← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း ၅၅ - မဟာဗျူဟာမြောက်နှောင့်ယှက်မှုများ

ဝိုင်းစက်သောလပြည့်ဝန်းသည် ကောင်းကင်ပေါ်၌ တွဲလျောင်းကျနေပြီး ငွေရောင်အလင်းတန်းများက မြေကြီးပေါ်ဖျန်းပက်လျက်ရှိသည်။ထိုအချိန်တွင် ရှောင်ယုသည် ကာရီ၏နယ်မြေတွင် နေထိုင်သောအရပ်သားများကို နှောင့်ယှက်ရန်အတွက် မရဏမြင်းသည်တော်အားသက်စ်နှင့်အတူ ဖုတ်ကောင်များ အရိပ်တစ္ဆေများကိုဦးဆောင်၍ ကာရီ၏နယ်မြေသို့ရောက်ရှိလာခဲ့သည်။

ကာရီ၏နယ်မြေသည် ရှောင်ယု၏နယ်မြေနှင့်အနည်းငယ်ဝေးကွာသည့်အတွက်ကြောင့် ရှောင်ယုသည် ခရီးအဆုံးသို့ရောက်ရန် တစ်ရက်အချိန်ယူခဲ့ရသည်။ထို့ပြင် ရှောင်ယုသည် သူ၏အစီအစဉ်အားစတင်ရန်အတွက် ညနက်သည်အထိစောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ကာရီ၏ဖခင်နယ်မြေရှိ ဖွံဖြိုးတိုးတက်မှုများနှင့်အခြေခံအဆောက်အဦးများသည် ရှောင်ယု၏နယ်မြေထက် များစွာကြီးပွားတိုးတက်လျက်ရှိသည်။ရှောင်ယု၏နယ်မြေတွင် မြို့ဟူ၍ ခြင်္သေ့မြို့တစ်ခုသာရှိသော်လည်း ကာရီ၏ဖခင်နယ်မြေတွင် ကာရီ၏ဖခင်သည် သူ၏နယ်မြေအနှံ၌ ရာနှင့်ချီသောကျေးရွာများနှင့် မြို့အနည်းငယ်ကိုအောင်မြင်စွာ တည်ထောင်ထားခဲ့သည်။

ရှောင်ယုသည် မြို့များသို့သွားရောက်ကာ ပြသနာရှာရလောက်သည်အထိ ရူးမိုက်ခြင်းမရှိသေးပေ။သူသည် ကျေးရွာများတွင်အခြေချနေထိုင်သူများကိုသာ ဦးစားပေးနှောင့်ယှက်ရန်စီစဉ်ထားခဲ့သည်။ကာရီ၏နယ်မြေတွင် မြို့များနှင့်အနီးတဝိုက်၌ ဒါဇင်နှင့်ချီသောရွာငယ်လေးများရှိကြသည်။အကယ်၍ ထိုရွာများမှနေထိုင်သူများကို သူ၏နယ်မြေထံသို့ အလုံးအရင်းဖြင့်ရွေ့ပြောင်းနေထိုင်စေနိုင်ပါက ထိုအရာသည် ရှောင်ယုအတွက် ကြီးမားသောအောင်မြင်မှုဖြစ်လာမှာဖြစ်သည်။

ထို့ပြင် သူ၏အစီအစဉ်ပိုမိုအောင်မြင်စေရန်အတွက် ရှောင်ယုသည်သူတို့လမ်းတွင် မတော်တဆတွေ့ဆုံခဲ့သော ရန်သူစစ်သားအနည်းငယ်အား သတ်ဖြတ်ခဲ့သည်။မည်သို့ပင်ဆိုစေ ရှောင်ယုသည် အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်မှုကိုရှောင်ရှားရန် ဖုတ်ကောင်များနှင့်အရိပ်တစ္ဆေများကို အမိန့်ပေးခဲ့သည်။

...

...

ညအချိန်ရောက်ရှိလာ၌ အရေအတွက်၁၀၀ခန့်ရှိသော ရွာငယ်လေးသည် အိပ်စက်အနားယူရန်ပြင်ဆင်နေခဲ့သည်။ရွာနေလူထုအများစုမှာ လယ်သမားများဖြစ်ကြပြီး နေ့ခင်းအချိန်တွင် ပင်ပန်းစွာအလုပ်လုပ်ကိုင်ခဲ့ကြ၍ ညဘက်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တတ်ကြသည်။ရံဖန်ရံခါတွင် ကျေးရွာအတွင်းမှ ခွေးဟောင်သံများနှင့် သားရဲအော်ဟစ်သံများကိုကြားရတတ်သည်။

"အရိပ်တစ္ဆေတွေကို စလှုပ်ရှားခိုင်းတော့"

ရှောင်ယုသည် ဖုတ်ကောင်များနှင့် အရိပ်တစ္ဆေများကို အမိန့်ပေးလိုက်သည်။

ခရက်...ခရက်...

အရိပ်တစ္ဆေများသည် လူသားများ၏အသံကိုတုပနေစဉ် ဖုတ်ကောင်များက ကြောက်လန့်ထိတ်လန့်ဖွယ်ကောင်းသည့် ကမ္ဘာခြားမှဖြစ်ဟန်ရသော အသံများကိုထုတ်လွှတ်လာခဲ့သည်။

"ကာရီ....ကာရီ....ငါတို့ရဲ့အသက်ကိုပြန်ပေး..."

ရှောင်ယုသည် အရိပ်တစ္ဆေများအား လူသားများကဲ့သို့ အသံထွက်တတ်စေအောင် သင်ယူရန်အမိန့်ပေးခဲ့သည်။ထို့ကြောင့် သူတို့သည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသည့် လူသားအသံများအား တုပပြောဆိုနိုင်ခဲ့သည်။

ထိုအရာမှာ ရှောင်ယု၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်။ကာရီ၏ဖခင်နယ်မြေသည် သရဲများ ၊ နတ်ဆိုးများကိုဆွဲဆောင်နေကြောင်း နယ်မြေခံလူထုသိရှိလာစေရန်အတွက် ရှောင်ယုက လှည့်ဖျားရန်အစီအစဉ်များချမှတ်လာခြင်းဖြစ်သည်။အဆုံးသတ်တွင် ကာရီ၏ဖခင်သည် ကာရီအားခေါင်းဖြတ်သတ်ရန် သို့မဟုတ် နယ်မြေခံလူထုကျေနပ်စေမယ့် အခြားနည်းလမ်းများကိုရှာဖွေရန် ရှောင်ယုကတွန်းအားပေးမှာဖြစ်သည်။ကာရီ၏ဖခင်သည် မည်သည့်ရွေးချယ်မှုကိုပင်ပြုလုပ်ပါစေ မည်သည့်ရွေးချယ်မှုကမှ ကာရီအားကောင်းမွန်သောအခြေအနေသို့ ရောက်ရှိစေမှာမဟုတ်ပေ။

အရိပ်တစ္ဆေများသည် ပုံမှန်အားဖြင့်ဆိုလျှင် စကားပြောဆိုနိုင်စွမ်းမရှိသော်လည်း ၎င်းတို့သည် လူသားများအဖြစ်ပြောင်းလဲနေချိန်တွင် လူသားများ၏အသံကိုတုပနိုင်ပေသည်။ရှောင်ယုသည် သူတို့အားကိုယ်ပျောက်ပုံစံကို အသုံးပြုစေခဲ့ကာ လူနေအိမ်များ၏ပြတင်းပေါက်နားတွင် ကြောက်စရာကောင်းသည့်အသံများကို ထုတ်ဖော်ရန်စေခိုင်းခဲ့သည်။

"ကာရီ...မင်းကမရမေတွက်နိုင်တဲ့ မိန်းကလေးငယ်တွေကို ဖျက်ဆီးပြီး လက်စဖျောက်ခဲ့တယ်...သူတို့အတွက်တရားမျှတမှုကို ရှာဖွေဖို့ငါတို့ရောက်လာခဲ့ပြီ"

ရှောင်ယုသည် အရိပ်များ၏စကားကိုနားထောင်ရင်း ပြုံးနေခဲ့သည်။

အရိပ်တစ္ဆေများသည် ကာရီအပြင် သူ၏အစ်ကိုဖြစ်သူများနှင့် ကာရီ၏အဖေကိုပင် မမှန်မကန်စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။

"ကာရီ...မင်းက ၁၃နှစ်သမီးအယောက်၅၀၀ကျော်က်ို မုဒိန်းကျင့်ပြီး လက်စဖျောက်ပစ်ခဲ့တယ်...ဒီလုပ်ရပ်ကိုဖုံးကွယ်ဖို့အတွက် မင်းရဲ့သူငယ်ချင်းတွေကိုတောင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်"

"ကာရီ...မင်းရဲ့ခေါင်းအတွက် ငါဒီမှာရောက်နေပြီ"

"မင်းမသေသေးသရွေ့....မင်းနယ်မြေမှာရှိတဲ့သူတွေအကုန်လုံး ဒုက္ခရောက်စေရမယ်....ကာရီ..."

"မင်းကိုသတ်ပြီး ငါတို့အတွက်လက်စားချေပေးဖို့ မရဏမြင်းသည်တော်က ငရဲကတက်လာခဲ့ပြီ...မရဏမြင်းသည်တော်က မင်းသတ်ဖြတ်ခဲ့သူတိုင်းအတွက် အသက်တစ်သက်ချင်းစီကို ပြန်ယူလိမ့်မယ်"

တစ်ချိန်တည်းမှာပင် အားသက်စ်သည် သူ၏မြင်းကိုစီးနင်းကာ ရွာထဲသို့လှည့်ပတ်သွားလာနေခဲ့သည်။အားသက်စ်၏ မြင်းဖြစ်သော မရဏစွပ်စွဲသူ၏ အော်ဟစ်သံများနှင့်ခွာသံများသည် တိတ်ဆိတ်နေသောရွာငယ်လေး၌ ပဲ့တင်ထပ်နေခဲ့သည်။လူများသည် ပြတင်းပေါက်မှနေ၍ ကြောက်လန့်တကြားချောင်းကြည့်မိလျင် မီးတောက်နေသောမြင်းတစ်ကောင်နှင့် မရဏမြင်းသည်တော်အားသက်စ်ကို တွေ့မြင်မိမှာဖြစ်ပြီး ကြောက်လန့်တကြားဖြင့် ကုတင်ပေါ်ပြန်ပြီးပြေးတက်မိကြမှာဖြစ်သည်။

ရှောင်ယုသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လေထုအခြေအနေအား ဆက်လက်ဖန်တီးရန်အတွက် ဖုတ်ကောင်များအား ရွာထဲရှိကြက်များ ၊ခွေးများကို သတ်ဖြတ်ရန်ညွန်ကြားခဲ့သည်။

"ကာရီ...မင်းသတ်ခဲ့တဲ့လူတစ်ယောက်ချင်းစီတိုင်းအတွက် မရဏမြင်းသည်တော်က ငါတို့အတွက်လက်စားချေလိမ့်မယ်"

"ထွက်ပြေးကြ...ဒီကျိန်စာသင့်နေတဲ့နယ်မြေကိုစွန့်ခွာကြ...အဲလိုမှမဟုတ်ရင် မင်းတို့အကုန်အသတ်ခံရလိမ့်မယ်...အား....ငါ့ရဲ့ခေါင်းကိုပြန်ပေး"

အရိပ်တစ္ဆေများသည် ရွာအားလှည့်ပတ်၍ အဆက်မပြတ်အော်ဟစ်နေခဲ့ကြသည်။သူတို့ထဲမှတစ်ယောက်သည် ရွာသားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ အခြားသူများကိုထိတ်လန့်ကြောက်ရွံစေရန် ဖန်တီး၍ထွက်ပြေးသွားခဲ့သည်။

"မရဏမြင်းသည်တော်က ငရဲကနေဆင်းသက်လာခဲ့ပြီ...ဒီညမှာတော့ လူတစ်ယောက်ကိုပဲသတ်ခဲ့တယ်...ဒုတိယညမှာ လူအယောက်၁၀၀ကိုသတ်လိမ့်မယ်....တတိယညမှာတော့ လူတိုင်းသေရလိမ့်မယ်"

ရှောင်ယုသည် တစ်ညအတွင်းမှာပင် စုစုပေါင်းကျေးရွာ၄ခုအား နှောင့်ယှက်ခြောက်လှန့်ခဲ့သည်။ထိုကျေးရွာများရှိလူများသည် ထိတ်လန့်ကြောက်ရွှံနေကြသည့်အတွက် တစ်ညလုံးအိပ်စက်နိုင်ခြင်းမရှိကြပေ။

ရှောင်ယုသည် အရိပ်တစ္ဆေများ ၊ ဖုတ်ကောင်များနှင့် အားသက်စ်တို့အား နေ့အချိန်တွင် ပုန်းအောင်းနိုင်ရန်အတွက် အနီးအနားရှိတောအုပ်အတွင်းများသို့ခေါ်ဆောင်သွားခဲ့ကာ ညအချိန်၌နောက်တစ်ကြိမ်ထပ်မံစတင်ခဲ့သည်။သူသည် နေ့အချိန်တွင် မသေမျိုးသတ္တဝါများအား အများအမြင်၌ မတွေ့မြင်စေလိုခဲ့ပေ။ရှောင်ယုသည် နေ့ခင်းအချိန်များတွင် သူ၏ခြိမ်းခြောက်မှုများ မည်မျှထိရောက်မှုရှိကြောင်း သိရှိစေရန်အတွက် ကျေးရွာများအားစောင့်ကြည့်ခဲ့သည်။ထိုအချိန်တွင် ကျေးရွာမှထွက်ခွာရန် လူစုနေသော လယ်သမားအများအပြားကိုတွေ့ရှိလိုက်ရ၍ ရှောင်ယုသည် အခြေအနေအားမသိရှိဟန်ဖြင့် ထိုလူအုပ်အနားသို့တ်ိုးသွားကာ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ...မင်းတ်ို့အားလုံး ဘယ်ကိုသွားနေကြတာလဲ"

ရှောင်ယုသည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းကုတ်၍မေးခွန်းထုတ်လိုက်သည်။

"မင်းဘာမှမသိပါဘူး...မင်းကိုကြည့်ရတာ ဒီနေရာရဲ့ဒေသခံမဟုတ်လောက်ဘူး...ဒါပေမဲ့မင်းကိုစေတနာနဲ့သတိပေးမယ်...မင်းသာဒီညဒီနေရာကနေ ထွက်မသွားခဲ့ဘူးဆိုရင် ငရဲရဲ့သေမင်းတမန်က ကာရီကိုလက်စားချေဖို့ရောက်လာချိန်မှာ မင်းရဲ့အသက်ကိုနှုတ်ယူသွားလိမ့်မယ်"

ထို့နောက် မေးခွန်းမေးခံရသူသည် ရှောင်ယု၏နောက်ထပ်မေးခွန်းကို မဖြေတော့ဘဲ ရွာမှစတင်ရွေ့ပြောင်းခဲ့သည်။

ရှောင်ယုသည် ရွေ့ပြောင်းရန်အတွက် အလုပ်ရှုပ်နေကြသော ရွာသူရွာသားများကိုကြည့်ကာ ကျေနပ်အားရသောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ဖြစ်ပေါ်လာခဲ့သည်။

...

...

ရှောင်ယုသည် နောက်တစ်နေ့ညတွင် အခြားသောရွာများထံသို့ သွားရောက်နှောင့်ယှက်ခဲ့သည်။ယခုတစ်ကြိမ်တွင် ကင်းလှည့်အဖွဲ့တစ်ခုက ရွာများကိုစောင့်ရှောက်ပေးနေခဲ့သည်။ကာရီ၏ ဖခင်သည် သူ၏နယ်မြေတွင်ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့်ကိစ္စများကိုသတိထားမိ၍ ထိုအခြေအနေအားထောက်လှမ်းစုံစမ်းရန်အတွက် ကင်းလှည့်အဖွဲ့တစ်ခုအား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ထိုကင်းလှည့်တပ်ဖွဲ့သည် လူထု၏ကြောက်ရွှံမှုအား အထိုက်အလျှောက်သက်သာစေခဲ့သည်။

ကင်းလှည့်တပ်ဖွဲ့များသည် သေးငယ်ပြီး တပ်သား၃၀ခန့်ဖြင့်သာ ဖွဲ့စည်းထားကြောင်း ရှောင်ယုတွေ့မြင်လိုက်ရသည်။ထို့ကြောင့် ရှောင်ယုသည် အားသက်စ်ကို ဖုတ်ကောင်များအားဦးဆောင်ကာ ထိုကင်းလှည့်တပ်ဖွဲ့အား တိုက်ခိုက်စေခဲ့သည်။

မရဏမြင်းသည်တော် အားသက်စ်သည် လက်ရှိအချိန်တွင် အဆင့် ၄သို့ရောက်ရှိနေကာ သူ၏ကျွမ်းကျင်မှုများသည် မရဏရစ်ပတ်ခြင်း(အဆင့်၂) ၊ မရဏစာချုပ် (အဆင့်၁)နှင့် မရဏဆင့်ခေါ်ခြင်း(အဆင့်၁)တို့ဖြစ်သည်။

မရဏရစ်ပတ်ခြင်းသည် ရန်သူများကိုသတ်ဖြတ်နိုင်ပြီး တစ်ချိန်တည်းမှာပင် ဖုတ်ကောင်များ၏ဒဏ်ရာများအား ကုသပေးနိုင်သည်။မရဏစာချုပ်ကျွမ်းကျင်မှုသည် အားသက်စ်၏ အသက်စွမ်းအင်ကိုပြန်လည်ရရှိစေကာ မရဏဆင့်ခေါ်ခြင်းအစွမ်းက အခြားကမ္ဘာမှသေဆုံးသွားသူများကို ဖုတ်ကောင်အဖြစ်ပြန်လည်ဆင့်ခေါ်နိုင်ပေသည်။လူများသည် သူတို့ခင်မင်ရင်းနှီးခဲ့သူများကို ဖုတ်ကောင်အဖြစ်ပြန်လည်မြင်တွေ့ရပါက အလွန်ပင်ကြောက်လန့်ထိတ်လန့်သွားကြမှာဖြစ်သည်။

ကင်းလှည့်တပ်သားများသည် အားသက်စ်နှင့်ဖုတ်ကောင်များ၏ ခြုံခိုတိုက်ခိုက်မှုကိုခံလိုက်ရသည်။သူတို့သည် ဒဏ္ဍာရီများ၌သာ ကြားသိဖူးခဲ့သော မသေမျိုးသတ္တဝါများအား တွေ့မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူတို့၏တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားခဲ့ရသည်။ဤကမ္ဘာရှိလူတိုင်းသည် ထိုကဲ့သို့မသေမျိုးသတ္တဝါများအား ရင်ဆိုင်ရပါက ထိတ်လန့်ကြောက်ရွံ့ကြသည်မှာ အစဉ်အလာတစ်ခုလိုဖြစ်နေပြီဖြစ်သည်။

ရှောင်ယုသည် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ပြီးနောက်တွင် သူ၏ကိုယ်ပိုင်အစွမ်းအား မြင့်တင်နိုင်ခဲ့သည်။သူသည် လေလမ်းလျှောက်ခြင်းနှင့် ပြင်းထန်သောခုတ်ပိုင်းချက်ကို ဆက်စပ်အသုံးပြုကာ ရန်သူများ၏အသက်ကို အလွယ်တကူပင်နှုတ်ယူနိုင်ခဲ့သည်။

သူသည် စစ်မြေပြင်၌ စစ်တပ်ကိုဦးစီးရသည့် တပ်မှူးတစ်ဦးဖြစ်သော်လည်း စစ်မြေပြင်၌ မလွဲသာမရှောင်သာ အခြေအနေမျိုးတွင် ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။ထိုသို့သောအခြေအနေမျိုးတွင် သူသည်သွေးကိုမြင်၍ ခြေထောက်များပျော့ခွေနေပါက က်ိုယ်ကျိုးနည်းသွားမှာဖြစ်သည်။

စစ်မှန်သောစစ်မြေပြင်သည်သာ အသက်နှင့်သေခြင်းအကြားဖြတ်သန်း တိုက်ခိုက်လိုသူများအတွက် ပြီးပြည့်စုံသောလေ့ကျင့်ရေးကွင်းပြင်ဖြစ်သည်။ထို့ကြောင့် လက်ရှိအချိန်တွင် ရှောင်ယုသည် အရည်အချင်းပြည့်မှီသော စစ်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း ဂရင်းတို့လို အခြားသောသူရဲကောင်းများနှင့်နှိုင်းယှဉ်ပါက ကလေးတစ်ယောက်သာဖြစ်သည်။

ရှောင်ယုတို့သည် စစ်သည်၂၀ကျော်အား သတ်ဖြတ်ရန်အတွက် ၁၀စက္ကန့်အောက်သာ ကြာမြင့်ခဲ့သည်။ရန်သူတပ်သားများသည် အားသက်စ်၏ မရဏစွပ်စွဲသူကို တွေ့မြင်ချိန်တွင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကာ မနက်ခင်းနှင်းဓားသည်လည်း သူတို့ခုခံနိုင်စွမ်းမရှိသော နတ်ဘုရားဓားတစ်လက်ဖြစ်ခဲ့သည်။

အားသက်စ်၏ မနက်ခင်းနှင်းဓားသည် ဂရင်းအားပထမဆုံးဆင့်ခေါ်စဉ်က သူကိုင်ဆောင်ထားခဲ့သော ဓားစုတ်တစ်လက်မဟုတ်ပေ။အတိအကျပြောရလျှင် မနက်ခင်းနှင်းဓားသည် ပျက်စီးယိုယွင်းမှုဒဏ်ကြောင့် အတိတ်ကသူ၏ဂုဏ်ကျက်သရေကို ပြန်လည်မရရှိသေးပေ။သို့သော် ကံကောင်းထောက်မစွာဖြင့် ရှောင်ယု၏ပန်းပဲသမားများသည် အဆင့်၂သို့ရောက်ရှိသွားခဲ့ရာ မနက်ခင်းနှင်းဓားအား အဆင့်တစ်ခုထိပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်။

ရှောင်ယုသည် သူ၏အစီအစဉ်ပိုမိုထိရောက်စေကာ နယ်မြေလူထုကိုပိုမိုထိတ်လန့်ကြောက်ရွံ့စေရန်အတွက် သေဆုံးသွားသောကင်းလှည့်တပ်သားများ၏ ခန္ဓာကိုယ်ကိုဓားဖြင့်မွန်းကာ သစ်ပင်၌ချည်နှောင်ထားရန် အမိန့်ပေးခဲ့သည်။

...

...

ရက်ပေါင်းများစွာကြာပြီးနောက် ရှောင်ယုသည် ရွာပေါင်းများစွာကို နှောင့်ယှက်ခြိမ်းခြောက်န်ိုင်ခဲ့သည်။ရှောင်ယု၏ခြိမ်းခြောက်မှုကြောင့် လူပေါင်းများစွာသည် ကာရီ၏ဖခင်နယ်မြေမှ အစုလိုက်အပြုံလိုက်ရွေ့ပြောင်းလာကြသည်။ရှောင်ယုသည် ရွေ့ပြောင်းလာသူများကိုဆွဲဆောင်ရန်အတွက် သူ၏နယ်မြေမှလူများကို စေလွှတ်ဆွဲဆောင်ခဲ့ရာ ရွေ့ပြောင်းလာသူအများစုသည် ခြင်္သေ့မြို့၌ အခြေချနေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။

ခြင်္သေ့မြို့သည် ကာရီ၏နယ်မြေနှင့် အနည်းငယ်သာဝေးကွာသည့်အပြင် ခြင်္သေ့မြို့သခင်ရှောင်ယုသည် ကာရီ၏စစ်တပ်အား အနိုင်ယူခဲ့သည့်အတွက် သူ၏ဂုဏ်သတင်းသည် ဤနယ်တစ်ဝိုက်တွင် ထင်ပေါ်ကျော်ကြားနေပြီဖြစ်သည်။ထို့ပြင် ရွေ့ပြောင်းလာသူများသည် သူတို့၏တစ်သက်လုံးနီးပါးကို ရွာ၌ကုန်ဆုံးခဲ့ရာ အနီးအနားရှိနယ်မြေများအကြောင်းကိုမသိရှိခဲ့ကြ၍ ရှောင်ယု၏ဆွဲဆောင်မှုနောက်သို့သာ လိုက်ပါသွားခဲ့ကြသည်။

သို့သော် ရက်အနည်းငယ်ခန့် ဆက်တိုက်နှောင့်ယှက်ခံရသောကြောင့် ကာရီ၏ဖခင်သည် ထိုမသေမျိုးများအား သတ်ဖြတ်ရန်အတွက် မရေမတွက်နိုင်သောစစ်သည်များကို ကင်းလှည့်စေလွှတ်ခဲ့သည်။ထို့ပြင် ကာရီ၏ဖခင်သည် အလင်းဘုရားကျောင်းမှ ပါလာဒင်များနှင့်ယဇ်ပုရောဟိတ်များကို ဖိတ်ခေါ်ရန်အတွက် ဝေမြို့တော်သို့လူများစေလွှတ်ခဲ့ကြောင်း ရှောင်ယုသတင်းရရှိခဲ့သည်။

အလင်းဘုရားကျောင်းသည် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ သူတို့သည်မသေမျိုးသတ္တဝါများကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။

ရှောင်ယုသည် သူ၏အစီအစဉ် တစ်စိတ်တစ်ပိုင်းအောင်မြင်ပြီးနောက် ဝမ်မိသားစုဆီသို့ ခရီးထွက်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ခြင်္သေ့မြို့ဆီပြန်သွားခဲ့ပြီး ဖုတ်ကောင်များနှင့်အရိပ်တစ္ဆေများအား အားသက်စ်၏ ဦးဆောင်မှုအောက်၌ထားရှိခဲ့သည်။

သို့သော်လည်း ရှောင်ယုသည် အားသက်စ်အား တင်းကျပ်သောအမိန့်များကို ချမှတ်ခဲ့ကာ ထိုအမိန့်များအား လုံးဝလိုက်နာရန်ပြောကြားခဲ့သည်။ပထမဆုံးနှင့် အရေးအကြီးဆုံးသောအမိန့်မှာ သူတို့သည်အပစ်မဲ့ပြည်သူများကို လုံးဝမသတ်ဖြတ်မိစေရန်ဖြစ်သည်။သူတို့သည် စစ်သားများကိုတိုက်ခိုက်နိင်သော်လည်း သာမန်ပြည်သူများကိုမူ မည်သည့်အကြောင်းနှင့်မျှ မတိုက်ခိုက်ရပေ။

ဒုတိယအချက်မှာ မည်သည့်အရာကိုမှ အလောတကြီးမပြုလုပ်ရန်ဖြစ်သည်။အားသက်စ်သည် မည်သည့်ရွာကိုမဆို နှောင့်ယှက်ခြိမ်းခြောက်လိုပါက ရှေ့ပြေးအနေဖြင့် အရိပ်တစ္ဆေများအား စေလွှတ်၍ အချက်အလက်များကို စုဆောင်းရမည်ဖြစ်သည်။တတိယအချက်မှာ ထိပ်တိုက်ရင်ဆိုင်မှုများအား တတ်နိုင်သမျှရှောင်တိမ်းရန်ဖြစ်သည်။

အရေးအကြီးဆုံးနှင့်နောက်ဆုံးသောအချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိလာလျှင် အားသက်စ်သည် အရာအားလုံးကိုစွန့်လွှတ်ကာ မိမိ၏အသက်ကိုစောင့်ရှောက်၍ထွက်ပြေးရမည်ဖြစ်သည်။အားသက်စ်၏ သေမင်းစွပ်စွဲသူသည် အလွန်ပင်လျင်မြန်လှသည့်အတွက်ကြောင့် အားသက်စ်သည် ထွက်ပြေးလွတ်မြောက်ရန် မခက်ခဲသင့်ဟု ရှောင်ယုယုံကြည်ပေသည်။

အရာအားလုံးစီစဉ်ပြီးနောက်တွင် ရှောင်ယုသည် ဝမ်မိသားစုနှင့်တွေ့ဆုံမယ့် ခရီးအတွက်စီစဉ်ရန် ခြင်္သေ့မြို့ဆီသို့ အမြန်ဆုံးပြန်သွားခဲ့သည်။

အခန်း ၅၆ - အောစ့်စစ်သည်များ၏ဒဏ္ဍာရီ

ရှောင်ယုသည် ခြင်္သေ့မြို့သို့ အချိန်မှီပြန်လာနိုင်ခဲ့သည်။အိမ်တော်ထိန်းဟောင်သည် ၅ယောက်မြောက်ခယ်မ၏ မိသားစုဝင်များအတွက် လက်ဆောင်များပြင်ဆင်နေခဲ့သည်။တစ်စုံတစ်ယောက်သည် မွေးရပ်မြေသို့အလည်သွားပါက လက်ဗလာနှင့်ပြန်ရန်မသင့်တော်ပေ။အထူးသဖြင့် သူ၏မွေးရပ်ဇာတိရှိ သူငယ်ချင်းများနှင့်ဆွေမျိုးများအတွက် လက်ဆောင်များယူဆောင်သင့်ပေသည်။မှူးမတ်မျိုးနွယ်စုများအကြား အချင်းချင်းလက်ဆောင်ပေးအပ်ခြင်းသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။

ထို့ပြင် စစ်ဝမ်သည် ခြင်္သေ့မြို့၌ ဆင်းဆင်းရဲရဲနေထိုင်ရခြင်းမရှိကြောင်း ဝမ်မိသားစုမှလူများ မခံစားရစေရန် အတတ်နိုင်ဆုံးပြင်ဆင်ရမည်ဖြစ်သည်။အမှန်တော့ ယခုအချိန်တွင် ခြင်္သေ့မြို့သည် ဆင်းရဲမွေတေနေခြင်းမရှိတော့ပေ။ရှောင်ယုသည် လွန်ခဲ့သောလအနည်းငယ်အတွင်း အဖိုးတန်ပစ္စည်းများစွာကို လုယက်နိုင်ခဲ့သည်။

အနောက်မြေရိုင်းဒေသသည် ကြွယ်ဝချမ်းသာသောနယ်မြေမဟုတ်သော်လည်း နယ်စပ်အင်ပါယာဖြစ်သည့် အနောက်တိမ်တိုက်အင်ပါယာသို့ ကုန်သွယ်မှုလမ်းကြောင်းဖွင့်လှစ်ရန် အဓိကအရေးပါသည့်လမ်းကြောင်းဖြစ်သည်။အနောက်မြေရိုင်းဒေသတွင် ဓားပြအုပ်စုများစွာရှိသော်လည်း အမြတ်အစွန်းအတွက် အန္တာရယ်ကိုစွန့်စား၍ ခရီးထွက်နေသည့် ကုန်သည်များစွာရှိခဲ့သည်။

ဓားပြများသည် ထိုကုန်သည်များကိုလုယက်ခဲ့ကြပြီး ရှောင်ယုက ထိုဓားပြများအား တဆင့်ခံလုယက်ခဲ့သည်။

ထိုဓားပြစခန်းများမှ သိမ်းယူလာခဲ့သော အဖိုးတန်ပစ္စည်းများတွင် အိမ်တော်ထိန်းဟောင်ပင် မတွေ့မြင်ဖူးခဲ့သော ရှေးဟောင်းပစ္စည်းများပါဝင်ပြီး အခြားအဖိုးတန်လက်ဝတ်ရတနာများ နှင့်အဖိုးတန်ပစ္စည်းအမြောက်အများပါဝင်သည်။

အနောက်တိမ်တိုက်အင်ပါယာမှ မှူးမတ်များသည် အလွန်ချမ်းသာသော်လည်း သူတို့ထံတွင် တောင်ပိုင်းဒေသမှ ဟင်းခတ်အမွှေးအကြိုင်များနှင့်အခြားသော အဖိုးတန်ပစ္စည်းများ မရှိခဲ့ပေ။ထို့ကြောင့် ကုန်သည်များသည် အမြတ်အစွန်းရရှိရန် အန္တာရယ်ကိုစွန့်စား၍ ကုန်စည်များအား တင်ပို့ရောင်းချခဲ့သည်။ရှောင်ယု၏မရီးများသည် ဓားပြစခန်းမှသိမ်းယူလာသော အဖိုးတန်ပစ္စည်းများကို စာရင်းပြုစု၍ ရှောင်ယုထံသို့တင်ပြရာ ရံဖန်ရံခါဆ်ိုသလ်ို ရှောင်ယုအားတုန်လှုပ်သွားစေမယ့် အဖိုးတန်ပစ္စည်းများပါဝင်ပေသည်။

ယခုအချိန်တွင် ခြင်္သေ့မြို့သည် ယခင်ကနှင့်ယှည်လျင် အဆပေါင်းများစွာ ဖွံဖြိုးတိုးတက်လာပြီဖြစ်ကာ ရှောင်ယု၏မရီးတိုင်းလိုလိုပင် တန်ဖိုးကြီးသော လက်ဝတ်ရတနာများ ၊ ဆွဲကြိုးများကိုဝတ်ဆင်န်ိုင်ကြပြီဖြစ်သည်။ရှောင်ယုသည် သူ၏အခြေစိုက်စခန်းအတွက် ရွှေပြားများကိုသာလိုအပ်သည်အတွက် လက်ဝတ်ရတနားများကို အသုံးပြုလိုပါက ၎င်းတို့အားထုခွဲရောင်းချကာ ရွှေပြားအဖြစ်ပြောင်းလဲရမည်ဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် အလုပ်ရှုပ်မခံတော့ဘဲ ထိုရတနာများအား သူ၏မရီးဖြစ်သူများအား အချိန်တိုင်းလိုလိုပင် ပေးအပ်ပစ်လေ့ရှိသည်။

ထို့ကြောင့် စစ်ဝမ်သည် သူမ၏အိမ်ရှိဆွေမျိုးများအား လက်ဆောင်ပေးရန် အဖိုးတန်ပစ္စည်းများစွာကို ပြင်ဆင်ထားခဲ့သည်။

...

...

ဤအတောအတွင်း အိမ်တော်ထိန်းမိုသည် ရှောင်ယုအား ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ရှောင်ယုသည် ခြင်္သေ့မြို့မှရက်အနည်းငယ်ကြာအောင် ပျောက်ဆုံးနေခဲ့ကြောင်း တွေ့လိုက်ရသည်။ထို့ကြောင့် ရှောင်ယုသည် အခြားတစ်နေရာသို့ လောင်းကစားလုပ်ရန်သွားရောက်နေခြင်းဖြစ်ကြောင်း အိမ်တော်ထိန်းမို ယူဆလိုက်သည်။ဝေ၏မြို့တော်သည် စည်ကားသိုက်မြိုက်သောနေရာတစ်ခုဖြစ်ကာ လောင်းကစားရုံများကြောင့် ကျော်ကြားလေသည်။ရှောင်ယုသည် သူ၏အကျင့်ဆိုးများအတိုင်း ပြုလုပ်ရန်အတွက် ဝေမြို့တော်သို့သွားရောက်ကြောင်း အိမ်တော်ထိန်းမိုက ကောက်ချက်ချလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည် ရက်အနည်းငယ်ကြာထွက်ခွာပြီးနောက် ခြင်္သေ့မြို့သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် ခရီးစတင်မည်ဖြစ်ကြောင်း အိမ်တော်ထိန်းမိုအား အသိပေးလာခဲ့သည်။

...

...

အချိန်၂ရက်ကုန်လွန်သွားပြီးနောက်တွင် အိမ်တော်ထိန်းမိုသည် မနက်စောစော နိုးထလာခဲ့ကာ ဝမ်မိသားစု၏ရထားလုံးကို အသင့်ပြင်ဆင်၍ ထွက်ခွာရန်အသင့်ပြင်ဆင်ခဲ့သည်။သူတို့လူစုသည် ခြင်္သေ့မြို့တံခါးသို့ရောက်ရှိချိန်တွင် ရှောင်ယုနှင့်အခြားသူများက သူ့အားစောင့်ဆိုင်းနေကြောင်း သိလိုက်ရသည်။အခြားရှောင်ယု၏မရီးများက စစ်ဝမ်အားနှုတ်ဆက်စကားဆိုနေကြသည်။

အိမ်တော်ထိန်းမိုသည် ထိုလူစုအားကြည့်ပြီး တိတ်တဆိတ်ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ သူမကဒီစုတ်ပြတ်နေတဲ့နေရာကို ပြန်လာစရာမလိုတော့ဘူး"

"သခင်မလေး...အချိန်မနှောင်းခင် ရထားလုံးပေါ်တက်ခဲ့ပါ"

အိမ်တော်ထိန်းမိုသည် စစ်ဝမ်အားခရီးထွက်ရန် အမြန်နိုးဆော်လိုက်သည်။

စစ်ဝမ်သည် အိမ်ပြန်ခရီးအတွက် မည်သည့်လက်ဆောင်ကိုမှ ပြင်ဆင်ထားခြင်းမရှိသည်ကို တွေ့မြင်လိုက်ရသည့်အတွက် အိမ်တော်ထိန်းမိုသည် အလွန်စိတ်ပျက်သွားကာ ရှောင်ယုအားအပြစ်တင်ရန်ပြင်ဆင်လိုက်သော်လည်း သူ့စိတ်သူထိန်းသိမ်းလိုက်သည်။အဘယ်ကြောင့်ဆိုသော် စစ်ဝမ်သည်ဤစုတ်ပြတ်နေသောနေရာမှ ထွက်ခွာပြီးနောက် နောက်ထပ်တစ်ကြိမ်ပြန်မလာတော့မည်ဖြစ်ရာ သူမအလွန်ကံကောင်းသည်ဟု အိမ်တော်ထိန်းမိုကမှတ်ယူလိုက်သည်။

စစ်ဝမ်သည် ခေါင်းညိတ်ပြလိုက်သော်လည်း သူမသည် အခြားမရီးများ၏လက်ကိုဆုပ်ကိုင်ကာ ထွက်ခွာရန်တွန့်ဆုတ်နေပုံရသည်။

"သခင်မလေး..ကျေးဇူးပြုပြီး"

အိမ်တော်ထိန်းမိုသည် စစ်ဝမ်အားနောက်ထပ်တစ်ကြိမ် တိုက်တွန်းလိုက်သည်။စည်းမျည်းများအရ စစ်ဝမ်သည် ရထားလုံးပေါ်သို့ ဦးစွာတက်ရောက်ရမည်ဖြစ်ကာ အိမ်တော်ထိန်းမိုကနောက်မှလိုက်တက်ရမည်ဖြစ်သည်။အိမ်တော်ထိန်းမိုသည် ထိုစည်းကမ်းအား အတိအကျလ်ိုက်နာရန် ဆုံးဖြတ်ထားသည်။

"ငါးယောက်မြောက်သခင်မလေးအတွက် ရထားလုံးက်ိုထုတ်လာခဲ့..."

တစ်ချိန်တည်းမှာပင် အိမ်တော်ထိန်းဟောင်က န်ိုးဆော်တိုက်တွန်းလိုက်သည်။

သူတို့သည် ခြင်္သေ့မြို့မှစီစဉ်ပေးသော ရထားလုံးဖြင့် ခရီးဆက်ရန်မမျှော်လင့်ထားသောကြောင့် အိမ်တော်ထိန်းမို၏ မျက်ခုံးများတွန့်ကွေးသွားရသည်။ထို့ကြောင့် အိမ်တော်ထိန်းမိုသည် ဆက်လက်ယဉ်ကျေးမနေတော့ပေ။

"သာမန်ရထားလုံးတွေက နှေးကွေးပြီးတော့ လမ်းခရီးကအတော်လေးကြမ်းတမ်းတယ်....ဒါကြောင့်အိမ်အပြန်လမ်းကို မနှောင့်နှေးစေလိုဘူး"

ဝမ်မိသားစုပြင်ဆင်လာသော ရထားလုံးသည် ဇိမ်ခံရထားလုံးတစ်ခုဖြစ်သည်။ထိုရထားလုံးပေါ်၌ လေမှော်အခင်းအကျင်း ၂ခုအားရေးဆွဲထားခဲ့ရာ စီးနင်းသူအားအလွန်သက်တောင့်သက်သာဖြစ်စေမှာဖြစ်သည်။ထို့ပြင် လက်ရွေးစင်မြင်း၂ကောင်က ရထားလုံးက်ိုဆွဲယူမည်ဖြစ်သည့်အတွက် ရထားလုံး၏အရှိန်သည် မြန်ဆန်နေမှာဖြစ်သည်။ဤသို့ဖြင့် ဝမ်မိသားစု၏ရထားလုံးသည် သာမန်မြင်းတပ်သားထက်ပင် ပိုမိုမြန်ဆန်နေမှာဖြစ်သည်။

ထို့ပြင် ရထားလုံးသည် တစ်ချိန်တည်းမှာပင် လူ၇ ဦးမှ ၈ဦးအထိတင်ဆောင်နိုင်လောက်သည်အထိ လုံလုံလောက်လောက်ကျယ်ဝန်းပေသည်။ထို့ကြောင့် အိမ်တော်ထိန်းမိုသည် ခြင်္သေ့မြို့မှနှေးကွေးစုတ်ချာသော ရထားလုံးများဖြင့် ခရီးဆက်ရန်သဘောမတူခြင်းဖြစ်သည်။

အိမ်တော်ထိန်းဟောင်သည် အိမ်တော်ထိန်းမို၏ မကျေနပ်မှုကိုကြည့်ကာ ပြုံးလိုက်မိသည်။

"ငါတို့က မယဉ်ကျေးတာတော့မဟုတ်ပါဘူး...ငါတို့ရဲ့ ၅ယောက်မြောက်သခင်မလေးက ခြင်္သေ့မြို့မှာ နေထိုင်လာတာအတော်လေးကြာမြင့်နေပြီမလို့ တခြားရထားလုံးတွေကို စီးလေ့မရှိတော့ဘူး"

အိမ်တော်ထိန်းဟောင်၏ စကားအဆုံးတွင် ဖုန်မှုန့်များအလိပ်လိပ်ထွက်ပေါ်လာပြီးနောက် ရွှေရောင်များတလက်လက်တောက်ပနေသည့် ဇိမ်ခံရထားကြီးကို ဆွဲခေါ်လာသော မြင်းဖြူ၈ကောင် ထွက်ပေါ်လာခဲ့သည်။

မြင်းများအားလုံးသည် ဖြူဖွေးသောလည်ဆံမွှေးများကို ပိုင်ဆိုင်ကြပြီး သန့်ရှင်းစင်ကြယ်သော ဟန်ပန်ရှိပေသည်။ထိုမြင်း၈ကောင်လုံးသည် အလွန်ရှားပါးသော နှင်းဖြူရောင်နတ်မြင်းများဖြစ်ကြောင်း အိမ်တော်ထိန်းမိုနားလည်လိုက်၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။

နှင်းဖြူရောင်နတ်မြင်းများသည် အဆင့်မြင့် မင်းမျိုးမင်းနွယ်များသာ အသုံးပြုကြသည့် ရှားပါးနတ်မြင်းများဖြစ်ကြသည်။ထိုမြင်းများသည် သန့်ရှင်းစင်ကြယ်သော ဟန်အမူအရာရှိသလို သာမန်မြင်းများထက်လည်း ခေါင်းတစ်လုံးပိုမြင့်ပေသည်။ထိုပြင့် ၎င်းတို့၏အရှိန်နှုန်းသည် အလွန်မြန်ဆန်လှပြီး အမွှေးတစ်မျှင်ကိုပင် ဖမ်းဆုပ်ရန်ခက်ခဲလှပေသည်။ နှင်းဖြူရောင်နတ်မြင်းများသည် အလယ်ပိုင်းလွင်ပြင်ဒေသ၌ပင် ရွှေပြားသောင်းချီပေးဝယ်ရသည့် အဖိုးတန်မြင်းများဖြစ်ကြသည်။ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဧကရာဇ်စီးနင်းသော ရထားလုံးကို လက်ရွေးစင်နှင်းဖြူရောင်နတ်မြင်း ၁၆ကောင်က တာဝန်ယူဆွဲနင်းရသည်။

မင်းညီမင်းသားများနှင့်မြို့စားများသည်ကား သူတို့စီးနင်းသောရထားလုံးကို နှင်းဖြူရောင်နတ်မြင်း ၈ကောင်ဖြင့်ဆွဲယူခွင့်ပြုပေသည်။သာမန်မင်းမျိုးမင်းနွယ်များဆိုလျှင် သူတို့၏ရထားကိုဆွဲယူရန် နတ်မြင်း၈ကောင်ကိုပင် ထားရှိခွင့်မပြုပေ။ယခုအခါ ကောင်းကင်ခြင်္သေ့မင်းဆက်သည် တဖြည်းဖြည်းအားနည်းလာပြီဖြစ်၍ မူးမတ်အများအပြားသာ သူတို့၏ရထားလုံးများကို ဆွဲယူရန်အတွက် နတ်မြင်း၈ကောင်ကို လျှိ့ဝှက်စွာအသုံးပြုကြပြီး အချို့မှာ၁၆ကောင်ထိပင် ဆွဲယူအသုံးပြုကြသည်။

သို့သော်လည်း ရှောင်ယုသည်ကား မြို့စားမင်းတစ်ပါးဖြစ်ကာ သူ၏ရထားလုံးက်ိုဆွဲယူရန်အတွက် နှင်းဖြူရောင်နတ်မြင်း ၈ကောင်ကိုအသုံးပြုခြင်းသည် တရားဝင်ပေသည်။ရှောင်ကျန်းထျန်သည် ကောင်းကင်ခြင်္သေ့မင်းဆက်အား လူရိုင်းများလက်မှ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့သည့် မဟာဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ထို့ကြောင့် ဧကရာဇ်သည် ရှောင်ကျန်းထျန်အား မြို့စားကြီးဘွဲ့က်ိုတရားဝင်အပ်နှင်းခဲ့ကာ နတ်မြင်း၈ကောင် ဆွဲယူသောရထားလုံးကို အသုံးပြုခွင့်ပေးခဲ့သည်။

ရှောင်ကျန်းထျန်နှင့်ရှောင်ယု၏အစ်ကိုများသေဆုံးပြီးနောက် ရှောင်ယုသည် တရားဝင်မြို့စားကြီးဖြစ်လာခဲ့သည်။

ထို့ပြင် နှင်းဖြူရောင်နတ်မြင်း၈ကောင် ဆွဲယူထားသည့်ရထားသည် အလွန်ပင်ဇိမ်ရှိလှပြီး အလွန်ကြီးမားပေသည်။ထိုရထားသည် ဝမ်မိသားစု၏ရထားလုံးထက် ၄ဆ ၅ဆခန့်ပိုမိုကြီးမားပေသည်။ရထား၏အပြင်ဘက်တွင် ထွင်းထုထားသည့် ကနုတ်လက်ရာများသည် အလွန်ပင်လှပလာကာ ခရီးသွားရထားလုံးထက် အဖိုးတန်အနုပညာလက်ရာတစ်ခုနှင့်တူညီပေသည်။

သာမန်အားဖြင့်ဆိုလျှင် လေမှော်အခင်းအကျင်း၂ခုရေးဆွဲထားသော ရထားလုံး ၁စီးအားတွေ့ရှိရန် အလွန်ရှားပါပေသည်။အဘယ်ကြောင့်ဆိုသော် မှော်ဆရာများကိုယ်တိုင်က ရှားပါးလှပြီး အဖိုးတန်လှသော မှော်အခင်းအကျင်းတစ်ခုအား ရထားလုံးပေါ်ရေးဆွဲခြင်းလုပ်ငန်းစဉ်သည် အလွန်ရှုပ်ထွေးကာ ကုန်ကျစရိတ်များပြား၍ဖြစ်သည်။

သို့သော် ရှောင်ယု၏ရထားလုံး၌ မှော်အခင်းအကျင်း ၈ခုပါရှိပြီး ရထားဘီး၈ဘီးထိပါရှိသလို ရထားလုံးအားအခန်းနှစ်ခုအဖြစ်ပင် ခွဲထားခဲ့သည်။ပထမအခန်းသည် ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုရန်ရည်ရွယ်ထားကာ ဒုတိယအခန်းသည် ရထားစီးနင်းသူများအနားယူရန် ရည်ရွယ်ထားသည်။

အိမ်တော်ထိန်းမိုသည် ရထားလုံးက်ိုကြည့်ပြီး အံ့သြမှင်သက်သွားခဲ့သည်။သူတို့၏အမြင်တွင် ခြင်္သေ့မြို့သည်ဆုတ်ယုတ် ကျဆင်းနေပြီဖြစ်ရာ ယခုလိုဇိမ်ခံရထားမျိုးရှိနေရန် မမျှော်လင့်ထားပေ။ဤကဲ့သို့ ဇိမ်ခံရထားလုံးမျိုးသည် ရွှေပြားသန်းချီတန်သော အဖိုးတန်ရတနာဖြစ်သည်။

ဝမ်မိသားစု၏ အကောင်းဆုံးဟူသော ရထားလုံးများသည်ပင် နတ်မြင်း၄ကောင်သာ ဆွဲယူခွင့်ရှိပြီး ထိုရထားလုံးများသည် ယခုမြင်တွေ့နေရသော ရထားလုံးအားမယှဉ်ပြိုင်နိုင်ပေ။

ခြင်္သေ့မြို့မှာ ဒီလိုဇိမ်ခံရထားလုံးတွေ ဘယ်တုန်းကပိုင်ဆိုင်သွားတာလဲ...

ရှောင်ယုသည် ဤရထားလုံးအား ဓားပြများထံမှလုယက်လာခြင်းဖြစ်ကြောင်း အိမ်တော်ထိန်းဟောင် မည်သည့်အခါမှတွေးမိမှာမဟုတ်ပေ။အဆုံးသတ်တွင် ထိုကဲ့သို့ဓားပြအဖွဲ့များသည် အင်အားကြီးမားလှပေသည်။

ရှောင်ယုသည် ဓားပြများထံမှ ဤရထားလုံးကိုလုယူခဲ့ချိန်တွင် နှင်းဖြူရောင်နတ်မြင်း၈ကောင် မပါလာခဲ့ပေ။သို့သော် အနောက်တိမ်တိုက်အင်ပါယာသို့ ကုန်တင်ပို့သည့်ကုန်သည်များအား လုယက်ခဲ့သောဓားပြများထံမှတဆင့် နှင်းဖြူရောင်နတ်မြင်းများကို ရှောင်ယုရရှိခဲ့သည်။ထိုထဲမှ ၈ကောင်ကို သက်သက်ခွဲထုတ်လိုက်ပြီးနောက်တွင် ရထားလုံးကိုဆွဲယူရန်အတွက် အသင့်ပြင်ဆင်ထားရန် အိမ်တော်ထိန်းဟောင်အား ရှောင်ယုအမိန့်ပေးခဲ့သည်။၎င်းသည် မြို့စားတစ်ယောက်ဖြစ်သော ရှောင်ယုအတွက် သင့်တော်သည့်အမှတ်လက္ခဏာသင်္ကေတဖြစ်ပြီး နှင်းဖြူရောင်နတ်မြင်း၈ကောင်ဆွဲယူသည့် ရထားလုံးက်ိုစီးနင်းရန် ထိုက်တန်ပေသည်။

ခြင်္သေ့မြို့၏အနီးတဝိုက်တွင် ထိုကဲ့သို့မြင်းကောင်းများသည် မည်သည့်အခါကမှ ရှားပါးနေခြင်းမရှိခဲ့ပေ။ဓားပြအုပ်စုများသည် အနောက်တိမ်တိုက်အင်ပါယာသို့ ကုန်စည်များတင်ပို့သော ကုန်သည်များ၏အဖိုးတန်ပစ္စည်းများကို လုယက်ရန်အစဉ်အမြဲကြိုးစားနေခြင်းဖြစ်သည်။

ရှောင်ယု၏ ကိုယ်ပိုင်မြင်းသည်လည်း နှင်းဖြူရောင်နတ်မြင်းဖြစ်သည်။

...

...

အိမ်တော်ထိန်းမိုသည် အံ့အားသင့်သွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ မကောင်းသောအတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။မြို့စားရှောင်ယုသည် နတ်မြင်း၈ကောင်ဆွဲသော ရထားလုံးက်ိုစီးနင်းရန် အရည်အချင်းပြည့်မှီကြောင်း သူသိရှိပေသည်။ရှောင်မိသားစုသည် ဆုတ်ယုတ်နေသော်လည်း မြို့စားတစ်ဦးဖြစ်ရာ အခြားသောမှူးမတ်များသည် ရှောင်ယုအားတွေ့မြင်ပါက အရိုအသေပေးရမည်ဟု ဧကရာဇ်ကိုယ်တိုင်အမိန့်ချမှတ်ထားခဲ့သည်။သို့သော် ထိုစည်းမျည်းများသည် ယခင်ကချမှတ်ထားခြင်းဖြစ်ရာ သူတို့ဝမ်မိသားစုသည် ၄ယောက်မြောက်သခင်မလေးအား အတင်းအကြပ်လက်ထပ်ပေးရန် စီစဉ်ပေးထားမှုအား ထိုကောင်လေးသဘောမတူလျင်တောင်မှ ပြဿနာဖြစ်လာမှာမဟုတ်ပေ။

"ဟမ့်...သူကမြို့စားတစ်ယောက်ဖြစ်နေရင်တောင်မှ ဒီကိစ္စကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး...ငါတို့ဝမ်မိသားစုနယ်မြေမှာ စစ်အင်အား၅၀၀၀၀လောက်ရှိတယ်...ဒါကြောင့်မြို့စားဆိုတာက ခေါင်းစဉ်တစ်ခုသာသာပဲ...ဒီလိုအသေးအမွှားကိစ္စတွေအတွက် စိတ်ပူစရာမလိုဘူးထင်တယ်"

မည်သို့ပင်ဆိုစေ အိမ်တော်ထိန်းမိုသည် ဇိမ်ခံရထားလုံးကိုကြည့်ရင်း သူ၏မျက်လုံးများ၌ မနာလိုဖြစ်မှုများ ၊ အားကျမှုများဖြစ်နေခဲ့သည်။အဆုံးသတ်တွင် ဤရထားသည် အဆင့်အတန်းကိုဖော်ပြသည့် အရာတစ်ခုဖြစ်သည်။လူတိုင်းသည် ဤဇိမ်ခံရထားလုံးအား စီးနင်းရန်အခွင့်အရေးမရှိသလို သူသည်ပင်စီးနင်းရန် အခွင့်အရေးမရှိခဲ့ပေ။

၄ယောက်မြောက်သခင်မလေးသည် အခြားသောရထားလုံးများအား စီးနင်းလေ့မရှိကြောင်း အိမ်တော်ထိန်းဟောင်ကိုယ်တ်ိုင်ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ဝမ်မိသားစု၏ ဇိမ်ခံရထားသည်ကောင်းမွန်သော်လည်း သူရှေ့ရှိဇိမ်ခံရထားလုံးနှင့် နှိုင်းယှည်ပါက ကြောင်တစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်နှိုင်းယှည်နေသလိုဖြစ်နေမှာဖြစ်သည်။

...

...

ထို့နောက် အိမ်အကူ၂ယောက်သည် စစ်ဝမ်အား ရထားလုံး၏ နောက်ခန်းထဲဝင်ရန် ကူညီပေးခဲ့သည်။ရထား၏ရှေ့ခန်းကိုကား ရှောင်ယုအတွက် ရည်ရွယ်ထားပေသည်။

ရှောင်ယုသည် သူ၏ကိုယ်ပိုင်မြင်းဖြင့် ခရီးဆက်နိုင်သော်လည်း သူသည်ဝိုင်သောက်ပြီး ခရီးသွားရသည်ကို ပိုမိုနှစ်သက်ပေသည်။

"အကုန်လုံးအဆင်သင့်ဖြစ်နေပြီဆိုတော့ ခရီးဆက်ရအောင်"

အိမ်တော်ထိန်းမိုသည် ရှောင်ယုကိုကြည့်ပြီး တိုက်တွန်းလိုက်သည်။

ရှောင်ယုသည် အလျင်လိုနေသော အိမ်တော်ထိန်းမိုကိုကြည့်ကာ ပြုံးမိလိုက်သည်။

"ခဏလေးစောင့်ပါအုံး...အိမ်တော်ထိန်းမို...ငါ့အစောင့်တွေကခုထိရောက်မလာသေးဘူး...ငါတို့ရဲ့နယ်မြေမှာ ဓားပြအုပ်စုတွေအများကြီးရှိနေတယ်...ဒါကြောင့်တစ်ယောက်တည်းခရီးသွားရတာထက်စာရင် ငါ့ရဲ့က်ိုယ်ရံတော်တွေနဲ့အတူသွားရတာ ပိုပြီးလုံခြုံတယ်လေ...အထူးသဖြင့် အဲ့ဒီဓားပြပေါက်စတွေက ငါ့ရဲ့၅ယောက်မြောက်မရီးကို အနှောင့်အယှက်ပေးလာမှာ ငါမလိုလားဘူး...ငါ့ရဲ့၅ယောက်မြောက်မရီးရဲ့အလှတရားက ယောက်ျားတွေကိုဆွဲဆောင်နိုင်တယ်ဆိုတာ အိမ်တော်ထိန်းမိုသိပါတယ်"

ရှောင်ယုသည် အိမ်တော်ထိန်းမိုကို လှုံဆော်ပေးရန် ကြိုးစားသည့်စကားလုံးအချို့အား အသုံးပြုခဲ့သည်။

ရှောင်ယု၏စကားကြောင့် အိမ်တော်ထိန်းမိုက စိတ်ပျက်လက်ပျက် ညည်းညူမိလိုက်သည်၊

"ဝမ်မိသားစုက မင်းတို့ရဲ့ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုစနစ်ကိုနားလည်ထားတယ်...အဲဒါကြောင့်ခရီးစဉ်တလျှောက် မင်းတို့ကိုစောင့်ရှောက်ပေးဖို့အတွက် လက်ရွေးစင်မြင်းတပ်သား အယောက် ၁၀၀ကို ငါနဲ့အတူထည့်ပေးလိုက်တယ်...သူတို့ထဲက၅ယောက်က သူရဲကောင်းတွေဖြစ်လို့ ဓားပြတွေက်ိုရင်ဆိုင်ဖို့ ကောင်းကောင်းကြီးလုံလောက်ပါတယ်...ခြင်္သေ့မြို့ဟာ ဒီသူခိုးဓားပြတွေကို ကြောက်ရွံ့နေဖို့မလ်ိုပါဘူး...ဒီခရီးစဉ်မှာ ငါတို့ဝမ်မိသားစုက မင်းတို့နဲ့အတူလိုက်ပါလာမှာကြောင့် မင်းတို့အကုန်လုံခြုံလိမ့်မယ်"

အိမ်တော်ထိန်းမိုသည် ရှောင်ယုအား ရိုးရိုးရှင်းရှင်းပင် အထင်သေးလှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။

ရှောင်ယုသည် အိမ်တော်ထိန်းမိုအားအပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး မည်သည့်စကားမှပြန်မပြောခဲ့ပေ။ထိုအချိန်တွင် သူတို့နှင့်မနီးမဝေးမှ ကျယ်လောင်သောဟိန်းဟောက်သံများ ပဲ့တင်ထပ်လာခဲ့ပြီး မြင်းတပ်သားများ၏ အာရုံကိုဖမ်းစားသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် မြင်းတပ်သားတစ်ယောက်က အံ့သြတကြီးအော်ဟစ်လိုက်သည်။

"အောစ့်တွေ...အောစ့်တွေကဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ...အကုန်လုံးတိုက်ပွဲအတွက် အသင့်ပြင်ကြ"

မြင်းတပ်သားများသည် ကောင်းမွန်စွာလေ့ကျင့်ပေးခံရသော်လည်း အောစ့်ဒါဇင်ပေါင်းများစွာကို တွေ့မြင်လိုက်ရချိန်တွင် အလွန်အံ့သြသွားခဲ့ကြသည်။အေဇာရောဂ့်တိုက်ကြီးတွင် အောစ့်များ၏ဂုဏ်သတင်းကို လူတိုင်းသိရှိထားကြသည်။အောစ့်ဟူသော စကားလုံးသည် ရဲရင့်ခြင်းဟူသော စကားစုနှင့်အဓိပ္ပါယ်တူညီပေသည်။

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ဟန့်တားလ်ိုက်သည်၊

"အကုန်လုံးစိတ်အေးအေးထားကြပါ...သူတို့ကငါ့ရဲ့ကိုယ်ရံတော်တွေပဲ"

"ဘာ...အောစ့်ကိုယ်ရံတော်တွေလား..."

ရှောင်ယု၏စကားကြောင့် မြင်းတပ်သားများသည် အလွန်အံ့သြသွားခဲ့ကြသည်။

အောစ့်ကိုယ်ရံတော်များ....ထိုသို့သောအသုံးအနှုန်းအား သူတို့ကြားဖူးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်သည်။ရှေးယခင်က သြဇာအာဏာအရှိဆုံးသော အရှင်သခင်များသည် ရက်စက်ကြမ်းကြုတ်ကာ ရဲရင့်သောအောစ့်စစ်သည်တော်များအား ထိန်းကျောင်းသင်ပြ၍ သူတို့၏ကိုယ်ရံတော်များအဖြစ်သတ်မှတ်ရန် အရင်းအမြစ်များစွာ အသုံးပြုခဲ့ကြသည်။သူတို့သည် အကြွင်းမဲ့အာဏာစက်၏ အမှတ်သင်္ကေတဖြစ်ကာ နတ်သူငယ်များအား အိမ်မွေးတိရစ္ဆာန်အဖြစ်ထားရှိခြင်းထက် များစွာပိုမိုမြင့်မြတ်ပေသည်။

ရှောင်ယုသည် မကြာသေးမှီက ဤတိုက်ကြီးနှင့်ပတ်သက်သည့် သမိုင်းစာအုပ်များစွာကို ဖတ်ရှုခဲ့သည်။တိုင်ရန်ဒီအား နတ်သူငယ်များ၏ မြင့်မြတ်သောနတ်သမီးအဖြစ် အဘယ်ကြောင့်သတ်မှတ်ခဲ့သည်ကို ရှောင်ယုတစ်ယောက် ယခုထိမသိရှိသေးသော်လည်း တိုက်ကြီး၏သမိုင်းကြောင်းကို များစွာလေ့လာသိရှိခဲ့သည်။

အောစ့်များသည် သူတို့၏နိုင်ငံတော်ပျက်သုန်းပြီးနောက် ချက်ချင်းမျိုးသုဉ်းသွားခြင်းမဟုတ်သော်လည်း သူတို့သည် လူသားများ၏အမဲလိုက်ခြင်းကို ခံခဲ့ရကာ မျိုးသုဉ်းလုနီးပါးအခြေအနေသို့ တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။ယခုအခါ သူတို့သည် လူသားတို့၏မျက်ကွယ်တွင်ရှိသော တောတောင်များ၏အနက်ရှိင်းဆုံးအပိုင်း၌ ပုန်းအောင်းနေထိုင်ကြရသည်။

အောစ့်များသည် ရှေးယခင်ကပင် ရှားပါးသည့်မျိုးနွယ်ဝင်များမဟုတ်ကြပေ။သူတို့သည် လူသားများ၏ဖမ်းဆီးမှုကိုခံရပြီးနောက်တွင် ချက်ချင်းသတ်ဖြတ်ခြင်းမခံရသေးပေ။လူသားများသည် အောစ့်များကို စနစ်တကျလေ့ကျင့်ပေးပြီးနောက် သူတို့၏ရန်သူများ သို့မဟုတ် မျိုးနွယ်တူအောစ့်များကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။

နောက်ပိုင်းတွင် မှူးမတ်များသည် အောစ့်တို့အား သူတို့၏ကိုယ်ရံတော်များအဖြစ် အသုံးပြုရန် စတင်လေ့ကျင့်ပေးခဲ့ကြသည်။ထိုအချိန်မှစ၍ အောစ့်ကိုယ်ရံတော်များသည် အထက်တန်းစားမျိုးနွယ်များအတွက် အမှတ်သင်္ကေတဖြစ်လာခဲ့သည်။

သို့သော်လွန်ခဲ့သော နှစ်ပေါင်း၁၀၀ခန့်မှစတင်၍ အောစ့်အရေအတွက် တဖြည်းဖြည်းဆုတ်ယုတ်လာပြီး လူမြင်ကွင်းမှပျောက်ကွယ်လာခဲ့ကြသည်။

သို့သော် မြို့တော်ကြီးများ၌ သူတို့အား အောစ့်တိုက်ခိုက်ရေးသမားများအဖြစ်လေ့ကျင့်ပေးကာ ပြိုင်ပွဲကွင်းပြင်များ၌ အချင်းချင်းတိုက်ခိုက်ရန်အသုံးပြုခဲ့သည်။

ရှောင်ယုသည် ဝမ်မိသားစုနယ်မြေသို့သွားရောက်ရာတွင် ပြသနာများအား ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရိပ်မိပေသည်။ထို့ကြောင့် ညိနှိုင်းဆွေးနွေးရာတွင် ထိရောက်မှုရှိစေရန်အတွက် သူ၏ဂုဏ်သိက္ခာကိုမြင့်တင်ရန် သမိုင်းမှတ်တမ်းများ၌ရှိခဲ့သော အောစ့်ကိုယ်ရံတော်များကို အသုံးပြုရန်ကြံစည်ခဲ့သည်။ထိုအရာသည် သူ၏ခွန်အားကို သက်သေပြခြင်းလည်းဖြစ်သည်။ရှောင်ယုသည် ဤခရီးစဉ်အတွက် အောစ့်စစ်သည်များအပြင် တိုင်ရန်ဒီ ၊ ဂရင်းနှင့် အန်တိုနီဒက်စ်တို့အားလည်း သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

တိုင်ရန်ဒီအား သူခေါ်ဆောင်လာရသည့်အဓိကအကြောင်းရင်းမှာ နတ်သူငယ်သက်တော်စောင့် တစ်ယောက်၏တည်ရှိမှုသည် အောစ့်ကိုယ်ရံတော်များထက် ပို၍ဆွဲဆောင်မှုရှိနေ၍ဖြစ်သည်။မှူးမတ်များသည် နတ်သူငယ်များအား သီးသန့်အိမ်မွေးတိရစ္ဆာန်များအဖြစ် ထားရှိလိုကြသော်လည်း မြင့်မြတ်သောနတ်သူငယ်များသည် လူသားများရှေ့တွင်မည်သည့်အခါမှ ဦးညွတ်မည်မဟုတ်ကြောင်း နားလည်ထားကြသည်။သူတို့အတွက် အများဆုံးလက်ခံပေးနိုင်သည်မှာ သက်တော်စောင့်အဖြစ် လုပ်ကိုင်ခြင်းဖြစ်သည်။အလွန်ကျော်ကြားသော ကြီးမြတ်သည့်သြဂတ်စတပ်သည် နတ်သူငယ်ကိုယ်ရံတော်များနှင့် အောစ့်စစ်သည်ထောင်ပေါင်းများစွာ ပိုင်ဆိုင်ပေသည်။

အကယ်၍ သူ့ထံတွင်အောစ့်ကိုယ်ရံတော်များနှင့် နတ်သူငယ်သက်တော်စောင့်များရှိနေကြောင်း ဖော်ပြလိုက်ပါက ဝမ်မိသားစုနယ်မြေတွင် သူ၏အဆင့်အတန်းသည် များစွာတိုးတက်လာမှာဖြစ်သည်။

ထို့ပြင် မှော်ဆရာများသည် ဤကမ္ဘာ၌အလွန်ရှားပါးကာ အဖိုးတန်လှပေသည်။သြဇာအာဏာအရှိဆုံးသော မှူးမတ်များသည်သာ မှော်ဆရာများကို သူတို့၏ကိုယ်ပိုင်သူရဲကောင်းများအဖြစ် သတ်မှတ်ရန်စွမ်းဆောင်နိုင်သည်။(ကာရီရဲ့မှော်ဆရာတွေက ကြေးစားသဘောပဲရှိတာပါ..တကယ်စိတ်ရင်းနဲ့တာဝန်ထမ်းဆောင်တာမဟုတ်ပါဘူး)။သို့ဖြစ်ရာ ရှောင်ယုသည် သူ၏ဂုဏ်သိက္ခာအားဖြည့်တင်းရန်အတွက် အန်တိုနီဒက်စ်အား သူနှင့်အတူခေါ်ဆောင်လာခြင်းဖြစ်သည်။အန်တိုနီဒက်စ်သည် ယခုအခါ အဆင့်၁၃သို့ရောက်ရှိနေပြီဖြစ်ပြီး ဤကမ္ဘာ၏ ဒုတိယအဆင့်မှော်ဆရာအဖြစ်သတ်မှတ်နိုင်ပေသည်။

ရှောင်ယုသည် သူ၏ခရီးစဉ်အတွက် ခမ်းနားကြီးကျယ်သော မြို့စားတစ်ပါး၏ ဂုဏ်သိက္ခာကို အပြည့်အဝပေါ်လွင်လိုစေခဲ့သည်။

"သူတို့ကသာ မဟုတ်တရုတ်လျှောက်လုပ်ရင် စစ်ဝမ်ကိုပြန်ခေါ်သွားနိုင်တဲ့ အင်အားငါ့မှာရှိတယ်"

ရှောင်ယုသည် လေကြီးလေကျယ်ပြောနေခြင်းမဟုတ်ပေ။ယခုသူနှင့်အတူ လိုက်ပါလာသည့် အောစ့်စစ်သည်များသည် အဆင့် ၆သို့ရောက်ရှိသွားသည့် လက်ရွေးစင်များဖြစ်ကြသည်။အမှန်တော့ ပထမအဆင့်လူသားသူရဲကောင်းများသည်ပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုချင်း နှိုင်းယှည်ပါက ထိုအောစ့်စစ်သည်များ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ရှောင်ယုသာ စနစ်တကျလေ့ကျင့်ထားသည့် စစ်တပ်တစ်ခုနှင့်ထိပ်တိုက်ရင်ဆိုင်ရခြင်းမရှိသရွေ့ မည်သည့်အခက်အခဲမှမဆို ရှင်သန်လွတ်မြောက်ရန် ယုံကြည်မှုအပြည့်ရှိပေသည်။

ထိုအချိန်တွင် အိမ်တော်ထိန်းမို၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုဒဏ်ကြောင့် မျက်လုံးအိမ်အတွင်းမှ ကျွတ်ထွက်မတတ်ဖြစ်နေခဲ့သည်။ထို့နောက် ရှောင်ယုသည် ထိတ်လန့်နေသော အိမ်တော်ထိန်းမိုအား ဂရုမစိုက်တော့ဘဲ ရထားတွင်းသို့ဝင်ရောက်သွားကာ ခရီးစတင်ရန်အမိန့်ပေးလိုက်တော့သည်။

အခန်း ၅၇ - အနီရောင်ပါပီလေး

"ဒီနေရာပတ်ဝန်းကျင်က အရမ်းကောင်းတယ်...ငါသာခရီးသွားလုပ်ငန်းတစ်ခု ရင်းနှီးမြုပ်နှံပြီး တည်ဆောက်လိုက်မယ်ဆိုရင် ခြင်္သေ့မြို့ကိုလူသိများတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ပြီး အန်ကာဂန်တောင်တန်းဒေသကိုလည်း ဖွံဖြိုးတိုးတက်စေလိမ့်မယ်...ဒါမှမဟုတ် ခရီးသွားတွေကိုဆွဲဆောင်ဖို့ အောစ့်တွေကိုအသုံးချရမယ်...သူတို့ကိုထိချင်ရင် ရွှေပြား ၁ပြား နဲ့ သူတို့အချင်းချင်းလက်ရည်စမ်းတိုက်ပွဲကို ကြည့်ရှုမယ်ဆိုရင် ရွှေပြား၁၀ပြား....ဟားဟား...အဲလိုသာဆိုငါလူချမ်းသာဖြစ်လာလိမ့်မယ်"

ရှောင်ယုသည် သူ့အတွေးနှင့်သူကျေနပ်နေကာ ဝိုင်ကိုအရသာခံသောက်သုံးရင်း ရှုခင်းများကိုကြည့်ရှုနေခဲ့သည်။

"ဟေး အဘိုးကြီးနဲ့တိုင်ရန်ဒီ....မင်းတို့တွေ မင်းတို့ရဲ့သားရဲတွေကိုစီးနင်းပြီး ခရီးသွားနေရတာ မပင်ပန်းသေးဘူးလား...လာလာငါနဲ့အတူ ဝိုင်သောက်ပြီးတော့ စစ်တုရင်လာကစားလှည့်"

ရှောင်ယုသည် အန်တိုနီဒက်စ်နှင့်တိုင်ရန်ဒီအား ရထားတွင်းသို့ဖိတ်ခေါ်လိုက်သည်။

"ငါ့ရဲ့အရိုးတွေက တော်တော်လေးအိုပြီးဟောင်းနွမ်းနေပြီ သခင်လေးက ငါ့ကိုခုလိုဖိတ်ခေါ်လာတဲ့အတွက် ဒီလူအိုကြီးကခဏလောက် အနားယူလိုက်ပါဦးမယ်"

အန်တိုနီဒက်စ်သည် ချက်ချင်းတည်နေရာရွေ့ပြောင်းလိုက်ကာ မြင်းပေါ်မှပျောက်ကွယ်သွားပြီး ရထားလုံးပေါက်ဝ၌ပေါ်လာကာ အထဲသို့ဝင်လာခဲ့သည်။

ရှောင်ယုသည် ထိုအဘိုးကြီးအား စူးရှစွာစိုက်ကြည့်လိုက်သည်။သူ၏ပထမဆုံးရည်ရွယ်ချက်မှာ တိုင်ရန်ဒီဖြစ်သော်လည်း ထိုအဘိုးကြီးက ပထမဆုံးပြေးဝင်လာသူဖြစ်နေခဲ့သည်။

"တိုင်ရန်ဒီ...ငါကမင်းကို စစ်တုရင်ကစားနည်းသင်ပေးဖူးတယ်မလား..မင်းဘာလို့ငါနဲ့အတူလာမဆော့တာလဲ"

ရှောင်ယုသည် တိုင်ရန်ဒီအားနောက်တစ်ကြိမ်မေးမြန်းလိုက်သည်။စစ်ပွဲများစွာကို အတူတကွဖြတ်သန်းတိုက်ခိုက်ပြီးနောက် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် ၃၀ထိရောက်ရှိလာခဲ့သည်။ထိုပမာဏသည် သစ္စာစောင့်သိမှတ် ၄၀နှင့်၅၀ထိရောက်နေသော အန်တိုနီဒက်စ်နှင့် ဂရင်းတို့နှင့်နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်ကျသော်လည်း အဆင်ပြေပေသည်။

တိုင်ရန်ဒီသည် သူ၏စကားများကို နားထောင်ပုံမရဘဲ ကျားဖြူကိုသာ ဆက်လက်စီးနင်းနေခဲ့သည်၊ရှောင်ယုသည်လည်း ဆက်လက်၍မေးခွန်းမမေးရဲတော့ပေ။အဘယ်ကြောင့်ဆိုသော် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည် အချိန်မရွေးကျဆင်းနိုင်သောကြောင့် သူသာအတင်းအကျပ်ဆက်လက်မေးမြန်းနေပါက ကောင်းကျိုးထက်ဆိုးကျိုးကသာ ပိုပြီးများပြားမှာဖြစ်သည်။သူသည် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှု၁၀၀ပြည့်ရန် စောင့်ဆိုင်းနေခဲ့ပြီဖြစ်သည်။

"သခင်လေး...ဒီလူအိုကြီးက စစ်တုရင်ကစားဖို့ အဖော်ပြုပေးမယ်"

အန်တိုနီဒက်စ်သည် ဝိုင်ခွက်ကိုလှမ်းယူရင်း စကားစလိုက်သည်။

ရှောင်ယုသည် ထိုအလိုက်မသိသော အဘိုးကြီးအား ဖင်ကိုဆောင့်ကန်ချင်စိတ် ပေါ်လာပြီး ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"ဟုတ်တယ်...ဘယ်လိုကစားရမယ်ဆိုတာ မသိဘူးမလား..ငါသင်ပေးမယ်"

ဝိုင်နှင့်အခြားသောအရက်အမျိုးအစားများသည် အနောက်တိမ်တိုက်အင်ပါယာနှင့် ကုန်းတွင်းပိုင်းနိုင်ငံများအကြား ကုန်သွယ်ရေးတွင် အရေးပါသောအစိတ်အပိုင်းဖြစ်သည်။ရှောင်ယုသည် ဓားပြများကိုလုယက်ရာမှ အရက်အမြောက်အများကိုရရှိခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာမှ မှူးမတ်များသည် ကုန်းတွင်းပိုင်း၌ပြုလုပ်သော ဝိုင်က်ိုအလွန်နှစ်သက်သောကြောင့် ရှောင်ယုရရှိလာခဲ့သော ဝိုင်ပုလင်းများတွင် အဆိုးဆုံးဝိုင်ပုလင်းများသည်ပင် ရွှေပြား၁၀၀ကုန်ကျပြီး အချို့ပုလင်းများဆိုလျှင် ရွှေပြားထောင်ချီကျသင့်ပေသည်။

ရှောင်ယုသည် ထိုဝိုင်ပုလင်းများအား တပြားတချပ်မှမကုန်ဘဲရရှိခဲ့ရာ တစ်ပုလင်းချင်းဖွင့်ကာ အရသာခံနေခဲ့သည်။သူသည် ဝိုင်အကြောင်းနားလည်သူမဟုတ်ပေရာ ဝိုင်အမျိုးအစားကိုမခွဲခြားတတ်သည့်အတွက်ကြောင့် ဝိုင်မျိုးစုံအား သောက်သုံးနေခဲ့သည်။

တိုင်ရန်ဒီသည် ရထားပေါ်တက်လာရန် ငြင်းဆိုသောကြောင့် ရှောင်ယုနှင့် အန်တိုနီဒက်စ်တို့သည် စစ်တုရင်ကစားရင်း အချိန်ကုန်ခဲ့ကြသည်။ခရီးဆက်ရန် အချိန်အများကြီးကျန်ရှိနေသေးသောကြောင့် တိုင်ရန်ဒီ ရထားအတွင်းဝင်မလာမည်ကို ရှောင်ယုစိုးရိမ်နေခြင်းမရှိပေ။

လူအိုကြီးအန်တိုနီဒက်စ်သည် ကစားပွဲအားသင်ယူရာတွင် အလွန်လျင်မြန်ပေသည်။အစောပိုင်းတွင် ရှောင်ယုသည် ဆက်တိုက်အနိုင်ရခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အနိုင်ရရှိရန် အစွမ်းကုန်ကြိုးစားလာခဲ့ရသည်။အဆုံးသတ်တွင် ရှောင်ယုသည် စစ်တုရင်ကစားရာတွင် နိုင်ပွဲထက် ရှံးနိမ့်မှုကပိုမိုများပြားလာခဲ့သည်။

"ဘာလို့ အဲလောက်ထိ ကစားတာတော်နေရတာလဲ..."

ရှောင်ယုသည် ရိုးရှင်းသောနည်းဖြစ်သည့် တစ်ဖက်အားချီးမွမ်းသလို မေးခွန်းမေးခြင်းဖြင့် အရှံးပေးရန်ရွေးချယ်လိုက်ရသည်။

ထို့နောက် ရှောင်ယုသည် အနည်းငယ်စိတ်တိုလာခဲ့သည်။

"ဒီခပ်ဆိုးဆိုးအဘိုးကြီးကတော့ ငါ့ရဲဇိမ်ခံရထားလုံးပေါ်တက်..ငါ့ရဲ့ဝိုင်ကိုသောက်ပြီး....စစ်တုရင်မှာလည်းသခင်ကို အနိုင်ယူနေတယ်"

"အိုး...နောက်တစ်ခေါက်ရှံးပြန်ပြီ"

ရှောင်ယုသည် ဆက်ကစားလိုစိတ်ပျောက်ဆုံးသွားခဲ့သောကြောင့် စစ်တုရင်ကစားရာတွင် အသုံးပြုသည့်ဘုတ်ပြားကို လှုပ်ယမ်းကာ ကစားပွဲကိုအဆုံးသတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တိုင်ရန်ဒီသည် သူမ၏ကျားဖြူပေါ်မှ ခုန်ဆင်းလာကာ ရထားလုံးပေါ်တက်လာခဲ့သည်။ဝမ်မိသားစုမှ သူရဲကောင်းစစ်သည်များသည် သူမ၏လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်းစိုက်ကြည့်နေခဲ့ကြသည်။

ခြင်္သေ့မြို့မှ စတင်ထွက်ခွာလာစဉ်ကပင် သူရဲကောင်းများ၏အကြည့်များသည် တိုင်ရန်ဒီအပေါ်ရောက်ရှိနေခဲ့သည်။အောစ့်များသည် အလွန်သန်မာကြပြီး မြင်းနှင့်အတူသွားလာနေသော သူတို့၏တပ်သားများကိုအမှီလိုက်နိုင်ခဲ့ကာ သူရဲကောင်းများအပေါ်၌ ဖိနှိပ်ချုပ်ချယ်လိုသော ခံစားချက်အားပေးစွမ်းနေခဲ့သည်။ဝမ်မိသားစု၏တပ်သားများသည် လက်ရွေးစင်များဖြစ်သော်လည်း တိုက်ပွဲတစ်ခုတွင် အောစ့်စစ်သည်များအား အနိုင်ယူရန် ယုံကြည်မှုအပြည့်မရှိပေ။

သို့သော်လည်း အောစ့်စစ်သည်များကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးရှာဖွေလိုသော စိတ်အားထက်သန်သူအချို့ရှိခဲ့သည်။အကယ်၍ အောစ့်များကိုအနိုင်ယူနိုင်ခဲ့ပါက သူတို့၏ဂုဏ်ကျက်သရေကို တိုးပွားစေမှာဖြစ်သည်။အဆုံးသတ်တွင် သူတို့ထိုသို့လုပ်ဆောင်လိုခြင်းမှာတိုင်ရန်ဒီ၏ အာရုံစိုက်မှုကိုရရှိရန်ဖြစ်သည်။ဝမ်မိသားစုမှတပ်သားတိုင်း၏ အကြည့်များသည် တိုင်ရန်ဒီပေါ်သို့သာ အချိန်ပြည့်ကျရောက်နေခဲ့သည်။တိုင်ရန်ဒီသည် အလွန်ပင်ဆွဲဆောင်မှုရှိကာ သူမအားမြင်တွေ့လိုက်သည့် မိန်းမများသည်ပင် တိုင်ရန်ဒီအားချစ်မိသွားနိုင်သည်ထိ လှပပေသည်။

ယခုလည်း ထိုနတ်သူငယ်အလှမယ်သည် ရှောင်ယု၏ရထားလုံးထဲ ဝင်သွားသောကြောင့် သူရဲကောင်းများ၏မျက်လုံးထဲတွင် မနာလိုဖြစ်မှုများဖြစ်ပေါ်လာခဲ့သည်။အရှက်ကင်းမဲ့သောသခင်သည် ဤမျှလှပသော သက်တောင်စောင့်တစ်ယောက်ကို ရရှိထားခြင်းကို သူတို့နှလုံးသားထဲ၌ ကျိန်ဆဲမိကြသည်။သို့သော်လည်း သူတို့သည်ရှောင်ယု၏ အခြေအနေကိုမသိရှိသေးကြပေ။ရှောင်ယုသည်လည်း လှပသောပန်းကိုတွေ့မြင်နေရသည်တောင်မှ အနံ့လေးတောင်မရှုနိုင်သေးပေ။

"ငါလည်း ဝင်ကစားမယ်"

တိုင်ရန်ဒီသည် ရထားလုံးထဲသို့ ညင်သာစွာဝင်ရောက်လာခဲ့သည်။

ရှောင်ယုသည် စိတ်ထဲတွင်အလွန်ပျော်ရွှင်သွားပြီး သူ၏မျက်ခုံးကိုပင့်လိုက်ကာ သူ၏မျက်နှာချင်းဆိုင်နေရာအား ညွန်ပြလိုက်သော်လည်း တိုင်ရန်ဒီပြောလိုက်သောစကားကြောင့် သူ၏ပျော်ရွှင်မှုများ အစပျောက်သွားခဲ့သည်။

"သခင်...မင်းနေရာရွေ့နိုင်မလား"

ရှောင်ယုသည် အလွန်ပင်စိတ်တိုသွားခဲ့ကာ နှာခေါင်းဝမှသွေးထွက်လုနီးပါးဖြစ်သွားခဲ့သည်။အဆုံးသတ်တွင် တိုင်ရန်ဒီနှင့်အန်တိုနီဒက်စ်တို့သည် စစ်တုရင်ကစားနေစဉ် သခင်ဖြစ်သောရှောင်ယုသည် သနားစရာကောင်းလောက်အောင်ပင် ပြတင်းပေါက်နားချည်းကပ်၍ ရှုခင်းများအားကြည့်ရှုနေရသည်။တိုင်ရန်ဒီ၏စစ်တုရင်ကျွမ်းကျင်မှုသည် အန်တိုနီဒက်စ်နှင့် နှိုင်းယှည်နိုင်သောကြောင့် သူတို့၏ကစားပွဲသည် ဘက်ညီလှပေသည်။ရှောင်ယုသည် မျက်ရည်များအပြည့်ဖြင့် ဝိုင်နီကိုတစ်ခွက်ပြီးတစ်ခွက်မော့သောက်ကာ တိတ်ဆိတ်နေခဲ့သည်။

"ဘာလို့ ဒီလိုဖြစ်နေရတာလဲ...ငါကသူတို့ရဲ့သခင်မဟုတ်ဘူးလား"

ရှောင်ယုသည် စိတ်ရှုပ်စွာဖြင့် တီးတိုးရေရွတ်နေခဲ့သည်။

"ဖြစ်နိုင်တယ်...ငါအချိန်ရရင် ၅ယောက်မြောက်ခယ်မနဲ့ စကားပြောသင့်တယ်...ထားလိုက်တော့ အဲ့အကြောင်းက်ိုမေ့လိုက်တော့မယ်...ဒီကာလကတော်တော်သတိထားရမယ်...ဖြစ်နိုင်ရင် ဝမ်အိမ်ကလူတွေနဲ့ပြသနာမတက်ချင်ဘူး..."

အချိန်အတော်ကြာပြီးနောက် သူတို့၏ရထားလုံးများသည် ခြင်္သေ့နယ်မြေမှ ထွက်ခွာကာ ဖရိုဖရဲဖြစ်နေသော လွင်ပြင်ကျယ်ဆီရောက်ရှိလာခဲ့သည်။ထိုလွင်ပြင်သည် ရှောင်ယု၏နယ်မြေထက် များစွာပို၍စိုက်ပျိုးဖြစ်ထွန်းခြင်းမရှိပေ။ရှောင်ယုသည် ဤကဲ့သို့သောနယ်မြေတစ်ခုအား မည်သူကမှလိုချင်စိတ်ရှိမည်မဟုတ်ဟု ယုံကြည်နေခဲ့သည်။

ရှောင်ယုသည် တောအုပ်တစ်ခုအနား ရောက်ရှိလာချိန်တွင် သားရဲအချို့ကို စတင်၍ရှာဖွေခဲ့သည်။ရှောင်ယုသည် ယခင်ဘဝက သူတိဗက်သို့သွားစဉ်က အတွေ့အကြုံအချို့ကို ပြန်လည်သတိရနေခဲ့သည်။ထိုစဉ်အခါက သူတို့အဖွဲ့သည် မည်သည့်သက်ရှိကိုမှ မတွေ့ခဲ့ရဘဲ နေ့တစ်ဝက်ခန့်ကြာမြင့်သွားသည့်အတွက် လမ်းပျောက်နေပြီဟုယူဆကာ ကြောက်ရွံ့နေခဲ့ကြသည်။

ဤသို့ဖြင့် ရှောင်ယုတို့သည် ခရီးဆက်လာရင်း စိမ့်တောတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။ရှောင်ယုတို့အဖွဲ့သည် ရွှံအိုင်များဖြင့်ပြည့်နှက်နေသော နေရာတစ်ခုအား ဖြတ်သန်းဖောက်လုပ်ထားသော လမ်းကိုအသုံးပြုကာ ခက်ခက်ခဲခဲခရီးနှင်လာခဲ့သည်။ထိုနယ်မြေကိုဖြတ်ကျော်ပြီးနောက်တွင် ရေကန်အချို့ကိုစတင်တွေ့မြင်လာခဲ့ပြီး ထိုရေကန်များ၌ ငါးများနှင့်မိကျောင်းကိုလည်းရံဖန်ရံခါတွေ့မြင်ရပေသည်။ထိုအခိုက်အတန့် တွင် ရှောင်ယုသည် ယနေ့ညစာအတွက် အရသာရှိသော မိကျောင်းအသားကိုစားချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။

"သားရဲ ၁ မိကျောင်းတစ်ကောင်လောက် သွားဖမ်းချည်"

ရှောင်ယုက အမိန့်ပေးလိုက်သည်။

သားရဲ၁သည် ရှောင်ယု၏အမိန့်ကိုရသည်နှင့် ကျယ်လောင်စွာဟိန်းဟောက်၍ ရေကန်ရှိရာသို့ ပြေးဝင်သွားခဲ့သည်။ထိုမြင်ကွင်းက်ိုတွေ့မြင်လိုက်ရသော ရှောင်ယုက စိတ်ပျက်လက်ပျက်အော်ဟစ်လိုက်သည်။

"ဟဲ့ကောင် ပြန်လာခဲ့စမ်း...မင်းကိုမိကျောင်းဖမ်းဖို့အတွက် ရေကန်ထဲပြေးဝင်ရလိမ့်မယ်လို့ ဘယ်သူကသင်ထားလို့လဲ...မင်းကရေတောင်ကူးတတ်လို့လား...ပြန်လာစမ်း"

သားရဲ၁သည် အချိန်အတော်ကြာတွေးတောပြီးနောက် ရှောင်ယု၏စကားများသည် သူ့အတွက်ကျိုးကြောင်းဆီလျော်ပုံရ၍ ခေါင်းကုတ်လိုက်မိသည်။

ထို့နောက် သားရဲ၁သည် အချိန်အတော်ကြာစဉ်းစားပြီးနောက် ကျောက်တုံး၁တုံးက်ို ကောက်မလိုက်ကာ ရေကန်ထဲရှိ မိကျောင်းဆီသို့ ပစ်ချလိုက်သည်။မိကျောင်းသည် နှောင့်ယှက်ခံလိုက်ရ၍ ဒေါသတကြီးဖြင့် ကမ်းစပ်ဆီကူးခတ်လာခဲ့သည်။ထိုအခါ သားရဲ၁သည် အားရပါးရရယ်မောလိုက်ပြီး မိကျောင်းကိုဖမ်းရန်ပြေးဝင်သွားခဲ့သည်။

"ကောင်းပြီ...သူ့ကိုပါးစပ်ကနေ ဖြဲထုတ်လိုက်"

ဘေးနားမှကြည့်နေသောရှောင်ယုက သားရဲ၁အား အကြံပေးလိုက်သည်။

ထို့နောက် သားရဲ၁နှင့်မိကျောင်းတို့သည် လုံးထွေးသတ်ပုတ်ကြလိုက်ကြသည်။အချိန်ခဏအကြာတွင် မိကျောင်းသည်ဒေါသတကြီးအော်ဟစ်၍ သူ၏ပါးစပ်က်ိုဟကာ သားရဲ၁အား ကိုက်ရန်ကြိုးစားခဲ့သည်။ထိုအချိန်တွင် သားရဲ၁သည် အခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ မိကျောင်း၏ပါးစပ်ကိုဆုပ်ကိုင်၍ ဖြဲထုတ်လိုက်ကာသတ်ဖြတ်လိုက်သည်။

"ကောင်းလိုက်တာ...ဒီညတော့မိကျောင်းအသားစားရမယ်"

ရှောင်ယုသည် စိတ်ကျေနပ်စွာရယ်မောလိုက်ချိန်တွင် မိကျောင်းအားသတ်ဖြတ်ရသည်ကို သဘောတွေ့သွားခဲ့သည့် သားရဲ၁သည် သူသတ်ဖြတ်ထားသောမိကျောင်းကို ကမ်းစပ်ပေါ်ဆွဲတင်လိုက်ကာ နောက်ထပ်တစ်ကောင်ကို ဆက်လက်ရှာဖွေခဲ့သည်။ထို့နောက်မိကျောင်းအား သတ်ဖြတ်ရန်အတွက် အခြားသောအောစ့်များလည်း ထွက်ပေါ်လာခဲ့သည်။

ဤခရီးစဉ်သည် အလွန်ပင်ငြီးငွေ့ဖွယ်ကောင်းလှပြီး အောစ့်များအတွက် မိကျောင်းများအားသတ်ဖြတ်ရခြင်းသည် သူတို့အတွက်ပျော်စရာတစ်ခုအဖြစ် သတ်မှတ်လိုက်ကြသည်။ခရီးသွားအဖွဲ့သည် ကြမ်းတမ်းသောခရီးလမ်းကြောင့် လျင်မြန်စွာခရီးဆက်နိုင်ခြင်းမရှိပေရာ မိကျောင်းများကို အချိန်ပေး၍အေးအေးဆေးဆေးသတ်ဖြတ်နိုင်ခဲ့သည်။

အောစ့်စစ်သည်များသည် သူတို့၏ရက်စက်ကြမ်းကြုတ်သောခွန်အားကိုအသုံးပြုကာ မိကျောင်းများကိုသတ်ဖြတ်နေသည်ကိုကြည့်ပြီး ဝမ်မိသားစု၏သူရဲကောင်းများသည် အလွန်အံ့သြသွားခဲ့ကြသည်။သူတို့သည်လည်း မိကျောင်းများအားသတ်ဖြတ်နိုင်သော်လည်း သူတို့၏ကိုယ်ပိုင်လက်နက်များကို အသုံးပြုရမှာဖြစ်သည်။သို့သော် မိကျောင်းများ၏မေးရိုးသည် သံမဏိအားကိုက်ဖြတ်နိုင်သည်ထိ သန်မာပေရာ ထိုမေးရိုးများအားလက်နှစ်ဖက်ဖြင့်အသုံးပြု၍ ဖြဲထုတ်ခြင်းသည် အလွန်ပင်ရက်စက်ရာကျပေသည်။

ခဏအကြာတွင် အောစ့်စစ်သည်များစွာသည် မိကျောင်းဒါဇင်ပေါင်းများစွာကိုသတ်ဖြတ်ပြီး ရထားလုံး၏နံဘေးတွင် စားသောက်ရန်စတင်ပြင်ဆင်ချက်ပြုတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက်မှနေ၍ အသံလေးတစ်ခုထွက်ပေါ်လာခဲ့သည်။ရှောင်ယုသည် ပြတင်းပေါက်မှနေ၍ အသံလာရာဘက်သို့လှမ်းကြည့်လိုက်ရာ အနီရောင်ခွေးလေးတစ်ကောင်နောက်လိုက်နေသော မြေခွေးတစ်ကောင်ကိုတွေ့လိုက်ရသည်။ထိုခွေးလေးသည် ပြေးလွှားနေစဉ်အတွင်း ခြေထောက်တွင်ဒဏ်ရာရထားဟန်ဖြင့် ထော့နဲထော့နဲဖြစ်နေခဲ့သည်။ထိုအချိန်တွင် မြေခွေးသည်မြင်းတပ်သားများကိုတွေ့မြင်၍ အန္တာရယ်အားခံစားမိဟန်ဖြင့် လျင်မြန်စွာနောက်ဆုတ်သွားခဲ့သည်။သို့သော်လည်း ခွေးကလေးကမူ မြင်းတပ်သားများ၏ရှေ့မှောက်၌ မှောက်လျက်လဲကျသွားခဲ့သည်။

ရှောင်ယုသည် ဝမ်နယ်မြေသို့ဦးတည်လာသောလမ်းကြောင်းကို မသိရှိသည့်အတွက်ကြောင့် ဝမ်မိသားစု၏မြင်းတပ်သားများ ဦးဆောင်သောလမ်းကြောင်းအတိုင်း နောက်မှလိုက်ပါလာခြင်းဖြစ်သည်။

"ဒီခွေးစုတ်က ဝမ်မျိုးနွယ်ရဲ့ချီတက်မှုကို ရပ်တန့်ဖို့သတ္တိရှိတယ်ပေါ့..."

ဝမ်မျိုးနွယ်သူရဲကောင်းသည် သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ခွေးလေးအားသတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရှောင်ယုကအမိန့်ပေးလိုက်သည်။

"ရပ်လိုက်..."

ရှောင်ယု၏အမိန့်ကိုကြားချိန်တွင် သူရဲကောင်းသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ရှောင်ယုသည် လွန်ခဲ့သောလအနည်းငယ်ခန့်အတွင်း မရေမတွက်နိင်သောတိုက်ပွဲများကို ဖြတ်သန်းခဲ့ရသည့်အတွက်ကြောင့် သူ၏ဟန်ပန်အမူအရာနှင့် လေသံတို့တွင်သတ်ဖြတ်လိုသော ခံစားချက်ကိုထည့်သွင်းနိုင်ခဲ့သည်။ယခုလည်း ရှောင်ယု၏ကြောက်မက်ဖွယ်လေသံကြောင့် သူရဲကောင်းသည် ရုတ်တရက်ရပ်တန့်မိလိုက်၍ အရှက်ရသွားခဲ့ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် သူသည်ခွေးလေးအား ဓားဖြင့်ခုတ်ထစ်လိုက်သော်လည်း ခွေးလေးသည်မြင်းအောက်သို့ပြေးဝင်သွားသည့်အတွက်ကြောင့် ဓားချက်ကလွဲချော်သွားခဲ့သည်။

"မင်းငါပြောတာမကြားဘူးလား..."

ရှောင်ယုသည် ဒေါသတကြီးအော်ငေါက်လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ဂရင်းနှင့်အခြားသော အောစ့်စစ်သည်များသည် ထိုသူရဲကောင်းကို အမြန်ဆုံးဝိုင်းရံလိုက်ကာ ပုဆိန်များကိုပင် မသုံးတော့ဘဲ မြေပေါ်သို့ဝိုင်း၍ဆွဲချလိုက်ကြသည်။

"ဘာတွေဖြစ်နေကြတာလဲ..."

အိမ်တော်ထိန်းမိုသည် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် ရထားပေါ်မှဆင်းလာစဉ် သူမြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဒေါသထွက်သွားကာ မျက်မှောင်ကြုတ်မိလိုက်သည်။ရှောင်ယု၏လုပ်ရပ်သည် ဝမ်မိသားစုအား မလေးစားသည့် လွန်ကဲသောအပြုအမူတစ်ခုဖြစ်သည်။

ရှောင်ယုသည် ရထားပေါ်မှဆင်းလာသော အိမ်တော်ထိန်းဟောင်က်ိုကြည့်ကာ လှောင်ပြောင်လိုက်သည်။

"မင်းရဲ့သူရဲကောင်းတွေက သူ့ကိုယ်သူတောင်မခုခံနိုင်တဲ့ ခွေးလေးတစ်ကောင်ကို သတ်ချင်တာလား ဒါကတော်တော်သူရဲကောင်းဆန်တဲ့လုပ်ရပ်ပဲ"

ရှောင်ယုသည် အနီရောင်ခွေးကလေးအား ပွတ်သပ်လိုက်ရာ ထိုကောင်လေးသည် ရှောင်ယု၏ရင်ခွင်အတွင်းသို့ ပြေးဝင်လာခဲ့သည်။ထိုနောက့် ခွေးလေးသည် သူ၏လျှာဖြင့်ရှောင်ယု၏ လက်များကိုလျှက်နေခဲ့သည်။ထို့နောက် ကောင်လေးသည် သူ့အားသတ်ဖြတ်ရန်ကြိုးစားခဲ့သည့် သူရဲကောင်းများသို့လှည့်ကြည့်ကာ အော်ဟစ်လိုက်သော်လည်း သူ၏အော်ဟစ်သံသည် ခွေးအူသံနှင့်လုံးဝမသက်ဆိုင်ပေ။

ရှောင်ယုသည် အိမ်တော်ထိန်းမို၏ အဖြေကိုပင်မစောင့်တော့ဘဲ နောက်သို့ပြန်လှည့်ကာ ရထားထဲသို့ဝင်သွားခဲ့သည်။

ရှောင်ယုသည် ရထားထဲသို့မဝင်မှီ သူရဲကောင်းအားလွတ်ပေးလိုက်ရန် အောစ့်စစ်သည်များအား အချက်ပြလိုက်သည်။အောစ့်စစ်သည်များသည် ထိုသူရဲကောင်းအားအလွတ်ပေးလိုက်ပြီးနောက်တွင် မိကျောင်း၏မေးရိုးအားဖြဲသတ်သည့် ပုံစံပြသလ်ိုက်ရာ ထိုသူရဲကောင်း၏နောက်ကျောဘက်၌ ချွေးအေးများရွဲရွဲစိုသွားခဲ့သည်။သူ၏ကိုယ်ပိုင်မြင်းထက်ပင် အရပ်ပိုမြင့်သောအောစ့်စစ်သည်များအား ရင်ဆိုင်ရခြင်းသည် အကြံကောင်းတစ်ခုမဟုတ်ပေ။

All Chapters