အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အခန်း ၁၄၈ - ယုံရမှာလား ၊ မယုံရဘူးလား
"မြို့စားရှောင် မင်းကိုကြည့်ရတာ တော်တော်လေးဝံ့ကြွားလွန်းနေတာမဟုတ်ဘူးလား...သခင်သီအိုဒိုးလို ဆရာသခင်က မင်းနဲ့သူငယ်ချင်းဖြစ်နေတယ်လို့ မင်းဘယ်လိုပြောနိုင်ရတာလဲ..."
လှောင်ပြုံးလိုစိတ်ရောယှက်နေသည့် အသံတစ်ခုကရုတ်တရက်ထွက်ပေါ်လာခဲ့သည်။လင်းအောင်ထျန်းသည် ထိုအသံကိုကြားကြားချင်း မျက်မှောင်ကြတ်လိုက်မိသည်။ထိုသို့လှောင်ပြောင်လိုက်သူမှာ လင်းအောင်ဖန်းဟုခေါ်သည့် လင်းမိသားစု၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။သူသည် လင်းအောင်ထျန်း၏ဝမ်းကွဲတစ်ယောက်ဖြစ်ကာ လင်းမူရွယ်အား သြဇာအာဏာကြီးမားကာ ချမ်းသာသောမိသားစုနှင့်လက်ထပ်ထိမ်းမြားရန် အမြဲလိုလားနေသူဖြစ်သည်။သို့သော်လည်း လင်းအောင်ထျန်းကမူ သူ၏သမီးအားရှောင်မိသားစုနှင့်သာ သဘောတူညီနေ၍ မိသားစုသည် လင်းအောင်ထျန်းအပေါ်အမြဲလိုလိုဖိအားပေးနေခဲ့သည်။
လင်းအောင်ထျန်းသည် လင်းမိသားစုအားနှစ်ပေါင်းကြာရှည်ဦးဆောင်လာသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ရာ သူ၏အဆင့်အတန်းသည် အလွန်ခိုင်မာပေသည်။သို့သော်လည်း ရံဖန်ရံခါတွင် လူအချို့သည်သူဒုက္ခရောက်စေရန် ဖိအားပေးတတ်ကြသည်။ထို့ကြောင့် လင်းမိသားစုတွင် သူတို့အိမ်ထောင်ရေးအားဆန့်ကျင်သူ ရှိနေကြောင်း ရှောင်ယုရိပ်မိသွားခဲ့သည်။
ရှောင်ယုသည် လင်းအောင်ဖန်းကိုကြည့်ကာ မေးမြန်းဟန်ပြုလိုက်သည်။
"သူက..."
လင်းအောင်ထျန်းက ထိုလူကိုချက်ချင်းမိတ်ဆက်ပေးလိုက်သည်။
"သူကငါ့ရဲ့ဝမ်းကွဲဖြစ်တဲ့ လင်းအောင်ဖန်းပဲ...သူကမင်းအဖေရဲ့သူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားဘူး"
ရှောင်ယုက အမှတ်မထင်ပြုံးလိုက်မိသည်။
"အိုး...ဒါဆိုရင် ဦးလေးလင်းနားလည်အောင်ပြောရဦးမယ်...သခင်ကြီးသီအိုဒိုးက လူအများရဲ့အထင်ကြီးခြင်းကိုခံရတဲ့မှော်သခင်တစ်ယောက်ပဲ...ဒါပေမဲ့ဒီကမ္ဘာမှာကံတရားလို့ခေါ်တဲ့ အရာတစ်ခုရှိတယ်...ငါကသခင်ကြီးသီအိုဒိုးနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာ တော်တော်ကံကောင်းပါတယ်...သခင်ကြီးသီအိုဒေါဟာ ရှိုင်းယားမြို့ကို ငါ့ရဲ့သာမန်သူငယ်ချင်းတစ်ယောက်ပုံစံနဲ့လာမှာဖြစ်တယ်...သူကမှော်သခင် တစ်ယောက်အနေနဲ့လာမှာမဟုတ်ဘူး"
ရှောင်ယုသည် ယခင်ကဆိုလျှင် လင်းအောင်ဖန်း၏လည်ပင်းကို ဆွဲလိမ်ရိုက်ချိုးပြီးဖြစ်သည်။သို့သော်လည်း ယခုအခါ လင်းအောင်ထျန်းနှင့်လင်းမူရွယ်တို့သည် သူ့အပေါ်ကောင်းမွန်သောသဘောထားများပြသနေသည့်အတွက် သူသည်လင်းမိသားစုကိုမျက်နှာသာပေးရမည်ဖြစ်သည်။ထို့ပြင် သီအိုဒိုးသည် ရှိုင်းယားမြို့သို့ကျိန်းသေပေါက်ရောက်လာရမှာဖြစ်သည်။သူသည် သီအိုဒိုးအားလူအများရှေ့မှောက်တွင် သိုလှောင်လက်စွပ်များကို လက်ဆောင်ပေးရန် စီစဉ်နေခဲ့သည်။ထိုအခါ လင်းအောင်ဖန်းသည် သူ့ကိုယ်သူခုခံကာကွယ်ရန်အတွက် အပိုစကားများသုံးနေစရာလိုတော့မည်မဟုတ်ပေ။
ရက်အနည်းငယ်ခန့်အတွင်း သီအိုဒိုးသာရောက်မလာပါက ရှောင်ယုလိမ်ညာသည်ဟု လူအများယူဆသွားကြမှာဖြစ်ကာ ရှောင်ယုသည်လှောင်ပြောင်မှုများစွာကို ကြုံတွေ့ရမည်ဖြစ်သည်။ထို့ကြောင့် ရှောင်ယု၏ယုံကြည်မှုရှိသောသွင်ပြင်သည် သခင်သီအိုဒိုးအား အမှန်တကယ်သိကျွမ်းနေသည်ဟု လူအများကိုထင်မြင်စေခဲ့သည်။
လင်းအောင်ထျန်းသည် ရှောင်ယုနှင့်သီအိုဒိုးအကြား ဆက်ဆံရေးကိုမဆုံးဖြတ်နိုင်သေးပေ။မည်သို့ပင်ဆိုစေကာမူ သူ၏မျက်လုံးများ၌ ချီးမွမ်းလိုရိပ်များ ဖုံးလွှမ်းသွားခဲ့သည်။
"ရှောင်ယုပြောတာသာအမှန်ဆိုရင် ကြီးမြတ်တဲ့သခင်သီအိုဒိုးက ရှိုင်းယားမြို့ကို ရက်အနည်းငယ်အတွင်းရောက်လာလိမ့်မယ်...အဲ့ဒီအချိန်ကျ သခင်သီအိုဒိုးကို လင်းစံအိမ်ဆီ ဧည့်သည်အဖြစ်အလည်အပတ်လာအောင် ဖိတ်ခေါ်နိုင်ရင်ငါတို့ရဲ့ဂုဏ်သတင်းက များစွာတိုးတက်လာလိမ့်မယ်"
ရှောင်ယုသည် ဤတိုက်ကြီးတွင် သီအိုဒိုး၏ရပ်တည်မှုအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ပေါက်ပေရာ လင်းအောင်ထျန်းသည် လင်းမိသားစုအား ဂုဏ်သတင်းမြင့်တင်ရန် ဤအခြေအနေကိုအခွင့်ကောင်းယူလိုကြောင်း နားလည်လိုက်သည်။ထို့နောက် သူသည်ခဏလောက်စဉ်းစားကာပြောလိုက်သည်။
"အဆင်ပြေမယ်ဆိုရင် သခင်သီအိုဒိုးကို လင်းမိသားစုဆီ ဖိတ်ခေါ်ပေးပါမယ်"
လင်းအောင်ထျန်းသည် ထိုစကားကြောင့် ဝမ်းသာအားရပြုံးလိုက်မိသည်။
"တကယ်လား...သခင်သီအိုဒိုးကို ငါတို့အိမ်မှာဧည့်ခံခွင့်ရမှာလား..."
သီအိုဒိုးကဲ့သို့ ဒဏ္ဍာရီဆန်ဆန်ဇာတ်ကောင်မျိုးအား ကိုယ်တိုင်ဧည့်ခံခွင့်ရရှိမှုအပေါ် မည်သည့်မိသားစုကမှ ဂုဏ်ယူမှုမရှိဘဲ နေမှာမဟုတ်ပေ။ရှောင်ယုသည် သခင်သီအိုဒိုးအား ဧည့်သည်တစ်ယောက်အဖြစ် လင်းမိသားစုသို့ဖိတ်ခေါ်ခွင့်ပေးရန် အမှန်တကယ်တောင်းဆိုလာလိမ့်မည်ဟု လင်းအောင်ထျန်းမမျှော်လင့်ထားခဲ့ပေ။
ရှောင်ယုချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ကျနော်ကြိုးစားပါ့မယ်..."
ရှောင်ယုသည် သီအိုဒိုးအား လင်းမိသားစုထံသို့ အမှန်တကယ်လာရောက်စေလိုခဲ့သည်။ထို့သို့ဖြစ်လာပါက လင်းမိသားစု၏ဂုဏ်သတင်းသည် တိုးတက်လာမှာဖြစ်သလို သူသည်အနာဂတ်တွင် လင်းမိသားစုသို့အလည်လာရောက်ပါက သူ၏ကိုယ်ပိုင်ဂုဏ်သတင်းသည်လည်း တိုးတက်လာမှာဖြစ်သည်။
ရှောင်ယုသည် လင်းမူရွယ်အား သူ၏အနာဂတ်ဇနီးမယားအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ထို့ကြောင့် ယခုတစ်ကြိမ်တွင်သူသည် လင်းမူရွယ်အား ရယူရန်အတွက် အခြားသူများကလင်းမိသားစုထံ လာရောက်တောင်းဆိုခြင်းမျိုးမရှိစေရန် ဤအခွင့်အရေးအားအသုံးချဖို့ စီစဉ်ထားခဲ့သည်။လင်းမိသားစုသည် သီအိုဒိုးနှင့်ချိတ်ဆက်နိုင်မယ့် အခွင့်အရေးအား မဖြုန်းတီးလိုပေ။ရှောင်ယုသာ အောင်မြင်ခဲ့ပါက လင်းမိသားစုနှင့်သီအိုဒေါတို့အကြားတွင် ဆက်ဆံရေးတစ်ခုရှိကြောင်း လူတိုင်းသိသွားကြမှာဖြစ်သည်။ရှောင်ယုနှင့်သီအိုဒိုးတို့အကြား ခင်မင်ရင်းနှီးမှုက လင်းမူရွယ်အားရယူရန်ကြိုးစားနေသူများကို လက်တွန့်သွားအောင် ထည့်သွင်းစဉ်းစားနိုင်ပေသည်၊
မည်သို့ပင်ဆိုစေ လင်းမိသားစုဝင်များနှင့် အခြားသူများက သီအိုဒိုး၏စိတ်နေစိတ်ထားကို သိရှိထားကြသည်။ထိုမှော်သခင်သည် မည်သည့်မိသားစုမှ ဧည့်သည်အဖြစ်ဖိတ်ကြားမှုကိုမဆို မျက်ကွယ်ပြုကာ တည်းခိုခန်းလေးများ၌သာ တည်းခိုတတ်သူဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် သီအိုဒိုးကို လင်းအိမ်တော်သို့ခေါ်ဆောင်လာနိုင်မည်ဟု လင်းအောင်ဖန်းမထင်ထားပေ။
လင်းအောင်ထျန်းသည် လင်းအောင်ဖန်းအား ရပ်တန့်ရန်အတွက် မျက်စောင်းထိုးကာ သတိပေးလိုက်သည်။
"တူလေးက သခင်သီအိုဒိုးကိုဖိတ်ခေါ်ပေးမယ်ကြားရလို့ ငါတကယ်ဝမ်းသာမိတယ်...ဒါပေမဲ့ ငါတို့ဆီကိုလာလည်ဖို့ကိစ္စကို သခင်သီအိုဒိုးကိုပဲဆုံးဖြတ်ခိုင်းလိုက်ပါ"
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ တိတ်ဆိတ်နေခဲ့သည်။တစ်ခါတရံတွင် စကားလုံးများကိုမဖြုန်းတီးဘဲ တိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။ယခုလိုဆိတ်ဆိတ်နေခြင်းသည် အချို့သောအချိန်များတွင် ကာကွယ်ရေးနှင့်တန်ပြန်တိုက်ခိုက်မှုများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ထိုအချိန်တွင် မူဟန်သည် ရှောင်ယု၏အင်္ကျီလက်စကို ဆွဲလိုက်ပြီး တိုးတိုးလေးမေးမြန်းလိုက်သည်။
"အစ်ကိုယု...သခင်သီအိုဒိုးကို တကယ်သိတာလား...ငါ...ငါသူ့ဆီကနေ အကြံညဏ်လေးတွေတောင်းခွင့်ရှိမလား သူသာနည်းနည်းပါးပါးသင်ပေးရင် ငါ့ရဲ့မှော်အစွမ်းတွေက ကျိန်းသေပေါက်အဆင့်တက်သွားမှာပဲ..."
မူဟန်၏စကားကိုကြားလိုက်ရချိန်တွင် လူတိုင်းပြုံးမိလိုက်ကြပြီး ထိုကောင်မလေးသည် နုံအလွန်းသည်ဟုတွေးမိလိုက်ကြသည်။သီအိုဒိုးကဲ့သို့ အဆင့်မြင့်မှော်သခင်တစ်ဦးသည် ထိုကဲ့သို့သောကလေးမလေးကို အဘယ်ကြောင့်အချိန်ကုန်ခံသင်ကြားပေးမည်နည်း...ထို့ပြင်သီအိုဒိုးသည် နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်းဖြတ်သန်းလာသူအဖြစ် လူသိများပေသည်။သူသည်မည်သည့်တပည့်သို့မဟုတ် အလုပ်သင်ကိုမှလက်မခံခဲ့ဖူးပေ။သီအိုဒိုးသည် ရံဖန်ရံခါတွင် ညဏ်ကြီးရှင်အနည်းငယ်ကိုသာလမ်းညွန်ပြခဲ့ဖူးပြီး ထိုအရာသည်ပင်သူ၏အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်သည်။ယခုအချိန်ထိတိုင်အောင် သီအိုဒိုးသည် သူ၏အသိပညာအား အခြားတစ်ယောက်ကိုလက်ဆင့်ကမ်း မသင်ကြားခဲ့ပေ။
သို့သော် ရှောင်ယုကလူတိုင်းမမျှော်လင့်မယ့် စကားများကိုထုတ်ပြောခဲ့သည်။
"ဒါက ပြဿနာတစ်ခုတော့မဟုတ်ဘူး....မင်းကိုသင်ကြားပေးဖို့ သူ့ကိုငါကိုယ်တိုင်တောင်းဆိုပေးမယ်...သူသာသဘောမတူရင် သူ့ကို ငါ့ရဲ့ဝိုင်တွေကိုသောက်ခွင့်ပေးမယ့်အစား ငါဖျက်ဆီးပစ်မယ်"
ရှောင်ယုသည် မူဟန်၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။အဆုံးသတ်တွင် သူသည် သီအိုဒိုးအားသိုလှောင်လက်စွပ်များစွာပေးမည်ဖြစ်ရာ မူဟန်ကိုအနည်းငယ်မျှသင်ကြားပေးရန် တောင်းဆိုမှုသည် ပြဿနာများစွာမဖြစ်သင့်ပေ။အစောပိုင်း လင်းမူရွယ်သည် ရှောင်ယု၏စကားများကို ယုံကြည်သင့်မသင့် မသိရှိသေး၍တိတ်ဆိတ်နေသေးသည်။သို့သော်လည်း မူဟန်၏တောင်းဆိုမှုကိုကြားသောအခါတွင် သူမသည်မမေးဘဲ မနေနိုင်တော့ပေ။
"သခင်သီအိုဒိုးက သူမကိုသင်ကြားပေးဖို့သဘောတူရင် ငါ...ငါကောဘေးနားကနေ နားထောင်လို့ရလား"
လင်းမူရွယ်ကတုံ့ဆိုင်းနေသောလေသံဖြင့် ပြောလိုက်သည်။
သီအိုဒိုးကဲ့သို့သော မဟာမှော်သခင်တစ်ယောက်က သူမတို့လိုအဆင့်နိမ့်မှော်ဆရာများကို သင်ကြားပေးပါက သူမတို့သည်အလွန်ကြီးမားသော တိုးတက်မှုကိုရရှိမှာဖြစ်သည်။မှော်ပညာအား ကျင့်ကြံခြင်း သို့မဟုတ် ညဏ်အလင်းပွင့်ခြင်းနှင့် ဒြပ်စင်များကိုထိန်းချုပ်ရာတွင် ကြီးမားသောတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။အထူးသဖြင့် ဒြပ်စင်များအားထိန်းချုပ်မှုအပိုင်းသည် နှစ်ပေါင်းများစွာလေ့ကျင့်လာသည့် အတွေ့အကြုံများနှင့် ပတ်သက်နေသည်။ထို့ကြောင့် ဒြပ်စင်များ၏ပေါင်းစပ်ဖွဲ့စည်းပုံအား နားမလည်သောပါရမီရှင်တစ်ယောက်သည် သူတို့ကိုကောင်းစွာစီမံဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကျွမ်းကျင်သောမှော်သခင်တစ်ယောက် ဖြစ်မလာနိုင်ပေ။
မှော်သခင်များသည် သူတို့၏ကြွယ်ဝလှသော အတွေ့အကြုံများကြောင့်သာ မှော်သခင်များအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။သူတို့သည် သူတို့လက်ရှိရောက်ရှိနေသောအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် ဒြပ်စင်အစိတ်အပိုင်းများစွာကို ပေါင်းစပ်ဖွဲ့စည်းမှုများ မရေမတွက်နိုင်အောင်ပြုလုပ်ခဲ့ရသည်။ရလဒ်အနေဖြင့် မှော်သခင်တစ်ဦးထံမှ သိမ်မွေ့သောလမ်းညွန်ချက်သည် အဆင့်နိမ့်မှော်ဆရာတစ်ယောက်အား များစွာတိုးတက်စေပေသည်။
ရှောင်ယုသည် လင်းမူရွယ်၏မျက်နှာပေါ်ရှိ စိတ်အားထက်သန်သော အမူအရာကိုကြည့်ရင်း ပြုံးလိုက်မိသည်။
"ပြဿနာမရှိပါဘူး...မင်းနဲ့မူဟန်တို့ကို သခင်သီအိုဒိုးရဲ့အလုပ်သင်တွေဖြစ်လာအောင် ငါတောင်းဆိုပေးမယ်"
ရှောင်ယုသည် လင်းမူရွယ်နှင့်မူဟန်တို့ကို သီအိုဒိုး၏အလုပ်သင်များအဖြစ် သတ်မှတ်စေခြင်းဖြင့် နောင်တစ်ချိန်တွင် သူမတို့အားမည်သူမှ မနှောင့်ယှက်မိစေရန် ကာကွယ်လိုခြင်းဖြစ်သည်။တစ်ချိန်တည်းမှာပင် လူအများသည်ရှောင်ယုနှင့်သီအ်ိုဒေါတို့အကြားဆက်ဆံရေးအား စတင်တွေးတောလာခဲ့ကြသည်။သူသည် ထိုကဲ့သို့သောကတိကို လွယ်လွယ်ကူကူပေးနိုင်လောက်သည်အထိ ရှောင်ယုနှင့်သီအိုဒိုးတို့အကြား ခင်မင်မှုသည် မည်မျှထိနက်ရှိင်းနေသနည်းဟု ခန့်မှန်းလာကြသည်။
အချို့ကမူ လင်းမိသားစုတွင် သူ၏ရပ်တည်မှုတိုးတက်လာစေလို၍ ရှောင်ယုကယခုလို ကြွားဝါခြင်းဖြစ်ကြောင်း ယူဆနေကြဆဲဖြစ်သည်။
"အစ်ကိုယု...သခင်သီအိုဒေါကို ဘယ်လိုသိသွားတာလဲ "
မူဟန်သည် သိလိုစိတ်အပြည့်ဖြင့် ရှောင်ယုအားမေးမြန်းလိုက်သည်။
"အဘိုးကြီးက ငါရဲ့အရက်တွေကိုခိုးသောက်ဖို့ကြိုးစားရင်း ငါတို့တစ်ယောက်ကိုတစ်ယောက်သိလာကြတာ"
ရှောင်ယုက ပုံမှန်လေသံဖြင့်ဖြေ၍ ပြုံးလိုက်မိသည်။
အခန်း ၁၄၉ - လက်ထပ်ခွင့်တောင်းခံခြင်း
လူအချို့သည် ရှောင်ယုအားသံသယဝင်နေဆဲဖြစ်သော်လည်း လင်းအောင်ထျန်း၏ဖိအားကြောင့် မည်သူကမှဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြတော့ပေ။အရာအားလုံးသည် အဆင်ပြေချောမွေ့နေပုံရသော်လည်း မည်သူမှသတိမထားမိသည့်အချိန်တွင် တစ်စုံတစ်ယောက်သည် အခန်းတွင်းသို့ပြေးဝင်လာခဲ့ကာ လင်းမူရွယ်၏ရှေ့သို့ရောက်လာခဲ့ပြီး ဒူးထောက်ကာလက်ထပ်ခွင့်တောင်းလိုက်သည်။
"မူရွယ်...မင်းကိုငါလက်ထပ်ပါရစေ...မင်းအပေါ်ထားရှိတဲ့ ငါ့ရဲ့အချစ်တွေကိုဝန်ခံပါတယ်...မင်းရဲ့ထာဝရအစောင့်အရှောက်အဖြစ်နေခွင့်ရဖို့ ငါ့အသက်ကိုတောင်ပေးအပ်ဖို့ဆန္ဒရှိတယ်"
ရုတ်တရက်ဖြစ်ပျက်သွားသည့် အခြေအနေကြောင့် လူတိုင်းထိတ်လန့်သွားခဲ့ကြသည်။
လူတို့အားလုံးသည် ဒူးထောက်နေသူထံသို့အာရုံရောက်သွားကြသည်။ထိုလူငယ်သည် ချောမောသောမျက်နှာနှင့်ရွှေအိုရောင်ဆံပင်အား ပိုင်ဆိုင်ထားပေသည်။သူသည် ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားကာ လင်းမူရွယ်၏ရှေ့တွင်ဒူးထောက်၍ သူ၏လက်တစ်ဖက်က လက်စွပ်ကိုကိုင်မြောက်ထားသည်။
ရှောင်ယုသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီမာနကြီးတဲ့ ကောင်ကဘယ်သူလဲ...ငါဒီနေ့လာမယ်ဆိုတာကိုသိပြီးတော့ ငါနဲ့စေ့စပ်ထားတဲ့သူကို ကြားထဲကနေဖြတ်ခုတ်ဖို့ ဒီအခွင့်အရေးကိုအသုံးချနေတာဖြစ်နိုင်တယ်"
လင်းမူရွယ်သည် ရုတ်တရက်ကြောင်အသွားသော်လည်း အခြေအနေကိုသဘောပေါက်သည်နှင့် ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။
"ကင်မရွန်...မင်းဘာလုပ်နေတာလဲ..."
လင်းအောင်ထျန်းသည် စားပွဲကိုရိုက်ချလိုက်ကာ မတ်တပ်ရပ်လိုက်သည်။လင်းအောင်ထျန်း၏ ရိုက်ခတ်မှုကြောင့် စားပွဲပေါ်ရှိခွက်များသည်ပင် မြေပေါ်ပြုတ်ကျသွားခဲ့ရသည်။လက်ရှိအခြေအနေသည် လင်းနှင့်ရှောင်မိသားစုနှစ်ခုအတွက် အလွန်ပင်အရှက်ရစေသောကြောင့် လင်းအောင်ထျန်းသည် ဒေါသပေါက်ကွဲနေခဲ့သည်။
"ငါ့ရဲ့လုပ်ရပ်တွေက ရုတ်တရက်ဆန်လွန်းပြီး အရမ်းလွန်တယ်ဆိုတာသိပေမဲ့ ငါကမူရွယ်ကိုလွတ်လွတ်လပ်လပ် လက်ထပ်ခွင့်တောင်းနေတာပဲ...လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမကိုပထမဆုံးတွေ့မြင်ပြီးတော့ ငါသူမကိုချစ်မိသွားခဲ့တာ သူမမရှိဘဲ ငါ့ဘဝကိုဖြတ်သန်းဖို့မဖြစ်နိုင်ဘူးဆိုတာ ခံစားမိလိုက်တဲ့အတွက်ကြောင့် ငါသူမနဲ့ကျိန်းသေပေါက်လက်ထပ်ခွင့်ရဖို့ ကြိုးစားရမယ်ဆိုတာ ငါနားလည်လိုက်တယ်...ကျေးဇူးပြုပြီးတော့ ဦးလေးလင်းကသဘောထားကြီးကြီးနဲ့နားလည်ပေးပါ...မူရွယ်ဆီမှာ စေ့စပ်ထားတဲ့သူတစ်ယောက်ရှိတယ်ဆိုတာ ငါသိထားပေမယ့် လူကြီးတွေစီစဉ်ထားတဲ့အိမ်ထောင်ရေးကြောင့် သူမကိုတစ်သက်လုံးဒုက္ခတွင်းထဲရောက်နေမှာကို ငါမမြင်ချင်ဘူး..."
"သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်ဆိုတာမရှိသလို သူမကလည်းစစ်မှန်တဲ့ပျော်ရွှင်မှုကိုခံစားရမှာမဟုတ်ဘူး...ဒါကြောင့်နှစ်ဖက်မိသားစုတွေ အကျိုးရအောင်အတွက် ငါခုလိုလက်ထပ်ခွင့်တောင်းခံရတာဖြစ်တယ်"
ကင်မရွန်းသည် လင်းအောင်ထျန်း၏ဒေါသကြောင့် စိတ်ဓာတ်မကျသွားဘဲ လင်းမူရွယ်အားဆွဲဆောင်ရန်သာ ကြိုးပမ်းခဲ့သည်။
လင်းအောင်ထျန်းသည် ဒေါသထွက်နေသောလေသံဖြင့် ပြန်ပြောလိုက်သည်။
"လုံလောက်ပြီ...ငါကဒီအိမ်ထောင်ရေးကို ပြုလုပ်ဖို့ ငါ့သူငယ်ချင်းတွေကိုကတိပေးထားတယ်...မင်းအဖေကိုလေးစားလို့ မင်းကိုဒေါသထွက်နေပေမဲ့ ထွက်သွားခွင့်ပေးလိုက်မယ်...မင်းမူရွယ်ကိုလက်ထပ်ဖို့မဖြစ်နိုင်ဘူး..."
လင်းအောင်ထျန်းသည် အလွန်ဒေါသထွက်နေသည်ဟု ကင်မရွန်ကမထင်ထားခဲ့ပေ။ထိုလူကြီးသည် အလွန်ခေါင်းမာနေပုံရသည်။
ကင်မရွန်သည် လင်းအောင်ထျန်းကိုဆက်လက်ဆွဲဆောင်ရန် မကြိုးစားတော့ဘဲ လင်းမူရွယ်ဘက်သို့ပြန်လှည့်ကြည့်လိုက်သည်။
"မူရွယ်...ဒီနေ့ဘယ်သူကလာပြီးတားဆီးနေပါစေ...မင်းအပေါ်ထားရှိတဲ့ ငါ့အချစ်တွေကို ဝန်ခံမယ်...မင်းကငါ့ဘဝရဲ့တစ်ဦးတည်းသော စိတ်ကူးယဉ်ဆန်တဲ့ နတ်သမီးလေးပဲ...အခြားသူတွေလက်ထဲ မင်းကိုမပေးနိုင်ဘူး...ဒီပန်းပွင့်၁၀၀၀၀ကို မင်းအတွက်ငါကိုယ်တိုင်ရွေးချယ်ဝယ်ယူခဲ့တယ်...ကျေးဇူးပြုပြီး ငါ့ရဲ့သတို့သမီးဖြစ်လာပေးပါ"
ကင်မရွန်သည် စကားပြောပြီးသည်နှင့် မှော်ပညာကိုအသုံးပြုလိုက်ရာ ပန်းပွင့်အမြောက်အများကို ကိုင်ဆောင်ထားသောလူတစ်ယောက်ပုံစံဖြစ်ပေါ်လာခဲ့သည်။ထိုပန်းပွင့် များသည် ကြီးမားသည့်အသည်းနှလုံးပုံသဏ္ဍာန်ကိုဖွဲ့စည်းထားပြီး တစ်ချိန်တည်းမှာပင် စူးရှသောအချစ်သီချင်းတစ်ပုဒ်က လေထုထဲ၌ပဲ့တင်ထပ်လာခဲ့သည်။
ထို့နောက် ကင်မရွန်သည် သူ့လက်ထဲရှိလက်စွပ်ကို မြောက်ပြလိုက်သည်။
"မူရွယ်...ဒီသိုလှောင်လက်စွပ်ကိုဝယ်ယူဖို့အတွက် ငါ့ရဲ့စည်းစိမ်ဥစ္စာတွေအကုန်လုံးကိုအသုံးပြုခဲ့တယ်...ဒါကိုမင်းအမြဲလိုချင်နေတာငါသိတယ်...ကျေးဇူးပြုပြီး ငါ့အချစ်ကိုလက်ခံပါ...ဒါ့အပြင်ငါ့ဆီမှာဒီဝတ်စုံလည်းရှိတယ်"
ကင်မရွန်သည် အပြာနုရောင်ဝတ်စုံတစ်ထည်ကို ထပ်မံထုတ်ယူလိုက်သည်။
"ငါက ရှေးဟောင်းရာဂူမြို့ရဲ့အပျက်အစီးတွေထဲမှာ ဒီဝတ်စုံက်ိုတွေ့ခဲ့တာပဲ....ဒါကမှော်ဆရာတွေအတွက် အထူးသင့်လျော်တယ်...ကျေးဇူးပြုပြီး ဒါတွေကိုလက်ခံပေးပါ"
ကင်မရွန်သည် အသက်ပင်မရှုဘဲ ဆက်ပြောလိုက်သည်။
"မင်းအတွက် အထူးရထားလုံးတစ်စင်းကိုငါပြင်ဆင်ထားပြီးပြီ...ကျေးဇူးပြုပြီးတော့ ဒီလက်စွပ်နဲ့ဒီဝတ်ရုံကိုဝတ်ဆင်ပြီး ငါနဲ့အတူလိုက်ခဲ့ပါ...ငါကမင်းကိုထာဝရကာကွယ်စောင့်ရှောက်သွားမှာပါ"
ထိုမြင်ကွင်းကိုကြည့်နေသော အခြားမိန်းကလေးများသည် မျက်ရည်များစီးကျလာကာ ကင်မရွန်၏ရင်ခွင်ထဲသို့ ပြေးဝင်ချင်စိတ်ဖြစ်လာခဲ့သည်။ကင်မရွန်သည် ချစ်စရာကောင်းသည့် မင်းသားလေးဖြစ်ပြီး မရေမတွက်နိုင်သော မိန်းကလေးများသည် လမ်းမပေါ်၌လမ်းလျှောက်နေစဉ် သူနှင့်စကားပြောရန်အစပြုလိုကြသည်။ယခုလိုရဲရင့်မှု၊ကြမ်းတမ်းမှုတို့နှင့်ပြည့်နေသော အချစ်ဝန်ခံမှုမျိုးအား မှူးမတ်များက သူတို့ချစ်သည့်မိန်းကလေးများများအပေါ် အသုံးပြုလေ့ရှိကြသည်။
ထိုအချိန်တွင် ရှောင်ယု၏ဒေါသသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေပြီဖြစ်ရာ ကင်မရွန်အားငရဲသို့ဆွဲခေါ်သွားလိုစိတ်ဖြစ်နေခဲ့သည်။သို့သော်လည်း သူသည်အချိန်အတော်ကြာအောင် အတွေ့အကြုံများစွာရရှိခဲ့ပြီးနောက် တဖြည်းဖြည်းရင့်ကျက်လာခဲ့ပြီး မည်သည့်အချိန်တွင် အရူးလုပ်ရမည် မည်သည့်အချိန်တွင် နှုတ်ဆိတ်နေရမည်ကို သိရှိလာခဲ့သည်။သူသည် မူရွယ်အားလက်ထပ်ခွင့်တောင်းရန်အတွက် ပိုမ်ိုကောင်းမွန်သော ပစ္စည်းများကိုတင်တောင်းနိုင်သော်လည်း ယခုမူထိုသို့ပြုလုပ်ရန် အချိန်မတန်သေးပေ။
ရှောင်ယုသည် မူဟန်၏အနားသို့တိုးကပ်ပြီး မေးမြန်းလိုက်သည်။
"အဲ့ကောင်ကဘယ်သူလဲ"
"သူက ရိုင်ယန်ပြည်နယ်သခင်ရဲ့ တတိယမြောက်သားပဲ...သူကသူရဲကောင်းအကယ်ဒမီရဲ့ ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး အစ်မမူရွယ်ကိုလိုက်နေတဲ့ လူတွေအများကြီးထဲကတစ်ယောက်ပဲ"
"အများကြီးရှိနေတာလား..."
"ဟုတ်ပါတယ်....အစ်မမူရွယ်က ငါတို့အကယ်ဒမီ၊ရှိုင်းယားမြို့တော်နှင့် လန်ကတ်စတာပြည်နယ်မှာတောင် အထူးစံပြုရမယ့်အလှမယ်တစ်ယောက်ပဲ...သူမကိုလိုချင်သူတွေ အများကြီးရှိနေတာကြောင့် အစ်ကိုက ငါ့ကိုကျးဇူးတင်သင့်တယ်"
"ဘာအတွက် ငါ့ကိုကျေးဇူးတင်ရတာလဲ..."
"ငါက အစ်မမူရွယ်နဲ့တစ်ခန်းတည်း အတူနေခဲ့တာကြောင့် မရေမတွက်နိုင်တဲ့ကောင်ဆိုးတွေကို ငါမောင်းထုတ်ခဲ့ရတယ်...ဟမ့်...တစ်စုံတစ်ယောက်က သူမနဲ့စကားပြောချင်တယ်ဆိုရင် ငါ့ကိုအရင်ဆုံးဖြတ်ကျော်ရလိမ့်မယ်"
"စိတ်မပူပါနဲ့...ငါမင်းကိုနောက်ထပ်လက်ဆောင်တွေအများကြီးပေးဦးမယ်...ငါ့ကိုပြော...မူရွယ်ကသူမကိုလိုက်နေတဲ့လူတွေထဲမှာ သူမစိတ်ကျေနပ်လောက်တဲ့လူပါသေးလား..."
ရှောင်ယုသည် အနည်းငယ်စိတ်ရှုပ်သွားကာ အလျင်အမြန်မေးမြန်းလိုက်သည်။
မူဟန်ကပြုံးကာပြောလိုက်သည်။
"စိတ်ချပါအစ်ကိုယု...သူမကယောကျ်ားလေးတချို့နဲ့ ရံဖန်ရံခါစကားပြောတတ်ပေမဲ့ သာမန်သူငယ်ချင်းအဆင့်ထက်မပိုပါဘူး...ကင်မရွန်ကတော့ အဲလိုကမ်းလှမ်းတဲ့သူတွေတော်တော်များများရဲ့ ရှေ့ကိုရောက်နေရုံလေးတင်ပဲ"
ရှောင်ယုသည် စိတ်သက်သာရာရကာ ခေါင်းညိတ်မိလိုက်သည်။သူသည် ဦးထုပ်စိမ်းဆောင်းကာ ခြင်္သေ့နယ်မြေသို့မပြန်လိုပေ။လင်းမူရွယ်သည် သူမကိုယ်သူမစည်းကမ်းတင်းကျပ်ထားသော မိန်းကလေးအနည်းငယ်အတွင်းမှ တစ်ယောက်ဖြစ်သည်။
ကင်မရွန်၏ မိန့်ခွန်းသည် အလွန်ပင်ကောင်းမွန်သော်လည်း လင်းမူရွယ်၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်အနည်းငယ်ကိုပင် ဖော်ပြခြင်းမရှိပေ။
"ပထမဆုံးအနေနဲ့ပြောချင်တာက ငါ့ကိုနှစ်ပေါင်းများစွာသူငယ်ချင်းတစ်ယောက်အနေနဲ့ ကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ငါတို့အကြားမှာ နားလည်မှုလွဲမှားနေတာလေးတစ်ခုရှိလောက်တယ်...မင်းနဲ့ငါ့အကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာမရှိဘူး...ငါမင်းကိုလက်ထပ်လို့မရဘူး...အကြောင်းရင်းကိုတော့မင်းသိနေလိမ့်မယ်လို့ ငါယုံကြည်တယ်...ငါ့မှာနဂိုကတည်းကစေ့စပ်ထားသူရှိနေတာကြောင့် နှစ်တွေအကြာကြီးငါနဲ့လက်ထပ်ချင်သူတွေကို ငါငြင်းဆန်ခဲ့ရတယ်"
လင်းမူရွယ်သည် ထက်မြက်သောမိန်းကလေးတစ်ယောက်ဖြစ်သည်။ရှောင်ယုသည် သူမ၏ငြင်းဆိုချက်ကိုနားထောင်ပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။သူမသည် ယခုလ်ိုငြင်းဆန်ခဲ့သည့်အတွက်ကြောင့်သာမဟုတ်လျင် ရှောင်ယုသည်အလွန်ရှက်စရာကောင်းသောအခြေအနေသို့ကျရောက်နေပြီး သူ့ရင်ထဲ၌ အငြိုးများစွဲထင်ကျန်ရန်သွားနိုင်သည်။
ရှောင်ယုသည် လင်းမူရွယ်အားတိတ်တဆိတ် ချီးကျူးမိလိုက်သည်။
ကင်မရွန်သည် သူ၏ဖွင့်ဟဝန်ခံချက်အလုပ်မဖြစ်သည်ကို နားမလည်သောကြောင့် အလွန်အံ့အားသင့်သွားခဲ့သည်။
ကင်မရွန်သည် သူမ၏နှလုံးသားကိုရယူရန် မည်သို့ဆက်လုပ်ရမည်ကို နားမလည်တော့သည့်အတွက်ကြောင့် သူ၏မျက်နှာသည် ချက်ချင်းညိုးငယ်သွားခဲ့သည်။
ကင်မရွန်သည် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
"မူရွယ်...မင်းဘာလို့အဲလောက်ထိခေါင်းမာနေရတာလဲ...ဘာလို့လဲ...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မင်းအဖေကိုပေးခဲ့တဲ့ကတိကို ခုချိန်ထိလိုက်နာနေစရာလိုလို့လား...မင်းနဲ့စေ့စပ်ထားသူကဘယ်သူလဲဆိုတာကောမင်းသိလား...သူကလူဦးရေ၅၀၀၀၀အောက်သာရှိတဲ့ နယ်မြေလေးတစ်ခုရဲ့သခင်ပဲ...သူကသောက်စားမူးယစ်ခြင်း၊လောင်းကစားခြင်းတို့ကို နှစ်သက်တဲ့လူယုတ်မာတစ်ယောက်ပဲ...သူကမင်းအတွက် ခုလိုအဖိုးတန်တဲ့သိုလှောင်လက်စွပ်ကို ဝယ်ပေးနိုင်လား...မင်းအတွက်ခုလိုရှားပါးတဲ့ဝတ်စုံမျိုးလက်ဆောင်ပေးနိုင်လား...မင်းကအဲလိုလူမျိူးကိုတကယ်လက်ထပ်ချင်နေတာလား"
လင်းမူရွယ်သည် ခေတ္တတိတ်ဆိတ်နေခဲ့သည်။ထို့နောက် သူမသည်ရှောင်ယုကိုတစ်ချက်လှမ်းကြည့်လိုက်ကာ ကင်မရွန်ကိုစိုက်ကြည့်လိုက်သည်။
"ကင်မရွန်...သူရဲကောင်းတွေရဲ့ပထမဆုံးစည်းမျည်းကဘာလဲ..."
ကင်မရွန်က မျက်မှောင်ကြူတ်ကာ အဖြေပေးလိုက်သည်။
"သစ္စာစောင့်သိခြင်း..."
လင်းမူရွယ်က ဆက်ပြောလိုက်သည်။
"မူလသခင်ဟာနိမ့်ကျသွားခဲ့ရင်တောင်မှ သူရဲကောင်းတစ်ယောက်ဟာ သူရဲ့သခင်ကိုပစ်ပယ်ပြီး ပိုမိုကောင်းမွန်တဲ့လမ်းကိုရွေးချယ်မယ်လို့ မင်းထင်လား...မင်းကအဲလိုသူရဲကောင်းတစ်ယောက်လား"
"ဒီနှစ်ခုက လုံးဝမတူတဲ့အရာတွေပဲ..."
ကင်မရွန်ကငြင်းဆန်လိုက်သည်။
လင်းမူရွယ်က တိုးတိုးလေးပြောလိုက်သည်။
"ဘာကွာခြားလို့လဲ...ငါကသစ္စာမရှိရင် ငါကဘယ်လိုမိန်းမမျိုးဖြစ်သွားမှာလဲ...ငါကမင်းကိုလက်ထပ်ပြီးရင် မင်းဆင်းရဲသွားတဲ့တစ်နေ့ကျ ငါကအခြားတစ်ယောက်နဲ့လက်ထပ်ဖို့ လိုက်သွားရမယ်လို့ပြောချင်တာလား"
ကင်မရွန်သည် ခဏလောက်စကားမပြောဘဲ ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင် ကင်မရွန်သည်အံကိုတင်းတင်းကြိတ်လိုက်ပြီး သူမကိုစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းနဲ့စေ့စပ်ထားတာဘယ်သူလဲ...ငါသူနဲ့တိုက်ခိုက်ချင်တယ်..."
အခန်း ၁၅၀ - သူမရဲ့ကံကြမ္မာကို သူမကိုယ်တိုင်ပဲထိန်းချုပ်ရမယ်
ကင်မရွန်၏ဒေါသတကြီးစကားများကို ကြားလိုက်ရသောအခါတွင် လင်းအောင်ထျန်းသည် မျက်ခုံးပင့်လိုက်မိသည်။သူသည် တားဆီးရန်ပြင်ဆင်လိုက်သော်လည်း ရှောင်ယုသည် လင်းအောင်ထျန်းအားစိတ်ရှည်ရန် အချက်ပြလိုက်သည်။ထို့နောက် ရှောင်ယုသည် မတ်တပ်ထရပ်လိုက်ကာ ရှေ့သို့ထွက်လာခဲ့သည်။
"သူရဲကောင်း ကင်မရွန်...ငါကလင်းမူရွယ်နဲ့စေ့စပ်ထားတဲ့သူပဲ...ငါကမင်းပြောနေတဲ့ အကျင့်ပျက်နေတဲ့ခြင်္သေ့နယ်မြေသခင် ရှောင်ယုပဲ"
ကင်မရွန်သည် ဒေါသပေါက်ကွဲနေချိန်တွင် ရှောင်ယုသည် ငြိမ်သက်နေခဲ့သည်။ဤသို့ဖြင့် သူသည်ကင်မရွန်ကို ပိုမိုဒေါသထွက်လာအောင်လှုံဆော်နိုင်မည်ဖြစ်ကာ အခြားသူများ၏အမြင်တွင်မူ သူ၏ပုံရိပ်သည်ပိုမိုသာလွန်နေလိမ့်မည်ဖြစ်သည်။ရန်သူကိုထိပ်တိုက်ရင်ဆိုင်ရာတွင် အောင်နိုင်သူများသည် တည်ငြိမ်တတ်ကြသည်ဟု ဆိုရိုးရှိပေသည်။
လင်းမူရွယ်နှင့်လင်းအောင်ထျန်းတို့သည် ရှောင်ယု၏ဘက်တွင်ရှိနေသောကြောင့် သူသည်အသာစီးရရှိထားပြီဖြစ်သည်။သို့ဖြစ်ရာ သူသည်လူဆိုးတစ်ယောက်လို သရုပ်ဆောင်နေစရာမလိုအပ်ပေ။သူသည် ကင်မရွန်အားအနိုင်ယူခဲ့လျှင်တောင် မည်သို့မှထူးခြားလာမည်မဟုတ်ပေ။
"အဲ့ဒါက မင်းလား..."
ကင်မရွန်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်လာခဲ့သည်။
ရှောင်ယုသည် အပြုံးမပျက်ဘဲခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...အဲ့ဒါကငါပဲ"
ရှောင်ယု၏အပြုံးကိုတွေ့မြင်ချိန်တွင် ကင်မရွန်းသည် ပိုမိုဒေါသထွက်လာခဲ့သည်။ရှောင်ယု၏ အလေးမထားသောအပြုအမူသည် ကင်မရွန်အား စစ်ကြေငြာခြင်းနှင့်အတူတူပင်ဖြစ်သည်။ရှောင်ယု၏လုပ်ရပ်သည် လင်းမူရွယ်ကသူ့အပိုင်မဟုတ်ဟု သတိပေးနေသယောင်ဖြစ်နေခဲ့သည်။သို့သော်လည်း ကင်မရွန်သည်ငတုံးတစ်ယောက်မဟုတ်ပေရာ ယခုလိုရူးသွပ်စွာပြုမှုခြင်းသည် အကျိုးမရှိကြောင်း နားလည်ထားသည်။
ကင်မရွန်သည် ရှောင်ယုအားအေးစက်စွာစိုက်ကြည့်လိုက်သည်။
"မြို့စားရှောင်...ငါခုဒီကိုရောက်လာရတဲ့ရည်ရွယ်ချက်ကိုသဘောပေါက်လား...ငါနဲ့မူရွယ်ခင်လာခဲ့တာ နှစ်အတော်ကြာမြင့်နေခဲ့ပြီ...သူမနဲ့ငါ့အကြားကပေါင်းသင်းဆက်ဆံရေးက အရမ်းကောင်းတယ်....ဒါပေမဲ့မင်းရှိနေတာကြောင့် ငါသူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို သူမလက်မခံနိုင်ခဲ့ဘူး...တကယ်လို့သူမအပေါ်ထားရှိတဲ့ ငါ့ရဲ့ခံစားချက်တွေကို မင်းသိရင်မင်းလည်းလိုက်လျောပေးမှာသေချာတယ်...ယောကျ်ားတစ်ယောက်အနေနဲ့ မင်းကငါ့ရဲ့ခံစားချက်တွေကိုနားလည်မှာပါ...ငါချစ်တဲ့မိန်းကလေးကို ဘယ်သူ့ကိုမှယူဆောင်ခွင့်မပေးနိုင်ဘူး...ဒီနေ့တော့ သူရဲကောင်းတစ်ယောက်အနေနဲ့ မင်းကိုတိုက်ခိုက်ဖို့ငါစိန်ခေါ်တယ်...ငါရှုံးရင် မူရွယ်ကိုငါစွန့်လွှတ်မယ်...ငါသာအနိုင်ရခဲ့ရင်တော့ သူမက်ိုမင်းစွန့်လွှတ်ပေးရပြီး မူရွယ်ကငါ့အပိုင်ဖြစ်လာလိမ့်မယ်...ရှောင်ကျန်းထျန်ရဲ့သားက ငါစိန်ခေါ်တာကိုလက်ခံနိုင်တဲ့ သတ္တိရှိဖို့မျှော်လင့်တယ်..."
ကင်မရွန်သည် ညဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။လင်းမူရွယ်သည် သူ့အားပြတ်သားစွာငြင်းဆန်ခဲ့သော်လည်း သူနှင့်လင်းမူရွယ်အကြား ချစ်ခြင်းမေတ္တာကို ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။သူသည် ဤသို့ပြုလုပ်ခြင်းဖြင့် ရှောင်ယု၏နှလုံးသားထဲ၌ သံသယမျိုးစေ့အချို့ ကြဲချထားလိုခဲ့သည်။ထို့ပြင် သူ၏စစ်မှန်သောချစ်ခြင်းမေတ္တာကိုသက်သေပြရန်အတွက် သူ၏သူရဲကောင်းဘွဲ့ကိုသက်သေထားကာ လူအများ၏အမြင်တွင်သူ၏အားသာချက်ကိုဖြစ်ပေါ်စေခဲ့သည်။အကယ်၍ ရှောင်ယုသာငြင်းဆန်ပါက သူရဲဘောကြောင်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကာ ရှောင်ယုသာသူ၏စိန်ခေါ်မှုကိုသဘောတူပါက သူသာအနိုင်ရရှိမှာဖြစ်သည်။
လင်းအောင်ထျန်းနှင့်လင်းမူရွယ်တို့သည် ကင်မရွန်ပေးလာသောဖိအားကြောင့် ရှောင်ယုတစ်ယောက်စိန်ခေါ်မှုကိုလက်ခံလိုက်မည်ကို စိုးရိမ်နေ၍ ဤကိစ္စက်ိုရပ်တန့်လိုကြသည်။သူတို့သည် ရှောင်ယု၏ခွန်အားကိုမသိကြသော်လည်း ကင်မရွန်သည် အလွန်စွမ်းအားကြီးကြောင်းသိရှိထားကြသည်။ကင်မရွန်သည် ရှိုင်းယားမြို့၏သူရဲကောင်းအကယ်ဒမီတွင် ထိပ်တန်း၃ယောက်စာရင်းဝင်ပြီး ဒုတိယအဆင့်သူရဲကောင်း၏ အထွတ်အထိပ်သို့ရောက်ရှိနေကာ တတိယအဆင့်နှင့်များစွာမဝေးကွာတော့ပေ။
သူတို့နှစ်ယောက်ကိုနှိုင်းယှည်ကြည့်လျှင် ရှောင်ယုသည် အသက်၁၈နှစ်သာရှိသေးပြီး သူရဲကောင်းအကယ်ဒမီ၌ ပညာမသင်ကြားခဲ့ဖူးပေ။သို့ဖြစ်ရာ ရှောင်ယုသည်ကင်မရွန်း၏ပြိုင်ဘက်မဖြစ်နိုင်ပေ။
ရှောင်ယုကမူ သူတို့အားဟန့်တားရန် လက်ကာပြလိုက်ကာ ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"မင်းရဲ့စိန်ခေါ်မှုကိုငါလက်ခံတယ်...သူရဲကောင်း ကင်မရွန်...ဒါပေမဲ့"
ရှောင်ယုသည် စိန်ခေါ်ပွဲအားသဘောတူလိုက်သည်ကိုမြင်သောအခါ လင်းအောင်ထျန်းနှင့်လင်းမူရွယ်တို့၏နှလုံးသားသည် နစ်မြုပ်သွားခဲ့သည်။ရှောင်ယုသည် အလွန်ငယ်ရွယ်၍ တဇွတ်ထိုးဆန်လွန်းသည်ဟု မှတ်ယူသွားခဲ့သည်။လင်းအောင်ဖန်းနှင့် အခြားသောလင်းမိသားစုမှလူများသည်လည်း လင်းမူရွယ်သည် ကင်မရွန်းကဲ့သို့သောလူတစ်ယောက်နှင့်သာ လက်ထပ်သင့်သည်ဟုမှတ်ယူထားပြီး ထိုလက်ထပ်ပွဲမှတဆင့် သူတို့မိသားစုများသည် အကျိုးကျေးဇူးများစွာရရှိနိုင်သည်ဟု ယုံကြည်ကြသည်။
"ဒါပေမဲ့....ဘာလဲ"
ကင်မရွန်သည် ရှောင်ယုမှစိန်ခေါ်မှုကို သဘောတူကြောင်းသိလိုက်ရ၍ စိတ်ချသွားကာ အမြန်မေးမြန်းလိုက်သည်။
ရှောင်ယုသည် လင်းမူရွယ်ကိုတစ်ချက်ကြည့်လိုက်ကာ ကင်မရွန်အားစိုက်ကြည့်လိုက်သည်။
"ငါက မူရွယ်နဲ့စေ့စပ်ထားသူဖြစ်ပြီး သူရဲဘောကြောင်တဲ့သူမဟုတ်တာကြောင့် မင်းရဲ့စိန်ခေါ်မှုကိုလက်ခံဖို့ငါသဘောတူတယ်...စိန်ခေါ်တဲ့သူကဘယ်သူပဲဖြစ်ပါစေ ငါကသူမဘက်ကရပ်တည်ပြီးအကာအကွယ်ပေးသွားမှာပဲ...စိန်ခေါ်သူဟာ ဒီတိုက်ကြီးရဲ့အကောင်းဆုံးသူရဲကောင်းဆိုရင်တောင် ငါကဒီလိုလုပ်ဖို့တွန့်ဆုတ်နေမှာမဟုတ်ဘူး...ဒါပေမဲ့ မူရွယ်ရဲ့ကံကြမ္မာကိုတော့ငါဆုံးဖြတ်ပိုင်ခွင့်မရှိဘူး...သူမက်ိုအောင်နိုင်သူက ပိုင်ဆိုင်ခွင့်ပေးရမယ်ဆိုပြီး သတ်မှတ်တာက သူမကိုပစ္စည်းတစ်ခုလိုသတ်မှတ်လိုက်သလိုပဲ...သူမရဲ့ကံကြမ္မာကို သူမကိုယ်တိုင်ပဲထိန်းချုပ်ရမယ်...ငါကသူမကိုမြင်မြင်ချင်းသဘောကျမိပေမဲ့ သူမကိုငါ့ရဲ့မိန်းမအတင်းအကျပ်ဖြစ်လာဖို့မတောင်းဆိုချင်ဘူး...ငါလုပ်နိုင်တာက သူမရဲ့ရွေးချယ်မှုကိုလေးစားပြီး ဘေးနားကနေကူညီထောက်ပံ့ပေးဖို့ဘဲ...ငါကသူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာတွေ့အောင်ပဲကူညီပေးနိုင်တယ်...တကယ်လို့ သူမသာမင်းကိုရွေးချယ်ချင်တယ်ဆိုရင် ငါခုချက်ချင်းနောက်ဆုတ်ပေးလိုက်မယ်...ဒါကြောင့်မင်းရဲ့စိန်ခေါ်မှုကိုငါလက်ခံပေမဲ့ လောင်းကြေးက်ိုတော့လက်မခံနိုင်ဘူး...မင်းမကျေနပ်ရင်ငါ့ရဲ့လက်တစ်ဖက်ကို လောင်းကြေးအဖြစ်အသုံးပြုမယ်...သူမရဲ့ရွေးချယ်ခွင့်ကိုလောင်းကြေးမထပ် နိုင်ဘူး"
ရှောင်ယု၏စကားကိုကြားရချိန်တွင် လူတိုင်းအံ့သြသွားခဲ့ကြပြီး လင်းမူရွယ်၊ကင်မရွန်းနှင့်လင်းအောင်ထျန်းတို့သည် အချိန်အတော်ကြာသည်ထိ ထိတ်လန့်သွားခဲ့ကြသည်။ရှောင်ယုသည် ထိုသို့သောစကားများကိုပြောဆိုလာလိမ့်မည်ဟု မည်သူမှမမျှော်လင့်ထားခဲ့ပေ။
လင်းမူရွယ်၏နှလုံးသားကို သိမ်းပိုက်ရန်သူအသုံးပြုခဲ့သော စကားများသည် သေစေနိုင်လောက်သောလက်နက်ကြီးသဖွယ်ဖြစ်သည်။
သူ၏စကားများသည် ကင်မရွန်၏သူရဲကောင်းဆောင်ပုဒ်ထက်ပင် များစွာအလေးချိန်ပိုလေသည်။သူရဲကောင်းများသည် သူတို့အလိုရှိသောမိန်းမလှလေးကိုပိုင်ဆိုင်ရန် တိုက်ခိုက်ရသည်မှာပုံမှန်ဖြစ်သည်။သို့သော်လည်း သူတို့သည်မိန်းမလှလေး၏ ခံစားချက်ကိုထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပေ။
ထိုမိန်းမလှလေးသည် တိုက်ပွဲ၌အနိုင်ရသူနောက်သို့ ရွေးချယ်ခွင့်မရှိလိုက်ရမည်ဟု ဆိုလိုခြင်းလား...
ယခုခေတ်မိန်းမများသည် မည်သည်ကိုလိုချင်သနည်း..သူမတို့သည်ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးထိန်းချုပ်ခွင့်ရလိုသော်လည်း အခွင့်မသာခဲ့ပေ။ချမ်းသာသောမိသားစုမှ အမျိုးသမီးများသည်ပင် သူမတို့၏ကံကြမ္မာကိုမရွေးချယ်နိုင်ဘဲ မိသားစုမှချမှတ်ထားသောအစီအစဉ်များကိုလိုက်နာကြရသည်။
လင်းမူရွယ်သည် ထိုအကြောင်းကိုအခြားမည်သူထက်မဆို ပိုမိုရှင်းလင်းစွာသိရှိပေသည်။ပထမဆုံးအနေဖြင့် ရှောင်ယုသည်လူဆိုးတစ်ယောက်မဟုတ်ကြောင်း သူမခံစားလိုက်ရသည်။ကောလဟာလများတွင် ကြားခဲ့ဖူးသလိုမျိုး ရှောင်ယုသည်လုံးဝမတူညီပေ။သို့သော်လည်း ချမ်းသာသောမိသားစုများမှ ကလေးအများစုသည် ရှောင်ယုဖော်ပြထားသည်နှင့်တစ်ထပ်တည်းတူညီပေသည်။သူမသည် သူမ၏ကံကြမ္မာအားကိုယ်တိုင်ထိန်းချုပ်လိုသော်လည်း အေးစက်သောလက်တွေ့ဘဝက သူမ၏အိပ်မက်များကိုရိုက်ချိုးပစ်လိုက်သည်။လင်းမိသားစု၏အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူမ၏ကံကြမွာသည် မိသားစုအကြီးအကဲများ၏ချုပ်ကိုင်မှုအောက်၌သာ ရှိခဲ့ပေသည်။
ယခုအခါ ရှောင်ယု၏လေးနက်သောစကားလုံးများကို ကြားရပြီးနောက်တွင် ရှောင်ယုသည်သူမထင်ထားသလောက် မဆိုးရွားကြောင်းလင်းမူရွယ်ယုံကြည်လာခဲ့သည်။သူ၏အပြောအဆိုနှင့် အပြုအမူတို့သည် မွန်မြတ်သောအမူအကျင့်နှင့်ကိုက်ညီပေသည်။ထို့ပြင် ရှောင်ယုသည် သူမ၏ခန္ဓာကိုယ်အားတပ်မက်သောအကြည့်ဖြင့်မကြည့်ခဲ့ပေ။ယောက်ျားအများစုသည် မိန်းမများကိုဂရုမစိုက်ကြဘဲ ကိရိယာတန်ဆာပလာများလိုသဘောထားကာ ပိုင်ဆိုင်လိုကြသည်။အစောပိုင်းတွင် သူမ၏အဖေနဲ့ရှောင်ယုအဖေတို့၏ ကြိုတင်သဘောတူညီချက်ကြောင့်သာ သူမသည်ဤစေ့စပ်ပွဲကိုလက်ခံခဲ့ရသည်ဟု မူရွယ်ခံယူထားခဲ့သည်။သို့သော် ယခုလိုအပြန်အလှန်စကားပြောပြီးနောက် ရှောင်ယုသည်ပြေပြစ်သောယောကျ်ားဖြစ်ကြောင်း သူမတွေ့ရှိခဲ့သည်။
ကင်မရွန်၏စကားများကြောင့် ရှောင်ယုသည် သူမအားအထင်လွဲသွားမည်ကို လင်းမူရွယ်စိုးရိမ်နေခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ကင်မရွန်၏စကားများကို လျစ်လျူရှုထားခဲ့ပြီး မနာလိုစိတ်အနည်းငယ်ပင်ဖြစ်ပုံမရခဲ့ပေ။
ရှောင်ယုနောက်ဆုံးပြောခဲ့သော လေးနက်သည့်စကားများကြောင့် ရှောင်ယုသည်သာ သူမ၏ဘဝလက်တွဲဖော်ဖြစ်ကြောင်း လင်းမူရွယ်ကိုယုံကြည်သွားစေခဲ့သည်။အမှန်တော့ သူမကြားဖူးသမျှထဲတွင် ထိုစကားများ၏အလေးချိန်သည် လွန်စွာကြီးမားပေသည်။မည်သူကမှ သူတို့၏ကံကြမ္မာအားအခြားတစ်ယောက်ကို ထိန်းချုပ်ခွင့်မပေးချင်ကြပေ။ဤနေရာတွင် သူမ၏ကိုယ်ပိုင်ကံကြမ္မာအား ကိုယ်တိုင်ထိန်းချုပ်ခွင့်ရရန် သူ၏လက်တစ်ဖက်အား လောင်းကြေးထပ်မယ့်သူအသင့်ရှိနေခဲ့သည်။
Thank For Reading.