အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း ၈၅ - ခေါင်းဆောင်တစ်ယောက်၏ကတိ
အောစ့်နှစ်ကောင်သည် သံတံခါးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးမှသာ ရှောင်ယု၏နှလုံးသားသည် ငြိမ်သက်သွားခဲ့သည်။
ရှောင်ယု၏ဘေးနားတွင် ရပ်နေသောဂရင်းသည် သူ၏မျက်နှာပေါ်၌ လေးနက်သောအမူအရာကို ဖော်ပြထားပြီး သူ၏ခံစားချက်များအားထုတ်ဖော်ရန် စကားလုံးများကိုမလိုအပ်တော့ပေ။
အောစ့်များထွက်ခွာသွားပြီးနောက်တွင် တိတ်ဆိတ်နေသော ကိုလိုဆီယမ်သည် အော်ဟစ်အားပေးသံများ ပဲ့တင်ထပ်သွားခဲ့သည်။လူတိုင်းသည် အောစ့်များ၏မယုံကြည်နိုင်ဖွယ်ရာ ခွန်အားအပေါ် အံ့သြဖွယ်ပြောဆိုနေကြသည်။
ထိုအချိန်တွင် အာဝင်သည် အေးစက်သောလေသံဖြင့် ညည်းညူမိလိုက်သည်။
"ဒီညစ်ပတ်တဲ့အောစ့်တွေက ကျွန်တွေဖြစ်ပေမဲ့ ခုချိန်ထိပုန်ကန်ချင်တဲ့ အမူအရာတွေမပျောက်သေးဘူး...ငါပြန်ရောက်ရင် အဲ့ကောင်တွေကိုသင်ခန်းစာပေးရမယ်"
"မင်းရဲ့အမြင်မှာတော့ သူတို့ကကျွန်တွေဆိုပေမဲ့ သူတို့ပြသခဲ့တဲ့ ရဲစွမ်းသတ္တိတွေက ကျွန်တွေထက် သူရဲကောင်းလို့ သတ်မှတ်ရလိမ့်မယ်"
လီအာက ခပ်တိုးတိုးရေရွတ်မိလိုက်သည်။
ဤတိုက်ပွဲအပြီးတွင် သူမသည် အောစ့်များအပေါ် အလွန်သဘောကျသွားခဲ့သည်။မျိုးနွယ်ချင်းမတူညီသည့် သတ်မှတ်ချက်များကိုသာ ဘေးဖယ်ထားလိုက်ပါက သူတို့သည်လေးစားဖွယ်ကောင်းသော သူရဲကောင်းများအဖြစ် သတ်မှတ်သင့်သည်ဟု လီအာယုံကြည်ပေသည်။
လူသားများတွင်လည်း တစ်ချိန်ကထိုကဲ့သို့ သူရဲကောင်းများပိုင်ဆိုင်ထားခဲ့သော်လည်း အရက်နှင့်ငွေကြေး၊ဂုဏ်သိက္ခာတို့၏လွှမ်းမိုးမှုကြောင့် ထိုကဲ့သို့သောသူရဲကောင်းများသည် တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ရသည်။
"သခင်လေးအာဝင်...ဒီတိုက်ပွဲကြောင့် ငါတို့အတော်လေးစိတ်လှုပ်ရှားခဲ့ရတယ်...ခုလိုအံ့သြဖွယ်ကောင်းတဲ့ တိုက်ပွဲတစ်ခုကို ကြည့်ရှုခွင့်ပေးတဲ့အတွက် ငါတကယ်ကျေးဇူးတင်ပါတယ်...စစ်ဝမ်ကပင်ပန်းနေပြီဆိုတော့ ငါတို့ပြန်လိုက်တော့မယ်...ငါတို့ကဘန်ဂါဇီမြို့တော်မှာ ခဏလောက်နေဦးမှာဆိုတော့ နောင်လည်းစကားပြောဖို့အခွင့်အရေးရလာမှာပါ"
ရှောင်ယုသည် သူ၏မျက်နှာ၌ အပြုံးတစ်ခုကိုဖော်ဆောင်၍ ပြောလိုက်သည်။
အာဝင်ကလည်း ပြုံးလိုက်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။
"ကောင်းပြီ...ဒီညတော့အတူတူညစာစားဖို့ အလှမယ်စစ်ဝမ်ကို ဖိတ်ခေါ်ချင်ပါတယ်...ငါ့ရဲ့ဖိတ်ကြားချက်ကို လက်ခံနိုင်ဖို့စိတ်ဝင်စားမလား ငါသိချင်မိတယ်"
ရှောင်ယုသည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့တော့ သခင်လေးအာဝင်က ဒီလိုကြီးကျယ်ခမ်းနားတဲ့တိုက်ပွဲကို ပြသပေးတဲ့အတွက် မင်းကိုငါတို့နောက်တော့ ကျေးဇူးပြန်ဆပ်ပါမယ်...မင်းသာအားလပ်နေမယ်ဆိုရင် မင်းရဲ့ဖိတ်ကြားချက်ကို စစ်ဝမ်၊လီအာ၊တိုင်ရန်ဒီနဲ့အတူ ငါတက်ရောက်ပေးပါမယ်"
အာဝင်သည် ရှောင်ယု၏စကားကြောင့် အံ့သြသွားကာ ပြုံးလိုက်မိသည်။
"ကျေးဇူးတင်ပါတယ်...မြို့စားရှောင်"
ရှောင်ယုတို့အဖွဲ့သည် ကိုလိုဆီယမ်မှထွက်ခွာသွားပြီးနောက် အာဝင်သည် မြို့ထဲရှိသူ၏အိမ်တော်သို့ အမြန်ပြန်သွားခဲ့သည်။
အာဝင်သည် အိမ်သို့ပြန်ရောက်သည်နှင့် သူ့အဖေဖြစ်သူ၏ စာဖတ်ခန်းအတွင်းသို့ ချက်ချင်းဝင်သွားခဲ့သည်။စာဖတ်ခန်းအတွင်း၌ မြို့စားဆမ်သည် စာဖတ်စားပွဲ၌ထိုင်ကာ စားပွဲက်ိုလက်ချောင်းများနှင့် ပုတ်နေခဲ့သည်။ထို့နောက်သူသည် တစ်စုံတစ်ခုကိုတွေးတောရင်း သူ၏မျက်လုံးများက သူ့ရှေ့ရှိပန်းချီကားအား စူးစိုက်ကြည့်နေခဲ့သည်။
ထိုပုံတူထဲတွင် ကြေကွဲဖွယ်တိုက်ပွဲမြင်ကွင်းတစ်ခုအား ရေးဆွဲထားခဲ့ပြီး ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသော စစ်သည်တော်တစ်ယောက်က ဓားရှည်ကိုကိုင်ဆောင်ထားခဲ့သည်။သူ၏မျက်နှာကိုနေရာင်ခြည်ကထိုးကျနေ၍ ထိုလူမည်သူဖြစ်ကြောင်း မထင်ရှားသော်လည်း အောစ့်များ၊နတ်သူငယ်များ၊လူပုများနှင့်အခြားမျိုးနွယ်စုဝင်များက သူ့နံဘေး၌ သစ္စာရှိစွာရပ်တည်ခဲ့ကြသည်။စစ်သားများစွာကျဆုံးနေသော်လည်း သူ့နောက်၌လိုက်ပါသူများစွာ ရှိနေပေသေးသည်။
"အဖေ..."
အာဝင်သည် မြို့စားဆမ်အား ဦးညွတ်အလေးပြုလိုက်သည်။
မြို့စားဆမ်သည် ယခုနှစ်တွင် အသက်၆၀ပြည့်ပြီဖြစ်သော်လည်း အသက်၄၀ခန့်သာရှိသေးပုံပေါ်ပြီး သူ၏မျက်နှာပေါ်၌ အိုမင်းရင့်ရော်နေသောအမူအရာကိုမတွေ့ရဘဲ စူးရှသောနှာတံနှင့်မျက်လုံးကိုပိုင်ဆိုင်ထားပေသည်။
"အခြေအနေဘာထူးလဲ..."
ဆမ်က မေးမြန်းလိုက်သည်။
အာဝင်က လေးလေးစားစား ဖြေကြားလိုက်သည်။
"ရရှိလာတဲ့အခွင့်အရေးကို အခွင့်ကောင်းယူပြီးတော့ အောစ့်ကျွန်တွေကို ကိုလိုဆီယမ်မှာ တိုက်ခိုက်ခိုင်းခဲ့တယ်...သူ့ရဲ့အောစ့်တွေနဲ့နတ်သူငယ်တွေဟာ သာမန်အောစ့်တွေနဲ့နတ်သူငယ်တွေထက် ပိုပြီးအစွမ်းထက်တယ်လို့ ငါယုံကြည်ထားတယ်...သူတို့တွေဟာဒဏ္ဍာရီလာအောစ့်နဲ့နတ်သူငယ်ခေါင်းဆောင်တွေဖြစ်နေလောက်တယ်....ပြီးတော့နဂါးငယ်လေးတစ်ကောင်လည်း ရှိသေးတယ်...အဲ့ကောင်လေးရဲ့သွေးမျိုးဆက်ကမစင်ကြယ်ပေမဲ့ ငါမြင်ဖူးသမျှအားလုံတွေထက် အများကြီးသာလွန်တယ်...တကယ်လို့အဲ့ကောင်လေးက်ို နဂါးသွေးအစစ်မှာနှစ်ခြင်းခံယူလိုက်ရင် ငါတို့ကတကယ့်နဂါးအစစ်ကိုရရှိလိမ့်မယ်"
"အခုလောလောဆယ် ငါတို့ရဲ့အဓိကရည်မှန်းချက်က ရှောင်ယုဆိုတဲ့ကောင်လေးက အောစ့်တွေနဲ့နတ်သူငယ်တွေရဲ့ သစ္စာခံယူမှူကို ဘယ်လိုရခဲ့တာလဲဆိုတဲ့ အကြောင်းပြချက် ဒါမှမဟုတ် နည်းလမ်းကိုငါတို့ရရှိထားဖို့ပဲ...ငါအောစ့်တွေတော်တော်များများကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ပေမဲ့ အဆုံးသတ်ရလဒ်က မကောင်းဘူး"
မြို့စားဆမ်က ဆက်ပြောလိုက်သည်။
"ငါကသူတို့ရဲ့ သစ္စာစောင့်သိမှု...သစ္စာစောင့်သိမှုကို ငါလိုချင်တယ်...ရှောင်ယုက သူရဲ့အောစ့်တွေကို အစောင့်တွေအဖြစ်နဲ့ မြို့ပြင်ကိုခေါ်ထုတ်လာန်ိုင်တယ်ဆိုတော့ ခြင်္သေ့မြို့မှာနောက်ထပ်အောစ့်တွေရှိနေသေးတာသေချာတယ်...ငါအဲ့ဒီကိုသတင်းယူဖို့ သူလျှိုတွေကိုစေလွှတ်ထားတယ်...သူတို့ကမကြာခင်ပြန်ရောက်လာလိမ့်မယ်...ခုလိုဖရိုဖရဲဖြစ်နေတဲ့ အချိန်ကာလမှာ အောစ့်တွေနဲ့နတ်သူငယ်တွေရဲ့ သစ္စာစောင့်သိမှုကိုရရှိထားတဲ့သူက လူအများရဲ့ထောက်ခံမှုကိုရရှိမှာပဲ...ရှောင်ယုဆိုတဲ့ကောင်လေးကို တတ်နိုင်သလောက်အလေးပေးဆက်ဆံပါ...ငါတို့ကသူ့ဆီကနေ အောစ့်တွေ၊နတ်သူငယ်တွေလူပုတွေနဲ့ အခြားမျိုးနွယ်တွေရဲ့သစ္စာစောင့်သိမှုကို ဘယ်လိုရခဲ့သလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုအရယူဖို့လိုတယ်...ဟမ့်အဲ့ကောင်လေးက ဒီခေတ်ရဲ့အကြီးမြတ်ဆုံးအုပ်ချုပ်သူဖြစ်လာဖို့ အောစ့်တွေနဲ့နတ်သူငယ်အစောင့်တွေကို အားကိုးချင်နေတာလား...အဲ့ဒါဆိုသူအိပ်မက်မက်နေတာပဲဖြစ်ရမယ်"
"နားလည်ပါပြီအဖေ...ငါရှောင်ယုကိုအနိုင်ယူပြီးတော့ သူ့ရဲ့အောစ့်တွေနဲ့နတ်သူငယ်အစောင့်တွေကို အဖေ့ဆီလွဲပြောင်းပေးမှာပါ...ကမ္ဘာကြီးကိုစိုးမိုးနိုင်မယ့်သူက ငါတို့ပဲဖြစ်ရမယ်"
ထိုသို့ဖြေကြားနေစဉ်တွင် အာဝင်၏မျက်နှာပေါ်၌ မာနကြီးသောအမူအရာကို ဖော်ဆောင်နေခဲ့သည်။အနာဂတ်တွင် သူတို့၏မိသားစုသည် တိုက်ကြီးကိုအုပ်စိုးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။သူ့အဖေကွယ်လွန်သွားပါက ဤတိုက်ကြီးအားအုပ်စိုးနိုင်မယ့် ဖြစ်နိုင်ခြေအရှိဆုံးကိုယ်စားလှယ်လောင်းတစ်ဦးမှာ သူပင်ဖြစ်သည်။အကယ်၍ သူ့အစ်ကိုနှစ်ယောက်သာ ဤပလ္လင်အတွက်တိုက်ပွဲဝင်လိုပါက သူတို့ကိုသတ်ဖြတ်ရန် သူတွန့်ဆုတ်နေမည်မဟုတ်ပေ။
ဆမ်သည်ခေါင်းညိတ်ပြလိုက်ပြီး အာဝင်ကိုထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။
...
...
ရှောင်ယုသည် ဟိုတယ်သို့ပြန်လာပြီးနောက်တွင် သူ့အခန်းထဲသို့ ချက်ချင်းဝင်ရောက်သွားခဲ့သည်။ထို့နောက်သူသည် ဝိုင်ကိုတစ်ခွက်ပြီး တစ်ခွက်မော့သောက်လိုက်သော်လည်း သူ၏ခံစားချက်များသည် မတည်ငြိမ်းသေး၍ အရူးတစ်ယောက်လိုအခန်းထဲလည်ပတ်နေခဲ့သည်။
လီအာ၊တိုင်ရန်ဒီ၊စစ်ဝမ်နှင့် အန်တိုနီဒက်စ်တို့သည် ရှောင်ယုအား အကြိမ်ကြိမ်လှည့်ကြည့်မိကြသော်လည်း ရှောင်ယု၏အတွေးများကို မရိပ်မိကြပေ။
ခဏအကြာတွင် ဂရင်းသည်အခန်းတွင်းသို့ ပြန်ရောက်လာပြီး သူတစ်ယောက်တည်းသည်သာမက အောစ့်စစ်သည်များကိုပါ သူနှင့်အတူယူဆောင်လာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ရှောင်ယုသည် ဂရင်းကိုမတားဆီးဘဲ အောစ့်စစ်သည်များကို တစ်ချက်ကြည့်လိုက်မိသည်။
"သူတို့က တကယ့်သူရဲကောင်းတွေပဲ...အဲ့ဒီအောစ့်တွေက ငါ့အတွက်တိုက်ပွဲဝင်ပေးမယ်လို့ မမျှော်လင့်ထားပေမဲ့ ငါသူတို့ကိုကယ်တင်ပေးရမယ်...ငါသာသူတို့ကို ဒီအတိုင်းသေခွင့်ပေးလိုက်မယ်ဆိုရင် သရောလ်နဲ့ဂရင်းတို့ရဲ့ခေါင်းဆောင်ပီသတော့မှာမဟုတ်ဘူး..."
ရှောင်ယုသည် ဂရင်းနှင့်အောစ့်စစ်သည်တို့၏ မျက်နှာပေါ်၌ အရင်ကတစ်ခါမှမမြင်တွေ့ဖူးသော လေးနက်သည့်အမူအရာများရှိနေခဲ့သည်။ပုံမှန်ဆိုလျှင်သူတို့သည် လမ်းဘေးလူမိုက်များကဲ့သို့ အစဉ်အမြဲရယ်မောနေလေ့ရှိသည်။
"သခင်..."ဂရင်းက တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။
"ဘာကိစ္စလဲ..."ရှောင်ယုက မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
ဂရင်းသည် ရှောင်ယုအားကြည့်ကာ တောင်းဆိုလိုက်သည်။
"သခင်...ငါတို့ကမင်းရဲ့အမိန့်ကိုဘယ်တော့ကမှ မချိုးဖျက်ချင်ပါဘူး...ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါတို့ကိုတစ်ခုခုလုပ်ခွင့်ပေးစေချင်ပါတယ်"
ရှောင်ယုသည် ဂရင်း၏ဆန္ဒကိုခန့်မှန်းမိသော်လည်း ထပ်မံမေးမြန်းလိုက်သည်။
"မင်းကဘာလုပ်ချင်လို့လဲ"
ဂရင်း၏ခန္ဓာကိုယ်သည် ခဏလောက်တုန်ခါသွားခဲ့ကာ အားတင်း၍ပြောလိုက်သည်။
"ဂရင်းက သခင်နဲ့အတူ အချိန်အတော်ကြာအောင်နေထိုင်ခဲ့တယ်...သခင်ကငါ့ရဲ့မိသားစုဝင်လိုဖြစ်နေပြီမလို့ ဂရင်းကအဆုံးထိတ်ိုင်အောင် သခင်အပေါ်သစ္စာစောင့်သိမှာဖြစ်တယ်....ဒါပေမဲ့ ဒီနေ့မှာတော့ ငါ့ရဲ့မျိုးနွယ်ဝင်တွေက ကြီးမြတ်တဲ့သရောလ်ရယ် ငါ့နာမည်ရယ်ကိုအော်ဟစ်မြည်ကြွေးနေတာကို ငါတွေ့လိုက်ရတဲ့အခါမှာ ငါသူတို့ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တယ်...ဒီနေရာမှာသခင့်ကိုမထိခိုက်စေဖို့ ငါတို့သေရမယ်ဆိုရင်တောင် ငါ့ရဲ့ညီအစ်ကိုတွေနဲ့အတူ သူတို့က်ိုသွားကယ်ရမယ်...သခင်ကငါတို့ကိုခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် "
ရှောင်ယုသည် ဂရင်းနှင့်ဂရင်း၏နောက်ကွယ်မှ အောစ့်စစ်သည်များကို တစ်ချက်ကြည့်လိုက်သည်။ထိုအောစ့်စစ်သည်များသည် ဓားပြစခန်းကို ပထမဆုံးတိုက်ခိုက်စဉ်ကပင် သူ့နောက်သို့လိုက်ပါခဲ့သူများဖြစ်သည်။
ရှောင်ယုသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ ကြိမ်းမောင်းလိုက်သည်။
"လူမိုက်တွေ...ဒီသခင်လေးက မင်းတို့ကိုခွင့်ပြုပေးသည်ဖြစ်စေ ခွင့်မပြုပေးဘူးဆိုရင်ဖြစ်စေ မင်းတို့ကသွားမှာပဲမဟုတ်လား...ငါကမင်းထက်ပိုပြီးသူတို့ကိုကယ်တင်ချင် တယ်...ဒါပေမဲ့သူတို့ကိုကယ်တင်ချင်ရင် မင်းရဲ့ဦးနှောက်ကိုသုံးရမယ်...ခုလိုမျက်ကန်းတစ်ယောက်လိုဝင်ကယ်ပြီးသေဆုံးတာက မင်းရဲ့ရွေးချယ်မှုလား...ဒါကအသုံးဝင်မလား...အသုံးမဝင်ဘူးလားဆိုတာ မင်းမစဉ်းစားမိဘူးလား...မင်းရဲ့စိတ်ဆန္ဒအလျောက် မလုပ်ဆောင်ဘဲ အရာရာကိုစဉ်းစားဆင်ခြင်ပြီးမှလုပ်ဖို့ မင်းကိုမသင်ပေးခဲ့ဘူးလား...ဒီနေရာမှာ သရောလ်ကမင်းထက်အဆပေါင်းများစွာသာတယ်...မင်းကိုကြည့်စမ်း... ထစ်ခနဲ့ရှိ ခုတ်ထစ်သတ်ဖြတ်ဖို့လောက်ပဲသိတယ်...ဒါကခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်ပဲလား"
ရှောင်ယုသည် ဂရင်း၏မျက်နှာကိုကြည့်ရင်း အဆင်မပြတ်ကြိမ်းမောင်းနေရာ သူ၏တံတွေးစက်များသည်ပင် ဂရင်း၏မျက်နှာသို့ ရံဖန်ရံခါသွားစင်နေပေသည်။ဂရင်းသည်ကား တုန်လှုပ်ခြင်းမရှိဘဲ ရှောင်ယု၏ကြိမ်းမောင်းမှုကို တည်ငြိမ်စွာနားထောင်နေပေသည်။
ရှောင်ယုသည် ဂရင်းအား အဆက်မပြတ်ကြိမ်းမောင်းလိုက်ရ၍ အာခြောက်သွားခဲ့သဖြင့် ဝိုင်တစ်ခွက်က်ိုမော့သောက်လိုက်သည်။
"မင်းကိုငါကတိပေးတယ်...သူတို့အားလုံးက်ိုငါကယ်တင်မယ်...မဟုတ်ရင် ငါဘန်ဂါဇီမြို့တော်ကမထွက်သွားဘူး...ဒါကခေါင်းဆောင်တစ်ယောက်ရဲ့ကတိပဲ"
အခန်း ၈၆ - အလောင်းအစား
ညနေအစောပိုင်းတွင် အာဝင်သည် ဟိုတယ်သို့ရောက်ရှိလာခဲ့သည်။
ထိုအခါ ရှောင်ယု၊ဂရင်းနှင့်မိန်းကလေး၃ဦးတို့သည် ညစာစားရန်ရောက်ရှိလာခဲ့ကြသည်။
"မြို့စားယု ဒါကမိန်းကလေးတွေအတွက် လက်ဆောင်လေးတစ်ခုပါ"
အာဝင်သည် မိန်းကလေး၃ယောက်အတွက် လက်ဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
ရှောင်ယုသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံခဲ့သည်။
"သခင်လေးအာဝင်က ယဉ်ကျေးလွန်းနေပါပြီ...ငါတို့ဒီမှာနေထိုင်ခဲ့တဲ့ကာလတလျှောက်လုံး...မင်တို့ကအရမ်းကိုဧည့်ဝတ်ကျေပွန်ခဲ့တယ်...ဒီညတော့ငါတို့အကုန်ပျော်ရမယ်လို့ ငါမျှော်လင့်ပါတယ်"
"မဟာစစ်ဗိုလ်ချုပ်ကြီး ရှောင်ကျန်းထျန်ရဲ့သားနဲ့မိန်းမချောလေး၃ယောက်တို့နဲ့ အတူတူညစာစားခွင့်ရတဲ့အတွက် ငါကဒီညစာစားပွဲအတွက် ပျော်ပျော်ကြီးအကုန်အကျခံမှာပါ..."
အာဝင်သည် မြှောက်ပင့်သောစကားလုံးများကို အသုံးပြုခဲ့သည်။
ရှောင်ယုသည် ဟိုတယ်၏စားသောက်ဆိုင်တစ်ခုကို ငှါးရမ်းလိုက်ကာ စားသောက်ဆိုင်၏အစိတ်အပိုင်းအားလုံးတွင် ဖယောင်းတိုင်များကိုထွန်းညှိထားပေသည်။စားသောက်ဆိုင်တစ်ခုလုံးတွင် ရင်ခုန်ဖွယ် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကိုဖြစ်ပေါ်စေခဲ့သည်။
အာဝင်သည် ရှောင်ယုနှင့်စကားစမြည်ပြောဆိုနေရင်း လီအာမှသူ့အားလာရောက် စကားစလာစေရန် မျှော်လင့်နေခဲ့သည်။
သို့သော်လည်း လီအာသည်ထိုစကားဝိုင်း၌ ပါဝင်ရန်စိတ်မဝင်စားခဲ့ပေ။ထိုအချိန်တွင် ရှောင်ယုသည် စားသောက်ပြီးစီး၍ သူ၏ပါးစပ်က်ိုသုတ်လိုက်သည်။
"သခင်လေးအာဝင်ကို ငါမေးချင်တာတစ်ခုရှိတယ်"
အာဝင်သည် သူ၏မျက်လုံးများကိုမှိတ်ထားရင်း မေးမြန်းလိုက်သည်။
"မြို့စားယုကယဉ်ကျေးလွန်းနေပါပြီ...ငါတို့ကသူငယ်ချင်းတွေပဲမလား...မင်းလိုချင်တာရှိရင်ငါ့ကိုပြောပါ"
ရှောင်ယုသည် ဂရင်းကိုတစ်ချက်ကြည့်လိုက်ကာ ပြောလို်က်သည်။
"ငါ့မှာ ရဲရင့်တဲ့အောစ့်အစောင့်တွေရှိတယ်ဆိုတာ မင်းသိပါတယ်...ဒါပေမဲ့ သူတို့ဟာ အောစ့်တိုက်ခိုက်ရေးသမားတွေက ဒုတိယအဆင့်နတ်ဆိုးသားရဲ၂ကောင်ကို အနိုင်ယူခဲ့တာတွေ့ပြီးတော့ ငါ့အောစ့်တွေရဲ့သွေးတွေဟာ ဆူပွက်သွားခဲ့တယ်...ဒါကြောင့်သူတို့က သူတို့ရဲ့အရည်အချင်းတွေကို ကိုလိုဆီယမ်အဆောက်အဦးမှာ ချပြချင်တယ်...အဲ့ဒါကိုကူညီပေးနိုင်မလား"
"ဒါက ကိစ္စသေးသေးလေးတစ်ခုပါဘဲ...မြို့စားရဲ့အောစ့်တွေဟာ သူတို့ရဲ့ပင်ကိုယ်စွမ်းအားတွေကို ပြသချင်ပါတယ်ဆိုမှတော့ သေချာပေါက်စီစဉ်ပေးရမှာပေါ့...မင်းရဲ့အောစ့်အစောင့်တွေက ဘယ်လ်ိုပြိုင်ဘက်တွေကိုတိုက်ခိုက်ချင်လဲ...အောစ့်အချင်းချင်းတိုက်ခိုက်ချင်တယ်ဆိုရင်တောင်မှ ပြသနာမရှိဘူး"
အာဝင်သည် ချက်ချင်းတုံ့ပြန်ပြောဆိုလိုက်သည်။
ရှောင်ယုသည် သူ့ခေါင်းကိုခါပြလိုက်သည်။
"သူတို့ကအောစ့်တွေဆိုတော့ မျိုးနွယ်တူချင်းကိုမတိုက်ချင်ဘူး...သူတို့ကအားကောင်းတဲ့သားရဲတွေ ဒါမှမဟုတ် သန်မာတဲ့လူသားစစ်သည်တော်တွေကိုတိုက်ခိုက်ချင်ကြတာပဲ..."
"တကယ်လည်း အောစ့်တွေက စည်းလုံးတဲ့မျိုးနွယ်တစ်ခုပါ...ငါတို့ဖမ်းမိလာတဲ့ အောစ့်တွေကလည်း အချင်းချင်းတိုက်ခိုက်ဖို့ထက် သေတဲ့အထိရိုက်သတ်ခံရတာကို ပိုပြီးအလိုရှိကြတယ်...လူသားတွေကတော့ တစ်ယောက်ကိုတစ်ယောက်အနိုင်ယူပြီး ကျော်ကြားမှုကိုရဖို့အချင်းချင်းတိုက်ခိုက်နေကြတယ်...ကဲပါလေ မြို့စားယုဖြစ်ချင်နေတဲ့အတိုင်း မြို့စားရဲ့အောစ့်အစောင့်တွေ တိုက်ခိုက်တာကို ပရိတ်သတ်တွေကိုချပြပြီး မြို့စားယုရဲ့ဂုဏ်ကျက်သရေကို တိုးပွားအောင်ငါလုပ်ပေးပါမယ်"
.အာဝင်သည် ဘဝင်မကျဖြစ်နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်ယုသည် ပြုံးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"အဲ့ဒီအောစ့်တွေကို မင်းဘယ်ကဖမ်းမိခဲ့တာလဲ မင်းငါ့ကိုပြောပြပေးလို့ရမလား..."
"သူတို့ကို သံလွင်တောင်တန်းရဲ့တောင်ဘက်မှာ ဖမ်းမိခဲ့တယ်...ဒီနှစ်တွေမှာ ရာသီဥတုအခြေအနေဆိုးရွားတဲ့အတွက်ကြောင့် အောစ့်နဲ့နတ်သူငယ်တွေက သံလွင်တောင်တန်းရဲ့အစွန်အဖျားကိုထွက်လာကြတယ်...ဒါကြောင့်သူတို့ကိုအလွယ်တကူဖမ်းမိနိုင်ခဲ့တယ်"
အာဝင်က တုံ့ဆိုင်းမှုမရှိပြန်ဖြေလိုက်သည်။
"အိုး...အဲလိုလား..."
ရှောင်ယုသည် ထိုနာမည်ကိုမှတ်သားလိုက်ပြီး ခေါင်းညိတ်မိလိုက်သည်။
"နောက်တစ်ကြိမ် အောစ့်နဲ့နတ်သူငယ်တွေကိုဖမ်းဆီးဖို့ သံလွင်တောင်တန်းကိုသွားတဲ့အခါကျရင် ငါ့ကိုလည်းပါဝင်ခွင့်ပြုပါ...အန်ကာဂန်တောင်တန်းတွေမှာရှိတဲ့ အောစ့်နဲ့နတ်သူငယ်တွေကို ငါ့လက်အောက်ထဲသွတ်သွင်းပြီးပြီ...ရှေးမှူးမတ်တွေရဲ့အဆိုအရဆိုရင် စစ်မှန်တဲ့မြင့်မြတ်သူတစ်ယောက်ဟာ အောစ့်တွေနဲ့နတ်သူငယ်အစောင့်တွေကို ပိုင်ဆိုင်ထားရမယ်...ဒါကြောင့် ငါဟာနှစ်အတော်ကြာတဲ့ထိ အချိန်ဖြုးန်းပြီးတော့ အန်ကာဂန်တောင်တန်းမှာရှိတဲ့ အောစ့်တွေနတ်သူငယ်တွေနဲ့လူပုတွေကိုရှာဖွေခဲ့တာပဲ...ငါ့မှာစိတ်ကူးယဉ်အိပ်မက်တစ်ခုရှိတယ်....အဲ့ဒါကတော့ အောစ့်တွေနတ်သူငယ်တွေနဲ့လူပုတွေပါဝင်တဲ့ စစ်တပ်ကို ငါတည်ဆောက်ချင်ခဲ့တယ်"
ရှောင်ယု၏စကားကြောင့် အာဝင်၏မျက်လုံးများသည် ချက်ချင်းတောက်ပသွားခဲ့သည်။
"မြို့စားယုရဲ့စိတ်ကူးဟာ လူတော်တော်များများရဲ့အိပ်မက်ဖြစ်တယ်...ဒီလိုစစ်တပ်မျိုးကို ဘယ်သူကမလိုချင်ဘဲနေမှာလဲ...ဒါပေမဲ့အဲ့အိပ်မက်ကို အတိတ်ကမဟာဧကရာဇ်တွေတောင် အကောင်အထည်မဖော်နိုင်ခဲ့ဘူး...သူတို့အကောင်းဆုံးလုပ်နိုင်တာက တိုင်းတပါးသားစစ်သားတွေကိုစုဆောင်းတာပဲ"
"အဲ့ဒါကိုပြီးမြောက်အောင်မြင်ဖို့ ခက်ခဲတယ်ဆိုတာသိပေမဲ့ ငါ့ရဲ့အိပ်မက်နောက်ကို ငါဆက်လိုက်နေမယ်"
“အနာဂတ်မှာ ငါတို့သံလွင်တောင်တန်းကိုသွားကြတဲ့အခါ မြို့စားယုရဲ့ဂုဏ်သတင်းကြောင့် အောစ့်နဲ့နတ်သူငယ်တွေက မြို့စားယုထံပူးပေါင်းဖို့ ဆန္ဒရှိကြမှာပါ"
အာဝင်သည် ရှောင်ယုစိတ်ကျေနပ်အောင် ပြောဆိုလိုက်သည်။
ရှောင်ယုသည် စိတ်ကျေနပ်သွားဟန်ဖြင့် အာဝင်အား မေးမြန်းလိုက်သည်။
"မင်းဒီတစ်ကြိမ် အောစ့်ဘယ်လောက်ဖမ်းထားတာလဲ...နတ်သူငယ်တွေရောပါလား"
ရှောင်ယု၏အမေးကိုကြားချိန်တွင် အာဝင်ကဂုဏ်ယူနေသောလေသံဖြင့် ပြောလိုက်သည်။
"ငါတို့ကစုစုပေါင်းအောစ့်၅၀၀ကို ဖမ်းမိထားပါတယ်...ပြီးတော့အမျိုးသမီးအောစ့်တွေလည်း အများကြီးရှိသေးတယ်...တိုက်ခိုက်နိုင်တဲ့အောစ့်က၂၀၀လောက်ကျန်သေးတယ်...နတ်သူငယ်တွေကိုတော့ ငါတို့ရှာမတွေ့ခဲ့ဘူး"
အာဝင်သည် ဤမျှများပြားလှသော အောစ့်များကိုဖမ်းဆီးထားနိုင်မည်ဟု မမျှော်လင့်ထားသည့်အတွက်ကြောင့် ရှောင်ယုအနည်းငယ်အံ့သြသွားခဲ့သည်။ရှောင်ယုသည် ဝိုင်နီကိုမော့သောက်လိုက်ကာ စကားစလိုက်သည်။
"ငါ့ဆီမှာတောင် အဲ့လောက်များပြားတဲ့အောစ့်တွေမပိုင်ထားဘူး....ငါကသခင်ဆမ်ကိုတောင် မနာလိုဖြစ်မိပါတယ်...ငါကသာသင့်တော်တဲ့စျေးတစ်ခုပေးရင် အဲ့ဒီအောစ့်ကျွန်တွေကိုငါ့ဆီရောင်းပေးနိုင်မလား"
အာဝင်သည် ပြုံးပြလိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"မြို့စားယုကဟာသပြောနေတာပဲ...အဖေကသူတို့ကိုလေ့ကျင့်ပေးပြီးတော့ အစောင့်တွေအဖြစ်လုပ်ကိုင်စေချင်တာလေ...မြို့စားယုပြောသလိုပဲ ဟိုးရှေးရှေးတုံးကနေ ခုချိန်ထိတိုင်အောင် အောစ့်အစောင့်တွေက မြင့်မြတ်တဲ့သခင်တွေကို သတ်မှတ်ပေးတဲ့အဆင့်အတန်းတစ်ခုပဲ...မြို့စားယုဆီမှာ အောစ့်တွေကိုလိုလိုလားလားသစ္စာခံလာစေနိုင်တဲ့ နည်းလမ်းတွေ ဒါမှမဟုတ် လှည့်ကွက်တွေရှိနေသလား...ရှိရင်ငါတို့ကစျေးကြီးပေးပြီး ဝယ်ဖို့ဆန္ဒရှိတယ် "
ရှောင်ယုသည် အာဝင်အား သူ၏နှလုံးသားထဲ၌ တိတ်တဆိတ်ကျိန်ဆဲမိလိုက်သည်။
"အိပ်မက်မက်နေလိုက်...ခွေးကောင်"
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ တည်ငြိမ်သောလေသံဖြင့်ပြောလို်က်သည်။
"အဖေဟာ ရှေးခေတ်ကလျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်...သူဟာနှစ်ပေါင်းများစွာကြာတဲ့ထိ အောစ့်တွေကိုရှာဖွေခဲ့ပေမယ့် ကံအကြောင်းမလှလို့ စောစောစီးစီးသေဆုံးခဲ့ရပြီး ငါ့ဆီကိုလျှို့ဝှက်ချက်တွေ လွဲပြောင်းပေးခဲ့တယ်...ငါကတော့ကံကောင်းထောက်မစွာနဲ့ အောစ့်တွေနတ်သူငယ်တွေကို ရှာတွေ့ခဲ့ပြီး အစောင့်အဖြစ်လေ့ကျင့်ပေးနိုင်ခဲ့တယ်...အဲ့လျှို့ဝှက်ချက်က မိသားစုအမွေဖြစ်လို့ မျှဝေမပေးနိုင်တာ သခင်လေးအာဝင်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
အာဝင်၏မျက်နှာပေါ်၌ စိတ်ပျက်နေသောအမူအရာများ ထိန်းမရအောင်ထွက်ပေါ်လာခဲ့သည်။
"အဲ့ဒါကလျှို့ဝှက်ချက်ဆိုရင်တော့ ငါကဖိအားမပေးတော့ပါဘူး"
သို့သော်လည်း အာဝင်၏စိတ်ထဲ၌မူ အပြင်ပန်းနှင့်ဆန့်ကျင်ဘက်အတွေးမျိုးတွေးနေခဲ့သည်။
"ဒီကောင့်တွေမှာ ထူးထူးခြားခြားနည်းလမ်းတစ်ခုရှိနေတာပဲ...မဟုတ်ရင် လူသားတွေကိုအရမ်းမုန်းတီးတဲ့ အောစ့်တွေနဲ့နတ်သူငယ်တွေက ဘာလို့လူသားတစ်ယောက်အတွက် အစောင့်ဖြစ်လာဖို့ဆန္ဒရှိနေရမှာလဲ...သူ့ရဲ့လျှို့ဝှက်ချက်တွေကိုမရခင်အထိ ရှောင်ယုဆိုတဲ့ကောင်ကို ဘန်ဂါဇီမြို့တော်ကထွက်ခွာခွင့်မပေးနိုင်ဘူး..."
ရှောင်ယုသည်လည်း အာဝင်ကိုကြည့်ရင်း အတွေးဝင်နေမိသည်။
"ဒီကောင်ကငယ်သေးပေမဲ့ လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘူး...ဝမ်ထျန်းဟူကျတော့ ငါ့အဖေကိုလေးစားရိုသေပြီး သခင်သီအိုဒေါကိုလည်း ကြောက်လန့်တာကြောင့် ပြသနာမရှိခဲ့ဘူး...ဒါပေမဲ့ ရာဟင်မိသားစုက ဝမ်မိသားစုထက်ပိုအားကောင်းပြီး အန္တာရယ်ရှိရင်တောင် သတ္တိရှိရှိစွန့်စားလောက်တယ်"
ရှောင်ယုသည် နတ်ဆိုးတစ်ကောင်လိုပြုံးလိုက်ကာ အာဝင်ကိုဆွဲဆောင်လိုက်သည်။
"တကယ်တော့မင်းကသာ အဲ့ဒီအောစ့်ကျွန်၅၀၀ကို ရယူဖို့အခွင့်အရေးပေးမယ်ဆိုရင် ငါ့ဘက်ကလည်းငါ့ရဲ့မိသားစုလျှို့ဝှက်ချက်ကို ပေးဖို့ဆန္ဒရှိတယ်"
အာဝင်သည် မျက်ခုံးပင့်ကာ သွေးတိုးစမ်းမေးမြန်းလိုက်သည်။
"အိုးအဲဒါပဲလား...မြို့စားယုကဘာကိုဆိုလိုနေတာလဲ..."
"သခင်လေး အာဝင်ကငါ့အကြောင်းတွေကို ကြားဖူးမယ်ထင်ပါတယ်...ငါကလောင်းကစားရတာ အရမ်းဝါသနာပါတဲ့သူတစ်ယောက်ပဲ...တကယ့်ယောကျ်ားအစစ်တွေက လောင်းကစားဖို့လုံလောက်တဲ့သတ္တိရှိရမယ်...ဒါကြောင့်လောင်းကြေးအဖြစ်နဲ့ ငါ့ဘက်ကလျှို့ဝှက်ချက်ကိုထားပေးမယ်...ငါသာအနိုင်ရခဲ့ရင် အောစ့်ကျွန်တွေအကုန်လုံးကို ငါယူသွားမယ်"
အာဝင်သည် ခဏလောက်တိတ်ဆိတ်သွားပြီး စိတ်ဝင်စားဟန်ဖြင့်ပြောလိုက်သည်။
"မြို့စာယုက ဘယ်လိုအလောင်းအစားမျိုးလုပ်ဖို့ ဆန္ဒရှိတာလဲ"
ရှောင်ယုကအနည်းငယ်ရှက်ရွှံနေသေယ လေသံဖြင့်ပြောလိုက်သည်။
"အစောပိုင်းကတော့ ငါကသားရဲတွေ ဒါမှမဟုတ် လူသားတိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့တာပဲ...ဒါပေမဲ့ခုတော့ အလောင်းအစားက အရမ်းကြီးလာတဲ့အတွက် ငါကနည်နည်းအလျင်စလို ဆုံးဖြတ်လိုက်မိတယ်လို့ ခံစားလာရတယ်"
အာဝင်သည်လည်း လျှိုဝှက်စွာတွေးတောနေခဲ့သည်။
"ဒါကအလျင်စလ်ိုဆုံးဖြတ်ချက်တစ်ခုပဲ...မင်းရဲ့အောစ့်အစောင့်တွေက ငါ့ရဲ့တိုက်ခိုက်ရေးသမားတွေကို အနိုင်ရရှိသွားရင် ငါကအောစ့်ကျွန်၅၀၀ကို ဆုံးရှံးရလိမ့်မယ်...အဲ့အောစ့်ကျွန်တွေက ဒုတိယအဆင့်နတ်ဆိုးသားရဲ၂ကောင်ကိုတောင် သတ်ဖြတ်နိုင်တယ်....မင်းရဲ့အောစ့်တွေရဲ့အစွမ်းကို ငါမသိပေမဲ့ သူတို့ရဲ့အခြေအနေက ကောင်းပုံရတယ်...မင်းရဲ့အောစ့်တွေကို အနိုင်ယူနိုင်မယ့် တိုက်ခိုက်ရေးသမားတွေကို ငါဘယ်နားကသွားရှာရမှာလဲ...ငါကသန်မာတဲ့စစ်သည်တော်တစ်ယောက်ကိုစေလွှတ်လိုက်ရင်တောင်မှ မင်းကတိုက်ပွဲက်ိုသဘောတူမှာမဟုတ်ဘူး"
"အဲ့ဒီ အောစ့်တွေက ငါ့အဖေအတွက်အရမ်းအရေးကြီးတယ်...ငါအဲ့လိုအလောင်းအစားမျိုး မလုပ်ဆောင်နိုင်ဘူး..."
အာဝင်က ချီတုံချတုံဖြစ်နေသော လေသံဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် သူ့ခေါင်းက်ိုကြမ်းတမ်းစွာ ကုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီအောစ့်ကျွန်တွေကို ငါတကယ်လိုချင်နေတယ်...ကောင်းပြီလေ...ကန်းနိုင်ငံမှာ သေမင်းရိတ်သိမ်းသူလို့ ခေါ်တဲ့ အထူးလေ့ကျင့်ပေးထားတဲ့ ခြေလျင်တပ်သားတွေပါတဲ့ အမာခံခြေလျင်တပ်ဖွဲ့တစ်ခုရှိတယ်လို့ ငါကြားဖူးတယ်...သူတို့ကိုနေရာပေါင်းစုံကနေရွေးချယ်ထားပြီးတော့ လျှို့ဝှက်တိုက်ခိုက်ရေးနည်းစနစ်တွေကို လေ့လာသင်ကြားထားသူတွေဖြစ်ကြတယ်မလား...မကြာသေးခင်က တိုက်ပွဲတစ်ခုမှာ ကန်းနိုင်ငံကသေမင်းရိတ်သိမ်းသူ၅၀၀ဟာ ကုလားအုတ်နိုင်ငံက ခြေလျင်တပ်သား၅၀၀၀ကို အနိုင်ယူခဲ့တယ်လို့ ငါသတင်းရထားတယ်"
အာဝင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။
"အမှန်ပဲ...ကုလားအုတ်နိုင်ငံဟာ ကောင်းကင်ခြင်္သေ့မင်းဆက်ကို မလေးစားဘဲ ဧကရာဇ်ကိုလက်ဆောင်ဘဏ္ဍာမဆက်သတဲ့အတွက် ငါတို့ကခရူးဆိတ်စစ်ပွဲတစ်ခုကိုပြုလုပ်ခဲ့တယ်...အဲလိုမှမဟုတ်ရင် ဘယ်သူကမှ ငါတို့ကိုလေးစားတော့မှာမဟုတ်ဘူ...သေမင်းရိတ်သိမ်းသူတွေမှာ တပ်သား၁၀၀၀ရှိပေမဲ့ တိုက်ပွဲမှာတော့သေမင်းရိတ်သိမ်းသူ ၅၀၀ကိုပဲအသုံးပြုခဲ့တယ်"
ထိုအချိန်တွင် ရှောင်ယုကဝင်ရောက်အဆိုပြုလိုက်သည်။
"မင်းက သေမင်းရိတ်သိမ်းသူတွေကို အရမ်းယုံကြည်နေရပြီဆိုရင် ငါ့ရဲ့အောစ့်တွေရယ်မင်းရဲ့အောစ့်ကျွန်၅၀၀ရယ်ကို တစ်ဖက်တည်းထားပြီး သေမင်းရိတ်သိမ်းသူတွေနဲ့တိုက်ခိုင်းကြည့်ပါ...ငါသာအနိုင်ရရင် အောစ့်ကျွန်တွေကို ငါပိုင်ဆ်ိုင်လိမ့်မယ်...သေမင်းရိတ်သိမ်းသူတွေကအနိုင်ရရင် မင်းကလျှို့ဝှက်ချက်ကိုရလိမ့်မယ်...မင်းဘယ်လိုထင်လဲ"
အာဝင်၏နှလုံးခုန်သံသည် အဆမတန်မြန်ဆန်သွားခဲ့သည်။အောစ့်နှင့်သေမင်းရိတ်သိမ်းသူများသည် သန်မာကြပြီး တိုက်ခိုက်ပါက နှစ်ဖက်လုံးဆုံးရှံးမှုကို ကြုံတွေ့ရမည်ဖြစ်သည်။သို့ပေမဲ့ သူသည် သေမင်းရိတ်သိမ်းသူများအပေါ် ယုံကြည်မှုအပြည့်ရှိသည်။သူတို့သည် အောစ့်များကိုတိုက်ခိုက်ရာ၌ ပြသနာလုံးဝမရှိသင့်ပေ။အောစ့်များသည် သားရဲများကိုသတ်ဖြတ်နိုင်သော်လည်း သူတို့သည်လေ့ကျင့်ပေးထားသော အမာခံခြေလျင်တပ်ဖွဲ့ကိုမူ မတွန်းလှန်နိုင်ပေ။
"မဟုတ်ဘူး...သေမင်းရိတ်သိမ်းသူတွေသာ အသတ်ခံရမယ်ဆိုရင် အဖေ့ရှေ့မှာ ငါဘယ်လိုမျက်နှာပြရမှာလဲ...အဲ့ဒီအောစ့်ကျွန်တွေကို ငါ့အပေါ်သစ္စာရှိလာအောင် ငါဖြည်းဖြည်းချင်းလုပ်ဆောင်လာနိုင်မှာပါ...ငါမလုပ်ချင်ဘူး"
အာဝင်သည် ရှင်းရှင်းလင်းလင်းအဖြေပြန်မပေးဘဲ မျက်လုံးမှိတ်ထားလိုက်သည်။သူသည် အောစ့်များ၏သစ္စာခံမှုကို ရရှိမည်မဟုတ်ကြောင်း သူသိထားသော်လည်း ဤအလောင်းအစားသည် သေးငယ်သည်မဟုတ်ပေရာ အဆုံးသတ်တွင်သူကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေခဲ့သည်။
ရှောင်ယုကပြုံးလိုက်ပြီး လောင်းကြေးတွင်ထပ်ပေါင်းလိုက်သည်။
"ငါ့ရဲ့လောင်းကြေးက မလုံလောက်ဘူးလား...ကောင်းပြီလေမင်းနိုင်ရင် နဂါးလေးကိုပါငါပေးမယ်"
ရှောင်ယုသည် နဂါးလေးကိုကောက်ကိုင်ကာ ပြောလိုက်သည်။
နဂါးလေးသည် သူ၏ခန္ဓာကိုယ်အား တွန့်လိမ်လိုက်ကာ ကန့်ကွက်ခဲ့သည်။ရှောင်ယုသည် ဤအလောင်းအစားအတွက် အလွန်စိတ်အားဖက်သန်နေကြောင်း အာဝင်နားလည်လိုက်၍ ပြန်မဖြေသေးဘဲ တိုင်ရန်ဒီအား လှမ်းကြည့်လိုက်သည်။
ရှောင်ယုသည် အာဝင်ကိုစိုက်ကြည့်ကာ မချိပြုံးပြုံးလိုက်မိသည်။
"သခင်လေးအာဝင်က ငါ့ရဲနတ်သူငယ်အစောင့်တွေကိုပါ စိတ်ကူးယဉ်နေပုံရတယ်...ကောင်းပြီလေ...ငါ့ရဲ့လောင်းကြေးထဲမှာ နဂါးလေးကော နတ်သူငယ်တွေကိုရောပေါင်းထည့်ပေးမယ်...ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်"
"ဘယ်လိုအခြေအနေလဲ"
အာဝင်က ချက်ချင်းမေးမြန်းလိုက်သည်။
"နဂါးလေးနဲ့နတ်သူငယ်တို့နဲ့အတူ ငါလည်းတိုက်ပွဲမှာဝင်ပါချင်တယ်"
"မြို့စားယုကလည်း ပါဝင်ချင်တယ်ဟုတ်လား..."
အာဝင်သည် တိုင်ရန်ဒီအားနောက်တစ်ခါ လှမ်းကြည့်မိလိုက်သည်။
"ဒါကထွေထွေထူးထူးတော့မဟုတ်ပါဘူး...ဘယ်လိုလဲမင်းသဘောတူလား...."
ရှောင်ယုက စိတ်မရှည်သောလေသံဖြင့်ပြောလိုက်သည်။
"သဘောတူတယ်...ဘာလို့သဘောမတူရမှာလဲ"
အာဝင်သည် အလျင်စလိုပြန်ဖြေလိုက်သည်။
အခန်း ၈၇ - တိုက်ပွဲစတင်သောနေ့
"ဒီလိုအလောင်းအစားကို လက်ခံဖို့ဆန္ဒရှိတယ်ပေါ့..."
မြို့စားကြီးဆမ်၏မျက်နှာပေါ်၌ အံ့သြနေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အာဝင်ကဂုဏ်ယူနေသောလေသံဖြင့် ပြောလိုက်သည်။
"အမှန်ပဲ...သူကအောစ့်ကျွန်တွေကို ရဖို့အတွက်သူက တိုက်ပွဲတစ်ခုကိုအသုံးပြုချင်နေတယ်...သခင်လေးဟွေ့ဆိုတဲ့ကောင်ဆီက သတင်းတွေအရတော့ ရှောင်ယုကလောင်းကစားသမားတစ်ယောက်ပဲ...ခြင်္သေ့မြို့မှာဆိုရင် သူလုပ်တာကသောက်စားမူးယစ်ပြီး လောင်းကစားအကြွေးတွေအများကြီးတင်ခဲ့တာပဲ...ဝမ်နယ်မြေကိုလာတဲ့လမ်းမှာလည်း ဝမ်မိသားစုအိမ်တော်ထိန်းနဲ့ လောင်းကစားလုပ်ခဲ့တယ်...အဲ့ဒီအလောင်းအစားမှာ သူ့ဘက်ကအောစ့်စစ်သည် ၁၁ကောင်ဟာ အလင်းကွင်းဆက်မှော်စာလိပ်ကို အသုံးပြုထားတဲ့ ဝမ်မိသားစုတပ်သား၁၀၀ကိုအနိုင်ရခဲ့တယ်...အဲ့အောင်ပွဲက သူ့ရဲ့မာနကိုတိုးစေတဲ့အတွက် ငါတို့ကိုလည်းအနိုင်ယူနိုင်မယ်လို့ ထင်သွားတာနေမယ်"
မြို့စားကြီးဆမ်သည် စားပွဲပေါ်သို့ လက်ချောင်းများကို တတောက်တောက်ခေါက်လိုက်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။
"သူကအဲ့လိုလောင်းချင်နေတယ်ဆိုမှတော့ ငါတို့ကလည်းလိုက်လျောပေးရတာပေါ့...သူကငါတို့က်ို သူတို့မိသားစုရဲ့အမွေခံလျှို့ဝှက်ချက်ကိုပေးချင်နေတယ်ဆိုလည်း အဆင်ပြေပါတယ်...အောစ့်လေးတစ်ဖွဲ့က ငါ့ရဲ့သေမင်းရိတ်သိမ်းသူတွေကို အနိုင်ယူနိုင်လိမ့်မယ်လို့စိတ်ကူးယဉ်နေတာလား...အောစ့်တွေဟာတစ်ဦးချင်းတိုက်ခိုက်ရာမှာ ပြိုင်ဘက်ကင်းပေမဲ့...ငါတို့တပ်ဖွဲ့တွေရဲ့ပြိုင်ဘက်တော့မဟုတ်ဘူး...ပြီးတော့ ငါတို့တပ်ဖွဲ့တွေရဲ့စွမ်းအားဟာ ဝမ်မိသားစုထက်အများကြီးပိုအားကောင်းတယ်...ဒါပေမဲ့ ဒါကအလောင်းအစားတစ်ခုဆိုမှတော့ ဘယ်လိုနည်းနဲ့မဆို အောင်ပွဲကိုရဖို့ပြင်ဆင်ထားရမယ်...တိုက်ပွဲမစခင်မှာ အဲ့ဒီအောစ့်တွေရဲ့လက်တွေခြေတွေကို သေချာချည်နှောင်ထားဖို့ပြင်ဆင်လိုက်...သူတို့ကငါ့ရဲ့သေမင်းရိတ်သိမ်းသူတွေကို ဘယ်လိုရင်ဆိုင်မလဲ ငါကြည့်ချင်သေးတယ်"
မြို့စားဆမ်သည် အာဝင်ကိုအမိန့်ပေးလိုက်ကာ ကုလားထိုင်ပေါ်မှီချလိုက်သည်။
သူယနေ့လို အောင်မြင်လာရသည့် အဓိကလျှို့ဝှက်ချက်မှာ အောင်ပွဲရရှိရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ကာ အခြားသူများအပေါ် လှည့်ကွက်များအသုံးပြုရန် တွန့်ဆုတ်မနေခြင်းဖြစ်သည်။
ရှောင်ယုထံတွင် အစီအစဉ်တစ်ခုရှိကြောင်း မြို့စားဆမ်သိထားသော်လည်း သူသည်ထိုဆယ်ကျော်သက်ကောင်လေးကို ဂရုမစိုက်ခဲ့ပေ။သူသည် ရှောင်ကျန်းထျန်အသက်ရှိစဉ်ကပင် မျက်လုံးထဲထည့်ထားခဲ့သည်မဟုတ်ပေ။သူကြောက်ရွံ့သည်မှာ အင်အားကြီးမားသည့် ထီးနန်းသစ္စာခံအုပ်စုများသာဖြစ်သည်။ထိုအုပ်စုများကြောင့်သာမဟုတ်ပါက ကောင်းကင်ခြင်္သေ့မင်းဆက်သည် ပြိုကွဲရန်အချိန်တစ်ခုသာလိုအပ်မည်ဖြစ်ပြီး သူမြို့စားဆမ်သည် ကမ္ဘာကြီးကိုစတင်လွှမ်းမိုးရန် ပြင်ဆင်နိုင်မှာဖြစ်သည်။
...
...
အခန်းထဲသို့ပြန်ရောက်ချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ လေးနက်တည်ကြည်သော အမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။ညစာစားပွဲတွင် သူသည်ရယ်ရယ်မောမောဖြင့် အာဝင်နှင့်စကားစမြည်ပြောဆိုခဲ့သော်လည်း သူ့အနေဖြင့်ဤတိုက်ပွဲအတွက် အစီအစဉ်တစ်ခုချမှတ်ရမည်ဖြစ်ကြောင်း သူနားလည်ပေသည်။သူသည် လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများ၏ အကူအညီမပါဘဲ အမာခံခြေလျင်တပ်ဖွဲ့က်ို ကိုင်တွယ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကိုတွေးတောရမည်ဖြစ်သည်။
ရှောင်ယုသည် နဂါးလေးနှင့်တိုင်ရန်ဒီတို့၏စွမ်းအားကို ဤအောစ့်ကျွန်တပ်ဖွဲ့နှင့်ပေါင်းစည်းလိုက်ခြင်းသည်ပင် အမာခံခြေလျင်တပ်ဖွဲ့ကို ကျော်လွှားရန်မလုံလောက်ကြောင်း နားလည်ခဲ့သည်။အန်တိုနီဒက်စ်သည်လည်း လူသားတစ်ယောက်ဖြစ်သောကြောင့် ဤတိုက်ပွဲတွင်ပါဝင်ရန် မသင့်တော်ပေ။ဤတိုက်ပွဲသည် အောစ့်များနှင့်လူသားများအကြားမှ တိုက်ပွဲတစ်ခုသာမကဘဲ ရှောင်ယုနှင့်မြို့စားဆမ်အကြားမှ တိုက်ပွဲဖြစ်ကြောင်း လူတိုင်းနားလည်နိုင်ပေသည်။တိုင်ရန်ဒီသည် နတ်သူငယ်တစ်ယောက်ဖြစ်ကာ နဂါးလေးသည် သားရဲတစ်ကောင်ဖြစ်ပြီး သူသည်ကားဤအလောင်းအစားကိုစတင်သူဖြစ်၍ တိုက်ပွဲအတွင်း၌ ဝင်ရောက်အမိန့်ပေးခြင်းမှာ သာမန်သာဖြစ်သည်။
နဂါးလေး၏အစွမ်းသတ္တိသည် နိမ့်ပါးနေသေးသော်လည်း ထိုကောင်လေး၏ဟိန်းဟောက်သံသည် ရန်သူများ၏စိတ်အခြေအနေကို အနည်းနှင့်အများနှောင့်ယှက်နိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။
"တိုင်ရန်ဒီ...ဒီအလောင်းအစားအတွက် မင်းရဲ့ခွင့်ပြုချက်မပါဘဲ မင်းကိုလောင်းကြေးအဖြစ်ထည့်သွင်းမိလို့ ငါ့ကိုအပြစ်မတင်ဖို့မျှော်လင့်ပါတယ်..."
ရှောင်ယုသည် တိုင်ရန်ဒီက်ိုတစ်ချက်ကြည့်လိုက်သည်။မာနကြီးသော နတ်သူငယ်တစ်ယောက်အနေဖြင့် သူမအားလောင်းကြေးအဖြစ်အသုံးပြုခြင်းသည် အလွန်ပင်မသင့်လျော်ကြောင်း ရှောင်ယုသိရှိထားသည်။
"မင်းက ငါ့ရဲ့သခင်ပဲ...မင်းကငါ့ကိုအမိန့်ပေးရင် အဲ့အမိန့်အတိုင်းလိုက်နာဖို့က ငါ့တာဝန်ပဲ"
တိုင်ရန်ဒီက လေသံအေးအေးဖြင့် ပြောလိုက်သည်။
တိုင်ရန်ဒီသည် သူ၏စက်ဆုပ်ဖွယ်ကောင်းသောလုပ်ရပ်အပေါ် ဒေါသမထွက်ခဲ့၍ ရှောင်ယုအံ့သြသွားရသည်။ထို့ပြင်သူမ၏ သစ္စာစောင့်သိမှုသည် ကျဆင်းသွားမည်ဟု နဂိုကယူဆထားခဲ့သော်လည်း တစ်ချက်စစ်ဆေးကြည့်ပြီးနောက်တွင် သစ္စာစောင့်သိမှု၅မှတ်ထိတိုးလာကြောင်း တွေ့ရှိခဲ့သည်။ရှောင်ယုသည် သူ၏စက်ဆုပ်ဖွယ်လုပ်ရပ်ကြောင့် သူမအဘယ်ကြောင့်ဒေါသမထွက်ခဲ့သည်ကို စဉ်းစား၍မရခဲ့ပေ။သို့သော်လည်း သူသည်လာမယ့်တိုက်ပွဲအတွက် ကြိုတင်စီစဉ်နေရ၍ ထိုအကြောင်းက်ိုစဉ်းစားရန် အချိန်မရခဲ့ပေ။
"လီအာ...မင်းဆီမှာအဘိုးကြီးကိုဆက်သွယ်ဖို့ နည်းလမ်းရှိလား"
ရှောင်ယုက ရုတ်တရက်မေးမြန်းလိုက်သည်။
လီအာသည် ရှောင်ယု၏မေးခွန်းကြောင့် အနည်းငယ်အံ့သြသွားခဲ့ရသည်။
"ဘာလို့မေးရတာလဲ"
ရှောင်ယုသည် ပြတင်းပေါက်မှတဆင့် အပြင်သို့လှမ်းကြည့်ကာ ပြန်ဖြေလိုက်သည်။
"သူ့ကိုသတင်းပို့လိုက်ပါ...ငါတို့ကလာမယ့်တိုက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တောင်မှ ဒီနေရာကနေ အလွယ်တကူထွက်ခွာနိုင်မှာမဟုတ်ဘူး...အဲ့လိုအချိန်မျိုးမှာ ငါတို့ကသူ့ရဲ့အကူအညီကို လိုအပ်တယ်"
မြို့စားဆမ်၏သဘောထားအရ သူသာတိုက်ပွဲကိုအနိုင်ရခဲ့လျှင်ပင် သဘောတူညီချက်အတိုင်း လိုက်နာရန်လွယ်ကူမည်မဟုတ်ကြောင်း ရှောင်ယုသိရှိထားသည်။မြို့စားဆမ်အားထိန်းချုပ်ရန်မှာ သီအိုဒေါကဲ့သို့မှော်သခင်တစ်ပါးကိုလိုအပ်ပေသည်။မြို့စားဆမ်အုပ်ချုပ်သော ဘန်ဂါဇီမြို့တော်၌ ပဥ္စမအဆင့်မှော်ဆရာများ ရှိကောင်းရှိနိုင်သော်လည်း သူတို့သည်ဆဌမအဆင့်မှော်သခင်တစ်ပါး၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
လီအာသည် ဆက်မမေးတော့ဘဲ စာတစ်စောင်ကိုပို့ဆောင်လိုက်သည်။
တိုက်ပွဲစတင်ရန် နှစ်ရက်သာလိုတော့သည့်အတွက် ရှောင်ယုသည် အမာခံခြေလျင်တပ်ဖွဲ့အား ကျော်လွှားရန်နည်းဗျူဟာများကို အဆက်မပြတ်စဉ်းစားနေခဲ့သည်။သူသည် အောစ့်ကျွန်များကိုကြည့်ရှုခွင့်ရရန် အာဝင်ကိုအဆက်မပြတ်တောင်းဆိုသော်လည်း အာဝင်သည် အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်ခဲ့သည်။ရံဖန်ရံခါ အချို့သောအောစ့်များသည် အခြားနေရာများသို့ပို့ဆောင်ခံရကြောင်း ပြောလာခဲ့ပြီး အခြားသောအကြောင်းပြချက်များကိုပေးခဲ့ကာ တိုက်ပွဲစတင်ရန် ၂နာရီအလိုမှ ထိုအောစ့်များကိုတွေ့မြင်ရမည်ဟု ရှောင်ယုကိုအသိပေးခဲ့သည်။
ရှောင်ယုသည် သူတို့တစ်ခုခုစီစဉ်နေကြောင်း သိရှိထားသော်လည်း သူသည် ဂရင်းအားပေးထားသည့်ကတိကို မည်သည့်နည်းဖြင့်မဆိုလိုက်နာရန်ဆုံးဖြတ်ထားသည်။
...
...
တိုက်ပွဲစတင်သည့်နေ့တွင် ရှောင်ယုသည် အောစ့်များကိုကြည့်ရှုရန် ကိုလိုဆီယမ်သို့သွားရောက်ခဲ့သည်။တိုက်ပွဲသည်ကား နေ့လည်ဘက်တွင်စတင်မည်ဖြစ်သည်။
ကိုလိုဆီယမ်သို့မသွားမှီ ရှောင်ယုသည် ရထားလုံးပေါ်ရှိ လီအားအားတစ်စုံတစ်ခုတောင်းဆိုလိုက်သည်။
"လီအာ...ငါသာဒီနေ့သေသွားခဲ့ရင် ငါ့ရဲ့မရီးနဲ့အခြားသူတွေကို ကူညီပေးဖို့ သခင်သီအိုဒေါကိုအကူအညီတောင်းပေးပါ"
"မင်းသေရင် ငါရောသေမှာလေ...မင်းပြောတဲ့သတင်းကို ငါဘယ်လိုပြောနိုင်တော့မှာလဲ....အဲ့ဒီအကြောင်းကိုအသက်ရှင်လျက် မင်းကိုယ်တ်ိုင်ပြောပါ...ငါခုချိန်ထိအောစ့်တွေအတွက် မင်းကိုယ်တိုင်တိုက်ပွဲဝင်ရတဲ့အကြောင်းကို နားမလည်သေးဘူး"
ရှောင်ယုသည် ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
"ငါကတော့သူတို့ကိုအောစ့်လိုမမြင်ဘူး...သူတို့ကငါ့ရဲ့သူငယ်ချင်းတွေနဲ့မိသားစုတွေပဲ...တကယ်လို့မင်းရဲ့သူငယ်ချင်းတွေ အသက်အန္တာရယ်ခြိမ်းခြောက်ခံနေရရင် မင်းငြိမ်ခံနေမှာလား..."
"ဒါကအောစ့်နဲ့နတ်သူငယ်တွေကို အုပ်စိုးနိုင်တဲ့လျှို့ဝှက်ချက်ပဲလား..."
လီအာက မေးခွန်းထုတ်လိုက်သည်။
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး ဖြေးညင်းစွာပြောဆိုလိုက်သည်။
"အဲလိုတော့မဟုတ်ဘူး...ဒါကရိုးရှင်းတဲ့အမှန်တရားတစ်ခုပဲလေ...မျိုးနွယ်စုတွေအကြားကြားခွဲခြားမှုစည်းမျည်းက လူသားတွေအတွက်အရမ်းအရေးပါလို့လား...ငါ့အမြင်မှာတော့ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့ သက်ရှိတွေအကုန်လုံးကို တန်းတူညီမျှဖြစ်တယ်လို့ခံယူထားတယ်...မင်းကလူသားလား နတ်သူငယ်လား လူပုလား အောစ့်လား ငါ့အတွက်အရေးမကြီးဘူး...လူသားတွေဟာ အသိညဏ်ရှိတဲ့သားရဲတွေကို အကြောင်းမဲ့မသတ်ဖြတ်သင့်ဘူးလို့ငါထင်တယ်...သားရဲတွေက သူတို့ရဲ့အသက်ရှင်နေထိုင်ရေးအတွက် လူသားတွေကိုစားသောက်ရပေမဲ့ လူသားတွေကတော့ သားရဲတွေကိုအကြောင်းမဲ့ဆန္ဒအလျောက်သတ်ဖြတ်နေကြတယ်....ငါ့ရဲ့ ရည်မှန်းချက်ကတော့ မျိုးနွယ်စုတွေအကုန်လုံး အချင်းချင်းလေးစားယုံကြည်မှုရှိဖို့ပဲ"
လီအာသည် ရှောင်ယုအား ထိတ်လန့်စွာကြည့်မိလိုက်သည်။သူမ၏အမြင်တွင် ထိုလူယုတ်မာထံ၌ ချို့ယွင်းချက်အမြောက်အများရှိနေသည်ဟု ထင်ထားခဲ့သော်လည်း ရှောင်ယု၏အယူအဆများသည် မယုံကြည်နိုင်ဖွယ်ကောင်းလှပေသည်။
"ကောက်ကျစ်တဲ့အဘိုးကြီးရဲ့ ပရောဟိတ်နမိတ်ဖတ်တာက တကယ်မှန်နေတာလား...ငါကသေဆုံးသည်ထိတိုင်အောင် သူ့နောက်ကိုလိုက်ရမှာလား"
...
...
အာဝင်သည် သူတို့အားကိုလိုဆီယမ်၌ စောင့်ကြိုနေခဲ့ကာ ရှောင်ယုတို့အားနွေးထွေးစွာ ကြိုဆိုနေခဲ့သည်။
"မြို့စားယု ဒီနေ့တော့ငါတို့က အံ့သြစရာကောင်းတဲ့တိုက်ပွဲတစ်ခုကို မြင်တွေ့ရဖို့ ငါမျှော်လင့်နေပါတယ်"
ရှောင်ယုက ရယ်ရယ်မောမောဖြင့် တုံ့ပြန်လိုက်သည်။
"သခင်လေးအာဝင်....မင်းသာဒီနေ့ရှုံးခဲ့ရင်စိတ်မဆိုးဖို့ ငါမျှော်လင့်တယ်...ငါကငါ့ရဲ့အောစ့်အစောင့်တွေကို ယုံကြည်မှုအပြည့်ရှိပြီး ငါ့ရဲ့ကွပ်ကဲမှုစွမ်းရည်ကလည်း အရမ်းကောင်းမွန်တယ်လို့ ငါယုံကြည်တယ်...မင်းရဲ့သေမင်းရိတ်သိမ်းသူတွေဟာ အရမ်းသန်မာတယ်ဆိုတာငါသိပေမဲ့ ငါကလည်းသန်မာတဲ့သူတွေကို စိန်ခေါ်ရတာကိုမှ သဘောကျတဲ့သူတစ်ယောက်ပဲ"
အာဝင်သည် စိတ်ဆုံးပုံမရဘဲ ရယ်မောလိုက်သည်။
"မြို့စားယုက ဗိုလ်ချုပ်ကြီးရှောင်ကျန်းထျန်ရဲ့သား ပီသပါပေတယ်...မင်းကတကယ့်က်ိုသူရဲကောင်းတစ်ယောက်ပဲ"
"ဟားဟားဟား...ငါတို့မိသားစုရဲ့ အမွေဆက်ခံမှုမှာအရမ်းကောင်းတဲ့ မျိုးရိုးဗီဇတွေပါနေတယ်လေ..."
ရှောင်ယုသည် ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်သည်။
အာဝင်သည် ရှောင်ယု၏စကားကြောင့် မျက်လုံးပြူးသွားရသော်လည်း စကားဆက်မပြောတော့ဘဲ အောစ့်ကျွန်များကိုကြည့်ရန် ခေါ်ဆောင်သွားခဲ့သည်။
သားရဲများနှင့်တိုက်ခိုက်ရေးသမားများကို ကိုလိုဆီယမ်၏နောက်ဘက်တွင် ထိန်းသိမ်းထားခဲ့သည်။ကိုလိုဆီယမ်အတွင်းရှိ အချုပ်ခန်းများသည် ရံဖန်ရံခါ၌ အလွန်အစွမ်းထက်သောသားရဲများကို ဖမ်းဆီးထိန်းသိမ်းထားရ၍ အလွန်ကြီးမားစွာတည်ဆောက်ထားရသည်။
အချုပ်ခန်းကို သံမဏိများသို့မဟုတ် ထူထဲသောထင်းရှူးသားဖြင့်ပြုလုပ်ထားကာ နံရံများကိုကျောက်တုံးများဖြင့် ကာရံထားခဲ့သည်။ထို့ကြောင့် သားရဲများနှင့်တိုက်ခိုက်ရေးသမားများ ထွက်ပြေးလွတ်မြောက်မည်ကို မစိုးရိမ်ရသော်လည်း စိတ်ချရစေရန် ၃လွှာခြောက်ထပ်အကာအရံများကို ထပ်မံပြုလုပ်ထားခဲ့ပေသည်။
အချိန်ခဏကြာပြီးနောက် သူတို့သည် အောစ့်ကျွန်များကိုအကျဉ်းချထားသောနေရာသို့ ရောက်ရှိလာခဲ့သည်။ထိုအကျဉ်းခန်းတွင် ထင်းရှူးသား၅လွှာဖြင့်ပြုလုပ်ထားသည့် အကာအရံတစ်ခုရှိပေသည်။
သို့သော်ရှောင်ယု၏အကြည့်များသည် အောစ့်များအပေါ်ကျရောက်သွားချိန်၌ သူ၏မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်များဖြတ်ပြေးသွားခဲ့ကာ အာဝင်အားစိုက်ကြည့်လိုက်သည်။
"မင်းကငါ့ကိုလိမ်ဖို့အရှက်မရှိကြိုးစားရဲသေးတာပေါ့...မင်းသူတို့ကိုဘာလုပ်ထားတာလဲ...သူတို့ကဘာလို့အဲလောက်ထိအားနည်းနေရတာလဲ"