စစ်မြေပြင်၌ အမာခံခြေလျင်တပ်သားများသည် အမာခံမြင်းတပ်နည်းတူ ကိုင်တွယ်ရန်အလွန်ခက်ခဲသည့် တပ်ဖွဲ့များဖြစ်သည်။အကယ်၍ မှော်ဆရာများသည် မီးဓာတ်မှော်မန္တန်များနှင့် ပေါက်ကွဲစေသောမှော်မန္တန်များကို အသုံးပြုပါက ၎င်းတို့ကိုချေမှုန်းရန် ပြဿနာမရှိသော်လည်း သူ၏မှော်ကဝေသည် ရေခဲနှင့်သက်ဆိုင်သော မှော်မန္တန်ကိုသာအသုံးပြုနိင်ကာ အစွမ်းအထက်ဆုံးတိုက်ခိုက်မှုဖြစ်သော ရေခဲဆူးချွန်သည်ပင် အမာခံခြေလျင်တပ်သားများ၏ သံချပ်ကာကိုမထိုးဖောက်နိုင်ပေ။

သို့ဖြစ်ရာ လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများသည် ဤပြဿနာကိုဖြေရှင်းနိုင်မယ့် သော့ချက်များဖြစ်လာခဲ့သည်။

"ပထမအုပ်စုပစ်...ဒုတိယအုပ်စု အသင့်ပြင်ထား....ပြီးရင်ပစ်"

ရှောင်ယုသည် ဂိတ်တံခါးဝနားရှိ အခြေအနေကိုအာရုံစိုက်နေသော ရိုင်ဖယ်တပ်သားများကို အမိန့်ပေးလိုက်သည်။သူသည် ရိုင်ဖယ်တပ်သား ၁၀၀အား ၂၅ယောက်စီပါဝင်သည့် အုပ်စု၄ခုအဖြစ်ခွဲထားလိုက်ကာ လမင်းပစ်ခတ်သူများလို ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်။ရိုင်ဖယ်ကျည်ဆန်များသည် မီးဓာတ်မှော်မန္တန်များကဲ့သို့ မကောင်းမွန်သော်လည်း သူလိုချင်သောအကျိုးသက်ရောက်မှုကိုရရှိခဲ့သည်။အမာခံခြေလျင်တပ်သားများ၏ ချပ်ဝတ်တန်ဆာသည် အလွန်ထူသော်လည်း အချို့အားနည်းနေသည့်နေရာများအား ကျည်ဆန်များက အလွယ်တကူဖောက်ထွက်နိုင်ပေသည်။

ယခုလည်း ရိုင်ဖယ်တပ်သားများ၏ အပြင်းအထန်ပစ်ခတ်မှုအောက်တွင် ကျည်ဆန်များသည် သံချပ်ကာများ၏ အားနည်းသောနေရာများကို မကြာခဏထိမှန်ကာ ရန်သူများ၏အသက်ကိုနှုတ်ယူသွားခဲ့သည်။

လမင်းပစ်ခတ်သူများ ၊ ဖြိုဖျက်သူများ ၊ ရိုင်ဖယ်သမားများ ဤတာဝေးပစ်လက်နက်သုံးခု၏ ပစ်ခတ်စွမ်းအားပေါင်းစပ်မှုက ကာရီ၏ဝှက်ဖဲဖြစ်သော အမာခံခြေလျင်တပ်များကို အပြီးအပိုင်ချေမှုန်းပစ်ခဲ့သည်။

"ပျင်းစရာကောင်းလိုက်တာကွာ...ဒါကမင်းရဲ့အကြံအကုန်ပဲလား...ကာရီ"

ရှောင်ယုသည် သူ၏ထိုင်ခုံတွင်ပြန်ထိုင်လိုက်ကာ ဝိုင်နီကိုမော့သောက်ရင်း ပျင်းရိစွာရေရွတ်လိုက်သည်။

All Chapters