← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း ၅၈ - ခဏလေးဒီကောင်လေးက နဂါးလား

ရှောင်ယုသည် ရထားလုံးပေါ်သို့ပြန်တက်လိုက်ပြီးနောက် အနီရောင်ခွေးကလေး၏ ခန္ဓာကိုယ်အား ညင်သာစွာပွတ်သပ်လိုက်သည်။သို့သော် အနီရောင်ခွေးကလေး၏ခန္ဓာကိုယ်ပေါ်၌ အမွှေးအမျှင်တစ်ပင်မှ မရှိသောကြောင့် အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ထိုကောင်လေး၏ အရေပြားသည် အလွန်မာကြောပြီး အကြေးခွံကဲ့သို့ခံစားရစေသည်။ထို့ပြင် ခွေးကလေးကို ကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန်ရရှိထားပုံပေါ်ပြီး ထိုဒဏ်ရာကြောင့် ရင်ဘတ်နှင့်ဝမ်းဗိုက်နေရာအား တစ်စုံတစ်ခုက တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားသလိုဖြစ်နေခဲ့သည်။

"သနားစရာခွေးကလေးပါလား...မင်းကဘယ်လိုမျိုးလဲ...မင်းကဘယ်လိုဖြစ်ပြီးတော့ ဒီလိုအခြေအနေမျိုးကိုရောက်သွားရတာလဲ..."

ရှောင်ယုသည် ထိုကောင်လေးအား သန့်စင်ရန်ရေအနည်းငယ်ယူလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ချူ...ချူ"

အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထိုခွေးကလေးသည် လူသားဘာသာစကားကို နားလည်ထားပုံရကာ ရှောင်ယုအားပြန်လည်တုံ့ပြန်လိုက်သည်။

"မင်းက ဘယ်လ်ိုခွေးမျိုးလဲ...မင်းကဘယ်လိုဖြစ်ပြီး ဒီလိုအသံမျိုးကိုလုပ်နိုင်ရတာလဲ..."

ထိုကောင်လေး၏ ထူးဆန်းသောအပြုအမူကြောင့် ရှောင်ယုအံ့သြသွားခဲ့ပြီး လှုပ်ယမ်းမိသွားရာ ထိုကောင်လေးသည်မြေပေါ်ပြုတ်ကျလုမတတ်ဖြစ်သွား၍ အမြန်ဆုံးပြန်ဖမ်းလိုက်ရသည်။

ခွေးတစ်ကောင်က ဒီလိုအသံမျိုးမထုတ်ပေးနိုင်ပါဘူး....

"သေချာတာကတော့ ဒီကောင်လေးကခွေးမဟုတ်ဘူး"

ရှောင်ယုသည် တိုးတိုးလေးညည်းညူလိုက်သည်။

"အရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်ကိုသန့်စင်အောင် ငါဆေးကြောပေးမယ်...ပြီးရင် မင်းကဘယ်လိုကောင်လေးလဲဆိုတာ ငါသိရလိမ့်မယ်"

ရှောင်ယုသည် ထိုကောင်လေး၏ခန္ဓာကိုယ်အား နာရီဝက်ခန့်ကြာသည်ထိ စိတ်ရှည်လက်ရှည်ဆေးကြောပေးခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်ပုံစံအား တွေ့မြင်လာရသည်။ထို့နောက်တွင် ခွေးကလေးနှင့်တူသော ဤကောင်လေး၏ ခန္ဓာကိုယ်အသွင်အပြင်အား အန်တိုနီဒက်စ်နှင့်တိုင်ရန်ဒီတို့က ရှင်းရှင်းလင်းလင်းတွေ့မြင်လာရသည်။

သားရဲလေး၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြက်သွေးရောင်သန်းနေခဲ့ပြီး မီးတောက်ကဲ့သို့ရဲရဲနီနေပေသည်။၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား အကြေးခွံများဖြင့် ဖုံးအုပ်ထားပေသည်။မူလက ရှောင်ယုသည် ထိုကောင်လေး၏ ဝမ်းဗိုက်နှင့်ရင်ဘတ်အား အရုပ်ဆိုးဆိုးအရာတစ်ခုက ရစ်ပတ်ထားသည်ဟု ယူဆခဲ့သော်လည်း သေသေချာချာသန့်ရှင်းရေးလုပ်ဆောင်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်အား အတောင်ပံတစ်စုံကဖုံးလွှမ်းထားခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဘုရားရေ...မင်းမှာအတောင်ပံလေးတွေတောင် ရှိနေတာပဲ...မင်းကဘာကောင်လဲ"

ရှောင်ယုသည် ထိုကောင်လေး၏ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် အတောင်များကို စစ်ဆေးကြည့်လိုက်သည်။တစ်ချိန်တည်းမှာပင် သားရဲလေးအားမထိခိုက်စေဘဲ ထိုအတောင်ပံများအား မည်သို့ထုတ်ဖော်ရမည်ကို သူတွေးတောနေခဲ့သည်။ထိုအခိုက်အတန့်တွင် ရှောင်ယုသည် သားရဲလေး၏ခန္ဓာက်ိုယ်ပေါ်၌ရှိနေသော အမာရွတ်များနှင့်သွေးကွက်များကို သတိထားမိလိုက်သည်။ထို့ကြောင့် ရှောင်ယုသည် ထိုကောင်လေး၏ဒဏ်ရာများ သက်သာပျောက်ကင်းစေရန်အတွက် ဒဏ်ရာကျက်ဆေးအချို့ကိုထုတ်ပေးရန် အန်တိုနီဒက်စ်အား တောင်းဆိုလိုက်သည်။

ရှောင်ယုသည် ဤခရီးစဉ်တွင် မတော်တဆသေဆုံးမှုများအား ကာကွယ်နိုင်စေရန်အတွက် သူသည်ဒဏ်ရာကျက်ဆေးနှင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများစွာကို ယူဆောင်လာခဲ့သည်။ယခုအခါ ရှောင်ယုသည်သူ၏စျေးဆိုင်များကို အဆင့်၂သို့တိုးမြင့်ထားပြီဖြစ်သောကြောင့် တစ်နေ့လျှင် အခြေခံ ဒဏ်ရာကျက်ဆေးနှင့် မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး၂၀နှင့် အလယ်အလတ် ဒဏ်ရာကျက်ဆေးနှင့်မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ၁၀ပုလင်းဆီကို ဝယ်ယူနိုင်ခဲ့သည်။သူ၏သူရဲကောင်းများသည် အဆင့်တိုးလာသည်နှင့်အမျှ သူတို့၏အဆင့်များနှင့် လိုက်ဖက်ညီသောဆေးရည်များကိုလည်း အသုံးပြုရန်လိုအပ်လာခဲ့သည်။

ရှောင်ယုသည် သားရဲလေး၏ခန္ဓာကိုယ်ပေါ်သို့ အနာကျက်ဆေးကိုလိမ်းကျံပေးနေချိန်၌ ထိုကောင်လေးသည် နာခံမှုရှိစွာငြိမ်သက်နေခဲ့သည်။ထိုကောင်လေးသည် ရှောင်ယု၏ပွတ်သပ်ပေးမှုကိုပင် ကျေနပ်နှစ်သိမ့်နေပုံရသည်။ခဏအကြာတွင် ရှောင်ယုသည် သားရဲလေး၏တစ်ကိုယ်လုံးအား ဆေးများလိမ်းကျံပေးပြီးသွားပြီဖြစ်သည်။အထူးသဖြင့် ခန္ဓာကိုယ်နှင့်အတောင်ပံများအား ချိတ်ဆက်ထားသည့် အဆစ်နေရာများကို ဆေးများလိမ်းကျံပေးပြီးနောက်တွင် သားရဲလေး၏အတောင်ပံများသည် တဖြည်းဖြည်းပွင့်ဟလာခဲ့သည်။

ရှောင်ယုသည် ထိုကောင်လေး၏ အတောင်ပံများမတော်တဆကျိုးပဲ့သွားမည်ကို စိုးရိမ်နေ၍ အလွန်ပင်သတိထားနေခဲ့သည်။ထိုကောင်လေး၏ ခန္ဓာကိုယ်သည်အလွန်ပင်ပျက်စီးလွယ်သည့်အတွက်ကြောင့် ထိုကောင်လေးကိုကြည့်ရသည်မှာ မကြာသေးမှီကမှ မွေးဖွားလာသည်ဟုထင်မှတ်ရသည်။

ရှောင်ယုသည် သားရဲလေး၏ အတောင်များဖွင့်ဟနေသည်ကို ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။မကြာမှီမှာပင် ထိုကောင်လေးသည် နာကျင်မှုမရှိဘဲ အတောင်များအားစနစ်တကျခတ်နိုင်ခဲ့သည်။

"ခဏလေးနေပါဦး...ဒီကောင်လေးကိုကြည့်ရတာ အနီရောင်နဂါးလေးနဲ့တူသလိုပဲ..."

"အ်ိုဘုရားရေ...တကယ်ကြီးအနီရောင်နဂါးလေးပဲ...နတ်ဘုရားတွေက ငါကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို သနားကြင်နာသွားလို့ လျော်ကြေးငွေအနေနဲ့ ငါ့ဆီကိုလက်ဆောင်မွန်တွေ ပေးအပ်လိုက်တာလား..."

"လနတ်သမီး...ဒီကောင်လေးက တကယ်နဂါးတစ်ကောင်လား"

ရှောင်ယုသည် စိတ်လှုပ်ရှားနေသော အပြုအမူများဖြင့် သူမအားမေးမြန်းလာသောကြောင့် တိုင်ရန်ဒီသည် ထိုကောင်လေးအားကြည့်၍ မေးခွန်းတစ်ခုမေးလိုက်သည်။သားရဲလေးသည် တိုင်ရန်ဒီ၏မေးခွန်းကိုနားလည်ပုံရပြီး ခေါင်းကိုလှုပ်ခါ၍ အော်ဟစ်လိုက်သည်။

"မဟုတ်ဘူးလား..."

ရှောင်ယုသည် တိုင်ရန်ဒီ၏အဖြေကိုစောင့်ဆိုင်းရင်း စိတ်လှုပ်ရှားမှုဒဏ်ကြောင့် ရုတ်တရက်ခေါင်းမူးလာခဲ့သည်။

အချိန်ခဏကြာပြီးနောက် တိုင်ရန်ဒီက အဖြေပြန်ပေးလိုက်သည်။

"ဟုတ်တယ်...ဒီကောင်လေးကနဂါးပဲ"

"ဘုရားရေ...ဒါကတကယ့်က်ိုနဂါးကြီးပဲ...ငါဒီကောင်လေးကိုသေချာလေ့ကျင့်ပေးမယ်...ဒီကောင်လေးကြီးထွားလာတဲ့အခါကျရင် စိတ်မမှန်တဲ့ကောင်တွေကလွဲလို့ ဘယ်ကောင်ကများ ငါ့ကိုတိုက်ခိုက်ရဲတော့မှာလဲ..."

ရှောင်ယုက ကျယ်လောင်စွာရယ်မောလိုက်သည်။

လူတိုင်းလိုလိုပင် နဂါးတစ်ကောင်အား ပိုင်ဆိုင်ထားပါကအလွန်ရင်ခုန်မိကြမှာဖြစ်သည်။ရှောင်ယုသည် နဂါးစီးသူရဲကောင်းများအကြောင်းက်ို ရှာဖွေဖတ်ရှုဖူးခဲ့သည်။ဤကမ္ဘာတွင် အစစ်အမှန်နဂါးများ လျှို့ဝှက်စွာကျင်လည်ကျက်စားနေလိမ့်မည်ဟု ရှောင်ယုယုံကြည်နေမိသည်။

သို့သော် ထိုအခိုက်အတန့်၌ တိုင်ရန်ဒီက အေးစက်သောလေသံဖြင့်ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကောင်လေးက နဂါးအစစ်တော့မဟုတ်ဘူး...သူကနဂါးတစ်ဝက်(သွေးမသန့်သော သို့မဟုတ် ဒုတိယတန်းစားနဂါး)သာဖြစ်တယ်...ဒီကောင်လေးက နဂါးအစစ်တွေလောက်စွမ်းအားမကြီးဘူး"

"နဂါးတစ်ဝက်..."

ရှောင်ယုသည် တိုင်ရန်ဒီအားကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"ဒီကောင်လေးကိုကြည့်ရတာ နဂါးတစ်ကောင်ရဲ့အမွေကိုဆက်ခံမိတဲ့ ထူးဆန်းတဲ့သတ္တဝါလေးပဲ...ဒါပေမဲ့ အဲလိုအမွေဆက်ခံရရှိတဲ့ မျိုးစိတ်တွေထဲက အများစုဟာ နဂါးတစ်ကောင်ရဲ့အစွမ်းကိုထုတ်ဖော်နိုင်မှာမဟုတ်ဘူး...ဒီကောင်လေးကတော့ နဂါးအစွမ်းကိုရရှိထားတဲ့ထူးခြားတဲ့ အကောင်လေးပဲ"

တိုင်ရန်ဒီသည် အသေးစိတ်ဆက်လက်ရှင်းပြလိုက်သည်။

ရှောင်ယုသည် တိုင်ရန်ဒီ၏ရှင်းပြမှုကိုနားထောင်ပြီးနောက် အနီရောင်နဂါးလေးက်ို ကောက်ကိုင်လိုက်သည်။သူသည် ချစ်စရာကောင်းသော သားရဲလေးတစ်ကောင်အား အိမ်မွေးတိရစ္ဆာန်အဖြစ်ရရှိရန် ယခင်ဘဝကသာမက ယခုဘဝတွင်ပါစိတ်ကူးယဉ်ထားခဲ့သည်။ယခုအခါ ရှောင်ယု၏ဆန္ဒများသည် ပြည့်ဝသွားခဲ့ပြီး ဤကောင်လေးအား အချို့အရာများကိုသင်ပေးကာ သူနှင့်အတူအချိန်ဖြုန်းနိုင်ပြီဖြစ်သည်။ထို့ပြင် နဂါးလေး၏ညဏ်ရည်သည် အလွန်မြင့်မားပုံရပြီး ရှောင်ယုထံမှများစွာသင်ယူနိုင်ခဲ့သည်။ထိုကောင်လေးသည် စကားမပြောနိုင်သေးသော်လည်း ရှောင်ယုပြောသည့်စကားများကိုမူ နားလည်နိုင်၍ ရှောင်ယုအလွန်ပျော်ရွှင်သွားခဲ့သည်။

...

...

ညနေပိုင်းသို့ရောက်ရှိလာချိန်တွင် သူတို့အဖွဲ့သည် စိမ့်တောများရှိရာအရပ်မှထွက်ခွာ၍ ပုံမှန်နေရာများဆီသို့ ရောက်ရှိလာခဲ့ကြသည်။ထို့နောက်သူတို့အဖွဲ့သည် ညအိပ်အနားယူရန်အတွက် ယာယီတဲများတည်ဆောက်နိုင်သည့် ကုန်းမြင့်တစ်ခုအား တွေ့ရှိခဲ့သည်။ရှောင်ယုအတွက်မူ အခန်းနှစ်ခုပါသောဇိမ်ခံရထားကြောင့် ထိုအကြောင်းကိုစိုးရိမ်နေစရာမလိုအပ်ပေ။ထို့ပြင် အောစ့်များသည်လည်း ဇိမ်ခံပစ္စည်းများကိုနှစ်သက်ခြင်းမရှိဘဲ အပြင်ဘက်၌သာ ရွက်ဖျင်တဲများထိုး၍ အိပ်စက်အနားယူကြသည်။

ထို့ကြောင့်ရှောင်ယုနှင့် အန်တိုနီဒက်စ်တို့သည် ရထားလုံး၏ပထမအခန်း၌ အိပ်စက်အနားယူနေကြချိန် စစ်ဝမ်နှင့်တိုင်ရန်ဒီတို့သည်ကား ဒုတိယအခန်း၌ အနားယူခဲ့ကြသည်။သံနက်မျိုးနွယ်စုဝင်အနည်းငယ်သည်လည်း ရထားလုံးအောက်နား၌ အိပ်စက်ရသည့်အတွက် ငြီးတွားခြင်းမရှိကြပေ။

အစောပိုင်းတွင် ရှောင်ယုသည် မားကပ်စ်ထံမှနေ၍ သံနက်မျိုးနွယ်စုကျွန်များစွာကို ကယ်တင်ခဲ့သည်။အစောပိုင်းတွင် ရှောင်ယုသည် သူတို့အားအလုပ်ကြမ်းလုပ်ရာတွင် အသုံးပြုရန်ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကျွန်များသည်မြင်းများကိုလည်း ထိန်းသိမ်းမွေးမြူတတ်ကြောင်း သိရှိလာခဲ့ရသည်။သံနက်မျိုးနွယ်ဝင်များသည် ရှေးဦးအနွယ်ဝင်များဖြစ်ကြကာ သားရဲနှင့်တိရစ္ဆာများအားမွေးမြူရာ၌ အထူးကျွမ်းကျင်ပေသည်။

စစ်ပွဲတစ်ပွဲအားတိုက်ခိုက်ရာတွင် မြင်းတပ်သည် မရှိမဖြစ်အရေးပါသော တပ်ဖွဲ့ဖြစ်သည်။သံနက်မျိုးနွယ်ဝင်များသည် အစားအစာနှင့်အဝတ်အထည် လုံလုံလောက်လောက်ထောက်ပံ့ခံရ၍ သူတို့၏လက်ရှိအခြေအနေအား ကျေနပ်မှုရှိကြသည်။ထို့ကြောင့် ရှောင်ယုသည်သူတို့အား အကောင်းဆုံးဖြစ်အောင်ထောက်ပံ့ပေးသလ်ို သူတို့ကလည်း ရှောင်ယု၏မြင်းများကိုထိန်းသိမ်းပေးခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီနေကြသည်။

အိပ်စက်အနားမယူမှီ ရှောင်ယုသည် လက်ကျန်မိကျောင်းသားများကို ချက်ပြတ်စေကာ ဝိုင်ပုလင်များကိုထုတ်ယူ၍ စားသောက်ပွဲကျင်းပခဲ့သည်။

ရှောင်ယုတို့အဖွဲ့သည် လတ်လတ်ဆတ်ဆတ်အစားအစာများနှင့်ဝိုင်များကို စားသောက်နေစဉ် အိမ်တော်ထိန်းမိုတို့အဖွဲ့က အစားအစာခြောက်များကိုသာ စားသောက်နေရသည်။သူတို့၏အစာခြောက်များသည် မဆိုးရွားလှသော်လည်း ရှောင်ယုနှင့်နှိုင်းယှည်ပါက ညံ့ဖျင်းနေပုံရပေသည်။

"ဒီအနံ့....ဒါကဖန်းဝိုင်မဟုတ်ဘူးလား...ပြီးတော့ဝိုင်သက်တမ်းက အနည်းဆုံးနှစ်၁၀၀ကျော်လောက်ပြီ...ဒီကောင်က တကယ့်ကိုဖြုန်းတီးတတ်တဲ့သားအစစ်ပဲ...ဒီကောင်ကအတော်ကိုတန်ဖိုးရှိတဲ့ အရည်အသွေးပြည့်မှီတဲ့ဝိုင်တွေကို လက်လွတ်စပယ်ဖြုန်းတီးနေတာ တကယ့်ကိုနှမြောစရာကောင်းတယ်..."

အိမ်တော်ထိန်းမိုသည် ဝိုင်ကိုနှစ်သက်သူတစ်ဦးဖြစ်ကာ ရှားပါးဝိုင်ပုလင်းများအား စုဆောင်းရသည်ကိုဝါသနာပါပေသည်။ထို့ကြောင့်သူသည် ဝိုင်၏အနံ့ကိုရရုံဖြင့်ပင် အရသာမခံဘဲ ဝိုင်အမျိုးအစားက်ိုအတိအကျပြောပြနိုင်သည်။ရှောင်ယုသည် ထိုသို့အရည်အသွေးကောင်းသည့်ဝိုင်များအား အောစ့်များကိုသောက်သုံးရန်ပေးနေသလို နဂါးလေးကိုတောင်မှ မြည်းစမ်းရန်အနည်းငယ်တိုက်ကျွေးခဲ့သည်။နဂါးလေးသည် ဝိုင်ကိုမြည်းစမ်းကြည့်ပြီးနောက်တွင် ပတ်ချာလည်မူးယစ်နေခဲ့သည်။

"သေစမ်း...တကယ့်ကိုအသုံးမကျတဲ့ကောင်...ဒီကောင်က နှစ်၁၀၀သက်တမ်းရှိတဲ့ဖန်းဝိုင်ကို အောစ့်တွေကိုသောက်ခွင့်ပေးနေတာလား...ဘုရားရေ...ဒီကောင်ကဝိုင်ကောင်းဆိုတာ ဘာကိုဆိုလိုတာလည်းသိကောသိလို့လား"

အိမ်တော်ထိန်းမိုသည် ဒေါသကြောင့်တီးတ်ိုးရေရွတ်လိုက်မိသည်။

ရှောင်ယုသောက်နေသော ဝိုင်အနံ့က်ိုရရှိပြီးနောက်တွင် အိမ်တော်ထိန်းမိုသည် သောက်လက်စဝိုင်အား အရသာမခံနိုင်တော့ပေ။သူ၏ဝိုင်သည် ရှောင်ယုနှင့်အောစ့်တို့သောက်သုံးနေသည့်ဝိုင်နှင့်ယှဉ်ပါက ရေနှင့်ဆီပမာဖြစ်သည်။

ထို့နောက်အိမ်တော်ထိန်းမိုသည် ဝိုင်မူး၍ပတ်ချာလည် လှည့်ပတ်နေသော နဂါးလေးအားတွေ့လိုက်ရ၍ အလွန်အံ့သြသွားခဲ့သည်။

ဒါ...ဒါကဒဏ္ဍာရီထဲက နဂါးမဟုတ်ဘူးလား

ဒါပေမဲ့ အသေးငယ်ဆုံးလို့ပြောရမယ့်နဂါးတွေတောင်မှ အနည်းဆုံးမီတာအနည်းငယ်တော့ရှိရမယ်...ဘာလို့ဒီနဂါးကတော်တော်သေးနေရတာလဲ...ပြီးတော့ဒီကောင့်ကိုငါသေချာမြင်ဖူးနေသလားလို့...

"နေပါဦး...ဒီကောင်က ရှောင်ယုဒီနေ့ပဲကောက်လာတဲ့ ခွေးမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီး ခွေးကနေ နဂါးအဖြစ်ကိုပြောင်းသွားရတာလဲ"

အိမ်တော်ထိန်းမိုသည် အံ့သြမှင်သက်မှုကြောင့် ရထားဘောင်နှင့်ခေါင်းဆောင့်ရိုက်မိသွားခဲ့သည်။ထိုကောင်လေးအားကြည့်ရသည်မှာ ယာလုံ(နဂါးတစ်ဝက်)နှင့်တူညီပုံရသော်လည်း နဂါးအစစ်များကဲ့သ်ို့ တောင်ပံများပါရှိလေသည်။အိမ်တော်ထိန်းမို၏ဗဟုသုတအရ ဤတိုက်ကြီးတွင် နဂါးများပျောက်ကွယ်နေခဲ့သည်မှာ နှစ်အတော်ကြာမြင့်နေခဲ့ပြီဖြစ်သည်။အကယ်၍ သူ့ရှေ့တွင်ရှိနေသော ယာလုံက်ိုသာ ဝမ်မိသားစုထံ ပြန်လည်ခေါ်ဆောင်သွားပါက သူသည်အလွန်များပြားသော ငွေကြေးပမာဏကိုရရှိမည်ဖြစ်ကြောင်း တွေးမိလိုက်၍ စိတ်ဓာတ်တက်ကြွလာကာ ရှောင်ယုအားစိုက်ကြည့်လိုက်သည်။

"ယာလုံကို ဒီကောင်အမြန်တွေ့သွားတာ နှမြောစရာပဲ....ဘာပဲဖြစ်ဖြစ်ငါလက်လျော့မှာမဟုတ်ဘူး...သူ့ဆီကနေယာလုံက်ိုလုယူဖို့ ငါနည်းလမ်းရှာရမယ်"

အိမ်တော်ထိန်းမိုသည် တိုးတိုးလေးရေရွတ်လိုက်ပြီး ရှောင်ယုအား ကျည်းမြောင်းသောအကြည့်ဖြင့် စိုက်ကြည့်၍ လှောင်ပြောင်လ်ိုက်သည်။

အခန်း ၅၉ - အလောင်းအစား

"သခင်လေး...မင်းရဲ့အောစ့်တွေက ငါနဲ့တိုက်ခိုက်ဖို့သတ္တိရှိလား..."

ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ရှောင်ယုနှင့်အခြားသူများသည် အစားအသောက်ပျက်သွားကြသည်။

ရှောင်ယုသည် အသံထွက်လာသည့် သူရဲကောင်းကိုတစ်ချက်ကြည့်ရင်း စိတ်ထဲတွင်လှောင်ပြောင်လ်ိုက်သည်။ထိုလူ၏ရင်ဘတ်တွင် ဝမ်မိသားစု၏ ရွှေတံဆိပ်တစ်ခုက်ိုတပ်ဆင်ထားကာ အလွန်ပင်မာနကြီးသော ဟန်အမူအရာရှိပေသည်။ရှောင်ယု၏အမြင်အရဆိုလျှင် ထိုလူသည် ယခုဝမ်မိသားစုသူရဲကောင်းများ၏ ခေါင်းဆောင်ဖြစ်ပုံရသည်။ထို့ပြင် ရှောင်ယု၏ပင်ကိုယ်အသိစိတ်မှတဆင့် ထိုလူသည် ထိပ်တန်းပထမအဆင့် သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့သည်။ရှောင်ယုသည် ဤကမ္ဘာ၏ဒုတိယအဆင့်သူရဲကောင်းနှင့်ညီမျှသည့် အဆင့်၁၀ထိရောက်ရှိခဲ့ရာ ပထမအဆင့်သူရဲကောင်းများအား ဖောက်ထွင်းတွေ့မြင်နိုင်သည်မှာ မထူးဆန်းတော့ပေ။

"မင်းက ငါ့ရဲ့အောစ့်ကိုယ်ရံတော်တွေနဲ့ တိုက်ချင်တာဟုတ်လား..."

ရှောင်ယုသည် သံနက်မျိုးနွယ်စုမှ ရထားထိန်းဖြစ်သူအား ဝိုင်တစ်ခွက်ကိုပေးကမ်းလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ထိုအချိန်တွင် ရှောင်ယုသည် ကျွန်တစ်ယောက်အား အဖိုးတန်ဝိုင်တစ်ခွက်ကို ပေးကမ်းလိုက်သည်ကိုကြည့်ပြီး အိမ်တော်ထိန်းမိုသည် အလွန်ပင်ထိတ်လန့်သွားခဲ့သည်။

"အဲ့ဒါက နှစ်ပေါင်း၃၀၀နီးပါးသက်တမ်းရှိတဲ့ ဆိုက်ပရပ်စ်ဝ်ိုင်ပဲ...ဒီကောင်က တကယ့်က်ိုဖြုန်းတီးတဲ့ကောင်ပဲ...ကျွန်တစ်ကောင်ကိုတောင် အဲလိုအဖိုးတန်ဝိုင်ပေးလိုက်သေးတာပေါ့"

"ဟုတ်တယ်...ငါ့ရဲ့နာမည်က ဒီသူရဲကောင်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ တာရစ်ပါ...မင်းရဲ့အောစ့်ကိုယ်ရံတော်တွေက ဒဏ္ဍာရီထဲကလိုအစွမ်းထက်မထက်ကြည့်ဖို့ ငါသူတို့ထဲကတစ်ယောက်ကို စိန်ခေါ်ချင်တယ်"

တာရစ်သည် အောစ့်စစ်သည်များအား အထင်သေးသည့်အကြည့်ဖြင့် ကြည့်ကာစိန်ခေါ်လိုက်သည်။

ရှောင်ယုသည် တာရစ်အားပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ...မင်းကငါ့ရဲ့သက်တော်စောင့်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတယ်ဆိုတော့ မင်းကတော်တော်သတ္တိရှိတာပဲ....မင်းကငါ့ရဲ့သက်တော်စောင့်နဲ့တိုက်ခိုက်တာကို ငါတကယ်မြင်ချင်နေပြီ"

ပထမအဆင့်သူရဲကောင်းတစ်ဦးအား အနိုင်ယူရန်အတွက် သာမန်အောစ့်စစ်သည်တစ်ဦးသည်ပင် လုံလောက်သည့်အတွက်ကြောင့် ရှောင်ယုသည် ဂရင်းအားစေလွှတ်ရန်မစီစဉ်ခဲ့ပေ။

အဆင့်၆သို့ရောက်ရှိနေသည့် အောစ့်စစ်သည်တစ်ဦးသည် ရက်စက်ကြမ်းကြူတ်သောခွန်အားကို ပိုင်ဆိုင်ထားပြီး သူတို့ရင်ဆိုင်ရမယ့်သူရဲကောင်းတွင် အထူးကျွမ်းကျင်မှုများမရှိပါက ပထမအဆင့်သူရဲကောင်းတစ်ဦးအား ကောင်းကောင်းရင်ဆိုင်နိုင်ပေသည်။သို့သော်လည်း တာရစ်ထံတွင် လျှို့ဝှက်ချက်တစ်ခုရှိနိုင်ကြောင်း ရှောင်ယုသတိထားမိပေသည်။တာရစ်သည် သူ၏တိုက်ခိုက်မှုများအား ပိုမိုကောင်းမွန်လာစေရန်အတွက် အောစ့်တစ်ကောင်နှင့်ရင်ဆိုင်တိုက်ခိုက်သည့် ပြင်းထန်သောလေ့ကျင့်မှုအား ပြုလုပ်လိုသည်ဟူဟော ရိုးရှင်းသည့်အကြောင်းပြချက်ကို ရှောင်ယုမယုံကြည်ခဲ့ပေ။

သို့သော် တိုက်ပွဲစွမ်းအင်(ဒိုချီ)ကိုပြုစုပျိုးထောင်ထားသည့် သူရဲကောင်းတစ်ဦးအား တိုက်ခိုက်ခြင်းသည် သာမန်အောစ့်စစ်သည်တစ်ယောက်အဖို့ ကောင်းမွန်သောအတွေ့အကြုံကိုရရှိစေလိမ့်မည်ဟု ရှောင်ယုယုံကြည်ထားသည်။ထိုသို့အတွေ့အကြုံများရရှိခြင်းကြောင့် သူ၏လက်ရွေးစင်အောစ့်စစ်သည်များသည် အဆင့်မြင့်လာသောအခါ သူရဲကောင်းများကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စစ်သည်တော်များဖြစ်လာမှာဖြစ်သည်။

"သခင်...ကျနော်တိုက်မယ်..."

သားရဲ၁သည် မိကျောင်းအသားတစ်ပိုင်းကို ကိုက်ဖဲ့လိုက်ပြီးနောက် သူ၏ပုဆိန်ကိုကိုင်ဆောင်ကာ ခုန်ဝင်လာခဲ့သည်။

"သားရဲ ၁ ဘယ်သူ့ကိုမှမထိခိုက်စေဖို့အတွက် သေချာသတိထား...ဘာပဲဖြစ်ဖြစ် ငါတို့နဲ့သူတို့က ဆွေမျိုးတွေလို့တောင် ပြောလို့ရတယ်"

ရှောင်ယုသည် လှောင်ပြောင်လိုသော အရိပ်အယောင်ပါသည့် စကားတစ်ခွန်းကိုပြောလိုက်သည်။

"စိတ်မပူပါနဲ့...သခင်လေး...ငါသူ့က်ိုမသတ်မိအောင် သတိထားပါမယ်...အဆိုးဆုံးအနေနဲ့တော့ ငါကသူ့ဖင်ကို အကြိမ်အနည်းငယ်ရိုက်မိရုံလောက်ပါဘဲ"

သားရဲ၁က အလေးမထားဟန်ဖြင့်ပြန်ဖြေလိုက်သည်။

သားရဲ၁သည် ရှောင်ယုလက်အောက်ရှိ အောစ့်စစ်သည်များအနက် အသန်မာဆုံးဖြစ်သည်။ထိုကောင်သည် အောစ့်စစ်သည်များအကြား၌ ကိုယ်ပိုင်ညဏ်ရည်ကို ထုတ်သုံးနိုင်စွမ်းအရှိဆုံးဖြစ်ကာ အခြားသောအောစ့်စစ်သည်များထက် ခေါင်းတစ်လုံးပိုသာပေသည်။ထို့ပြင် သားရဲ၁သည် ရှောင်ယုထံမှ ညဏ်နီညဏ်နက်များနှင့်လှည့်စားမှုများစွာကို သင်ယူခဲ့သည်။

"မင်းကတော်တော်မာနကြီးတာပဲ...မင်းတို့အောစ့်တွေက အရမ်းအစွမ်းထက်တယ်ဆိုရင် ဘာလို့မင်းတို့မျိုးနွယ်တွေက သုတ်သင်ခံခဲ့ရတာလဲ...မင်းတို့ကောင်တွေက ကြီးကြီးကျယ်ကျယ်ပြောရုံပဲတတ်တဲ့ သားရဲအုပ်စုတစ်ခုပဲ"

တာရစ်သည် သားရဲ၁အား ကြည့်ကာဒေါသတကြီး အော်ဟစ်လိုက်သည်။

ကောင်းကင်ခြင်္သေ့မင်းဆက်သည် ကြီးမားသောစစ်ပွဲကြီးများအား တိုက်ခိုက်ခဲ့သည်မှာ နှစ်ရာပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း ထိုအသားလွတ်အထင်ကြီးနေသော သူရဲကောင်းအားရှင်းပြရန် ရှောင်ယုပျင်းရိနေခဲ့သည်။ထိုသို့စစ်ပွဲနှင့်ဝေးကွာနေသောကြောင့် သူရဲကောင်းအများစုသည် အမည်သာရှိသော်လည်း သူတို့၏အမည်နှင့်ထိုက်တန်သောခွန်အားက်ို ပိုင်ဆိုင်ထားခြင်းမရှိခဲ့ပေ။ရှောင်ယုသည် ထိုအကြောင်းကို ဂရုမစိုက်လိုတော့သည့်အတွက်ကြောင့် မိကျောင်းအသားအနည်းငယ်ကို နဂါးလေးထံပစ်ပေးကာ တိုက်ပွဲကိုစောင့်ကြည့်ရန် ပြင်ဆင်ခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တာရစ်က ရှောင်ယုအားတစ်ချက်လှမ်းကြည့်လိုက်သည်။

"သခင်လေး...ဒီတိုက်ပွဲအတွက် လောင်းကြေးနည်းနည်းထည့်ရင် မကောင်းဘူးလား"

ရှောင်ယုသည် တာရစ်၏စကားနောက်ကွယ်မှ အဓိပ္ပါယ်အား ချက်ချင်းနားလည်လိုက်သည်။

"ဒါဆိုရင် မင်းကအလောင်းအစားလုပ်ချင်တာပေါ့...ကောင်းပြီလေ မင်းဘယ်လိုလောင်းချင်လဲ"

တာရစ်သည် မိကျောင်းအသားကိုစားနေသော နဂါးလေးက်ု်ို လက်ညိုးထိုးပြလိုက်သည်။

"အဲ့ကောင်လေး..."

ရှောင်ယုသည် တာရစ်၏တောင်းဆိုမှုကြောင့် ပါးစပ်ထဲထည့်ရန် ပြင်ဆင်နေသော မိကျောင်းအသားက်ို မစားတော့ဘဲ မျက်မှောင်ကြုတ်မိလိုက်ကာ သူ့အားတိတ်တဆိတ်ခိုးကြည့်နေသော အိမ်တော်ထိန်းမိုက်ို သတိထားမိလိုက်သည်။

"မင်းက ငါ့ရဲ့နဂါးလေးက်ိုလိုချင်တာလား..."

ရှောင်ယု၏မျက်လုံးများတွင် အေးစက်သောအလင်းရောင်များ တောက်ပလာခဲ့သော်လည်း ထိုလောင်းကြေးအားငြင်းဆန်ခြင်းမပြုခဲ့ပေ။

"ငါ့ဘက်က နဂါးလေးကိုလောင်းကြေးအဖြစ်ထည့်ရမယ်ဆိုတော့ မင်းတို့ဘက်က တန်ဖိုးတူတဲ့အရာတစ်ခုထည့်ဖို့မလိုဘူးလား"

တာရစ်သည် ရှောင်ယု၏မေးခွန်းကြောင့် အကျပ်ရိုက်သွားခဲ့ကာ အိမ်တော်ထိန်းမိုအား လှမ်းကြည့်လိုက်သည်။အိမ်တော်ထိန်းမိုသည် သူ့အားနဂါးလေးက်ို လောင်းကြေးအဖြစ်ထည့်သွင်းရန် ပြောခဲ့သော်လည်း သူတို့ဘက်မှလောင်းကြေးအဖြစ် မည်သည့်အရာကိုအသုံးပြုမည်ဖြစ်ကြောင်း ပြန်မပြောခဲ့ပေ။

သို့သော် ရှောင်ယုကနဂါးလေးအား လောင်းကြေးအဖြစ်သဘောတူလ်ိုက်ချိန်တွင် သူတို့ဘက်ကလည်း အလားတူလောင်းကြေးတစ်ခုအား ထည့်သွင်းရန်လိုအပ်လာခဲ့သည်။

တာရစ်သည် အိမ်တော်ထိန်းမိုအား အကူအညီလှမ်းတောင်းနေသည်ကို မြင်သောအခါ ရှောင်ယုကလှောင်ပြောင်လိုက်သည်။

"မင်းဘာမှမထည့်ဘဲ လောင်းကစားလုပ်ချင်နေတာလား...မင်းဘက်ကသာ တန်ဖိုးတူတဲ့အရာတစ်ခုထည့်သွင်းနိုင်မယ်ဆိုရင် ငါ့ရဲ့အသက်ကိုတောင် လောင်းကြေးအဖြစ်တင်ဖို့ ငါမတွန့်ဆုတ်ဘူး...ဒါပေမဲ့မင်းဘက်က ဘာမှမထည့်ဘဲလောင်းကစားချင်ရင်တော့ မင်းကိုယ်မင်းသူရဲကောင်းလ်ို့ မခေါ်သင့်တော့ဘူး"

ထိုအချိန်တွင် အိမ်တော်ထိန်းမိုက မတ်တပ်ရပ်လိုက်ကာ ဝင်ရောက်ဖြေရှင်းလိုက်သည်။

"သခင်လေးပြောတာအမှန်ပဲ...ဒီကသခင်လေးရှောင်ဟာ ဝေမြို့တော်ရဲ့လောင်းကစားဝိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိင်တဲ့ လောင်းကစားသမားတစ်ယောက်ပဲမဟုတ်လား...ငါတို့ဘက်က လောင်းကြေးအနေနဲ့ ဒီလည်ဆွဲကိုထည့်သွင်းချင်တယ်...သခင်လေးရှောင်ရဲ့မျက်လုံးတွေက ဒီရတနာဘယ်လောက်ထိ အဖိုးတန်လဲဆိုတာ သိရှိထားမယ်လို့ ယုံကြည်တယ်"

တစ်ချိန်တည်းမှာပင် အိမ်တော်ထိန်းမိုသည် သစ်သားသေတ္တာလေးတစ်ခုအား ဆွဲထုတ်ကာ အထဲရှိရေခဲပြာရောင် လည်ဆွဲတစ်ခုအား ထုတ်ယူလိုက်သည်။အန်တိုနီဒက်စ်သည် ထိုလည်ဆွဲအားတွေ့မြင်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်လုံးများ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။

အိမ်တော်ထိန်းမို ထုတ်ပြလိုက်သော မှော်လည်ဆွဲသည် အန်တိုနီဒက်စ်တို့လ်ို မှော်ကဝေများအတွက် မရှိမဖြစ်အရေးပါသည့် အရာဖြစ်သည်။ထိုမှော်ပစ္စည်းများသည် မှော်ကဝေများအဖို့ သောင်းချီသောရွှေပြားများထက် ပိုမိုအဖိုးတန်လေသည်။

အိမ်တော်ထိန်းမိုသည် ထိုကဲ့သို့အဖိုးတန်မှော်လည်ဆွဲအား လောင်းကြေးအဖြစ် အသုံးပြုလာလိမ့်မည်ဟု ရှောင်ယုလုံးဝမထင်မှတ်ထားခဲ့ပေ။

"ငါ့ရဲ့သခင်ကြီးက ဒီလည်ဆွဲကို ဝယ်ယူဖို့အတွက်နဲ့ လန်ကတ်စတာမြို့တော်ရဲ့ အကြီးဆုံးလေလံပွဲကိုကိုစေလွှတ်ခဲ့တယ်...အဆုံးသတ်မှာတော့ ငါကရွှေပြား၅၀၀၀၀နဲ့ ဒီလည်ဆွဲကိုလေလံအောင်ခဲ့တယ်...သာမန်လူတစ်ယောက်က ဒီလိုအရာမျိုးကိုမထိတွေ့နိုင်ဘူးဆိုတာ သခင်လေးရှောင်အသိဆုံးနေမှာပါ"

စစ်ဝမ်၏ဖခင်ဖြစ်သူ ဝမ်သခင်ကြီးသည် တတိယအဆင့်မှော်ဆရာတစ်ဦးကို သူ့ထံတွင်အမှုထမ်းစေရန်အတွက် ရွှေပြားအမြောက်အများ အသုံးပြုခဲ့သည်။

တတိယအဆင့်မှော်ဆရာတစ်ယောက်သည် ရှောင်ယု၏ယခင်ကမ္ဘာတွင်ဆိုပါက စစ်အမြောက်ဒါဇင်ပေါင်းများစွာတပ်ဆင်ထားသည့် တပ်ဖွဲ့တစ်ခုနှင့်ညီမျှပေသည်။အိမ်တော်ထိန်းမိုသည် သာမန်အချိန်များတွင်ဆိုပါက ဤမှော်လည်ဆွဲအား လောင်းကြေးအဖြစ်လုံးဝထည့်သွင်းမှာမဟုတ်ပေ။သို့သော်လည်း နဂါးလေး၏တန်ဖ်ိုးသည် အလွန်ပင်ကြီးမြင့်လှပြီး သူသာဤနဂါးလေးကို ဝမ်မိသားစုထံပြန်လည်သယ်ဆောင်သွားနိုင်သရွေ့ ဝမ်သခင်ကြီးကသူ့အား ဆုချီးမြင့်မည်ဖြစ်သည်။

အကယ်၍ ဝမ်သခင်ကြီးကသာ ဤနေရာ၌ရှိနေပါက ယခုလိုအန္တာရယ်ရှိသော အလောင်းအစားမျိုးကိုသဘောတူလိမ့်မည်ဟု အိမ်တော်ထိန်းမို ယုံကြည်ပေသည်။

ရှောင်ယုသည် လည်ဆွဲကိုကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။အိမ်တော်ထိန်းမိုသည် ယခုလိုအဖိုးတန်ပစ္စည်းတစ်ခုအား သူ့အားလွယ်လွယ်ဖြင့် ပေးမှာမဟုတ်ကြောင်းသေချာပေသည်။ထိုအဘိုးကြီးသည် ဤကဲ့သို့အဖိုးတန်လည်ဆွဲအား လောင်းကြေးအဖြစ်အသုံးပြုလာခြင်းမှာ သူ့အားအနိုင်ယူရန်ယုံကြည်မှုရှိနေ၍ဖြစ်သည်။ထိုသို့မဟုတ်ပါက သူအိမ်ပြန်ရောက်ချိန်တွင် ဝမ်သခင်ကြီးအား ရှင်းပြချက်ပေးနိုင်မှာမဟုတ်ပေ။

"ဒါဆိုရင် မင်းကငါ့ရဲ့ အောစ့်ကိုယ်ရံတော်နဲ့မင်းရဲ့သူရဲကောင်းအကြားက တိုက်ပွဲအတွက် လောင်းကြေးအဖြစ်ဒီလည်ဆွဲကို သုံးချင်တာလား..."

ရှောင်ယုက အတည်ပြုလိုဟန်ဖြင့်မေးမြန်းလိုက်သည်။

"ဘယ်ဟုတ်မလဲ...လောင်းကြေးပမာဏက ကြီးမားလာပြီမလို့ ငါတို့ကတိုက်ပွဲရဲ့အရွယ်အစားကိုလည်း ချဲ့ထွင်ရမယ်လေ...ဒီလိုမှော်လည်ဆွဲမျိုးက သေးငယ်တဲ့တိုက်ပွဲတွေမှာ အလောင်းအစားအဖြစ်အသုံးပြုလို့မကောင်းဘူး..."

အိမ်တော်ထိန်းဟောင်သည် သစ်သားသေတ္တာကိုပြန်ပိတ်လိုက်ကာ မထူးခြားသည့်ပုံစံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် အိမ်တော်ထိန်းမိုအားစိုက်ကြည့်ကာ သူ၏နှလုံးသားထဲ၌ ကျိန်ဆဲလိုက်သည်။

"ဒီမြေခွေးအိုကြီးက တော်တော်ကောက်ကျစ်တာပဲ"

"ဒါဆိုရင် အိမ်တော်ထိန်းမိုရဲ့အတွေးက ဘယ်လိုလဲ"

အိမ်တော်ထိန်းမိုသည် သူ၏အကြံအောင်မြင်သွားသည့်အတွက် ပြုံးမိသွားကာ စတင်ရှင်းပြလိုက်သည်။

"စစ်မြေပြင်မှာ အောစ့်စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိအကြောင်းကို ငါကြားဖူးတယ်...အောစ့်စစ်သည်တစ်ယောက်ဟာ သာမန်စစ်သား၁၀ယောက်ကို တိုက်ခိုက်နိုင်တယ်ဆိုပဲ...သခင်လေးရဲ့ အောစ့်ကိုယ်ရံတော်တွေက ဒဏ္ဍာရီထဲမှာမှတ်တမ်းတင်ထားသလိုမျိုး တကယ်ကြီးအစွမ်းထက်တာလား ငါစစ်ဆေးကြည့်ချင်တယ်...ဒါပေါ့ ဒီတိုက်ပွဲမှာ ငါ့ရဲ့သူရဲကောင်းတွေ မြင်းတပ်သားတွေကလည်း သူတို့ရဲ့မြင်းကိုစီးနင်းမှာမဟုတ်ဘူး...သူတိုကြခြေလျင်တပ်သားအဖြစ် တိုက်ခိုက်လိမ့်မယ်...ဒါ့ကြောင့် သခင်လေးရဲ့ အောစ့်၁၁ကောင်က ငါ့ရဲ့မြင်းတပ်သား၁၀၀ကို တိုက်ခိုက်နိုင်ပါမလား"

"ဟမ့်....ဒါကရိုးရိုးရှင်းရှင်းအကျင့်ယုတ်နေတာပဲ...မင်းကအောစ့်၁၁ ကောင်ကိုတိုက်ခိုက်ဖို့အတွက် လက်ရွေးစင်တပ်သား၁၀၀က်ို အမှန်တကယ်စေလွှတ်ချင်တာလား...အောစ့်စစ်သည်တွေက အမှန်တကယ်ရဲရင့်တယ်ဆိုရင်တောင်မှ မင်းရည်ညွန်းထားတဲ့ဒဏ္ဍာရီထဲကအတိုင်း လုပ်ဆောင်ချင်ရင် တပ်ဖွဲ့စည်းပုံ ၊ တည်နေရာအသာစီး ၊အမိန့်ပေးမှုစသည့် အချက်တွေအပေါ်မူတည်လာခဲ့ပြီ...ပြီးတော့အနိုင်အရှံးကိုအဓိကအဆုံးအဖြတ်ပေးမယ့်အရာတွေ အများကြီးရှိသေးတယ်"

ရှောင်ယုသည် အပြင်ပန်းတွင် ပြုံးမြဲပြုံးနေသော်လည်း သူ့စိတ်ထဲတွင် တွက်ချက်မှုများစွာပြုလုပ်နေခဲ့ပြီး အဆုံးသတ်တွင် ခေါင်းညိတ်ကာလောင်းကြေးကို လက်ခံလိုက်သည်။

"အိမ်တော်ထိန်းမိုက ငါ့ရဲ့အောစ့်ကိုယ်ရံတော်တွေ ဘယ်လောက်ထိစွမ်းအားကြီးလဲ သိချင်တယ်ပေါ့...အဲဒါဆိုရင်မင်းကို ငါပြမယ်"

"ရှောင်ယု မင်းဘာလို့အဲလိုလုပ်ရတာလဲ...ဝမ်မိသားစုကငါတို့ရဲ့ဆွေမျိုးတွေလေ...ဒီတိုက်ပွဲကငါတို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်"

တိုင်ရန်ဒီနှင့်အတူရှိနေသော စစ်ဝမ်သည် ဤအလောင်းအစားကို မကျေနပ်ဟန်ဖြင့် ဝင်ရောက်ဟန့်တားလိုက်သည်။

"စိတ်မပူပါနဲ့ မရီး...ငါ့ရဲ့အောစ့်တွေက မင်းထင်သလောက်မရက်စက်ပါဘူး.."

ရှောင်ယုကရယ်ရယ်မောမောဖြင့် စစ်ဝမ်အားနှစ်သိမ့်လိုက်သည်။ဤအခိုက်အတန့်တွင် ဂရင်းနှင့်အောစ့်စစ်သည်၁၀ယောက်သည် လက်ရွေးစင်တပ်သား၁၀၀ကို မအောင်မြင်နိုင်မည်ကို စစ်ဝမ်စိုးရိမ်နေကြောင်း ရှောင်ယုနားလည်ပေသည်။

သူတို့သည် ခြင်္သေ့မြို့တွင်ရှိစဉ်က အောင်ပွဲခံရန်အတွက် မြို့တံတိုင်းကိုအကာအကွယ်ယူတိုက်ခိုက်ခဲ့သလို မြေမျက်နှာသွင်ပြင်အသာစီးကိုလည်း ဖမ်းဆုပ်ရယူထားခဲ့သည်။

ထို့ပြင် မြင်းတပ်သားများသည် အောစ့်များမထိုးဖောက်နိုင်မယ့် ခံစစ်ဖွဲ့စည်းပုံတစ်ခုအား ဖော်ဆောင်လာမည်ဖြစ်သည်။

စစ်ဝမ်သည် ဤနဂါးလေးအား အလွန်သဘောကျနေပြီး ဤကဲ့သို့ချစ်စဖွယ်ကောင်းသော ကောင်လေးအား ဝမ်မိသားစုထံသို့လောင်းကြေးတစ်ခုအဖြစ် မဆုံးရှံးချင်ခဲ့ပေ။

သို့သော် အိမ်တော်ထိန်းမိုကလည်း စစ်ဝမ်အား ဝင်ရောက်နှစ်သိမ့်ဟန် ဆောင်လိုက်သည်။

"၄ယောက်မြောက်သခင်မလေး စိတ်ချပါ...ငါတို့ကသူတို့ကိုဒုက္ခမပေးပါဘူး..."

ရှောင်ယုသည် အိမ်တော်ထိန်းမို၏မျက်နှာပေါ်ရှိ သစ္စာမဲ့သောအပြုံးကိုတွေ့မြင်လိုက်ရ၍ မြေခွေးအိုကြီးဟု စိတ်ထဲတွင်ကျိန်ဆဲမိလိုက်သည်ဖာ

"အဲ့ဒါဆိုလည်းစလိုက်ရအောင်..."

ရှောင်ယုသည် သူ၏အကြီးမားဆုံးဝှက်ဖဲဖြစ်သော ဂရင်းအားကြည့်ကာ တိုက်ပွဲစရန်ဆုံးဖြတ်လိုက်သည်။ယခုအခါ ဂရင်းသည်အဆင့်၁၃ထိ ရောက်ရှိနေပြီဖြစ်ပြီး လေပွေသည်လည်း အဆင့်၂ကျွမ်းကျင်မှုကိုရောက်ရှိနေပြီဖြစ်သည်။

အခန်း ၆၀ - အလင်းချိတ်ဆက်ခြင်း

အိမ်တော်ထိန်းမိုသည် တိုက်ပွဲစတင်ရန် သဘောတူလ်ိုက်သည့် ရှောင်ယုကိုကြည့်ပြီး သူ၏နှလုံးသားထဲ၌ ပျော်ရွှင်စွာရေရွတ်လိုက်သည်။

"အောစ့်တွေဘယ်လိုအဆုံးသတ်သွားပြီလဲဆိုတာ မင်းမေ့နေပြီထင်တယ်...ငါတို့ကလမ်းခရီးမှာ ဓားပြတွေကိုရင်ဆိုင်ဖို့ အထူးရတနာအချို့ယူဆောင်လာခဲ့တာက ဒီလိုနေရာမှာအသုံးပြုရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

အိမ်တော်ထိန်းမိုသည် သူတစ်ယောက်တည်းသာကြားရလောက်သည့် လေသံဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။

အိမ်တော်ထိန်းမို၏ မျက်လုံးများထဲရှိ အေးစက်သောအလင်းရောင်ကို တွေ့မြင်လိုက်ရသောအခါ ရှောင်ယု၏နှလုံးသားထဲတွင် မလွယ်ကူသောခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်၊

ထို့နောက် ဝမ်မျိုးနွယ်စု၏ သူရဲကောင်းများသည် ကျယ်လောင်စွာအော်ဟစ်ကာ သူတို့၏မြင်းတပ်သားများကို စတင်စုစည်းလိုက်သည်။ရှောင်ယုသည်လည်း စကားနည်းနည်းပြောရန်အတွက် အောစ့်များကိုခေါ်ပြီး နည်းဗျူဟာအချို့အား ဆွေးနွေးခဲ့သည်။

"သူတို့ကိုတတ်နိုင်သမျှ အမြန်ဆုံးလူစုခွဲရမယ်...ဖြစ်နိုင်ရင် အဲ့ကောင်တွေကို ဘယ်လိုဖွဲ့စည်းပုံ ဒါမှမဟုတ် အခင်းအကျင်းတစ်ခုကို ချပြခွင့်မပြုနဲ့...အဲ့ခွေးတွေရဲ့ဖင်ကိုဆောင့်ကန်ပေးလိုက်"

ရှောင်ယုသည် အောစ့်များအား အရိုးရှင်းဆုံးသောနည်းဗျူဟာကို တိုက်ရိုက်ရှင်းပြခဲ့သည်။

အောစ့်များသည် ပင်ကိုယ်အားဖြင့် ရိုးသားပြီး ရဲ့ရင်သောစစ်သည်တော်များဖြစ်ကြသည်။သို့သော်လည်း ယခုအခါ ရှောင်ယုသည် သူတို့အားအရှက်မဲ့စွာပြုမူရန် လှုံဆော်ခဲ့သည်။ဤနေရာတွင် အရှက်မဲ့စွာပြုလုပ်နိုင်သော အောစ့်များကို ရှောင်ယုကဆုချီးမြင့်မှာဖြစ်သည်။သူသည် ဤအောစ့်စစ်သည်များကို ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးအုပ်စုတစ်ခုအဖြစ် ပြောင်းလဲပစ်လိုခဲ့သည်။

ပုံမှန်အားဖြင့် လူသားစစ်သည်တော်များသည် ရက်စက်ကြမ်းကြုတ်သော ခွန်အားကိုပိုင်ဆိုင်သည့် အောစ့်စစ်သည်များကို ထိပ်တိုက်ရင်ဆိုင်ရန် မတတ်စွမ်းနိုင်ကြပေ။သို့သော်လည်း လူသားများသည် ကောက်ကျစ်ယုတ်မာပြီး လှည့်ကွက်များနှင့်စက်ဆုပ်ဖွယ်နည်းဗျူဟာများအား အသုံးချလာချိန်တွင် အောစ့်များကိုဖျက်ဆီးနိုင်ခဲ့သည်။ရှောင်ယုသည် ထိုကဲ့သို့အခြေအနေမျိုးကို တွေ့မြင်လိုခြင်းမရှိပေ။

"သခင်...ငါ့ကောင်လေးတွေက တိုက်ခိုက်ဖို့အဆင့်သင့်ဖြစ်နေခဲ့ပြီ"

တာရစ်သည် ယုံကြည်မှုအပြည့်ရှိသောအမူအရာဖြင့် ရှောင်ယုအားပြောလိုက်သည်။

"ကောင်လေးတွေ မင်းတို့ရဲ့အစွမ်းကို ဒီကောင်တွေကိုမြည်းစမ်းခိုင်းလိုက်တော့"

ရှောင်ယုသည် ဂရင်းတို့အားကြည့်ကာ အမိန့်ပေးလိုက်သည်။

ဤသို့ဖြင့် နှစ်ဖက်တပ်သားများသည် ရှေ့တိုးလာကြပြီး မတူညီသောအနေအထားမျိုးဖြင့် ရပ်တန့်သွားခဲ့ကြသည်။

ဝမ်မိသားစု၏ သူရဲကောင်းများသည် ဒိုင်းများနှင့်ဓားများကိုအသုံးပြုကာ သံချပ်ကာများကိုဝတ်ဆင်ထားကြသည်။သူတို့သည် အချိန်၁၀ စက္ကန့်မပြည့်မှီ သပ်ရပ်သောဖွဲ့စည်းပုံတစ်ခုအား လုပ်ဆောင်နိုင်ခဲ့ကြသည်။ထိုဖွဲ့စည်းပုံသည် သာမန်လူများ၏အမြင်တွင် မည်သည့်ရှုထောင့်မှ ကြည့်ရှုစစ်ဆေးပါစေ အလွန်ပင်ပြီးပြည့်စုံနေမှာဖြစ်သော်လည်း အောစ့်များသည် ထိုဖွဲ့စည်းပုံအား အလွယ်တကူနင်းချေပစ်နိုင်သည်။အောစ့်စစ်သည်များသည် ခြင်္သေ့မြို့တိုက်ပွဲတွင် ဤဖွဲ့စည်းပုံထက် ပိုမိုတောင့်တင်းသော အမာခံခြေလျင်တပ်သားများ၏ ဖွဲ့စည်းပုံကိုပင် သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။

ရှောင်ယုသည် ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေရင်း ဖန်ခွက်ထဲရှိ ဝိုင်အား ဖြေးညင်းစွာမော့သောက်လိုက်ကာ မျက်လုံးမှိတ်၍ အရသာခံလိုက်သည်။နဂါးလေးသည်ကား ရှောင်ယု၏ပုခုံးပေါ်၌ ငုတ်တုတ်ထိုင်နေခဲ့သည်။

အိမ်တော်ထိန်းမိုသည် ဤကဲ့သို့လွယ်ကူရိုးရှင်းသော ဖွဲ့စည်းပုံအားအသုံးပြုမည်ဆိုပါက ဤတိုက်ပွဲအားတိုက်ခိုက်ရန် သဘောတူညီမည်မဟုတ်ကြောင်း ရှောင်ယုသတိပြုမိပေသည်။အိမ်တော်ထိန်းမိုကသာ အကြံအစည်တစ်ခုခုမရှိလျင် ဤမျှအဖိုးတန်သော မှော်လည်ဆွဲအား လောင်းကြေးအဖြစ်အသုံးပြုမည်မဟုတ်ပေ၊

သို့သော်လည်း ရှောင်ယုသည် ဂရင်းဦးဆောင်သော အဆင့်၆သို့ရောက်ရှိနေသည့် အောစ့်စစ်သည်၁၀ယောက်အား ယုံကြည်မှုအပြည့်ရှိကာ ဤတိုက်ပွဲအားအောင်နိုင်မည်ဟု ခံစားမိနေခဲ့သည်။

"သခင်လေး...ငါတို့စကြတော့မလား"

အိမ်တော်ထိန်းမို၏မျက်နှာတွင် အပြုံးတစ်ခုဖြစ်ပေါ်လာကာ ရှောင်ယုအားမေးမြန်းလိုက်သည်။

"စလိုက်တော့"

ရှောင်ယုက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

ဝုန်း...

ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဝမ်မိသားစု၏ သူရဲကောင်းများနှင့်မြင်းတပ်သားများကို လွှမ်းခြုံသွားသည့်အတွက်ကြောင့် ဂရင်းနှင့်အောစ့်စစ်သည်များသည် တိုက်ခိုက်ရန်ပြင်ဆင်နေမှုအား ရပ်တန့်လိုက်ရသည်။ထို့နောက် ရွှေရောင်အလင်းသည် ဝမ်မျိုးနွယ်တပ်သားတစ်ဦးချင်းစီအပေါ် ဖုံးအုပ်သွားခဲ့ပြီးနောက် သူတို့အားလုံးကို အတူတကွချိတ်ဆက်ထားခဲ့သော အလင်းကွင်းဆက်များအား ဖြစ်တည်လာစေခဲ့သည်။ထိုအလင်းကွင်းဆက်များသည် ချိုးဖျက်၍မရနိုင်သော မမြင်တွေ့နိုင်သည့် အတားအဆီးတစ်ခုသဖွယ်ဖြစ်တည်နေခဲ့သည်။ထိုအလင်းဖြင့်ပြုလုပ်ထားသော ကွင်းဆက်များသည် သာမန်သတ္တုချိန်းကြိုးများထက်ပင် ပိုမိုခိုင်မာနေပုံရသည်။

"သေစမ်း...မှော်စာလိပ်ကိုတောင်အသုံးပြုနေတာလား...အိမ်တော်ထိန်းမို မင်းကငါနဲ့လာကစားဖို့ကြိုးစားနေတာလား...ဒီလိုတိုက်ပွဲမျိုးမှာ မှော်စာလိပ်ကိုအသုံးပြုရတဲ့အထိ မင်းတို့ဝမ်မျိုးနွယ်ကနိမ့်ကျနေပြီလား..."

ရှောင်ယုသည် ကုလားထိုင်ပေါ်မှ ချက်ချင်းထလာပြီး အိမ်တော်ထိန်းမိုကို အပြစ်တင်လိုက်သည်။

အိမ်တော်ထိန်းမိုသည် ယခုလောက်ထိ အရှက်ကင်းမဲ့လိမ့်မည်ဟု ရှောင်ယုတွေးထင်ထားခြင်းမရှိပေ။

အိမ်တော်ထိန်းမိုသည် ရှောင်ယု၏ပြစ်တင်ဝေဖန်မှုကြောင့် စိတ်ဆိုးသွားခြင်းမရှိသည့်အပြင် သူ၏မျက်နှာပေါ်၌ မြေခွေးတစ်ကောင်လို ကောက်ကျစ်ယုတ်မာသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"သခင်လေး...ကျေးဇူးပြုပြီးတော့ ရိုင်းစိုင်းတဲ့စကားလုံးတွေကိုမသုံးပါနဲ့...ဒီလိုတိုက်ပွဲအသေးလေးမျိုးမှာ မှော်စာလိပ်ကိုမသုံးရဘူးလို့ သခင်လေးကမှ စည်းမျည်းမသတ်မှတ်ထားဘူးလေ...ပြီးတော့ခြေလျင်တပ်သားတွေက အောစ့်စစ်သည်တွေကို ဆန့်ကျင်နိုင်မယ်လို့ သခင်လေးထင်နေတာလား...မှော်ဆရာတွေက ရန်သူတွေကိုတိုက်ခိုက်တဲ့နေရာမှာ အသုံးပြုဖို့အတွက် ဒီလိုမှော်စာလိပ်တွေကို တီထွင်ထားခဲ့တာပဲ...ဒါဟာမှော်စွမ်းအင်နဲ့လူသားတွေအကြားက ဆက်နွယ်မှုအစိတ်အပိုင်းတစ်ခုပဲ..ဒီတိုက်ပွဲဟာ လူသားတွေနဲ့အောစ့်တွေအကြားက တိုက်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် ခုလိုမှော်စာလိပ်မျိုးကိုအသုံးပြုတာက မတရားရာမကျပါဘူး...အောစ့်တွေမှာ ဒီလိုတီထွင်မှုမျိုးရှိနေမယ်ဆိုရင် သူတို့ကိုထုတ်သုံးလို့ ငါ့ဘက်ကငြင်းစရာမရှိဘူး"

အိမ်တော်ထိန်းမိုသည် အောင်ပွဲက်ိုဆုပ်ကိုင်ထားပုံရပြီး ကျေနပ်နှစ်သိမ့်နေသော အမူအရာက သူ့မျက်နှာပေါ်၌ အတိုင်းသားထင်ပေါ်နေခဲ့သည်။

"ကောင်းတယ်...အရမ်းကောင်းတယ်....ခွေးအိုကြီးမင်းကငါ့ကို ဒီလိုအခြေအနေထိရောက်အောင် တွန်းအားပေးလာမှတော့ ငါကမင်းကိုဘယ်လိုပြန်ကစားမလဲစောင့်ကြည့်နေလိုက်"

ထို့နောက် ရှောင်ယုသည် ဂရင်းနှင့်အောစ့်စစ်သည်များကိုကြည့်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံးကို ခွန်အားတိုးဆေးနဲ့ အရှိန်မြင့်ဆေးတွေကို အသုံးပြုပြီးတော့ တိုက်ခိုက်ဖို့ခွင့်ပြုပေးတယ်"

ရှောင်ယုသည် ယခုလိုအရေးပေါ်အခြေအနေမျိုးတွင် အသုံးပြုနိုင်ရန်အတွက် ခွန်အားတိုးဆေးများနှင့် အရှိန်မြင့်ဆေးများကို လိုရမယ်ရယူဆောင်လာခဲ့သည်။အောစ့်စစ်သည်တစ်ဦးချင်းစီတွင် သူတို့၏ခွန်အားနှင့်လှုပ်ရှားမှုကို အချိန်တိုအတွင်း တိုးမြင့်လာစေမယ့် ဆေးပုလင်း၁၀ခုစီ သယ်ဆောင်ထားကြသည်။ဂရင်းနှင့်အခြားအောစ့်စစ်သည်များသည် ရှောင်ယု၏အမိန့်ကိုရရှိသည်နှင့် သူတို့၏ချပ်ဝတ်တန်ဆာများအတွင်းမှ ပုလင်းငယ်အချို့ကိုထုတ်ယူကာ ချက်ချင်းသောက်သုံးလိုက်ကြသည်။

လူသားများသည် စက်ဆုပ်ရွှံရှာဖွယ်ကောင်းသော နည်းလမ်းများကိုအသုံးပြုခဲ့သောကြောင့် အောစ့်များသည်အလွန်ပင် ဒေါသထွက်သွားခဲ့ကြသည်။လူသားများသည် ပုံမှန်နည်းလမ်းများကိုအသုံးပြုပါက ကိစ္စမရှိသော်လည်း ယခုလိုလှည့်ကွက်များအား အသုံးပြုလာခြင်းသည် သူတ်ို့၏ဘိုးဘေးများအား ပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းဖြစ်သည်။

"တိုက်ခိုက်ကြ..."

အိမ်တော်ထိန်းမိုသည် အလျင်စလိုအမိန့်ပေးလိုက်သည်။အောစ့်များသည် ထူးဆန်းသောဆေးပုလင်းနှစ်ခုက်ို ထုတ်ယူသောက်သုံးလိုက်သည်ကိုမြင်တွေ့ပြီးနောက် အိမ်တော်ထိန်းမိုသည် တစ်ခုခုမှားယွင်းနေသလိုခံစားနေရသည်။

ဒဏ္ဍာရီမှတ်တမ်းများတွင် တစ်စုံတစ်ယောက်၏ ခွန်အား ၊ ခံနိုင်ရည် ၊ သွက်လက်မှု ၊ ကုသမှုတို့အားအချိန်တိုအတွင်း မြင့်တင်ပေးနိုင်သည့် ဆေးပုလင်းများအား သူနားစွန်နားဖျားကြားဖူးသော်လည်း ထိုအရာများသည် ဒဏ္ဍာရီများသာဖြစ်သည်။သူ့ရှေ့မှကလေးသည် ကြွားလုံးထုတ်ကာ သူ၏တပ်သားများကိုစိတ်ရှုပ်ထွေးစေရန် လှည့်ကွက်တစ်ခုကိုသာ အသုံးပြုခြင်းဖြစ်မည်ဟု အိမ်တော်ထိန်းမိုက ယူဆခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ထိုဆေးပုလင်းများသည် အစစ်အမှန်ဖြစ်နေလျှင်တောင်မှ အောစ့်များသည် အလင်းကွင်းဆက်ကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ ရှံးနိမ့်မှုနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

လူသားများသည် အတိတ်ကာလက အောစ့်များအပေါ် အသာစီးရရှိစေရန်အတွက် ဤအလင်းကွင်းဆက်ဟူသော မှော်စာလိပ်အား မှီခိုအားထားခဲ့ကြောင်း အိမ်တော်ထိန်းမိုက သိရှိထားခဲ့သည်။အမာခံခြေလျင်တပ်သားများသည် ဤအလင်းကွင်းဆက်မှော်စာလိပ်အား အသုံးပြုသောအခါတွင် အောစ့်များသည် သူတို့၏ခုခံမှုအားချိုးဖောက်နိုင်ခြင်းမရှိခဲ့ပေ။အဆုံးသတ်တွင် အောစ့်များသည်တဖြည်းဖြည်းချေမှုန်းခံခဲ့ရကာ သေဆုံးခြင်းကိုလက်ခံခဲ့ကြရသည်။

"တက်ကြ..."

တားရစ်သည် တပ်သားများကိုသူတို့၏ဒိုင်းလွှားများအား ပင့်မြောက်စေပြီး ဖွဲ့စည်းပုံအား ပုံမပျက်စေဘဲ တဖြည်းဖြည်းရှေ့တိုးစေခဲ့သည်။

ထိုဒိုင်းလွှားများအား အလင်းရောင်အလွှာက ဖုံးအုပ်ထားပြီး အကာအကွယ်နံရံတစ်ခုသဖွယ် ပြင်ဆင်ထားခဲ့သည်။

ဂါး...

ထိုအချိန်တွင် ဂရင်းသည်လည်း ကျယ်လောင်စွာအော်ဟစ်ကာ အောစ့်စစ်သည်များနှင့်အတူ ရှေ့တက်လာခဲ့သည်။

ဤသို့ဖြင့် တပ်ဖွဲ့၂ခုသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခြေလှမ်း၅၀ခန့်သာ ကွာဝေးလာခဲ့သည်။

ထိုအချိန်တွင် ဂရင်းသည် ရန်သူ၏ဖွဲ့စည်းပုံအပေါ်သ်ို့ ၅မီတာ ၆မီတာခန့်အထိ ခုန်ပျံသွားခဲ့သည်။ဂရင်းသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကျွမ်းကျင်မှုအား အသုံးပြုကာ ရန်သူတပ်ဖွဲ့၏အလယ်ဗဟိုသို့ တိုက်ရိုက်ခုန်ကျော်လာခဲ့သည်။

လေပြ....

ထို့နောက် ဂရင်းသည် သူ့လက်ထဲရှိဓားကို ဝှေ့ယမ်းလိုက်ရာ ဂရင်း၏ခန္ဓာကိုယ်သည် စတင်မှုန်ဝါးစပြုလာခဲ့သည်။

Thank For Reading.

All Chapters