မင်းမှ မမြင်တာ
Vol. 15 Ch. 213
ရလဒ်ကတော့ Liveလွှင့်တဲ့ကောင်တွေက ပိုလို့တောင် ဒေါသထွက်လာပြီး ရွာထိပ်မှာတင် မြောင်းဖေနဲ့ အတိုက်အခံလုပ်တော့ခြင်းပင်။ ဇာတ်လမ်းပေါင်းစုံကို ပန်းစုံဖော်ပြီး ဆင်ကြတာဆိုရင် မြောင်းဖေက စကြာဝဠာဓားပြကြီးဖြစ်ပြီး ကမ္ဘာကြီးကိုလာဖျက်ဆီးတော့မယ့်အတိုင်းပင်။
အင်တာနက်ပေါ်မှာတော့ ဆူညံပွက်လောရိုက်နေပြီး တစ်ချိန်တည်းမှာပဲ ရွာထဲကို မြောင်းဖေကိုလာရှာတဲ့လူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် တိုးလာနေ၏။
မြောင်းဖေက အရက်ကို နည်းနည်းလေးပဲသောက်ပြီး ကျန်တဲ့အချိန်တွေမှာတော့ ရေကိုပဲ အရက်အစားသောက်နေခဲ့ပြီး ဒါမှမဟုတ် လုံးဝမသောက်တော့ချေ။ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်ကတော့ တော်တော်လေးမော့ထားကြတာမို့ ညသန်းခေါင်ကျော်တော့ နှစ်ယောက်လုံး မူးတိတိဖြစ်နေပြီ။
အဲ့ဒီအချိန်မှာပဲ ဖုန်းသုံးရင်းနဲ့ တာချုံဆိုတဲ့ Liveလွှင့်တဲ့ကောင် တင်ထားတဲ့ လျှောက်ဖြီးထားတဲ့ ဗီဒီယိုတစ်ခုကို သွားတွေ့၏။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တစ်ယောက်မျက်လုံးထဲက လူယုတ်မာအပြုံးကို တစ်ယောက်က မြင်လိုက်ရသည်။
မနက် ၂ နာရီကျော်တော့ Liveလွှင့်တဲ့ကောင်တွေလည်း ပင်ပန်းလာကြပြီမို့ ဖုန်းတွေပိတ်ပြီး ကားထဲမှာ အသီးသီးအိပ်ကုန်ကြသည်။ တာချုံလည်း တော်တော်ပင်ပန်းနေပြီ။ နေ့ခင်းက အရိုက်ခံရတာထားတော့၊ အဓိကက ဇာတ်လမ်းတွေဆင်ဖို့ ဦးနှောက်ခြောက်ရတာက တကယ်ကို လူပင်ပန်းစေ၏။
သူကားထဲမှာ လှဲအိပ်ရင်း မျက်လုံးမှိတ်ထားတုန်း၊ တဝိုးတဝါးအိပ်မက်ထဲမှာ ခြေသံတွေ တဖြည်းဖြည်းနီးကပ်လာတာကို ကြားလိုက်ရသလိုပဲ။ ဒါပေမယ့် သူသိပ်ဂရုမစိုက်လိုက်ဘူး။ တခြားLiveလွှင့်တဲ့ကောင်တစ်ယောက်ယောက် ညသန်းခေါင်ထပြီး သေးထပေါက်တယ်ပဲ ထင်လိုက်သည်။
အဲ့ဒီအချိန်မှာပဲ...
ခွမ်...
"ဘယ်သူလဲ"
ကားမှန်ကွဲအက်သွားသံကြားရသဖြင့် တာချုံကလန့်ပြီး ထထိုင်လိုက်ကာ အကျယ်ကြီးအော်လိုက်ပေမဲ့ သူ့မျက်နှာတည့်တည့်ကို လက်သီးတစ်လုံးက ပျံဝင်လာ၏။
ခွပ်ဆိုတဲ့အသံနဲ့အတူ သူက အော်ဟစ်ပြီး နောက်ကိုလန်ကျသွားတယ်။ ဒီကောင်ကလည်း တော်တော်မာတဲ့ကောင်ပဲ။ လက်သီးတစ်ချက်ထိပြီးတာနဲ့ ချက်ချင်းပြန်ထထိုင်ပြီး ဖုန်းကိုထုတ်လို့ ဓာတ်မီးဖွင့်ဖို့ကြိုးစားတယ်။
ဒါပေမဲ့ သူထထိုင်လိုက်တာနဲ့ တစ်စုံတစ်ယောက်က အသံအုပ်ကြီးနဲ့ အော်လိုက်တာကို ကြားလိုက်ရ၏။
"ငါ့အလှည့်"
ပြီးတော့ အုတ်ခဲတစ်လုံးက ဝှီခနဲ ပစ်ဝင်လာတာပင်။
"အား..."
တာချုံရဲ့ အော်သံက တော်တော်ကို နားစိမ့်စရာကောင်းတာပဲ။ သူက တန်းမော့ပြီး လှဲကျသွားတော့တယ်။ နှာခေါင်းသွေးတွေကလည်း ပန်းထွက်လို့။ အပြင်မှာတော့ နှစ်ယောက်သား လက်စွမ်းပြပြီးတာနဲ့ ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။ တိုးတိုးလေးပြောနေတဲ့အသံကို တချို့က ကြားလိုက်ရသေး။
"နည်းနည်းကြမ်းသွားလားကွာ"
"သူ့ကို မသတ်မိတာပဲ တော်သေးတယ်၊ သွားစို့"
...
တစ်ဆက်တည်းမှာပဲ နှစ်ယောက်သားက တခြားကားတချို့ကိုလည်း လက်စွမ်းပြသွားသေး။ ဒီကောင်တွေက ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ အစောကြီးကတည်းက မှတ်ထားတဲ့ကောင်တွေ။ တစ်ကောင်မှ မကောင်းဘူး၊ လျှောက်ပြောနေတဲ့ကောင်တွေချည်းပဲ။
ဒါကြောင့် နှစ်ယောက်လုံးရဲ့ လက်က တော်တော်ပြောင်တယ်။ မှန်ကိုရိုက်ခွဲ၊ လူရှိရင်လူကိုထု၊ လူမရှိရင် မှန်ကိုဆက်ခွဲ။ တောရွာရဲ့ညက မှောင်မည်းနေတာပဲ။ မီးရောင်မရှိရင် လူကိုတောင် မြင်ရမှာမဟုတ်ဘူး။
တခြားLiveလွှင့်တဲ့ကောင်တွေက အခြေအနေမကောင်းတာကို သတိထားမိပြီး ကားမီးတွေ၊ ဓာတ်မီးတွေ ဖွင့်လိုက်ကြတဲ့အချိန်မှာတော့ အဝေးကို အမြန်ပြေးထွက်သွားတဲ့ အရိပ်နှစ်ခုကိုပဲ လှမ်းမြင်လိုက်ရတယ်။ ဘယ်သူဘယ်ဝါဆိုတာ လုံးဝမမြင်လိုက်ရဘူး။
အော်သံကြားရာကို လိုက်သွားကြည့်တော့ မျက်လုံးတစ်ဖက်မဲနေပြီး နှာခေါင်းသွေးတွေ ယိုစီးနေတဲ့ တာချုံကို သွားတွေ့တယ်။ ဒီမြင်ကွင်းကိုတွေ့တော့ လူတစ်သိုက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွားကြတယ်။ ဘယ်သူလုပ်တယ်ဆိုတာကို အားလုံးက ခန့်မှန်းမိကြပေမဲ့ သက်သေမှမရှိတာ။
ပြီးတော့ တစ်ဖက်ကောင်တွေရဲ့လက်က တော်တော်ပြောင်တယ်ဆိုတာကိုလည်း မြင်လိုက်ရပြီ။ သူတို့ကို သွားစွရင် ကိုယ့်အတွက် ကောင်းမှာမဟုတ်ဘူး။ ဒါနဲ့ ဒီလူတွေက ကိုယ်နဲ့မဆိုင်ရင် ပြီးရောဆိုတဲ့ မူကိုကိုင်စွဲပြီး အားလုံး အိပ်ရာပြန်ဝင်သွားကြတော့တယ်။
နောက်နေ့မနက်၊ အားလုံးတွေ့ကြတဲ့အခါ ပထမဆုံးပြောတဲ့စကားကတော့ "မင်းကား အခွဲခံလိုက်ရလား"
"မင်း အုတ်ခဲနဲ့ အရိုက်ခံလိုက်ရလား?"
...
ရဲတွေရောက်လာပေမဲ့ အခင်းဖြစ်ပွားရာမှာ ဘာသက်သေအထောက်အထားမှ မကျန်ခဲ့ဘူး။ အားလုံးက မြောင်းဖေငှားထားတဲ့ လူမိုက်တွေလုပ်တာလို့ သံသယရှိကြပေမဲ့ သက်သေမရှိတော့ ရဲတွေကလည်း ဘာမှလုပ်လို့မရဘူး။ ဒီအမှုက ဒီအတိုင်းပဲ ပြီးသွားရတော့တယ်။
တတိယနေ့မှာတော့ သတင်းတွေက ဆက်ပြီး ပျံ့နှံ့နေတုန်းပဲ။
ယွီဟွေးဖေးကို အစိတ်ပျက်ဆုံးဖြစ်သွားစေတာကတော့ တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး ကွေးယွင်ချီ စက်မှုလုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ချန်ကွေ့ကို သွားတွေ့လိုက်တာပဲ။
"မစ္စတာချန်၊ ခင်ဗျားကလည်း အဲ့ဒီတုန်းက မြောင်းဖေ ထောက်ပံ့ခဲ့တဲ့ ကျောင်းသားတွေထဲက တစ်ယောက်ဆိုတာ ဟုတ်ပါသလား" သတင်းထောက်က တိုက်ရိုက်မေးလိုက်၏။
ချန်ကွေ့က ဒီစကားကိုကြားတော့ မျက်နှာပျက်သွားပြီး ဒေါသတကြီးနဲ့ "လျှောက်ပြောနေတာ" လို့ ပြန်အော်လိုက်သည်။
"ကျွန်တော်တို့ဆီမှာ အချက်အလက်တစ်ခုရှိပါတယ်။ ဒါက အရင်တုန်းက မြောင်းဖေရဲ့ ထောက်ပံ့မှုမှတ်တမ်းပါ။ အဲ့ဒီအထဲမှာ ချန်ကွေ့လို့ခေါ်တဲ့ ကလေးတစ်ယောက် ပါပါတယ်"
"ချန်ကွေ့လို့ခေါ်တဲ့လူတွေ တစ်ပုံကြီးပဲ၊ ငါနဲ့ ဘာဆိုင်လို့လဲ။ မြောင်းဖေဆိုတဲ့ လူလိမ်ကောင်ကို ငါမသိဘူး။ ငါက ဆင်းရဲတဲ့ဘဝကနေ လာတာမှန်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ကြိုးစားမှုနဲ့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့တာ။ မင်းတို့ သံသယရှိရင် ငါ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို သွားဖတ်ကြည့်နိုင်တယ်။ အဲ့ဒီထဲမှာ အကုန်ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပဲ"
ဤသို့ဖြင့် အင်တာဗျူးက ပြီးသွား၏။ သတင်းထောက်က စိတ်ပျက်လက်ပျက်နဲ့ "အင်တာနက်ပေါ်မှာ လူတော်တော်များများက မြောင်းဖေက အလှူငွေလိမ်တာ၊ နာမည်ကြီးချင်လို့ လုပ်တာ၊ တကယ်မရှိတဲ့ ကျောင်းသားတွေကို လိမ်လည်ထောက်ပံ့ခဲ့တာလို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ အမြဲတမ်း သံသယရှိခဲ့ပေမဲ့ ဒီနေ့အင်တာဗျူးအပြီးမှာတော့..."
နောက်တော့ တစ်စုံတစ်ယောက်က ကျန်းရွေ့ဆိုတဲ့လူကို သွားတွေ့ပြန်သည်။ သူက မြောင်းဖေ အရင်က ထောက်ပံ့ခဲ့တဲ့ နောက်ထပ်ကလေးတစ်ယောက်ပင်။ အခုတော့ သူက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်နေပြီး သူ့ကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးကို ကြိုးစားပိုးပန်းနေ၏။
ကျန်းရွေ့က သတင်းထောက်ရဲ့မေးခွန်းကိုကြားတော့ တန်းပြီး ဒေါသတကြီးနဲ့ "လျှောက်မပြောနဲ့၊ မဟုတ်ရင် မင်းကို အသရေဖျက်မှုနဲ့ တရားစွဲမှာ။ ပထမဆုံးအနေနဲ့ ငါက တောရွာကလာတာမဟုတ်ဘူး။ ဒုတိယအနေနဲ့ ဒီမြောင်းဖေဆိုတဲ့လူကို ငါလုံးဝမသိဘူး။ နောက်ဆုံးအနေနဲ့ နောက်တစ်ခါ လာပတ်သက်ချင်ရင် ငါ့ဆီမလာနဲ့။ ဒီမြောင်းဖေက နာမည်ကြီးချင်လို့ ရူးနေပြီလားမသိဘူး" ပြီးတော့ ကျန်းရွေ့က လှည့်ထွက်သွားသည်။
ဒီအင်တာဗျူးနှစ်ခုကိုတွေ့တော့ ယွီဟွေးဖေးတစ်ယောက် ဒေါသထွက်လွန်းလို့ အဆုတ်တွေတောင် ကွဲထွက်မတတ်ပဲ။
"ငါ့လခွီးပဲ၊ ကျေးဇူးမသိတတ်တဲ့ တောခွေးတွေ"
တကယ်လို့သာ သူစိမ်းတွေဖြစ်ခဲ့ရင် ယွီဟွေးဖေးလည်း မြောင်းဖေ လိမ်နေတာလို့ သံသယဝင်မိမှာပဲ။ ဒါပေမဲ့ မြောင်းဖေက ယွီဟွေးဖေးကို အရင်တုန်းက သူနဲ့ ကျန်းရွေ့၊ ချန်ကွေ့တို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြထားခဲ့တယ်။
သူတို့ကို ကစားကွင်းလိုက်ပို့တုန်းက ဓာတ်ပုံတွေ၊ အိမ်မှာ ထမင်းအတူတူစားတုန်းက ဓာတ်ပုံတွေလည်း ရှိတယ်။ တစ်ပုံတည်းလည်း မဟုတ်ဘူး။ သူတို့ငယ်ငယ်လေးကတည်းကနေ တက္ကသိုလ်တက်တဲ့အချိန်အထိပဲ။
ငယ်ငယ်တုန်းကတော့ သိပ်မသိသာပေမဲ့ တက္ကသိုလ်အရွယ်မှာတော့ သူတို့ရဲ့ရုပ်က အခုလက်ရှိရုပ်နဲ့ တော်တော်လေး ဆင်တူနေပြီ။ ဒါက အရာအားလုံးကို သက်သေပြနေပြီ။
ချန်ယိုတောက်က "ငါသာ ပိုက်ဆံရှိရင် သူတို့ကုမ္ပဏီတွေကို အရင်ဆုံး ဒေဝါလီခံအောင် လုပ်ပစ်မယ်။ ဒီကျေးဇူးမသိတတ်တဲ့ တောခွေးတွေကို မူလဘဝပြန်ရောက်အောင် လုပ်ပြီး တောင်ပေါ်ကို ပြန်ပို့ပစ်မယ်"
မြောင်းဖေကတော့ ခေါင်းခါပြီး ပြုံးလိုက်သည်။ ဒီသုံးရက်အတွင်းမှာ မြောင်းဖေရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာ၏။ ယွီဟွေးဖေးက သူ့ကို ဆေးရုံသွားဖို့ အကြိမ်ကြိမ်တိုက်တွန်းပေမဲ့ မြောင်းဖေက အမြဲငြင်းခဲ့သည်။
"ပထမတစ်ချက်က အိမ်မှာ ပိုက်ဆံသိပ်မရှိတော့ဘူး။ ချိုးယွဲ့လည်း ပိုက်ဆံလိုတယ်၊ သူ့ကျန်းမာရေးအတွက်ပေါ့။ ဒုတိယတစ်ချက်က ရောဂါက ကုလို့မရတော့ဘူး။ တစ်ရက်စောတာနဲ့ တစ်ရက်နောက်ကျတာပဲကွာတယ်။ ဆေးရုံမှာ ပိုက်ဆံသွားဖြုန်းနေစရာမလိုပါဘူး"
ညနေစောင်းတော့ မြောင်းဖေက ရုတ်တရက် လန်းဆန်းတက်ကြွလာပြီး လူက အားအင်တွေ ပြည့်နေသလိုပဲ။ ဒါပေမဲ့ ဒီမြင်ကွင်းကိုတွေ့တော့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ရဲ့ စိတ်ထဲမှာတော့ လေးလံသွား၏။ သူတို့စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ညရောက်တော့...
"မြောင်းဖေ... မြောင်းဖေ..."
နားစိမ့်မတတ် အော်ဟစ်သံတွေ ထွက်ပေါ်လာရာ လုံးဝအိပ်မပျော်တဲ့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ ချက်ချင်းပြေးသွားကြသည်။ တံခါးဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ မီးထွန်းထားပြီး မြောင်းဖေက ငြိမ်သက်စွာ လှဲလျောင်းနေ၏။
ချိုးယွဲ့က မြောင်းဖေကို အားကုန်လှုပ်နှိုးနေပေမဲ့ သူကိုယ်တိုင်ကလည်း နာလန်ထခါစမို့ အားမရှိချေ။ ယွီဟွေးဖေးက အမြန်ပြေးသွားပြီး မြောင်းဖေရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့ အသက်ရှူသံ တိုးတိုးလေးပဲ ကျန်တော့သည်။
ချန်ယိုတောက်က မြောင်းဖေကို တစ်ခါတည်းပွေ့ချီလိုက်ပြီး "ဘာပဲဖြစ်ဖြစ်၊ အရင်ဆုံး ဆေးရုံသွားမယ်" လို့ အော်လိုက်၏။
ချိုးယွဲ့က နာလန်ထခါစမို့ ကိုယ်က အားနည်းနေသေးတာကြောင့် လိုက်လို့အဆင်မပြေ။ ထို့ကြောင့် ယွီဟွေးဖေးက သူ့ကို အိမ်မှာပဲနေဖို့၊ လျှောက်မသွားဖို့ မှာခဲ့သည်။ ပြီးတော့ ယွီဟွေးဖေးက ချန်ယိုတောက်နဲ့အတူ အိမ်ထဲကနေ ပြေးထွက်လာခဲ့၏။ ဒါပေမဲ့ ဒီနေရာက တောရွာဆိုတော့ မြို့ထဲသွားဖို့ ကားမှမရှိတာကြောင့် နှစ်ယောက်သား ရွာထိပ်ကို ပြေးလာခဲ့ကြသည်။
အဲ့ဒီနေ့က မှန်အခွဲခံရပြီးတဲ့နောက်ပိုင်း ဒီLiveလွှင့်တဲ့ကောင်တွေက အကုန်မအိပ်ရဲတော့ချေ။ ကားမီးတွေကို တစ်လှည့်စီဖွင့်ပြီး လူတစ်ယောက်က ကင်းစောင့်နေ၏။ အဝေးကနေ လူပြေးလာတာကို မြင်တော့ တစ်ယောက်က ချက်ချင်းအော်လိုက်သည်။
"ဘယ်သူလဲ"
"ဘယ်သူ့ကား သုံးလို့ရမလဲ... လူကယ်ရမယ်"
"ဘယ်သူ့ကို ကယ်မှာလဲ"
ချန်ယိုတောက်က "စကားများမနေနဲ့တော့ကွာ... မြောင်းဖေ မရတော့ဘူး"
"မြောင်းဖေလား... ဘာလဲ အရက်အရမ်းသောက်ထားလို့လား" တစ်ယောက်က လှောင်တဲ့တဲ့လေသံနဲ့ ပြောလိုက်ရာ ယွီဟွေးဖေးက ဒေါသတကြီးနဲ့ "လျှောက်မပြောနဲ့၊ သူက အစာအိမ်ကင်ဆာဖြစ်နေတာ" လို့ ပြန်အော်လိုက်၏။
"အစာအိမ်ကင်ဆာလား"
ဒီစကားကိုကြားတော့ လူတော်တော်များများ ကြောင်သွားကြ၏။ သူတို့က ဒီသတင်းကို လုံးဝမသိကြချေ။
စောစောက လှောင်တဲ့တဲ့ပြောလိုက်တဲ့ တာချုံက ဟားတိုက်ပြီး "ဘာလဲ... အလှူငွေလိမ်ပြီးတော့ အခု ကားပါလာလိမ်မလို့လား။ မင်းတို့ကို ယုံရင် ငါရူးနေလို့ပဲ။ အားလုံး ပြန်ကြတော့။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီလိုအမှိုက်ကောင်က သေသင့်တယ်"
ယွီဟွေးဖေးက သူ့ကို တစ်ချက်စွေကြည့်လိုက်ရာ ဒီကောင့်နဖူးမှာ ပတ်တီးတောင် ရှိနေသေးသည်။ အဲ့ညက သူ့ကို အုတ်ခဲနဲ့ ပေါက်လိုက်တာ ယွီဟွေးဖေးပင်။ အရင်က ယွီဟွေးဖေးက ကိုယ့်လက်နည်းနည်းများ လွန်သွားလားလို့ တွေးမိသေး၏။ အခုကြည့်ရတော့ လက်က ပေါ့တောင်သွားသေးသလိုပင်။ အဲ့တုန်းက တစ်ခါတည်း သတ်ပစ်လိုက်သင့်၏။
"ကူညီနိုင်ရင်ကူညီ၊ မကူညီနိုင်ရင် ဖယ်ပေး။ ငါတို့ ပြေးသွားရင်လည်း မြို့ထဲကို ရောက်တာပဲ"
ချန်ယိုတောက်၏ စကားကိုကြားတော့ တချို့လူတွေ တုံ့ဆိုင်းသွားကြသည်။ သူတို့ ကားတန်းကြီးကို ဖြတ်ကျော်ခါနီးမှာပဲ အသံတစ်ခုထွက်လာ၏။
"ကျွန်တော့်ကားနဲ့ လိုက်သွားကြပါ"
"ငါသိသားပဲ မင်းကောင်က သစ္စာဖောက်ကောင်ဆိုတာ။ ဒီရက်ပိုင်းမှာ နေ့တိုင်း ငါတို့နဲ့ ဆန့်ကျင်ဘက်လုပ်နေတာ။ တကယ်ပဲ မင်းတို့က တစ်ဖွဲ့တည်းပဲကိုး" တာချုံက Liveလွှင့်တဲ့ကောင်လေးတစ်ယောက်ကို အော်ပြောလိုက်သည်။
အဲ့ကောင်လေးက သူ့ကို လှည့်ကြည့်ပြီး "ငါက အမှန်တရားကို လွှင့်ချင်တာ၊ မင်းတို့နဲ့အတူ ဇာတ်လမ်းတွေလာဆင်နေတာမဟုတ်ဘူး"
ပြီးတော့ အဲ့ကောင်လေးက ကားပေါ်တက်၊ လီဗာကိုနင်းပြီး ယွီဟွေးဖေးတို့ကို ခေါ်ဆောင်ကာ မောင်းထွက်သွားတော့၏။ ဒီLiveလွှင့်တဲ့ကောင်လေးကို ယွီဟွေးဖေး မှတ်မိနေသလိုပဲ။ သူက အစောဆုံး မြောင်းဖေဘက်ကနေ ရပ်တည်ပြောဆိုပေးခဲ့တဲ့ Liveလွှင့်သူ ရှူ့ဇစ် R။
ဆေးရုံရောက်တော့ မြောင်းဖေကို အရေးပေါ်ခန်းထဲ ပို့လိုက်၏။ ဒါပေမဲ့ ဆရာဝန်က အထဲကို အမြန်ဝင်သွားသလို အပြင်ကိုလည်း အမြန်ပြန်ထွက်လာကာ နှစ်ယောက်သားကို ခေါင်းခါပြပြီး သက်ပြင်းချကာ ထွက်သွားတော့သည်။
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ ရင်ထဲမှာ ဆူးတစ်ချောင်းစိုက်ဝင်သွားသလို နာကျင်သွားပေမဲ့ ဘာစကားမှ ပြောမထွက်နိုင်ခဲ့။
"ဟူး..."
ယွီဟွေးဖေးက အားကုန်အသက်ရှူထုတ်လိုက်တော့ အဖြူရောင်အငွေ့တွေ ထွက်လာ၏။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး မဆဲဘဲမနေနိုင်တော့ချေ။
"သောက်ကျိုးနည်း ကောင်းကင်ဘုံပဲ"
အဲ့ဒီအချိန်မှာပဲ တာချုံက လူတွေခေါ်ပြီး ရောက်လာ၏။
"ဟိုဘက်မှာ၊ တရားခံရဲ့အပေါင်းအပါတွေ ဟိုဘက်မှာ။ အထဲမှာ မြောင်းဖေဖြစ်ရမယ်... အလှူငွေလိမ်ပြီးတော့ အခု အသေလိမ်လုပ်နေပြန်ပြီ။ ညီအစ်ကိုတို့ သူတို့ရဲ့မျက်နှာဖုံးကို ငါဘယ်လိုခွာချမလဲဆိုတာ ကြည့်နေလိုက်"
ဒီအသံကိုကြားတော့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လက်ဆစ်တွေကို တစ်ပြိုင်တည်းချိုးကာ လှည့်ထွက်လာခဲ့ကြ၏။
အရင်က အရှိန်အဟုန်နဲ့လာတဲ့ တာချုံက ဒီနှစ်ယောက် လူယုတ်မာအပြုံးနဲ့ လျှောက်လာတာကို မြင်တော့ နည်းနည်းကြောက်သွားပြီး "မင်း... မင်းတို့ ဘာလုပ်မလို့လဲ ငါပြောထားမယ်နော်၊ ငါက Liveလွှင့်ထားသလို လူသောင်းချီ အွန်လိုင်းမှာ ကြည့်နေတာ မင်းတို့ မမိုက်ရိုင်းနဲ့နော်"
"မိုက်ရိုင်းတာလား... ဒီနေ့ ငါတို့က မိုက်ရိုင်းပြမလို့ပဲ"
နှစ်ယောက်သား ပြောပြီးတာနဲ့ လက်သီးတွေကိုလွှဲပြီး ထိုးတော့၏။ တာချုံက လှည့်ပြေးပေမဲ့ ချန်ယိုတောက်က သူ့တင်ပါးကို တစ်ချက်ကန်လိုက်တော့ မြေပေါ်ကို မှောက်လျက်လဲကျသွားသည်။ ပြီးတော့ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့က ပြေးတက်ပြီး ဒီကောင့်ကို အားရပါးရ ဝိုင်းထုတော့လေသည်။ တခြားLiveလွှင့်တဲ့ကောင်တွေက ကြောက်လို့ နောက်ဆုတ်သွားပြီး ဘာစကားမှ မပြောရဲတော့ချေ။
တာချုံက နာကျင်လွန်းလို့ အော်ဟစ်နေပြီး လုံခြုံရေးတွေရောက်လာမှ သုံးယောက်သားကို ဆွဲခွဲလိုက်ရသည်။
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့က လုံခြုံရေးရဲ့လက်ကို ပုတ်ထုတ်ပြီး "မဆွဲနဲ့တော့၊ မရိုက်တော့ဘူး"
လုံခြုံရေးက လက်လွှတ်ပေးလိုက်တဲ့အချိန်မှာပဲ ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့က ရုတ်တရက် အရှိန်မြှင့်ပြီး တစ်ယောက်တစ်ချက်စီ ကန်ထည့်လိုက်ကြ၏။
ဘုန်းဆိုတဲ့အသံနဲ့အတူ ခုမှထရပ်လိုက်တဲ့ တာချုံက တန်းလွင့်ထွက်သွားပြန်ချေသည်။ အဲ့ဒီအချိန်မှာ အရေးပေါ်ခန်းတံခါးပွင့်လာပြီး သူနာပြုမလေးက မေးလိုက်လေ၏။
"ဘယ်သူ မြောင်းဖေရဲ့ မိသားစုဝင်လဲ။ ဒီမှာ လက်မှတ်လာထိုးပေးပါဦး"
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ ကြားတာနဲ့ အမြန်ပြေးသွားကြသည်။ အရင်က ဝင်ဆွဲမလို့လုပ်နေတဲ့ လုံခြုံရေးကလည်း သူတို့ ရန်ဖြစ်ဖို့ အချိန်မရှိတော့တာကို မြင်တော့မှ ရပ်လိုက်၏။
အဖြူရောင်ပိတ်စအုပ်ပြီး ထွက်လာတဲ့ ကုတင်လှည်းကို ကြည့်ပြီး Liveလွှင့်တဲ့ကောင်တွေအားလုံး ကြောင်သွားကြသည်။
"ဒါ... တကယ်သေသွားတာလား"
"မဖြစ်နိုင်တာ..."
"တကယ်လား... ဆေးရုံနဲ့ပေါင်းပြီး လိမ်နေတာလား..."
...
ဖြတ်သွားတဲ့ ဆရာဝန်တစ်ယောက်က ဒီစကားကိုကြားတော့ မျက်မှောင်ကြုတ်ပြီး ဒေါသတကြီးနဲ့ "မင်းအဘကို လာလိမ်နေလား၊ မင်းတို့ စကားပြောရင် ဦးနှောက်လေးဘာလေး သုံးပါဦးလား။ မင်းတို့က follower တွေရှိတဲ့လူတွေ၊ ဩဇာအာဏာရှိတဲ့လူတွေ၊ ပိုက်ဆံရှာဖို့ပဲ မစဉ်းစားဘဲ ဒီလူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်လေးဘာလေး လုပ်ပေးလို့မရဘူးလား။ မလုပ်ပေးနိုင်ရင်တောင် အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ လုပ်ပေးရင်လည်း တော်သေးတယ်။ ဒီကမ္ဘာကြီးက မရှုပ်ထွေးသေးဘူးလို့ ထင်နေလား။ မင်းတို့က ထပ်ရှုပ်အောင်လုပ်မှ ကျေနပ်မှာလား။ လူက ဆုံးသွားပြီ၊ ဒီမှာ လာပြီး လေပေါနေတုန်းပဲ။ မင်းတို့က လူကောဟုတ်သေးရဲ့လား၊ လူစိတ်ကော ရှိသေးရဲ့လား။ မင်းတို့ကို နာမည်ကြီး၊ V-blogger၊ ပညာတတ်လို့ ခေါ်ရမှာလား.. ထွီး..."
ဆရာဝန်က အင်္ကျီလက်ကိုခါပြီး ထွက်သွားတော့ရာ ကြောင်တောင်တောင်ဖြစ်နေတဲ့ Liveလွှင့်တဲ့ကောင်တစ်သိုက်ပဲ ကျန်ခဲ့လေသည်။
ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့ရဲ့ မျက်နှာက တော်တော်ပျက်နေပြီ။ သူနာပြုတွေနဲ့အတူ မြောင်းဖေကို တွန်းပြီး ထွက်သွားကြ၏။ ဒါပေမဲ့ နောက်ဆုံးသူနာပြုမလေး မထွက်သွားခင်မှာ တစ်ယောက်က မေးလိုက်သည်။
"မြောင်းဖေက ဘာရောဂါလဲဟင်"
သူနာပြုမလေးက သူတို့ကို တစ်ချက်ကြည့်ပြီး "အစာအိမ်ကင်ဆာ၊ မနှစ်ကတည်းက ရောဂါအဖြေထွက်ပြီးသား။ လူနာက အစားအသောက်ပုံမှန်မစားဘူး၊ အာဟာရမပြည့်ဘူး၊ ကုသမှုလည်းမခံယူဘူးဆိုတော့ ရောဂါက အရမ်းမြန်မြန်ဆိုးလာတာ။ ဒီလောက်ထိ ခံနိုင်တာကိုပဲ အံ့ဩစရာလို့ ပြောရမယ်"
ဒီအထိပြောပြီးတော့ သူနာပြုမလေးက ခဏစဉ်းစားပြီး သူတို့ကို ကြည့်ကာ "ရှင်တို့မှာ လူစိတ်နည်းနည်းလေးရှိသေးရင်တော့ တရားမျှတတဲ့စကားလေး ပြောပေးကြပါဦး။ သူက အစာအိမ်ကင်ဆာဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုတောင် ပိုက်ဆံအကုန်ခံပြီး မကုဘူး။ ခြိုးခြံချွေတာပြီး အဲ့ကလေးတွေဆီကို ပို့ပေးခဲ့တယ်။ ရလဒ်ကတော့ ဘာလဲ... လူကသေသွားပြီ၊ ရှင်တို့က သူ့ကို ဇာတ်လမ်းဆင်နေတုန်းပဲ။ လူ့တိရစ္ဆာန်တစ်သိုက်ပဲ"
ပြောပြီးတာနဲ့ သူနာပြုမလေးက ထွက်သွားတော့သည်။ ဒီစကားကိုကြားတော့ Liveလွှင့်တဲ့ကောင်တွေအားလုံး ကြောင်သွားကြ၏။
အဲ့ဒီအချိန်မှာ တစ်ယောက်က သတိပြန်ဝင်လာပြီး "ငါ့လခွီး၊ Liveလွှင့်ထားတုန်းပဲ"
နာမည်ကြီး Liveလွှင့်တဲ့ကောင် ဆယ်ယောက်၊ တစ်ယောက်ချင်းစီရဲ့ ချန်နယ်မှာ အနည်းဆုံး လူထောင်ချီ၊ အများဆုံးကတော့ လူသောင်းချီ၊ သိန်းချီရှိ၏။
ဆရာဝန်နဲ့ သူနာပြုတွေ တစ်လှည့်စီထွက်လာပြီး ဒီစကားတွေပြောသွားတဲ့နောက်မှာတော့ အသုံးမကျဆုံးလူတောင်မှ မြောင်းဖေက တကယ်အစာအိမ်ကင်ဆာဖြစ်ပြီး ခုနလေးတင်ပဲ ဆုံးပါးသွားပြီဆိုတာကို သိလိုက်ရပြီ။ အဲ့ဒီအချိန်မှာ တစ်ယောက်က မှတ်ချက်ရေးလိုက်၏။
"သူက ဒီနှစ်မှ အဲ့လူတွေကို ပိုက်ဆံမပေးတော့တာထင်တယ်နော်"
"ငါ သတင်းကို ပြန်ကြည့်လိုက်တယ်၊ တကယ်ပဲ ဒီနှစ်မှ စတာ"
"သူက မနှစ်က အစာအိမ်ကင်ဆာဖြစ်တာ။"
"အစာအိမ်ကင်ဆာဖြစ်ပြီးတော့ တစ်နှစ်လောက် ဆက်ပြီး ကြိုးစားခဲ့တာပဲ..."
...
Liveလွှင့်ခန်းထဲမှာ တိတ်ဆိတ်သွား၏။
"ခုနက ရန်ဖြစ်တယ်လို့ တစ်ယောက်ယောက်ပြောတယ်။ ဘယ်မှာလဲ လူတွေ"
အဲ့ဒီအချိန်မှာ ရဲတွေရောက်လာပြီး မေးလိုက်ရာ Liveလွှင့်တဲ့ကောင်တစ်သိုက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေချိန် Liveလွှင့်ခန်းထဲမှာတော့ စာတန်းတွေ တရစပ်တက်လာသည်။
"မမြင်ဘူး၊ မမြင်ဘူး... မင်း မမြင်ဘူးကွ သိလား"
"မင်းဘာသာမင်း သေချာစဉ်းစား၊ တကယ်မြင်လား မမြင်ဘူးလား"
"ရန်မဖြစ်ပါဘူး၊ ငါဘာမှမမြင်လိုက်ဘူး"
"ဟုတ်တယ်၊ ဟုတ်တယ်..."
"အဲ့အရူးကောင်က သူ့ဘာသာသူ ချော်လဲတာ"
Liveလွှင့်တဲ့ကောင်တွေက ဒါကိုမြင်တော့ တစ်ယောက်ကိုတစ်ယောက်ကြည့်၊ နောက်ဆုံးတော့ ရဲကိုကြည့်ပြီး တစ်သံတည်းထွက်ကာ "မရှိပါဘူး၊ ရန်မဖြစ်ပါဘူး။ တစ်ယောက်ယောက်က ရဲကို လိမ်တိုင်လိုက်တာနေမှာ..."
တာချုံက ကြားတော့ မကျေမနပ်ဖြစ်ပြီး ထခုန်ကာ "ပေါက်တက်ကရတွေ... ငါအရိုက်ခံရတာ မင်းတို့ မမြင်ဘူးလား"
"မမြင်ဘူးလေ၊ မင်းက ပြေးတာမြန်လွန်းလို့ ကိုယ့်ဘာသာကိုယ် ချော်လဲတာမဟုတ်ဘူးလား" လူအားလုံးက တစ်ပြိုင်တည်း ခေါင်းခါလိုက်ကြ၏။