← Chapters

ဝဋ်လည်ခြင်း

Vol. 15 Ch. 214

ဝဋ်လည်ခြင်း

Vol. 15 Ch. 214

"ဟုတ်တယ်လေ၊ မင်းက လူအာရုံစိုက်ခံချင်လို့ လျှောက်ပြောနေတာ၊ လမ်းပေါ်မှာ မိန်းကလေးတွေကို လိုက်အီစီကလီစလုပ်ပြီးတော့ သူတို့က မင်းကို လာစတယ်လို့ ပြန်ပြောသေးတယ်"

"ဟုတ်တယ်... မင်း ခုနက ပျင်းလို့ ရဲတွေကို စမယ်ဆို။ တကယ်ကြီး ကစားတော့တာလား"

"အစ်ကိုကြီးရာ... စကားပြောရင် လူစိတ်လေးနဲ့ ပြောပါဦး။ ညသန်းခေါင်ကြီးမှာ ရဲတွေကို ဒီလိုကြီး သွားစလို့ ဘယ်ဖြစ်မလဲ"

"လူဆိုရင် လူစိတ်ရှိရတယ်လေ၊ မင်းက follower လေးနည်းနည်းရချင်တာနဲ့ ရဲတွေကို သွားစလို့ရမလား။ ငါပြောမယ်... မင်းလုပ်နေတာ ဥပဒေနဲ့ငြိစွန်းတယ်နော်"

ဒီLiveလွှင့်တဲ့ကောင်တွေက Liveလွှင့်တုန်းကတော့ နည်းနည်းအတုအယောင်နိုင်ပေမဲ့ ဇာတ်လမ်းဆင်တဲ့နေရာမှာတော့ တကယ်တော်တယ်ဆိုတာ ဝန်ခံရမယ်။ အားလုံးက ကြိုတင်တိုင်ပင်မထားပေမဲ့ တစ်ယောက်တစ်ပေါက်နဲ့ ပြောလိုက်ကြတာ တကယ့်အဖြစ်အပျက်ကြီးကျနေတာပဲ။

...

တာချုံတစ်ယောက် လူအများရဲ့ပါးစပ်က ရွှေကိုတောင် အရည်ပျော်စေနိုင်တယ်၊ သမင်ကိုမြင်းလို့ ညွှန်ပြတယ်ဆိုတဲ့ စကားပုံတွေရဲ့အဓိပ္ပာယ်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရပြီ။ သူ တော်တော်လေး မကျေမနပ်ဖြစ်နေ၏။ သူပြောတာတွေက အမှန်တရားဖြစ်ပေမဲ့ တစ်ဖက်ကောင်တွေကို ပြောလို့မနိုင်ဘူးဖြစ်နေသည်။

ရဲတွေက တာချုံကို စိုက်ကြည့်လိုက်ကြချိန် တာချုံက ဒေါသတကြီးနဲ့ "သူတို့ လျှောက်ပြောနေတာ" လို့ အော်လိုက်၏။

ပြီးတော့ တာချုံက သူ့ဖုန်းကို လက်ညှိုးထိုးပြီး "ကျွန်တော် ခုနက Liveလွှင့်ထားတာ၊ ကျွန်တော့် follower တွေ အားလုံးတွေ့တယ်။ ညီကိုတို့ မြန်မြန် ငါ့အတွက် သက်သေခံပေးကြပါဦး"

ရဲက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ တာချုံရဲ့ Liveလွှင့်ခန်းထဲမှာ ဤစာတန်းတွေချည်းပဲ။

"တာချုံရေး... ရဲတွေကို စမယ်ဆိုပြီးတော့ ငါတို့ကိုတော့ လာမဆွဲနဲ့လေ"

"ဟုတ်တယ်လေ... မင်းဘာသာမင်း ချော်လဲတာကို ဘာလို့ တခြားလူတွေကို လာဆွဲထည့်နေတာလဲ"

"ရဲတွေကို ဆက်စလိုက်၊ ဘာမှ မကြောက်နဲ့... အစ်ကို မင်းအတွက် လေယာဉ်ပျံကြီး ပို့ပေးမယ်"

"တာချုံ အားတင်းထား၊ မကြောက်နဲ့။ မင်းပြောတော့ ရဲတွေရှေ့မှာတောင် သူတို့ကို ကစားပြမယ်ဆို၊ ကစားလိုက်လေ"

"တက်လိုက်တော့ ကလေး၊ ငါမင်းအတွက် လေယာဉ်ပျံ ပို့ပေးမယ်"

ရဲက ပြုံးစိစိနဲ့ တာချုံကို ကြည့်ပြီး "တော်သားပဲ၊ သတ္တိမနည်းဘူးပဲ"

တာချုံက ငိုသံပါကြီးနဲ့ "သူတို့ ကျွန်တော့်ကို အပုပ်ချနေတာပါ၊ ကျွန်တော် တကယ်ခင်ဗျားတို့ကို မစပါဘူး၊ ကျွန်တော် တကယ် အရိုက်ခံရတာပါ"

"သွားစို့... ရဲစခန်းရောက်မှ ပြော" ရဲက သူ့ကို တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။

တခြားLiveလွှင့်တဲ့ကောင်တွေက ဒါကိုမြင်တော့ ထပ်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြပြန်၏။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ Liveလွှင့်ခန်းထဲက မှတ်ချက်တွေကလည်း ပြောင်းသွားချေပြီ။

"မင်းက ငါ့ကို စိတ်ပျက်စေတာပဲ၊ တကယ်တော့ မင်းက အရင်က ဘာမှမသိဘဲ ဇာတ်လမ်းတွေ လျှောက်ဆင်နေတာကိုး"

ပြီးတော့ သူတို့ရဲ့ follower တွေက တစ်ညတည်းနဲ့ အကုန် ပျောက်ကွယ်သွားတော့ရာ ဒီLiveလွှင့်တဲ့ကောင်တွေက ချက်ချင်း မျက်နှာတွေ ညှိုးငယ်သွားပြီး ခေါင်းငိုက်စိုက်ချကာ ထွက်သွားကြတော့သည်။

ဒါပေမဲ့ တချို့Liveလွှင့်တဲ့ကောင်တွေကတော့ ဒုက္ခမရောက်တဲ့အပြင် အမြတ်တောင်ထွက်သွားသေး၏။ သူတို့က အမှန်တရားမသိခင်အထိ ဘယ်ဘက်မှမပါဘဲ ကြားနေဘက်ကနေပဲ အခြေအနေကို သုံးသပ်ခဲ့ကြသည်။ အခု အမှန်တရားကို ရိုက်ကူးမိသွားတော့ follower တွေက ချက်ချင်းတိုးတက်လာတော့သည်။

အထူးသဖြင့် မြောင်းဖေကို ဆေးရုံပို့ဖို့ တာဝန်ယူခဲ့တဲ့ ရုပ်ချောတဲ့ Liveလွှင့်သူ ရှူ့ဇစ် Rပင်။ သူ့ရဲ့ Liveလွှင့်ခန်းက follower သုံးထောင်ကနေ တစ်သိန်းအထိ ချက်ချင်းတက်သွားပြီး ဆက်ပြီးလည်း တက်နေတုန်း။ comment တွေမှာလည်း 666 ဆိုတဲ့ စာတန်းတွေချည်းပဲ ပြည့်နေ၏။

လေယာဉ်ပျံတွေ၊ ဒုံးပျံတွေက မျက်နှာပြင်အပြည့် ပြေးလွှားနေတော့သည်။ ဒါပေမဲ့ သူက မပျော်ချေ။ သက်ပြင်းတစ်ချက်ချပြီးနောက် "ဒီနေ့ Liveလွှင့်တာ ဒီမှာပဲ ရပ်ကြရအောင်။ တကယ်ပြောရရင် ဒီနေ့ ဒီအဖြစ်အပျက်ကို ကြုံတွေ့ပြီးတဲ့နောက်မှာ ကျွန်တော်တို့လို ဆိုရှယ်မီဒီယာသမားလေးတွေက တကယ်တော့ တာဝန်မသေးငယ်ဘူးဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်တို့ ပခုံးပေါ်က တာဝန်က တခြားမီဒီယာသမားတွေနဲ့ ထပ်တူထပ်မျှ လေးလံပါတယ်။ ပြီးတော့ တကယ်ပြောရရင် မြောင်းဖေရဲ့ ထွက်ခွာသွားခြင်းက ကျွန်တော့်ကို တော်တော်လေး ထိခိုက်စေတယ်။ ကျွန်တော် အနားယူချင်ပြီ၊ Good Nightပါ..."

နောက်တစ်နေ့၊ မြောင်းဖေရဲ့ သေဆုံးသတင်းက မပျံ့နှံ့သေး။ မြောင်းဖေကို တိုင်ကြားနေတဲ့လူတွေကလည်း မရပ်သေး။ အန်တီကြီးတစ်ယောက်က မီဒီယာကို ဖုန်းဆက်ပြီး တိုက်ရိုက်အသံသွင်းထားတာပို့လေ၏။

"ကျွန်မပြောတာ အမှန်တွေချည်းပဲ၊ ဒီမြောင်းဖေကလေ တော်တော် အလိုက်ကန်းဆိုးမသိတဲ့ကောင်။ ကျွန်မ အရင်တစ်ခါ ဖုန်းဆက်တော့ ကိုင်သေးတယ်။ ဒီနေ့ သူ့ဆီဆက်တော့ သူကိုယ်တိုင်မကိုင်ဘဲ မိန်းမတစ်ယောက်က ကိုင်တယ်။ ကိုင်ပြီးတော့လည်း စကားမပြောဘဲ ငိုပဲငိုနေတယ်။ ဘာလဲ ငိုပြနေတာလား...။ ညသန်းခေါင်ကြီးမှာ အဲ့အသံကြားရတာ တော်တော် နမိတ်မကောင်းဘူး"

"ပြီးတော့လေ သူက မနှစ်က ကျွန်မကို သူနေမကောင်းဘူးလို့ ပြောတယ်။ သုံးလလောက်ကြာတော့ နှစ်သစ်ကူးပြီး ကျွန်မပြန်မေးတော့လည်း နေမကောင်းလို့ အလုပ်မလုပ်နိုင်ဘူး၊ ကျွန်မတို့ကို ပိုက်ဆံမပေးနိုင်ဘူးတဲ့။ ရှင်တို့ပဲ စဉ်းစားကြည့်၊ ဒီအစာအိမ်ကင်ဆာက ဘာရောဂါမို့လို့ ဒီလောက်ကြာကြာ ဖြစ်နေရတာလဲ။ ကျွန်မကြည့်ရတာ သူက အကြွေးရှောင်ချင်နေတာပဲ။ ရှင်တို့ကို ဖုန်းဆက်ရင် သူ့ကို တိုင်လို့ရတယ်လို့ ကြားလို့ ကျွန်မလာတိုင်တာ..."

သတင်းထောက်က ဒီအထိကြားတော့ ခဏတိတ်သွားပြီးမှ "အစာအိမ်ကင်ဆာက ကုလို့မရပါဘူး၊ လူသေနိုင်ပါတယ်" လို့ ပြန်ပြောလိုက်၏။

"ဟမ်... ကုလို့မရဘူးလား။ ဒါဆို သူက ငါ့ကို ပိုက်ဆံပေးနိုင်သေးရဲ့လား။ ငါ့မြေးက သူ့ပိုက်ဆံနဲ့ ကျောင်းတက်ဖို့ စောင့်နေတာနော်။ ငါဂရုမစိုက်ဘူး... သူက ပိုက်ဆံပေးမယ်လို့ ကတိပေးထားရင် ပေးကိုပေးရမယ်၊ မပေးရင် လူလိမ်ပဲ"

သတင်းထောက်ကလည်း ဒေါသထွက်လာပြီး "ကျွန်တော်ပြောနေတာ သူသေသွားနိုင်တယ်လို့"

"သူသေသေမသေသေ ငါဂရုမစိုက်ဘူး၊ မသေခင် ငါ့ကို ပိုက်ဆံလွှဲပေးခဲ့ရမယ်"

သတင်းထောက်က တကယ်ကို ဒေါသထွက်သွားပြီး လေသံမာမာနဲ့ ထပ်ပြောလိုက်၏။ "သူ သေသွားလိမ့်မယ်"

အဘွားကြီးကလည်း ဒေါသထွက်လာပြီး "သေသွားလည်း ပိုက်ဆံပေးရမယ်။ ငါ့မြေးက စာသင်ပြီး ဒီတောင်ပေါ်ကနေ လွတ်မြောက်ရမှာ၊ ဒါကိုတော့ အနှောင့်အယှက်မခံနိုင်ဘူး"

"ကျွန်တော်ထင်တာပြောရရင် ခင်ဗျားတို့တစ်မိသားစုလုံး တောင်ပေါ်မှာပဲ နေသင့်တယ်၊ အပြင်ထွက်ပြီး လူတွေကို ဒုက္ခမပေးပါနဲ့တော့" သတင်းထောက်က လုံးဝဒေါသပေါက်ကွဲသွားပြီး ပထမဆုံးအကြိမ်အဖြစ် ဖုန်းကို အရင်ချလိုက်တော့သည်။

ပြီးတော့ သတင်းထောက်က ကင်မရာကိုကြည့်ပြီး "ကြည့်ရတာ အရင်က တိုင်ကြားမှုတွေမှာ ပြဿနာရှိနေပြီ။ မြောင်းဖေက ရောဂါအပြင်းအထန်ဖြစ်နေလို့ နှစ်ကူးပြီးနောက်ပိုင်း သူတို့ကို ပိုက်ဆံမပေးနိုင်တာဖြစ်ရမယ်။ တကယ်လို့သာ အစာအိမ်ကင်ဆာဆိုရင် သူ့ပိုက်ဆံတွေက သူ့ကိုယ်သူကုဖို့တောင် လောက်မှာမဟုတ်ဘူး။ ကြည့်ရတာ ကျွန်တော် အရင်က သူ့ကို အထင်လွဲခဲ့မိပြီ။ ကျွန်တော် အရင်က တောင်ပေါ်ကလူဆိုတဲ့သူတွေကို တော်တော်သနားမိခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်ထင်တယ်... မြောင်းဖေ သူတို့ကို ပိုက်ဆံမပေးတာ မှန်တယ်။ ကျေးဇူးမသိတတ်တဲ့ တောခွေးတစ်သိုက်ပဲ"

"နောက်ဆုံးရသတင်း၊ မြောင်းဖေ ထွက်သွားပြီ" အဲ့ဒီအချိန်မှာပဲ ဗီဒီယိုထဲက တစ်စုံတစ်ယောက်က အော်လိုက်၏။

"ဘယ်သွားတာလဲ"

"မင်းရော ဘယ်လိုထင်လဲ"

"မဟုတ်မှလွဲရော..."

သတင်းထောက်ရဲ့အသံက ရပ်တန့်သွားသည်။ ပြီးတော့ သတင်းထောက်က ကင်မရာကိုကြည့်ပြီး "အားလုံးကို အလွန်အမင်း ဝမ်းနည်းစရာသတင်းတစ်ခု ပြောပြချင်ပါတယ်... မြောင်းဖေက ဒီနေ့မနက်စောစောမှာပဲ ဆုံးပါးသွားပါပြီ... ကျွန်တော် အရင်က သေချာမစုံစမ်းဘဲ ဗီဒီယိုတွေ လျှောက်တင်ပြီး သူ့ကို အခက်အခဲဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

နောက်ပိုင်းမှာတော့ ဗီဒီယိုနောက်ဆက်တွဲအနေနဲ့ မြောင်းဖေ အစာအိမ်ကင်ဆာဖြစ်ကြောင်း အတည်ပြုချက်တွေနဲ့ မြောင်းဖေ ရောဂါအတည်ပြုပြီးနောက်ပိုင်းမှာတောင် တောင်ပေါ်က ကလေးတွေကို လှူဒါန်းခဲ့တဲ့ ငွေလွှဲပြေစာမှတ်တမ်းတချို့ကို ထပ်ထည့်ပေးထား၏။

ပြီးတော့ ဒါတွေက မြောင်းဖေရဲ့ဇနီး ချိုးယွဲ့ဆီကနေ ရရှိတဲ့ ပထမဆုံးအချက်အလက်တွေဖြစ်ပြီး အတည်ပြုပြီးဖြစ်ကြောင်းလည်း ဖော်ပြထားရာ တစ်ခဏအတွင်းမှာပဲ အင်တာနက်လောကတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

သတင်းက ချက်ချင်း ထိပ်ဆုံးကိုရောက်သွားပြီး Hot Search မှာ နံပါတ် ၁ ချိတ်သွား၏။ ခေါင်းစဉ်က တော်တော်လေး ထင်းထင်းကြီးပေါ်နေသည်။

"မြောင်းဖေ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ မှားခဲ့ပါတယ်။ ကောင်းကင်ဘုံမှာ ကျေးဇူးမသိတတ်တဲ့သူတွေ မရှိပါစေနဲ့၊ ကျွန်တော်တို့လို မီဒီယာအသုံးမကျတွေလည်း မရှိပါစေနဲ့"

ဒီသတင်းက တစ်နာရီအတွင်းမှာ ကြည့်ရှုသူအရေအတွက် သန်းကျော်သွားပြီး မှတ်ချက်က တစ်သိန်းကျော်သွားသည်။ အောက်မှာ အစပိုင်းတုန်းကတော့ ဆဲဆိုသံတွေချည်းသာ။

"မီဒီယာတွေ အောက်တန်းကျလိုက်တာ၊ သေချာမစုံစမ်းဘဲ သတင်းတွေလျှောက်လွှင့်ပြီး လူထုကို လမ်းလွဲစေတယ်"

ဒါပေမဲ့ မကြာခင်မှာပဲ တစ်ပုံစံတည်းဖြစ်တဲ့ စာတန်းတွေချည်းပဲ ဖြစ်သွား၏။

"တောင်းပန်ပါတယ်၊ ကောင်းမွန်စွာ ထွက်ခွာသွားပါ. . . ကောင်းကင်ဘုံမှာ ကျွန်တော်တို့လို အသုံးမကျတဲ့သူတွေ မရှိပါစေနဲ့..."

"တောင်းပန်ပါတယ်၊ ကောင်းမွန်စွာ ထွက်ခွာသွားပါ. . . ကောင်းကင်ဘုံမှာ ကျွန်တော်တို့လို အသုံးမကျတဲ့သူတွေ မရှိပါစေနဲ့..."

"တောင်းပန်ပါတယ်၊ ကောင်းမွန်စွာ ထွက်ခွာသွားပါ. . . ကောင်းကင်ဘုံမှာ ကျွန်တော်တို့လို အသုံးမကျတဲ့သူတွေ မရှိပါစေနဲ့..."

...

တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်က ချန်ကွေ့ရဲ့ သမိုင်းကြောင်းကို ဖော်ထုတ်လိုက်၏။ ချန်ကွေ့ရဲ့ရွာကလူတွေ ထွက်လာပြီး ချန်ကွေ့က သူတို့တောင်ပေါ်ဒေသကနေ လာတာဖြစ်ကြောင်း တိုက်ရိုက်ထောက်ပြခဲ့သည်။ တစ်ချို့က ချန်ကွေ့ရဲ့ ငယ်ဘဝဓာတ်ပုံကိုတောင် ထုတ်ပြခဲ့သလို အဲ့ဒီတုန်းက ချန်ကွေ့ကို ပွေ့ချီထားတာက မြောင်းဖေပင်။

အဘိုးကြီးတစ်ယောက်က မျက်နှာပြင်ရှေ့မှာ တည့်တည့်ရပ်ပြီး "ချန်ကွေ့... မင်းကြီးပွားသွားပြီ၊ ဒါပေမဲ့ မင်းခြေထောက်က ဘောလုံးကန်ဖိနပ်ကို မှတ်မိသေးရဲ့လား။ ဒါက မင်းငယ်ငယ်တုန်းက ပထမဆုံးရခဲ့တဲ့ အကောင်းပကတိဖိနပ်တစ်ရံပဲ။ မင်းကြီးလာပေမဲ့ စိတ်ဓာတ်ကတော့ ယိုင်နဲ့သွားပြီ"

ချန်ကွေ့က အစပိုင်းမှာတော့ ငြင်းချင်သေးတယ်၊ အဲ့အဘိုးကြီးကို မသိဘူးလို့ ပြောချင်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေအများကြီး ထွက်ပေါ်လာခဲ့၏။ သူတက်ခဲ့တဲ့ကျောင်းက ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမတွေ၊ အတန်းဖော်တွေ အကုန်လုံးထွက်လာပြီး ချန်ကွေ့ရဲ့ အကြောင်းစုံကို ဖော်ထုတ်ပစ်လိုက်ကြသည်။

အချက်အလက်အားလုံးက အချက်တစ်ချက်တည်းကိုပဲ ညွှန်ပြနေ၏။ အဲ့ဒါကတော့ သူ ချန်ကွေ့ ဒီနေ့ဒီအခြေအနေရောက်လာတာက မြောင်းဖေရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးလမ်းစဉ်ကြောင့် မဟုတ်ချေ။ ဒါက လုံးဝကို ကျေးဇူးတရားကို မေ့ပစ်တဲ့ လူယုတ်မာတစ်ယောက်ပင်။

တစ်ညတည်းနဲ့ ကွေးယွင်ချီ စက်မှုလုပ်ငန်းစုကြီးရဲ့ စတော့ရှယ်ယာက ချက်ချင်းထိုးကျသွားပြီး ရက်အတော်ကြာ ဆက်တိုက်ကျဆင်းခဲ့၏။ နောက်ပိုင်းမှာတော့ လုပ်ငန်းစုကြီးက နောက်ဆုံးသတင်းထုတ်ပြန်ပြီး ချန်ကွေ့ကို ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။ ဒါပေမဲ့ ခြောက်လအကြာမှာတော့ အဲ့ဒီလုပ်ငန်းစုကြီးက ပြိုကွဲသွားခဲ့လေသည်။

ချန်ကွေ့လည်း မူလက စတော့ဈေးကွက်ဝင်ကုမ္ပဏီရဲ့ သူဌေးဘဝကနေ ဝန်ထမ်းဘဝပြန်ရောက်သွားပြီး နေရာတကာမှာ အမုန်းခံရတော့၏။ နောက်ပိုင်းမှာတော့ ချန်ကွေ့ကို ဘယ်သူမှမတွေ့ရတော့ချေ။ တချို့က သူတောင်ပေါ်မှာ ကြက်မွေးနေတယ်လို့ ပြောကြပြီး တချို့ကတော့ သူတိုက်ပေါ်ကနေ ခုန်ချသတ်သေသွားတယ်လို့ ပြောကြသည်။

ချန်ကွေ့ အဖော်ထုတ်ခံရတဲ့နေ့မှာပဲ ကျန်းရွေ့ကိုလည်း လူတွေက သူ့သမိုင်းကြောင်းအကုန် တူးဖော်ပစ်လိုက်ကြ၏။ ကျန်းရွေ့ရဲ့ ဇာတိ၊ ကျန်းရွေ့ရဲ့ အတိတ်က အကြောင်းစုံအားလုံးကို တူးဖော်ခံလိုက်ရသည်။ အထူးသဖြင့် ကျန်းရွေ့ တက္ကသိုလ်တက်တုန်းက အချိန်ပိုင်းအလုပ်လုပ်ဖို့ မြောင်းဖေအိမ်မှာ နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး နေသွားခဲ့တဲ့ ဓာတ်ပုံနဲ့ အချက်အလက်တချို့ကို ချိုးယွဲ့က ထုတ်ပြလိုက်၏။

အရင်က မြောင်းဖေရှိတုန်းကတော့ သူက သံယောဇဉ်ကိုထောက်ထားပြီး ဒီလူတွေကို မဖော်ထုတ်ချင်ခဲ့ဘူး၊ သူတို့ဘဝကို မဖျက်ဆီးချင်ခဲ့ချေ။ ဒါပေမဲ့ ချိုးယွဲ့က မတူပေ။ သူဒေါသထွက်၏၊ သူအမုန်းပွား၏၊ မြောင်းဖေမရှိတော့ သူဘာကိုမှ ဂရုမစိုက်တော့ချေ။ ဒီခွေးမသားတွေရဲ့ အရာအားလုံးကို သူကိုယ်တိုင် ဖျက်ဆီးပစ်မယ်ဟူ၍ ဆုံးဖြတ်လိုက်လေ၏။

ဒီအတွက် ယွီဟွေးဖေးနဲ့ ချန်ယိုတောက်တို့က လက်နှစ်ဖက်မြှောက်ပြီး ထောက်ခံကြသည်။

အဲ့ဒီနေ့မှာပဲ ကျန်းရွေ့ကို သူအလုပ်လုပ်နေတဲ့ကုမ္ပဏီကနေ ထုတ်ပစ်လိုက်၏။ ကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးကို ပိုးပန်းဖို့ဆိုတာကတော့ ရယ်စရာတစ်ခုဖြစ်သွားခဲ့သည်။ ကျန်းရွေ့က တစ်ညတည်းနဲ့ တိမ်ပေါ်ကနေ မြေပေါ်ကို ပြုတ်ကျသွားခဲ့ခြင်းပင်။

နောက်ပိုင်းမှာတော့ တစ်စုံတစ်ယောက်က ကျန်းရွေ့တစ်မိသားစုလုံး ပြောင်းရွှေ့သွားတာကို တွေ့လိုက်ရပြီး အဲ့ဒီနောက်ပိုင်း လူတွေရဲ့အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားတော့သည်။

ထိုနည်းတူစွာပဲ မြောင်းဖေကို အပုပ်ချဖို့ ဖုန်းဆက်ခဲ့တဲ့လူတွေကိုလည်း လူတွေက တူးဖော်ခဲ့ကြပေမဲ့ လူတွေက ဒီအမှိုက်တွေကို တဖြည်းဖြည်းနဲ့ သိပ်ဂရုမစိုက်ကြတော့ချေ။

သူတို့ဂရုစိုက်တာက သူတို့ဆဲဆိုခဲ့တဲ့ မြောင်းဖေက အခု ဆုံးပါးသွားပြီဆိုတာပဲ။ သူတို့ရဲ့ မသိနားမလည်တဲ့ ဆဲဆိုသံတွေကြားမှာ ဆုံးပါးသွားခဲ့တယ်၊ သူတို့ ဘာများလုပ်ပြီး ပြန်လည်ကုစားနိုင်မလဲ။

မြောင်းဖေ ဆုံးပါးသွားတော့ လူတွေအများကြီး ရောက်လာကြ၏။ မြောင်းဖေရဲ့ ဆွေမျိုးတွေက အရင်ဆုံးရောက်လာကြခြင်းပင်။ တကယ်တော့ မြောင်းဖေ နေမကောင်းဖြစ်ပြီးနောက်ပိုင်း ဒီဆွေမျိုးတွေက သူ့ကို အမြဲကူညီခဲ့ကြ၏။ နောက်ပိုင်းမှာတော့ မကူညီနိုင်တော့ခြင်းပင်။

အခု မြောင်းဖေဆုံးသွားတော့ သူတို့ရောက်လာပြီး သူ့ကို နောက်ဆုံးခရီး ပို့ဆောင်ပေးကြ၏။ အဘိုးကြီးတစ်ယောက်က သူ့ကို အရူးလို့ဆဲကာ သူများအရေးကို ဝင်မပါသင့်ဘူးဟူ၍ ဆိုလေသည်။

ဒါပေမဲ့ သူတို့က ခေါင်းတလားကိုသယ်ပြီး ဆေးရုံထဲက ထွက်လာတဲ့အခါမှာတော့ ဆေးရုံအပြင်ဘက်မှာ ကလေးတွေအများကြီး စုရုံးနေတာကို တွေ့လိုက်ရသည်။ ဒီကလေးတွေထဲမှာ တချို့က အရွယ်ရောက်နေပြီ၊ တချို့ကတော့ ငယ်သေးပေမဲ့ အားလုံးက မြောင်းဖေ တစ်ချိန်က ထောက်ပံ့ခဲ့တဲ့သူတွေချည်းပင်။

တချို့က ခရီးပန်းလာတဲ့ပုံစံ၊ တချို့က အဝတ်အစားဆုတ်ပြတ်နေပြီး တချို့ကတော့ ဝတ်စုံပြည့်နဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံ။ နောက်ဆုံးမှာတော့ ဒီလူတွေအားလုံး ဒူးထောက်လိုက်ကြပြီး ဦးချကြလေ၏။

"ကျေးဇူးတင်ပါတယ် ဖေဖေမြောင်း"

ဒီမြင်ကွင်းကိုတွေ့တော့ ချိုးယွဲ့ ငိုချလိုက်သလို ဆွေမျိုးတွေအားလုံးလည်း တိတ်ဆိတ်သွားကြ၏။

အဲ့ဒီလူတွေရဲ့ အကြည့်တွေအောက်မှာ၊ ရဲတချို့ရဲ့ အကြည့်တွေအောက်မှာ၊ လူအများရဲ့ အကြည့်တွေအောက်မှာ လူတွေက မြောင်းဖေရဲ့ ခေါင်းတလားကို သယ်ပြီး ဆေးရုံထဲကနေ ထွက်ခွာသွားကြသည်။

ချိုးယွဲ့တို့ရဲ့ ကျောပြင်ကိုကြည့်ပြီး ယွီဟွေးဖေးက နံရံကိုမှီကာ ဒီအဖြစ်အပျက်အားလုံးကို ကြည့်ရင်း "ပြောစမ်းပါဦး... ကိုယ့်ကိုယ်ကို လူတွေသယ်သွားတာကို ကြည့်ရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲ"

ယွီဟွေးဖေးဘေးမှာ လူတစ်ယောက် ထိုင်နေ၏။ အဲ့ဒါက မြောင်းဖေပင်။ မြောင်းဖေဘေးမှာ နောက်ထပ်လူတစ်ယောက် ထိုင်နေသေးသည်။ အဲ့ဒါကတော့ နကျယ်ကောင်။

နကျယ်ကောင်နောက်မှာ တံခါးကြီးတစ်ချပ်က လေဟာနယ်ထဲမှာ ပျောက်ကွယ်နေပြီး ထောင့်တစ်နေရာလေးပဲ အပြင်ကို ပေါ်ထွက်နေသည်။ ယမမင်းရဲ့ အငွေ့အသက်တွေက ပျံ့နှံ့ထွက်လာပြီး သုံးယောက်လုံးကို ဖုံးလွှမ်းထား၏။

သရဲတံခါးဝ ရှိနေလို့ပဲ နကျယ်ကောင်က ဒီထောင့်တစ်နေရာလေးမှာ သူ့ရဲ့တန်ခိုးကို ထုတ်သုံးနိုင်ပြီး မြောင်းဖေရဲ့ဝိညာဉ်ကလည်း ဒီနေရာမှာ ဘေးကင်းစွာ တည်ရှိနေနိုင်တာဖြစ်၏။

"စွန့်လွှတ်ပြီးမသွားနိုင်သေးဘူး... သေရမှာကို စွန့်လွှတ်မသွားနိုင်တာမဟုတ်ဘူး၊ ကျွန်တော့်မိန်းမကို စွန့်လွှတ်မသွားနိုင်တာ။ ကျွန်တော်သွားရင် သူဒုက္ခရောက်ရတော့မှာ..."

"စိတ်ချပါ... ငါရှိပါတယ်။ မရီးဘက်ကို ငါကူညီကြည့်ရှုပေးထားပါ့မယ်"

မြောင်းဖေက ခေါင်းညိတ်ပြီး "တကယ်မထင်ထားဘူး၊ တစ်နေ့နေ့မှာ ကျွန်တော်က နတ်တစ်ပါးနဲ့ သိကျွမ်းရလိမ့်မယ်လို့လေ"

"နောက်ဘဝဝင်စားရင် မင်းက လူကောင်းကြီး ဆက်လုပ်ဦးမှာလား"

မြောင်းဖေက ပြုံးပြီး "လုပ်မှာပေါ့၊ ဒါပေမဲ့ နောက်ဘဝမှာတော့ ငါ့အိမ်ကို အရင်ဂရုစိုက်ရမယ်။ ငါ့ဒီဘဝမှာ ငါကူညီခဲ့တဲ့လူတွေအားလုံးအပေါ်မှာ တာဝန်ကျေခဲ့တယ်၊ သူ့အပေါ်မှာပဲ တာဝန်မကျေခဲ့ဘူး... နောက်ဘဝမှာတော့ သူ့ကို ဂရုစိုက်နိုင်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်"

"ဒါဆိုရင် ကောင်းတာပေါ့။"

ပြီးတော့ ယွီဟွေးဖေးက နည်းနည်းမကျေမနပ်တဲ့လေသံနဲ့ နကျယ်ကောင်ကို ကြည့်ပြီး ဆိုလေ၏။

"အဘိုးကြီးနကျယ်... မင်းတို့ ယမမင်းပြည်က သေစာရင်းက ဘာကိုအခြေခံပြီး လူတွေရဲ့သက်တမ်းကို သတ်မှတ်တာလဲ။ ငါ့သူငယ်ချင်းက ဒီလောက်လူကောင်းကြီးကို ဒီလောက်စောစောခေါ်သွားတယ်၊ ဟိုကျေးဇူးမသိတတ်တဲ့ကောင်တွေကရော။ ဘယ်လို အရေးယူမှာလဲ"

နကျယ်ကောင်က သမ်းဝေပြီး "တကယ်တော့လေ၊ ငါတို့အမြင်မှာတော့ ဒီလောကီဘုံကြီးက ငရဲပြည်နဲ့တူတူပဲ။ ဒီမှာနေရတာက ဒုက္ခခံနေရတာပဲ။ ငါမလာခင် သေစာရင်းကို သွားလှန်ကြည့်ခဲ့တယ်၊ အဲ့ဒီမှာ ရှင်းရှင်းလင်းလင်းရေးထားတာက ဟိုကျေးဇူးမသိတတ်တဲ့ကောင်တွေရဲ့ သက်တမ်းက တော်တော်ရှည်တယ်၊ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်လောက်အထိ နေရမှာ"

"ဒါကြောင့် ငါတို့က သရဲလေးတချို့ကို သူတို့နဲ့အတူ သွားနေခိုင်းထားတယ်။ သူတို့ကို လမ်းပေါ်ခေါ်သွားလို့မရပေမဲ့ ခြေကျိုးလက်ကျိုးဖြစ်တာ၊ သရဲခြောက်ခံရတာ၊ ဘာအကြောင်းမှမရှိဘဲ အိမ်မီးလောင်တာ၊ အထက်အရာရှိကို ထိုးတာ၊ အဝတ်မပါဘဲ ပြေးတာမျိုးတွေတော့ မကြာခဏ လုပ်ဖြစ်မှာပါ"

ယွီဟွေးဖေးက ဒီစကားကိုကြားတော့ တစ်ချက်တုန်သွားပြီး သတိထားတဲ့လေသံနဲ့ "အဲ့ဒါ၊ နတ်တွေက လောကီကိစ္စတွေမှာ ဝင်မပါရဘူးဆို"

နကျယ်ကောင်က မျက်နှာပြောင်တိုက်ပြီး "ဝင်မပါပါဘူး၊ လူခေါ်သွားတဲ့အချိန်မှာ သူတို့အိမ်ရှေ့က ဖြတ်သွားတာလေ... ကွက်တိ သူတို့က မြင်သွားတာ။ ဒါက ငါတို့ကို အပြစ်တင်လို့မရဘူးလေ"

"အချိန်တော်တော်လွန်နေပြီ၊ သွားရတော့မယ် ယွီလေး။ သရဲတံခါးဝ လောကီဘုံထဲဝင်တာလည်း အချိန်အကန့်အသတ်ရှိတယ်"

"ဒါဆိုလည်း မင်းတို့သွားကြတော့။ ဒါနဲ့ ကားရှိတယ်မလား"

နကျယ်ကောင်က ပြုံးပြီး "သူ့တစ်ကိုယ်လုံးက ကုသိုလ်ကံကောင်းတွေနဲ့ ပြည့်နေတာကိုထားဦး၊ ကုသိုလ်ကံမရှိရင်တောင် ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုနဲ့ဆိုရင် ကားက ရှိကိုရှိရမှာပေါ့"

ယွီဟွေးဖေး ပြုံးလိုက်၏။ သရဲတံခါးဝ ပွင့်သွားပေမယ့် ယွီဟွေးဖေး ဘာမှမမြင်ရချေ။ သရဲတံခါးဝထဲမှာ အမှောင်ထုကြီးပဲ မြင်ရသည်။

နကျယ်ကောင်က မြောင်းဖေကိုခေါ်ပြီး ဝင်သွားပြီးနောက် သရဲတံခါးဝ ပျောက်ကွယ်သွားတော့ ယွီဟွေးဖေးရဲ့ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း လေးနက်သွားပြီး သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားတော့သည်။ ချန်ယိုတောက်က အဲ့ဒီအချိန်မှာ ယွီဟွေးဖေးဆီ ဖုန်းဆက်လာ၏။

"အဘိုးကြီးမြောင်းရဲ့ နောက်ဆုံးခရီး မပို့တော့ဘူးလား"

"ပို့ပြီးသွားပြီ... ငါပို့တာ မင်းထက်တောင် ဝေးသေးတယ်"

"မနောက်နဲ့ကွာ... ငါက အဖွဲ့ကြီးနဲ့ အတူတူလိုက်နေတာ။ မင်းကတော့ ဘူတာရုံကို ရောက်နေတယ်တဲ့လား"

"ငါမနောက်ပါဘူး... တစ်နေ့နေ့ မင်းသွားတဲ့အခါကျရင် ငါပြောတာ အမှန်ဆိုတာ မင်းသိလိမ့်မယ်။ ငါသွားပြီဟေ့... လူကို မြေမြှုပ်တာ မကြည့်ရက်ဘူး။ မသာအလှူငွေကို ငါ့အစား သုံးထောင်လောက် ထည့်လိုက်ပါ။ ငါ့မှာ ဒါပဲရှိတော့တယ် အကုန်ထည့်လိုက်တော့။ ပိုက်ဆံကိုတော့ လောလောဆယ် မင်းအရင်စိုက်ထားလိုက်။ ပြန်ရောက်မှ ငါမင်းကို ပေးမယ်"

All Chapters