အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း ၄၃ - ကာရီ၏ ရူးမိုက်မှု
ကာရီသည် ဤတိုက်ပွဲတွင်အသုံးပြုရန်အတွက် အမာခံခြေလျင်တပ်သား ၁၀၀၀ကိုယူဆောင်လာခဲ့သည်။ထိုအရေအတွက်သည် ကာရီ၏နယ်မြေအား ကျော်ကြားစေသည့်အကြောင်းရင်းတစ်ခုဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အမာခံခြေလျင်တပ်ဖွဲ့တစ်ခုအား တည်ဆောက်ရသည့်ကုန်ကျစရိတ်သည် အမာခံမြင်းတပ်အားတည်ဆောက်ရသည်ထက် မနည်းသောကုန်ကျစရိတ်ကို အသုံးပြုရ၍ဖြစ်သည်။
ထိုသို့ကျော်ကြားလှသော ကာရီ၏ အမာခံခြေလျင်တပ်သည် လမင်းပစ်ခတ်သူများ ၊ ဖြိုဖျက်သူများနှင့် ရိုင်ဖယ်သမားများ၏လက်ချက်ကြောင့် တ်ိုက်ပွဲအစပိုင်းတွင်ပင် ၃၀၀ခန့်ကျရှံးခဲ့ရကာ အဆက်မပြတ်ကျရှံးနေဆဲဖြစ်သည်။
အမာခံခြေလျင်တပ်သားများသည် သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများနှင့် ဒိုင်းလွှားများကြောင့် သူတို့၏ဆုတ်ခွာမှုအရှိန်နှုန်းသည် အလွန်နှေးကွေးပေသည်။အမာခံခြေလျင်တပ်သားများသည် ဖွဲ့စည်းပုံတစ်ခုအား ဖော်ဆောင်ပြီးပါက ထိုဖွဲ့စည်းပုံအား တိုက်ပွဲအတွင်း ပြန်လည်ပယ်ဖျက်ရန်အလွန်ခက်ခဲပေသည်။ထိုဖွဲ့စည်းပုံကပင် သူတို့၏ဆုတ်ခွာမှုအရှိန်နှုန်းကို ပိုမိုနှေးကွေးစေကာ ရှောင်ယုပြင်ဆင်ထားသော စစ်လက်နက်များ၏အောက်၌ သေကြေပျက်စီးမှု ပိုမိုများပြားခဲ့ရသည်။
ရှောင်ယုသည် သာမန်ခြေလျင်တပ်သားများကို တိုက်ခိုက်ရန်အတွက် ဖြိုဖျက်သူများကို အသုံးပြုရန်မကြံစည်ခဲ့ပေ။မြို့ရိုးနံရံပေါ်သို့ တွယ်တက်လာသော တပ်သားများကိုချေမှုန်းရန်အတွက် အောစ့်စစ်သည်များနှင့် လေးသမားများထံတွင် တာဝန်ရှိပေသည်။ထို့ကြောင့် ရှောင်ယုသည် သူ၏စစ်လက်နက်များကို မှန်ကန်သောနေရာ၌သာ အသုံးပြုမှာဖြစ်သည်။
"အားလုံးအမိန့်ကိုနာခံကြ...ဖွဲ့စည်းပုံကိုချက်ချင်းပယ်ဖျက်မယ်"
အမာခံခြေလျင်တပ်သားများသည် အလွန်နှေးကွေးစွာနောက်ဆုတ်နေခဲ့ရ၍ အသေအပျောက်အလွန်များပြားနေကြောင်း တွေ့ရှိလိုက်သည့်အတွက် တပ်မှူးဖြစ်သူသည် ချက်ချင်းလူစုခွဲရန် အမိန့်ပေးလိုက်သည်။ထိုသို့အမိန့်ပေးလိုက်ပြီးမှသာ ဖြိုဖျက်သူများ၏တိုက်ခိုက်မှုကြောင့် သေဆုံးနေရသော အမာခံခြေလျင်တပ်သားများ၏ အရေအတွက်သည် ချက်ချင်းလျော့ကျသွားခဲ့သည်။အကယ်၍ ဖွဲ့စည်းပုံအတိုင်း ဆက်လက်လုပ်ဆောင်နေပါက ပုံသေပစ်မှတ်တစ်ခုဖြစ်နေသည့်အတွက် အမာခံခြေလျင်တပ်တစ်ခုလုံးသည် ဖြိုဖျက်သူများ ပစ်လွှတ်လိုက်သည့်ကျောက်တုံးများကြောင့် ပြုတ်ပြုတ်ပြုန်းသွားနိုင်ပေသည်။
တပ်မှူး၏အမိန့်ကိုကြားကြားချင်းတွင် အမာခံခြေလျင်တပ်သားများသည် ချက်ချင်းပင်ဖွဲ့စည်းပုံကို ပယ်ဖျက်လိုက်ကြသည်။ထိုအချိန်မတိုင်မှီကပင် ဖွဲ့စည်းပုံ၏ရှေ့ဆုံးတန်းတွင်ရှိနေသည့် အမာခံခြေလျင်တပ်သားများသည် လမင်းပစ်ခတ်သူများ၏စွမ်းအားကြောင့် သွေးပျက်ခြောက်ခြားနေကြကာ ကြောက်လန့်တကြားစတင်ထွက်ပြေးနေကြပြီဖြစ်သည်။
တပ်မှူးဖြစ်သူသည် လူစုခွဲရန် အချိန်မှီအမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်ထိ အမာခံခြေလျင်တပ်သား ၄၀၀ကျော်ကို ဆုံးရှံးခဲ့ရပေသည်။ထိုအခြေအနေကို စောင့်ကြည့်နေခဲ့သော ကာရီ၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့ရသည်။ဤမတိုင်မှီကပင် ကာရီသည် ခြင်္သေ့မြို့တံခါးများကို ဖြတ်ကျော်ကာ ခြင်္သေ့မြို့အားသိမ်းပိုက်လိုက်မည့်အကြောင်းကို စိတ်ကူးယဉ်နေခဲ့သည်။သို့သော်လည်း သူ၏စစ်တပ်သည် တိုက်ပွဲတွင်အသာစီးမရရှိခဲ့ဘဲ တိုက်ပွဲအစောပိုင်းတွင်ပင် သူ၏ဝှက်ဖဲတစ်ချပ်ဖြစ်သည့် အမာခံခြေလျင်တပ်သားထက်ဝက်ခန့်ကို ဆုံးရှံးရလိမ့်မည်ဟု ကာရီတစ်ယောက် အိပ်မက်ပင်မမက်ခဲ့ပေ။
"ဒီ အမာခံခြေလျင်တပ်သားတွေက တော်တော်ကိုအသုံးမကျတာပဲ...ဘာလို့အဲ့ကောင်တွေက ခုထိငရဲကိုမသွားကြသေးတာလဲ...ငါကသူတို့ကိုလေ့ကျင့်ဖို့ အချိန်တွေအများကြီးပေးထားတာတောင်မှ သူတို့ကအောစ့်တွေကို အနိုင်မယူနိုင်ဘူးလား...ငါတို့သာနယ်မြေကိုပြန်ရောက်ရင် အကုန်လုံးကိုကျွန်တွေအဖြစ် ပြောင်းလဲပစ်ရမယ်"
ကာရီသည် သူ၏မြင့်မြတ်သောပုံရိပ်က်ို ဆက်လက်ထိန်းသိမ်းထားရန် စိတ်မရှိတော့ဘဲ အရူးတစ်ယောက်လိုပင် လက်နှစ်ဖက်အားဝှေ့ယမ်းကာ အော်ဟစ်နေခဲ့သည်။
"သခင်လေး...ရန်သူတွေဆီမှာ ထူးဆန်းတဲ့စစ်လက်နက်တွေ ပိုင်ဆိုင်ထားတယ်...အဲ့ဒါတွေက ဧရာမဒူးလေးတွေနဲ့ဆင်ပေမဲ့ အတောင်ပံနှစ်ခုပါတယ်...ပြီးတော့ အဲ့ဒီလက်နက်တွေကနေ အရှည်နှစ်မီတာနီးပါးရှိတဲ့ လခြမ်းပုံဓားစက်ဝိုင်းတွေကို ပစ်လွှတ်နိုင်တယ်...အဲ့ဒီဓားစက်ဝိုင်းတွေက အမာခံခြေလျင်တပ်သားတွေကို ခါးကနေနှစ်ပိုင်းဖြတ်ချပစ်နိုင်တယ်...ငါတို့ရဲ့ဒိုင်းတွေ ချပ်ဝတ်တန်ဆာတွေကတောင် အဲ့ဒီဓားစက်ဝိုင်းတွေကို မတားဆီးနိုင်ဘူး...ငါတို့သာမျက်စိစုံမှိတ်ပြီး ရှေ့ဆက်တိုးရင် ပိုပြီးအသေအပျောက် များလိမ့်မယ်"
ထိုအခိုက်အတန့်တွင် ရှေ့တန်းမှတပ်မှူးတစ်ဦးသည် ကာရီအားသတင်းပို့လာခဲ့ပြီးနောက် တစ်ချိန်တည်း၌ပင် ကာရီ၏ညွန်ကြားမှုအား စောင့်မျှော်နေခဲ့သည်။
"၂မီတာရှည်တဲ့ ဓားသွားတွေ...အမာခံခြေလျင်တပ်သားတွေကိုတောင် နှစ်ခြမ်းခွဲနိုင်တယ်...အဲဒါဘာလက်နက်ကြီးလဲ"
ကာရီ၏လေသံတွင် ကြောက်ရွှံနေသောအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
"သခင်လေး...သူပြောတဲ့လက်နက်တွေက လမင်းပစ်ခတ်သူတွေလို့ခေါ်တဲ့ အရာတွေဖြစ်နိုင်တယ်...အရင်ကဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲမှာ လမင်းပစ်ခတ်သူတွေရဲ့ ပုံကိုတွေ့ဖူးတယ်...အဲ့လက်နက်မှာ ကြီးမားတဲ့တောင်ပံနှစ်ခုပါပြီးတော့ လခြမ်းပုံဓားကိုပစ်လွှတ်နိုင်တယ်...ရှေးအရင်တုံးက နတ်သူငယ်တွေနဲ့လူသားတွေရဲ့စစ်ပွဲမှာ နတ်သူငယ်တွေက ဒီလက်နက်ကိုအသုံးပြုခဲ့ဖူးတယ်...စစ်ပွဲပြီးနောက် လူသားနိုင်ငံအချို့က ဒီလိုလက်နက်အချို့ကို သိမ်းဆည်းထားခဲ့ပေမဲ့ တုပထုတ်လုပ်ဖို့ အရမ်းခက်ခဲတယ်...ရှောင်ယုကတိုက်ပွဲမှာ ဒါတွေကိုထုတ်သုံးလာတယ်ဆိုတော့ ရှောင်ယုကို နတ်သူငယ်နတ်ဘုရားက အကူအညီပေးနေတဲ့ ကောလဟာလတွေကမှန်နေတာလား..."
ကာရီ၏စစ်အကြံပေးဖြစ်သူ ဒိုတူက တိုးတိုးလေးရှင်းပြလိုက်သည်။
"ငါအရင်က ဒီအကြောင်းတွေကိုကြားဖူးပေမဲ့ ပုံတွေကိုတော့မတွေ့ဖူးဘူး...ဒါပေမဲ့ လမင်းပစ်ခတ်သူတွေက စစ်မြေပြင်ပေါ်မှာ အရမ်းကြောက်စရာကောင်းတဲ့ လက်နက်တွေပဲ...လူသားနဲ့နတ်သူငယ်စစ်ပွဲတုံးက လမင်းပစ်ခတ်သူတွေကြောင့် လူသားတွေအသေအပျောက်အရမ်းများခဲ့တယ်"
ကာရီသည် လမင်းပစ်ခတ်သူများအကြောင်း နားလည်သွားပြီးနောက် သူ၏မျက်နှာသည် နှင်းများကဲ့သို့ဆွတ်ဆွတ်ဖြူသွားခဲ့သည်။
...
...
အမာခံခြေလျင်တပ်များသည်ပင် အပြင်းအထန်ဆုံးရှံးပြီး နောက်ပြန်ဆုတ်ခဲ့ရ၍ သာမန်တပ်သားများသည် မည်သို့မှမတတ်သာဘဲ နောက်ဆုတ်ပေးခဲ့ရသည်။ဤသို့ဖြင့် ကာရီ၏စစ်တပ်သည် ပထမအချီထိုးစစ်ဆင်မှုတွင် တပ်သား၆၀၀၀ကို ဆုံးရှံးခဲ့ရသည်။
ဟေးးး...
ကာရီ၏စစ်တပ်သည် ပထမအကြိမ်ထိုးစစ်ဆင်မှုတွင် တပ်သားအမြောက်အများဆုံးရှံး၍ နောက်ပြန်ဆုတ်လိုက်ရသောကြောင့် ခြင်္သေ့မြို့ထံမှ အောင်ပွဲခံသံများ ပဲ့တင်ထပ်လာခဲ့သည်။
ရှောင်ယု၏ဘက်တွင်မူ အသေအပျောက်များစွာမရှိခဲ့ပေ။ဒဏ်ရာအပြင်းအထန်ရရှိသူ အနည်းငယ်ရှိခဲ့သော်လည်း တစ်စုံတစ်ဦးမှ မသေဆုံးခဲ့ပေ။ရှောင်ယုသည် ဒဏ်ရာအပြင်းအထန်ရရှိသွားသူ အနည်းငယ်အား ကုသပေးရန်အတွက် ဆေးဝါးများကိုအသုံးပြုခဲ့သည်။စျေးဆိုင်မှနေ၍ ရှောင်ယုဝယ်ယူလာခဲ့သော ဒဏ်ရာကျက်ဆေးများသည် အဆင့်၁သာဖြစ်၍ နတ်ဆေးဟုသတ်မှတ်၍မရသော်လည်း ဒဏ်ရာများကိုကုသရာ၌ အလွန်ထိရောက်ပေသည်။ထိုဒဏ်ရာကျက်ဆေးများသည် သေသူကိုပြန်လည်မရှင်သန်စေနိုင်သော်လည်း အပြင်းအထန်ဒဏ်ရာရရှိထားသူများကို အသက်အန္တာရယ်မရှိစေရန် လုံလောက်ပေသည်။
ရှောင်ယုသာ သူ့ယခင်ဘဝ၌ ဤဆေးကိုရရှိခဲ့ပါက တန်ဖိုးမဖြတ်နိုင်သော ဆေးအဖြစ်သတ်မှတ်နိုင်ပေသည်။
ရှောင်ယု၏တပ်ဖွဲ့သည် စစ်သားတစ်ဦးကိုမှ မဆုံးရှံးခဲ့သော်လည်း မြို့ရိုးနံရံအား ကာကွယ်နေသည့် ကပ္ပတိန်ဟွေ့၏တပ်ဖွဲ့သည် တပ်သားဒါဇင်နှင့်ချီ၍ ဆုံးရှံးခဲ့ရသည်။ကပ္ပတိန်ဟွေ့၏ တပ်ဖွဲ့သည် ထိုကဲ့သို့တပ်သားများစွာ ဆုံးရှံးခဲ့ရသောအဓိကအကြောင်းရင်းမှာ ကာရီ၏စစ်တပ်မှအသုံးပြုခဲ့သော ဒူးလေးများကြောင့်ဖြစ်သည်။
စစ်တပ်သုံးဒူးလေးများသည် မီတာရာချီသောအကွာအဝေးရှိ ပစ်မှတ်ဆီသို့ မြှားတံများကိုပစ်လွှတ်နိုင်သည်ဖြစ်ရာ ၎င်းတို့၏ခြိမ်းခြောက်မှုသည် အလွန်ကြီးမားပေသည်။အောစ့်စစ်သည်များသည် မြင့်မားသောအဆင့်တစ်ခုက်ို ရောက်ရှိလာခဲ့ပြီး သံချပ်ကာများကိုအဓိကကျသောအစိတ်အပိုင်းများအား ကာရံထားရာ အနီးကပ်တိုက်ပွဲများအား ကြောက်ရွှံနေခြင်းမရှိပေ။သို့သော် ဒူးလေးနှင့်ပစ်ခတ်ခံရပါက များစွာဒုက္ခရောက်မည်မှာ မရှောင်လွဲနိုင်သောကိစ္စဖြစ်သည်။ရှောင်ယုသည် ထိုဒူးလေးပြသနာအား ဖြေရှင်းရန်အတွက် နည်းလမ်းတစ်ခုကိုစဉ်းစားခဲ့သော်လည်း ကောင်းမွန်သည့်နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
...
...
ပထမထိုးစစ်ဆင်မှုသည် အကျအရှုံးများစွာဖြင့် အဆုံးသတ်ခဲ့ရသော်လည်း ကာရီသည်အရှုံးမပေးဘဲ ဒုတိယအကြိမ်မြောက်အဖြစ် ထိုးစစ်ဆင်ရန် စီစဉ်နေခဲ့သည်။
"သခင်လေး...ရှောင်ယုဆိုတဲ့ကောင်က သူ့ကိုအကူအညီပေးဖို့အတွက် အောစ့်တွေနဲ့နတ်သူငယ်တွေ အများကြီးရထားတာ အရမ်းထူးဆန်းနေတယ်...ငါ့အထင်သူတို့ရဲ့နောက်ကွယ်မှာ နတ်ဆိုးတစ်ကောင်က တိတ်တဆိတ်ချုပ်ကိုင်ထားလိမ့်မယ်...ငါတို့ကသိပ်ပြီးအမြန်မလိုပါဘူး... နောက်တစ်ကြိမ်မတိုက်ခိုက်ခင် ငါတို့ရဲ့သူလျှိုတွေက်ိုစေလွှတ်ပြီး ဂရုတစိုက်ထောက်လှမ်းသင့်တယ်လို့ ငါထင်တယ်"
စစ်ရေးအကြံပေးဒိုတူက သူ့စိတ်ထဲတွင်ရှိနေသော အကြံညဏ်ကိုထုတ်ပြောလိုက်သည်။
"မင်းငါ့ကိုနောက်နေတာလား...ငါဒီကိုနောက်တစ်ကြိမ်တိုက်ခိုက်ဖို့ အဖေ့ဆီက စစ်သား၂၀၀၀၀တောင်းလာခဲ့ပေမဲ့ ပထမအကြိမ်ထိုးစစ်မှာကို စစ်သား၆၀၀၀ဆုံးရှုံးခဲ့ရပြီ...ငါခုနေလက်လျော့လိုက်ရင် အဖေ့ကိုဘယ်လိုမျက်နှာပြရမှာလဲ...ပထမအကြိမ်ရှုံးနိမ့်မှုကြောင့် ငါ့ရဲ့ညီအစ်ကို၂ယောက်က ငါ့ကိုအဖေ့ဆီမှာစပြီးချောက်တွန်းနေကြပြီ...ခုချိန်ငါ့နယ်မြေကိုပြန်ရောက်ရင် ငါကနယ်မြေကို နောင်တစ်ချိန်မှာအမွေဆက်ခံမယ့် အခြေအနေကနေ စွန့်လွှတ်ခံရလိမ့်မယ်...ငါ့ရဲ့ဘဝကတောင်မှ သိပ်ပြီးမသေချာတော့ဘူး..."
ကာရီ၏မျက်လုံးများသည် သွေးများစွန်းထင်းနေသကဲ့သို့နီရဲနေခဲ့ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ယခင်တစ်ကြိမ် ရှုံးနိမ့်မှုကြောင့် ခြင်္သေ့မြို့အား အနိုင်ရရှိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ကာရီသတိပြုမိခဲ့သည်။ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကာရီသည် တပ်သား၂၀၀၀၀ကို ယူဆောင်လာခဲ့သော်လည်း နောက်တစ်ကြိမ်ကြီးကြီးမားမားဆုံးရှံးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဒါပေမဲ့...သခင်လေး..."
စစ်ရေးအကြံပေးဒိုတူသည် ဖျောင်းဖြစကားဆိုရန် ကြိုးစားလိုက်သော်လည်း ကာရီသည်နားမဝင်တော့ပေ။
"မဟုတ်ဘူး....ခုနေဒီအတိုင်းပြန်သွားရင် ငါအရာအားလုံးကို ဆုံးရှံးရလိမ့်မယ်....ငါလုံးဝအနိုင်ရရမယ်...ဒါ့အပြင် လမင်းပစ်ခတ်သူတို့လို့ ထိပ်တန်းစစ်လက်နက်တွေကိုသာရခဲ့ရင် တပ်သား၂၀၀၀၀လုံး ဆုံးရှံးရရင်တောင်မှ ကိစ္စမရှိဘူး...ငါတို့သာအဲ့ဒီစစ်လက်နက်တွေကို နယ်မြေဆီပြန်သယ်ဆောင်နိုင်ခဲ့ရင် အဲ့လက်နက်တွေကိုတုပပြီး ငါတို့ရဲ့ကိုယ်ပိုင်စစ်လက်နက်တွေကို ထုတ်လုပ်နိုင်လိမ့်မယ်"
"ပြီးတော့ အဲ့ဒီလူယုတ်မာရှောင်ယုဆီမှာ အခြားလျှို့ဝှက်ချက်တွေ အများကြီးရှိနေသေးတယ်...ငါသာအဲ့ဒါတွေကို သင်ယူတတ်မြောက်သွားခဲ့ရင် ကမ္ဘာကြီးကိုအောင်နိုင်လိမ့်မယ်"
ယခုအချိန်တွင် ကာရီသည် ရူးသွပ်နေခဲ့ပြီဖြစ်သည်။သာမန်အချိန်များတွင် ရူးသွပ်မှုသည် လူတစ်ယောက်အားဖျက်ဆီးရန် တွန်းအားပေးနိုင်ပြီး လက်ရှိကာရီသည်လည်း ထိုအခြေအနေ၌ ရှိနေပေသည်။လက်ရှိအချိန်တွင် နတ်ဘုရားများကိုယ်တိုင် ဆင်းသက်လာခဲ့လျှင်တောင်မှ ကာရီ၏စိတ်ကိုပြောင်းလဲနိုင်မှာမဟုတ်ပေ။
ယခုအချိန်တွင် ကာရီသည် ခြင်္သေ့မြို့အားသိမ်းပိုက်ကာ ရှောင်ယုအားအနိုင်ယူရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။သူသည် လမင်းပစ်ခတ်သူများကို ရယူနိုင်ပြီး အောစ့်များနှင့်နတ်သူငယ်များအား အုပ်စိုးရန်လျှို့ဝှက်ချက်ကို အရယူနိုင်ခဲ့ပါက ဤတပ်ဖွဲ့ဝင်၂၀၀၀၀လုံးအား ဆုံးရှံးခဲ့လျှင်တောင်မှ နယ်မြေ၏ပထမအမွေဆက်ဆံသူဖြစ်ရန် လုံးဝအခွင့်အရေးရရှိမှာဖြစ်သည်။
"တပ်ဖွဲ့ကိုအကြောင်းကြားလိုက်...နာရီဝက်ကြာရင် နောက်ထပ်တစ်ကြိမ်ထိုးစစ်ဆင်ရမယ်...ဒီတစ်ကြိမ်ထိုးစစ်မှာ အရန်တပ်ဖွဲ့တွေရော ၊ ခြေလျင်တပ်တွေရော ၊ အမာခံခြေလျင်တပ်တွေကော ၊ မှော်ဆရာတွေကော ဒူးလေးသမားတွေကော အကုန်လုံးဝင်ပါရမယ်....လူတိုင်းလူတိုင်း ရှေ့တန်းမှာတိုက်ခိုက်နေတာကိုပဲ ငါမြင်ချင်တယ်"
ကာရီသည် သူ၏လက်သီးများကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ထိုအခိုက်အတန့်တွင် ကာရီ၏မျက်လုံးထဲ၌ ရူးသွပ်သောအမူအရာများဖြစ်ပေါ်လာကာ သူ၏လက်သီးမှ လက်ဆစ်ချိုးသံများထွက်ပေါ်လာခဲ့သည်။
အခန်း ၄၄ - လူပင်လယ်နည်းဗျူဟာကို အသုံးပြုထိုးစစ်ဆင်ခြင်း
လူတစ်ယောက်သည် ရူးသွပ်နေချိန်တွင် မည်သည့်အရာကိုမဆို လုပ်ဆောင်မိမှာဖြစ်သည်။ယခုအချိန်၌ ကာရီသည်လည်း ထိုကဲ့သို့အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။
သူ၏အဖေဖြစ်သူတွင် သား၃ယောက်ရှိကာ ကာရီသည် အငယ်ဆုံးဖြစ်သည်။သို့သော် ကာရီသည် သား ၃ယောက်အနက် ဖခင်ဖြစ်သူ အယုံကြည်ရဆုံး ၊ အနှစ်သက်ဆုံးနှင့် သြဇာအရှိဆုံးဖြစ်သည်။အကယ်၍ ပြဿနာတစ်စုံတစ်ရာမရှိပါက ကာရီသည်နောက်တက်လာမယ့် နယ်မြေအရှင်သခင်ဖြစ်လာမည်ဖြစ်သည်။သို့သော် ကာရီ၏နောက်ဆုံးရှံးနိမ့်မှုကြောင့် သူ၏အစ်ကိုဖြစ်သူများသည် ဖခင်ဖြစ်သူရှေ့တွင် ကာရီအားရည်ရွယ်ချက်ရှိရှိတိုက်ခိုက်၍ ကာရီ၏ဂုဏ်သိက္ခာကိုကျဆင်းစေကာ နယ်မြေအားအမွေဆက်ခံမယ့်ကိစ္စကို နှောင့်ယှက်ခဲ့သည်။
ကာရီ၏ဖခင်ဖြစ်သူကလည်း ထိုအချိန်က အလွန်ဒေါသထွက်နေခဲ့သည်။ကာရီသည် အားနည်းသောခြင်္သေ့မြို့အား စစ်သား၅၀၀၀ဖြင့် မသိမ်းပိုက်နိုင်ခဲ့၍ ကာရီထံတွင်အရည်အချင်းမရှိဟု ဖခင်ဖြစ်သူကယူဆခဲ့သည်။အကယ်၍ ကာရီ၏မိခင်ဖြစ်သူကသာ ကာရီအစားအသနားဝင်ခြင်းမရှိခဲ့ပါက ကာရီသည်အပြစ်ပေးခံရမည်မှာ သေချာပေသည်။ထို့ပြင် ခြင်္သေ့မြို့၌အောစ့်ဘီလူးများရှိနေကြောင်း သက်သေပြနိုင်ခဲ့၍ ဖခင်ဖြစ်သူသည် ခြင်္သေ့မြို့အားနောက်တစ်ကြိမ်တိုက်ခိုက်ရန်အတွက် ကာရီအား တပ်သား၂၀၀၀၀ကို ငှါးရမ်းခဲ့သည်။
ကာရီ၏ဖခင်သည် ကာရီအား ခြင်္သေ့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက် တပ်သား၂၀၀၀၀ကို ငှါးရမ်းခဲ့ရခြင်းမှာ နယ်မြေရှိတပ်ဖွဲ့များ၏ တိုက်ပွဲဝင်စွမ်းရည်အား အဆင့်မြင့်တင်ရန်ဖြစ်သည်။ယခုအခါ ကမ္ဘာကြီးတစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေသော အချိန်ကာလသို့ရောက်ရှိနေခဲ့၍ ကာရီ၏ဖခင်သည် သူ၏နယ်မြေအားချဲ့ထွင်ရန်စီစဉ်ခဲ့သည်။
ကာရီ၏ဖခင်သည် ဤမျှများပြားသည့်တပ်ဖွဲ့ဝင်များ ၊ မှော်ဆရာများ ၊ အမာခံခြေလျင်တပ်သားများနှင့် မြို့သိမ်းကိရိယာအမြောက်အများဖြင့်ပင် ကာရီသည် ခြင်္သေ့မြို့အားတိုက်ခိုက်သိမ်းပိုက်ရန် နောက်ထပ်တစ်ကြိမ်ကျရှံးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကာရီ၏နေရာတွင် အတွေ့အကြုံရှိသော စစ်ဗိုလ်ချုပ်တစ်ဦးကသာ ဤတိုက်ခိုက်မှုကို ဦးဆောင်ရန်အတွက်တာဝန်ရှိပါက အခြေအနေများသည် ပြောင်းလဲသွားမည်မဟုတ်ပေ။သို့သော် ယခုအချိန်၌မူ တပ်ဖွဲ့တစ်ခုလုံး၏ခေါင်းဆောင်သည် ကာရီဖြစ်နေလေရာ ဖိအားများအားလုံးသည် ကာရီ၏ပုခုံးပေါ်၌ ကျရောက်နေခဲ့သည်။
ကာရီသည် ပထမအကြိမ်ထိုးစစ်ဆင်ရာ၌ ခြင်္သေ့မြို့အားသိမ်းပိုက်ရန် ကျရှံးခဲ့သလို စစ်သား၂၀၀၀၀တွင်လည်း ၆၀၀၀နီးပါးဆုံးရှံးခဲ့ရပေသည်။ယခုအချိန်တွင် သူသည်ဤဆုံးရှံးမှုနှင့်အတူ နယ်မြေသို့ပြန်သွားပါက ရှောင်ယုသည်အလွန်သန်မာသည်ဟု ဝန်ခံရာရောက်သလို ဖခင်ဖြစ်သူ၏ယုံကြည်မှုအား အလုံးစုံဆုံးရှံးရမည်ဖြစ်သည်။သို့ဖြစ်ရာ ကာရီသည် သူ့ကိုသူသက်သေပြရန်အတွက် ခြင်္သေ့မြို့အားသိမ်းပိုက်ရန် ကြိုးပမ်းပြီး လမင်းပစ်ခတ်သူများနှင့် အောစ့်များနှင့်နတ်သူငယ်များကိုသစ္စာခံစေမယ့် လျှို့ဝှက်ချက်အား အရယူရန်ကြံရွယ်ထားသည်။ထိုသို့ဆိုပါက သူသည်မည်မျှကြီးမားသောဆုံးရှံးမှုနှင့်ကြုံတွေရပါစေ ဖခင်ဖြစ်သူ၏ ခွင့်လွှတ်မှုကိုရရှိမှာဖြစ်သည်။
သို့ဖြစ်ရာ ယခုအချိန်တွင် ကာရီသည် ခြင်္သေ့မြို့အား သိမ်းပိုက်ရန်အတွက် အလွန်ပင်စိတ်အားထက်သန်နေခဲ့သည်။ယခုအချိန်တွင် ကာရီထံ၌ တပ်သား၁၅၀၀၀ခန့်ကျန်ရှိနေသေးပြီး ခြင်္သေ့မြို့အားသိမ်းပိုက်ရန်အတွက် နည်းစနစ်များနှင့် နည်းဗျူဟာများကိုအသုံးပြုနိုင်ခြင်းမရှိပါက လူပင်လယ်နည်းဗျုဟာကိုအသုံးပြု၍ အရေအတွက်ကိုအသုံးပြုကာ ခြင်္သေ့မြို့အတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှာဖြစ်သည်။
အမာခံခြေလျင်တပ်သားများကိုအသုံးပြုကာ ဝိုင်းရံတိုက်ခိုက်သော နည်းဗျူဟာသည် အသုံးမဝင်ကြောင်း ကာရီနားလည်လိုက်ပြီဖြစ်သည်။လက်ရှိအချိန်တွင် သူ့ထံတွင်ရှိသည့်တစ်ခုတည်းသောအရာမှာ တပ်ဖွဲ့ဝင်အင်အား အမြောက်အများရှိနေခြင်းဖြစ်သည်၊
"အောစ့်တွေကို အနိုင်ယူလို့မရနိုင်ဘူးလို့ ငါလုံးဝမယုံဘူး...ခြင်္သေ့မြို့ကိုဖြတ်ကျော်ဖို့ သူတို့မှာရှိတဲ့ အင်အားရဲ့ဆယ်ဆလောက်ကိုသုံးပြီး တိုက်ခိုက်ကြမယ်"
ကာရီသည် အစွမ်းကုန်တိုက်ခိုက်မှုမစတင်မှီ သူ့တပ်များကို သြဝါဒမိန့်ခွန်းပြောနေခဲ့သည်။
"တိုက်ပွဲအတွက် အဆင်သင့်ပြင်...အမာခံခြေလျင်တပ် ၊ ခြေလျင်တပ် ၊ မှော်ဆရာ ၊ ဒူးလေးသမားနဲ့အရန်တပ်ဖွဲ့တွေအကုန်လုံး ရှေ့တက်ကြ...ငါတို့က အောင်ပွဲကိုပဲအရယူကြရမယ်...အဲ့ဒီညစ်ပတ်တဲ့အောစ့်တွေကို သတ်ဖြတ်ပြီး နတ်သူငယ်တွေကိုဖမ်း...အဲ့ဒီအမျိုးသမီးတွေကို မင်းတို့ရဲ့ကစားစရာအဖြစ်လိုချင်ကြလား...အဲ့ဒါဆိုရင်တော့ မင်းတို့ဆီမှာနည်းလမ်းတစ်ခုပဲရှိတယ်...အဲ့ဒါကတော့ မင်းတို့ရှေ့မှာမြင်နေရတဲ့ ခြင်္သေ့မြို့ထဲကိုဝင်..မြို့ထဲမှာရှိတဲ့ ခုခံမှုတွေအကုန်လုံးကိုဖျက်ဆီးပစ်...မင်းတို့သာမြို့ကိုသိမ်းပိုက်နိုင်သရွေ့ မြို့တစ်ခုလုံးကို မင်းတို့အလိုရှိသလိုမျိုး ၃ရက်၃ည လွတ်လွတ်လပ်လပ်လုယက်နိုင်တယ်"
စစ်တပ်ကိုမိန့်ခွန်းပြောပြီးသည်နှင့် ကာရီသည် စစ်ရထားပေါ်၌ရပ်နေကာ ဓားကိုဝှေ့ယမ်းလိုက်သည်။
"တိုက်ကြ..."
စစ်သားများသည် လက်ရှိအခြေအနေကို သံသယဖြစ်နေကြသော်လည်း သူတို့ထံတွင် အရေအတွက်နှင့်ပတ်သက်၍ အကြွင်းမဲ့အားသာချက်ရရှိထားကြောင်း နားလည်ထားသည်။သူတို့သာ ပိတ်ဆို့မှုများကိုဖြတ်ကျော်၍ မြို့ထဲသို့ဝင်ရောက်နိုင်သရွေ့ ဘယ်ညာနှစ်ဖက်မှ ရန်သူများအားဝန်းရံတိုက်ခိုက်နိုင်မည်ဖြစ်သည်။ထိုကဲ့သို့တိုက်ပွဲမျိုးတွင် ရန်သူ၏ခံစစ်ကိုချိုးဖျက်ကာ မြို့တွင်းသို့ထိုးဖောက်ဝင်ရောက်နိင်သရွေ့ ခံစစ်အဖွဲ့၏ တိုက်ခိုက်လိုစိတ်ကို လုံးဝချိုးနှိမ်နိုင်မှာဖြစ်သည်။
ထို့ကြောင့် ကာရီ၏တပ်သားများသည် ဤတိုက်ပွဲအား အနိုင်ရလိုရန်အတွက် မြို့တွင်းသို့ဖောက်ထွင်းဝင်ရောက်ရမည်ကို နားလည်လိုက်ကြသည်။ထို့နောက်တွင်သူတို့သည် သူတို့အလိုရှိသော ဘုန်းကျက်သရေ၊စည်းစိမ်ဥစ္စာ ၊ကျွန်များနှင့် အလိုရှိသည့်အရာမှန်သမျှကို ရရှိကြမှာဖြစ်သည်။
ရှောင်ယုသည် ရန်သူများ၏အစီအစဉ်ကို ရိပ်မိလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
"ကာရီက ခုချိန်မှာ ထွက်လမ်းမရှိတော့ဘူး...သူသာဒီလိုအနေအထားနဲ့ သူ့နယ်မြေကိုပြန်မယ်ဆိုရင် အပြင်းအထန်အပြစ်ပေးခံရမယ်ဆိုတာ သေချာတဲ့အတွက် အရာအားလုံးက်ိုစတေးပြီးတော့ ခြင်္သေ့မြို့ကိုသိမ်းပိုက်ဖို့ အစွမ်းကုန်ကြိုးစားတော့မှာပဲ...ဒီတစ်ခေါက်တော့သူက စစ်နည်းဗျူဟာတွေကိုလိုက်နာမှာမဟုတ်တော့ဘူး...ငါတို့ကိုဖိနှိပ်ဖို့အတွက် အရေအတွက်ကိုအားကိုးလိမ့်မယ်...ဒါကကြီးမားတဲ့ပြဿနာပဲ"
အဆုံးသတ်တွင် ရှောင်ယုထံ၌ တပ်သားအမြောက်အများမရှိခဲ့ပေ။ထို့ပြင် ကပ္ပတိန်ဟွေ့၏တပ်သားများသည်လည်း အသုံးမဝင်သည့်တပ်သားအသစ်များသာဖြစ်သည်။ထို့ကြောင့် သူ၏ကိုယ်ပိုင်တပ်သား၁၀၀၀ဖြင့် မိမိထက်ဆယ်ဆကျော်ခန့်အရေအတွက်များပြားသော ရန်သူကိုခုခံရန်အလွန်ခက်ခဲမည်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
ပုံမှန်အားဖြင့်ဆိုပါက ရှောင်ယုသည် ရန်သူကိုအနိုင်ယူရန် နည်းစနစ်များနှင့် နည်းဗျူဟာများကိုသာ အသုံးပြုလိုသော်လည်း ကာရီသည် လမ်းပိတ်ခံရသောခွေးတစ်ကောင်ပမာ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာ၍ သူ့ထံတွင်ရွေးချယ်စရာမရှိတော့ပေ။
"အနည်းဆုံးတော့ ဒီကောင်ကသတ္တိရှိတယ်..."
ရှောင်ယုသည် သူ့လက်ထဲရှိဖန်ခွက်အား ပစ်ချလိုက်ကာ လေးနက်သောလေသံဖြင့် ရေရွတ်လိုက်သည်။ယခုအချိန်သည် သူ၏တပ်ဖွဲ့များအား စစ်မြေပြင်၌အပြင်းအထန်စမ်းသပ်ခံရမည့် အချိန်ဖြစ်သည်။
"သတ်..."
ကာရီ၏စစ်တပ်သည် ခြင်္သေ့မြို့ထံသို့တဟုန်ထိုးချီတက်လာရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"အဲ့ကောင်တွေကို တစ်ကောင်မှရှေ့တိုးမလာစေနဲ့..."
ရှောင်ယုသည် ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။စစ်မြေပြင်တွင် အရေးအကြီးဆုံးသည် စစ်သားများ၏စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ကာ ခြင်္သေ့မြို့၏စိတ်ဓာတ်ကို မြင့်တင်ရန်ရှောင်ယုကြိုးစားနေခြင်းဖြစ်သည်။
ဂါး....
တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်၅၀၀သည် သောင်းနှင့်ချီသောဝံပုလွေများ အော်မြည်နေသကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
ထိုအော်ဟစ်ဆူညံသံများကြောင့် မြို့ထဲတွင် တစ်ယောက်နှင့်တစ်ယောက်သည် စကားသံများကိုမကြားရပေ။
"ဖြိုဖျက်သူတွေကို ပစ်ခတ်ဖို့ပြင်တော့"
ရှောင်ယုသည် အကွာအဝေးကိုတွက်ချက်ပြီးနောက် ရန်သူများ၏ရှေ့ဆုံးတပ်သားများကို စတင်၍ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျောက်တုံးများသည် ကောင်းကင်ယံတခွင်ပြည့်နှက်သွားခဲ့ပြီး မိုးရွာသလိုရွာချလာခဲ့သည်။
ဘန်း...ဘန်း...ဘန်း...
ကျောက်တုံးများကျဆင်းသွားသည့် နယ်မြေအတွင်း၌ရှိနေသော တပ်သားအများစုသည် သတ်ဖြတ်ခံလိုက်ရကာ ထိုထဲမှ ၃ပုံ၁ပုံခန့်သာ အသက်ရှင်လျက် ခြင်္သေ့မြို့ထံဆက်လက်ချီတက်လာကြသည်။
"ဖြိုဖျက်သူ ၅ခု...ဘယ်ဘက်ခြမ်းက လောက်လွဲစင်ကိုချိန်ပြီး အဲလောက်လွဲစင်ကိုဖျက်ဆီးလိုက်"
ယခုတစ်ကြိမ်တွင် ကာရီ၏စစ်တပ်သည် လောက်လွဲစင်များအား အုပ်စုနှစ်ခုခွဲ၍ နေရာချထားကြောင်း တွေ့လိုက်ရသည်။လောက်လွဲစင်များအကြားအကွာအဝေးသည် အနည်းငယ်ကွာဝေးသည့်အတွက် ရှောင်ယုသည် ပထမဦးစွာ ဖြိုဖျက်သူ၅ခုအား လောက်လွဲစင်တစ်ခုတည်းကိုသာ ချိန်ရွယ်၍ဖျက်ဆီးစေခဲ့သည်။
ကျောက်တုံးများသည် ကောင်းကင်ပေါ်မှ အရှိန်အဟုန်ဖြင့်ကျဆင်းလာကာ လောက်လွဲစင်ကိုတွန်းလာနေသော စစ်သားများနှင့်လောက်လွဲစင်၂ခုလုံးကို ရိုက်ခတ်လာခဲ့သည်။
"ဒုတိယအုပ်စု...ညာဘက်ခြမ်းက ပထမဆုံးလောက်လွဲစင်ကိုချိန်....ပြီးရင်ပစ်ကြတော့..."
ရှောင်ယုသည် နောက်ထပ်တစ်ကြိမ် အမိန့်ပေးလိုက်သည်။
ဘန်း...ဘန်း...ဘန်း...
ထိုတိုက်ခိုက်မှုသည် နောက်ထပ်လောက်လွဲစင်တစ်ခုအား ဖျက်ဆီးရာ၌ အောင်မြင်ခဲ့သည်။သို့သော် ရန်သူထံ၌ လောက်လွဲစင်၁၀ခုကျန်ရှိနေသေးရာ ထိုထဲမှ၂ခုကိုသာ အချိန်မှီဖျက်ဆီးနိုင်ခဲ့သည်။ရန်သူစစ်သားများသည် လောက်လွဲစင်များကို တတ်နိုင်သမျှမြန်မြန်ရှေ့သို့တွန်းပို့နေသောကြောင့် လောက်လွဲစင်များသည် မကြာမှီအချိန်အတွင်း သူတို့အားတိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ရောက်ရှိတော့မည်ဖြစ်ကြောင်း ရှောင်ယုသတိထားမိလိုက်သည်။ထိုအချိန်သို့ရောက်လာပါက သူ၏အောစ့်စစ်သည်များနှင့် ခြေလျင်တပ်သားများသည် ကြီးကြီးမားမားခြိမ်းခြောက်ခံရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။
"လမင်းပစ်ခတ်သူ ၄ခု အမိန့်ကိုနာခံ ညာဘက်ခြမ်းက ဒုတိယမြောက်လောက်လွဲစင်ကိုချိန်ကြ...အသင့်ဖြစ်ရင်ပစ်"
ရှောင်ယုသည် နောက်ထပ်အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
သူ့ထံတွင် လမင်းပစ်ခတ်သူ ၁၀ခုရှိပြီး ထိုအထဲမှ၆ခုအား မြို့အဝင်ဂိတ်တံခါး၌ ထားရှိထားကာ ကျန်၄ခုအား မြို့ရိုးထိပ်၌ တပ်ဆင်ထားခဲ့သည်။
အမှန်တွင် လမင်းပစ်ခတ်သူနှင့် ဖြိုဖျက်သူများသည် နံရံထိပ်၌ပစ်ခတ်ပါက ပိုမိုထိရောက်မှုရှိပေသည်။
ရွှီးးး.... ရွှီးးး... ရွှီးးး...
လေတိုးသံများနှင့်အတူ ဓားစက်ဝိုင်း၄ခုက လမင်းပစ်ခတ်သူများထံမှ ပြေးထွက်သွားကြသည်။
ဘန်း...ဘန်း...ဘန်း..
ထိုဓားစက်ဝိုင်း၄ခုအနက်မှ တစ်ခုသည် လောက်လွဲစင်အားထိမှန်သော်လည်း ကျန်၃ခုသည် ပစ်မှတ်အားလွဲချော်ခဲ့သည်။
လမင်းပစ်ခတ်သူများ၏ တိကျမှုသည် တာဝေးပစ်တိုက်ခိုက်မှုများ၌ အားကောင်းခြင်းမရှိကြပေ။သို့ဖြစ်ရာ ရှောင်ယုသည် လမင်းပစ်ခတ်သူ ၄ခုအားစုစည်းပစ်ခတ်စေပြီး ထိုထဲမှတစ်ခုအား လောက်လွဲစင်အားထိမှန်စေရန် အစီအစဉ်ဆွဲခဲ့ရသည်။
အကယ်၍ ရှောင်ယုကသာ လမင်းပစ်ခတ်သူ၁ခုကိုသာ အသုံးပြုရန်ဆုံးဖြတ်ခဲ့ပါက ပြန်လည်ပစ်ခတ်ရန်ပြင်ဆင်ချိန် အနည်းငယ်ကြာမြင့်မည်ဖြစ်သည့်အပြင် ဓားစက်ဝိုင်းသည် လောက်လွဲစင်ကိုလွဲချော်ပြီး ရန်သူစစ်သားများကိုသာ ထိမှန်ခဲ့ပါက ရန်သူများကိုပိုမိုကြောက်လန့်စေကာ သူတို့၏ချီတက်မှုနှုန်းအား မြန်ဆန်စေမှာဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရန်သူတပ်သားများသည် မြို့ရိုးနံရံ၏ အောက်ခြေသို့ရောက်ရှိလာကြပြီး အချို့မှာ မြို့အဝင်ဂိတ်တံခါးဆီသို့ ပြေးဝင်သွားခဲ့ကြသည်။
လေးသမားများသည် ရန်သူများအား မည်သည့်အချိန်တွင်မဆို ပစ်ခတ်ရန်အသင့်ပြင်ထားကြပြီး အောစ့်စစ်သည်များသည်လည်း မြို့အဝင်တံခါးဝရှိ လမင်းပစ်ခတ်သူများကို အသင့်ပြင်ကာ ရန်သူများအလာကိုစောင့်ဆိုင်းနေကြသည်။
အခန်း ၄၅ - ကြမ်းတမ်းသောတိုက်ပွဲ
အန်တိုနီဒက်စ်၏ ရေခဲဆူးချွန်သည် အမာခံခြေလျင်တပ်သားများအား တိုက်ခိုက်ရာတွင် ထိရောက်မှုမရှိသော်လည်း ခိုင်ခံ့သောချပ်ဝတ်တန်ဆာများက်ို မဝတ်ဆင်ထားသည့် ခြေလျင်တပ်သားများအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။မကြာခင်မှာဘဲ ရွှေရောင်အလင်းတန်းတစ်ခုသည် အန်တိုနီဒက်စ်၏ခန္ဓာကိုယ်အား ဝန်းရံလာခဲ့ပြီး အန်တိုနီဒက်စ်သည် အဆင့်၈သို့ရောက်ရှိသွားခဲ့သည်။
"ကောင်းတယ်ဟေ့..."
ရှောင်ယုသည် အသစ်ရရှိလာသော ကျွမ်းကျင်မှတ်အား အန်တိုနီဒက်စ်၏ ရေခဲအကာအရံအား အဆင့်၃သို့မြင့်တင်လိုက်ကာ အဆင့်အမြင့်ဆုံးအခြေအနေသို့ရောက်ရှိစေခဲ့သည်။ဤတိုက်ပွဲတွင် အန်တိုနီဒက်စ်၏ အဓိကအခန်းကဏ္ဍမှာ ရန်သူများ၏အသက်ကို တတ်နိုင်သလောက်နှုတ်ယူနေချိန်၌ မိမိ၏အသက်ကိုကာကွယ်ရန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီသည် ဒိုင်းအကာအကွယ်ကိုယူကာ မြို့အဝင်တံခါးအား ဖြတ်ကျော်ဝင်ရောက်လိုသည့် စစ်သား၂ယောက်၏ အသက်ကိုနှုတ်ယူလိုက်သည်။
"ရိုင်ဖယ်တပ်သားတွေရဲ့ ပထမအုပ်စု...လောင်မြိုက်မြှားတံရဲ့ဦးတည်ရာကိုပဲ အာရုံစိုက်ပြီးပစ်ခတ်ကြ..."
တိုင်ရန်ဒီ၏လောင်မြိုက်မြှားတံသည် ရန်သူအမာခံခြေလျင်တပ်သားများ၏ အကာအကွယ်ဖြင့် ရှေ့တိုးလာသည့်မှော်ဆရာကို ဦးတည်ပစ်ခတ်နေ၍ ရှောင်ယုသည် အမိန့်ထုတ်ပြန်လိုက်သည်။
ရှောင်ယုသည် တိုင်ရန်ဒီအား ရန်သူသာမန်စစ်သားများကို သတ်ဖြတ်ခြင်းမပြုရန် အမိန့်ပေးထားခဲ့သည်။ထို့ကြောင့် တိုင်ရန်ဒီသည် လင်းယုန်မျက်လုံးကျွမ်းကျင်မှုကို အသုံးပြု၍ ရန်သူမှော်ဆရာများ၏ တည်နေရာကိုရှာဖွေခဲ့သည်။နောက်ပိုင်းတွင် တိုင်ရန်ဒီသည် လောင်မြိုက်မြှားတံက်ိုအသုံးပြုကာ မှော်ဆရာကိုကာကွယ်ထားသည့် အမာခံခြေလျင်တပ်သားများကို စတင်ပစ်ခတ်ခဲ့သည်။ရိုင်ဖယ်သမားများသည် မီးလောင်နေသောမြှားတံ၏ အကျိုးသက်ရောက်မှုကြောင့် သူတို့၏ပစ်မှတ်သည် မည်သည့်နေရာ၌ရှိနေကြောင်း သိရှိလိုက်ကြသည်။
ထို့ပြင် တိုင်ရန်ဒီထံ၌ ရန်သူစစ်သားများကိုတတ်နိုင်သလောက် သတ်ဖြတ်ရန်တာဝန်တစ်ခုရှိနေသေးသည်။သူမ၏ပစ်ခတ်မှုသည် အလွန်တိကျသောကြောင့် ရန်သူစစ်သားများအတွင်းပုန်းအောင်းနေသည့် သူရဲကောင်းများကို မလွဲတမ်းပစ်ခတ်သတ်ဖြတ်ကာ ရန်သူအားကြောက်လန့်စေခဲ့သည်။
အောစ့်စစ်သည်များသည် သန်မာသော်လည်း သူရဲကောင်းများကို ရင်ဆိုင်ရသောအခါ အလွန်ခက်ခဲသောကြောင့် တိုင်ရန်ဒီ၏ ပစ်ကူကိုရရှိခြင်းသည် သူတို့အတွက် အလွန်အထောက်အကူပြုပေသည်။ရှောင်ယုကိုယ်တိုင်ကလည်း သူရဲကောင်းများကို တိုက်ခိုက်နိုင်ရန်အတွက် အောစ့်စစ်သည်များကို နည်းလမ်းတစ်ခုသင်ကြားပေးထားခဲ့သည်။
အောစ့်စစ်သည် ၅ယောက်ခန့်သည် သူရဲကောင်းတစ်ဦးကို ဝိုင်းရံတိုက်ခိုက်ရမည်ဖြစ်ပြီး သူတို့၏ဧရာမပုဆိန်များသည် သူရဲကောင်း၏ခန္ဓာကိုယ်ပေါ်သို့ အစဉ်အမြဲကျရောက်နေရမည်ဖြစ်သည်။ထိုသို့တိုက်ခိုက်ခြင်းဖြင့် ရန်သူဘက်မှသူရဲကောင်းသည် တိုက်ခိုက်ခွင့်ရရှိမှာမဟုတ်ဘဲ အဆက်မပြတ်ရှောင်တိမ်းနေရမည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ရှောင်တိမ်းနိုင်စွမ်းမရှိတော့မှာဖြစ်သည်။ရှောင်ယုသည် သူ၏ယခင်ဘဝ၌ ရန်သူ့သူရဲကောင်းများကိုသတ်ဖြတ်ရန် ထိုလွယ်ကူသောနည်းဗျူဟာကိုသာ အသုံးပြုခဲ့သည်။သူရဲကောင်းများသည် သာမန်စစ်သည်များထက် အင်အားကြီးမားသော်လည်း ဧရာမပုဆိန်ကြီး၅လက်ဖြင့် အဆက်မပြတ်တိုက်ခိုက်ခံရမည်ဆိုပါက ဇာတ်သိမ်းလှမည်မဟုတ်ပေ။
အောစ့်များသည် စနစ်တကျလေ့ကျင့်ထားသည့် ကျွမ်းကျင်နည်းစနစ်များအား မပိုင်ဆိုင်ထားသော်လည်း သူတို့၏ပေါက်ကွဲထွက်ပေါ်လာသော ခွန်အားများက သူရဲကောင်းကျွမ်းကျင်သူများကို သတ်ဖြတ်ရန်လုံလောက်ပေသည်။တစ်ဖက်တွင် သူရဲကောင်းကျွမ်းကျင်သူများသည် အောစ့်စစ်သည်များမပိုင်ဆ်ိုင်သည့် ထူးဆန်းသောတိုက်ခိုက်ရေးနည်းစနစ်များနှင့် သူတို့နှင့်လိုက်ဖက်ညီသည့် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားကြသည်။
ဤကမ္ဘာရှိ အထွတ်အထိပ်အဆင့်ပထမအဆင့် သူရဲကောင်းသည် ဂိမ်းစနစ်မှသတ်မှတ်ပေးထားသည့် အဆင့်၉သူရဲကောင်းနှင့်တူညီပြီး အဆင့်၁၀သူရဲကောင်းများသည် ဤကမ္ဘာရှိဒုတိယအဆင့်သူရဲကောင်းတစ်ယောက်နှင့် တူညီပေသည်။ဂရင်းသည် အဆင့်၉၌ရှိစဉ်က သူ၏ကျွမ်းကျင်သောဓားနည်းစနစ်များနှင့် သန်မာသောခွန်အားကိုအမှီပြု၍ ဒုတိယယအဆင့်သူရဲကောင်းတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
ဘန်း...ဘန်း...
ထိုအချိန်တွင် ကျည်ဆန်များသည် လေထုကိုထိုးခွင်း၍ မှော်ဆရာကိုကာကွယ်နေသော အမာခံခြေလျင်တပ်သားများ၏ ဒိုင်းကိုထိမှန်လာခဲ့သည်။
ဘန်း...
ထိုအခိုက်အတန့်တွင် တိုင်ရန်ဒီသည် လောင်မြှိက်မြှားတံအား ထပ်မံပစ်လွှတ်လိုက်ရာ မှော်ဆရာ၏ရှေ့တွင် အကာအကွယ်ပေးထားသည့် စစ်သားနှစ်ယောက်ကို လဲကျသွားစေခဲ့ပြီး ကြီးမားသောဟာကွက်တစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။လူပုရိုင်ဖယ်သမားများသည် ဟာကွက်ကိုတွေ့မြင်လိုက်သည်နှင့် လက်လွတ်မခံဘဲ ပစ်ခတ်လိုက်ရာ ကျည်ဆန်များသည် အကာအကွယ်ကင်းမဲ့နေသည့် မှော်ဆရာအားထိမှန်သွားခဲ့သည်။
မှော်ဆရာများသည် သူတို့၏ခန္ဓာကိုယ်အား မှော်စွမ်းအင်ဖြင့်ကာကွယ်ပေးထားသည့် မှော်ဒိုင်းဖြင့်ကာကွယ်ထားသော်လည်း ထိုမှော်ဒိုင်းသည် ရိုင်ဖယ်သမားများ၏ ပြင်းထန်သောပစ်ခတ်မှုကို မခံနိုင်ခဲ့ပေ။
ရိုင်ဖယ်သမား ၁၀၀သည် ရှောင်ယု၏အမိန့်ကိုနာခံ၍ ရန်သူဘက်မှ မှော်ဆရာများကို သတ်ဖြတ်ရန်အချိန်ပြည့်ပစ်ခတ်နေကြသည်။
...
ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် မရေမတွက်နိုင်သော ခြေလျင်တပ်သားများနှင့် အသက်ရှင်နေသေးသည့် အမာခံခြေလျင်တပ်သားများသည် မြို့ဂိတ်တံခါးထံရောက်ရှိလာကြသည်။ယခုတစ်ကြိမ်တွင် သူတို့သည် မည်သည့်ဖွဲ့စည်းပုံကိုမှ မပြုလုပ်တော့ဘဲ သူတို့အလိုရှိရာ ဘုန်းကျက်သရေ ၊တန်ခိုးအာဏာနှင့် မိန်းမလှများအကြောင်းကိုသာ စိတ်ထဲတွေး၍အစွမ်းကုန်တိုက်ခိုက်ကြတော့သည်။
ယခင်ကျရှံးမှုမှတဆင့် ဖွဲ့စည်းပုံပြင်ဆင်၍ ခြင်္သေ့မြို့အားထိုးစစ်ဆင်ခြင်းသည် အသုံးမဝင်ကြောင်း တပ်မှုးများနားလည်သွားခဲ့ရာ ယခုတစ်ကြိမ်တွင် တပ်သားများအား ကြုံသလိုထိုးစစ်ဆင်စေခဲ့သည်။ကာရီ၏တပ်မှုးများသည် တုံးအနေခြင်းမရှိပေရာ ယခုလိုကျပန်းခွဲထုတ်၍ ကြုံသလိုတိုက်ခိုက်စေခြင်းသည် လမင်းပစ်ခတ်သူများကြောင့် ဖြစ်ပေါ်လာသည့် သေကြေပျက်စီးမှုက်ို အနည်းဆုံးပမာဏထိ လျော့ချပေးမှာဖြစ်ကြောင်း သိရှိထားသောကြောင့်
ရွှီးးး... ရွှီးးး... ရွှီးးး...
ပထမဆုံး လမင်းပစ်ခတ်သူ ၂ခုသည် ဓားစက်ဝိုင်းများကို စတင်ပစ်ခတ်လိုက်ရာ ဂိတ်တံခါးဝအား ဖြတ်ကျော်ရန်ကြိုးစားနေသော ဒါဇင်နှင့်ချီသည့် စစ်သားများသည် ကိုယ်တစ်ပိုင်းပြတ်ကာ သေဆုံးသွားခဲ့ကြသည်။သာမန်ခြေလျင်တပ်သားများသည် အမာခံခြေလျင်တပ်သားများနှင့် နှိုင်းယှဉ်ပါက လမင်းပစ်ခတ်သူများအတွက် ပိုမိုလွယ်ကူသောပစ်မှတ်များဖြစ်ခဲ့သည်။
ဓားစက်ဝိုင်းများသည် မီတာ၅၀ အကွာအဝေးအတွင်းရှိ ခြေလျင်တပ်သားများကို သတ်ဖြတ်ခဲ့ကာ မည်သူမှမလွတ်မြောက်ခဲ့ပေ။
အား....
ချက်ချင်းဆိုသလိုပင် ကာရီ၏စစ်သားများသည် နာကျင်စွာအော်ဟစ်လိုက်ကြပြီး သူတို့၏အော်သံများက မြို့တံခါးဝ၌ပဲ့တင်ထပ်သွားခဲ့သည်။ထိုအော်ဟစ်သံများကြောင့် တံခါးအပြင်ဘက်၌ရှိနေသော ကာရီ၏စစ်သားများသည် ထိတ်လန့်ခြောက်ခြားကုန်ကြသည်။တစ်ချိန်တည်းမှာပင် လမင်းပစ်ခတ်သူများ၏ ဒုတိယအသုတ်က စတင်ပစ်ခတ်လာခဲ့သည်။
ရွှီးးး... ရွှီးးး... ရွှီးးး...
နောက်ထပ်တစ်ကြိမ် ဓားစက်ဝိုင်းများက သူတို့၏ပစ်ခတ်မှုစက်ကွင်းအတွင်းရှိနေသော ရန်သူများကို တစ်ဝက်ခန့်လှီးဖြတ်သွားခဲ့သည်။
"စစ်သည်တွေအကုန်လုံး...အဲ့ဒီဓားစက်ဝိုင်းတွေကို ခုန်ကျော်ပြီးတော့ ရှေ့ကိုချီတက်ဖို့ကြိုးစားကြ..."
ခြေလျင်တပ်မှူးက ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်သည်။
အမှန်တွင် လမင်းပစ်ခတ်သူများ၏ ပစ်ခတ်မှုလမ်းကြောင်းသည် မျည်းဖြောင့်အတိုင်းရှိပေသည်။စစ်မြေပြင်တွင် လိုက်လျောညီထွေရှိသော စစ်သည်များကသာ လမင်းပစ်ခတ်သူများမှ ပစ်လွှတ်လိုက်သော ဓားစက်ဝိုင်းများ၏လားရာနှင့် အရှိန်နှုန်းကိုတွက်ဆ၍ အချိန်မှီခုန်ကျော်နိုင်ပါက အသက်အန္တာရယ်မှ လွတ်ကင်းမည်ဖြစ်သည်။
လမင်းပစ်ခတ်သူများသည် အစုအဝေးနှင့်ချီတက်လာသည့် ရန်သူများအား ဆက်ဆံရာတွင် အလွန်ထိရောက်ပေသည်။သို့သော် စစ်သားများသည် တကွဲတပြားချီတက်လာပြီး ဓားစက်ဝိုင်းများကို ခုန်ကျော်သွားပါက သူတို့၏စွမ်းဆောင်ရည်သည် များစွာလျော့ကျသွားမှာဖြစ်သည်။
စစ်သားများသည် သူတို့တပ်မှူး၏အမိန့်ကိုကြားလိုက်ရသည်နှင့် ချက်ချင်းသဘောပေါက်သွားခဲ့ကာ နံရံများကို ခြေထောက်ဖြင့်ထောက်ကန်၍ ခုန်ပျံကျော်လွှားကာ ချီတက်ခဲ့ကြသည်။
ရွှီးးး.. ရွှီးးး...
လမင်းပစ်ခတ်သူများသည် နောက်ထပ်တစ်ကြိမ်ထပ်မံ၍ ဓားစက်ဝိုင်းများကို ပစ်ခတ်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် စစ်သားအများစုသည် ဓားစက်ဝိုင်းများကိုခုန်ကျော်၍ ချီတက်နိုင်ခဲ့သည်။ယခုတစ်ကြိမ်တွင် စစ်သည်အများစုသည် ဓားစက်ဝိုင်းများကိုဖြတ်ကျော်နိုင်ခဲ့သော်လည်း သတိလက်လွတ်ဖြစ်သွားသည့် သူရဲကောင်းတစ်ယောက်သည် ခါးလည်မှနေ၍ နှစ်ပိုင်းပြတ်သွားခဲ့သည်။
ဂါး....
ထိုအချိန်တွင် မြို့တံခါးဝ၏အပေါ်မှ ဖုန်မှုန့်များကျဆင်းလာခဲ့ပြီးနောက် ကျယ်လောင်သောအော်ဟစ်သံက ပဲ့တင်ထပ်လာခဲ့သည်။ထို့နောက် ဂရင်းသည် လေလမ်းလျှောက်ခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်တို့အား အသုံးပြုကာ ရန်သူဘက်မှကျွမ်းကျင်သူတစ်ဦးအား နှစ်ခြမ်းခွဲထည့်လိုက်သည်။
ဂရင်းသည် အဆင့်၁၀သို့ရောက်ရှိနေပြီဖြစ်၍ တိုက်ပွဲစွမ်းအင်ကိုအသုံးပြုနိုင်သော ဒုတိယအဆင့်ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှပေရာ ပထမအဆင့်ကျွမ်းကျင်သူအား သတ်ဖြတ်ရန်အလွန်လွယ်ကူပေသည်။
သို့သော်လည်း ရန်သူဘက်မှစစ်သားများသည် လမင်းပစ်ခတ်သူများထံ အပြေးအလွှားသွားရောက်နိုင်ခဲ့သည်။အောစ့်စစ်သည်များသည် ထိုရန်သူစစ်သည်များကို ဟန့်တားနိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် လမင်းပစ်ခတ်သူများ၏ ပစ်ခတ်မှုမြင်ကွင်းသည် သူ့လူကိုယ်လူရောထွေးနေရာ ဆက်လက်ပစ်ခတ်ရန် အဆင်မပြေတော့ပေ။
ရန်သူတပ်မှုးသည် ထိုအခွင့်အရေးကိုတွေ့မြင်သွား၍ အလျင်အမြန်အမိန့်ပေးလိုက်သည်။
"အထဲကိုမြန်မြန်ဝင်ကြ...လမင်းပစ်ခတ်သူတွေက ခုချိန်မှာဓားစက်ဝိုင်းတွေကို ဆက်ပစ်လို့မရတော့ဘူး"
ရန်သူတပ်မှူး၏အမိန့်ကြောင့် မရေမတွက်နိုင်သောရန်သူစစ်သားများသည် စိတ်ဓာတ်တက်ကြွသွားကာ မြို့ထဲပြေးဝင်လာကြသည်။
သို့သော်လည်း သူတို့သည် လမင်းပစ်ခတ်သူများဆီသို့ ရောက်ရှိခါနီးအချိန်တွင် အောစ့်စစ်သည်များသည် ဓားစက်ဝိုင်းအသစ်များကို ထပ်မံထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။ထိုမြင်ကွင်းကိုတွေ့မြင်သွားသည့် ရန်သူတပ်မှူးသည် နောက်ထပ်အမိန့်တစ်ခုကို အမြန်ထုတ်ပြန်လိုက်သည်။
"မရပ်ကြနဲ့...မင်းတို့သာရှေ့ကပိတ်ဆို့ထားခဲ့ရင် သူတို့ကအသုံးမဝင်ဖြစ်သွားလိမ့်မယ်..."
ထိုခဏအတွင်း မြို့တံခါးဝ၌ စစ်သားများသည် ပုရွက်ဆိတ်များကဲ့သ်ို့ စုအုံသွားခဲ့ကြသည်။ခဏအကြာတွင် မြို့တံခါးဝသည် ရန်သူစစ်သားများနှင့် ပြည့်နှက်သွားခဲ့ကြပြီး ထိုရန်သူစစ်သားများသည် လမင်းပစ်ခတ်သူများကို အသုံးပြုရန်ကြိုးစားနေသော အောစ့်စစ်သည်များအား အနှောင့်အယှက်ပေးရန် ကြိုးစားလာကြသည်။ယခုအချိန်တွင် လမင်းပစ်ခတ်သူများ၏ အခန်းကဏ္ဍသည် အလွန်လျော့ကျသွားသောကြောင့် ၎င်းတို့ကိုနောက်တန်းသို့ပို့ဆောင်၍ ပြန်လည်နေရာချရန် ဂရင်းကအမိန့်ပေးလိုက်ရသည်။
ဂရင်းသည် နောက်ထပ်တစ်ကြိမ် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား လှည့်ပတ်ကာ ရှေ့သ်ို့တိုးလာခဲ့သည်။
အား...အား...
မရေမတွက်နိုင်သော ရန်သူစစ်သားများသည် ဂရင်း၏လက်ချက်ကြောင့် ထက်ဝက်ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။
လေပွေ...
ဤကျွမ်းကျင်မှုသည် ဂရင်းတစ်ယောက် အဆင့်၁၀သို့ရောက်ရှိပြီးနောက်တွင် ရရှိလာသောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ဂရင်းသည် ဤကျွမ်းကျင်မှုကို အဆင့်၁ထိသာတတ်မြောက်ထားသော်လည်း အလွန်အားကောင်းသောစွမ်းအားကိုထုတ်ပြနိင်ခဲ့သည်။ထိုကျွမ်းကျင်မှုသည် အစုလိုက်အပြုံလိုက်တိုက်ခိုက်ရသည့် အနီးကပ်တိုက်ပွဲများတွင် အသင့်တော်ဆုံးတိုက်ကွက်တစ်ခုဖြစ်သည်။
ရှောင်ယုသည် နောင်တစ်ချိန်ဂရင်းအဆင့်မြင့်လာချိန်၌ ဓားသွားမုန်တိုင်း ကျွမ်းကျင်မှုအား သင်ယူနိုင်ရန် မျှော်လင့်နေခဲ့သည်။ဓားသွားမုန်တိုင်းသည် ယခုမြင်တွေ့နေရသော လေပွေထက် အဆပေါင်းများစွာပိုမ်ိုအားကောင်းပြီး ဂရင်းသာထိုကျွမ်းကျင်မှုအား သင်ယူလိုက်နိုင်ပါက စစ်မြေပြင်အား အလွယ်တကူလွမ်းမိုးနိုင်မှာဖြစ်သည်။
ထို့ပြင် ဂရင်းသည် အဆင့်၁ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည့်အတွက်ကြောင့် ရန်သူများ၏တိုက်ခိုက်မှုသည် သူ့အားပြသနာမဖြစ်စေခဲ့ပေ။ဂရင်းသည် သိုးအုပ်အတွင်းသို့ဝင်ရောက်လာသည့် ကျားတစ်ကောင်ပမာ ရပ်တန့်၍မရနိုင်ခဲ့ပေ။
လမင်းပစ်ခတ်သူများသည် သူတို့၏အကျိုးသက်ရောက်မှုကို ဆုံးရှံးသွားခဲ့ကြောင်း ရှောင်ယုတွေ့မြင်လိုက်ရာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"ရန်သူတွေကို မြို့တံခါးကနေတွန်းထုတ်လိုက်... ခံစစ်စည်းကိုနောက်နည်းနည်းဆုတ်ပြီး လမင်းပစ်ခတ်သူတွေကို အသင့်ပြင်ထားကြ"
ပထမတိုက်ခိုက်မှုအပြီးတွင် အောစ့်စစ်သည်များကို မြို့တွင်း၌အခိုင်အမာ ခံစစ်ရယူပြီး ရန်သူများအားခုခံခဲ့ရာ ဖိအားများစွာကိုခံစားခဲ့ရသည်။သို့ဖြစ်ရာ ရှောင်ယုသည် သူ၏နည်းဗျူဟာကိုပြောင်းလဲခဲ့ပြီး ရန်သူများအား မြို့တံခါးအပြင်သို့တွန်းပို့ရန်ဆုံးဖြတ်လိုက်သည်။
ဂရင်းသည် ရှောင်ယု၏အမိန့်ကိုလက်ခံရရှိသည်နှင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အောစ့်စစ်သည်များသည် သူ့နောက်သို့ကပ်လိုက်လာခဲ့သည်။တစ်ချိန်တည်းမှာပင် အောစ့်စစ်သည်များသည် စိတ်ရိုင်းဝင်ခြင်းကို အသက်သွင်းလိုက်ရာ သူတို့၏မျက်လုံးများသည် နီရဲလာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
Thank For Reading.