အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အခန်း ၈၂ - အောစ့်ကျွန်များ
အချိန်ကုန်လွန်လာသည်နှင့်အမျှ အာဝင်သည် ပွဲကိုဦးစီး၍ အကောင်းဆုံးကျင်းပနိုင်ခဲ့သည်။ဤညစာစားပွဲသို့ တက်ရောက်လာကြသူတိုင်းသည် ကန်းနိုင်ငံ၏ဧည့်ဝတ်ကျေပွန်မှုကို ကောင်းကောင်းခံစားမိကြပေသည်။
သခင်ဆမ်၏ တတိယမြောက်သားသည် ထူးချွန်သောမြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်း မည်သူမှမငြင်းဆန်နိုင်ကြပေ။
ရှောင်ယု ၊ စစ်ဝမ် ၊ လီအာ ၊ တိုင်ရန်ဒီ ၊ အန်တိုနီဒက်စ်နှင့် ဂရင်းတို့သည် အာဝင်၏မိန့်ခွန်းကိုနားထောင်ရင်း သီးခြားစားပွဲတစ်ခု၌ထိုင်ကာ တည်ခင်းပေးသည့်အစားအစာများကို နှစ်သက်စွာစားသောက်နေကြသည်။
နဂါးလေးသည်ပင် စားပွဲပေါ်ခုန်တက်လာကာ ပန်းကန်တစ်ခုပေါ်မှ အစားအသောက်များကို နှစ်ခြိုက်စွာစားသောက်ခဲ့သည်။
မြင့်မြတ်သောမှူးမတ်မျိုးနွယ်မှ အမျိုးသမီးများသည် ချစ်စရာကောင်းသောနဂါးလေးကို မြင်သည်နှင့် ချက်ချင်းပင်စွဲလမ်းနှစ်သက်သွားကြပြီး အစာကျွေးရန်ရောက်ရှိလာကြသည်။
"အိုး...ဘုရားရေ...အဲ့ဒါနဂါးမဟုတ်ဘူးလား"
"ဟုတ်တယ်...အဲ့ဒါနဂါးပဲ"
နဂါးလေးသည် အမျိုးသမီးများ၏ ဆွေးနွေးသံကိုကြားလိုက်သောအခါ ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး သူသည်နဂါးတစ်ကောင်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။
"အို...ဘုရားရေ...ဒီကောင်လေးက လူတွေရဲ့စကားကိုနားလည်တယ်ပေါ့...သူလေးကတကယ့်ကို နဂါးအစစ်လား...ငါကနဂါးအစစ်ကိုတွေ့ဖူးသွားတာပေါ့"
အမျိုးသမီးများ၏ဆူညံသံသာ် အခြားသူများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။အခြားအမျိုးသမီးများသည် ရှောင်ယု၏စားပွဲဆီသို့ စိတ်လှုပ်ရှားစွာ ဝိုင်းအုံလာကြသည့်အတွက်ကြောင့် အာဝင်၏မိန့်ခွန်းသည် ပြတ်တောက်သွားခဲ့ရသည်။
"နဂါးလေး...ငါတို့အတွက်မီးမှုတ်ပြပါလား...နဂါးအစစ်တွေက မီးမှုတ်နိုင်တယ်လို့ ငါကြားဖူးတယ်"
နဂါးလေးကို အစာကျွေးနေသော အမျိုးသမီးတစ်ယောက်က တောင်းဆိုလိုက်သည်။
နဂါးလေးသည် ချက်ချင်းပင် သူ၏ပါးစပ်ကိုဖွင့်လိုက်ပြီး သူနှင့်နီးစပ်သော စားပွဲလွတ်တစ်ခုဆီသို့ မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်ရာ စားပွဲသည် ချက်ချင်းပင်မီးလောင်သွားခဲ့သည်။
"မင်းဘာလို့ အရူးတစ်ယောက်လို လုပ်နေရတာလဲ...ငါမင်းကိုကျင့်ဝတ်တွေ မသင်ပေးခဲ့ဘူးလား...မင်းဟာ နဂါးတစ်ကောင်မှာရှိသင့်တဲ့ မာနနဲ့ကျင့်ဝတ်ကို သိတတ်ရမယ်...ခုတော့မင်းကမီးတွေမှုတ်ထုတ်ပြီး စားပွဲကိုမီးလောင်အောင် လုပ်လိုက်တယ်ပေါ့...မင်းဘယ်လိုလုပ်လိုက်တာလဲ...အဲလိုလုပ်တာက မကောင်းဘူးဆိုတာ ငါမင်းကိုမပြောထားဘူးလား...သွားနံရံကိုမျက်နှာမူပြီး ၂နာရီကြာအောင်နေလိုက်"
ရှောင်ယုသည် နဂါးလေးအား အဖေမှသားကိုဆုံးမနေသလို ဆုံးမခဲ့သည်။
နဂါးလေးသည် နုံအသောကလေးတစ်ယောက်နှင့်တူပြီး ရှောင်ယုအား သူ့အဖေတစ်ယောက်လိုအားကိုးပေသည်။သို့သော်လည်း လီအာနှင့်စစ်ဝမ်တို့၏ ကန့်ကွက်မှုအပြီးတွင် နဂါးလေးသည်အပြစ်မှလွတ်သွားပြီး နဂါးလေးကိုကောင်းစွာမသင်ကြားပေးသော ရှောင်ယု၏အပြစ်အဖြစ်သာ ရောက်ရှိသွားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ လီအာနှင့်စစ်ဝမ်တို့သည် သူ့အားဂရုမစိုက်သည့်အခါတိုင်းတွင် နဂါးလေးသည် ရှောင်ယု၏အနားသို့ခိုးဝင်သွားလေ့ရှိသည်။
လီအာသည် နဂါးလေးအားသူမထံသို့ ပြန်လည်ဆွဲယူလိုက်သည်။ထိုအခါ နဂါးလေးသည် လူသားတစ်ဦးကဲ့သို့ ဦးညွတ်ပြကာ သူ့အမှားကိုဝန်ခံခဲ့သည်။
အာဝင်သည် သူပြောနေသောမိန့်ခွန်း၏ အရှိန်အဟုန်ပြတ်တောက်သွားမှုကြောင့် မကျေနပ်ပေ။သို့သော် ရှောင်ယုထံ၌ နဂါးတစ်ကောင်ရှိနေသည်ကိုမြင်သောအခါ သူ၏မျက်လုံးထဲ၌ အေးစက်နေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဒီကောင့်မှာ နဂါးတစ်ကောင်ရှိတယ်ပေါ့...လူယုတ်မာတွေက ငါ့ကိုသတင်းအချက်အလက်တွေ အစုံအလင်မပေးခဲ့ဘူး...ဘယ်လိုဖြစ်ပြီးတော့ အဲလိုယုတ်ညံ့တဲ့အုပ်ချုပ်သူတစ်ယောက်က နဂါးကိုပိုင်ဆိုင်ထားရတာလဲ...နဂါးကိုငါတစ်ယောက်တည်းကသာ ပိုင်ဆိုင်သင့်တယ်"
အာဝင်သည် ရှောင်ယုအား ပညာပေးရန်အတွက် နည်းလမ်းများကိုတွေးတောနေသော်လည်း ယခုအခါနဂါးလေးအား တွေ့မြင်လိုက်ရ၍ သူ၏နှလုံးသားသည် ပူလောင်သွားခဲ့သည်။
"အရမ်းကောင်းတယ်...မင်းလိုယုတ်ညံ့တဲ့ကောင်တွေဆီမှာ ကောင်းတဲ့ပစ္စည်းတွေ အများကြီးရှိနေတာပဲ...မင်းကဘန်ဂါဇီမြို့တော်ထဲ ဝင်ရောက်ဝံ့တဲ့အတွက် ငါကအဲ့လက်ဆောင်တွေကို ကျေကျေနပ်နပ်ကြီးလက်ခံမပေးရင် ငါ့အမှားဖြစ်သွားမှာပေါ့"
အာဝင်သည် ရှောင်ယုထံမှ အောစ့်များ ၊ နတ်သူငယ်နှင့် နဂါးကို မည်သည့်နည်းဖြင့်မဆို ဖမ်းယူရန်ဆုံးဖြတ်လိုက်သည်။
ရှောင်ယုသည် နဂါးလေးကိုပြန်လည်ယူဆောင်ရန် အမိန့်ပေးလိုက်သည်ကိုမြင်သောအခါ မြင့်မြတ်သောမိသားစုမှ အမျိုးသမီးများက ကန့်ကွက်ကြပေသည်။သူတို့ထဲမှအများစုသည် နဂါးလေးကိုထိတွေ့ခွင့်မရလိုက်ကြပေ။
...
...
"မနက်ဖြန် ဧည့်သည်တွေကို ဘန်ဂါဇီမြို့တော်တခွင်ကို လှည့်ပတ်ပြသပေးဖို့ မြို့ပိုင်ရှင်တစ်ယောက်အနေနဲ့ ဆန္ဒရှိပါတယ်...အလှမယ်စစ်ဝမ်ကကော ဘယ်လိုထင်သလဲ"
ညစာစားပွဲပြီးဆုံးပြီးနောက် အာဝင်သည် ရုတ်တရက်ရောက်ချလာခဲ့သည်။
စစ်ဝမ်သည် ပြန်လည်ဖြေကြားခြင်းမပြုသော်လည်း ရှောင်ယုကမတ်တပ်ထရပ်ကာ အာဝင်၏လက်ကိုဆွဲ၍ပြောလိုက်သည်။
"မြို့ကိုလှည့်ပတ်ပြသဖို့အတွက် ငါတို့ရဲ့ကိုယ်ပိုင်ဧည့်လမ်းညွန်အဖြစ် ပြုလုပ်ပေးဖို့အတွက် ဒုက္ခပေးမိလို့ သခင်လေးအာဝင်ကိုကျေးဇူးတင်ပါတယ်...ငါတို့မနက်ဖြန်မနက်စောစောထရမှာမလို့ ခုတော့ပြန်ခွင့်ပြုပါ"
ထို့နောက် ရှောင်ယုသည် စစ်ဝမ်ကိုလက်ကိုဆွဲကာ ညစာစားပွဲမှ ထွက်ခွာလာခဲ့သည်။
အာဝင်သည် ထွက်ခွာသွားသည့် ရှောင်ယု၏နောက်ကျောကိုစိုက်ကြည့်ရင်း အံကိုတင်းတင်းကြိတ်မိလိုက်သည်။ယခုအချိန်တွင် သူသည်ရှောင်ယုအား အရှင်လတ်လတ်လှီးဖြတ်ကာ သူ၏အသားများကိုစားချင်စိတ်ဖြစ်ပေါ်နေခဲ့သည်။
"မိန်းမတော်တော်များများကို ထောင်ချောက်ဆင်ဖို့အတွက် ငါကနတ်ဘုရားမ မျက်ရည်ကိုသုံးခဲ့တယ်...မင်းကငါ့ကိုကစားဖို့သတ္တိရှိတယ်ဆိုမှတော့ ငါမင်းကိုအပိုင်သိမ်းပြီးတဲ့နောက်မှာ လူတွေကိုအစေခံပေးမယ့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် မင်းကိုသင်ကြားပေးမယ်"
စစ်ဝမ်သည် ဤမျှအဖိုးတန်သော လက်ဆောင်ကိုစီစဉ်ထားခဲ့သော်လည်း စစ်ဝမ်၏လည်ပင်း၌ ကိုယ်တိုင်ကိုယ်ကျမဝတ်ဆင်ပေးနိုင်ခဲ့သောကြောင့် ဒေါသထွက်ခဲ့ရသည်။အမှန်တွင် အာဝင်သည် အမျိုးသမီးများစွာကို ထောင်ချောက်ဆင်ရန်အတွက် ထိုလည်ဆွဲအားအသုံးပြုခဲ့ပေသည်။သူသည် ထိုအမျိုးသမီးအား အပိုင်သိမ်းပြီးသည်နှင့် လည်ဆွဲအား ပြောင်ပြောင်တင်းတင်းပြန်လည်သိမ်းယူကာ အခြားအမျိုးသမီးတစ်ယောက်အား လက်ဆောင်ပြန်ပေးလေ့ရှိသည်။
...
...
ရှောင်ယုသည် သူ့စကားအတိုင်း နောက်တစ်နေ့နံနက်စောစောထလာခဲ့သည်။ထို့နောက် သူအပါအဝင် ၊ စစ်ဝမ်၊လီအာ၊ဂရင်းနှင့်တိုင်ရန်ဒီတို့သည် ဟိုတယ်ဧည့်ခန်းမတွင် အာဝင်အားစောင့်ဆိုင်းနေခဲ့သည်။အန်တိုနီဒက်စ်ကမူ နေရာတိုင်းသို့အချိန်ပြည့်သွားနေရသောကြောင့် ပင်ပန်း၍ဟိုတယ်၌သာ အနားယူရန်ကျန်ရစ်ခဲ့သည်။ရှောင်ယုသည်လည်း ထိုအဘိုးကြီး၏ငြီးတွားသံကို နားထောင်လိုခြင်းမရှိပေ။
ရှောင်ယုသည် အတိတ်ဘဝက ကျော်ကြားသောစကားပုံတစ်ခုကို အမှတ်ရသွားခဲ့သည်။
သင်၏သူငယ်ချင်းများနှင့်ရင်းနှီးစေကာ ရန်သူများကိုပိုမိုနီးကပ်အောင်ထားပါ...ညဏ်ရည်သည်သာ ဤအောင်ပွဲကိုရရှိရန်အတွက် တစ်ခုတည်းသောလမ်းစဖြစ်သည်။
ရှောင်ယုသည် အာဝင်အား ဘန်ဂါဇီမြို့သို့ လှည့်ပတ်ပြသရန်အစပြုခဲ့ခြင်းမှာ ဖြစ်လာမယ့်အန္တာရယ်ကိုအထိုက်အလျှောက်ကာကွယ်ပေးသလို ဘန်ဂါဇီမြို့၏ထူးခြားသောရှုခင်းများကို ခံစားကြည့်ရှုရန်ဖြစ်သည်။
အာဝင်သည် ဟိုတယ်သို့ရောက်ရှိလာရန် အချိန်ကြာကြာမစောင့်လိုက်ရပေ။သူသည် စစ်ဝမ်အားကြည့်ရင်းပြုံးပြလိုက်ပြီး ရံဖန်ရံခါတွင် တိုင်ရန်ဒီနှင့်လီအာတို့အား တစ်ချက်တစ်ချက်စိုက်ကြည့်နေခဲ့သည်။သို့သော်လည်း မင်းမျိုူးမင်းနွယ်တစ်ယောက်အနေဖြင့် သူသည်သိမ်မွေ့သောနည်းလမ်းကိုသာ အသုံးပြုခဲ့ပေသည်။
"ဒီကောင်မလေးကိုကြည့်ရတာ အရမ်းလှမယ့်ပုံဘဲ ဘာလို့ဒီလိုအရှုံးသမားတစ်ယောက်က ခုလိုအလှတရားကိုလက်ခံထားရတာလဲ...နတ်သူငယ်ရဲ့ပုံစံအမှန်ကို ငါမမြင်ဖူးဘူးဆိုပေမဲ့လို့ သူမကလည်းထိပ်တန်းအလှမယ်တစ်ယောက်ဆိုတာ ငါသေချာတယ်...အချိန်တန်ရင်သူတို့ကိုအကုန် ငါယူလိုက်မယ်"
စစ်ဝမ်သည် သူ့စိတ်ထဲ၌ တိုးတိုးလေးရေရွတ်လိုက်သည်။
"သခင်လေးအာဝင် မင်းဒီနေ့ငါတို့ကို ဘယ်ကိုခေါ်သွားမှာလဲ"
ရှောင်ယုသည် အာဝင်ကို တွေ့မြင်သည်နှင့် စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။ရှောင်ယုကိုကြည့်ရသည်မှာ နှစ်အတော်ကြာအောင် မတွေ့ခဲ့ရသောသူငယ်ချင်းကောင်းတစ်ဦးနှင့် ပြန်တွေ့ရသူတစ်ဦးနှင့်ဆင်တူနေခဲ့သည်။
"ဘန်ဂါဇီမြို့တော်ရဲ့ ရှေးဟောင်းအဆောက်အဦးတချို့ကိုသွားကြည့်ရအောင်...ဒီမြို့တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက မင်းဆက်တစ်ခုရဲ့ မြို့တော်ဖြစ်ခဲ့တယ်...ဒါပေမဲ့အကြိမ်ပေါင်းများစွာဖျက်ဆီးခံရပြီးတော့ အကြိမ်ပေါင်းများစွာပြန်လည်တည်ဆောက်ထားခဲ့တာကြောင့် မင်းရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်မယ့်အရာတွေ အများကြီးတွေ့လာရလိမ့်မယ်"
အာဝင်က နူးညံ့သောလေသံဖြင့်ပြန်ဖြေလိုက်သည်။
"ငါက သမိုင်းဝင်ရှုခင်းတွေကိုကြည့်ရတာ သဘောကျတယ်"
ရှောင်ယုက မတ်တပ်ရပ်ကာ စိတ်လှုပ်ရှားနေသောလေသံဖြင့်ပြောလိုက်သည်။
အာဝင်သည် ရှောင်ယုကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒီခရီးစဉ်မှာဆိုရင် အလှမယ်စစ်ဝမ်တို့ကို ဘန်ဂါဇီမြို့တော်ရဲ့ အကျော်ကြားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ တိုက်ပွဲကွင်းပြင်ကို ခေါ်သွားပေးမယ်...မကြာသေးခင်က ငါတို့ဟာအောစ့်ကျွန်တစ်ဖွဲ့ကို ဖမ်းမိလာခဲ့တယ်...ခဏနေရင်သူတို့ရဲ့တိုက်ပွဲတစ်ခုကို ငါတို့မြင်တွေ့ရတော့မှာလေ...အဲ့ဒါကတော်တော်ပျော်ရာကောင်းလိမ့်မယ်"
အာဝင်၏စကားများမှတဆင့် အောစ့်ကျွန်များဟူသည့် စကားကိုကြားသောအခါ ရှောင်ယု၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
အခန်း ၈၃ - အောစ့်များ၏ ဂုဏ်ကျက်သရေကို မကျဆင်းစေရ
"အောစ့်ကျွန်တွေလား...သူတို့ကမျိုးသုဉ်းသွားပြီလို့ ထင်ထားခဲ့တာ...မင်းကသူတို့ပုန်းအောင်းနေတဲ့နေရာကို ရှာတွေ့ပြီးဖမ်းမိသွားမယ်လို့ မထင်ခဲ့ဘူး"
ရှောင်ယုသည် အံ့သြနေသောလေသံဖြင့် ရေရွတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဂရင်း၏လက်ကိုဆွဲကိုင်ထားလိုက်သည်။
ရှောင်ယုသည် သူ့အားစိတ်ဆန္ဒအတိုင်း အလောတကြီးမလုပ်ဆောင်စေလိုကြောင်း ဂရင်းနားလည်ပေသည်။ဂရင်းနှင့်တိုင်ရန်ဒီတို့သည် လူသားတစ်ဦးကဲ့သို့ဉာဏ်ရည်ဉာဏ်သွေးရှိကာ သူတို့ရောက်ရှိခဲ့သောအဆင့်ကြောင့် သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ကြပြီး ကိုယ်ပိုင်ခံစားချက်များရှိကြသည်။
သူတို့သည် စက်ရုပ်များမဟုတ်ကြဘဲ ခေါင်းဆောင်တစ်ဦး၏ စိတ်နေစိတ်ထားကို ပိုင်ဆိုင်လာကြရာ ရှောင်ယု၏အားသာချက်များ ဖြစ်လာကြသည်။သို့သော်လည်း တချို့သောဝမ်းနည်းဖွယ်ကိစ္စများအား ကြုံတွေ့လာချိန်၌ သူတို့၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အလောတကြီးလုပ်ဆောင်မိခြင်းက သူတိူ့၏အားနည်းချက်ဖြစ်သည်။
သို့သော်လည်း သူတို့သည် ရှောင်ယု၏အမိန့်ကို အတိအကျလိုက်နာ၍ အကောင်အထည်ဖော်ခဲ့ကြသည်။ဤနေရာတွင် ရှောင်ယုအပေါ်၌ သူတို့၏သစ္စာစောင့်သိမှုသည် အရေးပါလာခဲ့သည်။သူတို့၏သစ္စာစောင့်သိမှုသည် အမှတ်၅၀ထိတိုးမြင့်လာခဲ့ပါက ရှောင်ယု၏အမိန့်ကိုခြွင်းချက်မရှိလိုက်နာမည်ဖြစ်သည်။ထို့ပြင် ဂရင်း၏သစ္စာစောင့်သိမှုသည် အမှတ်၆၀ထိရောက်ရှိနေပြီဖြစ်သည်။
"ငါ့မှာ အောစ့်ကိုယ်ရံတော်တွေ အများကြီးရှိတယ်...ဒီအောစ့်ကျွန်တွေက ငါ့ရဲ့အောစ့်ကိုယ်ရံတော်တွေနဲ့ ဘယ်လိုယှည်လို့ရမှာလဲ...ဘာပဲဖြစ်ဖြစ် သခင်အာဝင်ကိုပဲဒုက္ခပေးရတော့မယ်...စစ်ဝမ်လည်းသူတို့ကိုတွေ့ချင်နေတာပဲမလား..."
ရှောင်ယုသည် စစ်ဝမ်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။
စစ်ဝမ်သည် ရှောင်ယုအားနားလည်သောကြောင့် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ငါလည်းအောစ့်တွေကိုတွေ့ချင်တယ်...သခင်လေးအာဝင်ကိုဒုက္ခပေးမိပြီ"
စစ်ဝမ်သည် အောစ့်များနှင့်ရှောင်ယုအကြား၌ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သတိပြုမိပေသည်။ထို့အပြင် ရှောင်ယုသည် အောစ့်များ၏ဘုရင်အဖြစ် ရွေးချယ်ခံထားရကြောင်း သူမကြားဖူးသည့်အတွက် ယခုလိုအောစ့်အုပ်စုတစ်ခုသည် ကျွန်များအဖြစ်ဖမ်းဆီးခံရသည်ကိုကြားသောအခါ ထိုင်ကြည့်နေမည်မဟုတ်ကြောင်း သူမနားလည်ပေသည်။သူ၏လက်အောက်ငယ်သားများ ဖမ်းဆီးခံနေရသည်ကိုထိုင်ကြည့်နေပါက ရှောင်ယုက်ိုအောစ့်ဘုရင်ဟု မခေါ်သင့်ပေ။
"ဒါကပြဿနာတစ်ခုမဟုတ်ပါဘူး...ဒီနေ့အတွက် အောစ့်တွေကတိုက်ပွဲတစ်ခု တိုက်ရမှာဖြစ်တဲ့အတွက် လက်မှတ်တွေကအကုန်ရောင်းကုန်သွားပြီ...ဒါပေမဲ့ငါတို့အတွက် နေရာကောင်းလေးတစ်ခုရမှာပါ"
ထိုစကားကိုပြောပြီးနောက် အာဝင်၏မျက်လုံးများ၌ အေးစက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ရှောင်ယုချက်ချင်းသတိပြုမိလိုက်သည်။
ထို့ကြောင့် သူတို့သည်မြို့အားလည်ပတ်ကြည့်ရှုမယ့်အစား တိုက်ပွဲကွင်းပြင်သို့ ရောက်လာခဲ့ကြသည်။တစ်ချိန်တည်းမှာပင် သူတို့သည် ဘန်ဂါဇီမြို့တော်၏ ထူးခြားသောသမိုင်းဝင်ဗိသုကာလက်ရာများကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။
ဘန်ဂါဇီမြို့တော်သည် အလွန်ကြီးမားပေရာ တိုက်ပွဲကွင်းပြင်ကိုရောက်ရှိရန် နာရီဝက်ခန့်ကြာမြင့်ပေသည်။ရှောင်ယုသည် ကြီးမားသောအဆောက်အဦးကြီးကိုမော့ကြည့်လိုက်ရာ ရောမခေတ်မှကိုလိုဆီယမ်အဆောက်အဦးနှင့် တူညီကြောင်းသတိထားမိလိုက်သည်။သို့သော် ထိုအဆောက်အဦးသည် သူအင်တာနက်၌ရှာတွေ့ခဲ့သော ရိုမန်လူမျိုးများ၏ဗိသုကာလက်ရာထက် ပိုမိုကြီးမားကာယိုယွင်းမှုမရှိသေးပေ။
...
...
လမ်းတစ်လျှောက်လုံးတွင် ရှောင်ယုသည်စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပေ။အမှန်တော့ အာဝင်သည် စစ်ဝမ်၏အာရုံစိုက်မှုအား ရရှိရန်အတွက် အဖိုးတန်ပစ္စည်းများကို အမြဲတစေဝယ်ယူပေးခဲ့သည်။ရှောင်ယုသည် ထိုလုပ်ရပ်အား မဟန့်တားခဲ့ဘဲ အာဝင်ဝယ်ပေးလာသည့်ပစ္စည်းများအားလုံးကို လက်ခံကာဂရင်းထံသို့ ထိုးပေးလိုက်သည်။ထို့ပြင်ရှောင်ယုသည် စစ်ဝမ်လိုအပ်နေသော လက်ဝတ်ရတနာများကို ဝယ်ယူပေးရန်အတွက် အာဝင်အား အရှက်မဲ့စွာညွန်ပြခဲ့သည်။
အာဝင်သည် သူ၏ပတ်ဝန်းကျင်ရှိ အလှလေးများအထင်မလွဲစေရန် သူ၏ပင်ကိုယ်စရိုက်က်ို မချပြနိုင်ခဲ့ပေ။ထို့ကြောင့် အံကိုတင်းတင်းကြိတ်ကာ အဖိုးတန်ပစ္စည်းများကို ဝယ်ယူပေးခဲ့သည်။ရံဖန်ရံခါတွင် စစ်ဝမ်သည်သာမက လီအာစိတ်ဝင်စားသည့်အရာများကိုလည်း အာဝင်သည် လူကြီးလူကောင်းတစ်ယောက်ပမာ ပြုမူ၍ အဖိုးတန်ပစ္စည်းများကိုဝယ်ယူပေးရန် ရှေ့သို့ထွက်လာလေ့ရှိသည်။
လီအာသည် စစ်ဝမ်ကဲ့သို့သဘောထားမကြီးသောကြောင့် သူမသည်သာမန်ပစ္စည်းများကို မရွေးချယ်ခဲ့ဘဲ အလွန်စျေးကြီးသောပစ္စည်းများကိုသာ ရွေးချယ်ခဲ့သည်။
နာရီဝက်ခန့်ကြာအောင် လျှောက်သွားပြီးနောက်တွင် အာဝင်သည်ရွှေပြား ၁၀၀၀၀၀ကျော်ခန့်ကုန်အောင် သုံးစွဲမိခဲ့၍ အလွန်ပင်အံ့သြသွားခဲ့ရသည်။
...
...
အာဝင်သည် ကိုလိုဆီယမ်အဆောက်အဦးသို့ရောက်ချိန်တွင် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ ရှောင်ယုကိုတစ်ချက်ခိုးကြည့်လိုက်သည်။ထို့နောက်သူသည် ကိုလိုဆီယမ်အဆောက်အဦးမှ ဝန်ထမ်းများကိုစကားအချို့ပြောပြလိုက်ရာ ထိုဝန်ထမ်းများက သူတို့အုပ်စုအား အထူးလမ်းကြောင်းမှတဆင့် အတွင်းသို့ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင်အာဝင်သည် စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့တော့ ငါအရမ်းကံကောင်းနေပြီ...ဒုတိယအဆင့်တိုက်ပွဲကိုခုထိမစတင်ရသေးဘူးပဲ...ဒီနေ့မှာ အစွမ်းအထက်ဆုံးအောစ့်၅ကောင်ဟာ ဒုတိယအဆင့်နတ်ဆိုးသားရဲ ၂ကောင်ကိုရင်ဆိုင်တိုက်ခိုက်ကြလိမ့်မယ်...ဒီတိုက်ပွဲကတကယ့်ကို ကြည့်ကောင်းမှာပဲ"
ရှောင်ယုသည် အာဝင်၏စကားကိုကြားချိန်တွင် တိတ်တဆိတ်ကျိန်ဆဲမိလိုက်သည်။
"လူယုတ်မာ ဒုတိယအဆင့်နတ်ဆိုးသားရဲ၁ကောင်ဟာ ဒုတိယအဆင့်လူသားသူရဲကောင်း ၃ယောက်နဲ့ညီမျှတယ်...အောစ့်၅ကောင်က ဒုတိယအဆင့်နတ်ဆိုးသားရဲ၂ကောင်ကို ဘယ်လိုတိုက်နိုင်မှာလဲ...အောစ့်တွေကသန်မာတယ်ဆိုပေမဲ့ နတ်ဆိုးသားရဲတွေထက်အားမကောင်းဘူး...နတ်ဆိုးသားရဲတွေရဲ့ညဏ်ရည် ညဏ်သွေးနိမ့်ကျနေတာက လူသားတွေအတွက် အတော်လေးကံကောင်းတယ်...အဲလိုသာမဟုတ်ဘူးဆိုရင်တော့ နတ်ဆိုးသားရဲတစ်ကောင်ဟာ အဆင့်တူလူသားသူရဲကောင်း ၇ယောက်၈ယောက်လောက်ကို အသာလေးသတ်ဖြတ်နိုင်လိမ့်မယ်"
ရှောင်ယုတို့အဖွဲ့သည် စကားပြောနေရင်း လှေကားထစ်များကိုဖြတ်ကျော်လာခဲ့သည်။သူတို့လာရာလမ်းတစ်လျှောက် နံရံများပေါ်၌ မှော်မီးအိမ်များချိတ်ဆွဲထားသည့်အတွက်ကြောင့် ကိုလိုဆီယမ်အဆောက်အဦးသည် မည်မျှခမ်းနားကြောင်း တွေ့မြင်နိုင်သည်။
သူတို့သည် အကြိမ်ပေါင်းများစွာကွေ့ပတ် လမ်းလျှောက်ပြီးနောက် ကိုလိုဆီယမ်အဆောက်အဦး၏ ဒုတိယအထပ်သို့ရောက်ရှိလာကာ သူတို့အတွက်ပြင်ဆင်ထားသော အခန်းသို့ဝင်ရောက်သွားခဲ့သည်။ကိုလိုဆီယမ်အဆောက်အဦးတွင် အထပ်၅ထပ်ရှိသော်လည်း ဒုတိယအထပ်သည် အကောင်းဆုံးဖြစ်ကာ တိုက်ပွဲကိုကောင်းကောင်းကြည့်ရှုနိူင်သလို ပရိသတ်များ၏အားပေးမှု အရှိန်အဟုန်ကိုလည်းခံစားနိုင်မည်ဖြစ်သည်။
ရှောင်ယုတို့၏အခန်းကို အလုံပိတ်ထားခြင်းမရှိဘဲ ရှေ့မြင်ကွင်းအား လက်ရန်းများနှင့်စည်းရိုးများဖြင့်ကာရံထားကာ တိုက်ပွဲတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းကြည့်ရှုနိုင်စေရန် ဒီဇိုင်းဆွဲထားပေသည်။
အခန်းထဲရှိစားပွဲများနှင့် ကုလားထိုင်များကို ကျောက်တုံးများဖြင့်ပြုလုပ်ထားကာ ကြမ်းတမ်းသောလေထုကိုဖြစ်ပေါ်စေသည်။ထိုစားပွဲများပေါ်၌ ဧည့်သည်များအတွက် ရိုးရှင်းသောအစားအစာနှင့် ဝိုင်နီများကိုပြင်ဆင်ပေးထားပေသည်။
ရှောင်ယုသည် အခန်းတွင်းသို့ရောက်သည်နှင့် ကျောက်စားပွဲပေါ်ထိုင်ချလိုက်ကာ ဝိုင်နီကိုစတင်၍ ခွက်ထဲလောင်းထည့်ကာမော့ချလိုက်သည်။
အာဝင်သည် စစ်ဝမ်၊လီအာနှင့်တိုင်ရန်ဒီတို့အား ထိုင်ခုံပေါ်၌ဦးစွာထိုင်ရန် လူကြီးလူကောင်းဆန်ဆန်သရုပ်ဖော်ခဲ့သည်။အန်တိုနီဒက်စ်သည်ကား ရှောင်ယုထက်ပင်ပို၍ အရေထူသည့်အတွက်ကြောင့် ထိုင်ခုံပေါ်ဝင်ထိုင်ကာ အဆာပြေမုန့်များကိုထိုင်စားနေခဲ့သည်။
လီအာသည် အာဝင်နှင့်ကစားရာတွင် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ရာ အာဝင်သည် လီအာ၏အာရုံစိုက်မှုကိုရရှိစေရန်အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။
ရှောင်ယုသည် ဤကိစ္စနှင့်ပတ်သက်၍ လီအာနှင့်ကြိုတင်ညှိနှိုင်းခဲ့ကာ သူတို့ခြင်္သေ့မြို့သို့ပြန်ရောက်သည်နှင့် လီအာအား လုပ်ကြံသူများအတွက် ပြုလုပ်ထားသောအဆင့်၁T1အစုံတန်ဆာကို ပေးအပ်မည်ဟု ကတိပေးခဲ့သည်။
အမှန်တော့ ရှောင်ယုသည် သူ့အတွက်အလုပ်လုပ်ပေးနေသရွေ့ သူမအား အဆင့်၁T1အစုံတန်ဆာကိုပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
အာဝင်သည် ငယ်ရွယ်သောသခင်လေးတစ်ဦးဖြစ်သော်လည်း လီအာ၏ရင်ခွင်ထဲ၌ ရှိနေသောနဂါးလေးအပေါ်၌လည်း အာရုံစိုက်ထားခဲ့သည်။
"မြို့စားရှောင်...မင်းကနဂါးလေးနဲ့ စာချုပ်ချုပ်ထားတာလား"
အာဝင်သည် နဂါးလေးကိုကြည့်ရင်း မေးမြန်းလိုက်သည်။
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"သူကငါ့ရဲ့မွေးစားသားနဲ့အတူတူပဲလေ...ငါကဘာလို့စာချုပ်ချုပ်ထားရမှာလဲ...သူသာအနာဂတ်မှာထွက်သွားချင်ရင် ငါတားမှာမဟုတ်ဘူး"
အာဝင်သည် ရှောင်ယုအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သော်လည်း သူ၏အတွင်းစိတ်ထဲတွင် နဂါးလေးကသာ ရှောင်ယုနှင့်စာချုပ်မချုပ်ထားပါက ကိုင်တွယ်ရန်ပိုမိုလွယ်ကူသွားမည်ဟု ယူဆခဲ့သည်။
ထိုအချိန်တွင် တံပိုးသံများထွက်ပေါ်လာကာ တိုက်ပွဲစတင်ကြောင်းကြေငြာခဲ့သည်။
အောစ့်၅ကောင်သည် ဒုတိယအဆင့်နတ်ဆိုးသားရဲ ၂ကောင်ကိုရင်ဆိုင်တိုက်ခိုက်မည်ကို သိရှိထားသော ပရိတ်သတ်များက ရွှင်မြူးစွာအော်ဟစ်ခဲ့ကြသည်။
ဂရင်းသည်ကား ရှောင်ယု၏နံဘေး၌သာ တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
ဝုန်း...
သံတံခါးမကြီးကိုဖွင့်လိုက်သည်နှင့် အစိမ်းရောင်အရေပြားရှိသော အောစ့်များသည် ကွင်းအတွင်းသို့ဝင်ရောက်လာချိန်၌ နွေးထွေးသောအားပေးသံများက ပဲ့တင်ထပ်လာခဲ့သည်။
ထိုအောစ့်များသည် အရပ်ရှည်သော်လည်း ရှောင်ယု၏အောစ့်များထက် နိမ့်ကျပေသည်။သူတို့ထဲမှ တစ်ကောင်သည် ဂရင်းကဲ့သို့သန်မာထွားကြိုင်းကာ သားမွှေးဖြင့်ပြုလုပ်ထားသော အဝတ်ကိုဝတ်ဆင်၍ ရိုးရှင်းသောပုဆိန်ကြီးကို ကိုင်ဆောင်ထားခဲ့သည်။သူတို့သည် ပုဆိန်များ ၊ တူများနှင့်အခြားသောလက်နက်မျိုးစုံအား ကိုင်ဆောင်ထားခဲ့ကြသည်။
ထိုအောစ့်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဂရင်း၏ခန္ဓာကိုယ်သည် ခဏလောက်တုန်ခါသွားပြီး သူ၏မျက်လုံးများသည်နီရဲလာခဲ့သည်။
ရှောင်ယု၏ဂရင်း၏ အခြေအနေကို သတိပြုမိသောအခါ တိတ်တဆိတ်ခေါင်းညိတ်မိလိုက်သည်။ဂရင်းသည် အချိန်ကြာလာသည်နှင့်အမျှ ယခင်ကလိုစိတ်မြန်လက်မြန်မရှိတော့ဘဲ အောစ့်ခေါင်းဆောင်တစ်ယောက်၏ တည်ငြိမ်သောစိတ်ထားကိုပိုင်ဆိုင်လာခဲ့သည်။
တိုင်ရန်ဒီသည်လည်း မတ်တပ်ရပ်မိလိုက်သည်။သို့သော် အောစ့်များ၏အခြေအနေသည် နတ်သူငယ်များထက်စာလျှင် ဖမ်းဆီးခံရချိန်၌ ပိုမိုကောင်းမွန်ကြောင်း သိရှိနားလည်ပေသည်။အနည်းဆုံး အောစ့်များသည် ကိုလိုဆီယမ်၌ တိုက်ခိုက်သူများအဖြစ် လုပ်ဆောင်ရကာ သေသည်အထိတိုက်ခိုက်ကြရသည်။သို့သော် နတ်သူငယ်များ ဖမ်းဆီးခံရပါက ကျွန်ဖြစ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
တိုင်ရန်ဒီသည် ထိုအောစ့်များကိုမြင်သောအခါ မားကပ်စ်၏စခန်းမှ သူမတို့ကယ်တင်လာခဲ့သော နတ်သူငယ်မလေးကို သတိရလိုက်မိသည်။
အန်တိုနီဒက်စ်သည် လူသားတစ်ယောက်ဖြစ်သော်လည်း ထိုသို့ကျွန်ပြုခြင်းကို မနှစ်သက်ပေ။ထိုကိစ္စနှင့်ပတ်သက်လာလျှင် သူသည်လည်းဂရင်းနှင့်တိုင်ရန်ဒီတို့ဘက်မှ ရပ်တည်မည်ဖြစ်သည်။
လီအာသည် အောစ့်များနှင့်ထိတွေ့မှုနည်းပါးသောကြောင့် ထိုကိစ္စအားသိပ်ဂရုမစိုက်ပေ။စစ်ဝမ်သည်ကား အောစ့်တိုက်ခိုက်ရေးသမားများသည် ခြင်္သေ့မြို့အားခုခံရာ၌ ကူညီပေးခဲ့ကြောင်း သိရှိထား၍အောစ့်များအပေါ် သနားညာတာစိတ်အနည်းငယ်ရှိပေသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီအောစ့်၅ကောင်ဟာ ဒုတိယအဆင့်ရှိတဲ့ နတ်ဆိုးသားရဲ ကမ္ဘာမြေဝက်ဝံကိုသတ်ဖြတ်နိုင်ခဲ့တယ်...ဒီနေ့တော့ငါက သူတို့ကိုဒုတိယအဆင့် နတ်ဆိုးသားရဲ၂ကောင်နဲ့ တိုက်ခိုက်ခိုင်းမယ်...ဒါကစိတ်လှုပ်ရှားဖို့ကောင်းတဲ့တိုက်ပွဲဖြစ်လာမှာပဲ"
အာဝင်၏မျက်လုံးများ၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် အောစ့်၅ကောင်က ကွင်းပြင်အလယ်သို့ရောက်ရှိလာသည်ကို တိတ်တဆိတ်စိုက်ကြည့်နေကြသည်။သူတို့၏လှုပ်ရှားမှုသည် နှေးကွေးသော်လည်း လှုပ်ရှားမှုတိုင်းသည် အားကောင်းသောစွမ်းအင်ကိုထုတ်လွှတ်နေခဲ့သည်။သူတို့သည် သူတို့၏အသက်ကိုမေ့လျောထားကြကာ ဂုဏ်သိက္ခာကိုရှေ့တန်းတင်ထားကြသည်။
အောစ့်များသည် ဤတိုက်ကြီး၌ အကြီးကျယ်ဆုံးသောသူရဲကောင်းများ ဖြစ်ကြပေသည်။သူတို့သည် နောက်ဆုံးသွေးတစ်စက်ကုန်သည်အထိ တိုက်ပွဲဝင်ခဲ့ကြပြီး သူတို့၏ဂုဏ်ကျက်သရေကို မည်သည့်အခါမှကျဆင်းစေမယ်မဟုတ်ပေ။
အခန်း ၈၄ - အောစ့်ရဲ့ သွေးတွေဟာ ပွက်ပွက်ဆူနေတယ်
အားပေးနေသော ပရိတ်သတ်များ၏အသံများက ကိုလိုဆီယမ်အတွင်း၌ ဆူနာမီတစ်ခုလို ပဲ့တင်ထပ်သွားခဲ့သည်။
ဤနေရာမျိုးတွင် မှူးမတ်များ၊မင်းမျိုးမင်းနွယ်များသည်သာမက သာမန်ပြည်သူများသည်ပင် ကိုယ်၏သွေးမဟုတ်ပါက တခြားသူများ၏သွေးများ ပတ်ပတ်လည်၌ပတ်ဖြန်းနေသည်ကို တွေ့မြင်လိုကြသည်။ထိုကဲ့သို့ဖျော်ဖြေမှုမျိုးကို ကြည့်ရှုခြင်းဖြင့် သူတို့၏ဒေါသများနှင့်စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီးအပန်းဖြေခဲ့ကြသည်။ရှေးခတ်ကပင် လူမျိုးတိုင်း လူတိုင်းသည် စွမ်းအားသတ္တိနှင့်ခွန်အားပြည့်ဝသူများကိုသာ ယုံကြည်ကိုးကွယ်ကြပြီး သေခြင်းရှင်ခြင်းတိုက်ပွဲသည် ကြည့်ရှုသူများ၏နှလုံးသားကို ရူးသွပ်စေအောင်တုန်ခါစေသည့် ခံစားချက်ကိုပေးစွမ်းနိုင်သည်။
ယခုလည်း ကိုလိုဆီယမ်အတွင်းရှိ ပရိတ်သတ်တိုင်းသည် ရူးသွပ်စွာဖြင့် အော်ဟစ်အားပေးနေကြသည်။
မှော်ပညာ၏အကူအညီဖြင့် အစီအစဉ်ကြော်ငြာသူ၏အသံသည် ကိုလိုစီယမ်တစ်ခုလုံးအား ပဲ့တင်ထပ်နေခဲ့ကာ ရူးသွပ်နေသောလူအုပ်ကြီးနှင့်အတူ လိုက်ပါစီးမျောနေခဲ့သည်။တစ်ချိန်တည်းမှာပင် သားရဲ၂ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်၍ ကွင်းအတွင်းဝင်ရောက်လာခဲ့သည်။ပထမဦးစွာ ဂိတ်တံခါးဝမှ တင့်ကားတစ်ခုသဖွယ်ကြီးမားသော ကြံ့ကြီးတစ်ကောင်သည် ဖြေးညင်းစွာထွက်ပေါ်လာခဲ့သည်။
ပရိတ်သတ်လူထုသည် ကြံ့ကြီး၏ကြီးမားသောခန္ဓာကိုယ်အား တွေ့မြင်ရချိန်၌ သူတို့၏သူရဲကောင်းကို မြင်တွေ့ရသကဲ့သို့ ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြသည်။
ကြံ့ကြီးသည် ခြေတစ်ချက်လှမ်းလိုက်တိုင်း မြေပြင်ကိုတုန်ခါစေခဲ့သည်။ထိုကြံ့ကြီးသည် ကွင်းထဲ၌ရပ်နေသော အောစ့်၅ကောင်ကို တွေ့မြင်လိုက်ချိန်တွင် သူ၏ခြေလှမ်းများသည်တဖြည်းဖြည်းပိုမိုမြန်ဆန်လာခဲ့သည်။
နတ်ဆိုးသားရဲများသည် များသောအားဖြင့် မာနအလွန်ကြီးသောသားရဲများဖြစ်ကြသည်။သာမန်အားဖြင့် သူတို့သည်အားနည်းသောသတ္တဝါများကို အားနည်းသောအစားအစာများအဖြစ်သာ ရှုမြင်လေ့ရှိကြသည်။
အောစ့်များသည် ဧရာမကြံ့ကြီးကိုတွေ့မြင်လိုက်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာရပ်နေကြသည်။သူတို့သည် ဤကွင်းအတွင်းပိတ်မိနေကြ၍ သေဆုံးသည်အထိတိုက်ပွဲဝင်ရန် ရည်မှန်းထားကြသည်။တိုက်ပွဲမှထွက်ပြေးခြင်းက သူတို့၏အသက်ကိုလွတ်ငြိမ်းစေနိုင်သော်လည်း အောစ့်များ၏ဂုဏ်သိက္ခာနှင့်ရဲစွမ်းသတ္တိက သူတို့အားထိုသို့ပြုမူခွင့်မပြုပေ။
ဧရာမကြံ့ကြီးသည် ကွင်းထဲဝင်ရောက်လာသော်လည်း ဒုတိယသားရဲကိုမတွေ့မြင်ရသေးပေ။ပရိတ်သတ်များသည် ထူးဆန်းသလိုခံစားရသော်လည်း ရှောင်ယု၏စိတ်သည် အလွန်တင်းကျပ်သွားခဲ့သည်။သူသည်သားရဲနှစ်ကောင်၏ ဟိန်းဟောက်သံကိုခံစားလိုက်ရသော်လည်း ကြံ့သည်သာ ဂိတ်တံခါးမှထွက်လာသောကြောင့် အခြားသောသားရဲကို သာမန်အမြင်ဖြင့်မတွေ့မြင်နိုင်ကြောင်း နားလည်သွားခဲ့သည်။
ရှောင်ယုသည် တိုင်ရန်ဒီဘက်သို့လှည့်ကြည့်လိုက်သည်။သူမသည် လင်းယုန်မျက်လုံးအစွမ်းကို ပိုင်ဆိုင်ထား၍ ယခုအချိန်၌ အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပေသည်။သူမသည် ရှောင်ယုအား ဦးတည်ရာတစ်ခုသို့ညွန်ပြလိုက်သည်။ထိုနေရာ၌ အရိပ်တစ်ခုသာရှိနေသော်လည်း ရှောင်ယုသည် အလွန်အန္တာရယ်ရှိသော သားရဲတစ်ကောင်သည် ထိုအနီးအနား၌ရှိနေကာ တိုက်ခိုက်ရန်အသင့်ပြင်နေကြောင်း နားလည်လိုက်သည်။
ယခုအချိန်တွင် တင့်ကားကဲ့သို့ကြံ့ကြီးက မျက်နှာချင်းဆိုင်တိုက်ခိုက်နေစဉ် မမြင်နိုင်သောသားရဲတစ်ကောင်လည်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်နိုင်၍ အောစ့်များ၏အခြေအနေမကောင်းနိုင်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
ထိုအချိန်တွင် တိုက်ပွဲစတင်ရန် ပရိတ်သတ်များက ကြွေးကြော်လာကြသည်။
ဧရာမပုဆိန်များကို ကိုင်ထားသောအောစ့်၂ကောင်သည် ဘေးနှစ်ဖက်ဆီသို့ နေရာယူလိုက်ကြပြီး တူကြီးတစ်ချောင်းကိုကိုင်ဆောင်ထားသောအောစ့်က အလယ်သို့နေရာယူလိုက်ကြသည်။ကြံ့ကြီးအား ရင်ဆိုင်မယ့် ဧရာမတူကြီးကိုကိုင်ဆောင်ထားသော အောစ့်သည်အရပ်အရှည်ဆုံးမဟုတ်သော်လည်း ခြေခွင်နေကြောင်း ရှောင်ယုထူးဆန်းစွာတွေ့ရှိလိုက်သည်။အရပ်အရှည်ဆုံးသောအောစ့်သည် ထိုအောစ့်၃ကောင်နောက်၌ နေရာယူလိုက်ချိန်တွင် အခြားအောစ့်များထက်အရပ်တို၍ အသက်ကြီးပုံရသောအောစ့်သည် လက်ထဲ၌ပုဆိန်တိုတစ်ချောင်းနှင့် ဒိုင်းတစ်ခုကိုကိုင်ကာ နောက်ဆုံး၌ရပ်နေပေသည်။အောစ်တို့သည် ရိုင်းစိုင်းသောခွန်အားကိုအသုံးပြုကာ မျက်စိစုံမှိတ်တိုက်ခိုက်နေမည့်အစား ဖွဲ့စည်းပုံတစ်ခုက်ိုဖော်ဆောင်ခဲ့ကြသည်။သူတို့သည် ရှံးနိမ့်မှုများစွာကို ကြုံတွေ့ပြီးနောက်တွင် အတွေ့အကြုံများမှသင်ယူပြီး အပြောင်းအလဲများစွာလုပ်ဆောင်ခဲ့ပုံရပေသည်။
ကြံ့ကြီးသည်ကား ရှေ့သို့ဖြေးဖြေးမှန်မှန် ရှေ့တိုးလာနေဆဲဖြစ်သည်။ကြံ့ကြီး၏အမြင်တွင် ထိုအောစ့်များသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်သေးပေ။
ဂါး....
ထိုအချိန်တွင် အောစ့်၅ကောင်လုံးက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။အောစ့်၅ကောင်၏ဟိန်းဟောက်သံသည် ထောင်နှင့်ချီသော ပရိတ်သတ်များ၏အားပေးသံများကြားမှ ထွက်ပေါ်လာခဲ့သည်။ထိုဟိန်းဟောက်သံထဲတွင် ကြေကွဲဝမ်းနည်းဖွယ်ရာ ဆိတ်သုည်းဖွယ်ခံစားချက်တစ်ခု ရှိနေခဲ့သည်။ထို့နောက် အရပ်အမြင့်ဆုံးအောစ့်သည် အောစ့်ဘာသာစကားဖြင့် တစ်ခုခုကိုအော်ပြောလိုက်ရာ အခြားအောစ့်လေးကောင်ကလည်း ထိုနည်းတူအော်ဟစ်လိုက်ကြသည်။
ဤတိုက်ကြီးတွင် အောစ့်ဘာသာစကားက်ို လူအနည်းငယ်ကသာနားလည်ကြပြီး ရှောင်ယုနှင့်ဂရင်းတို့သည်လည်း သူတို့၏အော်ဟစ်သံက်ိုနားလည်ကြပေသည်။
သူတို့အော်ဟစ်လိုက်သည်မှာ
"မဟာနတ်ဘုရား သရောလ်...ကြီးမြတ်သောစစ်နတ်ဘုရားဂရင်းတို့ရဲ့ ကောင်းချီးကြောင့် ငါတို့အောစ့်တွေရဲ့သွေးတွေက ထာဝရဆူပွက်နေလိမ့်မယ်"
လီအာသည် ရှောင်ယုကိုလှည့်ကြည့်လိုက်ရာ သူ၏ပါးပြင်ပေါ်သို့ မျက်ရည်၂စက် စီးကျလာခဲ့သည့်အတွက်ကြောင့် ထိတ်လန့်အံ့သြသွားခဲ့သည်။
"ငါအမြင်မှားနေတာလား...ဒီလူယုတ်မာက သူ့ရဲ့မျက်နှာမှာ ဒီလိုအမူအရာမျိုး ဘယ်လိုရှိနိုင်မှာလဲ..."
ယခုအခါ ရှောင်ယု၏မျက်နှာပေါ်ရှိ အမူအရာသည် အောစ့်များနှင်အလွန်ဆင်တူနေခဲ့သည်။
ယခုအခါ လီအာသည် လူသားတစ်ယောက်မဟုတ်သော အောစ့်စစ်သည်တော်တစ်ယောက်၏ နံဘေး၌ထိုင်နေသလို ခံစားလိုက်ရသည်။
ဂရင်း၏ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ်တုန်ခါနေခဲ့သော်လည်း သူ၏မျက်လုံးအတွင်းရှိ ဆုံးဖြတ်ချက်ခိုင်မာနေခဲ့ကာ မျက်ရည်လုံးဝကျခြင်းမရှိပေ။
ထိုအခိုက်အတန့်တွင် ကြံ့ကြီးသည်အေးဆေးတည်ငြိမ်သော အခြေအနေကိုဖြိုခွင်းခံလိုက်ရ၍ မကျေမနပ်ဟိန်းဟောက်လိုက်သည်။ကြံ့ကြီး၏အမြင်အရ ထိုအကောင်ငယ်များသည် သူ့အားမြင်တွေ့သည်နှင့်ထွက်ပြေးရမည်ဖြစ်ကာ သူကနောက်မှလိုက်ဖမ်း၍ အမဲလိုက်ဂိမ်းတစ်ခုကိုကစားရမှာဖြစ်သည်၊
ယခုမူ အောစ့်များသည် တည်ငြိမ်စွာရပ်နေကြသည့်အတွက် ကြံ့ကြီးသည်စိတ်မသက်မသာဖြစ်သွားခဲ့ကာ သူ၏မသိစိတ်က ယခုတစ်ကြိမ်အစာစားရရန် မလွယ်ကူနိုင်ဟူ အသိပေးနေခဲ့သည်။
ဟူး...
ထိုအချိန်တွင် ကြံ့နှာခေါင်းမှတဆင့် အဖြူရောင်အခိုးအငွေ့များ ထွက်လာပြီး အောစ့်၅ကောင်ထံပြေးဝင်သွားခဲ့သည်။
ကြံ့ကြီး၏ခန္ဓာကိုယ်သည် ကြီးမားသော်လည်း ၎င်း၏အရှိန်သည် အလွန်ပင်မြန်ဆန်ပေသည်။ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် သူသာအရှိန်ပြင်းပြင်းပြေးထွက်လာပါက မီတာဝက်ခန့်ထူထဲသောနံရံအား ဖြိုခွဲနိုင်ပေသည်။ကြံ့ကြီးသည် သူတို့ထံတဟုန်ထိုးပြေးဝင်လာသော်လည်း အောစ့်များသည် မလှုပ်ရှားနိုင်တော့ပေ။
ဂါး...
ကြံ့ကြီးသည် သူတို့နှင့်မီတာ၂၀ခန့်အကွာသို့ ရောက်လာသောအခါတွင် ရှေ့ဆုံး၌ရှိနေသော ခြေခွင်နေသောအောစ့်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထိုခြေခွင်သောအောစ့်သည် အရပ်ရှည်သောအောစ့်၏ရှေ့တွင် ရပ်နေခဲ့ကာ အသက်စွန့်တိုက်ခိုက်ရန် အသင့်ပြင်နေခဲ့သည်။သူ၏အသက်စွန့်တိုက်ခိုက်မှုသည် သူ၏ညီအစ်ကိုများအား အနိုင်ရရှိရန်အတွက် အခွင့်အရေးဖန်တီးပေးနိုင်မည်ဟု မျှော်လင့်နေမိသည်။
ထိုအောစ့်သည် ဒဏ်ရာရထားသော်လည်း သူ၏အရှိန်နှုန်းသည် အလွန်မြန်ဆန်ပေသည်။ထို့ပြင် သူ၏အရှိန်နှုန်းသည် သေဆုံးရန်နီးကပ်လာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာခဲ့ပေသည်။ထို့နောက် အောစ့်နှင့်ကြံ့တို့သည် ကြယ်တံခွန်၂စင်းတိုက်မိသကဲ့သ်ို့ ပြင်းထန်စွာတိုက်မိခဲ့ကာ ရှောင်ယုသည် အရိုးများအက်ကွဲသံအား ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။အောစ့်နှင့်ကြံ့တို့၏ အရှိန်နှုန်းသည် ကားတစ်စီးထက်ပိုမိုမြန်ဆန်သောကြောင့် နှစ်ဖက်လုံးသည် အရှိန်အဟုန်ဖြင့်တိုက်မိလေရာ အကျိုးသက်ရောက်မှု အလွန်ကြီးမားပေသည်။
ဤဖြစ်ရပ်သည် ငှက်တစ်ကောင်မှ လေယာဉ်တစ်စင်းအား တိုက်မိခြင်းနှင့်တူပေသည်။ငှက်သည် လေယာဉ်နှင့်တိုက်မိချိန်တွင် ကြီးကြီးမားမားထိခိုက်မိသလို ယခုလည်းအောစ့်ခံစားရသော ထိခိုက်မှုသည်အလွန်ကြီးမားပေသည်။
ခြေခွင်နေသောအောစ့်သည် ကြိုးပြတ်သွားသောစွန်တစ်ကောင်ကဲ့သို့ အခြားသောအောစ့်၄ကောင်၏ ဦးခေါင်းထက်မှလွှင့်ထွက်သွားခဲ့သည်။သို့သော်လည်း ကျန်အောစ့်၄ကောင်သည် ထိုအောစ့်အားတစ်ချက်လေးတောင် မလှည့်ကြည့်ခဲ့ပေ။ထိုအောစ့်၏အနစ်နာခံမှုကြောင့် ကြံ့၏အရှိန်သည် ဟန်ချက်မညီဖြစ်သွားခဲ့ကာ သူ၏ကြီးမားသောအရွယ်အစားကြောင့် ကျန်အောစ့်၄ကောင်ရှေ့သို့ရောက်ရှိချိန်တွင် အနည်းငယ်မူးဝေနေခဲ့ကာ ရှေ့မြင်ကွင်းကိုမသဲမကွဲဖြစ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘေးနှစ်ဖက်ရှိအောစ့်များသည် သူတို့၏ပုဆိန်ကြီးများကို ဝှေ့ယမ်းလိုက်ကြပြီး ကြံ့ကြီး၏ရှေ့ခြေလက်များရှိ အဆစ်များကို ဦးတည်တိုက်ခိုက်လိုက်ကြသည်။
ထိုတိုက်ခိုက်မှု၏စွမ်းအားကြောင့် ဒုတိယအဆင့်ကြံ့ကြီး၏ ရှေ့ခြေများသည် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့တဟုန်ထိုး မှောက်လဲကျသွားခဲ့သည်။ထိုကြံ့၏အရေပြားသည် မာကျောသည့်အတွက်ကြောင့် ပုဆိန်ဖြင့်ဖြတ်တောက်ရန် ခက်ခဲသော်လည်း ရှေ့ခြေလက်အဆစ်များသည် အချိန်တိုအတွင်းထိခိုက်စေနိုင်သောကြောင့် ရှေ့သို့မှောက်လဲကျစေခဲ့သည်။ထိုအချိန်တွင် ဧရာမပုဆိန်ကိုကိုင်ဆောင်ထားသော အမြင့်ဆုံးအောစ့်သည် ကြံဦးခေါင်းကိုဦးတည်၍ သူ၏ပုဆိန်ကိုပြင်းထန်စွာဝှေ့ယမ်းလိုက်သည်။
ဝုန်း....
ပုဆိန်ကြီးသည် ကြံ့ကြီး၏ဦးခေါင်းကို ရိုက်ခတ်မိသောအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ထိုရိုက်ခတ်မှုကြောင့် အရပ်မြင့်သောအောစ့်၏ပါးစပ်မှ သွေးအနည်းငယ်အန်ထုတ်လိုက်ရသည်။သို့သော် ထိုအောစ့်သည် ပုဆိန်အား နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းရန်အတွက် အားယူလိုက်သည်။ကြံ့ကြီးသည် ဒုတိယအဆင့်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော်လည်း အနိုင်မယူနိုင်သောသားရဲမဟုတ်ပေ။သူ၏အရေပြားသည် အလွန်မာကျောသော်လည်း ပုဆိန်၏တိုက်ခိုက်မှုက ထိခိုက်မှုကိုဖြစ်ပေါ်စေသည်။အစောပိုင်းတွင် ခြေဆစ်များတိုက်ခိုက်ခံရမှုကြောင့် မြေပေါ်မှောက်ကျ၍ မူးဝေနေသောကြံ့သည် ကျန်အောစ့်များ၏အဆက်မပြတ်တိုက်ခိုက်မှုကို အလူးအလဲခံနေရပေသည်။
အောစ့်များကလည်း ကြံ့ကြီးကိုလှုပ်ရှားရန် အခွင့်အရေးလုံးဝမပေးသည့်အတွက်ကြောင့် အရာအားလုံးအဆင်ပြေချောမွေ့နေပုံရပေသည်။
သို့သော်လည်း ကွင်းထဲ၌ရှိနေသည်မှာ ဒုတိယအဆင့်နတ်ဆိုးသားရဲ၂ကောင်ဖြစ်သည်။အဆုံးသတ်တွင် ထိုသားရဲသည် ပါးစပ်ဟလာပြီး အောစ့်၃ကောင်က ကြံ့အားတိုက်ခိုက်နေချိန်တွင် လက်ကျန်အောစ့်တစ်ကောင်အား တိုက်ခိုက်ခဲ့သည်။
ထိုအောစ့်သည်လည်း ဤတိုက်ခိုက်မှုအတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပုံရပေသည်။သူသည်လှည့်ပင်မကြည့်တော့ဘဲ သူ၏ဒိုင်းကိုမြောက်ကာ တိုက်ခိုက်လာမှုအား ပိတ်ဆို့လိုက်သည်။သို့သော်လည်း ဒုတိယအဆင့်သားရဲတစ်ကောင်အား ကိုင်တွယ်ရသည်မှာ မလွယ်ကူပေ။ထိုသားရဲသည် သစ်သားဒိုင်းကိုဖြတ်ကျော်ရန်အတွက် သူ၏အားကောင်းသောခြေသည်းများကို အသုံးပြုခဲ့သည်။ထို့ပြင် ထိုသားရဲ၏ခြေသည်းဖြင့်တိုက်ခိုက်မှုသည် အောစ့်၏လက်မောင်းပေါ်၌ ရှည်လျားသောဒဏ်ရာများကို ချန်ထားရစ်ခဲ့သည်။
ပရိတ်သတ်များသည် ကျယ်လောင်စွာဝိုင်းအော်လိုက်ကြသည်။ထိုတိုက်ခိုက်မှုအပြီးတွင် သားရဲသည်သူ၏ပုံသဏ္ဍာန်ကိုဖော်ထုတ်ခဲ့သည်။ထိုသားရဲမှာ အရိပ်ကျားသစ်နက်တစ်ကောင်ပင်ဖြစ်သည်။
အောစ့်သည် သူ၏လက်မောင်းကုတ်ခြစ်ခံလိုက်ရသော်လည်း သူ၏အကြည့်များသည် တင်းမာနေခဲ့ကာ သူ၏လက်ထဲရှိပုဆိန်ကို ကိုင်မြောက်၍ ကျားသစ်နက်အားရိုက်နှက်လိုက်သည်။သို့သော် အောစ့်၏တိုက်ခိုက်မှုသည် လျင်မြန်သောအရိပ်ကျားသစ်နက်၏ လှုပ်ရှားမှုအား အမှီမလိုက်နိုင်ပေ။ဂရင်းသာဆိုလျှင် ထိုအရိပ်ကျားသစ်နက်ကို အလွယ်တကူနှိမ်နင်းနိုင်သော်လည်း သာမန်အောစ့်တစ်ကောင်အတွက် အထူးသဖြင့်ယခုလို ဒဏ်ရာရနေသောအောစ့်တစ်ကောင်အတွက် အလွန်ခက်ခဲပေသည်။
ဝေါင်းး...
အရိပ်ကျားသစ်နက်၏ ပါးစပ်သည် အောစ့်၏လက်မောင်းကို မလွတ်တမ်းကိုက်ခဲထားခဲ့သည်။ထိုအောစ့်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ ပုဆိန်ဖြင့်အရိပ်ကျားသစ်နက်အား တိုက်ခိုက်လိုက်သော်လည်း အရိပ်ကျားသစ်နက်၏အရေပြားသည် ပုဆိန်တိုဖြင့်တိုက်ခိုက်မှုကို ဖြုံတောင်မဖြုံခဲ့ပေ။သို့ဖြစ်ရာ အောစ့်၏တိုက်ခိုက်မှုသည် အရိပ်ကျားသစ်နက်အား ထိခိုက်မှုများစွာ မဖြစ်ပေါ်စေခဲ့ပေ။
ယင်းအစား အရိပ်ကျားသစ်နက်သည် နောက်သို့ပြန်ဆုတ်သွားကာ အောစ့်၏လက်မောင်းကို ဆွဲဖြတ်သွားခဲ့သည်။
အောစ့်သည် သူ၏လက်တစ်ဖက်ကိုဆုံးရှံးလိုက်ရသော်လည်း သူ၏အကြည့်များသည် ခိုင်မာနေဆဲဖြစ်သည်။သူသည် ပုဆိန်ကိုဆုပ်ကိုင်ရန်အတွက် အခြားလက်မောင်းတစ်ခုကို အသုံးပြုကာ အရိပ်ကျားသစ်နက်ကိုတိုက်ခိုက်လိုက်သည်။
ထိုအောစ့်၏အဓိကရည်ရွယ်ချက်မှာ အရိပ်ကျားသစ်နက်ကိုသတ်ဖြတ်ရန်မဟုတ်ပေ။သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် လည်း အရိပ်ကျားသစ်နက်ကို သတ်ဖြတ်ရန်မတတ်နိုင်ပေ။သူသည် သူ၏ကိုယ်ပိုင်အသက်ကိုစတေးကာ အခြားသောအောစ့်များ ကြံ့ကိုသတ်ဖြတ်ပြီးချိန်အထိ အချိန်ဆွဲထားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သူတို့သည် တိုက်ပွဲစကတည်းက အရိပ်ကျားသစ်နက်ရှိနေကြောင်း သတိပြုမိကြသည်။သို့ဖြစ်ရာ အောစ့်များသည် ကြံ့အားသတ်ဖြတ်ရန် ကြိုးစားနေစဉ်တွင် ကျန်အောစ့်၁ကောင်သည် အရိပ်ကျားသစ်နက်ကိုဆွဲဆောင်ရန် အနောက်ဘက်၌ရှိနေခဲ့ရသည်။
အောစ့်၃ကောင်၏ ပုဆိန်များသည် ကြံ့၏ခန္ဓာကိုယ်ကို ဖြတ်တောက်ရန်အတွက် အစွမ်းကုန်ရိုက်ခတ်နေကြသည်။သူတို့သည် ကြံ့ကြီးအားလုံးဝဖိနှိပ်ထားသောကြောင့် ကြံ့ကြီးသည်ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။ယခုအခါ သူတို့၏ရဲဘော်သည် အရိပ်ကျားသစ်နက်နှင့်တိုက်ခိုက်နေသည်ကို မြင်လိုက်သော်လည်း သူ့အားကယ်တင်ရန်မလှုပ်ရှားခဲ့ကြပေ။သူတို့သည် အရိပ်ကျားသစ်နက်ကသူတို့ထံရောက်မလာမှီ ကြံ့ကြီးကိုသတ်ဖြတ်ရန် ဦးစွာကြိုးစားခဲ့ကြသည်။
ကြံ့သည် ခုခံမှုအားကောင်းသော သားရဲတစ်ကောင်ဖြစ်သော်လည်း အောစ့်၃ကောင်မှ အဆက်မပြတ်တိုက်ခိုက်နေသည့်အတွက်ကြောင့် သူ၏ခန္ဓာကိုယ်အား ဒဏ်ရာများကဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အရိပ်ကျားသစ်နက်သည် ဒဏ်ရာရနေသောအောစ့်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြတ်လိုက်ပြီးနောက် ကြံ့ကိုတိုက်ခိုက်နေသော အောစ့်၃ကောင်ထံပြေးဝင်လာခဲ့သည်။
ထိုအခါ ကြံ့ကိုတိုက်ခိုက်နေသော အောစ့်တစ်ကောင်သည် သူတို့ထံပြေးဝင်လာသော အရိပ်ကျားသစ်နက်၏ပါးစပ်ထံသို့ သူ၏ပုဆိန်ကိုအားကုန်ပစ်လွှတ်လိုက်သည်။သို့သော် ထိုအရိပ်ကျားသစ်နက်သည် သူ၏ခေါင်းကိုလှုပ်ယမ်းလိုက်ကာ ပုဆိန်ကိုရှောင်လိုက်ပြီး အောစ့်၏လက်ကိုဖမ်းကိုက်လိုက်သည်။အောစ့်သည်လည်း ထိုအခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ သူ၏ကျန်လက်တစ်ဖက်ဖြင့် အရိပ်ကျားသစ်နက်၏လည်ပင်းကို မလွတ်တမ်းဖမ်းဆုပ်ထားခဲ့သည်။လက်ကျန်အောစ့်၂ကောင်သည်လည်း သေလုနီးနီးဖြစ်နေသော ကြံကိုထားခဲ့ကာ ထိုအောစ့်ကိုသွားရောက်ကူညီခဲ့သည်။
အရိပ်ကျားသစ်နက်သည် လွတ်မြောက်ရန်ကြိုးပမ်းခဲ့သော်လည်း သူ၏လည်ပင်းကို သံကွင်းတစ်ခုလိုအားကောင်းသော အောစ့်၏ဖမ်းချုပ်မှုမှ မရုန်းထွက်နိုင်၍ သူ၏အရှိန်သည်အလွန်နှေးကွေးသွားခဲ့သည်။
အောစ့်များသည် တောတောင်များ၌ အချိန်အတော်ကြာနေထိုင်ခဲ့ဖူးပြီး ထိုသို့သောသားရဲမျိုးနှင့် အများအပြားဆက်ဆံခဲ့ဖူးသည်။သူတို့သည် အရိပ်ကျားသစ်နက်၏လှုပ်ရှားမှုအရှိန်ကို လိုက်မမှီနိုင်ကြောင်း နားလည်ပေသည်။ထို့ကြောင့် အောစ့်သည် အရိပ်ကျားသစ်နက်၏လှုပ်ရှားမှုကို ထိန်းချုပ်ရန်အတွက် သူ၏လက်ကိုအဆုံးရှံးခံကာ အရိပ်ကျားသစ်နက်ကိုကိုက်ခဲစေပြီး တစ်ချိန်တည်းမှာပင် အရိပ်ကျားသစ်နက်၏လည်ပင်းကိုဖမ်းချုပ်ရန် အခြားလက်တစ်ဖက်ကိုအသုံးပြုခဲ့သည်။ထိုသို့လုပ်ဆောင်မှသာ ကျန်အောစ့်၂ကောင်သည် အရိပ်ကျားသစ်နက်ကိုသတ်ဖြတ်ရန် အခွင့်အရေးရရှိမှာဖြစ်သည်။
အရိပ်ကျားသစ်နက်က သူသည်ဆိုးရွားသော အခြေအနေ၌ရှိနေကြောင်း နားလည်သွားသောကြောင့် သူ့အားဖမ်းချုပ်ထားသော အောစ့်ကိုဖယ်ရှားရန် အသည်းအသန်ရုန်းကန်ခဲ့သည်။သို့သော် အောစ့်သည်ကျားသစ်နက်ကိုဖမ်းချုပ်ရန် တစ်ကိုယ်လုံးရှိခွန်အားကိုအသုံးပြုထား၍ ကျားသစ်နက်၏ရုန်းကန်မှုမအောင်မြင်ခဲ့ပေ။
အရိပ်ကျားသစ်နက်သည် အောစ့်အားမဖယ်ရှားနိုင်သည်ကို မြင်လိုက်ရသောအခါတွင် သူ၏ကိုယ်လုံးကိုမြေပေါ်သို့လိမ့်ချလိုက်ပြီး သူကိုက်ထားသောအောစ့်၏လက်ကို ဖြေလျော့ပေးလိုက်သည်။
အရိပ်ကျားသစ်နက်သည် ထွက်ပြေးရန်အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အောစ့်သည် အလွတ်ပေးချင်ပုံမရဘဲ အရိပ်ကျားသစ်နက်၏နောက်ခြေထောက်ကို မလွတ်တမ်းဖမ်းဆုပ်ကာ နောက်သို့အတင်းဆွဲချလိုက်သည်။
အရိပ်ကျားသစ်နက်သည် အလွန်ဒေါသထွက်သွားပြီး ထိုအောစ့်၏ခေါင်းကိုကိုက်ခဲရန် နောက်သို့လှည့်လိုက်သည်။သို့သော် အနည်းငယ်ကြန့်ကြာသွားမှုကြောင့် အခြားသောအောစ့်များ၏ တိုက်ခိုက်မှုကိုခံလိုက်ရသည်။သူတို့ထဲမှတစ်ဦးသည် ပုဆိန်ကြီးကိုအရိပ်ကျားသစ်နက်၏ခန္ဓာကိုယ်ထံ ဦးတည်တိုက်ခိုက်ကာ ကျန်တစ်ဦးက ခေါင်းကိုဦးတည်တိုက်ခိုက်ခဲ့သည်။
အရိပ်ကျားသစ်နက်သည်သည် အောစ့်များ၏အဆက်မပြတ်တိုက်ခိုက်မှုကို ခံလိုက်ရ၍ ဒေါသပေါက်ကွဲသွားခဲ့သည်။တစ်ချိန်တည်းမှာပင် အရပ်မြင့်သောအောစ့်သည် ပုဆိန်ကိုဝှေ့ယမ်းကာ အရိပ်ကျားသစ်နက်၏ဦးခေါင်းကို ထပ်မံတိုက်ခိုက်ခဲ့သည်။
အရိပ်ကျားသစ်နက်သည်ထွက်ပြေးရန်ကြိုးစားနေသော်လည်း သူ၏ဦးခေါင်းကို အောစ့်မှတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
အရပ်မြင့်သောအောစ့်သည် ဧရာမပုဆိန်ဖြင့် ဆက်လက်တိုက်ခိုက်နေခဲ့သည်။အဆုံးသတ်တွင် ကျားသစ်နက်၏ခုခံမှုသည် ကြံ့လောက်မကောင်းမွန်၍ အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက်တွင် ကျားသစ်နက်၏လည်ပင်းကိုဖြတ်တောက်နိုင်ခဲ့သည်။
အရိပ်ကျားသစ်နက်သည် အောစ့်၏လက်မောင်းကို နောက်ဆုံးအနေဖြင့် မလွတ်တမ်းကိုက်ခဲထားခဲ့သော်လည်း အဆုံးသတ်၌အရပ်မြင့်သောအောစ့်သည် နောက်ဆုံးစက္ကန့်လေးတွင် ၎င်းကိုသတ်ဖြတ်နိုင်ခဲ့သည်။
တိုက်ပွဲပြီးဆုံးသွားခဲ့သည်...
အရပ်မြင့်သောအောစ့်သည် အရိပ်ကျားသစ်နက်၏ကိုက်ခဲခံထားရသော အောစ့်ကိုဖေးမပြီးနောက် ကြံ့ကိုစစ်ဆေးရန် ပြန်ပြေးသွားခဲ့သည်။ထို့နောက် သူသည်ပုဆိန်ကိုအသုံးပြုကာ ကြံ့၏ခေါင်းကိုအကြိမ်အနည်းငယ် ထပ်မံရိုက်ပုတ်လိုက်သည်။
တိုက်ပွဲအဆုံးသတ်ချိန်တွင် အောစ့်များကအနိုင်ရရှိခဲ့သည်။အောစ့်၅ကောင်သည် ဒုတိယအဆင့်နတ်ဆိုးသားရဲ၂ကောင်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း အောစ့်၂ကောင်သည် ကြံ့နှင့်အရိပ်ကျားသစ်၏လက်ချက်ကြောင့်သေဆုံးခဲ့ကာ ကျန်တစ်ကောင်သည်ဒဏ်ရာမှသွေးထွက်လွန်၍ တိုက်ပွဲပြီးဆုံးချိန်၌သေဆုံးခဲ့သည်။ထို့ကြောင့် လက်ကျန်အောစ့် ၂ကောင်၌ အရပ်ရှည်သောအောစ့်သည်သာ ဒဏ်ရာအပြင်းအထန်မရရှိခဲ့ပေ။
ထိုကြေကွဲဖွယ်တိုက်ပွဲအပြီးတွင် ပရိတ်သတ်သည်တိတ်ဆိတ်နေခဲ့ပြီး မည်သူကမှ အော်ဟစ်ခြင်းမရှိကြပေ။အဆုံးသတ်ရလဒ်သည် သူတို့အားလုံးကို အံ့သြစေခဲ့သည်။လူအုပ်ထဲမှ အချို့ပရိတ်သတ်များသည် အောစ့်များက သားရဲ၂ကောင်လုံးကိုသတ်ဖြတ်နိင်မည်ဟု မမျှော်လင့်ထားကြသော်လည်း ယခုလိုအဆုံးသတ်မျိုးကိုမြင်တွေ့ရချိန်တွင် အံ့သြနေဆဲဖြစ်သည်။
အရပ်မြင့်သောအောစ့်သည် သူ့အဖော်ဖြစ်သူ၏ ခန္ဓာကိုယ်အားကောက်ကိုင်လိုက်ကာ သံတံခါးဆီဖြေးညင်းစွာပြန်လျှောက်လာခဲ့သည်။သူသည် ကွင်းထဲသို့နောက်ပြန်လှည့်မကြည့်ဘဲ ဂိတ်ပေါက်ဝကိုဖြတ်ကျော်သွားသော်လည်း သူ၏မျက်လုံးများထဲတွင် ဒေါသဖြစ်မှု၊ကြောက်ရွှံမှုတို့ကိုမမြင်တွေ့ရဘဲ တည်ငြိမ်လေးနက်သောအရိပ်အယောင်ကိုသာ တွေ့မြင်ရပေသည်။
အောစ့်များ၏သွေးသည် အမြဲတမ်းဆူပွက်နေမည်သာဖြစ်သည်။