အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း ၁၂၁ - စစ်ပွဲနီးကပ်လာခြင်း
လင်းယုန်စခန်းမှဓားပြများသည် နောက်တစ်နေ့ညနေ့ခင်းတွင် ခြင်္သေ့မြို့နှင့်ဆယ်မိုင်ခန့်အကွာ၌ စခန်းချ၍တိုက်ခိုက်မှုပြုလုပ်ရန် စတင်ပြင်ဆင်နေခဲ့ကြသည်။
ယခုလိုကြီးမားသောမြို့သိမ်းတိုက်ပွဲတစ်ခုအား အလျင်စလိုတိုက်ခိုက်ရန်မသင့်တော်ပေရာ ဓားပြများသည်အချိန်တစ်ခုထိ ပြင်ဆင်ပြီးမှတိုက်ခိုက်ရန် စီစဉ်နေကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် မြို့ရိုးခံတပ်များကို စစ်ဆေးခဲ့သည်။
...
...
ထိုည၌ ရှောင်ယုသည် တောင်ပေါ်မှနေ၍ခြင်္သေ့မြို့အား လှမ်းကြည့်ကာရေရွတ်လိုက်သည်။
"ဒီစစ်ပွဲမှာ ငါကိုယ်တိုင်မပါဝင်နိုင်တာ တော်တော်နှမြောစရာကောင်းတာပဲ..."
ရှောင်ယုသည် နောက်တစ်နေ့နံနက်စောစောတွင် အိပ်ရာမှနိုးလာချိန်၌ ဓားပြများသည် ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွက် အသင့်ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဒီတိုက်ပွဲကိုငါကိုယ်တ်ိုင်ပါဝင်တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်..."
ရှောင်ယုသည် စုဘာရူ၏အမာခံမြင်းတပ်သား၅၅၀ကိုကြည့်ကာ ပြောလိုက်သည်။
"ငါကငါ့ရဲ့ညီအစ်ကိုတွေကို ဦးဆောင်ပြီးတော့ စစ်ပွဲထဲဝင်ရောက်တိုက်ခိုက်မယ်...ငါကသာမန်ခြေလျင်တပ်သားတွေလိုပဲ ရန်သူတွေကိုသတ်ဖြတ်ဖို့ သူတို့နဲ့အတူပူးပေါင်းမယ်...ငါတို့ညီအစ်ကိုတွေတိုက်ခိုက်နေချိန်မှာ ငါဒီမှာရပ်မနေနိုင်ဘူး"
လင်းယုန်စခန်းမှ အမာခံမြင်းတပ်သားများသည် ရှောင်ယုအားယုံကြည်ကိုးကွယ်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ယခုအခါ သူတို့၏အမြင်၌ ရှောင်ယုသည်အစစ်အမှန် သူရဲကောင်းဗိုလ်ချုပ်တစ်ယောက်ပင်ဖြစ်သည်။
"ဘယ်သူက ငါနဲ့အတူလိုက်ချင်လဲ..."
ရှောင်ယုက မေးမြန်းလိုက်သည်။
"ငါတို့တပ်မှူးနဲ့အတူ လိုက်မယ်..."
အမာခံမြင်းတပ်သားများက ကျယ်လောင်စွာအော်ဟစ်အဖြေပေးလိုက်ကြသည်။
ရှောင်ယုက ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းပြောလိုက်သည်။
"မင်းတို့အားလုံးက သူရဲကောင်းတွေဆိုတာငြင်းစရာမရှိဘူး...ဒါပေမဲ့ငါကမင်းတို့ကိုငါ့နောက်လိုက်ဖို့ မတောင်းဆိုချင်ဘူး....စစ်မြေပြင်မှာ မင်းတို့ထဲကတစ်ယောက်ယောက်သေသွားခဲ့ရင် ခေါင်းဆောင်စုဘာရူကိုငါရှင်းပြနိုင်မှာမဟုတ်ဘူး...မင်းတို့ရဲ့အသက်က တော်တော်အဖိုးတန်တယ်....တစ်ဖက်မှာတော့ ငါကဗိုလ်မှူးတစ်ယောက်ဖြစ်သလို ဒုတိယအဆင့်သူရဲကောင်းတစ်ယောက်လည်းဖြစ်တယ်...ငါကခုလိုဖရိုဖရဲ တိုက်ပွဲမြေပြင်မှာငါ့ရဲ့အသက်ကိုကယ်တင်နိုင်ပေမဲ့ မင်းတ်ို့ရဲ့အသက်ကိုအာမမခံနိုင်ဘူး...အဲ့ဒါကြောင့်မင်းတို့အကုန်လုံးဒီနေရာက ခြေတစ်လှမ်းမရွေ့ကြနဲ့...မဟုတ်ရင်မင်းတို့ကိုခုံရုံးတင်ပြီး အပြစ်ပေးမယ်"
အမာခံမြင်းတပ်သားများသည် အချင်းချင်းစိုက်ကြည့်လိုက်ကြပြီး အချိန်ခဏအကြာတွင် ရှောင်ယုအားကျယ်လောင်စွာအော်ဟစ်ကတိပေးလိုက်သည်။
ရှောင်ယုသည် သူတို့၏ခေါင်းဆောင်ဖြစ်ရာ သူတို့သည်ရှောင်ယု၏အမိန့်ကိုနာခံရမည်ဖြစ်သည်။သူတို့သည် ရှောင်ယု၏တပ်သားများဖြစ်လာပြီးနောက် သူတို့၏ခေါင်းဆောင်သည် စည်းမျည်းအတိုင်းမလုပ်ဆောင်တတ်သူဖြစ်ကြောင်း တွေ့လာရသည်။ထို့ပြင် ရှောင်ယုသည်သူတို့အားနှလုံးသားထဲမှ လာသောစကားဖြင့်သွန်သင်ဆုံးမပေးခဲ့ရာ သူတို့သည်ရှောင်ယုအား ဖြောင့်မတ်သောခေါင်းဆောင်တစ်ယောက်အဖြစ်ရှုမြင်ခဲ့ကြသည်။
ယခုအခါ ရှောင်ယုသည် စစ်ပွဲ၌ကိုယ်တ်ိုင်ပါဝင် တိုက်ခိုက်တော့မည်ဖြစ်သည်။
စုဘာရူသည် ရှောင်ယုအားစောင့်ကြည့်နေမည်ဟု ပြောခဲ့သော်လည်း သူ၏ခြေလှမ်းတိုင်းကို စောင့်ကြည့်နေမည်ဟု မဆိုလိုခဲ့ပေ။ထို့ပြင် ရှောင်ယုသည် သူ၏ကိုယ်ပိုင်မြင်းတပ်သား ၄၅၀မပါဘဲတစ်ယောက်တည်း ထွက်သွားသောကြောင့် ကျိန်းသေပေါက်ပြန်လာမည်ဟု ယုံကြည်ခဲ့သည်။
ရှောင်ယုသည် ခြင်္သေ့မြို့အားဝိုင်းရံတိုက်ခိုက်သည့် တိုက်ပွဲ၌ပါဝင်မည်မဟုတ်သော်လည်း ကာကွယ်ရေးကိုဦးဆောင်မည့်သူဖြစ်ကြောင်း သူတို့မည်သည့်အခါမှ သိရှိမှာမဟုတ်ပေ။
...
...
ရှောင်ယုသည် သူ့အိမ်သို့ပြန်ရောက်ရောက်ခြင်း သူ၏မရီးများကိုနှုတ်ဆက်ကာ နဂါးလေးနှင့်ကစားပေးခဲ့သည်။ထို့နောက် တည်ငြိမ်အေးဆေးစွာဝိုင်သောက်နေသော်လည်း ကပ္ပတိန်ဟွေ့နှင့်မူလီတ်ို့က သူ့အနား၌ဂနာမငြိမ်ဖြစ်နေခဲ့သည်။
"မင်းတို့နှစ်ယောက် ဘာတွေဖြစ်နေတာလဲ..."
ရှောင်ယုက မေးမြန်းလိုက်သည်။
"သခင်...ရန်သူတွေကငါတို့ကိုမကြာခင်တိုက်ခိုက်တော့မယ်...ငါတို့ကတိုက်ပွဲအစီအစဉ်တွေကို ဆွေးနွေးမှာမဟုတ်ဘူးလား..."
မူလီက မေးခွန်းထုတ်လိုက်သည်။
ရှောင်ယုက သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။
"ငါတို့ကဂိတ်ဖွင့်ပြီးတော့ တပ်ဖွဲ့ဝင်၂၀၀၀၀ကို အနိုင်ယူခဲ့တယ်...ခုတော့ငါတို့မှာတပ်သားတွေအများကြီး ရှိနေပြီ...ငါတို့ရှံးမယ်ထင်လား"
ရှောင်ယုသည် မည်သည့်အရာကိုမှဂရုမစိုက်ကြောင်း တွေ့မြင်လိုက်ရသောအခါ မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် တစ်ယောက်ကိုတစ်ယောက်အားကိုးတကြီးကြည့်လိုက်ကြသည်။ထို့နောက် ရှောင်ယုနှင့်လီအာတို့သည် မူဟန်တက်ရောက်ခဲ့သော မှော်ကျောင်းတော်နှင့်ပတ်သက်သည့် အကြောင်းကိုဆွေးနွေးခဲ့ကြသည်။ရှောင်ယုသည် မှော်မန္တန်တစ်ခု နှစ်ခုခန့်ကို သိရှိထားပေရာ မှော်ဆရာတစ်ယောက်အဖြစ်ဟန်ဆောင်နိုင်၍ မှော်ကျောင်းတော်သို့ စူးစမ်းလိုစိတ်ဖြင့်သွားကြည့်ချင်မိသည်။
ရှောင်ယုသည် အချိန်တစ်ခုကြာပြီးနောက် မြို့ရိုးအားစစ်ဆေးရန် ထွက်ခွာလာခဲ့သည်။
ခြင်္သေ့မြို့သည် မြို့ကိုကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်နေခဲ့သည်မှာ တစ်လခွဲခန့်ကြာမြင့်နေပြီဖြစ်သည်။သူတို့သည် ရန်သူ၏ဝိုင်းရံခြင်းကိုခုခံကာ သူတို့၏မြို့သိမ်းလက်နက်များကိုကိုင်တွယ်ဖြေရှင်းရန် လေ့ကျင့်မှုများနှင့်နည်းလမ်းများစွာကိုလေ့ကျင့်ခဲ့ပြီးဖြစ်သည်။
ကပ္ပတိန်ဟွေ့နှင့်ဗိုလ်ချုပ်မူလီတို့သည် စိတ်လှုပ်ရှားနေကြသော်လည်း သူတို့ထံ၌စစ်သား၁၀၀၀၀ကျော်ရှိနေပေသေးသည်။ထို့ကြောင့် ရှောင်ယုက သူတို့အားလုံးကိုခေတ္တအနားယူအပန်းဖြေရန် အမိန့်ပေးခဲ့သည်။
...
...
အဆုံးသတ်တွင် သောင်းနှင့်ချီသောဓားပြများသည် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သောကြောင့် စစ်ချီသံများကျယ်လောင်စွာပဲ့တင်ထပ်လာခဲ့သည်။ထိုအရာသည် ပုံမှန်စစ်တပ်တစ်ခုနှင့် ဓားပြများအကြားကွာဟချက်ပင်ဖြစ်သည်။ဓားပြများသည် စည်းကမ်းမရှိသော်လည်း ကာရီ၏စစ်တပ်ကမူ စနစ်တကျချီတက်တိုက်ခိုက်ခဲ့သည်။
အမှန်တော့ ဓားပြများသည် ပုံမှန်စစ်တပ်တစ်ခုကဲ့သ်ို့ လေ့ကျင့်သင်ကြားပေးခြင်းကို ခံခဲ့ရသည်။ဥပမာ မားကပ်စ်ထံတွင် အမာခံမြင်းတပ်များပိုင်ဆိုင်ထားခြင်းဖြစ်သည်။သို့သော် ယခုတစ်ကြိမ်၌မူ ဓားပြအုပ်စုများစွာသည် အတူတကွပေါင်းစည်းထားသောကြောင့် ညိနှိုင်းရာတွင်ပြဿနာတက်ခဲ့ရသည်။တစ်ချိန်တည်းမှာပင် ဓားပြစစ်တပ်သည် ပရမ်းပတာအခြေအနေသို့မကျရောက်သွားသည့်အတွက် စုဘာရူ၏ပြင်းထန်သော ကွပ်ကဲမှုစွမ်းရည်ကိုဖော်ပြနေခဲ့သည်။
သို့သော် ရှောင်ယုသည် စစ်မြေပြင်အခြေအနေအား တစ်ချက်ကြည့်လိုက်ပြီးနောက် စုဘာရူသည်ဤတပ်များကို ကိုယ်တိုင်လာရောက်အမိန့်ပေးမည်မဟုတ်ကြောင်း နားလည်လိုက်သည်။စုဘာရူအပေါ် သူ၏နားလည်မှုအရ သူသည်တပ်သား၃၀၀၀၀ဖြင့်ခြင်္သေ့မြို့အား အနိုင်မယူနိုင်ကြောင်း သိရှိထားပြီးဖြစ်နိုင်သည်။စုဘာရူသည် ရှောင်ယု၏လက်ကိုငှါးကာ ဤဓားပြများကိုသတ်ဖြတ်မည်ဖြစ်ကြောင်း တဖြည်းဖြည်းပေါ်လွင်လာခဲ့သည်။
ရှောင်ယုသည် ထိုအကြောင်းကိုနားလည်ထားသည်မှာ ကြာမြင့်နေပြီဖြစ်၍ ထိတ်လန့်အံ့သြမှုမဖြစ်တော့ပေ။စုဘာရူသည် သူ၏လက်ရွေးစင်တပ်များကို လင်းယုန်စခန်း၌တမင်တကာချန်ထားရစ်ခဲ့သည်။စုဘာရူသည် ယခုတစ်ကြိမ်တွင် ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွက် အရေအတွက်အားသာချက်ကိုအသုံးပြုရန်စီစဉ်ထားပေသည်။
လွန်ခဲ့သောအကြိမ်ကလည်း ဓားပြများသည် ရှောင်ကျန်းထျန်အားအနိုင်ယူရန် အရေအတွက်အားသာချက်ကို အသုံးပြုခဲ့ကြသည်။
"မြန်မြန်လာခဲ့ကြ...မင်းတို့ကပဲငါ့ကိုကမ္မကုသိုလ်မှတ်တွေ ပေးမှာ...မကြာခင်ငါ့ရဲ့အခြေစိုက်စခန်းတွေကို ဒုတိယအဆင့်ထိတိုးမြင့်ပြီး မင်းတို့အမြင်ကျယ်သွားအောင် ငါ့ရဲ့လက်နက်သစ်တွေကိုထုတ်ပြပေးမယ်..."
ရှောင်ယုသည် သူ၏အဆင့်၁ချပ်ဝတ်တန်ဆာကို ကျကျနနဝတ်ဆင်ကာ မြို့ရိုးနံရံပေါ်၌ ရပ်နေခဲ့သည်။
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည်လည်း ဒုတိယအဆင့်သူရဲကောင်းများဖြစ်ကြပေရာ ရှောင်ယုသည်သူတို့၏လုံခြုံရေးအတွက် အဆင့်၁ချပ်ဝတ်တန်ဆာများကို ပေးအပ်ခဲ့သည်။
ဤချပ်ဝတ်တန်ဆာများသည် ရှေးခတ်ကတည်းကသူရဲကောင်းများ၏ အိပ်မက်ထဲမှအသုံးအဆောင်ဖြစ်ကြောင်း သိရှိထား၍ သူတို့နှစ်ဦးလုံးသည် ဤချပ်ဝတ်တန်ဆာများနှင့်မစိမ်းကားကြပေ။သူတို့သည် ဤချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ရမည့်အချိန်ရှိလာမည်ဟု မထင်ထားခဲ့ပေ။ထိုချပ်ဝတ်တန်ဆာများသည် သူတို့၏ခွန်အားကိုတိုးပွားစေ၍ ရှောင်ယုထံ၌ ဝှက်ဖဲများရှိနေဆဲဖြစ်ကြောင်း သူတို့နှစ်ဦးလုံးခံစားခဲ့ရသည်။
ကာရီအားခုခံစဉ်က ခြင်္သေ့မြို့ထံတွင် စစ်သားအလုံအလောက်မရှိသောကြောင့် မြို့ရိုးနံရံပေါ်၌ ဟာကွက်များစွာရှိနေခဲ့သည်။သို့သော် ယခုတစ်ကြိမ်၌ စစ်သား၁၀၀၀၀ကျော်ရှိနေ၍ တံတိုင်းပေါ်၌ ပြည့်ကျပ်လုနီးပါးဖြစ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ စစ်သားများသည် စစ်မှန်သောစစ်ပွဲအားရင်ဆိုင်ရခြင်းမရှိဘဲ အစစ်အမှန်စစ်သည်တော်များအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိပေ။
ယခုအချိန်တွင် စုဘာရူ၏ဆုပေးစနစ်ကြောင့် ဓားပြများသည် အလွန်စိတ်ဓာတ်မြင့်မားနေခဲ့ကြသည်။
အောစ့်များသည် အလွန်အစွမ်းထက်သော်လည်း သူတို့သည်အရေအတွက်နည်းပါးနေကြောင်း စုဘာရူကဓားပြများကို ကြိုပြောထားခဲ့သည်။သူတို့သာ လူပင်လယ်နည်းဗျူဟာကိုအသုံးပြု၍ ရှေ့ဆက်တိုးခြင်းဖြင့် ခြင်္သေ့မြို့တွင်းသို့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း အားပေးစကားပြောခဲ့သည်။
ဓားပြများသည် ယခုအချိန်၌ ခြင်္သေ့မြို့ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ကြောင်း စုဘာရူကိုယ်တိုင်သာသိရှိထားပေသည်။အမှန်တော့ စုဘာရူသည်ဤအခွင့်အရေးကို အသုံးချကာ ခြင်္သေ့မြို့၏စစ်မှန်သောတိုက်ပွဲစွမ်းအားကို တွေ့မြင်နိုင်စေရန်ပြင်ဆင်ထားခြင်းဖြစ်ပေသည်။
ဓာပြများသည် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ မြို့သိမ်းလှေကားများကိုကိုင်စွဲကာ ခြင်္သေ့မြို့ထံအပြေးအလွှားချီတက်လာကြသည်။
"လောက်လွှဲတွေကို အသင့်ပြင်ထား..."
ထိုအချိန်တွင် ချင်ချဲကကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
အခန်း ၁၂၂ - စစ်ပွဲစတင်ခြင်း
ချင်ချဲသည် ခြင်္သေ့မြို့တွင် အတန်ကြာနေထိုင်ပြီးနောက်တွင် စစ်တပ်ထဲသို့ဝင်ရန် ဆုံးဖြတ်ခဲ့သည်။သူသည်ခြင်္သေ့မြို့၌ နေထိုင်စဉ်အတွင်း မြင်းစီးခြင်း၊လေးပစ်ခြင်းနှင့်ကိုယ်ခံပညာတို့သည် လေ့ကျင့်ခဲ့သည်။
ချင်ချဲသည် ဤနေရာတွင် သူ၏လုပ်ဖော်ကိုင်ဖက်များထက် များစွာသာလွန်သော အရည်အချင်းများကို ပြသရန်အချိန်အတော်ကြာခဲ့သည်။သူသည် ကိုယ်ခံပညာအပိုင်း၌သာမက ကွပ်ကဲမှုစွမ်းရည်၊ဗျူဟာချမှတ်ခြင်းနှင့်နည်းဗျူဟာပိုင်းဆိုင်ရာတွင် သူ၏စွမ်းဆောင်ရည်များသည် အဆင့်တူများထက်များစွာသာလွန်နေခဲ့သည်။
ချင်ချဲသည် ရှောင်ယုအသုံးပြုသော လှံပစ်စက်များ၊လောက်လွဲများ၊ဖြိုဖျက်သူများနှင့်လမင်းပစ်ခတ်သူများကို အလွန်ပင်စိတ်ဝင်စားမှုရှိခဲ့သည်။ထို့ပြင် ရှောင်ယုသည် ကပ္ပတိန်ဟွေ့နှင့်မူလီတို့အား ချင်ချဲကိုလေ့ကျင့်သင်ကြားပေးစေကာ အနာဂတ်၌ စစ်သူကြီးကောင်းတစ်ဦးဖြစ်လာစေရန်အတွက် ဂရုစိုက်လေ့ကျင့်ပျိူးထောင်ပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ်မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် ခြင်္သေ့မြို့၌အရည်အချင်းရှိသူ များများစားစားမရှိကြောင်း သတိပြုမိကြသည်။ထို့ပြင် ချင်ချဲသည်မြင့်မြတ်သောနွယ်ဖွားတစ်ယောက်၏ စရိုက်လက္ခဏာရှိရာ သူ့အားအစွမ်းကုန်ပျိုးထောင်ပေးရန် သဘောတူညီခဲ့ကြသည်။ထို့ပြင် ချင်ချဲသည်အလွန်ညဏ်ကောင်းပြီး အမြော်အမြင်ရှိသောကလေးဖြစ်သည်။သူသည် လူကြီးများနှင့်ပြောဆိုဆက်ဆံရာတွင် နိမ့်ချပြီး ယဉ်ကျေးပြူငှါခြင်းဖြင့် အကြီးအကဲများအား သူ၏လေးစားမှုကိုပြသခဲ့သည်။သူသည် အလုပ်ကြိုးစားသူဖြစ်ကာ ထက်မြက်ပြီး အကြီးအကဲများသင်ကြားပေးသော အရာမှန်သမျှကို သင်ယူတတ်မြောက်ခဲ့သည်။
ရှောင်ယုသည် အချိန်အားလျှင် ချင်ချဲနှင့်အတူ သီအိုရီများနှင့်ဗျူဟာများအကြောင်း ဆွေးနွေးလေ့ရှိသည်။သူသည် အပူလက်နက်များပေါများသည့်ခေတ်မှ အအေးလက်နက်ခေတ်ထိ သူ၏စိတ်ကူးစိတ်သန်းများကို ချဲ့ထွင်ကာ ချင်ချဲထံမျှဝေခဲ့သည်။ချင်ချဲသည်လျှင်မြန်စွာ သင်ယူတတ်မြောက်သူဖြစ်ရာ ရှောင်ယု၏မျှော်လင့်ချက်အတိုင်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်။ထို့ပြင် ချင်ချဲသည်ထိုစိတ်ကူးစိတ်သန်းများကို လက်တွေ့ဘဝ၌အသုံးချရန် သူ၏ကိုယ်ပိုင်အသိညဏ်များကို အသုံးပြုခဲ့သည်။ချင်ချဲသည် အသက်၁၁နှစ်သာရှိသေးပြီး ရှောင်ယုမှစစ်သားတစ်ယောက်အဖြစ် ခွင့်မပြုခဲ့သော်လည်း စစ်တပ်၏နည်းလမ်းများကိုမူ သင်ယူစေခဲ့သည်။
ရှောင်ယုသည် သူ့အားလှံပစ်စက်များ၊ လမင်းပစ်ခတ်သူများ၊ ဖြိုဖျက်သူများနှင့်အခြားတာဝေးပစ်လက်နက်များကို အမိန့်ပေးရန်တာဝန်ပေးခဲ့သည်။
...
...
ချင်ချဲသည် သူ၏ပထမဆုံးတိုက်ပွဲနှင့်ပတ်သက်၍ စိတ်အားထက်သန်နေခဲ့သည်။သူသည် တာဝေးပစ်လက်နက်များကို ဓားပြအုပ်စုများ၏အလယ်ဗဟိုသို့ ချိန်ရွယ်လိုက်ပြီး ပစ်ခတ်ရန်ပြင်ဆင်ခဲ့သည်။
သူသည် ဓားပြများချီတက်လာသည့် ဖွဲ့စည်းပုံ၏ရှေ့မျက်နှာကို တိုက်ခိုက်ရန်မရွေးချယ်ဘဲ ဗဟိုချက်နေရာကိုသာ ဖြိုဖျက်သူများနှင့်လှံပစ်စက်များကို အဆက်မပြတ်ပစ်ခတ်စေခဲ့ကာ ဖွဲ့စည်းပုံကိုခါးပြတ်စေခဲ့သည်။ရှေ့မှဓားပြများသည် ခြင်္သေ့မြို့ထံပြေးဝင်လာနေသော်လည်း သူတို့၏နောက်မှဓားပြများသည် ခါးဆက်ပြတ်သွားခဲ့ရာ သူတို့သည်လည်း အချိန်တိုအတွင်းသေဆုံးရမည်သာဖြစ်သည်။
မြို့ရိုးထံသို့အစောဆုံးပြေးဝင်လာသော ဓားပြများသည် လေးသမားများ၏ ပစ်ခတ်မှုကိုခံခဲ့ရသည်။သူတို့နောက်သို့ အပြေးအလွှားလိုက်ပါလာသော ဓားပြတပ်ဖွဲ့များသည် တာဝေးပစ်လက်နက်များ၏ဖိနှိပ်ခံရမှုကြောင့် သူတို့ကိုအမှီမလိုက်နိုင်၍ ရှေ့ဆုံးမှတပ်ဖွဲ့များသည် မြှားပစ်မှုအောက်တွင် အလူးအလဲခံနေရကာ ကွာဟချက်တစ်ခုကိုဖြစ်ပေါ်လာစေခဲ့သည်။ဤနေရာတွင် ချင်ချဲ၏ထူးကဲသောအရည်အချင်းများနှင့် အမြင်အာရုံကိုထုတ်ပြနိုင်သည့်အတွက် ရှောင်ယုသည်ကျေနပ်စွာခေါင်းညိတ်မိလိုက်သည်။
ဓားပြများသည် မြို့ရိုးနံရံပေါ်သို့ စတင်တွယ်တက်ရန်အတွက် မြို့သိမ်းလှေကားများကို နေရာချကာကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ကြသည်။သူတို့သည် မြို့တံခါးကိုချိုးဖျက်ရန်အတွက် မြို့ရိုးဖျက်မောင်းတုံးများကို ယူဆောင်လာခဲ့ကြသည်။
တာဝေးပစ်တိုက်ခိုက်မှုတွင် ခြင်္သေ့မြို့၏ခုခံကာကွယ်ရေးသည် အလွန်အားကောင်းလှပေသည်။ရိုင်ဖယ်သေနတ်များသည် အဆက်မပြတ်ပစ်ခတ်နေချိန်တွင် နတ်သူငယ်လေးသမားများသည် မြင့်မားသောတိကျမှုကိုအားကိုး၍ လျင်မြန်စွာပစ်ခတ်နေကြသည်။လောက်လွဲများ၊လှံပစ်စက်များ၊ ဖြိုဖျက်သူများနှင့်လမင်းပစ်ခတ်သူများကလည်း ရန်သူအားသေစေနိုင်သည့် ထိုးနှက်ချက်ကိုပေးစွမ်းနေခဲ့သည်။
ထိုသို့တိုက်ခိုက်မှုများကြောင့် ဓားပြများသည် မြို့ရိုးတံတိုင်းဆီရောက်ရှိလာချိန်တွင် လူ၁၀၀၀ကျော်ဆုံးရှံးခဲ့ရသည်။သို့သော်လည်း သူတို့သည် မစိုးရိမ်ကြပေ။ဓားပြများသည် သူတို့အားသာသည့်နည်းဗျူဟာဖြစ်သော လူပင်လယ်နည်းဗျူဟာကို အသုံးပြုကြဆဲဖြစ်သည်။
စုဘာရူသည် အရည်အချင်းရှိသောခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ဓားပြများကို စနစ်တကျလေ့ကျင့်ပေးရန် အချိန်သို့မဟုတ် ရည်ရွယ်ချက်မရှိခဲ့ပေ။သူ၏ရည်ရွယ်ချက်မှာ ခြင်္သေ့မြို့အားသိမ်းပိုက်ရန်မဟုတ်ခဲ့ပေ။ထို့ကြောင့်သူသည် ရန်သူဓားပြခေါင်းဆောင်များ၏ ခွန်အားကိုလျော့နည်းစေကာ တစ်ချိန်တည်းတွင်ရှောင်ယုကို အားနည်းစေရန်အတွက် ဓားပြများကိုလူပင်လယ်နည်းဗျူဟာဖြင့် တိုက်ခိုက်စေခဲ့သည်။
အမှန်တော့ စုဘာရူသည် သူ၏အကြံအစည်ပထမအဆင့်၌ပင် ခြင်္သေ့မြို့ကျရှံးသွားခဲ့ပါက သူ၏အစီအစဉ်ကျရှုံးသွားမည့်အကြောင်းကို ထည့်မစဉ်းစားခဲ့ပေ။ထိုသို့ဆိုလျှင် ဓားပြမဟာမိတ်ရှိအုပ်စုအားလုံးကို သူ၏လက်အောက်သို့သွတ်သွင်းမယ့် အစီအစဉ်သည်ကျရှုံးသွားရမှာဖြစ်သည်။
သို့သော် စနစ်တကျလေ့ကျင့်ထားသော စစ်သား၂၀၀၀၀ပါဝင်သည့် ကာရီ၏တပ်သည် ခြင်္သေ့မြို့အားထိခိုက်အောင်မလုပ်ဆောင်နိုင်ရာ သူ၏အကြံအစည်သည် အထိအခိုက်မရှိနိုင်ပေ။
ယခုလည်း ဓားပြ၁၀၀၀၀ကျော်သည် မြို့ရိုးနံရံဆီ တဟုန်ထိုးပြေးဝင်လာခဲ့ရာ မြို့ရိုးပေါ်၌ခုခံနေသောစစ်သားများသည်ပင် ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏တပ်များသည် ကာရီ၏အလုံးအရင်းတိုက်ခိုက်မှုကိုပင် ခုခံချေဖျက်နိုင်ခဲ့ရာ ဓားပြ၁၀၀၀၀ကျော်က တစ်ချိန်တည်းတိုက်ခိုက်လာမှုကို မကြောက်ခဲ့ပေ။
ဓားပြများသည် မြို့ရိုးပေါ်တွယ်တက်ရန်အတွက် မရေမတွက်နိုင်သောလှေကားများကို အသုံးပြုခဲ့ကြသည်။သူတို့၏လက်အောက်ငယ်သားများသေဆုံးခဲ့လျှင်ပင် လျော်ကြေးငွေရရှိမည်ဖြစ်ရာ ဓားပြခေါင်းဆောင်များသည် လင်းယုန်စခန်း၌ကျန်ရစ်ခဲ့သောတပ်ဖွဲ့တစ်ဝက်ကို ဂရုမစိုက်ခဲ့ကြပေ။
မြို့ရိုးပေါ်ရှိတပ်သားများသည် တွယ်တက်လာသောဓားပြများကို တိုက်ခိုက်ရန်အတွက် သူတို့၏လက်နက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားကြသည်။
ရှောင်ယုသည် စစ်မှန်သောစစ်သူရဲများဖြစ်လာစေလိုသည့်အတွက်ကြောင့် အသစ်စုဆောင်းထားသောတပ်သားများကို ပထမဆုံးကာကွယ်ရေးခံစစ်မျည်းအဖြစ် မြို့ရိုးပေါ်နေရာချထားခဲ့သည်။သူသည် သာမန်လူသားစစ်သည်များကို အဓိကထားစုဆောင်းရန်လိုအပ်သည့်အတွက် မြို့ရိုးကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရန်အတွက် ဆင့်ခေါ်ထားသောတပ်သားများကို အသုံးမပြုခဲ့ပေ။
ထို့ပြင် အခြေစိုက်စခန်းများမှဆင့်ခေါ်ထားသော စစ်သည်များသည် အရေအတွက်နည်းပါးလှသည်။သို့သော်လည်း အောစ့်စစ်သည်များနှင့်ခြေလျင်တပ်သားများသည် သာမန်လူသားစစ်သည်များ၏နောက်တွင် ရှိနေဆဲဖြစ်သည်။နတ်သူငယ်လေးသမားများ၊ဖြိုဖျက်သူများ၊လှံပစ်စက်များနှင့်လမင်းပစ်ခတ်သူများသည် မြို့ရိုးနောက်တွင်အသစ်တည်ဆောက်ထားသော ခံတပ်စည်းရိုးများ၌တပ်စွဲထားခဲ့ကြသည်။မုဆိုးများသည် ပထမခံစစ်မျည်းကြောင်းကိုဖြတ်ကျော်လာမည့် ရန်သူများကိုအခွင့်အရေးရတိုင်းသတ်ဖြတ်ရန် အဆက်မပြတ်ပြေးလွှားနေကြသည်။
ရှောင်ယုသည် ခံစစ်တိုက်ပွဲများစွာကို ဖြတ်ကျော်ပြီးနောက် မြို့ရိုးကိုပြောင်းလဲမှုအချို့လုပ်ဆောင်ခဲ့သည်။သူသည် နံရံများကိုချဲ့ထွင်ခဲ့ကာ တည်ဆောက်မှုအသစ်များပြုလုပ်ခဲ့ပြီး မြို့ရိုးနံရံပေါ်၌ တပ်သား၁၀၀၀၀ကျော် တပြိုင်တည်းသွားလာန်ိုင်ရန် ပြင်ဆင်ခဲ့သည်။ထို့ပြင် မြို့ရိုးနံရံနောက်၌ အသစ်တည်ဆောက်ထားသော ခံတပ်များ၏အမြင့်သည် အရှေ့ဘက်ထက်ပိုမိုမြင့်မားကာ တာဝေးပစ်လက်နက်များကို ထိုခံတပ်များ၌တပ်ဆင်ထားခဲ့သည်။
လေးသမားများသည် လက်ရွေးစင်များဖြစ်ကြကာ သူတို့၏မြှားများသည် ရန်သူအားမည်သည့်အခါကမှ လွဲချော်ဖူးခြင်းမရှိခဲ့ပေ။တိုင်ရန်ဒီ၏ စစ်မှန်သောပစ်ခတ်မှုအော်ရာအောက်တွင် သူတို့၏ခွန်အားနှင့်တိကျမှုသည်များစွာတိုးတက်လာခဲ့သည်။ယခုအချိန်တွင် တိုင်ရန်ဒီသည်မည်သည့်ကျွမ်းကျင်မှုကိုမှမသုံးဘဲ အလယ်အလတ်သံချပ်ကာတစ်ခုကို ဖောက်ထွင်းနိုင်ပေသည်။သာမန်နတ်သူငယ်လေးသမားများသည် အလယ်အဆင့်သံချပ်ကာများ၏ ခုခံမှုကိုမချိုးဖျက်နိုင်သော်လည်း အပေါ့စားချပ်ဝတ်များကိုမူ ချိုးဖျက်နိုင်ပေသည်။
ရှောင်ယုက လေးသမားတစ်ယောက်စီသည် သူတို့၏အဆင့်များတိုးမြင့်လာသည်နှင့် လက်ရွေးစင်လူသတ်စက်တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သရောလ်သည် မြေကမ္ဘာတိုတမ်နှင့်ကျောက်တုံးအရေပြားတိုတမ်တို့၏ ခွန်အားနှင့်ကာကွယ်မှုအစွမ်းကို အသုံးပြုထားခဲ့ပီး အောစ့်များ၏တိုက်ခိုက်မှုနှင့်ခုခံကာကွယ်မှုကို ပိုမိုအားကောင်းစေခဲ့သည်။ပုံမှန်အား ဖြင့် အောစ့်များ၏တိုက်ခိုက်ရေးထိရောက်မှုကို တိုးမြင့်မပေးမှီကပင် သူတို့အား ဒုတိယအဆင့်ချပ်ဝတ်လက်နက်များ ထောက်ပံ့ပေးထားပြီးဖြစ်သည်။ထို့ပြင်သရောလ်၏ကောင်းချီးကလည်း သူတို့၏ခွန်အားကို ကြောက်မက်ဖွယ်အဆင့်ထိတိုးမြင့်ပေးလာခဲ့သည်။
ကိုလိုဆီယမ်မှရှောင်ယုကယ်တင်လာခဲ့သော အောစ့်များသည်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့်အတွက် သူ၏ထိန်းချုပ်မှုအောက်ရှိ အောစ့်အရေအတွက်သည် ၁၁၀၀သို့ရောက်ရှိသွားခဲ့သည်။အောစ့်များသည် ဤတိုက်ကြီး၏အကောင်းဆုံးတိုက်ခိုက်ရေးသမားများအဖြစ် အဘယ်ကြောင့်သတ်မှတ်ခံရသနည်းဟူသော အကြောင်းပြချက်ကို ဓားပြများအားသက်သေပြပေးသွားမှာဖြစ်သည်။
ဂရင်းသည် သူ၏စစ်ပွဲအလံတော်ကို ကိုင်ဆောင်ထားခဲ့ကာ အောစ့်များ၏တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြင့်တင်ပေးနိုင်မယ့် ကြွေးကြော်သံအားထုတ်လွှင့်ခဲ့သည်။
အခြေစိုက်စခန်းမှ ဆင့်ခေါ်ထားသော လူသားစစ်သည်တော်များတွင် ခြေလျင်တပ်သား၂၀၀ ၊ အမာခံမြင်းတပ်သား ၅၀၀ နှင့်ရိုင်ဖယ်တပ်သား၂၀၀တို့ပါဝင်ပေသည်။သို့သော်လည်း ရှောင်ယုသည်ယနေ့တိုက်ပွဲတွင် အမာခံမြင်းတပ်များကို မထုတ်ပြနိုင်သည့်အတွက် ရိုင်ဖယ်တပ်သား၂၀၀နှင့်ခြေလျင်တပ်သား၂၀၀တို့်အား အားကိုးရမှာဖြစ်သည်။
ခြေလျင်တပ်သားများသည် နောက်ဆုံးတိုက်ပွဲအပြီးတွင် အဆင့်၃သို့ရောက်ရှိသွားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ သူတို့သည်ခံစစ်ပိုင်းတွင် အလွန်အားကောင်းပြီး တိုက်ခိုက်ရာတွင်အနည်းငယ်အားနည်းပေသည်။သို့ဖြစ်ရာ ခြေလျင်တပ်သားများကိုသတ်ဖြတ်ရခြင်းသည် အောစ့်များကိုသတ်ဖြတ်ရခြင်းထက် ပိုမိုခက်ခဲပေသည်။သူတို့သည် အကြွင်းမဲ့ခုခံကာကွယ်ရေးအတွက် ဒိုင်းများကိုအသုံးပြုကြသည်။
တပ်သားအမျိုးအစားတစ်ခုစီတိုင်းတွင် သူတို့၏ကိုယ်ပိုင်လက္ခဏာများရှိကြသည်။ခြေလျင်တပ်သားများသည် သူတို့၏မြင့်မားသောခုခံကာကွယ်မှုကြောင့် နာမည်ကျော်ပေသည်။ထို့ပြင် သူတို့၏ချပ်ဝတ်တန်ဆာများသည် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းအနည်းငယ်ကိုသာ ဖုံးအုပ်ပေးထားသော အောစ့်များ၏ချပ်ဝတ်တန်ဆာများထက် ပိုမိုပြီးပြည့်စုံပေသည်။ခြေလျင်တပ်သားများသည် လေးလံသောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း သူတို့နှင့်လိုက်လျောညီထွေရှိပေသည်။သူတို့သည် ဒိုင်းများကိုအသုံးပြုချိန်မှသာ အရှိန်လျော့သွားခြင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင် အပေါ့စားခြေလျင်တပ်သားများကဲ့သို့ လှုပ်ရှားသွားလာနိုင်သည်။သူတို့ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာများသည် အခြေစိုက်စခန်းမှထုတ်လုပ်ထားခြင်းဖြစ်ပြီး.ခိုင်ခံမှုကိုအသားပေးကာ ပေါ့ပါးအောင်ပြင်ဆင်ပေးထားသည်။ထိုချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသော ခြေလျင်တပ်သားများသည် ချပ်ဝတ်တန်တာများကို သူတို့၏အရေပြားကဲ့သို့ ခံစားရစေသည်။
ရိုင်ဖယ်တပ်သားများသည် အဆင့်၃သို့ရောက်ရှိသွားခဲ့သော်လည်း သူတို့၏တိကျမှုနှုန်းသည် လေးသမားများလောက်ကောင်းမွန်ခြင်းမရှိပေ။သူတို့၏အဓိကအားသာချက်မှာ ပြင်းထန်သောပစ်ခတ်မှုစွမ်းအားဖြစ်သည်။ထို့ပြင် ရိုင်ဖယ်တပ်သားများ၏ရိုင်ဖယ်များသည် အဆင့်၃သို့ရောက်ရှိပြီးနောက်တွင် ပိုမိုကောင်းမွန်လာကြောင်း ရှောင်ယုသတိထားမိခဲ့သည်။သူတို့၏ကျည်ဆန်များသည် လေးလံသောချပ်ဝတ်တန်ဆာများကိုပင် ထိုးဖောက်ဝင်ရောက်နိုင်ပေသည်။
အူသာသည် အလင်း၏ကောင်းချီးနှင့် ကာကွယ်မှုအော်ရာတို့ကိုအသုံးပြုကာ လူသားတပ်ဖွဲ့ဝင်များကို ကြိုတင်ကောင်းချီးပေးအပ်ခဲ့သည်။အူသာသည် စစ်သည်၁၀၀၀၀ကျော်အား ကောင်းချီးပေးရန်အတွက် ကြီးမားသောအားထုတ်မှုကို ပြုလုပ်ခဲ့ရသည်။ရှောင်ယုသည် တပ်သားအားလုံးကို ကောင်းချီးပေးနိုင်ရန်အတွက် အူသာအားမှော်စွမ်းအင်ဖြည့်တင်းဆေးများ ပေးအပ်ခဲ့သည်။ဤကမ္ဘာရှိလူများသည် အလင်း၏စွမ်းအားကိုသဘောကျနှစ်သက်ကြရာ အူသာ၏ကောင်းချီးပေးမှုကိုခံရပြီးနောက် စစ်သားများသည်ခေတ္တငြိမ်သက်သွားခဲ့ကြသည်။တပ်ဖွဲ့တစ်ခုတွင် ပါလာဒင်သည်အကြီးမားဆုံးထောက်ပံ့ပေးသူဖြစ်ရာ ကောင်းချီးပေးခံရပြီးနောက်တွင် တပ်သားများ၏တိုက်ခိုက်နိုင်စွမ်းသည် ၆၀ရာခိုင်နှုန်းနီးပါးတိုးတက်လာခဲ့သည်။
တပ်သား၁ဦးသို့မဟုတ် ၂ဦးသာကောင်းချီးပေးခံရမည်ဆိုပါက အကျိုးသက်ရောက်မှုသည် လွန်စွာကြီးမားမည်မဟုတ်ပေ။သို့သော်လည်း တပ်သား၁၀၀၀၀သာ သူတို့၏ခွန်အား၆၀ရာခိုင်နှုန်းတိုးမြင့်လာပါက အလွန်ကြောက်မက်ဖွယ်ကောင်းမှာဖြစ်သည်။
ဤသည်မှာ ရှောင်ယုက အူသာနှင့်သရောလ်တို့အား အခြားသူရဲကောင်းများထက် ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။
"သတ်ကြ..."
စစ်သားများသည် သူတို့၏ဓားကိုပင့်မြောက်ကာ ဓားပြများ၏ဦးခေါင်းကို ထက်ပိုင်းဖြတ်လိုက်ကြသည်။ထို့နောက်ဓားပြအလောင်းသည် နံရံပေါ်မှပြုတ်ကျသွားခဲ့သည်။
အခန်း ၁၂၃ - တိုက်ပွဲပထမနေ့
တပ်သားသစ်များသည် အလွန်ကံကောင်းပေသည်။သူတို့၏လေ့ကျင့်ချိန်များသည် အလွန်တိုတောင်းသော်လည်း ရှောင်ယုသည် သူတို့အတွက် အကောင်းဆုံးသောချပ်ဝတ်တန်ဆာများနှင့် လက်နက်ပစ္စည်းများကို ပေးအပ်ခဲ့သည်။အခြေခံအားဖြင့် လူသားပန်းပဲဆိုင်မှ ထုတ်လုပ်ထားသော စက်ပစ္စည်းများသည် ခုခံကာကွယ်မှုအရာတွင် ဤကမ္ဘာမှထုတ်လုပ်ထားသော ချပ်ဝတ်များထက်ပိုမိုကောင်းမွန်ပေသည်။ထို့ပြင် အူသာသည်သူတို့၏ခွန်အားကို တိုးမြင့်ပေးစေရန်ကောင်းချီးပေးထားသည့်အတွက် ခွန်အားတစ်ခုတည်းဖြင့်နှိုင်းယှဉ်လျှင် ၎င်းတို့အား လက်ရွေးစင်များအဖြစ် သတ်မှတ်နိုင်ပေသည်။သို့သော်လည်း စစ်ပွဲအတွင်းရှိ သွေးထွက်သံယိုဖြစ်ရပ်များနှင့် ထိတွေ့မှု့အပိုင်းတွင် သူတို့သည် လိုအပ်ချက်များစွာ ရှိပေသည်။
ဓားပြခေါင်းဆောင်များသည် ရှောင်ယုနှင့်မတူညီပေ။အချို့သောခေါင်းဆောင်များသည် သူတို့၏လက်အောက်ငယ်သားများအတွက် ပိုမိုကောင်းမွန်သော ပစ္စည်းကိရိယာများကိုရရှိရန် အမြဲလိုလိုအာရုံစိုက်ထားကြသော်လည်း အများစုမှာ သူတို့၏လက်အောက်ငယ်သားအရေအတွက်ကို မှီခိုအားထားကာ ခိုးဝှက်လုယူကြသည်။ကောင်းမွန်သောလက်နက်ချပ်ဝတ်များသည် သူတို့အတွက်ငွေကြေးတစ်ခုသာဖြစ်ပြီး ရှောင်ယုသည် ထိုလက်နက်များကိုဝယ်ယူရန် ရွှေပြားသန်းပေါင်းများစွာသုံးစွဲခဲ့ရသည်။သို့ဖြစ်ရာ စစ်ပွဲဟူသည်ငွေကိုရင်း၍ တိုက်ခိုက်ရသောအရာဖြစ်သည်။
ရှောင်ယုသည် သူ့ထဲ၌တပ်သားအရေအတွက် နည်းပါးနေကြောင်း နားလည်ပေသည်။သို့သော်လည်း စစ်သားများကိုအမိန့်ပေးနိုင်မယ့် ဗိုလ်ချုပ်မရှိသောကြောင့် သူသည်တပ်သားများအား ထပ်မံမစုဆောင်းနိုင်ဟုမဆိုလိုပေ။သူသည် အားနည်းကာရှုပ်ထွေးနေသောတပ်တစ်ခုအား အလိုမရှိပေ။သူသည် ထိပ်တန်းလက်ရွေးစင်တပ်ကိုသာ အလိုရှိပေသည်။
မရေမတွက်နိုင်သော ဓားပြများသည် ရှောင်ယု၏စစ်သည်များရဲ့ ဦးခေါင်းများကိုစုဆောင်းရန် မြို့ရိုးတံတိုင်းဆီ အပြေးအလွှားချီတက်လာကြသည်။ခေါင်းတစ်လုံးသည် သူတို့အတွက်ရွှေပြားများဟု အဓိပ္ပါယ်ရသည့်အတွက်ကြောင့် သူတို့သည်ကြောက်လန့်စိတ်မရှိကြပေ။သို့သော် သူတို့သည်ထက်မြက်သောဓားရှည်များနှင့်ခိုင်ခံ့သောသံချပ်ကာများကို ရင်ဆိုင်ခဲ့ရသည်။ဓားပြများသည် အင်အား၆၀ရာခိုင်နှုန်း တိုးမြင့်လာသည့်စစ်သည်များ၏ တိုက်ခိုက်မှုကိုခုခံနိုင်စွမ်းမရှိခဲ့ပေ။
ထို့အပြင် သရောလ်သည်လည်း အောစ့်များကိုကောင်းချီးပေးခဲ့သည့်အတွက် ဓားပြများအတွက်ကြေကွဲဖွယ်ရာ အဆုံးသတ်ရလဒ်က်ို မလွဲမရှောင်သာရင်ဆိုင်ခဲ့ရသည်။ဓားပြများသေဆုံးနေသလ်ို ရှောင်ယု၏စစ်တပ်၌လည်း ကျရှုံးမှုအချို့ရှိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ တာဝေးပစ်လက်နက်များက မရေမတွက်န်ိုင်သော ဓားပြများ၏အသက်ကိုနှုတ်ယူနေဆဲဖြစ်သည်။ဓားပြများသည် အရေအတွက်များလွန်းသောကြောင့် သူတို့၏မျက်လုံးများကို ဆုကြေးဟူသည့်လောဘစိတ်ကဖုံးလွှမ်းနေကာ ဆက်လက်တိုက်ခိုက်နေကြသည်။
ရှောင်ယုသည် မြို့ရိုးပေါ်၌ရပ်နေကာ တိုက်ပွဲအားဆက်လက်စောင့်ကြည့်နေရင်း သက်ပြင်းချမိလိုက်သည်။ယခုလိုလူပေါင်းသောင်းချီပါဝင်တိုက်ခိုက်သော တိုက်ပွဲတစ်ခုအား မြင်ရသည်မှာအံ့သြဖွယ်ကောင်းလှပေသည်။
သူ့ထံတွင် အော်တိုမစ်တစ်စက်သေနတ်များသာ မရှိပါကဤစစ်ပွဲကိုအဆုံးသတ်ရန် အချိန်အတော်ကြာလိမ့်မည်ဟု ရှောင်ယုတွေးလိုက်မိသည်။ရန်သူ့ထံတွင် ဓားပြ၁၀၀၀၀၀နီးပါးရှိပေရာ ဓားပြများသာမလှုပ်မယှက်ရပ်နေပါက သူတို့၏ခေါင်းကိုဖြတ်ရန် အချိန်တစ်ရက်ကျော်ကြာမည်ဖြစ်သည်။သူသာမီးလောင်တိုက်မသွင်းပါက ဤသို့လူပေါင်းများစွာကိုသတ်ဖြတ်ရန် အချိန်အတော်ကြာမည်ဖြစ်သည်။စစ်သည်အရေအတွက်သည် စစ်ပွဲတစ်ပွဲအောင်နိုင်ခြင်း၊ရှုံးနိမ့်ခြင်း၏အဓိကအချက်ဖြစ်သည်။ရုရှားစစ်ဗျူဟာရှင် ကလောစ့်ဝှိုက်စ်က စစ်ပွဲ၌အရေးအကြီးဆုံးသောအရာမှာ အရေအတွက်အားသာချက်ဖြစ်ကြောင်းဖော်ပြခဲ့သည်။မည်သို့ပင်ဆိုစေ ၎င်းသည်ရန်သူကိုစိတ်ဓာတ်ပျက်ပြားစေမယ့် အပေါ်ယံအားသာချက်တစ်ခုပင်ဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် အရည်အချင်းရှိသော တပ်မှူးများသာမက လက်ရွေးစင်တပ်သားများလည်းလိုအပ်ပေသည်။
ရှောင်ယုဘက်မှ အသေအပျောက်ရှိရခြင်းမှာ တပ်သားသစ်များ၏ အမှားများစွာ ပြုလုပ်မိထားသောကြောင့်ဖြစ်သည်။သူတို့ထံတွင် အကောင်းဆုံးသောကိရိယာများနှင့် မြေပြင်အနေအထားအသာစီးရရှိထားသောကြောင့် ယခုလိုအခြေအနေမျိုးတွင် သေဆုံးရန်ပင်အသာထားဒဏ်ရာရရှိရန် ခက်ခဲမှာဖြစ်သည်။
သတ်ဖြတ်ခံရသည့် ဓားပြအရေအတွက် ၆၀၀၀ကျော်ခန့်ရှိနေပြီဖြစ်ပြီး ဓားပြများကိုသတ်ဖြတ်ခဲ့သော အဓိကလက်သည်မှာ လေးသမားများဖြစ်ကြသည်။
ခြေလျင်တပ်သားများ၊ရိုင်ဖယ်တပ်သားများနှင့်အသစ်စုဆောင်းထားသောတပ်သားများ၊လှံပစ်စက်များ၊ဖြိုဖျက်သူများနှင့် လမင်းပစ်ခတ်သူများသည် အောစ့်စစ်သည်များနှင့်လေးသမားများလောက် ရန်သူများကိုမသတ်ဖြတ်နိုင်ပေ။
ရှောင်ယုထံတွင် ဖြိုဖျက်သူများနှင့်လမင်းပစ်ခတ်သူများ အမြောက်အများမရှိနေပေ။အကယ်၍ သူ့ထံတွင်ရာဂဏန်းခန့်ရှိနေပါက ပစ်ခတ်မှုစွမ်းအားသည် ပိုမိုပြင်းထန်လာမည်ဖြစ်သော်လည်း ယခုအခါတွင် ၁၀ခုစီသာရှိနေ၍ အနည်းငယ်အားနည်းနေခဲ့သည်။
"ငါ့ရဲ့အခြေစိုက်စခန်းတွေကို ဒုတိယအဆင့်ထိမြင့်တင်ဖို့အတွက် ကမ္မကုသလိုလ်မှတ်တွေ စုဆောင်းရမယ်..."
ရှောင်ယုသည် ထိုအချိန်အားအလွန်မျှော်လင့်နေမိသည်။သူ့ထံတွင် ဖြိုဖျက်သူအခု၁၀၀သာရှိနေပါက လက်ရှိအခြေအနေသည် လုံးဝကွဲပြားသွားမည်ဖြစ်သည်။
ဤသို့ဖြင့် စစ်ပွဲသည်ဆက်လက်ဖြစ်ပွားနေခဲ့သည်။ရှောင်ယုဘက်မှ ထိခိုက်မှုများရှိနေသလို ဓားပြများကလည်း ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ရှောင်ယုသည် ဒဏ်ရာပြင်းထန်သောစစ်သားများကို ချက်ချင်းပင်ဆေးကုသမှုခံယူစေရန် အမိန့်ပေးခဲ့သည်။သူတို့သာအသက်ရှိနေသရွေ့ သူတို့အားကယ်တင်ရန်ကုသဆေးများကို အသုံးပြုနိင်ပေသည်။ထို့အပြင် ဒဏ်ရာရရှိထားသောစစ်ပြန်များသည် နောက်တိုက်ပွဲများတွင် သူတို့ရရှိထားသောအတွေ့အကြုံများကို အသုံးချမယ့်ဝါရင့်တပ်သားများဖြစ်လာမှာဖြစ်သည်။
တိုက်ပွဲကိုစောင့်ကြည့်နေသော စုဘာရူ၏မျက်လုံးများသည်လည်း တဖြည်းဖြည်းကျည်းမြောင်းလာခဲ့သည်။ခြင်္သေ့မြို့၏ခွန်အားမှလွဲ၍ အရာရာတိုင်းသည် သူမျှော်လင့်ထားသည့်အတိုင်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ဓားပြများသည် အဆက်မပြတ်သတ်ဖြတ်ခံနေရပြီး အရေအတွက်တစ်ခုအထိ စတင်ကျဆင်းနေပြီဖြစ်သည်။ထို့နောက် အစီအစဉ်၏ဒုတိယအဆင့်အား စတင်နိုင်မှာဖြစ်ကာ စုဘာရူသည်ဓားပြအားလုံးကိုပေါင်းစည်းပြီးနောက် ခြင်္သေ့မြို့အားလုံးဝဖျက်ဆီးပစ်မှာဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ စုဘာရူသည်ခြင်္သေ့မြို့၏ခွန်အားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
သူ၏ထောက်လှမ်းရေးသတင်းများအရ ခြင်္သေ့မြို့၌တပ်သား အမြောက်အများမရှိသင့်ပေ။ထို့ပြင် သူတို့အားလုံးသည် အသစ်စုဆောင်းခံထားရသူများနှင့်မတူဘဲ လက်ရွေးစင်တပ်သားများဟုပင် ထင်မှတ်ရပေသည်။
စုဘာရူသည် ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသူတစ်ဦးဖြစ်ရာ လက်ရွေးစင်တပ်သား၁၀၀၀၀ပါဝင်သော တပ်ဖွဲ့တစ်ခုအား တည်ဆောက်ရသည်မှာ မည်မျှခက်ခဲကြောင်း နားလည်ထားပေသည်။စုဘာရူ၏နားလည်မှုအရ ခြင်္သေ့မြို့ကဲ့သို့ကျဆင်းနေသော နယ်မြေတစ်ခုအနေဖြင့် ဤကဲ့သို့စစ်တပ်တစ်ခုအားဖွဲ့စည်းရန် နှစ်အနည်းငယ်၅နှစ်မှ၆နှစ်ခန့် အချိန်ယူရမှာဖြစ်သည်။
ထို့ပြင် ထိုသို့အချိန်ယူတည်ဆောက်လျင်ပင် လက်ရွေးစင်စစ်တပ်မဟုတ်ဘဲ ပုံမှန်စစ်တပ်တစ်ခုကိုသာ ရရှိမှာဖြစ်သည်။လက်ရွေးစင်အဆင့်စစ်တပ်တစ်ခုသည် စစ်ပွဲများစွာကိုဖြတ်ကျော်လာရပေမည်။ဆိုလိုသည်မှာ ရန်သူသည် လေ့ကျင့်ရေးအပိုင်းနှင့်လက်နက်ကိရိယာများ၌ များစွာအကုန်ကျခံထားခြင်းဖြစ်သည်။ထိုသို့ဆိုလျှင် ခြင်္သေ့မြို့သည် ထိုမျှများပြားသောရွှေပြားများအား မည်သို့မည်ပုံရရှိလာရသနည်းဟူသည် ရှုပ်ထွေးသောပြဿနာဖြစ်သည်။ရှောင်ယုသည် အလယ်အလတ်ဓားပြအုပ်စုများကို လုယက်ကာထိုရွှေပြားများကို ရရှိခဲ့သည်လား...ထိုသို့ဆိုလျှင်ပင် ထိပ်တန်းလက်ရွေးစင်တပ်သားများကို တစ်နှစ်ဟူသောအချိန်တိုအတွင်း ရရှိရန်မဖြစ်နိုင်ပေ။သူသည်ကြေးစားတပ်သားများကိုငှါးရမ်းခဲ့သည်လား...
မူလက ဓားပြအုပ်စုအားလုံးကို ဝါးမြိုပြီးနောက်တွင် ရှောင်ယုအားသတ်ဖြတ်ရန် လွယ်ကူလိမ့်မည်ဟု စုဘာရူယူဆထားသော်လည်း ယခုအခါရှောင်ယု၏ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သူပြန်လည်စဉ်းစားရန် လိုအပ်လာပုံရသည်။
ရှောင်ယုသည် လောင်းကြေးမှတဆင့်ရွှေပြားများစွာကို အနိုင်ရရှိခဲ့ပြီး စက်ပစ္စည်းကိရိယာများကို ဝယ်ယူရန်အတွက် အခြေစိုက်စခန်းများကိုမှီခိုအားထားခဲ့ကြောင်း မသိခဲ့ပေ။ထို့ပြင်ရှောင်ယုသည် စစ်တပ်အားကောင်းချီးပေးရန်အတွက် ပါလာဒင်ကိုအားကိုးခဲ့သည်။ထိုသို့မဟုတ်ပါက တပ်သားသစ်များသည် ဤတိုက်ပွဲ၌များစွာဒုက္ခရောက်မည်ဖြစ်သည်။
ယနေ့ခေတ်တွင် ပါလာဒင်များ၏အလင်းကောင်းချီးသည် ဆိတ်သုဉ်းသွားခဲ့ပြီဖြစ်သည်။ယခုအချိန်တွင် ပါလာဒင်၏အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းမှာ လူအနည်းငယ်၏ဒဏ်ရာများကို ကုသပေးရန်အတွက် ကောင်းချီးပေးခြင်းပင်ဖြစ်သည်။
ရှောင်ယုသည် သန်မာသောသူရဲကောင်းများကို အသုံးပြုကာလက်ရှိအခြေအနေအား ဖန်တီးနိုင်ခဲ့သည်။သူသာ ယခုလ်ိုအခြေအနေများကို မပိုင်ဆ်ိုင်ထားပါက ဤကဲ့သို့အောင်မြင်မှုမျိုးကိုရရှိမှာမဟုတ်ပေ။
"တိုက်ကြ...တိုက်ကြ..."
ဓားပြများက ကျယ်လောင်စွာလှမ်းအော်လိုက်သည်။ထိုအချိန်တွင် ဓားပြများနှင့်စစ်သည်အနည်းငယ်သည် အပြန်အလှန်တိုက်ခိုက်ကြရင်း ဓားပြများက မြို့ရိုးအစွန်နေရာရှိ ကွက်လပ်တစ်ခုအားသိမ်းပိုက်နိုင်ခဲ့သည်။ထိုနေရာသည် သူတို့အတွက်ယာယီခိုလှုံရာနေရာဖြစ်ကာ အသစ်စုဆောင်းထားသောတပ်သားများသည် ဓားပြများ၏အလုံးအရင်းဖိအားပေးတိုက်ခိုက်လာမှုကို မတောင့်ခံနိုင်ခဲ့ပေ။ဓားပြများသည် ထိုအခွင့်အရေးကိုမြင်မြင်ချင်း ချက်ချင်းပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ချင်ချဲကကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"ပထမဆုံးရိုင်ဖယ်တပ်ဖွဲ့...၂နာရီကိုချိန်...ပစ်..."
ဘန်း...ဘန်း...ဘန်း
ထိုအခိုက်အတန့်တွင် ဓားပြများသိမ်းပိုက်ထားသော မြို့ရိုးနေရာ၌သေနတ်သံများ ပဲ့တင်ထပ်လာခဲ့သည်။
တပ်သားများသည် မြို့ရိုးနံရံ၏ခံစစ်နေရာမှ နောက်ဆုတ်ပေးလိုက်ရသည်နှင့် ချင်ချဲ၏အမိန့်သံက ချက်ချင်းထွက်ပေါ်လာခဲ့ကာ ရိုင်ဖယ်တပ်သားများက အမိန့်ကိုနာခံ၍ ချက်ချင်းပစ်ခတ်ခဲ့ကြသည်။
"ဒုတိယရိုင်ဖယ်တပ်ဖွဲ့...၂နာရီကိုချိန်...ပစ်..."
ချင်ချဲသည်နောက်ထပ်တစ်ကြိမ် အမိန့်ပေးလိုက်ပြီးနောက်တွင် သေနတ်သံများကဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ဓားပြများသည် ရိုင်ဖယ်များကိုမည်သည့်အခါကမှ မတွေ့မြင်ဖူးခဲ့ပေ။ဓားပြများသည် သူတို့၏လူများရုတ်တရက်ထူးဆန်းစွာသေဆုံးမှုကြောင့် ကြောင်အသွားခဲ့ကြကာ ထိတ်လန့်မှုကြောင့်နံရံပေါ်သို့ ပြေးတက်နေသော ခြေလှမ်းများပင်နှောင့်နှေးသွားခဲ့ရသည်။တစ်ချိန်တည်းမှာပင် ဂရင်းနှင့်ရှောင်ယုတို့သည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကို အသုံးပြုကာ ဓားပြများကိုတိုက်ခိုက်လိုက်ကြသည်။
ရှောင်ယုနှင့်ဂရင်းတို့၏လုပ်ရပ်သည် အသစ်စုဆောင်းထားသော စစ်သားများအပေါ် ကျရောက်နေသည့်ဖိအားများကိုသက်သာရာရစေခဲ့သည်။ချင်ချဲ၏တိုက်ခိုက်မှုများသည် ဓားပြများအားတံတိုင်းဆီသို့ တက်မလာနိုင်အောင် ခေတ္တဟန့်တားထားနိုင်ရာ တပ်သားသစ်များသည် လက်ကျန်ဓားပြများက်ို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
တိုင်ရန်ဒီကလည်း သူမ၏လေးနှင့်မြှားကိုအသုံးပြုကာ ဓားပြများ၏အသက်ကိုနှုတ်ယူနေခဲ့သည်။
ယခုအခါ ဓားပြများ၏ယာယီခြေကုပ်နေရာသည် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။သို့သော် ဓားပြများသာတံတိုင်းပေါ်၌ အခိုင်အမာခြေကုပ်ယူလိုက်နိုင်ပါက စစ်ပွဲ၏ချိန်ခွင်လျှာသည် ချက်ချင်းတစ်ဖက်စောင်းနင်းပြောင်းလဲသွားနိုင်ပေသည်။ဓားပြများသာ ခြေကုပ်ရသွားပါက သူတို့အတွက်အောင်နိုင်ရန်အခွင့်အရေး ပိုများလာမည်ဖြစ်၍ ရူးသွပ်မှုနှင့်အတူ နောက်မဆုတ်တမ်းတိုက်ခိုက်ကြမည်ဖြစ်သည်။
ဓားပြများသည် မြို့နံရိုးပေါ်တွင် နှစ်ကြိမ်တိတိခြေကုပ်ယူနိုင်ခဲ့သော်လည်း နှစ်ကြိမ်လုံးစွန့်ခွာခဲ့ရသည်။မွန်းလွဲပိုင်းသို့ရောက်ချိန်တွင် စုဘာရူကနောက်ဆုတ်ရန် အမိန့်ပေးလိုက်ရသည်။
ဓားပြများသည် အကျင့်စရိုက်နိမ့်ပါးကာ ပင်ပန်းနေကြပြီဖြစ်သည်။တိုက်ပွဲအဆုံးသတ်တွင် ရှောင်ယုဘက်မှအသစ်စုဆောင်းထားသော တပ်သား၁၀၀၀ကျော်ဆုံးရှုံးခဲ့ရကာ ဓားပြ၁၄၀၀၀ကျော်ကိုသတ်ဖြတ်နိုင်ခဲ့သည်။
ပထမဆုံးတိုက်ပွဲသည် တပ်သားသစ်များ၏ခွန်အားကို သက်သေပြနိုင်ခဲ့သော်လည်း သူတို့ထံတွင်တိုက်ပွဲအတွေ့အကြုံမရှိခဲ့ပေ။သူတို့သည် ပါလာဒင်၏ကောင်းချီးနှင့်အတူ အကောင်းဆုံးသောလက်နက်ချပ်ဝတ်များ၊မြေပြင်အနေအထားတို့အား ပိုင်ဆိုင်ထားသော်လည်း သူတို့၏တိုက်ပွဲအတွေ့အကြုံသည် အလွန်နိမ့်ပါးနေသေးသည်။
မည်သို့ပင်ဆိုစေ ဤတိုက်ပွဲအပြီးတွင် ရှောင်ယုသည် တပ်ကြပ်ကြီးအဆင့်သို့ရောက်ရှိလာခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ယခုအခါ သူသည်အခြေစိုက်စခန်းများကို ဒုတိယအဆင့်သို့မြင့်တင်နိုင်ပြီဖြစ်သည်။