← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း ၁၀၃ - အရည်အချင်းရှိသူများကိုဖော်ထုတ်ခြင်း

ရှောင်ယုသည် သူ့ရှေ့မှတပ်သား၁၀၀၀၀ကိုကြည့်ကာ သက်ပြင်းချမိလိုက်သည်။ကပ္ပတိန်ဟွေ့သည် စစ်သားများကိုကောင်းမွန်စွာလေ့ကျင့်ပေးထားသည့်အတွက် သူအနည်းငယ်စိတ်ကျေနပ်မိပေသည်။ကပ္ပတိန်ဟွေ့သည် စစ်သူကြီးတစ်ယောက်အနေဖြင့် နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ရာ အတွေ့အကြုံကြွယ်ဝနေပြီဖြစ်သည်။သို့သော်လည်း သူတို့၏တပ်သားများတွင် လုံလောက်သောတပ်မှူးများရှိမနေခဲ့ပေ။

"သခင်လေး...ငါတို့မှာအရည်အချင်းရှိတဲ့ တပ်သားတွေရှိပေမဲ့ တပ်မှူးတွေလုံလုံလောက်လောက်မရှိဘူး...ခြင်္သေ့နယ်မြေတစ်ခုလုံးမှာ မြင့်မြတ်တဲ့မိသားစုဆိုလို့ ရှောင်မိသားစုပဲရှိတာက ငါတို့စစ်တပ်အတွက်အရာရှိတွေကိုရှာရတာ ကြီးမားတဲ့ပြသနာကိုဖြစ်စေတယ်"

ကပ္ပတိန်ဟွေ့က စောဒကတက်လိုက်သည်။

ဤကမ္ဘာကြီးတွင် မြင့်မြတ်သောနောက်ခံသည် လူတစ်ဦးအရာရှိဖြစ်လာရန် သို့မဟုတ် တပ်မှူးဖြစ်လာရန်အရေးပါပေသည်။အရပ်သားများကိုမူထိုသို့ အထက်တန်းစားရာထူးများကို မပေးအပ်ပေ။အရပ်သားတစ်ဦးအတွက် အကောင်းဆုံးရာထူးမှာ တပ်သား၁၀ယောက်ကိုကြီးကြပ်နိုင်သော တပ်ကြပ်တစ်ဦးဖြစ်သည်။ပုံမှန်အားဖြင့် အကြီးတန်းတပ်မှူးများသည် မြင့်မြတ်သောမျိုးနွယ်မှ ဆင်းသက်လာရမည်ဟူသည့်အချက်သည် နှစ်ထောင်ချီတည်တံ့လာခဲ့သော အစဉ်အလာပင်ဖြစ်သည်။

အမှန်တော့ ထိုသို့သောဓလေ့မျိုးသည် ဂျာမနီနှင့်ဗြိတိန်နိုင်ငံတို့ တိုက်ပွဲဖြစ်ပွားသည်အထိ မပျောက်ကွယ်သေးပေ။သို့သော် အရာရှိများ အရေးတကြီးလိုအပ်လာမှုနှင့်အတူ ယင်းလိုအပ်ချက်များကိုဖယ်ရှားပေးခဲ့သည်။အထူးသဖြင့် နာမည်ကျော်ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရွန်းမဲလ်သည် မြင့်မြတ်သောမျိုးနွယ်ဝင်မဟုတ်ပေရာ ထိုလိုအပ်ချက်ကိုအရေးတကြီးမဖယ်ရှားခဲ့ပါက တပ်မှူးဖြစ်လာမည်မဟုတ်ပေ။

သို့သော် ဤကမ္ဘာကြီး၌မူ ထိုဓလေ့အားတင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

ရှောင်ယုသည် တပ်သားများကို တစ်ချက်ကြည့်လိုက်မိသည်။သူ့ထံတွင် တပ်မှူးကောင်းကောင်းမရှိပါက တပ်သားများသည်မည်မျှပင်ထူးချွန်ထက်မြက်ပါစေ အရေးမကြီးတော့ပေ။ဆိုဗီယက်ယူနီယံသည် ဖင်လန်နိုင်ငံအားကျူးကျော်ချိန်တွင် အသေအပျောက်၄၀၀၀၀၀ ကျော်ခဲ့ပြီး ဖင်လန်ဘက်တွင်မူ အသေအပျောက်၂၀၀၀၀သာရှိခဲ့သည်။အကြီးမားဆုံးအကြောင်းပြချက်မှာ ဖင်လန်တို့ထံတွင် တပ်မှူးကောင်းများရှိနေ၍ဖြစ်သည်။

"ငါတို့ စစ်သင်တန်းကျောင်းတွေ ထူထောင်သင့်ပြီလား"

ရှောင်ယုက ညည်းညူမိလိုက်သည်။

"စစ်သင်တန်းကျောင်းကဘာလဲ..."

ကပ္ပတိန်ဟွေ့သည် အံ့သြသွားခဲ့သည်။ဤကမ္ဘာပေါ်တွင် သူရဲကောင်းကောလိပ်နှင့်မှော်ဆရာကောလိပ်များ တည်ရှိနေသော်လည်း ဤကမ္ဘာပေါ်၌ စစ်ဘက်ဆိုင်ရာအရာရှိများကို အထူးလေ့ကျင့်သင်ကြားပေးသော အဖွဲ့အစည်းမရှိခဲ့ပေ။

ရှောင်ယုက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်....အဲ့ဒါကသန်မာတဲ့သူရဲကောင်းတွေကိုလေ့ကျင့်ပေးတဲ့ သူရဲကောင်းကောလိပ်နဲ့လုံးဝမတူဘူး...သူတို့ကတပ်ဖွဲ့က်ို ကောင်းစွာလေ့ကျင့်ပေးနိုင်တဲ့ အရာရှိတွေကိုသာလေ့ကျင့်ပေးတယ်...သူတို့တစ်ယောက်ချင်းစီက သန်မာအားကောင်းခြင်းမရှိပေမဲ့ ထက်မြက်တဲ့ညဏ်ရည်ညဏ်သွေးနဲ့ ကောင်းမွန်တဲ့ကွပ်ကဲမှုစွမ်းရည်တွေ ပိုင်ဆိုင်ရမယ်"

ရှောင်ယု၏အယူအဆသည် သူ၏နားလည်မှုထက် ကျော်လွန်သွားသည့်အတွက်ကြောင့် ကပ္ပတိန်ဟွေ့သည်မျက်မှောင်ကြုတ်လိုက်မိသည်။တပ်ဖွဲ့များအတွက် သီးသန့်အရာရှိများကို လေ့ကျင့်သင်ကြားပေးသော အဖွဲ့အစည်းမျိုးမည်သည့်အခါကမှ မရှိခဲ့ပေ။ပုံမှန်အားဖြင့်ဆိုလျှင် သူရဲကောင်းကောလိပ်သည် ကျောင်းသားများအား ကိုယ်ခံပညာ၊သိုင်းပညာနှင့်စစ်ပွဲနှင့်သက်ဆိုင်သော ဗဟုသုတများ၊နည်းဗျူဟာများကိုသင်ကြားပေးမည်ဖြစ်သည်။ယခုလို အအေးလက်နက်ခေတ်တွင် စစ်မြေပြင်၌ ကွပ်ကဲမှုအားကောင်းသောတပ်မှုးထက် သူရဲကောင်းတစ်ဦး၏ခွန်အားတိုးမြင့်မှုအား ပိုမိုအာရုံစိုက်ခဲ့သည်။

တိုက်ပွဲအများစုတွင်လည်း စွမ်းအားကြီးသောသူရဲကောင်းတစ်ဦးသည် စစ်မြေပြင်ရှိ အခြေအနေအများစုကို ဆုံးဖြတ်ပေးသော အဓိကတာဝန်ကို ရယူထားပေသည်။

ခွန်အားမရှိသောအရာရှိတစ်ဦး၏ အယူအဆများသည် ဤကမ္ဘာကြီး၏တောင်းဆိုချက်များကို လိုက်မှီခြင်းမရှိခဲ့ပေ။

"အဆင်မပြေဘူး....ငါတို့နယ်မြေမှာ မြင့်မြတ်တဲ့မျိုးနွယ်က သားသမီးတွေမရှိလို့ အဲလိုလူတွေကိုငါတို့စုဆောင်းနိုင်မှာမဟုတ်ဘူး..."

ကပ္ပတိန်ဟွေ့ကရှက်ရွံ့နေသောလေသံဖြင့်ပြောလိုက်သည်။လူအများအပြားသည် ခြင်္သေ့မြို့ဆီပြောင်းရွေ့နေထိုင်လာကြသော်လည်း သူတို့အားလုံးမှာ အရပ်သားများဖြစ်ကြပေသည်။

မှူးမတ်များသည် ခြင်္သေ့မြို့ကဲ့သို့ ဝေးလံခေါင်သီပြီး မဖြစ်ထွန်သောနယ်မြေတစ်ခုသို့ ပြောင်းရွေ့နေထိုင်ရန် အလွန်ပင်မာနကြီးလွန်းလှပေသည်။

ရှောင်ယုသည် အသက်ခပ်ပြင်းပြင်းတစ်ချက် ရှုလိုက်ကာအမိန့်ပေးလိုက်သည်။

"အဆင့်နိမ့်ရာထူးတွေအတွက် လေ့ကျင့်ပေးဖို့တပ်သားအချို့ကို ရွေးချယ်လိုက်...အကြီးတန်းအရာရှိတွေကိုရွေးချယ်ဖို့ နည်းလမ်းကိုငါသေချာစဉ်းစားလိုက်ဦးမယ်"

အကယ်၍ သူသာအကြီးတန်းအရာရှိများကို အရပ်သားများထဲမှ လေ့ကျင့်ရွေးချယ်မည်ဟု ထုတ်ဖော်ပြောကြားလာပါက ကပ္ပတိန်ဟွေ့သည်ထိုအဆိုပြုချက်ကိုချက်ချင်းငြင်းဆိုမည်ဖြစ်၍ ရှောင်ယုမပြောခဲ့ပေ။ကပ္ပတိန်ဟွေ့ကိုယ်တိုင်ကလည်း သူရဲကောင်းမိသားစုမှ ဆင်းသက်လာသူဖြစ်ကာ မြင့်မြတ်သူတစ်ယောက်အနေဖြင့် အရပ်သားများအပေါ် နှိမ့်ချဆက်ဆံမှုရှိသည်။အရပ်သားတစ်ဦးသည် စစ်တပ်အတွင်း၌ သူနှင့်အဆင့်အတန်းတူသော အခြေအနေတစ်ခုအား ဆုပ်ကိုင်ထားသည်ကိုလက်ခံရန် သူ့အတွက်အလွန်ခဲယဉ်းပေသည်။

ရှောင်ယုသည်လည်း ထိုပြဿနာကိုနားလည်ပေသည်။မှူးမတ်များသည် သာမန်အရပ်သားများအပေါ် ရန်လိုစိတ်ရှိကြသည်။ထို့ကြောင့် သူတို့သည် သာမန်အရပ်သားများအား အဆင့်မြင့်ရာထူးများပေးအပ်မည်ကို ဆန့်ကျင်ကြသည်။

ကပ္ပတိန်ဟွေ့သည်လည်း အရပ်သားများကို အဆင့်နိမ့်အရာရှိများအဖြစ်ပင် မထားရှိလိုပေ။သ်ို့သော်လည်း ယခုအခါအခြားနည်းလမ်းမရှိတော့ပေ။သူတတ်နိုင်သော အကောင်းဆုံးလုပ်ရပ်မှာ အရပ်သားများကို တပ်သား၁၀၀ သို့မဟုတ် ၁၀၀၀ကိုကြီးကြပ်ရသော အကြီးတန်းတပ်မှူးတစ်ယောက်အဖြစ် ရာထူးမပေးဘဲ တပ်သား၁၀ယောက်ကိုသာကြီးကြပ်ရသော တပ်ကြပ်ရာထူးကိုသာပေးအပ်ရန်ဖြစ်သည်။

ရှောင်ယုသည် ကပ္ပတိန်ဟွေ့အား တပ်သား၁၀၀၀၀ကို တပ်သား၁၀၀၀ပါဝင်သော အုပ်စု၁၀ခုနှင့် တပ်သား၁၀၀ပါဝင်သော အုပ်စု၁၀၀နှင့် တပ်သား၁၀ပါဝင်သော အုပ်စု၁၀၀၀ခွဲခြားရန် အမိန့်ပေးခဲ့သည်။ထိုနည်းလမ်းဖြင့် စစ်မြေပြင်၌ အမိန့်ပေးရသည်မှာ ပိုမိုလွယ်ကူမြန်ဆန်လာမည်ဖြစ်သည်။

အဆုံးသတ်တွင် ကပ္ပတိန်ဟွေ့သည် တပ်သား၁၀ယောက်အဖွဲ့များကိုရွေးချယ်ကာ ၎င်းတို့အနက်မှ ရဲရင့်မှုနှင့်တိုက်ပွဲအတွင်း အကျိုးဆောင်မှုများအပေါ် အခြေခံကာ တပ်ကြပ်များအဖြစ်ခန့်အပ်ခဲ့သည်။

သို့သော်လည်း အကြီးတန်းအရာရှိများ မရှိသေး၍ လူ၁၀၀နှင့်၁၀၀၀အဖွဲ့များကို မဖွဲ့ရသေးပေ။ရှောင်ယုသည် ဆုရှာအား လက်ထောက်တစ်ယောက်အနေဖြင့် ကပ္ပတိန်ဟွေ့အားအကူအညီပေးရန် တောင်းဆိုခဲ့သည်။ထို့နောက် ရှောင်ယုသည် အနီးအနားရှိနယ်မြေများကို စူးစမ်းလေ့လာကာ ၎င်းတို့ထံ၌အရည်အချင်းရှိသော ဗိူလ်ချုပ်များရှိ၊မရှိစုံစမ်းစစ်ဆေးရန် ကပ္ပတိန်ဟွေ့အားအမိန့်ပေးခဲ့သည်။

"နယ်မြေတွေနဲ့ နိုင်ငံတွေအားလုံးမှာ စွမ်းရည်ရှိတဲ့အဓိကဗိုလ်ချုပ်တွေရှိတယ်...သာမန်အားဖြင့်ဆိုရင် သူတို့ဟာနယ်မြေအပေါ်ကို သစ္စာစောင့်သိတဲ့အတွက်ကြောင့် သူတို့ကိုသိမ်းသွင်းဖို့ဆိုတာ လွယ်ကူနေမှာမဟုတ်ဘူး"

ကပ္ပတိန်ဟွေ့က အခက်တွေ့နေသောလေသံဖြင့် ပြောလိုက်သည်။

ရှောင်ယုသည် ဝိုင်ကိုဖြေးညင်းစွာသောက်ရင်း မျက်လုံးကိုမှိတ်ထားလိုက်သည်။

"ငါတို့သာလုံလုံလောက်လောက် စွမ်းဆောင်နိုင်သရွေ့ အရာအားလုံးဖြစ်နိုင်တယ်"

ရှောင်ယုသည် ကပ္ပတိန်ဟွေ့အား အရည်အချင်းရှိသောဗိုလ်ချုပ်များအကြောင်းကို စုံစမ်းစစ်ဆေးခိုင်းခဲ့ပြီး သူကိုယ်တိုင်ပါဝင်လှုပ်ရှားမည်ဟု ပြောခဲ့သည်။

"၂၁ရာစုမှာ စျေးအကြီးဆုံးအရာကဘာလဲ...အဲ့ဒါအရည်အချင်းပဲ..."

ရှောင်ယုသည် သူ့အနား၌အရည်အချင်းရှိသူများကို ခေါ်ယူရန်စီစဉ်ခဲ့သည်။

ခြင်္သေ့မြို့၏အဓိကပြဿနာမှာ စစ်တပ်ထဲတွင်သာမက အုပ်ချုပ်ရေးပိုင်းတွင်လည်း အရည်အချင်းရှိသူအရေအတွက် အလွန်နည်းပါးနေခြင်းဖြစ်သည်။ပုံမှန်အားဖြင့် အိမ်တော်ထိန်းဟောင်သည် ထိုပြသနာကြောင့်နေ့ရောညပါ မနားမနေအလုပ်လုပ်ခဲ့ရသည်။သူ့အားကူညီရန် သင့်တော်သောအရာရှိများ သူ့ဘေးနားတွင်ရှိမနေခဲ့ပေ။ရှောင်ယုသည် မြို့တွင်းစီမံခန့်ခွဲမှုများကို ကူညီပေးရန်အတွက် သူ၏ဒုတိယမြောက်မရီးဖြစ်သူ စုဟန်အားအကူအညီတောင်းခဲ့ရသည်။သူ၏ဒုတိယမြောက်မရီးသည် ထိုအပိုင်းတွင်အရည်အချင်းရှိကြောင်း နားလည်လာပြီးနောက်တွင် ယခင်ကမ္ဘာမှသူသင်ယူခဲ့သော အကြောင်းအရာများကို သူမထံလွဲပြောင်းသင်ကြားပေးခဲ့သည်။စုဟန်သည် ရှောင်မိသားစုတစ်စိတ်တစ်ပိုင်းဖြစ်ရာ အိမ်တော်ထိန်းဟောင်သည် ထိုကိစ္စအားဆန့်ကျင်ခြင်းမပြုခဲ့ပေ။

ရှောင်ယုသည် အကြီးဆုံးမရီးဖြစ်သူ ချီယင်ကို မိသားစုဘဏ္ဍာရေးပိုင်းနှင့်စာရင်းဇယားပိုင်းတွင် ကူညီပေးရန်တောင်းဆိုခဲ့သည်။သူမ၏အကူအညီကြောင့် အိမ်တော်ထိန်းဟောင်၏ ပုခုံးပေါ်မှဖိအားများသည် လျော့နည်းလာခဲ့သည်။ဤကိစ္စတွင် အိမ်တော်ထိန်းဟောင်သည် သူမ၏အစီရင်ခံစာများကို စစ်ဆေးခဲ့ကာ မှားယွင်းသည်တို့အားပြုပြင်ရန် ကူညီပေးခဲ့သည်။

ကမ်မီလာနှင့်စစ်ဝမ်တို့သည်လည်း ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ရှောင်ယုထံရောက်လာလေရာ သူမတို့အားလည်း စစ်ဝမ်အားကူညီပေးရန်ပြောခဲ့သည်။

ရှောင်ယုသည် နယ်မြေ၏အုပ်ချုပ်ရေးလုပ်ငန်းက ကြီးမားသောပြသနာဖြစ်ကြောင်း တွေ့မြင်ခဲ့သည်။သူသည် စစ်ပွဲကာလခေတ်ကလ်ို အရည်အချင်းရှိသူများကို စာရင်းပြုစု၍စုဆောင်းသင့်ပြီလားဟု တွေးမိနေခဲ့သည်။

သို့သော်လည်း သူတို့၏နယ်မြေသည် ဆွဲဆောင်မှုရှိသောနေရာတစ်ခုမဟုတ်ပေရာ လက်ရှိအချိန်တွင် သူတို့နှင့်ပူးပေါင်းရန် မည်သူကမှလာရောက်မည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။သူသည် ဤပြသနာကိုဖြေရှင်းရန်အတွက် အရည်အချင်းရှိသောဗိုလ်ချုပ်တစ်ဦးကိုဦးစွာလိုအပ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ဓားပြများ၏လှုပ်ရှားမှုအကြောင်းကို လေ့လာရန်အတွက်သူလျှိုများကို စေလွှတ်ခဲ့ကာ သူတို့၏ပြင်ဆင်မှုများကို နားလည်သိရှိခဲ့သည်။

ဆယ်ရက်ခန့်အကြာတွင် ဝေမြို့တော်၌ အာဏာမှထုတ်ပယ်ခံရလုနီးနီးဖြစ်နေခဲ့သော ဗိုလ်ချုပ်တစ်ဦးရှိနေကြောင်း ကပ္ပတိန်ဟွေ့က သတင်းပေးလာခဲ့သည်။ထိုဗိုလ်ချုပ်၏သားသည်လည်း ရှောင်ယုကဲ့သို့အသောက်အစား နှင့်လောင်းကစားကိုခင်မင်သူဖြစ်ရာ သူတို့အချင်းချင်းသိထားကြသည်။သို့သော် ဗိုလ်ချုပ်၏သားဖြစ်သူသည် သူရဲကောင်းကောလိပ်သို့ပညာသင်ယူရန် သွားပြီးနောက်တွင် သူတို့အချင်းချင်းဝေးကွာသွားခဲ့သည်။ထို့ကြောင့် ရံဖန်ရံခါဆွေမျိုးများထံ အလည်လာရောက်မှသာ ရှောင်ယုနှင့်တွေ့ဆုံလေ့ရှိခဲ့သည်။

"မူဟွာလီ...ငါတို့သူ့ကိုရမှဖြစ်မယ်..."

ရှောင်ယုသည် စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။

အခန်း ၁၀၄ - ဟွေ့မြို့တော်သို့ရောက်ရှိခြင်း

ရှောင်ယုသည် ယခင်က မူဟွာလီအကြောင်းကို နားနှင့်မဆံ့ကြားဖူးခဲ့သည်။ထိုလူသည် ငယ်စဉ်ကတည်းက စစ်ပွဲများတွင်ပါဝင်ခဲ့ဖူးပြီး ရဲစွမ်းသတ္တိကိုပြသခဲ့သည်။သို့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး နိုင်ငံရေးဆန့်ကျင်သူများ၏ ချောက်တွန်းမှုကြောင့် ဝေမြို့တော်၌သာ အခြေချနေထိုင်ခဲ့ရသည်။

ဟိုယခင်က မူဟွာလီသည် ဝေပြည်နယ်၏အုပ်ထိန်းသူဖြစ်သော ဝေဟွမ်နှင့် အလွန်ရင်းနှီးပြီး ဝေဟွမ်သည် သူ၏ဗိုလ်ချုပ်အားမျက်နှာသာပေးခဲ့ပေသည်။သို့သော်လည်း ဝေဟွမ်ကွယ်လွန်ပြီးနောက် သူ၏သားဖြစ်သူ ဝေဟောင်ကအုပ်ချုပ်မှုကို လွဲပြောင်းရယူခဲ့သည်။ဝေဟောင်သည် ဝေပြည်နယ်အားစတင်အုပ်ချုပ်ပြီးနောက်တွင် မူဟွာလီအားရာထူးမှထုတ်ပယ်ခဲ့သည်။ရှောင်ယုသည် ဤအခြေအနေအားသိရှိပြီးနောက် မူဟွာလီကိုသူ့လူအဖြစ် ရှုမြင်ခဲ့သည်။သူ့ထံတွင်တပ်သားများစွာရှိသော်လည်း အတွေ့အကြုံရှိသောစစ်ဗိုလ်ချုပ်များ ရှားပါးနေခဲ့သည်။

ရှောင်ယုသည် တိုင်ရန်ဒီ၊ဂရင်း၊လီအာနှင့် လူသားစစ်သည်တော်၁၀၀နှင့်အတူ ဝေပြည်နယ်၏မြို့တော်ဖြစ်သော ဟွေ့သ်ို့ရောက်ရှိလာခဲ့သည်။ဟွေ့မြို့တော်သည် ရှောင်ယုအတွက် စိမ်းကားနေသည့်နေရာမဟုတ်ခဲ့ပေ။သူ၏မှတ်ညဏ်များအတွင်း၌ ဟွေ့မြို့တော်၏အခြေအနေကို ကောင်းကောင်းသိရှိထားပေရာ နံနက်စောစောခြင်္သေ့မြို့မှ ထွက်ခွာလာပြီး ညနေပိုင်းတွင်ဟွေ့မြို့တော်သို့ရောက်ရှိလာခဲ့သည်။

ရှောင်မိသားစု၏ အလံစာနဖူးစည်းကို တွေ့မြင်လိုက်သောအခါ မြို့တံခါးရှိဂိတ်စောင့်များသည် ဧည့်သည်ဖြစ်သူ၏ လက္ခဏာကိုချက်ချင်းသိရှိလိုက်ကြသည်။ကင်းလှည့်သူတစ်ဦးသည် ရှောင်ယု၏ရထားနားသို့ အလျင်အမြန်ချည်းကပ်လာကာ နှုတ်ဆက်လိုက်သည်။

"မြို့စားရှောင်ကိုကြိုဆိုပါတယ်....မတွေ့ရတာအတော်ကြာပြီဆိုပေမဲ့ မြို့စားရဲ့ဂုဏ်သတင်းကတော့ နေရာတကာပျံ့နှံ့နေတာပဲ....အဲ့ဒီကြောက်စရာကောင်းတဲ့စစ်တပ်က်ိုကြည့်ရတာ တကယ်ကြက်သီးထစရာပဲ...မြို့စားက ကာရီရဲ့စစ်တပ်ကိုအောင်နိုင်ခဲ့တယ်လို့ ငါတို့ကြားထားတယ်...တချို့ကောလဟာလတွေကြောင့် သတင်းတွေမှန်သလား မှားသလားငါတို့မသိဘူး...ငါတို့မတွေ့တာအတော်ကြာပြီမလို့ မြို့စားကိုစိတ်ပူနေခဲ့တာ"

ရှောင်ယုသည် ထိုကင်းလှည့်သူကိုကြည့်ရင်း ပြုံးပြလိုက်သည်။

"ဟုတ်တယ်...မကြာသေးခင်ကတော့ ကာရီကငါ့ကိုပြသနာရှာဖို့ ရောက်လာခဲ့တယ်ဆိုပေမဲ့ ငါကသူ့ကိုဖျက်ဆီးပစ်ခဲ့တယ်လေ...အဲ့ဒါကြောင့် ခုတလောငါတော်တော်လေးအလုပ်ရှုပ်နေခဲ့တာပဲ"

"မင်းက မြို့စားကြီးရှောင်လေ...ကာရီလိုကောင်မျိုးက မြို့စားကြီးရဲ့ပြိုင်ဘက်မဖြစ်နိုင်ပါဘူး"

စစ်သားဖြစ်သူက ရှောင်ယုအားဆက်ပြီးမြောက်ပင့်လိုက်သည်။

ရှောင်ယုသည် ရွှေပြားများကိုဆွဲထုတ်ကာ စစ်သားကိုဆုချလိုက်သည်။

"ဒါကိုမင်းရဲ့အဖော်တွေနဲ့အတူ မျှယူလိုက်ကြ...."

ရှောင်ယု၏စကားကြောင့် ဂိတ်စောင့်များက ရှောင်ယုအားဦးညွတ်အလေးပြုလိုက်ကြသည်။

ထို့နောက် ရှောင်ယု၏ရထားလုံးသည် ဟွေ့မြို့တော်ထဲဝင်ရောက်သွားခဲ့သည်။စစ်သားများ၏ အကျင့်စာရိတ္တသည်ယိုယွင်းနေသောကြောင့် ဝေ၏အုပ်ချုပ်မှုကလည်း တစ်နေ့တခြားကျဆင်းလာခဲ့သည်။ဝေပြည်နယ်သည် ယခုအချိန်ထိကောင်းစွာရပ်တည်နေရခြင်းမှာ သူတို့၏ခိုင်မာသောအခြေခံအုတ်မြစ်ကြောင့်ဖြစ်သည်။ထို့ပြင် ဟွေ့မြို့တော်ကိုခြင်္သေ့မြို့ထက် များစွာရှေ့ပြေးတည်ထောင်ခဲ့ပြီး မျိုးဆက်ပေါင်းများစွာက အုပ်ချုပ်သူများအဖြစ် ဝေပြည်နယ်ကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။

အမှန်တော့ ရှောင်ယုကိုယ်တိုင်ကလည်း သူ၏ရှိရင်းစွဲနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကာ မြို့စားတစ်ယောက်အနေဖြင့် ဂုဏ်သရေရှိစွာ အုပ်စိုးနိုင်ပေသည်။သို့သော်လည်း သူသည်ဓားပြအားလုံးကိုသုတ်သင်ရှင်းလင်းကာ အနောက်မြေရိုင်းဒေသတစ်ခုလုံးကိုပေါင်းစည်း၍ ခြင်္သေ့မြို့၏သြဇာအာဏာအား ကျယ်ပြန့်စွာတည်ထောင်ရန် စီစဉ်နေခဲ့သည်။

...

...

ရှောင်ယုသည် သူတည်းခိုရန်အတွက် ဇိမ်ခံဟိုတယ်တစ်ခုထံရောက်ရှိလာခဲ့သည်။ဟိုတယ်မန်နေဂျာဖြစ်သူသည် ရှောင်ယုနှင့်ရင်းနှီးသည့်အတွက်ကြောင့် သူ့အားလာရောက်နှုတ်ဆက်ခဲ့သည်။ထို့ပြင် ရှောင်ယုသည် ယခုလိုအစောင့်အကြပ်များစွာဖြင့် တစ်ခါမှရောက်မလာဖူး၍ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။

ရှောင်ယုနှင့်ကာရီတို့အကြားတိုက်ပွဲတွင် သတင်းအတိုအစများ တိတ်တဆိတ်ထွက်ပေါ်နေခဲ့သည်။ထိုတိုက်ပွဲများတွင် အောစ့်များပါဝင်တိုက်ခိုက်ခဲ့ကြောင်း နားစွန်နားဖျားကြားခဲ့ရသော်လည်း တိုက်ပွဲအသေးစိတ်ကိုမူ မည်သူကမှရှင်းရှင်းလင်းလင်းမသိခဲ့ရပေ။

ကာရီ၏ဖခင်သည် ထိုရှံးနိမ့်မှုသတင်းကို ဖုံးကွယ်ရန်များစွာအားထုတ်ကြိုးပမ်းခဲ့သည်။သို့ဖြစ်ရာ ခြင်္သေ့နယ်မြေနှင့်ဆိုလိုမွန်းတို့နယ်မြေအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ပြင်ပလူများရိပ်မိသော်လည်း အတိအကျမသိခဲ့ပေ။သက်ဆိုင်သူအနည်းငယ်ကသာလျှင် အမှန်တရားကိုသိရှိခဲ့သည်။

ဟိုတယ်၏စားပွဲထိုးများက သူ့အပေါ်၌အလွန်ယဉ်ကျေးစွာဆက်ဆံလာကြောင်း ရှောင်ယုသတိထားမိ၍ သူတို့အားရွှေပြားအနည်းငယ်ဆုချခဲ့သည်။ထို့နောက်သူသည် အခန်းထဲသို့မဝင်ဘဲ ဂရင်းနှင့်လီအာတို့ကိုခေါ်ကာ ကာစီနိုတစ်ခုထံသွားရောက်ခဲ့သည်။တိုင်ရန်ဒီ၏မျက်နှာကို မျက်နှာကာဖြင့်ဖုံးအုပ်ထားနိုင်သော်လည်း သူမ၏အလှသည် အလွန်ပင်မျက်စိဖမ်းစားလွန်းရာ မလိုလားသောပြသနာများမဖြစ်လာစေရန်အတွက် သူမကိုချန်ထားခဲ့သည်။သက်တော်စောင့်အဖြစ် ဂရင်းကိုရထားလျှင်ပင် လုံလောက်ပေသည်။ဂရင်းသည် T1ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည့်အတွက်ကြောင့် သူသည်ဒုတိယအဆင့် သူရဲကောင်း၂ဦး၃ဦးကို တပြိုင်နက်တည်းတိုက်ခိုက်နိုင်သည်။

ရှောင်ယုသည် တံခါးမှတဆင့် ကာစီနိုထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။ထိုအခါ တံခါးနားမှအလှမယ်များသည် ချက်ချင်းပင်သူ့နားရောက်ရှိလာကာ ဧည့်ဝတ်ပြုခဲ့ကြသည်။

"အိုး...မြို့စားရှောင်မရောက်လာတာ အတော်ကြာပြီဘဲ"

“ဟုတ်တယ်...မင်းကငါတို့ကိုမေ့သွားပြီလို့ ထင်နေခဲ့တာ"

"မင်းက အောစ့်နဲ့နတ်သူငယ်ကျွန်တွေကိုရောင်းပြီး ချမ်းသာနေတယ်လို့ ငါသတင်းကြားတယ်နော် ဒီတစ်ခါတော့ကပ်စီးမနှဲနဲ့တော့"

...

...

ရှောင်ယုအား ပတ်လည်ဝိုင်းရံနေသော မိန်းမပျက်များကိုကြည့်ပြီး လီအာသည်သူမတို့တစ်ယောက်ချင်းစီတိုင်းကို ပါးရိုက်ချင်နေမိသည်။ရှောင်ယု၏ညာဘက်တွင် အလှတရားတစ်ခုကို တွေ့မြင်နေရပြီး ဘယ်ဘက်တွင်မူသန်မာသောသက်တော်စောင့်တစ်ယောက် ရှိနေခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စအတွက်မည်သူကမှ အထူးတလည်မခံစားခဲ့ရပေ။ရှောင်ယုကိုယ်တိုင်ကလည်း သူများစွာပြောင်းလဲသွားသည်ဟု အခြားသူများမခံစားမိစေအောင် ပိုင်နိုင်စွာသရုပ်ဆောင်နေခဲ့သည်။ရှောင်ယုသည် ဧည့်ကြိုအလှမယ်များကို ရွှေပြားများပေးကာဆုချခဲ့ပြီး ဂရင်းနှင့်လီအာတို့နှင့်အတူ အထဲသို့ဝင်လာခဲ့သည်။ကာစီနိုအတွင်းရှိလူများကလည်း ရှောင်ယုအား ယခင်အကြိမ်များကဲ့သို့ အပြုံးများဖြင့်နှုတ်ဆက်ကြိုဆိုခဲ့ကြသည်။

"မြို့စားရှောင်က မကြာသေးခင်လေးကပဲ ကံကောင်းမှုတွေရထားတာ ငါတို့သိတယ်နော်....မင်းဖမ်းမိထားတဲ့အောစ့်တွေနဲ့နတ်သူငယ်တွေထဲက ငါတို့က်ိုတချို့တဝက်ရောင်းပေးနိုင်မလား"

ကာစီနိုမန်နေဂျာက စကားစလာခဲ့သည်။

ခြင်္သေ့မြို့၏အခြေအနေနှင့်ပတ်သက်သော သတင်းများသည် အကြိမ်အနည်းငယ်ပျံ့နှံ့သွားပြီးနောက်တွင် သတင်းစကားများသည် အချိန်နှင့်အမျှပြောင်းလဲနေခဲ့သည်။ရှောင်ယုသည် သူ၏နယ်မြေအတွင်း၌ အောစ့်နှင့်နတ်သူငယ်များရှိနေကြောင်း လူတိုင်းကိုဝန်ခံထားသော်လည်း အတိအကျကိုမူ မည်သူကမှမသိထားကြပေ။ရှောင်ယုသည် ထိုအောစ့်များနှင့် နတ်သူငယ်ကျွန်များကို အန်ကာဂန်တောင်တန်းများမှ ယူဆောင်လာသည်ဟု အများစုကယူဆခဲ့ကြသည်။ထို့ကြောင့် စွန့်စားသူအများအပြားသည် အောစ့်များနှင့်နတ်သူငယ်များကိုဖမ်းဆီးရန်အတွက် ခြင်္သေ့နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့ကြသော်လည်း အခြေစိုက်စခန်း၃ခုအနီးသို့ ချည်းကပ်မိသူတိုင်းသည် မည်သည့်အခါမှပြန်လာနိုင်ခြင်းမရှိကြတော့ပေ။

ရှောင်ယုသည် ပေါ့ပေါ့ပါးပါးရယ်မောကာ ငြင်းဆိုလိုက်သည်။

"အဲလိုတော့ငါမလုပ်နိုင်ဘူးလေ...ငါကအစောင့်အကြပ်တွေအဖြစ် အောစ့်အနည်းငယ်ကို ပြုစုပျိုးထောင်ပေးနေတာလေ"

မန်နေဂျာဖြစ်သူသည် ပြုံးလိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"မြို့စားရှောင်မရှိရင် ငါတို့ရဲ့ကာစီနိုကအသက်မရှိသလိုဖြစ်နေတာပဲ...မင်းရဲ့အလည်အပတ်ကို ငါတို့ကအမြဲစောင့်မျှော်နေတာပါ"

"ဒီညတော့ မင်းရဲ့လုပ်ငန်းကိုငါကူညီပေးမယ်...ငါ့သူငယ်ချင်းတွေကော ဒီမှာရှိလား"

ရှောင်ယုကမေးမြန်းလိုက်သည်။

"သခင်လေးကျီရှောင်းက ဟိုဘက်မှာလောင်းကစားလုပ်နေတယ်"

မန်နေဂျာဖြစ်သူက ဒုတိယထပ်ကိုညွန်ပြလိုက်သည်။

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီး ဂရင်းနှင့်လီအာတို့ကိုခေါ်ကာ ဒုတိယအထပ်သို့ တက်သွားခဲ့သည်။

အမျိုးသမီးတစ်ယောက်၏ ရင်သားများကိုပွတ်သပ်နေသော အမျိုးသားတစ်ဦးသည် ရှောင်ယုဒုတိယထပ်သို့ရောက်လာသည်ကို မြင်သောအခါဝမ်းမြောက်စွာနှုတ်ဆက်လိုက်သည်။

"ဟားဟား...ရှောင်ယု ခုတလောမင်းဘယ်တွေရောက်နေတာလဲ...ငါကမင်းကာရီနဲ့တိုက်ခိုက် နေတယ်လို့ သတင်းရထားတယ်...ငါတို့အားလုံးကသူငယ်ချင်းတွေပဲ...မင်းကအဲ့ဒါကိုဘယ်လိုကျော်ဖြတ်ခဲ့တာလဲ ငါ့ကိုပြော..."

ရှောင်ယုသည် သူ၏အတိတ်အမှတ်တရများအနက်မှ ကျီရှောင်းကိုပြန်သတိရလိုက်သည်။ထိုကောင်သည်လည်း သူ့လိုမျိုးပျက်စီးနေသည့် သခင်လေးတစ်ယောက်ဖြစ်သည်။

ယခင်က ရှောင်ယု၊ကာရီနှင့်ကျီရှောင်းတို့သည် လောင်းကစားလုပ်ခြင်း၊သောက်စားမူးယစ်ခြင်းတို့၌ ထပ်တူကျသောတစ်ဖွဲ့တည်းဖြစ်ခဲ့သည်။သို့သော်လည်း ထိုအဖွဲ့ထဲ၌ ကာရီသည်သာလျှင် စွမ်းရည်ရှိသောလူတစ်ယောက်ဖြစ်ကြောင်း ရှောင်ယုယုံကြည်ထားခဲ့သည်။

ကာရီသည် ရှောင်ယုအားလှည့်စားရန်အတွက် အဖွဲ့ထဲသိုရည်ရွယ်ချက်ရှိရှိဝင်ရောက်လာခြင်းဖြစ်သည်။

ကာရီနှင့်နှိုင်းယှည်ကြည့်ပါက ကျီရှောင်းသည် အမှန်တကယ်အရည်အချင်းမရှိသော လူမိုက်တစ်ယောက်ဖြစ်ကာ လောင်းကစားလုပ်ခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌အချိန်ကုန်နေသူ ဖြစ်သည်။

ရှောင်ယုသည် ကျီရှောင်းကိုပွေ့ဖက်လိုက်ကာ ဖြေးဖြေးချင်းရှင်းပြလိုက်သည်။

"ငါဟာ ကာရီရဲ့လှည့်စားမှုအောက်မှာ ငါ့ရဲ့မရီးတွေကိုအလောင်းအစားမှာရှံးနိမ့်ခဲ့တယ်....ကာရီကသူမတို့ကိုဖမ်းယူဖို့အတွက် တပ်ဖွဲ့ကြီးတစ်ခုကိုခေါ်လာခဲ့ပေမဲ့ ငါကသူမတို့ကိုထည့်ပေးဖို့ငြင်းဆန်ခဲ့တယ်...ဒီလောက်လှတဲ့မရီးတွေကို ငါကဘာလို့အခြားသူလက်ထဲထည့်ပေးရမှာလဲ...ဒါကြောင့်ငါတို့တိုက်ပွဲဖြစ်ခဲ့တယ်...လူတိုင်းကကာရီကို ငါရှုံးနိမ့်လိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ ငါ့အဖေဟာ ငယ်ငယ်ကတည်းက အောစ့်နဲ့နတ်သူငယ်မျိုးနွယ်ဝင်တွေကို စာချုပ်ချုပ်ထားပြီး ငါခက်ခဲတဲ့အချိန်မှာကူညီပေးဖို့ ကတိခံခိုင်းထားမယ်လို့ ဘယ်သူကထင်ထားမှာလဲ"

ရှောင်ယုသည် အချို့သောနယ်မြေများ၌သာ သူသည်ဤခေတ်ကြီး၏ အကြီးကျယ်ဆုံးသောအုပ်ချုပ်သူဟူသော စကားစုက်ိုအသုံးမပြုခဲ့ပေ။သူသည် ထိုစကားစုကို နေရာတိုင်းတွင် ပြောင်ပြောင်တင်းတင်းမပြောတတ်ပေ။သာမန်လူများသည်သာ သူပြောဆိုသည့်ဒဏ္ဍာရီများကို ဖြန့်ကျက်ရန်အကောင်းဆုံးဖြစ်သည်။ထိုလူများ၏နှုတ်ထွက်စကားများသည် သူကိုယ်တိုင်ပြောကြားသည့် တရားဝင်မိန့်ခွန်းများထက် များစွာပိုမ်ိုအစွမ်းထက်ပေသည်။

"မင်းအနားမှာ အောစ့်တွေနဲ့နတ်သူငယ်တွေရှိနေတာရှိတာက ကောလဟာလတွေ့လို့ငါထင်ထားခဲ့တာလေ...မင်းပြောတာအမှန်ပဲဆိုရင် မင်းရဲ့သူငယ်ချင်းဆီကို နတ်သူငယ်နည်းနည်းလောက်ချေးငှါးလို့ရမလား...ငါတို့ကသူငယ်ချင်းတွေလေ"

ကျီရှောင်း၏ဦးခေါင်းသည် ရှောင်ယုနားသို့အတင်းတိုးကပ်လာခဲ့သည်။

ရှောင်ယုက ပြုံးလိုက်ကာ ငြင်းဆန်လိုက်သည်။

"ငါကဒီကိုအခြားကိစ္စတစ်ခုလုပ်ဖို့အတွက် ရောက်လာခဲ့တာပဲ...ငါဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်ကို ပြောပြမယ်...မင်းအလောင်းအစားဆက်လုပ်နေလိုက်..."

ရှောင်ယုသည် သူ၏လေသံက်ို အတတ်နိုင်ဆုံးတိုးလျလိုက်သည်။

"အိုး...မင်းဘာပြောချင်တာလဲ..."

ကျီရှောင်းသည် ရှောင်ယု၏မျက်နှာပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သောအကြည့်က်ို မြင်သောအခါ ပဟေဋိဖြစ်နေသော လေသံဖြင့်မေးမြန်းလိုက်သည်။

ရှောင်ယုသည် ကျီရှောင်းကိုဘေးသို့တွန်းထုတ်လိုက်ပြီး သူ့နားကိုကပ်၍တိုးတိုးလေးပြောလိုက်သည်။

"မူဟွာမိသားစုကကောင်အကြောင်း မှတ်မိသေးလား...ငါနောက်ဆုံးအကြိမ်အရိုက်ခံခဲ့ရတာလေ"

ကျီရှောင်းသည် ရှောင်ယု၏စကားကြောင့် မျက်ခုံးပင့်လိုက်မိသည်။

"မင်းက မူဟွာလီရဲ့သားဖြစ်တဲ့ မူဟွာလင်းအကြောင်းကို ပြောနေတာမလား.."

ရှောင်ယုသည် အံကိုတင်းတင်းကြိတ်ကာပြောလိုက်သည်။

"ဟုတ်တယ် အဲ့ကောင်ပဲ...နောက်ဆုံးအကြိမ်တုံးကတော့ငါသူ့ကို ဘယ်လိုမှယှည်လို့မရခဲ့ဘူး...ခုငါ့မှာအောစ့်ကိုယ်ရံတော်တွေပါလာတော့ ငါသေချာပေါက်လက်စားချေရမယ်"

ကျီရှောင်းက ခေါင်းညိတ်ပြလိုက်သည်။

"ပြီးခဲ့တဲ့အကြိမ်တုံးက ငါလည်းအိပ်ရာထဲတစ်လခွဲလောက် လှဲနေခဲ့ရတယ်...ဒါပေမဲ့အဲ့ကောင်က မူဟွာမိသားစုရဲ့သားမလို့ ငါတို့ဘာမှလုပ်လို့မရတော့ဘူး"

ရှောင်ယုသည် ပြုံး၍တိတ်တိတ်လေးပြောလိုက်သည်။

"ငါဒီလိုအစီအစဉ်တစ်ခုရထားတယ်...အဲ့ကောင်သူရဲကောင်းကောလိပ်က ပြန်လာတဲ့အခါကျရင် သူ့အဖေကိုအာဏာထဲမှ နှုတ်ထွက်ခိုင်းပြီး ဒီပြဿနာကိုဖြေရှင်းကြတာပေါ့...ငါတို့သာမူဟွာလီကိုဖြေရှင်းနိုင်ပြီဆိုရင် အဲ့ကောင်ဆီမှာဘာကျောထောက်နောက်ခံမှမရှိတော့ဘူး...အဲ့ဒီအခါကျရင်တော့ မူဟွာလင်းကိုသတ်ဖြတ်ဖို့ လုပ်ကြံသူတွေကို အကျိုးအမြတ်နည်းနည်းလောက်ပေးပြီး ဖယ်ရှားခိုင်းလိုက်မယ်"

ထိုအခိုက်အတန့်တွင် ကျီရှောင်း၏မျက်လုံးများသည် တလက်လက်တောက်ပလာခဲ့သည်။

"သူတို့ကိုလက်စားချေဖို့ ငါအိပ်မက်အရှည်ကြီးမက်နေခဲ့တာကြာပြီ...မကြာသေးခင်ကတော့ သူမကမှော်ဆရာကောလိပ်က ပြန်လာခဲ့တယ်...ခုတော့သူမကတော်တော်လေးအလှကြွယ်လာပြီ...ဒီသခင်လေးကသူမကိုအိမ်ခေါ်ပြီးတော့ တိရစ္ဆာန်တစ်ကောင်လို ကစားရမယ်"

ရှောင်ယုသည် ရယ်မောကာ သဘောတူလိုက်သည်။

"ကောင်းပြီလေ...ခုဆိုရင်ငါတို့ကြားမှာ သဘောတူညီမှုရထားပြီ"

အခန်း ၁၀၅ - လောင်းကစားခြင်း

နှစ်ယောက်လုံးသည် ထိုကိစ္စအားဆွေးနွေးပြီးနောက်တွင် လောင်းကစားလုပ်ခဲ့ကြသည်။အမှန်တော့ ရှောင်ယုသည် မည်သည့်အခါကမှ လောင်းကစားလုပ်ခဲ့ခြင်းမရှိခဲ့သလို လောင်းကစားကိုလည်း မသိနားမလည်ခဲ့ပေ။ယခင်ဘဝက ရှောင်ယု၏မှတ်ညဏ်များထဲတွင် လောင်းကစားနည်းအနည်းငယ်သာ ပါရှိပေသည်။

အစောပိုင်းတွင် သူသည်လောင်းပွဲအနည်းငယ်ကို အနိုင်ရရှိခဲ့ပြီး များပြားလှသောလောင်းကြေးငွေများကို အနိုင်ရရှိခဲ့သည်။သူ၏နံဘေးတွင်ရှိသော စားပွဲထိုးသည် အကောင်းဆုံးသောဝိုင်ပုလင်းများကို သောက်သုံးရန်ယူဆောင်လာခဲ့သည်။သို့သော် သူသည်ရှံးနိမ့်ရန်အချိန်သိပ်မယူလိုက်ရပေ။

ရှောင်ယုသည် ဤကာစီနိုသို့ရောက်လာခြင်းမှာ အကြံအစည်ရှိနေ၍ဖြစ်သည်။သူ၏အဓိကရည်ရွယ်ချက်မှာ လောင်းကစားလုပ်ရန်မဟုတ်ပေ။ထို့ကြောင့် လောင်းကစားသမားများသည် လောင်းကစားရုံမှပြုလုပ်ထားသော ထောင်ချောက်ထံသို့ကျဆင်းသွားပုံကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။သူတို့သည် ဝိုင်များကို အကြိမ်အနည်းငယ်သောက်သုံးပြီးနောက်တွင် စားပွဲထိုးမလေးများက သူတို့ကိုစိတ်ရှုပ်ထွေးလာအောင် ဘေးနားမှနေ၍မြောက်ပင့်ပေးကြသည်။

ဤသ်ို့ဖြင့် သူတို့သည်ရှံးနိမ့်စပြုလာသောအချိန်တွင် သူတို့သည်ထပ်မံရှံးနိမ့်သည်ကို မမြင်ချင်ကြတော့ပေ။ဤအရာသည် သူအတိတ်ဘဝမှကစားခဲ့ဖူးသော DOTAဂိမ်းနှင့်ဆင်တူပေသည်။သူ့နှလုံးသားသည် ဂိမ်းရှံးသောအခါ ပိုမိုလောင်ကျွမ်းလာပြီး ရှံးလေလေ ပိုမိုကစားချင်လာလေလေဖြစ်သည်။သို့သော်လည်း ဤလောင်းကစားဂိမ်းသည် DOTAထက်ပင် ကစားသူအားပိုမိုဆွဲဆောင်နိုင်စွမ်းရှိပေသည်။

"ငါထပ်ရှံးပြန်ပြီ..."

ရှောင်ယုသည် သူဆုံးရှံးသွားခဲ့သော ရွှေပြား၁၀၀၀၀ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။မိမိပိုင်ဆိုင်သောပိုက်ဆံသည် အခြားသူများ၏အိပ်ကပ်ထဲရောက်သွားသည်ကို မြင်တွေ့ခဲ့လျှင် မည်သူကမှစိတ်သက်သာမှာမဟုတ်ပေ။လူတိုင်းသည် ရှံးနိမ့်သွားသည့်ပိုက်ဆံကိုပြန်ရရန် အစွမ်းကုန်ထပ်မံကြိုးစားရင်း လောင်းကြေးများထပ်မံဆုံးရှံးလာမှာဖြစ်သည်။ထိုအရာသည် လောင်းကစားဟုခေါ်သည့် မဆုံးနိုင်သောစက်ဝိုင်းဖြစ်သည်။

"မြို့စားရှောင်...ဒီငွေက မင်းအတွက်တော့ဘာမှမဟုတ်ပါဘူး...အရေးကြီးတာကမင်းရဲ့မျက်နှာပဲ...မင်းရှံးခဲ့သမျှကို ပြန်ပြီးတော့အနိုင်ယူရမယ်"

သူ့ဘေးနားရှိစားပွဲထိုးအမျိုးသမီးဖြစ်သူက ရှောင်ယု၏ပုခုံးကိုမှီလိုက်ကာ တိုးတိုးလေးတိုက်တွန်းလိုက်သည်။

"ဒါက ငွေတွေလိမ်ယူနေတာပဲ.."

ရှောင်ယုသည် သူ၏နှလုံးသားကို ငြိမ်သက်အောင်ထိန်းသိမ်းပြီး အော်ဟစ်လိုက်သည်။ထိုအချိန်တွင် သူ့ဘေးနားတွင်ရှိသောလီအာသည် ရှောင်ယု၏လောင်းကစားစွမ်းရည်အား အမြဲလိုလိုကဲ့ရဲ့နေပုံရသည်။

ရှောင်ယုသည် သူမကို လှည့်ကြည့်လိုက်သည်၊လီအာသည် ခိုးယူရာတွင် ကျွမ်းကျင်သောလုပ်ကြံသူဖြစ်သောကြောင့် လောင်းကစားရာတွင် ကျွမ်းကျင်မှုအချို့ရှိနေမှာဖြစ်သည်။

"လီအာ ငါ့အတွက်ကစားပေး..."

ရှောင်ယုသည် ကစားနေရာမှ မတ်တပ်ရပ်လိုက်ပြီး လီအာကိုသူ့ကိုယ်စား ကစားခွင့်ပေးလိုက်သည်။

ရှောင်ယု၏စကားကိုကြားသောအခါ လီအာ၏ပါးစပ်သည် မောက်မာသောပုံစံဖြင့် ကွေးတွန့်သွားခဲ့သည်။ရှောင်ယုသည် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပုံရသည်။

"ရှောင်ယု...မင်းကအဲ့လောက်ထိလှတဲ့ မိန်းကလေးကို ဘယ်ကရှာလာတာလဲ...သူမကသောက်ရမ်းကြွေချင်စရာပဲ"

ကျီရှောင်းသည် လီအာကိုကြည့်ရင်းမေးမြန်းလိုက်သည်။

ရှောင်ယုသည် လီအာအား ယနေ့ညတွင် သနားစရာကောင်းသော သင်ခန်းစာတစ်ခု ပေးအပ်မည်ဟု ကျီရှောင်းခန့်မှန်းမိလိုက်သည်။

ရှောင်ယုက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"သူမက ငါစျေးကြီးကြီးပေးပြီးတော့ ငှါးရမ်းထားတဲ့အစောင့်တစ်ယောက်ပဲ...လူယုတ်မာကာရီက ပြီးခဲ့တဲ့အကြိမ်ကငါ့ကိုသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာလေ...ငါတကယ်ကိုပေါ့ပေါ့တန်တန်နေလို့မရဘူးဆိုတာ မင်းသိပါတယ်"

"မင်းက ဒီလောက်လှတဲ့မိန်းကလေးတစ်ယောက်ကို အစောင့်အကြပ်အဖြစ်ငှါးရမ်းထားတယ်ဆိုမှတော့...ဟဲဟဲ မင်းနဲ့ငါကတကယ်ကို ညီအစ်ကိုတွေဖြစ်ပုံရတယ်...ဟားဟား"

ကျီရှင်းသည် လီအာ၏ရင်သားများကို စူးစိုက်ကြည့်ရင်း သူ၏မျက်လုံးများကိုမှေးကျင်းမိသည်ထိ ပြုံးလိုက်သည်။

လီအာသည် ကျီရှောင်း၏စကားကြောင့် ဒေါသထွက်ပုံမရဘဲ ချစ်စရာကောင်းသော ပုံစံဖြင့်ပြုံးပြလိုက်သည်။

"သခင်လေးကျီက မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့ မင်းနည်းနည်းလေးပဲ လောင်းကြေးထပ်လို့ရမှာမဟုတ်ဘူး...လောင်းကြေးက်ို အနည်းဆုံးရွှေပြား၅၀၀၀၀ တိုးလိုက်ရအောင်လေ...ဘယ်လိုလဲ"

ကျီရှောင်းသည် လီအာ၏စကားကိုကြားလိုက်ရချိန်တွင် နှလုံးခုန်နှုန်းမြန်ဆန်သွားခဲ့သည်။ရွှေပြား၅၀၀၀၀ဟူသော ပမာဏသည် သူ့လိုလူအတွက်ပင် နိမ့်ပါးခြင်းမရှိပေ။

ထိုအရာသည် ကြေးမြင့်သောလောင်းကစားတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကျီရှောင်းသည် လီအာ၏ချစ်စရာကောင်းသော အပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

"ကောင်းပြီလေ...ဒီသခင်လေးက ကျိန်းသေပေါက်ကြေးမြင့်ပေးရတာပေါ့..."

ရှောင်ယုသည် လီအာနှင့်အချိန်အတော်ကြာအောင် သိကျွမ်းလာခဲ့ပြီဖြစ်ရာ ထိုမိန်းမသည်တစ်စုံတစ်ယောက်ကို မုန်းတီးလာပါက ထိုလူအားသေမင်းအနားသို့ရောက်အောင် တတ်နိုင်သမျှမြန်မြန်ပြုလုပ်တတ်ကြောင်း နားလည်ထားပေသည်။ရှောင်ယုသည် သူမ၏အကျင့်စရိုက်နှင်ပတ်သက်၍ အတော်လေးရှင်းရှင်းလင်းလင်း နားလည်မှုရှိထားခဲ့သည်။

ရှောင်ယုသည် ပြုံးလိုက်ကာ ဘေးထွက်ရပ်လိုက်သည်။ကျီရှောင်းသည် ယခင်ကလည်း ရှောင်ယုထံမှ ငွေအမြောက်အများရရှိထားသောကြောင့် ကျီရှောင်းသည်စာနာစိတ်များစွာရှိမနေပေ။

လီအာပြသသော လောင်းကစားအစွမ်းသည် အလွန်ပင်အရည်အချင်းမြင့်မားလှပြီး သူမသည်အကြိမ်အနည်းငယ် အနိုင်ရရှိပြီးနောက်တွင် လူတိုင်းထံမှရွှေပြား ထောင်ပေါင်းများစွာကို ရရှိခဲ့သည်။ရှောင်ယုသည် ထိုရလဒ်များကို တွေ့မြင်ရ၍ အလွန်ပင်ပျော်ရွှင်နေခဲ့သည်။

"ဒီကစားနည်းကို ကောင်းကောင်းသိရင် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုလို လုပ်လို့ရတယ်...လူတိုင်းကလောင်းကစားကိုစွဲနေတာ အံ့သြစရာတော့မဟုတ်တော့ဘူး"

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း သူ့ကိုယ်သူမည်သည့်အခါမှ လောင်းကစားဖြင့် အသက်မွေးဝမ်းကျောင်းမလုပ်ကြောင်း ကတိပေးလိုက်သည်။

ကျီရှောင်းသည် ရှောင်ယုအား ခါးသီးသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အစ်ကိုရှောင် မင်းကဒီလောက်အစွမ်းထက်တဲ့ လောင်းကစားသမားကို ဘယ်ကရှာတွေ့ခဲ့တာလဲ ဒီတစ်ခါတော့ မင်းထောပြီထင်တယ်"

ရှောင်ယုသည် ရှက်ရွံ့ဟန်ဖြင့် သူ၏ဆံပင်များကို ကုတ်လိုက်သည်။

"အရင်က ဒီကာစီနိုလာတိုင်း ငါရှံးမြဲရှံးနေတာပဲ...ဒီတစ်ကြိမ်က ကာစီနိုမှာ ငါပထမဆုံးအကြိမ် အနိုင်ရခဲ့တာပဲ...မနက်ဖြန်ကျရင် ငါမင်းကိုတစ်ဝိုင်းဒကာခံပါမယ်"

ရှောင်ယုသည် ရွှေပြားအားလုံးကို အိတ်တစ်လုံးထဲစုထည့်လိုက်ကာ ဂရင်းအား သယ်ဆောင်လာရန် လက်ဟန်ပြလိုက်သည်။

လူပေါင်းများစွာသည် ရှောင်ယုထံတွင် ပိုက်ဆံဆုံးရှံးသွားသည့်အတွက်ကြောင့် စိတ်မသက်မသာခံစားနေရပြီး လီအာကသူတို့အား လှည့်စားနေသည်ဟု ခံစားခဲ့ရသည်။ထိုထဲတွင် တြိဂံမျက်လုံးနှင့် ယောကျ်ားတစ်ယောက်က မတ်တပ်ရပ်ကာ သူတို့အားတားဆီးလိုက်သည်။

"မင်းတို့ငါ့ဆီက ရွှေပြားထောင်ချီပြီးလိမ်ခဲ့တာပဲ...မင်းတို့ငါ့ကိုဖြေရှင်းချက်ပေးရမယ်"

ရှောင်ယုက ချက်ချင်းပြန်လည်ချေပလ်ိုက်သည်။

"ငါရှုံးသွားတုံးကလည်း အဲလိုပဲလေ...ငါအနိုင်ရတဲ့အခါကျမှ ဘာလို့ဒီအသံတွေထွက်လာရတာလဲ"

"သူမရဲ့အနိုင်ရပုံက ထူးဆန်းနေတယ်...ငါတို့ကတော့ ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ရခဲ့တာပဲ...ငါတို့ကို သူ့ခန္ဓာကိုယ်ကို ပေးရှာလိုက်..."

ထိုလူသည် သူ၏မေးစေ့ကိုပွတ်သပ်လိုက်ပြီး လီအာ၏ခန္ဓာကိုယ်အား စိုက်ကြည့်လိုက်သည်။

"မင်းရဲ့အမေကိုပဲလိုက်ရှာလိုက်...မင်းမှာအရည်အချင်းရှိမရှိ ငါစောင့်ကြည့်ချင်သေးတယ်"

ရှောင်ယုသည် ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ကာ ထိုလူအားဒေါသတကြီးစိုက်ကြည့်လိုက်သည်။သူ့ကိုကြည့်ရသည်မှာ မှူးမတ်တစ်ဦးနှင့်လုံးဝမတူခဲ့ပေ။

"မင်းက ခြင်္သေ့ပြည်နယ်ရဲ့အရှင်သခင်ဆိုတိုင်း မင်းက်ိုဘယ်သူကမှ လာမထိနိင်ဘူးလို့ မင်းထင်နေတာလား...မင်းသာသူမကိုရှာခွင့်မပေးရင် ဒီနေ့ကာစီနိုကနေ ထွက်သွားဖို့မစဉ်းစားနဲ့"

ထိုလူက ရှောင်ယုအားစိုက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။

"မင်းငါ့ကိုခြိမ်းခြောက်နေတာလား...မင်းမှာအရည်အချင်းရှိတယ်ဆိုတာ ငါ့ကိုလာပြစမ်းပါ...ငါ့ရဲ့နာမည်ပြောင်က ချန်ဟိုနမ်ဆိုတာ မင်းမသိဘူးလား..."

ရှောင်ယုသည် သူယခင်ဘဝကကြည့်ဖူးသည့် "young and Dangerous"ရုပ်ရှင်ကားထဲမှ အဓိကဇာတ်ဆောင်ဖြစ်သော ချန်ဟိုနမ်ကို သတိရသွားခဲ့ကာ ခါး၌ချိတ်ထားသောဓားမြောင်ကို ဆွဲထုတ်ကာ စားပွဲပေါ်သို့ထိုးချလိုက်သည်။

ထိုအချိန်တွင် ထွားကြိုင်းသန်မာသော အမျိုးသားအနည်းငယ်သည် တြိဂံမျက်လုံးနှင့်အမျိုးသားနောက်မှ ထွက်လာခဲ့သည်။

ရှောင်ယုကလည်း ဂရင်းအားမျက်လုံးမှိတ်ပြလိုက်သည်။

ဂရင်းသည် ရွှေအိတ်များကို စားပွဲပေါ်သို့ဆွဲတင်လိုက်ကာ ထိုလူများဆီလျှောက်သွားလိုက်သည်။သူတို့သည် ဂရင်း၏ရှေ့မှောက်တွင် ကလေးများသဖွယ်ဖြစ်နေခဲ့ကာ ဂရင်းသည်သူတ်ို့အားလုံးထက် ဦးခေါင်းတစ်လုံးထပ်မြင့်နေခဲ့ပြီး ဂရင်း၏လက်များသည် သူတို့၏ပေါင်များထက်ပင် ပိုတုတ်နေခဲ့သည်။ဂရင်းသည် ဓားကိုပင်ဆွဲမထုတ်တော့ဘဲ ထိုလူများကို လက်မောင်းမှဆွဲယူကာ ပြတင်းပေါက်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် ပစ်ချလိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူများအားလုံးသည် ဘာမှလုပ်ဆောင်ရန် အခွင့်အရေးမရခဲ့ဘဲ ကြက်များကဲ့သို့ တစ်ကောင်ပြီးတစ်ကောင်ပစ်ချခံလိုက်ရသည်။ထို့နောက် ဂရင်းသည် တြိဂံမျက်လုံးရှိသော လူတစ်ယောက်ကိုခေါင်းမှနေ၍ ဆွဲကိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ပစ်ထုတ်လိုက်သည်။

"ငါ့ကိုစိတ်ဆိုးအောင်လုပ်ချင်တာလား...ဒီသခင်လေးက causeway bay(ဟောင်ကောင်ကနေရာတစ်ခုပါ)ကိုထိန်းချုပ်ထားတယ်ဆိုတာ မင်းမသိဘူးလား..."

ရှောင်ယုသည် သူ၏ဓားမြှောင်ကိုကောက်ကိုင်လိုက်ပြီး young and dangerous ဟူသောရုပ်ရှင်ထဲမှ သူမြင်ဖူးသည့်သရုပ်ဆောင်ဟန်အတိုင်း အောက်သို့ဆင်းသွားခဲ့သည်။

Thank For Reading.

All Chapters