အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း ၁၃၆ - အငြင်းပွားခြင်း
သွေးများသည် မြေကြီးကိုဖုံးလွှမ်းသွားသော်လည်း တိုက်ပွဲကဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။အာရုဏ်ဦးနေရောင်ခြည်သည် ထွန်းလင်းတောက်ပလာချိန်၌ အနီရောင်မြေကြီးကရောင်ပြန်ဟပ်နေခဲ့သည်။
စုဘာရူသည် ကြိုတင်ပြင်ဆင်မှုမရှိ၍ ဆုံးရှံးမှုကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း တဖြည်းဖြည်းတည်ငြိမ်စပြုလာခဲ့သည်။အခြားသောဓားပြများသည် သူ၏တပ်များကိုနှစ်ပိုင်းခွဲကာ ဝိုင်းထားကြသည်။တပ်ဖွဲ့တစ်ခုအား စုဘာရူမှအမိန့်ပေးနေကာ ကျန်တပ်ဖွဲ့အားသူ၏လူယုံဖြစ်သူ ထို့ပါမှအမိန့်ပေးနေလေသည်။
စုဘာရူသည် ဓားပြများအားလုံးစုပေါင်းတိုက်ခိုက်လာလျှင်ပင် ကြောက်ရွံ့မှုမရှိပေ။သူ၏တပ်များသာရှိနေသရွေ့ ဓားပြများအားလုံးကိုသတ်ဖြတ်နိုင်မည်ဟု သူယုံကြည်မှုအပြည့်ရှိသည်။သို့သော်လည်း ဤပုန်ကန်မှုသည် ရုတ်တရက်ဖြစ်ပွားလာခဲ့ပြီး မည်သည့်သဲလွန်စမှမရခဲ့ပေ။ထို့ပြင် မကြာသေးမှီရက်များအတွင်းက အခြေအနေတည်ငြိမ်နေသည်ဟု စုဘာရူကောက်ချက်ချမိသည်။ထို့ကြောင့် စုဘာရူသည်မဝေးလှသောအနာဂတ်တွင် ဓားပြအုပ်စုအားလုံးက်ိုထိန်းချုပ်ရန် ရှေ့တိုးလုပ်ဆောင်တော့မည်ဖြစ်သည်။
ထိုသို့ပြင်ဆင်နေချိန်တွင် ဤပုန်ကန်မှုကိုကြုံတွေ့ရခြင်းသည် ကပ်ဆိုးကြီးသဖွယ်ဖြစ်သည်။ယခုအချိန်တွင် သူကြိုတင်ချမှတ်ထားသော အကာအကွယ်မှန်သမျှကျိုးပျက်နေခဲ့သလို သူစိတ်ကူးမယဉ်နိုင်သည့် အဆိုးဆုံးအခြေအနေကို ကြုံတွေ့နေရသည်။ယခုအခါ စုဘာရူ၏တပ်ဖွဲ့ဝင်ထက်ဝက်ကျော် သေဆုံးသွားခဲ့ပြီဖြစ်သည်။
စုဘာရူသည် ထောင့်တစ်နေရာတွင် အခြေချကာ ခုခံနေခဲ့ပြီး ဓားပြများသည် ထိုနေရာအားကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်သေးပေ။ရှောင်ယုသည် လျှပ်စီးပေနှင့်အခြားသူများအား လှံပစ်စက်များနှင့်အခြားသောလက်နက်ကြီးများအား သယ်ဆောင်လာပေးရန် တောင်းဆိုခဲ့သည်။ဤသို့ဖြင့် စုဘာရူသည်ထိုလက်နက်ကြီးများ၏ တိုက်ခိုက်ခံရမှုကြောင့် ထောင့်တစ်နေရာသို့တွန်းပို့ခံရကာ ထို့ပါသည်လည်း သေဆုံးခဲ့ရသည်။သူတို့ထံတွင် ရှောင်ယုတို့ကဲ့သို့အခြားသောတာဝေးပစ်လက်နက်များကို စုစည်းနိုင်ရန်အခွင့်အရေးမရခဲ့ပေ။ရှောင်ယုသည် တိုက်ပွဲမစမှီကပင် စခန်းတွင်းရှိတာဝေးပစ်လက်နက်အားလုံးကို စုစည်းရန်တောင်းဆိုခဲ့ပြီး လျှပ်စီးပေတို့ကချက်ချင်းလုပ်ဆောင်ခဲ့သည်။
ရှောင်ယုသည် လှံပစ်စက်များနှင့် အခြားသောတာဝေးပစ်လက်နက်များကို အသုံးပြုရာတွင်ဦးဆောင်ခဲ့ပြီး ထိုတပ်ဖွဲ့အားသူကိုယ်တိုင် အမိန့်ပေးခဲ့သည်။
"ပထမအတန်း တိုက်ခိုက်...ဒုတိယအတန်း တိုက်ခိုက်"
ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ် အမိန့်ပေးနေခဲ့သည်။တာဝေးပစ်လက်နက်များ၏ ပြင်းထန်သောပစ်ခတ်မှုသည် သူတို့၏အခန်းကဏ္ဍကိုလျင်မြန်စွာ ဆောင်ရွက်ခဲ့သည်။စုဘာရူ၏တပ်များဖွဲ့စည်းပုံသည် ချက်ချင်းရှုပ်ထွေးသွားခဲ့ပြီး ဓားပြများသည်စုဘာရူကိုသတ်ဖြတ်ရန်အတွက် ထိုအခွင့်အရေးကိုအရယူခဲ့သည်။
စုဘာရူသည် ခုခံနေရင်းတန်းလန်းဖြင့် ကျယ်လောင်စွာကျိန်ဆဲလိုက်သည်။
"ကျန်းရှန်...ခွေးကောင်...ငါကမင်းကိုငါ့ရဲ့တောင်ပံအောက်မှာ ကောင်းကောင်းမွန်မွန်ထားခဲ့ပေမဲ့ မင်းကငါ့ကိုအန္တာရယ်ပြုဖို့အခြားသူတွေနဲ့အတူတူ ကြံစည်ရဲတယ်ပေါ့...ဘာကြောင့်ဒီလိုလုပ်တာလဲ"
စုဘာရူသည် လက်ရှိအချိန်တွင် ရှောင်ယု၏အရေပြားက်ိုအရှင်လတ်လတ် ဆွဲစုတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုကကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းငါ့ကိုအပြစ်တင်နေရတာလဲ...စုဘာရူ...မင်းကငါတို့အားလုံးကိုဝါးမြိုဖို့အတွက် နည်းလမ်းပေါင်းစုံကိုအသုံးပြုခဲ့တာလေ...မင်းကငါ့ကိုအခြားခေါင်းဆောင်တွေကိုလုပ်ကြံဖို့ တာဝန်ပေးခဲ့သေးတာပဲ...မင်းကတော်တော်လေးကိုစက်ဆုပ်ရွံရှာဖို့ကောင်းတဲ့လူပဲ...မင်းကဒီနေ့ခေါင်းဆောင်တစ်ယောက်ကိုသတ်ပြီးရင် နောက်တစ်နေ့မှာအလှည့်ကျလာမှာက ငါဖြစ်လာနိုင်တယ်...ငါကသေဆုံးမယ့်နေ့ကိုထိုင်စောင့်နေမယ့်သူမဟုတ်ဘူး...ငါ့ရဲ့ခုလုပ်ရပ်က ငါ့ကိုယ်ငါကာကွယ်ဖို့အတွက်ပဲ"
အခြားသောခေါင်းဆောင်များကလည်း ရှောင်ယု၏စကားကို ဝိုင်းဝန်းထောက်ခံကြသည်။
"ငါဘာမှမလုပ်ခဲ့ဘူး...ငါလိုချင်တာက အနောက်မြေရိုင်းဒေသမှာ အေးအေးချမ်းချမ်း အခြေချလို့ရမယ့်နေရာလေးတစ်ခုလိုချင်ရုံပဲ...မင်းကပဲခုလိုပရမ်းပတာအခြေအနေရောက်အောင် ဖန်တီးခဲ့တာမဟုတ်လား...မင်းမှာသက်သေပြစရာအထောက်အထားရှိလား"
စုဘာရူသည် ချက်ချင်းပင်ငြင်းဆန်လိုက်သည်။
ထိုအချိန်တွင် ဖေးကကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"စုဘာရူ...မင်းကအထောက်အထားလိုချင်သေးတာလား..အစ်ကိုရှန်ကသာ ငါ့ကိုမကူညီရင် မနေ့ကငါအသတ်ခံရလိမ့်မယ်...ဒါကအကောင်းဆုံးသက်သေပဲ"
စုဘာရူသည် ထိုကိစ္စကိုဝန်မခံဘဲ ဆက်လက်ငြင်းဆန်နေခဲ့သည်။
"ဖေး...ငါမင်းကိုသတ်ဖို့ဘယ်တုံးကမှ အစီအစဉ်မရှိခဲ့ဘူး...ငါဘယ်သူ့ကိုမှလည်းအမိန့်မပေးဖူးခဲ့ဘူး...ဒါကအခြားသူတွေရဲ့သစ္စာမဲ့တဲ့လုပ်ရပ်ပဲ"
ဖေးက ဒေါသတကြီးပြန်အော်လိုက်သည်။
"မင်းရဲ့လက်အောက်ခံဖြစ်တဲ့ဟွေ့နဲ့တခြားကောင်တွေက ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တာကို ငါကမမြင်ရလောက်အောင် ငါ့ကိုကန်းနေတယ်လို့ပြောချင်တာလား"
"ဖေး...မင်းငါ့ကိုယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးဘူး...ငါဘယ်လိုညွန်ကြားချက်မျိုးကိုမှ ခုတလောမထုတ်ပြန်ဖူးဘူး...ဒါကဘေးလူရဲ့ကြံစည်မှုပဲ...ဟွေ့ကငါ့လူဆိုပေမဲ့ ခုတလောသု့ရဲ့လုပ်ရှားမှုတွေကမူမမှန်လို့ ငါသူ့ကိုရှင်းထုတ်ဖို့ကြံစည်နေတာပဲ....ငါ့အမြင်ပြောရမယ်ဆိုရင် သူ့ကိုအခြားတစ်ယောက်ယောက်ကစည်းရုံးလိုက်ပြီး ဒီပူးပေါင်းဆောင်ရွက်မှုမှာ ငါ့ကိုအထင်လွဲအောင်လုပ်ဆောင်ခဲ့တယ်လို့ ငါယုံကြည်တယ်"
စုဘာရူသည် ယခုထိတိုင်အောင် ထိုကိစ္စအားလုံးဝဝန်ခံခြင်းမရှိခဲ့ပေ။
"ဟားဟား...စုဘာရူ... မင်းဘယ်လိုပဲငြင်းငြင်း...အချက်အလက်တွေအကုန်လုံးက စားပွဲပေါ်မှာရှိနေတာပဲ...ငါတို့ကမင်းကိုယုံမယ်လို့ မင်းထင်နေသေးတာလား...ခေါင်းဆောင်တို့ စုဘာရူကခုချိန်မှာ တမင်သက်သက်အချိန်ဆွဲနေတာပဲ ခုချိန်မှာသူဘာတွေစဉ်းစားနေသလဲဆိုတာကို ဘုရားသခင်ကပဲသိနိုင်လိမ့်မယ်...ငါတို့သူ့ကိုမြန်မြန်သတ်ဖြတ်ပြီးတော့ နောင်လာမယ့်ဘေးကိုကြိုပြီးရှင်းထားရမယ်"
ရှောင်ယုသည် ကျယ်လောင်စွာရယ်မောလိုက်ကာ ခေါင်းဆောင်များကိုတိုက်တွန်းလိုက်သည်။
ရှောင်ယု၏ပထမဆုံးစကားလုံးအနည်းငယ်သည် ခေါင်းဆောင်များ၏နားထဲတွင် အဓိပ္ပါယ်မရှိခဲ့ပေ။သို့သော်လည်း သူ၏နောက်ဆုံးစကားလုံးများက သူတို့အားရူးသွပ်သွားစေခဲ့သည်။ထို့ပြင် သူတို့သည်ဤအဆင့်ထိရောက်လာပြီဖြစ်၍ နောက်ဆုတ်၍မရတော့ပေ။သူတို့အတွက် တစ်ခုတည်းသောရွေးချယ်စရာမှာ စုဘာရူက်ိုသတ်ဖြတ်ရန်ဖြစ်သည်။
ဤသို့ဖြင့်ခေါင်းဆောင်များအားလုံးသည် ရှောင်ယု၏အကြံအစည်အတိုင်း သူတို့၏အုပ်စုများကိုအမိန့်ပေးကာ အစွမ်းကုန်စတင်တိုက်ခိုက်ခဲ့ကြသည်။
လင်းယုန်စခန်းရှိ အဆောက်အဦးများစွာသည် မီးလောင်ပြာကျနေပြီဖြစ်သည်။ဓားပြများသည် ထိုအပျက်အစီးများအကြားတွင် ပြင်းထန်စွာတိုက်ပွဲဝင်နေခဲ့ကြသည်။စုဘာရူနှင့်တပ်များသည် အထဲ၌ပိတ်ဆို့ခံနေရရာ ယခုတိုင်းဆက်သွားနေပါက သူသေဆုံးရတော့မည်ကို သိရှိထားသည့်စုဘာရူသည် အံကိုတင်းတင်းကြိတ်ကာ ရှောင်ယုကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ထို့နောက် စုဘာရူသည် ပိတ်ဆို့ထားသည်တို့အား ဖောက်ထွက်ရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲစွမ်းအင်များအားလုံးကို အသုံးပြုခဲ့ကာ ထောင့်ဖြတ်ခုန်တက်လိုက်သည်။
ရှောင်ယုသည် စုဘာရူထွက်မပြေးနိုင်အောင် အခြားခေါင်းဆောင်များကို သေချာပိတ်ဆို့ထားစေခဲ့သော်လည်း စုဘာရူသည်သန်မာပြီး ညဏ်ရည်ထက်မြက်သူဖြစ်သည်။သူသည် ယနေ့လိုအခြေအနေမျိုးကြုံတွေ့လာရပါက ထွက်ပြေးရန်လမ်းကြောင်းအနည်းငယ်ကို ကြိုတင်ပြင်ဆင်ထားပြီး ယခုလည်းထိုလမ်းကြောင်းလေးတစ်ခုကို ထုတ်သုံးကာထွက်ပြေးနိုင်ခဲ့သည်။ဓားပြများသည် စုဘာရူ၏နောက်သို့လုံးဝလိုက်မမှီခဲ့ကြပေ။
ရှောင်ယုသည် ပိုမိုအရေးကြီးသောအရာများရှိနေသေးသောကြောင့် စုဘာရူကိုဂရုစိုက်ရန် အချိန်မရှိပေ။စုဘာရူ၏တပ်များသည် သူတို့၏ခေါင်းဆောင်ထွက်ပြေးလွတ်မြောက်သွားပြီးနောက်တွင် တိုက်ခိုက်လိုစိတ်ပျောက်ဆုံးကာ လက်နက်ချလိုက်ကြသည်။
ဤသို့ဖြင့် ပုန်ကန်သောဓားပြများသည် အောင်ပွဲဆင်နိုင်ခဲ့သော်လည်း တိုက်ပွဲပြီးဆုံးချိန်တွင် အသေးစိတ်ရလဒ်အား တွက်ချက်ရာတွင်ကြေကွဲဖွယ်ရလဒ်ကိုသာ တွေ့မြင်ရသည်။ဤတိုက်ပွဲတွင် ဓားပြများ၏ဆုံးရှံးမှုသည် အလွန်ကြီးမားပေသည်။
ရန်သူ၁၀၀၀အားသတ်ဖြတ်ရန် မိမိဘက်မှ၈၀၀အသေခံခြင်းဟူသည့်စကားစုသည် ယခုလိုအခြေအနေအားဖော်ပြရန် အသင့်တော်ဆုံးဖြစ်သည်။ကနဦးတွင် လင်းယုန်စခန်း၌ဓားပြ၁၀၀၀၀၀ကျော်ရှိနေသေးသော်လည်း ဤတိုက်ပွဲအပြီး၌အရေအတွက် ၂၀၀၀၀အောက်သာကျန်ရှိခဲ့သည်။
မည်သို့ပင်ဆိုစေ အောင်ပွဲသည် အောင်ပွဲသာဖြစ်သည်။ယခုအခါ ပုန်ကန်မှု၌ပါဝင်သော ဓားပြခေါင်းဆောင်များသည် ရာစုနှစ်တစ်ခုကျော်ကြာစုဆောင်းလာခဲ့သော လင်းယုန်စခန်း၏ပစ္စည်းဥစ္စာများကို စတင်ခွဲဝေရယူနိုင်ပြီဖြစ်သည်။ထိုခေါင်းဆောင်များအဖို့ ငွေကြေးဟူသောပိုင်ဆိုင်မှုရှိသရွေ့ အရာရာတိုင်းအဆင်ပြေပေသည်။
ထို့နောက် ဓားပြများသည် လက်နက်ချသောဓားပြများကို စတင်၍ဖမ်းဆီးခဲ့ကြသည်။နောက်ပိုင်းတွင် ခေါင်းဆောင်အချင်းချင်း လင်းယုန်စခန်း၏ ပစ္စည်းဥစ္စာများကို ခွဲဝေရယူရာ၌ အဝေမတည့်ဖြစ်လာခဲ့ကြကာ ချက်ချင်းပင်ရန်ထဖြစ်သည်အထိ ဆိုးရွားလာခဲ့သည်။
သို့သော်လည်း ထိုနေ့၌ ရှောင်ယုပျောက်ကွယ်သွားသည်ကို မည်သူကမှသတိမထားမိခဲ့ပေ။
အခန်း ၁၃၇ - အကြီးမြတ်ဆုံးသောအရှင်သခင်
ဓားပြခေါင်းဆောင်များသည် အချင်းချင်းရန်ဖြစ်နေကြသည့်အချိန်တွင် ကောင်းကင်ယံ၌ တိမ်မည်းကြီးတစ်ခုသည် လင်းယုန်စခန်းအားဦးတည်၍ ရွေ့လျားလာခဲ့သည်။ထိုတိမ်မည်းကြီးသည် နေကိုဖုံးလွှမ်းသွားခဲ့ကာ ကမ္ဘာကြီး၏အဆုံးသတ်ကိုရောက်ရှိနေသလို ခံစားရစေခဲ့သည်။လူတိုင်းသည် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ရာ အံ့သြမင်သက်သွားခဲ့ရသည်။
စူးရှသော အမြင်ရှိသည့်ဓားပြများသည် ထိုတိမ်မည်းကြီးအား ပျံသန်းနေသောသားရဲများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့မြင်လိုက်ရသည်။ထိုပျံသန်းနေသောသားရဲများပေါ်၌ ညစ်ပတ်သောမျက်နှာပေးရှိသည့် မှင်စာတစ်ကောင်ထိုင်နေလေသည်။ရုတ်ချည်းဆိုသလိုပဲ နောက်ဆုံးစစ်ပွဲကြီးတွင် ကောင်းကင်ပေါ်၌ပျံသန်းန်ိုင်သောသားရဲ အမြောက်အများကိုတွေ့ရှိခဲ့သည်ဟူသော အခြားသူများ၏စကားကို ပြန်လည်သတိရလာကြသည်။
ယခင်က ထိုလူများ စိတ်ဂယောင်ခြောက်ခြားဖြစ်နေသည်ဟု သူတို့ထင်ခဲ့သော်လည်း ယခုမူမှန်ကန်နေပုံရသည်။
သူတို့သည် ပျံသန်းနိုင်သောသားရဲများစွာနှင့် ရင်ဆိုင်ရသောအခါတွင် ဘာဆက်လုပ်ရမှန်း မသိကြပေ။ဤတိုက်ကြီးတွင် လေကြောင်းတပ်များပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ထို့ကြောင့် ယခုလိုလေကြောင်းချီတပ်များကိုတိုက်ခိုက်ရန် သင့်တော်သောလက်နက်များရှိမနေခဲ့ပေ။ဓားပြများသည် ထိတ်လန့်စွာဖြင့်ကောင်းကင်ကို မော့ကြည့်နေချိန်တွင် လင်းနို့စီးနင်းသူများသည် ဓားပြများ၏ဦးခေါင်းပေါ်သို့ရောက်ရှိလာကာ မီးတောက်ဆီဗုံးများကို စတင်ပစ်ချလိုက်သည်။မီးတောက်ဆီဗုံးများသည် မြေပြင်ကိုကျသည်နှင့်တပြိုင်နက် မီးတောက်များသည်မြေပြင်ကို လွှမ်းခြုံသွားခဲ့ကာ ငြိမ်းလုနီးပါးဖြစ်နေသောမီးက တဖန်ပြန်လည်အားကောင်းလာခဲ့သည်။
ဓားပြများသည် ကျယ်လောင်စွာအော်ဟစ်ကာ စတင်ထွက်ပြေးကြတော့သည်။နောက်ဆုံးအကြိမ် ဗုံးကြဲမှုဒဏ်ကိုခံစားဖူးသူများသည် သူတို့၏ကြောက်လန့်စိတ်အား မထိန်းချုပ်နိုင်တော့ပေ။မီးတောက်ဆီဗုံးများသည် အဆင့်၅သို့ရောက်ရှိနေပြီဖြစ်ရာ ထိရောက်မှုသည် ယခင်တစ်ကြိမ်ထက် ၂ဆခန့်ပိုမ်ိုပြင်းထန်ပေသည်။ဓားပြများသည် ဗုံးကြဲမှုဒဏ်မှလွတ်မြောက်ရန်အတွက် အဆောက်အဦးများ၏နောက်ကွယ် သို့မဟုတ် အကာအရံများအောက်တွင် ပုန်းအောင်းနေကြရသည်။မီးတောက်ဆီဗုံးများသည် အဆောက်အဦးများကို မဖျက်ဆီးနိုင်၍သူတို့အတွက် ခိုလှုံရန်အကောင်းဆုံးနေရာများဖြစ်သည်။သို့သော်လည်း ပုန်းအောင်းနေသောဓားပြများသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့ကြသည်။
ပုန်းအောင်းနေသော ဓားပြအချို့သည် ထူးဆန်းသောဟိန်းဟောက်သံများကို ကြားလိုက်ရချိန်တွင် သူတို့၏မျက်နှာများဖြူဖျော့သွားကြသည်။နောက်ဆုံးစစ်ပွဲ၌ပါဝင်ဖူးသူများကသာ ထိုအိပ်မက်ဆိုး၏အသံများကိုနားလည်ကြပေသည်။အောစ့်များသည် ဓားပြများကိုသတ်ဖြတ်ရန်အတွက် လင်းယုန်စခန်းသို့အလျင်အမြန်ပြေးဝင်သွားကြသည်။ဓားပြများသည် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဖြတ်သန်းအပြီးတွင် အလွန်အသေအပျောက်များခဲ့ပြီး ပင်ပန်းနွမ်းနယ်နေကြသည်။အောစ့်များသည် လင်းယုန်စခန်းသို့ရောက်သောအခါ သူတို့ကိုခုခံတိုက်ခိုက်ရမယ့်အစား ထွက်ပြေးရန်သာရွေးချယ်ခဲ့ကြသည်။
ရှောင်ယုသည် လင်းယုန်စခန်း၏ခန်းမဆောင်ထိပ်၌ ရပ်နေရင်း အောစ့်များ၏တိုက်ပွဲကိုကြည့်ရှုနေခဲ့သည်။သူသည် ထိုနေရာမှနေ၍ သူ၏တပ်များကိုကောင်းစွာထိန်းချုပ်ထားနိုင်ခဲ့သည်။သူသည် ဤလှုပ်ရှားမှုအပြီးတွင် လင်းယုန်စခန်းကိုကောင်းစွာဖျက်ဆီးနိုင်မည်ဟု ယုံကြည်ခဲ့သည်။
အရေအတွက် ၁၀၀၀ကျော်သော အောစ့်များနှင့်ခြေလျင်တပ်သားများသည် သူ၏အဓိကအင်အားစုများဖြစ်ကြသည်။ထိုသို့သောတိုက်ပွဲမျိုးတွင် တိုက်ခိုက်ရန်သူတို့ထက်သင့်လျော်သော တပ်သားမရှိပေ။အောစ့်၁ကောင်သည် အနည်းဆုံးဓားပြ၁၀ယောက်ကိုသတ်ဖြတ်နိုင်ပေသည်။နောက်ဆုံးစစ်ပွဲတွင် တပ်သားသစ်၄၀၀၀သည် သွေးဖြင့်ဆေးကြောခံရပြီးနောက် အရည်အသွေးပြည့်မှီသော စစ်သားများဖြစ်လာကြသည်။သူတို့သည် အကြွင်းအကျန်ဓားပြများအား အခက်အခဲမရှိသတ်ဖြတ်နိုင်ခဲ့ပြီး အသစ်စုဆောင်းထားသောတပ်သားသစ်၁၀၀၀၀သည်လည်း ဓားပြများကိုသတ်ဖြတ်ရန် ဝင်ရောက်လာခဲ့ကြသည်။
ရှောင်ယုက သူသည်အောင်ပွဲတစ်ခုကို ရရှိရန်သေချာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ယခုအခါတွင် သူသည်အသစ်စုဆောင်းထားသော တပ်သားသစ်များကို လေ့ကျင့်ပေးရန်အတွက် ဤစီးနင်းမှုကိုအသုံးချရန်စီစဉ်ထားခဲ့သည်။
အောစ့်စီးနင်းသူများသည် သူတို့၏အရှိန်အဟုန်နှင့်ရွေ့လျားနိုင်စွမ်းတို့ကြောင့် သူတို့သည်အဓိကတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သောဓားပြများကို သတ်ဖြတ်ခဲ့ကြသည်။ဓားပြများသည် လင်းယုန်စခန်း၏နေရာအနှံ့အပြား၌ ထွက်ပြေးနေကြသလို ပုန်းအောင်းရန်ကြိုးပမ်းနေသောဓားပြများဆီသို့လည်း အောစ့်များကိုညွန်ပြနေသူများရှိနေကြသည်။
ဓားပြများသည် တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းချိန်တွင် ခြေလျင်တပ်သားများက လေးသမားများအားအမြဲကာကွယ်ပေးနေခဲ့သည်။လေးသမားများသည် အနီးကပ်တိုက်ပွဲ၌အားကောင်းလွန်းသောကြောင့် လေးသမားတစ်ဦးသေဆုံးသွားလျှင်ပင် သူဆုံးရှံးမှုကိုမခံနိုင်ကြောင်း ရှောင်ယုခံစားမိသည်။
ရှောင်ယု၏အမာခံမြင်းတပ်သား ၅၀၀ခန့်သည်လည်း ဓားပြများကိုသတ်ဖြတ်ရန် ဆက်လက်လုပ်ဆောင်နေခဲ့သည်။
"ကျန်းရှန်...မင်းကလူယုတ်မာပဲ မင်းငါတို့ကိုလှည့်စားခဲ့တယ်..."
လူတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၍ ရှောင်ယုသည် အသံလာရာဘက်လှည့်ကြည့်လိုက်ရာ လျှပ်စီးပေကိုတွေ့လိုက်ရသည်။
လျှပ်စီးပေသည် ခန်းမဆောင်၏ထိပ်တွင်ရပ်နေကာ အောစ့်များကိုအမိန့်ပေးနေခဲ့သော ရှောင်ယုကိုသတိထားမိလိုက်သည်။ထိုအခါမှ ရှောင်ယုသည် လင်းယုန်စခန်းအားဝင်ရောက်စီးနင်းရန်အတွက် ခြင်္သေ့နယ်မြေသခင်က စေလွှတ်လိုက်သူဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။ထိုသို့နားလည်သွားချိန်တွင် သူပြုလုပ်ခဲ့သောလုပ်ရပ်အားလုံး၏ အကြောင်းနှင့်အကျိုးအပြစ်ကို ခံစားသိရှိလာခဲ့သည်။
ရှောင်ယုသည် သူ့မျက်နှာပေါ်မှ မုတ်ဆိတ်မွှေးများကို ဖယ်ရှားပြလိုက်သည်။
"ကျန်းရှန်...ငါကကျန်းရှန်လို့တကယ်ထင်နေတာလား...မိတ်ဆက်တာ နည်းနည်းနောက်ကျသွားလို့ စိတ်မရှိပါနဲ့အစ်ကိုပေ...ငါ့ရဲ့အထောက်အထားအမှန်က ခြင်္သေ့နယ်မြေရဲ့သခင်ဖြစ်တဲ့ရှောင်ယုပဲ"
"မင်းကရှောင်ယုလား...."
ကျန်းရှန်သည် ရှောင်ယုဖြစ်နေလိမ့်မည်ဟု လျှပ်စီးပေမတွေးဖူးခဲ့ပေ။သူသည် လင်းယုန်စခန်းသို့စိမ့်ဝင်ထိုးဖောက်ရန် သခင်ဖြစ်သူစေလွှတ်လိုက်သော လက်အောက်ငယ်သားတစ်ဦးသာဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ခိုင်ရင်းသည် လျှပ်စီးပေထံအပြေးဝင်ရောက်လာကာ သူ၏ပုဆိန်ကြီးကိုဝှေ့ယမ်းလိုက်သည်။လျှပ်စီးပေသည် ထိုတိုက်ခိုက်မှုအား မခုခံနိုင်ဘဲ နှစ်ပိုင်းကွဲသွားခဲ့သည်။ခိုင်ရင်း၏တိုက်ခိုက်မှုများသည် အလွန်အားကောင်းလှပြီး အဆင့်မြင့်သူရဲကောင်းများသည်ပင် သူ၏ပြိုင်ဘက်မဟုတ်ပေ။သူ၏ခန္ဓာကိုယ်သည် အလွန်ပင်ကြီးမားလှပြီး သူ၏ပုဆိန်ကြီးသည် သားသတ်ဓားမတစ်ချောင်းနှင့်တူပေသည်။အတိုချုပ်ပြောရလျှင် ခိုင်ရင်းသည် စစ်မြေပြင်၌ရွေ့လျားနိုင်သော ခံတပ်တစ်ခုနှင့်တူပေသည်။
ခိုင်ရင်းသည် လျှပ်စီးပေကိုသတ်ဖြတ်ပြီးနောက် ရပ်တန့်ရန်စိတ်ကူးမရှိသေးပေ။သူသည် နောက်ဆုံးဆင့်ခေါ်ခံသူရဲကောင်းဖြစ်ရာ သူ၏အဆင့်သည် အခြားသူရဲကောင်းများထက် သိသိသာသာနိမ့်ကျနေပေသည်။ထို့ကြောင့် သူ့ကိုတတ်နိုင်သမျှ များများသတ်ဖြတ်ရန် ရှောင်ယုမှအမိန့်ပေးထားခဲ့သည်။တစ်နာရီမပြည့်မှီ အချိန်လေးတွင် ဓားပြများအားလုံးသည် သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည်။ရှောင်ယုသည် လင်းယုန်စခန်းကို တစ်ချက်ခြုံငုံကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
လင်းယုန်စခန်းသည် ခြင်္သေ့မြို့မတည်ထောင်မှီ နှစ်ပေါင်းများစွာကတည်းက တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။သူတို့သည် အနောက်မြေရိုင်းဒေသ၏ စစ်မှန်သောအုပ်စိုးသူများဖြစ်ကြကာ လွန်ခဲ့သောနှစ်ရာပေါင်းများစွာအတွင်း အမြောက်အများလုယက်ခဲ့ကြသည်။ယခုမူ အရာအားလုံးသည် ရှောင်ယုလက်ထဲကျရောက်လာခဲ့ပြီဖြစ်သည်။သာမန်အားဖြင့်ဆိုလျှင် လင်းယုန်စခန်းသည်သူ၏နယ်မြေထဲ၌ရှိနေ၍ ထိုစခန်းရှိအရာအားလုံးက်ို သူပိုင်ဆ်ိုင်သင့်သည်ဟု ရှောင်ယုယုံကြည်ထားသည်။
အောင်ပွဲရရှိအပြီးတွင် စစ်သားများသည်ရွှင်လန်းစပြုလာခဲ့သည်။ရှောင်ယု၏ဦးဆောင်မှုအောက်တွင် မည်သည့်အရာမှ မဖြစ်နိုင်သည်ဟူ၍မရှိကြောင်း ယုံကြည်ခဲ့ကြသည်။
အစောပိုင်းတွင် ကပ္ပတိန်ဟွေ့နှင့်မူလီတို့သည် လက်ရှိအခြေအနေအပေါ် အလွန်စိုးရိမ်နေခဲ့ကြသည်။သူတို့သည် ရေတိုအချိန်အတွင်း ဤဓားပြပြဿနာကိုဖြေရှင်းနိုင်စွမ်းမရှိဟု ယုံကြည်ထားကြသည်။တစ်ဖက်ရန်သူဓားပြများသည် အရေအတွက်၃၀၀၀၀၀နီးပါးခန့်ရှိပေရာ ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ထို့ကြောင့် သူတို့သည်အစောပိုင်းအချိန်များ၌ ခံစစ်ဖြင့်ခုခံထားကာ ၁၀နှစ်တာအချိန်အတွင်း ဓားပြများကိုဖြေးညင်းစွာချေမှုန်းရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော်လည်း ရှောင်ယုသည်ဓားပြများအားလုံးကိုသတ်ဖြတ်ကာ သူတို့၏ရတနာများကို သိမ်းပိုက်ရန်အတွက်လအနည်းငယ်သာ အချိန်ယူခဲ့ရသည်။ဤအရာသည် မည်သို့မှမဖြစ်နိုင်သောရလဒ်ဖြစ်သော်လည်း ရှောင်ယုကအောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့သည်။ရှောင်ယုသည် ဓားပြမဟာမိတ်ကိုပြိုကွဲစေရန်အတွက် မှန်ကန်သောနည်းလမ်းကိုအသုံးပြုခဲ့ကာ သူတိုအားလုံးကိုအလွယ်တကူရှင်းလင်းပစ်နိုင်ခဲ့သည်။
ထို့ပြင် ရှောင်ယုသည်ဓားပြစခန်းအတွင်းသို့ ကိုယ်တိုင်ဝင်ရောက်လှုပ်ရှားခဲ့ပြီး သူတို့၏တိုက်ခိုက်ရေးအစီအစဉ်များ ၊ တပ်များနေရာချထားမှုများ ၊ တပ်များ၏တည်နေရာများနှင့်ပတ်သက်သည့် အရေးကြီးသတင်းများကိုပေးပို့နိုင်ခဲ့သည်။ထို့ပြင် လေတပ်ယူနစ်များစွာကို ရုတ်တရက်ဖြန့်ကျက်နေရာချလိုက်ခြင်းသည် သူတို့၏အရိုင်းစိုင်းဆုံးသောအိပ်မက်များအတွင်း၌ပင် စိတ်ကူးမယဉ်နိုင်သောအရာဖြစ်သည်။
သူတို့သည် ဤပြဿနာကို အစပြုသောလင်းယုန်စခန်းကို အမြစ်ဖြုတ်ရှင်းလင်းရန် အခွင့်အလမ်းရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ရှောင်ယုသည် တိုင်ရန်ဒီအားသတင်းပေးပို့ခဲ့ပြီး လင်းယုန်စခန်းအားတိုက်ခိုက်ရန်အတွက် ခြင်္သေ့နယ်မြေ၏တပ်များကို စတင်အသုံးပြုလာခဲ့သည်။
သူတို့ထံတွင် တပ်ဖွဲ့ဝင်သောင်းချီသာပိုင်ဆိုင်ပြီး လင်းယုန်စခန်းကို ဝိုင်းရံထားမယ်ဆိုရင်တောင်မှ ရေတိုတွင်သိမ်းပိုက်နိုင်တော့မည်မဟုတ်ဟု သူတို့ယုံကြည်ထားခဲ့သည်။သို့သော်လည်း ရှောင်ယုသည်လုံးဝမဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့ရသော အိပ်မက်များကိုအကောင်အထည်ဖော်ပေးခဲ့သည်။ရှောင်ယုသည် တိုက်ပွဲတလျှောက်လုံးတွင် သူတို့အားအံ့သြစရာများကို ပြသခဲ့သည်။ယခုအခါ သူတို့သည်ရှောင်ယုအား စိတ်နှလုံးအောက်ခြေမှနေ၍ စတင်ယုံကြည်လာကြပြီဖြစ်သည်။
သူတို့၏အမြင်တွင် ရှောင်ယုသည် နတ်ဘုရားတစ်ပါးသဖွယ်ဖြစ်နေခဲ့သည်။
မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် စစ်သားများအားလုံးကို ဟိုးယခင်တုံးက ရှောင်ယုပြောခဲ့သောစကားများကို ပြန်လည်သတိရလာခဲ့သည်။
"ငါကဒီခေတ်မှာ အကြီးမြတ်ဆုံးသောအရှင်သခင်ဖြစ်လာတဲ့အတွက် ငါကမျိုးနွယ်စုတွေရဲ့ ဘုန်းကျက်သရေကိုတဖန်ပြန်လည်ထင်ရှားစေအောင် တာဝန်ယူထားတဲ့အတွက် အောစ့်တွေနဲ့နတ်သူငယ်တွေရဲ့နတ်ဘုရားတွေက ငါ့ကိုယုံကြည်စွာအပ်နှင်းခဲ့တယ်"
သူတို့သည် ရဲရင့်သောအောစ့်များ ၊ အံဝင်ခွင်ကျရှိသောလေးသမားများ ၊ လျင်မြန်သောမုဆိုးများကိုကြည့်ရင်း ထိုပြောဆိုချက်က မှန်ကန်နိုင်သည်ဟု ခံစားမိလာခဲ့သည်။
ရှောင်ယုသည် အကြီးမြတ်ဆုံးသောအရှင်သခင်မဟုတ်ပါက ရန်သူများကို အဘယ်ကြောင့်လွယ်လွယ်ကူကူအောင်နိုင်မည်နည်း...သူတစ်ယောက်တည်းက သောင်းနှင့်ချီသောလက်ရွေးစင်တပ်များထက် ပိုမိုအစွမ်းထက်ကာ ရန်သူများကိုဖြိုခွင်းနိုင်မည်နည်း...
ထိုအခိုက်အတန့်တွင် လူတိုင်း လူတိုင်းကျယ်လောင်စွာအော်ဟစ်၍ ကောင်းချီးပေးလိုက်ကြသည်။
"အရှင်မင်းကြီးက အကြီးမြတ်ဆုံးသောအရှင်သခင်...အရှင်က အကြီးမြတ်ဆုံးသောအရှင်သခင်ပဲ..."
အခန်း ၁၃၈ - လျင်မြန်စွာဖွံဖြိုးတိုးတက်မှု
လင်းယုန်စခန်းကို သုတ်သင်ရှင်းလင်းခြင်းဖြင့် ထူးခြားသောရလဒ်များထွက်ပေါ်လာစေခဲ့သည်။သူတို့သည် လင်းယုန်စခန်း၌စုရုံးနေသော ဓားပြများအားလုံးကို သုတ်သင်နိုင်ခဲ့ရုံသာမက ငွေကြေးအကျိုးအမြတ်အရလည်း ရှောင်ယုသည်ရွှေပြားတစ်ခုတည်းပင် သန်း၄၀ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ထိုပမာဏကိုသိရချိန်တွင် သူ၏နှလုံးခုန်သံများသည် ရပ်တန့်လုနီးနီးဖြစ်သွားရသည်။
သူတို့၏နွမ်းပါးသောနေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
လင်းယုန်စခန်း၌ ရွှေပြားများအပြင် လင်းယုန်ဓားပြများ နှစ်ပေါင်း၁၀၀ကျော်ကြာ စုဆောင်းထားခဲ့သော မရေမတွက်နိုင်သည့် ရတနာများစွာကိုလည်း ရရှိခဲ့သည်။သ်ိုလှောင်ရုံများအတွင်း၌ ရှေးဟောင်းပစ္စည်းများ၊ရှားပါးအဖိုးတန်ပစ္စည်းများနှင့် မှော်စာလိပ်များစသည်တို့ကို တောင်များကဲ့သို့စုပုံထားခဲ့သည်။မီးတောက်များသည် အရာအားလုံးနီးပါးကိုလောင်ကျွမ်းစေခဲ့သော်လည်း ရတနာအများစုကိုမူ ထိန်းသိမ်းထားခဲ့သည်။စုဘာရူနှင့်ခေါင်းဆောင်များသည် ထိုရတနာများကိုထိန်းသိမ်းရန်အတွက် လျှို့ဝှက်လှိုဏ်ဂူများနှင့် အထူးသိုလှောင်ရုံများကို တည်ဆောက်ထားခဲ့သည်။ရှောင်ယုသည် ထိုရတနာများနှင့်ရွှေပြားများကို ခြင်္သေ့မြို့သို့ပြန်လည်သယ်ဆောင်ရန်အတွက် ရထားလုံးများကိုပြင်ဆင်ထားခဲ့သော်လည်း လွဲပြောင်းခြင်းဖြစ်စဉ်ပြီးဆုံးရန်အတွက် တစ်လကျော်ကြာအချိန်ယူခဲ့ရသည်။
အိမ်တော်ထိန်းဟောင်သည် ခြင်္သေ့မြို့သို့သယ်ဆောင်လာသော ရတနာများနှင့်ရွှေပြားများက်ို စစ်ဆေးရင်း သူ၏လက်များသည်အဆက်မပြတ်တုန်ယင်နေခဲ့သည်။ဤရွှေပြားများကြောင့် သူတို့သည်ရေတိုတွင်ငွေကြေးပြဿနာကို စိုးရိမ်နေစရာမလိုတော့ပေ။ရှောင်ယု၏မရီးများသည်လည်း ခြင်္သေ့မြို့၏တံခါးဝတွင် ရထားလုံးများကိုတစ်ခုချင်းစစ်ဆေးနေရင်း သူမတို့၏မျက်လုံးများတွင် အလင်းများတောက်ပနေခဲ့သည်။
"လုယက်ခြင်းက အကောင်းဆုံးလုပ်ငန်းဖြစ်ပြီးတော့ ချမ်းသာဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းလည်းဖြစ်တယ်"
ရှောင်ယုသည် ရုတ်တရက်ထီပေါက်သလို ခံစားလိုက်ရသည်။
ရှောင်ယုသည် ရံဖန်ရံခါဆိုသလို သူသိမ်းဆည်းခဲ့သောရတနာများကို စစ်ဆေးရန်ဂိုဒေါင်များထဲသွားရောက်ခဲ့သည်။သူ့ထံတွင် ငွေကြေးဥစ္စာလုံလောက်လာသောကြောင့် အရာများစွာကို စတင်လုပ်ဆောင်လာနိုင်ခဲ့သည်။မူလီနှင့်အခြားသူများသည် အတူတကွစုရုံးခဲ့ကာ မြို့တော်ကိုတိုးချဲ့တည်ဆောက်ပြီး နယ်မြေချဲ့ထွင်ရန်အကြံပြုခဲ့သည်။သို့သော်လည်း ရှောင်ယုကမူ ထိုအဆိုပြုချက်ကိုပယ်ချခဲ့သည်။အခြေအနေသည် မတည်မငြိမ်ဖြစ်နေဆဲဖြစ်ကာ အချို့သောနယ်မြေများသည် ယခုတိုင်ဖရိုဖရဲဖြစ်နေဆဲဖြစ်သည်။ နယ်မြေချဲ့ထွင်ရာတွင် အရည်အချင်းရှိသူများလိုအပ်သော်လည်း ယခုသူတို့ထံတွင် လုံလုံလေါက်လေါက်မရှိသေးပေ။ထို့ပြင် အချို့သောနယ်မြေများသည် ဤသို့နည်းဖြင့်နယ်မြေချဲ့ထွင်လာသူများကို အမြင်မကြည်ကြပေ။
ရှောင်ယု၏ပထမဆုံးရည်ရွယ်ချက်မှာ လူဦးရေစုဆောင်းရန်ဖြစ်သည်။ဒုတိယရည်ရွယ်ချက်မှာ အနာဂတ်အတွက် မဟာဗျူဟာမြောက်ရိက္ခာပစ္စည်းများ အလုံအလောက်ရရှိရန်ဖြစ်သည်။ရှောင်ယုသည် ကြီးမားသောမြို့တော်များကိုမတည်ထောင်ဘဲ အရန်စစ်သည်များကိုပံ့ပိုးပေးနိုင်သော မြို့ရွာငယ်များ ဖွံဖြိုးတိုးတက်ရေးကို အာရုံစိုက်ရန်ဆုံးဖြတ်ခဲ့သည်။စစ်ပွဲဖြစ်ပွားချိန်များတွင် ထိုအရန်စစ်သည်များကိုလေ့ကျင့်ပေးရခြင်းသည် ကုန်ကျစရိတ်နည်းပါးသလို တပ်ဖွဲ့များကိုလည်းလျင်မြန်စွာ စုဆောင်းနိုင်ပေသည်။
ဤသို့ဖြင့် ခြောက်လနီးပါးကြာမြင့်လာသည့်အခါ ရှောင်ယုသည် အနီးပတ်ဝန်းကျင်ရှိလူများနှင့်ပူးပေါင်းပြီး အနောက်မြေရိုင်းဒေသတစ်ခုလုံးတွင်ရှိသော ဓားပြအကြွင်းအကျန်များကိုရှင်းလင်းကာ ဓားပြအန္တာရယ်ကင်းရှင်းသော နယ်မြေတစ်ခုဖြစ်လာရန် စီမံနိုင်ခဲ့သည်။
အတိုချုပ်ပြောရလျှင် ရှောင်ယုသည် အနောက်မြေရိုင်းဒေသတစ်ခုလုံးတွင်ရှိသော ဓားပြအုပ်စုအားလုံးကို သုတ်သင်ဖယ်ရှားရန်အတွက် အချိန်၁နှစ်ကျော်ကြာမြင့်ခဲ့သည်။ယခုအခါ နောက်ထပ်ကြီးကြီးမားမားမချဲ့ထွင်မှီ သူ၏အခြေခံအုတ်မြစ်အား တည်ဆောက်ရန်လိုအပ်လာပြီဖြစ်သည်။အိမ်တော်ထိန်းဟောင်နှင့်ကပ္ပတိန်ဟွေ့တို့သည် လက်ရှိအခြေအနေကို ခံစားချက်အပြည့်ဖြင့်ကြည့်ရှုနေကြသည်။အတိတ်နေ့ရက်များတွင် ရှောင်ကျန်းထျန်သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ နာမည်ကျော်စစ်ဗိုလ်ချုပ်ကြီးဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူ၏နောက်ဆုံးနေ့ရက်များကို ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ကုန်ဆုံးခဲ့ရသည်။ယခုအခါ ရှောင်ယုသည် အဖေဖြစ်သူထက် သာလွန်ရန် အလားအလာရှိသည်ကို တွေ့မြင်နေရ၍ သူတို့အလွန်ကျေနပ်အားရနေခဲ့သည်။
ခြင်္သေ့နယ်မြေသည် ၆လအတွင်း လူဦးရေ၁သန်းကိုကျော်လွန်သွားခဲ့သည်။သို့သော်လည်း အများစုထံတွင် နယ်မြေစီမံခန့်ခွဲရေးအတွက် ရှောင်ယုအသုံးပြုနိုင်သော အရည်အချင်းရှိမနေခဲ့ပေ။
ရှောင်ယုသည် ခြင်္သေ့မြို့တွင် စစ်ဘက်ဆိုင်ရာတက္ကသ်ိုလ် တစ်ခုအား တည်ထောင်ထားခဲ့သည်။သူသည် စစ်ဘက်ဆိုင်ရာတက္ကသ်ိုလ်အား တည်ထောင်ရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း အနာဂတ်တွင် အဆင့်နိမ့်အရာရှိအမြောက်အများကို မွေးထုတ်ပေးနိုင်ပါက ပြဿနာမရှိပေ။အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာတက္ကသ်ိုလ်တွင် ပညာသင်ကြားပြီးနောက်တွင် အရည်အချင်းရှိသောအရာရှိများဖြစ်လာစေရန်အတွက် တိုက်ပွဲမှပြန်လာသောစစ်ပြန်များကို သင်ကြားရေးရာထူးများပေးအပ်ခဲ့သည်။
ပုံမှန်အားဖြင့် မှူးမတ်များနှင့် အရပ်သားများအကြားတွင် အဆင့်အတန်းကွာဟချက်ရှိပေသည်။ထို့ကြောင့် မင်းမျိုးမင်းနွယ်များသည်သာ တပ်မှူးများသို့မဟုတ် အဆင့်မြင့်အရာရှိများဖြစ်လာရန် ထိုက်တန်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည် သာမန်အရပ်သားများအတွက် မတူညီသောအဆင့်၅ခုကို ဖြည့်တင်းပေးခဲ့သည်။
ပဥ္စမအဆင့်သည် အနိမ့်ဆုံးအဆင့်ဖြစ်သည်။သူတို့သည် အဆင့်အတန်းမရှိသော ကျွန်များနှင့်တန်းတူပင်ဖြစ်သည်။
စတုတ္ထအဆင့်မှာ သာမန်အရပ်သားများဖြစ်သည်။သူတို့ထံတွင် မည်သည့်အခွင့်အရေးထူးမှမရှိပေ။သူတို့သည် အခြားနယ်မြေများရှိ လယ်သမားများနှင့် အတူတူပင်ဖြစ်သည်။
သို့သော်လည်း အဆင့်၃မှ အဆင့်၁မှလူများ ရရှိသည့်အခွင့်ထူးများသည် လူတိုင်းကိုမက်မောတပ်မက်လိုစိတ်ဖြစ်ပေါ်စေခဲ့သည်။သူတို့သည် စစ်သင်တန်းကျောင်းများကို တက်ရောက်နိုင်ကာ လက်အောက်ခံတပ်မှူးများဖြစ်လာနိုင်သလို နယ်မြေ၏အုပ်ချုပ်ရေးဌာနများ၌လည်း ဝန်ထမ်းများအဖြစ်လုပ်ကိုင်နိုင်သည်။
လူတိုင်းသည် အဆင့်တစ်ခုမှ နောက်တစ်ဆင့်သို့တက်ရောက်ရန်အတွက် ခြင်္သေ့နယ်မြေအတွက် အကျိုးဆောင်ရွက်မှုတစ်ခုခုပြုလုပ်ရမှာဖြစ်သည်။
ကပ္ပတိန်ဟွေ့နှင့်အိမ်တော်ထိန်းဟောင်တို့သည် အစောပိုင်းတွင်ရှောင်ယု၏ရည်ရွယ်ချက်များကို နားမလည်သေးသောကြောင့် ထိုအဆိုပြုချက်ကို မကန့်ကွက်ခဲ့ပေ။သို့သော်လည်း နောက်ပိုင်းတွင် ရှောင်ယုသည် သက်ဆိုင်ရာအဆင့်များအလိုက် အရပ်သားများကို တဖြည်းဖြည်းလုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ထိုအချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိရှိနေခဲ့လျှင်ပင် အချိန်ကြာမြင့်စွာအကောင်အထည်ဖော်ခဲ့သော စနစ်တစ်ခုအား ပြန်လည်ပြောင်းလဲရန်မဖြစ်နိုင်ကြောင်း သိရှိခဲ့ကြရသည်။
ရှောင်ယုပေးအပ်သော အခွင့်ထူးများနှင့်ရာထူးအဆင့်အတန်းများသည် မှူးမတ်များ၏အဆင့်အတန်းနှင့် အကျိုးစီးပွားက်ို ဆန့်ကျင်ခြင်းမပြုခဲ့ပေ။ရှောင်ယု၏လုပ်ဆောင်ချက်သည် နယ်မြေအတွင်း၌ အရာရှိများလုံလုံလောက်လောက်မရှိသည့် ပြဿနာကိုဖြေရှင်းပေးခဲ့သည်။လုံလောက်သော အကျိုးဆောင်မှုရှိသည့်မည်သူမဆို သူတို့၏အဆင့်အတန်းအား တိုးတက်စေမည်ဖြစ်သည်။ထိုအကျိုးဆောင်မှုများတွင် စစ်ရေးအောင်မြင်မှုများ ၊ နယ်မြေအတွက်အစားအသောက်များ လှူဒါန်းပေးခြင်း သို့မဟုတ် ပစ္စည်းကိရိယာများပေးအပ်ခြင်း ၊ တီထွင်ဖန်တီးမှုများပြုလုပ်ခြင်းနှင့် အလုပ်သင်များသင်ကြားမွေးထုတ်ပေးခြင်းတို့ ပါဝင်ပေသည်။အတိုချုပ်ပြောရလျှင် ရှောင်ယုသည် စစ်ရေး၊လယ်ယာ၊တီထွင်မှု နှင့် ကုန်ထုတ်စွမ်းအားတို့ကိုအညီအမျှ တိုးတက်စေလိုခြင်းဖြစ်သည်။
ရှောင်ယု၏မူဝါဒများသည် မကြုံစဖူးသောပုံစံများဖြင့် အဘက်ဘက်တွင် တိုးတက်လာစေခဲ့သည်။ပုံမှန်အားဖြင့် လယ်သမားများသည် သူတို့၏ကြိုးစားအားထုတ်မှုအားလုံးကို သခင်ဖြစ်သူထံပေးအပ်ရသည်။သို့သော်လည်း ရှောင်ယု၏နယ်မြေတွင် သူတို့၏အားထုတ်ကြိုးပမ်းမှုများသည် သူတို့၏ကိုယ်ပိုင်သာဖြစ်၍ ယခင်ကထက် ပြင်းပြင်းထန်ထန်ကြိုးစားကြသည်။ရှောင်ယုထုတ်ပြန်ထားသောစနစ်အရ စပါးအပိုသိုလှောင်ထားသည့် လယ်သမားများသည် သိုလှောင်စပါးများကို ခြင်္သေ့မြို့ထံလှူဒါန်းကာ ကောင်းကျိုးဆောင်အမှတ်များဖြင့်လဲလှယ်န်ိုင်ပေသည်။သူတို့တွင် အကျိုးဆောင်မှတ်လုံလောက်ပါက သူတို့၏သားသမီးများသည် စစ်တက္ကသ်ိုလ်သို့မဟုတ် အုပ်ချုပ်ရေးရုံး၌ အလုပ်ဝင်နိုင်သည်။
ဤသို့ဖြင့်ရှောင်ယုသည် တပြားတချပ်မှမပေးရဘဲ အစားအစာများစွာကို စုဆောင်းနိုင်ခဲ့သည်။အစားအသောက်သည် မည်သည့်စစ်ပွဲ၌မဆို အရေးအကြီးဆုံးသော ပစ္စည်းဖြစ်သည်။တရုတ်ပြည်၏ ဧကရာဇ်အားလုံးသည် ဤနည်းလမ်းကိုအသုံးပြုကာ တိုင်းပြည်အတွက်လုံလောက်သော ရိက္ခာကိုစုဆောင်းနိုင်ခဲ့သည်။
နယ်မြေတည်ငြိမ်ပြီး လူဦးရေတိုးပွားလာသည်နှင့်အမျှ ရှောင်ယုသည် ရှေ့သို့ တစ်လှမ်းချင်းတိုးချဲ့လာခဲ့သည်။
သူသည် အနောက်မြေရိုင်းဒေသနှင့် အနောက်တိမ်တိုက်အင်ပါယာတို့ဆုံရာလမ်းတလျှောက်၌ ကင်းမျှော်စင်များနှင့်စစ်ဆေးရေးဂိတ်များကို တည်ဆောက်ခဲ့သည်။ဤသို့ဖြင့် ထိုလမ်းကိုဖြတ်သွားသည့် ကုန်သည်များသည် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ကုန်သည်အများစုသည် အခွန်ကိုပေးဆောင်ကာ ခြင်္သေ့နယ်မြေအား မဆန့်ကျင်ခဲ့ကြပေ။
ထို့ပြင် ရှောင်ယုသည် ခြင်္သေ့မြို့နှင့်မဝေးလှသော နေရာတွင် လူကာဟုခေါ်သည့် မြို့ငယ်လေးကိုတည်ဆောက်ခဲ့သည်။ထိုမြို့ငယ်လေးသည် ကုန်သွယ်မှုလမ်းကြောင်းပေါ်၌ ရှိနေခဲ့ကာ စွန့်စားသူများနှင့်ကုန်သည်များ ရိက္ခာဖြည့်တင်းရန်နှင့်အနားယူရန်အတွက် ထိုမြို့ငယ်လေးတွင် ဟိုတယ်များ၊ဘားများ နှင့်အဆောက်အဦးများကို တည်ဆောက်ထားခဲ့သည်။
ကုန်သည်အချို့သည် အစောပိုင်းတွင် အခွန်ပေးဆောင်လိုခြင်းမရှိခဲ့ပေ။အချို့အင်အားကြီးမားသော ကုန်သည်လှည်းတန်းများသည် သူတို့်အားပြန်၍ပင်ခြိမ်းခြောက်သွားခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည် အခွန်ပေးဆောင်ရန်အတွက် ငြင်းဆန်သောကုန်သည်များထံမှ အရာအားလုံးကိုသိမ်းယူရန် အောစ့်၁၀၀ကိုပို့ဆောင်လိုက်သည်။ထိုသို့လုပ်ဆောင်ပြီးမှသာ ကုန်သည်များသည် အခွန်ကိစ္စနှင့်ပတ်သက်၍အထွန့်မတက်ခဲ့ကြပေ။
ရှောင်ယုသည် ထိုကုန်သည်များ၏ ခရီးစဉ်သို့မဟုတ် သူတို့၏ကျောထောက်နောက်ခံများသည် မည်သူမည်ဝါဖြစ်သည်ကို လုံးဝဂရုမစိုက်ကြောင်း သူတို့နားလည်လာခဲ့သည်။အနောက်မြေရိုင်းဒေသသည် ဝေးလံခေါင်သီသောအရပ်ဒေသဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမှ ရှောင်ယုအား လာရောက်တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။အတိုချုပ်ပြောရလျှင် ရှောင်ယုသည်ဤနယ်မြေ၏အုပ်စိုးသူဖြစ်ကာ စည်းမျည်းစည်းကမ်းများကိုချမှတ်သူဖြစ်သည်။ထို့ပြင် ကောက်ခံရရှိသောအခွန်များသည် နယ်မြေအတွက်အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။
...
...
ကာရီနှင့်သူ၏အဖေဖြစ်သူ ဆိုလိုမွန်းတို့သည် သူ့အားသတ်ဖြတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သောကြောင့် ရှောင်ယုသည် ထိုသားအဖအား လက်တုံ့ပြန်ရန် စီစဉ်ခဲ့သည်။ယခင်က သူ့ထံတွင်တပ်သားအရေအတွက် အတော်လေးနည်းပါးနေပြီး မြို့သိမ်းစစ်ဆင်ရေးဆင်နွဲရန် မသင့်တော်ပေ။ကာရီ၏နယ်မြေတွင် တပ်သားသောင်းချီရှိနေသေးသည့်အတွက် ရှောင်ယုသည်ထိုကိစ္စကို ခေတ္တလက်ရှောင်ထားခဲ့သည်။
သို့သော်လည်း ယခုအခါအခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ရှောင်ယုသည် ယခင်ကထက်ပိုမိုအားကောင်းလာပြီဖြစ်ကာ အချိန်အတော်ကြာအောင် စီစဉ်ထားခဲ့သော ဝိုင်းရံစစ်ဆင်ရေးကိုပြုလုပ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။