အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း ၇၉ - ပန်းတစ်ရာပွဲတော်
"ရပ်လိုက်..."
ဝမ်ထျန်းဟူသည် ဒေါသတကြီးထရပ်လိုက်သည်။ဤခန်းမအတွင်း၌ တစ်စုံတစ်ယောက်အား ရိုက်နှက်ဝံ့ခြင်းသည် သူ၏မျက်နှာအားဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။
ဂရင်းသည် ဝမ်ထျန်းဟူ၏အမိန့်ကို ဂရုမစိုက်ဘဲ လူဝကြီးကိုသာ အပြင်းအထန်ဆက်လက်ထိုးနှက်နေခဲ့သည်။ရှောင်ယုကသာ သူ့ကိုအမိန့်မပေးပါက ဂရင်းသည်ရပ်တန့်မည်မဟုတ်ပေ။
"ရှောင်ယု မင်းဘာလုပ်တာလဲ..."
ဝမ်ထျန်းဟူသည် ဒေါသတကြီးအော်မေးလိုက်သည်။
ရှောင်ယုက မတ်တပ်ထရပ်လိုက်ကာ လေသံအေးအေးလေးဖြင့်ပြောလိုက်သည်။
"ဘာမှမဟုတ်ဘူးဦးလေးဝမ်....ငါမင်းကိုဆန့်ကျင်ချင်တာတော့မဟုတ်ပါဘူး...ဒါပေမဲ့တစ်စုံတစ်ယောက်က ငါ့ရဲ့မိသားစုဝင် ဒါမှမဟုတ် ငါရင်းနှီးတဲ့တစ်စုံတစ်ယောက်ကို ထိပါးခြိမ်းခြောက်လာပြီဆိုရင်တော့ ငါ့ကိစ္စဖြစ်လာပြီ...တစ်ယောက်ယောက်က ငါ့ကိုသတ်ပြီးခွေးကျွေးပစ်မယ်ဆိုတာတောင် ငါကြောက်လန့်မှာမဟုတ်ဘူး...ဒါပေမဲ့ငါ့ကိုခြိမ်းခြောက်ဖို့ ခုလိုအဆင့်နိမ့်တဲ့ လှည့်ကွက်တွေမသုံးသင့်ဘူး...ငါ့ကိုဖိအားပေးဝံ့တဲ့သူရှိရင် ဒါမှမဟုတ် ငါ့ရဲ့မိသားစုကိုထိပါးချင်သူရှိရင် ငါ့အလောင်းကိုကျော်ခွသွားမှရမယ်...ဒါကစကားအကုန်ပဲ"
ရှောင်ယု၏ပါးစပ်မှ ထိုသို့သောစကားမျိုးထွက်လာသောကြောင့် ဝမ်ထျန်းဟူအလွန်အံ့သြသွားခဲ့ရသည်။ယခုအချိန်တွင် ရှောင်ယုအားကြည့်ရသည်မှာ အတိတ်ကရှောင်ကျန်းထျန်အား ပြန်လည်အမှတ်ရစေခဲ့သည်။
ရှောင်ကျန်းထျန်၏စရိုက်သည်လည်း ယခုလိုပင်ဖြစ်သည်။ရှောင်ကျန်းထျန်သည် သူ၏မိသားစုကိုထိပါးဝံ့သူများအား အမြစ်ဖြုတ်ချေမှုန်းခဲ့သည်။
ယခုလည်း ဝမ်ထျန်းဟူသည် ရှောင်ယုပြောလိုသည့်အဓိပ္ပါယ်အား ရှင်းရှင်းလင်းလင်းနားလည်ပေသည်။
တစ်ချိန်တည်းမှာပင် တံခါးအပြင်ဘက်မှ အစောင့်များပြေးဝင်လာခဲ့သော်လည်း ဝမ်ထျန်းဟူသည် ထိုအစောင့်များကိုဟန့်တားရန် လက်ကာပြလိုက်သည်။
"တူလေးယု...ခုကဝမ်မိသားစုရဲ့ဧည့်ခံပွဲကိုရောက်နေတာလေ...သူ့ကိုရပ်ခိုင်းလိုက်ပါ...မဟုတ်ရင် ငါကရှောင်ကျန်းထျန်ကိုနောက်ဘဝမှာ ရင်ဆိုင်ဝံ့မှာမဟုတ်ဘူး"
ရှောင်ယုသည် လက်ကိုဝှေ့ယမ်းလိုက်ကာ ဂရင်းကိုချက်ချင်းရပ်ခိုင်းလိုက်သည်။သို့သော်လည်း ဂရင်းသည်ရပ်တန့်လိုက်ပြီးနောက် တံတွေးထွေးလိုက်ကာ ပြောလိုက်သည်။
"မင်းကငါ့ကိုဝယ်ဖို့သတ္တိရှိတယ်ပေါ့...နောက်တစ်ခါကျရင် မင်းကိုနှစ်ပိုင်းဖြတ်ပြီး ငါ့ညီတွေကိုစားခိုင်းမယ်...ငါ့ညီတွေကဆီနဲ့ကြော်ထားတဲ့အသားတွေကို အရမ်းကြိုက်ကြတယ်"
ဂရင်းသည် ရှောင်ယုနှင့်အနေများလာပြီးနောက် ရှောင်ယု၏အကျင့်စရိုက်များကို သင်ယူတတ်မြောက်လာခဲ့သည်။
လူဝကြီးသည် ဂရင်း၏စကားကိုကြားသောအခါ သူ့စိတ်ထဲတွင် မတွေးဘဲမနေနိုင်တော့ပေ။
"ဒီကောင်တွေက လူသားစားတယ်လို့ကြားဖူးတယ်..ငါသာအဖမ်းခံရရင် တကယ်အစားခံရလိမ့်မယ်"
ဝမ်ထျန်းဟူသည် အစောင့်များကို အမိန့်ပေးလိုက်သည်။
"သခင်စန်းခွန်ကို ဆေးကုသပေးလိုက်ပါ"
အစောင့်များသည် လူဝကြီးကိုတွဲခေါ်၍ ခန်းမအပြင်သို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။
...
...
ခန်းမအတွင်း၌ တိတ်ဆိတ်မှုကကြီးစိုးနေခဲ့သည်။ရှောင်ယုနှင့် ဝမ်ထျန်းဟူအကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း လူတိုင်းနားလည်လိုက်ကြသော်လည်း မည်သူကမှထိုအကြောင်းကို ထုတ်ပြောခြင်းမရှိကြပေ။
သို့သော်လည်း ဖိတ်ကြားခံရသူအများစုမှာ ဝမ်ထျန်းဟူ၏ဖိတ်ကြားခြင်းကိုသာခံခဲ့ရပြီး ဝမ်ထျန်းဟူနှင့်ရှောင်ယုအကြား ပြဿနာကိုမသိခဲ့ပေ။
ဝမ်ထျန်းဟူသည်လည်း နဂိုက လှည့်ကွက်များစွာကိုစီစဉ်ထားခဲ့သော်လည်း ရှောင်ယု၏တဲ့တိုးဆန်သောတုံ့ပြန်မှုကိုတွေ့မြင်လိုက်သောအခါ သူ၏လှည့်ကွက်များသည် အသုံးမဝင်ဖြစ်နေကြောင်း နားလည်လိုက်သည်။ယခုအချိန်တွင် ရှောင်ယုသည်သူ၏သဘောထားက်ို ရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့သည်။
မူလက ဝမ်ထျန်းဟူသည် ရှောင်ယုအား အာရုံမထားခဲ့ပေ။သို့သော်လည်း သူသည် ရှောင်ကျန်းထျန်အပေါ် လေးစားစိတ်ရှိသည့်အပြင် မှော်သခင်သီအိုဒေါကလည်း ရှောင်ယုအားထောက်ပံ့ပေးနေသောကြောင့် သူသည်ရှောင်ယုအား ပြဿနာမရှာလိုတော့ပေ။
စစ်ဝမ်အား လက်ထပ်ပေးခြင်းသည် ဝမ်မိသားစုအတွက် ကောင်းမွန်သောကိစ္စတစ်ခုဖြစ်ကြောင်း သူနားလည်သော်လည်း ရှောင်မိသားစုနှင့်လည်း ဆိုးရွားသောဆက်ဆံရေးကိုလည်းမလ်ိုလားပေ။
အစောပိုင်းတွင် အရာအားလုံး အဆင်ပြေချော့မွေ့သွားလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ရှောင်ယုကဲ့သို့ မြင်းနက်တစ်ကောင်ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ရှောင်မိသားစုရဲ့ခေါင်းဆောင်တွေထဲမှာ ပေါ့ပေါ့သေးသေးတစ်ယောက်မှမပါခဲ့ဘူး"
ဝမ်ထျန်းဟူသည် အတွင်းစိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်။
ခြင်္သေ့မြို့သည် ကျဆင်းနေပြီးပျက်စီးလုနီးနီးဖြစ်နေချိန်တွင် ဝမ်ထျန်းဟူသည် ရှောင်မိသားစုနှင့်ဆက်ဆံရေးအား အဆုံးသတ်ရန်စဉ်းစားခဲ့သော်လည်း ယခုမူထိုအကြံအစည်ကို သူပြန်လည်စဉ်းစားနေရပြီဖြစ်သည်။ယခုအခါ ရှောင်ယုထံတွင် အောစ့်များနှင့်နတ်သူငယ်များရှိနေပြီဖြစ်၍ ရှောင်မိသားစုသည် တဖန်ပြန်လည်ဦးမော့လာနိုင်ပေသည်။
"ခင်မင်ရင်းနှီးရတဲ့ ဧည့်သည်တွေကိုတစ်ခုလောက်ပြောပါရစေ..သခင်စန်းခွန်ရဲ့အဖေဟာ ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပါ...သခင်ရှောင်ယုရဲ့အဖေဟာလည်း အတူတူပါဘဲ....ငါတို့အကုန်လုံးဟာရင်းနှီးခင်မင်ကြတဲ့သူတွေပါ...ခုလည်းသူတို့ကြားမှာ နားလည်မှုအမှားလေးတစ်ခုကြောင့် ခုလ်ိုပြသနာလေးဖြစ်သွားရတာပါ...ဒါကငါ့အမှားလည်းမကင်းလို့ ငါ့ကိုယ်ငါဝိုင်၃ခွက်နဲ့အပြစ်ပေးမယ်"
ဝမ်ထျန်းဟူသည် အခြေအနေတစ်ခုလုံးကို လျင်မြန်စွာထိန်းချုပ်လိုက်ကာ အခြားသူများအာရုံလွဲစေရန် ခေါင်းစဉ်ကိုပြောင်းလဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ထျန်းဟူသည် သခင်လေးဟွေ့အား ဤကိစ္စကိုချက်ချင်းရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။
"သခင်ထျန်းဟူ...မကြာခင် ကန်းနိုင်ငံကကျင်းပမယ့် ပွဲကိုပါဝင်ဖို့အသင့်ဖြစ်ပြီလား.."
သခင်တစ်ယောက်က ရုတ်တရက်ထပြောလိုက်သည်။
ဝမ်ထျန်းဟူက ရယ်ရယ်မောမောဖြင့်တုံ့ပြန်လိုက်သည်။
"ငါကဘာလက်ဆောင်ပေးရမလဲတောင် မသိသေးဘူး...ကန်းပြည်နယ်သခင် သခင်ဆမ်က မာနကြီးသူတစ်ယောက်ဖြစ်တာကြောင့် ယုတ်ညံ့တဲ့လက်ဆောင်တွေကို လက်ခံမှာမဟုတ်ဘူး"
"ဟုတ်တယ်...ဒီတစ်ခေါက်က သခင်ဆမ်ရဲ့နှစ်၆၀ပြည့်မွေးနေ့နဲ့ တိုက်ဆိုင်နေတယ်...လက်ဆောင်ရွေးချယ်တဲ့နေရာမှာ သခင်ဆမ်စိတ်အနှောင့်အယှက်မဖြစ်ရအောင် သေချာရွေးချယ်ရမယ်"
"ဟုတ်တယ်...ပန်းတစ်ရာပွဲတော်က လေးနှစ်ကို၁ကြိမ်ကျင်းပတာဖြစ်ပြီး ဒီတစ်ခေါက်ကျင်းပတဲ့ပွဲက သခင်ဆမ်ရဲ့မွေးနေ့ပွဲနဲ့လည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာကြောင့် အရမ်းကိုခမ်းနားတဲ့ပွဲတော်တစ်ခုဖြစ်လာမှာ သေချာသလောက်ရှိနေတယ်...ပွဲတော်ကို ငါ့အိမ်ကကလေးမတွေခေါ်သွားဖို့စီစဉ်ထားတယ်...သင့်တော်တဲ့အိမ်ထောင် ဖက်ကိုသာ ရှာတွေ့ခဲ့ရင် သူတို့ကိုလက်ထပ်ပေးဖို့စီစဉ်လိုက်မယ်"
"ဟားဟား...အမှန်ပဲ"
ကန်းနိုင်ငံတွင်ကျင်းပခဲ့သော ပန်းတစ်ရာပွဲတော်အကြောင်း လူတိုင်းက ပြောဆိုဆွေးနွေးနေကြ၍ ရှောင်ယုသည် ထိုပွဲအားအလွန်စိတ်ဝင်စားလာခဲ့သည်။သူသည်လည်း ပန်းတစ်ရာပွဲတော်အား သွားရောက်လည်ပတ်ကာ သူတို့၏လူနေမှုပုံစံအား ကြည့်ရှုစစ်ဆေးလိုခဲ့သည်။
သို့သော်လည်း သူသည်သခင်ဆမ်နှင့် မရင်းနှီးသည့်အတွက်ကြောင့် သာမန်ခရီးသွားဧည့်သည်တစ်ယောက်အဖြစ်ဖြင့်သာ သွားရောက်ရန်စီစဉ်ထားပေသည်။
"သခင်ရှောင် မင်းကောပန်းတစ်ရာပွဲတော်ကိုသွားကြည့်ဖို့ အစီအစဉ်ရှိလား...မင်းသာသွားမယ်ဆိုရင် ပွဲတော်ကပိုပြီးစည်ကားလာမှာပဲ"
သခင်လေးဟွေ့သည် ရှောင်ယုအား ရုတ်တရက်မေးမြန်းလာခဲ့သည်။
ရှောင်ယုသည် သခင်လေးဟွေ့က သူ့အားစတင်နှုတ်ဆက်လာသည်ကိုတွေ့ပြီး အံ့သြသွားခဲ့ရသည်။သူတို့အကြားတွင် နက်နဲသောမုန်းတီးမှုများရှိနေသော်လည်း သခင်လေးဟွေ့မှယခုလို ယဉ်ကျေးစွာမေးမြန်းလာခြင်းကြောင့် ထိုကောင်သည် တစ်ခုခုစီစဉ်နေသည်မှာ သေချာပေသည်။
ရှောင်ယုသည် အစောပိုင်းက ပန်းတစ်ရာပွဲတော်အား သွားရောက်စူးစမ်းလိုသော်လည်း သခင်လေးဟွေ့၏စကားကြောင့် ချက်ချင်းစိတ်ပြောင်းသွားခဲ့သည်။
"ဒီတစ်ခေါက်တော့ ငါမသွားတော့ဘူး...ခြင်္သေ့မြို့ကအရမ်းအလုပ်ရှုပ်နေတာကြောင့် ဒီမှာခဏအချိန်ဖြုန်းပြီးရင် မရီးကိုခေါ်ပြီး ခြင်္သေ့မြို့ဆီပြန်လိုက်မယ်"
"ဘာလို့ဒီလောက်မြန်မြန်ပြန်ချင်နေရတာလဲ...မင်းကခုမှ ဝမ်မိသားစုဆီရောက်တာလေ...ဒါ့အပြင်ပွဲတော်က ၃ရက်ကြာရင်ပဲကျင်းပတော့မှာ..ဝမ်မိသားစုကလည်း အဲ့ဒီကိုသွားရမှာဆိုတော့ မင်းကိုဖျော်ဖြေပေးမယ့်သူ တစ်ယောက်မှကျန်ခဲ့မှာမဟုတ်ဘူး...ပြီးတော့ စစ်ဝမ်ကငယ်ငယ်ကတည်းက ဒီလိုပွဲတော်မျိုးကို တက်ရောက်ချင်နေပေမယ့် အခွင့်မသာလို့မသွားခဲ့ရဘူးလို့ ကြားတယ်"
သခင်လေးဟွေ့က ရှောင်ယုအား အတင်းတိုက်တွန်းလိုက်သည်။
သခင်လေးဟွေ့က စစ်ဝမ်အား အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးပြုနေကြောင်း တွေ့လိုက်ရ၍ တစ်ခုခုမှားယွင်းနေကြောင်း ရှောင်ယုနားလည်လိုက်သည်။
"စစ်ဝမ်က ပြန်ရောက်တာတစ်ရက်ပဲရှိသေးတယ်...သူမကပွဲတော်ကိုသွားမယ့်အစား သူမအမေကိုပဲ အချိန်ပေးဖို့ရွေးချယ်မယ်ထင်တယ်"
သခင်လေးဟွေ့က အလွတ်မပေးဘဲ ထပ်မံတိုက်တွန်းပြန်သည်။
"ဒီတစ်ခေါက်တော့ သူ့အမေလည်း ပန်းတစ်ရာပွဲတော်ကိုသွားမှာလေ...အဲ့ဒါဆိုတော့စစ်ဝမ်လည်း သူမအမေနဲ့အတူလိုက်မှာပေါ့...ဟုတယ်မလား ဦးလေး"
ဝမ်ထျန်းဟူသည် သခင်လေးဟွေ့၏စကားကို နားထောင်ရင်း တုံ့ဆိုင်းသွားခဲ့ရသည်။သူသည် ရှောင်ယုနှင့်ပတ်သက်၍ အမြတ်အစွန်းများကို မတွက်ချက်ရသေးသည့်အတွက်ကြောင့် အစီအစဉ်များမချမှတ်ရသေးပေ။ထို့ကြောင့် သူသည်အတိအကျ အဖြေမပေးသေးဘဲ "အင်း"ဟုသာ ပြောလိုက်သည်။
သခင်လေးဟွေ့က သူ့အကြံအောင်မြင်သွားဟန်ဖြင့် ပြောလိုက်သည်။
"သခင်ယု...စစ်ဝမ်ကတောင်သွားမယ်ဆိုတော့ မင်းကဒီမှာပဲနေဖို့ဆက်စီစဉ်ထားတာလား"
"ဒီကောင်...."
ရှောင်ယုသည် သခင်လေးဟွေ့၏ အရှက်မဲ့ပုံအား သူ၏နှလုံးသားထဲ၌အော်ဟစ် ကျိန်ဆဲလိုက်သည်။သို့သော်လည်း စစ်ဝမ်သာအမှန်သွားရောက်ပါက သူမ၏လုံခြုံမှုအားသေချာစေရန်အတွက် သူမနောက်မှ လိုက်သွားရမည်ဖြစ်သည်။
"ငါက ဘယ်လိုလှည့်ကွက်မျိုးကိုမှ မကြောက်ဘူး...ဒါ့အပြင်စစ်ဝမ်ကိုသာ မကာကွယ်နိုင်ဘူးဆိုရင်တော့ သေခြင်းကသာပိုကောင်းတဲ့ရွေးချယ်မှုပဲ..."
အဆုံးသတ်တွင် ရှောင်ယုက ပြုံးပြုံးလေးပြောလိုက်သည်။
"အဲ့ဒါဆိုရင်လည်း ငါကဒဏ္ဍာရီလာ ပန်းတစ်ရာပွဲတော်ကို သွားကြည့်ရမှာပေါ့"
အခန်း ၈၀ - ဘန်ဂါဇီမြို့တော်
ဧည့်သည်အများစုသည် ရှောင်ယုကို ထိတ်လန့်ကြောက်ရွှံစွာကြည့်ရင်း ဧည့်ခံပွဲအား အဆုံးသတ်လိုက်ကြသည်။ထိုကောင်သည် ဝမ်ထျန်းဟူအုပ်စိုးသော နယ်မြေ၌ပင် ဝမ်ထျန်းဟူအားမျက်နှာသာမပေးဘဲ တစ်စုံတစ်ယောက်အား ရိုက်နှက်ခဲ့သည်။အကယ်၍ ရှောင်ယုနေရာတွင် အခြားတစ်ယောက်သာဆိုပါက ဝမ်နယ်မြေမှထွက်ခွာပါက ချက်ချင်းအသတ်ခံရမှာဖြစ်သည်။
ရှောင်ယုသည် နောက်ထပ်၃ရက်အတွင်း မည်သည့်အလုပ်မှမလုပ်ခဲ့ပေ။ရှောင်ယု၏အောစ့်စစ်သည်များသည် မြို့အတွင်းရှိလူထုအား ရုန်းရင်းဆန်ဆတ်ဖြစ်စေခဲ့သော်လည်း ရှောင်ယုသည် ဝမ်ထျန်းဟူအားစော်ကားမိပြီးနောက်တွင် မည်သည့်အန္တာရယ်ကိုမှ မကြောက်ခဲ့ပေ။ထို့ပြင် ဧည့်ခံပွဲအပြီး၌ သူသာမတော်တဆတစ်ခုခုဖြစ်ခဲ့ပါက မှော်သခင်သီအိုဒေါသည် သူ့အတွက်လက်စားချေပေးလိမ့်မည်ဟု ဝမ်ထျန်းဟူအား ခြိမ်းခြောက်ခဲ့သည်။ရှောင်ယုသည် သီအိုဒေါ၏အမည်အား အလွဲသုံးစားလုပ်ရာ၌ တွန့်ဆုတ်နေခြင်းမရှိခဲ့ပေ။
ထိုဧည့်ခံပွဲအပြီးတွင် ဝမ်ထျန်းဟူသည် များစွာပြောင်းလဲသွားခဲ့ကာ ရှောင်ယုအား အချိန်ပြည့်ရှောင်တိမ်းနေရန်ကြိုးစားခဲ့သည်။သ်ို့သော် ရှောင်ယုကိုယ်တိုင်က ယခုအချိန်၌ အရူးတစ်ယောက်လိုပြုမူနေသော်လည်း အနာဂတ်တွင် အလားအလာရှိသောအုပ်ချုပ်သူတစ်ယောက်ဖြစ်လာနိုင်ကြောင်း ဝမ်ထျန်းဟူခံစားမိပေသည်။
ထို့အပြင် သီအိုဒေါ၏ကျော်ကြားလှသော ဂုဏ်သတင်းကြောင့် သူ့အား ယခုလိုကိစ္စလေးတစ်ခုအတွက် စော်ကားမိခြင်းသည် ဝမ်ထျန်းဟူ၏အမြင်၌ ထိုက်တန်မှုမရှိပေ။ဝမ်ထျန်းဟူသည် ရှောင်ယုအား သူ့နယ်မြေ၌ သတ်ဖြတ်ရလောက်သည်ထိ ကလေးဆန်သောအမှားကိုပြုလုပ်မည်မဟုတ်ပေ။
အုပ်ချုပ်သူတစ်ယောက်သည် သာမန်လူတစ်ယောက်လို ပြုမူမည်မဟုတ်ပေ။တစ်ဖက်လူသည် သူ့အားရန်စလာလျှင်တောင်မှ အုပ်ချုပ်သူများသည် လွယ်လွယ်နှင့်ဒေါသမထွက်ရပေ။ထိုသို့မဟုတ်လျှင် ကမ္ဘာကြီးသည် ပုံမှန်အခြေအနေ၌ ရှိနေမည်မဟုတ်ပေ။
ရှောင်ယုသည် သူ၏ဧည့်ခံပွဲ၌ သူ့အားမျက်နှာသာမပေးခဲ့သောကြောင့် ဝမ်ထျန်းဟူသည် ဒေါသထွက်နေသော်လည်း ဤကိစ္စကိုကိုင်တွယ်ရန် သူအစီအစဉ်ထပ်ဆွဲရမည်ဖြစ်သည်။
ရှောင်ယုသည်လည်း သူ၏စိတ်ခံစားမှုအတိုင်း မလုပ်ဆောင်ခဲ့ပေ။ရှောင်ကျန်းထျန်သည် သာမန်ဗိုလ်ချုပ်တစ်ဦးမဟုတ်ပေ။သူ၏သားဖြစ်သူ ရှောင်ယုသည်လည်း ရဲရင့်ကာ လိမ္မာပါးနပ်သောအကျင့်စရိုက်ကို သူ၏ဖခင်ဖြစ်သူထံမှ အမွေဆက်ခံထားပေသည်။သို့သော်လည်း အဖေနှင့်သားနှစ်ဦးသည် လုံးဝကွဲပြားသောပုံစံတွင်ရှိသည်။
ဝမ်ထျန်းဟူ နောင်တရမိသည်မှာ စစ်ဝမ်အား အခြားသောမိသားစုတစ်ခု၏ အမွေဆက်ခံသူနှင့် နောက်အိမ်ထောင်ပြုပေးမည်ဟု ကတိပြုမိခဲ့ခြင်းဖြစ်သည်။ထိုအမွေဆက်ခံသူသည် စစ်ဝမ်၏ပုံကိုမှတ်တမ်းတင်ထားသော မှော်ကျောက်တုံးပေါ်မှ စစ်ဝမ်ကိုရုပ်ပုံကိုတွေ့မြင်ပြီးနောက် ဝမ်ထျန်းဟူအား ချက်ချင်းတောင်းဆိုခဲ့ရာ ဝမ်ထျန်းဟူကလည်း ထိုတောင်းဆိုချက်ကို သဘောတူခဲ့သည်။
သို့သော်လည်း ဝမ်ထျန်းဟူသည် ရှောင်ယုထံမှထိုမျှ ပြင်းထန်သောတုံ့ပြန်မှုကို လုံးဝမမျှော်လင့်ထားခဲ့ပေ။
ဝမ်ထျန်းဟူသည် ဂရင်း၏ရိုက်နှက်မှုကို ခံခဲ့ရသော သခင်စန်းခွမ်အား ကုသပေးရန်အတွက် လွယ်ကူသောနည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ဝမ်ထျန်းဟူသည် စန်းခွမ်အားကုသပေးရန် အကောင်းဆုံးသောဆေးဝါးများအား အသုံးပြုခဲ့သလို ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ပါးကိုပင့်ဖိတ်ကာ စန်းခွမ်အားကုသပေးရန် တောင်းဆိုခဲ့သည်။ဂရင်းသည် ထိုဖက်တီးကိုကြမ်းတမ်းစွာ ထိုးနှက်ခဲ့သော်လည်း အရေးကြီးအင်္ဂါအစိတ်အပိုင်းများကို မထိခိုက်ရအောင် ရှောင်တိမ်းထိုးနှက်ခဲ့သည်။
ထို့ကြောင့် ဝမ်ထျန်းဟူသည် သခင်စန်းခွမ်အား မှော်သခင်သီအိုဒေါမှ ရှောင်ယုအား ကျောထောက်နောက်ခံပေးထားကြောင်း ပြောပြကာ စန်းခွမ်အားဖိနှိပ်လိုက်သည်။သခင်စန်းခွမ်၏ မိသားစုသည် အလွန်ပင်ချမ်းသာသော်လည်း ဆဌမအဆင့်မှော်သခင်တစ်ဦးနှင့် နှိုင်းယှည်ပါက သူ၏မိသားစုသည်အရာမရောက်ကြောင်း နားလည်ပေသည်။
အတိုချုပ်ပြောရလျှင် ဧည့်ခံပွဲအပြီး ၃ရက်တာသည်အလွန်ပင်ငြိမ်သက်နေခဲ့ကာ လူတ်ိုင်းသည် ကန်းနိုင်ငံသို့ အပြေးအလွှားသွားရောက်နေခဲ့ကြသည်။
ဝမ်ထျန်းဟူကျင်းပသော ဧည့်ခံပွဲသို့ ဧည့်သည်များစွာရောက်ရှိလာရသည့် အဓိကအကြောင်းရင်းမှာ ထိုဧည့်သည်များသည် ကန်းနိုင်ငံတွင်ကျင်းပမယ့် ပန်းတစ်ရာပွဲတော်သို့ တက်ရောက်ရန်စီစဉ်နေ၍ဖြစ်သည်။ဝမ်မိသားစုနှင့် ကန်းနိုင်ငံကြားအကွာအဝေးသည် အလွန်နီးကပ်ပြီး မိုင်ရာဂဏန်းခန့်သာကွာဝေးပေသည်။ကန်းနိုင်ငံသို့ သွားရောက်လိုသူများသည် မြင်းကိုဒုန်းစိုင်းစီးနင်းသွားပါက တစ်ရက်အတွင်းကန်းနိုင်ငံသို့ရောက်ရှိမှာဖြစ်သည်။
...
...
ကန်းနိုင်ငံသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ လက်အောက်ခံနိုင်ငံတစ်ခုမဟုတ်ပေရာ အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့် ဝမ်နယ်မြေသည် အလွန်ပင်ဂရုစိုက်ခဲ့ရသည်။ထို့ကြောင့် ဝမ်ထျန်းဟူသည် ကန်းနိုင်ငံနှင့်ဆက်ဆံရေးကို အထူးဂရုပြုခဲ့ပြီး ဝမ်နယ်မြေနှင့်ကန်းနိုင်ငံအကြား ဆက်ဆံရေးကိုတည်ငြိမ်စေရန်အတွက် စစ်ဝမ်အား အိမ်ထောင်ချပေးရန်စီစဉ်နေခြင်းဖြစ်သည်။သို့သော်လည်း ယခုအချိန်၌မူ ထိုသို့ပြုလုပ်ရန်မှာ အခက်အခဲရှိပုံရပေသည်။
...
...
ကန်းနိုင်ငံသို့ထွက်ခွာမယ့် သခင်များ၏ရထားလုံးများသည် ဖန်းယန်မြို့တံခါးဝ၌ စုဝေးနေခဲ့ကြသည်။ဤနေရာတွင် ရှောင်ယုသည်မြို့စားကြီးဖြစ်ရာ ရှေ့မှဦးဆောင်သွားလာရပေသည်။
ရှောင်ယု၏ရထားလုံးသည် စတင်ထွက်ခွာလာသောအခါ မှူးမတ်သခင်များတုန်လှုပ်သွားကြရသည်။အဘယ်ကြောင့်ဆိုသော် ရှောင်ယု၏ရထားလုံးသည် နတ်မြင်းဖြူ၈ကောင်ဆွဲယူသည့် ဇိမ်ခံရထားလုံးဖြစ်ပြီး အင်ပါယာ၏အောက်၌ အမြင့်ဆုံးသောအဆင့်အတန်းကိုဖော်ပြ၍ဖြစ်သည်။ကောင်းကင်ခြင်္သေ့ မင်းဆက်၏ အထွတ်အထိပ်အချိန်ကာလက မြို့စားကြီးများသည် သူတို့၏ရထားကိုဆွဲယူရန် နတ်မြင်းဖြူ၈ကောင်အား အသုံးပြုကြသည်ဟု ဆိုစမှတ်ရှိခဲ့ကြသည်။သို့သော် ထိုသို့သောရထားလုံးကို မမြင်တွေ့ရသည်မှာ နှစ်၁၀၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူတို့ထဲမှ အများစုသည် နတ်မြင်းဖြူ၈ကောင်မဆိုနှင့် ၁ကောင်ကိုပင် ပိုင်ဆိုင်ရန် မလွယ်ကူခဲ့ပေ။ခြင်္သေ့မြို့သခင်သည် ထိုနတ်မြင်းများအား အဘယ်သို့ရရှိခဲ့သနည်း။
ရှောင်ယုသည်လည်း အလွန်ကံကောင်း၍သာ နတ်မြင်းဖြူ၈ကောင်က်ို စုဆောင်းမိခဲ့ခြင်းဖြစ်သည်။ရှောင်ယုသည် သူတို့အားစုမိရန်အတွက် ဓားပြစခန်းဒါဇင်ချီကို ဖျက်ဆီးခဲ့ရသည်။အနောက်တိမ်တိုက်အင်ပါယာမှ ထွက်ခွာလာသည့် ကုန်သည်များသည် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ရန်အတွက် ရှောင်ယုပိုင်ဆိုင်သည့် ခြင်္သေ့နယ်မြေကိုဖြတ်သွားရာမှ ဓားပြတိုက်ခံရကာ သူတို့၏အဖိုးတန်မြင်းများကို လုယူခံခဲ့ရသည်။ရှောင်ယုအတွက်မူကား သူ၏နယ်မြေသည် ကုန်သည်များအဓိကဖြတ်သန်းသွားလာရာနေရာဖြစ်သည့်အတွက် ကံကောင်းသည်ဟုဆိုရပေမည်။
"တကယ့်မြို့စားကြီးပဲ...နတ်မြင်းဖြူ၈ကောင်က ဆွဲယူတဲ့ရထားလုံးက်ို အသုံးပြုတာ တကယ်မိုက်လွန်းတယ်"
"ဟုတ်တယ်...သူကဧည့်ခံပွဲမှာ ဝမ်ထျန်းဟူကို သတ္တိရှိရှိစော်ကားတာ အံ့သြစရာတော့မဟုတ်တော့ဘူး...မှော်သခင်သီအိုဒေါကလည်း သူ့ကိုကျောထောက်နောက်ခံပေးတယ်လို့ ပြောထားတယ်"
"အဲ့ဒီ အောစ့်တွေနဲ့နတ်သူငယ်အစောင့်တွေကိုကြည့်စမ်း...ကောင်းကင်ခြင်္သေ့ မင်းဆက်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ မင်းမျိုးမင်းနွယ်တွေကသာ သူတို့ကိုအသုံးပြုနိုင်ခဲ့တယ်"
ရှောင်ယုသည် မရေမတွက်နိုင်သော စကားစုများကို အာရုံစိုက်နားထောင်နေခဲ့သည်။
ယခုနှစ်များတွင် ခြင်္သေ့မြို့သည်ကျဆင်းနေကြောင်း လူတ်ိုင်းသိထားကြသော်လည်း အတိအကျကိုမူ မည်သူမှမသိရှိခဲ့ကြပေ။ရှောင်ကျန်းထျန်သည် စစ်ရေးအာဏာကို အလွန်အမင်းဆုပ်ကိုင်ထားခဲ့သောကြောင့် အနောက်မြောက်ဘက်တွင်ရှိသော မြေရိုင်းဒေသသို့ နှင်ထုတ်ခံခဲ့ရပေသည်။
သို့သော်လည်း ခြင်္သေ့နယ်မြေသည် ရှောင်ယုအတွက် အလွန်ပင်မြင့်မားကာ တန်ဖိုးကြီးမားသည်ဟု ဆိုနိုင်ပေသည်။
တိုင်ရန်ဒီသည်ကား ရထားထဲသို့မဝင်ဘဲ သူမ၏ကျားဖြူကိုသာ စီးနင်းခဲ့သည်။ကျားဖြူနှင့်ကျားသစ်များကို စီးနင်းကြသော နတ်သူငယ်လေးသမားများနှင့်မုဆိုးများသည် ဤတိုက်ကြီး၌ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်သည်။ကျားဖြူသည် နတ်သူငယ်မျိုးနွယ်၏ ခေါင်းဆောင်များကသာစီးနင်းရန် ရည်ရွယ်ထားသည့်အတွက်ကြောင့် ဤနတ်သူငယ်ကို နတ်သူငယ်မျိုးနွယ်၏ခေါင်းဆောင်ဖြစ်သည်ဟု လူများယူဆမိကြသည်။ထိုသို့သောနတ်သူငယ်သည် ရှောင်ယု၏အမိန့်ကို အမှန်ပင်နာခံသည်လား...
ရှောင်ယု၏ရထားသည် ရှေ့ဆုံးမှစတင်ထွက်ခွာခဲ့ကာ ကျန်ရထားများသည် နောက်မှ လိုက်ပါလာခဲ့သည်။
တစ်ရက်တာခရီးနှင်အပြီး နောက်တစ်နေ့မွန်းတည့်ချိန်သို့ ရောက်ရှိလာချိန်တွင် ကန်းနိုင်ငံ၏မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် အလွန်ခမ်းနားထည်ဝါသော ခမ်းနိုင်ငံ၏မြို့တော် ဘန်ဂါဇီကိုတွေ့မြင်လိုက်ချိန်တွင် သူ၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။
"သေစမ်း...တကယ်မိုက်တယ်ဟ...ဒီကောင်တွေက စက်ပစ္စည်းတွေ လျှပ်စစ်စက်တွေရဲ့အကူအညီကိုယူပြီးတော့ ဒီလိုမြင့်မားတဲ့နံရံတွေကို တည်ဆောက်နိုင်ခဲ့တာလား"
ပန်းတစ်ရာပွဲတော်ကြောင့် ဘန်ဂါဇီမြို့တော်သို့ အလည်လာရောက်ကြသော မှူးမတ်ဦးရေအလွန်များပြားသော်လည်း ရှောင်ယု၏ရထားသည် မြို့တွင်းသို့ဝင်ရောက်လာချိန်တွင် လူထု၏အာရုံစိုက်မှုကိုရရှိခဲ့သည်။
"ဘုရားရေ...သူ့ရဲ့ရထားကိုဆွဲဖို့ နတ်မြင်းဖြူ၈ကောင်က်ိုအသုံးပြုတယ်ပေါ့...သူကဘယ်သူလဲ"
"ရှေးဟောင်းအမွေအနှစ်တွေပိုင်ဆိုင်ထားတဲ့ မိသားစုတွေကသာ သူတို့ရဲ့ဇိမ်ခံရထားကိုဆွဲဖို့ နတ်မြင်းဖြူ၈ကောင်က်ိုအသုံးပြုနိင်တယ်လို့ ပြောကြတယ်...သခင်ဆမ်တောင်မှ သူ့ရဲ့ဇိမ်ခံရထားကိုဆွဲဖို့ နတ်မြင်းဖြူ ၂ကောင်က်ိုသာသုံးနိုင်တယ်...ကျန်တာကသာမန်မြင်းဖြူတွေပဲ"
"သူကဘယ်သူလဲ...သခင်ဆမ်ရဲ့ပွဲက်ိုလာမယ်ဆိုတာ ငါမကြားမိသေးဘူး...သူက ကြီးမြတ်တဲ့မိသားစုတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်နေမလား..."
"ငါတို့သတိမထားမိတဲ့ သခင်လေးတစ်ယောက်ယောက်ဖြစ်နေမလား..."
"အောစ့်တွေ...ဘုရားရေ သူတို့ကအောစ့်တွေလား...ဒါကအောစ့်အစောင့်တွေပဲ...ဟိုးအရင်တုံးကဆိုရင် မှူးမတ်မျိုးနွယ်တွေဟာ သူတို့ခရီးသွားရင် အောစ့်အစောင့်တွေကိုခေါ်ဆောင်ထားတာက အမှန်တကယ်ကိုမြင့်မြတ်တယ်လို့ ယူဆကြတယ်"
"အဲ့ဒီကျားဖြူကိုကြည့်စမ်း...အဲ့ဒါနတ်သူငယ်မလား...သူကဝတ်ရုံအနက်ကို ဝတ်ဆင်ထားပေမယ်...အဲ့ဒီခရမ်းရောင်မျက်လုံးတွေအရဆို သူကနတ်သူငယ်တစ်ယောက်ဆိုတာ သံသယဖြစ်စရာမလိုဘူး...ဒီသခင်ကဘယ်သူလဲ"
...
...
ရှောင်ယုသည် ရထားလုံးပေါ်ထိုင်ကာ ဝိုင်ခွက်ကိုညင်သာစွာ လှုပ်ယမ်းနေရင်း သူ၏အကြောင်းကိုပြောဆိုနေသူများ၏ အသံကိုနားထောင်ကာ မကြာမှိဖြစ်လာမယ့်အခက်အခဲများကို တွေးတောနေခဲ့သည်။
သူ့ထံတွင် အောစ့်များနှင့် နတ်သူငယ်များရှိနေသည့်သတင်းသည် ယခုမဟုတ်လျှင်ပင် မကြာမှီပေါ်ထွက်လာတော့မည်ဖြစ်သောကြောင့် ရှောင်ယုသည် အောစ့်များအား သူတို့၏သွင်ပြင်များကိုဖုံးကွယ်ထားရန် ဆက်လက်မစေခိုင်းတော့ပေ။ထိုသို့အောစ့်များရှိနေကြောင်း ဖော်ထုတ်လိုက်ခြင်းသည် ရုတ်ရုတ်သဲသဲဖြစ်စေသော်လည်း သူ၏ဂုဏ်သတင်းကိုတိုးပွားစေမည်ဖြစ်သည်။
သခင်လေးဟွေ့သည် ဘန်ဂါဇီမြို့တော်သို့သွားရန် တိုက်တွန်းနေသည့်အတွက်ကြောင့် ဤနေရာ၌ပူးပေါင်းကြံစည်မှုတစ်ခုရှိနိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။ထိုသို့ပူးပေါင်းကြံစည်မှုအား အထိုက်အလျောက်ကာကွယ်ရန်အတွက် ရှောင်ယုသည် ဘန်ဂါဇီမြို့တော်သို့ ခမ်းနားစွာဝင်ရောက်၍ သူရောက်ရှိလာကြောင်း လူတိုင်းကိုသိရှိစေခဲ့သည်။
ဤနည်းအားဖြင့် မြို့စားကြီးရှောင်ယုသည် ကန်းနိုင်ငံသို့ရောက်ရှိလာကြောင်း လူတိုင်းအားကြေငြာသလိုဖြစ်စေခဲ့သည့်အပြင် အကယ်၍သူသာတစ်ခုခုဖြစ်ပွားခဲ့ပါက ကန်းနိုင်ငံအား ခရူးဆိတ်စစ်ပွဲဆင်နွဲရန်အတွက် သူ၏သေဆုံးမှုကိုအကြောင်းပြချက်အနေဖြင့်သုံးမယ့် နိုင်ငံရေးအချောင်သမားများ ရှိလာမည်ဖြစ်သည်။
ကန်းနိုင်ငံသည် အင်အားကြီးမားသော်လည်း ရန်သူများစွာရှိပေသည်။သင့်လျော်သောအကြောင်းပြချက်ကိုသူ ရရှိပါက အလယ်အလတ်အင်အားစုအများအပြားသည် ကန်းနိုင်ငံကိုဖယ်ရှားကာ သူတို့၏နယ်မြေများကိုခွဲဝေရယူရန် ဆန္ဒရှိကြမည်ဖြစ်သည်။
ဘန်ဂါဇီမြို့၌တည်းခိုရန်အတွက် ရှောင်ယုနှင့်ဝမ်ထျန်းဟူတို့အတွက် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။အခြားသောသခင်များသည်လည်း သူတို့၏မိသားစုများအတွက် ဟိုတယ်များနှင့်တည်းခိုခန်းများကို ဘွတ်ကင်လုပ်စေရန်အတွက် လူများကိုကြိုတင်စေလွှတ်ထားခဲ့သည်။
ရှောင်ယုနှင့်ဝမ်ထျန်းဟူတို့သည် ဘန်ဂါဇီမြို့တော်၏ အကြီးဆုံးဟ်ိုတယ်ရှေ့သို့ ရောက်လာသောအခါ ဟိုတယ်ပိုင်ရှင်က သူတို့အားတွေ့ဆုံရန်ပြေးထွက်လာခဲ့သည်။
နဂိုက ဟိုတယ်ပိုင်ရှင်သည် ရှောင်ယုအတွက်မဟုတ်ဘဲ ဝမ်ထျန်းဟူကိုသာတွေ့ဆုံရန်ရောက်လာခဲ့ခြင်းဖြစ်သည်။ဝမ်မိသားစုသည် သေးငယ်သောအင်အားစုတစ်ခုမဟုတ်ပေရာ သူ့အားတံခါးရှေ့ထိ လာရောက်တွေ့ဆုံရန်ထိုက်တန်ပေသည်။
ပိုင်ရှင်ဖြစ်သူသည် ရှောင်ယုအားမသိသော်လည်း သူ့ကိုမစော်ကားဝံ့ပေ။ရှောင်ယုသည် မြင့်မြတ်သောမြို့စားကြီးဘွဲ့ကို ရရှိထားပေရာ သူ့အားသွားရောက်နှုတ်မဆက်ပါကလည်း အပြစ်ပေးခံရမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏ရထားပေါ်၌တပ်ဆင်ထားသော ခြင်္သေ့နယ်မြေ၏အမှတ်သင်္ကေတကို မြင်သောအခါ ပိုင်ရှင်သည်အလွန်အံ့သြသွားခဲ့သည်။ပိုင်ရှင်ဖြစ်သူသည် ဤလုပ်ငန်းတွင် အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပြီး အင်အားစုအများစုနှင့်တွေ့ဆုံဆက်ဆံကာ သတင်းအချက်အလက်ရယူရာ၌ အလွန်ကျွမ်းကျင်ပေသည်။
သို့ဖြစ်ရာ ရှောင်ကျန်းထျန်၏ ဂုဏ်သတင်းကို သူလည်းသိရှိပေသည်။
"ရှောင်မိသားစုက ကျဆင်းသွားပြီဆိုပြီး ငါထင်ထားခဲ့တာလေ...သူတို့ကတတိယတန်းစား နယ်မြေအဆင့်ပဲရှိတော့တာမလား...ဘယ်လိုဖြစ်ပြီး ဒီလောက်ထိစွမ်းအားကြီးလာရတာလဲ...သူတို့ဆီမှာ နတ်မြင်းဖြူ၈ကောင်ဆွဲတဲ့ ရထားလုံးအပြင် အောစ့်တွေနဲ့နတ်သူငယ်အစောင့်တွေတောင် ရှိနေတာပဲ"
ပိုင်ရှင်ဖြစ်သူသည် သံသယများနှင့်ပြည့်နှက်နေသော်လည်း ရှေ့ထွက်လာခဲ့ကာ ရ်ိုးသားစွာနှုတ်ဆက်လိုက်သည်။
"ဒီအဘိုးကြီးရဲ့ဟိုတယ်မှာ လာရောက်တည်းခိုဖို့ ရွေးချယ်လိုက်တဲ့အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်...သင်တို့ကိုဝန်ဆောင်မှုပေးရမှာက ငါ့အတွက်ဝမ်းသာစရာပါဘဲ"
ထိုအချိန် ရထားလုံးပေါ်မှ အသက်၁၇သို့မဟုတ် ၁၈ခန့်သာရှိမယ့် ကောင်လေးတစ်ယောက် ဆင်းလာသည်ကိုမြင်လိုက်ရသောကြောင့် ပိုင်ရှင်ဖြစ်သူသည် အံ့သြတုန်လှုပ်သွားခဲ့သည်။
"သူက မြို့စားကြီးလား..."
ပိုင်ရှင်ဖြစ်သူသည် ရှောင်ယုတစ်ယောက် ရထားပေါ်မှမဆင်းလာပါက ရှောင်ယုက မြို့စားကြီး၏နောက်လိုက်သာဖြစ်သည်ဟု ယူဆမည်ဖြစ်သည်။
...
...
ရထားပေါ်မှဆင်းလာသောအခါ ရှောင်ယု၏မျက်နှာပေါ်၌ မည်သည့်အမူအရာများ ရှိမနေခဲ့ပေ။သူသည် ယခင်က ဤကဲ့သို့ခမ်းနားသောမြို့ကြီးအား မတွေ့ကြုံခဲ့ဖူးသည့်အတွက် သူမည်သို့ဆက်လုပ်ရမည်မှန်း မသိခဲ့ပေ။ထို့အပြင် သူသည်ဤမြို့တော်၌ အခက်အခဲများစွာရင်ဆိုင်ရမည်ဖြစ်သည့်အတွက်ကြောင့် ဖြေရှင်းနည်းများစွာကို စဉ်းစားထားခဲ့သည်။
"ပိုင်ရှင်...ငါ့ရဲ့မရီးအတွက် မင်းမှာရှိတဲ့အကောင်းဆုံးအခန်းကို စီစဉ်ပေးပါ"
ရှောင်ယုသည် စစ်ဝမ်နှင့်သူမ၏အမေအား ညွန်ပြကာပြောလိုက်သည်။
"ပြသနာမရှိပါဘူး..မြို့စားကြီး...ကျေးဇူးပြုပြီးတော့ ငါ့နောက်ကလိုက်လာခဲ့ပါ"
ပိုင်ရှင်သည် ရှောင်ယုအား ဟိုတယ်ထံသို့ခေါ်သွားခဲ့သည်။
ရှောင်ယုသည် စစ်ဝမ်အား ထိုသို့သောပုံစံဖြင့် ဆက်ဆံသည်ကိုမြင်သောအခါ စစ်ဟောင်၏စိတ်ထဲ၌ မနာလိုမှုများဖြစ်ပေါ်လာခဲ့သည်။
မူလက စစ်ဝမ်သည် အဖိုးတန်ဇိမ်ခံရထားကို စီးနိုင်သည့်အတွက် သူမသည်အမှန်ပင် မခနာလိုဖြစ်ခဲ့မိသည်။ထိုသို့သော ဇိမ်ခံရထားသည် မြင့်မြတ်သောအဆင့်အတန်းကို ဖော်ပြခြင်းဖြစ်ရာ အမျိုးသမီးတိုင်းက မစီးချင်ဟုပြောလျှင် လိမ်ရာကျပေသည်။
လမ်းသွားလမ်းလာများက သူမအား မနာလိုစိတ်ဖြင့်တိတ်တခိုး ကြည့်မယ်ဆိုပါက စစ်ဟောင်၏အတွင်းစိတ်ထဲတွင် ကျေနပ်နေရန်လုံလောက်ပေသည်။
"ချစ်လေး...အေးအေးဆေးဆေးနေစမ်းပါ...အဲ့ကောင်ရဲ့အကျိုးဆက်တွေကို ခံစားရဖို့အချိန်ကြာတော့မှာမဟုတ်ပါဘူး"
စစ်ဟောင်၏ အနားတွင်ရပ်နေသော သခင်လေးဟွေ့က ပြုံးလိုက်ကာဖျောင်းဖြနှစ်သိမ့်လိုက်သည်။
"သူမလို့စျေးပေါတဲ့ မိန်းမမျိုးက အကောင်းစားဇိမ်ခံရထားကိုစီးပြီး အကောင်းဆုံးအခန်းမှာနေရဲတယ်ပေါ့...သူမတကယ်ကိုသေသင့်တယ်"
"သူတို့က မကြာခင်သင်ခန်းစာရတော့မှာပါ...စိတ်ကိုအေးအေးထား ချစ်လေး"
ဝမ်ထျန်းဟူသည် သူတို့၏နံဘေး၌ရပ်နေချိန်တွင် သခင်လေးဟွေ့က မြေခွေးတစ်ကောင်လို ပြုံးပြလိုက်သည်။ဝမ်ထျန်းဟူသည် သဘောထားပြည့်ဝသော သခင်တစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့သော်လည်း လက်တွေ့တွင်ထိုအလုပ်သည် လွယ်ကူနေမည်မဟုတ်ခဲ့ပေ။သူသည် အိမ်နီးချင်းများနှင့်ရန်သူများကို ကြပ်မတ်ထိန်းသိမ်းကာ နယ်မြေ၏ကောင်းကျိုူးကိုဖော်ဆောင်ရန် အားထုတ်နေရသည်။
"ဒီကောင်လေးက လှည့်ကွက်တွေအများကြီး တတ်လာတဲ့အတွက် သူ့ကိုဆက်ပြီးမောက်မာခွင့်ပေးလိုက်...ငါအပြင်ထွက်ပြီး သူရင်ဆိုင်ရမယ့်ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်လိုက်မယ်"
အခန်း ၈၁ - တတိယမင်းသားလေး အာဝင်
ရှောင်ယုသည် သူတည်းခိုသောဟိုတယ်၌ မျက်စိဖမ်းစားအခံရဆုံး ဧည့်သည်ဖြစ်သည်။အမှန်တော့ သူတည်းခိုသောဟိုတယ်တွင် တည်းခိုသောဧည့်သည်အားလုံးသည် အထက်တန်းစားအဆင့်မြင့်သူများဖြစ်ကြသည်။သာမန်လူများသည် ယခုလိုအဆင့်မြင့်ဟိုတယ်မျိုး၌ တည်းခိုရန် အခွင့်အရေးမရရှိကြပေ။သို့သော် ယခုအချိန်၌ ရှောင်ယု၏တည်းခိုမှုက သူတစ်ယောက်တည်းကိုသာ မီးမောင်းထိုးပြနေခဲ့သည်။နတ်သူငယ်သို့မဟုတ် အောစ့်များကိုပိုင်ဆိုင်ထားခြင်းက ထိုလူ၏ဂုဏ်သတင်းကို တိုးတက်စေသော်လည်း အစောင့်များအဖြစ် ၎င်းတို့အား ထားရှိခြင်းသည် လုံးဝ ကွဲပြားခြားနားသော ကိစ္စဖြစ်ပေသည်။
နတ်သူငယ်များနှင့်အောစ့်များကို အစောင့်အဖြစ်ထားရှိခြင်းသည် အမြင့်မြတ်ဆုံးသော အမှတ်သင်္ကေတလည်းဖြစ်သည်။အစွမ်းအထက်ဆုံးသော သူရဲကောင်းများသည်သာလျှင် သူတို့၏သစ္စာခံမှုအားရရှိနိုင်မှာဖြစ်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးသည် လွန်ခဲ့သောနှစ်ပေါင်းရာချီအတွင်း ဖြစ်ပေါ်ခဲ့ခြင်းမရှိပေရာ လူတိုင်း၏အာရုံစူးစိုက်မှုကို ရရှိသည်မှာမထူးဆန်းတော့ပေ။
ရှောင်ယုသည်ပင် လူများ၏စူးစမ်းလိုစိတ်ကို အမှန်တကယ်လျော့တွက်ထားမိခဲ့သည်။ယခုအခါ သူသွားလေရာနေရာတိုင်းတွင် သူ့အားလာရောက်မိတ်ဆက်သူများ ပြည့်နှက်နေခဲ့သည်။ထိုလူများသည် လီအာ၏လက်ထဲတွင်ရှိနေသော နဂါးလေးကိုဂရုမပြုမိခဲ့ပေ။ထိုသို့မဟုတ်ပါက သူသည် ပိုမို၍အာရုံစိုက်ခံရမှု တိုးပွားလာမည်ဖြစ်သည်။
ရှောင်ယုသည် စစ်ဝမ်၏အခန်းကိုတစ်ချက်သွားကြည့်ခဲ့ကာ လီအာနှင့်တိုင်ရန်ဒီအား သူမနှင့်အတူလိုက်ပါစောင့်ရှောက်ရန် တောင်းဆိုခဲ့သည်။
...
...
"မြို့စားကြီးရဲ့ဂုဏ်တင်းက ကျော်ကြားနေတာကြာပြီ...တွေ့ရတာဝမ်းသာပါတယ်"
ရှောင်ယုသည် သူ့အားလာရောက်မိတ်ဆက်လိုသည့် အဆုံးမရှိသောလူများကိုရင်ဆိုင်ကြရပြီး ထိုလူတိုင်းသည် နတ်သူငယ်များနှင့်အောစ့်များ၏ ဇာတ်မြစ်ကိုသိချင်နေကြသည်။သို့သော်လည်း ရှောင်ယုသည် ပြုံးရွှင်စွာဖြင့် သူ့အားလာရောက်မိတ်ဆက်သူများကို လူကြီးလူကောင်းဆန်ဆန် ပြောဆိုဆက်ဆံပေးခဲ့သည်။
ရှောင်ယုသည် ထိုမှူးမတ်များနှင့် အချိန်အတော်ကြာအောင် တွေ့ဆုံဆက်ဆံခဲ့ပြီး သူ့အခန်းသို့ပြန်လာခဲ့သည်။ရှောင်ယုသည် ဘန်ဂါဇီမြို့တော်၏ အကောင်းဆုံးဟိုတယ်၌ တစ်ညတည်းခိုရသော်လည်း အိပ်မပျော်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်သည် မုန်တိုင်းမလာမှီ လေငြိမ်နေခြင်းသာဖြစ်ကြောင်း သူသိနေ၍ဖြစ်သည်။
.
"မင်းက ကြမ်းကြမ်းတမ်းတမ်း ဂိမ်းတစ်ခုကိုကစားချင်တယ်ပေါ့...အဲ့ဒါဆိုတကယ့်လူဆိုးက ဘယ်လိုလဲဆိုတာ ငါပြရတာပေါ့"
ထိုညတွင် သခင်ဆမ်၏ တတိယမြောက်သားဖြစ်သူ အာဝင်သည် ညစာစားပွဲတစ်ခုအား ဤဟိုတယ်၌ကျင်းပမည်ဖြစ်ကြောင်း လူတိုင်းကိုအသိပေးခဲ့သည်။သခင်ဆမ်သည် အခြားသောနယ်မြေများ၏ အဆင့်မြင့်အုပ်ချုပ်သူများကို လက်ခံတွေ့ဆုံနေရသောကြောင့် သူ၏ကိုယ်စားအဖြစ် သူ၏တတိယသားဖြစ်သူက ညစာစားပွဲအားလက်ခံကျင်းပမည်ဖြစ်သည်။
...
...
ရှောင်ယုသည် ကောင်းမွန်စွာဝတ်စားပြင်ဆင်၍ စစ်ဝမ်၊တိုင်ရန်ဒီ၊လီအာ ၊ ဂရင်းနှင့်အန်တိုနီဒက်စ်တို့အား ခေါ်ဆောင်ကာ ညစာစားပွဲကျင်းပရာ ခန်းမအတွင်းသို့ခေါ်ဆောင်သွားခဲ့သည်။
စစ်ဝမ်၏မိခင်သည် သူမ၏ကျန်းမာရေးအခြေအနေကြောင့် ညစာစားပွဲကို မတက်ရောက်ခဲ့ပေ။ထိုသည်မှာ ဝမ်ထျန်းဟူ၏စနက်မကင်းကြောင်း ရှောင်ယုနားလည်ပေသည်။
ရှောင်ယုသည် ခန်းမအတွင်းသို့ဝင်ရောက်လာသည်နှင့်တပြိုင်နက် လူတိုင်း၏အာရုံစိုက်မှုကို ရရှိခဲ့ကာ အကြည့်ပေါင်းများစွာက သူ၏ခန္ဓာကိုယ်အပေါ်သို့ကျရောက်လာခဲ့သည်။ရှောင်ယုသည် တိုင်ရန်ဒီအားသူမ၏မျက်နှာကို ဖုံးအုပ်ထားရန်အမိန့်ပေးထားခဲ့သည်။ထိုသို့မဟုတ်ပါက ခန်းမအတွင်းရှိလူများအားလုံးသည် တိုင်ရန်ဒီ၏အလှကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားမှာဖြစ်သည်။
တိုင်ရန်ဒီသည် သူမ၏မျက်နှာကိုဖုံးအုပ်ထားသော်လည်း သူ၏မျက်လုံးများမှ ခရမ်းရောင်အလင်းများမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့်အတွက်ကြောင့် သူမအားနတ်သူငယ်တစ်ယောက်ဟု လူတိုင်းသဘောပေါက်ကြသည်။
ထို့ပြင်သူမသည် လေးနှင့်မြှားများကိုဖုံးကွယ်နိုင်သည့် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ စစ်ဝမ်နှင့်လီအာတို့၏ အသွင်အပြင်သည် မရေမတွက်နိုင်သော အကြည့်များကို အာရုံစိုက်စေခဲ့သည်။ရှောင်ယုသည် ဤညစာစားပွဲက်ိုတက်ရောက်ရန်အတွက် လီအာအား လှပသောဝတ်စုံတစ်ခုကို ရွေးချယ်ပေးခဲ့သည်။စစ်ဝမ်သည်ကား အဝတ်အများကြီးယူဆောင်လာခဲ့၍ ပြဿနာမရှိပေ။ရှောင်ယုသည် လီအာအား အချိန်အတော်ကြာအောင် ချော့တစ်ခါခြောက်တစ်လှည့်ပြုလုပ်ပြီးနောက် သူမသည်ပွဲတက်ဝတ်စုံကိုဝတ်ဆင်ရန် သဘောတူခဲ့သည်။
လီအာသည် ထိုပွဲတက်အဝတ်အစားကို ဝတ်ဆင်ပြီးနောက် မြင့်မြတ်ကျော့ရှင်းသောအမျိုးသမီးတစ်ဦးနှင့် တူလာခဲ့သည်။ထို့ပြင် သူမ၏ကိုယ်ဟန်အနေအထားသည် လှပတင့်တယ်ပြီး သူမ၏အပြုအမူများကိုလည်း သပ်ရပ်နေအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားခဲ့သည်။ထို့ကြောင့် လီအာသည် မည်သည့်မိသားစုမှ ဆင်းသက်လာကြောင်း ရှောင်ယုမသိသော်လည်း သူမသည်သာမန်မိသားစုမှဆင်းသက်လာသူမဟုတ်ကြောင်း နားလည်ထားပေသည်။
လှပသော အမျိုးသမီး ၂ယောက် ၊ အောစ့်အစောင့်တစ်ယောက် ၊ နတ်သူငယ်အစောင့်၁ယောက်နှင့် ဒုတိယအဆင့်မှော်ဆရာတစ်ဦးက ရှောင်ယုဘေးနားတွင်ရှိနေခဲ့ရာ သူ့အားနှုတ်ဆက်ရန်အတွက် ဧည့်သည်များတစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကာ ရှောင်ယုကလည်းအေးဆေးတည်ငြိမ်စွာဖြင့် ဆက်ဆံခဲ့သည်။
ရှောင်ယု၏အထောက်အထားကို သိရှိထားကြသော ဧည့်သည်အချို့သည်ကား အံ့သြသွားခဲ့ကြသည်။ကောင်းကင်ခြင်္သေ့မင်းဆက်၌ ရှောင်ကျန်းထျန်၏အမည်ကို လူတိုင်းသိရှိထားကြပြီး ခြင်္သေ့နယ်မြေသည်တစ်နေ့တစ်ခြား ဆုတ်ယုတ်လာကြောင်း နားလည်ထားကြသည်။သို့သော်လည်း ယခုရှောင်ယု၏အသွင်အပြင်သည် သူတို့နားလည်ထားသည်နှင့်မတူဘဲ တခြားစီဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ရှောင်ယု၏ရှေ့မှောက်သို့ လူငယ်တစ်ယောက်ရောက်ရှိလာခဲ့သည်။
"ဘန်ဂါဇီမြို့တော်ကနေ ကြိုဆိုပါတယ်မြို့စားယု...ငါ့ရဲ့အဖေဖြစ်တဲ့ မြို့စားဆမ်အစား ငါကပဲလာပြီးနှုတ်ဆက်တာပါ"
ရှောင်ယုသည် ခန်းမအတွင်းသို့ ဝင်ရောက်စဉ်ကတည်းက ထိုလူငယ်အားတွေ့မြင်ဖူးပေသည်။ထိုလူငယ်သည်ကား မြို့စားဆမ်၏ တတိယမြောက်သားဖြစ်သူ အာဝင်ပင်ဖြစ်သည်။
"မဟာစစ်သူကြီ ရှောင်ကျန်းထျန်နဲ့ပတ်သက်တဲ့ ပုံပြင်တွေအများကြီးကို ငါကြားဖူးနေတာကြာပြီ...သူကငါအရမ်းလေးစားရတဲ့ သူရဲကောင်းတစ်ယောက်ပဲ...သူ့ရဲ့သားဖြစ်သူကိုတွေ့ရတာ ငါတကယ်ဂုဏ်ယူမိတယ်...မင်းဒီကိုရောက်လာတာ အဖေသိရင်လည်းပျော်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်"
အာဝင်သည် ယဉ်ကျေးပြူငှါစွာဖြင့် ပြောဆိုလိုက်သည်။
သို့သော် ထိုယဉ်ကျေးပြူငှါသော အပြုအမူ၏နောက်ကွယ်၌ အရေခွံအယောင်ဆောင်မှုရှိနေမည်ကို ရှောင်ယုစိုးရိမ်နေမိခဲ့သည်။
နောက်ထပ်စကားအနည်းငယ်ကို ပြောပြီးနောက်တွင် အာဝင်သည် စစ်ဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အလှမယ်စစ်ဝမ်ကို တွေ့ဖူးချင်နေတာကြာပြီ...မင်းရဲ့မျက်နှာကိုမှော်သလင်းကျောက်မှာ မြင်တွေ့လိုက်ကတည်းက မင်းကိုမမေ့နိုင်ခဲ့ဘူး...မင်းရဲ့ခင်ပွန်းဆုံးရှံးသွားရတာကို ငါစိတ်မကောင်းပေမဲ့...မင်းကိုလိုက်ဖို့အခွင့်အရေးတစ်ခုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...ငါ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ ဖွင့်ဟမိတဲ့အတွက် ငါ့ကိုခွင့်လွှတ်ပေးပါ"
အာဝင်သည် စကားပြောနေရင်း သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ စားပွဲထိုးတစ်ယောက်သည် လင်ဗန်းတစ်ချပ်ကို သယ်ဆောင်လာခဲ့ပြီး ထိုလင်ဗန်းပေါ်၌ လည်ဆွဲတစ်ခုအားတင်ဆောင်ထားခဲ့သည်။
"ဒီလည်ဆွဲကို နတ်ဘုရားမမျက်ရည်လို့ ခေါ်တယ်...ငါ့ရဲ့အမြင်မှာတော့ မင်းဟာဒီလည်ဆွဲနဲ့ထိုက်တန်တဲ့ တစ်ဦးတည်းသောအမျိုးသမီးဆိုတာ ငါနားလည်လိုက်တယ်...ကျေးဇူးပြုပြီးတော့ ငါ့ကိုကိုယ်တိုင်ဝတ်ဆင်ပေးခွင့်ပေးပါ"
အာဝင်သည် စစ်ဝမ်၏လည်ပင်းပေါ်၌ နတ်ဘုရားမမျက်ရည်အား သူကိုယ်တိုင်ဝတ်ဆင်ပေးရန် ဆန္ဒရှိခဲ့သည်။
ရှောင်ယုထံတွင် လက်ဝတ်ရတနာများ အမြောက်အများရှိသော်လည်း နတ်ဘုရားမမျက်ရည်သည် ရှားပါးသည်ရတနာတစ်ပါးဖြစ်သည်။ဤမြင်ကွင်းမှတဆင့် လူငယ်သည် သိုးရေခြုံထားသောဝံပုလွေတစ်ကောင်ဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့သည်။
"ဒါဆိုရင် မင်းကစစ်ဝမ်ကိုလိုက်ဖို့ ဒီအခွင့်ကောင်းကိုလိုချင်တယ်ပေါ့...မင်းတော်တယ်သူငယ်ချင်း...တကယ်လို့ဒီသခင်လေးကသာ အောစ့်တွေနဲအတူတူ ဒီနေရာမှာရှိမနေခဲ့ရင် မင်းကလုပ်ရိုးလုပ်စဉ်တွေ အကုန်လုံးကိုကျော်လွှားပစ်ပြီး စစ်ဝမ်ကိုအိပ်ရာထဲအရောက် တစ်ခါတည်းတွန်းပို့သွားမှာမလား..."
ရှောင်ယုသည် အာဝင်အားစိုက်ကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။ဤလူငယ်သည် အပေါ်ယံကြည့်ရသလောက် ရိုးရှင်းခြင်းမရှိပေ။
"ကျေးဇူးတင်ပါတယ်....သခင်လေးအာဝင်...ဒါပေမဲ့မင်းရဲ့လက်ဆောင်က အရမ်းကိုတန်ဖိုးရှိတယ်...ငါလက်မခံနိုင်ပါဘူး..."
စစ်ဝမ်သည် လက်ထပ်ခွင့်တောင်းဆိုမှုကို ငြင်းဆိုရန်စီစဉ်ထားပြီဖြစ်၍ ထိုလည်ဆွဲအားဝတ်ဆင်ရန် စိတ်ဝင်စားခြင်းမရှိခဲ့ပေ။
"မရီး...မင်းကဘာလို့ သခင်လေးအာဝင်ရဲ့ လက်ဆောင်ကိုငြင်းရတာလဲ...လီအာရေ အဲလည်ဆွဲကိုယူပြီး မရီးရဲ့လည်ပင်းမှာဝတ်ပေးလိုက်ပါ"
ရှောင်ယုက ရုတ်တရက်ဝင်ပြောလိုက်သည်။
"ဒါကစျေးကြီးတဲ့ အရာတစ်ခုပဲ...ငါသာလဲလှယ်လိုက်ရင် ရွှေပြားတွေအများကြီးရလာလိမ့်မယ်...ဟားဟား"
ရှောင်ယုသည် သူ့စိတ်ထဲ၌ ကျယ်လောင်စွာရယ်မောမိလိုက်သည်။
ရှောင်ယုသည် စစ်ဝမ်အစား ထိုကိစ္စကိုသဘောတူလိုက်၍ အာဝင်သည်ခဏလောက်အံ့သြသွားခဲ့သည်။သို့သော်လည်း စစ်ဝမ်သည် ရှောင်မိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်ကာ ရှောင်ယုထံ၌ စစ်ဝမ်အတွက်စကားပြောပိုင်ခွင့်ရှိကြောင်း နားလည်လိုက်သည်။
လီအာသည် ရှောင်ယုနှင့်အတူရှိနေသည်မှာ မကြာမြင့်သေးသော်လည်း သူ၏စက်ဆုပ်ဖွယ်ကောင်းသော အကျင့်စရိုက်ကိုနားလည်ရန် မခက်ခဲပေ။ထို့ကြောင့် လီအာသည်အလျင်အမြန်လှုပ်ရှားကာ လည်ဆွဲကိုယူဆောင်လိုက်ပြီး စစ်ဝမ်၏လည်ပင်း၌ ဝတ်ဆင်ပေးလ်ိုက်သည်။
စစ်ဝမ်သည်လည်း အခြေအနေကို သဘောမပေါက်သေးသော်လည်း ရှောင်ယုက သူမကိုနာကျင်စေမည်မှန်းမသိ၍ လီအာမှလည်ဆွဲဝတ်ဆင်ပေးသည်ကို လက်ခံလို်က်သည်။
"နတ်ဘုရားမ မျက်ရည်က အလှမယ်စစ်ဝမ်အတွက် ရည်ရွယ်ပြီးထုတ်ထားသလားအောက်မေ့ရတယ်...မင်းကတကယ့်ကိုနတ်သမီးပဲ..."
အာဝင်သည် အချိန်မဆိုင်းဘဲ စစ်ဝမ်အားချက်ချင်းချီးကျူးလိုက်သည်။
ရှောင်ယုသည် လေးနက်တည်ကြည်ဟန်ဆောင်ကာ ဝင်ရောက်နှောင့်ယှက်ပြောဆိုလိုက်သည်။
"အရမ်းကောင်းတယ်...သခင်လေးအာဝင်က ဒီလိုလည်ဆွဲမျိုးပိုင်ဆိုင်ထားသေးရင် ကျေးဇူးပြုပြီးတော့ ငါ့ခယ်မဆီပို့ပေးပါဦး...သူမဆီမှာလည်ဆွဲ ၇ခု ၈ခုလောက်ပဲရှိတာကြောင့် နေ့တိုင်းဝတ်ဖို့မလုံလောက်သေးဘူး"
ရှောင်ယု၏စကားကိုကြားသောအခါ အာဝင်၏ပါးစပ်ထောင့်စွန်းသည် လှုပ်ယမ်းသွားခဲ့သည်။
ရှောင်ယုသည် အာဝင်၏မျက်နှာပေါ်ရှိ ဒေါသထွက်နေသောအကြည့်ကို သတိထားမိသော်လည်း လုံးဝဂရုမစိုက်ပေ။
"သခင်လေးအာဝင်က အရေးကြီးဧည့်သည်တော်တော်များများကို နှုတ်ဆက်ရမှာဆိုတော့ အလုပ်တွေရှုပ်နေတာ ငါတို့နားလည်ပေးနိုင်ပါတယ်...ဒါကြောင့်ငါတို့မင်းကိုမနှောင့်ယှက်တော့ပါဘူး...မင်းလုပ်စရာရှိတာတွေကို သွားလုပ်ပါ"
ထိုသို့ပြောပြီးနောက် ရှောင်ယုသည် စစ်ဝမ်နှင့်အခြားသူများကို ဦးဆောင်ကာ အာဝင်၏အနီးမှ ထွက်ခွာလာခဲ့သည်။
"ရှောင်ယု ငါဒါကိုအမှတ်ရနေမှာပါ"
အာဝင်သည် ရှောင်ယု၏နောက်ကျောကိုကြည့်ရင်း သူ၏မျက်လုံးများ၌ အေးစက်နေသောအရိပ်အယောင်များ ဖုံးလွှမ်းသွားခဲ့သည်။