ယင်ကောင်
Vol. 15 Ch. 212
အောက်မှာတော့ ကြည့်ရှုသူအရေအတွက်က သန်းနဲ့ချီနေပြီ။ မှတ်ချက်တွေကတော့ သောင်းကျော်နေပြီး အရှိန်ကလည်း တရိပ်ရိပ်တက်နေတုန်းပဲ။ တစ်ယောက်က မှတ်ချက်ရေးထားတယ်။
"ဒီမြောင်းဖေဆိုတဲ့ကောင်ကို ကျွန်တော်သိတယ်။ အခွင့်အရေးသမားပဲ။ သူက သီချင်းလည်း ကောင်းကောင်းမဆိုတတ်ဘူး၊ ပိုက်ဆံလည်း သိပ်မရှာနိုင်ဘူး။ နာမည်ကြီးချင်တော့ လမ်းမှားလိုက်ရတော့တာပေါ့။ အလှူအတန်းလုပ်ပြလိုက်၊ ဆင်းရဲသားတွေကို ကူညီပြလိုက်၊ ပရဟိတပွဲတွေ လုပ်ပြလိုက်နဲ့။ ညီအစ်ကိုတို့ပဲ စဉ်းစားကြည့်လေဗျာ၊ သူသာ သီချင်းဆိုပြီး ပိုက်ဆံအများကြီး ရှာနိုင်ရင် ဒီလိုအလုပ်တွေ လိုက်လုပ်ပါ့မလားလို့"
"ငါလည်း အဲ့လိုပဲထင်တယ်။ ဘယ်သူကမှ လောဘမရှိဘဲ နေမလဲကွာ။ ကြားရသလောက်ဆို သူက နာမည်ကြီးချင်လို့တဲ့။ သီချင်းဆိုတာ မပေါက်တော့ ဒီလိုနည်းလမ်းနဲ့ ဝင်တာပေါ့။ ကိုယ့်ကိုယ်ကို ဘာပရဟိတသံတမန်ကြီးလိုလို၊ ဘာလိုလိုနဲ့ ပုံသွင်းတာ။ ပြောချင်တာကတော့၊ မြေပေါ်က နတ်သမီးတို့ ဘာတို့ဆိုတာ ကြည့်ကောင်းအောင် ပြောတာပါကွာ"
တချို့တွေကတော့ မြောင်းဖေဆိုတာ ဘယ်သူမှန်းတောင်မသိဘူး။ မြောင်းဖေက ဘာတွေလုပ်ခဲ့လို့လဲ၊ သူ့ရဲ့နာမည်ကြီးသီချင်းက ဘာလဲ၊ ဒါမှမဟုတ် သူက ငွေဘယ်လောက်များ လှူခဲ့လို့လဲဆိုပြီး တောက်လျှောက်မေးနေကြတယ်။
ယွီဟွေးဖေး ဒါတွေကို မြင်လိုက်ရတော့ မျက်လုံးထဲမှာ ဒေါသတွေချည်းပဲ။ ဒါလူတစ်ယောက်ပြောသင့်တဲ့စကားလားကွာ။
သူ အောက်ကို ဆက်ဆွဲကြည့်လိုက်တော့ သတင်းအသစ်တွေ ထပ်တက်လာတာကို တွေ့လိုက်ရတယ်။ ဒီတစ်ခါလည်း ဖုန်းခေါ်ဆိုမှုကို အသံဖမ်းထားတာ။ မြောင်းဖေကို တိုင်ကြားတဲ့လူတစ်ယောက်ရဲ့ အသံပဲ။ ဒီတစ်ခါတော့ ယောကျ်ားတစ်ယောက်ရဲ့ အသံ။ သူက အရမ်းကို ဒေါသတကြီးနဲ့ ပြောနေတာ။
"ငါပြောပြီးသားပဲ၊ အဲ့ကောင်က လိမ်လည်တဲ့ကောင်၊ လူလိမ်ကောင်ကြီးလို့။ ငါတို့ကလေးတွေ ကျောင်းတက်ဖို့ ပိုက်ဆံပေးမယ်၊ ကူညီမယ်လို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ ဘာဖြစ်လဲ။ တစ်နှစ်လုံး တစ်ပြားမှ မပေးဘဲ ခွေးသေကြီးလို လုပ်နေတယ်။ ဒါ ဘယ်လိုလူမျိုးလဲကွ။ ငါနားမလည်တာက၊ ဒီလိုအမှိုက်လိုကောင်၊ လူ့တိရစ္ဆာန်လိုကောင်ကို မင်းတို့က သတင်းစာထဲထည့်၊ သတင်းတွေမှာကြော်ငြာပြီး လူကောင်းကြီးလို ပုံဖော်နေကြတာလား။ မင်းတို့ မျက်စိကန်းနေကြတာလား"
ဒီအောက်က မှတ်ချက်တွေကတော့ ချက်ချင်းကို တိုးပွားလာတော့တာပဲ။ လှောင်ပြောင်သရော်တဲ့ အသံတွေက ပိုလို့တောင် များလာတယ်။
"ဟုတ်ပါ့..."
"လူဆိုရင်ရင် အောက်တန်းမကျသင့်ဘူးကွ။ အလှူအတန်းလုပ်တာကို အသုံးချပြီး နာမည်ကြီးအောင်လုပ်တယ်... ဟားဟားပဲ။ တကယ် ကုသိုလ်လုပ်တဲ့လူက ဘယ်သူက ဒါကို နေ့တိုင်း ထုတ်ပြောနေမှာလဲ။ ဒီမြောင်းဖေကတော့ တော်တော်ရောဂါထနေပြီ"
...
ဒီအထိတွေ့လိုက်ရတော့ ယွီဟွေးဖေးလည်း မထိုင်နိုင်တော့ဘူး။ ဖုန်းကိုဆွဲပြီး မြောင်းဖေဆီ ချက်ချင်းခေါ်လိုက်တယ်။
မြောင်းဖေရဲ့ စိတ်အခြေအနေကတော့ ဒီကိစ္စအပေါ့သိပ်အရေးထားပုံမရဘူး။ သူ့အသံထဲမှာ ရယ်သံတောင် ပါနေသေးတယ်။
"ခင်ဗျားဘာပြောချင်လဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး။ သူတို့ပြောချင်ရာ ပြောပါစေ"
"မင်း ဘာမှပြန်မရှင်းပြချင်ဘူးလား"
"ဘာကို ရှင်းပြရမှာလဲ။ ကျွန်တော့်ဘဝရဲ့ အတောက်ပဆုံးအချိန်ကို ကျွန်တော်ဖြတ်သန်းပြီးသွားပြီ။ တခြား ဘာမှ မမက်မောတော့ဘူး။ အနည်းဆုံးတော့ ကျွန်တော်ကူညီခဲ့တဲ့လူတွေထဲမှာ ကျွန်တော့်ကို ကျေးဇူးတင်တဲ့သူတွေရှိတယ်၊ လုပ်ခဲ့တဲ့အရာတွေက အလကားမဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါနဲ့တင် လုံလောက်ပါပြီ"
"မင်းကတော့ အတွေးရှင်းသားပဲ၊ ဒါပေမဲ့ ငါကတော့ ကြည့်မရဘူးကွ။ မင်းဆီလာပြီး နည်းနည်း သောက်မလို့..."
မြောင်းဖေက ရယ်ပြီး "ခင်ဗျား... ကောင်းပြီလေ။ အိမ်မှာ ဟင်းလေးဘာလေး ပြင်ထားပြီး ခင်ဗျားတို့ကို စောင့်နေမယ်"
ဖုန်းချပြီးပြီးချင်းပဲ ချန်ယိုတောက်ဆီက ဖုန်းဝင်လာတယ်။ သူ့အတွေးကလည်း ယွီဟွေးဖေးနဲ့ တစ်ထပ်တည်းပဲ။ ပထမတစ်ချက်က ဒေါသထွက်တယ်၊ ဒုတိယတစ်ချက်က မြောင်းဖေကို သွားတွေ့ချင်တယ်။ ဒါနဲ့ ချန်ယိုတောက်က လေယာဉ်လက်မှတ်ဝယ်ပြီး နှစ်ယောက်သား တန်းထွက်လာခဲ့ကြ၏။
မြောင်းဖေက မြို့ထဲမှာ မနေတော့။ မြို့ထဲက သူ့အိမ်ကို ရောင်းထားတာ ကြာပြီ။ အခု သူတို့က တောရွာက သူ့ဇာတိအိမ်မှာ နေနေတာကြောင့် နှစ်ယောက်သား တက္ကစီတစ်စီးငှားပြီး သူ့ရွာကို တန်းမောင်းလာခဲ့သည်။
ရွာထိပ်ကိုရောက်တော့ ရွာထဲမှာ ရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေ အများကြီးကို တွေ့လိုက်ရ၏။ လူအုပ်ကြီးက မြောင်းဖေရဲ့ အိမ်ရှေ့မှာ စုရုံးနေကြသည်။
တချို့က ဖုန်းတစ်လုံးတည်းကိုင်ထားပြီး တချို့ကတော့ gimbal တွေနဲ့ ဘာတွေပြောနေမှန်းမသိဘူး။ တချို့ကတော့ လက်ထဲမှာ သုံးခွတိုင်ကြီးကိုင်ပြီး အပေါ်မှာ ဖုန်းသုံးလုံးချိတ်လို့ တစ်ပြိုင်နက်တည်း တိုက်ရိုက်လွှင့်နေကြတယ်။ ပိုဆိုးတာက တချို့ဆိုရင် အဖွဲ့လိုက်ကို လာတာ။ မီးထိုးတဲ့သူနဲ့၊ ကင်မရာသမားနဲ့ တကယ့်ကို ပညာရှင်တွေကျနေတာပဲ။
ဒါပေမဲ့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ သိလိုက်တယ်။ ဒါတွေက တရားဝင်သတင်းထောက်တွေ မဟုတ်ဘူး။ သူများဒုက္ခကို အမြတ်ထုတ်ပြီး စားနေတဲ့ ခွေးမသား Liveလွှင့်တဲ့ကောင်တွေနဲ့ နာမည်ကြီးဘလော့ဂါတွေပဲ။
နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားကြပေမဲ့ ယွီဟွေးဖေးကို စိတ်နည်းနည်းသက်သာသွားစေတာကတော့ လူတိုင်းက သူများဒုက္ခကို အမြတ်ထုတ်ဖို့ လာတာမဟုတ်ဘူး။ တချို့ကတော့ ကင်မရာကို မျက်နှာမူပြီး တရားမျှတစွာ ပြောနေတယ်။
"အားလုံးတွေ့ကြတဲ့အတိုင်းပဲ၊ ဒါက မြောင်းဖေရဲ့အိမ်ပါ။ ကျွန်တော်စုံစမ်းကြည့်ပြီးပါပြီ၊ မြောင်းဖေနာမည်အောက်မှာ ဘာပိုင်ဆိုင်မှုမှ တကယ်မရှိတော့ပါဘူး။ ဒီအိမ်အိုလေးတစ်လုံးပဲ ရှိတော့တယ်။ သူ့ပိုက်ဆံတွေ အားလုံးကို တကယ်လှူလိုက်တာပါ။ ဒီလိုလူကိုတောင် လူဆိုးလို့ပြောရင် ဒီလိုလူဆိုးတွေ များများရှိလာပါစေလို့ ကျွန်တော်ဆုတောင်းတယ်။ ဘာလို့ လူတွေက အဲ့လောက်တောင် ဇာတ်လမ်းဆင်နေကြလဲတော့ ကျွန်တော်နားမလည်ဘူး။ သူတို့အမြင်မှာတော့ သူများဒုက္ခကို အသုံးချလို့ရတဲ့ လူဆိုးတစ်ယောက်က လူကောင်းတစ်ယောက်ထက် ပိုပြီး ကြိုဆိုချင်စရာကောင်းနေလို့ ဖြစ်မှာပေါ့..."
ဒီလိုစကားမျိုးအတွက်တော့ ယွီဟွေးဖေးက ကျေးဇူးတင်တဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။ ကြည့်ရတာ Liveလွှင့်တဲ့သူတွေ၊ နာမည်ကြီးဘလော့ဂါတွေထဲမှာလည်း လူကောင်းတွေ ရှိသေးသားပဲ။
သူကပဲ တစ်ဖက်သတ်ကြီး မြင်မိသွားတာ။
ဒါပေမဲ့ ရိုက်ကူးနေတဲ့သူတွေ များလာတာနဲ့အမျှ သူသတိထားမိလာတာကတော့ ဒီကောင်တွေက တကယ်ကို ပြောချင်ရာပြောနေကြတာပဲ။ အရည်အသွေးကလည်း တော်တော်ကို ကွာခြားတယ်။ ကြားမှာရပ်ပြီး သုံးသပ်တဲ့သူတွေရှိပေမဲ့ အများစုကတော့ ဇာတ်လမ်းဆင်ပြီး သူများဒုက္ခကို အမြတ်ထုတ်စားချင်တဲ့ကောင်တွေချည်းပဲ။
ချန်ယိုတောက်က "ငါ့လခွီးပဲ၊ ပြဿနာတော့ တက်တော့မယ့်ပုံပဲကွ" လို့ ပြောလိုက်ချိန် ယွီဟွေးဖေးလည်း ခေါင်းညိတ်လိုက်၏။
မြောင်းဖေရဲ့အိမ်က တံခါးမကြီးကို ပိတ်ထား၏။ အပြင်မှာတော့ လူတွေပြည့်ကျပ်နေပြီး တစ်ယောက်တစ်ယောက် ဖုန်းတွေကို မြောက်လို့ တစ်ခုခုများ ရိုက်ရမလားလို့ စောင့်နေကြသည်။ အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက မိန်းမတစ်ယောက် သူ့ကင်မရာကိုကြည့်ပြီး ပြောနေတာကို ကြားလိုက်၏။
"အားလုံးပဲမင်္ဂလာပါရှင်၊ ကျွန်မရဲ့နောက်မှာ ရှိနေတာကတော့ အလှူငွေလိမ်လည်မှုရဲ့ ဇာတ်လိုက်ကျော်ကြီး မြောင်းဖေရဲ့ အိမ်ပဲဖြစ်ပါတယ်ရှင်"
ဒီစကားကိုကြားတော့ ချန်ယိုတောက်က မျက်လုံးပြူးသွားပြီး ခြေထောက်နဲ့ လွှဲကန်လိုက်တော့ အဲ့ဒီ သတင်းထောက်မက တန်းလွင့်ထွက်သွားသည်။ ချန်ယိုတောက်ကလည်း သူ့ကို လက်ညှိုးထိုးပြီး "ခွေးမ... မင်း ဘယ်မျက်လုံးနဲ့ မြောင်းဖေ အလှူငွေလိမ်တာကို မြင်လို့လဲ။ သက်သေမရှိဘဲ မပြောနဲ့"
အဲ့ဒီမိန်းမက သူ့တင်ပါးကိုပွတ်ပြီး ဒေါသတကြီးနဲ့ "နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့။ အားလုံးတွေ့ကြလား... မြောင်းဖေက တံခါးပိတ်ပြီး လူမတွေ့ရုံတင်မကဘူး၊ ရိုက်ကူးတဲ့သူတွေကိုတောင် လူငှားပြီး ရိုက်ခိုင်းနေတယ်" လို့ အော်လိုက်၏။
ဘေးက တခြားလူတွေကလည်း မကြောက်တဲ့အပြင် ရှေ့ကိုတိုးပြီး ချန်ယိုတောက်နဲ့ ယွီဟွေးဖေးကို ဝိုင်းVideoရိုက်ကြတော့သည်။ အနီရောင်အနွေးထည်ဝတ်ထားပြီး ဂျင်းဘောင်းဘီနဲ့ ဆံပင်တိုတိုညှပ်ထားတဲ့ လူငယ်တစ်ယောက်ကလည်း ဝင်မေးလေ၏။
"ခင်ဗျားက မြောင်းဖေငှားထားတဲ့ လူမိုက်လား။ မြောင်းဖေက ခင်ဗျားတို့ကို ငှားဖို့ ပိုက်ဆံဘယ်လောက်ပေးလိုက်လဲ"
တခြားလူတွေလည်း ဒါကိုကြားတော့ အလားတူမေးခွန်းတွေ လိုက်မေးကြတော့သည်။
ချန်ယိုတောက်က ဒေါသထွက်ပြီး ထပ်ရိုက်ချင်လာတာကို ယွီဟွေးဖေးက ဆွဲထားပြီး "ဒီကောင်တွေကို ရိုက်လို့ အပိုပဲ။ သွားစို့... မြောင်းဖေ ဘယ်လိုနေလဲ သွားကြည့်ရအောင်"
ချန်ယိုတောက်လည်း ခေါင်းညိတ်ပြီး လူအုပ်ကို မျက်လုံးစိမ်းနဲ့ တစ်ချက်ကြည့်လိုက်ပြီးတော့ မြောင်းဖေရဲ့ ခြံထဲဝင်၊ တံခါးခေါက်ပြီး နှစ်ယောက်သား မဝင်ရသေးခင်မှာပဲ လူတစ်ယောက်က တံခါးကြားကနေ တိုးဝင်လာသည်။ အဲ့ဒါက အနီရောင်အနွေးထည်ဝတ်ထားတဲ့ ပိန်ပိန်ရှည်ရှည်ကောင်ပင်။
ဒီကောင်က ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ လူလိုသူလိုပုံစံဖြစ်ပေမဲ့ ပါးစပ်ဟလိုက်တာနဲ့ "အားလုံးပဲ ကြည့်ကြပါ၊ ဒီကောင်ကတော့ သူများဒုက္ခကို အမြတ်ထုတ်စားတဲ့ မြောင်းဖေ၊ အလှူငွေလိမ်လည်မှုရဲ့ ဇာတ်လိုက်ကျော်ကြီးပဲ"
ဒီစကားကိုကြားတော့ ချန်ယိုတောက် လက်မလှုပ်ခင်မှာပဲ ယွီဟွေးဖေးက အဲ့ကောင်ရဲ့ အင်္ကျီကော်လံကို ဆွဲပြီး အပြင်ကို ဆွဲထုတ်လိုက်ပြီးတော့ ခြေထောက်နဲ့ တစ်ချက်ကန်ပြီး "မင်းအမေလင်... လစ်လိုက်တော့"
အဲ့ဒီ Liveလွှင့်တဲ့ကောင်က တန်းလွင့်ထွက်သွား၏။ လက်ထဲက ဖုန်းကလည်း မြေပေါ်ပြုတ်ကျသွားချိန် ချန်ယိုတောက်က အပေါ်ကနေ တစ်ချက်ထပ်နင်းလိုက်ရာ ဖုန်းက နေရာမှာတင် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
အဲ့ကောင်က မြေပေါ်မှာ နှစ်ပတ်လောက်လူးလိမ့်ပြီး ထလာကာ ဒေါသတကြီးနဲ့ "မင်းတို့ လူရိုက်ရဲတယ်ပေါ့"
ယွီဟွေးဖေးက မြေပေါ်က ထမ်းပိုးတစ်ချောင်းကို တန်းကောက်ကိုင်လိုက်ပြီး "မင်းက သူများအိမ်ထဲ အတင်းဝင်လာတာ၊ ဓားပြတိုက်မလို့လား။ ငါက မင်းကိုရိုက်တယ်။ ငါမင်းကို သတ်တောင်သတ်ပစ်မှာကွ"
ပြီးတော့ ယွီဟွေးဖေးက တကယ်ကို ရိုက်တော့တာပဲ။ အရင်တုန်းက ယွီဟွေးဖေးဆိုတာက လူကောင်းလေးမဟုတ်ဘူး။ ကျောင်းမှာလည်း ရန်ဖြစ်တဲ့ကောင်တွေထဲက ခေါင်းဆောင်ပဲ။ အခု ဒေါသထွက်နေတုန်းဆိုတော့ ပြောပြီးတာနဲ့ တန်းရိုက်တာ၊ အရမ်းကို ပြတ်သားတယ်။
အဲ့ဒီလူငယ်လေးက ထမ်းပိုးနဲ့ တစ်ချက်အရိုက်ခံလိုက်ရတော့ နာလို့ အော်ဟစ်ပြီး အဲ့နေရာမှာ ဆက်မနေရဲတော့ဘဲ ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။
"ဘယ်ကောင် ထပ်ဝင်လာရဲလဲ ဝင်လာခဲ့၊ သူ့ခြေထောက်ကို ငါရိုက်ချိုးပစ်မယ်" ချန်ယိုတောက်က အပြင်ကိုလှမ်းအော်လိုက်တယ်။
ခြံအပြင်ကို ပြန်ရောက်သွားတဲ့ လူငယ်လေးက ယွီဟွေးဖေးနဲ့ ချန်ယိုတောက်ကို မကျေမနပ်နဲ့ လက်ညှိုးထိုးပြီး "မင်းတို့... မင်းတို့ ငါ့ကို စောင့်နေလိုက်" ပြီးတော့ သူက တခြားလူတွေရဲ့ ကင်မရာကိုကြည့်ပြီး အော်ပြော၏။
"အားလုံးတွေ့ကြလား... မြောင်းဖေဆိုတဲ့ လူလိမ်ကောင်ကြီးက အလှူငွေလိမ်ရုံတင်မကဘူး ငါတို့လို တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့သူတွေကိုတောင် လူငှားပြီး ရိုက်ခိုင်းနေတယ်။ ငါရဲတိုင်မယ်၊ သူတို့ကို ထောင်ထဲအထိ ရောက်အောင်လုပ်မယ်"
တခြားLiveလွှင့်တဲ့ကောင်တွေကလည်း ဝိုင်းပြီးတော့ ပူးပေါင်းကြတယ်။ ယွီဟွေးဖေးရဲ့ ကန်ချက်က တာချုံလို့ခေါ်တဲ့ ဒီကောင့်ကို ကန်လိုက်တာဖြစ်ပေမဲ့ သူတို့အားလုံးရဲ့ မျက်နှာကို ကန်လိုက်သလိုပဲလေ။ ဒါကိုတော့ သည်းမခံနိုင်ဘူး။
ဒါနဲ့ အလားတူစကားတွေက Liveလွှင့်တဲ့ ချန်နယ်အသီးသီးမှာ ပျံ့နှံ့သွားပြီး တစ်ခဏအတွင်းမှာပဲ အင်တာနက်လောကတစ်ခုလုံး ပွက်လောရိုက်သွားတော့၏။ တချို့ Liveလွှင့်တဲ့သူတွေက အမှန်တရားကို ဖော်ထုတ်ချင်ပေမဲ့ သူတို့ အမှန်တရားကို ပြောလိုက်တာနဲ့ သူတို့ရဲ့ Liveလွှင့်ခန်းထဲမှာ ကိုယ့်ကိုယ်ကို အရမ်းတော်တယ်၊ အတွင်းရေးတွေသိတယ်လို့ ထင်နေတဲ့ကောင်တွေက ပေါ်လာပြီး သူက ဇာတ်လမ်းဆင်နေတာ၊ မြောင်းဖေဆီက ပိုက်ဆံယူထားတာ၊ ဘာမှမသိဘဲ မြောင်းဖေကို မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလို့ ပြောကြသည်။
ပိုဆိုးတာက တချို့ Liveလွှင့်ခန်းတွေမှာတော့ စာတန်းတွေ တောက်လျှောက်ပေါ်လာခြင်းပင်။
"ဟားဟား... ညီလေး ပိုက်ဆံရှာရတာ လွယ်သားပဲနော်။ လင့်ခ်လေးဘာလေးပေးပါဦး၊ ငါ့ကိုလည်း တစ်ယောက်လောက်ခေါ်ပါဦး"
"ဒီလို လိုက်လွှင့်တာ၊ မြောင်းဖေက ပိုက်ဆံမနည်း သုံးထားမှာပဲ။ ငါထင်တာတော့ သူ့အတွက် မျက်နှာချိုသွေးပေးတဲ့သူတိုင်း အနည်းဆုံး တစ်ကြောင်းကို ငါးမူးလောက်တော့ ရမှာသေချာတယ်"
"ပိုက်ဆံရှာရင် အတူတူရှာကြတာပေါ့ကွာ"
ဒေါသထွက်လွန်းလို့ အဲ့ဒီ Liveလွှင့်တဲ့ကောင်က သူ့ဖုန်းကိုတောင် ပစ်ပေါက်ချင်စိတ်ပေါက်သွား၏။
အိမ်ထဲမှာတော့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်က အပြင်က Liveလွှင့်တဲ့ကောင်တွေ ဝင်မလာနိုင်တော့ ဇာတ်လမ်းတွေလျှောက်ဆင်ပြီး ပြောနေတာကို ကြည့်နေကြသည်။ တချို့ဆိုရှယ်မီဒီယာတွေကတော့ ပုံတစ်ပုံနဲ့ စ၊ ကျန်တာအကုန်လျှောက်ဖြီးတဲ့ အဆင့်ကို ရောက်နေပြီ...။
ယွီဟွေးဖေးကို အလွန်အမင်း စိတ်ပျက်သွားစေတာကတော့ သူ အင်တာနက်ပေါ်မှာ ရင်းနှီးနေတဲ့ နာမည်တစ်ခုကို တွေ့လိုက်ရတာပဲ။ ယုံအန်းစာပေတက္ကသိုလ်မှာ ဟောပြောပွဲလုပ်တုန်းက မျိုးချစ်စိတ်ကို အကြောင်းပြပြီး စံနှစ်မျိုးကိုင်တဲ့ ဖန်းချောင်။
ဖန်းချောင်က ဆိုရှယ်မီဒီယာမှာ ဝေဘိုနဲ့ကိုယ်ပိုင်အကောက်တစ်ခုဖွင့်ထားပြီး သူ့ရဲ့သုံးသပ်ချက်ကို တိုက်ရိုက်တင်ထားသည်။
"ငါ ဘာလို့ ငါတို့နိုင်ငံသားတွေ အရည်အသွေးနိမ့်တယ်လို့ ပြောလဲ သိလား။ မြောင်းဖေရဲ့ အလှူငွေလိမ်လည်မှုက အရှင်းဆုံး ဥပမာပဲ။ ငါတို့နိုင်ငံသားတွေက အကျိုးအမြတ်အတွက်ဆို နည်းလမ်းမရွေးဘူး။ ကိုယ်လုပ်လိုက်တဲ့အရာက နိုင်ငံအတွက် ဘယ်လောက်ရှက်စရာကောင်းတဲ့ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ယူဆောင်လာမလဲဆိုတာ လုံးဝထည့်မစဉ်းစားဘူး။ ဒီလိုလူမျိုးကို တစ်နိုင်ငံလုံးက ဆန့်ကျင်ဖို့၊ ပိတ်ဆို့ဖို့ ငါတိုက်တွန်းတယ်။ ငါက တစ်နိုင်ငံလုံးက စာပေပညာရှင်တွေကိုယ်စား သူ့ကို ဂီတလောကကနေ ထွက်သွားဖို့၊ အနုပညာလောကကနေ ထွက်သွားဖို့ တောင်းဆိုတယ်"
ယွီဟွေးဖေး ဒါကိုတွေ့တော့ မဆဲဘဲမနေနိုင်တော့ဘူး။ "ဒီ သေခါနီးအဘွားကြီးကတော့ တကယ်ပဲ၊ အခွင့်အရေးရတာနဲ့ ဇာတ်လမ်းဆင်ပြီး ငါတို့နိုင်ငံသားတွေကို တွေ့တာနဲ့ နှိမ့်ချပစ်တာပဲ"
ပြီးတော့ ယွီဟွေးဖေးက အောက်မှာ မှတ်ချက်ဝင်ရေးလိုက်တယ်။ "အားလုံးပဲ ဆရာမကြီး ဖန်းချောင်ရဲ့ မြို့ပြနဲ့တောရွာ တိမ်စိုင်များဆိုတဲ့ စာအုပ်ကို သွားဖတ်ကြဦးနော်။ လိင်ပညာပေးအတွက် တကယ်ကောင်းတဲ့ ဆရာမကြီးပဲ။ အားရင် သူ့ဝေဘိုကိုလည်း သွားကြည့်ကြ။ စံနှစ်မျိုးကိုင်တဲ့ခွေးမဆိုတာဘာလဲ၊ နိုင်ငံတော်သစ္စာဖောက်ဆိုတာ ဘာလဲဆိုတာ အားလုံးနားလည်သွားလိမ့်မယ်"
ယွီဟွေးဖေး ဒီလို လှုပ်လိုက်တော့ တကယ်ပဲ၊ လူတွေရဲ့ အာရုံက ပြောင်းသွားပြီး ဒီ နာမည်ကြီးချင်လို့ ဝင်ပါတဲ့ ဖန်းချောင်ဆိုတဲ့မိန်းမကို သေချာလေ့လာကြတော့သည်။ ပြီးတော့...
"ဝိုး... ငါ့လခွီး၊ ဒီစာအုပ်က တော်တော်မိုက်တာပဲ၊ တော်တော်ကို H ပြီး ကြမ်းတာပဲ"
"စာအုပ်ကောင်းပဲ၊ လိင်ပညာပေးအတွက် အကောင်းဆုံးလက်ရာပဲ"
"မကြည့်ခင်ကတော့ မသိဘူး၊ ကြည့်လိုက်မှ တကယ်ကို စံနှစ်မျိုးကိုင်တဲ့ခွေးမပဲ"
"ဒါ အရင်က တက္ကသိုလ်မှာဖော်ထုတ်လိုက်တဲ့ သစ္စာဖောက်ခွေးမ မဟုတ်လား။ ဒီခွေးအိုမကြီးက မသေသေးဘူးလား"
နောက်ဆုံးမှာတော့ ဖန်းချောင်က ဒေါသတကြီးနဲ့ စာတစ်ကြောင်းပြန်ရေးလိုက်တယ်။
"လက်ဝဲစွန်းရောက် အကြွင်းအကျန်တစ်သိုက်"
ပြီးတော့ ဘာသံမှ မကြားရတော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ဝေဘိုကို လူတစ်သိုက်က report လုပ်လို့ ပိတ်သွားလို့ပင်။ ဒီကိစ္စတွေနဲ့စာရင် မြောင်းဖေကတော့ တော်တော်လေး တည်ငြိမ်နေ၏။
"ခင်ဗျားတို့က ဒီနယ်ပယ်ထဲမှာ မကျင်လည်ဖူးလို့ပါ။ ကျင်လည်ဖူးရင် ဒီလိုလူမျိုးတွေ အများကြီးရှိတယ်ဆိုတာ တွေ့လိမ့်မယ်။ ကျွန်တော်က မြင်နေကျဖြစ်နေပြီမို့ ဘာမှမခံစားရတော့ဘူး။ ပြီးတော့ ပိုက်ဆံလှူတာ၊ အလုပ်လုပ်တာက ဘယ်သူသိစေချင်လို့မှ မဟုတ်ဘူး။ ကိုယ်လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာပဲ။ ဒါ့အပြင် ဒီအလုပ်တွေလုပ်တာက ဘာမှပြန်မရတာလည်း မဟုတ်ဘူး။ ချိုးယွဲ့က ကျွန်တော့်အတွက် အကြီးမားဆုံး အကျိုးအမြတ်ပဲ"
ချိုးယွဲ့က မြောင်းဖေထက် နှစ်နှစ်ငယ်၏။ ဒီစကားကိုကြားတော့ မျက်နှာနည်းနည်းနီသွားပြီး "အရင်က ဒီအရူးကောင် ပိုက်ဆံရအောင်သေမလောက်ရှာပြီး ကုသိုလ်ကောင်းမှုလုပ်နေတာကို တွေ့ပြီးမှ ကျွန်မ သူ့ကို သဘောကျသွားတာ။ သူသာ တစ်နေ့နေ့မှာ အကျိုးအမြတ်အတွက် ဒီလိုလုပ်ခဲ့ရင် သူ့ကို အရင်ဆုံး အထင်သေးမှာက ကျွန်မပဲဖြစ်မှာ"
မြောင်းဖေရဲ့ အစာအိမ်ကင်ဆာက တကယ်တော့ အရက်မသောက်သင့်ဘူး။ ဒါပေမဲ့ မြောင်းဖေက ကုသမှုခံယူဖို့ လက်လျှော့လိုက်ပြီ။ သူ့အဆင့်ရောက်သွားရင် လောကရဲ့ ဆေးပညာနည်းပညာနဲ့ သူ့ကို ကုလို့မရတော့ဘူး။ ဒါကြောင့် သူက ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်လိုက်သည်။ စားချင်တာစား၊ သောက်ချင်တာသောက်မယ်။ ဒီအတွက် ချိုးယွဲ့ကလည်း မတားတော့ချေ။
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ ရောက်လာတော့ မြောင်းဖေက ပျော်ပြီး အရက်သောက်ချင်လာ၏။ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ကလည်း မငြင်းသာတော့ဘဲ သူ့နဲ့အတူ နှစ်ခွက်လောက် သောက်လိုက်ကြသည်။ သူက တစ်ဖက်ကသောက် တစ်ဖက်ကအန်နေပေမဲ့ ဆက်သောက်ချင်နေတုန်းပဲ။
ယွီဟွေးဖေးက မြောင်းဖေရဲ့သမီး ဘာလို့ အိမ်မှာမရှိတာလဲလို့ သိချင်နေ၏။ မေးကြည့်မှ သိရတာကတော့ မြောင်းဖေက ဒီရက်ပိုင်းမှာ အခြေအနေမငြိမ်သက်ဘူးဆိုတာသိတော့ သူ့သမီး မြောင်ချောင်ချောင်ရဲ့ ပညာရေးကို ထိခိုက်မှာစိုးလို့ သူ့အဘိုးအဘွားအိမ်ကို ပို့ထားလိုက်တာတဲ့။ အခုအခြေအနေကို စဉ်းစားကြည့်ရင်လည်း ကလေးအိမ်မှာရှိဖို့ မသင့်တော်တာ အမှန်ပင်။
သုံးယောက်သား စကားစမြည်ပြောရင်း တော်တော်လေး သက်တောင့်သက်သာရှိနေကြသည်။
အိမ်ထဲမှာတော့ နွေးထွေးနေပေမဲ့ အပြင်မှာတော့ ဆူညံပွက်လောရိုက်နေ၏။ Liveလွှင့်တဲ့ကောင်တစ်သိုက်က မျက်လုံးတွေနီရဲပြီး ဇာတ်လမ်းတွေဆင်ဖို့ ဦးနှောက်ခြောက်နေကြသည်။
တစ်ယောက်ယောက်က ရဲတောင်တိုင်လိုက်ပြီ။ ဒါပေမဲ့ ရဲက ခဏနဲ့ ရောက်မလာနိုင်သေးတော့ အားလုံးက ဇာတ်လမ်းတွေ ဆက်ဆင်နေကြရ၏။
ချန်ယိုတောက်က အဲ့လူတွေကို ကြည့်ပြီး "ဒီကောင်တွေက ဘာဖြစ်ချင်နေကြတာလဲ။ မြောင်းဖေကို နာမည်ဖျက်လိုက်လို့ သူတို့အတွက် ဘာအကျိုးအမြတ်များ ရမှာမို့လို့လဲ"
ယွီဟွေးဖေးက "ယင်ကောင်တစ်ချို့က စစ်သည်တော်တစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရအောင်တိုက်ခိုက်ပြီး စစ်သည်တော်ရဲ့ အားနည်းချက်တွေကို ရှာဖွေကာ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံကြောင်း သက်သေပြဖို့ ကြိုးစားနေကြတာပေါ့။ သူတို့က ဝင့်ကြွားနေကြတယ်။ ဒီလိုလုပ်မှ သူတို့က တခြားသူတွေနဲ့မတူဘူးဆိုတာကို သက်သေပြနိုင်မယ်လို့ ထင်နေကြတာ။ ဒီလိုလုပ်မှ လောကကြီးမှာရှိတဲ့လူတွေအားလုံးက လူအသုံးမကျတွေဖြစ်ပြီး သူတို့တစ်ယောက်တည်းကသာ စစ်သည်တော်တွေရဲ့ အားနည်းချက်ကို မြင်နိုင်တယ်လို့ ပြောနိုင်မှာပေါ့။ ဒါပေမဲ့ သူတို့မသိတာက အားနည်းချက်ရှိတဲ့ စစ်သည်တော်က စစ်သည်တော်ပဲ။ အမြင်ဘယ်လောက်ပဲ ကွဲပြားနေပါစေ ယင်ကောင်က ယင်ကောင်ပဲ။ အလွန်ဆုံးတော့ အမြင်အာရုံနည်းနည်းဝါးနေတဲ့ ယင်ကောင်တစ်ကောင်ပဲ ဖြစ်မှာပေါ့"
ဒီစကားကိုကြားတော့ ချန်ယိုတောက်က ကြောင်သွားပြီးတော့ ဟားတိုက်ပြီး ရယ်လိုက်၏။
"ငါ့လခွီးပဲ... မင်းက စကားပြောတဲ့နေရာမှာ တော်တော် အရည်အချင်းရှိတာပဲ"
"ဒါ ငါပြောတာမဟုတ်ဘူး၊ တခြားနေရာက တွေ့ထားတာ။ ဒါပေမဲ့ ဒီစကားက အဲ့အမှိုက်တွေအတွက် အသင့်တော်ဆုံး လက်ဆောင်ပဲ"
ချန်ယိုတောက်နဲ့ မြောင်းဖေတို့ နှစ်ယောက်လုံး ရယ်လိုက်ကြ၏။ အပြင်မှာတော့ ပြတင်းပေါက်ကနေ ထမင်းစားအရက်သောက်ပြီး ရယ်မောနေတဲ့ သုံးယောက်ကို မြင်နေရတဲ့ တာချုံဆိုတဲ့ကောင်က ဒေါသထွက်ပြီး သွားကြိတ်ကာ ကင်မရာကိုကြည့်ပြီး ပြောလိုက်သည်။
"အားလုံးတွေ့ကြလား... မြောင်းဖေဆိုတဲ့ နတ်ဆိုးကြီးက နောင်တရတဲ့ပုံစံ လုံးဝမရှိဘူး။ တရားမျှတမှုက တံခါးဝကို ရောက်နေပြီဖြစ်ပေမဲ့ သူတို့ကတော့ ရယ်မောပြီး စကားပြောနေကြတုန်းပဲ။ တကယ်ပဲ၊ လူက အရှက်မရှိရင် ကမ္ဘာမှာ အနိုင်ကျင့်လို့မရဘူးဆိုတာ မှန်တာပဲ"
ရဲတွေရောက်လာပြီ။ ဒါပေမဲ့ ရဲတွေက ဘာဖြစ်နေလဲဆိုတာကို သိပုံရ၏။ Liveလွှင့်တဲ့ကောင်တွေကို အမြန်ဆုံးထွက်သွားဖို့၊ မြောင်းဖေရဲ့ အနားယူချိန်ကို မနှောင့်ယှက်ဖို့ တန်းအော်ငေါက်လိုက်သည်။