← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း ၇၃ - လူတိုင်း၏မျက်နှာကိုဖြတ်ရိုက်ခြင်း

ရှောင်ယု၏စကားကိုကြားသောအခါ ခန်းမအတွင်းရှိ လူများအားလုံး၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။အမှန်တော့ ရှောင်ယုမြို့ထဲသို့ဝင်ရောက်လာချိန်တွင် သူတို့အားလုံးသတင်းရရှိခဲ့သည်။အိမ်တော်ထိန်းမိုကိုယ်တိုင်က ရှောင်ယုရောက်ရှိလာကြောင်း ဝမ်ထျန်းဟူထံသို့သတင်းပို့ထားခဲ့သည်။သို့သော်လည်း ကျဆင်းနေသောရှောင်မိသားစုမှ ဆက်ခံသူတစ်ယောက်အား မည်သူကမှမျက်နှာသာမပေးခဲ့ကြပေ။

ထိုသို့မဟုတ်ပါက ဝမ်ထျန်းဟူသည် ထိုသို့လုပ်ဆောင်မှာမဟုတ်ပေ။ရှောင်မိသားစုသာ အထွတ်အထိပ်သို့ရောက်နေပါက ရှောင်ယုအားမြို့တံခါးဝထိ လာရောက်တွေ့ဆုံမှာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မြို့စားသည် မြို့စားသာဖြစ်ပေသည်။မိသားစုသည် ကျဆင်းနေသော်လည်း ခေါင်းစဉ်ကတော့ရှိနေဆဲဖြစ်သည်။မှူးမတ်များသည် ကျဆင်းနေသောမျိုးနွယ်စုတစ်ခုမှ မြို့စားတစ်ယောက်အား တွေ့ဆုံစဉ်တွင် ထိုစည်းမျည်းကိုလိုက်နာကာ ယဉ်ကျေးစွာနှုတ်ဆက်ရမည်ဖြစ်သည်။ထိုအရာသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ သံမဏိစည်းမျည်းတစ်ခုမဟုတ်သော်လည်း နှစ်ထောင်ပေါင်းများစွာတည်တံ့လာခဲ့သော အုပ်ချုပ်မှုပုံစံပင်ဖြစ်သည်။ဤတိုက်ကြီးတွင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အထက်တန်းကျကျတည်ဆောက်ထားခဲ့ကာ ပိရမစ်၏အောက်ပိုင်းရှိလူများက အပေါ်မှလူများကိုလေးစားမှုပြသရသည်။

အင်ပါယာကိုယ်တိုင်အပ်နှင်းထားသော ဘွဲ့အမည်များအား မလေးမစားပြုမူသူများရှိတတ်ကြသည့် နေရာများရှိကြသည်။ထိုနေရာများရှိ နိမ့်ကျသောမှူးမတ်မျိုးနွယ်များက အထက်တန်းစားမြို့စားများအား ဆန့်ကျင်လေ့ရှိကြသည်။သို့သော်ထိုသို့သော အပြုအမူများသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဂုဏ်သိက္ခာအား ပေါ်ပေါ်တင်တင်ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။

အမှန်တော့ ဤခန်းမအတွင်းရှိလူများသည် ဤနေရာမှ မိုင်ပေါင်းရာချီဝေးကွာသောနယ်မြေတစ်ခုအား သိမ်းပိုက်ရန်ဆွေးနွေးနေခြင်းဖြစ်သည်။ယင်းသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ပိုင်နက်ခွဲဝေမှုအပေါ် မလေးမစားပြုမူခြင်းဖြစ်သည်။အဓိကအကြောင်းရင်းမှာ ထိုနယ်မြေ၏အုပ်ချုပ်သူသည် သူတို့အားလက်ဆောင်ပဏ္ဍာမဆက်သသည့်အတွက်ကြောင့် ထိုနယ်မြေအားတိုက်ခိုက်ရန်အတွက် အခြားသူများကိုမျက်စိကျစေသည့်အဓိကအချက်ဖြစ်လာခဲ့သည်။

ဝမ်မိသားစုတွင် ဤနယ်မြေပတ်လည်၌ ရန်သူများသို့မဟုတ် ပြိုင်ဘက်များမရှိခဲ့ပေ။သို့သော်လည်း ယခုတိုက်ခိုက်ရန်ပြင်ဆင်နေသောနယ်မြေအား စိတ်ဝင်စားသူများသည် ထိုနယ်မြေအားတိုက်ခိုက်ရန်အတွက် ဝမ်ထျန်းဟူ၏ဖြောင့်မတ်သောဂုဏ်သိက္ခာကိုကျောထောက်နောက်ခံပြုရန် ကြိုးစားနေကြခြင်းဖြစ်သည်။

ယခုအချိန်ကာလသည် ဖရိုဖရဲဖြစ်နေပြီး ကောင်းကင်ခြင်္သေ့မင်းဆက်၏သြဇာအာဏာသည် တဖြည်းဖြည်းကျဆင်းလာခဲ့သော်လည်း သူတို့အားလုံးသည် အင်ပါယာကိုဆန့်ကျင်သည့်လုပ်ရပ်များကို ပေါ်ပေါ်တင်တင်မလုပ်ဆောင်ဝံ့ကြပေ။

ဤအရာသည် တရုတ်သမိုင်း၏ နွေဦးနှင့်ဆောင်းဦးကာလက စစ်ပွဲများနှင့်တူညီပေသည်။ဘုရင်ခံများသည် ဧကရာဇ်၏အမိန့်ကိုလုံးဝနာခံမှုမရှိခဲ့ကြပေ။သို့သော်ဧကရာဇ်မင်းမြတ်အား မည်သူကမှတိုက်ရိုက်ဆန့်ကျင်ခဲ့ခြင်းမရှိခဲ့ကြပေ။အပေါ်ယံအားဖြင့် ဧကရာဇ်မင်းမြတ်သည် နိုင်ငံတော်အားချုပ်ကိုင်အုပ်စိုးထားခဲ့သော်လည်း လက်တွေ့တွင်မူ ကိုယ်ပိုင်အခွင့်အာဏာဖြင့်အုပ်စိုးနေသော စစ်ဘုရင်များစွာရှိနေခဲ့သည်။

ယခုလည်းလူတိုင်းသည် ရှောင်ယုအား သောက်စားဖြုန်းတီးရန်ကလွဲ၍ ဘာမှမသိတတ်သောသားတစ်ယောက်ဟု ယူဆနေကြသည်။

ဤအရာသည် အခြေအနေအရပ်ရပ်ကို သတင်းမပို့ခဲ့သော အိမ်တော်ထိန်းမိုအားလည်း အပြစ်တင်နိုင်ပေသည်။အစောပိုင်းတွင် ခြင်္သေ့မြို့၏ဆိုးရွားသောအခြေအနေကို အစီရင်ခံစာတင်ခဲ့သော်လည်း လမ်းခရီး၌မှော်လည်ဆွဲအား ဆုံးရှံးခဲ့ရသည်က်ိုမတင်ပြခဲ့ပေ။အိမ်တော်ထိန်းမိုသည် ထိုအကြောင်းအား ဝမ်ထျန်းဟူကိုကိုယ်တိုင်တင်ပြရန်အတွက် ဆုံးဖြတ်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည် လူဆိုးတစ်ယောက်လိုပြုမူကာ ဝမ်အိမ်တော်ထဲသို့ အတင်းဝင်ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် ရှောင်ယုသည် ဂရင်း ၊ တိုင်ရန်ဒီနှင့် အခြားသောအောစ့်စစ်သည်များကို လူအများအာရုံစိုက်မခံရစေရန်အတွက် သူတို့၏သွင်ပြင်အား ဖုံးကွယ်ထားရန်အမိန့်ပေးခဲ့သည်၊ရှောင်ယုသည် ဒုက္ခကိုမကြောက်သော်လည်း မလိုလားအပ်သောပြသနာများကိုအချိန်ကုန်ခံ မဖြေရှင်းလိုပေ။အောစ့်များနှင့် နတ်သူငယ်များသည် ဤကမ္ဘာ၌အလွန်ရှားပါးနေပြီဖြစ်သည့်အပြင် တိုင်ရန်ဒီ၏အလှတရားသည် ဤကမ္ဘာနှင့်မသက်ဆိုင်နေတော့ပေ။

ထို့ကြောင့် တိုင်ရန်ဒီနှင့်ဂရင်းတို့သည် ရှောင်ယုနှင့်အတူ ခန်းမအတွင်းသို့ဝင်ရောက်လာသောအခါတွင် အခြားသောမှူးမတ်များသည် သူတို့အား သာမန်အစောင့်များဟု ထင်မှတ်ခဲ့ကြသည်။အကယ်၍ ရှောင်ယုထံတွင် အောစ့်များနှင့် နတ်သူငယ်ကိုယ်ရံတော်အစောင့်များရှိနေပါက သူတို့သည်ယခုလ်ိုမောက်မာဝံ့မှာမဟုတ်ပေ။

နဂါးလေးသည်လည်း အလွန်ငယ်ရွယ်သေးကာ ဦးချိုများပင်မပေါက်သေးပေ။ထို့ကြောင့် ခန်းမအတွင်းရှိလူအများစုသည် နဂါးလေးအား နဂါးတစ်ကောင်၏အင်္ဂါရပ်များနှင့်သက်ဆိုင်သော အဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင်ဟု ထင်မှတ်သွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ မြို့စားဘွဲ့သည် မျိုးရိုးအလိုက်ဆက်ခံနိုင်သော ဘွဲ့တစ်ခုဖြစ်သည်။ထို့ကြောင့် ရှောင်ကျန်းထျန်သေဆုံးသောအခါ ကောင်းကင်ခြင်္သေ့မင်းဆက်၏ မြို့စားကြီးဘွဲ့အား ရှောင်ယုမှဆက်ခံခဲ့သည်။

ဝမ်ထျန်းဟူသည်လည်း မြို့စားတစ်ယောက်ဖြစ်သော်လည်း ရှောင်ယုထက် အဆင့်အနည်းငယ်နိမ့်ကျပေသည်။ဝမ်ထျန်းဟူသည် ဝါစဉ်အရဆိုလျှင် ရှောင်ယုထက်အများကြီးမြင့်သော်လည်း ရှောင်ယု၏ဘွဲ့ကြောင့် သူသည်လည်းရှောင်ယုက်ိုရိုသေမှုပြသရမှာဖြစ်သည်။

ရှောင်ယုသည် မြို့စားကြီးဘွဲ့အမည်ကြောင့် ဝမ်ထျန်းဟူအပါအဝင် မည်သူ့ကိုမှ လေးစားနေစရာမလိုအပ်ပေ။ကောင်းကင်ခြင်္သေ့မင်းဆက်၏ စည်းမျည်းများနှင့်ဥပဒေအားလုံးသည် ရှောင်ယုအားယခုအချိန်အထိ အကာအကွယ်ပေးထားပေသည်။

ထို့ပြင် ရှောင်ယု၏လက်ရှိအနေအထားအရ မှူးမတ်ယွမ်အား ရာထူးကိုစွန့်လွှတ်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု ပြောနိုင်ပေသည်။ဤနေရာတွင် ရှေးရိုးစွဲမှူးမတ်မျိုးနွယ်များသည် ရှောင်ယုဘက်မှအခိုင်အမာရပ်တည်ကြမှာဖြစ်ပြီး မှူးမတ်ယွမ်အား ပြစ်ဒဏ်ချမှတ်ကြမှာဖြစ်သည်။

ရှောင်ယု၏စကားများကြောင့် ခန်းမအတွင်းရှိလူတိုင်း မိုးကြိုးပစ်ခံရသလို တုန်လှုပ်သွားကြပြီး မသိစိတ်၏စေခိုင်းမှုကြောင့် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ထိုထဲတွင် တတိယအဆင့်မှော်ဆရာအပါအဝင် ဝမ်ထျန်းဟူလည်းပါဝင်ပေသည်။ရှောင်ယုနေရာတွင် အခြားတစ်ယောက်က ခြိမ်းခြောက်ပြောဆိုပါက သူတို့ကြောက်ရွံ့မည်မဟုတ်သော်လည်း ရှောင်ယုသည်ကား အနည်းငယ်ကွဲပြားပေသည်။ရှောင်ယုသည် မြို့စားကြီးတစ်ယောက်ဖြစ်ကာ သူ၏အဖေဖြစ်သူရှောင်ကျန်းထျန်သည် အင်ပါယာကိုအကြိမ်များစွာကယ်တင်ပေးခဲ့သည်။အင်ပါယာသည် အခြားသောမြို့စားများကို ဂရုစိုက်မည်မဟုတ်သော်လည်း ရှောင်ယုကိုမူ မျက်နှာလွဲခဲပစ်လုပ်ဆောင်မည်မဟုတ်ပေ။

အကယ်၍ ကာရီလုပ်ဆောင်သကဲ့သို့ ရှောင်ယုအားတိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့ပါက ထိုအခြေအနေအား မည်သူကမှစစ်ဆေးနေမှာမဟုတ်ပေ။သို့သော်လည်း ယခုလိုမြို့စားတစ်ယောက်၏နယ်မြေ၌ ရှောင်ယုကဲ့သို့သော မြို့စားကြီးတစ်ယောက်အား ပေါ်တင်စိန်ခေါ်ခြင်းသည် ဧကရာဇ်အပေါ်မရိုမသေပြုခြင်းနှင့် လုံးဝမခြားပေ။

"တူလေးယု...ဦးလေးကမင်းမရောက်လာတာကိုမသိလို့ လာပြီးမကြိဆိုတာမဟုတ်ပါဘူး...ဒါကငါ့ကိုအချိန်မှီသတင်းမပို့တဲ့ အိမ်တော်ထိန်းမိုရဲ့အပြစ်ပဲ ငါသူ့ကိုနောက်ကျအပြစ်ပေးလိုက်မယ်"

ဝမ်ထျန်းဟူသည် ဖော်ရွှေသောလေသံဖြင့် လက်ရှိအခြေအနေကိုပြောင်းလဲရန် ကြိုးစားလိုက်သည်။

ဝမ်ထျန်းဟူသည် သူ၏နယ်မြေအား နှစ်ပေါင်းများစွာအုပ်ချုပ်နိုင်ခဲ့သောကြောင့် သူသည်အတွေ့အကြုံကြွယ်ဝသော နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည်မှာ မထူးဆန်းပေ။

ရှောင်ယုသည် ပြုံးရွှင်စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဦးလေးဝမ်ကို မြို့တံခါးထိလာရောက်ကြိုဆိုဖို့ မတောင်းဆိုဝံ့ပါဘူး..ငါ့ရဲ့ဒီစကားတွေကလည်း မင်းကိုရည်ရွယ်တာမဟုတ်ပါဘူး..."

ရှောင်ယုသည် သူ့ရင်ထဲ၌ တိတ်တဆိတ်ငြီးတွားမိလိုက်သည်။

"ဟမ့်...မင်းကတကယ့်ကြောင်သူတော်ကြီးပဲ...မင်းကိုဖိအားပေးဖို့အတွက်နဲ့ ငါ့ရဲ့အထောက်အထားကို အသုံးမပြုချင်ခဲ့ပေမဲ့ မင်းအမေက မင်းကိုအမူအကျင့်ကောင်းတွေ မသင်ပေးခဲ့ဘူးထင်တယ်...ငါသာနည်းနည်းလောက်အစွယ်ထုတ်မပြရင် ငါ့ကိုမခုတ်တတ်တဲ့ကြောင်လေးတစ်ကောင်လို့ ထင်သွားလိမ့်မယ်"

ရှောင်ယုသည် စိတ်ထိန်းလိုက်ပြီး အိမ်အကူအားလှည့်ကြည့်လိုက်သည်။

"ငါ့ကိုလက်ဖက်ရည်တစ်ခွက်လောက်ယူပေး...ဒီလူယုတ်မာတွေကိုကျိန်ဆဲရတာ တော်တော်ပင်ပန်းနေပြီ"

ဝမ်ထျန်းဟူသည် ရှောင်ယုရှေ့၌ ရိုရိုသေသေရပ်နေသည်ကိုမြင်တွေ့လိုက်ရသော အိမ်အကူသည် ရှောင်ယု၏အမိန့်ကိုလုံးဝမငြင်းဆန်ဝံ့ပေ။

ရှောင်ယုသည် လက်ဖက်ရည်ကိုမော့သောက်လိုက်ကာ လူတိုင်းကိုစိုက်ကြည့်လိုက်သည်။

"ထိုင်ကြ...မင်းတို့အကုန်လုံးရပ်နေရတာမပင်ပန်းဘူးလား...ငါကအငယ်တန်းတစ်ယောက်ပါဘဲ"

ရှောင်ယုသည် ယခုအချိန်တွင် သူ၏ဘွဲ့ကိုအလွဲသုံးစားမပြုလုပ်ထားသည့် လူရိုးလေးတစ်ယောက်လို ပြုမူနေခဲ့သည်။

ရှောင်ယု၏အမိန့်ကြောင့် လူတိုင်းထိုင်လိုက်ပြီးနောက်တွင် ရှောင်ယုသည် ဝမ်ထျန်းဟူအားစိုက်ကြည့်၍ပြောလိုက်သည်။

"ဦးလေးဝမ်ရေ...အပြင်ဘက်မှာ ငါ့ရဲ့ရှောင်မိသားစုဝင်တစ်ယောက်ကခုထိရပ်နေတုံးပဲ...သူ့ကိုလက်ဖက်ရည် တစ်ခွက်လောက်တ်ိုက်ချင်လို့ အထဲကိုခေါ်လိုက်လို့မရဘူး"

ဝမ်ထျန်းဟူသည် ခဏလောက်အံ့သြသွားခဲ့သော်လည်း ရှောင်ယု၏စကားနောက်ကွယ်မှ အဓိပ္ပါယ်ကိုဖော်ထုတ်ပြီးနောက် အပြင်ဘက်၌ရပ်နေသော စစ်ဝမ်အားဆိုလိုကြောင်း သူနားလည်သွားခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားသည် တင်းကြပ်သွားခဲ့ရသည်။လက်ရှိအနေအထားအရ စစ်ဝမ်အားပြန်လည်လက်ထပ်ပေးမယ့်ကိစ္စမှာ ခက်ခဲမယ့်အခြေအနေသို့ရောက်ရှိလာမည်ဖြစ်သည်။

ရှောင်ယု၏စကားအရဆိုလျှင် တံခါးအပြင်ဘက်၍ ရှောင်မိသားစု၏မိသားစုဝင်တစ်ယောက် ရှိနေသည်ဟုပြောခြင်းဖြစ်ပြီး စစ်ဝမ်သည် ယခုအခါရှောင်မိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဖြစ်ကြောင်း ဝမ်ထျန်းဟူက်ိုသတိပေးခဲ့သည်။သူမကို ဝမ်မိသားစု၏အစိတ်အပိုင်းတစ်ခုအဖြစ် မဆက်ဆံနိုင်တော့ပေ။

ဝမ်ထျန်းဟူ၏စိတ်နှလုံးသည် ချက်ချင်းအေးစက်သွားသော်လည်း အပြုံးတစ်ခုအား ဖော်ဆောင်လိုက်သည်၊

"စစ်ဝမ်ရေ သမီးကိုမတွေ့ရတာတောင်ကြာပြီ...ငါ့ကိုတစ်ချက်လာတွေ့စမ်းပါ"

ရှောင်ယုသည် ဝမ်ထျန်းဟူအားစိုက်ကြည့်ကာ စိတ်ထဲမှတိုးတိုးလေးရေရွတ်လိုက်သည်။

"မင်းကဟန်ဆောင်နိုင်သေးတယ်ပေါ့...ငါမင်းကိုမျက်နှာသာပေးထားတာ တောင်မှ မင်းကအလျော့မပေးသေးဘူးဘဲ..."

စစ်ဝမ်သည် ဝမ်ထျန်းဟူ၏စကားကိုကြားသည်နှင့် အခန်းထဲသို့အမြန်ဝင်လာကာ နှုတ်ဆက်လိုက်သည်။

"စစ်ဝမ်က အဖေ့ကိုနှုတ်ဆက်ပါတယ်"

ဝမ်ထျန်းဟူကလည်း ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

"စစ်ဝမ် မင်းအမေကိုသွားတွေ့လိုက်...သူမကလည်းမင်းကိုတွေ့ချင်နေတာကြာပြီ"

"ဟုတ်ကဲ့အဖေ...ငါအခုပဲသွားတွေ့လိုက်ပါမယ်...ဒါပေမဲ့ အဖေ့အတွက်လက်ဆောင်အသေးလေးတစ်ခုယူလာခဲ့တယ်...အဖေကအဲ့ဒါက်ိုနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်"

ဝမ်ထျန်းဟူသည် စစ်ဝမ်အားချက်ချင်းချီးကျူးလိုက်သည်။

"သမီးလေးက ခုထိကောင်းမွန်တဲ့ရိုးရာဓလေ့ကိုထိန်းသိမ်းထားတာပဲ...ကောင်းတယ်"

ထိုအချိန်တွင် စစ်ဝမ်သည် ရှေ့တိုးလာပြီး နူးညံ့သောသေတ္တာတစ်လုံးက်ို ပေးလိုက်သည်။

"ဝမ်မိသားစုရဲ့သမီးလေးက လိမ္မာရေးခြားရှိပြီး အဖေ့အတွက် အရမ်းကောင်းမွန်တဲ့လက်ဆောင်တစ်ခု ယူလာခဲ့တာပဲ...ကျေးဇူးပြုပြီးငါတို့ကိုတစ်ချက်ပြလို့ရမလား"

ရှောင်ယု၏အပြစ်တင်ခြင်းကို ခံလိုက်ရသော မှူးမတ်ယွမ်သည် ဒေါသထွက်နေဆဲဖြစ်ကာ စစ်ဝမ်ယူဆောင်လာသောလက်ဆောင်ကို အခွင့်ကောင်းယူကာ ရှောင်ယုကိုတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။

ခြင်္သေ့မြို့သည် ဆုတ်ယုတ်ကျဆင်းနေကြောင်း လူတိုင်းသိရှိထားရာ စစ်ဝမ်ယူဆောင်လာသောလက်ဆောင်သည် ကောင်းမွန်ခြင်းမရှိနိုင်ကြောင်း သူတို့ယုံကြည်ကြပေသည်။ထိုလက်ဆောင်သည် သူတို့ထင်ထားသလ်ို အမှန်တကယ်အဖိုးမတန်ပါက ထိုအခွင့်ကောင်းကိုရယူကာ ရှောင်ယုအားထိုးနှက်ရန်အတွက် မှူးမတ်ယွမ်က ပြင်ဆင်လိုက်သည်။

ဝမ်ထျန်းဟူသည်လည်း မှူးမတ်ယွမ်၏ရည်ရွယ်ချက်ကို နားလည်သည့်အတွက်ကြောင့် သူသည်လည်း ခြင်္သေ့မြို့၏အဆင့်အတန်းကို လူတိုင်းရှေ့တွင်ဖွင့်ထုတ်ရန် ဤအခွင့်အရေးကိုအသုံးချလိုခဲ့သည်။သူသည် စစ်ဝမ်အားနောက်ထပ် အင်အားကြီးအိမ်တော်တစ်ခုထံ လက်ထပ်လမ်းကြောင်းချပေးလိုသောကြောင့် သူမသည်ခြင်္သေ့မြို့၌ ဆိုးရွားစွာနေထိုင်နေရကြောင်း ပြသစေလိုခဲ့သည်။

ထို့ကြောင့် ဝမ်ထျန်းဟူက ပြုံး၍ခွင့်ပြုလိုက်သည်။

"ကောင်းပြီလေ..."

ဝမ်ထျန်းဟူသည် သေတ္တာကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် လူတိုင်း၏အကြည့်များသည် သေတ္တာထဲရှိ လက်ဆောင်ပေါ်သို့ ရောက်ရှိလာကြသည်။သူတို့သည် ရှောင်ယုအပေါ် မကျေနပ်ချက်များရှိကြ၍ ရှောင်ယုအား ပေါ်တင်မလှောင်ပြောင်ဝံ့ကြသော်လည်း တိတ်တိတ်လေးကဲ့ရဲ့လှောင်ပြောင်လိုကြသည်။ထိုကောင်လေးသည် မြို့စားကြီးဘွဲ့အမည်က်ိုခုတုံးလုပ်ကာ သူတို့လိုမြင့်မြတ်သူများအား ရ်ိုသေလေးစားမှုကိုပြသရန် မတ်တပ်ထရပ်ခိုင်းခဲ့သည်။

ဝမ်ထျန်းဟူသည် လက်ဆောင်သေတ္တာက်ိုဖွင့်ပြလိုက်သောအခါတွင် သေတ္တာအတွင်း၌ ဖောက်ထွင်းမြင်နေရသော ဖန်ခွက်နှစ်ခုက်ိုဘေးချင်းကပ်ယှည်လျက် သပ်သပ်ရပ်ရပ်စီထားကြောင်း တွေ့လိုက်ရသည်။

သူတို့အားလုံးသည် ထိုဝိုင်ခွက်အားတွေ့သောအခါ လှောင်ပြောင်သရော်ရန်ပြင်ဆင်လိုက်ကြသည်။ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးသည် သူမ၏မွေးရပ်အိမ်သို့အလည်လာရောက်သောအခါ ထိုကဲ့သို့တန်ဖိုးမရှိသည့် ဖန်ခွက်တစ်စုံကိုယူဆောင်လာမည်မဟုတ်ပေ။ထိုသို့သောလက်ဆောင်များ သည် အမှိုက်တစ်စထက်မပိုပေ။

ထိုအချိန်တွင် မှူးမတ်ယွမ်က ပထမဆုံးစတင်လှောင်ပြောင်လိုက်သည်။

"သူမက မိန်းကလေးကောင်းတစ်ယောက်ပဲ...သူ့အဖေကဝိုင်သောက်ဖို့ ဖန်ခွက်တွေလိုနေတာသိလို့ ဖန်ခွက်တွေကို အလိုက်တသိယူလာပေးတာပဲ...ဟားဟားခြင်္သေ့မြို့က ဒီလောက်အဖိုးတန်တဲ့လက်ဆောင်တစ်ခုက်ို ယူလာလိမ့်မယ်လို့ မထင်ထားဘူး"

"ဟုတ်ပါတယ်...ဒီဖန်ခွက်အစုံဟာ ရွှေပြားဒါဇင်နှင့်ချီပြီး ကုန်ကျလိမ့်မယ်...ဒါတွေကိုခြင်္သေ့မြို့ကယူလာတယ်ဆိုရင် ပိုပြီးတော့အဖိုးတန်သွားလိမ့်မယ်...ဘာပဲဖြစ်ဖြစ် မြို့စားရှောင်ကဒီကိုလာတဲ့လမ်းမှာ ဒါတွေကိုဝယ်ယူလာတာလည်းဖြစ်နိုင်တာပဲ...ဒါပေမဲ့ မိုင်ထောင်ချီဝေးကွာတဲ့နေရာကနေပြီးတော့ သူ့အဖေအတွက်လက်ဆောင်ယူလာပေးတဲ့ သမီးဖြစ်သူရဲ့စေတနာကိုတော့ ငါတို့အသိအမှတ်ပြုရလိမ့်မယ်"

မင်းသားဟွေ့ကလည်း ဝင်ရောက်လှောင်ပြောင်လိုက်သည်။

"ဒီဖန်ခွက်တစ်စုံရဲ့ တကယ့်တန်ဖိုးဟာ သေတ္တာနဲ့စာရင်တော့ နည်းနည်းတန်ဖိုးနိမ့်တယ်...အဲ့ဒီသေတ္တာကို မြောက်ပိုင်းမှာပေါက်တဲ့သစ်မာသားနဲ့ သေချာလုပ်ထားတာဆိုတော့ ရွှေပြားရာနဲ့ချီပြီးအဖိုးတန်နိုင်တယ်"

မြင့်မြတ်သောမှူးမတ်တစ်ယောက်က လေးနက်သောလေသံဖြင့် ဝင်ရောက်လှောင်ပြောင်လိုက်သည်။

"အမှန်တော့ ဒါကခြင်္သေ့မြို့ရဲ့ ထူးခြားတဲ့ရတနာတစ်ခုလို့ ငါထင်နေတယ်....မဟုတ်ရင် မြို့စားရှောင်က မိန်းကလေးကိုအပင်ပန်းခံခိုင်းပြီး အဖိုးတန်ဖန်ခွက်တွေကို ယူလာခိုင်းမှာမဟုတ်ဘူး"

နောက်ထပ်တစ်ယောက်ကလည်း အခွင့်အရေးက်ို လက်လွတ်မခံဘဲ ဝင်ရောက်လှောင်ပြောင်လိုက်သည်။

မှူးမတ်များသည် ရှောင်ယုကိုလှောင်ပြောင်ရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ကြိုးစားနေကြသည်။

သို့သော်လည်း ရှောင်ယုကမူ ထိုလူပြက်တစ်သိုက်အား ဂရုမစိုက်ဘဲငြိမ်သက်စွာထိုင်နေခဲ့သည်။စစ်ဝမ်သည် ထိုဖန်ခွက်တစ်စုံ၏တန်ဖိုးကို ရှင်းပြချင်သော်လည်း မှူးမတ်များ၏အဆက်မပြတ်လှောင်ပြောင်မှုကြောင့် အခွင့်အရေးမရခဲ့ပေ။ရှောင်ယုသည်လည်း ငြိမ်သက်နေသောကြောင့် သူမသည်လည်းတိတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်သည်။

"မင်းတို့တွေအားလုံးက တန်ဖိုးအကြောင်းကိုပဲပြောမနေပါနဲ့...ဒီဖန်ခွက်အစုံလေးက ငါ့သမီးလေးဂရုတစိုက်နဲ့ အဝေးကယူလာခဲ့တဲ့လက်ဆောင်တွေပဲ...ခြင်္သေ့မြို့ကကျဆင်းနေတာတောင်မှ ငါ့ဆီလက်ဆောင်ယူလာပေးတဲ့အတွက် ငါဝမ်းသာတယ်..."

ဝမ်ထျန်းဟူသည် လှောင်ပြောင်နေကြသော လူအုပ်အားရပ်တန့်ရန် လက်ပြလိုက်သည်။သို့သော်လူတိုင်း၏မျက်နှာပေါ်၌ မကျေနပ်သေးသောအရိပ်အယောင်များကို တွေ့မြင်နေရသေးသည်။

ရှောင်ယုသည် ဝမ်ထျန်းဟူ၏ စကားအဆုံးသတ်ကိုနားထောင်၍ သူ့ရင်ထဲ၌ တိတ်တဆိတ်ရေရွတ်လိုက်သည်။

"ဒီအဘိုးကြီးက ဘယ်လိုအဆုံးသတ်မလဲ ငါစောင့်ကြည့်နေတာလေ"

ထိုအချိန်တွင် ရှောင်ယုသည် ပြုံးလိုက်ပြီး ရှေ့ထွက်လာခဲ့သည်။

"ဦးလေးဝမ်ပြောတာအမှန်ပဲ...ခြင်္သေ့မြို့ကကျဆင်းနေတာဖြစ်တာကြောင့် ဒီထက်ကောင်းတဲ့လက်ဆောင်ကို ငါရှာမတွေ့ခဲ့ဘူး...တကယ်လို့ဦးလေးဝမ်သာစိတ်မရှိဘူးဆိုရင် ငါကဒီဖန်ခွက်တွေကိုသုံးပြီး ဦးလေးဝမ်အတွက် တစ်ခွက်ငှဲ့ပေးပါရစေ"

ရှောင်ယုသည် သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ကာ ဂရင်းထံမှဝိုင်နီပုလင်းကို လှမ်းယူလိုက်သည်။

ရှောင်ယုသည် ဝိုင်နီအားခွက်တစ်ခုအတွင်းသို့ လောင်းထည့်လိုက်သောအခါ မူလကကြည်လင်ပြတ်သား၍ ဖောက်ထွင်းတွေ့မြင်နေရသော ဖန်ခွက်သည် တဖြည်းဖြည်းစတင်ပြောင်းလဲလာခဲ့သည်။ဖန်သားပြင်သည် ဝိုင်နီနှင့်ထိတွေ့ချိန်တွင် အစိုင်အခဲတစ်ခုအဖြစ် စတင်ပြောင်းလဲလာခဲ့သည်။ထို့နောက် အနီရောင်အလင်းတန်းများထွက်ပေါ်လာကာ ဖန်သားပြင်ပေါ်၌ ထူးဆန်းသောပုံရိပ်များစတင်ဖြစ်ပေါ်လာခဲ့သည်။ထိုပုံရိပ်များသည် သမုဒ္ဒရာအတွင်း၌ ငါးများကူးခတ်နေသည့် ပုံစံအားဖော်ပြလာခဲ့ကာ ရှောင်ယုကဖန်ခွက်အားမြောက်လိုက်ချိန်တွင် ထိုပုံရိပ်များသည် နံရံပေါ်၌ရောင်ပြန်ဟပ်စေမယ့် အလင်းတန်းတစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။ထိုအခါ နံရံများပေါ်၌ ရေထဲတွင်ငါးအများအပြား ကူးခတ်နေသည့်ပုံစံ...ရံဖန်ရံခါတွင် ငါးများကရေထဲမှခုန်ထထွက်လာသည့်ပုံစံတို့ကို ရောင်ပြန်ဟပ်စေကာ အစစ်အမှန်ဟုပင်ထင်ရစေခဲ့သည်။

ထိုမြင်ကွင်းကိုတွေ့မြင်လာသူတိုင်း အံ့သြနေကြချိန်တွင် မှူးမတ်ယွမ်သည် ထိတ်လန့်တကြားထအော်လိုက်သည်။

"ဒါက ဒဏ္ဍာရီဆန်တဲ့ဖန်ခွက်အစုံမဟုတ်လား...အဲ့ဒါကအရေအတွက် အကန့်အသတ်ထုတ်ထားပြီး အစုံ၁၀၀ပဲထုတ်ထားတာလေ...အခုဆိုရင်တော့ အစုံ၂၀အောက်ပဲကျန်တော့တယ်"

ရှောင်ယုသည် မှူးမတ်ယွမ်အားကြည့်ကာချီးကျူးဟန်ဆောင်လိုက်သည်။

"အိုး မှူးမတ်ယွမ်ကတော်တော် အသိပညာရှိတာပဲ...ဒီဖန်ခွက်အစုံက ဝိုင်သောက်ဖို့အရမ်းသင့်တော်တဲ့အတွက် တစ်စုံတစ်ယောက်ကိုလက်ဆောင်ပေးဖို့သင့်တော်တယ်လေ...ဒါနဲ့ဦးလေးဝမ်ဆီကိုအလည်လာခိုက် ဒီဖန်ခွက်အစုံကိုလက်ဆောင်ပေးဖို့ မရီးကဆုံးဖြတ်လိုက်တယ်...ဒါကသိပ်တန်ဖိုးမကြီးဘူးဆိုတာ ငါသိထားပေမဲ့ မိုင်ထောင်ချီဝေးတဲ့အရပ်ကနေ ဂရုတစိုက်ယူလာပေးတဲ့အတွက်ကြောင့် ဦးလေးဝမ်က ငါ့ရဲ့သေးနုပ်တဲ့လက်ဆောင်ကို လက်ခံပေးဖို့မျှော်လင့်ပါတယ်"

ရှောင်ယု၏စကားတစ်ခွန်းသည် ခန်းမအတွင်းရှိလူတိုင်း၏ မျက်နှာကိုဖြတ်ရိုက်လိုက်သလို ခံစားရစေခဲ့သည်။

အခန်း ၇၄ - ဝမ်ထျန်းဟူ၏ထိတ်လန့်မှု

လူတိုင်းသည် ထိတ်လန့်မှုကြောင့် အချိန်အတော်ကြာရပ်နေခဲ့သည်။ထိုအချိန်တွင် ဝမ်ထျန်းဟူကတိတ်ဆိတ်နေသောလေထုက်ို စတင်ချိုးဖျက်လိုက်သည်။

"တူလေး...ဒီလက်ဆောင်ကအရမ်းကိုအဖိုးတန်လွန်းတယ်"

ရှောင်ယုသည် အလေးမထားဟန်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဒါကမရီးရဲ့လက်ဆောင်ပါ ငါ့ဟာကသက်သက်ရှိတယ်"

ရှောင်ယုသည် ဂရင်းအားလက်ဝှေ့ယမ်းပြလိုက်ရာ ဂရင်းသည်နောက်ထပ်သေတ္တာအရှည်တစ်ခုအား ထုတ်ယူလိုက်သည်။

ရှောင်ယုသည် ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ကာ လက်ဖက်ရည်ကိုအေးဆေးသောက်နေလိုက်သည်။

"ဒီသေတ္တာထဲမှာ ဆရာကြီးအန်ဒရူးကိုယ်တ်ိုင်ရေးဆွဲထားခဲ့တဲ့ ချပ်စ်တောင်တန်းရဲ့ပုံတူပန်းချီကားရှိတယ်...ဦးလေးဝမ်က ဆရာကြီးအန်ဒရူးရဲ့လက်ရာတွေကို နှစ်သက်တယ်လို့သိထားတဲ့အတွက် ဒီတစ်ခုကိုအထူးယူဆောင်လာခဲ့တာပဲ"

အမှန်တော့ ရှောင်ယုသည် ဤလက်ဆောင်ပစ္စည်းအားလုံးက်ို ဓားပြများထံမှလုယက်လာခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ရှောင်ယုသည် ဤပစ္စည်းများကို လက်ဆောင်အဖြစ် ဝမ်မိသားစုထံပေးအပ်မည်ဟုပြောလာချိန်တွင် အိမ်တော်ထိန်းဟောင်သည် တုံ့ဆိုင်းသွားခဲ့ရသည်။ဤပစ္စည်းများသည် အလွန်အဖိုးတန်ကြောင်း ရှောင်ယုက်ိုအိမ်တော်ထိန်းဟောင်က ပြောခဲ့သော်လည်း ရှောင်ယုကဂရုမစိုက်ခဲ့ပေ။ပထမဆုံးအချက်မှာ ခြင်္သေ့မြို့သည်ပြန်လည်ဖွံဖြိုးဆဲကာလတွင်ရှိ၍ ရှေးဟောင်းပစ္စည်းသို့မဟုတ် အဖိုးတန်ရတနာများသည် အရေးမပါသေးပေ။

ယခုအချိန်တွင် ရှောင်ယုဂရုစိုက်သော တစ်ခုတည်းသောအရာမှာ ရွှေပြားများသာဖြစ်သည်။ရှောင်ယုသည် စစ်ဝမ်တစ်ယောက် သူမ၏ဖခင်ရှေ့တွင် မျက်နှာသာရရှိစေရန်အတွက် ဤအဖိုးတန်ပစ္စည်းများကို လက်ဆောင်အဖြစ်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။အခြားသူများသည် သူ၏မိသားစုဝင်များကို နှိမ့်ချလာမည်ကိုရှောင်ယုမမြင်တွေ့လိုပေ။မည်သို့ပင်ဆိုစေ စစ်ဝမ်သည်ရှောင်မိသားစု၏အစိတ်အပိုင်းတစ်ခုအဖြစ် ရှောင်ယုမှတ်ယူထားခဲ့သည်။

ရှောင်ယုယူဆောင်လာသော လက်ဆောင်သည် ဆရာကြီးအန်ဒရူး၏ "ချပ်စ်တောင်တန်း"ပန်းချီကားဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဝမ်ထျန်းဟူသည်အလွန်အံ့သြသွားခဲ့သည်။

ဝမ်ထျန်းဟူသည် ရှည်လျားသောသေတ္တာကိုဖွင့်လိုက်ပြီးနောက် ပန်းချီကားကို အတုအစစ်စတင်ခွဲခြားခဲ့သည်။ထင်ရှားသောပန်းချီဆရာတစ်ယောက် ဖြစ်သည်နှင့်အညီ အန်ဒရူး၏နာမည်ကျော်ပန်းချီကားများကို ပုံတူရေးဆွဲထားသော အတုအယောင်များရှိနေခဲ့သည်။ယခုဝမ်ထျန်းဟူလက်ထဲ၌ရှိနေသော "ချပ်စ်တောင်တန်း"ပန်းချီကားတွင်လည်း ပုံတူတစ်ခုရှိနေပေသည်။

ဝမ်ထျန်းဟူသည် လက်ရေးလှများနှင့်ပန်းချီကားများကို နှစ်သက်သဘောကျသူတစ်ဦးဖြစ်သည်။အချိန်အတော်ကြာအောင် ပန်းချီကားများကိုစုဆောင်းခဲ့သူတစ်ဦးအနေဖြင့် ဝမ်ထျန်းဟူအား ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ်သတ်မှတ်နိုင်ကာ ပန်းချီကားအတုအစစ်က်ို တစ်ချက်ကြည့်ရုံဖြင့်ခွဲခြားနိုင်သည်။ယခုလည်း ဝမ်ထျန်းဟူသည် အချိန်အတော်ကြာအောင် ဂရုတစိုက်စစ်ဆေးပြီးနောက် ပန်းချီကားသည်အစစ်ဖြစ်ကြောင်း နားလည်လိုက်သည်။

"တူလေးယုက အရမ်းကိုအဖိုးတန်တဲ့လက်ဆောင်တစ်ခုယူလာခဲ့တာပဲ...ငါလက်ခံရတာ တကယ်ရှက်ဖို့ကောင်းနေပြီ"

ဝမ်ထျန်းဟူသည် ရှောင်ယုအားကြည့်ရင်း ရယ်ရယ်မောမောပြောဆိုလိုက်သည်။သို့သော်ယခုအခါ ရှောင်ယုအားကြည့်နေသော သူ၏အကြည့်သည် ယခင်ကနှင့်မတူဘဲ ခြားနားမှုတစ်ခုရှိနေခဲ့သည်။

"ဒီလို ပန်းချီကားတွေနဲ့ လက်ရေးလှစာမူတွေက ဦးလေးဝမ်လ်ို တန်ဖိုးသိတတ်သူတွေရဲ့ အဖိုးတန်စုစည်းမှုတွေပါ...ငါလို့လူအတွက်တော့ အသုံးမဝင်ပါဘူး"

ဝမ်ထျန်းဟူသည် ခေါင်းညိတ်ပြလိုက်ကာ သဘောတူလိုက်သည်။

"မနက်ဖြန်မင်းအတွက် ပွဲတစ်ခုလုပ်ပေးမယ်"

ရှောင်ယုသည် လက်ဖက်ရည်သောက်နေရင်း မျက်လုံးကိုမှိတ်ထားလိုက်သည်။

"ဦးလေးဝမ်က ယဉ်ကျေးလွန်းနေပါပြီ"

ထို့နောက် ဝမ်ထျန်းဟူသည် စစ်ဝမ်ဘက်သို့လှည့်၍ ပြောလိုက်သည်၊

"စစ်ဝမ် မင်းအမေကိုသွားတွေ့လိုက်တော့ မင်းအမေကမကြာသေးခင်ကမှ နေမကောင်းဖြစ်ခဲ့တော့ သူမကိုသွားတွေ့သင့်တယ်"

"ဟုတ်ကဲ့အဖေ စစ်ဝမ်အခုပဲသွားလိုက်ပါမယ်"

စစ်ဝမ်သည် ရိုသေစွာနှုတ်ဆက်၍ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

ဝမ်ထျန်းဟူသည် သူ့ဘေးရှိ အိမ်အကူအားအမိန့်ပေးလိုက်သည်။

"၄ယောက်မြောက်သခင်မလေးကို သူ့အမေရဲ့အခန်းဆီလိုက်ပို့လိုက်"

ထိုအချိန်တွင် ရှောင်ယုကထ၍အကြံပေးလိုက်သည်။

"ဦးလေးဝမ်...ငါ့ရဲ့မရီးကခြင်္သေ့မြို့မှာရှိတုံးကဆ်ိုရင် အိမ်အကူတွေအများကြီးက သူမက်ိုဝန်ဆောင်မှုပေးကြတယ်...သူမရဲ့ဘေးမှာ အိမ်အကူ၁ယောက် ၂ယောက်ပဲရှိနေတာက အဆင်မပြေလောက်ဘူး...ဒီခရီးစဉ်မှာ ငါအိမ်အကူနှစ်ယောက်ကိုခေါ်လာခဲ့တယ်...ငါ့ရဲ့မရီးနောက်ကို သူတို့နှစ်ယောက်လိုက်သွားရင် ပိုအဆင်ပြေမယ်ထင်တယ်"

ရှောင်ယုသည် လီအာနှင့်တိုင်ရန်ဒီကို အချက်ပြလိုက်ကာ စစ်ဝမ်နောက်သို့လိုက်သွားစေခဲ့သည်။

ရှောင်ယုသည် စစ်ဝမ်အား ဝမ်အိမ်တော်မှ တစ်စုံတစ်ဦးမှဒုက္ခပေးခြင်း သို့မဟုတ် သရဲတစ်ကောင်၏ခေါ်ဆောင်ခံသွားရခြင်း စသည့်ဆိုးရွားသည့်ဖြစ်ရပ်များမဖြစ်ပေါ်စေလိုခဲ့ပေ။လီအာနှင့်တိုင်ရန်ဒီတို့ကဲ့သို့ အဆင့်မြင့်ကျွမ်းကျင်သူများသာ စစ်ဝမ်အားကာကွယ်ပေးထားပါက ထိုသို့သောဖြစ်ရပ်များ မဖြစ်ပေါ်စေနိုင်ဟု ရှောင်ယုယုံကြည်ထားသည်။

တိုင်ရန်ဒီသည် စစ်ဝမ်၏နောက်သို့ မေးခွန်းမထုတ်ဘဲ ချက်ချင်းလိုက်သွားခဲ့သည်။သို့သော်လည်း လီအာသည် မကျေမနပ်ဖြင့် ရှောင်ယု၏ခြေထောက်ကို တက်နင်းလ်ိုက်သည်။သူမသည် ယခုလိုအိမ်အကူတစ်ယောက်ကဲ့သို့ဆက်ဆံခံနေရသည်ကို မကျေနပ်ခဲ့ပေ။

ရှောင်ယု၏လုပ်ရပ်ကြောင့် ဝမ်ထျန်းဟူ၏မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

"စိတ်မပူပါနဲ့တူလေးယု....စစ်ဝမ်ကအိမ်အကူတွေ တော်တော်များများကိုခိုင်းစေနိုင်ပါတယ်...ငါကနောက်ထပ်အိမ်အကူအနည်း ငယ် ထပ်ဖြည့်ပေးလိုက်ပါမယ်"

သို့သော် ရှောင်ယုသည် ဝမ်ထျန်းဟူ၏မကောင်းသောရည်ရွယ်ချက်အား နားလည်ထား၍ စကားပိတ်ပြောလိုက်သည်။

"ဦးလေးဝမ်က သမီးဖြစ်သူအတွက် အရမ်းစိတ်ပူနေစရာမလိုပါဘူး...ခြင်္သေ့မြို့က အိမ်အကူတွေဟာ အရမ်းကိုအလုပ်ကြိုးစားကြတယ်...သူတို့ကမရီးအနားမှာ အချိန်ပြည့်ရှိနေပြီး တစ်ခုခုလိုအပ်ရင် ငါ့ကိုအမြန်ဆုံးအကြောင်းကြားလိမ့်မယ်"

"ခြင်္သေ့မြို့မှာ လေးနဲ့မြှားကိုအသုံးပြုတဲ့ အိမ်အကူတွေက်ို ထူးခြားတယ်လို့ မမြင်ကြဘူး...ခြင်္သေ့မြို့ရဲ့ပတ်ပတ်လည်မှာရန်သူတွေအများကြီးပဲလေ...ဒါကြောင့်နယ်မြေကာကွယ်ရေးကို အမျိုးသမီးတွေပါဝင်ကူညီတာ မထူးဆန်းပါဘူး"

ရှောင်ယုက ပြုံးပြုံးလေးပြောလိုက်သည်။

ဝမ်ထျန်းဟူသည် ရှောင်ယု၏တောင်းဆိုမှုအား ငြင်းဆိုရန်အကြောင်းပြချက် ရှာမရသည့်အတွက်ကြောင့် ထိုကိစ္စအားဆက်လက်မလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်ဝမ်ထွက်ခွာသွားပြီးနောက် ဝမ်ထျန်းဟူသည် ပန်းချီကားကိုဂရုတစိုက်သိမ်းဆည်းလိုက်ကာ တည်ငြိမ်စွာပြုံးလိုက်ပြီး ရှောင်ယုအားချီးကျူးလိုက်သည်။

"တူလေးယုက ငယ်သေးတယ်ဆိုပေမဲ့ သူရဲကောင်းဆန်တယ်...ရှောင်ကျန်းထျန်ရဲ့မျိုးဆက်တွေဟာ တကယ့်ကိုသူများနဲ့ကွဲပြားကြတာပဲ"

ဝမ်ထျန်းဟူ၏စကားကြောင့် ရှောင်ယုကရယ်မောလိုက်သည်။

"ဦးလေးဝမ်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်....ဒါပေမဲ့ငါ့မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး အသက်ရှည်ရှည်နေထိုင်စားသောက်ရင်း မိန်းမလှလေးတစ်ယောက်ကို ပိုင်ဆိုင်ရသရွေ့ငါကျေနပ်ပါတယ်...ဦးလေးဝမ်ကသာ ကမ္ဘာကြီးကိုလှုပ်ခတ်စေတဲ့ တကယ့်သူရဲကောင်းတစ်ယောက်ပဲ...အနာဂတ်မှာ ဦးလေးရဲ့ဂုဏ်သတင်းက ခုထက်ပိုပြီးကျော်လွန်သွားမှာပဲ...အဲကျရင်ဒီတူလေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"

"ဟားဟား...တူလေးယုက ငါ့ကိုမြောက်ပင့်လွန်းနေပါပြီ...ငါက ကွယ်လွန်သွားတဲ့အစ်ကိုကြီးရှောင်ကျန်းထျန်ရဲ့ တစ်ဝက်လောက်တောင် အရည်အချင်းမရှိပါဘူး...ဒါပေမဲ့ မင်းအဖေကငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားတာ နှမြောစရာပဲ...သူမသေခင်က မင်းရဲ့အစ်ကိုနဲ့စစ်ဝမ်ကို လက်ထပ်ပေးနိုင်ခဲ့လို့ ငါဝမ်းသာခဲ့ရပေမဲ့ မင်းအစ်ကိုကလည်း ကံဆိုးစွာနဲ့ကွယ်လွန်သွားတာက ငါ့ကိုစိတ်မကောင်းဖြစ်စေခဲ့တယ်...ဒါကြောင့်ငါကသမီးလေးရဲ့ အနာဂတ်အတွက် အရမ်းကိုစိုးရိမ်ပူပန်နေရသည်။အဖေတစ်ယောက်အနေနဲ့တော့ သမီးလေးပျော်ရွှင်နေတာကိုပဲ မြင်ချင်တာပါ"

ဝမ်ထျန်းဟူသည် သူပြောလိုသောအဓိကအကြောင်းအရာကို ကျွမ်းကျင်စွာလှည့်ပြောင်းခဲ့သည်။

ရှောင်ယုသည် ဝမ်ထျန်းဟူအားစိုက်ကြည့်ကာ သူ့နှလုံးသားထဲ၌ တီးတိုးရေရွတ်လိုက်သည်။

"မြေခွေးအိုကြီးက နောက်ဆုံးတော့စလာပြီဘဲ"

ရှောင်ယုသည် အတွင်းစိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ဖော်ရွှေစွာခေါင်းညိတ်ပြလိုက်သည်။

"ငါကအဖေတစ်ယောက်မဟုတ်ပေမဲ့ ဦးလေးဝမ်ရဲ့ခံစားချက်ကိုနားလည်ပါတယ်...ငါ့ရဲ့မရီးကသာဆန္ဒရှိမယ်ဆိုရင်တော့ သူမရဲ့အနာဂတ်ကို သူမကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ပေးမယ်လို့ ငါဆုံးဖြတ်ထားတယ်...ငါကိုယ်တိုင်ကလည်း သူမကိုပျော်ရွှင်တဲ့ဘဝလေးမှာနေစေချင်တယ်"

"မင်းက တကယ့်ကိုလူငယ်သူရဲကောင်းတစ်ယောက်ပါ...မင်းလိုမျိုးလူငယ်တွေကို တွေ့ရတာ ငါ့အတွက်ဂုဏ်ယူစရာပဲ"

ရှောင်ယုသည် စစ်ဝမ်တစ်ယောက် နောက်ထပ်အိမ်ထောင်ပြုမည်ကို သဘောတူသည်ထင်ကာ ဝမ်ထျန်းဟူကဝမ်းသာအားရ ပြောလိုက်သည်။

သို့သော်လည်း ရှောင်ယုကမူ သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ တုံ့ပြန်စကားဆိုလိုက်သည်။

"ဒါပေမဲ့ မရီးကိုသူမရွေးချယ်တဲ့လမ်းကြောင်းအတိုင်း လျှောက်လမ်းခွင့်ရအောင် လုပ်ဆောင်ပေးမယ်လို့ ငါမရီးကိုကတိပေးထားခဲ့တယ်....ဘယ်သူကမှ သူမကိုအတင်းအကြပ်စေခိုင်းလို့မရဘူး...ရှောင်မိသားစုဝင်တစ်ယောက်ကို ဘယ်သူမှအနိုင်ကျင့်လို့မရစေရဘူး...တစ်ယောက်ယောက်ကသာ မရီးရဲ့ဆန္ဒမပါဘဲ မရီးကိုလက်ထပ်ချင်ရင် ငါ့အလောင်းကိုဖြတ်ကျော်သွားမှဖြစ်မယ်"

ဝမ်ထျန်းဟူသည် အစောပိုင်းတွင် ပျော်ရွှင်နေခဲ့သော်လည်း ရှောင်ယု၏နောက်ဆက်တွဲစကားများကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာအမူအရာသည် တင်းမာသွားခဲ့သည်။

ဝမ်ထျန်းဟူသည် စစ်ဝမ်၏နောက်အိမ်ထောင်ပြုမူအပေါ် ရှောင်ယု၏ရပ်တည်မှုကို မြင်တွေ့ရန်ကြံစည်ထားသော်လည်း ရှောင်ယုသည် ဤကိစ္စနှင့်ပတ်သက်၍ တင်းမာသောသဘောထားကိုပြသလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"တုလေးယူက နောက်နေတာပဲ...ဒီကိစ္စမှာ စစ်ဝမ်ရဲ့ကိုယ်ပိုင်သဘောတူညီချက်ကို မဖြစ်မနေငါတို့လေးစားရမှာပေါ့...ဒါကသူမပျော်ရွှင်ဖို့ လုပ်ဆောင်ပေးမယ့်ကိစ္စပဲ"

စစ်ဝမ်ကသာ ဤကိစ္စကိုခေါင်းညိတ်သဘောတူလိုက်ပါက ရှောင်ယုသည် ဤကိစ္စမှရှောင်ထွက်သွားမည်ဖြစ်ကြောင်း ဝမ်ထျန်းဟူရိပ်မိပေသည်။သို့သော်လည်း ဝမ်ထျန်းဟူသည် ရှောင်ကျန်းထျန်နှင့်သူ့အကြားရှိ ခင်မင်ရင်းနှီးမှုကို မျက်ကွယ်မပြုနိုင်ပေ။ဒုတိယအနေဖြင့် ရှောင်ယုမှ သူ့အတွက်ယူဆောင်လာပေးသော လက်ဆောင်များသည် အလွန်အဖိုးတန်၍ ဝမ်ထျန်းဟူသည် ဤကိစ္စက်ိုခဏမျက်ကွယ်ပြုထားရန် ဆုံးဖြတ်ခဲ့သည်။

ရှောင်ယုသည် သူ၏မျက်လုံးများကို မှိတ်ထားကာ ရယ်မောလိုက်သည်။

"ဟုတ်တာပေါ့...စစ်ဝမ်ရဲ့ပျော်ရွှင်မှုက အဓိကပဲလေ...ဦးလေးဝမ်ကလည်း သမီးဖြစ်သူရဲ့ပျော်ရွှင်မှုကို အလေးထားမယ်လို့ ငါယုံကြည်ပါတယ်...တကယ်လို့ဝမ်မိသားစုမှာ စစ်ဝမ်အတွက်ရွေးချယ်ထားတဲ့ သင့်တော်တဲ့ သတိုးသားလောင်းရှိရင် ငါ့လည်းသူ့ကိုလိုက်တွေ့ချင်တယ်...မရီးကသာစိတ်ကျေနပ်မယ်ဆိုရင်တော့ ငါကိုယ်တိုင်ရထားလုံးနဲ့အရောက် ပို့ဆောင်ပေးမှာပါ"

ဝမ်ထျန်းဟူသည် ချက်ချင်းပင် အလောတကြီးလက်ကာပြလိုက်သည်။

"အဲ့လောက်ထိ အလျင်လိုစရာမလိုပါဘူး..အားလုံးက်ိုဖြေးဖြေးမှန်မှန်နဲ့ ဆက်သွားကြတာပေါ့"

ထိုအခိုက်အတန့်တွင် ဝမ်ထျန်းဟူသည် သူ့နှလုံးသားထဲတွင် တိတ်တဆိတ်ကျိန်ဆဲမိလိုက်သည်။

"ဒီကောင်က ဖြုန်းတီးတတ်တဲ့သားတစ်ယောက်လို့ နာမည်ကျော်နေတာမဟုတ်လား...ဒါဖြင့်သူကဒီလောက် အဆိပ်ပြင်းတဲ့စကားလုံးတွေကို ဘယ်ကသင်လာတာလဲ"

ထိုစဉ် ရှောင်ယုက ဝမ်ထျန်းဟူအား ရင်တုန်စေမယ့်စကားတစ်ခွန်းကိုပြောလိုက်သည်။

"မရီးစစ်ဝမ်ဟာ ခြင်္သေ့မြို့မှာ အခြားမရီးတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး ကောင်းမွန်တဲ့ဘဝကိုဖြတ်သန်းနေတယ်...တကယ်လို့ သူမရဲ့အလှကိုမက်မောပြီး သူမကိုလက်ထပ်ချင်လို့ ဦးလေးဝမ်ကိုအတင်းအကျပ်ဖိအားပေးလာတဲ့ လူယုတ်မာတွေရှိရင် ငါ့ကိုပြောပါ...မကြာသေးခင်က ဒီလူဟာကံကောင်းပြီးတော့ သီအိုဒေါလို့ခေါ်တဲ့ ဆဌမအဆင့်မှော်သခင်တစ်ဦးနဲ့တွေ့ဆုံခဲ့တယ်...ငါကမှော်သခင်ကိုကိစ္စတစ်ခုကူညီပေးခဲ့တာကြောင့် မှော်သခင်ကငါ့ကိုမျက်နှာသာပေးပြီး အနာဂတ်မှာပြန်လည်ကူညီပေးမယ်လို့ကတိပေးခဲ့တယ်....အဲ့ဒါကြောင့် ဦးလေးဝမ်ကိုဖိအားပေးတဲ့ အင်အားစုတွေကို မှော်သခင်သီအိုဒေါကို အကူအညီတောင်းပြီး ဖျက်ဆီးခိုင်းလို့ရတယ်... ဦးလေးဝမ်စိတ်ပူနေစရာမလိုပါဘူး..."

"သီအိုဒေါ....မှော်သခင်သီအိုဒေါက မင်းကိုမျက်နှာသာပေးတာလား"

ရှောင်ယု၏စကားကိုကြားချိန်တွင် ဝမ်ထျန်းဟူ၏လက်ထဲမှ ခွက်သည်မြေပြင်သို့ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။

ရှောင်ယုသည် သီအိုဒေါအကြောင်းကိုမသိသော်လည်း ဝမ်ထျန်းဟူကမူ ထိုနာမည်နှင့်အလွန်ရင်းနှီးပေသည်။ဝမ်ထျန်းဟူငယ်ရွယ်စဉ်အခါကပင် မှော်သခင်သီအိုဒေါသည် စွန့်စားသူများအကြား အလွန်လူသိများသူတစ်ဦးဖြစ်သည်။

ထိုစဉ်အခါကပင် အင်အားစုများစွာသည် မှော်သခင် သီအိုဒေါ၏ဒေါသကို သွားမဆွမိစေရန် အထူးဂရုပြုနေထိုင်ခဲ့ရသည်။ မှော်သခင် သီအိုဒေါ၏ လက်ထဲတွင် သေဆုံးခဲ့ရသူများမှာ အလွန်များပြားလှပြီး သူ့အား ငရဲမှတက်လာသောသွေးအေးသည့် မှော်ဆရာတစ်ယောက်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

မှော်ဆရာတစ်ယောက်အား အခြားသူများကြောက်ရွံ့နေရသည့် အဓိကအကြောင်းရင်းမှာ သူတို့၏မှော်ပညာကြောင့်ဖြစ်သည်။ဤနေရာရှိလူတိုင်းသည် ဆဌမအဆင့် မှော်သခင်တစ်ဦး၏အဓိပ္ပါယ်ကိုနားလည်ထားခဲ့ကြသည်။

ရှောင်ယုသည် သူတို့အားတမင်တကာခြိမ်းခြောက်နေသည်လား...

"တူလေးယုက နောက်နေတာလား... မှော်သခင် သီအိုဒေါကအငြိမ်းစားယူခဲ့တာ နှစ်အတော်ကြာပြီလေ...သူကဘယ်လိုဖြစ်ပြီး မင်းကိုကျေးဇူးကြွေးတင်သွားရတာလဲ"

ဝမ်ထျန်းဟူသည် ရှောင်ယု၏စကားကိုမယုံကြည်နိုင်ဖြစ်နေကာ မှုန်ကုပ်ကုပ်အမူအရာကို ဖော်ပြခဲ့သည်။

သို့သော်ရှောင်ယုကမူ အပြုံးလုံးဝမပျက်ဘဲ တုံ့ပြန်ပြောဆိုလိုက်သည်။

"မယုံရင် အိမ်တော်ထိန်းမိုကိုမေးကြည့်ပါ...ငါ မှော်သခင် သီအိုဒေါနဲ့စကားပြောနေတဲ့အချိန် သူလည်းငါ့အနားမှာရှိနေခဲ့တယ်"

ရှောင်ယု၏စကားကြောင့် ဝမ်ထျန်းဟူသည် အိမ်တော်ထိန်းမိုကို မေးခွန်းထုတ်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ရှောင်ယု၏အကြောင်းနှင့်ပတ်သက်၍ သူ၏သခင်ဖြစ်သူအား သတင်းမပို့ရသေးသောကြောင့် အိမ်တော်ထိန်းမိုသည် အလွန်ပင်ရှက်ရွံ့သွားခဲ့သည်။

ထို့ကြောင့် သူသည်မတတ်သာဘဲ ဝမ်ထျန်းဟူအား ခေါင်းညိတ်ပြလိုက်ရသည်။

အိမ်တော်ထိန်းမို ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ လူတိုင်း၏မျက်နှာသည် ပြောင်းလဲသွားခဲ့ရသည်။ထိုအထဲတွင် တတိယအဆင့်မှော်ဆရာသည် အတုန်လှုပ်ဆုံးဖြစ်ပြီး သူ၏မျက်နှာသည်မြေဖြူတစ်ချောင်းကဲ့သို့ ဖြူဖျော့သွားခဲ့သည်။မှော်ဆရာတစ်ယောက်ဖြစ်သောသူသည် ဆဌမအဆင့် မှော်သခင်တစ်ဦး၏ အဓိပ္ပါယ်ကိုရှင်းရှင်းလင်းလင်းနားလည်ထားပေသည်။တတိယအဆင့် မှော်ဆရာတစ်ယောက်နှင့် ဆဌမအဆင့်မှော်သခင်တစ်ဦးကြားကွာခြားဆသည် ပုံမှန်ထက်အဆများစွာ ပိုမိုကွာဟပေသည်။

အခန်း ၇၅ - ခြင်္သေ့မြို့ကတကယ်ကျဆင်းနေတာလား

"မင်းဘာပြောလိုက်တာလဲ...သူ့ဆီမှာ အောစ့်တွေနဲ့နတ်သူငယ်ကိုယ်ရံတော်တွေ ရှိနေတာလား"

ဝမ်ထျန်းဟူက ထိတ်လန့်စွာမေးမြန်းလိုက်သည်။ယခုအခါ ခန်းမအတွင်း၌ ဝမ်ထျန်းဟူနှင့်အိမ်တော်ထိန်းမိုတို့ နှစ်ဦးသာကျန်ရှိတော့သည်။

အိမ်တော်ထိန်းမိုသည် ခြင်္သေ့မြို့ကမှထွက်ခွာလာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ဝမ်ထျန်းဟူထံ တစ်ခုမကျန်တင်ပြခဲ့သည်။

"ဟုတ်တယ်...သူ့ဆီမှာအောစ့်စစ်သည် ၁၁ယောက်နဲ့ နတ်သူငယ်အစောင့်၁ယောက်ရှိတယ်...ဒါပေမဲ့သူတို့တွေအကုန်လုံးက ထူးဆန်းနေသလိုပဲ ဒါ့အပြင် မြင့်မြတ်သူတစ်ယောက်မှာ အောစ့်တွေနဲ့နတ်သူငယ်သက်တော်စောင့်တွေကို ထားရှိတဲ့ခေတ်ကကုန်သွားတာ ကြာပြီမလား..."

အိမ်တော်ထိန်းမိုသည် အောစ့်စစ်သည်များနှင့် နတ်သူငယ်များ၏ မူလအစကိုမသိရှိခဲ့ပေ။

"အောစ့်နဲ့နတ်သူငယ်တွေက တောင်တန်းတွေရဲ့အနက်ပိုင်းမှာ ပုန်းအောင်းဖို့ရွေးချယ်ခဲ့ကြတာကြာပြီ...ခြင်္သေ့မြို့ဟာ အန်ကာဂန်တောင်တန်းတွေနဲ့ နီးကပ်တာမလို့ အဲမျိုးနွယ်တွေနဲ့တွေ့ခဲ့တာလား...ဖြစ်နိုင်တာက ကံကောင်းမှုတစ်ခုပဲလား"

ဝမ်ထျန်းဟူက တီးတိုးရေရွတ်လိုက်သည်။

အိမ်တော်ထိန်းမိုသည် ဝမ်ထျန်းဟူ၏စကားကိုထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ငါလည်းထင်ပါတယ်...ဒါပေမဲ့အောစ့်တွေရဲ့အစွမ်းက ဒဏ္ဍာရီထဲကငါတို့ကြားဖူးတဲ့ အောစ့်တွေထက်အရမ်းအစွမ်းထက်နေတယ်..လမ်းခရီးမှာ ငါကရာနဲ့ချီတဲတပ်သားတွေကို အလင်းကွင်းဆက်မှော်စာလိပ်ကိုအသုံးပြုခိုင်းခဲ့ပေမဲ့ အောစ့်တွေကိုတော့မယှည်နိုင်ခဲ့ဘူး..."

"ဘာ...အလင်းကွင်းဆက်ကိုအသုံးပြုထားတဲ့ လက်ရွေးစင်တပ်သား၁၀၀က ရှံးနိမ့်ခဲ့တာလား"

ဝမ်ထျန်းဟူ၏မျက်လုံးများ၌ အံ့သြထိတ်လန့်နေသော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။

အမှန်တော့ ဝမ်ထျန်းဟူသည် ယခုအချိန်အထိ အောစ့်များကိုတစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ဝမ်ထျန်းဟူသည်လည်း သူငယ်စဉ်အခါက ရှောင်ကျန်းထျန်နှင့်အတူ တောတောင်များအတွင်းစွန့်စားခန်းဖွင့်ကာ အောစ့်များကိုရှာဖွေခဲ့သေးသည်။

အိမ်တော်ထိန်းမိုသည် ရှက်ရွှံဟန့်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။သို့သော်သူသည် မှော်လည်ဆွဲဆုံးရှံးသွားကြောင်း သတင်းမပို့သေးပေ။

"မင်းက အောစ့်တွေရဲ့ကြံ့ခိုင်မှုကို စစ်ဆေးကြည့်ခဲ့တာလား"

အိမ်တော်ထိန်းမိုသည် ဤသို့စိန်ခေါ်မှုကို ပေါ့ပေါ့တန်တန်လုပ်ဆောင်မည့်သူမဟုတ်မှန်းသိသောကြောင့် ဝမ်ထျန်းဟူကမေးမြန်းလိုက်သည်။

ထိုအခိုက်အတန့်တွင် အိမ်တော်ထိန်းမိုသည် ချက်ချင်းဒူးထောက်ကာ တောင်းပန်လိုက်သည်။

"သခင်...ကျတော့်မှာအပြစ်ရှိပါတယ်...ကျေးဇူးပြုပြီးငါ့ကိုအပြစ်ပေးပါ"

အိမ်တော်ထိန်းမိုသည် သူ့အပေါ်အလွန်သစ္စာရှိကာ သူ့နောက်သို့နှစ်ပေါင်းများစွာလိုက်လာခဲ့သော အိမ်တော်ထိန်းတစ်ဦးဖြစ်၍ ယခုလိုကြီးမားသောအမှားတစ်ခုအား လုပ်ဆောင်ခဲ့မိသည့်အတွက် ဝမ်ထျန်းဟူမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ထိုသို့ဆိုလျှင် သူသည်အဘယ်ကြောင့် ထိုသို့အမှားမျိုးပြုလုပ်ခဲ့ရသနည်း။

"မင်းက ငါ့အပေါ်နှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့တယ်...မင်းကိုအပြစ်မပေးတော့ဘူး..မတ်တပ်ရပ်ပါ"

ဝမ်ထျန်းဟူသည် လိမ္မာပါးနပ်သောအုပ်ချုပ်သူတစ်ဦးဖြစ်သည်။သူသည် လက်အောက်ငယ်သားများ၏ အမှားအချို့ကိုမျက်ကွယ်မပြုထားပါက ဖွံ့ဖြိုးတိုးတက်နေသောနယ်မြေကို အုပ်ချုပ်ရန်မဖြစ်နိုင်ပေ။

အိမ်တော်ထိန်းမိုသည် မတ်တပ်မရပ်ဘဲ ခေါင်းညိတ်ပြလိုက်ကာ နောက်ထပ် ထိတ်လန့်ဖွယ်သတင်းတစ်ခုကို ပြောပြလိုက်သည်။

"ရှောင်ယုဆီမှာ အောစ့်တွေနဲ့နတ်သူငယ်တွေအပြင် အိမ်မွေးတိရစ္ဆာန်အဖြစ် နဂါးလေးတစ်ကောင်ကိုတောင်ပိုင်ဆိုင်ထားခဲ့တယ်...နဂါးတွေက ဒီကမ္ဘာရဲ့အကြီးမြတ်ဆုံးသောနတ်သားရဲတွေထဲကတစ်ကောင်ပဲ...အရွယ် ရောက်ပြီးတဲ့နဂါးတစ်ကောင်က မြေငလျင်ကြီးတစ်ခုနဲ့မခြားဘူး...အဲ့ဒါကြောင့်ငါက နဂါးလေးကိုပိုင်ဆိုင်ဖို့အတွက် မှော်လည်ဆွဲကိုအလောင်းအစားပြုလုပ်ခဲ့တယ်...နောက်တော့ငါရှုံးနိမ့်သွားပြီး မှော်လည်ဆွဲကိုဆုံးရှံးခဲ့ရတယ်"

"ဘာ...သူ့ဆီမှာနဂါးတစ်ကောင်ရှိတာလား..."

နဂါးတစ်ကောင်၏သတင်းသည် မှော်လည်ဆွဲအားဆုံးရှုံးရခြင်းထက် များစွာကြီးမားပေသည်။ဝမ်ထျန်းဟူသည် နဂါးတစ်ကောင်၏သတင်းကြောင့် သူ၏တန်ဖိုးကြီးမားသောမှော်လည်ဆွဲအားဆုံးရှုံးရမှုကို လျစ်လျူရှုထားခဲ့သည်။

နဂါးသူရဲကောင်းများ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်သည်။လူငယ်စွန့်စားသူအမြောက်အများသည် နဂါးတစ်ကောင်အားပိုင်ဆိုင်ရန်နှင့် ကောင်းကင်တခွင်အုပ်စိုးနိုင်ရန် တောင့်တလျက်ရှိကြသည်။

ဝမ်ထျန်းဟူသည်ပင် ငယ်စဉ်အခါက ဒဏ္ဍာရီလာနဂါးများ ၊ အောစ့်များနှင့်နတ်သူငယ်များအား ရှာဖွေရန်အတွက် သူ၏သူငယ်ချင်းများနှင့်အတူ စွန့်စားခန်းဖွင့်လှစ်ခဲ့သည်။ထိုအချိန်တွင် သူသည်ရှောင်ကျန်းထျန်နှင့်တွေ့ဆုံခဲ့ကာ အနာဂတ်တွင်သူတို့၏ကလေးများကို ထိမ်းမြားလက်ဆက်ပေးရန်သဘောတူခဲ့ကြသည်။

"သခင်ကြီး....ငါကမင်းရဲ့ခွင့်ပြုချက်ကိုမရရှိခဲ့ဘဲ လည်ဆွဲကိုလောင်းကြေးအနေနဲ့ အသုံးပြုခဲ့တယ်...ကျေးဇူးပြုပြီးတော့ ငါ့ကိုအပြစ်ပေးပါ"

အိမ်တော်ထိန်းမိုသည် ဝမ်ထျန်းဟူထံမှ အမြင်ကောင်းကိုရယူလ်ိုသောကြောင့် အမှန်အတိုင်းပြောပြရန်ဆုံးဖြတ်ခဲ့သည်။

"မတ်တပ်ရပ်ပါ...ဒါကမင်းရဲ့အပြစ်မဟုတ်ဘူး...ငါသာမင်းနေရာမှာဆိုရင် အဲလိုလုပ်မိမှာအမှန်ပဲ...မှော်လည်ဆွဲကအဖိုးတန်ပစ္စည်းတစ်ခုဆိုပေမဲ့ ငါ့က်ိုမွဲတေသွားအောင် မလုပ်ဆောင်နိုင်ပါဘူး...ဒါ့အပြင် ဆရာကြီးလုကိုလည်း ငါ့အတွက်တာဝန်ထမ်းဆောင်ပေးဖို့ လုံလောက်တဲ့တန်ဖိုးကို ငါပေးချေခဲ့ပြီးပြီ...ဒါကြောင့်မှော်လည်ဆွဲကိစ္စက အရေးမကြီးတော့ဘူး"

လက်ရှိခေတ်တွင် မူလနဂါးများသည် သမိုင်း၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီဖြစ်သည်။နဂါးတစ်ဝက်များကို ပိုင်ဆိုင်သူများပင် ထွက်ပေါ်လာခြင်းမရှိတော့ပေ။နဂါးတစ်ဝက်များသည်ပင် သာမန်နတ်ဆိုးတစ်ကောင်မဟုတ်ပေ။ပျံသန်းနိုင်သောနဂါးတစ်ကောင်ကို ပိုင်ဆိုင်ထားခြင်းသည် နယ်မြေ၏အဆင့်အတန်းအား အဆများစွာတိုးတက်စေနိုင်ပေသည်။ထို့ပြင် နဂါးတစ်ကောင်သည် လူငယ်သူရဲကောင်းများ၏ အာရုံစိုက်မှုကိုရရှိမည်ဖြစ်ကာ သူရဲကောင်းများကိုစုဆောင်းရန်အတွက် အလွန်ကိုထိုက်တန်သော သားရဲတစ်ကောင်လည်းဖြစ်သည်။

သခင်ဟာ အကြင်နာတရားနဲ့ပြည့်ဝပါပေတယ်...သခင့်ဆီမှာထာဝရအလုပ်အကျွေးပြုရင်တောင်မှ ဒီကျေးဇူးကိုမဆပ်နိုင်တော့ပါဘူး"

အိမ်တော်ထိန်းမိုသည် အလွန်ပင်ခံစားနေရသောလေသံဖြင့် ပြောလိုက်သည်။

ဝမ်ထျန်းဟူသည် အလွန်အဖိုးတန်သောပစ္စည်းတစ်ခုအား ဆုံးရှံးလိုက်ရသော်လည်း အိမ်တော်ထိန်းမိုအားခွင့်လွှတ်လိုက်ရာ အိမ်တော်ထိန်းမို၏အမြင်တွင် ဝမ်ထျန်းဟူသည်သူတော်စင်တစ်ပါးကဲ့သို့ စိတ်ထားကိုပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

ဝမ်ထျန်းဟူသည် ခန်းမအတွင်း၌ အပြန်ပြန်အလှန်လှန်လျှောက်သွားနေခဲ့သည်။

"အောစ့်တွေကပြသနာသိပ်မရှိပါဘူး...ဒါပေမဲ့ မှော်သခင်သီအိုဒေါရဲ့ကတိက ငါ့ကိုအရမ်းခက်ခဲတဲ့အခြေအနေထဲကျရောက်စေတယ်...ဆဌမအဆင့်ကို ရောက်နေတဲ့ မှော်သခင်တစ်ပါးဟာ ဘယ်သူမဆိုမတွန်းလှန်ဝံ့တဲ့ ဖြစ်တည်မှုတစ်ခုပဲ...ပြီးတော့ သီအိုဒေါဆိုတာက သတ္တမအဆင့်ကို ကျော်ဖြတ်နိုင်စွမ်းအရှိဆုံး မှော်သခင်တွေထဲကတစ်ယောက်လို့ပြောလို့ရတယ်"

အိမ်တော်ထိန်းမိုက ခေါင်းညိတ်ပြလိုက်သည်။

"ဒီလူမိုက်က မှော်သခင်သီအိုဒေါရဲ့ ကတိကိုရရှိထားတာကြောင့် သီအိုဒေါက သူ့က်ိုလုံးဝကူညီပေးမယ်လို့ ငါတပ်အပ်မပြောနိုင်ပေမဲ့ ၄ယောက်မြောက်သခင်မလေးရဲ့ လက်ထပ်မယ့်ကိစ္စကို ငါတို့အလောတကြီးလုပ်လို့မရဘူး...မဟုတ်ရင်ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်တယ်"

ဝမ်ထျန်းဟူသည် စိတ်ညစ်နေသောလေသံဖြင့် ရေရွတ်မိလိုက်သည်။

"စစ်ဝမ်က ငါ့သမီးပါ...ငါကသူမရဲ့အိမ်ထောင်ရေးကို မဆုံးဖြတ်နိုင်ဘူးလား...သူမကတကယ်လက်ထပ်ချင်တယ်ဆိုရင်တော့ ရှောင်ယုကန့်ကွက်ဖို့ နည်းလမ်းမရှိဘူး"

ထို့နောက်တွင် အိမ်တော်ထိန်းမိုသည် ရှောင်ယု၏ခွင့်မလွှတ်နိုင်သော လုပ်ရပ်များကိုအဆက်မပြတ်တိုင်တန်းလ်ိုက်ပြီး ဝမ်ထျန်းဟူ၏စိတ်အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။အိမ်တော်ထိန်းမို၏စကားများကိုနားထောင်ပြီးနောက် ဝမ်ထျန်းဟူ၏အမူအရာသည် အလွန်ပင်ဆိုးရွားသွားခဲ့သည်။ရှောင်ယုသည် ဖန်းယန်မြို့ထဲ၌ပင် သူကိုယ်တိုင်နှင့်အိမ်တော်ထိန်းမိုအား ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သတင်းရလိုက်ချိန်တွင် ဝမ်ထျန်းဟူသည်ရူးမတတ်ခံစားလိုက်ရသည်။

ဒီကောင်လေးက မာနကြီးလှချည်လား...

သို့သော်လည်း အိမ်တော်ထိန်းမိုထံမှ သတင်းအချက်အလက်များစွာကို ရရှိခဲ့ပြီးနောက်တွင် ဝမ်ထျန်းဟူသည် ရှောင်ယုထံ၌လျှို့ဝှက်ချက်များစွာရှိနေကြောင်း သတိထားမိလိုက်သည်။

ခြင်္သေ့မြို့သည် အများမြင်သလို ကျဆင်းနေသောမြို့တော်တစ်ခု အမှန်တကယ်ဖြစ်နေသည်လား...

...

...

ရှောင်ယုသည် ဝမ်မိသားစုမှစီစဉ်ပေးထားသော အိမ်သို့ပြန်လာခဲ့သည်။သို့သော် သူ့ပတ်ဝန်းကျင်၌ အလှလေး၃ယောက်မရှိနေသည့်အတွက် ငြီးငွေ့လာခဲ့ကာ စစ်တုရင်ကစားရန်အတွက် အန်တိုနီဒက်စ်ကိုရှာဖွေခဲ့သည်။

"မနက်ဖြန်ပွဲအတွက် ငါအဆင်သင့်ဖြစ်အောင် ပြင်ဆင်သွားရမယ်"

...

...

အိမ်အကူသည် စစ်ဝမ်အား သူမ၏မိခင်နေထိုင်သည့် ခြံဝင်းအတွင်းခေါ်ဆောင်သွားခဲ့သည်။ထိုခြံဝင်းသည် စစ်ဝမ်ထွက်ခွာသွားစဉ်တုံးကလို အပြောင်းအလဲမရှိခဲ့ပေ။

ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် စစ်ဝမ်သည်ချက်ချင်းငိုချလိုက်သည်။အိမ်အကူသည် စစ်ဝမ်ရောက်လာကြောင်း သတင်းပို့လိုက်၍ သူမ၏အမေသည်လည်း ပြေးထွက်လာကာ စစ်ဝမ်အားပွေ့ဖက်၍ နှစ်ယောက်သား ငိုကြွေးလိုက်ကြသည်။

"စစ်ဝမ်...မင်းတကယ်ပြန်လာတယ်ပေါ့"

သူမ၏အမေက ဝမ်းနည်းစွာဖြင့် ကြိုဆိုလိုက်သည်။

"စစ်ဝမ်ပြန်လာပြီလေအမေ...အမေကောအဆင်ပြေတယ်မလား"

စစ်ဝမ်သည်လည်း မျက်ရည်များစီးကျကာ ပြောဆိုလိုက်သည်။ဤနှစ်အနည်းငယ်အတွင်းတွင် သူမ၏မိခင်သည် အသက်ကြီးလာသည်ကို တွေ့မြင်လိုက်ရသည့်အတွက်ကြောင့် သူမ၏နှလုံးသားအား ဓားဖြင့်ခုတ်ခံရသလို ခံစားလိုက်ရသည်။

"ငါကအဆင်ပြေပါတယ်...ခြင်္သေ့မြို့မှာနေရတာကော အဆင်ပြေလို့လား..ခြင်္သေ့မြို့ကတဖြည်းဖြည်းကျဆင်းနေတယ်လို့ ငါကြားတယ်...အဲ့ဒီမှာဒုက္ခရောက်ခဲ့သေးလား...ငါမင်းကိုရှောင်မိသားစုနဲ့ လက်ထပ်မပေးချင်ပေမဲ့ မင်းအဖေနဲ့ရှောင်ကျန်းထျန်က သဘောတူထားခဲ့တာဆိုတော့ ငါလည်းတားလို့မရခဲ့ဘူး.."

စစ်ဝမ်၏မိခင်သည် ရှောင်မိသားစုနှင့်စစ်ဝမ်အား လက်ထပ်ပေးခဲ့ရခြင်းအပေါ် အပြစ်ရှိသလိုခံစားခဲ့ရသည်။

စစ်ဝမ်သည် ချောမောလှပသောမိန်းကလေးတစ်ဦးဖြစ်ပြီး သူမသည်တိုက်ကြီး၏အစွန်အဖျားတွင်ရှိသော မိသားစုတစ်ခုနှင့်လက်ထပ်ပေါင်းစပ်ခဲ့ရသည်။စစ်ဝမ်၏ခင်ပွန်းသည်လည်း နေမကောင်းဖြစ်ကာသေဆုံးသွားခဲ့၍ စစ်ဝမ်သည်လည်းမုဆိုးမဖြစ်ခဲ့ရသည်။ထိုအရာသည် အမျိုးသမီးတိုင်းအတွက် ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ပေ။

"သမီးအတွက်စိတ်မပူပါနဲ့အမေ...အဆင်ပြေပါတယ်...ခြင်္သေ့မြို့မှာသမီးနဲ့ဘဝတူတွေရှိပြီး သူတို့ကသမီးကိုညီမလေးအရင်းတစ်ယောက်လို ချစ်ခင်ကြင်နာကြတယ်...အမေရောအဆင်ပြေလား...တခြားသူတွေကအမေ့ကို ဒုက္ခပေးကြသေးလား"

ဝမ်မိသားစု၌ သူ့အမေ၏အနေအထားကိုသိနေသော စစ်ဝမ်သည် သူမ၏အမေအား အမှန်ပင်စိုးရိမ်နေခဲ့သည်။

စစ်ဝမ်၏အမေသည် သူမ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။

"မင်းအဲ့ဒီမှာ ပျော်ရွှင်နေတယ်ဆိုတာကြားရတော့ ငါတော်တော်လေးဝမ်းသာပါတယ်...ငါ့ဘဝကတော့အရင်အတိုင်းပါဘဲ"

ထို့နောက် အမေနှင့်သမီးသည် အခန်းထဲဝင်လာကာ စကားစမြည်ပြောဆိုကြသည်။ရှောင်ယုသည် စစ်ဝမ်အားအချိန်ပြည့်စောင့်ကြည့်ခိုင်းထားသောကြောင့် ။လီအာနှင့်တိုင်ရန်ဒီတို့သည် သူမတို့နောက်မှ ထပ်ကြပ်မကွာလိုက်လာကြသည်။တိုင်ရန်ဒီသည် သူမအားစော်ကားရန်ကြိုးစားချိန်၌ ရှောင်ယု၏အမိန့်ကို မနာခံသော်လည်း ယခုလိုတာဝန်ပေးလာချိန်တွင်ကား အမိန့်ကိုသေချာလိုက်နာခဲ့သည်။လီအာသည်လည်း ခရီးလမ်းတစ်လျှောက်တွင် စစ်ဝမ်နှင့်ခင်မင်ရင်းနှီးခဲ့ရာမှ သူမ၏အခြေအနေကိုနားလည်ခဲ့ကာ စစ်ဝမ်၏ဘေးကင်းရေးအတွက် သူမ၏အနား၌အမြဲနေနေခဲ့သည်။

စစ်ဝမ်သည် သူမ၏အမေဖြစ်သူနှင့် အိမ်ဖော်များအား လက်ဆောင်များယူဆောင်လာခဲ့သည်။

စစ်ဝမ်၏ငယ်ဘဝကစားဖော်များနှင့် အိမ်ဖော်အချို့သည် စစ်ဝမ်ပြန်ရောက်လာသည်ကိုမြင်တွေ့၌ အလည်လာခဲ့ကြရာ သူမတို့အားလက်ဗလာဖြင့် ပြန်ခိုင်းရန်မသင့်တော်ခဲ့ပေ။

စစ်ဝမ်ပေးလာသော လက်ဆောင်များကိုတွေ့မြင်လိုက်ရသောအခါ စစ်ဝမ်၏မိခင်သည် အချိန်အတော်ကြာအောင် ဆွံ့အနေခဲ့ရသည်။ခြင်္သေ့မြို့သည် ကျဆင်းနေသည်မဟုတ်ပါလား..အဘယ်ကြောင့်ဤမျှ အဖိုးတန်သောလက်ဆောင်များကို ယူဆောင်လာရသနည်း။ဝမ်မိသားစု၏ လူများတောင်မှ ထိုလက်ဆောင်များကို ပေးဆောင်ရန်မတတ်နိုင်ကြပေ။စစ်ဝမ်ယူဆောင်လာသော လက်ဆောင်များတွင် တန်ဖိုးကြီးသောလက်ဝတ်ရတနာများ ၊ အဝတ်အစားများ ၊ ရေမွှေးပုလင်းများ ၊ လက်ကိုင်အိတ်များ ၊ အလှကုန်ပစ္စည်းများအစရှိသည်တို့ပါဝင်ပေသည်။တချို့ပစ္စည်းများကိုဆိုလျှင် စစ်ဝမ်သည် ဝမ်မိသားစု၌ပင် မတွေ့ဖူးခဲ့ပေ။ရံဖန်ရံခါ ထိုလက်ဆောင်ပစ္စည်းများထဲ၌ သူ၏ညီမများပင် မနာလိုဖြစ်စေသည့် အဖိုးတန်ပစ္စည်းများကို ရံဖန်ရံခါတွေ့ရပေသည်။

ရှောင်ယုသည် ဓားပြစခန်းများကိုဖျက်ဆိးပြီးနောက် အဖိုးတန်ရတနာများစွာကို လုယက်ခဲ့ပြီး ထိုထဲတွင်ရွှေပြားသောင်းချီတန်သော ရတနာများပါဝင်ပေသည်။သူသည် ထိုဂိုဒေါင်ထဲရှိ လူကြိုက်အများဆုံးသော ဝတ်စုံများကို မြေပြင်ပေါ်သို့အစုလိုက် အပြုံလိုက်ပစ်ချထားခဲ့သည်။ထို့ကြောင့် သူ၏မရီးများသည် အလွန်လှပသောအဝတ်အစားများကို နေ့တိုင်းမတူညီစွာ ဝတ်ဆင်ကြရသည်။

ထို့ကြောင့် စစ်ဝမ်သည် ခြင်္သေ့မြို့ရှိဂိုဒေါင်ထဲမှ ပိုလျှံနေသော ရွှေပြားသောင်းချီတန်သည့် ရတနာများကို လက်ဆောင်အဖြစ် ယူဆောင်လာခဲ့ကာ အမှိုက်များသဖွယ် အိမ်ကူများကိုစွန့်ပစ်ပေးခဲ့သည်။သူမအမေဖြစ်သူသည် နှမြောစိတ်ကြောင့် စစ်ဝမ်အားဟန့်တားခဲ့သော်လည်း စစ်ဝမ်ကမူလက်ဆောင်များကို ဆက်ပေးနေခဲ့သည်။

Thank For Reading.

All Chapters